Saturday, December 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မှတ်သားလိုက်နာရမည့် ဩဝါဒတော်များ။

"ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုတာ...
သစ္စာမသိလို့ပြောတာပါ။
နိဗ္ဗာန်မမြင် ချမ်းသာမသိတဲ့လူကပြောတာ။
ကံစီမံသလို ခံကြယုံပဲဆိုတော့...
ကိုယ့်စွမ်းရည်တုံးတယ်။
ကံကို အားကိုးတာသည် ...
အသေဆိုးသေပြီး အနေဆိုးနေရတဲ့ ...
ဒုက္ခသစ္စာရချင်လို့ပဲ။"

■■■■■■■■■■■■■■■■■■■

သက်တမ်း ခပ်တိုတိုလေးမှာ
ခပ်ခိုခို လုပ်နေမယ်ဆိုရင်
အသေစောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်။

■■■■■■■■■■■■■■■■■■

မသိတုန်းကတော့...
မသိသလိုနေလာကြတာ ကိစ္စမရှိပါဘူး။

သိပြီးတဲ့အခါကြတော့...
ပြင်ဆင်ဖို့အချိန်အခါ ရောက်ပြီ။

ကိုယ့်ကိုယ်ကို သနားရင်...
ဝိပဿနာအလုပ် လုပ်ပါ။

■■■■■■■■■■■■■■■■■

ဒေါသဆိုတာ နှလုံးသွေးထဲမှာ
ဆူပွက်နေတာ ။
အရှက်အကြောက်တွေကင်း၊
ပစ္စုပ္ပန်မှာ ရုပ်အမျိုးမျိုး ပြောင်း၊
မျက်လုံးမျက်ဆန်တွေ ပြူးလာတာ ၊
ဒေါသသတ္တိ။

ကိုယ့်ကိုယ်ကို စိတ်ဆိုးလည်း
မဂ်ဖိုလ်တားတာပဲ။
သူတစ်ပါးအတွက်
စိတ်မကောင်းဖြစ်လည်း
မဂ်ဖိုလ်တားတာပဲ။

■■■■■■■■■■■■■■■■■■

ကျန်းမာနေတုန်းကတော့
သုခဝေဒနာက ခိုင်းတယ်။
မကျန်းမာတဲ့ အခါကျတော့
ဒုက္ခဝေဒနာက ငါ့ကုဟဲ့ ငါ့သဟဲ့
ဘယ်လောက်ကုန်ကုန်ရှာဟဲ့
ငါပျောက်ဖို့ အရေးကြီးတယ်ဆိုပြီး
ဒုက္ခဝေဒနာက မကျန်းမာတဲ့အခါ
သူက ပိုပြီး အရှာဖွေခိုင်းတယ်။

ဟဒယဝတ္ထုဆိုတဲ့
နှလုံးသွေးထဲမှာ လောဘဆိုတဲ့
ဆေးနီ ဆေးဝါ ရောနေရင်
ခန္ဓာဖြစ်ပျက်ကို မမြင်နိုင်ဘူး။

လောဘက မဖယ်ထုတ်တော့
ကြီးပွားလာတယ်။

လောဘဆိုတာ တဏှာ။
တဏှာ ကြီးပွါးတော့
ဥပါဒါန်ကံ အပါယ်ဇာတိပဲ။

■■■■■■■■■■■■■■■■■

ဒီအလုပ်ဟာဖြင့်
မလုပ်မဖြစ်တဲ့အထဲမှာ
အကြီးကျယ်ဆုံး အလုပ်ကြီးပဲ။

ခင်းဗျားတို့ကို
အင်မတန် ကိုယ်ကျိုးကြီးနည်းမှာစိုးလို့
အလုပ်ခိုင်းနေတာမှတ်ပါ။

တစ်သက်မှ တစ်ခါ
တစ်သံရာမှ တစ်ခါဆိုသလို
ဒီလို နက်နက်နဲနဲတရားတွေကို
ကြားရတာပါနော်။
အင်မတန် ဂရုစိုက်လိုက်ကြစမ်းပါ။

■■■■■■■■■■■■■■■■■

ဘုရားက
ရာဟုလာသားတော်ကဲ့သို့
ချစ်သနားတော်မူလို့
အမွေပေးထားခဲ့တဲ့ တရားတော်။

အခုကြိုးစားရင်
အခုရမယ်ဟောတယ်။
နောက်မှ ရမယ်လို့ မဟောဘူး။

သူများတောင် ရသေးတာ
ငါဘာကြောင့်
မရဘဲရှိရမှာလဲဆိုပြီး
လုပ်သာလုပ်။

နေချင်သလိုနေပြီး
မကြိုးစားရင်
သေချင်သလိုသေပြီး
ပရမ်းပတာ ဖြစ်ချင်ရာဖြစ်မယ်။

■■■■■■■■■■■■■■■■■

ဘဝဆိုတာ
ဘယ်နေရာမဆို
လောင်စာနဲ့ ထင်းပဲ။

ဘဝမှာ ပျော်မွေ့တယ်ဆိုတာ
ဒုက္ခထဲပျော်မွေ့နေတာပါပဲ။

သစ္စာမသိလို့ပျော်မွေ့တာ။
မင်းတော့နိုင်အောင် သတ်မှပဲ။
မင်းခံနေလို့ရှိရင်
ဘယ်တော့မှလည်း
နိဗ္ဗာန်ရမှာ မဟုတ်ဘူး။

ဒီလိုဆိုပြီး သကာလ
သူ့ကို ကြိမ်းမောင်းရမယ့်အသွားကို
ယနေ့ပြောတာပဲ။

■■■■■■■■■■■■■■■■■

တောထဲတောင်ထဲ မသွားဘဲ
အိမ်ကြိုအိမ်ကြား
သွားရင်း လာရင်းနဲ့လည်း
တရားရနိုင်ပါတယ်။

ဘယ်မှာနေနေ
ဘာတွေလုပ်လုပ်
သတိနဲ့ ပညာ
အစဉ်မကွာဖို့သာ လိုရင်းပဲ။

ခန္ဓာမှာ
ဥာဏ်မလွတ်ဖို့ပဲ
အရေးကြီးတယ်။

တရားက
ခန္ဓာမှာ ရှိနေတော့...
ခန္ဓာနဲ့ ဉာဏ်ကွာနေရင်
ဘယ်မှာနေနေ
တရားမရနိုင်ဘူး။

■■■■■■■■■■■■■■■■■

ဒီခန္ဓာကြီးကတော့
အားမထုတ်လည်း သေရွာသွားမှာပဲ။
အားထုတ်လည်း သေရွာသွားမှာပဲ။

ပုထုဇဉ်အဖြစ်နဲ့ သေရင်
လူတစ်သိန်းသေလို့
သုဂတိ တစ်ယောက်မရောက်ဘူး။

အကုန် အပါယ်ချည်းသွားကြတာပဲ။
ယနေ့ စကြာဝတေးမင်း
မနက်ဖြန် ဒယ်အိုးထဲ
ရောက်နိုင်သေးတယ်။

