Tuesday, June 28

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၃)

သစ္စာမသိဘဲ လုပ်တာဟူသမျှ အလွဲချည်းပဲဟု ဆုံးမသည်။ ဝိပဿနာလုပ်ပြီး ဉာဏ်နှင့် ကြည့်လိုက်သောအခါ ဖြစ်ပျက်ဆုံး နိဗ္ဗာန် ပေါ်သည်။ ဒါကြောင့် နိဗ္ဗာန်ကို ဖြစ်ပျက်ဖုံးနေသည်ဟု ဆိုသည်။ ခန္ဓာနိရောဓော နိဗ္ဗာန်။ အစမှာ ဒုက္ခသစ္စာကို မသိခင် ဉာဏ်အပေါ် အဝိဇ္ဇာကွယ်နေသည်။ ဖြစ်ပျက် ဒုက္ခသစ္စာတွေ့မှ ဉာဏ်မှာ နိဗ္ဗာန်ပေါ်သည်။ ဖြစ်ပျက် တစ်ချက်တွေ့လျှင် အဝိဇ္ဇာကို တစ်ချက်လှန်သည်။ ဖြစ်ပျက်ဆက်ရှု။ မုန်းလာလျှင် ဒုက္ခသစ္စာအစစ်ပဲ ဆုံးဖြတ်ချက် ချနိုင်ပြီ။ ပြီးမှ ဖြစ်ပျက်အဆုံးကို ဉာဏ်လှည့်သွားပြီး နိဗ္ဗာန်ပေါ်သည်။
ထို့နောက် ကိုယ်သာနာ၍ စိတ်မနာပါစေနှင့်ဆိုတာက ကိုယ်ဆိုတာ ခန္ဓာငါးပါး လိုချင် စွဲလမ်းတာက စိတ်မှာ အနာပေါ်တာဖြစ်ကြောင်း ရှင်းပြသည်။ ကိုယ်ကို ငါ့ဟာ ငါ့ဥစ္စာဟု ဒိဋ္ဌိတဏှာနှင့် မမှတ်ယူသင့်။ မှတ်ယူပါက ဒုက္ခသစ္စာ နှစ်အကွက်မှ သမုဒယသစ္စာ သုံးအကွက်သို့ ကူးတော့မည်။ ဒိဋ္ဌိနှင့် စွဲလမ်းနေတုန်းမှာ ခန္ဓာကြီးက ဖြစ်ပြီး ပျက်စီးသွားသည်။
ထိုအခါ ဖြစ်ရလေခြင်း ဆိုပြီး စိတ်နာတော့သည်။ စိတ်ဘာကြောင့် နာသလဲဆိုလျှင် ငါ့ကိုယ် ငါ့ဟာလုပ်၍ ဖြစ်သည်။ ခန္ဓာကို ငါ ငါ့ဟာဟု သိမ်းပိုက်ပါက ခန္ဓာ ပျက်စီးသောအခါ စိတ်ထိခိုက်သည်။ စိတ်နာသည်။ မိမိကလည်း ခန္ဓာကို ဒိဋ္ဌိဖြင့် သိမ်းဆည်းထားလျှင် သူတစ်ပါး ခန္ဓာ ပျက်စီးသောအခါ ငါစိတ်မကောင်းဘူးဟု လောကွက် စိတ်နာတတ်သည်။ ကိုယ်သာနာ၍ စိတ်မနာနှင့် ဆိုတာ ဒိဋ္ဌိတဏှာ သတ်သောတရား ဖြစ်သည်။ ဒိဋ္ဌိတဏှာရှိလျှင် ငိုပွဲဆင်ရမည်။ ရစရာရှိ၍ ရလာလျှင် တဏှာဖြစ်ပြီး ပြုံးသည်။ ရတာ ဆုံးရှုံးလျှင် ဒိဋ္ဌိနှင့် ငိုပွဲဆင်သည်။
လူ့ဘဝမှာ ပြုံးပွဲငိုပွဲ နေ့စဉ် ဖြစ်ပျက်ပုံများကို သရုပ်ပေါ်အောင် ရှင်းပြသည်။ ပြီးမှ တဏှာလမ်း ဒိဋ္ဌိဥပါဒါန်လမ်းကို မလိုက်ပါနှင့် အလယ် မဂ္ဂင်လမ်းကို လိုက်ပါဟု ဆုံးမသည်။ ပြုံးလမ်း မဲ့လမ်းကို ရှောင်ပြီး အလယ်လမ်းကို လိုက်ပါဟု တိုက်တွန်းထားသည်။
                                                                                                                          ~ မိုးကုတ်ဆရာတော် ~

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၂)

