Saturday, September 29

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားထိုင်ပုံထိုင်နည်း

          "တရားထိုင်ပုံထိုင်နည်း"
၁၃၁၉-ခု၊တော်သလင်းလ၌ ဦးကျော်သိန်းအား
   ဟောကြားသောတရား
(၂-နာရီလောက်တရားထိုင်ပြီး ပြန်လာတော့)
မင်းသမာဓိကောင်းကောင်းရရဲ့လား၊(ရပါတယ်
ဘုရား၊အလင်းရောင်လဲမြင်ပါတယ်ဘုရား)။
အို....''ဒါတွေဂရုမစိုက်ပါနဲ့၊ဒီလိုသမာဓိ ရလာရင်
ပညတ် နိမိတ်အာရုံအမျိုးမျိုး၊ပရမတ်နိမိတ်အာရုံ
အမျိုးမျိုးတွေ့မြင်ရမယ်၊ဒါတွေကို ဆက်မလိုက်နဲ့။
မင်းဝေဒနာကောတွေ့ရဲ့လား၊(တွေပါတယ်၊ကြာကြာ
                                                                   ဖိထိုင်တော့ ထုံကျင်ကိုက်ခဲလာပါတယ်ဘုရား)။
အဲဒါကို ဆက်လိုက်သလား၊(လိုက်ပါတယ်ဘုရား)၊"မင်းဟာဝေဒနာကို တမင်တကာ လုပ်ယူနေသလို
ဖြစ်နေတယ်"ထိုင်နည်းလိုနေသေးတယ်၊ထိုင်တဲ့အခါ တင်ပလ္လင်ခွေထိုင်ပါ၊ခါးကိုဖြောင့်ဖြောင့်မတ်
မတ်ထားပါ၊ရှေ့လဲမငိုက်နဲ့၊ဘေးလဲမစောင်းနဲ့၊ခေါင်းလဲဘယ်ဘက်မှ မစောင်းပါနဲ့၊မင်းရဲ့ခါးအထက်
ပိုင်း ကိုယ်ကြီးဟာရှေ့-နောက်-ဘေး ယိမ်းယိုင်နေရင် အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့်
(တဲ့တဲ့)မနေတဲ့အတွက် မကြာခင်နာလာလိမ့်မယ်၊ဝေဒနာကို တွေ့ဖို့ရာထားဦး၊သမာဓိကိုရအောင်
တောင် မထိုင်နိုင်ဘဲ နေရမှာစိုးတယ်၊ခါးအောက် ဖိထားလို့ရှိရင် သွေးလွှတ်ကြော၊သွေးပြန်ကြာ
ကိုက်ခဲလာမယ်၊ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကို တမင်လုပ်ယူရာကျမယ်၊ဒီအချက်တွေဟာ
မင်းတို့လို တရားထိုင်စယောဂီတွေအတွက် အရေးကြီးတယ်။
ယောဂီများဟာ မိမိတို့ကြိုက်တဲ့ ဣရိယာပုတ်နဲ့အားထုတ်နိုင်တယ်၊ဒါပေမယ့် ထိုင်ခြင်း ဣရိယာ
ပုတ်ဖြင့် အားထုတ်တာက စိတ်တည်ငြိမ်မှု"သမာဓိ"ရလွယ်လို့ပိုကောင်းတယ်၊ဝင်သက်၊ထွက်သက်၊
ကိုမှန်မှန်ရှူရှိုက်ရမယ်၊သိပ်ပြင်းပြင်းထန်ထန် မြန်မြန် ဆန်ဆန် ရှူရှိုက်လို့ရှိရင် ကိုယ့်ကိုယ်ကို
ညှင်းဆဲရာကျမယ်၊မင်းအခု(ဝင်သက်)ရှူလိုက်တဲ့အခါ၊လေထဲမှာရှိနေတဲ့ (တေဇောဓာတ်)ရရှိတယ်။
ဒါကြောင့် အဆုတ်ရောက်အောင် အသက်ရှူထုတ်လိုက်တဲ့အခါတိုင်း၊အဆုတ်ဟာကျယ် ပြန့်သွား
နိုင်အောင် ခန္ဓာကိုယ် အထက်ပိုင်းကို တရားထိုင်တဲ့အခါတည့်တည့်မတ်မတ်ထားရမယ်၊အဲဒီလို
ထားရင်အဆုတ်လေအိတ်ကလေးတွေ လေပြည့်နေမယ်၊လေပြည့်နေမှ မိမိခန္ဓာကိုယ်ကြီးကို
နာရီများစွာ တရားထိုင်နိုင်မယ်၊အဆုတ်ကိုလေအပြည့်မသွင်းနိုင်ရင် မောပန်းလာမယ်၊ဒီအချက်ဟာ
တရားထိုင်တဲ့ ယောဂီများအတွက်အရေးကြီးတယ်၊မင်းတို့ ဝင်လေကိုတစ်ခါပြင်းပြင်း ရှူထုတ်လိုက်
ရင် နှလုံးဟာ ၄-ကြိမ်လှုပ်ရှားရမယ်။ညှစ်ထုတ်ရမယ်၊တစ်မိနစ်မှာ ၁၆-ကြိမ်မှ ၁၈-ကြိမ်အထိ
အသက်ရှူရှိုက်ရတယ်၊နှလုံးကတော့ ၆၄-မှ ၇၂-အထိလှုပ်ရှားညှစ်ထုတ်ရတော့၊အသက်(လေ)
ကို မြန်မြန်ပြင်းပြင်းရှူလိုက်ရင် နှလုံးဟာ ဘယ်လောက်အလုပ်များပြီး ပင်ပန်းမလဲ။တရားမရဘဲ
ရောဂါရဖို့သေချာတယ်။
အဆုတ်ရဲ့အင်အားနဲ့ ယူဆောင်လာတဲ့ တေဇောဓာတ်ကအစာအိမ်၊အူသိမ်၊အူငယ်များကို ပြုပြင်
ပေးလိုက်တော့ အစာအာဟာရကြေညက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးတယ်။
ဒီအပြင် ဒီသွေးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာဘေးဖြစ်စေတဲ့အညစ်အကြေး အဆိပ်
အတောက် အပျက်အစီးများကို သက်ဆိုင်ရာ အစိတ်အပိုင်းများမှ တစ်ဆင့်ချွေး၊အခိုး၊အငွေ့၊
ကျင်ငယ်အဖြစ်ဖြင့် အပြင်ထုတ်ပေးတယ်၊အဆုတ်မှတစ်ဆင့် အဆိပ်အတောက်နဲ့ မကောင်း
တဲ့အခိုးအငွေ့များ ပါလာတဲ့လေကို ထွက်သက်လေဖြင့် ထုတ်ပစ်တယ်၊သွေးဟာ နှလုံးခုန်ခြင်း
အားဖြင့် မကောင်းတဲ့ သွေးကြောထဲမှ ဖြစ်လိုက်ပျက်လိုက်နဲ့ လည်ပတ်ပြီး မကောင်းတဲ့ သွေး
ညိုသွေးပုပ်တွေကိုနှလုံးထဲကအဆုတ်ထဲ တွန်းထုတ်လိုက်တော့ မကောင်းတဲ့သွေးမှာ
(တေဇောဓာတ်အသစ်)တစ်ဘက် နှလုံးထဲမှ သွေးနီအကောင်းပြန်လည်ရရှိတယ်၊အဲဒီ တစ်ဖန်
မကောင်းတဲ့ အညစ်အကြေး အဆိပ်အတောက် အပျက်အစီးများကို ချွေး၊ကျင်ငယ်၊အငွေ့၊
အသက်ဖြင့် ပြန်ထုတ်ပြီး တစ်ပတ်လည်နေလို့ ငါတို့မင်းတို့အသက်ရှင်နေတယ်လို့ ခေါ်ရတာ
ပဲ။တို့ရဲ့နှလုံးဟာ လက်သီးဆုပ်ပမာဏ၊အတွင်းမှာ အခေါင်းကြီးရှိတယ်၊ဒီအခေါင်းကြီးအတွင်း
မှာတစ်ဆုပ်စာလောက်(အသစ်အသစ်ဖြစ်နေတဲ့)နှလုံးသွေးနှီ(တေဇော)ဟာရှိနေတယ်။
အဲဒီ ကောင်းတဲ့သွေးကို အသက်တစ်ခါရှုရင် တစ်ကိုယ်လုံးနှံ့အောာင် ၄-ကြိမ်ညှစ်ပို့ရတယ်။
နှလုံးသားကို ဖြူချောပါးလှပ်တဲ့ အမြှေးလွှာနဲ့ ဖုံးအုပ်ထားတယ်။ဒီနှလုံးသားရဲ့ ညာဘက်ခန်း
ကတော့ မကောင်းတဲ့သွေးညိုတွေကို အဆုပ်ထဲ တွန်းပို့ပေးတယ်။
အဲဒီလက်တစ်ဆုပ်စာရှိတဲ့သွေးတွေကို"ဟဒယဝတ္ထုရုပ်"ကမှိနေတယ်။ဒီဟဒယဝတ္ထုရုပ်ကို
မနောဓာတ်၊မနောဝိညာဏဓာတ်စိတ်တွေက စေခိုင်းရာကို ဒီရုပ်တွေက လိုက်လိုက်လုပ်နေရ
တာပဲ၊အတည်ကိုယ်မရှိတဲ့စိတ်ဟာ နှလုံးတည်းဟူသောလိုဏ်ဂူထဲမှာ ကိန်းနေတယ် လို့
ဘုရားက ဓမ္မပဒပါဋ္ဌိတော်မှာဟောတယ်။စိတ် စေတသိက်တို့ရဲ့ အစွမ်းအာနုဘော်ကြောင့်
နှလုံးဗူးအတွင်ရှိ တစ်ဆုပ်စာမျှရှိတဲ့ နှလုံးသွေးဟာ အဆင်အမျိုးမျိုးပေါ်လာရတယ်၊(၁)'ရာဂ"
အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊ဟင်္သာပြဒါးရေလို နီနီရဲရဲ ဖြစ်ပေါ်လာတယ်။(၂)"ဒေါသ"အား
ကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊မဲပုပ်ပုပ် ဖြစ်ပေါ်လာတယ်။(၃)"မောဟ"အားကြီးတဲ့အခါ အမဲသား
ဆေးရေနီလို နီကျဲကျဲဖြစ်လာတယ်။(၄)"ဝိတက်"အားကြီးတဲ့အခါ၊ပဲပိဇတ်ပြုတ်ရေလို နီနောက်
နောက်ဖြစ်လာတယ်။(၅)"သဒ္ဓါ"အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊ဝါဖျော့ဖျော့နေရာမှ အဝါရင့်
ဖြစ်လာတယ်။(၆)"ပညာ"အားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ ဆွတ်ဆွတ်ဖြူရာမှ မှန်ကဲ့သို့ ကြည်
လင်လာပြီး ပတ္တမြားလုံးလို အလင်းရောင်တွေ တောက်ပလာတယ်။(စရိုက် ၆-ပါးအလိုက်သွေး
အရောင်ပြောင်းလဲပုံကောင်းကောင်းမှတ်ထားပါ)။
ဒီနှလုံးက ညှစ်လွှတ်လိုက်တော့ ဗဟိုသွေးကြောကတစ်ကိုယ်လုံးပျံ့နှံ့သွားတော့၊ဒေါသဖြစ်နေ
တဲ့သူဟာ မဲပုပ်ပုပ်သွေးများတစ်ကိုယ်လုံး ပျံ့နှံ့သွားတယ်။အသားတွေလဲ ဒေါသဖြစ်လွန်တော့
နီပြီးတုန်လာတော တွေရတယ်။အေး...နောက်တော့ညိုပုပ်လာပြီး မကောင်းတဲ့ ပြစ်မှုမျိုးစုံ
ကျူးလွန်တဲ့အထိဖြစ်လာတာပေါ့။
"ဘုရား၊ရဟန္တာများကျတော့ နှလုံးသွေးဟာ အထူးကြည်လင်လို့ ကိုယ်ရောင်ကိုယ်ဝါတွေဟာ
တစ်ကိုယ်လုံး တောက်ပလာပြီး ရောင်ခြည်တော်လွှတ်တဲ့အထိ ဖြစ်ပေါ်လာရတယ်"။
ရူးသွားတာလဲ ဒီနှလုံးသွေးပဲကွ။ကြောက်အားကြီးလာရင်လဲ ဒီနှလုံးသွေးက အေးပြီးပြစ်ချွဲလာ
တော့ တစ်ကိုယ်လုံးအေးစက်လာတယ်။အအေးလွန်လို့ ပြစ်ချွဲလာပြီး နှလုံးသွေးရပ်သွားတော့
သေရတာပေါ့။ဒီနှလုံးသွေးထွက်ရာဝင်ရာအဝမှာ အဆို့ရှင်လိပ်ပြာတောင် ကလေး ၂-ခုရှိတယ်။
စိတ်၊စိတ္တဇ၊ဥတုဇလေကြောင့် ဒီလိပ်ပြာတောင်ကလေး ၂-ခုဟာ အချက်ကျကျ ခတ်ပေးလိုက်
လို့ ဒီသွေးတွေဟာ ဒိတ်-ဒိတ်၊ဒိတ်-ဒိတ်၊နဲ့အချက်ကျကျ တစ်ကိုယ်လုံးပျံ့နှံ့နေတာပါ။ဒီစိတ်ဟာ
နှလုံးသွေးကိုမှိတယ်၊ဒီနှလုံးသွေး ဖောက်ရင် စိတ်လည်း ဖောက်ပြန်လာတယ်။ ဒါသေသေချာ
ချာ မှတ်ထားနော်။
ကောင်းပြီ၊လည်ပင်းသွေးကြော ၂-ခုကို ဖိနှိပ်ထားလိုက်ရင် နှလုံးသွေးကြောနဲ့ တစ်ဆက်တည်း
ဖြစ်နေတော့ သွေးဖောက်ပြန်ပြီး ဘဝင်ကျမေ့သွားတတ်တယ်။အေး...ဒါကြောင့် တရားထိုင်ချိန်
မှာ လည်ပင်းကို ရှေ့နောက်ဝဲယာ စောင့်နေရင် အချိန်ကြာမြင့်တော့ ထှိုင်းမှိုင်းတွေဝေမေ့မျော
နေတတ်တယ်။ဒါဟာ တရားအားထုတ်တဲ့ ယောဂီတွေ ကြပ်ကြပ်သတိထားဖို့လိုတယ်လို့အ
မြဲသတိပေးနေရတာပေါ့။မင်းကတစ်ခါမှ အားမထုတ်ဖူးတော့ ခန္ဓာကိုယ်ကြီးကို ဓာတ်သဘော
နဲ့ ဘယ်လိုဖွဲ့စည်းနေတယ်ဆိုတာ ရှင်းအောင်ပြောရတာ။ကဲ....ဒါလောက်ပဲ ပြောမယ်။
မင်းလဲသွားပြီး တရားအားထုတ်ချေတော့။         ။

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


Friday, September 28

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပွားနည်း

                                        "စိတ်ရှုတာ ထာဝရ ဝိပဿနာပဲ"
စိတ္တာနုပဿနာဆိုပေမယ့် စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ စိတ်၏မရှိမှု ပျက်မှုကို ရှုရမှာ၊ စိတ်ရှုရှု
ဝေဒနာရှုရှု အပျက်ကိုမြင်စေရမယ်၊ လူတစ်ယောက်ဟာ ယခုဖြစ်ဆဲစိတ်တစ်ခုနဲ့ပဲ အသက်ရှင်နေတယ်
တစ်ခုသော စိတ်ဟာ လူ့အသက်ပါပဲ၊ စိတ်တစ်ခုသက်တန်းဟာ (၁) မှာပေါ် (၂) မှာပျက်၊ စိတ်ကလေး
တစ်စိတ်ပေါ်လာ ဖျတ်ဆို သေပြီး၊ နောက်စိတ်တစ်ခု အစားထိုးတာပဲ၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်ပြီးပျက်
ဖြစ်ပြီးပျက်နဲ့..အစဉ်မပြတ် မရပ်မနား ဖြစ်ပျက်နေတာပဲရှိတယ်၊ အစားထိုးစိတ်နဲ့သာ အသက်ရှင်နေကြ
တာပဲရှိတာ..အစားထိုးရပ်တာနဲ့ သေမှာနဲ့ တစ်ချက်တည်းဘဲ။
ကမ္မဋ္ဌာန်းခွင်ဝင်ထိုင်နေမှ ကမ္မဋ္ဌာန်းမဟုတ်..အချိန်မရွေး နေရာမရွေး လာသမျှစိတ်ကို ရှိမရှိ အမြဲအကဲ
ခတ်နေတာဟာ ကမ္မဋ္ဌာန်းပဲ၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာနဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ်၊ ကိုယ့်သန္တာန်
စိတ်က နှစ်ခု ပြိုင် မဖြစ်နိုင်လို့..ရှေစိတ်ကို အကဲခတ်တဲ့ နောက်စိတ်နဲ့..မြင်လို့ မရနိုင်ဘူး၊ ပေါ်တဲ့စိတ်
ကအရင်ပေါ်မှာပဲ..အကဲခတ်တဲ့စိတ်က နောက်မှ ပေါ်မှာပဲ၊ ပေါ်တဲ့စိတ်ရှိတုန်းမှာ အကဲခတ်တဲ့ စိတ်မ
ဝင်းနိုင်ဘူး၊ ဘယ်စိတ်ပေါ်လာလာ မရှိမှန်းသိရင် အနိစ္စတွေ့တာပဲ။
ဒွါရ (၆) ပေါက်မှာပေါ်လာမျှ ဓမ္မတွေကို ဖြစ်ပျက်ရှုရမယ်၊ မရှုရင် ပေါ်တဲ့စိတ်ကို ငါစွဲတာချည်းပဲ၊ ရှုရမှာ
က စိတ်တစ်ခု ပေါ်ရာဋ္ဌာနက (၆) နေရာ။ ပေါ်တော့လည်း တစ်ခုတည်း တစ်နေရာမှာသာ ပေါ်မှာ၊
တစ်စိတ်မပေါ် တစ်စိတ် အမြဲပေါ်နေမယ်၊ မြင်တာနဲ့ မြင်ပြီ သိတယ်၊ မြင်တာမျက်လုံး သိတာ ဟဒယ
ဝတ္တု မြင်စိတ်ကလေးက မြင်ပြီး ပျက်တာပဲ၊ သိစိတ်ကလေးကလည်း သိပြီးပျက်တာပဲ၊ သိစရာတစ်ခု
ချုပ်ပြီးမှ သိတာဖြစ်တယ်၊ ရှုတဲ့အခါ မြင်တာကို မိရင်မိ..မမိရင် သိတာကို မိအောင်ဖမ်းရမယ်၊ မြင်တိုင်း
မြင်တိုင်း မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဝမ်းထဲက ရှုပေး၊ အရင်ဟာ မရှိတာသိရင် ပြီးတာပဲ
နောက်အစားထိုးတာ ရှိချင်ရှိမှာပေါ့ စိတ်သည် လက်ပစ်တစ်တွက် ကုဋေတစ်သိန်းချုပ်တယ်လို့ ဘုရား
ကဟောထားတာပဲ၊ ဘယ်စိတ်ဖြစ်၍ ဘယ်စိတ်ချုပပ်တယ်ဆိုတာ..ငါသိအောင်လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်
ချက်ထားပြီး၊ အကဲ ခတ်သာနေ၊ အကဲခတ်တဲ့စိတ်ပေါ်ရင်၊ ရှေ့စိတ်က ချုပ်ပြီသားလို့..မှတ်လိုက်ပေ
တော့ ပေါ်တဲ့စိတ် ကြည့်လိုက်တော့..မရှိတာဘဲ တွေ့တယ်၊ စိတ်ဟာ မရှိတာမှာ လမ်းဆုံးတယ်၊ တရား
တွေ့တယ်ဆိုတာ ခန္ဓာ၏ မရှိမှုသဘော၊ အနိစ္စကို တွေ့မှ တရားတွေ့တယ်လို့ ခေါ်နိုင်တယ်။
ဝေဒနာ၏ အပျက်ကို တွေ့မှသာ..အနိစ္စတွေ့တယ်လို့ ဆိုနိုင်ပါတယ်၊ ဝေဒနာတွေ ပေါ်ပြီးတော့ ပျက်တာ
တွေ့မှ..လမ်းမှန်တယ်လို့ ဆိုနိုင်ပြီ။
ဝေဒနာတွေ..စိတ်တွေ ဆိုတာလည်း တစ်ပြိုင်တည်း ပေါ်တာမဟုတ်ပါဘူး..တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်
တာဖြစ်ပါတယ်၊ ပိဋိကတ် ဘယ်လိုဆိုတယ်ဆိုလို့ရှိရင်..ယထာဘူတ မကျသေးဘူး၊ ခန္ဓာက ဘယ်လို
ပြနေတယ်၊ ခန္ဓာက ဘယ်လိုဆိုနေတယ်ဆိုရင်ဖြင့်၊ ယထာဘူတ ကျပြီ၊ ဘုန်းကြီးထွက်စေချင်တာက
ခန္ဓာက ဘယ်လိုပြနေတယ်ဆိုတာကို၊ ကြိုက်တယ်..ဒီတော့ ပေါ်ရာရှု ဘာမှ မပေါ်ရင်..သက်စောင့်စိတ်
ဆိုတဲ့ အိမ်သည်ကိုရှု။ စောင့်သာကြည်နေ..တကယ်ရှိတာက ဓမ္မဖြစ၍ ဓမ္မပျက်တာပဲရှိတယ်၊ တပည့်
တော်တို့ ဝိပဿနာ မလုပ်တတ်သေးဘူးဘုရားဆိုရင် စောင့်ကြည့်မနေလို့သာ မှတ်လိုက်ပေတော့
ဒိဋ္ဌိဆိတာ ဒီဓမ္မတွေကို ငါလို့လုပ်တာ၊ ဒါ ငါ့ဆံပင်၊ ငါ့သွား၊ ငါ့အသားနဲ့၊ ဒီ ဒိဋ္ဌိက စွဲထားလိုက်ထာ..
တစ်ကိုယ်လုံးမှာ..အပ်ဖျားချစရာတောင် မရှိဘူး၊ အမြဲမပြတ် ဖောက်ပြန်လိုက် ပျက်စီးလိုက် အစားထိုး
လိုက် ဒီလိုဖြစ်နေတာကို အမှန်မမြင်လို့..ခိုင်တယ်မြဲတယ်ထင်ပြီး..ဒိဋ္ဌိဝင်တာ။ ဒိဋ္ဌိက လေဘ၊ ဒေါသ၊
မောဟထက်..ပိုကြောက်စရာ ကောင်းတယ်၊ အလုံးစုံသော အကုသိုလ်တို့၏ ဖြစ်ရခြင်းအကြောင်းရင်း
ဟာ..ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ။
ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ်..အာရုံနဲ့ ဒွါရ အကြောင်းတရား နှစ်ခုကြောင့် ပေါ်လာတဲ့ သင်္ခါရတရားပဲ..
မြင်စိတ်ဟာ..မျက်စိအကြည်နဲ့ အဆင်းကြောင့် ပေါ်လာတာသိရင်၊ သံသယ သေတယ်၊ ငါမဟုတ်လို့
ငါမပိုင် ငါမဆိုင်လို့..အကြောင်းနှစ်ခု ရုပ်သိမ်းတာနဲ့ ပျက်တာသိရင်..ဒိဋ္ဌိသေတယ်၊ ဒီလို အကြောင်းနဲ့
အကျိုးဆက်တာသိတော့ ငါဘယ်ကလာပါလိမ့်မလဲဆိုတဲ့..သံသယ ဝိစီကိစ္ဆာ သေတယ်၊ တစ်ခါ
အကြောင်းနဲ့ အကျိုးနှစ်မျိုးစလုံးထဲမှာ..ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူ၊ ဒါတွေမပါတာ
သိတော့ ဒိဋ္ဌိသေတယ်။ ဒီအသိနဲ့သေရင် အပါယ်မကျဘူး ခန္ဓာကိုယ်ထဲမှာ..အခုပေါ်လာတဲ့ တရားလေး
တစ်ခုကို..ဘယ်လိုကြောင့် ပေါ်လာသလဲ..ဘယ်လိုကြောင့် ပျက်သွားသလဲ ပိုင်ပိုင်နိုင်နိုင်သိရင်
အပါယ်မကျဘူး။ ဒွါရခြောက်ပေါက်က..ခန္ဓာငါးပါးတို့..တစ်နေ့တစ်နေ့ မရေတွက်နိုင်အောင် ပြောင်းလဲ
နေတာကို..လဲပြီ လဲပြီလို့ ဖန်ဖန်သိတာဟာ..ဝိပဿနာပါ။ အားထုတ်ချိန်မှာ ဖြစ်ပြီ ပျက်ပြီလို့သာ
အားထုတ်ပါ၊ ဓမ္မသဘော သူ့ဟာသူ ဖြစ်ပျက်နေတာတွေ ကြည့်နေဖို့ပဲ၊ ဓမ္မတွေပဲလို့ သံသယရှင်း
သွားရင်..ဝိစိကိစ္ဆာသေတာပဲ၊ ဒိဋ္ဌိသတ်ဖို့ကတော့.. ပေါ်လာသမျှ တရား ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက် ဖြိုင်
ဖြိုင်ရှု၊ သံသယ ကင်းကင်းနဲ့ ဖြစ်ပျက်ရှုနိုင်ပြီဆိုရင်..သောတာပန်ဟာ အလွယ်ကလေးမှတ်။     ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Thursday, September 27

