Monday, September 26

အပေါင်းဆိုရင် ပညတ် ဖြစ်နေမယ်


အရှုခံတရားတွေဆိုတာက ရူပက္ခန္ဓာ၊ဝေဒနာက္ခန္ဓာ၊သညာက္ခန္ဓာ။
သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ၊ လို့ ငါးပါးရှိတယ်။ ဉာဏ်နဲ့ ခွဲဝေပုံ
ရတာပေါ့။

အဲ့ဒီငါးပုံထဲက ကြိုက်ရာတစ်ပုံပုံကိုရွေးပြီး ဉာဏ်နဲ့ရှုရမယ်။
ဉာဏ်နဲ့အစိတ်မွှာပစ်ရမယ်။ဉာဏ်နဲ့မစိတ်နိုင်ရင် အပေါင်း
ဖြစ်နေမယ်။ အပေါင်းဖြစ်နေသေးရင် ပညတ်ဖြစ်နေမယ်။
ပညတ်ကိုမရှုရဘူး။

အဲ့ဒီဉာဏ်နဲ့ အစိတ်စိတ် အမွှာမွှာတွေ့အောင် ရှုနိုင်မှ
ပရမတ်ကိုမြင်လာမယ်။ ပရမတ်ကိုသာ ရှုရမှာ။ ဆိုလိုတာက
ဒီခန္ဓာ ငါးပါးလုံး တစ်ခုမှ တည်မြဲနေကြတာမဟုတ်ဘူး။
အားလုံးတဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်းလွဲနေကြတာပဲ။
အဲ့ဒါတွေကိုမမြင်ကြတော့ အပေါင်းအစုဖြစ်ပြီး ပုဂ္ဂိုလ်
သတ္တ၀ါတွေ ထင်ကုန်၊ လူ နတ် ဗြဟ္မာတွေ ထင်ကုန်၊
ယောက်ျား မိန်းမတွေ ထင်ကုန်ကြတော့တာပေါ့။
အဲ့ဒီတော့ ပညတ်တွေ ဖုံးကုန်ရော။

ပညတ်တွေဖုံးနေပြီး ပညတ်အနေနဲ့မြင်နေသမျှလဲ
တရားမရနိုင်။ဘာလို့လံဆိုတော့ အမှန်အတိုင်း မှ
မမြင်ကြဘဲကိုး။ အဲ့ဒါကြောင့်အမှန်အတိုင်း မြင်ရအောင်
ခန္ဓာတွေကို ဉာဏ်နဲ့ စိတ်မွှာပစ်ပါ။ ဖြစ်-ပျက်တွေမြင်
အောင် ရှုပါလို့ ဆိုလိုတယ်။ အဲ့ဒီလိုခန္ဓာငါးပါးလုံး
ဖြစ်-ပျက်တွေ မျှသာ လို့မြင်လာမှ အမြင်မှန် အမှန်မြင်ပဲ။
ဒီကျမှပဲ ပညတ်တွေကွာကျကုန်မယ်။
ပညတ်တွေကွာကျပြီး ပရမတ်သားသက်သက်ကို မြင်ရမှသာ
တရားထူးရနိုင်မယ်။ အပေါင်းကြီးကိုမြင်နေရင် ပညတ်တွေ
မစင်သေးလို့ တရားထူးမရနိုင်သေး။

ကိုယ့်စရိုက်နဲ့ လိုက်တဲ့ ကမ္မဋ္ဌာန်းရွေး
............။…………….။…………။……….

အဲ့ဒီခန္ဓာငါးပါးကို သတိပဋ္ဌာန်လေးပါးနဲ့ပုံနိုင်တယ်။
ပုံလို့ရှိရင် အခုလိုပုံလိုက်ပါ။
•ရူပက္ခန္ဓာ -ကာယာနုပဿနာ။
•ဝေဒနက္ခန္ဓာ - ဝေဒနာနုပဿနာ။
•သညာနဲ့ သင်္ခါရတို့က- ဓမ္မာနုပဿနာ။
•စိတ်ကလေးတွေက- စိတ္တာနုပဿနာ။

အဲ့ဒီအထဲက ကိုယ်နဲ့ဘယ်ကမ္မဋ္ဌာန်းနဲ့ လိုက်သလဲ ဆိုတာ
ရွေးချယ်ရပါမယ်။ ကိုယ့်စရိုက်နဲ့လိုက်တဲ့ ကမ္မဋ္ဌာန်းကို ရှုမှတ်မှ
တရားတက်လွယ်မယ်။
၁။ဉာဏ်ထိုင်းပြီး လောဘတွေများလျှင် ကာယာနုပဿနာ(ရုပ်ကိုရှုပါ)
၂။ဉာဏ်ထိုင်းပြီး ဒိဋ္ဌိအယူအစွဲများလျှင် စိတ္တာနုပဿနာ(စိတ်ကိုရှုပါ)
၃။ဉာဏ်ထက်ပြီး လောဘတွေများလျှင် ဝေဒနာနုပဿနာ(ဝေဒနာရှုပါ)
၎။ဉာဏ်ထက်ပြီး လောဘတွေ နည်းပါးလျှင် ဓမ္မာနုပဿနာ(ဖြစ်-ပျက်
သစ္စာကိုရှုပါ)

(မိုးကုတ် ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာမှ)