■■■■■■■■■■■■■■■■■■

အပါယ် "မိုးကြိုးပစ်" တာကို
လှူဒါန်းတာလောက်
"ထန်းလက်နဲ့ ကာ" လို့မရဘူး...။
ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်။

■■■■■■■■■■■■■■■■■

မိုးကုတ်ဆရာတော်ဘုရား


Tuesday, December 15

အနာရှိလျက် အနာရှာ

ခန္ဓာဒုက္ခသစ္စာကြီး ရလျက်ကပင် နောက်ခန္ဓာ 
ဒုက္ခသစ္စာရကြောင်း အလုပ်တွေ လုပ်နေသည်ကို
ပေါ်လွင်ထင်ရှားသိမြင်လာအောင် မိုးကုတ်ဆရာ
တော်ဘုရားကြီးက "ဒကာ ဒကာမတွေ ဒီဒုက္ခသစ္စာ
ခန္ဓာက လက်စမသိမ်းသေးဘဲ နောက်ဒုက္ခသစ္စာခန္ဓာ
ရှာတဲ့ အလုပ်များမလုပ်ကြပါနဲ့ ။
ဒီမသာမချသေးခင် နောက်မသာရှာတဲ့ အလုပ်ဟာ
အင်မတန် ဆိုးဝါးပါတယ်။ဘာနဲ့ တူသလဲဆိုတော့
ပြေးတတ်ကာစ ကလေးလေးဟာ ပြေးလွှာဆော့လို့ 
ဒူးမှာဒဏ်ရာ ရ ထားလျက်နဲ့ နောက်ထပ်ပြေးပြန်ရင်
လူကြီးမိဘတွေက ဒီကလေး အနာရှိလျက် အနာရှာ
တယ်လို့ ဆိုကြမှာဘဲ။
ခင်ဗျားတို့ လည်း အခု ခန္ဓာဒုက္ခသစ္စာ အနာကြီး
မပျောက်သေးခင် နောက်ခန္ဓာ အနာမရှာကြပါနဲ့ "ဟု
ဆုံးမတော်မူပါသည်။
(ကျေးဇူးတော်ရှင်မိုးကုတ်ဆရားတော်ဘုရားကြီး၏
အဆုံးအမ)

စိတ္တာနုပဿနာ ရှုနည်း အခြေခံ


     မိုးကုတ်ဆရာတော်ဘုရားကြီး ဟောစဉ်အတိုင်း စိတ္တာနုပဿနာ (အခြေခံ)က စပြီး ပြောကြတာပေါ့။ ဆရာတော်ကြီးက ပထမဦးစွာ ခန္ဓာ ငါးပါးကို သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်ပုံကို ပြတယ်။ သူ့စကားအတိုင်း ဆိုရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်လိုက်လို့ရှိရင် ကိုယ်ကြီးကို ရှုရင် ကာယာနုပဿနာ ဝေဒနာကို ရှုရင် ဝေဒနာနုပဿနာ စိတ်ကို ရှုရင် စိတ္တာနုပဿနာ သစ္စာကို ရှုရင် ဓမ္မာနုပဿနာလို့ မှတ်ကြပါ။ (စာအုပ် ၂၇ နှာ ၁၅၆) ဒီလို ဝေဖန်ပြပြီးမှ စိတ္တာနုပဿနာရဲ့ အခြေခံတွေကို စပြီး ဟောတယ်။

     စိတ္တာနုပဿနာ ဆိုတာ ဘာလဲ။ ကိုယ့် စိတ်ကို ကိုယ် ရှုတာ စိတ္တာနုပဿနာပဲတဲ့။ စိတ်ကို စိတ်နဲ့ ရှုတာ စိတ္တာနုပဿနာပေါ့ဗျာ။ ဒါဆိုရင် အရှုခံလည်း စိတ်ပဲ ရှုဉာဏ်လည်း စိတ်ပဲပေါ့။ ပေါ်ပြီလား။ ဘယ်သူ့ စိတ်ကို ဘယ်သူ့ စိတ်နဲ့ ရှုရမှာလဲ။ (ကိုယ့်စိတ်ကို ကိုယ့်ဉာဏ်နဲ့ ရှုရမှာပါဘုရား) ဒါဆိုရင် ကိုယ့်စိတ် ကိုယ့် သန္တာန်မှာ စိတ်တွေ ခဏခဏ ပေါ်နေသားနဲ့ ကိုယ့်စိတ်ကို ကိုယ် မရှုမိလို့ နိဗ္ဗာန် မရောက်တာပဲ။ ကိုယ့် စိတ်ကို ရှုမိရင် နိဗ္ဗာန်ပို့မှာ သေချာတယ်နေိာ။  ကိုယ့်စိတ် ဆိုတာက အနည်းကလေးပါ။ ဆယ့်သုံးခုပဲ ရှိတယ်။ ထပ်တလဲလဲ ဖြစ်နေလို့ များတယ် ထင်နေတာ။ ပုထုဇဉ်မှာ ပုထုဇဉ် စိတ်ပဲရှိတယ်။ မျောက်စိတ်လိုပဲ ခဏခဏ ပြောင်းလဲနေတယ်။ ပြောင်းလဲနေတယ် ဆိုတော့ ခိုင်နေ မြဲနေတာ မဟုတ်ဘူး။ ဖြစ်ပြီး ပျက်လိုက် ပျက်ပြီးနောက် စိတ်တစ်မျိုးပေါ်လိုက် ဖြစ်နေတာပေါ့။ 