နေ့တိုင်း တရားနာနေကြတာ ဘာအကျိုးအတွက်လဲ မေးလျှင် ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပာဒ်ကို ဖြတ်ဖို့အတွက် ဖြစ်သည်ဆိုသော စကားဖြင့် ဤတရားကို စတင်ဟောကြားပါသည်။ သမုဒယက စ၍ ဒုက္ခပေါက်ပွားလာသည်။ သမုဒယနှင့် ဒုက္ခ ဒုက္ခနှင့် သမုဒယ လှည့်နေသည်။ သမုဒယက မီး ဒုက္ခက ထင်း မီးနှင့်ထင်း ထင်းနှင့်မီး လှည့်နေသည်။ ထို့ကြောင့် ထင်းသိမ်းမှသာ မီးငြိမ်းမည် ဖြစ်သည်။ သုံးဆယ့်တစ်ဘုံးထဲ မီးဟုန်းဟုန်း တောက်နေသည်။ ထိုအထဲက ထင်းရှာထွက်သလို နေကြတာ အရုပ်ဆိုးလှသည်ဟု မိန့်သည်။
နိဗ္ဗာန်ဆိုတာက လောင်စာသိမ်း၍ မီးငြိမ်းခြင်းဖြစ်သည်။ ဝိပဿနာလုပ်မှ လောင်စာသိမ်း၍ မီးငြိမ်းသည်။ မလုပ်သူမှာ မငြိမ်းပါ။ တရားနာတာ ကုသိုလ်ရဖို့မဟုတ် ကုသိုလ် ရချင်ရင် ရေအိုးစင်တည်လည်း ရသည်။ ပဋိစ္စသမုပ္ပာဒ်တော့ မပြတ်ဘူး။ သံသရာကို ကုသိုလ်က ဖြတ်၍မပြတ်။ ဉာဏ်နှင့်ဖြတ်မှ ပြတ်သည်။ နှစ်အကွက်နှင့် သုံးအကွက် ကြားကို ဉာဏ်ဝင်မှ ပြတ်သည်။ ဝိပဿနာ မရှုဘဲ ရိုးရာအတိုင်းနေလျှင် နှစ်ထဲက သုံးပေါက်ပွားမည်သာ ဖြစ်သည်။ ကုသိုလ်ရချင်လို့ တရားနာတာ မဖြစ်စေနှင့် ဒုက္ခသိမ်းသော နည်းကို ရချင်၍ တရားနာတာ ဖြစ်ပါစေဟုလည်း ဆုံးမသည်။ သို့မှသာ သစ္စာဉာဏ်နှင့် ပြောခြင်း သစ္စာဉာဏ်နှင့် နာခြင်းဖြစ်ကြောင်း ဟောသည်။ ဒါမှ ဝဋ်ကျွတ်သော အလုပ်ဖြစ်မည်။ သာသနာတွင်း အလုပ်ဖြစ်သည်။
ထို့နောက် သဂ္ဂတိုင်း သံသုမာရဂီရိတောင်မှာ ဘုရားသီတင်းသုံးစဉ် အခါက ဘဝပေါင်းငါးရာ မိဘတော်ဖူးသော ပုဏ္ဏားကြီးလင်မယား အဘိုးအိုမောင်နှံနှင့် တွေ့ဆုံးခြင်း ဖြစ်သည်။ ထိုအချိန်က ခင်မှု သံယောဇဉ်တွေကြောင့် အဘိုးကြီး အဘွားကြီးက ဗုဒ္ဓကိုမြင်တော့ သားလိုမြင် သားလိုခင်နေသည်။ နကုလပိတာ အဘိုးကြီးက မြတ်စွာဘုရားအား မိမိတို့ အသက်ရွယ်ကြီးပြီ။ တိုတိုနှင့် လိုရင်းရောက်သော တရားတစ်ပုဒ် ဟောပါဟု လျှောက်ထားသည်။ ဘုရားက "ကိုယ်သာနာ၍ စိတ်မနာပါစေနှင့်"ဆိုသော တရားကို ဟောသည်။
