Thursday, March 31
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဓမ္မသံဝေဂနှင့် သြ၀ါဒ ကထာများ၊
၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။
၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ိရိယလျော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ်၊ ဝေးလေသ တည်း။
၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
၅။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၆။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၇။ ရခဲတဲ့ ဘ၀ကလေးမှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၈။ နားက တရားနာပါ၊ ဉာဏ်က ခန္ဓာလှည့်ပါ။
၉။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၁၀။ နားကြီးကြီးနဲ့ တရားနာပါ။
၁၁။ ၀ိပဿနာ နားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဉာဏ်က မဦးဘဲနဲ့ အသေဦးသွားရင် ကိုယ့်အတွက် “နာ” မည်။
၁၂။ ၀ိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၁၃။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး၊ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၁၄။ မိမိခန္ဓာထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၅။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာကမှ ပညာသိ။
၁၆။ သညာသိနှင့် နိဗ္ဗာန်မရောက်နိုင်ပါ။ ပညာသိနဲ့မှ နိဗ္ဗာန်ရောက်နိုင်မည်။
၁၇။ ရှေ့နောက် ခွဲတတ်ပါစေ။ မိမိအရေးက ရှေ့ထား၊ သားရေး၊ သမီးရေး၊ စီးပွားရေးက နောက်ထား။
၁၈။ ဘ၀ကူးကောင်းအောင် မလုပ်ပါနှင့်၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ။
၁၉။ ဒါနက သံသရာရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၂၀။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၂၁။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ၊ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါဦး။
၂၂။ အိုရာက နာရာ မရောက်ခင် ၀ိပဿနာလုပ်ပါ။
၂၃။ အရှိနှင့် အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၂၄။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၅။ ရှေ့နာမ်ကို နောက်ဉာဏ်နှင့်ရှုတာ ၀ိပဿနာ။
၂၆။ ရှေ့အသေကို နောက်အနေနှင့်ရှုတာ ၀ိပဿနာ။
၂၇။ အသေက ဖြစ်ပျက်၊ အရှင်ကမဂ်၊ အပျက်နဲ့မဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၈။ ရှေ့က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၉။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာဖြစ်မည်။
၃၀။ သူများစိတ်အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာမှ အမှန်ရမည်။
၃၁။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၃၂။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၃၃။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၄။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၅။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူပြေးနေတော့ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၆။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
၃၇။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
၃၈။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုသာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
၃၉။ သက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ်ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနဲလိမ့်မယ်။
၄၀။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်တယ်။
၄၁။ ကိစ္စဟူသရွှေ့ မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၄၂။ ဒကာ ဒကာမတွေဟာ တဏှာ(လောဘ) ခိုင်းရာကို ကျွန်သားပေါက်ပီပီ လုပ်နေကြတာပဲ။
၄၃။ တဏှာကို အဖော်မလုပ်နဲ့၊ ဉာဏ်ကို အဖော်လုပ်ပါ။
၄၄။ အလကား နေသရွှေ့ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၅။ ယခု သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ ပစ္စည်း ဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက်၊ မသိပျော် ပျော်နေသ လောက်၊ နောင် သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၆။ ကိုယ့်ကိုယ်ကို သနားရင် ၀ိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၄၇။ အသက်ကြီးလေလေ၊ ကံမွဲ ဉာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဉာဏ်မွဲရင် နိဗ္ဗာန်မရောက်။
၄၈။ ကံကို ဉာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဉာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်။
၄၉။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးဖြစ်တယ်။
၅၀။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ။
၅၁။ ခန္ဓာကြီးရဲ့ စွမ်းရည် သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုပဲရှိတယ်။
၅၂။ ၀ိပဿနာ ဆိုတာ ခန္ဓာမလိုချင်အောင် ရှုတာ။
၅၃။ ဒါန သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်၊ ၀ိပဿနာ အလုပ်လုပ်မှသာ ရောဂါပျောက်မယ်။
၅၄။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်လုပ်တာ။