    ကဲ အလုပ်စဉ် ပြောရရင် မျက်လုံးဖွင့်လိုက်တော့ ရှေ့မှာ ရှိတာ မြင်တာပဲ။ အဲဒါ မြင်စိတ်ကလေး ပေါ်တာပဲပေါ့။ အလုပ်သဘောက မျက်စိထဲ မြင်စိတ် ပေါ်ရင် ဉာဏ်ထဲမှာ မြင်စိတ် ပေါ်တာပဲလို့ သိပေးရတယ်။ နားထဲ အသံကြားရင် ကြားစိတ် ပေါ်တာပဲလို့ သိပေး။ နှာခေါင်းထဲ အနံ့ကလေး ပေါ်လာရင် နံစိတ် ပေါ်တာပဲလို့ သိပေး။ စိတ်ပေါ်တိုင်းမှာ သိပေးရမှာ။ ပေါ်တာက တခြား သိတာက တခြားနော်။ ပေါ်တာက ရှေ့က သိတာက နောက်က လိုက်ရတဲ့သဘော။ ကိုယ့်ခန္ဓာ ဘယ်နေရာမှာပဲ ဘာစိတ်ပဲ ပေါ်ပေါ် ရှေ့က ပေါ်နေတဲ့ စိတ်ကို နောက်က သိတဲ့ ဉာဏ်ကလေးနဲ့ လိုက်တတ်ရမယ်။ အပြင်ဘက်မှာ ပေါ်တာက မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိ သိစိတ် ဒါပဲ ရှိတယ်။ သူတို့ကလည်း ပေါ်လာပြီး ဒီအိမ်မှာ ကြာကြာ မနေဘူး။ ပြန်ပျောက်သွားကြတော့ ဧည့်သည်နဲ့ တူလို့ အပြင် ဧည့်သည်စိတ်တွေလို့ ဆိုကြရတာပေါ့။ အပြင် ဧည့်သည် ငါးယောက်ပဲ ထားပါ။ ဒီစိတ်တွေဟာလည်း တစ်ခု ပေါ်ရင် ကျန် လေးခု မပေါ်ဘူး။ ဒီတော့ ပေါ်နေတဲ့ စိတ်တစ်ခုတည်းကိုပဲ နောက်က သတိကပ်ပြီး သိအောင် လုပ်ရမယ်။ ဒီ အပြင် ဧည့်သည်စိတ်တွေက အစီအစဉ်အတိုင်း ပေါ်တာ မဟုတ်ဘူး။ အကြောင်း တိုက်ဆိုင်သလို ပေါ်ချင်သလို ပေါ်တာပဲ။ ပေါ်တိုင်း အသိ လိုက်ပေးရမယ်။ ဒါက အလုပ်သဘောပဲ။ ပထမအဆင့် ကိုယ့်စိတ် ပေါ်တာ ကိုယ်သိအောင် လုပ်တာ စိတ္တာနုပဿနာပဲ။ ကိုယ့်စိတ်ကိုယ် မသိကြလို့ ဒကာ ဒကာမတွေ ခက်နေကြတာ။ အတွင်းက လာတဲ့ ဧည့်သည်စိတ်တွေလည်း ရှိသေးတယ်။ လောဘစိတ် ဒေါသစိတ် မောဟစိတ် အလောဘစိတ် အဒေါသစိတ် တွေးကြံစိတ် အတွင်းဧည့်သည်က ခြောက်ယောက်။ အပြင် ဧည့်သည် ငါး အတွင်း ဧည့်သည် ခြောက်ဆိုတော့ ဆယ့်တစ်ယောက်ပေါ့။

     ကောင်းပြီ။ အသက် ရှူရာမှာ ရှိနေတဲ့ ဝင်လေစိတ် ထွက်လေစိတ် ဆိုတာ နှစ်ခု ရှိသေးတယ်။ ဝင်လေ ရှူတဲ့ စိတ် ထွက်လေ ထုတ်တဲ့ စိတ်။ ဒီ စိတ် နှစ်စိတ်က ဒီ အိမ်မှာ အမြဲနေတယ်။ ပျောက် ပျက်မသွားဘူး။ ဒါကြောင့် ဒီ နှစ်ခုကိုတော့ အိမ်သည် စိတ်နှစ်စိတ်လို့ မှတ်ရမယ်။ ဒါဆို အားလုံး အပြင် ဧည့်သည် အတွင်း ဧည့်သည် အိမ်သည်စိတ် ဘယ်နှစ်စိတ် ရသလဲ။ ဆယ့်သုံးစိတ် ရပါတယ် ဘုရား။ အေး ပုထုဇဉ်မှာ ဒီ ဆယ့်သုံးစိတ် ပေါ်တိုင်း ပေါ်တိုင်း သိနေ ဒါပဲ ရှိတယ်။ ဒီအထဲမှာ အမောဟစိတ် မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ပညာစေတသိက် ဖြစ်နေတယ်။ ရှုနေတဲ့ ရှုဉာဏ်ဟာ အမောဟပဲလို့ မှတ်။

     စိတ္တာနုပဿနာ ဆိုတော့ ပေါ်တာက စိတ္တ သိတာက နုပဿနာ ပေါင်းလိုက်တော့ ပေါ်တဲ့ စိတ်ကို အသိလိုက်ပြီး သိအောင် လုပ်တာက စိတ္တာနုပဿနာပဲ။ ရှင်းပြီလား။ ကောင်းပြီ။ ဒီမှာ ပုထုဇဉ် ရှုစရာ စိတ် ဆယ့်သုံးခုလို့ ဖော်ပြထားသော်လည်း တစ်ချိန်မှာ စိတ်က ပေါ်တာ တစ်ခုပဲ ရှိတယ်။ အဲဒီ ပေါ်တဲ့စိတ်ကလေးကို သိအောင် လုပ်ရမယ်။ ဒီလို သိ သိနေရင် သက္ကာယဒိဋ္ဌိ ကွာတယ်။ အဲဒါ သမ္မာဒိဋ္ဌိ ဖြစ်ပြီ။ (နှာ ၁၇၁) ဒါဆို စိတ္တာနုပဿနာ ဆိုတာ ဘယ်နေရာမှာ သွားရှုရမလဲ မမေးနဲ့ စိတ် ပေါ်တဲ့ နေရာတိုင်းမှာ ရှုလို့ ရတယ်။ မီးဖိုချောင်မှာ ထမင်းဟင်းချက်ရင်း ရှု ရတယ်။ လမ်းသွားရင်း ရှု ရတယ်။ လယ်ထွန်ရင်း ဈေးရောင်းရင်း ရှု ရတာပဲ။ လောဘစိတ် ဖြစ်ရင် လောဘစိတ် ဖြစ်တာပဲလို့ သိပေးလိုက် အဲဒီလို သိလိုက်တော့ သူက ဖြစ်ပြီး ပျက်သွားတာ မြင်မယ်။ ဒါဆို လောဘ တဏှာကနေ ဥပါဒါန်ကို မကူးနိုင်တော့ဘူး။ အသိလိုက်တတ်ရင် သံသရာ ပြတ်တယ်။ အသိ မလိုက်တတ်ရင် တဏှာကနေ ဥပါဒါန် ကံကို ဆက်ပြီး သံသရာ ရှည်ရောပဲ။