ခန္ဓာဝန်ထမ်းသမားသည် ဘယ်အခါမှ ကျန်းမာသည် မရှိပါ။ ဘယ်အချိန်မှ အန္တရာယ် မကင်းပါဟု ဘုရားက မိန့်သည်။ နကုလပိတာတို့က ထိုအကျင့်ကို ဘယ်လို ကျင့်ရမှန်းမသိ၍ အရှင်သာရိပုတ္တရာ အရှင်မြတ်ထံမှာ မေးရသည်။ ဤတွင် ခန္ဓာအသိနှင့် ဉာဏ်အသိ ကိုက်အောင်လုပ်ဖို့ အရေးကြီးပုံကို ဟောသည်။ ထို့နောက် ကိုယ်သာနာ၍ စိတ်မနာစေနှင့် အကျင့်၏ သဘောကို အရှင်သာရိပုတ္တရာက ရှင်းပြသည်။ ကိုယ်ဆိုတာ ဝိပဿနာ ရှုစရာ နှစ်နံပါတ် ခန္ဓာငါးပါးဖြစ်ပုံ။ စိတ်ဆိုတာက ဝိပဿနာ မဂ်စိတ်ကို ဆိုလိုကြောင်း ပုထုဇဉ်တွေမှာ ကိုယ်လည်းနာ၍ စိတ်နာနေကြကြောင်း။ ဘုရားက ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ရန် ဟောထားကြောင်း။ ခန္ဓာမှာ ဝေဒနာက္ခန္ဓာက ဒုက္ခဝေဒနာ ဖော်ပြလျှင် စိတ်မှာ ဒေါမနဿ(မခံချင်စိတ်)ဖြစ်သည်။ ထိုအခါ ကိုယ်နာ၍ စိတ်နာခြင်း ဖြစ်သည်။ ခန္ဓာ နှစ်အကွက်မှာ အနာပေါ်သောအခါ သုံးအကွက် အလောဘ အနာတွေ မပေါ်အောင် တဏှာ ဥပါဒါန် ကံတွေ မဖြစ်အောင် ဖြတ်တတ်ရမည်။ ထိုသို့ ဖြတ်တတ်မှသာ ကိုယ်နာ၍ စိတ်မနာခြင်း ဖြစ်သည်။
ခန္ဓာထဲက တစ်ခုခု ဖောက်ပြန်ပြပြီဆိုမှ ခန္ဓာကို ငါစွဲထားသော ဒိဋ္ဌိကြောင့် ငါ ဘာများဖြစ်သွားသလဲ ဆိုပြီး စိုးရိမ်စိတ် ပူပန်စိတ် မခံချင်စိတ် ဒေါသစိတ်တွေ ဖြစ်လာသည်။ ကိုယ်နာ၍ စိတ်နာခြင်း ဖြစ်သည်။ ကိုယ်ကို ငါဟု စွဲယူထားသော ဒိဋ္ဌိကြောင့် ဖြစ်သည်။ ခန္ဓာကို ငါ ငါ့ဥစ္စာ(အတ္တနှင့် အတ္တနိယ) လုပ်ထားလျှင် ကိုယ်နာသည်နှင့် စိတ်နာတတ်သည်။ ခန္ဓာကိုယ်ကို ဒိဋ္ဌိ တဏှာနှင့် ခင်တွယ်နေသောကြောင့် ဖြစ်သည်။ ဝိပဿနာ မလုပ်သရွေ့ ကိုယ်နာစိတ်နာချည်း မှတ်ပါဟု မိန့်သည်။ ကိုယ်က ဖြစ်ပျက်နေတာကို စိတ်က သိသိနေလျှင် (ဒုက္ခသစ္စာဟု သိနေလျှင်) ကိုယ်နာသော်လည်း စိတ်မနာတော့ပါ။ မဂ်စိတ်သည် နာတတ်သော စိတ်မဟုတ်ပါ။ ကိုယ်နာတာက ဒုက္ခသစ္စာ စိတ်မနာတာက မဂ္ဂသစ္စာ ဖြစ်သည်။ ကိုယ်နာ၍ စိတ်နာတာ သံသရာခရီးသည်အလုပ် ကိုယ်နာ၍ စိတ်မနာတာမှ သံသရာခရီးဆုံး အလုပ်ဟုလည်း ရှင်းပြထားသည်။
                                                                                                                      ~ မိုးကုတ်ဆရာတော် ~