ခန္ဓာဉာဏ်ရောက်ဖြစ်အောင် နာကြ


ဒကာ ဒကာမတွေ တရားနာတဲ့အခါမှာ တရားအဓိပ္ပါယ်ကို
သိနေရုံလောက်မျှနှင့် ကျေနပ်မနေကြနဲ့။

ခု တရားနာနေတဲ့အခိုက်အတံ့မှာပဲ ကိုယ့်ဉာဏ်က ကိုယ့်ခန္ဓာပေါ်မှာ
စိုက်ထားပါ၊ ဒီကဘုန်းကြီးက ပြောတဲ့အတိုင်း ကိုယ့်ဉာဏ်က
ကိုယ့်ခန္ဓာအစဉ်ပေါ်မှာ လျှောက်နေပါစေ။ စာက ဆိုတာက-
“ ဒေသနာ ဉာဏာနုသာရေန ဉာဏံ ပေသေန္တဿ
ဉာဏုတ္တရဿ ဟောတိ-တဲ့။”
ဒေသနာဉာဏာနုသာရေန- ဟောတော်မူတဲ့ ဒေသနာ ဉာဏ်တော်ကို
အစဉ်လျှောက်သဖြင့်၊ ဉာဏံ-မိမိဉာဏ်ကို၊ပေသေန္တဿ-ခန္ဓာထဲသို့
စေလွှတ်သော အဿ-ထိုပုဂ္ဂိုလ်၏၊ ဉာဏံ-ဉာဏ်သည်၊ ဥတ္တရံ-
မြင့်မြတ်ရင့်ကျက် ထက်မြက်လာသည်။ ဟောတိ-ဖြစ်၏။

သူ့အဓိပ္ပါယ်က “ ဒေသနာဉာဏ်ကိုအစဉ်လျှောက်ပြီး ကိုယ့်ဉာဏ်ကို
ကိုယ့်ခန္ဓာထဲ စေလွှတ်လိုက်တဲ့အခါ ဉာဏ်ထူးဉာဏ်မြတ်ကြီး
ဖြစ်သွားလို့တရားထူးရနိုင်တယ်-တဲ့။

ဘုရားလက်ထက်တော်တုန်းက တရားတစ်ပွဲအပြီး-အပြီးမှာ
တရားထူးတွေ ရ - ရကုန်ကြတယ်ဆိုတာ အဲ့လိုဉာဏ်ကို
စေလွှတ်လို့ရကြတာ၊ နာရုံသက်သက်နဲ့ ဘယ်တရားရလိမ့်မလဲ။

ဉာဏ်က ခန္ဓာပေါ်ရောက်လို့ရကြတာ၊ ခန္ဓာပေါ် မရောက်ဘဲနဲ့
ဘယ်တရားရနိုင်လိမ့်မလဲ၊ ခန္ဓာဉာဏ်ရောက်မှဖြစ်မှ တရားရနိုင်မှာပါ။

ဒါကြောင့်  “ နားက တရားကို နာ၊ ဉာဏ်က ခန္ဓာပေါ်လှည့်ထားပါ”။

(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာမှ)


Saturday, September 24

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဒုက္ခ နောက်က မဂ္ဂသစ္စာလိုက်


ဒကာ ဒကာမ တို့…. မဂ် ဆိုတာ သိလုံးကလေးကိုပြောတာ၊
အေး… သိတဲ့အသိလေးကိုပြောတာ။ သိရမှာကတော့
ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတာ ဘယ်ဟာတွေလဲဆိုတော့
ခန္ဓာပေါ်တာ ခန္ဓာငါးပါးထဲက တစ်ပါးပါးထင်ထင်ရှားရှား
ပေါ်တာကို ဆိုတာ

ဒါဖြင့် ဒုက္ခသစ္စာဆိုတာ ခွေးကိုက်လို့ နာတာကို ပြောတာမဟုတ်၊
တုတ်နဲ့ရိုက်လို့ နာတာလည်း မဟုတ်၊
ကျောက်ပေါက်လို့ ဝေဒနာရတာကိုဆိုတာလည်း မဟုတ်၊
လက်မှာခြေမှာ ခူနာကြီးတွေပေါက်တာကို ဆိုတာလည်း မဟုတ်၊
အေး  ဒုက္ခသစ္စာဆိုတာ ခန္ဓာပေါ်တာ၊ ခန္ဓာငါးပါးထဲက တစ်ပါးပါးပေါ်တာ။
ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက ကျောပေးပြီးမနေလိုက်ကြပါနဲ့။
သိစရာ သူက လာပေးတာကို သိလုံးကလေးနဲ့သိလိုက်ကြစမ်းပါ။
အဲ့လိုသိလိုက်လို့ရှိရင် “အညာသိ= သိသွားပြီ”ဆိုတာလို ဖြစ်သွားမယ်၊
အဲ့ဒါကြောင့် ဒုက္ခသစ္စာ နောက်က မဂ္ဂသစ္စာလိုက်ဖြစ်အောင် လိုက်ကြစမ်းပါ၊

သူက..ဟော..ကြည့်ပါဗျလို့ လာပြောတာကို ကိုယ်က ကြည့်ဖြစ်အောင်
ကြည့်လိုက်ကြစမ်းပါ။


(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


Friday, September 23

သစ္စာသိပြီးမှ လှုပါ


“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ မဟုတ်ဘူး
ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။
ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြိုက်ရာကြည့်။
ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်ပျက်
ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး ပေါ်လိုက် ပျောက်လိုက်။
ပေါ်လိုက် ပျောက်လိုက်။

ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်တွေ ချည်း တွေ့နေရမှာပဲ။
ပကတိမျက်စိနဲ့တွေ့ရမှာ မဟုတ်ဘူးနော်။ ဉာဏ်မျက်စိနဲ့သာ တွေ့ရမှာ.။
အဲ့ဒါတွေဟာ ဒုက္ခသစ္စာတွေချည်းပဲပေါ့။ ဘယ်မှာမရတော့ဘူးပေါ့။ အကောင်းဆိုလို့
ရမလဲ။

အဲ့ဒါတွေကိုမမြင်ကြလို့ အကောင်းတွေ ထင်ပြီးတော့ အဲ့ဒီရုပ်နာမ်
ဘ၀တွေကို တောင်းနေကြတာ။ တောင်းတော့ ရရော။ ရတော့
ဒုက္ခထဲ ပြန်နစ်ကရော။

အခုလို ဒုက္ခသစ္စာတွေကိုမြင်ထားတော့ အကောင်းတွေ မဟုတ်ဘူး
ဆိုတာ သိရော။ သိတော့ အဲ့ဒီ ဒုက္ခသစ္စာတွေကိုတောင်းဦးမလား။
မတောင်းတော့ဘူး။ မတောင်းတော့  ဘာကိုပြောင်းပြီး
တောင်းသလဲဆိုတော့ အဲ့ဒီ ဒုက္ခသစ္စာတွေမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ
တောင့်တ တော့တယ်။ အဲ့ဒီလိုဖြစ်အောင်လို့ ဦးစွာပထမ ဒုက္ခသစ္စာကို
သိအောင်လုပ်ပါ။ ပြီးမှ လှုပါလို့  ညွှန်ကြား ညွှန်ကြားနေရတာ။

အမှန်မှာ ၀ဋ်ကို မတောင့်တမိအောင် ရှေးဆရာတော်ဘုရားကြီးများ
ပြုပြင်ပေးကြသလို ၀ိဝဋ္ဋ ဒါန ဖြစ်အောင် ညွှန်ကြားတော်မူခြင်းပင်
ဖြစ်၏။ အသစ် အဆန်းထွင်သည် မဟုတ်ချေ။


(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


Thursday, September 22

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဘယ်လောက်ကြာမှ မဂ် ရနိုင်မလဲ


ဗောဓိရာဇကုမာရမင်းသားသည် မြတ်စွာဘုရားကို မေးလျှောက်ဖူး၏။

“အရှင်ဘုရား…မြတ်စွာဘုရားဟူသော နည်းညွန်လမ်းပြ ဆုံးမမည့်သူ
ရသော ရဟန်းသည် ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို
ရနိုင်ပါမည်လဲ ဘုရား”

“မင်းသား….. ဤ အရေး၌ သင့်ကိုပင် ပြန်၍ မေးရပေဦးမည်၊ သင်သည်
ဆင်စီးချွန်းကိုင် အတတ်ကို တတ်မြောက်ပါ၏လော”
“မှန်ပါ၊ တတ်မြောက်ပါ၏ ဘုရား”
“လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီး ချွန်းကိုင် အတတ်ကို
သင်ယူမည်ဟု လာ၏။ ထိုသူသည်..
၁။ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ။
၂။ကျန်းမာမှု မရှိ၊
၃။ကောက်ကျစ်လိမ်လည်တတ်၏။
၎။ပျင်းလည်း ပျင်း၏။
၅။ဉာဏ်ကလည်း ထိုင်းလှ၏။
ထိုပုဂ္ဂိုလ်အားတတ်မြောက်ကျွမ်းကျင်အောင် သင်ကြားပေးနိုင်မည်လော”
ဟု မေးတော်မူ၏။
“မှန်ပါ.. ဤ အင်္ဂါငါးပါးအနက် တစ်ပါးပါး ချွတ်ယွင်းနေလျှင်ပင်
သင်ဖို့ မလွယ်ပါ။ ငါးပါးလုံးများ ချွတ်ယွင်းနေလျှင်ကား
ဆိုဖွယ်မရှိတော့ပါဘုရား”
“သည်လိုဆိုလျှင် မေးဦးမည်။ လူတစ်ယောက်သည်ကား
၁။ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှု အပြည့်ရှိ၏။
၂။ကျန်းလည်း ကျန်းမာ၏။
၃။စိတ်ထားလည်း ဖြောင့်စင်း၏။
၎။မပျင်းမရိပဲ ကြိုးစားတတ်၏။
၅။ဉာဏ်ရည် ဉာဏ်စ ရှိသူလည်းဖြစ်၏။
ထိုသူမျိုးအားတတ်မြောက်အောင် သင်ကြားပေးနိုင်မည်လော။”
“မှန်ပါ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား အင်္ဂါရပ် အချို့အ၀က်ပြည့်စုံကာ
မျှဖြင့် တတ်မြောက်အောင်သင်ကြားပေးနိုင်ပါ၏။ ငါးပါးလုံးများ
ပြည့်စုံပါမူကား ဆိုဖွယ် မရှိတော့ပြီ ဘုရား။”
“မင်းသား…ထို့အတူပင် တရားအားထုတ်သူ၏ အင်္ဂါရပ်(ပဓာနိယင်္ဂ)
ငါးပါးရှိ၏။ ယင်းတို့ကား-
*၁။ ဘုရားအပေါ် ယုံကြည်သော သဒ္ဓါ့ ရှိရမည်။
၂။ကျန်းမာသူလည်းဖြစ်ရမည်။
၃။စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမည်။
၎။ဇွဲသန် ကြိုးစားအားထုတ်သူလည်းဖြစ်ရမည်။
၅။ဉာဏ်စွမ်း ဉာဏ်စလည်းရှိရမည်။
ဤ အင်္ဂါ ငါးပါးနှင့်ပြည့်စုံခဲ့သော် မကြာမီပင် တရားထူးရနိုင်၏။
ဟူ၍ မိန့်တော်မူ၏။
(ဆောင်)
ယုံကြည်-ကျန်းမာ၊စိတ်ဖြောင့်စွာနှင့်။
လွန်စွာ အားထုတ်၊ နာမ်နှင့်ရုပ်ကို၊
ဖြစ်ချုပ်ဉာဏ်မြင်  ဤ ငါးအင်၊ အမှန်ပင် မဂ် ရကြောင်း ။ ။