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာ သတိပဋ္ဌာန်

                            "တစ်သံသရာမှာ တစ်ခါသာနာရတဲ့တရားမျိုး"
ဒီအလုပ်ဟာဖြင့် မလုပ်မဖြစ်တဲ့အထဲမှာ..အကြီးကျယ်ဆုံး အလုပ်ကြီးပဲ။ ခင်ဗျာတို့ကို..အင်မတန် ကိုယ်
ကျိုးကြီးနည်းမှာစိုးလို့ အလုပ်ခိုင်းနေတာ မှတ်ပါ၊ တစ်သက်မှ တစ်ခါ..တစ်သံသရာမှ တစ်ခါဆိုသလို၊
ဒီလို နက်နက်နဲနဲ တရားတွေကို.. ကြားရတာပါနော်၊ အင်မတန်ဂရုစိုက်လိုက်ကြစမ်းပါ။ အသုဘပို့တိုင်း
သူတော့သေပြီ ငါတော့ မသေရာရှာမယ်ဆိုတဲ့စိတ်..လာကိုမလာဘူး၊ ခင်ဗျာတို့က ဒုက္ခမပြတ်မှ နေ
တတ်တယ်၊ သေချင်းထပ်မှ နေတတ်တယ်၊ မပူရတဲ့ဘဝ မသေရတဲ့ဘဝ..တစ်ခါမှ မတွေ့ခဲ့ကြရပါဘူး။
လူဆိုတာ ဒီလိုပဲ ရှာဖွေစားနေရတာပဲလို့..ပြောနေတာဟာ ရှာစားတဲ့ဘက်ပဲ နားလည်တာကို၊ မရှာဘဲ
ချမ်းသာနေတဲ့ဘက်ကို..နားမလည်တော့..ကိုယ်နားလည်တာပဲ အသားယူပြောနေတာ၊ ရှားစားရတဲ့
ကိစ္စရှိရင်..မရှာပဲပြီးတဲ့ ကိစ္စလည်းရှိရမယ်။
ခင်ဗျားတို့ ချမ်းသာစစ် မသိသေးဘူး..ဒုက္ခသစ္စာ ချမ်းသာကိုသာ သိကြတယ်၊ မသိတော့ ပြောသံကြား
နဲ့..ကိုယ့်ဟာကိုယ် တင်းထိမ်နေတာလည်း တော်တော်ဆိုးတယ်၊ ကိုယ့်နှိပ်စက်နေတာ ရိုးရာနှိပ်စက်
နေတာ၊​ ရိုးရာနှိပ်စက်တာကို မတော်လှန်နိုင်ပဲဖြစ်နေလို့..ပင်ပန်းတာတွေကို ထုံးတမ်းနဲ့ ဖုံးပစ်လိုက်တော့
သစ္စာပျောက်သွားတယ်၊ ထုံးတမ်းကလည်း ကိုယ့်ဟာကိုယ် လုပ်ထားတဲ့ ထုံးတမ်းဆင်းရဲသက်ရှည်နေ
ကြတာ ထုံးတမ်းတွေဖုံးနေလို့...ကုသိုလ်ရရုံ သုဂတိလောက် ကျေးဇူးပြုနိုင်တဲ့၊ ကာယကံ သုံးပါး၊ဝစီကံ
လေးပါး၊ မနောကံသုံးပါး တစ်မျိုး။ အပါယ်လေးပါး ပိတ်တဲ့၊ ကာယကံ သုံးပါး၊ ဝစီကံလေးပါး၊ မနောကံ
သုံးပါး တစ်မျိုးဆိုတော့၊ ဒို့အမေ ဒို့အဖေတွေ၊ ဒို့အဖိုး ဒိုအဖွားတွေ သေးသွားကြရှာပြီ၊ တရားနှစ်မျိုးရှိ
ကြောင်း သိမသွားကြရရှာဘူး။ ဒီထက် အထက်တန်းရှိတဲ့ တရားတွေ၊ မျှော်လို့လည်းမကြည့်ဘူး၊ မှန်း
လို့လည်း မရဘူး၊ နာသွားတယ်၊ ရိုးရာကျော်ပြီး သကာလ၊ ထိုးထိုးထွင်းထွင်း သိရမယ့် တရားပါကလား
လို့၊မှတ်ရမယ်။
 ခင်ဗျားတို့ ကြိုက်နေတဲ့ ချမ်းသာက ပုပ်ရိနေတဲ့ ခွေးသားကို..ဠင်းတကြိုက်တဲ့ ချမ်းသာမျိုး..ဘုရားက
ငြိမ်းအေးတဲ့ သန္တိသုခ ကြိုက်စေချင်တယ်၊ ခင်ဗျားတို့က သုခဝေဒနာ ကြိုက်နေကြတယ်..ခင်ဗျားတို့
အလွဲကြီးလွဲနေတာကို..သေသေချာချာ ပြောတာပါ။(၁) အပါယ်လမ်းက ဆင်းရဲလမ်း။(၂) သုဂတိလမ်း
က..ခေတ္တ အပန်းဖြေတဲ့လမ်း။(၃) မဂ္ဂင်လမ်းဆိုတဲ့ အလင်းရောင်ပေါ်နေတုန်း..အေးချမ်းတဲ့ နိရောဓ
သစ္စာဆိုတဲ့ နိဗ္ဗာန်ဆီ သွားကြပါ၊ လမ်းတကာ့ လမ်းထဲမှာ..မဂ္ဂင်လမ်းသာ ချမ်းသာကို အဆုံးပို့တယ်။
ရောက်ဖူးတဲ့သူကလည်း သာယာလို့ ပြန်ခေါ်တာ။ ဘုရားက..သူတစ်ပါးစိတ်အကဲခတ်ရတာ မှားသော်
ရှိ မှန်သော်ရှိတဲ့ ကိုယ့်စိတ်သန္တာန် ပေါ်လာတဲ့စိတ်ကို..ကိုယ့်ဉာဏ်နဲ့ အကဲခတ်ရတာကမှ..အမှန်ရမယ်
တဲ့၊ စိတ်ကိုရှုဆိုတော့ စိတ်တွေ ပေါ်လာတာတွေ့ရပါလိမ့်မယ်။ စိတ်ရှုလို့ စိတ်တွေ့နေရင်..ပဋ္ဌမဆင့်
တော့၊ အတော်နေရာကျပြီလို့ အောက်မေ့ပါ၊ ဝမ်းမြောက်စရာတော့ မဟုတ်သေးဘူး..အောက်ဉာဏ်ပဲ
ရှိသေးတယ်။ စိတ်ကိုရှုလို့ စိတ်ရဲ့ မရှိမှုကိုတွေ့မှ အထက်ဉာဏ် ဖြစ်ပါတယ်၊
ရုပ်ရှုပ်လို့..ရုပ်တွေ့နေသေးရင်..စိတ်ရှုလို့ စိတ်တွေ့နေသေးရင်..ဒုဗ္ဗလ ဝိပဿနာ အားသေးတယ်၊
ရုပ်၏ ဖောက်ပြန်ပျက်စီးသွားတဲ့ လက္ခဏာတွေ့တယ်၊ စိတ်၏ မရှိမှုသဘော တွေ့မြင်ပြီဆိုမှ ဒါ ဗလဝ
ဝိပဿနာ အားကြီးတယ်၊ ပေါ်လာပြီး ပျက်သွားတာ ပျောက်သွားတာ၊ ဒါကိုသာ ဉာဏ်နဲ့မိအောင်
အကဲခတ်ပါ၊"ဟုတွာ အဘာဝတ္တေန အနိစ္စ"ဆိုတာ ရှိရာက နေပြီးတော့..ပျောက်ပျက်သွားတာကို၊
မြင်အောင် ရှုမှတ်ရမှာ၊ အရှုခံ စိတ်သည် ဒွါရ (၆) ပေါက်တွင် ပေါ်သည်၊ ရှုဉာဏ်သည် မနောဒွါရတွင်
ပေါ်သည်။ ရှုခံလည်း ဖြစ်ပျက်၊ ရှုဉာဏ်လည်းဖြစ်ပျက်၊ ဧည့်သည် ဧည့်သည်ချင်း ရှုရမှာ၊ ဖြစ်ပျက်ဆုံး
တာမြင်မှ ရှုဉာဏ်ဟာ..မဂ္ဂင် ရှစ်ပါးစလုံး ပြည့်ပြီး "မဂ်ဉာဏ်"ကိုယ်ပိုင်ရမှာ၊ ဝိပဿနာရှုရသော
ခန္ဓာသည်..နေ့တိုင်းရှိနေတဲ့ အတုံးအခဲခန္ဓာကြီးကို ဆိုလိုရင်းမဟုတ်၊ ကြမ်းကြမ်းတမ်းတမ်း အတုံးအ
ခဲကြီး မြင်နေရင်..ပညတ်အမြင် သမထ ဖြစ်သွားတယ်။ ခန္ဓာကိုယ်ထဲမှာ အခုပေါ်တဲ့ ခန္ဓာသိမှသာ
ဒါ နိဗ္ဗာန် ရောက်တဲ့အသိပေါ်မှာ။ အမေမွေးတဲ့ ခန္ဓာငါးပါးက ဖြစ်ခဲ့ပျက်ခဲ့တာ..တစ်တိုတစ်စမှ ပါမလာ
တော့ဘူး၊ အရင်ကပါလာတဲ့ ခန္ဓာလည်း မဟုတ်၊ အကြောင်းကင်းသလားဆိုတော့လည်း မကင်းဘူး။
ဝိပဿနာရှုရတယ်ဆိုတာ ဘာကိုရှုရမှာလဲ အောက်မေ့တယ်၊ လက်စသတ်တော့ ပေါ်လာတဲ့ ဧည်
သည့်ခန္ဓာ မြင်အောင်လို့ ရှုရတာကို၊ ဧည်သည့်ခန္ဓာကို မမိလိုက်ဖူးဆိုရင်..အပျက်ကိုတော့ မိအောင်
ကြည့်၊ အဖြစ်ကို မမိလိုက်ရင် ရှိစေတော့ အပျက်ကိုတော့ မိအောင်စောင့်ကြည့်ရမယ်၊ အဖြစ်နှင့်အပျက်
နှစ်ခုတွင်၊ တစ်ခုခုကိုတော့ မိအောင်ဉာဏ်နဲ့ဖမ်းရမယ်၊ သိမ်မွေ့တဲ့ သေးငယ်တဲ့ သားမြီးဖျား မြားနဲ့မှန်
အောင် ပစ်နိုင်သလို ချက်တိုင်းမလွဲ တပ်ခနဲ့..တပ်ခနဲ့ သိမ်မွေ့တဲ့ ရုပ်နာမ် ဖြစ်ပျက်ကလေးတွေကို
မြင်အောင်ကြိုးစားပါ၊ ခန္ဓာသည် ပရမတ် ရုပ်ပရမတ် နာမ်ပရမတ်၊ ပရမတ်တို့သည်..မည်သည့်အခါ
မျှ လိမ်ညာကောက်ကျစ်ပြီး မပြောဘူး၊ ဒီတော့ ခန္ဓာသဘော ခန္ဓာအပြောကို..ကိုယ်က သတိထား
ဝီရိယစိုက်၊ ပညာနဲ့ ရှုလိုက်ရင် ဖြစ်ပျက်မြင်တာပဲ။      ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Wednesday, September 26

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သူကျွန်အဖြစ် နွံနစ်ခံကြမလို့လား

                                 "လည်နေတဲ့ စက်ရဟတ် ရပ်စေတဲ့ခလုတ်"
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုတာ..သစ္စာမသိလို့ပြောတာပါ၊ နိဗ္ဗာန်မမြင် ချမ်းသာမသိ
တဲ့လူကပြောတာ၊ ကံစီမံသလို ခံကြယုံပဲဆိုတော့..ကိုယ့်စွမ်းရည်းတုံးတယ်၊ ကံကို အားကိုးတာသည်၊
အသေးဆိုးသေပြီး အနေဆိုးနေရတဲ့..ဒုက္ခသစ္စာရချင်လို့။ တစ်သံသရာလုံး (၃၁) ဘုံမှာ ဘဝမျိုးစုံနဲ့
ကိလေသာ အာရုံတွေ..ခံစားခဲ့၊ အိုခဲ့၊ နာခဲ့၊ သေခဲ့ နဲ့..အရိုးတောင်လို ပုံအောင် ဒုက္ခပင်လယ်ဝေခဲ့
လှပြီ၊ အခုလို ဘုရား အဆုံးအမနဲ့ကြုံ၊ ဆရာကောင်းနဲ့ကြုံတဲ့ လူဘဝ ခဏတာကလေးမှာ..အသေမဦး
ခင်..အသေလွတ်တဲ့ နိဗ္ဗာန်ကို ဉာဏ်နဲ့မြင်အောင် အားထုတ်ထားမှ..မိမိရဲ့ဒုက္ခသံသရာ စက်ရဟတ်
ကြီး..အလည်ရပ်မယ်။ ခင်ဗျာတို့သည် ခန္ဓာဝန်ကို ကြွေးဆပ်လို့မဝ ခန္ဓာပွားတွေရဲ့ ကြွေးလည်းဆပ်လို့
မဝကြပါဘူး။ သာသနာတွင်းတရား အားထုတ်ကြပါ၊ ဒါမှ ကျွန်စရင်းမှ လွတ်ကင်းကြမယ်၊ ဝိပဿနာ
ဉာဏ်တည်းဟူသော သာသနာတွင်းတရား ဝင်လာမှ..လောဘအကြောင်းသိလာမယ်၊ လောဘအ
ကြောင်းသိရင် လောဘ၏ ကျွန်အဖြစ်..ခံလိုစိတ်နည်းလာပြီ။
ဒီခန္ဓာ ဒုက္ခသစ္စာမှန်း မသိကြလို..လောဘနဲ့ လုပ်ကျွေးနေကြလို့..လောဘရဲ့ အပြစ်တွေ ဖော်ပြောပြ
နေတာပါ၊ ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ သေသွားတဲ့ မသာဖိတ်ရင်..ကျွန်မသာ အရှုကြွတော်မှုကြပါလို့
ဖိတ်ကြ။ လောဘရှိလျှင် အလောဘသွင်းပါ၊ ဘုရးပေးတဲ့ အန်ဆေး သောက်ရလိမ့်မယ်၊ သမ္မာဒိဋ္ဌိ ဦးစီး
သည့် မဂ္ဂင်တရားနဲ့ ရှုလိုက်မှ..လောဘတဏှာဟာ..အန်ထွက်သွားလိမ့်မယ်။ တစ်နေ့တစ်နေ့ဖြစ်နေ့တဲ့
လောဘ ဒေါသ မောဟတွေဟာ..တစ်နေ့ကို ငရဲရောက်ဖို့ ဘဝပေါင်းမရေမတွက်နိုင်ဘူး၊ စိတ်ကလေး
တစ်လုံး..စေတနာကလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့..စိတ်ပေါင်းကလည်း မရေမတွက်နိုင်
ဘူးဆိုတော့ကာ..အပါယ်ကတက်စရာမမြင်ဘူး။ တစ်ခါတလေမှလုပ်တဲ့ ကုသိုလ်ကလေးနဲ့ ဒီကံတွေ
မျှရဲ့လား၊ ဒါတွေကို ချေမှုန်းကန်းကွက်ပြီး.."အဟောသိကံ"ဖြစ်အောင်လုပ်နိုင်တာကတော့ မဂ်ပဲရှိတယ်။
ဘဝပေါင်းများစွာ စုဆောင်းထားတဲ့ အကုသိုလ်ကံဟောင်းတွေလည်း၊ သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်
လိုက်လို့ရှိရင်..အကုန်"အဟောသိကံ"ဖြစ်တယ်။ ဒီဘဝသာမက-ဘဝများစွာ လူသတ်သမားကြီးဖြစ်လာ
ခဲ့တဲ့.."အင်္ဂုလိမာလ"လည်း မဂ်တစ်ချက်ပေါ်လိုက်တော့ ကြွေးအကုန်ကြေးသွားတာဘဲ။ ကိုယ်သွားရ
မယ့် ငရဲကိုယ်တိုင်မြင်ပြီးသားတောင်မှ.."မဂ်ဉာဏ်" "ဖိုလ်ဉာဏ်"ကတားနိုင်တယ်၊ မဂ်တည်းဟူသော
သိမှုလေးတစ်ခုတည်းနဲ့ ကြွေးဟောင်းရော...ကြွေးသစ်ပါ အကုန်ကြေစေပါတယ်။(ဒကာ ဒကာမတို့)
ခန္ဓာထဲဖြစ်ပျက် ဒုက္ခသစ္စာသာရှိတယ်၊ ဒုက္ခသစ္စာဆိုတာ ခန္ဓာထဲမှာ ခန္ဓာငါးပါး တစ်ပါးပါး ထင်ရှားဖြစ်
ပေါ်တာပါ၊ နာတာလည်း ပေါ်ပျောက်၊ ယားတာလေးလည်း ပေါ်ပျောက်၊ ကောင်းတာလေးလည်း
ပေါ်ပျောက်၊ ခန္ဓာတစ်ခုလုံး ပေါ်ပျောက်ပဲရှိတယ်၊ ကောင်းတာလေးလည်း ကောင်းပြီး ပျောက်လိုက်နဲ့
မမြဲလို့ ဒုက္ခသစ္စာ။ ကြည်နေတဲ့ မျက်လုံးကလည်း ကြည့်လိုက် ပျက်လိုက်နဲ့ မမြဲလို့ ဒုက္ခသစ္စာဘဲ။
ပစ္စုပ္ပန်ကာလမှာ..စားစိတ်ပေါ်ပေါ်..တွေးစိတ်ပေါ်ပေါ်..ပေါ်ချင်သရွေ့ပေါ် ဒုက္ခသစ္စာချည်းပဲ။ ခန္ဓာကိုယ်
က နဂိုက ဒုက္ခသစ္စာမို့လို့ ထွက်လာသမျှ ဒုက္ခသစ္စာပဲ။ အဲဒါ သိတာ သစ္စာသိတာဘဲ၊ သစ္စ္စ္စ္စ္စ္စ္စ္စာသိပြီးရင်..
ပွားသာနေ၊ ဒီအသိရှိပြီဆိုရင်..သေခြင်းဆိုး မရှိတော့ဘူး။
နဂိုက ရှပ်နဲ့ နာမ်ကို မိမိခန္ဓာထင်ထားတာကိုက၊ အလွဲကြီးလွဲနေတာ၊ ငါမြင်တယ်လို့ ပြောတော့
ပြောတာပေါ့၊ တကယ်တော့ မြင်စိတ်ကမြင်တယ်ဆိုတာ မမေ့ပါနဲ့။ အထင် ငါပြုတ်ပါစေ၊ အပြောငါ
ကျန်တာဟာ ကိစ္စမရှိပါဘူး၊ မြင်စိတ်က မျက်လုံးထဲပေါ်ပြီး..မျက်လုံးထဲ ပျက်တာပဲ။ ကြားစိတ်ကလေး
လည်း ကြားပြီးပြီးချင်း ပျက်နေတာပဲ။ ယားတာလည်း ယားသက်ရှည်လိုက်တာ မဆိုပါနဲ့၊ ယားပြီး ခဏ
ခဏပျက်နေတာပဲ။ ခင်ဗျားတို့ မဖြတ်တတ်လို့ ခက်နေတာ။ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ ဘယ်စိတ်မဆို
အခုပေါ် အခုပျက်ပဲ။ ဘယ်စိတ်မှ မမြဲဘူး၊ ခန္ဓာထဲမှာ..အားကိုးစရာဆိုလို့ တစ်ကွက်မှ မရှိဘူး၊ ဒါသိပြီး
အပွားနဲ့ ဖြုတ်ရင်..ဘယ်တော့မှ အပါယ်မကျတော့တဲ့ မဟာသောတာပန်၊ သောတာပန်ဆိုတာ ရုပ်နာမ်
ဓမ္မသင်္ခါရတွေကို ငါ ငါ့ ဥစ္စာမဟုတ်ဘူး၊ အနိစ္စ၊ဖြစ်ပျက်သာ ဟုတ်တယ်၊ ဒုက္ခသစ္စာသာ ဖြစ်တယ်လို့..
သူဉာဏ်ထဲမှာ၊ ပိုင်ပိုင်နိုင်နိုင် သိသွားတာ။
ဘုန်းကြီးပြောတဲ့ အဆုံးအမတွေဟာ..ပါဠိတော်က ဟာတွေချည်းပဲ ဆုံးမနေတာ၊ ဒါ ဘုရားအဆုံးအမ
ချည်းပဲ။ ခင်ဗျားတို့သည်၊ ဘုန်းကြီးပြောတဲ့တိုင်း လိုက်နာကျင့်ကြံ ကြိုးကုတ်လို့ရှိရင်..သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ..ဘယ်အချိန်မဆို ဖြစ်နိုင်တယ်။ ဆုံးမတဲ့ ဆရာကဖြင့်မလိုဘူး၊ လိုက်နာ
မယ့် ပုဂ္ဂိုလ်လိုချင်လိုလိမ့်မယ်။ သူပဲငါပဲလို့ အပြောဟာ အပြောပဲလို့ သဘောမထားဘဲ တကယ်တမ်း
 မိမိထင်နေတာဟာ..ငယ်မှတ်နာနေတာ အမြင်မှားနေတာ၊ အမြင်မှားကြောင့် အပါယ်သွားရတာ၊ အမြင်
မှန် ရတဲ့နေ့ကစပြီး အပါယ်တံခါး ပိတ်တယ်။ အမြင်မှားနဲ့ သေရင် အပါယ်သွား၊ အမြင်မှန်ရင် နိဗ္ဗာန်သွား
ဒီနှစ်လမ်းပဲ ရှိတယ်။ တစ်သံသရာလုံးကတော့ ကိုယ့်ဟာမဟုတ်တာကို..ကိုယ့်ဟာထင်တဲ့ စုံလုံးကန်း
မျက်လုံးနဲ့ လာခဲ့ကြတာပဲ။ အပါယ်လေးပါး ချောက်တွေက..စုံလုံးကန်းကျဖို့ ချောက်တွေချည်းဘဲ၊ (၃၁)
ဘုံ သင်္ချိုင်းဟူသရွေ့ စုံလုံးကန်းသင်္ချိုင်း၊ ခင်ဗျာတို့ကို မျက်လုံးအမှန်မှ တပ်မပေးလို့ရှိရင် စုံလုံးကန်း
သင်္ချိုင်းရှာပဲ..ဖြစ်နေကြတော့မှာပါပဲ။
မိမိခန္ဓာအစဉ်သည် တစ်ဘဝနှင့် တစ်ဘဝ ပရမတ်အကြောင်းအကျိုး ဆက်စပ်နေတာ၊ အကြောင်းပြုလုပ်
လို့ အကျိုးပေါ်တာပဲ။ တစ်သံသရာလုံးမှာ"မဂ်"ရတာကို မကြိုက်ခဲ့လို့..အပါယ်လေးပါး ကိုယ့်အိမ်ကိုယ့်
ရာ ဖြစ်ခဲ့ရတာ၊ အခု လူဘဝကိုရောက်လာကြတာဟာ..တရားကြောင့်ရောက်လာကြရတာပါ၊ မတရား
နဲ့အချိန်ကုန်မယ်ဆို အရင်းရှုံးပါလိမ့်မယ်၊ ဒီအတိုင်းနေလို့ မတော်တဲ့အကြောင်း..ကောင်းကောင်းသိ
ကြပါ၊ မသိတုန်းကတော့ မသိသလို နေလာကြတာ ကိစ္စမရှိဘူး သိပြီးတဲ့အခါကြတော့ ပြင်ဖို့ဆင်ဖို့
အချိန်အခါ ရောက်ပြီ၊ ကိုယ့်ကိုယ်ကို သနားရင်..ဝိပဿနာအလုပ် လုပ်ပါ။    ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


