Friday, November 23

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ တိုက်ရိုက်သိလျှင် ဒုက္ခမရှိတဲ့နိဗ္ဗာန်

   "ဒုက္ခတွေ ပင်လယ်ဝေအောင် သိလေလေ ဒုက္ခမရှိတဲ့နိဗ္ဗာန် သိလာလေ"
ဒုက္ခပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောင်ကြောင်း အကျင့်ပါပဲ။ ဘုရားရှိခိုးချင်စိတ်ပေါ်
ပေါ် ပေးကမ်းချင်တဲ့စိတ်ပေါ်ပေါ် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါပဲ၊ နဖူးပေါ်လက်တင်တင်၊ ခေါင်းအုံးပေါ်ခေါင်း
ချချ ပေါ်လာတွေသည်၊ ဒုက္ခသစ္စာတွေလို့ တွေးပါ၊ ဒါ အပါယ်လေးပါး ပိတ်တဲ့အတွေး၊ ခန္ဓာထဲမှာ ဒုက္ခမှ
တစ်ပါး တခြားပေါ်စရာက ဘာမှမရှိပါဘူး၊ ဒုက္ခတွေ ပင်လယ်ဝေနေတော့တယ်၊ လူ့ဘဝရတာဟာ ဒုက္ခ
သစ္စာရတာ လူချမ်းသာ မရှိပါဘူး။ ရထားတဲ့ ခန္ဓာ သုဂတိတဲ့ဗျာ၊ နဂိုက တဏှာအရုး စီမံရာကို ကံကလုပ်
ပေးလို့ ကိုယ်က သုဂတိထင်ပြီး လိုက်လာတာ၊ အခုတော့ ကိုယ်ကျိုးကြီး နည်းပါပေါ့လား၊ ခန္ဓာကိုယ်က
ပေးသမျှ ဒုက္ခချည်းပဲမှတ်၊ ဒီတော့ ဘာဂတိမှ မလာတဲ့၊ သုဂတိနယ်၏ အဆုံး ဂတိဟူသမျှ၏ အဆုံးပေါ့
ဗျာ..ဂတိတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာလျှင်..သွားဖြစ်အောင် သွားပါဆိုတာ တိုက်တွန်း
ပါတယ်။ ခန္ဓာ၏ နှပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေး၊ နှိပ်စက်တာ မြင်ပါများတော့ ခန္ဓာခင်မှုက လျော့သွား
တယ်၊ ဒုက္ခသစ္စာအမြင်းများမှ ဒုက္ခသိမ်းချင်တဲ့ဉာဏ်က လာတာ၊ ဒုက္ခသစ္စာမြင်တိုင်း မြင်တိုင်း သမုဒယ
တဏှာချုပ်တယ်၊ ချုပ်ပါများရင် ပါးတယ်၊ ပါးပါများရင် ပျောက်တယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာ သွားသာယာ
တဲ့ တဏှာလည်း ချုပ်ရော ဖြစ်ပျက်လည်း၊ ချုပ်တာပဲ၊ ခင်ဗျားတို့ နိဗ္ဗာန်မရောက်သေးတာဟာ ခန္ဓာအ
ပေါ် ခင်တွယ်တဲ့တဏှာ မချုပ်သေးလို့။
ပထမဖြစ်ချုပ် ဒုတိယဖြစ်ပျက်ပေါ်၊ ဒုတိယဖြစ်ချုပ် တတိယဖြစ်ပျက်ပေါ်၊ ဒီလို အဆက်မပြတ် ဒုက္ခစက်
ရဟတ်ကြီး လည်ပတ်နေတာ၊ ဒုက္ခမီးက ခန္ဓာကို အမြဲတောက်လောင်းပြီး နေတာပါ၊ ဒါကို ဉာဏ်နဲ့မြင်
အောင် ကြည့်ရမယ်။ မိမိ သန္တာမှာ ပေါ်လာသမျှကို မပြတ်မလပ် အထပ်ထပ်ရှုမှတ်ပေးရမယ်၊ ကိုယ်ဒုက္ခ
ကိုယ်သိမှ မဂ်ပေါ်တာ၊ ခန္ဓာ၏ ဖြစ်စဉ်က မွေးလိုက်သေလိုက် အနားမရှိဘူး၊ ဖြစ်မှုက အစားထိုးလိုက်
ပျက်မှုက ဖျက်ချလိုက်နဲ့၊ ဘယ်တော့မှ ဖြစ်ပျက်ဒုက္ခနဲ့ ခွဲခဲ့ရတယ်လို့ မရှိပါဘူး၊ ဖြစ်ပျက်ကို နာနာကြည့်
ဖန်းများရင် ဉာဏ်ရင့်လာတာပဲ၊ ရှုအားသန်မှ ဉာဏ်အားကောင်းမယ်၊ အစားထိုးမှုမမြင်ဘဲ ပျက်မှုချည်း
မြင်ရင် ဒါဉာဏ်တက်လာတာ။
ခန္ဓာကတော့ ဖြစ်ပျက်အမြဲပြနေတာပါ၊ ဉာဏ်က တက်တက်သွားလို့ အမြင်ပြောင်းတာ၊ ဖြစ်ပျက်မြင်တဲ့
ယထာဘူတဉာဏ်ရင့်လာရင်၊ မုန်းဉာဏ်တက်လာတယ်၊ ပျက်တာတောင်မှ ပျက်နေတာ မမြင်ပါဘူး၊
မရှိတော့ဘူး မရှိတော့ဘူးပဲ သိနေတာ၊ အစားထိုးမှု ပျက်မှု မမြင်ဘူးဆိုရင်..ကြည့်နေတဲ့ ဉာဏ်က ခန္ဓာ
လွတ်သွားပြီ၊ ခန္ဓာရှာမတွေ့ တော့ဘူး။ ဒီအလုပ် ဆက်မလုပ်ချင်တဲ့စိတ်၊ တော်ရာ သွားချင်တဲ့ စိတ်တွေ
ပေါ်လာမယ်၊ ထမသွားပါနဲ့ နေရာလည်း မရွှေ့ပါနဲ့ ဆက်ပြီး ပေရှုပါ၊ ငါ နိဗ္ဗာန်လိုချင်လိုက်တာ ဆိုတဲ့
စိတ် မလာစေနဲ့ ဖြစ်ပျက်သာ မဲပြီး ဉာဏ်နဲ့တည့်ထား။ မုန်းလောက်မက မုန်းတော့ ဒီအဖြစ်ကို မလိုချင်
တဲ့အထိ ဉာဏ်တက်လာတယ်၊ မလိုချင်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ်ဘဲ၊ မလိုချင်တဲ့ ဉာဏ် တက်လာသည်
နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပျက် ဒုက္ခပျောက်ပြီး နိဗ္ဗာန် ပေါ်လာတယ်၊ မင်းနဲ့အိုးစားကွဲမှပဲလို့ ဉာဏ်က
ုစွန့်လိုက်တော့ တဏှာသေတယ်။
ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ တည့်နေရာက ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့ တည့်သွားရင် ဖြစ်ပျက်အဆုံးက နိဗ္ဗာန်၊
ဉာဏ်က မဂ်ဉာဏ်အစစ်ဖြစ်သွားတယ်၊ မဂ်ဉာဏ်ဆိုတာ ဒုက္ခသိမ်းတာ အေးငြိမ်းခြင်း လက္ခဏာရှိတယ်၊
ရှုနေတုန်းလည်း အေးချမ်းတယ်၊ ဖြစ်ပျက်ဆုံးအောင် ရှုနိုင်ရင် အေးချမ်းမှု အကြီးဆုံးရလိမ့်မယ်၊ နှလုံး
ကို အေးစေတာမဂ်ပဲရှိတယ်၊ ဝိပဿနာမဂ်သည် ထကြွကိလေသာ နှင့် လွန်ကြူးကိလေသာ သတ်နိုင်
သည်၊ အနုသယ သဘော၊ ကပ်နေသော ကိလေသာ ကိုမှု မဂ်စစ် ကမှကျန်နေသည့် အနုသယ ကိုသေ
အောင်သတ်နိုင်သည်၊ အရေးကြီးတဲ့အချက်ကို ပြောနေတဲ့အတွက် သမည နားနှင့် မထောင်နှင့်၊ ဝိသေသ
နားနှင့် ကြိုးကြိုးစားစား ထောင်ပြီး သကာလ ဒီ..အမြစ်ပြတ်အောင်၊ ဒို့လုပ်မယ်ဆိုပြီး လုပ်လိုက်ကြစမ်းပါ၊
ဖြစ်ပျက်တွေ ဆုံးရင် ပွားမှုရပ်ပြီး မပျက်စီးတဲ့ နိဗ္ဗာန်အာရုံပြုပြီး၊ ချမ်းသာတဲ့ စိတ်နဲ့သာနေလိုက်တော့
ချုပ်ပြီ ချုပ်ပြီလို့သာ အာရုံပြုနေ၊ မဂ်စိတ်က (၁) (၂) ဆိုချုပ်သွားပြီ၊ သူ့နေရာမှာ ဖိုလ်စိတ် နှစ်ကြိမ် သုံး
ကြိမ်လာမှာပဲ၊ မဂ်က အနုသယကိလေသာကို သတ်တယ်၊ ဖိုလ်က မဂ်သတ်လို့ ကျန်နေတဲ့ ကိလေသာ
အငွေ့ အသက်ကို သတ်တယ်၊ ဒီမဂ်စိတ် ဖိုလ်စိတ်လည်း ဖြစ်ပျက်ပဲ။
ဖလသမာပတ် ဝင်စားတယ်ဆိုတာ ဖိုလ်ဇောတွေချည်းပဲ..ဆက်တိုက်ဖြစ်ပြီး ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်
နေတာ၊ ဖလသမာပတ်ဆိုတာ နိဗ္ဗာန်အာရုံပြုတာ၊ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ဆီ ဉာဏ်များများ လှည့်ထားတာ၊
ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်များဟာ..သက်တမ်းကိုလည်း ရှည်စေနိုင်တယ်၊ သေမယ့်ဟာ
တောင်မှ ဆိုင်းပြီးတားနိုင်တယ်၊ သက်တမ်းကိုလည်း တားနိုင်တယ်၊ ဖြစ်ပျက်ဆုံးတဲအထိလိုက်ရင် ဖြစ်
ပျက်ဆုံးတဲ့နေရာ နိဗ္ဗာန်တွေ့ရမယ်၊ ဆုံးရင် နိဗ္ဗာန်ပါပဲ။ ဒုက္ခကြီး လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့..စွန့်ချင်
တဲ့ သဘောပေါ်လာပြီး ဒုက္ခစက်ရပ်သွားတာ၊ ဒီဒုက္ခစက်ရပ်သွားတာ မြင်တာက နိဗ္ဗာန်ပေါ်တာပဲ။ နိဗ္ဗာန်
ဆိုတာ ငြိမ်သက်ပြီး တုန်လှုပ်ခြင်း မရှိဘဲနဲ့..အေးချမ်းတဲ့သဘောကလေး သက်သက်ပဲ၊ ဒုက္ခချုပ်တဲ့ ပုဂ္ဂိုလ်
များ၏ ခံစားရာတရား၊ ဝေဒနာနဲ့ ခံစားတာ မဟုတ်ဘူး၊ ဉာဏ်အားဖြင့် တင့်တယ်ပြီးသကာလ..ကြည့်
ကောင်းရှုကောင်းဖြစ်နေတဲ့ တရား။
ဒီရောက်တဲ့ ပုဂ္ဂိုလ်မှာ စုတိပျက်ကြွေ မသေနိုင်ဘဲ၊ ခိုင်မြဲတဲ့သဘောနဲ့ နေရတယ်၊ ရှုလိုက်တဲ့အခါ ကျလို့
ရှိရင်..အလုံး၊ အဝိုင်း၊ လေးထောင့်၊ အပြား၊ ဘာနိမိတ်မှ မမြင်ဘူး၊ ချမ်းသာသက်သက်လေး မြင်လိမ့်မယ်
နိဗ္ဗာန်သည် အစရှိ၍၊ အဆုံးမရှိ ချမ်းသာသည်၊ ဆင်းရဲမရှိ အမြဲရှိသည်၊ အေးငြိမ်းမှုနှင့်သာ နေရတော့
သည်၊ ဖြစ်ပျက်ဆုံးပြီး သကာလ၊ ဪ..ဒုက္ခမရှိတဲ့နေရာ ဒါကိုဉာဏ်က ဆုံးဖြတ်ချက်ချပြီး၊ လုပ်တဲ့
ပုဂ္ဂိုလ်မှာ မြင်လိမ့်မယ်၊ (၁) ရတနာသုံးပါး၊ (၂) ခန္ဓာငါးပါး၊ (၃) နာမ်ရုပ်နှစ်ပါး၊ (၄) သံသရာစတဲ့ အရာ
တွေမှာ..ယုံမှားခြင်း မရှိတော့ဘူး၊ ဉာဏ်အမြင်ရှင်းသွားပြီး၊ အပါယ်လေးပါးက လွတ်ပြီ ကျွတ်ပြီ။    ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

Wednesday, November 21

မိုးကုတ်ဆရာတော်

Published with Blogger-droid v2.0.6

Sunday, November 18

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိဆိုသော သံသရာသစ်ငုတ် အမြစ်ဖြုတ်စို့