၅၅။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၆။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရား အလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၇။ ကြားတဲ့ တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတပန် တည်နိုင်တယ်။
ဉာတပရိညာ စာအုပ်မှ-
Sunday, March 27
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ်တားဖိုလ်တား နိဝရဏတရား
နိဝရဏတရားဆိုတာ မဂ်ဖိုလ်ကို (မရအောင်) ပိတ်ပင်တားဆီး ဖုံးလွှမ်းတားတဲ့တရားလို့မှတ်၊ နီဝရဏတရားမှာ"လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"လို့ ၅-ပါးရှိတယ်။ ဒီ နီဝရဏတရား ၅-ပါးကဝင်ရောက်နှောက်ယှက်လို့ရှိရင် ခန္ဓာထဲဉာဏ်စိုက် ရှုငြားသော်လည်းပဲ၊ ခန္ဓာထဲမှာရှိတဲ့ဖြစ်ပျက်=အနိစ္စသဘောကို မမြင်နိုင်ဘူး၊ မမြင်တော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မလိုက်တော့ မဂ်ဖိုလ်မရနိုင်ဘူး၊ မဂ်ဖိုလ်မရတော့ သံသရာတလျှောက်လုံးမှာ တဒိုင်းဒိုင်းပြေးနေရတာပေါ့၊ ဒုက္ခစက်ရဟတ်ကြီး ချာချာလည်နေရတာ
ပေါ့၊ ဒါကြောင့် ဒီနီဝရဏတရား ၅-ပါးကို မိမိဉာဏ်အပေါ် မဖုံးလွှမ်းနိုင်အောင် ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်မှသာလျှင် ခန္ဓာထဲရှိ ဖြစ်ပျက်အနိစ္စတွေကို မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ၍ မိမိ၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဒုက္ခခမ်သိမ်း ကင်းငြိမ်းသွားမယ်။
စိတ်ဝိညာဏ်ဟာ ၆-မျိုးရှိတယ်၊ ဆိုင်ရာဝတ္တုရုပ်အသီးသီးမှာ မှီပြီးဖြစ်တယ်၊ စက္ကုဝိဉာဏ်စိတ်က မျက်လုံးမှာပေါ်တယ် ၊ သောတဝိဉာဏ်စတ်၊ ဃာနဝိဉာဏ်စိတ်၊ ဇိဝှာဝိဉာဏ်စိတ်၊ ကာယဝိဉာဏ်စိတ် တို့ဟာလဲ့ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် အသီးသီးမှာပေါ်တယ်၊ မနောဝိညာဏ်စိတ်ကတော့ ဟဒယရုပ်ခေါ်တဲ့ နှလုံးသွေးထဲမှာပေါ်တယ် ၊ ဒီစိတ်ဟာ အာရုံနဲ့ ဒွါရတိုက်ဆိုင်တဲ့ အခါမှာဖျတ်ခနဲ့ဖျတ်ခနဲ့ ပေါ်လာရတယ်၊ ဟဒယဝတ္ထုနှလုံးသွေးဟာအသစ်အသစ်ဖြစ်ပြီး အမြဲပြောင်းလဲနေတယ်၊ နှလုံးသွေးကဖြူနေရင် ကြည်နေရင်ဒီမှာပေါ်တဲ့စိတ်ကလဲကြည်လင်နေပြီး ဉာဏ်ပညာကဘလဲ ထိုးထွင်သိတော့တာပဲ၊ အကယ်၍နှလုံးသွေးက
နောက်နေရင်ဒီအထဲမှာပေါ်တဲ့စိတ်ကလဲ နောက်တောက်တောက်ဖြစ်နေတော့၊ ဉာဏ်ကထိုးတွင်ပြီးမသိနိုင်တော့ဘူး၊ ဒီတော့ခုနကပြောခဲ့တဲ့ နီဝဏတရားတွေက ဝင်ရောက်နှောက်ယှက်လို့ရှိရင်၊ စိတ်ဟာမကြည်မလင်နောက်တောက်တောက်ဖြစ်ပြီး ဉာဏ်ကထိုးထွင်းမသိနိုင်တော့ဘူး၊ ဒီနီဝရဏအကြောင်းကို ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာလာတဲ့ ဝတ္ထုနဲ့တကွရှင်းပြမယ်၊ ဘုရားရှင်ဟာ စမ္ပာနဂိုရ်ပြည်မှာ သီတင်းသုံးနေတယ်၊ သင်္ဂါရဝဆိုတဲ့ သတို့သားတစ်ယောက်ဟာ ဘုရားရှင်ဆီလာပြီး တပည့်တော်ပုဏ္ဏားထုံးစံအတိုင်းဗေဒင်ကျမ်းဂန်တွေညညရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ၊ တစ်ခါတစ်လေ တစ်လုံးမှသတိမရဘူးး အကုန်မေ့
ကုန်တယ်ဘုရား၊ တစ်ခါတစ်လေကျပြန်တော့ ရပြီးသားစာတွေမပြင် မရသေးတာတွေတောင် ဉာဏ်ထဲမှာထင်လာပါတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလဲဘုရားလို့ မေးလျှောက်တယ်၊ ဒီတော့ ဘုရားက ငါရှင်းပြမယ်ကွာဆိုပြီး ဥပမာကလေးနဲ့ဒီလိုရှင်းပြလိုက်တယ်။
(၁)ခွက်တစ်ခုထဲမှာကြည်နေတဲ့ရေကိုထည့်လိုက်၊ နောက်ဒီရေထဲကိုဆေးနီ ဆေးဝါ ဆေးပြာတွေရောထည့်လိုက်။ရေကိုငြိမ်အောင်ထားပြီး မင်းမျက်နှာဟပ်ကြည့်လိုက်စမ်း၊ မျက်နှာရိပ်ထင်ထင်ရှားရှား မြင်နိုင်ပါမလား၊ မမြင်နိုင်ဘူး၊ ဒီလိုပဲ နဂိုစိတ် (ဘဝင်စိတ်) ဟာကြည်နေတယ်၊ သူ့မှိရာနှလုံးသွေးဟာလဲ ကြည်နေတယ်၊ ဒီနှလုံးသွေးအကြည်ထဲမှာ လောဘစိတ်ကလေး ဝင်လာ ပေါ်လာလို့ရှိရင်၊ စိတ်ဟာနောက်ကျိသွားပြီး သိပြီးသားစာတွေတောင် မမှတ်မိမသိနိုင်တော့ဘူး၊ ဒီမှာလဲ ဝိပဿနာအားထုတ်ရာမှာလဲ ထိုအတူပဲ
သားသမီးအတွက်စီးပွားရေးအတွက် လောဘစိတ်ဝင်လာရင် ခန္ဓာထဲမှာ နဂိုကရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တအသုဘ၊ ဒုက္ခသစ္စာရိပ်တွေကို ဉာဏ်နဲ့ဆင်ခြင်တဲ့ အခါမှာ မသိမမြင်နိုင်တော့ဘူး၊ ဒီတော့ရေထဲမှာရှိတဲ့ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ပစ်ပြီး ရေငြိမ်အောင်ထားပြီး မျက်နှာဟပ်ကြည့်မှ မျက်နှာရိပ်ကို ထင်ထင်ရှားရှားမြင်နိုင်သလို၊ ဒီပေါ်လာတဲ့လောဘစိတ်ကို ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်၊ အဲဒါဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီး ခန္ဓာဉာဏ်စိုက်ကြည့်လိုက်ရင် ခန္ဓာထဲမှာ နဂိုရှိနေတဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေ တစ်ခုခုဟာ ထင်ထင်ရှားရှားမြင်နိုင်တယ်၊ ဒီတော့ ခင်ဗျားတို့ ခန္ဓာထဲ့ဉာဏ်စိုက်ပြီး ဖြစ်ပျက်ရှုလို့ မမြင်တာဟာ ဒီလောဘစိတ်ကဝင်ရှုပ်လို့မမြင်ရတာ၊ ဒီတော့လောဘစိတ်ဝင်လာရင်သူ့ကို အရင်ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုပါ၊ ဒါမှဖြစ်ပျက် အနိစ္စတွေမြင်လာမယ်။
(၂) ဒုတိယအချက်ကတော့ ဒေါသပဲ၊ ဒေါသစိတ်ဖြစ်နေရင် နှလုံးသွေးဟာ ပွက်ပွက်ဆူနေတာပဲ၊ ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မျက်နှာရိပ်ဟပ်ကြည့်ပါ၊ ရေက ပွက်ပွက်ဆူနေပြီးအခိုးတွေထနေတော့ မျက်နှာရိပ်မမြင်နိုင်ဘူး၊ ဒီလိုပဲဒေါသစိတ်ဝင်ရှုပ်နေတဲ့အခါ နဂိုရထားတဲ့စာတွေတောင်အကုန်မေ့သွားရတယ်၊ ဒီမှာလဲဝိပဿနာရှုတဲ့ နေရာမှာလဲ ဒေါသစိတ်ဖြစ်တဲ့အခါခန္ဓာကိုယ်ထဲကို ဉာဏ်နဲ့ကြည့်ပါ၊ ခန္ဓာမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာကြီးကိုဘယ်တော့မှမမြင်နိုင်ဘူး၊ ဒေါသဆိုတဲ့ရေဆူပြီး အခိုးထနေတာကိုဒီတော့ရေအခိုးငြိမ်အောင်ရေအေးရေငြိမ်အောင်ထားပြီး မျက်နှာရိပ်ဟပ်ပြီးကြည့်တော့ မျက်နှာရိပ်မြင်ရသ