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၁)

မိမိတို့ သန္တာန်ပေါ်သမျှ စိတ်တို့သည် ဖြစ်ပြီးပျက်ကုန်ကြသည်ချည်း ဖြစ်၏။ အနိစ္စ ဟူသရွေ့ ဒုက္ခသစ္စာချည်း မှတ်ရမည်။ ခန္ဓာကိုယ်ကို ဉာဏ်လှည့်လိုက်လျှင် ဒုက္ခသစ္စာကို တွေ့မည်။ "ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ဟု ဟောတော်မူသည်။
အဆင်းတစ်ခု မြင်လျှင်မြင်စိတ် စက္ခုဝိညာဉ် ပေါ်သည်။ ပေါ်ပြီး ပျက်သည်။ (အဆင်းပျက်သည်ဟု မယူရ မြင်စိတ်ပျက်မှုကိုသာ ဉာဏ်မှာ မြင်အောင် ရှုရမည်။) သမုဒယသစ္စာကြောင့် ဖြစ်သော တရမှန်သမျှ ဒုက္ခသစ္စာချည်းပင် မိမိတို့ ခန္ဓာမှာ ဒုက္ခသစ္စာပဲ ရှိသည်။ အနိစ္စ(ဒုက္ခသစ္စာ)တွေ တွေ့ဖန်များလျှင် ဒါတွေသည် ငြီးငွေ့စရာတွေပါလား ဆိုသော နိဗ္ဗိန္ဒဉာဏ် ပေါ်လာမည်။ ငြီးငွေ့လျှင် မဂ်ပေါ်လာမည် ဖြစ်၏။ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ "ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ" မိမိတို့ သန္တာန်မှာ ဒုက္ခဖြစ်ပြီး ဒုက္ခချုပ်တာပဲ ရှိကြောင်း ရှင်းပြသည်။
ဒါကြောင့် စိတ်ကြိုက် စိတ်တစ်လုံးတည်း ပေးရှု ဝေဒနာကြိုက်လျှင် ဝေဒနာတစ်လုံးတည်း ပေးရှုဟု မိန့်ဆိုသည်။ ဘာရှုရှု ဖြစ်ပျက်ပဲ တွေ့မည်ဖြစ်၏။ ဖြစ်ပျက်တာက ဒုက္ခသစ္စာ ရှုလို့ သိတာက မဂ္ဂသစ္စာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆုတောင်း၍ မရကြောင်း ဆရာတော်ကြီးက ဆိုသည်။ မဂ်ဉာဏ် ရချင်လျှင် တရားအားထုတ်မှ ရသည်ဟု မှတ်ရမည်။ ဘုရားဆီ သွားတောင်း၍ မရနိုင်ပါ။
ထို့နောက် ဝိပဿနာရှုလျှင် ပဋိစ္စသမုပ္ပာဒ် နှစ်အကွက် ပစ္စုပ္ပန်ခန္ဓာကို ရှုရမည်ဖြစ်ကြောင်း ရှင်းပြသည်။ ဆရာကောင်း နည်းကောင်းရလျှင် နှစ်အကွက်ထဲက တရားတွေက သမ္မာဒိဋ္ဌိကို ပေးသည်။ သမ္မာဒိဋ္ဌိရလျှင် သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မဂ္ဂင်၅ပါး ရသည်။ အနိစ္စ တစ်ချက် မြင်ရုံဖြင့် ရသည်။ နှစ်အကွက်ထဲမှာ ရှု နှစ်အကွက်ထဲပဲ မဂ္ဂင်ငါးပါး ပေါ်သည်။ မဂ္ဂင်သည် ယခုဘဝ လက်ငင်းရသည်။ လက်ငင်းရနိုင်သော ဤတရားကို ဝဋ်ဘဝတိုတိုနှင့် မဂ်ဖိုလ်ရပါလို၏ ဆုတောင်းတာသည် လက်ငင်း ရနိုင်တာကို အကြွေးတောင်းသလို ဖြစ်နေသည်ဟု ရှင်းပြထားသည်။ ခုတရားအားထုတ် အခု ရပါလို၏ ဆိုရင် ကောင်းတယ်ဟုလည်း မိန့်ပါ၏။ နှစ်အကွက်ထဲ အားထုတ် နှစ်အကွက်ထဲ သောတာပန် တည်သည်ဟုလည်း မိန့်မှာတော်မူသည်။
                                                                                                                           ~ မိုးကုတ်ဆရာတော် ~