  "ဖြစ်ပျက်မမြင်ဘူး မပြောကြပါနဲ့"
ဒိဋ္ဌိက ခန္ဓာကို ခိုင်မြဲတယ်ထင်လို့ မှီတာ၊ ခန္ဓာကို ခဏမျှတည်တဲ့ ဓမ္မလေးလို့ အပျက်စိပ်အောင်များ..
ရှုနိုင်ရင် ဒီဒိဋ္ဌိ သူပြုတ်တာပဲ၊ ဒိဋ္ဌိရှိနေရင် တဏှာမာနတွေဝင်ပြီး..သံသရာ့နယ်ချဲ့တတ်လွန်းလို့၊ ဒိဋ္ဌိ
မပြုတ်သရွေ့ ကာလဟာဖြင့်၊ သံသရာ သစ်ငုတ်ပဲ၊ မိစ္ဆာဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်ကျဲတယ်၊ သမ္မာ
ဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်စိပ်တယ်၊ ဖြစ်ပျက်စိပ်ဖို့ သိပ်အရေးကြီးတယ်၊ ဖြစ်ပျက်မြင်နေရင် ဒီအသိ
ဆက်သွား..ဘာဆုမှမတောင်းနဲ့ နိဗ္ဗာန်ရောက်မယ်၊ ရုပ်နဲ့ နာမ်က တစ်ခုနဲ့တစ်ခု မှီနေတာ၊ ရုပ်ကဖြစ်
ပျက်ဆို နာမ်လည်း ဖြစ်ပျက်ပဲ။ သေမှာနဲ့ သေတာမှတစ်ပါး ဘာမှမရှိဘူး၊ တစ်ခုသေရင် အကုန်သေ
တာပဲ၊ ခန္ဓာတစ်ခုလုံးသေတာပဲ၊ သိပ်ခဲယဉ်းတယ် မအောက်မေ့ပါနဲ့၊ ခန္ဓာပြောတာကို ကိုယ်က ဉာဏ်
လေးနဲ့ မနေမနားလေး..ကြည့်နေရုံပါပဲ၊ ဒီလိုသာ ဝိပဿနာနဲ့ အမြဲနေရင် ဉာဏ်အဆင့်ဆင့် ရင့်လာ
ပြီး..နိဗ္ဗာန်မြင်လာမယ်၊ ဒါရဟန္တာဖြစ်တဲ့တရား။ ခန္ဓာထဲတစ်ခုသော တရား ပေါ်လာလို့ရှိရင်..သူ့မှာ
သူ့မှာ အိုမှုသေမှု ပါတာချည်းမှတ်၊ အလိုလိုပျက်သွားတာ မဟုတ်၊ သူယူလာတဲ့ ဇရာမရဏ နှိပ်စက်လို့
ပျက်သွားတာ။
စားချင်တဲ့စိတ်က မစားရဘဲနဲ့ သေသွားတယ်၊ ထမင်းပွဲဆီ လှမ်းတဲ့စိတ်က..လှမ်းပြီးချုပ်သွားတာပဲ၊
ယူတဲ့စိတ်က ယူပြီးချုပ်သွားတာပဲ၊ ပါးစပ်ထဲရောက်အောင် ပို့တဲ့စိတ်က..ပို့ပြီး မစားရဘဲ ချုပ်သွားတာ
ပဲ၊ စားစိတ်ကလည်း၊ စားတာ စားရတယ်၊ မမျိုရဘူး မျိုးတဲ့စိတ် သီးသန့်ပေါ်ရတယ်၊ မျိုးတဲ့စိတ်လည်း
ဖြစ်ပျက်ပဲ။ ထမင်းတစ်လုပ်တင်ပဲ ဖြစ်ပျက်ပေါင်း..အများကြီး ပြောင်းနေတယ်ဆိုတော့ကာ..ဖြစ်ပျက်
မတွေ့ဘူးလို့ မလျှောက်ကြပါနဲ့ ဓမ္မတွေ ဖြစ်လာပြီး ပျက်သွား၊ ဖြစ်လာပြီး ပျက်သွား..ဧည့်သည်သ
ဘောနေပြီး ဧည့်သည်သဘော သေသေသွားကြတာကို ရှုတဲ့ ဉာဏ်က ဖြစ်လာပြီး မရှိဘူး..ဖြစ်လာပြီး
မရှိဘူးနဲ့ သိသိနေရမယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာ၏ အစဉ်နော်၊ ခန္ဓာနဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ..ပေါင်း
လိုက်တော့ အတူတူဖြစ်သွားတယ်၊ ခန္ဓာတစ်ခုလုံးမှာလည်း အနိစ္စချည်းရှိတယ်၊ ဘယ်တော့မှ နိစ္စဆို
တာ မရှိဘူး။
ခန္ဓာကြီးက ဘယ်အခါမဆို အနိစ္စပါလို့ ပြောရက်သားနဲ့၊ ကြည့်လို့မမြင်ဘူးဆိုရင် သူ့မှာ နီဝရဏဖုံးပြီ။
ကိလေသာ နီဝရဏရှိနေရင် ဉာဏ်က ထိုးထွင်းလို့ မရဘူး၊ နီဝရဏကိုအရင် ဖယ်ရှားလိုက်မှ..ပင်ကိုယ်
ရှိတဲ့ ဖြစ်ပျက်ကို သွားတွေ့မယ်၊ ကျန်းမာနေတုန်းကတော့ သုခဝေဒနာက ခိုင်းတယ်၊ မကျန်းမာတဲ့အ
ခါကျတော့ ဒုက္ခဝေဒနာက..ငါ့ကုဟဲ့ ငါ့ကုဟဲ့ ဘယ်လောက်ကုန်ကုန် ရှာဟဲ့ ငါပျောက်ဖို့ အရေးကြီးတယ်
ဆိုပြီး..ဒုက္ခဝေဒနာက မကျန်းမာတဲ့အခါ..သူက ပိုပြီး အရှာအဖွေခိုင်းတယ်၊ ဟဒယဝတ္တုဆိုတဲ့ ဆေးနီ
ဆေးဝါ ရောနေရင်..ခန္ဓာဖြစ်ပျက်ကို မမြင်နိုင်ဘူး၊ လောဘက မဖယ်ထုတ်တော့ ကြီးပွားလာတယ်၊
လောဘဆိုတာ တဏှာ၊ တဏှာ ကြီးပွားတော့ ဥပါဒါန်ကံ အပါယ်ဇာတိပဲ၊ နိဝရဏတရားငါးပါး..မဂ်ဉာဏ်
ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုတားတတ်သည့်၊ တရားငါးခုလို့ မှတ်ရမယ်၊ လောဘ မိမိခန္ဓာကိုယ်၌ရှိလျှင်..ကြွေး
တင်နေသည် ပုဂ္ဂိုလ်နှင့်တူသည်၊ ရောက်ရာနေရာမှ ရသရွေ့ရှာ၍ ကြွေးဆပ်နေရသည့်ကြားမှ..ငါမရှိ
သိကြလိမ့်မယ်..ပြောတာဟာ ကျွန်ပြောပြောတာ။
တောင်ကလူကမြောက်သွား၊ မြောက်ကလူက တောင်းသွားနဲ့ ခင်ကြွေးရှာ မင်ကြွေးရှာ ထွက်ရှာနေကြ
တာ၊ ဘုရားက"သမုဒယသစ္စာ"လို့ဟောတာကို..ခင်ဗျားတို့ သိမ်းပိုက်နေကြတယ်ဆိုတော့..ခင်ဗျားတို့
"ဗုဒ္ဓဘာသာ"မဟုတ်ကြပါဘူး၊ ဒေါသဆိုတာ နှလုံးသွေးတဲမှာ ဆူပွက်နေတာ၊ အရှက်အကြောက်တွေ
ကင်း၊ ပစ္စုပ္ပန်မှာ ရုပ်အမျိုးမျိုး ပြောင်း..မျက်လုံးမျက်ဆန်တွေ ပြူးလာတာ ဒေါသသတ္တိ၊ ကိုယ့်ကိုယ်ကို
စိတ်ဆိုးလည်း မဂ်ဖိုလ်တားတာပဲ၊ သူတစ်ပါးအတွက် စိတ်မကောင်းဖြစ်လည်း မဂ်ဖိုလ်တားတာပဲ၊ ရခဲ
လိုက်တာဆို ရကိုမရဘူး၊ လုပ်လေ မရလေဘဲ၊ သူက ဒေါသနိဝရဏ၊ ပေါ်ရာကိုရှု ကမ္မဋ္ဌာန်းပဲလို့မှတ်
မရှုတတ်ရင် နိဝရဏ၊ ရှုတတ်ရင် ဝိပဿနာ၊ အဖျက်တရား တစ်ခုမှ မရှိဘူး၊ ခင်ဗျားတို့က အသုံးမချ
တတ်လို့သာ..အဖျက်တရား ဖြစ်ရတာ။
သက်တမ်းကို အဖြုန်းနိုင်ဆုံးက ထိနမိဒ္ဓ၊ ဉာဏ်ပေါ်မယ် ဟဒယပေါ်မှာ သူက ဝင်အုပ်နေတယ၊ သူကို
အရှုံးပေးလိုက်ရင် ဘဝင်စိတ်ကို ကျေးဇူးပြုပြီး..လူသက်တမ်းကို ထက်ဝက်နှုတ်မယ်၊ သူ့ကို ဖြစ်ပျက်
ရှုနိုင်ရင် မဂ်စိတ်ကို ကျေးဇူးပြုတယ်၊ ဖြစ်ပျက်မရှုမပွားနေသူဟာ ပယ်ရမဲ့"သမုဒယ"မပယ်၊ မပိုင်းခြား
နိုင်တဲ့အတွက်..မမှိဝဲကောင်းတာ မှိဝဲနေလို့ လူမိုက်၊ ဝိပဿနာ ဉာဏ်ကင်းခဲ့သော်၊ လူမိုက်ချိန်ချည်း
ပဲသာ၊ မှတ်လိုက်ပေတော့။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရထားထွက်ခါနီးပြီ