Monday, September 24

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မသေရာသွားဖို့ နည်းရှာစို့

"တရွေ့ရွေ့ဝေးကွာ၍ ရေမြေအဏ္ဏဝါကမ္ဘာတွေ
ခြားကွာမယ်" ဒီကမ္ဘာကြီးမှာ...ခင်ဗျားတို့ရဲ့ အရိုး
တွေ အသားတွေနဲ့ နောက်ထပ် မြေကြီး(၁၃)မိုင်
လောက်တက်ပြီးမှ ဒီတရားမျိုး နောက်တစ်ကြိမ်
ပေါ်မယ်။ဒီအချိန် ဒီအခါမျိုး မကြုံနိုင်တော့ဘူး၊
ဘုရားက...ဝိပဿနာအကျိုးငှာ ပွင်လာတာ၊ကံစီ
မံသလို လိုက်နာနေရတဲ့၊ဒါန၊သီလ၊သမထ ဆိုတာ
က သာသနာတွင်း မဟုတ်ဘူး၊မေတ္တာ တစ်နေ့
လုံးပို့နေ...ဖြစ်ပျက်ကို၊တစ်ချက်မြင်တဲ့ ကုသိုလ်ကို
                                                                   မမှီဘူး။
"ဧကာဟံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ"အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက်၊ဖြစ်ပျက်
တစ်ချက်မြင်ရသူက သာပါတယ်။ဒီအတိုင်းသာ သားရေး သမီးရေး စီးပွားရေးနောက် တောက်လျှောက်
သွားနေကြမယ်ဆိုရင် သေရာဋ္ဌာန ဘယ်တော့မှ မလွတ်ဘူး၊မသေရာဋ္ဌာန သွားတဲ့နည်း...ရှာကြပါ
နည်းယူကြပါ၊ကြိုးစားကြပါလို့ ဆိုတဲ့ ဥစ္စာတိုက်တွန်းပါတယ်။ခန္ဓာရလိုက်သေလိုက်၊ခန္ဓာရပြန်လိုက်
သေပြန်လိုက်ဆိုတဲ့ အလုပ်ဟာ...လမ်းခွဲမရှာတဲ့ ပုဂ္ဂိုလ်တို့၏ အလုပ်၊ဝိပဿနာ အလုပ်ဟာ ဒကာ
ဒကာမတို့။မသေရာသွားတဲ့အလုပ်၊အဲ...ဝိပဿနာဉာဏ် ဝင်ခွင့်မရလေလေ ခင်ဗျားတို့ ပစ္စုပ္ပန်မှာ..
အန္တရာယ် မကင်းတာ များလေလေ။ဒီတစ်ခါ သေပြီးရင် နောက်ထပ်တစ်ခါ သေစရာမရှိတဲ့ အလုပ်
သည်၊ဝိပဿနာ မဂ္ဂင်အလုပ်ပဲ။ခန္ဓာကိုယ်ကြီး ဘယ်သွားနေသလဲလို့ အမေးထုတ်ပါ၊သူသည်
ပဋိသန္ဓေနေတဲ့နေ့ အချိန်က စပြီးသကာလ သေရာဋ္ဌာနသွားနေတယ်ဆိုတာ ဆုံဖြတ်ချက်ချပါ။
အချိန်များဆိုင်သေးသလားလို့ မေးရင်...အချိန်တွေကဖြင့် မဆိုင်းဘူးဆိုတာ သဘောပါကြပြီးလား။
လမ်းခွဲမရှိတော့ဘူးလားလို့...လမ်းခွဲရှာကြရပါလိမ့်မယ်၊လမ်းခွဲရှာလို့ရှိရင် မိစ္ဆာလမ်းလိုက်လို့ရှိရင်၊
သေရာဋ္ဌာနဆီ သွားလို့မဆုံးပါ၊သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်လမ်းကိုလိုက်ကြလို့ရှိရင်ဖြင့် မသေရာ ရောက်
ပါလိမ့်မယ်ဆိုတာ သတိထားကြပါ။
တရားနာ လာကြတဲ့ ပရိသတ်တွေ...ဘယ်အကျိုးငှာ လာကြသတုံးဆို၊မသေရာ သွားတဲ့နည်းကို
လိုချင်လို့ တရားနာ လာကြတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ၊မသေရာဆိုတဲ့ ဥစ္စာသည် လမ်းခွဲလိုက်
ပါမှ မသေရာရှိတယ်။အဲဒါကြောင့် အင်မတန် နစ်နာမှာ စိုးတဲ့အတွက် သေခါနီး နိမိတ်တွေ ထင်လာ
တော့မှ ကိုယ်ကျိုးနည်းပြီဆိုရင် ကောင်းပါဦးမလား။ဖြစ်ပျက်ရှုထားတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဒကာ
ဒကာမတွေ ဘာမှ မပူပါနဲ့တဲ့။သေခါနီးမှာလည်း သောတပန်တည်နိုင်တယ်၊ဒါကြောင့်...ခင်ဗျားတို့
ကိုကယ်မယ့်ယူမယ့်ဟာဖြင့် "မဂ်"ပဲလို့...သေသေချာချာ မှတ်ပါ။
 အခု လူ့ဘဝ ကိုယ်သားနဲ့ ကိုယ်မယားနဲ့ ကိုယ်ပစ္စည်း ကိုယ်စည်းစိမ်နဲ့ ကိုယ့်တိုက်ကိုယ့်တာ
ကိုယ့်ကားလေးနဲ့ ပျော်မနေဘူးလား၊တော်သေးရဲ့ဆိုတာလာမယ်၊သူများနဲ့စာရင် တော်သေးရဲ့
ဆိုတာ မသုံးကြဘူးလား၊ဘာထင်သလဲနဲ့၊ရောက်ရာဘဝ မပျော်ဘူးလား၊ပျော်နေကြတာပါဘဲ။
ခင်ဗျားတို့ ပျော်ပုံက...ကျုပ်တို့ငယ်ငယ်တုန်းက၊ရန်ကုန်မှာ လံချားဆွဲပြေးနေတဲ့ ကုလားတွေ
တော်သေးရဲ့ အိန္ဒိယနဲ့စာရင် တော်သေးရဲ့။ဟိုမှာ(၆)ပြား၊ဒီမှာ တစ်ကျပ်၊တော်သာတော်နေရ
တယ်သူ့မှာ နေပူကျဲကျဲ ကတ္တရာစေးပူပေါ် ပြေးရတယ်၊ဒါ တဏှာက ချော့ထားတာ။
 သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ တိုက်နဲ့ ကားနဲ့နေရတဲ့အခါကျတော့၊ငါ့တော်သေးရဲ့နဲ့ ဘဝထဲပျော်
နေတယ်၊ဪ ဠင်းတနဲ့ ခွေသား ပျော်နေပါကလား၊ရတဲ့ပစ္စည်းက ခွေသား၊ကိုယ်က ဠင်းတသ
ဘောမျိုး ဖြစ်နေတယ်၊ဒီအထဲပျော်နေပြီ၊ဘေးက အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က ကြည့်တော့ ဠင်းတ
စားရတာ ခွေသား ပျော်စရာ တစ်ကွက်မှ မရှိဘူးဆိတာ အင်မတန် မထင်ရှားဘူးလား။
ခင်ဗျားတို့ ကြိုက်နေတာ ဒုက္ခကြိုက်နေတာ မီးခဲကြီးကိုင်နေရတာကို အေးတဲ့သဘောမျိုး၊
ကျေနပ်သာယာနေတဲ့ သဘောမျိုးဖြစ်နေတယ်၊သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ရမ်းလိုချင်-ရမ်းခင်
ချင်တဲ့ တဏှာကိုခင်ဗျားတို့က မိတ်ဆွေလုပ်နေကြတာ၊နွားသတ်သမားကို နွားက...မိတ်ဆွေ
လုပ်ပြီး ကျေးဇူးရှင်ထင်သလို ဖြစ်နေပြီ၊သတ်မှာက အဝိဇ္ဇာနဲ့တဏှာ၊သူနားက မခွာနိုင်တာက
ကျုပ်တို့ ပုထုဇဉ် လူမိုက်တွေ။
နွားသေခါနီးမှ အသားတိုးအောင် ကျွေးတာကို...ကောင်းစေချင်လို့ ကျွေးတာမှတ်နေတယ်၊
အဲသည်လောက် ဆိုးဝါးတဲ့ ဥစ္စာကို၊ဒီ ဒိဋ္ဌိ ပြောတာ နားထောင်နေမယ်ဆိုရင်၊ဒီထက် အ၊
ဒီထက် ထူ၊ဒီထက် ပိန်းတာတော့ မရှိတော့ဘူး၊ဒါကြောင့် ပြင်ကြပါဦးဗျာ။
လူ့ပြည် ဆုတောင်းတာ မြေကြီး ကြီးပွားဖို့၊နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့
ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့၊ခန္ဓာရှိသရွေ့ ဒုက္ခ ရှိတယ်၊ခန္ဓာမရှိမှ ချမ်းသာမှာ
ဘဲဆိုတာ၊ရဲရဲတင်းတင်းမှတ်ရမယ်၊လှူရင် ဒီခန္ဓာ ဒုက္ခ သစ္စာကြီး မရချင်လို့လို့...ဆိုပြီး
တော့လှူပါ၊နိဗ္ဗာန်ရှာလို့ရှိရင်ဖြင့်၊ဘယ်လောက်ရှာရှာ အင်မတန်ကောင်းပါတယ်။      ။

                     

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာရုံတစ်ပါး စိတ်မသွားနဲ့

                                          "အမှောင်ထဲမှာ အလင်းရောင်ပေးတာ"
သူတော်ကောင်းနှင့်တွေ့လျှင် အာရုဏ်တက်တာနှင့်တူသည်၊ မိမိကိုယ်တိုင် ဝိပဿနာအလုပ် လုပ်ခဲ့
ပါလျှင်...နေထွက်သည်နှင့်တူသည်။ ဝိပဿနာတည်းဟူသော အဆုံးအမ အလုပ်ကိုမှ မလုပ်ဘဲနေ
ခဲ့လျှင်..အမှောင်ထဲမှာ မွေး..အမှောင်ထဲမှာ နေ..အမှောင်ထဲမှာ သေတာနှင့်တူသည်။ ဝိပဿနာမှ
မလုပ်သေးလျှင် သာသနာတွင်းမှာသာနေ၍ သာသနာနှင့်ငါ မတွေ့သေးဘူးလို့ မှတ်ရမယ်။ ကိုယ့်ကိုယ်
ကိုကယ်ကြပါ၊ ဘယ်သူကဘာပြောပြော ကိုယ့်ဟာကိုယ်ရုန်းမှ ကိုယ်လွတ်မှ၊ ဘုရားက ဝိပဿနာရှုဖို့
(၁၇၉၂) ကြိမ် ကိုယ်တိုင်မှာခဲ့တယ်။ လှူတာတန်းတာ ပေးတာ ကမ်းတာ အသားထားပြီး၊ ဘုရားပြော
တဲ့အတိုင်း ကျင့်ပြီး တရားနဲ့ ပူဇော်စေချင်တယ်၊ အခုလူ့ဘဝရောက်လာတာ မတရားနဲ့ အချိန်ကုန်မယ်
ဆိုရင်..အရင်းရှူံးပါလိမ့်မယ်။ ဒီအတိုင်းနေလို့ မတော်တဲ့အကြောင်း ကောင်းကောင်းသိကြပါ။
ဒီတော့ တရားအလုပ်စလုပ်ကြစို့၊ ရှေးဦးစွာ ဝင်လေထွက်လေကို မှန်မှန်ရှူ မှန်မှန်ရှိုက်၊ ဝင်လေ ထွက်လေ
ရှူရှိုက်တဲ့အခါ..(၁) အထက်နှာသီးဖျား (၂) နှုတ်ခမ်း (၃) ရင်ညွန့် ကြိုက်ရာ တစ်နေရာ စိတ်ကိုထား
ထိတာကို သိနေရမယ်။ ဝင်သက် ထွက်ကို သိနေမှုမှတစ်ပါး၊ အခြားဘယ်ကိုမျှ အာရုံရောက်မသွားဖို့
အရေးကြီးတယ်..ထိုင်တဲ့ခါမှာလည်း တင်ပျဉ်ခွေထိုင်ပါ။ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပါ။ ရှေ့လည်း
မငိုက်စေနဲ့..ဘေးလည်းမစောင်းစေနဲ့။ ခေါင်းကလည်း ဘယ်ဘက်မှ မစောင်းစေနဲ့၊ ယောဂီရဲ့ ခါးအထက်
ပိုင်းကိုယ်ကြီးဟာ၊ ရှေ့နောက် ဘေးဘယ်ညာ ယိမ်းယိုင်နေရင်..အရိုးအဆစ်တွေ အဆက်ချင်း တည့်မ
နေတဲ့အတွက် မကြာခင်နာလာမယ်။ လေကိုဝအောင်ရှူ မှန်မှန်ပဲ ဖြည်းဖြည်းရှူထုတ်ရမယ် (၁၅) မိနစ်
လောက်ကြာတော့ ခန္ဓာထဲပေါ်ရာကို...ဖြစ်ပျက်လိုက်ရှု။ ဖြစ်ပျက်ဆီ ဉာဏ်တည့်တဲ့ ပုဂ္ဂိုလ်ကဖြင့်၊
သမထနဲ့ ဝိပဿနာတွဲလို့မပါဘူး။ ဝိပဿနာလုပ်ရင် သမထပါတယ်..ပညာကရှေ့ကသွားရင်..သမာဓိ
ကနောက်က..ကပ်ပြီးပါလာတာ။
သမထသက်သက် မတည်ထောင်ဘဲ..ဝိပဿနာထဲပါတဲ့ သမထနဲ့ နိဗ္ဗာန်သွားနိုင်ပါတယ်၊အခုလို
သက်တမ်းတိုတဲ့အချိန်မှာ..သမာဓိကို အထူးတည်ထောင်မနေပါနဲ့တော့။ သမာဓိနဲ့ ပညာကို..ဖြစ်ပျက်
ဆီ တွဲလွှတ်ရင် မြန်တယ်၊ မြန်မြန်ဖြစ်ပျက်မြင်တာသည်၊ မြန်မြန်ဖြစ်ပျက်ဆုံးတဲ့ မဂ်ဉာဏ်ပေါ်ဖို့ပဲ၊
လုပ်ရင် မကြာဘူး။ ဆရာကောင်းရင် ကောင်းသလောက်၊ ခရီးပေါက်တာပဲ။ အားထုတ်ဆဲ ဝိပဿနာ
ဉာဏ်နဲ့ အမြဲနေကြမယ်ဆိုရင်..မျက်စိမှိတ်လိုက်တာနဲ့ ဉာဏ်စိတ်က ဖြစ်ပေါ်လာပါပြီ။ ခင်ဗျားတို့
မှတ်ထားကြပါ၊ အရိယာလေး မွေးလာတယ်လို့ ဘယ်သူများ ကြားဖူးတုံး။ အရိယာအကျင့် နောက်မှ
ကျင့်ယူရတယ်၊ "သုတဝါ ပုထုဇ္ဇနောကနေ သုတဝါ အရိယာ သာဝကော"ဖြစ်ပြီးသကာလနေတော့၊
သူ့ဘာမျက်လုံးရသတုံး၊ အရိယာမျက်လုံးရတယ်၊ ဖြစ်ပျက်ဉာဏ်မြင်လို့ရှိရင်..ဒီဘဝ မဂ်ရမလို့
သဒ္ဓါနိယာမတရား (၅) ပါးမှာ..ဒီဘဝ မဂ်ရမယ့်အကြောင်း မဟောဘူလား၊(ဟောပါတယ်ဘုရား) ။
ဟောဒီဖြစ်ပျက်တာ မြင်အောင်လုပ်စမ်းပါ၊ မြင်နိုင်အောင် သင်တဲ့ဆရာနဲ့ ပေါင်းသင်းပြီး၊ မြင်တဲ့နည်း
လေး၊ ခင်ဗျားတို့ သန္တာန်မှာ ပေါ်စမ်းပါစေ၊ သေချာပြီလို့ ဆုံးဖြတ်ချက်ချ၊ အပါယ်လေးပါး ပိတ်ပြီဆို
တော့...မလုပ်ထိုက်ဖူးလား။
သံယုတ်ပါဠိတော်၌...ခန္ဓာထဲမှာ..ဝေဒနာကို ဖြစ်စေ၊ စိတ်တွေ၊ စေတသိက်တွေကိုဖြစ်စေ..ဖြစ်ပျက်
အနိစ္စ လို့ရှုရင်ဖြင့် "အဝိဇ္ဇာ ပဟီယတိ"တဲ့၊ အဝိဇ္ဇာကို ပယ်ချလိုက်တယ်တဲ့...ဒီလို့မှ အနိစ္စ၊ ဒုက္ခ၊
အနတ္တ မရှုဘူးဆိုရင် အဝိဇ္ဇာဖြစ်သတဲ့.."သံယုတ်ပါဠိတော်"မှာလာတယ်။ အလုပ်စဉ် သိချင်ရင် မှတ်
တမ်းတွေကြည့်။ အလုပ်သိချင်ရင် ခန္ဓာကြည့်၊ ခန္ဓာဆိုတာ ဓမ္မပဲ၊ ထိုခန္ဓာက ပြတာကို ပုပ္ဗဘာဂမဂ်
ဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့လိုက်၊ ခန္ဓာက အနိစ္စလို့ပြလို့ အနိစ္စဉာဏ်၊ ဒုက္ခလို့ပြလို့ ဒုက္ခဉာဏ်၊ အနတ္တလို့ပြလို့
အနတ္တဉာဏ်ဖြစ်သွားတယ်၊ တရားတိုင်ရတာ ထိုင်လို့မကောင်းဘူးဆိုရင်..ဖြစ်ပျက်နဲ့ မဂ်ကြားမှ...
တစ်ပါးသော ကိလေသာ ကြားခိုနေတယ်လို့မှတ်ပါ၊ ခန္ဓာဆိုတာ ဓမ္မပဲ၊ ဓမ္မနဲ့ တည့်သည့်ဉာဏ်သည်
သာလျှင်..ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ဉာဏ်၊ ကိုယ့်ဟာကိုယ် လုပ်ယူလို့...ရတဲ့ဉာဏ်မဟုတ်ဘူး၊ ကိုယ်ဟာ
ကိုယ် လုပ်ယူလို့ ရတဲ့ဉာဏ်ဆိုရင်လည်း...ပဋိစ္စသမုပ္ပါဒ်က ပြတ်ကိုမပြတ်ဘူး။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာ တစ်နည်း၊ ဖြစ်ပျက်ဆိုတာ ကိုယ်ပါးစပ်က ဖြစ်တာမဟုတ်၊ ဓမ္မကပြတာ
ကိုယ်ကလုပ်ယူတဲ့ အနိစ္စ မဟုတ် ဓမ္မကပြတဲ့ အနိစ္စ၊ ဓမ္မကပြတဲ့ ဖြစ်ပျက်...ဒါမှသာ၊ ဖြစ်ပျက်သိတဲ့ဉာဏ်
ယောဂီမှာရမယ်။ အရေးကြီးတာက ခန္ဓာထဲ ဉာဏ်သွင်းဖို့ဆိုတာ မှတ်ကြစမ်းပါ၊ ခန္ဓာထဲ ဉာဏ်သွင်းနေ
တာ အလုပ်ခွင်ဝင်နေတာပဲ၊ ဉာဏ်သွင်းတယ်ဆိုတာလည်း"ကမ္မဿကတဉာဏ်"လောက်သွင်းလို့
မရဘူး၊ ဒါလောက်နဲ့ဆို အရိုးကြီးပွားရေးပဲ၊ ဘာဉာဏ်သွင်းရမလဲဆိုရင်"သစ္စာနုလောမိကဉာဏ်"လောက်
သွင်းရမယ်၊ သစ္စာနုလောမိကဉာဏ်ဆိုတာသည်၊ သစ္စာနှင့်လျော်တဲ့ဉာဏ်ပါပဲ၊ သစ္စာတခြား၊ အနိစ္စတ
ခြားလို့ မမှတ်ပါနဲ့၊ သစ္စာတခြား ဖြစ်ပျက်တခြားလို့ မမှတ်ပါနဲ့၊ ဖြစ်ပျက်ပြီး ဖောက်ပြန်ပျက်စီးနေတာ
သည်၊"ဒုက္ခသစ္စာ"ချည်းသာမှတ်ပါ။ ဖြစ်ပျက်ရှုနေတာသည်၊ ဒုက္ခသစ္စာ ကိုသိသိနေခြင်းဖြစ်တယ်လို့
ဆုံးဖြတ်ချက်ချ။ ထိုဖြစ်ပြီး ပျက်နေသော သဘောသည် သုခလား ဒုက္ခလား မိမိကိုယ်ပိုင်ဉာဏ်ဖြင့်
စဉ်းစားချင့်ချိန်ဝေဖန်၍နေပါ၊ တရားနာတယ်ဆိုတာသည်..မတရားလုပ်တာ ကာကွယ်နေတာပဲလို့
မှတ်ကြပါ။   ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Friday, September 21