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၀)

တရား နာနေတာ တရား အားထုတ်ကြတာသည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ခြင်း ဆိုသည်မှာ သံသရာဝဋ်ဒုက္ခမှ ကင်းဝေးအောင် ကြိုးပမ်းရေးပင် ဖြစ်၏။ ထို့သို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်မှာ ဆရာကောင်း တွေ့မှလည်း ဖြစ်သည်။ တရားနာမှု တရားအားထုတ်မှုကို နက်ဖြန်မှ သန်ဘက်မှဟု ရကိရွှေ့ နေခြင်းသည် တဏှာခိုင်းရာလုပ်ပြီး မျက်စိလည်နေ၍ ဖြစ်သည်။ တဏှာခိုင်းသည့် အလုပ်နှင့် ဉာဏ်ခိုင်းသည့်အလုပ် ဘယ်အလုပ် လုပ်သင့်သလဲ စဉ်းစားသင့်ပုံကို ဟောသည်။
ငွေရရင် ပျော်နေတာသည် ကိလေသာရူး ဖြစ်နေတာဟုလည်း ဆိုသည်။ တဏှာခိုင်းတာ လုပ်ပြီး ဉာဏ်ခိုင်းသော သူတော်ကောင်း အလုပ် မလုပ်ဘဲနေလျှင် မျက်စိလည်နေခြင်း ဖြစ်ပုံကို ပြသည်။ တဏှာအလိမ်မိနေတာ ဖြစ်ပုံကို ပြသည်။ ရောဂါ ရောက်သောအခါ မသေရအောင် ဆရာကောင်း ဆေးကောင်းရှာပြီး ငွေကုန်ခံ ကုသသည်။ အလှူပေးသောအခါ မဏ္ဍပ်ကြီးထိုးပြီး လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းပြီး သေဘေးကို ဆုတောင်းသည်ဟု ထောက်ပြသည်။ တဏှာ အလိမ်ခံရပုံ ဖြစ်သည်။ ကျန်းမာတော့ အသေရှာသည်။ မကျန်းမာမှ အသေလွတ်ရာ ရှာသည်ဟု ဆိုသည်။
ခန္ဓာကိုယ်ကြီးသည် ဒုက္ခခန္ဓာကြီး ဖြစ်သည်။ သူ့ကို ဖြစ်ပျက်မြင်အောင် ရှုရမည်။ ထိုခန္ဓာကို မလိုချင်အောင် မုန်းအောင် ကြည့်ရမည်။ ဉာဏ်မရှိခင်က ဒီခန္ဓာကို ငါ့ဟာဟု ပြောသည်။ ဆရာကောင်းနှင့် တွေ့ပြီး ဉာဏ်အမြင် ရသောအခါ ဤခန္ဓာ ဒုက္ခသစ္စာဟု သိသည်။ ဒုက္ခသစ္စာသည် သိမ်းပိုက်ရမည့် အရာမဟုတ် ပစ်ထားခဲ့ရမည့် အရာသာ ဖြစ်သည်။ ဒုက္ခသစ္စာကြီးကို ငါ ငါ့ဥစ္စာ ထင်နေခဲ့ကြသည်။ သာသနာတွင်းမှာ လူမဖြစ်သရွေ့ ဆရာကောင်း မတွေ့သရွေ့ အမြင်မှန် မရနိုင်။ ငါဆိုတာက ဒိဋ္ဌိ ငါ့ဥစ္စာဆိုတာက တဏှာ ဖြစ်သည်။ ဒီခန္ဓာကြီးကို တဏှာဒိဋ္ဌိနှင့် စွဲပြီးသေလျှင် တဏှာ ဥပါဒါန် ကံ ပဋိစ္စသမုပ္ပာဒ်အရ ဒိဋ္ဌိဦးစီးသော ကံဖြစ်၍ အပါယ် အကျိုးပေးသည်။ ငါက ဒိဋ္ဌုပါဒါန် ငါ့ဥစ္စာက ကာမုပါဒါန် ဖြစ်သည်။ ဥပါဒါန်နှင့် သေလျှင် ဥပါဒါနပစ္စယာ ဘဝ ဘဝပစ္စယာ ဇာတိ ဇရာ မရဏ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဖြစ်တော့သည်။ ခန္ဓာချည်တိုင်မှာ ခေါင်းစင်းပြီး သေရခြင်းဖြစ်သည်ဟု မိန့်ပါသည်။
ဤတွင် ဆရာတော်ကြီးက ခန္ဓာကိုချည်တိုင် တဏှာကကြိုး အဝိဇ္ဇာဒိဋ္ဌိက လည်ပတ်(ငါစွဲ) ပုထုဇဉ်၏ အဖြစ်ကို ပြသည်။ ဒိဋ္ဌိလည်ပတ်၍ ခန္ဓာချည်တိုင်မှာ တဏှာကြိုးဖြင့် ချည်နှောင်ထားခြင်း ခံနေရပုံကို သရုပ်ဖော်ပြသည်။ ဝိပဿနာ မလုပ်တဲ့ပုဂ္ဂိုလ် ငါ ငါ့ဥစ္စာစွဲ မပြုတ်တဲ့ ပုဂ္ဂိုလ်မှာ အပါယ်ပဲ ဖြစ်နေရသည်။ လွတ်ချငိလျှင် တဏှာကြိုးနှင့် ဒိဋ္ဌိလည်ပတ်ကို ပြတ်အောင် လုပ်ရမည်။
လည်ပတ်နှင့် ကြိုးပြတ်အောင် လုပ်မည်ဆိုလျှင် စိတ်ကိုဖြစ်စေ ဝေဒနာကိုဖြစ်စေ ဖြစ်ပျက် ဝိပဿနာ ရှုရမည်။ တဏှာကြိုးပြတ် ဒိဋ္ဌိလည်ပတ် ပြတ်လျှင် ပုထုဉ်ဘဝက လွတ်ပြီ။ အရိယာဘဝကို ရောက်ပြီ။ ဒါကြောင့် သတိပဋ္ဌာန်လေးပါး တစ်ပါးပါးကို ရှုရမည်ဟု ဆုံးမထားသည်။
                                                                                                                 ~ မိုးကုတ်ဆရာတော် ~