လိုဒီပေါ်လာတဲ့ဒေါသကို ဖြစ်ပျက်ရှုပြီး အရင်ဖယ်ပစ်ရမယ်၊ ဒီလိုဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ဒီလိုရှုတော့မှ ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်အနိစ္စတွေကို မြင်လာလိမ့်မယ်။
(၃) တတိယ အချက်က ထိနမိဒ္ဓပဲ၊ ထိနမိဒ္ဓဆိုတာကိုယ်စိတ်ကိုကိုယ်မနိုင်တာငိုက်မျည်းသွားတာ ၊ရေကန် ထဲကရေပြင်မှာ မှော်တွေဖုံးအုပ်နေတဲ့အခါ ၊ မျက်နှာကိုဟပ်ကြည့်ရင်မျက်နှာရိပ်ကိုမမြင်နိုင်ဘူး၊ ဒီလိုပဲ
ဟဒယဝတ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ၊ ငိုက်မျည်းတဲ့စိတ်ကဝင်ရောက်နှောက်ယှက်နေရင်ရပြီးသားစာတွေ
မေ့မှာပဲ၊ အခု ဝိပဿနာရှုတဲ့နေရာမှာလဲ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်က ဟဒယဝတ္ထုနှလုံးသွေးမှာဝင်
ရောက် ဖုံးလွှမ်းနေရင်ဉာဏ်ဝင်ခွင့်မရလို့ ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စတွေ မမြင်နိုင်ဘူး၊ ဒီတော့ ဖုံးနေတဲ့မှော်
တွေဖယ်ရှားပစ်ပြီး မျက်နှာရိပ်ကိုဟပ်ကြည့်မှ ထင်ထင်ရှားရှားမြင်ရမယ်၊ ဒီမှာလဲ ဉာဏ်ပေါ်မှာဖုံးနေတဲ့
ထိနမိဒ္ဓကိုအရင် ဖြစ်ပျက်ရှုပြီး ဟဒယဝတ္ထု နှလုံးသွေးမှ ဖယ်ရှားပစ်ပြီးမှရှုနေတဲ့မူလကမ္မဋ္ဌာန်းကို ပြန်
ကောက်ပါ၊ ဒီတော့မိမိရှုနေတဲ့ ဖြစ်ပျက် အနိစ္စတွေထင်မြင်လာမယ်။
(၄) စတုတ္ထအချက်က ဥဒ္ဓစ္စ ကုက္ကုစ္စဖြစ်တယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ စိတ်ပျံ့လွင့်တာ စိတ်မငြိမ်တာ၊ ထားရာ
မှာမနေတာဘဲ။ ရေကန်ထဲကရေဟာလေတိုက်ခတ်လို့လှုပ်နေတဲ့အခါ မျက်နှာရိပ်ကိုဟပ်ကြည့်ပါ၊ မျက်နှာ
ရိပ်ကိုမမြင်ရဘူး၊ ဒီမှာလဲ ဝိပဿနာရှုရာမှာလဲ စိတ်ပျံ့လွင့်လှုပ်ရှားနေတဲ့အခါ ဝိပဿနာရှုရင် ခန္ဓာထဲရှိတဲ့
အနိစ္စတွေကိုမမြင်နိုင်းဘူး၊ ရေကိုငြိမ်အောင်လုပ်ပြီး မျက်နှာရိပ်ဟပ်ကြည့်မှမြင်ရတယ်၊ ဒီမှာလဲ ပျံ့လွင့်နေ
တဲ့စိတ်ကို ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပါ၊ ပြီးမှမူလကမ္မဋ္ဌာန်းကိုပြန်ကောက်ပြီး ရှုရင်ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စ
တွေကိုမြင်နိုင်တယ်၊ ထို့အပြင် ကုက္ကုစ္စဟာအရေးကြီးလို့ အထူးရှင်းပြပါဦးမယ်၊ ခင်ဗျားတို့ငယ်စဉ်တုန်းက
မသိမလိမ္မာလို့ မိုက်ခဲ့တာတွေကိုတွေးပြီး ပူမနေနဲ့၊ ကြောက်လန့်မနေနဲ့၊ ငယ်တုန်းကမိုက်ခဲ့တာတွေကို
နှလုံးသွင်းနေရင် ဒါမဂ်တားဖိုလ်တားဖြစ်တယ်၊ ငယ်ငယ်တုန်းကစပြီး တောက်လျှောက်လိမ္မာတဲ့ အမျိုးလို့
မရှိပါဘူး၊ အနည်းနဲ့အများ မိုက်မှားခဲ့တဲ့လူတွေများပါတယ်၊ဒါတွေတွေးမနေနဲ့၊ တွေးနေရင် ကုက္ကုစ္စဖြစ်ပြီး
ဝိပဿနာမှာ အနှောင့်အယှက်ဖြစ်တယ်၊ ဒီတော့ကုက္ကုစ္စစိတ်တွေလာရင်ဖြစ်ပျက်ရှုပြီး၊ ဖယ်ရှားပစ်ပါ၊
ဘုရားရှင်လက်ထက်ကလူဆိုးကြီးတွေ မဂ်ဖိုလ်ရသွားကြတာရှိခဲ့သားပဲ၊ ပြီးတော့သေခါနီးမှာ ကုက္ကုစ္စစိတ်
တွေဖြစ်ရင် တိရစ္ဆာန်ဖြစ်တတ်တယ်၊ ပြိတ္တာဖြစ်တယ်၊ ဒါကြောင့် ခင်ဗျားတို့ကို သေနည်းသင်ပေးနေရတာ၊
သေခါနီးရင် ကိုယ်ခန္ဓာကိုဖြစ်ပျက်ရှုပေးပါ သားသမီး ပစ္စည်းဥစ္စာတွေအတွက်စိတ်မချတာစွဲလမ်းတာတွေ
လာရင် ပြိတ္တာနဲ့ တိရစ္ဆာန်ဖြစ်တတ်တယ်၊ ဒါကြောင့် ဝိပဿနာလုပ်တဲ့အခါ ရှေးက ဒုစရိုက်မှုတွေကို မတွေး
တော့ဘဲ ဖြစ်ပျက်ရှုဖယ်ရှားပစ်ပြီး မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကိုသာ စိုက်စိုက်မတ်မတ် ရှုသွားရမယ်။
(၅) ပဉ္စမအချက် ဝိစိကိစ္ဆာဖြစ်တယ်၊ ဝိစိကိစ္ဆာဆိုတာသံသယရှိတာ၊ ဘုရား တရား သံဃာအပေါ် သံသယ
ရှိမှု၊ မိမိကျင့်နေတဲ့ ဝိပဿနာအကျင့်ပေါ်မှာ သံသယရှိမှုတွေဟာ မဂ်တားဖိုလ်တားပဲ၊ မိမိဉာဏ်မမီတာတွေ
ကို စဉ်းစားပြီး သံသယဖြစ်နေရင် ဒါအန္တရာယ်တစ်ခုပဲ သဒ္ဓါကိုရှေ့သွားပြုပြီးတဖြည်းဖြည်း ဉာဏ်နဲ့ဆင်ခြင်
သွားမှသာ အမှန်ရောက်နိုင်တာ၊ ဒီတော့ တွေးတောယုံမှား သံသယစိတ်တွေဝင်လာရင် ဒါကိုဖြစ်ပျက်ရှုပြီး
ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မှုလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ရေကန်ထဲကရေတွေအနယ်
ထနေရင် မျက်နှာရိပ်မထင်နိုင်ဘူး၊ အနယ်တွေဖယ်ရှားပစ်မှ မျက်နှာရိပ်ထင်နိုင်တယ်၊ ဝိပဿနာရှုရာမှာလဲ
ဝိစိကိစ္ဆာတွေဝင်ရှုပ်လာရင် ခန္ဓာအရှိကို ဉာဏ်မျက်စိကမမြင်နိုင်ဘူး၊ ဒီတော့ ဒီဝိစိကိစ္ဆာကို ဖယ်ရှားပစ်မှ
သာ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်၊ ခန္ဓာထဲမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကိုတွေ့မြင်နိုင်မယ်။ ။
မိုးကုတ်ဆရာတော်
Wednesday, March 23
မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်မချမီ ၂ ရက်အလိုတွင်.. နောက်ဆုံးဟောကြားတော်မူခဲ့သော တရားတော်
[တရားပဲအားကိုးပါ တရားတော်]
======================
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်လာတော့ သြော် ... ငါ့မှာ အတုမရှိ ဘုရားတော့ ဖြစ်လာပြီ၊ ငါ့ထက် သာတဲ့ ပုဂ္ဂိုလ် ရှိရင်ဖြင့် ငါကိုးကွယ်
မယ်။ ပူဇော်မယ်လို့  လျှောက်ပြီးကြည့်လိုက်တော့ ၃၁ဘုံထဲမှာ ဘုရားထက် သာတဲ့သူ တစ်ယောက်မှမမြင်ဘူး။