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရန်သူစစ်ကို မြင်ဖို့လိုပြီ

           "ရန်သူစစ်ကို မြင်ဖို့လိုပြီ"
ဒီနေ့ "ကာမာသဝ"စတဲ့...အာသဝေါတရားလေးပါး
မကုန်တော့ အဝဇ္ဇာဖြစ်မယ်၊အဝဇ္ဇာဖြစ်ရင်၊အယော
နိသော မနသိကာယဆိုတဲ့ နှလုံးသွင်းမှားလာလိမ့်
မယ်၊အယောနိသော မနသိကာယရှိရင်ဖြင့်၊ဝိစရဏ
ဆိုတဲ့ ဉာဏ်ဆုံးရှုံရမယ်၊စီစစ်တတ်တဲ့ ဉာဏ်ဆုံး
ရှုံရခြင်းသည်၊ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေ
ကောင်းမတွေ့လို့၊ဘာကြောင့် မိတ်ဆွေကောင်း
မတွေ့သလဲဆိုရင်...အကြားအမြင်နည်းလို့၊
အကြားအမြင် ဘာကြောင့်နည်းရပါလိမ့်မလဲဆိုရင်
ယထာဘူတဉာဏ် မရလို့၊ဘယ့်နှယ်ကြောင့်...
ယထာဘူတဉာဏ် မရပါလိမ့်မတုံးလို့၊မေးတဲ့အခါကျတော့၊အလိမ်မပြေလို့၊ဉာဏ်မှန်နဲ့ ကြည်လိုက်တဲ့
အခါကျရင်ဖြင့်...အနိစ္စတွေ့မယ်၊ဒုက္ခတွေ့မယ်၊အနတ္တတွေ့မယ်၊ဒါဘာဖြစ်တာတုံးဆိုတော့၊
အလိမ်ပြေတာ၊ရှင်းပြီးလာ။ဘယ်သူက လိမ်ရာတာတုံး မေးတဲ့အခါကျတော့ တဏှာ နဲ့ ဒိဋ္ဌိ က
လိမ်တာ၊ဒီအလိမ်ဘာကြောင့် ဖြစ်သတုံး၊ယထာဘူတဉာဏ်မရလို့ပါ။ယထာဘူတဉာဏ် ဘယ်နှယ်
ကြောင့် မရပါလိမ့်...အကြားအမြင်နည်းလို့၊ကလျဏမိတ္တဆိုတဲ့ ဆရာသမားကောင်း မတွေ့လို့၊
ဘာအတွက်ကြောင့် ဆရာကောင်း မတွေ့ရပါလိမ့်၊စီစစ်တဲ့ဉာဏ်မရှိလို့၊စီစစ်တတ်တဲ့ ဉာဏ်ကလည်း
ဘယ်နှယ်ကြောင့် မရှိပါလိမ့်၊နှလုံးသွင်းမှားလို့၊နှလုံးသွင်း ဘယ်နှယ်ကြောင့် မှားပါလိမ့်၊အဝိဇ္ဇာကြောင့်၊
အဝိဇ္ဇာ ဘယ်ကများလာပါလိမ့်၊အာသဝကြောင့်ဆိုတာ ရိပ်မိကြပလား၊အာသဝေါ ဘယ်တော့
ကုန်မှာပါလိမ့်၊ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် အာသဝေါကုန်ပါတယ်။
အဲဒီတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိဆိုတာ အကြီးဆုံးရန်သူနော်၊ရင်ဝလှံစူးတာကို ဖြည်းဖြည်းမှ
နှုတ်ချင်နှုတ်ပါ၊ဒိဋ္ဌိကိုတော့ အရင်ဖြုတ်မိအောင် ဖြုတ်စမ်းပါဆိုတာ...အကြီးဆုံးရန်သူမို့
ဒီလောက်ဟောနေတာပါ။ဦးခေါင်းမီးလောင်နေတာတောင်၊ဖြည်းဖြည်းမှ ငြိမ်းချင်ငြိမ်းပါ၊
ဒိဋ္ဌိကိုတော့ အရင်နှုတ်ပစ်ပါဆိုတဲ့ ဥစ္စာ အရေးကြီးလို့ ပြောရတာပါ၊မင်းကွာ တော်တော်နဲ့
မသေသေးပါဘူး၊လုပ်နိုင်ပါသေးတယ် ကိုင်နိုင်ပါသေးတယ်၊မင့်သား...မင့်သမီး ကလေးတွေ
လူလားမြောက်အောင် စောင့်နိုင်ပါသေးတယ်နဲ့။ဒိဋ္ဌိကဟောတာ...ပြုံးပြီးများ နားထောင်လိုက်
သေးတယ်၊အို ဒီအရင် အခါတုန်းကတော့ တပည့်တော်တို့၊သားရေး သမီးရေး စီးပွားရေးဆိုတဲ့
ကျွန်အလုပ်ကဈေးကောင်းတုန်းကို ဘုရား။ပျိုပျို ရွယ်ရွယ် ရောဂါကင်းစင်တုန်းကတော့
စားသောက်ကောင်း နေထိုင်ကောင်း အစာကြေညက်တုန်းက၊ဒိဋ္ဌိ တဏှာ ခိုင်းတာတွေ
လျှောက်လုပ်နေတယ်၊ရောဂါထူပြီဆိုမှ၊အင်း...ကိုယ်ရေးကိုယ်တာ၊ရှာဦးမှာပဲ၊ဒီလို့နဲ့
လာကြတာကိုးဗျ။

                                            ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ


Thursday, September 20

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာဏ်လှေကားထစ်များ

  "ဉာဏ်လှေကားထစ်များ ဖြည်းဖြည်းချင်းတက်ကြပါ"
တရားနာတယ်ဆိုတာ ကုသိုလ်ရရုံမနာပါနဲ့၊ကိုယ့်ဒုက္ခ ကိုယ်
သိမ်းဖို့၊ကိုယ့်သံသရာ ကိုယ်ဖြတ်ဖို့ လုပ်နေတာဆိုပြီးနာပါ။
နားမလည်လည်းနာပါ ကိလေသာပါးတယ်၊ဒီဉာဏ်တရားကို၊
မနာရလို့ရှိရင် ဒီဘဝ လူဖြစ်ကျိုး မနပ်သေးဘူး၊ဒီနေ့ကစပြီး
ငယ်မှတ်တွေ အကုန်ဖြုတ်၊ဘုရားဟောတာနဲ့၊ဆရာသမား
ပြောတာကို ယုံပေတော့၊ဘုရားသခင် ကိုယ်တော်မြတ်ကြီး
လူတစ်ယောက် ချွတ်တော့မယ်ဆိုရင် သူ့အစဉ်ရှိတယ်၊
နံပါတ်တစ် ဒါနပြုကွဟောချလိုက်တယ်၊ဒါနဆိုတာ လူချမ်းသာ
နတ်ချမ်းသာ ပို့နိုင်ရောက်နိုင်တယ်ဆိုပြီး သူ့အကျိုးပေးတွေ
ဟောလိုက်တယ်။ပန်းလှူလို့ လှပုံ၊ကျောင်းလှူလို့ ဘုံပေါက်ပုံ၊
ရေတွင်းရေကန်လှူလို့ ဥယျာဉ် ဗိမာန်အကျိုးပေးပုံ ဒါတွေဟော
ပါတယ်။ဒါတွေအကျိုးပေးသော်လည်း အသက်မရှည်ရင်
                                                   အလကားပဲ။နှစ်ချက်တိုးပြီးတော့ အသက်ရှည်ချင်ရင် သီလ
လုပ်ကွ။သီလကြောင့် အသက်ရှည်တဲ့ နတ်ကြီးဖြစ်ပြီး၊စီးပွားဥစ္စာ ရတနာနဲ့ အပြည့်အစုံကွ၊
ဘယ်လောက်ကောင်းသတုံး။ဒါနကထာ၊သီလကထာ၊သက္ကကထာ၊ဟောပါတယ်။ပြီးတော့မှ
"ကာမာနံ အာဒီနဝကထာ"မင်းဟောဒီ အကျိုးပေးတဲ့ ဥစ္စာတွေအားလုံးဟာ၊ ငါပါးအာရုံ
ကာမဂုဏ်တွေက ဘာမှအသုံးမကျဘူး။မျောက် မီးရှူးပန်းကိုင်ထားသလို ကိုယ့်ချည်းလောင်တာ
ပဲကွ။အမဲသားရတဲ့ ကျီးလိုပဲကွ၊သည့်ပြင် ကျီးတွေက အမဲသားတစ်လိုက်လုတာနဲ့ သူ့မှချမ်းသာ
ခွင့်မရဘူးကွ။ဒီလို အပြစ်ပြဟောတဲ့"ကာမာနံ အာဒီနဝကထာ"ဟောချလိုက်တယ်၊ဘုရားဟောနော်။
ဘုန်ကြီးလုပ်ကြံဟောတာ မဟုတ်ဘူး၊ခင်ဗျားတို့"ဘာဝနာ"မှာအားငယ်မှာစိုးလို့၊ဘာဝနာမပါဘဲ
ကိစ္စပြီးနေတယ် ထင်မှာစိုးလို၊ပြီးတော့မှ"နိက္ခမကထာ"ကာမမှ...ထွက်ဆိုတော့ အလုပ်လုပ်တော့
လို့ပြောတာ၊ကာမမှထွက်ဆိုတော့ ခင်ဗျားတို့၊ကာမအာရုံတွေကို အနိစ္စ၊ဒုက္ခ၊အနတ္တ မရှုရင် ကာမ
မှ ထွက်နိုင်ပါမလား၊မထွက်နိုင်၊ဝိပဿနာ စလုပ်ဆိုတာမလာဘူးလား ဒါ ဘုရားဟော်စဉ်။
               "ဉာဏ်နာားကို ဆောင်၍ ထောင်နိုင်အောင် ထောင်လိုက်ကြပါ"
ခင်ဗျားတို့က ကံကောင်းချိန် ဉာဏ်ကောင်းချိန်တွေကိုတော့၊ကာမဂုဏ် အာရုံတွေထဲ အသုံးချခဲ့
ကြပြီး အခုလို အိုကြီးချက်မ ထုံထိုင်းပြီး အချိန်တွေလွန်ကာမှ ဒီဘုန်းကြီးဆီ ပြေးလာကြ၊ဟော
ချင်စရာတောင် မရှိဘူး။ဒီဘုန်းကြီးမို့ ပေဟောနေတာ၊ဘုန်ကြီးတရား မကြိုက်လည်း ပေနာကြ၊
ဒို့မကြိုက်တာ ကလေးစိတ်ရှိလို့မှတ်၊ဆက်နာ၊ကြာတော့ လူကြီးစိတ်ပေါက်လာပြီး ဒါမှ တရားစစ်
တရားမှန်တွေ ပါကလားဆိုပြီးကြိုက်လာတာပဲ။ဒီတရားက တဏှာနားနဲ့ ထောင်လို့မရဘူး၊ဉာဏ်နား
နဲ့ ထောင်မှရတယ်။ဘုန်းကြီးများကလည်း၊အဲဒီ ဓမ္မခန္ဓာတွေကို ကြည့်ပြီးသကာလ ကိုယ်တိုင်ကြိုး
စား၊သူတစ်ပါးကိုလည်း ဟောဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ချီးမြှောက်နေတာပါ၊ဒီ ဓမ္မခန္ဓာတွေက
သူ့ဟာသူစာအုပ် ပုရပိုက်နဲ့ကျောက်စာတွေပေါ်မှာနေတဲ့အတွက် လာပြောဖော် ဆိုဖော်မရပါဘူး။
ဘုန်းကြီးတို့က ဒါတွေကိုကြည့်ပြီး သကာလ အသံထွက်သဘောနဲ့ ပြန်ပြောရတယ်လို့ ဆိုတော့
ဪ ဒို့အတွက် သာသနာမကွယ်သေးဘူးမှတ်ပါ၊သစ္စာထိုက်တဲ့ အဆုံးအမရရင် ဒီအတိုင်း
ခင်ဗျားတို့ကလည်း လိုက်နာရင် သာသနာ မကွယ်သေးဘူး ရှင်းရဲ့လား။
မြို့ထဲမှာ တောင်ကလူက မြောက်၊မြောက်ကလူက တောင်၊အရှေ့ကလူက အနောက်၊အနောက်
ကလူက အရှေ့၊အို ခြေချင်းကို လိမ်နေတာဘဲ၊ဘာလုပ်နေကြတာလဲဆိုတော့ "ပရိယေသန"
ပေါ့ဘုရားတဲ့။ဘယ်နှယ်ကြောင့် ဒီလူတွေ အရူးအနှမ်းဖြစ်ပြီး၊တောင်ကမြောက်ပြေး၊မြောက်က
တောင်ပြေးနဲ့၊မအားအောင် ဖြစ်နေကြပါလိမ်မတုံးဆိုတော့၊"တဏှာ"အုပ်ချုပ်နေလို့ ဘယ်နှယ်
ကြောင့် တဏှာကျွန်ဖြစ်ရပါလိမ့်မတုံးလို့ တစ်ခါလက်သည်ရှာဦး၊ ဝေဒနာကို ဝိပဿနာ မရှုမိ
လို့ တဏှာကျွန်ဖြစ်ရတယ်၊ကျွန်ဈေးကောင်းလို့ ခါးတောင်ကြိုက် မပြုတ်ရတာကိုများ သူ့မှာ
 လာဘ်ကြီးဝင်နေတယ် ထင်နေတာ၊ ဒါ သံဝေဂ ရအောင်လို့ ဟောနေတဲ့တရား မဟုတ်ဘူး၊
မိုက်ပြစ်ဖော်တဲ့ တရားပါ။
ဪ...နိဗ္ဗာန်များ၊ဘုန်းကြီးကလည်း အနီးကလေး ဟောတယ်၊ကိုရှုတဲ့နေရာမှာလည်း၊ဗြုန်းခနဲ့
မပေါ်လာ၊ဘာကြောင့်များ ပါလိမ့်မတုံးလို့၊ဘာသက်သေမှ ထူမနေနဲ့၊မိမိမိုက်ပြစ်ပဲ၊ခန္ဓာခင်တဲ့
တဏှာ မချုပ်သေးလို့(နိဗ္ဗာန်)မပေါ်လာတာ။ဒါဖြင့် ဒကာ ဒကာမတို့...နိဗ္ဗာန်မမြင်သေး ရှုလျှက်
ပွားလျှက် ဖြစ်ပျက်တွေမြင်ရက်နဲ့...နိဗ္ဗာန်ကြီး ပေါ်မလာသေးတာဟာဖြင့် ကိုယ်ရဲ့တဏှာ
အမျှင်မပြတ်သေးလို့ပဲ။ကြိုးစားရင် မပေါ်မရှိပါဘူး၊သူများ ပြောသံကြားကို နားမယောင်ပါနဲ့။
ဘုန်းကြီးက ဘုရား၏ ကိုယ်စားလှယ် လုပ်ပြီးတော့ ဟောနေတာ၊ဆရာဘုန်းကြီး ဆုံးဖြတ်ချက်ချ
တာကို ယုံရလိမ့်မယ်။
တရားနာကြပါလို့...ဘုန်းကြီးကပြောတော့၊ခင်ဗျာတို့က ဘုန်ကြီးဆီမှာ၊တရားနာ များအောင်လို့
ထင်လိမ့်မယ်၊လွဲလိုက်တဲ့ ဖြစ်ခြင်း၊ခင်ဗျားတို့ကိုမဟောရရင်၊ဘုန်းကြီးဟာ ဘုန်းကြီးကျင့်နေဖို့ပဲ။
အဆုံးစွန်သောဘဝ နိဗ္ဗာန်ရရပါလို၏ ဆိုတဲ့...ရှေမှုတွေ ဖျက်ကြပေတော့၊လူ့ပြည်က အပ်တစ်
စင်းနဲ့၊ဗြဟ္မာပြည်က အပ်တစ်စင်း၊အသွားချင်း ထိစရာက ထိသေးတယ်...လူဘဝရဖို့ ဒါထက်
ခဲ့ယဉ်းတယ်။
ခဲတစ်လုံး ကောင်းကင်မြှောက်သလိုပဲ၊လူ့ဘဝရတာသည်...ခဲကောင်းကင်ရပ်သလောက်ပဲကြာ
တယ်၊အပါယ်မှာ နေရတာက...ခဲမြေကြီးမှာ နေသလောက်ကြာတယ်။အပါယ်ဒုက္ခအကြောင်း
ပြောရရင် ဘုရားစဖြစ်တဲ့နေ့က ပြော...ပရိနိဗ္ဗာန်စံတဲ့အထိတောင် ပြောလို့ မဆုံနိုင်ဘူးတဲ့။
ကိုယ်ကိုယ်ကို ခံရမယ့် ဒုက္ခကြီးကို၊ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့သိမ်းဖို့ အရေးကြီးတယ်၊ဒါလောက်
ကြီးကျယ်တဲ့ ကိစ္စကြီးကို သာမည မှတ်မနေကြပါနဲ့။မနက်ဖြန်များ သေသွားရင်...သာသနာနဲ့
ငါ၊အိုးစားကွဲတာပဲလို့မှတ်၊အခုရှိတဲ့ ကိုယ့်သက်တမ်းဟာ....သာသနာပဲ။      ။