ကဲ..တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်၊ ဟောတဲ့ပုဂ္ဂိုလ်ဟာလဲ ခန္ဓာကြည့်ပြီးဟောမယ်၊ ဘာဝနာ
ပွားပြီးဟောတဲ့အတွက် ဘာဝနာပွားပြီးနာရမယ်၊ ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူပြည်ရောက်လာ
တာ၊ ဒါကြောင့် ခင်ဗျားတို့ "တရားသာအမိ၊ တရားသာအဖ"ပါပဲ၊ ဒီတော့တရားပဲ အားကိုးစရာရှိတော့ ဒီလို
သေသေချာချာမှတ်ပါ၊ သာဓကလုံလောက်အောင်ရှင်းပြမယ်၊ မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့ဪ
ငါအတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက် သီလ သမာဓိ ပညာအားဖြင့်သာတဲ့ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်
ဆည်းကပ်ပူဇော်မယ်ဆိုပြီး ၃၁-ဘုံမှာလျောက်ပြီးကြည့်လိုက်တော့၊ သူ့ထက်သာတဲ့ပုဂ္ဂိုလ်တစ်ယောက်မှ
မမြင်ဘူး၊ မမြင်တော့ ငါဘယ်နှယ့်ကြောင့် ဘုရားဖြစ်လာရပါလိမ့်မတုံးလို့တွေးဆင်ခြင်လိုက်တော့ တရား
ကြောင့် (တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲကိုးကွယ်မှဖြစ်မယ်လို့ ဆုံဖြတ်တော်မူတယ်။
ဒါဖြင့်ခင်ဗျားတို့လဲ တရားကပို့လို့ ဒီလူ့ပြည်ရောက်လာတာ၊ ဒီကနေ့သေလွန်တဲ့ အခါမှာလဲတရားပို့တဲ့ဆီ
သွားရမှာပဲ၊ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်၊ ဘုန်းကြီးကဝေဖန်ပြမယ်
တရားက ၅-မျိုးရှိတယ်၊"အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊ သီလကုသိုလ်တရား၊သမထကုသိုလ်တရား
ဝိပဿနာကုသိုလ်တရား"လို့ ၅-မျိုး ရှိတယ်၊ ဘယ်တရားပို့တာ ကြိုက်သလဲ။
(၁) အကုသိုလ်တရား ကတော့အပါယ် ၄-ပါးပို့တယ်၊ ဒါကိုခင်ဗျားတို့ မကြိုက်ဘူး။ (၂) ဒါနကုသိုလ်တရား
ကတော့ လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည် နတ်ပြည်မှာ အိုဘေး နာဘေး သေဘေးတွေရှိတယ်ဆိုတော့
ဒါလဲကြိုက်စရာမဟုတ်ဘူး။ (၃) သီလကုသိုလ်တရား ကလဲ နတ်ပြည်ကစပြီ"အကနိဋ္ဌ"ဗြဟ္မာဘုံထိအောင်
ပို့တယ်၊ အိုဘေး နာဘေး သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာမဟုတ်ဘူး၊ အိုနာသေဒုက္ခသစ္စာရှိတဲ့ဆီ
သွားလို့လဲမတော်ဘူး။ (၄) သမထကုသိုလ် အားထုတ်တော့ သူကဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်၊ ဗြဟ္မာ့ဘုံ
တွေမှာ သက်တမ်းရှည်လွန်းတော့ သက်ဆိုးရှည်နေတာပဲ၊ ခန္ဓာဝန်ထမ်းပြီး အိုဘေး နာဘေး သေဘေးတွေ
နဲ့ အတူတူနေရတာဖြစ်လို့၊ ဒီတရားပို့တဲ့ဆီကိုလဲကြိုက်လို့မတော်ဘူး၊ ဒီ ၄-ချက်ကိုခင်ဗျားတို့ မကြိုက်သင့်
ဘူး နောက်ဆုံးဖြစ်တဲ့။ (၅) ဝိပဿနာကုသိုလ် တရားကတော့ ဒုက္ခသိမ်းငြိမ်းရ နိဗ္ဗာန်ပဲပို့မယ်၊ ဒါကိုကြိုက်
ရမယ်။ ကိုင်းဒါဖြင့်ခင်ဗျားတို့ တရားပို့လို့ခုဒီလူ့ပြည်ရောက်လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီ သွား
မတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီမသွားချင်တော့ဘူး၊ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်၊ ဒါဖြင့်
ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ဝိပဿနာကိုကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှ
တစ်ပါး ဘယ်မှမပို့ဘူး၊ ဒုက္ခထဲမပို့တော့ဘူး၊ ဝိပဿနာ (မဂ်) ကတော့ ကိလေသာဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မ
ဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မဝဋ်ပြတ်တော့ ဝိပါကဝဋ်မလာတော့ဘူး၊ ဒီတော့ ဝိပဿနာ (မဂ်) ဟာ ဝဋ် ၃-ပါး
ကျွတ်တဲ့ဆီပို့တယ်၊ ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလိုဝေဖန်ရှင်ပြနေရတာ။
ဘယ်တရားကပို့တယ်ဆိုတာ သိထားရမယ်၊ တချို့တရားကပို့လိုက်တာ အပါယ် ၄-ပါးရောက်သွားတာပဲ၊
တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတယ်၊ တချို့တရား
ကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျား
တို့ အားထားလို့ တော်ပါ့မလား၊ မတော်ဘူး၊ မတော်ဘူးဆိုတာ သစ္စာသိလို့ ထွက်လာတဲ့အသံပဲ၊ အဲဒီလို
သစ္စာသိတော့ ဘယ်နတ်ပြည် ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး၊ ဘာဖြစ်လို့"အို နာသေ"ရှိနေလို့၊ ပထမ
ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့ဇာတ်သိမ်းရလိမ့်မယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာသေ ရှိတဲ့လူ့
ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကိုမသွားချင်တော့ဘူး၊"အို၊ နာ၊ သေ"မရှိတဲ့နိဗ္ဗာန်ပဲ သွားချင်မှာပဲ။ ကုသိုလ်ဆို
တာ ၂-လမ်းရှိတယ်၊ သစ္စာမသိပဲ ပြုလုပ်တဲ့"ဒါန၊ သီလ၊ သမထ"ကုသိုလ်တွေကတော့ လူ့ပြည်နတ်ပြည်
ဗြဟ္မာ့ပြည်ဆိုတဲ့"အို နာ သေ"ရှိရာ ပို့လိမ့်မယ်၊ ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့"ဒါန၊ သီလ၊ သမထ"ကု
သိုလ်တွေဟာလမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုပို့ပေးတယ်၊ အဲတာ.."ဝိပဿနာ"ကတော့ ကိလေသာဖြတ်၊ ကံဖြတ်
အကျိုးပေးဖြတ် (ဝဋ် ၃-ပါး) ဖြတ်လေတော့၊ ဝဋ်ကျွတ်တဲ့နေရာပဲ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး၊
ဒါတရားရွေးတတ်အောင်ပြောနေတာ၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့၊
ဖြစ်သမျှအကြောင်း အကောင်းချည်းလို့ပြောမှာပဲ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုတာ ကံစီမံသလို
ခံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ကံစီမံသလိုမခံဘူး ဉာဏ်စီမံသလို ခံလိမ့်မယ်၊ ဝိပဿနာ ဆိုတာဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ၊ ဒီတော့ ဉာဏ်စီမံရာသွားပါ၊ ကံစီမံတာက ၃၁-
ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံအပြင်ဘက်မှ နိဗ္ဗာန် ရှင်းပြီလား။
ဉာဏ်စီမံသလိုသွားမယ်ဆိုတော့ ဉာဏ်ကလဲ တစ်ခါခွဲရအုံးမယ်၊ ဉာဏ်ကလဲ"ကမ္မဿကတာဉာဏ်ကတစ်
မျိုး၊ နာမရူပပရိ စ္ဆေဒဉာဏ်ကတစ်မျိုး၊ ပစ္စယပရိဂ္ဂဟ ဉာဏ်ကတစ်မျိုး၊ ဝိပဿနာဉာဏ်ကတစ်မျိုး၊
မဂ်ဉာဏ်ကတစ်မျိုး"လို့ ၅-မျိုးရှိပြန်တယ်။ (၁) ကမ္မဿကတာဉာဏ် ဆိုတာ"ကောင်းတာလုပ်ကောင်းကျိုး
ပေးတယ်"ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လဲ အားကိုးလို့မဖြစ်သေးဘူး၊ ဒီဉာဏ်က သုဂတိတော့ ပို့လိုက်
တာပဲ၊ ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ်ဆိုတော့ ဒိဋ္ဌိကပါသွားတယ်၊ ဒီတော့ ဒိဋ္ဌိပါ
သွားတဲ့ ကမ္မဿကတာဉာဏ်ပို့ရာကိုလဲ မလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့တက်သွားတော့ ပြန်ကျအုံး
မှာ။ ဥပမာနဲ့ရှင်းပြမယ်၊ အင်မတန်ကြီးတဲ ငှက်ကြီးတစ်ကောင်ကို အဆိပ်လူးတဲ့ မြားကလေးနဲ့ ပစ်လိုက်
တော့ မြားတံအဖျားက သေးသေးလေးဆိုတော့ အဆိပ်ကဖြုန်းခနဲ့ ချက်ချင်းမပြန်ဘူး၊ မပြန့်သေးတော့ ငှက်ကြီးဟာ ပျံတက်သွားတယ်၊ ဒါပေမယ့် အဆိပ်မပြန်ခင်သာ ပျံနိုင်တာ အဆိပ်ပြန့်တော့ မပျံနိုင်တော့ဘူး
ဗုန်းခနဲ့ပြန်ကျတယ်၊ အဲဒီလိုပဲ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိအဆိပ်မပြန့်ခင်သာတက်တယ်၊ ဒိဋ္ဌိ..အဆိပ်
ပြန့်တဲ့အခါကျတော့ ဗုန်းဆိုထိုးကျတာပဲ၊ ကုသိုလ်မကုန်ခင်သာ အထက်တက်တာ၊ ဒိဋ္ဌိအဆိပ် ပြန့်တာနဲ့
တစ်ပြိုင်နက် တစ်ချက်ထဲကျတာပဲ၊ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင်
အပါယ် ၄-ပါးပြန်ကြတာပဲ၊ ဒီတော့ ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။
(၂) နာမရူပပရိစ္ဆေဒဉာဏ်။   ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲလို့မေးတော့၊ နာမရူပပစ္ဆေဒဉာဏ်ဆိုတာ ရှိ
တယ်၊ ဒုတိယဉာဏ်တက်လာတယ်၊ နာမ်နဲ့ရုပ်ခွဲခြားသိတဲ့ ဒီဉာဏ်ကိုအားကိုးပါ၊ ဒီဉာဏ်ကိုအားကိုးလိုက်
တော့ ဪ..သွားချင်တာက နာမ်၊ သွားနေတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ် ဆိုတော့ နာမ်
ရုပ်ကွဲတဲ့ဉာဏ်ကလေးကိုရတယ်၊ ဒီဉာဏ်ဟာခုနက"ကမ္မဿကတာ"ဉာဏ်ထက်တော့သာတယ်၊ သာပေ
မယ့်လဲ ဒါကိုတကယ်အားကိုးလောက်ပြီလို့မယူနဲ့အုံး၊ ဘာပြုလို့တုံးဆိုတော့ သူကတစ်ဘဝသာ"စူဠသော
တာပန်"ဖြစ်တယ်၊ တစ်ဘဝသာ အပါယ်လွတ်တယ်၊ နောက်ဘဝတွေ မလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့
လဲ အားမကိုးနဲ့အုံး၊ တစ်ဘဝသုဂတိသွားပြီး တစ်ဘဝ အပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့အုံး၊ နောက်
ဘဝတွေ စိတ်မချရသေးဘူး။ (၃) ပစ္စယပရိဂ္ဂဟဉာဏ်။  ။ ဒါဖြင့်ဘယ်ဉာဏ်ကိုအားကိုးရမလဲ၊"ပစ္စယပရိဂ္ဂ
ဟဉာဏ်"ဆိုတာရှိတယ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ ​ဉာဏ်ပဲ၊ အဲဒီဉာဏ်က"အဝိဇ္ဇာ
ကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဪ..သံသရာကြီးထဲမှာ ဒီလိုသူ့အကြောင်းနဲ့
သူ့အကျိုးနဲ့ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာမရှိဘူး၊ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့ ဓမ္မတွေသာ
ရှိတယ်"လို့သိတယ်။ ဒီဉာဏ်ကလဲ "စူဠသောတာပန်" အဆင့်ထဲမှာပဲရှိသေးတယ်၊ ဒါကြောင့် ခင်ဗျားတို့
ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လဲ သေပျော်ပြီလို့မယူလိုက်ပါနဲ့အုံး၊ တစ်ဘဝ အပါယ်လွတ်တာပဲရှိသေးတယ်။
(၄) ဝိပဿနာဉာဏ်။  ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲ၊"ဝိပဿနာဉာဏ်"ဆိုတာရှိတယ်၊ ဒီဉာဏ်က လက္ခ
ဏာရေးသုံးပါးသိတဲ့ ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်းနဲ့အုံး၊ ဘာပြုလို့ သူကသုဂတိဘဝတွေ
လှည့်ဖြစ်အုံးမှာဆိုတော့"ဇာတိ ဇရာ ဗျာတိ မရဏ"ဆိုတဲ့ ဒုက္ခတွေနဲ့တွေ့ရဦးမယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့
တကယ်အကောင်းအစစ်ကြီး မဟုတ်သေးဘူး။ (၅) မဂ်ဉာဏ်။   ။ ဒါဖြင့် ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်
၎-ပါးရအောင်လုပ်လိုက်၊ မဂ်ဉာဏ် ၄-ပါးဟာဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခငြိမ်းစေတယ်၊ ဒုက္ခ
၎-ဆင့် ၄-ခါချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့အုံး၊ ၂-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး
၃-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး၊ ၄-ခါချုပ်အောင်လုပ်လိုက်၊ ၄-ခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက်၊ မအို မသေ၊
အမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲမနေတော့ဘူး၊ ပဋိသန္ဓေမနေလို့ ခန္ဓာ ၅-ပါးမရှိလေတော့ အို နာ သေ ဒုက္ခတွေအကုန်လုံး ချုပ်ငြိမ်းသွားတယ်၊ ဒါဖြင့် ဒီဉာဏ်ဟာအကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ
အကောင်းဆုံးပဲလို့မှတ်။
ဒီတော့ ချုပ်လိုက်ရင် ဓမ္မ (တရား) ၅-မျိုးရှိတယ်၊ ဒီဓမ္မ ၅-မျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်
တာ ဒီဉာဏ် ၅-မျိုးရတယ်၊ ဒီဉာဏ် ၅-မျိုး ခွဲထုတ်ပြတယ်၊ ဝိပဿနာဓမ္မတွေအားကိုးရမယ် ဆိုငြားသော်လဲ
ဒါတွေကို တစ်ခါအဆင့်ဆင့်အယုတ်အညံ့ရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာအကောင်းဆုံးဆို
တာပေါ်လာတယ်၊ မဂ်ဉာဏ်မှတစ်ပါးအားကိုးစရာ အစစ်မရှိတော့ဘူး၊ ဒီတော့ မဂ်ဉာဏ်ရအောင်လုပ်ရလိမ့်
မယ်၊ မဂ်ဉာဏ်ကမှ ဒုက္ခတွေကိုချုပ်ငြိမ်းစေတာ။ ဒီတော့ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ ဖြစ်ပျက် ဒုက္ခသစ္စာ
ကြီး ချုပ်အောင်ကြီုးစားရမယ်၊ ဒုက္ခချုပ်သွားရင် တစ်ခါတည်းကိစ္စပြီးမယ်၊ ဒါကြောင့် ခန္ဓာ(ဒုက္ခ)ဇာတ်သိမ်း
ရာရောက်တဲ့မဂ်ဉာဏ် ၄-ခုကိုတာလျှင် အကြီးဆုံးအားကိုးထိုက်တဲ့တရားပဲလို့ ဆိုပြီး ကြီုးစားပါ၊ ဘုန်းကြီး
ကမသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ့်ခန္ဓာကြည်ပါ၊ ဘုန်းကြီးလဲ အသက်ကြီးပြီ၊
ခင်ဗျားတို့က ဘုန်းကြီးနဲ့ မီလိုက်ရုံပဲရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားကထွက်ခါနီးနေပြီ..မီရုံကလေးရှိတယ်
ရထား ထွက်လုနီးပြီဆိုတာ ရိပ်မိကြပြီလား။

                                                   ဤကောင်းမှုကုသိုလ်ကံ
                                    စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                    ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                           အထောက်အပံ့ပစ္စည်းအဖြစ်ဖြင့်
                                               တည်ရှိပါစေသတည်း ။

                                                                        အရှင်ဉာဏဓဇ
                                                             မိုးကုတ်ဝိပဿနာမင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                      ပင်မသံဝေဇနိယဌာန  ။

Sunday, November 11

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ဉာဏ်သွင်းပုံ

"အနတ္တကို ငါလို့ဆိုနေကြ"
ရုပ်တရားက ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်ထားတာ၊ ဒီခန္ဓာက ဘယ်အချိန်မဆို..ပူလိုက်၊ အေးလိုက်၊
ဖောက်ပြန်လိုက်၊ ပျက်စီးလိုက်..ဒီလိုဖြစ်နေတာဟာ ရုပ်၏ ပင်ကိုသဘော၊ နာမ်ခန္ဓာလေးပါးကလည်း၊
အာရုံနဲ့ ဒွါရနဲ့ ဒွါရကသာ ပိုပါတယ်၊ ခင်ဗျားတို့ လုပ်ထားတာ မဟုတ်ဘူး၊ ခင်ဗျာတို့ ကြားထဲက မပိုင်နဲ့။
နာမ်က အာရုံကို ညွတ်တတ်တဲ့သဘော၊ ဆိုင်းဘုတ်ကသာ ယောက်ျား မိန်းမ ရှိတာက..ရှပ်နာမ် ဖြစ်ပျက်
ခင်ဗျားတို့က ခန္ဓာငါးပါးကို..ငါ့ကိုယ်ငါ့ဟာ လုပ်နေတာနဲ့ သူတို့က ဖောက်ပြန်သွားလိုက်တိုင်း ငါပိုင်တယ်
ထင်လို့..ကိုယ်ကျိုးကြီးတော့ နည်းပါပေါ့ဆိုပြီး..ကိုယ်နာစိတ်နာ ပေါ်တာ၊ ခန္ဓာငါးပါးသည် ချုံ့လိုက်တော့
ရုပ်နဲ့ နာမ်..ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြစ်ပျက်ပဲရှိတယ်၊ ဖြစ်ပျက်ထဲ ငါ ဝင်မရှုပ်ပါနဲ့ ဘယ်သူမှ
မပိုင်ဘူး၊ သူဖြစ်ချင်သလို ဖြစ်ပြီး သူဖောက်ချင်သလို ဖောက်မယ်၊ ဘယ်သူတားဆီးလို့မှ မရဘူးဆိုပြီး
နေတဲ့ အနတ္တခန္ဓာကိုယ်ရယ်ပါ။
သူပေါ်တဲ့နေရာ သူသေတဲ့နေရာ၊ ပေါ်တာကို မိအောင် ပိုင်အောင်ရှု၊ မရှုမိတာနဲ့ တဏှာလာတာပဲ၊ တဏှာ
မကူးခင် ဉာဏ်ဦးအောင် သတ်ကြပါ၊ ဖြစ်ပျက်ဆုံးအောင် အရှုခိုင်းတာဟာ တဏှာအသတ်ခိုင်းနေတာ၊
ခင်ဗျားတို့ တဏှာသတ်ချင်ရင် ဝေဒနာရှုကြ၊ တဏှာသတ်ခိုင်းခြင်းသည် ခင်ဗျားတို့အား ကျွန်စာရင်းမှ
လွတ်ကင်းစေချင်လို့ မှတ်ပါ။ မြင်စိတ်ကလေးက မြင်ပြီးချက်ချင်း ပျက်သွားတာပဲ၊ သူ့နေရာမှာ ချက်ချင်း
နောက်စိတ်အစားထိုးလို့သာ ပျက်သွားတာကို မသိလိုက်တာ၊ မြင်စိတ်က အကောင်းအဆိုး မရွေးနိုင်ဘူး
ဝမ်းထဲပေါ်တဲ့ တဏှာကမှ အကောင်းအဆိုး ရွေးတာ၊ မြင်လို့ဘာမှ မဖြစ်ဘူးဆိုရင်တောင်..အနိစ္စ၊ ဒုက္ခ၊
အနတ္တ လက္ခဏာတွေ မသိလိုက်တဲ့အတွက် မောဟလှိုင်းထတာ၊ မြင်စိတ် ဖြစ်ပျက်ရှုရင်..မြင်လိုချင်
မြင်မုန်းစတာတွေ သေတယ်။ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်လို့ ခင်ဗျားတို့မှာ ဘာမှစိတ်နာစရာ မရှိဘူး၊ ကိုယ်
နာတိုင်း စိတ်မနာတဲ့ ဉာဏ်မျက်လုံး မရရင်..တစ်သံသရာလုံး ကိုယ်ကျိုးနည်းလာတော့မယ်။
ဒီခန္ဓာကြီးကတော့ အားမထုတ်လည်း သေရွာသွားမှာပဲ၊ အားထုတ်လည်း သေရွာသွားမှာပဲ၊ ပုထုဇဉ်
အဖြစ်နဲ့သေရင်..လူတစ်သိန်းသေလို့ သူဂတိ တစ်ယောက်မရောက်ဘူး၊ အကုန် အပါယ်ချည်းသွားကြ
တာပဲ။ ယနေ့ စင်္ကြာဝတေးမင်း မနက်ဖြန် ဒယ်အိုးထဲ ရောက်နိုင်သေးတယ်၊ အပါယ် မိုးကြိုးပစ်တာကို..
လှူဒါန်းတာလောက်နဲ့ ထန်းလက်နဲ့ကာလို့ မရဘူး။ ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်၊ အသေဘက်ကို
ပြေးနေတဲ့ ခန္ဓာကိုယ်က..နောက်ဆွဲထုတ်လို့ မရဘူး၊ ဒီတော့ ပြေးရင်း လွှားရင်းပဲ သစ္စာသိတဲ့အလုပ်
မြန်မြန်လုပ်၊ သုဿန်သွားရင်း လုပ်ရမှာ၊ အပါယ်သွားတတ်တဲ့ သံယောဇဉ်လောက်တော့..ခင်ဗျားတို့
ဖြတ်ထားဖို့သင့်ပြီး၊ သံယောဇဉ်ဖြတ်ဆိုတာနဲ့..ရှိတဲ့ပစ္စည်းတွေ အကုန်စွန့်မှ ဒီလိုမမှတ်ပါနဲ့၊ ဘာဝတ်ဝတ်
ဘာစားစား..ဝေဒနာနဲ့ တဏှာအကြား "မဂ်"ဝင်ဖို့ပဲအရေးကြီးတယ်။
တရား လုပ်ချိန်မရသေးရင်လည်း၊ သတိထား ပညာနဲ့ ဖြစ်ပျက်ရှုဆိုတာလေး..ဂရုစိုက်ပါ၊ ဝိပဿနာ
မလုပ်ဖြစ်သေးတာဖြင့်..သေရတာ အားမရသေးလို့လားလို့မေးဖို့ရှိတယ်၊ ခင်ဗျားတို့ကို..အင်မတန်
ကိုယ်ကျိုးကြီးနည်းမှာ စိုးလို့သာ အလုပ်ခိုင်းနေတာ မှတ်ပါ။ ခင်ဗျားတို့ မသိလို့သာ အေးအေးနေနေကြ
တာ..တော်ကြာ ခင်ဗျားတို့တွေ့ရမယ် ဒုက္ခက မသေးဘူးနော်၊ ဆုတောင်းပြည့်ဘုရားမကယ်နိုင်ဘူး၊
ငါသေရင် ဘာများဖြစ်ဦးမှာလဲလို့ ဘယ်တော့မှ သွားမတွေနဲ့..ကိုယ့်ခန္ဓာထဲပေါ်သရွေ့ကို ဒုက္ခသစ္စာ
တွေပဲလို့ သိပြီးများသေရင်၊ သေတာနဲ့ တစ်ပြိုင်နက်တည်းဆိုသလို..နတ်ပြည့်ရောက်ပြီး သောတာပန်
တည်တယ်လို့ ဆိုတာ..တစ်ခါတည်း ဆုံးဖြတ်ချက်ချထားလိုက်၊ နတ်ရွာသုဂတိနဲ့ နိဗ္ဗာန်မှလွဲလို့ ဘယ်
မှ..မရောက်နိုင်လို့..ငါသေရင် ဆွမ်းမသွမ်နဲ့လို့ မှာခဲ့။
ဝိပဿနာရှုတဲ့အခါ၊ အတိတ်ရုပ်နာမ်တွေက..ဖြစ်ပြီး ပျောက်ပျက်ကုန်ပြီမို့ ရှုစရာမလို့ဘူး၊ အနာဂတ်
ရုပ်နာမ်တွေက မဖြစ်ကြသေးလို့ ရှုစရာမဟုတ်ဘူး၊ အခု ခန္ဓာကိုယ်ပေါ်မှာ ပေါ်ဆဲဖြစ်ဆဲဖြစ်တဲ့၊ ရုပ်နာမ်
ပေါ်မှာသာ ပစ္စုပ္ပန်တည့်အောင် ရှုမှတ်ရမှာ၊ အခုသေတာ အခုကြည်ညခိုင်းတာ။ ကြားစိတ်ကလေး
ပေါ်လာတယ်ဆိုရင်..ဝေဒနာ..သညာ..သင်္ခါရနှင့်တကွ..ခန္ဓာငါးပါးစလုံး တစ်ပြိုင်နက်တည်းပါလာ
ကြတယ်၊ ဒီအထဲမှာ ထက်မြက်တာ တစ်ခုကိုရှုရမှာ၊ အများမလိုဘူး တစ်ခုတည်း ပြဋ္ဌာန်းရာကို ရှုဖို့ပဲ။
သိရုံတင်ဆို ဝိဉာဏ်ရှု၊ ကောင်းမကောင်းဆို ဝေဒနာရှု၊ ခန္ဓာငါးပါးစလုံး..တဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်း
လွဲနေကြတာပဲ၊ ယခု ပစ္စုပ္ပန်ပေါ်လာတဲ့ မိမိခန္ဓာငါးပါး..အစပျောက် မသာဖြစ်သွားတာကို မိမိဉာဏ်နဲ့
မြင်ရမှာ၊ ဉာဏ်က ခန္ဓာကို သူစိမ်းသဘောထားပြီး ကြည့်ပါ၊ ခန္ဓာငါးပါးက သူစိမ်း၊ သူစိမ်းလို့ ပီပီမြင်
တာ..အရိယာမျက်လုံးပဲ။
ခန္ဓာကိုယ်ထဲမှာ..ရုပ်နာမ်ဓမ္မတွေ ခဏခဏသေပွဲဝင် ပြောင်းလဲနေတာတွေကို၊ ဉာဏ်နဲ့မြင်အောင်
ကြည့်ရတာပဲ၊ ရှုကြည့်တဲ့အခါ ပေါ်လာပြီး မရှိတာကို သိစေရမယ်၊ ခန္ဓာမရှိတာ သိတာဟာ ဝိပဿနာ
ပဲ။ ဘယ်ခန္ဓာလာလာ မရှိတာ သိရမယ်၊ ခန္ဓာမရှိ မြင်တာသည် ခဏနိဗ္ဗာန်၊ ခန္ဓာအမြဲမရှိတာသည်
အမြဲနိဗ္ဗာန်၊ ဒီလို မရှိတာမြင်တဲ့အသိမျိုး တာရှည်နေပြီဆိုရင်..နိဗ္ဗာန်နားကပ်နေပြီ၊ ရှေ့အသေကို
အစားထိုးတဲ့နောက်အနေကနေ ကြည့်နေတာ ခန္ဓာထဲဘယ်အချိန် ကြည်လိုက် ကြည်လိုက် သေမှာနဲ့
သေတာတွေ့ပါစေ၊ ရုပ်နာမ်ခွဲနေစရာ မလိုပါဘူး၊ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့်..ရုပ်
နာမ်ပေါ်တာပဲ၊ ရုပ်နာမ်ရဲ့ ဖြစ်ပျက်မြင်ရင်..ဒုက္ခမြင်ပြီ။ ရေယူခဲ့ပါဆိုရင် ခွက်ပါပါသလို..စိတ်တစ်ခုကို
ရှုရင် ခန္ဓာငါးပါး ပါတယ်၊ ကိုယ့်ခန္ဓာထဲ ထင်ထင်ရှားရှား ပေါ်လာတာဟူသရွေ့ ဖြစ်ပျက် မြန်မြန် ရှုချ၊
သွက်ပလေ့စေ မသွက်ရင်..တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ နိယျာမတရားကြီးက..သွက်သွား
လိမ့်မယ်။ ဖြစ်ပျက်မုန်းရင်..ဒုက္ခမုန်းပြီ။ ဖြစ်ပျက်ဆုံးရင်..ဒုက္ခဆုံးပြီသာ မှတ်ပေတော့။ ဒုက္ခဆုံးရင်
ဒါ နိဗ္ဗာန်ပဲ။    ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ



မိုးကုတ်ဆရာတော်ဘုရားကြီး၏ လက်ငင်းလိုချင် ချက်ချင်းလုပ်ပါ

"ဖြစ်ပျက်မြင်တာသည် အတ္ထိပစ္စယောမှ နတ္ထိပစ္စယောသို့"
ဒကာ ဒကာမတို့ (၄) ကြိမ် (၄) ခါလောက်ဆုံးရင်..အရိုးက ဓာတ်တော်ဖြစ်ပြီ၊ အားထုတ်ဆဲ ဝိပဿနာ
ဉာဏ်နဲ့ အမြဲနေကြပါ၊ ခန္ဓာထဲ ဖြစ်ပျက် ဒုက္ခတွေ့ရင်..သားကောင်တွေ့တဲ့ မုဆိုးလို တောက်လျှောက်
လိုက်ပေတော့၊ ဉာဏ်မျက်ချည် မပြတ်အောင် လိုက်ပေတော့၊ သတိထားရင် ပေါ်တာသိတယ်၊
ပေါ်တာသိရင် ပျက်တာသိရတယ်၊ ပေါ်တိုင်းသိရင်သတိ၊ အပေါ်ရော အပျက်ရော သိရင် ပညာ၊
သတိက လက်ညိုးညွှန်ပြတယ်၊ စိစစ်တဲ့ပညာက ဖြစ်ပျက်တွေ့တယ်၊ ခန္ဓာထဲကြည့်လိုက်တဲ့အခါ ငါသူမတွေ့ ပျောက်ပျက်တာပဲတွေ့တာ၊ ယခုပစ္စုပ္ပန်ပေါ်လာတဲ့ ခန္ဓာငါးပါးဟာပြာတောင်မကျန်ဘဲ
အစပျောက် မသာဖြစ်သွားတာကို၊မိမိဉာဏ်နဲ့ မြင်ရမှာ၊ ဖြစ်ပြီး ပျက်ပြီးလို့ ပါးစပ်က မမြည်ပါနှင့်၊ဉာဏ်နဲ့မြင်နေရင် ပြီးတာပဲ၊ မျက်လုံးနဲ့ မြင်နေရင် ဒါ အထည်ခံနေလိမ်မယ်၊ဉာဏ်ထဲက ယုံပြီဆိုမှ ဖြစ်ပျက်မြင်တာ၊ အထည်သာမရှိတာ သတ္တိသဘော ထင်ရှားရှိတယ်၊သဘောဖြစ်၍ သဘောပျက်တာ၊သဘောအားဖြင့်ပေါ်လာပြီး သူ့သဘော ရုပ်သိမ်းသွားတာကို၊ မြင်တာဟာ ဖြစ်ပျက်မြင်တာပဲ၊ ဖြစ်ပျက်မမြင်ဘဲ အသက်တစ်ရာနေရတာထက်...
ဖြစ်ပျက်တစ်ချက်မြင်ပြီး တစ်ရက်အသက်ရှင်ရတာ ပိုမြတ်တယ်၊ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က ဒီပြင် ကုသိုလ်မျိုးတွေထက်... အဆပေါင်း သိန်းသန်းကုဋေမကအောင်... ထူးခြားကဲလွန် မြင့်မြတ်ပါတယ်။
ဖြစ်ပျက်တစ်ချက်ရှုရင်... မဂ္ဂင်က သိစိတ်ဇော (၇) ကြိမ် ဖြစ်တယ်။ ပထမဇောက ယခုဘဝ၊သတ္တမဇောက ဒုတိယဘဝ၊ အလယ်ဇော ငါးချက်က တတိယဘ၀ကစပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတယ်၊ဒိဌဓမ္မ အကျိုးပေးမယ့် ကံဆိုတာ... မထမဇောပဲ၊ ဒါကြောင် ဖြစ်ပျက်ရှုခိုင်းနေတာဟာ၊ပထမဇော စေတနာ များများပေါ်အောင်လို့ လုပ်ခိုင်းနေတာပါ၊ အန္တရာယ်ကင်းချင် ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်မိမိ ခန္ဓာစေတီထိုက်အောင် တရားတော်တွေ ခန္ဓာထဲကိန်းအောင်း အားထုတ်ဖို့ လိုတယ်၊ ဝမ်းထဲ မဂ္ဂင်ကိန်းနေတော့၊မဂ္ဂင်က ဓာတ်တော်၊ ခန္ဓာက စေတီ၊ ဓမ္မစေတီ ဖြစ်သွားပြီ။  ဘဝမခြားဘဲ နိဗ္ဗာန်ရောက်ချင်ရင်အလုံးစုံပေါ်ရာ ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ဆီကိုသာဉာဏ်ဦးတည်ပေး၊ဉာဏ်နဲ့ဉာဏ်ချင်း
တောင်ဖြစ်ပျက်ရှုရမှာ၊ ဘာဉာဏ်ပေါ်ပေါ် (၁) (၂) ဆိုချုပ်သွားတာပဲ၊ ဉာဏ်ဆိုတာ ရှေ့အာရုံ ဘာဖြစ်တယ်ဆိုတာပဲ တွေးမှ အပျက်သိတာ၊ ဘယ်တရားပေါ်ပေါ် ရှိမရှိ တွေးရုံပဲ၊ တွေးတဲ့ ဉာဏ်ပေါ်လာရင် မူလတရား မရှိတောဘူး၊ ဖြစ်ပျက်မြင်တာ ဉာဏ် ၊ ဉာဏ်ဆိုတာ မဂ်၊ မဂ်ဆိုတာ ကိလေသာဖြတ်တာ၊ ရှိတာနဲ့ သိတာကိုက်မှ ဝိပဿနာဖြစ်တာ၊ ဝိပဿနာဆိုတာ ဒီနေရာပေါ် ဒီနေရာပျောက်ဒါကိုမြင်မှ အမြင်မှန်၊ အခုနက ဒီနေရာကလေးမှာ ရှိတာလေး မရှိတော့တာကို မြင်လိုက်တာ့ပဲ၊ သူ့သဘောကတော့ ဖြစ်ပြီးပျက်သွားတာ အမှန်ပဲ၊ ရှုတဲ့ ပုဂ္ဂိုလ်မှာတော့
မရှိတာဘဲ တွေ့လိုက်တယ်၊ ရှေ့က ပျောက်ပျက်တာကို နောက်ကရှုသိမှ ဝိပဿနာဖြစ်တာ၊ ကြည့်တော့
ပေါ်တာသိတယ်၊ ပညာနဲ့ ပေါင်းလိုက်တော့ ပျက်တာ သိတယ်၊ ချုပ်ပျောက်သွားပြီးလို့သာ နောက်စိတ်ကသိပေး၊ တစ်နေ့ဘယ်လောက် ပြောင်းလဲပြီးနေသလဲ၊ ကျုပ်တို့ ဉာဏ်နဲ့ နောက်က၊ လဲပြီ လဲပြီလို့ သိပေးတာ ဝိပဿနာ၊ ကိုယ့်ဉာဏ်မီသလောက် ပုထုဇဉ်ဉာဏ်မီသလောက်၊ လဲပြီ သိရင် ဝိပဿနာပဲ၊ ရုပ်ကုဋေတစ်သိန်းဆိုတာက ဘုရားဖြစ်ပြီးမှ သိတဲ့အသိ၊ ခင်ဗျားတို့ ကျုပ်တို့ရဲ့ အသိမဟုတ်ဘူး၊ ဘုရားမဖြစ်ခင်က မြင်တဲ့ အမြင်ကိုဘုန်းကြီးကလိုက်တါ
ဘုန်းကြီးသင်တာ သင်ရိုးမှတ်ပါ၊ ကိုယ်တိုင်မြင်ရင် ကိစ္စပြီးပြီ။  အဲဒီလို... တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်လို့ ပညာနဲ့ ဆုံးဖြတ်ချက်ချတာ... ဖြစ်ပျက်မြင်တာပဲ၊`စက္ခုံစ ပဋိစ္စ` ကဟောစဉ်ပဲ၊ ဖြစ်စဉ်က နာမက္ခန္ဓာလေးပါးဟာ... တစ်ပြိုင်နက်ဖြစ်တယ်၊ တစ်ပြိုင်နက်ချုပ်တယ်၊ `ဧကုပ္ပါဒ ဧကနိရောဓ` ကဖြစ်စဉ်၊
သဒ္ဓါက ရှေ့ကပြေးမှ ပညာက နောက်ကလိုက်နိုင်တာ၊ သဒ္ဓါဗိုလ်ဖြစ်တဲ့နေ့ နိဗ္ဗာန်မြင်တာပဲ၊ သဒ္ဓါနဲ့
ပညာပေါင်းရင်.. အပါယ်ဒုက္ခမပြောနဲ့ အလုံးစုံသော ဒုက္ခချုပ်တယ်။  ခန္ဓာပေါ်တိုင်း ပေါ်တိုင်း သိပေးပါ ဉာဏ်က၊ ဒီခန္ဓာတွေဟာ ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာတွေ..ဖြစ်ကတည်းက ပျက်မဲ့ဘက် ဦးတည်လာတာ
ဖြစ်တာနဲ့ ပျက်တာကြားထဲမှာ ဘာမှ မခြားဘူး၊ ကောင်းကင် လျှက်စီးလက်သလို.. ဖျက်ခနဲ ဒီနေရာပေါ် ဒီနေရာ ပျောက်တာပဲ။ လင်းတာနဲ့ ပျက်တာ တစ်ချက်တည်းပဲ၊ ပရမတ်ဆိုတာ သဘောကလေးပေါ်ပြီး
သဘောကလေးပျောက်တာပေါ်တာရှိတာပဲ၊ ပျောက်တာ မရှိတာဘဲ၊ ဘုန်းကြီးအသံနဲ့ နားအကြည်ရုပ်နဲ့ တိုက်လို့... အခုမှပေါ်လာတဲ့ ကြားသိစိတ်`ဝိညာဏက္ခန္ဓာ` ကိုပြောတာ ပုဂ္ဂိုလ်သတ္တဝါက ကြားတာမဟုတ်
အကြောင်းနှစ်ခုကြောင့် ပေါ်လာတဲ့ အကျိုးခန္ဓာက ကြားတာ ကြားတာက ဝိညာဏက္ခန္ဓာ။ နှစ်သက်တာက တဏှာ။ စွဲလမ်းတာက ဥပါဒါနက္ခန္ဓာ။ အားထုတ်တာက ကာမဘဝခန္ဓာ။ ဒကာ ဒကာမတွေ သန္တာန် ဘယ်ဟာ ပေါ်လာလာ ခန္ဓာပေါ်လာတယ်လို့ မှတ်လိုက်။
တစ်သံသရာလုံး ဓမ္မတွေ လှည့်သွားနေတာ တစ်နေ့လုံးလည်း ဓမ္မတွေလှည့်နေတာ အိပ်ပျော်သွားတော့
လည်း ဘဝင်စိတ်တွေ..တစ်ခုချုပ်ပြီး တစ်ခုဖြစ်နေတာ၊ နိုးလာပြန်တော့ နိုးစိတ်ကလေးပေါ်လာတာ၊
နိုးစိတ်ချုပ်သွားပြီး တွေစိတ်ဓမ္မအနိစ္စရောက်တယ်ဆိုတော့၊ ဘယ်မှာလဲ ငါ ငါ့ဥစ္စာ၊ ဒီဓမ္မတွေပဲ လှည့်
သွားနေတာ၊ နိဗ္ဗာန်မရောက်သေးသမျှ ဒီဓမ္မအစဉ်တွေပဲ လှည့်ပတ်ပြီး ဖြစ်လိုက်ပျက်လိုက်နဲ့ နေရမှာပဲ၊
သံသရာလည်းတဲ့ ပုဂ္ဂိုလ်မရှိ၊ ဓမ္မတွေ လှည့်နေတာကို သံသရာခေါ်တာပဲ၊ ဓမ္မသဘော ငါရောရင် သက္ကာ
ယဒိဋ္ဌိ ဖြစ်တယ်၊ ဓမ္မသဘော ငါမရောရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ်၊ ဓမ္မတစ်ခုဖြစ်ပြီး ဓမ္မတစ်ခု ပျက်တာ
သိရင်..ခိုင်တယ်မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိ ပြုတ်တယ်၊ ပျက်သွားတဲ့ ဓမ္မက နောက်ဓမ္မတစ်ခုဖြစ်အောင်
ကျေးဇူးပြုတာ သိရင်၊ အကြောင်းအကျိုး ပြတ်တယ်လို့ယူတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်တယ်၊ ဒီသုံးမျိုး အသိနဲ့
ပြုတ်ရင်..စူဠသောတပန်ပါ၊ ခန္ဓာထဲ ဘယ်တရား ပေါ်လာလာ..အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊
အကြောင်းချုပ်လို့ အကျိုးချုပ်တယ်၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်၊ ဖဿချုပ်လို့ ဝေဒနာချုပ်တယ်၊
နောက်အစားထိုးတဲ့ ဖဿဖြစ်ပြန်တော့၊ ဝေဒနာဖြစ်ပြန်တယ်လို့ သိထားရမယ်၊ အခုလိုသာ..ဖြစ်သင့်
လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ်ဆိုတာသာ ပိုင်ပိုင်သိရင်၊ အားကြီးတဲ့ ဝိပဿနာဖြစ်ပါပြီ၊ အား
ကြီးတဲ့ ဝပဿနာမှသာ နိဗ္ဗာန်ရမှာ၊ အားနည်းတဲ့ ဝိပဿနာက ကုသိုလ်သာရမှာ၊ ကုသိုလ်ရရင်
ဘဝတွေ အကျိုးပေးမယ်။         ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Thursday, November 8

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ်တား ဖိုလ်တား နီဝရဏတရားတော်

နိဝရဏတရားဆိုတာ မဂ်ဖိုလ်ကို (မရအောင်) ပိတ်ပင်တားဆီး ဖုံးလွှမ်းတားတဲ့တရားလို့မှတ်၊ နီဝရဏ
တရားမှာ"လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"လို့ ၅-ပါးရှိတယ်။ ဒီ နီဝရဏတရား ၅-ပါးက
ဝင်ရောက်နှောက်ယှက်လို့ရှိရင် ခန္ဓာထဲဉာဏ်စိုက် ရှုငြားသော်လည်းပဲ၊ ခန္ဓာထဲမှာရှိတဲ့ဖြစ်ပျက်=အနိစ္စသ
ဘောကို မမြင်နိုင်ဘူး၊ မမြင်တော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မလိုက်တော့ မဂ်ဖိုလ်မရနိုင်ဘူး၊ မဂ်ဖိုလ်မရ
တော့ သံသရာတလျှောက်လုံးမှာ တဒိုင်းဒိုင်းပြေးနေရတာပေါ့၊ ဒုက္ခစက်ရဟတ်ကြီး ချာချာလည်နေရတာ
ပေါ့၊ ဒါကြောင့် ဒီနီဝရဏတရား ၅-ပါးကို မိမိဉာဏ်အပေါ် မဖုံးလွှမ်းနိုင်အောင် ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်မှ
သာလျှင်ခန္ဓာထဲရှိ ဖြစ်ပျက်အနိစ္စတွေကို မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ၍ မိမိ၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဒုက္ခ
ခမ်သိမ်း ကင်းငြိမ်းသွားမယ်။
စိတ်ဝိညာဏ်ဟာ ၆-မျိုးရှိတယ်၊ ဆိုင်ရာဝတ္တုရုပ်အသီးသီးမှာ မှီပြီးဖြစ်တယ်၊ စက္ကုဝိဉာဏ်စိတ်က မျက်လုံး
မှာပေါ်တယ်၊ သောတဝိဉာဏ်စတ်၊ ဃာနဝိဉာဏ်စိတ်၊ ဇိဝှာဝိဉာဏ်စိတ်၊ ကာယဝိဉာဏ်စိတ် တို့ဟာလဲ့ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် အသီးသီးမှာပေါ်တယ်၊ မနောဝိညာဏ်စိတ်ကတော့ ဟဒယရုပ်ခေါ်တဲ့ နှလုံး
သွေးထဲမှာပေါ်တယ်၊ ဒီစိတ်ဟာ အာရုံနဲ့ ဒွါရတိုက်ဆိုင်တဲ့ အခါမှာဖျတ်ခနဲ့ဖျတ်ခနဲ့ ပေါ်လာရတယ်၊ ဟဒယ
ဝတ္ထုနှလုံးသွေးဟာအသစ်အသစ်ဖြစ်ပြီး အမြဲပြောင်းလဲနေတယ်၊ နှလုံးသွေးကဖြူနေရင် ကြည်နေရင်ဒီမှာ
ပေါ်တဲ့စိတ်ကလဲကြည်လင်နေပြီး ဉာဏ်ပညာကဘလဲ ထိုးထွင်သိတော့တာပဲ၊ အကယ်၍နှလုံးသွေးက
နောက်နေရင်ဒီအထဲမှာပေါ်တဲ့စိတ်ကလဲ နောက်တောက်တောက်ဖြစ်နေတော့၊ဉာဏ်ကထိုးတွင်ပြီးမသိနိုင်
တော့ဘူး၊ ဒီတော့ခုနကပြောခဲ့တဲ့ နီဝဏတရားတွေက ဝင်ရောက်နှောက်ယှက်လို့ရှိရင်၊ စိတ်ဟာမကြည်မ
လင်နောက်တောက်တောက်ဖြစ်ပြီး ဉာဏ်ကထိုးထွင်းမသိနိုင်တော့ဘူး၊ ဒီနီဝရဏအကြောင်းကို ပဉ္စကနိ
ပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာလာတဲ့ ဝတ္ထုနဲ့တကွရှင်းပြမယ်၊ ဘုရားရှင်ဟာ စမ္ပာနဂိုရ်ပြည်မှာ သီတင်းသုံးနေ
တယ်၊ သင်္ဂါရဝဆိုတဲ့ သတို့သားတစ်ယောက်ဟာ ဘုရားရှင်ဆီလာပြီး တပည့်တော်ပုဏ္ဏားထုံးစံအတိုင်း
ဗေဒင်ကျမ်းဂန်တွေညညရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ၊ တစ်ခါတစ်လေ တစ်လုံးမှသတိမရဘူးး အကုန်မေ့
ကုန်တယ်ဘုရား၊ တစ်ခါတစ်လေကျပြန်တော့ ရပြီးသားစာတွေမပြင် မရသေးတာတွေတောင် ဉာဏ်ထဲမှာ
ထင်လာပါတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလဲဘုရားလို့ မေးလျှောက်တယ်၊ ဒီတော့ ဘုရားက ငါရှင်းပြမယ်
ကွာဆိုပြီး ဥပမာကလေးနဲ့ဒီလိုရှင်းပြလိုက်တယ်။
(၁) ခွက်တစ်ခုထဲမှာကြည်နေတဲ့ရေကိုထည့်လိုက်၊ နောက်ဒီရေထဲကိုဆေးနီ ဆေးဝါ ဆေးပြာတွေရော
ထည့်လိုက်။ရေကိုငြိမ်အောင်ထားပြီး မင်းမျက်နှာဟပ်ကြည့်လိုက်စမ်း၊ မျက်နှာရိပ်ထင်ထင်ရှားရှား မြင်နိုင်
ပါမလား၊ မမြင်နိုင်ဘူး၊ ဒီလိုပဲ နဂိုစိတ် (ဘဝင်စိတ်) ဟာကြည်နေတယ်၊ သူ့မှိရာနှလုံးသွေးဟာလဲ ကြည်နေ
တယ်၊ ဒီနှလုံးသွေးအကြည်ထဲမှာ လောဘစိတ်ကလေး ဝင်လာ ပေါ်လာလို့ရှိရင်၊ စိတ်ဟာနောက်ကျိသွား
ပြီး သိပြီးသားစာတွေတောင် မမှတ်မိမသိနိုင်တော့ဘူး၊ ဒီမှာလဲ ဝိပဿနာအားထုတ်ရာမှာလဲ ထိုအတူပဲ
သားသမီးအတွက်စီးပွားရေးအတွက် လောဘစိတ်ဝင်လာရင် ခန္ဓာထဲမှာ နဂိုကရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အသုဘ၊ ဒုက္ခသစ္စာရိပ်တွေကို ဉာဏ်နဲ့ဆင်ခြင်တဲ့ အခါမှာ မသိမမြင်နိုင်တော့ဘူး၊ ဒီတော့ရေထဲမှာရှိတဲ့
ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ပစ်ပြီး ရေငြိမ်အောင်ထားပြီး မျက်နှာဟပ်ကြည့်မှ မျက်နှာရိပ်ကို ထင်
ထင်ရှားရှားမြင်နိုင်သလို၊ ဒီပေါ်လာတဲ့လောဘစိတ်ကို ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်၊ အဲဒါဖယ်ရှားပစ်ပြီး
မှ မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီး ခန္ဓာဉာဏ်စိုက်ကြည့်လိုက်ရင် ခန္ဓာထဲမှာ နဂိုရှိနေတဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေ တစ်ခုခုဟာ ထင်ထင်ရှားရှားမြင်နိုင်တယ်၊ ဒီတော့ ခင်
ဗျားတို့ခန္ဓာထဲ့ဉာဏ်စိုက်ပြီး ဖြစ်ပျက်ရှုလို့ မမြင်တာဟာဒီလောဘစိတ်ကဝင်ရှုပ်လို့မမြင်ရတာ၊ ဒီတော့
လောဘစိတ်ဝင်လာရင်သူ့ကို အရင်ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုပါ၊ ဒါမှ
ဖြစ်ပျက် အနိစ္စတွေမြင်လာမယ်။
(၂) ဒုတိယအချက်ကတော့ ဒေါသပဲ၊ ဒေါသစိတ်ဖြစ်နေရင် နှလုံးသွေးဟာ ပွက်ပွက်ဆူနေတာပဲ၊ ပွက်ပွက်
ဆူနေတဲ့ရေနွေးထဲကို မျက်နှာရိပ်ဟပ်ကြည့်ပါ၊ ရေက ပွက်ပွက်ဆူနေပြီးအခိုးတွေထနေတော့ မျက်နှာရိပ်မ
မြင်နိုင်ဘူး၊ ဒီလိုပဲဒေါသစိတ်ဝင်ရှုပ်နေတဲ့အခါ နဂိုရထားတဲ့စာတွေတောင်အကုန်မေ့သွားရတယ်၊ ဒီမှာလဲ
ဝိပဿနာရှုတဲ့ နေရာမှာလဲ ဒေါသစိတ်ဖြစ်တဲ့အခါခန္ဓာကိုယ်ထဲကို ဉာဏ်နဲ့ကြည့်ပါ၊ ခန္ဓာမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာကြီးကိုဘယ်တော့မှမမြင်နိုင်ဘူး၊ ဒေါသဆိုတဲ့ရေဆူပြီး အခိုးထနေတာကို
ဒီတော့ရေအခိုးငြိမ်အောင်ရေအေးရေငြိမ်အောင်ထားပြီး မျက်နှာရိပ်ဟပ်ပြီးကြည့်တော့ မျက်နှာရိပ်မြင်ရသ
လိုဒီပေါ်လာတဲ့ဒေါသကို ဖြစ်ပျက်ရှုပြီး အရင်ဖယ်ပစ်ရမယ်၊ ဒီလိုဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကိုပြန်
ကောက်၊ ဒီလိုရှုတော့မှ ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်အနိစ္စတွေကို မြင်လာလိမ့်မယ်။
(၃) တတိယ အချက်က ထိနမိဒ္ဓပဲ၊ ထိနမိဒ္ဓဆိုတာကိုယ်စိတ်ကို ကိုယ်မနိုင်တာငိုက်မျည်းသွားတာ၊ရေကန်
ထဲကရေပြင်မှာ မှော်တွေဖုံးအုပ်နေတဲ့အခါ၊ မျက်နှာကိုဟပ်ကြည့်ရင်မျက်နှာရိပ်ကိုမမြင်နိုင်ဘူး၊ ဒီလိုပဲ
ဟဒယဝတ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ၊ ငိုက်မျည်းတဲ့စိတ်ကဝင်ရောက်နှောက်ယှက်နေရင်ရပြီးသားစာတွေ
မေ့မှာပဲ၊ အခု ဝိပဿနာရှုတဲ့နေရာမှာလဲ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်က ဟဒယဝတ္ထုနှလုံးသွေးမှာဝင်
ရောက် ဖုံးလွှမ်းနေရင်ဉာဏ်ဝင်ခွင့်မရလို့ ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စတွေ မမြင်နိုင်ဘူး၊ ဒီတော့ ဖုံးနေတဲ့မှော်
တွေဖယ်ရှားပစ်ပြီး မျက်နှာရိပ်ကိုဟပ်ကြည့်မှ ထင်ထင်ရှားရှားမြင်ရမယ်၊ ဒီမှာလဲ ဉာဏ်ပေါ်မှာဖုံးနေတဲ့
ထိနမိဒ္ဓကိုအရင် ဖြစ်ပျက်ရှုပြီး ဟဒယဝတ္ထု နှလုံးသွေးမှ ဖယ်ရှားပစ်ပြီးမှရှုနေတဲ့မူလကမ္မဋ္ဌာန်းကို ပြန်
ကောက်ပါ၊ ဒီတော့မိမိရှုနေတဲ့ ဖြစ်ပျက် အနိစ္စတွေထင်မြင်လာမယ်။
(၄) စတုတ္ထအချက်က ဥဒ္ဓစ္စ ကုက္ကုစ္စဖြစ်တယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ စိတ်ပျံ့လွင့်တာ စိတ်မငြိမ်တာ၊ ထားရာ
မှာမနေတာဘဲ။ ရေကန်ထဲကရေဟာလေတိုက်ခတ်လို့လှုပ်နေတဲ့အခါ မျက်နှာရိပ်ကိုဟပ်ကြည့်ပါ၊ မျက်နှာ
ရိပ်ကိုမမြင်ရဘူး၊ ဒီမှာလဲ ဝိပဿနာရှုရာမှာလဲ စိတ်ပျံ့လွင့်လှုပ်ရှားနေတဲ့အခါ ဝိပဿနာရှုရင် ခန္ဓာထဲရှိတဲ့
အနိစ္စတွေကိုမမြင်နိုင်းဘူး၊ ရေကိုငြိမ်အောင်လုပ်ပြီး မျက်နှာရိပ်ဟပ်ကြည့်မှမြင်ရတယ်၊ ဒီမှာလဲ ပျံ့လွင့်နေ
တဲ့စိတ်ကို ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပါ၊ ပြီးမှမူလကမ္မဋ္ဌာန်းကိုပြန်ကောက်ပြီး ရှုရင်ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စ
တွေကိုမြင်နိုင်တယ်၊ ထို့အပြင် ကုက္ကုစ္စဟာအရေးကြီးလို့ အထူးရှင်းပြပါဦးမယ်၊ ခင်ဗျားတို့ငယ်စဉ်တုန်းက
မသိမလိမ္မာလို့ မိုက်ခဲ့တာတွေကိုတွေးပြီး ပူမနေနဲ့၊ ကြောက်လန့်မနေနဲ့၊ ငယ်တုန်းကမိုက်ခဲ့တာတွေကို
နှလုံးသွင်းနေရင် ဒါမဂ်တားဖိုလ်တားဖြစ်တယ်၊ ငယ်ငယ်တုန်းကစပြီး တောက်လျှောက်လိမ္မာတဲ့ အမျိုးလို့
မရှိပါဘူး၊ အနည်းနဲ့အများ မိုက်မှားခဲ့တဲ့လူတွေများပါတယ်၊ဒါတွေတွေးမနေနဲ့၊ တွေးနေရင် ကုက္ကုစ္စဖြစ်ပြီး
ဝိပဿနာမှာ အနှောင့်အယှက်ဖြစ်တယ်၊ ဒီတော့ကုက္ကုစ္စစိတ်တွေလာရင်ဖြစ်ပျက်ရှုပြီး၊ ဖယ်ရှားပစ်ပါ၊
ဘုရားရှင်လက်ထက်ကလူဆိုးကြီးတွေ မဂ်ဖိုလ်ရသွားကြတာရှိခဲ့သားပဲ၊ ပြီးတော့သေခါနီးမှာ ကုက္ကုစ္စစိတ်
တွေဖြစ်ရင် တိရစ္ဆာန်ဖြစ်တတ်တယ်၊ ပြိတ္တာဖြစ်တယ်၊ ဒါကြောင့် ခင်ဗျားတို့ကို သေနည်းသင်ပေးနေရတာ၊
သေခါနီးရင် ကိုယ်ခန္ဓာကိုဖြစ်ပျက်ရှုပေးပါ သားသမီး ပစ္စည်းဥစ္စာတွေအတွက်စိတ်မချတာစွဲလမ်းတာတွေ
လာရင် ပြိတ္တာနဲ့ တိရစ္ဆာန်ဖြစ်တတ်တယ်၊ ဒါကြောင့် ဝိပဿနာလုပ်တဲ့အခါ ရှေးက ဒုစရိုက်မှုတွေကို မတွေး
တော့ဘဲ ဖြစ်ပျက်ရှုဖယ်ရှားပစ်ပြီး မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကိုသာ စိုက်စိုက်မတ်မတ် ရှုသွားရမယ်။
(၅) ပဉ္စမအချက် ဝိစိကိစ္ဆာဖြစ်တယ်၊ ဝိစိကိစ္ဆာဆိုတာသံသယရှိတာ၊ ဘုရား တရား သံဃာအပေါ် သံသယ
ရှိမှု၊ မိမိကျင့်နေတဲ့ ဝိပဿနာအကျင့်ပေါ်မှာ သံသယရှိမှုတွေဟာ မဂ်တားဖိုလ်တားပဲ၊ မိမိဉာဏ်မမီတာတွေ
ကို စဉ်းစားပြီး သံသယဖြစ်နေရင် ဒါအန္တရာယ်တစ်ခုပဲ သဒ္ဓါကိုရှေ့သွားပြုပြီးတဖြည်းဖြည်း ဉာဏ်နဲ့ဆင်ခြင်
သွားမှသာ အမှန်ရောက်နိုင်တာ၊ ဒီတော့ တွေးတောယုံမှား သံသယစိတ်တွေဝင်လာရင် ဒါကိုဖြစ်ပျက်ရှုပြီး
ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မှုလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ရေကန်ထဲကရေတွေအနယ်
ထနေရင် မျက်နှာရိပ်မထင်နိုင်ဘူး၊ အနယ်တွေဖယ်ရှားပစ်မှ မျက်နှာရိပ်ထင်နိုင်တယ်၊ ဝိပဿနာရှုရာမှာလဲ
ဝိစိကိစ္ဆာတွေဝင်ရှုပ်လာရင် ခန္ဓာအရှိကို ဉာဏ်မျက်စိကမမြင်နိုင်ဘူး၊ ဒီတော့ ဒီဝိစိကိစ္ဆာကို ဖယ်ရှားပစ်မှ
သာ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်၊ ခန္ဓာထဲမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကိုတွေ့မြင်နိုင်မယ်။       ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရား နာပွားများ

မဂ္ဂသစ္စာမှာ"ဘာဝေတဗ္ဗကိစ္စ"ပွားများရတဲ့ ကိစ္စရှိတယ် သစ္စာတရားနာရုံနဲ့မရဘူး၊ ပွားမှရမယ်စကားပြော
နေတာစာကျက်နေတာဟာ ပွားတာမဟုတ်ဘူး၊ သတိပဋ္ဌာန် ၄-ပါးထဲက တစ်ပါးပါးကို၊ ဥပမာ'ရုပ်'ကိုရှုတဲ့
ပုဂ္ဂိုလ်သည် ရုပ်တွေ့ရုံနဲ့ပွားတာမဟုတ်ဘူး၊ ရုပ်၏ သဘာဝဖြစ်ပျက်တွေမှ ပွားတယ်လို့မှတ်၊ 'ဝေဒနာ'ရှုတဲ့
ပုဂ္ဂိုလ်က ဝေဒနာတွေ့ရုံနဲ့ ပွားတာမဟုတ်ဘူး၊ ဝေဒနာကိုကျော်လွန်ပြီး ဝေဒနာ၏အဖြစ်အပျက်ကိုသိမှ ဒါကို
အဖန်တလဲလဲကြည့်နေမှ ပွားတယ်လို့မှတ်။ ဒီတော့နိဗ္ဗာန်ရောက်တဲ့အလုပ်ဟာ ပွားများမှုအလုပ်ပါပဲ၊ ပွား
များမှရမယ်၊ ပွားများမှုအလုပ်လုပ်မှ ကိလေသာသေမှု (သတ်မှု) ကိစ္စပြီးတယ်၊ ပွားများရာမှာ ဝေဒနာရှု
တော့ ဝေဒနာတွင်တွေ့နေသေးတယ်ဆိုရင် လိုသေးတယ်၊ ဝေဒနာ၏ပင်ကိုယ်သဘာဝကဖြင့် ဖြစ်ပြီးပျက်
တဲ့ သဘောပါလားလို့ ရှုနေရာမှာ၊ ဖြစ်ပြီး ပျက်တဲ့သဘောကိုရှုတော့ ဝေဒနာမဟုတ်တော့ဘူး၊ဪ အနိစ္စ
ပါလား၊ ဖြစ်ပြီးပျက်တာလေးပါလားလို့ သိလာတယ်၊ ဒီ ဖြစ်ပျက်ကို အဖန်ဖန်ကြည့်..ရှုနေရင်"ဘာဝေတဗ္ဗ"
ပွားများမှုဖြစ်ပြီ။ ဘုန်းကြီးက ဟောတဲ့တရားကိုနားထောင်တဲ့ အခါမှာဒီက ဟောလိုက်တဲ့တရားကို နားထဲ
ကကြားပြီး၊ ဟောတဲ့ဒေသနာဉာဏ်ကို အစဉ်လျှောက်ပြီး (ဒေသနာဉာဏနုသာရေန) ဉာဏ်က ခန္ဓာထဲ
လှည့်လိုက်ပါ၊ စိုက်ကြည့်ပါ၊ ဉာဏ်ကိုခန္ဓာကိုယ်ပေါ်မှာစေလွတ်ပါ၊ (ဉာဏံပေသေန္တဿ) သည် ခန္ဓာ ၅-ပါး
ထဲကတစ်ပါးပါးကို ဉာဏ်ကစိုက်ကြည့်ပေးပါ၊ (ဉာဏုတ္တရဿဟောတိ) တဲ့ဟောရင်းမတ္တနဲ့ဉာဏ်တက်လာ
ပြီး၊ ဪ..တစ်ကိုယ်လုံးဟာ အဖြစ်အပျက်မှတစ်ပါးဘာမှမရှိပါလားလို့ အဖြစ်အပျက်မြင်တဲ့ဉာဏ်တက်
လာလိမ့်မယ်၊ အဲဒါ (ယထာဘူတဉာဏ်) ပဲ၊ နောက် အဖြစ်အပျက်မုန်းတဲ့ဉာဏ်တက်လာလိမ့်မယ်၊ အဲဒါ
(နိဗ္ဗိန္ဒဉာဏ်) ခေါ်တယ်၊ နောက်အဖြစ်အပျက်ကိုပင် ဖြစ်ဒုက္ခ ပျက်ဒုက္ခပါလားလို့ ပိုင်းခြားတဲ့ဉာဏ်အလိုလို
တက်ပြီးဒေသနာအဆုံးမှာ သောတပန်တည်နိုင်တယ်၊ ဒေသနာဉာဏ် အစဉ်လျှောက်ပြီး ခန္ဓာထဲဉာဏ်
ရောက်ပြီး၊ (ဉာဏ်ကပွားများပြီး) ဉာဏ် ၃-ဆင့်နဲ့ တက်သွားလို့ သောတပန်ဖြစ်လာတာ၊ နားကကြားတာကို
ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်ကိုလှည့်ခိုင်းလို့ရှိရင် ဉာဏ်တက်လာပါလိမ့်မယ်၊ ဒီဉာဏ်ဟာ သစ္စာသိတဲ့ဉာဏ်ဖြစ်
ပြီး၊ သစ္စာကျအောင် တက်လို့ရှိရင် တရားပွဲအတွင်းမှာ ကိစ္စပြီးတယ်လို့မှတ်။
ဒီတော့တရားနာနည်း မှန်ဖို့အရေးကြီးတယ်၊ ဘယ်လိုမှန်ရမတုံး၊ ဒေသနာဉာဏ်ဝမ်းထဲရောက်အောင်လုပ်၊
ဒေသနာတွေကို ဝမ်းထဲကဉာဏ်က ဖမ်းထား၊ ဖမ်းထားတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ်ပေါ်မှာလိုက်လိုက်၊ ခန္ဓာကိုယ်
ပေါ်မှာ ဉာဏ်ကဖြစ်ပျက်ရှုပေး၊ ဒီလိုဆိုရင် တရားနာတဲ့အဆုံးမှာ ကိစ္စပြီးတယ်၊ ဒီသဘောဟာ ဘုရားလက်
ထက်ကတည်းကပဲ၊ ဒီက ဟောလိုက်တဲ့တရားကို ဉာဏ်နဲ့လိုက်ပြီး ခန္ဓာထဲဉာဏ်လှည့်ပြီး ဖြစ်ပျက်လိုက်၊
ဉာဏ်ဆိုတာက ပြောတော့သာ ၁၆-ဉာဏ်၊ ၁ဝ-ဉာဏ်အစရှိသည်ဖြင့်ပြောနေရတာ၊ စင်စစ်တော့တစ်စက္ကန့်
ဆိုအကုန်ပြီးတာပဲ၊ နားကနာပြီး၊ ဉာဏ်ခန္ဓာထဲစိုက်လိုက်၊ ဘယ်ဝတ္ထု၊ ဘယ်တရားနာလိုက်တာနဲ့ ကျွတ်
တမ်းဝင်းသွားတယ်ဆိုတော့၊ "ဘာဝေတဗ္ဗ"ပွားများတဲ့ ကိစ္စတွေမပါသလိုဖြစ်နေတယ်၊ အမှန်ဒီဝတ္ထုတွေ
ဟာ သုတ္တန်တရားဖြစ်လေတော့ သုတ်တွေမပျောက်အောင် စီရေးရတယ်ဆိုတော့ အဘိဓမ္မာမထည့်နိုင်ဘူး
သုတ္တန်ဆိုတာ ကျင့်စဉ်ပါတာကနည်းတယ်၊ အဲဒီတရားနာလို့ ကိစ္စပြီးသွားတယ်ဆိုငြားသော်လဲ၊ သုတ္တန်
နောက်ကနေပြီး အဘိဓမ္မာမလိုက်ရင် ဖြစ်ကိုမဖြစ်ဘူး။ (မှတ်ချက်။  ။ "ဘုရားတရားဟောစဉ်"ဘုရားက လူ
တစ်ယောက်ချွတ်တော့မယ်ဆိုရင် တရားဟောစဉ်ရှိတယ်)။ (၁) ရှေးဦးစွာ ဒါနပြုကွ၊ ကြပ်ကြပ်ပြုကွလို့
ဟောချလိုက်တယ်၊ ဒါနဆိုတာ လူချမ်းသာ နတ်ချမ်းသာဆိုတဲ့ ချမ်းသာတွေကိုသူကပေးနိုင်တယ်ဆိုပြီး၊ သူ့
အကျိုးတွေတစ်ခါလောက်ဟောလိုက်တယ်၊ ပန်းလှူလို့လှပပုံ၊ ကျောင်းဆောက်လို့နတ်ပြည်မှာ ဘုံပေါက်
ပုံစသည် အကျိုးပေးပုံတွေဟောလိုက်တယ်။ (၂) နောက် ဒါနလှူပြီးတော့ ဒီလို အကျိုးပေးပြီးသော်လဲအ
သက်မရှည်ရင်အလကားကွ၊ လက်ထဲ ငွေရှိပေမယ့်မစားရခင် သေသွားရင်မကောင်းဘူး၊ ဒီတော့သီလလေး
လုပ်ကွ သီလလုပ်မှအသက်ရှည်မယ်လို့တစ်ဆင့်တက်ဟောတယ်။ (၃) ဒါန သီလ ဟောပြီးတော့မှ ဒါန
ကြောင်းဘုံဗိမာန်တွေ ပဒေသာပင်တွေပေါက်၊ သီလကြောင့် အသက်ရှည်တဲ့ နတ်မင်းကြီးဖြစ်လာပြီး စည်း
စိမ်ဥစ္စာရတနာနဲ့ အပြည့်အစုံကွ၊ ဘယ်လောက်ကောင်းသတုံးကွလို့"သဂ္ဂကထာ"ခေါ်နတ်ပြည်အကြောင်း
ဆက်ဟောပြန်တယ်။ (၄) ဒါတွေပြီးတော့မှ"ကာမာနံအာဒီနဝကထာ"ဟောဒီအကျိုးတွေဟာ ငါးပါးပအာရုံ
ကာမဂုဏ်တွေကွ၊ ဘာမှအသုံးမကျဘူး၊ မျောက်မီးရှုးပန်းကိုင်ထားသလို ကိုယ့်ချည်းလောင်တာပဲကွ၊ အမဲ
သားရတဲ့ကျီးလိုပဲ တခြားကျီးတွေကလိုက်လုတာနဲ့ ချမ်းသာခွင်မရဘူး၊ ဒါတွေလဲအကုန်ဟောချလိုက်တယ်၊
အပြစ်တွေပြဟောလိုက်တယ်၊ ရသရွေ့ဟာတစ်ခုမှမကောင်းဘူးကွ၊ ဒီရောက်အောင်တဖြည်းဖြည်းဆွဲခေါ်
လာပြီးတော့မှ၊ ပင်ကိုယ်အပြစ်တွေ ဟောချလိုက်တယ်၊ (ဒီလိုဟောပြနေတာဟာ ဘာဝနာမပါဘဲနဲ့ ကိစ္စပြီး
တယ်လို့ ခင်ဗျားတို့ထင်နေမှာစိုးလို့ ပြောပြရတာ)။ (၅) ပြီးတော့မှ"နေက္ခမ္မကထာ"ကာမမှထွက်ကွ၊ ကာမ
ဂုဏ်အာရုံတွေက ထွက်ဆိုတော့၊ ဒါအလုပ်လုပ်ရတော့မယ်လို့ပြောတာ၊ ကာမအာရုံတွေကို အနိစ္စ ဒုက္ခ အနတ္တ မရှုရင်၊ ကာမမှ မထွက်နိုင်၊ ဒီတော့ ဝိပဿနာ စလုပ်တော့လို့ပါလာတယ်။
(၆) "မဂ္ဂကထာ"ဟောချလိုက်တယ်၊ သစ္စာဟောချလိုက်တယ် အဲဒီတော့ မဂ္ဂကထာမဟောခင် ကာမာနံ
အာဒီနဝကထာဟောတယ်၊ ကာမဂုဏ်၏ အပြစ်တွေ၊ လူဖြစ်ရတာလဲ ဒုက္ခသစ္စာကွ၊ ငါးပါးအာရုံကာမဂုဏ်
တစ်ငါးရာကိလေသာမီးတွေ အကုန်လောင်နေတာ တဟုန်းဟုန်းပဲကွလို့ ဟောလိုက်တယ်၊ ဟောတာ့ကာမ
ဂုဏ်အာရုံတွေ၏ အပြစ်တွေကိုမြင်ပြီး၊ ဒါတွေဟာ သက်သက်အသုံးမကျတဲ့ တရားတွေပဲလို့ သူ့ကိုဝိပဿ
နာလိုက် လိုက်တယ်၊ လိုက်တဲ့အခါကျတော့မှ သူ့စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ၊ တဏှာ မာန
ဒိဋ္ဌိတွေကင်းသွားတာ၊ ကင်းသွားတော့ စိတ်ကဖြူစင်းသွားတယ်၊ ဖြူနေတဲ့အဝတ်ဟာ ဆိုးချင်တာနဲ့ဆိုး စွဲ
တယ်၊ ဂျီးအပေတွေနဲ့ဆိုရင် မစွဲဘူး၊ ဒီလိုပဲ ဒီမှာလဲ ကာမာနံအာဒီနဝကထာဟောတော့ စိတ်ဖြူစင်သွားပြီး
ငါးပါးအာရုံကာမဂုဏ်တွေဟာ စိန်တွေ ရွှေတွေ ငွေတွေဟာအလကားဟာတွေ၊ ဘာမှလိုချင်စရာမရှိဘူး၊ ဒီ
လိုဖြစ်လာတော့ စိတ်ထဲမှာ ဖြူစင်လာတယ်၊ ဖြူစင်လာတဲ့အခါကျတော့မှ မင်းတို့ခန္ဓာကြီးဟာ"ဒုက္ခသစ္စာ"
ကွ၊ ဒီဒုက္ခဖြစ်စေတာဟာ"သမုဒယသစ္စာ"ကွ၊ ဒီသမုဒယသစ္စာ မသေသရွေ့ ဒုက္ခမငြိမ်းဘူးဆိုပြီး၊"မဂ္ဂသစ္စာ
ကိုဆက်ဟောလိုက်တယ်၊ ဒီတော့ အလုပ်တရားတွေရောက်လာတယ်၊ ရောက်လာတော့ သစ္စာဟောလိုက်
သည်နှင့် တစ်ပြိုင်နက် ဒီပုဂ္ဂိုလ်တွေဟာ ဒီကျမှ မဂ်ဖိုလ်ဆိုက်လာရတယ်၊ သစ္စာကျမှဆိုက်တယ်၊ ဒါတရား
ဟောစဉ်ပဲ၊ ဘယ်သူ့ကိုမဆို ဒီလိုပဲဟောတယ်။ "သစ္စာအဓိက"ဘုရားဟောစဉ် ရှေ့ပိုင်းမှာ ဒုဂ္ဂတိက သုဂ
တိရောက်အောင်ဟောလိုက်ပါသေးတယ်၊ နောက်တော့မှ သုဂတိရောက်လဲ ခန္ဓာ ၅-ပါးဖြစ်တာပဲ..ဆိုတော့
ဒုက္ခသစ္စာဖြစ်တာပဲ၊ ခန္ဓာ ၅-ပါးက မထွက်လို့ရှိရင်၊ ဒုက္ခသစ္စာထဲကအထွက်ဘဲနေဦးမှာပဲ၊ နောက်ဆုံးပိတ်
ဖြူစင်တဲ့အခါကျမှ သစ္စာဟောတယ်၊ ဒီဘုရားဟောစဉ်ကို မှတ်၊ ဘုန်းကြီးတို့ကတော့ ဒီလိုမဟောတော့ဘူး
ဟိုဟာတွေ တခြားဆရာတွေဆီက နာခဲ့ကြပြီ၊ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာတွေ မလိုတော့ဘူး၊
ဘုန်းကြီးတာဝန်က သစ္စာကထာ(မဂ္ဂကထာ) ဟောဖို့ပဲ၊ ဒီပြင်ဟာတွေ ခင်ဗျားတို့ကြားဘူးလှပြီ၊ သစ္စာက
ထာတော့မကြားဘူးသေးပါဆိုတော့၊ ဒါဖြင့် ဖြူစင်နေတဲ့ စိတ်ကိုဆိုးပေးရတော့မှာပဲ၊ သစ္စာကထာက စိတ်
ဖြူစင်နေတဲ့ အချိန်မှာဟောရတာ၊ ရှုပ်ပွေနေတဲ့အချိန်မှာ ဟောကိုမဟောနိုင်ဘူး၊ မဟောနဲ့၊ စောင့်ပေးပါ၊
ဘုရားကလဲ စောင့်တာပဲ၊ ဒီတော့သစ္စာတရားဟာ ကျွတ်တမ်းဝင်တဲ့တရားလို့မှတ်။
သစ္စတရားနာမှုနဲ့ သစ္စာတရားနှလုံးသွင်းမှုနှင့်(ပွားများမှု)ဒီ ၂-ခုရှိရင် သာဝကပါရမီမှာကိစ္စပြီးပြီ၊သစ္စာတရား
နာတုန်းက ကိလေသာအစေးတွေခြောက်တယ်၊ နောက် သစ္စာအလုပ်ကို လုပ်တဲ့အချိန်ကျတော့မီးတောက်
တာပဲ၊ ကိလေသာအစေးတွေကုန်သွားတာပဲ၊ ရှေးဦးစွာ သစ္စာတရားနာပြီး သစ္စာပွားရတာပဲ၊ ဒုက္ခသစ္စာကို
မဂ္ဂသစ္စာနဲ့ ပိုင်းပိုင်းခြားခြားသိမြင်အောင် (ပရိညေယျ) နဲ့ သိအောင်လုပ်ပေတော့၊ သစ္စာနာမှုရှိပြီး သစ္စာပွား
မှုသာတို့တာဝန်လေးရှိတော့တယ်လို့ စွဲမြဲစွာမှတ်ကြပါ၊၂-ပိဿာရှိတဲ့အနက်က၊၁-ပိဿာကိုဆရာကထမ်းပိုး
ပြီး၊ ကျန်တဲ့ ၁-ပိဿာကို ကိုယ်တိုင်ထမ်းဖို့ဝန်မလေးရင်ရပြီသာမှတ်၊ သစ္စာပွားမှုအလုပ်မှာ ပျင်းမှုဖျင်းမှုပဲ
စိုးရိမ်ပါတယ်၊ ခင်ဗျားတို့ အပါယ်လေးပါးသွားမယ့်ကံလုပ်ထားတာတွေအများကြီးပဲ၊ ဘယ်လောက်များသ
တုံး၊ မရေတွက်နိုင်ဘူး၊ အဲသလောက်များတဲ့ ကံတွေဟာ သစ္စာတရားနာပြီး သစ္စာပွားလို့ဒုက္ခကို ပိုင်ခြားမြင်
နိုင်တဲ့ အခြေအနေရောက်ရင်၊ အဟောသိကံ ဖြစ်သွားတယ်၊ အကျိုးမပေးတော့ဘူး၊ နောက်ကကံတွေ အ
ဟောသိကံဖြစ်သွားရင်၊ သံသရာမှာ လုံးဝပြန်မဖြစ်တော့ဘူး၊ ဒီအလုပ်ကလေး မလုပ်ဖြစ်ရင် ကျောက်ခဲက
လေးရေထဲကျသလို မကယ်နိုင်တော့ဘူး၊ ဒါကြောက်အောင်ဟောနေတာမဟုတ်ဘူး၊ ဖြစ်စဉ်ကိုက်ဟောနေ
တာ၊ တစ်ခါကျသွားရင်ပြန်တက်ဖို့မလွယ်ဘူး၊ ဇာတ်တော်ထဲက ဥပရိမိဖုရားကြီးဟာ စုတေပြီးနောက်
နွားချေးပိုးသွားဖြစ်တယ်၊ နွားချေးပိုးဘဝက ကျွတ်သွားတယ်ဆိုတာ မကြားရဘူး၊ ဘယ်လောက်မှပြန်တက်
မယ်ဆိုတာ မပြောနိုင်ဘူး၊ ဒီတော့ အခုရရှိတဲ့အခွင့်အရေးကလေး လက်မလွတ်စေနဲ့၊ သစ္စာတရားနာမှုနှင့်
သစ္စာတရားပွားမှု..မဆုံးရှုံးစေနဲ့၊ ဒါဆုံးရှုံးရင် အကုန်ဆုံးမယ်မှတ်၊ ရွှေတွေ ငွေတွေ စိန်တွေဆိုတာက အရေး
ကြီးတဲ့အခါ ဝေဒနာတစ်ခုသက်သာအောင် မတတ်နိုင်ဘူး၊ အိုသွားတာကို မအိုအောင်မတတ်နိုင်ဘူး၊ သေ
ခန်းကျတော့ဒါတွေက အကူအညီတွေရသေးရဲ့လား၊ မရဘူး၊ မရတဲ့အပြင် ဒါတွေကအပါယ်တွန်းချလိုက်
သေးတယ်။ အဲဒီတော့ အားကိုးစရာအစစ်က"အတ္တာဟိ အတ္တနော နာထော"ဆိုတဲ့အတိုင်း၊ မိမိအားထုတ်
တဲ့တရားကိုသာလျှင် မိမိအားကိုးရတော့မှာပါလား ဆိုတာဆုံးဖြတ်ချက်ချ၊ တခြားဘာမှ အားကိုးစရာ မရှိ
ဘူး၊ အခုနာနေတဲ့ သစ္စာတရားရယ်၊ ကိုယ်တိုင် သစ္စာပွားတာလေးရယ်၊ ဒါပဲအားကိုးစရာရှိတယ်၊ ဒီအလုပ်
ဟာ အပါယ်လေးပါး တံခါးလဲပိတ်တယ်၊ အားကိုးစရာအစစ်လဲဖြစ်တယ်၊ ဒီတော့ သစ္စာဓမ္မပဲအားကိုးစရာရှိ
တော့တယ်၊ သစ္စာဓမ္မ ပွားများမှုအလုပ်သာ လုပ်ကြပေတော့၊ ဘုရားကလဲ ငါသည် သစ္စာလေးပါးသိမှ
ဘုရားဖြစ်ပြီလို့ဝန်ခံတယ်လို့ ဟောထားတာ၊ သစ္စာမသိဘဲနဲ့ ငါ သောတပန်၊ ငါ သကဒါဂါမ်၊ ငါ အနာဂါမ်
ငါ ရဟန္တာ ဖြစ်လာတယ်ဆိုရင် ဘယ်တော့မှမယုံနဲ့ကွတဲ့၊ သစ္စာတရားမသိဘဲနဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့၊
တခြားတရားတွေဟာ သာမညအားကိုးရာပဲရမယ်၊ ခဏပဲရမယ်၊ ပြန်ကျက မလွယ်ဘူး၊ ဒီတော့"သစ္စာနာမှု
နဲ့ သစ္စာပွားမှု"၂-ခုသာလျှင်တို့၏ အားကိုးရာ အားထားရာအစစ်ရှိတော့တယ်လို့ ဆုံးဖြတ်။
သစ္စာတရားနာမှုကို ရှေးဦးစွာ ဘုန်းကြီးကဟောမယ်၊ ပြီးတော့မှ သစ္စာပွားမှုအလုပ်ကို ဉာဏ်နဲ့တက်ပေးရ
မယ်၊ သစ္စာနားမလည်သေးရင် ခင်ဗျားတို့ ဒုက္ခဘယ်တော့မှမကုန်နိုင်ဘူး၊ သစ္စာမနာရဘဲနဲ့ သစ္စာအားထုတ်
မယ်ဆိုရင်  ဒုက္ခဘယ်တော့မှမကုန်ဘူးလို့ သစ္စာသံယုတ်မှာဟောထားတယ်၊ ဒီတော့ သစ္စာတရားနာမှု
သည် အရးအကြီးဆုံးအလုပ်ပဲ၊ သစ္စာနာပြီးရင် သစ္စာပွားပေတော့၊ ကဲ..ဒုက္ခသစ္စာ၏ သန္တာပဋ္ဌ သဘောကို
ဟောတော့မယ်။              ။

                                               ဤကောင်းမှုကုသိုလ်ကံ
                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                      အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                              တည်ရှိပါစေသတည်း။      ။

                                                                                          အရှင်ဉာဏဓဇ
                                                                             မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                      ပင်မသံဝေဇနိယဌာန
                                                                                           အမရပူရမြို့။    ။

Friday, November 2

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သပိတ်သွတ်လွတ်တရားတော်

သီတင်းကျွတ်ပြီ ဆိုတော့ ခင်ဗျားတို့က ဆရာသမားကန်တော့ရလို့ မီးတွေထွန်းရလို့ ဝမ်းသာကြတယ်၊
တကယ်တော့ ဒါသေခါနီးသွားတာပဲ၊ ခန္ဓာကတော့ ဝါဆိုလကထက် အခု သီတင်းကျွတ်လက သေဖို့ရာ
ပိုနီးသွားတာပဲ၊ ဒီတော့ မသေရာရှာဖို့ရာ အလုပ်ခရီးရောက်ထားဖို့ အရေးကြီးတယ်။
ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော်မှာ"သစ္စာသိပြီးသေတဲ့ ပုဂ္ဂိုလ်များမှာ ဘာမှပူစရာမရှိပုံ"ကိုပြန်လည်ဟော
ကြားထားတယ်၊ ဘုန်ကြီးဘလဲ သစ္စာသိဖို့အရေးကိုပဲပြန်ပြီးဟောပါမယ်၊ ဒကာ ဒကာမတို့ နောင်ဘဝက
သစ္စာ ၄-ပါးမသိတော့"အဝိဇ္ဇာ"နဲ့နေခဲ့ကြတယ်၊ သစ္စာမသိတော့နောင်ဘဝကိုတောင့်တပြီး၊ ကုသိုလ်သင်္ခါ
ရတွေကို လုပ်ခဲ့ကြတယ်၊ လုပ်ခဲ့တော့စုတိမနေ သေလွန်တဲ့အခါ၊ ပဋိသန္ဓေဝိညာဏ်နဲ့တကွ ရုပ်နာမ်-ခန္ဓာ
၅-ပါးပေါ်တယ်၊ ဒီခန္ဓာ ၅-ပါးဟာ ဒုက္ခသစ္စာပဲ၊ ဒီဘဝမှာ ခန္ဓာ ၅-ပါး ဒုက္ခသစ္စကြီးရတယ်၊ ခင်ဗျားတို့ သစ္စာ
သိစေချင်တယ်၊ သစ္စာသိစေချင်တာက ဒီဘဝတွင်ကိစ္စပြီးစေချင်လို့မှတ်၊ အဲဒါကြောင့် ငါသေရင်ဘာများဖြစ်
ဦးမှာလဲလို့ ဘယ်တော့မှ မတွေးနဲ့၊ ဒီခန္ဓာမပေါ်သရွေ့ ဒုက္ခသစ္စာပဲ၊ ဒါကိုသိတဲ့ ပုဂ္ဂိုလ်သေရင် နတ်ရွာသုဂ
တိမှတစ်ပါးဘယ်မှမသွားဘူး၊ သစ္စာသိတော့ အောက်သံသရာ..အပါယ်မသွားတော့ဘူး။
ကဲ..ဒကာ..ဒကာမတို့ အလောင်းကောင်အသုဘကြီး တစ်ခုကိုဒီကျောင်းပေါ်မှာ မလွှဲသာလို့ထားမယ်ဆိုပါ
တော့၊ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလဲဆိုတော့၊ နားထဲကထွက်လဲ အသုဘထွက်မှာပဲ၊ ပါးစပ်
နှာခေါင်း၊ မျက်စီကထွက်လဲ အသုဘထွက်မှာပဲ၊ နဂိုကအသုဘကြီးမို့ အသုဘတွေထွက်လာတာပေါ့၊ ဒီအ
သုဘခန္ဓာကြီးထဲကကျင်ကြီးထွက်လာ၊ ကျင်ငယ်ထွက်လာ၊ ချွေးထွက်လာ၊ ရောင်ဖောလာ၊ ပြည်သွေးထွက်
လာ၊ အသုဘမို့ အသုဘတွေထွက်လာတာပဲ၊ ဒီတော့ ဒီခန္ဓာကိုယ်ကြီးဟာဒုက္ခသစ္စာဆိုတာသေချာပြီ၊ ရုပ်
နာမ်ခန္ဓာ ၅-ပါးစလုံးဟာ အသုဘတွေချည်းပဲ၊ ဒီခန္ဓာကြီးဟာ အသုဘကြီး၊ ဒုက္ခသစ္စာကြီးလို့ သိအောင်လိုပ်
ဒီအသိနဲ့သေရင် အပါယ်မကျဘူး၊ သေခြင်းဆိုးမရှိတော့ဘူး၊ သစ္စာသိတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာကနေ တဏှာမ
ကူးဘဲ တစ်ခါတည်း မဂ်ဉာဏ်ပေါ်တာပဲ။
ဒါကြောင့် သစ္စာကို ကိုယ်ပိုင်ဉာဏ်နဲ့ သိအောင်လုပ်ပါ၊ သစ္စသိတဲ့လူဟာ အောက်အပါယ် သံသရာပြတ်
တယ်၊ အောက်အပါယ်"ပြိတ္တာ"ဘုံရောက်မှဆွမ်းသွတ်ရတာ၊ သစ္စာသိတဲ့ပုဂ္ဂိုလ်မှာ အောက်အပါယ်မလား
ဘူးဆိုတော့ ဆွမ်းသွတ်စရာမလိုတော့ဘူး၊ ဒါကြောင့် သစ္စာသိလို့ရှိရင်"ငါသေရင်ဆွမ်းမသွတ်နဲ့တော့"လို့
အိမ်မှာ မှခဲ့၊ ကြားလား ဒကာကြွယ်၊ မှာရဲရဲ့လား၊ မမှာရဲသေးလို့ရှိရင် သစ္စာမသိသေးလို့ဘဲ၊ သစ္စာမသိသေး
ရင် ပြိတ္တာဖြစ်နိုင်သေးတယ်၊ ဒီလို မမှာရဲသေးလို့ရှိရင် ကိုယ့်ကိုယ်ကို သစ္စာမသိ..သိအောင်လုပ်ပါလို့ တိုက်
တွန်းပါတယ်၊ ဒါဖြင့် ခန္ဓာကိုယ်ထဲကပေါ်လာတာတွေဟာ ဘာသစ္စာ၊ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတော့ သိတာ
က..မဂ္ဂသစ္စာ၊ သေတာက..သမုဒယသစ္စာ၊ သမုဒယသစ္စာသေရင်၊ ဒုက္ခနိရောဓသစ္စာလာမယ်၊ ဒီခန္ဓာကြီး
ခန္ဓာ ၅-ပါးက ပေါ်လာတာတွေ ရှုနေတော့ အရှုခံက ဘာသစ္စာ၊ ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က ဘာသစ္စာ၊ မဂ္ဂသ
စ္စာ၊ ဒါကို အဖန်ဖန်ပွားများနေရင် သမုဒယသေတယ်၊ သမုဒယသေရင် နောက်ခန္ဓာ ဒုက္ခသစ္စာ ချုပ်တော့
နိရောဓသစ္စာပေါ်လာတော့တာပဲ။
အဲဒီတော့ ဒီခန္ဓာကြီးကို ဖြစ်ပျက်ရှုပါ၊ ခန္ဓာပြတဲ့အချိန်ရှုလိုက်၊ ရှုတော့ ဒုက္ခသစ္စာကို မြင်လာမယ်၊ သိမယ်၊
သိရင် ဒုက္ခသစ္စာသိတာပဲ၊ သစ္စာသိတာပဲ၊ သစ္စာသိရင် သေတဲ့အခါ သပိတ်သွတ်လွတ်တယ်၊ အဲဒီတော့
ဒီတရားဟာသစ္စာသိအောင်ဟောတဲ့တရားဖြစ်လို့"သပိတ်သွတ်လွတ်တဲ့တရား"လို့မှတ်။          ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