ဒီတွင်မှ ငါသည် ဘယ်နှယ်ကြောင့် ဘုရားဖြစ်လာပါလိမ့်မတုံးလို့  ဆင်ခြင်လိုက်တော့ ၊
သြော် .. တရားအားထုတ်လို့ ဘုရားဖြစ်လာတာ။ ဒါဖြင့် တရားပဲ ကိုးကွယ်မှ
ပဲ ဆိုတဲ့ စိတ်ဟာပေါ်ပေါက်ပြီး တရားပဲကိုးကွယ်ပူဖော်တယ်လို့  မှတ်ရလိမ့်မယ်။
ခင်ဗျားတို့  လည်း..ဘယ်တရားပို့ ကြိုက်တယ်ဆိုတာ ဘုန်းကြီးဝေဖန်မယ်။ ဒါန ကုသိုလ်တရားကပို့ တာကြိုက်သလား၊၊ သီလကုသိုလ်တရား၊ သမထကုသိုလ်တရား၊ ၀ိပဿနာကုသိုလ်တရား၊ ပို့ တာကြိုက်သလား၊ အကုသိုလ်တရားကပို့ တာကြိုက်သလား လို့ မေးတော့ မေးခွန်း၅ ခုထွက်လာတယ်။
ငါးမျိုးဝေဖန်လိုက်တော့.. အကုသိုလ်တရားကပို့ ရင် သူအပါယ်လေးပါးသွား
ရလိမ့်မယ်။ ဒါတော့ ဘယ်သူမှ မသွားချင်ဘူး။
#ဒါနကုသိုလ်#
ဒါနကုသိုလ်က ပိုလိုက်ပြန်တော့လည်း..လူ့ ပြည်၊ နတ်ပြည်ကိုသူပို့ မယ်။
သူပို့ တဲ့ နေရာလည်း အိုဘေး၊နာဘေး၊ သေဘေးရှိတယ်ဆိုတာ ဒကာဒကာမ တွေက သိပြီးသားဖြစ်နေတော့၊ သူပို့ တဲ့ နေရာလည်း တပည့်တော်တို့  မသွားနိုင်ဘူး ဘုရာ့။ ဘာလို့ တုံး အိုဘေး၊ နာဘေး၊ သေဘေး ကြောက်တယ်။ မဟုတ်ဘူးလား..(မှန်ပါ့)။
#သီလကုသိုလ်#
သီလကုသိုလ်ကလည်း ပို့ မှာပဲ လူ့ ပြည်၊ နတ်ပြည်ကို သူကလည်း အိုဘေး၊နာဘေး၊ သေဘေးရှိတယ်။ ဟိုမှာ ဒုက္ခသစ္စာရှိနေတယ်။ ဒါဖြင့် သွားချင်ကြရဲ့ လား..(မသွားချင်ပါဘူးဘုရား)။
#သမထကုသိုလ်#
သမထကုသိုလ်ပို့ ရာ သွားမလားဆိုတော့ ဗြဟ္မာ့ပြည်သွားရလိမ့်မယ်။ ဟိုမှာလည်း သက်ဆိုးရှည်နေတာပဲ ခန္ဓာဝန်ထမ်းပြီး အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အတူတူ နေရတာဖြစ်သောကြောင့် သမထ ကုသိုလ် ပို့ တဲ့ ဆီတော့ တို့ မသွားဘူး။ အသက်ရှည်ပြီး ဒုက္ခရောက်နေတာ..(မှန်ပါ)။ ဒါဖြင့် အခုပြောတဲ့ လေးချက်ကို ဦးတင်လည်းမကြိုက်ဘူး၊ ဦးသန်း
မောင်လည်း မကြိုက်ဘူး...( မှန်ပါ ) ။
#၀ိပဿနာကုသိုလ်#
ဒါဖြင့် ၀ိပဿနာကုသိုလ်ပို့  တဲ့နေရာတော့ မကြိုက်ဘူးလားမေးလို့ ရှိရင် သူကတော့ဖြင့် နိဗ္ဗာန်ပဲ ပို့ မယ်။ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ပို့ မယ်။
ဒါဖြင့် ဘယ်ဟာ အကြိုက်ဆုံးလဲ ...( ၀ိပဿနာ ကုသိုလ်ပို့ တာ အကြိုက် ဆုံးပါ)။
ခင်ဗျားတို့ နောက်တစ်ခါ ဘယ်သွားကြမတုံးလို့  မေးတဲ့ အခါကျတော့ ၊
တပည့်တော်တို့  သစ္စာသိပြီ ဘုရာ့။ ဒုက္ခသစ္စာ ရှိတဲ့ ဆီတော့ မသွားချင်ဘူး။
ဒုက္ခသစ္စာ မရှိတဲ့ ဆီတော့ သွားချင်ပါတယ်.... (မှန်ပါ ) ။
ပေါ် ပြီလား... (ပေါ်ပါပြီ) ။
ဒါဆို ၀ိပဿနာရှုကြ၊ မဂ်ဆိုက်သွားလိမ့်မယ်။ မဂ်ကပို့ ရင် နိဗ္ဗာန်မှတစ်ပါး
ဘယ်မှ မပို့ ဘူး။ ၀ိပဿနာကတော့ ကိလေသာဖြတ်၊ ကံဖြတ်ပြီးပို့ တဲ့နေရာ ဖြစ်လေသောကြောင့်.. ကိလေသာဖြတ်တယ်ဆိုတော့
ကိလေသာဝဋိပြတ်ပြီလို့  မှတ်လိုက်။ ကံဖြတ်တယ်ဆိုကတည်းက .... ကမ္မ၀ဋ် လည်းပြတ်ပေါ့ ဥိးသန်းမောင်၊ သူ့ အကျိုးဖြစ်တဲ့ ၀ိပါက၀ဋ် လုပ်ချင်လို့  ရသေးရဲ့ လား...(မရပါဘူး)။ ဒါကြောင့် ၀ိပဿနာက တော့ဖြင့်
ဝဋ်သုံးပါး ကျွတ်တဲ့ ဆီကို ပို့ တယ်။
ဒီနေ့ တရားမှာ တရားသား ချည့်ဟောနေတယ် ဆိုတာ သေသေချာမှတ်စမ်း ပါ၊ အစစ်တွေရွေးပြီးသကာလ တရားစပြီးချီကတည်းက အင်မတန် သိစေလိုတဲ့ ဆန္ဒနဲ့  မရွေးတတ်မှာစိုးလို့  ရွေးပုံ အခြင်းအရာ အာဟာရတွေပါ
ပြောလိုက်ပါတယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဆိုတာ သူလုပ်သမျှ ခံမယ်ဆိုတဲ့ အဓိပ္ပါယ်မရောက်ပေဘူးလား။
အခုဟာက မင်းတို့ လုပ်သလို မခံဘူးကွ၊ ငါသစ္စာ သိထားပြီ၊ အပို့ ကောင်း ကို ရှာမယ် ဆိုတော့ အတော်ထင်ရှားသွားပြီ။
ဒါဖြင့် ... ဒကာဒကာမတွေ ပြောနေတဲ့ စကားဟာ ဖြစ်သမျှအကြောင်းအကောင်းချည့်ပဲဘုရား...ကံစီမံသလိုပဲ....။
အို...ဒီလိုမလုပ်ပါနဲ့ ၊ ဘုန်းကြီးတို့ က ကန့် ကွက်တယ်...(မှန်ပါ)။ ဥာဏ်စီမံ
သလိုလုပ်ပါလား...။ ၀ိပဿနာဆိုတာ ဥာဏ်ပဲ မဟုတ်လား... (မှန်ပါ)။
ဥာဏ်မှ ဖြစ်ပျက် မြင်တာ ။
ကံစီမံသလို ခံမှာပဲ ဆိုပြီး ကံကိုချည်း လွှဲချတဲ့ စကားလုံး မသုံးနဲ့ ။ ဘုန်းကြီးက သာမည ဘုန်းကြီး မဟုတ်ဘူး။ ခင်ဗျားတို့ ကို ဥာဏ်ပေးနေတာ။
ဥာဏ်စီမံရာက ၃၁ဘုံ လွတ်ရာ၊ ကံစီမံရာက ၃၁ဘုံ အတွင်းပါ။ ၃၁ဘုံက ဒုက္ခသစ္စာ ၊၃၁ဘုံ အပြင်ထွက်မှ နိရောဓသစ္စာ။ ပေါ်ပြီလား.(ပေါ်ပါပြီ)။
#ကမ္မဿကတဥာဏ်#
ဥာဏ်ကလည်း တစ်ခါခွဲကြစို့ ။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ် ဆိုတာ ကမ္မဿကတဥာဏ်..(မှန်ပါ)။ မလိုက်နဲ့ ပြုတ်ကျမယ်။ သုဂတိတော့ ပို့ လိုက်တာပဲ၊ ပို့ ပေမယ့်လဲ သူက ဒိဋ္ဌိတန်းလန်းနဲ့ ပါသွားတယ်။ ငါလုပ်လို့  ငါရတယ်ဆိုတဲ့ ဒိဋ္ဌိက မပါဘူးလား...(ပါပါတယ်)။
ပို့ လညိးပို့ တယ်၊ အောက်ကိုလည်း ဆွဲချလိုက်တယ်။ ဒီတော့ ကောင်းသေး ရဲ့ လား။
ငှက်တစ်ကောင်၊ ငှက်ကအင်မတန်ကြီးတယ်၊ အဆိပ်လူးမြှားတံကလေးနဲ့ 
ပစ်လိုက်တဲ့ အခါကျတော့ မှန်တယ်တဲ့ ။ မှန်ပေမယ့် အဆိပ်က ဖြုန်းကနဲမပျံ့ ဘူး။
မပျံ့ တော့ ပျံတက်သွားတာပဲ၊ အဆိပ်မပျံ့ ခင်သာ ပျံနိုင်တာ ။ အဆိပ်ပျံ့ တော့ ဘယ့်နှယ်တုံး...(မပျံနိုင်ပါဘူး)။ ဖြုန်းကနဲ ပြန်ကျတယ်။
အဲ ကမ္မဿကတာ ဥာဏ်ကလဲ ဒိဋ္ဌိ အဆိပ်မပျံ့ ခင် ပျံတက်တာ။ ဒိဋ္ဌိ အဆိပ်ပျံ့ သွားတဲ့ အခါကျတော့ ၀ုန်းဆိုထိုးကျတာပဲ။ ဒါဖြင့် ကမ္မဿကတဥာဏ်လောက်ကို ဘုန်းကြီးတို့ ဒကာဒကာမတွေ ငါလှူရင် ငါရတယ်ဆိုတဲ့ တစ်လုံးလောက်ကို အားထားလောက်ပြီဆိုတဲ့ စိတ်ကို ယနေ့ ဖြုတ်ပစ်ပါ။ ဒါဖြင့် ကမ္မဿကတာဥာဏ်က ဒိဋ္ဌိအဆိပ်ကို မပယ်နိုင်...