Thursday, June 2

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၉)

ဘုရားရှင်ကိုယ်တော်မြတ်က ဒကာ ဒကာမများ ကိုယ့်ကိုယ်ကို တွေးလုံးထုတ်ကြပါဟု မှာကြောင်းဖြင့် ဤတရားကို စတင် ဟောကြားတော်မူသည်။ ငါ အိုပြီ။ ငါ မကြာခင် သေရတော့မည်ဟု တွေးတေား ဆင်ခြင်ရမည်။ အိုသေ ဘယ်ကလာသလဲ စဉ်းစား ဆင်ခြင်ရမည်။ အိုသေ ဇာတိ ပဋိသန္ဓေက လာသည်။ ပဋိစ္စသမုပ္ပာဒ်မှာ ပေါ်သည်။ အိုသေ ဇရာ မရဏသည် ဒုက္ခသစ္စာ ဖြစ်သည်။ ဤတွင် ဇာတိ ပဋိသန္ဓေက သမုဒယသစ္စာ အိုသေက ဒုက္ခသစ္စာ ဖြစ်သည်။ ဇာတိ ဘယ်ကလာသလဲ။ ကမ္မဘဝက လာကြောင်း ပဋိစ္စသမုပ္ပာဒ်ကို နောက်ဆုတ်တွေးလျှင် သိရသည်။ ကမ္မဘဝက သမုဒယသစ္စာ ဇာတိက ဒုက္ခသစ္စာ ထိုသစ္စာ နှစ်ခုချုပ်လျှင် နိရောဓသစ္စာ လာသည်။ ထိုသို့ ချုပ်ကြောင်းအကျင့်က မဂ္ဂသစ္စာ ဖြစ်သည်။ မဂ္ဂသစ္စာ မပါရင် မပြီးပါဟု ဆိုထားသည်။
တစ်ဖန် ဥပါဒါနပစ္စယာ ကမ္မဘဝကို သစ္စာဖွဲ့ ပြသည်။ ခန္ဓာငါးပါးကြောင့် တဏှာဖြစ်ပုံအထိ ဖော်ပြသည်။ နီးသောအကြောင်းကတော့ ဝေဒနာဖြစ်ပုံကိုလည်း ဆိုသည်။ ကိုယ့်ခန္ဓာ ကိုယ်ခင်တာ တဏှာဖြစ်ကြောင်းလည်း ဆိုသည်။ တဏှာဘယ်ကလာသလဲ။ ဥပဓိက လာသည်။ ဥပဓိဆိုတာ ခန္ဓာပဲဟုလည်း အဓိပ္ပာယ် ဖွင့်ပြထားသည်။ ခန္ဓာကို ခင်လို့ အိုနာသေရတာဟု ရှင်းပြပြီး ဆရာတော်က "ခန္ဓာခင် သေချင်လို့" ဟု သုံးနှုန်း ဖော်ပြထားသည်။
ထိုစကားမှ နှစ်အကွက် ခန္ဓာငါးပါးကို သုံးအကွက် တဏှာနှင့် ခင်မင်တွယ်တာ စွဲလမ်းသောကြောင့် လေးအကွက် ဇာတိ ဇရာ မရဏ ရသည်ဟု ဆိုလိုသည်။ ဘုရားအဆူဆူနှင့် လွဲခဲ့ရတာ ခန္ဓာခင်ပြီး သေပွဲချည်း ဝင်ခဲ့၍ ဖြစ်သည်ဟု ဆိုသည်။ လူတွေက ခင်ခင်မင်မင် နေဖို့ကို ဆုံးမတတ်ကြသည်။ ထိုစကားသည် ဘုရားဟောတရားနှင့်မူ ဖီလာ ဆန့်ကျင်ဖြစ်ကြောင်းလည်း ဆိုထားသည်။ ခန္ဓာကို ဝိပဿနာရှုဆိုတာ သမုဒယ သေအောင်လို့ ဖြစ်သည်။ သမုဒယသေ၍ ခန္ဓာကို မခင်လျှင် သေပွဲမဝင်ရတော့ပါ။ ဝေဒနာ ဖြစ်ပျက်ရှု ဝေဒနာနှင့် တဏှာကြားမှာ မဂ်ဝင်လျှင် ဇာတိ ဒုက္ခသစ္စာ မလာတော့ပါ။ သေပွဲ လွတ်ပြီ။
ဘုရားက ဤခန္ဓာကို မခင်ကြနှင့် ဒီခန္ဓာသည် အဆိပ် ရောထားသော အရက်ခွက်နှင့် တူသည်။ မူးချင်လို့ ပုထုဇဉ် အရူးက သောက်လျှင်သေမည်။ ဒါကြောင့် ဖဿမှာပေါ်သော စိတ်ကို ဖြစ်ပျက်ရှု မြင်လို့ခင်တဲ့ ဝေဒနာကို ဖြစ်ပျက်ရှု ရှုလျှင် ဝေဒနာနှင့် တဏှာကြားမှာ မဂ်ဝင်ပြီး ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်သည်။ သေဘေးဇာတိ မလာနိုင်ပြီ။ ဤကား အဆိပ်ရော အရက်ကို မသောက်မိအောင် ရှောင်နည်းဖြစ်သည်။ ရှောင်ဆိုတာ ဝိပဿနာရှုဟု ဆိုခြင်းဖြစ်သည်။ ဖြစ်ပျက် ဝိပဿနာရှုလျှင် အသေလွတ်သည်။ နိဗ္ဗာန်ရောက်သည်။

                                                                                                                         ~ မိုးကုတ်ဆရာတော် ~

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၈)

ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ရှိနေလျှင်လည်း ဘယ်လိုပင် တရားအားထုတ်စေကာမူ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရနိုင်ကြောင်းကို ထပ်မံ၍ လေးနက်အောင် ဆိုထားသည်။ ထို့ပြင် ဒိဋ္ဌိကွာပြီးမှ ဝိပဿနာတရား အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပျက်ကို အားထုတ်ရမည် ဆိုသော ဟောနေကြ စကားကိုပင် ထပ်ဟောတော်မူသည်။
ပဋိစ္စသမုပ္ပာဒ် တရားကို နားလည်မှ ကိုယ်ခန္ဓာ၏ ဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကို နားလည်မည်။ ဖြစ်စဉ်ဆိုတာက ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးတို့ ဖြစ်ပြီးပျက် ပျက်ပြီး နောက်တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ထဲမှာ နာမ်နှင့်ရုပ်သာ ပါသည်။ ယောက်ျားမိန်းမ မပါ ပုဂ္ဂိုလ်သတ္တဝါ မပါ ဖြစ်ကြောင်းနှင့် ဖြစ်စဉ်မှာ တခြားစီဟု မှတ်ရမည်။ ပဋိစ္စသမုပ္ပာဒ် နားမလည်ဘဲနှင့် တရားအားထုတ်လျှင် ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေသောကြောင့် သောတာပတ္တိမဂ်ကိုပင် မရနိုင်ပါ။
ထိုသို့ ပြညွှန်ပြီးနောက် ကဿပသံယုတ်ပါဠိတော်ကို ကိုးကားပြီး ဟောသည်။ အရှင်မဟာကဿပနှင့် အရှင်သာရိပုတ္တရာတို့ သာဝတ္ထိပြည်မှာ ဆုံကြသောအခါ အရှင်သာရိပုတ္တရာက မေးသည်။ သတ္တဝါသေလျှင် ဖြစ်သေးသလားဟု မေးသည်။ ထိုအခါ အရှင်မဟာကဿပက ဒီအမေးကို ဘုရားက မဖြေကောင်းဘူးဟု မိန့်ကြောင်းပြောသည်။ ဖြေလျှင် သဿတဒိဋ္ဌိ ဖြစ်သည်။ ပဋိစ္စသမုပ္ပာဒ်တရားထဲမှာ အကြောင်းကြောင့် အကျိုးဖြစ်တာပဲ ရှိသည်။ သတ္တဝါ မပါ ပါ။ ခန္ဓာ၏ ဖြစ်စဉ်မှာ ဒီဘက်က ရုပ်နာမ်ချုပ်ပြီး ဟိုဘက်မှာ ရုပ်နာမ်ပေါ်တာပဲ ရှိသည်။ မဖြေကောင်းတဲ့ ပုစ္ဆာကို အသိဉာဏ်ရှိလို့ မဖြေဘဲနေတာ ဖြစ်၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် ရှိခြင်းကို ဆိုလိုသည်။ မဂ်ဉာဏ်၏ အခြေခံဉာဏ်များ ဖြစ်သည်။
ထို့နောက် အရှင်သာရိပုတ္တရာက ဆက်မေးပြန်သည်။ "ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလား" အရှင်မဟာကဿပ ဒီမေးခွန်းလည်း မဖြေကောင်းဘူးဟု မိန့်သည်။ သတ္တဝါ မရှိဘူးဟု သိထားသောကြောင့် မဖြေခြင်း ဖြစ်သည်။ သတ္တဝါ သေရင် ဘာမှ ဖြစ်စရာ မရှိဘူး ဆိုပါက ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ဦးမည်။ တစ်ဖန် အရှင်သာရိပုတ္တရာက ဒါဖြင့် သတ္တဝါ သေသောအခါ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လားဟု မေးပြန်သည်။ အရှင်မဟာကဿပက မဖြေကောင်း ဆိုပြီး မဖြေဘဲနေသည်။ စုတိစိတ်ပြီးရင် ပဋိသန္ဓစိတ် ပေါ်တာပဲ ရှိသည်။ သတ္တဝါ မရှိ၍ မဖြေကောင်းပါ။ ထို့နောက် အရှင်သာရိပုတ္တရာက သတ္တဝါသေရင် မဖြစ်သည် မဟုတ် ဖြစ်တဲ့သဘောလားဟု လှည့်မေးပြန်သည်။ အရှင်မဟာကဿပက ဒါလည်း မဖြေကောင်းပါ။ ဖြေစရာမလိုဟု ပယ်သည်။ ဘာကြောင့် အရှင်မဟာကဿပ မဖြေတာလဲ။ အကျိုးမရှိလို့ မဖြေပါ။ ရာဂကင်းဖို့ ဖြစ်သည်။ ဒုက္ခသစ္စာကို သိမှ အကျိုးဖြစ်ထွန်းသည်။ ဒုက္ခကင်းဝေးကြောင်း ရှာမည်။ ထိုအခါ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုရသည်။
ထို့နောက် ဒိဋ္ဌိကွာပြီး အလုပ်လုပ်မှ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရကြောင်း အလုပ် မလုပ်ဘံ မရကြောင်း ဟောသည်။ အလွယ် အချောင် မရနိုင်ကြောင်း ဟောသည်။ ပဋိစ္စသမုပ္ပာဒ်ကို မဂ်နှင့်ဖြတ်မှ ဝေဒနာနှင့် တဏှာ မဆက်ဘဲ ပြတ်သည်။
ထို့နောက် ပုဂ္ဂိုလ်သတ္တဝါ ငဲ့ပြီး ဂြိုလ်ပြေနာမ်ပြေ အန္တရာယ်ကင်း လုပ်နေကြပုံ ဝဋ္ဋဒါန ဝဋ္ဋသီလ လုပ်နေကြပုံများကို ဝေဖန်ပြသည်။ ဗုဒ္ဓဘာသာအစစ် ရှားသည်။ သဿတဒိဋ္ဌိသမားတွေ များသည်။ ပဋိစ္စသမုပ္ပာဒ်ကို ခန္ဓာမှာ ဖြတ်မှ ရသည်။ စက်ဝိုင်းထဲမှာ ဖြတ်၍မရပါ။

                                                                                                                        ~ မိုးကုတ်ဆရာတော် ~

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၇)

အဝိဇ္ဇာ မချုပ်သေးသမျှ အဝိဇ္ဇာပစ္စယာသင်္ခါရာ သင်္ခါရပစ္စယာဝိညာဏံ ပဋိစ္စသမုပ္ပာဒ် သံသရာစက်လည်နေသည်သာ ဖြစ်သည်။ ယခုဘဝ ခန္ဓာ ဒုက္ခသစ္စာ ရရှိနေခြင်းသည် ရှေးဘဝက မသိမှုကြောင့် ပြုချင်ရာ ပြုခဲ့မိလို့ ဖြစ်သည်။ အလိုလို ဖြစ်သည် မဟုတ်။ အရေးကြီးသည်မှာ ဒုက္ခသစ္စာထဲ ရောက်နေစဉ်မှာ နောက်ထပ် သမုဒယသစ္စာ ဖြစ်မလာရေးပင် ဖြစ်၏။ အဝိဇ္ဇာသင်္ခါရ ပြန်မပေါ်မှ ဖြစ်မည်။ သမုဒယသစ္စာ ပြန်မပေါ်သော နည်းကိုသိမှ ဖြစ်မည်။
ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါ်ထွက်လာလျှင် နောက်ဒုက္ခသစ္စာ ရဦးတော့မည်။ သို့ဆိုလျှင် သံသရာ အဝိုင်းပြေး ပြေးနေရမည်။ ဆုံလည်နွားဖြစ်တော့မည် သေချာသည်။ သံသရာရှည်တယ်ဆိုတာ အဝိုင်းပြေး ဖြစ်နေခြင်း ဖြစ်သည်။ ဒီဘဝမှာ ထွက်လမ်း မတွေ့လျှင် နေခြင်းဆိုး နေခဲ့၍ သေခြင်းဆိုး ကြုံရဦးတော့မည်။ အဝိဇ္ဇာချုပ်သရွှေ့ အို နာ သေဘေး ကြုံရဦးမည်။
ထို့နောက် အဝိဇ္ဇာ မသိမှုကြောင့် နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းမှားပုံ ဆုတောင်း(တဏှာ)ကြောင့် နောက်ဘဝ ဒုက္ခသစ္စာခန္ဓာရပုံကိုပင် ပြန်ပြသည်။ ဒုက္ခခန္ဓာ ရတုန်းရဆဲမှာ နောက်ထပ် သမုဒယသစ္စာတွေ လုပ်နေခြင်းကို ဒုက္ခထဲ မိုက်ပွဲဆင်တာဟု ဆရာတော်က ဆိုသည်။ အဝိဇ္ဇာဂြိုလ်မွှေသည်။ ဒုက္ခသစ္စာ မသိလို့ သမုဒယသစ္စာလုပ် လုပ်တော့ ဒုက္ခသစ္စာ ပြန်ရ ချာချာလည်နေသည်။ မဆုံးနိုင်တော့ ဒါကြောင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်အောင် လုပ်ရန် အရေးကြီးကြောင်း ဟောပါသည်။
ယခု ပစ္စုပ္ပန်မှာ နှစ်အကွက်ထဲ ရောက်နေရတာသည် ခန္ဓာနှင့် ကြွေးဆပ်နေရတာ နှစ်အကွက်ထဲမှာ အဝိဇ္ဇာ နောက်ထပ် မဖြစ်အောင်လုပ်ဖို့ အရေးကြီးသည်။ ပြီးမှ ဒီလိုလုပ်ဆိုတာ 'စက္ခုံစ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိဝိဇ္ဇာဥပ္ပဇ္ဇတိ' ပါဠိအရ စက္ခုကို ဖြစ်ပျက်ရှုရမည်။ ထို့ပြင် ရူပါရုံ(အဆင်း)ကိုလည်း ဖြစ်ပျက်ရှုရမည်။ ထို့နောက် စက္ခုဝိညာဉ်ကို ဖြစ်ပျက်ရှု ထိုအခါ ဖြစ်ပျက်(ဒုက္ခသစ္စာ)ကို တွေ့မည်။ ပြီးမှ စိတ္တာနုပဿနာ ကြားစိတ် မြင်စိတ် နံစိတ် စားစိတ် ယားစိတ် တွေးစိတ် ကြံစိတ် အားလုံးကို ဖြစ်ပျက်ရှုရမည်။ ဝေဒနာ ကြိုက်လျှင်လည်း ဝေဒနာကို ဖြစ်ပျက် ရှုနိုင်သည်။
ခန္ဓာထဲက ဒုက္ခသစ္စာကို မြင်လျှင် အဝိဇ္ဇာ မလာနိုင်တော့ပါ။ အဝိဇ္ဇာ ပြုတ်သည်။ ဝိဇ္ဇာဖြစ်ပြီ။ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက ဝိဇ္ဇာ မဂ္ဂသစ္စာဖြစ်၍ အဝိဇ္ဇာ ချုပ်တော့သည်။ အဝိဇ္ဇာချုပ်လျှင် သင်္ခါရ တဏှာ ဥပါဒါန် ကံ အားလုံး ချုပ်တော့သည်။ ထိုသို့ ချုပ်ပြီဆိုလျှင် ဇာတိကင်းချုပ်ပြီ။ စိတ္တာနုပဿနာ ဝေဒနာနုပဿနာ ဘာချုပ်ချုပ် နိဗ္ဗာန်ဖြစ်ပြီ ဝိဇ္ဇာပေါ်ပြီ။ သံယုတ်ပါဠိတော်မှာ 'ကတံဘန္တေသနုဇာနုတော ပဿတော အဝိဇ္ဇာပဟီယတိဝိဇ္ဇာဥပ္ပဇ္ဇတိ'ဟု ရဟန်းက မေးသည်။ အဝိဇ္ဇာကို ဘယ်လိုပယ်မှ ဝိဇ္ဇာဖြစ်သလဲ အမေးကို ဘုရားက ဝိညာဉ်ခြောက်ပါး ပေါ်ရာကို ဖြစ်ပျက်ရှုရမည်ဟု ဘုရားက ဟောကြောင်း ပြထားသည်။
   
                                                                                                                        ~ မိုးကုတ်ဆရာတော် ~