(မိုးကုတ်ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာ မှ)


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာနုလောမိက ဉာဏ်


ဒိဋ္ဌိရှိနေလို့ကတော့ ဘယ်ဒိဋ္ဌိရှိရှိ သဿတ-ဥစ္ဆေဒ-သက္ကာယ
တစ်မျိုးမျိုးရှိနေရင် မဂ် မဆိုထားနဲ့။ မဂ်ရှေ့က အနုလောမ ဉာဏ်တောင်
မပေါ်နိုင်ဘူး-တဲ့။


ဤအကြောင်းအရာများကို အဂုင်္တ္တိုရ်ပါဠိတော်မှာ မြတ်စွာဘုရား
ဟောထားပါသည်။
“သော ၀တ ဘိက္ခဝေ ဘိက္ခု ကဉ္စိ သင်္ခါရံ နိစ္စတော
(သုခတော၊ အတ္တတော) သမနုပဿန္တော အနုလောမိကာယ
ခန္တိယာ သမန္နာဂတော ဘ၀ိဿတီတိ နေတံ ဋ္ဌာနံ ၀ိဇ္ဇတိ”
ဘိက္ခဝေ-ရဟန်းတို့၊သောဘိက္ခု-ထိုယောဂီ ရဟန်းသည်၊
ကဉ္စိ သင်္ခါရ- တစ်စုံတစ်ခုသော သင်္ခါရကို၊ နိစ္စတော-
နိစ္စ အားဖြင့်(၀ါ) မြဲတယ်လို့၊(သုခတော-သုခအားဖြင့်၊
အတ္တတော- အတ္တအားဖြင့်) သမနုပဿန္တော-ရှုနေသည်
ရှိသော်(၀ါ)ယူစွဲထားလို့ရှိလျှင်၊
အနုလောမိကာယ ခန္တိယာ-သစ္စာနုလောမိက ဉာဏ်နှင့်၊
သမန္နာဂတော-ပြည့်စုံသည်၊ဘ၀ိဿတိ-ဖြစ်လတ္တံ့၊
ဣတိ- ဤသို့၊ဧတံဋ္ဌာနံ- ဤအကြောင်းသည်၊
န၀ိဇ္ဇတိ- မရှိ။
အဓိပ္ပါယ် အဖြောင့်ကတော့ ဘယ်သင်္ခါရပဲ ဖြစ်ဖြစ်၊
သင်္ခါရ တစ်မျိုးမျိုးကို နိစ္စအားဖြင့်(၀ါ) မြဲတယ်လို့။
သုခရယ်လို့ ၊အတ္တရယ်လို့၊ စွဲယူနေလို့ရှိရင်
သစ္စာနုလောမိက ဉာဏ်တောင် မရနိုင်ဘူး။
နိဗ္ဗာန်ရဖို့ အသာထား၊ သစ္စာသိဖို့ အသာထား၊
သစ္စာနဲ့လျော်တဲ့ဉာဏ်တောင် မပေါ်နိုင်ဘူး-တဲ့၊
ဒါ ဘာကြောင့်လဲ ဆိုရင် ဒိဋ္ဌိ ခံနေလို့၊ အကြောင်းက
ဒါပဲ။
မဂ်ရဲ့ရှေ့က အနုလောမ ဉာဏ်မှ မပေါ်ပဲနဲ့
“သမ္မတ္တနိယာမ .”လို့ခေါ်တဲ့ နောက်ကလာမယ့်
မဂ်ဥာဏ်အစစ်ကြီးကော ပေါ်နိုင်ပါ့မလား။မပေါ်နိုင်ဘူး။
မဂ်စိတ်မှ မပေါ်လာနိုင်ပဲ၊ ဖိုလ်စိတ်ကော ပေါ်လာနိုင်ပါ့မလား။
ဒါဆိုရင် သောတာပန် ဖြစ်မလာနိုင်ဘူးလို့ ဆိုလိုတာပေါ့။
သောတာပန်မှ ဖြစ်မလာဘူးဆိုရင် သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာတွေကော ဖြစ်လာနိုင်ဦးမလား၊
အဲ့ဒါကြောင့် ဒိဋ္ဌိခွာဖို့ ပြောနေရတာ။