                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

 
                                 

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသည် ငရဲ၏မျိုးစေ့

                         "ဆရာကောင်းက နည်းပေးတုန်း ရအောင်ယူထားကြ"   
အပါယ်တွန်းချမဲ့တရားတွေ၊ ကိုယ်ဝမ်းထဲရှိနေရက်နဲ့၊ နှေင်းနှေးတဲ့ အလုပ် လုပ်နေကြရင်၊ ဒီထက်မိုက်
တာ ရှာမတွေ့တော့ဘူး။ တစ်ဘဝစာ တစ်နပ်စာ ငဲ့နေတာနဲ့..တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။
ဘုန်းကံရှိသူတွေမို့၊ နည်းလမ်းညွန်ပြပေးမယ့်၊ ဆရာထူးနဲ့ ကြုံကြရတာ၊ သူတော်ကောင်းနဲ့ ဆရာသမား
ကောင်းနဲ့၊ အကြုံကြီး ကြုံပေမယ့်..ခင်ဗျားတို့ အချိန်ဆွဲနေကြရင်၊ နိဗ္ဗာန်နဲ့ အဆုံးကြီးဆုံဖို့ဆိုတာ မဖြစ်
နိုင်တော့ဘူး။ နည်းပေးဖို့က ဆရာ့အရေး၊ နိဗ္ဗာန် ရောက်အောင်လုပ်ဖို့က ကိုယ့်အရေး။ အဲဒီတော့ 
ဘုန်းကြီးပြောချင်တာ တစ်လုံးကတော့ဖြင့်၊ ခင်ဗျားတို့ ဒီတရားကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်
ဖြစ်စေ လုပ်သာလုပ်ပါ၊အကျိုးပေးပါလိမ့်မယ်။
ဝိပဿနာအလုပ်လုပ်မယ်ကြံတော့၊ နောက်ဆုတ်ဆုတ်ပြီး မနက်ဖြန်မှ လုပ်တာပေါ့၊ အလုပ်ကလေးရှိ
သေးလို့နဲ့ ဆင်ခြေပေးတတ်ကြရဲ့၊ မနက်ဖြန်နဲ့ နောက်ဘဝဆိုတာ..မနက်ဖြန်ရန်က ဝေးသေးတယ်၊
နောက်ဘဝက အနီးကလေး။ ကွေသောလက်မဆန့်မီ..ဆန့်သောလက်မကွေမီ။ ဝင်သက်ရှိပြီး ထွက်သက်
မရှိရင်..နောက်ဘဝ ဧကန်ရောက်ပြီ၊ သားတွေ သမီးတွေ ငယ်သေးတော့ ဖြည်းဖြည်းပေါ့တဲ့။ အချိန်ဆွဲ
လေလေ မှားချက်သန်လေလေ၊ စဉ်းစားခန်း ရှည်လေလေ နော်ဆုတ်လေပဲ။ ဖြည်းဖြည်းမှ ဆိုတဲ့စကား
မသုံးလိုက်ပါနဲ့၊ ဖြည်းလာခဲ့တာ ကြာခဲ့ပါပြီး။ ဆင်ခြေလဲလို့ရှိရင်..ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့
အတူတူပဲ၊ ငရဲမျိုးစေ့ ကြီးပွားလေလေ ငရဲသက် ရှည်လေလေပဲ။
အဲဒါကြောင့်..တပည့်တော်တို့ အခုတော့ဖြင့် မလုပ်နိုင်သေးဘူးဘုရား၊ နောင်ဖြည်းဖြည်းတော့ လုပ်ရမှာ
ဘဲဆိုတာ..အခုတော့ အပါယ်သွားပါရစေဦး ဒီအဓိပ္ပါယ်ကော..မရောက်ဘူးလား။ ခင်ဗျားတို့ ဆင်ခြေ
လဲပြီးနေတာက ကိုယ့်ကိုယ်ကို မကောင်းသဖြင့် သေကြောင်းကြံတာနဲ့ အတူတူပဲ။ အပါယ်ရောက်
ကြောင်းဟာ ဒိဋ္ဌိကြောင့်ဆိုတာ ဘုရားကသိလို့..ရင်ဝလှံစူး ဦးခေါင်မီးလောင်တာထက်၊ ဒိဋ္ဌိကို
အရေးတကြီးထားပြီးအရင်ဖြုတ်ပါတဲ့။ ဒိဋ္ဌိဖြုတ်ဖို့ အရေးဟာ သားရေးသမီးရေး စီးပွားရေး အလုံးစုံ
သော အရေးတွေထက် ပိုကြီးတယ်မှတ်ပါ။ ဒီဒိဋ္ဌိ အသိနဲ့ပြုတ်ရင်..တစ်ဘဝ၊ နှစ်ဘဝ အပါယ်မကျတဲ့
"စူဠသောတပန်"ဖြစ်မယ်။
ဘုရား၏ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်မှု..တရားတော်၏ စွမ်းရည်သတ္တိ၊ ယုံကြည်မှုကို သဒ္ဓါ
ခေါ်တာပဲ။ ဘုရားအပေါ် မတုန်မလှုပ် ယုံကြည်ရင်..အပါယ်သွားကြောင်းတွေ ကုန်တာပဲ၊ သဒ္ဓါတရား
ကောင်းတယ်ဆိုတာဟာ..ဘုရားဟောမို့ မတုန်မလှုပ် ယုံကြည်ထားလိုက်ပြီး..ပညာနဲ့ အဖော်လုပ်ပါ။
(၁) သဒ္ဓါနဲ့ ယုံကြည်ပါ ။(၂) ပညာနဲ့ ပေါင်းပါ ။ ဘုရားက ရာဟုလာသားတော်ကဲ့သို့ ချစ်သနားတော်
မှုလို့..အမွေထားခဲ့တဲ့ တရားတော်၊ အခုကြိုးစားရင် အခုရမယ်ဟောတယ်၊ နောက်မှရမယ်လို့ မဟော
ဘူး။ သူများတောင် ရသေးတာ၊ ငါဘာကြောင့် မရဘဲရှိရမှာလဲဆိုပြီး လုပ်သာလုပ်၊ နေချင်သလိုနေ
ပြီး မကြိုးစားရင်..သေချင်သလိုသေပြီး ပရမ်းပတာ ဖြစ်ချင်ရာဖြစ်မယ်။
ဘဝကူးတာ ဒုက္ခသစ္စာ၊ တစ်ခုသော ဒုက္ခသစ္စာပြီးရင် နောက်တစ်ခုသော ဒုက္ခသစ္စာရမယ်ဆိုတာ..မှတ်
နတ်ဒုက္ခသစ္စာရလည်း အမြတ်မထွက်ပါဘူး၊ ဘုံးစဉ်စံဆိုတာ ဒုက္ခသစ္စာနဲ့ အသုဘလည်ပြတာ၊ ခန္ဓာ
လမ်းစဉ်က မင်းတို့ဘာလုပ်နေနေ..ငါသုဿန်သွားမှာပဲ။ ခန္ဓာတို့၏ မပြတ်သေပွဲဆက်နေတာ၊ သံသရာ။
အစမရှိ အဆုံးမရှိ ဒုက္ခစက်လည်နေတာ သံသရာ။ သစ္စာတရားနဲ့ သံသရာ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့တရား
ဆိုရင်..တရားစစ်တရားမှန်လို့မှတ်။ ဒိပြင် တရားဖြင့် လိုသေးတယ်လို့ဆုံးဖြတ်ချက်ချ၊ ဟောတော့
ဟောကောင်းပါတယ်..ဒီတင်လမ်းမဆုံးကောင်းဘူး။သာသနာတွင်း ကြုံပေမယ်..သံသရာလည်လမ်း
တရားနာပြီး၊ ဤမျှလောက်နဲ့ တင်းတိမ်နေကြမယ်ဆိုရင် နဂိုကမှ မူးနေအောင်လည်ပြီးသားထဲ နောက်
ထပ်လည်းခိုင်တာပဲ။
ဘုန်းကြီးတို့ ကျောင်းမှာရှိတဲ့ ခွေးတွေမှာ..ဘာသစ္စာရှိသတုံး စဉ်းစားစမ်း။ သမုဒယနဲ့ဒုက္ခပဲရှိတယ်
ဒီက ပြောနေငြားသော်လည်း..သူတို့ကြားရဲ့လား၊ထောင်တတ်တဲ့နား ပါရဲ့လား မပါပါဘူး၊ သူတို့ သေပြန်
တော့ရော..ဘာသစ္စာပြန်ရကြမှာတုံး။(ဒုက္ခသစ္စာ ပြန်ရမှာပါဘုရား) ဒကာ ဒကာမတို့ မျှော်လင့်ချက် 
ရှိသေးရဲ့လား၊ ဒါကြောင့် ဘုန်ကြီးက ခင်ဗျားတို့ကို အလွန်ကရုဏာရှိလွန်းလို..ပြောနေတာပါ၊ တကယ်
တော့ ဝိပဿနာဆိုတာဟာ မဂ်မျိုးစေ့ပါပဲ။ ကုသိုလ်လုပ်တတ်ရင် နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်ချည်းပဲ၊
ဘာလှူလှူ ဘာတန်းတန်း၊ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခတို့မှ..လွတ်ရေးကို ရည်းမှန်းပြီး သကာလ
လှူဒါန်းပါ၊ နောင်တစ်ဖန် ပဋိသန္ဓေနေခြင်းကင်းသော နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းကြရမယ်...
ကိုယ့်ခန္ဓာထဲ-ဖြစ်ပျက် ဒုက္ခသစ္စာ မြင်အောင်လုပ်ပြီးမှ၊ ဒီဒုက္ခသစ္စာ ကျွတ်ချင်လွတ်ချင်လို့၊ လှူပါတယ်
ဆိုရင် ခန္ဓာကိုယ် ပေါင်လှူပါ၊ ဒီလို အသေလွတ်တဲ့ ကုသိုလ်မျိုးလုပ်ပါ၊ ဒကာ ဒကာမတို့ ။     ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

Monday, September 17

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပါရမီဘက် မငဲ့လိုက်ကြပါနဲ့

ဒကာ၊ဒကာမတို့ ဖြစ်ပျက်မြင်ရင် တိဟိတ်ပါ၊ဝါးနှစ်လုံးကို မီးထွက်
လောက်တဲ့၊အခြေအနေ ရောက်အောင်ပွတ်မှ မီးထွက်သလို...
နိဗ္ဗာန်ပေါ်လာအောင် ဖြစ်ပျက်အားထုတ်။ဖြစ်ပျက် ချုပ်ပြီး နိဗ္ဗာန်
ပေါ်မှာပဲ။ပါရမီတွေ ဘာတွေလိုမနေနဲ့၊ပါရမီက ပြည့်ပြီးသားကို၊
မပြည့်သေးဘူးထင်ပြီး မကြိုးစားခဲ့သော်၊ပါရမီအညွန့်တုံး၍၊
အပါယ်လေးပါးမှာ စုန့်စုန့်မြုပ်ရပါလိမ့်မယ်၊ဘာမှ နောက်ပြန်
ကြည်မနေနဲ့၊အပြီးလုပ်တော့မယ်လို့သာ၊ဆုံးဖြတ်ချက်ချပါ။
"ဗုဒ္ဓုပ္ပာဒ နဝမဆိုတဲ့ မနုဿတ္တဘာဝ ဒုလ္လဘဖြစ်တဲ့ လူ့ဘဝ"
ကိုလည်း ရမယ်...  ရပ်ပြစ်ရှစ်ပါးလွတ်ပြီး ကံကြီးငါးပါး မထိုင်
ဘူး၊သစ္စာအနုလောမိက ဉာဏ်ရှိ၍ နားကတရာနာ၊ဉာဏ်က
ခန္ဓာနှလုံးသွင်းအားထုတ်မယ်ဆိုရင်၊ဆုကြီးပန် မဟုတ်ဘဲ....
အခု နိဗ္ဗာန်ရ...အခု နိဗ္ဗာန်ယူမယ်ဆိုသူများသည်။ပါရမီစောင့်
ရန်မလိုဘဲ၊ကြိုးကြိုးစားစား အားထုတ်ကြပါလျှင်၊ယခုဘဝ၌ပဲ
မဂ္ဂင်ရနိုင်ပါတယ်။ဘုရားတည်ဟူသော ခေါင်းဆောင်ကောင်း
တစ်ယောက်မပေါ်လာသရွ့ ကာလပတ်လုံး၊လူတွေဟာ မိဘရိုး
ရာနဲ့ ကိုးကွယ်ရချင်ရာ ကိုးကွယ်ပြီး အပါယ်ချည်းသွားကြတာပဲ။
ဘုရားက"ယထာဘူတံ ဉာဏာယသတ္တံပရိယေသိ တဗ္ဗော"ဆိုပြီးဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ဆရာ
ရှာဖို့(၃၂)ကြိမ်မှာခဲ့တယ်၊ဆရာသမားကောင်းရဲ့နည်းရရင် မဂ်ဟာ လက်ဖျောက်တီးတာကမှ ခက်ပါ
လိမ့်ဦးမယ်။မရမရှိပါဘူး၊ကိုယ်ဉာစွမ်းအလိုက် (၇) ရက်နဲ့ ရတာလည်းရှိတယ်၊ကိလေသာကြားမခိုရင်
မနက်အားထုတ် ညနေရတာလည်းရှိတယ်။
(၃၁) ဘုံမှာ ပုပုရွရွ မြင်သမျှတွေသည် တဏှာစီမံသလို ခံနေကြရတာ၊ဒုက္ခဖြစ်လေသမျှ တဏှာကြောင့်
တစ်ချိန်လုံး မအားနိုင်ပဲ တစ်ပြေးတည်းပြေးနေရတာ၊တဏှာခိုင်းစေမှုကြောင့် ဒုက္ခရောက်နေကြရတာ၊
လောကီကိစ္စဟူသရွေ့ တဏှာခိုင်းတာကို လျှောက်လုပ်နေကြရတာ၊သားသမီး ပစ္စည်းစွဲပြီး၊ပြိတ္တာဖြစ်
ရတာလည်း၊တဏှာကို မဖြတ်နိုင်လို့ သူစီမံသလိုခံရတာ၊နိဗ္ဗာန်ရမယ့် အမှုဟူသရွေ့ ကန့်ကွက်နေတာ
တဏှာ။
အမှုကိစ္စမှန်သမျှ ဉာဏ်ညွန်တုံးဖို့ ပေါ်လာတဲ့၊အဝိဇ္ဇာရဲ့ စွမ်းရည် သတ္တိ၊သစ္စာမသိလို့ လုပ်မိလုပ်ရလုပ်
တော့၊ဖြစ်မိဖြစ်ရာ ဒုက္ခသစ္စာချည်း ဖြစ်လာတာ၊အပါယ်သွားဖို့ လူလားမြောက်လာတာ၊အလောင်းက
သုဿန်၊အကျိုးပေးက အပါယ်။အဝိဇ္ဇာဟာ (၃၁) ဘုံရဲ လူသတ်ဘုရင်ကြီး၊ (၃၁) ဘုံဟာ အဝိဇ္ဇာစီ
စဉ်ထားတဲ့ အလောင်းမြှုပ်ရာ သုဿန်တွေ၊အဝိဇ္ဇာက ဝိဇ္ဇာ၊တဏှာက အလောဘ ဖြစ်မှသာ၊အရိုးက
ဓာတ်တော်ဖြစ်တာ၊တဏှာသေမှ နိဗ္ဗာန်ရမှ၊တဏှာမသေရင် အမြဲငတ်နေရုံပဲ။
ဒါကြောင့်သူက၊"ဒုက္ခေ အညာဏံ"တဲ့။ဒုက္ခေ=ဒုက္ခသစ္စာ၌ ၊ အညာဏံ=မသိခြင်းသည် ၊ အဝိဇ္ဇာ=
အဝိဇ္ဇာပဲ။အဝိဇ္ဇာဆိုတာ လုံးဝမသိတာကိုဆိုတာလား၊သိကောင်းတာ မသိ၊မသိကောင်းတာ သိတယ်
ဆိုတာ ယနေ့ရှင်းပြီလား။ဒီတစ်ခါ ဘုန်းကြီးနဲ့ တွေ့လို့မှ၊မျက်စိနှစ်ကွင်း အလင်းရအောင် မယူဘူးဆို
လို့ရှိရင်...ခင်ဗျားတို့သေလို့ရှိရင် ၊ အကန်းမသာ အရှုကြွတော်မှုကြပါ လို့သာ ဖိတ်ပါတော့၊ အဲဒီ
အဝိဇ္ဇာကို ဘုန်းကြီးက၊ ဝိဇ္ဇာဖြစ်အောင် လုပ်မပေးနိုင်လို့ရှိရင်ဖြင့်..ဘုန်းကြီးကိုလည်း မကိုးကွယ်ကြနဲ့
တော့။ကျေးဇူးရှင်လို့ ဆိုလို့ရပါမလား။
(၃၁) ဘုံးက မီးပုံကြီး ၊ နိဗ္ဗာန်က (၃၁) ဘုံ အပြင်ဘက်မှာ ရှိတယ်၊ နိဗ္ဗာန်ကို ဘယ်အခါမဆို အနီးက
လေးလို့ ဘုရားကဟောတယ်။ (၁) သစ္စာတရားနာပြီး။ (၂) မိမိခန္ဓာမှာ နှလုံးသွင်းမှန်ရင်။ ဘယ်အခါ
မဆို နိဗ္ဗာန်ရောက်နိုင်တယ်၊ နိဗ္ဗာန်ကို ပုထုဇဉ်စိတ်နဲ့ မကြိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ..မစားဘူးဘဲနဲ့..ရမ်းပြီး
မကြိုက်တာ ဖြစ်လေသောကြောင့်၊သူတို့စကားကို အတည်မယူပါနဲ့၊ ကံစီမံတာက (၃၁) ဘုံ။ ဉာဏ်စီ
မံတာက (၃၁) ဘုံ အပြင်ဘက်ပါ ။ ကံစခန်းက ကြာတာ၊ ဉာဏ်စခန်းဆိုတာ ကြာတာမဟုတ်ဘူး။
များများလုပ် မြန်မြန်ခရီးပေါက်တယ်၊ ဒီဥစ္စာ၊ (၁) နာရီအတွင်းလည်း ဖြစ်နိုင်တယ်၊ (၅) မိနစ်အတွင်း
လည်း ဖြစ်နိုင်တယ်၊ မလျှော့နဲ့ ။
                                 "မဂ္ဂင်ဖောင်ဖြင့် ကယ်တင်မည်"
သံသရာရှည်တယ်ဆိုတာ ဒုက္ခရှည်တာ၊ ကိုယ့်ခန္ဓာထဲ ကိုယ့်တဏှာနဲ့ ကိုယ့် ဒိဋ္ဌိပဲရောက်တယ်၊ ကိုယ့်
ဉာဏ်မရောက်ခဲ့လို့။ သံသရာရှည်တယ်ဆိုတာသည် ကိုယ့်ခန္ဓာထဲကို..ကိုယ့်ဉာဏ်မရောက်ခဲ့လို့သာ
မှတ်ပေတော့၊ ခန္ဓာရှိရင် ဒုက္ခရှိတယ်၊ ခန္ဓာမရှိရင် (နိဗ္ဗာန်) သုခရှိတယ်၊ နိဗ္ဗာန် မရသေးသရွေ့ ဒုက္ခရ
မှာပဲ။ ဒုက္ခကို အဝိဇ္ဇာက ဖုံးထားတာ၊ ဒုက္ခထဲ မပျော်ကြပါနဲ့တော့၊ ဒကာ ဒကာမတို့သည်.."သေက္ခ"
ပုဂ္ဂိုလ် ဖြစ်အောင် မကြိုးစားခဲ့လို့ရှိရင်၊ စုတိပြီး ပဋိသန္ဓေ လာလိမ့်မယ်။ ဒါ-ဒကာ ဒကာမတွေ၌
"ဒုက္ခသစ္စာ"နဲ့ ခွဲပြီး၊ တစ်ဖန်"ဒုက္ခသစ္စာ"နဲ့ ပဲပြန်ပေါင်းရတယ်ဆိုရင်၊ လွဲပါ့မလား၊ အဲဒါကြောင့် ခင်ဗျား
တို့ကို ကယ်မယ့်ယူမယ့်ဟာကဖြင့် "မဂ်"ပဲ ။
ခင်ဗျားတို့ဟာ ကျင့်ဆဲ"သေက္ခ"ပုဂ္ဂိုလ်လည်း မဟုတ်၊ကျင့်တဲ့ အဆုံးလည်း မရောက်သေးဘူးဆိုရင်၊
ဘဝချည်းကူးနေရမှာပဲ။ ကိုင်း ဒါဖြင့်..ကျင့်ကြံထားတာက ဘာမှ မရှိတော့၊"သေက္ခ"ပုဂ္ဂိုလ်ကလည်း
မဟုတ်တော့..ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ စုတိ ဒုက္ခပြီးတော့၊"ဖျတ်"ဆို ပဋိသန္ဓေက..အမိဝမ်း
ခေါင်း ပြောင်းရတယ်။ ဘဝကူးကောင်းအောင်ဆိုတဲ့ စကားသည်၊အတော်အရုပ်ဆိုးတဲ့စကား၊
ဘဝကူးကြလို့ရှိရင်ဖြင့်..ဒုက္ခ သစ္စာကြီးနဲ့အတူ နေကြရမယ်။
ဒါကြောင့် မြတ်စွာဘုရားက"စတ္တာရော အပါယာ သကဂေဟ သဒိသာ"တဲ့ သတ္တဝါတွေရဲ့ အမြဲနေ
အိမ်ဟာ အပါယ်လေးပါး...လူ့ပြည်လာတာ....အရိပ်လာပြတာတဲ့ ။          ။