     ဒီတရားမှာ ဆရာတော်ကြီးက အသိကလေးတစ်လုံး လိုက်တတ်ဖို့ အရေးကို ဦးစားပေး ဟောတော်မူတာ တွေ့ရတယ်။ အသိတစ်လုံး လိုက်တတ်ရင် သံသရာ ပြတ် ဒုက္ခ ဇာတ်သိမ်းနိုင်ကြောင်းကို ဟောထားတယ်။ မေ့တာက အဝိဇ္ဇာ သတိ ရှိတာ သိတာက ဝိဇ္ဇာ အဝိဇ္ဇာကနေ ဝိဇ္ဇာဖြစ်ဖို့ အရေးမှာ အသိ လိုက်တတ်ဖို့က အဓိက ဖြစ်ပုံကို ဟောထားတာပဲ။ ဒီလို အသိ ကပ်တတ်ရင် သူက သံသရာလည်း ပြတ်တယ်။ သက္ကာယ ဒိဋ္ဌိကိုလည်း ဖြုတ်တယ်။ သမ္မာဒိဋ္ဌိလည်း ဖြစ်တယ်လို့ ဟောထားတယ်။ (နှာ ၁၇၉)

     မြင်စိတ် ကြားစိတ် ဖြစ်တယ် ပျက်တယ် သူ့ အလုပ်စဉ်အတိုင်း သူ ဖြစ်နေတယ်။ ငါ မဟုတ်ဘူး သိတော့ သက္ကာယဒိဋ္ဌိ ဖြုတ်တယ်။ ကုသိုလ်စိတ်ကလေး ဖြစ်တာ သိပေး။ သူက ဖြစ်လည်း ဖြစ်တယ်။ ဖြစ်ပြီး ပျက်တာပဲ။ ဒါဟာ စိတ်ကိုလည်း သိတာ မဟုတ်ဘူး။ စိတ်ရဲ့ ဖြစ်ပျက် အနိစ္စကိုကပါ သိတာ။ ဒါကို ဦးသံဒိုင်ကတော့ အထက် ဉာဏ်နဲ့ သိတဲ့ အသိလို့ ဆိုထားတယ်။ တစ်နည်းဆိုတော့ ဖြစ်လည်း ဖြစ် ပျက်လည်း ပျက်တာကို သိတာဟာ စိတ်ကလေးတွေ ခဏခဏ သေသွားတာ အနိစ္စရောက်သွားတာကို သိတာ ဖြစ်တယ်။ ဒါကို ဆရာတော်ကြီးက ကိုယ့် အသေ ကိုယ် မြင်တာလို့ ဟောထားတယ်။ (နှာ၁၈၁)ကိုယ့် အသေ ကိုယ် မြင်တယ် ဆိုတာ ကိုယ့် အနိစ္စကို ကိုယ် သိတာ။ ကိုယ့် ဒုက္ခကို ကိုယ် သိတာ ဆိုတော့ သစ္စာကို သိတာပဲ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာ သိမှ သစ္စာကို ဟောမှ နိဗ္ဗာန် ရောက်တယ်လို့ ဟောထားကြောင်း ဆရာတော်က ပြထားတယ်။

     ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ။ မဂ္ဂသစ္စာက နောက်လာမည့် ကိလေသာတွေကို တားလိုက်တော့ သမုဒယသစ္စာ သေတယ်။ သမုဒယသစ္စာ သေတော့ သမုဒယ ချုပ်တော့ နောက်ထပ် ဇာတိ ဒုက္ခ ချုပ်ရော။ ဒီတင် နိရောဓသစ္စာ ပေါ်တယ်။ အဲဒါ မဂ်တစ်ချက်ဝင်တာနဲ့ သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်တာပဲ။ ကဲ ဒီအထိ ရှင်းပြီလား။

(ရှင်အာဒိစ္စရံသီ)

Tuesday, October 27

မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ သပိတ်သွတ်လွတ်တရားတော်

သီတင်းကျွတ်ပြီဆိုတာ ဒကာ ဒကာမတွေဘယ်လိုများထင်ကြသလဲ - ၀မ်းနည်းစရာလား ၀မ်းသာစရာလားလို့မေးရင်ဖြင့် သေခါနီးသွားတာပဲလို့မှတ်ပါ. ဆရာသမားကန်တော့ရလို့ မီးတွေထွန်းရလို့ဝမ်းသာရတယ်ဆိုတာကတော့ ကောင်းတဲ့စေတနာတွေအမှန်ပါပဲ ခန္ဓာကတော့ သီတင်းမကျွတ်ခင်ဝါဆိုဦးကထက် ယခုသီတင်းကျွတ်ကသေဖို့ရာပိုနီးသွားတယ်။

ဒီဘ၀တော့အတိတ်ကဆုတောင်းကြောင့်ခန္ဓာကြီးရထားတော့ ဇာတိ ဇရာ မရဏကတော့လာကြမှာပဲ မသေရာအလုပ်ကိုတွေ့ရလို့ဝမ်းသာကြပါလို့လည်းသတိပေးလိုက်ပါတယ်။အဂုင်္တ္တိုရ်ပါဠိတော်မှာဘုရားဟော သစ္စာသိပြီးသေတဲ့ပုဂ္ဂိုလ်များ ဘာမှပူစရာမရှိပုံကိုဟောကြားပါမယ်။

သစ္စာလေးပါးမသိတော့ အ၀ိဇ္ဇာနဲ့နေခဲ့ကြတယ် ဗုဒ္ဓဘာသာဆိုပေမဲ့သစ္စာမသိပဲကုသိုလ်တွေလုပ်ခဲ့ကြတယ်သင်္ခါရပေါ့ဗျာ ကုသိုလ်လုပ်ပြီးနောက်ဘ၀ လူချမ်းသာ နတ်ချမ်းသာဖြစ်ချင်လို့ဆုတောင်းကြတယ် ဒါဖြငိ့ကုသိုလ်နဲ့တဏှာရောပြီး အ၀ိဇ္ဇာပစ္စယာသင်္ခါရဖြစ်မသွားဘူးလား အ၀ိဇ္ဇာစတဲ့ကိလေသ၀ဋ် သင်္ခါရစတဲ့ကမ္မ၀ဋ် ၂ ပါးကိုသစ္စာမသိပဲပြုပြီးသေလွန်တဲ့အခါဝိညာဉ်ဆိုတဲ့ ပဋိသန္ဓေ၀ိညာဏ်ကိုရပါတယ်။ ပဋိသန္ဓေ၀ိညာဏ်ရရင်နာမ်ရုပ်ပေါ်ပြီး မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်မပေါ်ပေဘူးလား အဲဒီဒွါရခြောက်ပေါက်ကထိတွေ့မှုဖဿ ခံစားမှုဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါးရတယ် ဒါဘာသစ္စာတုံး?

ယခုတရားနာနေတာ ဘာသစ္စာပါလိမ့်မတုန်း- ဒီဘ၀သစ္စာသိပြီးကိစ္စပြီးစေချင်လွန်းလို့တိုက်တွန်းရတာ ဒါကြောင့်ငါသေရင်ဘာများဖြစ်အုံးမှာလဲဆိုတာ ဘယ်တော့မှမတွေးနဲ့ တို့ခန္ဓာကပေါ်သ၍ဒုက္ခသစ္စာပဲဆိုတာသိတဲ့ပုဂ္ဂိုလ်သေရင်နတ်ရွာသုဂတိမှတစ်ပါးဘယ်မှမသွားဘူးဆိုတာပေါ်ပြီလား - သစ္စာသိပြီးရင်သံသရာမလည်ဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချ အားပေးစကားမဟုတ် သေချာတဲ့တရားပဲ ဒီနေ့သီတင်းကျွတ်လပြည့်မှာ ဒကာ ဒကာမတွေ ဉာဏ်မျက်လုံးသွင်းရတဲ့နေ့ မိမိတို့ဉာဏ်ကလဲအလင်းရတဲ့နေ့ဆိုတော့ အလင်းတွေဆုံတဲ့နေ့ကြုံတဲ့နေ့ဆိုရင်လွဲပါ့မလား-

ကဲအလောင်းကောင် အသုဘကြီးတစ်ခုကို ဒီကျောင်းပေါ်မှာမလွှဲသာလို့ထားမယ်ဆိုပါတော့ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလဲ- မျက်စိထဲ နားထဲ ပါးစပ်ထဲ နှာခေါင်းထဲကထွက်တဲ့အရာသည် သုဘထွက်မလား အသုဘထွက်မလား- ရောင်ဖောပြီးသွေးပြည်ထွက်လာမယ် နဂိုကအသုဘမို့အသုဘထွက်တာပဲ ဒါကြောင့်ခန္ဓာကြီးကဘာသစ္စာတုံး- ဒကာ ဒကာမတွေရဲ့ခန္ဓာထဲရော မတင့်တယ်တဲ့အသုဘ ဒုက္ခသစ္စာဆိုတာသေချာပြီလား -

ဒါဖြင့်တပည့်တော်တို့ ဒုက္ခသစ္စာမသိသေးဘူးလို့ဆိုကြမလား- ဒီသေရေးမှာ ဒီစိတ်ကလေးအရေးတကြီးပြောနေရတယ်ဆိုတာ ဒီအသိနဲ့သေရင်အပါယ်မကျဘူးဆိုတာလက်ကိုင်ထားရမယ်။ သစ္စာသိသူအတွက်ဝေဒနာပစ္စယာတဏှာမကူးတော့လို့ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီးတစ်ခါတည်း မဂ်ပေါ်သွားတယ်။ သစ္စာသိတဲ့သူအတွက် မဂ္ဂသစ္စာကသံသရာဖြတ်သွားတာ ဒါတွေကိုသေချာ ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိရင်ဖြင့် ငါသေရင်ဆွမ်းမသွတ်နဲ့ဟေ့လို့မှာခဲ့ကြ။ ခန္ဓာကိုယ်ထဲကပေါ်လာတာတွေရှုနေတော့ ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကလေးကမဂ္ဂသစ္စာ ဒါဖြင့်သေနေတာ သမုဒယသစ္စာ သမုဒယသေတော့နောက်ခန္ဓာမလာတာက ဒုက္ခနိယောဓသစ္စာ (ဒုက္ခချုပ်တဲ့သစ္စာ)

ဒါဖြင့်ဒကာ ဒကာမတို့ရှုတတ်ကြပြီလား ဘယ်ချိန်ရှုရမှာလဲမမေးနဲ့ ခန္ဓာကပြတဲ့အချိန်ရှုလိုက် ရှင်းပြီလား ဒကာ ဒကာမတွေသေရဲပြီလား ဒီနေ့ဘုန်းကြီးဘာတရားဟောပါလိမ့် - သပိတ်သွတါလွတ်တရားပါဘုရား

၁၃၂၄ သီတင်းကျွတ်လပြည့်နေ့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော သပိတ်သွတ်လွတ်တရားတော်မှအကျဉ်းမျှထုတ်နှုတ်ပူဇော်ပါသည်။

Monday, October 19

မိုးကုတ်ဆရာတော်ကြီး၏ ကိုယ်နာပေမယ့် စိတ်မနာစေနဲ့

့တစ်သံသရာလုံး သမုဒယမီးနဲ့  ဒုက္ခထင်း ဒါပဲလှည့်နေတယ်။ လောင်လက်စမသတ်ဘူး။ ဆရာကောင်းနဲ့  မတွေ့ i ဖြတ်နည်း တောက်နည်း နိဿရည်းကိုလည်း မရတော့ပါဘူးဆို မီးနဲ့ထင်းသာလှည့်နေတာပဲ။ ထင်းသိမ်းတယ် မီးငြိမ်းတယ်လို့ ကိုမလာဘူး။

တရားနာတာ ဖါးတောင် နတ်သားဖြစ်သေးတယ်ဆိုပြီး ဒါကြိုက်နေလို့  ရှိရင် ဒုက္ခ
ပြန်ကြိုက်တာ။ ဖားမီးပုံ (တစ်ဆုက်စာ) ကနေ နတ်မီးပုံ ( သုံးဂါဝုတ်) လောင်ရမယ်။
ဒါဖြင့် မီးပုံကြီး ကြိုက်တာ ။ ၃၁ဘုံ မီးဟုန်းဟုန်းတောက်နေတဲ့ အထဲမှာ ထင်းရှာထွက်တာလောက် အရုပ်ဆိုးတာ မရှိဘူး။
ဝိပဿနာ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ လောင်စာသိမ်း၍ မီးငြိမ်းဖို့ အရေးဟာဖြင့်
မရှိပါဘူး။ ဒုက္ခသစ္စာ မသိသေးသရွေ့  ကာလပတ်လုံး ဒုက္ခပြတ်ရေးကိုဖြင့်
ဘယ်တော့မှ တွေးကြမယ် မဟုတ်ပါဘူး။
သစ္စာမသိရင် နောက်ခန္ဓာ လိုချင်မှာပဲ။ ဘဝဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ သစ္စာမသိလို့ မှတ်ပါ။
ကိုယ့်ကိုယ်ကိုယ် ကျန်းမာလို့  တော်သေးရဲ့ ဆိုတာများ အတော်လွဲတယ်။ ဒုက္ခ
သစ္စာမို့  ကိုယ့်ဆေးနဲ့  ကိုယ် ဖာထေးနေရတာ။ ဆာနာ i ဝနာi ပူနာi အေးနာi
ချွေးထွက်တဲ့ အနာi ရေချိုးချင်တဲ့အနာi အနာမျိုးစုံ ပြောရမယ်ဆိုရင်ဖြင့် ခန္ဓာမှာ အပ်သွားချစရာ နေရာမရှိဘူး။
အိမ်ဆောက်ထားတာလည်း ဆေးရုံ i လေနာတွေ ဖြစ်မှာစိုးလို့  ။ လေတိုက်တော့
အအေးပတ်တဲ့ အနာ i သိပ်လုံလွန်းပြန်တော့ အပူလောင်တဲ့ အနာ ။
ကိုယ့်အိမ်မှာ ရှိတဲ့ဥစ္စာတွေက ဆေးခွက်ရယ် ဆေးပစ္စည်းရယ်တွေချည်းပဲ။ ဆေးကုစရာတွေ တစ်ပုံကြီး အဲဒါနဲ့ ကုပြီး သက်သာနေကြတယ်။
တရားနာတာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုယ်ဖြတ်တာi ဒါမှကိုယ့်ဒုက္ခ ကိုယ်သိမ်းမှာ။
ကိုယ့်ဒုက္ခ ကိုယ်သိမ်းဆိုတာ ယခုဒုက္ခကတော့ ရှိနေတာပဲi အနာဂတ်ဒုက္ခတွေ
အကုန်သိမ်းပစ်လိုက်တာ။
ယခု ဒုက္ခသိမ်းပြီး အနာဂတ် ဒုက္ခမလာရင်ပဲ ကျုပ်တို့  ကံကောင်းပြီ။
ကိုယ်နာပေမယ့် စိတ်မနာစေနဲ့  ၂ ။
၅-၁၂- ၆၁
အတိတ်က သေကြောင်း တဏှာ ဥပါဒါန်လုပ်ခဲ့တော့ သေစရာ အထည် ခန္ဓာငါးပါးပေါ်ပါတယ်။
၎င်း သေစရာအထည် ခန္ဓာငါးနှင့် နေရတုန်းကို သေကြောင်းကြိုးစားပြန်တယ်။ ဒီပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးမှာ သေကြောင်း
သေထည်ပဲလှည့်နေတယ်။ သေထည်က သေကြောင်းပေါ်အောင်လုပ်နေတဲ့သူ
အဝိဇ္ဇာ သင်္ခါရ နဲ့  ပေါင်းသင်းဆက်ဆံနေရလို့ ရှိရင်ဖြင့် ကိုယ်လည်း သေလို့ ဆုံးမှာ မဟုတ်ဘူး။
ဒီဘက်က တဏှာ ဥပါဒါန် ပဋိစ္စသမုပ္ပါဒ်က လာလိုက်တော့ ဒီထဲ
သောကပရိဒေဝ ကမြုပ်နေတော့ ငိုလို့ လည်းဆုံးမှာ မဟုတ်ဘူး။ ဒီအမေသေလို့  ငိုဦးi ဒီအဖေသေလို့ ငိုဦးi ကိုယ့်အတွက်ငိုဦးi သားသမီးတွေသေလို့  ငိုပွဲဝင်i
တော်ကြာ ကိုယ်ကိုယ်တိုင် သေပွဲဝင် ဒါပဲ လှည့်နေမှာပဲ။ အသေကောင်းလား အသေဆိုး လားလို့  မေးမနေနဲ့  အသေဟူသရွေ့  အဆိုးချည်းပဲ။

အိမ်ထောင်ကျပြန်တော့ သေမယ့်သူချင်း အိမ်ထောင်ကျတာ။ သူသေကိုယ်ငို l
ကိုယ်သေ သူငိုပဲ မဆုံးနိုင်ဘူး။
ကလျာဏ မိတ္တကို မှီဝဲဆည်းကပ်မှ ဒုက္ခသိမ်းမယ်။ ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ပါလို့  ဘုရားက ဆုံးမလိုက်တယ်။ ၂ အကွက် က ၃ ပေါက်ဖွားတာကို ကိုယ်နာလို့  စိတ်နာတယ်ခေါ်တယ်။
ဒီခန္ဓာကိုယ်ကြီးကို အကုန်ငါချည်း ခိုင်နယ်မြဲတယ်ယူထားတာ။ ဖေါက်ပြန်ပျက်စီးတတ်တာကြီးကို ငါအစိုးရတယ်
ငါပိုင်တယ်i ငါဆိုင်တယ်iနဲ့  အနတ္တ ကိုအတ္တ လုပ်ထားတာ။
ဒီခန္ဓာထဲ တစ်ခုခု ဖေါက်ပြန်ပြီဆိုမှဖြင့် ငါခက်လေခြင်းဆိုပြီး ကိုယ်နာလို့  စိတ်နာတာဟာ ကိုယ်ကို ငါယူထားလို့  ။
ဝိပဿနာမလုပ်သရွေ့  ကိုယ်နာ စိတ်နာချည်းမှတ် ။
စိတ်နာတယ်ဆိုတာ တဏှာl
ံဥပါဒါန်lစိတ်ကဒေါသဖြစ်တာလည်းနာ
တာပဲ။ လောဘဖြစ်တာလည်း နာတာပဲ။
ဝိပဿနာရှုတာက ကိုယ်နာသော်လည်း စိတ်မနာတဲ့ အလုပ်။
ကိုယ်နာ ဆိုတာက တကယ်နာတာကိုဆိုတာမဟုတ်ဘူး။ ဒီခန္ဓာကြီးဖြစ်လိုက်ပျက်
လိုက်ကိုဆိုတာ။ အဲဒီဖြစ်ပျက်ကို မြင်အောင် ကြည့်လိုက်တဲ့ အခါကျတော့
သူ့ သဘောနဲ့ သူဖြစ်တာပဲ l သြော် ခန္ဓာ့ သဘောပဲ ဒုက္ခသစ္စာမို့  ဒုက္ခသစ္စာ
သဘောပြောတာပဲ လို့ သိတော့ သိရုံသာရှိတာ ကိုယ်နာသော်လည်း စိတ်မနာဘူး
ခန္ဓာအရှိနဲ့  ဉာဏ်အသိ ကိုက်မှသာ အဖိုးတန်တော့တယ်ဆိုတာ သေသေချာချာ
မှတ်ပါ။
ခန္ဓာထဲမှာသိမှ အသိl စာထဲမှာ သိရင် အမှတ်။
အသိကမှ ကိလေသာကို တကယ်ဖြတ်မှာ။
ယခုသေထည် (၂) ကို ဒုက္ခသစ္စာလို့  ဝိပဿနာရှုl စိတ်ရှုရှု i ဝေဒနာရှုရှု ကြိုက်တာရှုi သေကြောင်း( ၃) ပြတ်ပါတယ်။
သံသရာ ရမ်းဖြတ်လို့ မှ မရပဲi ကိုယ့်ခန္ဓာအစဉ် ကိုယ်ဖြတ်မှ ကိုယ့် ဒုက္ခကိုယ်သိမ်း
တာ။ ဒုက္ခသိမ်းတာကို နိဗ္ဗာန်သို့  ရောက်တယ်လို့ ခေါ်တယ်။
ဒီတစ်ခါမှ ဇတ်မသိမ်းတော့ဘူးဆိုရင် ဒီအဝိုင်းမှာ ထပြေးလိုက်သေလိုက် ဒီလိုချည်း နေမှာပဲ။ ကိုယ်နာလို့  စိတ်နာတာက သံသရာ ခရီိးသည်အလုပ်
ကိုယ်နာသော်လည်း စိတ်မနာတာက ခရီးဆုံးတဲ့ ပုဂ္ဂိုလ် ။
ကိုယ်နာပေမယ့် စိတ်မနာစေနဲ့  ၃ ။
၆-၁၂- ၆၁
သစ္စာမသိတဲ့ အဖြစ်ဟာ ဝမ်းခေါင်းထဲ အောင်းလိုက် သေလိုက် i ပြန်အောင်းလိုက် သေလိုက်i အနေဆိုးပဋိသန္ဓေနဲ့  အသေဆိုးစုတိကို ကိုယ်ပိုင်ရတယ်။ အနေဆိုး အသေဆိုးတွေ ထပ်ပြန်တလဲလဲ လုပ်ပေးနေတာ မသိတဲ့ အဝိဇ္ဇာ ။ မသိသွားသွားနေ
တော့ မသိသက်ရှည်လေလေ ဒုက္ခသက်များလေလေ။မသိရင်တော့ ဘုရားလောင်း
ရော ပစ္စေကဗုဒ္ဓါအလောင်းရော ဘာအလောင်းရယ်လို့  ရွေးမနေဘူး။ မသိတာက
နှိပ်စက်လိုက်တာပဲ။မသိပဲနဲ့ ပြုလုပ်လိုက်တာဟူသရွေ့ ဖြင့် သမုဒယသစ္စာ
အလွဲနဲ့  အချော် ချည်းပဲ။ မသိလို့ ပြုလုပ်တာ သမုဒယသစ္စာ i ရတာဒုက္ခသစ္စာ။
ဒုက္ခသစ္စာမသိတော့ ဒုက္ခသစ္စာပဲပြန်လိုချင်တယ်။ သမုဒယသစ္စာမသိတော့ ဆုတောင်းပြန်တယ်။ နိရောဓသစ္စာကို မသိတော့ မလိုချင်တဲ့ သဘောပေါ်လာတယ် ။ မဂ္ဂသစ္စာကို နိဗ္ဗာန်ရောက်ကြောင်းရယ်လို့ မသိတော့
အားမထုတ်ချင်ဘူး ။
အလုပ်မလုပ်ပဲသိတဲ့ သညာသိက နိဗ္ဗာန်မရောက်နိုင်ဘူး။ ပညာသိမှနိဗ္ဗာန်
ရောက်မယ်။
အလုပ်လုပ်တဲ့ပုဂ္ဂိုလ် ဖြစ်ပျက်မတွေ့ သေးရင် အဝိဇ္ဇာကွယ် လို့ ။ အဝိဇ္ဇာပါးသွားတဲ့ အချိန် ဖြစ်ပျက်သွားတွေ့ တယ်။
ဖြစ်ပျက်သာတွေ့ သေးတယ် ဒုက္ခအစစ်ရယ်လို့ ဉာဏ်ထဲမှာ မရောက်သေးသရွေ့ 
ပွားများနေ။
အဲဒီဖြစ်ပျက်ကလေးတွေ မုန်းလာတဲ့ အခါကျတော့ ပိုရှု (နဂိုက မုန်းရမှာဝေးစွ l ကိုယ့်ခန္ဓာဖြစ်ပျက် ဘယ်တော့မှတောင် မမြင်ဖူးဘူး)။
ပိုပြီးအားစိုက်ရှုလိုက်တဲ့ အခါ ဖြစ်ပျက်ဟာ တခြားမှမဟုတ်ပဲ ကိုယ့်ဒုက္ခကြီး
ပါလားလို့  ဉာဏ်ကပိုထက်လာပြီး ဒုက္ခအစစ်ရယ်လို့ လည်းဉာဏ်မှာထင်ပါရော ဖြစ်ပျက် ဒုက္ခသစ္စာကြီး ပျောက်ထွက်သွားတယ်။
ပျောက်ထွက်သွားသည်နှင့်
တပြိုင်နက် ဒီဖြစ်ပျက်နေရာမှာ နိဗ္ဗာန် အစားထိုးတယ်။ နိဗ္ဗာန်ဟာ ဗြုန်းကနဲ ဘယ်တော့မှမတွေ့ နိုင်ဘူး။ဖြစ်ပျက် ဒုက္ခသစ္စာ အရင်တွေ့ ရတယ်။ သူမဆုံး
သရွေ့ လည်းနိဗ္ဗာန်မမြင်ပါဘူး။
ကိုယ် ဆိုတာ ခန္ဓာငါးပါး l ပကတိ အကောင်းမြင်တဲ့ ကိုယ်ကြီးကိုမယူလိုက်ပါနဲ့ ။
စိတ်မနာပါစေနဲ့ ဆိုတာ ဒီကိုယ်ကို ဒိဋ္ဌိတဏှာတွေနဲ့  မဆွဲနဲ့ ဆိုတာ။
ခန္ဓာငါးပါးက်ု အဝိဇ္ဇာ သင်္ခါရ လုပ်ထားတာ ကိုယ်က ကြားဝင်ရှုပ်ဖို့  မလိုပါဘူး။
ရောက်ရာ ဘဝကျမှ ခင်ဗျားတို့  တဏှာက ဝမ်းထဲကနေပြီး ဒိဋ္ဌိရဲl တဏှာရဲl
မာနရဲတွေနဲ့  ရဲရဲတင်းတင်းကြီး ငါ့ကိုယ် ငါ့ဟာ လုပ်ထားတာ။ သူများလုပ်ထားတာ
ခင်ဗျားတို့ က ငါ့ကိုယ် ငါ့ဟာထင်တော့ ကောင်းကောင်းလွဲပြီ။
ဖျပ်ဆို ခန္ဓာငါးပါးက အိုဘေး နာဘေး သေဘေးသင့်တော့ ငါ့ကိုယ် ငါ့ဟာလုပ်ထားတဲ့ တဏှာက ဖြစ်မှဖြစ်ရလေချင်းဆိုပြီး i စိတ်နာတာတွေပေါ်လာ
တယ်။ ငိုပွဲ ပြုံးပွဲတွေကို ဒိဋ္ဌိတဏှာက ဆင်ခိုင်းတာ။
သူများပစ္စည်းကို ငါ့ပစ္စည်းဆိုပြီး ငိုချင်းချတော့ ကိုယ့်အမှားကြောင့် ကျတဲ့ မျက်ရည်။ ခင်ဗျားတို့  မျက်ရည်ကျချင်လို့  ခင်ဗျားတို့  င့ါကိုယ် ငါ့ဟာလို့  သိမ်းဆည်းထားတာ။ သူများကို အသနား မစောလိုက်ပါနဲ့ ဦး။ ကိုယ့်ကိုယ်ကိုယ်
သနားလိုက်ပါဦး။ ကိုယ့်မီးကိုယ် သိမ်းပါဦး l ပြီးမှ သူများမီးငြိမ်းပါ ။

Sunday, August 30

ကျေးဇူး​တော်​ရှင်​မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ ပရိညာ (၃) ပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာနာမ်နဲ့ရုပ်ကို ခွဲခြားတတ်ရမယ်။ မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်၊
သိမှုကနာမ်၊ အာရုံ (၆) ပါးမှာလည်း ရုပ်နဲ့နာမ်ဟာ အမြဲ ယှဉ်တွဲနေတယ်။ တခါ တရားကို
အားထုတ်ရာမှာ ပရိညာ(၃) ပါးနဲ့သိ သိသွားရမယ်။

  ၁။ ဉာတပရိညာ  = ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာသည်ရုပ်၊ ဒီဟာသည်နာမ်လို့ ခွဲခြားပြီးသိရမယ်။
  ၂။ တီရဏာပရိညာ = ဖြစ်ဆဲ ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ပိုင်းခြားပြီး
သိရမယ်။
  ၃။ ပဟာနပရိညာ = နာမ်ရုပ်တို့အပေါ်မှာ “ငါ”ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာ “ငါပဲ” ဆိုတဲ့ မာနစွဲ၊
ဒီရုပ်ဟာ “ငါ ”ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲသုံးခုကို သိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Sunday, August 23

အဓိပတိသုံးပါး။


        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
ထုတ်တာ မဟုတ်ဘူး။ အို. နာ. သေ. မွဲ. ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်စေ

ခြင်းငှာ တရားအားထုတ်တာ၊ အဲဒါကို အတ္တာဓိပတိလို့ ခေါ်တယ်။
     ၂။ လောကကြီးကိုလည်း အဓိပတ်ထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်နေတယ်
လို့ အမည်ခံထားပေမယ့် တရားအားထုတ်နေတဲ့ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေက
ဖုံးလွှမ်းထားပြီး ရောင်းဝယ်ရေးကိစ္စတွေကို တွေးတော စဉ်းစားမနေပါနဲ့ ထိနမိဒ္ဓလည်း မဖြစ်စေနဲ့
ပျင်းလည်းမပျင်းနဲ့၊ အိပ်လည်းမအိပ်နဲ့၊ စိတ်ကိုလည်း မလွင့်စေနဲ့၊ မတော်တာတွေကို လုပ်နေရင်ဖြင့်
ကိုယ်စောင့်နတ်နဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်ကလည်း သိတယ်။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်က
လည်း သိပါတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ လောကကို အဓိ
ပတိထားပြီး အားထုတ်ခြင်းကို လောကာဓိပတိလို့ ခေါ်တယ်။
     ၃။ တရားတော်ကိုလည်း အဓိပတိထားပြီး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရား
တော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားကို မမြင်ခဲ့ရင် တရားက မရှိလို့
မဟုတ်ဘဲ ငါက တရားတော်ကို မလေးစားလို့ မမြင်တာဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး တရား
တော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကိုတော့ ဓမ္မာဓိပတိလို့ ခေါ်တယ်။ ။

Friday, August 14

ကျေးဇူး​တော်​မိုးကုတ်​ဆရာ​တော်​ဘုကြီး၏ ပုဗ္ဗကိစ္စငါးပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။
  ၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ဖူးပါက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ ၀န်ချ

တောင်းပန်ကန်တော့ပါ။
  ၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နှင့်တကွ သတ္တ၀ါ
အပေါင်းတို့အား ဘေးကင်း ကျန်းမာချမ်းသာစေဖို့  မေတ္တာစိတ်ကို ပွားများပေးပါ။
  ၄။ ရှေးဘ၀၊ ယခုဘ၀ ကိုယ်ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါ အလိုရှိနေသော မဂ်ဖိုလ်နိဗ္ဗာန်ကို
 ရောက်ရစေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ ဆိုပါ။
  ၅။ ငါသည် ဘ၀များစွာ သေခဲ့လှပြီ။ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို (မရဏာနုဿတိ) ပွားများပြီး၊ အားထုတ်မှုအရှိန်ကို ပြင်းထန်ပေးပါတို့ ဖြစ်ပါတယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)