ဖွားဖက်တော် အရှင်ဆန္ဒမှာ ဖြစ် - ပျက်တွေ ဖြိုင်ဖြိုင် မြင်ပါလျှက်
တရားသားမတက်နိုင်တာ ဒိဋ္ဌိတွေ ခံနေလို့ဟူ၍
မိုးကုတ် ဆရာတော်ဘုရားကြီးက ကောက်ချက်ချပြသည်။


(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရုပ်ရှင်ကြည့်ရသလိုပဲ မှတ်ပါ


ပထမ ဦးစွာ ဖြစ်ပျက် မြင်အောင်ရှုပါ။ပြီးတော့ မုန်းအောင်ရှုပါ။
ဒီ ဖြစ်ပျက်တွေက ဒုက္ခသစ္စာတွေ၊ ဒါကြောင့်မို့လို့ကို မလိုချင်ဘူး။

မလိုချင်တော့ဘူးဆိုရင် “ဖျတ်” ခနဲ ဒီဖြစ်ပျက်တွေ ချုပ်ကုန်တယ်။
မလိုချင်တဲ့ ကိုယ့်ဥာဏ်ကလေးက နိဗ္ဗာန်ဘက်ကို လှည့်သွားတယ်။
ခန္ဓာဘက်ကို မလှည့်တော့ဘူး။ ဒါဖြင့် ဒကာ ဒကာမ တို့
ဖြစ်ပျက်  ဖြစ်ပျက်  ဖြစ်ပျက်နဲ့ ရှုသာနေ၊ ရှုရင်း ရှုရင်းနဲ့
ဖြစ်ပျက်တွေဟာ “ဖျတ်” ခနဲ ချုပ်ကုန်ကြပါလိမ့်မယ်။
ချုပ်သွားကုန်ကြသော်လည်း မျက်လုံးဖွင့်မကြည့်နဲ့။
ဖြစ်ပျက်ဆိုတာ ဒုက္ခသစ္စာတွေ မဟုတ်လား။ အဲ့ဒီ ဒုက္ခသစ္စာတွေကို
ကြည့်ရင်း ကြည့်ရင်းနဲ့ “ဖျတ်” ဆို ပျောက်ကုန်မယ်။ ပျောက်သွား
တဲ့အခါကျတော့ ဘာနဲ့နေရစ် သတုံးဆိုရင် ခုနင်က ရှုတဲ့
ဥာဏ်ကလေးနဲ့ နေရစ်တယ်။ အဲ့ဒီ ဥာဏ်ကလေးနဲ့
ဒုက္ခပျောက်တဲ့နေရာနဲ့ တည့်နေတယ်။ ဒုက္ခပျောက်တဲ့နေရာက
နိဗ္ဗာန် ပဲ။ ဥာဏ်ကလေးက မဂ်ဥာဏ်။

ဒါဖြင့် နိဗ္ဗာန် ဝေးသလား။ နီးသလား။ နီးပါတယ်။
အေး ..ဒုက္ခသစ္စာရဲ့ အဆုံးမှာပဲ နိဗ္ဗာန် ရှိတယ်။ ဒုက္ခသစ္စာဖြစ်တဲ့
ဖြစ်ပျက်တွေရဲ့ အဆုံးမှာ နိဗ္ဗာန်ရှိတယ်။ ဒုက္ခဿန္တံ ကရိဿတိ-
ဆိုတာလေ။ ဒုက္ခဿန္တံ- ဒုက္ခသစ္စာရဲ့ အဆုံး(ဖြစ်ပျက်တွေရဲ့ အဆုံး)
ဖြစ်တဲ့ နိဗ္ဗာန်ကို၊ ကရိဿတိ (သစ္ဆိ ကရိဿတိ) မျက်မှောက်ပြု
ရလတ္တံ့-ဆိုတာ ဒါပေါ့။

ရုပ်ရှင်ကြည့်တဲ့အခါ မျက်လုံးနဲ့ နောက်လံ ဘက်ဂရောင်း ပိတ်ကား
ပေါ်မှာ ကြည့်ရတာ မဟုတ်လား။ ရုပ်ရှင်သိမ်းသွားတော့လည်း
နောက်ခံ ဘက်ဂရောင်း ပိတ်ကားပေါ်မှာပဲ မဟုတ်လား။
အေး…. ရုပ်ရှင်ပြနေတုန်းက ပိတ်ကားပေါ်မှာ အရုပ်တွေ
သွားလာလှုပ်ရှားနေကြတာ၊ ဒုက္ခသစ္စာတွေနဲ့ တူတယ်။
ရုပ်ရှင်ပြီးသွားတဲ့အခါ ပိတ်ကားပေါ်မှာ အဖြူထည်ကိုပဲ
တွေ့နေရတာက နိရောဓ သစ္စာကိုမြင်ရတာနဲ့တူတယ်။

ဒါဖြင့် ဒုက္ခတွေ့ပြီးမှ နိရောဓ တွေ့ပါလိမ့်မယ်။ ဒုက္ခ မတွေ့
သေးရင် နိရောဓ မတွေ့နိုင်သေးပါ။

ဘိက္ခုနီမ ကပြောတယ်၊ “ မာရ်နတ်ရေ… ခန္ဓာထဲမှာ ဒုက္ခဖြစ်၍
ဒုက္ခပျက်တာပဲ ရှိတယ် ဟဲ့။ တခြား ဘာမျှ မရှိဘူး။ ဒီတော့…..

ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာက ဒုက္ခသစ္စာ၊
ဖြစ်တိုင်း ဖြစ်တိုင်း သိ၊ပျက်တိုင်း ပျက်တိုင်း သိတာက မဂ္ဂသစ္စာ။
သေတာက သမုဒယ သစ္စာ၊
နောင် ခန္ဓာ မလာတာ နိရောဓ သစ္စာ၊

ဒါဆို အလုပ်လုပ်တတ်ပြီးလား။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


Monday, September 19

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော်(၁၆)


    မိမိခန္ဓာအကြောင်းကို ကောင်းကောင်းသိရန် အရေးကြီးသည်။ ခန္ဓာပဋိစ္စသမုပ္ပာဒ်ကို မသိလျှင် ငါစွဲ အတ္တဒိဋ္ဌိတွေ ဝင်လာတတ်သည်။ ပဋိစ္စသမုပ္ပာဒ် အင်္ဂါ၁၂ရပ်ထဲတွင် ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါ မပါပုံကို ပြသည်။ ပဋိသန္ဓေ နေရာမှာ ဟိုဘက်ဘဝကို ရုပ်နာမ် ဒီဘက်ဘဝကို ဘာမှ ပါမလာပုံကို ရှင်းသည်။ စုတိနှင့် ပဋိသန္ဓေ အကြောင်းအကျိုး ဆက်တာပဲ ရှိသည်။ အကြောင်း သမုဒယကြောင့် အကျိုး ဒုက္ခ ရနေတာ ဖြစ်သည်။ ခန္ဓာပေါ်သမျှ ဒုက္ခသစ္စာချည်းပင်။ ခန္ဓာသည် ဒုက္ခသစ္စာပဲဟု သိလျှင် မဂ်ပေါ်သည်။ မသိသော အဝိဇ္ဇာနှင့် သင်္ခါရလုပ်လျှင် ဒုက္ခခန္ဓာပေါ်သည်။ ခန္ဓာရဆဲမှာ သမုဒယတွေ ထပ်လုပ်လျှင် နောက်ဒုက္ခပဲ ထပ်ရသည်။ မီးပေါ်ထင်း ထင်းပေါ်မီး လှည့်ပြီး ဖြစ်နေပုံကို ရှင်းထားသည်။ မီးထဲ ထင်း ထပ်မထည့်လျှင် မီးငြိမ်းသည်။

    ထို့နောက် လူ့ဘဝ နတ်ဘဝ ရပါလို၏ ဆုတောင်းချက် မှားပုံကို ပြသည်။ ထင်းဖြစ်ရပါလို၏ ဆုတောင်းသလို ဖြစ်နေကြောင်း အမှား ထောက်ပြသည်။ ဘုရက လောင်စာသိမ်း မီးငြိမ်းအောင်လုပ်ဖို့ ဟောသည်။ လူတွေက ဘုရကို ကန့်လန့်တိုက်ပြီး လောင်စာထင်းဖြစ်ဖို့ချည်း ဆုတောင်းနေကြပုံကို ဖော်ပြသည်။ ပုထုဇဉ် အမှားကြီးကျယ်ပုံကို ပြသည်။

    ဤသို့ နားလည်ရန်မှာ သစ္စာကို နားလည်မှ ဖြစ်၏။ သစ္စာကို နားလည်အောင် သွန်သင် ဆုံးမတတ်သော ဆရာကောင်းကို ရှာရမည်။ နောက်ဘဝတစ်ခုကို ရသည်ပဲထား။ မလိုချင်ပဲနှင့် ရလျှင် နောက်တစ်ဘဝကျရင် နိဗ္ဗာန်ရမှာပဲဟု မိန့်ဆိုသည်။ ဒီဘဝမှာ ခန္ဓာကြီး ဒုက္ခသစ္စာမှန်း သိသွားလျှင် နောင်ဘဝမှာ နိဗ္ဗာန်ရမှာပဲဟု တိတိကျကျ ဆိုသည်။ ဆုတောင်းတာ နှုတ်တက်နေသဖြင့် ဆုမတောင်းပဲ မနေနိုင်လျှင်လည်း ခန္ဓာဝဋ်ကျွတ် ရပါလို၏ ဆုတောင်းပါဟု ဆုံးမထားသည်။ ဒါက ဉာဏ်နှင့်တောင်းသော ဆု တဏှာနှင့် တောင်းသောဆုမဟုတ်ပါ။

    ထို့နောက် ပစ္ဆဘူမက အရပ်သို့ ဝါကျွတ်ချိန် သွားလိုသော ရဟန်းငယ် ဆယ်ပါး အကြောင်းကို ဝတ္ထုထုတ်ပြီး ဘုရားမှာ ရာဂကိုပယ်သော ဝါဒရှိကြောင်း ဟောသည်။ ဘုရားက ရာဂကို ပယ်သည်။ လူတွေက ရာဂနှင့် ဆုတောင်းနေသည်။ ဘုရားအကြိုက်နှင့် မကိုက်ပုံကို ထောက်ပြသည်။ ခန္ဓာပေါ်မှာ ရာဂမှီနေခြင်းကို ရှင်းပြသည်။ ခန္ဓာငါးပါးပေါ် မှီသော ရာဂကို မစွန့်လျှင် သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသတွေ ဖြစ်သည်။ ဤအပြစ်တွေ သင့်သည်။ ရာဂမီးလောင်သည်။ ရာဂကို မပယ်နိုင်သရွေ့ ခင်မှုရာဂကြောင့် သောကပရိဒေဝ ဖြစ်ရသည်ဟု ဆိုသည်။