ရှင်းပြီလား..(ရှင်းပါပြီ)။
ဒီနေ့ ညတရားမှာ ခုနင်က တရားတွေ ရွေးတယ်နော်၊ ဓမ္မထဲကမှ တစ်ခါ ဥာဏ်အဆီ ထုတ်ပြီးတော့ ရွေးပြန်ပါတယ် ဆိုတော့ ဒါနည်းတဲ့ အသုံးအနှုန်း
မဟုတ်ဘူး။ ဥာဏ်တွေကိုစစ်တာ..။
ကမ္မဿကတဥာဏ်လောက်ဖြင့် တပည့်တော်တို့  အားမကိုး လောက်ဘူးဆိုတာ အခု ဆရာသမားပြောလို့  ရှင်းပါပြီ....ဒိဋ္ဌိတန်း
လန်းနဲ့ မို့ ဆိုတော့ ယုံကြည်ပါပြီနော် ။
#နာမရူပပရိစ္ဆေဒဥာဏ်#
ဒါဖြင့် ဘယ်ဥာဏ် အားကိုးရမှာတုံး ဆိုတော့ ...နမရူပပရိစ္ဆေဒဥာဏ် ဆိုတာရှိတယ်၊ ဒုတိယဥာဏ် တက်လာပြီ၊ နာမ်နဲ့ ရုပ်ကို ခွဲသိတဲ့ ဥာဏ်ကို
အားကိုး..(မှန်ပါ)။ ရှင်းပြီလား...(ရှင်းပါပြီ )။
သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာကနာမ်။ စားတာကရုပ်။
ဆိုတော့ နာမ် ရုပ်ကွဲနေတယ်။ ဒီဥာဏ်ကလေးကို ခုနင်က ဥာဏ်ထက်တော့ သာပေပြီ။ သို့ သော် အစစ် အားမကိုးနဲ့ အုံး ။ ခဏတစ်ဖြုတ် အပါယ်လွတ် တာပဲ ရှိသေးတယ်။ စူဠသောတာပန်ဖြစ်သွားတာကိုးဗျ။
ခဏ အပါယ်လွတ်တာလေးနဲ့  ကျေနပ်နေတော့ နောက်ဘ၀တွေ သူမမြင်လို့ ပြောတဲ့ စကားပဲလို့  ဆုံးဖြတ်ချက်ချ။
ကမ္မဿကတဥာဏ်ထက်တော့ သာပါရဲ့  သာပင်သာငြားသော်လည်း အသာကြီး ကျုပ်တို့  အလိုကျ မဖြစ်သေးဘူး။
#ပစ္စယပရိဂ္ဂဟဥာဏ်#
မဖြစ်သေးတော့ ဘယ်ဥာဏ် အားကိုးလောက်သလဲ...။ ပစ္စယပရိဂ္ဂဟဥာဏ် ဆိုတာက ပဋိစ္စသမုပ္ပါဒ် သိတဲ့ ဥာဏ်က...... အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်တာ။ သင်္ခါရကြောင့် ၀ိညာဏ် ဖြစ်တယ်။ သြော် ..သံသရာကြီးထဲမှာ သူ့  အကြောင်း နဲ့  သူ့ အကျိုးနဲ့  ဖြစ်နေတာပဲ။ ပုဂ္ဂိုလ် သတ္တ၀ါတော့ မရှိဘူး၊
အကြောင်းအကျိုးတွေ ပဲ ဆိုတာ မသိဘူးလား။ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့ လဲ သေပျော်ပေါ့လို့  မဆိုလိုက်ပါနဲ့ ၊ ခဏတစ်ဖြုတ် အပါယ်လွတ်တာ။ သုံးဥာဏ် ရှိသွားတော့ ကြပ်ကြပ် အရေးတကြီး မှတ်ကြပါ။
#၀ိပဿနာဥာဏ်#
ဒါဖြင့် ဖြစ်ပျက်သိတဲ့ ဥာဏ်ကိုတပည့်တော်တို့  အားကိုးလောက်တယ်။ လက္ခဏာရေးသုံးပါး သိတဲ့ ဥာဏ်ပေါ့။ ရှင်းပြီလား။ ဟာ..ဒါလောက်နဲ့ လည်း မတင်းတိမ်နဲ့ အုံးနော်...(မှန်ပါ)။ ပြောလိုက်ပြန်တယ်။ ဘာကြောင့်ဆိုတော့ ..ဒုတိယဘ၀ သူကပဋိသန္ဓေနေမယ်။ ပဋိသန္ဓေနေရင် ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊
မရဏဒုက္ခ မလာပေဘူးလား။တစ်ဘ၀ ဇာတိ၊ ဇရာ၊ မရဏနဲ့ နေရမယ်ဆိုရင်.. တစ်ဘ၀ဒုက္ခရောက်တာပဲ။
အကောင်းစစ်ကိုကြိုက်ရင် ဒုက္ခတွေ ဟူသမျှ ချုပ်အောင်လုပ်လိုက်။ တစ်ခါ
ချုပ်နဲ့ လည်း မကျေနပ်နဲ့ ။ နှစ်ခါချုပ်နဲ့  လည်း မကျေနပ်နဲ့ ၊ သုံးခါချုပ်နဲ့ လည်း မကျေနပ်နဲ့ ။ လေးခါချုပ်အောင်လုပ်ပစ်လိုက်။
# မဂ်ဥာဏ် #
ဒီဘ၀ကသေ။ ဟိုဘ၀ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ရောက်ပြီ။ ပဋိသန္ဓေလည်း မနေတော့ဘူး။ မနေတော့ ဒုက္ခလေးခါလောက် ချုပ်ပြီးတဲ့ 
ပုဂ္ဂိုလ်ကျတော့ အကောင်းဆုံးဥာဏ်ပဲ..။ မဂ်လေးပါးကို ဆိုလိုက်ပါမယ်။
ရှင်းပြီလား...(ရှင်းပါပြီ)။
ဒီဓမ္မတွေကို အဆင့်ဆင့် အယုတ်အမြတ် ရွေးလိုက်တဲ့ အခါကျတော့... မဂ်ဥာဏ်ဟာ အကောင်းဆုံးပဲ..။ ဒါဖြင့် မဂ်ဥာဏ်မှတစ်ပါး အားကိုးရာမရှိဆိုတာကိုတော့ ဒုက္ခဟူသ၍လွတ်အောင်လုပ်လို့ ။ ဒကာ
ဒကာမတွေ ဒါကို ကြိုးစားကြပါ။ ကိုယ့် ခန္ဓာကြီးက ဖြစ်ပျက်ဒုက္ခသစ္စာ။ ဒုက္ခသစ္စာ ချုပ်အောင် ကြိုးစားနိုင်သမျှ ကြိုးစားရမယ်။
မဆုံးရင် ၀ိပဿနာဥာဏ်ဆိုရင် တစ်ဘ၀နာမယ်။ အပါယ်တော့ မကျတော့ပါဘူး။ ဆုံးရင် တစ်ဘ၀ကို မနာတော့ဘူး။ တစ်ခါတည်းနဲ့ ကိစ္စပြီးသွားမယ်ဆိုတော့ အကျေနပ်ကြီး ကျေနပ်ဖို့  မကောင်းဘူးလား...။
ကမ္မဿကတဥာဏ်လောက်လည်း အားမကိုးပါနဲ့ ဦး၊ နမရူပပရိစ္ဆေဒဥာဏ်လောက်လည်း အားမကိုးပါနဲ့ ဦး၊ ပစ္စယပရိဂ္ဂဟဥာဏ်လောက် နားလည်ရုံနဲ့ လည်း အားကိုး လောက်ပြီလို့ 
မဆိုပါနဲ့ ဦး၊ လက္ခဏာ အရေးသုံးပါးသိရုံ နဲ့ လည်း တော်လောက်ပါပြီ၊ သိတဲ့
ဥာဏ်နဲ့ ပဲ ငါသေပါတော့မယ်ဆိုပြီးသကာလ ဒီလောက်နဲ့ လည်းမနေပါနဲ့ ။ တစ်ဘ၀နစ်နာမှာ စိုးသေးတယ်၊ ပေါ်ကြပြီလား။
ဒါဖြင့် ခန္ဓာဇတ်သိမ်းပြီးငြိမ်းရာရောက်တဲ့ မဂ်ဥာဏ်လေး ခု ကိုသာလျှင် ကျုပ်တို့  အကြီးဆုံး အားကိုးထိုက်တဲ့ တရားပဲ လို့ ဆို ပြီးသကာလ ဒါကိုပဲ ဆရာဘုန်းကြီး အကူအညီနဲ့  ၊ ကိုယ့် စွမ်းရည်နဲ့  နှစ်ဖက်ညှပ်ပြီးကြိုးစားပါ။
ဆရာဘုန်းကြီးက မသိတာပြောပေးတာပေါ့၊ ခင်ဗျားတို့ က ကိုယ်ပိုင်ဥာဏ်နဲ့  ကိုယ့် ခန္ဓာကြည့်ပေါ့၊ နောင်ကို....ဒီသာသနာ မရှိတော့ ဘူးလို့  ဆုံးဖြတ်ချက်ချပြီးလုပ်ကြပါ။ ဒီသာသနာမရှိဘူး ကွယ်တော့မယ်။ အဲဒီတော့ တို့ ဆရာတွေနဲ့  တို့  ဒကာဒကာမတွေ နဲ့  ယခုတွေ့ ရခြင်းဟာ အဆီအနှစ်တွေလည်း ရပြန်ပြီ။ မကွယ်ခင်မီရုံရှိတဲ့ ပုဂ္ဂိုလ်တွေမို့ မြန်မြန်လုပ်လိုက် ။ မီရုံရှိတယ်။ ရထားကထွက်ခါနီးနေပြီ။
မယုံရင်စဉ်းစားကြည့်ပါတဲ့ မိစ္ဆာအယူဝါဒတွေ လွှမ်းမိုးလာရင် ကြောက်ရတယ်
မိစ္ဆာအယူဝါဒတွေမှာ သဿတဒိဋ္ဌိတွေ၊ နဲ့ အချို့  ဥစ္ဆေဒဒိဋ္ဌိတွေပဲ...။ ဘယ့်နှယ် လုပ်မလည်း၊ နာမရူပဆိုတဲ့ ဒုတိယဥာဏ်တောင်ရှိသေးရဲ့ လား။
ဒါတွေက မလာဘူးလို့  ခင်ဗျားတို့ က ဆိုမလား..... လာမယ်လို့ ရွယ်နေတယ်လို့  ထင်ကြလား၊ လာမယ်လို့ ရွယ်နေကြပါတယ်။
ဒါဖြင့် မီရုံ ရှိတယ်ဆိုတာ မှားသေးလား...(မမှားပါဘူး)။
ပေါ်ကြပြီလား.....(ပေါ်ပါပြီ) ။
အဲဒီ သဿတဥစ္ဆေဒတွေ လွှမ်းမိုးလာလို့ ရှိရင်ဖြင့် ခင်ဗျားတို့  မပါရင်ရှိရ မယ် သားတွေ မြေးတွေကျတော့ ပါသွားမှာပဲ။ ခင်ဗျားတို့ ကျုပ်တို့ က အခု အချိန်ရှိသေးလို့  ရထားထွက်ခါနီး တက်မိသေးတယ်ဆိုတာ ဘုန်းကြီး အသားယူ ပြောနေတယ်လို့  မယူလိုက်ပါနဲ့ ။ ဥာဏ်အမြင်နဲ့  ကြည့်ပြီးတော့ မြန်မြန်သာ လုပ်ပေတော့...
ကိုယ်စိတ်ကိုယ်စစ် ဝိပဿနာ ရိပ်သာ
မိုးကုတ်ဆရာတော် ဘုရားကြီး၏ အခြေခံ ဝိပဿနာ ရှုနည်း
ခန္ဓာကိုယ်ကို စိုက်ပြီး သကာလ ဘုရားရှေ့မှာ ဖြစ်စေ၊ ကိုယ့်အိပ်ရာပေါ်မှာ ဖြစ်စေ၊ စိုက်ပြီး ကြည့်ပါ။ မကြည့်မီ ရှေ့အဖို့ကာလ၌ ဘာလုပ်ရမလဲလို့ မေးလို့ ရှိရင်ဖြင့် "လေလေး ထွက်လာတာလည်း သိနေပါ။ လေလေးပြန်ဝင်တာလည်း သိနေပါ။" ထိုသို့ သိနေတဲ့ အခါကျတော့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးတော့ဘူး။ ထိုကဲ့သို့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့ ထွက်တိုင်းသိ ဝင်တိုင်းသိ။ ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဒကာ၊ ဒကာမတွေက ထိန်းထားပါ။ ဝိပဿနာအစ ခန္ဓာကိုယ် ထွက်ဝင်သိတာကလို့ မှတ်လိုက်ပါ။ "ဝိပဿနာအစ ခန္ဓာကိုယ် ထွက်တဲ့ လေလေး၊ ဝင်တဲ့လေလေး သိတာက စပါ။"
ကောင်းပြီ။ ဤကဲ့သို့ သိနေပြီလို့ ၅မိနစ်၊ ၁၀ မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့၊ ဒီလို "ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ" လို့ဆိုတော့ ထိန်းနေရင်း မတ်တပ်နဲ့ ခန္ဓာကိုယ်ထဲကနေပြီး သကာလ ဟိုကအောင့်သလိုလို ပေါ်လာလိမ့်မယ်။ ဟိုနေရာက ယားသလိုလို ပေါ်လာလိမ့်မယ်။ ဟိုနေရာကလည်း စိတ်ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေး လည်း ပေါ်လာလိမ့်မယ်။ "ပေါ်လာတဲ့အခါကျတော့ ထွက်သိ၊ ဝင်သိ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ အောင့်တဲ့ ယားတဲ့ နေရာကို လိုက် လိုက် ပါ။" အောင့်တဲ့ ယားတဲ့ နေရာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ လိုက် လိုက်တော့ ဒီအောင့်တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ဘူး။ ယခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာ။ ယခုမှ ဖောက်ပြန်တာ။ အဲဒီ ဖောက်ပြန်တာကလည်း ဥာဏ်နဲ့ ကြည့်လိုက်ပြီ ဆိုတော့ ထိုကဲ့သို့ ပျက်စီးတာပဲ တွေ့တဲ့အခါကျတော့ "ဖောက်ပြန် ပျက်စီးတာလေးက ဒုက္ခသစ္စာ။ ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီမဂ္ဂသစ္စာ။"
ဒါလေး .... ရှေးဦးစွာ ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဒကာ၊ ဒကာမတွေက ဟိုနေရာပေါ် ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။ "ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေးပဲ လို့ဆိုပြီး ဒကာ၊ ဒကာမတွေက လိုက်နေပါ။"
လိုက်လို့ လိုက်စရာ မရှိတော့ပြန်ဘူးဘုရား။ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ရှိရင် ခုနင်က စိတ်ကလေးကို ထွက်တဲ့ ဝင်တဲ့စိတ်နဲ့ တွဲနေတဲ့ ဥာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့ "လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။ ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဒကာ၊ ဒကာမတွေက ဥာဏ်နဲ့ လိုက်နေပါ။"
လိုက်နေရင်း မတ်တပ်နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက စပ်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။ ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း "မရှိသောကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။"ထိုသို့ ပေါ်ရာ ပြန်လိုက်ပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဖြစ် ပျက်နဲ့ ရှုတဲ့ မဂ် ခွဲလို့ ရသေးရဲ့လား။ ဖြစ် ပျက်နဲ့ ရှုတဲ့ မဂ်နဲ့ ခွဲလို့ မရတော့ပါဘူး။ ဒီလိုဆိုရင်ဖြင့် မိမိစိတ်သည် "ဖြစ် - ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ" ဆိုပြီး ဝမ်းသာလိုက်ပါ။
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
ခမည်းတော်မှာ ဦးအောင်ထွန်းဖြစ်၍၊ မယ်တော်မှာ ဒေါ်ရွှေအိတ် ဖြစ်ပါသည်။ ခမည်းတော် မယ်တော် တို့မှာ ဒေသအလျောက် တောင်သူလယ်သမား မျိုးရိုးဖြစ်ကြ၍ သမ္မအာဇိဝ လုပ်ငန်းဖြင့် လုပ်ကိုင်နေထိုင်သူများ ဖြစ်ကြလေသည်။
၂။ မွေးဖွားရာဇာတိမြေ (ဥယျာဉ်တော်ရွာ)
ဥယျာဉ်တော်ရွာကား၊ အမရပူရမြို့တည် နန်းတည် ဗဒုံးမင်းခေတ်
ဘိုးတော်ဦးဝိုင်းလက်ထက် တော်အခါက သီးပင်မျိုးစုံ စိုက်ပျိုးထားသော
(မဟာသီရိနန္ဒာဝံ) ခေါ် ဥယျာဉ်နေရာ ဖြစ်ခဲ့ဖူးလေ သည်။
အမရပူရခေတ်မှ မန်းရတနာပုံခေတ်သို့ ရောက်ရှိလေသောအခါ ဥယျာဉ်တော်သည် ရွာအဖြစ် သို့ ရောက်ရှိလာခဲ့လေသည်။ယခု မန္တလေးတိုင်း၊ မြစ်ငယ်မြို့နယ် (ဒုဋ္ဌ၀တီ) ခေါ် မြစ်ငယ်မြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိနေပါသည်။ မယ်တော် ဒေါ်ရွှေအိတ်သည် ဆရာတော် အလောင်းအလျာကို ဖွားမြင်သည်အထိ (ကိုးပါး သီလ) စောင့်ထိန်းကာ တရားစာပေဖြင့်သာ အချိန်ကုန်လွန်စေသည်။ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသောကြောင့် နေ့သင့်နံသင့်အားဖြင့် သတို့သား၏နာမည်ကို (မောင်လှဘော်) ဟု အမည်ကင်ပွန်းတပ်ကြလေသည်။ |
၎။ ရှင်သာမစေပြုခြင်း
ကိုရင်ဝိမလ (၁၂) နှစ်အရွယ်သို့ ရောက်ရှိသောနှစ် တစ်နေ့သော အချိန်တွင် ဥယျာဉ်တော်ရွာ၊ ဂွေးပင်တောရကျောင်းပေါ်တွင် ကိုရင်၏ သင်္ကန်းများကို တန်းပေါ်တွင် ခေါက်တင်ထားရာ သင်္ကန်းများကို ပျားကောင်များသည် ၀ိုင်းအုံလာပြီးလျှင် သိုက်အုံဖွဲ့ကာ စွဲနေကြတော့သည်။
ဤပျားများစွဲခြင်းအကြောင်းကို သိရှိရသော ဂွေးပင်တောရဆရာတော်ကြီးက"သာမဏေ သည် နောင်သောအခါတွင် ဘုန်းကံကြီးမားသော အကျော်အမော် ဆရာတော်တစ်ပါး ဖြစ်လိမ့်မည်၊ တပည့် ဒါယကာ ဒါယိကာမ အသိုက်အ၀န်းကြီးမား၍ လူများစွာ၏ မှီခိုအားထားရာဖြစ်ပေလိမ့်မည်" ဟု နိမိတ်ဖတ်ကြားတော်မူလေသည်။
အစ်မဖြစ်သူ၏ ပြောစကားအရ ရှင်ဝိမလသည် မြို့တက်လာ အဘိဓမ္မသင်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိလေသည်။
မိဘနှင့် ဆရာသမားများအား ခွင့်ပန်လျှောက်ထားရာ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ခွင့်မပြုကြ၍ အမရပူရသို့ တိတ်တဆိတ် တစ်ကိုယ်တော် ထွက်လာခဲ့လေတော့သည်။ မိဘများ သတင်းကြားကြ၍ လိုက်ခေါ်ကြသော်လည်း ပြန်မလိုက်တော့ဘဲ တရားဟောကာသာ ပြန်လွှတ်လိုက် လေတော့သည်။
အစ်မ သီလရှင်ဆရာနှင့် ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုင် ဆရာတော်ကြီး ဦးသုဇာတ အထံတော်သို့ အပ်နှံကြလေသည်။ ကိုရင်ဝိမလသည် မင်္ဂလာတိုက် မကုဋကျောင်းငယ်တွင် နေထိုင် ရလေသည်။ မကုဋဟူသည်ကား အထွတ်အထိပ်ပင်တည်း။
အမရပူရတွင် ဘိုးတော်ဦးဝိုင်း နန်းတည်မည်ရှိသောအခါ အမတ်ကြီး ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး၊ မြင်းသည်တော်များနှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချတည်းခိုကာ မင်္ဂလာ အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသော နေရာဌာနဖြစ်သည့်အပြင် ရှေးမင်းများလက်ထက်တော်အခါက နာမည်ကျော်ကြက်သွန်ခင်း တောရကျောင်းတိုက် နေရာဟောင်းလည်း ဖြစ်လေသည်။
သီလ၀ိသောဓနိကျမ်း၌ ကြက်သွန်ခင်း ဆရာတော်သည် ပဋိပတ်အရာ၌ ထင်ရှားကျော်စော သော ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ အကျင့်သိက္ခာနှင့်လည်းကောင်း၊ မင်းစိုးရာဇာ စသည်တို့နှင့် ဆက်ဆံရာတွင်လည်းကောင်း တင်းတင်းရင်းရင်းရှိလှ၍ ဆရာတော်၏ အရှိန်အ၀ါသည် အလွန်တရာ ကြီးမားတော်မူလေသည်။
ပဋိပတ်အရာတွင် အရွယ်တူ ဆရာတော်များကပင် လျှောက်ထားရသော ဆရာတော်တစ်ပါး ဖြစ်လေသည် စသည်ဖြင့် ရေးသားထားသည်ကိုတွေ့ရှိ ရလေသည်။
ရှင်ဝိမလကား မိမိနေရာဟောင်း ကြက်သွန်ခင်းကျောင်းတိုက်သို့ ပြန်ရောက်လာခြင်းပေလော။
ရှင်ဝိမလသည် မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ ဗြိတိသျှခေတ်သုံးခေတ်တွင် အဘိဓမ္မာပညာများကို ကြိုးစား၍ သင်ယူလေတော့သည်။
ရှင်ဝိမလ၏ ဥပုသ်ဇရပ်များတွင် တရားဟောကောင်းသည်ဟု တစ်စတစ်စနှင့် ကျော်ကြား လာသဖြင့် ပညာရေးနှောင့်နေမည်ကို စိုးသောကြောင့် ဆရာတော်ကြီးက တရားဟောမှုကို ပိတ်ပင်ထားရ လေသည်။
ကိုရင်ဘ၀နှင့်ပင် ဆရာကြီးဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်း ကျကျရရှိထားသူ ဖြစ်လေ တော့သည်။
ရဟန်းဒါယကာများမှာ အမရပူရမြို့၊ အိုးတော်ရပ်၊ ကုန်သည်ကြီး ဦးဝမ်းနှင့် ဇနီးဒေါ်ဒေါ်စော တို့ ဖြစ်ကြလေသည်။
ရဟန်းခံယူသောနေ့၊ သိမ်မှထွက်တော်မူကာ မိမိနေထိုင်ရာ မကုဋကျောင်းပေါ်တွင် (ယခုစင်္ကြ ကျောင်း မြောက်ဘက်ဘုံကျောင်းနေရာ) သင်္ကန်းများ ချွေးစိုရွှဲနေသဖြင့် ခဏတစ်ဖြုတ် တန်းပေါ်တွင် တင်လှမ်းထားရာ မိနစ်ပိုင်းအတွင်းမှာပင် ပျားပေါင်းများစွာ ပျံသန်းလာပြီးလျှင် အသိုက်အအုံလုပ်ကာ ၀ဲကြပျံကြလေသည်။ (ဒုတိယမ္ပိ သင်္ကန်းများကို ပျားစွဲခြင်း ဖြစ်သည်)။
လူတို့အတွက် အကောင်းဆုံးသော အချိုမြိန်ဆုံးသော ဆေးအာဟာရကို ဖြည့်စွမ်းပေးနိုင်ကြ သူများမှာ ပျားသတ္တ၀ါတို့ပင် မဟုတ်ပါလော။
ထိုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရသော အမရပူရမြို့ အောင်ခြင်းရှစ်ပါးဆရာတော်ကြီးက ပုဗ္ဗနိမိတ် ဖတ်တော်မူသည်မှာ "ယခုဘ၀တွင်မှာပင် တရားထူးတရားမြတ်များကို ရရှိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ရလိမ့်မယ်"ဟု ဖွင့်ဟမိန့်ဆိုတော်မူခဲ့လေသည်။
ထိုအချိန်အခါတွင် ပထမကျော်ဆရာကြီးဦးအုန်းက မိမိကိုယ်စား ဦးပဉ္စင်း ဦးဝိမလအား အဘိဓမ္မာည၀ါများကို စမ်းသပ်ပို့ချခိုင်းလေသည်။ နေ့လည်အခါတွင်မူ မန္တလေးမြို့သို့ ရထားဖြင့်သွား ရောက်ကာ စာပေ ပဋိကတ်တော်များ သင်ယူတော်မူရလေသည်။စာဝါလိုက်ခဲ့ရသော ဆရာတော်ကြီးများအား ခေမာသီဝံကျောင်းတိုက် ဆရာတော်၊ ဘုန်းကြီး ကျောင်းတိုက် ဆရာတော် ဦးခန္တီနှင့် ဆရာတော် ဦးကြည်တို့ဖြစ်ကြလေသည်။
Friday, March 18
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိသာခနှင့်ဓမ္မဒိန္နာ အမေးအဖြေ
ဝိသာခနှင့်ဓမ္မဒိန္နာ အဆက် (၂)
နောက် ညအိပ်ရာဝင်တဲ့အခါမှာလဲ ထို့အတူပဲ၊
လွတ်လပ်တဲ့နေရာ သွားသွားပြီး သန့်ရှင်းဖြူစင်တဲ့ အဝတ်တွေကိုခင်းပြီးသကာလ အိပ်တော့တယ်။
အဲဒီကဲ့သို့ အိပ်တော့ ခုနက သူဌေးကတော်ဖြစ်တဲ့ ဓမ္မဒိန္နာက သြော်...အမူအရာတော့ဖြင့် အတော်ထူးနေပြီ၊ ငါ့အပေါ်မှာ အလိုမကျလို့လား သို့မဟုတ် သူတစ်ပါးသောပုဂ္ဂိုလ်နဲ့ အလိုမကျလို့လား၊ အလိုမကျမှု တစ်ခုခုရှိလို့သာလျှင် ဤကဲ့သို့သော နေမှု ထိုင်မှုမျိုး အဆင်အပြင် ပြောင်းတာပဲဆိုပြီးတော့ သံသယနဲ့ပဲနေတယ်။
နောက်တစ်ရက်နှစ်ရက် နေတဲ့အခါလဲ ထိုနည်းတူပဲ။ စိတ်ပြေသွားရင် ပြောမှာပဲဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ စောင့်ဆိုင်းနေတဲ့အခါမှာလဲ ဘာမှနှီးနှောခြင်း ပြောဆိုခြင်း ခင်ပွန်းမနဲ့ မရှိတော့ဘူး....(မှန်ပါ့ဘုရား)။
အဲသည်ကားလို့ ဆိုလို့ရှိရင် "ကာမရာဂ အနုသယ" ဆိုတဲ့ လောဘတွေ ပယ်ပြီးသားဖြစ်တဲ့အတွက် ဤကဲ့သို့အနေအတိုင် ထူးခြားတယ်ဆိုတာ တကာ တကာမတွေ မှတ်ဖို့ပဲ။ အဲသည်တော့ ဒီ...အခုတရားနာနေတဲ့ တကာ တကာမတွေ မှတ်ဖို့ရာကတော့ သောတာပန် တည်ရုံနဲ့တော့ ငါးဖြာအာရုံကာမဂုဏ်တွေ သားနဲ့ မယားနဲ့ နေတာဟာ နေတာပဲလို့သာမှတ်ရမယ်။
ထို့အတူ သကဒါဂါမ် တည်ပြန်လဲ ထုံးစံအတိုင်း နေတာပဲ မှတ်ရမယ်။ အနာဂါမ်တည်မှသာလျှင် ငါးဖြာအာရုံကာမဂုဏ်ဆိုတဲ့ ဒီလူ့ပြည်အာရုံ ကာမဂုဏ်တွေနဲ့ သူကင်းလွတ်တယ်၊ အဲဒီကဲ့သို့ ထူးခြားအောင် မှတ်ပြီးသကာလ ထားကြပါ။
အချို့ သောတာပန်တွေပဲ ဆော့လိုက်တာ ကမြင်းလိုက်တာလို့ မကဲ့ရဲ့ပါနဲ့။ သောတာပန်ဟာ မပယ်နိုင်သေးပါဘူး။ ကာမအာရုံကို မပယ်နိုင်သေးပါဘူးဆိုတာ တထစ်ချမှတ်ထားကြပါ။
ဒါနဲ့ပဲ ဓမ္မဒိန္နာက စိတ်ထဲမှာတော့ သူ့စိတ်ထဲမှာ အင်မတန်ပဲဆွေးပြီး သကာလ အင်မတန် သောကအလုံးကြီးက အကြီးအကျယ် ဖြစ်ပြီးသကာလနေတော့ နောက် (၂) ရက် (၃) ရက် နေတဲ့အခါကျလို့ရှိရင်ဖြင့် ဟိုတစ်ယောက်တည်း အိပ်နေတဲ့ အိပ်ခန်း ညဝင်တယ်။ ခင်ပွန်းမကပဲ လိုက်ပြီးသကာလ သွားတဲ့အခါ ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်ကမေးတယ်။
ဓမ္မဒိန္နာ အချန်မတော် ဒီအခန်းထဲဝင်လာတာ ဘယ်သဘောတုံး။ ဘယ်သဘောမှ မဟုတ်ပါဘူး၊ မေးချင် မြန်းချင်လို့ဝင်ပြီးသကာလ လာခဲ့တယ် ဆိုတဲ့ အဖြေကိုပေးလိုက်တယ်။
မေးတာပေါ့လို့ ဆိုပြီးသကာလ အမေးခံတော့ သင်သည် ရှေးကနဲ့ မတူဘူး။ အမူအရာ ဟန်ပန်တွေကလဲ အင်မတန်ပြောင်းတယ်။ ကျွှန်ုပ်ကိုလဲ အသိအမှတ်ပြုပြီး စကားပြောခြင်း ဆိုခြင်း မရှိတော့ဘူး။
ဆက်လက်ဖေါ်ပြပါမည်။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿ နာ မင်္ဂလာမဂ္ဂင်ရိပ်သာ
မိခင်ပင်မသံဝေဇနိယဌာန
အမရပူရမြို့။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိသာခနှင့်ဓမ္မဒိန္နာ အမေးအဖြေ
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိသာခနှင့်ဓမ္မဒိန္နာ အမေးအဖြေ
(၂၉-၁-၅၅)
ဒီနေ့ ဝိသာခသူဌေးနဲ့ ဓမ္မဒိန္နာခင်ပွန်းသည်တို့ အမေးအဖြေခန်း။ သက္ကာယဒိဋ္ဌိပြုတ်လို့ ယျော်းက အနာဂါမ် မိန်းမက ရဟန္တာဖြစ်ပုံ ရှင်းပြမယ်....(မှန်လှပါဘုရား)။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်သုံးနေတဲ့ အချိန်မှာ ဝိသာခဆိုတဲသူဌေးက ဓမ္မဒိန္နာဆိုတဲ့ ရဟန္တာမကို သက္ကာယဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမေးတွေ မေးပါတယ်။
ဘယ်နှယ်ကြောင့် သူတို့သည် ဒီအမေးထုတ်ရပါလိမ့်မတုံးလို့ သူတိုဇာတ်ထုပ်ကို အစက အနည်းငယ်ပြန်ရလို့ရှိရင် ဝသာခသူဌေးနဲ့ ဓမ္မဒိန္နာဆိုတာသည် နဂိုက အကြင်လင်မယားဖြစ်ခဲ့ပါတယ်။ အကြင်လင်မယား ဖြစ်တော့ကို ဝိသာခသူဌေးက ဘုရားရှင်ကိုယ်တော်မြတ်ကြီး သုဒ္ဓေါဒနမင်းကြီးတို့ဆီကို တိုင်းတော်ပြည်တော်သို့ ပြန်လာပြီးသကာလ ယသ သတို့သားတို့နှင့်တကွ တရားဓမ္မတွေဟောတဲ့အခါမှာ ဝိသာခသူဌေးက လူအဖြစ်နဲ့ပဲ သူသောတာပန်တည်တယ်။ နောက်တစ်ခါဆက်ပြီး တရားနာပြန်တော့ သကဒါဂါမ်တည်တယ်။ နောက်ဆက်ပြီး တရားနာပြန်တဲ့ အခါမှာလဲ အနာဂါမ်တည်တယ်။ အနာဂါမ်တည်တော့ အနာဂါမ်တည်ပြီးတဲ့နေ့မှာ သူသည် ကျောင်းတော်ကနေပြီး ပြန်လာခဲ့တယ်။ ပြန်လာတဲ့အခါကျလို့ရှိရင် ဣနြေ္ဒသိက္ခာတွေက အနာဂါမ်ဆိုတာ တကာ တကာမတို့ မှတ်စရာက လူ့ပြည်မှာရှိတဲ့ အာရုံတွေ ဘာမှ မနှစ်သက်တော့ဘူး။ ဒီအာရုံတွေကို မဂ်နှင့်ပယ်ပြီးသား။ သုံးခုမြောက် မဂ်နဲ့ပယ်ပြီးသားဆိုတာ မှတ်ထားကြပါ။
အိမ်ပြန်လာတော့ ခါတိုင်းလဲပြန်လာတာကတော့ဖြင့် အိမ်ဘက်ကို မျက်စိမျက်နှာမူပြီးသကာလ ပြန်လာတော့ သူ့ခင်ပွန်းမ ဓမ္မဒိန္နာက အပြန်မှာ ဆီး ဆီးကြိုလေ့ရှိတယ်။ ဆီး ဆီးကြိုတဲ့အခါကျလို့ရှိရင် သူတို့တိုက်ဝရောက်တဲ့အခါမှာ သူဌေးကပြန်လာ သူကတိုက်ပေါက်က ဆီးကြို ၊ လက်ကလေးဘာလေး ဆွဲပြုပြီးသကာလ အိမ်ပေါ်အတူတူ သွားကြလာကြဆိုတဲ့ သဘောလေးရှိတယ်၊ သောတာပန်တည်တုန်းက။
နောက် သကဒါဂါမ်တည်တဲ့ အခါလဲ ထိုသဘောရှိတယ်။ အနာဂါမ်တည်လာတဲ့နေ့ကျတော့ ဒီက အိမ်ပေါ်ကနေလှမ်းကြည့်လိုက်ကတည်းက ဒီနေ့လာပုံ ထူးတယ်လို့ဆိုပြီး ဓမ္မဒိန္နာက အကဲခတ်တယ်။ အကဲခတ်ပြီး ထုံးစံအတိုင်း သူဆင်းပြီးသကာလ ဝတ္တရားအတိုင်းကြိုတဲ့အခါမှာ လက်တွေဘာတွေ သွားဆွဲတဲ့အခါကျတော့လဲ အဆွဲမခံတော့ဘူး။ အဆွဲမခံတော့ ဘာကြောင့်ပါလိမ့်မလဲဆိုတဲ့ တွေးလုံးနဲ့သာ သူစောင့်ပြီးသကာလ အိမ်ပေါ်ရောက်အောင်သာ လိုက်သွားကြတယ်။ အိမ်ပေါ်ရောက်တဲ့အခါကျလို့ရှိရင်လဲ ထမင်းစားဖို့ပြင်တဲ့အခါမှာ တစ်ယောက်တည်းသာ စားတဲ့အဓိပ္ပါယ်မျိုးနဲ့ သူစားတော့ ခင်ပွန်းမကို မခေါ်တော့ဘူး။
ဆက်လက်ဖေါ်ပြပါမည်။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿ နာ မင်္ဂလာမဂ္ဂင်ရိပ်သာ
မိခင်ပင်မသံဝေဇနိယဌာန
အမရပူရမြို့။
Posted via Blogaway