                                               ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


Saturday, September 15

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်သွား မြေပုံညွှန်း

             "လောကီမဂ္ဂင်ငါးပါး ရှုဉာဏ်တရား"
                    ပညာမဂ္ဂင် (၂) ပါး
           (၁) သမ္မာဒိဋ္ဌိ (၂) သမ္မာသင်္ကပ္ပ
                    သမာဓိ မဂ္ဂင် (၃) ပါး
(၁) သမ္မာဝါယမ (၂) သမ္မာသတိ (၃) သမ္မာသမ္မာဓိ
၎င်းကို ရှေ့သွားရှုကြည့်ရသည်ဖြစ်၍ ပုပ္ပဘာဂမဂ်ဟုလည်း
ကောင်း၊ပဉ္စင်္ဂိက မဂ်ဟုလည်းကောင်း လောကီမဂ္ဂင် ငါးပါး
ဟုလည်းကောင်း ဝိပဿနာမဂ်ဟု လည်းကောင်း ကာရက
မဂ္ဂင်ဟုလည်းကောင်း၊ဘာဝေတဗ္ဗကိစ္စဖြင့်၊အမြဲပွားများအား
ထုတ်နေရမည်မှာ ဤမဂ္ဂင်ဖြစ်ပါ၏။ ပုထုဇဉ် အနေနဲ့ ဆိုရင်
သမ္မာသင်္ကပ္ပက အရင်ဖြစ်တယ်၊အရိယာပိုင်းရောက်တဲ့၊အခါ
ကျတော့ သမ္မာဒိဋ္ဌိက အရင်ဖြစ်တယ်။
ဖောက်ပြန်-ခံစား-မှတ်သား-ပြုပြင်-သိ-ဝိညာဏ်-
ငါးအင်ခန္ဓာမှတ်။
(၁) ဖောက်ပြန်တယ်ဆိုတာ ရုပ်တို့၏သဘော (ရူပက္ခန္ဓာ)။
(၂) ခံစားတယ်ဆိုတာ နမ်တို့၏သဘော (ဝေဒနက္ခန္ဓာ)။
(၃) မှတ်သားတယ်ဆိုတာ နာမ်တို့၏သဘော (သညက္ခန္ဓာ) ။
(၄) ပြုပြင်တယ်ဆိုတာ နာမ်တို့၏သဘော (သင်္ခါရက္ခန္ဓာ)။
(၅) သိတယ်ဆိုတာ နာမ်တို့၏သဘော (ဝိညာဏက္ခန္ဓာ)။
ဤခန္ဓာငါးပါးကာ အရှုခံတရားများ ဖြစ်ကြ၏ ။
သစ္စာလေးပါး ။  ။ (၁) ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ် (ဒုက္ခသစ္စာ) ။ (၂) သင်္ခါရတွင် ငါကောင်
ထင်ခင်မင်သမုဒယမှတ် (သမုဒယသစ္စာ) ။ (၃) ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ်
(နိရောဓသစ္စာ) ။ (၄) ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် မဂ္ဂင်တရားမှတ် (မဂ္ဂသစ္စာ) ။
မဂ်ဖိုလ်ရကြောင်း နည်းလမ်းကောင်း။  ။ သူတော်ဆည်းကပ်၊မြတ်တရားနာ၊လျော်စွာကျင့်၊မဂ်ဖိုလ်ခွင့်ရလင့်ဧကန်သာ။ မူလနှစ်ဖြာ ၊ သစ္စာနှစ်ခု ၊ လေးခုအလွှာ ၊ အင်္ဂါဆယ့်နှစ်ပါး ၊ တရားကိုယ်များနှင့် ၊
သုံးပါးအစပ် ၊ နှစ်ရပ်မူလ ၊ ဝဋ်သုံးဝနှင့် ၊ ကာလသုံးဖြာ ၊ ခြင်းရာနှစ်ဆယ် ၊ ဤရှစ်သွယ်ကို ၊
အလွယ်ကျက်မှတ် ၊ သိစေအပ်သည် ၊ သံသရာမှ ၊ လွတ်ကြောင်းတည်း ။
သီလမဂ္ဂင်သုံးပါး။  ။(၁) သမ္မာဝါစာ ။ (၂) သမ္မာ ကမ္မ ​​န္တ ။ (၃) သမ္မာ အာဇီဝ ဤတရားသုံးပါးသည်၊
နိဗ္ဗာန်ကို မြင်နိုင်လောက်အောင်၊"လောကီမဂ္ဂင်ငါးပါး"အားပြည့်သည်နှင့် တစ်ပြိုင်နက်တည်းပေါင်း
ဝင်လာပြီး၊"လောကုတ္တရာ မဂ္ဂင်"(၈)ပါးအဖြစ် အားထုတ်သူတိုင်းဝယ် ကိန်းတည်မြဲ...။
နိဗ္ဗာန်နှင့် ဝေးသူ။  ။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝိရိယလျော့ ၊ အားအင်ပျော့ကာ ၊ လွန်စွာယူမှာ
ထိုသူများတို့ ၊ တရားမဂ်ဖိုလ် ဝေးသတည်း ။
အဝဇ္ဇာ နှင့် တဏှာ အရင်းခံ၊ဥပါဒါန်၊ကံကြောင့်-ရုပ်နာမ်ပေါ်၊အပင်မှမျိုး၊မျိုးမှအပင်၊အမျှင်မပြတ်၊
ဆက်စပ်သည်ဟန်၊နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊ဖြစ်ပြန်နည်းအလျော်၊ဗြဟ္မာသိကြား၊စသည်များက
ထင်ရှားပြုပြင်၊စီရင်ဖန်ဆင်း၊အကြောင်းရင်းကြောင့်၊လူနတ်များစွာ၊သတ္တဝါတို့၊ဖြစ်လာရမူ၊မဟုတ်ဟု၊
ဉာဏ်ဖြင့်ရှုဤမြှော်။
(လင်္ကာဆောင်ပုဒ်)မူလနှစ်ဖြာ ၊သစ္စာနှစ်ခု ၊လေးခုအလွှာ ၊အင်္ဂါတစ်ဆယ့်နှစ်ပါး ၊ တရားကိုယ်များနှင့် ၊
သုံးပါးအစပ် ၊နှစ်ရပ်မူလ ၊ဝဋ်သုံးဝနှင့် ၊ကာလသုံးဖြာ ၊ခြင်းရာနှစ်ဆယ် ၊ဤရှစ်သွယ်ကို ၊အလွယ်ကျက်မှတ်၊
သိစေအပ်သည် ၊သံသရာမှလွတ်ကြောင်းတည်း ။
                                               ခန္ခာ  (၅)ပါး
     ရုပ်   ၁  ပါး    ၁။  ရူပက္ခန္ဓာ  ...... ဖောက်ဖြန်မူသဘောတရားအစု။
                       ၂။  ဝေဒနာက္ခန္ဓာ ...... ခံစားမူသဘောတရားအစု ။
                       ၃။  သညာက္ခန္ဓာ ...... မှတ်သားမူသဘောတရားအစု ။
နာမ်   ၄  ပါး       ၄။  သင်္ခါရက္ခန္ဓာ ...... ပြုပြင်စေ့ဆော်မူသဘောတရားအစု ။
                       ၅။  ဝိညာဏက္ခန္ဓာ ...... သိမူသဘောတရားအစု ။
                                                သစ္စာ   (၄) ပါး
၁။ ဖြစ်ပျက်တာက ... ဒုက္ခသစ္စာ ... ပိုင်းခြားသိရမည့်တရား ။
၂။ သိတာက ... မဂ္ဂသစ္စာ ... ပွားရမည့်တရား ။
၃။ သေတာက ... သမုဒယသစ္စာ ... ပယ်ရမည့်တရား ။
၅။ နောင်ခန္ဓာမလာတာက ... နိရောဓသစ္စာ ... မျက်မှောက်ပြုရမည့်တရား ။

၁။ မူလနှစ်ဖြာ ... အဝိဇ္ဇာနှင့်တဏှာ ။
၂။ သစ္စာနှစ်ခု ... သမုဒယသစ္စာ ၊ ဒုက္ခသစ္စာ ။
၃။ လေးခုအလွှာ ... အတိတ်အကြောင်းတလွှာ ၊ပစ္စုပ္ပန်အကျိုးတလွှာ ၊ပစ္စုပ္ပန်အကြောင်းတလွှာ
                         အနာဂါတ်အကျိုးတလွှာ ။
၎။ အင်္ဂါတစ်ဆယ်နှစ်ပါး ... အဝိဇ္ဇာ ၊သင်္ခါရ ၊ဝိညာဏ် ၊နာမ်ရုပ် ၊သဠာယတန ၊ဖဿ ၊ဝေဒနာ ၊တဏှာ ၊
                                  ဥပါဒါန် ၊ကမ္မဘဝ ၊ဇာတိ ၊ဇရာ ၊မရဏ ။
၅။ သုံးပါးအစပ် ... သင်္ခါရနှင့်ဝိညာဏ်တစပ် ၊ ဝေဒနာနှင့်တဏှာတစပ် ၊ ကမ္မဘဝနှင့်ဇာတိတစပ် ။
                       (တနည်း) အတိတ်အကြောင်း  ပစ္စုပ္ပန်အကျိုးတစပ် ၊ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း
                       (သို့မဟုတ်) အနာဂါတ်ဖြစ်ကြောင်း တစပ်၊ ပစ္စုပ္ပန်အကြောင်း  (သို့မဟုတ် )အနာဂါတ်
                       ဖြစ်ကြောင်းနှင့်အနာဂါတ်အကျိုးတစပ် ။
၆။ ဝဋ်သုံးဝနှင့် ... ကိလေသာဝဋ်သုံးပါး - အဝိဇ္ဇာ၊ တဏှာ၊ ဥပဒါန် ။
                       ကမ္မဝဋ်နှစ်ပါး - သင်္ခါရ၊ ကမ္မဘဝ ။
                       ဝိပါကဝဋ်ရှစ်ပါး - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဥပပတ္တိဘဝ၊
                                             ဇရာမရဏ ။
၇။ ကာလသုံးဖြာ ... လွန်လေပြီးသောအတိတ်ကာလ၊ ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံသော
                          အနာဂါတ်ကာလ ။
၈။ ခြင်းရာနှစ်ဆယ် ... အတိတ်အကြောင်းခြင်းရာငါးပါး (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ )
                            ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး  (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ )
                            ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး (တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ )
                            အနာဂါတ်အကျိုးခြင်းရာငါးပါး (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ )

                                               ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


Tuesday, September 11

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ်

၁၃၁၉-ခုနှစ်၊တော်သလင်းလ၌ ဦးကျော်သိန်းအား ဟော်ကြားသော
တရား။
"မောင်ကျော်သိန်း၊မင်းတရားအားထုတ်ဖို့အချိန်တော်ပြီ၊အသေး
ကဦးသွားဦးမယ်၊ငါသည်ရခဲလှသောလူဘဝကြုံကြိုက်ခဲလှသော
ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊အိုနာသေမွဲ ကွဲဆို
တဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဝိပဿနာအကျင့်
မြတ်ကိုအားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။
ပြီးတော့မင်းရဲ့အရောင်းအဝယ်အလုပ်ဆီကို လုံးဝစိတ်မရောက်
ရဘူး။ ပစ္စည်းဥစ္စာသားမယားကို တစ်ခါတည်းဉာဏ်နဲ့စွန့်ပစ်
ထားပါ။ အဓိပတိ ၃-ပါးဆိုတာက အတ္တာဓိပတိ၊လောကာဓိပတိ၊
ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။
(၁) မိမိကိုယ်ကိုအားထားပြီး တရားအားထုတ်ရမယ်၊ငါဟာ စားစရာ
နေထိုင်စရာ မရှိလို့တရားအားထုတ်တာမဟုတ်၊အိုဘေး၊နာဘေး၊
သေဘေး မွဲကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲ့တို့မှ လွတ်မြောက်အောင်လို့တရားအားထုတ်ခြင်း
ဖြစ်တယ်။အဲဒါ 'အတ္တာဓိပတိ' လို့ခေါ်တယ်။
(၂) လောကကြီးကိုလဲ အဓိပတိထားပြီးတရားအားထုတ်ရမယ်။ငါသည်တရားအားထုတ်တယ်လို့
အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ဒေါသ၊မောဟ တရားတွေဖုံးလွှမ်းပြီးအရောင်အဝယ်
ကိစ္စတွေ စဉ်းစားတွေးတောမနေနဲ့၊ထိနမိဒ္ဓလဲမဖြစ်နဲ့၊ပျင်းလဲမပျင်းနဲ့၊စိတ်ကလဲလေလွင့်မနေနဲ့၊
မတော်တာတွေ လုပ်နေရင် ကိုယ်စောင့်နတ်နှင့်သမာဒေဝနတ်မြတ်များကလဲသိတယ်၊အဘိညာဉ်
ရတဲ့ပုဂ္ဂိုလ်များကလဲသိတယ်၊ဒါကြောင့်လောကကြီးကိုရှက်ကြောက်ပြီးအားထုတ်ရမယ်၊
အဲဒါလောကကို အဓိပတိထားပြီးအားထုတ်လို့ "လောကဓိပတိ" လို့ခေါ်တယ်။
(၃) တရားတော်ကို အဓိပတိထားပြီး ရိုသေလေးစားပြီး တရားအားထုတ်ရမယ်၊တရားတော်ကို
ဝိပဿနာဉာဏ်နဲ့မမြင်မြင်အောင်ကြည့်ရမယ်၊တရားမမြင်တရားမပေါက်တာဟာတရားမရှိလို့
မဟုတ်ဘူး၊ငါကတရားတော်ကို မလေးစားလို့မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို
အဓိပတိထားပြီးအားထုတ်ရမယ်၊ အဲဒါကို "ဓမ္မဓိပတိ" လို့ခေါ်တယ်။
ပြီးတော့တရားအားထုတ်တဲ့အခါ သဒ္ဓါ၊သတိ၊သမာဓိ၊ဝီရိယ၊ပညာနဲ့ကြိုးစားပြီးလုပ်ရမယ်၊
တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်၊ပြီးတော့
"ယုံကြည်၊ကျန်းမာ၊စိတ်ဖြောင့်စွာဖြင့်၊လွန်စွာအားထုတ်၊နာမ်နဲ့ရုပ်ကို၊ဖြစ်ချုပ်ဉာဏ်မြင်၊
ဤငါးအင် မှန်ပင်မဂ်ရကြောင်း" ဆိုတဲ့ဆောင်ပုဒ်ကိုအရကျက်မှတ်ထားပြီး၊အဲဒီအတိုင်းလိုက်
နာကျင့်သုံးရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ-၅ပါး(ဦးစွာလုပ်ဆောင်ရမယ့်
ကိစ္စ ၅ ပါး)ကို လုပ်ဆောင်ရမယ်။
(၁) တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထား။
(၂) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့်ပြစ်မှားမိက ထိုအပြစ်တို့မှ
     ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန် ဝန်ချကန်တော့ပါ၏ လို့ဆို။
(၃) ကိုယ်စောင့်နတ်၊အိပ်စောင့်နတ်၊မြို့စောင့်နတ်၊သာသနာစောင့်နတ်နဲ့တကွ သတ္တာဝါအားလုံးအား
      ဘေရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့မေတ္တာစိတ်ပွားများပေးရမယ်။
(၄) ရှေးဘဝယခုဘဝ ငါပြုသမျှသော ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို
      ရောက်စေခြင်းငှာလျင်မြန်စွာ ကျေးဇူးပြုပါစေသတည်း လိုဆို။
(၅) မရဏာနုဿတိ=ငါသည်ဘဝများစွာက သေခဲ့တာများလှပြီ၊ယခုဘဝမသေခင်မှာ
     တရားအားထုတ်မှပဲလို့ သေခြင်းတရားကိုပွားများပြီး အားထုတ်မှုအရှိန်ပြင်း
     ထန်အောင် မိမိကိုယ်ကိုတိုက်တွန်းပါ။
တရားအားထုတ်တော့မယ်ဆိုရင် "ရှေးဦုးူစွာ ရုပ်နဲ့နာမ်ခွဲတတ်ရမယ်"၊ငါပြောပြမယ်၊
"မင်းမြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စီကရုပ်ပဲ၊သိမှုကနာမ်လို့ခေါ်တယ်၊အာရုံ ၆-ပါးမှာ အဲဒီလို
ရုပ်နဲ့နာမ်ဟာ အမြဲတွဲနေတာပဲ"ပြီးတော့ တရားအားထုတ်ရာမှာ "ပရိညာ"၃-ပါးနဲ့ သိ-သိ
သွားရမယ်။(၁)"ဉာတပရိညာ"ဖြစ်ဆဲ ရုပ်နဲ့နာမ်ကို ဒီဟာကရုပ်၊ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး
သိ-သိသွားရမယ်။(၂)"တိရဏပရိညာ"ဖြစ်ဆဲ ရုပ်နာမ်တို့၏ "အနိစ္စ ဒုက္ခ အနတ္တ"သဘောကို
ပိုင်းခြားပြီးသိရမယ်။(၃)"ပဟာနပရိညာ"ရုပ်နာမ်တို့အပေါ်မှာ ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊ရုပ်ဟာ
ငါပဲဆိုတဲ့ မာနစွဲ၊ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး
ပြုတ်အောင်ဖြုတ်ရမယ်။ တရားအားထုတ်ရာမှာ မင်းရုပ်နာမ်ကို ပိုင်းခြားသိရမယ်၊
ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ဘဲ၊သမာဓိ ရရုံလောက်သာ သမထကို
အားထုတ်ပြီး၊သမာဓိရလာတာနဲ့တပြိုင်နက် ဝိပဿနာကိုပြောင်းလုပ်ရမယ်၊ဝိပဿနာကို
ပြောင်းတယ်ဆိုတာ မီးရထား ခေါင်းတွဲ လမ်းလွှဲလိုက်သလို သမထ (သမာဓိ) လမ်းက
ဝိပဿနာ (ပညာ) လမ်းကို စိတ်လွှတ်ပြီး၊ရုပ်နာမ်တို့ရဲ့ဖြစ်ပျက်နေတဲ့ လက္ခဏာကို ဆင်ခြင်
တာပါပဲ၊အဲဒါကဉာဏ်ဦးစီးတယ်လိုမှတ်၊အဲဒီတော့မင်း အာနာပါန ကမ္မဋ္ဌာန်းကို အရင်လုပ်၊
အာနာပါနဆိုတာ ဝင်လေထွက်လေ (ဝင်သက်-ထွက်သက်) ကိုခေါ်တယ်၊ဒီဝင်လေထွက်လေ
ကိုရှူရာမှာ လေကို ဝအောင်ရှူ၊လျှော့ပြီးလည်းမရှူရဘူး၊သိပ်ပြင်းပြင်းထန်ထန်လည်း
မရှူရဘူး၊မှန်မှန်ပဲရှူရမယ်၊ရှိုက်ရမယ်၊ပြီးတော့ မင်းစိတ်ကို နှာသီးဖျား၊အထက်နှုတ်ခမ်း၊
ရင်ညွန့်ဆိုတဲ့ ၃-နေရာတွင် ကြိုက်ရာတစ်နေရာမှာထားပါ၊သတိနဲ့ကပ်ထားရမယ်၊မလစ်စေ
ရဘူး၊ဝင်လေထွက်လေရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကိုသိရမယ်၊သူသဘော
အတိုင်း မှန်မှန်လေး (ဝင်သက်-ထွက်သက်) ကိုသိနေတဲ့အာရုံမှတစ်ပါး တခြားဘယ်
ကိုမှမရောက်ရဘူး၊အာရုံမပြုရဘူး။
အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ ရုပ်နာမ်-၂ပါးကိုပိုင်းခြားသိ
ပြီး ခန္ဓာ ၅-ပါးဆိုတာလည်းပိုင်ခြားသိရမယ်။(၁) ရုပ်ကရှုပက္ခန္ဓာ။(၂)သိစိတ်ကဝိညာ
ဏက္ခန္ဓာ၊(၃) ခံစားမှု-ဝေဒနာက ဝေဒနာက္ခန္ဓာ၊(၄) မှတ်သားမှု-သညာက သညာက္ခန္ဓာ၊
(၅) ဖဿစေတနာ စတဲ့ကျန်စေတသိက် ၅၀-ကသင်္ခါရက္ခန္ဓာလို့ သိမှတ်ရမယ်။ဒါတွေသိ
ပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲလဲ အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရဦးမယ်၊ဒီလိုသိမှုကို
အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်၊ဒီတော့ ခန္ဓာ ၅-ပါးကိုပိုင်းခြားပြီး သိမြင်ပြီးရင်
ရုပ်နာမ်၊ခန္ဓာ ကိုဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့ အဝိဇ္ဇာ၊တဏှာ၊သင်္ခါရတို့ဟာ အကြောင်း
တရား၊ဒီရုပ်နာမ် ခန္ဓာတို့ဟာ အကျိုးတရားလို့အကြမ်းအားဖြင့် မင်းသိမြင်ရမယ်။
ကဲ....မင်းတရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်လိုက်ဆို၊"ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ
သံသာရဝဋ္ဋဒုက္ခတော မောစနတ္တာယ"၊ဘန္တေ-အရှင်ဘုရား၊မေ-တပည့်တော်အား၊သံသာရ
ဝဋ္ဋဒုက္ခတော-သံသရာဝဋ်ဆင်းရဲမှ၊မောစနတ္တာယ-ကျွတ်လွတ်ထွက်မြောက်ပါစေခြင်းအကျိုး
ငှာ၊ကမ္မဋ္ဌာနံ-မဂ် ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို၊ဒေထ-ကရုဏ
ရှေ့ထားပေးသနားတော်မှုပါဘုရား။အဲဒါကိုသုံးခေါက်ဆိုပါ၊ကဲငါပြောသလို"အာနာပါန"ကို
အားထုတ်ချေတော့။
မင်း အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာဟာ ဝီရယရှိလို့ပေါ့၊
အဲဒါ"သမ္မာဝါယာမ"လို့ခေါ်တယ်၊မင်းစိတ်က လေကိုရှိုတိုင်း ရှူတိုင်း ရင်ညွန့်ကိုရောက်တိုင်း
ရောက်တိုင်းသိရဲ့လား၊(သိပါတယ်ဘုရား)အေး...မင်းအဲဒါကိုသိနေတယ်ဆိုတာ သတိကို
လက်မလွတ်လို့ သိတာ၊အဲဒါ 'သမ္မာသတိ'လို့ခေါ်တယ်၊မင်းအာနာပါနကို အားထုတ်နေတုန်း
မင်းစိတ်ဟာထားတဲ့ရင်ညွန့်မှာပဲရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို"သမ္မာသမာဓိ"
လိုခေါ်တယ်၊စိတ်ကကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
အေး...မင်းသမာဓိတော့ရပါပြီး၊ဒါဘေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်
ရန် လိုနေသေးတယ်၊ဝင်လေ-ထွက်လေရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်၊ပါးစပ်က မရှူရဘူး၊
နှာခေါင်းကရှူလည်း၊ဘယ်ကရှူတယ်၊ညာဘက်ကရှူတယ်ဆိုတာ တွေလိုက်နေဖို့မလိုဘူး၊
သမာဓိရဖို့ပဲ အရေးကြီးတယ်၊နှာခေါင်းက ရှူရင် ရှူတာသိရမယ်၊ရှိုက်ရင် ရှိုက်တာသိရမယ်၊
မင်းကို ပထမအာနာပါန အားထုတ်ခိုင်းစဉ်ကလည်း စိတ်ကိုရင်ညွန့်မှာ အကပ်ခိုင်းတယ်၊
အခုတစ်ခါ အားထုတ်ရမှာက(နှာသီးဖျား ရင်ညွန့်ချက်)ရောက်တိုင်း ရောက်တိုင်း ဝင်လေရှူ
လိုက်တဲ့အခါ နှာသီးဖျားကအစ၊ရင်ညွန့်အလယ်၊ချက်အဆုံးဝင်တာကို သိရမယ်၊လေထုတ်
လိုက်တဲ့အခါမှာလဲ ချက်အစ၊ရင်ညွန့်အလယ်၊နှာသီးဖျားအဆုံး ထွက်တာကိုသိလိုက်ရမယ်၊
ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတစ်ခြားထွက်မသွားပဲ၊သမာဓိကောင်းကောင်းကြီး
ရနိုင်တယ်၊နောက်အလေ့အကျင့် ကောင်းကောင်းရသွားရင် ၁၅ မိနစ်လောက်နဲ့ သမာဓိ
ထူထောင်နိုင်တယ်။
မင်းသိဖို့ရာက မင်းအခုရှူရှိုက်နေတာက ရုပ်၊ဒီရှူရိုက်နေတာကို သိတာကနာမ်၊အဲဒီရုပ်နာမ် ၂-ပါး
ပိုင်းခြားသိတဲ့အခါ၊"နာမရူပ ပရိစ္ဆေဒဉာဏ်"၊ဝိသုဒ္ဓိလို့ပြောရင် ''ဒိဋ္ဌိဝိသုဒ္ဓိ'တပေါင်းတည်းဖြစ်
လာတယ်၊မြဲမြဲမှတ်ထားနော်၊ကမ္မဋ္ဌာန်းအလုပ်ဝင်းတဲ့အခါ သိဖို့ရာက (၁)အာရုံနဲ့ သိမှတ်တဲ့စိတ်
လို့ ၂-မျိုးမှတ်ထားရမယ်၊(၂)အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်၊
(၃)အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်၊(၄)ကမ္မဋ္ဌာန်းအလုပ် ဝင်တဲ့အခါ စိတ်ကဘာ
တစ်ခုမှ မစဉ်းစားနဲ့၊ဘာအာရုံမှ ဝင်မလာစေနဲ့၊မင်းဟာစိတ်တစ်လုံးကို နိုင်အောင်ဆုံးမနိုင်ရင်၊
ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလို မင်းချမ်းသာ
ရာရမှာမဟုတ်ဘူး၊လောကုတ္တရာအလို လည်းထောင်ငါးရာကိလေသာနူနာအမြစ်ပြတ်မှာ
မဟုတ်ဘူး။
မင်းစိတ်ကိုနိုင်အောင် ဒီလိုဆုံးမ၊ငါဥပမာလေးပြမယ်၊(၁)နွားကျောင်းသားဟာ နွားရိုင်းကို
ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာကြိုးနဲ့ မြဲ်မဲ
ချည်ပြီးဆုံးမသလိုပဲ၊ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း "အာရုံ" မှာနွားရိုင်းနဲ့တူတဲ့"စိတ်"ကိုကြိုး
နဲ့တူတဲ့"သတိ"တရားဖြင့်တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်၊မင်းစိတ်ကို ဒီအတိုင်းဆုံးမ။
(၂) ကဲကွာ-မင်းကိုနောက်တစ်မျိုး ထပ်ပြောဦးမယ်၊"အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာ
ရှိနေတဲ့ ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင် အပေါက် ၅-ပေါက်ကိုလုံအောင်ပိတ်၊ကျန်တဲ့
အပေါက်ကနေပြီးစောင့်ဖမ်းရင် ဒီဖွတ်ကိုမိသလို၊မင်းရဲ့မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆို
တဲ့ ဒွါရ ၅-ပေါက်ကိုပိတ်ပြီး ကျန်တဲ့ မနောဆိုတဲ့အပေါက်က စောင့်ဖမ်းရင် မင်းရဲ့ဖွတ်နဲ့တူ
တဲ့ စိတ်ကိုမိရောပေါ့"။....
မင်းမနေ့က သမာဓိကောင်းကောင်းရရဲ့လား၊(ထိနမိဒ္ဓဝင်လို့ သမာဓိခပ်ကျဲကျဲပဲရတယ်
ဘုရား)၊တယ်ရှော်ကိုး၊အဲဒါမင်းဝီရလွန်လို့ပဲ၊ဝီရိယလွန်တော့လဲ ထိနမိဒ္ဓ ဝင်တာပဲ၊
အဲဒီ အချိန်မှာ မင်းထိုင်တဲ့ ဣရိယာပုတ်ကို ဖျက်ပြီး လမ်းလျှောက်ရင်း အားထုတ်ရတယ်၊
မင်းမြဲမြဲမှတ်ထား၊သတိသာလွန်တယ်လို့မရှိတာ၊သဒ္ဓါ၊ပညာ၊သမာဓိ၊ဝီရဆိုတာကို ညီတူတစ်
ပြိုင်တည်း လွှတ်ရတယ်၊တစ်ပြိုင်တည်း တညီတည်းဖြစ်အောင် အားထုတ်နိုင်ရင် "ဥဒ္ဓစ္စ"
(စိတ်ပျံ့လွင်မှု)ဖြစ်ဖြစ်၊ "ထိနမိဒ္ဓ"(စိတ်ထိုင်းမှိုင်းမှု)ဖြစ်ဖြစ်တစ်ခုခုတော့ ဝင်မှာပဲ၊
(အခုအားထုတ်ခိုင်းတာက)သမထ သက်သက် သမာဓိရရုံခိုင်းတာ၊ ဝိပဿနာနဲ့
မရောစေနဲ့ဦး၊သဒ္ဓါ၊ပညာ၊သမာဓိ၊ဝီယရ၊တို့ကို အပိုအလိုမရှိ၊မလျော့မတင်း စောင်းကြိုးညှင်း
ဆိုသလို အားထုတ်ရမယ်၊မင်းကတစ်ခါမှ အားမထုတ်ဖူးလို့ ငါက ဒါလောက်အချိန်အကုန်း
ခံပြီးပြောပြနေရတာ၊ဒီအာနာပါန ဝင်လေထွက်လေ ရှူရှိုက်ပြီးအားထုတ်တာ၊ဘာခက်တာ
လိုက်လို့၊ကဲ...အကျင်ရသွားအောင်အားထုတ်စမ်း၊သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။
မင်း သမာဓိကောင်းကောင်းရပြီးလား၊(ရပါပြီဘုရား) မင်းက သမာဓိကောင်းကောင်းရတယ်
သာပြောတာ၊မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာမဟုတ်သေးဘူး၊
သမာဓိရတဲ့လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ
အပုံကြီးခြားနားတယ်ဆိုတာ နောက်တော့ငါပြောပြမယ်၊မင်းအခု ထမင်းစား၊ရေချိုး၊နောက်
ခန္ဓာဝန်ကိုပြည့်စုံအောင်ဆောင်ရွက်၊"တရားထိုင်ချိန်ကျမှ အခင်းကြီး၊အခင်လေးတွေမပေါ်စေနဲ့၊
ဒီကိစ္စတွေဟာအများကြီးအနှောက်အယှက်ဖြစ်တယ်"၊ကဲ-ဒါတွေပြည့်စုံအောင်လုပ်ပြီး
အားထုတ်ချေ။
(၂ နှစ်နာရီလောက်အားထုတ်ပြီးပြန်လာတော့) မင်းသမာဓိကောင်းကောင်းရပြီးလား၊
(ရပါပြီးဘုရား) အေးဒါလောက်ဆိုရင်တော်လောက်ပြီ၊ဒီတစ်ခါဝိပဿနာရှုရမယ်။
"ရှေးဦးစွာ သမာဓိကောင်းကောင်းထူတောင်ရမယ်၊နောက်ဝိပဿနာဘက်ပြောင်းပြီးရှုရမယ်၊
ဝိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွှတ်ပြီး ရုပ်နာမ်လက္ခဏာဖြစ်ပေါ်လာတာတွေကို
ဆင်ခြင်တာပါပဲ"၊ယခုလက်ရှိခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး သေသည့်တိုင်အောင်မပြတ် မစဲ
ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်၊အနိစ္စ၊ဒုက္ခ၊အနတ္တ၊လက္ခဏာရေး ၃-ပါးတို့သာ မုချဧကန်ဖြစ်
ပျက်နေကြပါတကားလို့သိမြင်ရတယ်၊ရုပ်နာမ် နှစ်ပါးတို့ကား၊အနတ္တ၊ဟုထင်မြင်မှုများလာ
တဲ့အခါ၊ဖြစ်လိုက် ချုပ်လိုက်နဲ့ ချုပ်ပျက်နေကြတာကိုတွေမြင် တဲ့အခါ 'ဥဒယဗ္ဗယဉာဏ်'
ရောက်တယ်လို့ သိရမယ်၊တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုမရှင်းရင်ခရီး ရောက်မှာမဟုတ်
ဘူး၊အဲဒီတော့ ဒိဋ္ဌိဝိစိကိစ္ဆာကို ထပ်ပြီးပယ်ပေးရဦးမယ်၊မင်းသောတာပန်ဖြစ်ချင်ရင်
"ဒိဋ္ဌိဝိစိကိစ္ဆာ"ကိုအရင်ပယ်ရမယ်။
ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ။   ။ဒိဋ္ဌိ၊ဝိစိကိစ္ဆာ ဆိုတာဘယ်မှာ ကပ်နေသလဲ၊"ဒိဋ္ဌိ ဝိစိကိစ္ဆာ"ဆိုတာ ခန္ဓာ ၅-ပါး
မှာကပ်နေတယ်၊အဲဒီတော့ "ဒိဋ္ဌိ ဝိစိကိစ္ဆာကပ်နေတဲ့" ဒီခန္ဓာ ၅-ပါးဘယ်ကဖြစ်လာသလဲ၊ဘယ်လို
လုပ်ပြီး ဖြစ်ပျက်နေတာလဲဆိုတာသိထားရမယ်၊ဒါမသိလို့ရှိရင် ဒီကပ်နေတဲ့ "ဒိဋ္ဌိ ဝိစိကိစ္ဆာ"
ဟာဘယ်လိုနည်းနဲ့မှ မခွာနိုင်ဘူး၊မပယ်နိုင်ဘူး၊အဲဒီတော့ ခန္ဓာ ၅-ပါးဟာဘာတွေလဲဆိုတာ
 ဆရာသမားပြောတာကြားဘူးလို့ သိပြီးထား၊ဒီခန္ဓာရဲ့ဖြစ်ကြောင်းချုပ်ကြောင်းကို မသိခဲ့လိုရှိရင်
"ဒိဋ္ဌိ"ကပ်ဦးမှာပဲ၊အဲဒါကြောင့် ခန္ဓာ ၅-ပါးအကြောင်းသိလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို အရင်သိအောင်
လုပ်ရမယ်၊ပဋိစ္စသမုပ္ပါဒ်ကစာထဲမှာပါတဲ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံလောက်နဲ့ မင်းခရီးမပေါက်ဘူး၊
မင်း ခန္ဓာကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကိုနားလည်မှ သဘောပေါက်မယ်။
ဒါကြောင့် ခန္ဓာ ၅-ပါး၏ဖြစ်ကြောင်း ချုပ်ကြောင်းကိုပြမယ်၊"အဝိဇ္ဇာပစ္စယာ သင်္ခါရ"ပုံစံလဲကြည့်၊
မင်းတို့ ဟိုအတိတ်ဘဝကလုပ်ခဲ့တဲ့ အဝိဇ္ဇာသင်္ခါရတွေကြောင့် "သင်္ခါရပစ္စယာ ဝိညာဏံ၊"ဒီဘဝ
မှာ ဒီခန္ဓာကြီးဖြစ်လာရတယ်၊(အဝိဇ္ဇာ၊သင်္ခါရက)လွန်လေပြီးအတိတ် ပဋိစ္စသမုပ္ပါဒ်မို့ မင်းတို့နဲ့
မဆိုင်တော့ဘူး၊နောက်ဖြစ်မယ့် အနာဂတ်ပဋိစ္စသမုပ္ပါဒ်လဲ မရောက်သေးလို မင်းနဲ့မဆိုင်ဘူး၊
အရေးကြီးတာက အခု ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ကိုနားလည်ဖို့ပဲ၊ "ဒိဋ္ဌိ ဝိစိကိစ္ဆာ"၊ ကဒီခန္ဓာ ၅-ပါး
မှာကပ်နေတာ၊ဒါဘယ်သူ့ဆံပင်လဲ ဆိုရင် ငါ့ဆံပင် လို့မင်းဖြေမှာပဲ၊ ဆံပင်ဆိုတဲ့ "ရူပက္ခန္ဓာမှာ"
ငါသွားခိုတယ်။ငါလက်ဖက်ရည်သောက်လို့ကောင်းလိုက်တာဆိုရင်" ဝေဒနာက္ခန္ဓာ" မှာငါ
သွားခိုတယ်။ ငါမှတ်ထားတယ် ဆိုရင်"သညာက္ခန္ဓာမှာ ငါသွားခိုတယ်။ ငါရက်ကန်းခတ်တာမျိုး                 ရှာမှရှားဆိုတော့"သင်္ခါရက္ခန္ဓာ"ငါသွားခိုတယ်။ ငါစိတ်မစမ်းနဲ့ ဆိုတော့ "ဝိညာဏက္ခန္ဓာမှာ"
ငါသွားခိုတယ်။ ဒါဖြင့် ခန္ဓာ ၅-ပါးဟာ "ဒိဋ္ဌိ" ခိုကပ်စရာဋ္ဌာနကြီးပဲ၊ဒီတော့ 'ခန္ဓာနဲ့ဒိဋ္ဌိ၊ဝိစိကိစ္ဆာ'
ခွာရလိမ့်မယ်။စာအနေနဲ့ကတော့ ရုပ်နာမ်ကွဲရင် "ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာတယ်လို့ရေးကြလိမ့်မယ်၊
တစ်ဆင့်ကျန်နေသေးတယ်၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်းကိုလဲနားလည်မှ၊ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း
ကိုလဲနားလည်မှ "ဒိဋ္ဌိ ဝိစိကိစ္ဆာ" ကွာမယ်။ မသိရင်တော့ "ဒိဋ္ဌိ ဝိစိကိစ္ဆာ" ကပ်နေမှာပဲ။
ဒီတော့ မင်းအလုပ်ခွင်ဝင်ရမယ့် ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပဲ၊ဒီနေ့တစ်နေ့လုံးဖြစ်တဲ့
ပဋိစ္စသမုပ္ပါဒ်ကို ဆိုလိုတာမဟုတ်ဘူး၊ခုမြင်တဲ့အခိုက်၊ကြားတဲ့အခိုက်မှာ ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်
ကို ခုတရားထိုင်မယ့်အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ရှုဖို့ အရေးကြီးတယ်၊မင်းအသက်ဘယ်လောက်
ရှိပြီလဲ။(၄ဝ-ပါဘုရား) အေး-အသက်-၄ဝ-သာဆိုတယ် ငယ်ငယ်တုန်းကလဲ ကိုယ့်ကိုယ်ကို
ဒီရုပ်ရည်ပဲ၊ခုကြီးလာတော့လဲ ဒီရုပ်ရည်ပဲ၊ရုပ်မကျဘူးလို့ မင်းထင်မှတ်နေလို့ရှိရင် ဒါ
"သဿတဒိဋ္ဌိ"ဖြစ်တယ်၊ဒီလို ဆက်ပြီးတည်တယ်လိုမယူရဘူး၊တစ်ခါ ငါပိုက်ဆံများများရမယ်
ဆိုရင် ဘာမဆိုလုပ်ရဲတယ်၊သေရဲတယ်၊သေရင်ပြီးတာပဲ ဆိုလို့ရှိရင်၊ဒါ "ဥစ္ဆေဒဒိဋ္ဌိ"ဖြစ်တယ်
ဒီလိုလဲအပြတ်မယူရဘူးတဲ့၊ကဲ...ဒီလောက်ဆိုတော်လောက်ပြီ။မင်း-ဆိတ်ငြိမ်တဲ့ နေရာသွား
ပြီးအလုပ်ထိုင်ပါ။သမထကိုတော့ သမာဓိကောင်းကောင်းရအောင်အားထုပ်ပါ၊ခန္ဓာကိုယ်
တည့်တည့် (တဲ့တဲ့)ထိုင်ပါ။(ရှူလေ)ဝင်လိုက်တာလဲသိ၊ထွက်လေ ထွက်သွားတာလဲသိ၊
သမာဓိအားကောင်း လာလိမ့်မယ်၊အဲဒီအချိန်မှာ ဝီရိယကိုလဲ အလျော့မပေးရဘူး၊သတိနဲ့
ပညာကိုလဲ တပါးတည်းကပ်လိုက်ပါ၊ခန္ဓာကိုယ်ကြီးဟာ ဖောက်ပြန်ပြီး ဝေဒနာပေါ်လာ
လိမ့်မယ်၊ပေါ်လာတာတွေကို သိလိုက်ပါ၊ဒီလိုသိနေတဲ့ကြားထဲက အသံတစ်ခုခုကြားလိုက်
ရင်လဲ၊"ကြားလိုက်ပြန်ပြီ"လို့သိလိုက်၊နားလည်ပြီလား၊ကဲ...သွားထိုင်ချေ ။    ။......

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


Sunday, September 9

ဤကဗျာဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလအား ကျေးဇူးဆပ် ကန်တော့ပါ၏

"ဝိမလ" ခေါ် ၊ ဆရာပေါ်၏
ငယ်မည် "လှဘော် ၊ သူ့ကိုခေါ်၏
"လှဘော်" ကိုးနှစ် ၊ ကိုရင်ဝတ်၍
ရှင် "ဝိမလ" ၊ ဘွဲ့တော်ရ၏
"ဝိ" ၏အနက် ၊ "မရှိ" ထွက်၍
အညစ်အကြေး ၊ "မလ" တွေးသိ
"ဝိ" နှင့် "မလ" ၊ တွဲကာပြသော်
ညစ်ကြေးကင်းသူ ၊ သန့်စင်သူဟု
နာမည်လေးနက် ၊ မှန်စွာထွက်၏
ခြောက်နှစ်ကြာကြာ ၊ ငယ်ဆရာဖြင့်
ဂွေးပင်တောရ ၊ ကျောင်းတော်လှ၌
သဒ္ဒါ သင်္ဂြိုဟ် ၊ ယမိုက်ထိုကို
လုံးစုံသိမြင် ၊ သူလေသင်၏
သက်တော် "ဆယ့်လေး" ၊ ကိုရင်လေးဖြင့်
"မင်္ဂလာတိုက်"(အမရပူရမြို့) ၊ ညဝါလိုက်၏
အဘိဓမ္မာ ၊ ကျယ်လှစွာကို
သက်တော်နှစ်ဆယ် ၊ နှံ့စပ်ကြွယ်၏
သက်တော်သုံးဆယ် ၊ ထိုအရွယ်၌
ပိုင်နိုင်ကူးခတ် ၊ သူလေတတ်၏
စာဝါချပေး ၊ ကျမ်းကိုရေးဖြင့်
"နှစ်ဆယ်သုံး" ဝါ ၊ ရသောခါ၌
ကမ္ဘာစစ်ဘေး ၊ ရှောင်ခွာဝေးဖို့
ဘော်လတန်းရွာ(မိုးကုတ်မြို့) ၊ ကြွခဲ့ပါ၏
မိုးကုတ်ဒကာ ၊ ဆွမ်းလှူရှာ၏
လုံးလ,ဇွဲ ပေါင်း ၊ ဂူ၌အောင်း၍
လေးနှစ် လေးဝါ ၊ ကျင့်ခဲ့တာကြောင့်
သက်တော် "လေးခြောက်" ၊ ဝါ "နှစ်ခြောက်" ၌
တဏှာကုန်စင် ၊ မဂ်ဖိုလ်မြင်၍
ရဟန်းကိစ္စ ၊ သူပြီးရ၏
ရာသီသုံးမျိုး ၊ ဆောင်းနွေမိုး၌
အလှည့်စဉ်ကျ ၊ တရားပြ၍
အသိနဲ(နည်း)ရှာ ၊ များသူငါကို
နေ့စဉ်ဆုံးမ ၊ တရားပြရင်း
သက်တော် "ခြောက်သုံး" ၊ ဝါ "လေးသုံး" ၌
ခန္ဓာဝန်ချ ၊ နိဗ္ဗာန်ရဖြင့်
ဘဝ ခန္ဓာ ဆုံးပါ၏။

တဏှာကကြွယ် ၊ အသိငယ်ဖြင့်
တို့လို "အန္ဓ" ၊ လူ့ "ဗာလ" ကို
ကံ၌မမှား ၊ ဉာဏ်စဉ်သွားအောင်
ဟောပြသွန်သင် ၊ ဆရာရှင်ကို
ခြေလက်နဖူး ၊ တံတောင်ဒူ ဖြင့်
ထိခြင်းငါးဖြာ ၊ ရှိခိုးပါ၏
အသိကနဲ(နည်း) ၊ ဉာဏ်ကမွဲမို့
နားပေါက်ချဲ့ရန် ၊ တို့ပြုကြံ၏
ဉာဏ်၌ဘုရား ၊ တည်နိုင်လားအောင်
တို့များယခု  ပြုပါမည်။

ဦးဝိမလ ၊ အမည်ရသည့်
ဆရာများ "ဗိုလ်" ၊ သူမိန့်ဆိုက
ကံလမ်းမလိုက် ၊ ဉာဏ်လမ်းလိုက်ဖြင့်
ဝေးကွာဒုက္ခ ၊ ချမ်းသာရဖို့
လေးကောင်သောကြွက် ၊ ပမာမြွက်၍
ဟောဆိုညွှန်ပြ ၊ ဆိုဆုံးမ၏
ပထမကြွက် ၊ စွမ်းဆောင်ချက်က
"သိမ်း စွန် ကြောင်" ဘေး ၊ မှန်စွာဝေးဖို့
အောင်းရန်တွင်းထူး ၊ ကိုယ်တိုင်တူး၏
တွင်းတူး အမှု ၊ ကိုယ်တိုင်ပြုလည်း
အန္တရယ်ကင်း ၊ ဘေးရန်ရှင်းဖို့
တွင်းအောင်းသမှု ၊ သူမပြု၍
"သိမ်း စွန် ကြောင်" စာ ၊ ဖြစ်ရရှာပြီး
အသက်ခန္ဓာ ၊ ပျက်ရပါ၏
ထို့နည်းတူစွာ ၊ တို့လူ့ရွာတွင်
ရဟန်း သံဃာ ၊ လူများစွာ၌
"ပရိယတ်" စာ ၊ ကျမ်းဖြာဖြာကို
ကိုယ်တိုင်ကျက်မှတ် ၊ လွန်စွာတတ်၏
စာပေတွင်းထူး ၊ ကိုယ်တိုင်တူးလည်း
ကိုယ်ပိုင်ကျင့်အပ် ၊ "ပဋိပတ်" ကို
ဘယ်ခါမကျင့် ၊ ပြုနေလင့်က
အပါယ်လေးဝ ၊ ပြေးဆင်းရ၏
ဤတွင်သတိ ၊ တို့၌ရှိပါ
ကျမ်းဂန်စာပေ ၊ နှံစပ်ပေလည်း
အပါယ်ရန်ဘေး ၊ ဒုက္ခဝေးဖို့
ဝိပဿနာ ၊ မရှုပါလျှင်
"သိမ်း စွန် ကြောင်" စာ ၊ ဖြစ်ရပါ၍
သေပွဲဝင်ရှာ ၊ ကြွက်ပမာသို့
မဂ်ဖိုလ်နဲ့ဝေး ၊ အပါယ်ဘေးကို
မနှေး မြန်စွာ ခံရမည်။

ဒုတိယကြွက် ၊ ပြုမူချက်က
ဘေးရန်ဖြာဖြာ ၊ ကြုံသည့်ခါ၌
ခိုအောင်းဖို့တွင်း ၊ တူးလေခြင်းကို
ကိုယ်စွမ်းသူ့မှာ ၊ မရှိရှာ၍
တွင်းတူးခြင်းမှု ၊ သူမပြုပြီ
ကိုယ်ပိုင်တူးထား ၊ မရှိငြားလည်း
အသက်ရန်ရှာ ၊ စားလိုငှာဖြင့်
"သိမ်း စွန် ကြောင်" များ ၊ ရန်ပြုငြားက
သူများတူးတွင်း ၊ အောင်းခိုခြင်းဖြင့်
ဘေးရန်ကင်းကွာ ၊ ချမ်းသာပါ၏
သန်းခြောက်ဆယ်လူ ၊ ဒို့ပြည်သူ၌
ပါဠိစာပေ ၊ မတတ်လေ၍
"ပိဋကတ်" စာ ၊ အဖြာဖြာကို
အဓိပ္ပါယ်မှန် ၊ သိဖို့ရန်မှာ
ကိုယ်စွမ်းကိုယ်စ ၊ မရှိကြပြီ
"ပရိယတ်" စာ ၊ မတတ်ရှာ၍
ဉာဏ်မျက်စိကန်း ၊ သဒ္ဒါခမ်းပြီး
ဒါန၌သာ ၊ မွှေ့ပျော်ကြ၏
သို့သော်ဒို့ဝယ် ၊ အားမငယ်ဘဲ
စာပေနှံ့စပ် ၊ အကျင့်မြတ်ဖြင့်
ပြည့်စုံဆရာ ၊ ဆုံးမပါက
သစ္စာလေးပါး ၊ မြတ်တရားကို
မှန်စွာသိမြင် ၊ ဉာဏ်၌ထင်၍
ဒုက္ခကင်းဝေး ၊ ချမ်းသာရေးကို
မနှေး မြန်စွာ ပြုနိုင်၏။

သတိဒို့မှာ ၊ ရှိဖို့ရာက
"ပရိယတ်" စာ ၊ မတတ်ပါလည်း
သင့်ရာ ဆရာ ၊ ရအောင်ရှာ၍
ဆုံးမဖြာဖြာ ၊ ဒေသနာကို
ယုံကြည်စိတ်သန် ၊ ပြုကျင့်မှန်က
ကြီးဉာဏ်ပညာ ၊ ရနိုင်ပါ၏
တွေ့ကြုံလာမှု ၊ အစုစု၌
အကောင်းအဆိုး ၊ အမျိုးမျိုးနှင့်
သုခ ဒုက္ခ ၊ ဟူသမျှက
ဧဟိပဿိ ၊ ခေါ်နေသည်ကို
ကံဖြင့်မကြည့် ၊ ဉာဏ်ဖြင့်ကြည့်လျှင်
ဆင်းရဲ , ချမ်းသာ ၊ ဥပေက္ခာ ဟု
သုံး ဝေဒနာ ၊ တွေ့မြင်လာ၏
ထိုဝေဒနာ ၊ အဖြာဖြာကို
ဖြစ်ပျက်တင်ရှု ၊ ထပ်ထပ်ပြုသော်
မမြဲသဏ္ဍန် ၊ တွေ့ရပြန်၏
သတိမလပ် ၊ ဆက်၍မှတ်သော်
ဖြစ်ပြန် ပျက်ပြန် ၊ အဖန်ဖန်၏
ခန္ဓကိုယ်ထဲ ၊ မရပ်စဲကို
မလိုချင်မှန် ၊ မုန်းခဲ့ပြန်၏
မုန်းမိခါခါ ၊ ဉာဏ်၌လာသော်
လိုချင် တဏှာ ၊ မှန် ကင်းကွာ၍
တဏှာကုန်ရာ ၊ "နိဗ္ဗာန်"ရွာကို
မကြာ အကျိုး ပြုပါ၏။

တတိယကြွက် ၊ စွမ်းဆောင်ချက်က
"သိန်း စွန် ကြောင်"ဘေး ၊ ရှောင်ခွာပြေးဖို့
အောင်းရန်တွင်းထူး ၊ သူမတူးပြီ
အသက်ဘေးကြုံ ၊ ဖြစ်ခဲ့တုံလည်း
တွင်ဝင်အောင်းမှု ၊ သူမပြု၍
"သိမ်း စွန် ကြောင်" များ ၊ ကိုက်ဖြတ်စားဖြင့်
အသက် ခန္ဓာ ၊ ပျက်ရရှာ၏
ဒို့ပြည် ဒို့ရွာ ၊ ဤလူ့ရွာတွင်
"ပိဋကတ်" စာ ၊ အဖြာဖြာကို
မှန်စွာနှံ့စပ် ၊ သိသင့်အပ်လည်း
အကန်း ဒို့မှာ ၊ မသိရှာ၍
"အဝိဇ္ဇာ" များ ၊ လွန်ကြီးထွားပြီး
"သင်္ခါရ" မှု ၊ တွင်တွင်ပြု၏
"ဓမ္မ" သဘော ၊ အမှန်ပြောက
ရလာသမှု ၊ အကျိုးစုသည်
အကြောင်းကိုတည် ၊ ဖြစ်ရသည်မို့
လောဘ , ဒေါသ ၊ ပြု "မောဟ" ကြောင့်
ရမည့်အရေး ၊ မျှော်ရှုတွေးသော်
"ငရဲပြည်" တွင်း ၊ မှန်သက်ဆင်းမည်
"တိရိစ္ဆာန်" ဘုံ ၊ ဖြစ်ကြစုံမည်
"ပြိတ္တာ" ဘဝ ၊ ငါတို့ ရမည်
"အသူရကာယ်" ၊ ဖြစ်ဖို့လွယ်သည်
ဉာဏ်ပညာနဲ(နည်း) ၊ အကျင့်မွဲဖြင့်
နေ့စဉ်ဘဝ ၊ ဖြတ်သန်းကြလျှင်
အောင်းဖို့တွင်းထူး ၊ သူမတူးနှင့်
တွင်းအောင်းသမှု ၊ သူမပြုကြောင့်
"သိမ်း စွန် ကြောင်" စာ ၊ ဖြစ်ရရှာသည့်
ကြွက်မိုက်ဘဝ ၊ ဒို့ဖြစ်ရပြီး
သေပွဲခါခါ ၊ ဝင်ရရှာမည်
ဒုက္ခ ဆင်းရဲ ၊ ထိုနွံထဲ၌
ဝဲလှည့်သည်ဒဏ် ၊ ငါတို့ ခံ၍
အဖန်ဖန်ဖြစ် ၊ အဆုံးနစ်မည်
မရုန်းနှိုင်ရှာ ၊ သံသရာ၌
"အိုနာသေ"ဘေး ၊ ဆက်ခါပေး၍
ပူဆွေး ဒုက္ခ မလွတ်ပြီ။

စတုတ္ထကြွက် ၊ ပြုလုပ်ချက်က
"သိမ်း စွန် ကြောင်" ရန် ၊ ဘေးကင်းရန်ဟု
အောင်းရန်တွင်းထူး ၊ ကိုယ်တိုင်တူး၏
ကိုယ်တူးတဲ့တွင်း ၊ အောင်းနေခြင်းဖြင့်
အသက်ရန်ရှာ ၊ ပြုလုပ်လာသည့်
ဘေးရန်မာန်စွယ် ၊ အန္တရယ်ကို
လုံခြုံစိတ်ချ ၊ သူ့မှာရ၍
အသက်ခန္ဓာ ၊ ချမ်းသာပါ၏
ယနေ့ကမ္ဘာ ၊ ဤလူ့ရွာတွင်
ရဟန်း သံဃာ ၊ လူဆရာတို့
"ပရိယတ်" စာ ၊ ကျမ်းများစွာကို
လွန်စွာတတ်မြောက် ၊ ဉာဏ်၌ပေါက်၏
ဉာဏ်ပညာကြီး ၊ ရှိ့သည့်နည်းတူ
ဝိနည်း သီလ ၊ မြဲမြံကြ၏
ကြုံလာသမှု ၊ ဒုက္ခစုကို
ဖြစ်ပျက်တင်ရှု ၊ နေစဉ်ပြုကြောင့်
ခယ ဝယ ၊ မှန်မြင်ကြ၍
ဝိပဿနာ ၊ မဂ်ရပါ၏
တစ်ဆင့်ထပ်တက် ၊ ရှုမှတ်ချက်ဖြင့်
ဖြစ်ပျက်ကုန်စင် ၊ မရှိ မြင်၍
ရှစ်ပါး မဂ္ဂင် ၊ ဉာဏ်၌ထင်ပြီး
လောကုတ္တရာ ၊ မဂ်ရပါ၏
လောကုတ္တရာ ၊ မဂ်ရှစ်ဖြာက
ချမ်းသာအစစ် ၊ ဖိုလ်ကိုဖြစ်၍
သုံးဆယ့်တစ်ဘုံ ၊ ဆင်းရဲစုံကို
အပြီးပါယ်သတ် ၊ အမှန်ရပ်၏
"သင်္ခါရ" ဖယ် ၊ "ဒုက္ခ" ပါယ်ပြီး
အသင်္ခတာ ၊ "နိဗ္ဗာန်"ရွာကို
မကြာ ကျေးဇူး သူပြု၏။

ထို့ကြောင့်သတိ ၊ လူ၌ရှိသင့်
ကျမ်းဂန်စာပေ ၊ တတ်ခဲ့လေက
ကိုယ်အောင်းရန်တွင်း ၊ တူးနေခြင်းပင်
ငါးခန္ဓာ ထု ၊ နာမ်ရုပ်စုကို
ဖြစ်ပျက်တင်ရှု ၊ နေ့စဉ်ပြုဖြင့်
မဂ်ဖိုလ်၌တည် ၊ ရှိနေသည်က
"သိမ်း စွန် ကြောင်" ရန် ၊ ရှောင်ခွာပြန်တဲ့
တွင်းအောင်းကြွက်မူ ၊ သဏ္ဍန်တူ၏
လိုရင်းအမှန် ၊ တို့သိရန်က
တွင်းအောင်းမှုက ၊ ပဓာနဟု
ဆရာသခင် ၊ ဆုံးမသင်၍
လူတွင် ယခု ပြုသင့်၏။

လူ၌သတိ ၊ ထပ်ဆင့်ရှိပါ
"ပရိယတ်" စာ ၊ မတတ်ရှာသော
"အန္ဓ" လိုလူ ၊ များပြည်သူနှင့်
စာပေနှံ့စပ် ၊ လွန်စွာတတ်သော
ရဟန်း သံဃာ ၊ လူဆရာတို့
စာပေ တတ်ခြင်း ၊ မတတ်ခြင်း က
လိုရင်းမကျ ၊ "သာမည" ပင်
"ပဋိပတ်" မည် ၊ အကျင့်သည်က
"အဓိက" ကျ ၊ "ပဓာန" ဟု
စိတ်၌ပိုင်းခြား ၊ သိသင့်ထားပြီး
ဝိပဿနာ ၊ ရှုမှတ်တာကို
အာစိဏ္ဏကံ ၊ စိတ်မြဲမြံအောင်
နေ့စဉ်လုံးလ ၊ ပြုကျင့်ကြသော်
တွင်းအောင်းသမှု ၊ ကိုယ်တိုင်ပြု၍
"သိမ်း စွန် ကြောင်" ဘေး ၊ ကာကွယ်ပေးသည့်
တွင်းအောင်းကြွက်လို ၊ ချမ်းသာပို၍
အပါယ် ဒုက္ခ ၊ ကင်းဝေးကြပြီး
သုခ ချမ်းသာ ရနိုင်မည်။

လူကြီးလူငယ် ၊ အရွယ်ရွယ်တို့
မေတ္တာစကား ၊ ကျွန်မှာကြားချင်
ယနေ့ချိန်ခါ ၊ ဒို့ပြည်ရွာတွင်
"သဒ္ဒါ" က မွဲ ၊ ကိုယ်ကျင့် နဲ(နည်း)၏
"ဗြဟ္မစိုရ်" ခမ်း ၊ "ပညာ" ကန်း၏
"မေ စၦရ"  စို ၊ "ဣႆာ"  ပို၏
"ရှက်ကြောက်" နှစ်ဖြာ ၊ မဲ့လှပါ၏
လူအချင်းချင်း ၊ သတ်ဖြတ် ညှင်း၏
မိစ္ဆာနွယ်များ ၊ လွန်ကြီးထွား၏
အမှန် "ဓမ္မ" ၊ တွေ့ခဲလှ၏
"အဓမ္မ"သာ ၊ ကြီးစိုးပါ၏
ပညာရှိများ ၊ လွန်စွာရှား၏
လူမိုက်များသာ ၊ ကြီးစိုးပါ၏
ဤသို့ဖြစ်ပုံ ၊ ခေတ်ဆိုးကြုံလည်း
ဘုရား , တရား ၊ သံဃာများ ဟု
မြတ်ရတနာ ၊ ရှိသေးပါ၏
ကောင်းမှုတစ်ခု ၊ နေ့စဉ်ပြုဖို့
အသက်ခန္ဓာ ၊ မြဲသေးပါ၏
ဥစ္စာ စီးပွား ၊ ချို့ငဲ့ငြားလည်း
သီလ , သဒ္ဒါ ၊ ပြုနိုင်ပါ၏
လူမိုက်များ ကြား ၊ နေရငြားလည်း
ပညာရှိ ရှာ ၊ စည်းကပ်ရာ၏
အမှားများစွာ ၊ ပြင်ဖို့ရာကို
ယခုချိန်ခါ ၊ ရှိသေးပါ၏
ခိုင်မြဲသဒ္ဒါ ၊ ရှိခဲ့ပါက
ကြုံလာဒုက္ခ ၊ အဝဝကို
မနှေးအမြန် ၊ တွန်းလှန်နိုင်၏
သာကီနွယ်ပေါင်း ၊ သူတော်ကောင်းတို့
လောကဓံလှိုင်း ၊ မည်မျှရိုင်းလည်း
ဗုဒ္ဓဘာသာ ၊ ငါတို့ပါဟု
ဂုဏ်ယူဝင့်ကြွား ၊ ပြောနိုင်လားအောင်
သီလကို တွယ် ၊ စာဂ ကြွယ်၍
သဒ္ဒါကို စု ၊ လုံးလ ပြုနှင့်
ရုပ်နာမ်အစု ၊ ထိုနှစ်ခုကို
ဝိပဿနာ ၊ ရှုမှတ်ကာဖြင့်
တွင်းအောင်းကြွက်ထုံး ၊ ပြုကျင့်သုံးသော်
ဒုက္ခ ကင်းဝေး၊ ချမ်းသာပေး၍
သေဘေးကိုပင် မကြောက်ပြီ။

နိဂုံးဤတွင် ၊ ပြောလိုချင်က
နှံစပ်စာပေ ၊ မရှိလေဖြင့်
ကျွန်ရေးသည့်စာ ၊ သေးနှုတ်ပါလည်း
ဗုဒ္ဓဘာသာ ၊ သာသနာကို
နေမင်းရောင်ဝါ ၊ ထွန်းလင်းဖြာသို့
တစ်ကမ္ဘာလုံး ၊ လွှမ်းခြုံဖုံး၍
စည်ပင်ဝေဖြိုး ၊ နေ့စဉ်တိုးကာ
အဝိဇ္ဇာကင်း ၊ ချမ်းသာခြင်းဖြင့်
ပြည့်စုံပါရန် ၊ စိတ်ရည်သန်မိ
ဤမှန်သစ္စာ ၊ ဟုတ်ခဲ့ပါက
မြန်မာပြည်သူ ၊ ကမ္ဘာလူတို့
ဆင်းရဲဒုက္ခ ၊ ဝဲသြဂမှ
ဘဝများစွာ လွတ်ပါစေ။          ။