~ မိုးကုတ်ဆရာတော် ~


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ပရိယတ်သမားနှင့် ပဋိပတ်သမား


သာဝတ္ထိမှာ သူငယ်ချင်း ၂ ယောက် ဘုရားတရားတော်ကို နာရ၍
သာသနာ့ဘောင်သို့ ရောက်လာကြ၏။ တစ်ပါးက တောထဲသို့ ၀င်၍
ဝိပဿနာ အားထုတ်တော့သည်။


ကျန်တစ်ပါးကမူ စာပေသင်ကြားပို့ချမှုဆိုတဲ့ ပရိယတ်သည်
သာသနာတော်၏ အခြေခံ အုတ်မြစ်ဖြစ်၏။ သူမရှိလျှင် သာသနာ
ကွယ်မည်။ အရင်းအမြစ်ဖြစ်၏။ ထို့ကြောင့်ဂန္တဓူရဆိုတဲ့ ပရိယတ်
တာဝန်ကို ထမ်းဆောင်မည် ဟု ဆိုကာ ပိဋကတ်တွေကိုသင်ယူ
သည်။

အစဉ်အတိုင်း သင်ယူ လေ့ကျက်လာခဲ့ရာ တိပိဋကဓရ(ပိဋကတ်
သုံးပုံဆောင်) ပုဂ္ဂိုလ်ကြီးအထိဖြစ်လာ၏။ ရံဖန် ရံခါ ဓမ္မကထိကလည်း
လုပ်ပါသည်။ ရဟန်းတပည့် ငါးရာ ငါးရာခန့်အား စာပေပို့ချ၍နေ၏။

တောထဲသို့ ၀င်၍ ၀ိပဿနာ ဓူရဆိုတဲ့ ပဋိပတ် အလုပ်ကို အားထုတ်သော
ရဟန်းသည် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
နောက်ထပ် နောက်ထပ် တောထဲသို့ ရောက်လာကြသော ရဟန်း
တို့သည် ရဟန်းကိစ္စပြီးကြ၏။ထို့နောက် ဇေတ၀န်ကျောင်းတော်သို့
ဘုရားဖူးရန် ပြန်ကြသောအခါ မှာလိုက်သည်။

“မြတ်စွာဘုရားကိုလည်းဖူးကြ။ အသီတိ သာဝကတို့ကိုလဲ ဖူးကြ။
ငါ့သူငယ်ချင်းကြီးကိုလည်း ငါက ရှိခိုးလိုက်ပါတယ်လို့ လျှောက်ကြ”

မှာလိုက်သည့်အတိုင်းဆောင်ရွက်ကြသောအခါ တပည့်တော်တို့ ဆရာက
အရှင်ဘုရားကိုရှိခိုးလိုက်ပါတယ်။ ဟု တစ်ပါးပြီး တစ်ပါး လျှောက်ကြသည်။
ထိုစကားရပ်တွင် တစ်ပည့်တော်တို့ဆရာ တပည့်တော်တို့ ဆရာ ဆိုသော
စကားလုံးကို သူနားကြားပြင်းကတ်၏။
“ ဘာဆရာတဲ့လဲ။ ဘာတတ်လို့လဲ၊ ဘာပို့ချနိုင်လို့လဲ၊ နိကာယ်ငါးရပ်
ထဲက ဘယ်နိကာယ် ဘယ်သုတ်တော်ကို သူရသတဲ့လဲ၊ ပိဋကတ် သုံးပုံ
ထဲကရော ဘယ်အပုံနားလည်လို့လဲ၊ စာ ၄ ကြောင်းမျှသာရှိတဲ့ ဂါထာလေး
တစ်ပုဒ်တောင် နားမလည်တဲ့သူ၊ အလကား”
ဟူ၍ စိတ်ထဲမှ ရေရွတ်နေမိပါသတဲ့။
ထို့ပြင်လည်း ရဟန်းဝတ်ပြီးကတည်းက တောထဲဝင်၊ ပံသုကူသင်္ဃန်း
အနွမ်းအစုတ်ကြီးနဲ့ သပိတ်ဟောင်းကြီး လွယ်နေတဲ့သူ၊ ဘာသင်ချိန်
ရှိလို့လဲ၊ ဒီအထဲက တပည့်ပရိတ်သတ်တွေမွေးသေးတယ်။ ထွီ..
တွေ့တဲ့အခါကျမှ ပိဋကတ်တွေမေး မေး ပြီး နှိပ်စက်လိုက်ရအုံးမယ်”
ဟု တေးထားပါသတဲ့။

ထို့နောက် မကြာခင်ပင် တောနေရဟန်းသည် မြတ်စွာဘုရားရှိတော်
မူရာ ဇေတ၀န်ကျောင်းတိုက်သို့ ရောက်လာ၏။ မြတ်စွာဘုရားနှင့်
အသီတိ သာဝကတို့ကို ဖူးပြီးနောက် သူငယ်ချင်းကြီးရှိသော
ကျောင်းသို့ တည်းခိုရန် သွားလေသည်။

သူငယ်ချင်းကြီးက “ အခွင့်ကောင်းတော့ ဆိုက်လာပြီ၊ ပိဋကတ် အမေး
ပုစ္ဆာတွေနဲ့ မေး မေးပြီးတော့ နှိပ်စက်လိုက်အုံးမယ်။”  ဟု ကြံကာ
အသင့်ဟန်ပြင်နေပါလေသတဲ့။

ထိုအခြေအနေကို မြတ်စွာဘုရားက သိတော်မူ၍ ချက်ချင်းရောက်လာ၏။
မြတ်စွာဘုရားကပင် စတင်ပြီး မြို့နေပရိယတ်ကိုယ်တော်အား ပထမဈာန်
နှင့်ပတ်သက်၍ မေး၏။ မဖြေနိုင်၊ ဒုတိယဈာန်၊ တတိယဈာန်။ စတုတ္ထဈာန်
တို့၌လည်း မဖြေနိုင်၊ဤနည်းအားဖြင့် သမာပတ် ရှစ်ပါးလုံးတို့၌ပင် မဖြေနိုင်။

ထို့နောက် တောနေ ပဋိပတ်ကိုယ်တော်အား လှည့်၍မေးတော်မူ၏။
မေးတိုင်းမေးတိုင်းဖြေဆိုနိုင်လေသည်။

တဖန်မြို့နေ ပရိယတ် ကိုယ်တော်အား သောတာပတ္တိမဂ် နှင့် ပတ်သက်၍
မေးပြန်၏၊မဖြေနိုင်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ် တို့၌လည်း မဖြေနိုင်။

ထို့နောက်တောနေရဟန်းကိုလှည့်၍ မေးသောအခါတွင်ကား မေးတိုင်း
မေးတိုင်း ဖြေဆိုနိုင်လေသည်။ ထိုအခါမြတ်စွာဘုရားက “သာဓု သာဓု
သာဓု” ဟူ၍ သုံးကြိမ်ခေါ်ကာ ကောင်းချီးပေးလေသည်။

ဤသို့ပြုလုပ်သည်ကို မြို့နေကိုယ်တော်၏ တပည့်များက မကျေနပ်ကြ။
ကဲ့ရဲ့ကြ မဲ့ရွဲ့ကြသည်။

ဤသို့ အခြေအနေ ဖြစ်လာသောအခါ မြတ်စွာဘုရားက “ အေး သင်တို့
ဆရာက ငါဘုရားရဲ့ သာသနာမှာ အခစား အငှား နွာျးောင်းသားနဲ့တူတယ်
ဟောဒီ တောနေရဟန်း ငါ့သားတော်ကြီးကတော့ ကိုယ်ကြိုက်သလို နွားနို့
အရသာငါးမျိုးတို့ကို စားသုံးနိုင်သော နွားပိုင်ရှင်ကြီးနဲ့တူတယ်။” ဟူ၍
မိန့်တော်မူသတည်း။

**မှတ်ချက်။  ။ ဘုရားရှင်ကိုယ်တော်မြတ်ကြိး၏ အာဘောဂ အလို
ဆန္ဒတော်မှာ ဤသို့ဖြစ်ပါသတတ်။ရဟန်းကိစ္စပြီးစီးနေသော
တောနေရဟန်းကို ပုထုဇဉ်မျှသာဖြစ်သေးတဲ့ မြို့နေရဟန်းက
မေးခွန်းပုစ္ဆာတွေ မေးမေးပြီး နှိပ်စက်နေလျှင် သူသည်ပင် အ၀ီ
စိ ဆင်းရပေလိမ့်မည်။ ထိုသို့မဆင်းရအောင် သူကို ငဲ့ညှာသော
အားဖြင့် ဤသို့ ကြားဝင်လိုက်ခြင်းဖြစ်သည်ဟူ၏။

ထို့ပြင် မြို့နေရဟန်းက ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်
တဖက်ကမ်းခပ် တတ်ကျွမ်းနေသည်မှာ သူ့ကိုယ်သူ  ပညာတတ်
ဟု ထင်နေမိ၏။ အမှန်မှာ သညာဖြင့် မှတ်သားထားခြင်းဖြစ်၍
သညာတတ်မျှသာ ရှိသေးသည်။ တောနေရဟန်းကား ထိုးဖောက်
သိနိုင်စွမ်းသော ၀ိပဿနာ မဂ်ပညာတို့ဖြင့် ခန္ဓာကိုယ်ပေါ်မှာ
အပြည့်အ၀ အစုံအလင်သိထားပြီး ဖြစ်၏။ ထို့ကြောင် ပညာတတ်
ဖြစ်သည်။ ဤသို့လည်းခွဲခြားနားလည်စေလိုသည် ဟူ၏။

တစ်ဖန် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်တို့ကို မတတ်ရ
မသင်ရ မဆောင်ရ ဟု မဆိုလို၊တတ်မြောက်အောင်သင်ကြားပါ။
မှတ်သားပါ။ ဆောင်ရွက်ပါ။ ပျောက်ပျက် မကုန်အောင် ထိန်းသိမ်း
စောင့်ရှောက်ပါ။

သို့ရာတွင် ထိန်းသိမ်းစောင့်ရှောက်နေသော နွားကျောင်းသား
ဘ၀ဖြင့်ချည်း ကျေနပ်မနေပါနဲ့၊ နွားနို့သောက်ရသည့် ပိုင်ရှင်ကြီး
ဖြစ်သည်အထိ တက်လှမ်းပါဦး  ဟု ဆိုလိုတော်မူပါသတတ်။**



(မိုးကုတ် ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာမှ)