Thursday, September 14
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဝိပဿနာအားထုတ်နည်း
            ကာယမိမံ သမ္မသထတဲ့၊ ဣမံကာယံ = ဤခန္ဓာကိုယ်ကြီးကို၊ သမ္မသထ = စောင့်ပြီးသုံးသပ်ပါကွာ တဲ့ ။ 
ခန္ဓာကိုယ်ကိုစောင့်ကြည့်နေပါ
            ခန္ဓာကိုယ်ကြီးကို ဒကာ ဒကာမတွေက မျက်လုံးလေးမှိတ်၊ ယောက်ျားဖြင့် တင်ပျဉ်ခွေ၊ မိန်းမဖြင့် ဒူး လေးတုတ်ပြီး ခန္ဓာကိုယ် စောင့်ကြည့်နေပါနော် ။
            ဘယ်လောက်စောင့်ကြည့်ရမှာလဲလို့ မေးတဲ့အခါမှာ၊ ရှင်သာရိပုတ္တရာရွတ်တဲ့ ဂါထာနော် ဣမံ ကာယံ = ဤ ခန္ဓာကိုယ်ကြီးကို သမ္မသထ = စောင့်ပြီး သုံးသပ်စမ်းပါကွာ၊ ဦးဘအေး ဘာလုပ်ရမလဲ ( စောင့် ကြည့်ရမှာပါ ) စောင့်ပြီးကြည့်နေစောင့် ပြီးကြည့်တဲ့ ။
            ဤကဲ့သို့ ဟောထားတော့ ဒကာ ဒကာမတွေ၊ ဘုရား ရှေ့ မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ၊ ထိုင်ပြီးသကာလ ယောက်ျားဖြင့် တင်ပျဉ်ခွေ၊ မိန်းမဖြင့် ဒူးလေးတုပ်ပြီး ခန္ဓာကိုယ် စောင့်ကြည့်နေရမယ် နော် ။
ထွက်တာသိ၊ ၀င်တာသိ
            မစောင့်ချင်ရင်လည်း ဒီလိုလုပ်ဗျာ၊ အသက်ကလေး မှန်မှန်ရှူပြီး၊ လေးလေးထွက်တာလည်းသိလို့ လေးလေးဝင်တာလည်း သိလို့ချည်း၊ သိနေပြီးစောင့်နေတာပေါ့ဗျာ။
            ဘယ်လောက်စောင့်ရမှာတုံးလို့မေးတဲ့အခါကျတော့မှ ရှင်သာရိပုတ္တရာက၊ ပရိဇာနာထပုနပ္ပုနံ၊ ပရိဇာနာထ - အဖန်တလဲလဲ စောင့်ကြည့်ကွာ ။
            ဒကာ ဒကာမတို့ ဘာတဲ့တုံး... ( စောင့်ကြည့်ရပါမယ်ဘုရား ) စောင့်နေလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ကို အဖန်ဖန်တလဲလဲ စောင့်နေပြီဆိုမှဖြင့် ခန္ဓာကိုယ်က သူ့သဘော သူပြောလာပါလိမ့်မယ် ။
တိုက်မြွေနဲ့ ၊ ပကတိမြွေ
            ဒကာ ဒကာမတွေ သုံးနေတဲ့ စကားအရှိသားပဲ အို... တိုက်မြွေနဲ့ ပကတိမြွေနဲ့၊ တိုက်မြွေဆိုတာ စုန်း၊ ပယောဂတွေ တိုက်တဲ့မြွေပေါ့ဗျာ...။
            ပကတိ မြွေအမေ မြွေအဖေကမွေးတဲ့ မြွေလည်း ရှိတာပေါ့ ဦးခင်မောင် မြွေနှစ်မျိုးမရှိဘူးလား ရှိပါတယ် ။
            အဲတော့ ခင်ဗျားတို့ပြောနေတဲ့စကားက မြွေန်မှန်ရင် တွင်းဝင်ဖြောင့်မှာပေါ့ကွာလို့ မပြောကြဘူးလား ( ပြောကြပါတယ် ) မြွေမှန်ရင် ..( တွင်းဝင်ဖြောင့်ပါတယ်ဘုရား ) ။
            အင်းတိုက်မြွေဖြင့် မဖြောင့်ဘူးပြောတာ၊ တိုက်မြွေဖြင့် မဖြောင့်ဘူးပြောတာ သဘောကျပလား..... 
( ကျပါပြီ ဘုရား ) ။
            အဲဒီမှာလည်း ဒီအတိုင်းပဲ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးက အနိစ္စခန္ဓာကိုယ်မို့ သူသည် အဖန်တလဲလဲ စောင့်ကြည့်နေပြီဆိုမှဖြင့် သူ့သဘောသူပြောတော့မယ် ( မှန်ပါဘုရား ) ခန္ဓာက ဘာပြော တော့မယ် ...( သူ့သဘောသူပြောမှာပါဘုရား ) ။
ခန္ဓာကဘာတွေပြောသတုံး
            သူ့သဘောသူက တိုက်မြွေမှမဟုတ်ပဲ၊ ဒကာ ဒကာမတို့ အမှန်မြွေဖြစ်နေတော့ ကျုပ်ဟာ အနိစ္စပါ၊ ကျုပ်ဟာ ဒုက္ခပါ၊ ကျုပ်ဟာ အနတ္တပါ၊ ကျုပ်ဟာအသုဘပါလို့၊ ခန္ဓာငါးပါးထဲက ထူးထူးချွန်ချွန် ပြောပါလိမ့်မယ် မပြောပေဘူးလား ..... (ပြောပါတယ်ဘုရား)။
            အဲတော့ ဒကာ ဒကာမတို့ ဘုရားကလည်းဟော ခန္ဓာကလည်း ပြောဆိုတော့ အခုနဆုံးမထားတာနဲ့ သွားမကိုက်ဘူးလား .... (ကိုက်ပါတယ်ဘုရား)။
            ဘုရားကလည်း ဒီခန္ဓာကိုယ်ကြီးက သဗ္ဗေသင်္ခါရာ အနိစ္စ၊ သဗ္ဗေသင်္ခါရာဒုက္ခ၊ သဗ္ဗေဓမ္မာ အနတ္တဆိုတာနဲ့ သွားမကိုက်ဘူးလား ..... (ကိုက်ပါတယ်ဘုရား) ကိုယ်ကလည်း စောင့်ကြည့်နေတာနဲ့ သွားကြုံတယ်။
မြွေမှန်လို့ တွင်းဝင်ဖြောင့်တယ်
            ဒါအလုပ်သင်နေတာနော် ဒကာ ဒကာမတို့ (မှန်ပါ့) စောင့်ကြည့်နေတာနဲ့ သွားကြုံတဲ့အခါကျတော့ ဒကာသစ်တို့ မောင်မြတို့ ခန္ဓာကိုယ်ကြီးက ဘာပြောမယ် ထင်သလဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပြောပါတယ်)
            သြော် - မြွေမှန်လို့ တွင်းဝင်ဖြောင့်ဆိုသလို ဒကာ ဒကာမတို့ အနိစ္စရှိလို့ အနိစ္စပြောပြီ (မှန်လှပါဘုရား)။
အနိစ္စဆိုတာ ဘာတုံး
            အနိစ္စဆိုတာ ဘာတုံးဆိုတော့ ခန္ဓာကိုယ်ထဲက အသစ်ပေါ်လာတာဟူသရွေ့ဟာ ဒကာ ဒကာမတို့ အနိစ္စပဲ အသစ်ပေါ်ပြီး ပျောက်သွားတာဟူသရွေ့ (အနိစ္စပါဘုရား)။
            နဂိုကမရှိဘူး စောင့်ကြည့်နေတုန်းမှာ ဒီအသစ်ကလေး ပေါ်လာပြီး အဲဒီအသစ်ကလေး ပျောက်သွားတာ ဘာခေါ်ကြမယ် .... (အနိစ္စပါဘုရား)။
            အခုတင်ကဘုရား၊ ယားလာလိုက်တာ လက်မောင်းကလေးမှာ အခုတင်ကလေး ယားလာလိုက်တာဆိုတော့ အနိစ္စပေါ်လာပြီ ဒီယားတဲ့နေရာမှာ ပျောက်သွားလို့ရှိရင် သြော် .... ဒီဥစ္စာ သူ့သဘောသူပြောတာကိုးလို့ မဆိုနိုင်ဘူးလား ... (ဆိုနိုင်ပါတယ်ဘုရား)၊ ဦးခင်မောင် ဒီလို လုပ်ရမှာနော် .... (မှန်လှပါဘုရား)။
အခုမှပေါ်ပြီး အခုမှပျောက်တယ်
            ထိုင်နေရင်းမတ္တနဲ့မှ စိတ်ကလေးက တောင်ပြေး မြောက်ပြေး ပြေးသွားတော့ အင်း .... နဂိုက ပြေးတဲ့စိတ်ရှိသလား၊ ဒီပြေးတဲ့ စိတ်ခန္ဓာကိုယ်ထဲပေါ်ပြေး ခန္ဓာကိုယ်ထဲ ပျောက်တာလား .... (ခုမှပေါ်ပြီးခုမှ ပျောက်တာပါဘုရား)။
            အခုမှပေါ်ပြီး အခုမှပျောက်တာ သေချာပလား .... (သေချာပါပြီ) သြော် .... မြွေမှန်လို့ တွင်းဝင်ဖြောင့်ဆိုတဲ့အတိုင်း ဦးခင်မောင်ရေ ..... ပြပြန်ပြီ အနိစ္စပဲ ..... (မှန်ပါ့) ဒကာဝ၊ မပြသေးဘူးလား .... (ပြပါတယ်ဘုရား)။
            အဲဒီလာပြတဲ့အခါ သြော် ဒါတွေဟာ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကလေးတွေဟာ အခုပေါ်အခုပျောက်၊ အခုပေါ် အခုပျောက်ဆိုတာတွေဟာ ဘယ်သူပေါ်၍ ဘယ်သူပျောက်တာလဲဆိုတော့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့ ခန္ဓာပေါ်၍ ခန္ဓာပျောက်တာ ( မှန်ပါ့ဘုရား ) ဘယ်လိုဆိုကြမယ် .... ( ခန္ဓာပေါ်၍ ခန္ဓာပျောက်တာပါ ) ။
ခန္ဓာပေါ်၍ ခန္ဓာပျောက်တာ
ဒါဖြင့် ခန္ဓာပေါ်၍ ခန္ဓာပျောက်တာဆိုတော့ သြော် ကိုယ်ခန္ဓာကြီးဟာ ပေါ်လိုက်ပျောက်လိုက်ဆို
တော့ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ ။
            ဟုတွာ - မမြင်ရာအရပ်ကပေါ်လာပြီး၊ မမျှော်လင့်တဲ့နေရာက ပေါ်လာတယ် ( မှန်ပါ ) ဟုတွာ - မမျှော်လင့်တဲ့ နေရာကပေါ်လာ၍ အဘာဝဋ္ဌေန - ဒီပေါ်တဲ့နေရာ၌ ပျောက်သွားခြင်းသည် ပင်လျှင် အနိစ္စွံ - အနိစ္စ ပဲ ။
            မမျှော်လင့်တဲ့နေရာက ပေါ်လာတယ် ၊ ပေါ်တဲ့နေရာမှာ ဘာဖြစ်သွားသလဲ၊ ( ပျောက်သွားပါတယ် ) အဲဒါ ဘာခေါ်ကြမလဲ...( အနိစ္စပါဘုရား ) ။
            ဒီဥစ္စာ ဒကာ ဒကာမတို့ ဒီနေရာယား၍ ဒီနေရာပေါ်ပြီး နေရာပျောက်ရင် ဘာဆိုကြမလဲ       ( အနိစ္စပါဘုရား ) ဒီနေရာမှာကြား၍ ဒီနေရာမှာ ပျောက်သွားရင်ကော...( အနိစ္စပါဘုရား ) ။
            ဒီနေရာနံ၍ ဒီနေရာမှာ ပျောက်သွားရင် ဘာခေါ်ကြမယ်..( အနိစ္စပါဘုရား )၊ သြော်.. ဒါဖြင့် ဒီနေရာ မမျှော်လင့်တဲ့ နေရာကပေါ်လာ၍ ဒီနေရာပျောက်သွားရင်ကော ( အနိစ္စပါပဲ ဘုရား ) ။
ခန္ဓာကည်း ပြောပါတယ်
            ဒါတွေဟာ အနိစ္စပဲဆိုတာ စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ ခန္ဓာကပြောပါလိမ့်မယ် ( မှန်ပါ ) စောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာ ( ခန္ဓာက ပြောပါတယ်ဘုရား ) ။
            သြော်... ခန္ဓာက ပြောတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေက သြော်.. နဂိုက ဘုရားကလည်း ဟောတယ် အနိစ္စလို့ဟောတယ် အခု ခန္ဓာကလည်း အခုပြောပေါ့ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တော့ မှန်ပ
ဟ ။
ဘုရားကလည်း ဟောထားတယ်   
          ဘုရားကလည်း ဟောပါတယ် သဗ္ဗေသင်္ခါရာအနိစ္စ၊ မမေ့နဲ့ပေါ့ဗျာ သဗ္ဗေသင်္ခါရ ဒုက္ခလို့လည်း ဘုရားကလည်း မပြောဘူးလား...( ပြောပါတယ် ) သဗ္ဗေ ဓမ္မာ အနတ္တလို့ ဘုရားက မပြောဘူးလား...( ပြောပါတယ်ဘုရား ) ။
            ဘုရားကလည်း ဟောထားတယ် ခန္ဓကိုယ် စောင့်ကြည့်တဲ့အခါကျတော့လည်း မမျှော်လင့် တဲ့နေရာက ပေါ်လာပြီး ဒီနေရာချုပ်ပျောက်သွားတာလေးမြင်လိုက်တော့ဘုရားကဟော ခန္ဓာက ပြောသောကြောင့် ဒီတရားဖြင့် မှန်ပဟလို့ ဆုံးဖြတ်ချက်ချ...( မှန်လှပါဘုရား ) ။
            ဘုရားကဟော...( ခန္ဓာက ပြောပါတယ်ဘုရား ) ၊ ဒီတရားမှန်ပြီလို့ ဆုံးဖြတ်ချက်ချပါ ( မှန်ပါ ) ။
            ဘုရားကဟော ...( ခန္ဓာကပြောပါတယ်ဘုရား )၊ ဒီတရား ဘယ်နှယ်ဆိုကြမလဲ ...( မှန်ပါ ပြီဘုရား ) ဒီတရားအမြင်မှန်ပြီလို့ မှတ်ထားလိုက်ပါ ။
ဒီတရားဟာ အမှန်တရားလို့ ဆုံးဖြတ်ချက်ချ
            ဘုရားကဟော ခန္ဓာကပြောတာ ဒကာ ဒကာမတွေက ဒီတရားဟာ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်တော့ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချတာသည် သမ္မာဒိဋ္ဌိ၊ မဂ်ဝင်လာတာလို့ မှတ် လိုက် ( မှန်လှပါဘုရား ) ။
            ဒါစကားပြောနေတယ်လို့ မအောက်မေ့ပါနဲ့၊ အလုပ်ခွင် ၀င်ပြီးသကာလ မဂ်ဝင်လာတာ သိအောင်လို့ ပြောလိုက်ပါတယ် ။ 
            ဘုရာကဟော၊ ခန္ဓာကပြောတာကို ကိုယ်က ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချရင် ဟုတ်ပြီဆိုတာ ဘာပါလိမ့်... ( သမ္မာဒိဋ္ဌိပါ ဘုရား ) သမ္မာဒိဋ္ဌိ ... ဒါဖြင့် မဂ္ဂင်ပေါ့ဗျာ...( တင်ပါ့ )သဘောကျပလား ( ကျပါပြီ ) 
            သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဥစ္စာကြံလုံး၊ တွေးလုံးလို့ အောက်မေ့မနေပါနဲ့ ခင်ဗျားတို့ နဂိုက အရူးပျောက်လို့ဒီဥစ္စာ အမှန်မြင်တယ်ဆိုတာကို သေချာလာအောင်လို့ ရှင်းရှင်း လင်းလင်းကြီး ပြောနေပါတယ်ဆိုတာကိုကော သဘောကျပလား..( ကျပါပြီ ) ။
            ဘုရားက သဗ္ဗေသင်္ခါရာအနိစ္စ၊ သဗ္ဗေသင်္ခါရာဒုက္ခ၊ သဗ္ဗေဓမ္မောအနတ္တလို့ ဟောထားတယ်၊ ခန္ဓာကိုယ် တစ်ကိုယ်လုံး အနိစ္စ ဒုက္ခ အနတ္တလို့ ဟောထားတယ်၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး အနိစ္စ ဒုက္ခ အနတ္တသာရှိတယ်လို့ မဟောဘူးလား...( ဟောပါတယ် ) ဘုရားကဟောပြီ ။
            ဘုရားကဟောတော့ ကျုပ်တို့က စောင့်ကြည့် ဘုရားကဟောတော့ ကျုပ်တို့က ဘယ်လိုပါ လိမ့် ( စောင့်ကြည့်ရပါမယ်ဘုရား ) ကြပ်ကြပ်သတိထားနော် ဒီနေ့ အလုပ်သင်နေတဲ့ တရားနော် .....( တင်ပါ့ ) ။
ပုတီးစိပ်နေရမည့်တရားမဟုတ်ဘူး
            ဒကာ ဒကာမတွေ ကြပ်ကြပ်သတိထားပါ၊ အလုပ်သင်နေတဲ့တရားနော် ပုတီးစိပ်နေရမည့် တရားမဟုတ်ဘူး၊ စောင့်ကြည့်နေရမည့်တရား၊ ဦးခင်မောင် ..( မှန်ပါ ) ။
            ပုတီးစိပ်နေတာကတော့ ဟိုကအနိစ္စရောက်တယ်၊ ကိုယ်ကပုတီးတစ်လုံးချချင်မှချဖြစ် တယ်၊ ပုတီးချတဲ့အထဲမှာလည်း အနိစ္စက ပါချင်မှပါတယ်၊ သဘောပါပြီလား... ( ပါ ပါပြီ ) ။
            အဲတော့ ဘုရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ခန္ဓာကြီး မဟောဘူးလား (ဟောပါတယ်) ကိုယ် က ဘာလုပ်ရမှာလည်း...( စောင့်ကြည့်ရမှာပါ )။ စောင့်ကြည့်နေတော့ ခန္ဓာက၊ မမျှော်လင်တဲ့နေရာ က ပေါ်လာပြီးသကာလ။ ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်သွားတယ် ( မှန်လှပါဘုရား ) ။
မဂ္ဂင်ငါးပါးနဲ့မြင်တာ
            ဖျတ်ခနဲ ဖျခနဲ ပျောက်သွားတော့ သြော်.... ဒါဘယ်သူက ပြောတာပါလိမ့် ... ( ခန္ဓာကပြော တာပါ ဘုရား ) ယုံကြပလား..( ယုံပါပြီဘုရား ) အမှန်ကကောမြင်ပလား ( မြင်ပါပြီဘုရား ) ။
            အဲဒါဘာဆိုမတုံး..( သမ္မာဒိဋ္ဌိပါဘုရား ) အဲဒီသမ္မာဒိဋ္ဌိကို မဂ္ဂင်ငါးပါးနဲ့မြင်တာလို့ မှတ်လိုက် စမ်းပါ ( မှန်ပါ့ ) ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ်၊ ( မဂ္ဂင်ငါးပါးနဲ့ မြင်တာပါဘုရား ) ကိုင်း -    ဒကာ ဒကာမတို့ သေချာကြပလား..( သေချာပါပြီဘုရား ) ။
ဥာဏ်တွေတရားဖြစ်အောင်လုပ်ပါ 
            အလွန်အရေးကြီးနေပြီ ဦးခင်မောင်ရေ .. ဒါက လက်တွေ့ တရားတွေတဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခင်ဗျားတို့မှာဥာဏ်တွေတရားတွေ ဖြစ်အောင်လုပ်ပါ ၊ သေသေချာချာ ရှင်သာရိပုတ္တရာ ကြီးက ဟောရှာလို့   မိလိန္ဒပဥှာ   ထဲမှာလည်း ပါ ပါတယ်...။ 
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပုနံ
ကာယေသဘာဝံ ဒိသွာန ဒုက္ခဿန္တံ ကရိဿထ
            မင်းဒီလိုသာ မြင်စမ်းပါစေကွာ၊ ဒုက္ခဆုံးပါလိမ့်မယ် ...( မှန်ပါ ) ကိုင်း. - ဒကာ ဒကာမတို့ ဘုရားကလည်း ဘာဟောသလဲ၊ အနိစ္စပဲဟောတာပဲ။ ဘုရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တဟောသည်      ( မှန်ပါ့ ) ဘုရားက ဘာဟောသလဲ ( အနိစ္စ ဒုက္ခ အနတ္တဟောပါတယ် ) ။
            ဘယ်သူ့ဟောတာလည်း ကိုယ့်ဟာကိုယ်ဟောတယ်လို့ ထားပါစေ၊ သူ့အမြင်သူဟောတယ် ပဲ ထားလိုက်ပါ၊ ကိုယ့်အမြင်နဲ့ မကိုက်သေးလို့ရှိရင် ထားလိုက်ပါ၊ ဦးခင်မောင် ဘာတုံး.. ( ကိုယ့်အ မြင်နဲ့ မကိုက်သေးရင် ထားလိုက်ပါ ) ။
            ကိုယ့်အမြင်နဲ့ မကိုင်သေးရင် စောင့်ကြည့်ပါ ။
            ကိုင်း ဒါဖြင့် - ကိုယ့်အမြင်နဲ့ မကိုက်သေးရင် စောင့်ကြည့်..( တင်ပါ့ )၊ စောင့်ကြည့်တော့ လက်ကလေး က, ယား ၊ ခြေကလေးက, ယား ၊ ဒကာ ဒကာမတို့ ထိုင်စ, က ပေါ်လာတာလား ၊ အခုမှပေါ်တာလား ...( အခုမှ ပေါ်တာပါဘုရား ) ။
            ယားဒါက ယားတဲ့နေရာမှာ ပျောက်သွားတယ်၊ ဒကာ ဒကာမတို့၊ ဟုတွာ - မမျှော်လင့်တဲ့ နေရာက ဖြစ်ပေါ်လာ၍ ၊ အဘာဝဋ္ဌေန - ဤနေရာ၌ ပျောက်သွားခြင်းသည်ပင်လျှင် အနိစ္စံ - အနိစ္စပဲ...( မှန်ပါ့ဘုရား ) ။ 
            ဒကာ ဒကာမတို့ မျှော်လင့်တဲ့နေရာက ပေါ်လာတာလား၊ မမျှော်လင့်တဲ့နေရာကပေါ်လာ တာလား ? ( မမျှော်လင့်တဲ့နေရာက ပေါ်လာတာပါဘုရား ) တစ်ခါတစ်လေ ကျောကပေါ်ချင် ပေါ်တယ်၊ တစ်ခါကလေရင်က ပေါ်ချင်ပေါ်တယ် ...( မှန်ပါ့ ) ။
ပေါ်လာပြီး၊ ပျောက်သွားတာအနိစ္စ 
            တစ်ခါတစ်လေ နံဘေးကပေါ်ချင်ပေါ်တယ်၊ ခြေဖ၀ါးကပေါ်ချင်ပေါ်တယ်။ ခြေသလုံးက ပေါ်ချင်ပေါ်ဆိုတော့ ခင်ဗျားတို့ မျှော်လင့် တဲ့နေရာက ပေါ်လာတာမဟုတ်ဘူး ...( မှန်ပါ ) ။
            မမျှော်လင့်တဲ့နေရာကဘာလည်း..( ပေါ်ပါတယ် ) အဲ - ပေါ်ပြီးတော့ မမျှော်လင့်တဲ့နေရာမှာ ပဲ ဘာဖြစ်သွားပါလိမ့်...( ပျောက်သွားပါတယ် ) သြော်.. ဒါဖြင့် အဲဒါ ဘာခေါ်ပါလိမ့်...( အနိစ္စ ပါဘုရား ) ။
            မြင်ကြရဲ့ လားဆိုတော့ .. စောင့်ကြည့်တဲ့ပုဂ္ဂိုလ်ကတော့မြင်တယ်၊ စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်ကတော့ ( မြင်ပါတယ် ) သြော်- မြင်တာဘာတွေကြည့်ပါလိမ့် ? သမ္မာပဿတီတိ သမ္မာဒိဋ္ဌိ သမ္မာ - မှန်ကန် ပဿတိ - မြင်၏ ဣတိတသ္မာ - ထို့ကြောင့် သမ္မာဒိဋ္ဌိဆိုတဲ့အတိုင်း မိစ္ဆာဒိဋ္ဌိပယ်ပြီး သကာလ သမ္မာဒိဋ္ဌိကို သမ္မာဒိဋ္ဌိဥာဏ်ရောက်လာတာ ၊ သမ္မာဒိဋ္ဌိဖြစ်လာတဲ့အဖြစ်ဟောတယ် အဖိုးတန်ပါလား ဆိုတာ ပေါ်လာတော့တယ် ၊ မပေါ်လာသေးဘူးလား ( ပေါ်ပါတယ်ဘုရား ) ။
            အဲဒါ တန်ခူးလကလည်း နီးပြီ၊ ဥပုသ်ကလည်း စောင့်ကြတော့မှ ဧကန်လူတိုင်းဆိုသလိုပဲ ဖြစ်ကြတော့ ဒကာ  ဒကာမတို့ တစ်နေရာမှာထိုင်ပြီး တစ်နေရာကိုစောင့်ပြီး ကြည့်လိုက်ကြပါဆိုတဲ့ ဥစ္စာပြောရတာ၊ ဒါဟောရတာနော် ။
            ကိုင်း - ဒါဖြင့် ဒါက ခန္ဓာငါးပါး၊ ခင်ဗျားတို့ထိုင်နေတဲ့ ခန္ဓာငါးပါးနော် - ဦးခင်မောင်အလုပ် ကလည်း သင်ရသေးတယ်နော် မသင်ရင်မကောင်းဘူးဗျ ။
            အဲတော့ ဒီခန္ဓာငါးပါးကြီးနဲ့ ဒကာ ဒကာမတွေက အင်း တန်ခူးလအကြို စောင့်ချင်လည်း စောင့်မယ် ၊ အချို့ မအားသေးလို့ နောက်ဆုံးနေ့မှ ပိတ်စောင့်ချင် လည်းစောင့်မယ်၊ ခင်ဗျားတို့ အကြောင်းလည်း မပြောတတ်ဘူးပေါ့၊ ခင်ဗျားတို့ အကြောင်းကတော့ လျှော့ဈေးကသိပ်များတယ် ။ 
            ကိုင်း ဒါဖြင့် - ဒကာ ဒကာမတို့ စောင့်ပြီးသကာလ ဟောဒီကနေစောင့်ကြည့်ပါ၊ ၀မ်းထဲက စောင့်ရမှာပါ၊ စောင့်ရတာကတော့ ဒါကတော့ ပုံစံမို့လို့ပြရပါတယ် ။
စောင့်ကြည့်နေတာက မဂ္ဂင်ငါးပါး
            စောင့်ကြည့်နေတာက မဂ္ဂင်ငါးပါး။ သတိထား၊ ၀ီရိယ စိုက်ပြီး ပညာနဲ့ကြည့်၊ သမာဓိနဲ့ တည်နေတယ်ဆိုတာ ၀ီရိယက မလျှော့တော့ စောင့်ကြည့်နေတာငါးပါးနဲ့ ကြည့်နေတာ။
            ဦးခင်မောင် ဘယ်နှစ်ပါးနဲ့စောင့်ပါလိမ့် ... ( ငါးပါးနဲ့စောင့်တာပါဘုရား ) ဒကာဝ ဘယ်လောက်နဲ့ စောင့်ပါလိမ့် ... ( ငါးပါးနဲ့ပါဘုရား ) ။
သူတို့က ငါးပါးနဲ့ စောင့်တယ်ဆိုတော့ အရှင်ဘုရား အရင်လိုများ ဖြစ်နေသလားလို့ မပေးပါ နဲ့တဲ့..   သတိသမာဓိဆိုတာ ဒကာ ဒကာမတို့ သတိပဋ္ဌာန်ပါဠိတော်ကြီးမှာလည်းလာပြီးသား ဖြစ်နေတဲ့အတွက် - 
            ဂစ္ဆန္တောဝါ ဂစ္ဆာမီ တိ ပဇာနာတိ 
လာတော့ ကိုယ်ကစောင့်တဲ့သဘောလေးနဲ့ အရင်ဖြစ်နှင့်တယ်လို့ ဒီလိုမယူပါနဲ့ ။
စိတ်ထဲက ဘယ်ဟာပေါ်လာလာ၊ ငါဖြင့် နောက်ကလိုက်ဖြစ်အောင် လိုက်မယ် ဆိုတာပါပဲ၊ ဘယ်ဟာပေါ်လာလာပေါ့ဗျာ ( မှန်ပါ့ ) နောက်ကအသိလိုက်မယ်ဆိုရင်ဖြင့် ဒါဘာဆိုမလဲ ( စောင့် တာပါ ) အဲဒါစောင့်တာပဲ ဆိုတာ ပေါ်လာပလား ( ပေါ်လာပါပြီ ) ။
စာဆိုလွဲသွားမှာစိုးလို့၊ ဒကာ ဒကာမတွေ အယူအဆတွေ လွဲသွားမှာစိုးလို့၊ စောင့်နေတယ် ဆိုတော့ ဒီငါးပါးက အရင်ဖြစ်နှင့်နေတယ် ( မှန်ပါ့ ) ခန္ဓာရဲ့ ဖြစ်ပျက်က နောက်မှာပြနေတယ်၊ ဒီလိုယူမှာစိုးတဲ့အတွက် ပြောရတယ် ။
စောင့်ကြည့်တယ်ဆိုတာက
            ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီလိုမယူနဲ့တဲ့ အစောင့်ဆိုတာ ဒီလိုယူလို့မရဘူး ဘာတုံးဆို တော့ ဂစ္ဆန္တောဝါ ၊ ဂစ္ဆာမီ တိ ပဇာနာတိ၊ သွားတာကို သွားမှန်းသိရမယ်ဆိုတော့ ၊ သွားတာက ရှေ့ ပိုင်းက သိရမှာကနောက်က၊ သဘောကျပလား ( ကျပါပြီဘုရား ) ။
            အဲတော့ ဆရာသင်တာသာ ဒကာ ဒကာမတွေတွေက မှတ်ထားပေတော့ အင်း- ရှေ့ ကတစ်ခုခုပြ ထားလို့ရှိရင် နောက်က အမြဲတမ်းမိအောင် ဖမ်းမဟဲ့ဆိုတာ ဒါစောင့်ကြည့်တာပဲ .. ( မှန်ပါ့ ဘုရား ) သဘောကျပလား...( ကျပါပြီဘုရား ) ။
            ကောင်းပြီ၊ ဒါလောက်ဆိုရင်လည်း ရှင်းလောက်ပါပြီ၊ ခန္ဓာကြီးက ဒကာ ဒကာမတွေ ထိုင်ကြပြီ ဘုရားရှေ့ မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ ထိုင်ပြီးသကာလနေတုန်း ခန္ဓာကိုယ်ကြီးက ဒကာသစ်ရေ၊ ပြောလိမ့် မယ်နော် ( မှန်ပါ့ ) ပြောလိမ့်မယ်၊ ပြောလိမ့်မယ် ။
တရားအားထုတ်ချင်တဲ့စိတ် 
            ရှေးဦးစွာ ဘာပြောမလဲဆိုတော့ သြော် ဆရာဘုန်းကြီးကလည်း မှာရှာတယ်၊ တို့ကို ကယ်တင်တဲ့ ဘုန်းကြီးက မှာရှာတယ် ။
            တရားအားထုတ်ချင်တယ်လို့ ဒီစိတ်ကလေးတော့ မပေါ်ပေဘူးလား ( ပေါ်ပါတယ် ) တရားအားထုတ်လို့ မှာလိုက်တယ် ၊ မှာလိုက်တယ်ဆိုပြီး တရားအားထုတ်ချင်တဲ့ စိတ်ကလေး ဒကာ ဒကာမတွေ သန္တာန်မလာဘူးလား ... ( လာပါတယ် ) ။ 
            လာလို့ရှိရင် သူရှေးဦးစွာ ပေါ်လာတာပဲ တရားအားထုတ်ချင်တဲ့စိတ်ကလေးဝမ်းထဲမှာ ပေါ်မလာဘူး လား ...( ပေါ်လာပါတယ်ဘုရား ) ။
            ပေါ်လာသည်နှင့်တစ်ပြိုင်နက်တည်း ၊ 
            စောင့်ပြီးသကာလ နောက်ကတစ်ခုသာပေါ်ရင်လိုက် မဟဲ့ဆိုတာက ခုနက အားထုတ်ချင်တဲ့စိတ်က လေးက ရှိမရှိ အကဲခတ်လိုက် ( မရှိပါဘုရား ) ။
            ဒါဖြင့် - အားထုတ်ချင်တဲ့ စိတ်ကဘာတုံး ...( အနိစ္စပါဘုရား ) အနိစ္စစောင့်ကြည့်နေတာက ဘာပါ လိမ့် ...( မဂ္ဂပါဘုရား ) နောက်လိုက်တာကလည်း မဂ္ဂင်ပဲ၊ နောက်ကလိုက်တာလည်း ..( မဂ္ဂင်ပါဘုရား ) သဘောပါကြပလား ...( ပါ ပါပြီဘုရား ) ။
            သြော် ဒါဖြင့် ဒီလိုလိုက်တဲ့အခါကျတော့ တရားကို ရှာရသေးသလား အားထုတ်ချင်တဲ့စိတ်ကလေး ကိုက ရှေးဦးစွာ ဘာပြောလဲ.. ( အနိစ္စပါ )၊ အားထုတ်ချင်တဲ့ စိတ်ကလေးက ဘယ်လိုပြောပါလိမ့် ...( အနိစ္စ လို့ပြောပါတယ် ) ။
            အနိစ္စလို့သူကလာပြောတော့ ကျုပ်တို့က နောက်ကနေပြီး မဂ္ဂနဲ့သိအောင် ဖမ်းလိုက် ( မှန်ပါ ) ။
            သူက အနိစ္စလို့ပြောတော့... ( နောက်က မဂ္ဂနဲ့ လိုက်ရပါမယ်ဘုရား )၊ ကျုပ်တို့က မဂ္ဂနဲ့မိအောင်ဖမ်း လိုက်တဲ့အခါကျတော့ သတိထား၊ ၀ီရိယစိုက်၊ ပညာနဲ့ ရှုဆိုတော့ စောင့်နေတဲ့ပုဂ္ဂိုလ်မို့ ဦးခင်မောင် ပေါ်လာတာပေါ့ ။ 
            ဒါဖြင့် - တရားအားထုတ်ချင်တဲ့ စိတ်ကလေးဟာဖြစ်ပျက်၊ စောင့်ပြီးမိအောင်ဖမ်းတာက.. ( မဂ်ပါ ဘုရား )၊ မဂ္ဂဖြစ်ပြီး သကာလနေတော့ ဒီကစပြီးမိပြီဆိုရင်ဖြင့် ဒကာ ဒကာမတွေ မလျှော့နဲ့တော့၊ ဆရာ ဘုန်းကြီးက ရှူတဲ့စိတ်လည်းရှု၊ ရှိုက်တဲ့စိတ်လည်း ရှုတယ်ဆိုရင်၊ ပထမတစ်ချက်မိပြီးရင် နောက် အကုန်မိ မှာပဲ ...( မှန်ပါ ) ။
ပထမတစ်ချက်အဖမ်းခက်တယ် 
            ပထမတစ်ချက်မိပြီးရင်.. နောက်အကုန်မိမှာပဲ၊ အဲ... ပထမတစ်ချက်မှာ အဖမ်းခက်နေတယ် ။
            အဲတော့ ယနေ့ သင်လိုက်တာသည် ဒကာ ဒကာမတို့ ဘာကို သင်လိုက်ပါသတုံးဆိုတော့  ပထမတစ်ချက်မှာ ရှာမရမှာစိုးလို့သင်လိုက်တာ၊ ပထမတစ်ချက်မှာ .. ( ရှာမရမှာစိုးလို့ သင်လိုက်တာပါ ဘုရား ) ။
            ရှာမရမှာစိုးလို့ သင်လိုက်ပါတယ်ဆိုတာ ဦးခင်မောင်သဘောကျပလား ( ကျပါပြီဘုရား ) ဘာလေး ပေါ်လာမယ် ထင်သတုံး ( တရားအားထုတ်ချင်တဲ့စိတ်ပါဘုရား ) ။
            တရားအားထုတ်ချင်တဲ့စိတ်ကလေးပေါ်လာတော့ ဒကာ ဒကာမတို့ စဉ်းစားကြည့်၊ နဂိုကရှိတာလား အခုမှ ဒီနေရာပေါ်လာတာလား ...( အခုမှပေါ်လာတာပါ ) ။
            အခုမှ ပေါ်လာတဲ့နေရာမှာ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ၊ ဆိုတော့ ဒါလေးဟာ ပျောက်မသွားပေဘူး လား... ( ပျောက်သွားပါတယ် ) အဲဒါလေးက စရှု၊ အဲဒါလေးစောင့်ကြည့်ပြီး မဂ္ဂင်ငါးပါးနဲ့ရှုလိုက်၊ ရှုလိုက်တော့ တရားအားထုတ်ချင်တဲ့စိတ်က အနိစ္စ၊ မရှိမှန်းသိတာက...( မဂ္ဂပါဘုရား ) ။
            မဂ္ဂဆိုတော့ ဒကာဝ ငါးချက်ပါသွားပြီ ( မှန်ပါ ) ၀ိပဿနာ မဂ္ဂင်ငါးချက်ပါသွားပြီ ၊ မပါသေးဘူးလား .... ( ပါသွားပါတယ် ဘုရား ) ။
            ခန္ဓာနဲ့ ဥာဏ်နဲ့တည့်သွားပြီ ခန္ဓာက ၀ိညာဏက္ခန္ဓာ၊ ရှုဆိုတာ ၀ိညာဏက္ခန္ဓာ၊ အဲဒါနဲ့ ဥာဏ်နဲ့တည့် မသွားဘူးလား ( တည့်သွားပါတယ် ) ။ 
ခန္ဓာကအနိစ္စပြရင် အနိစ္စလို့သိပါ
            ဒါဖြင့် ခန္ဓာနဲ့ ဥာဏ်နဲ့ တည့်တော့ သြော်... ခန္ဓာက အနိစ္စလို့ပြောတော့ ဥာဏ်ကလည်း အနိစ္စလို့ ခေါင်းညိတ်လိုက်... ( မှန်ပါ ) အနိစ္စပါလားလို့ခေါင်းညိတ်လိုက် ( မှန်ပါ့ ဘုရား ) ။
            အဲဒီလို ခေါင်းညိတ်လိုတော့ ဘုရားကလည်းဟော ခန္ဓာကလည်းပြောတော့ ဒီအထဲမှာ ဒကာ ဒကာမတွေ သမ္မဒိဋ္ဌိဆိုတော့ သမ္မာဒိဋ္ဌိတင်ဖြစ်တယ်လို့ မအောက်မေ့နဲ့ ဒကာ ဒကာမတွေ အဖော်နှင့်တကွ မဂ္ဂင်ငါပါးဖြစ်တယ် ၊ ကျန်တဲ့လေးပါး ပါဖြစ်တယ် ၊ သဘောကျပလား. ( ကျပါပြီ ) ။
            အဲဒါ ၀ိပဿနာ မဂ်ရပြီလို့ အောက်မေ့တော့... သဘောကျပလား ( ကျပါပြီ ) ဘာရပါလိမ့် ...( မဂ်ရ ပါတယ် ဘုရား ) ၀ိပဿနာမဂ်ရပြီလို့ အောက်မေ့ပါ ဒကာ ဒကာမတို့ ( မှန်လှပါဘုရား ) ။
            ယနေ့တရားဟာ ဦးခင်မောင်တို့ ဒကာဝတို့၊ နားကြီးကြီးနဲ့ ထောင်ကြည့်မှ သြော် - ဒီဥစ္စာ ဒီအလုပ်မ သင်ရင်မဖြစ်ပါလားဆိုတာ ပေါ်လာတော့တယ်၊ မသင်ရင် ...( မဖြစ်ပါဘုရား ) ။
            ထိုင်ကြပါဆို ထိုင်မှာပဲ၊ ထိုင်ပြီးသကာလ ဘာမှ မတွေ့ ပါဘူးဆိုပြီး ပြန်လာမှာပဲ ။
            အခုတော့ မတွေ့ စရာရှိသေးလား၊ ထိုင်ချင်တဲ့စိတ်ကို ရှုလိုက် ထိုင်ချင်တဲ့စိတ်ကို ရှုပြီးနေစမ်းပါ၊ မရှိတာ ဘာခေါ်မလဲ ( အနိစ္စပါဘုရား ) သိတာဘာခေါ်မလဲ ( မဂ္ဂပါဘုရား ) ။
သစ္စာလေးပါးတန်းပြီးသိတယ်
            အဲ မရှိတာက အနိစ္စ၊ ရှုတာက မဂ္ဂ၊ သေတာက သမုဒယ၊ ဒါဒီအတိုင်း သွားရမှာပဲ ..( မှန်ပါ့ )၊ ဒီကမဂ်ဆိုတော့ ငါ့စိတ်ဆိုတဲ့ ဒိဋ္ဌိလာသေးရဲ့ လား ...( မလာပါဘုရား ) ။
            ဒါကြောင့် မရှိတာက ..( အနိစ္စ ) ၊ မရှိတာက အနိစ္စ၊ သိတာက ( မဂ္ဂ )၊ သေတာက ...( သမုဒယ ) အေး ရမှာက နိရောဓ၊ ( မှန်ပါ့ ) ၊ ရမှာက ဒီ ဒိဋ္ဌိဖြုတ်တယ်ဆို ပထမ နိဗ္ဗာန်ရမှာပဲ ။
ဆရာဘုန်းကြီးကအကြီးဆုံးလက်ဆောင်ပေးနေတာ
            ကိုင်း မရှိတာက .. (အနိစ္စ )၊ သိတာက ...( မဂ္ဂ )။ သေတာက ...( သမုဒယ )၊ အေး ... ရမှာက .. ( နိရောဓပါဘုရား )၊ အခုတော့ တန်းနေတာပဲ၊ ဒကာ ဒကာမတို့က မလုပ်ကြလို့သာမရတာ၊ ဦးခင်မောင်ရေ .... ရှင်းပလား ...( ရှင်းပါပြီ ဘုရား ) နောက်က ဒကာ ဒကာမတွေ ရှင်းကြပလား....( ရှင်းပါပြီဘုရား ) ။
            သြော် - ဒါဖြင့် - အကြီးဆုံးသောလက်ဆောင် ဆရာဘုန်းကြီးက ပေးနေတာ ငါတို့မယူတတ်လို့ရှိရင် ဖြင့် ငါတို့ဆင်းရဲခြင်းနဲ့ အမွဲပဲ ကျန်ရစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ ..... ( မှန်လှပါဘုရား ) ။
ယနေ့ ဒီတွင် တော်ကြဦးစို့ ။
သာဓု ... သာဓု ... သာဓု ... ။
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး အားကိုးထိုက်တာ အစစ် ရှာရစ်ကြ
            နာတဲ့ပုဂ္ဂိုလ်ကလည်း ခန္ဓာကြည့်ပြီး နာရမယ်၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း ခန္ဓာကြည့်ပြီးဟောတဲ့ အတွက် ဘာဝနာပွားပြီး နာတဲ့အတွက် အားလုံးကုန်ပဲ ကျွတ်တမ်းဝင်ကြမယ်ဆိုတဲ့ဥစ္စာ မနေ့က၀တ္ထု ဟောခဲ့တယ်၊ ဦးတင်တို့ ဦးသန်းမောင်တို့ ကြားဖူးခဲ့ကြပြီ ( မှန်ပါ ဘုရား ) ။
တရားသာအမိ၊ တရားသာအဖ
            အဲ့ဒိတော့ ဘုန်းကြီးက တရားကို ကြိုးစားစေချင်တာက အခြားကြောင့် မဟုတ်ပါဘူး၊ ဟာ... ဦးတင် ကြီးဟာ ဘယ်ကလာသတုံး .. မပြောတတ်ပါဘူး၊ လူ့ပြည်တော့ရောက်လာတာပဲ၊ ဟာ... ဒါဖြင့် တရားကပို့ လိုက်တာပဲ ခင်ဗျားကို...ဦးသန်းမောင်ကြီး ဘယ်ကလာသတုံး...( မပြောတတ်ပါဘူးဘုရား )၊ ခင်ဗျားတို့ ခြေလျင်လာသလား...( ခြေလျင်လည်းမလာပါဘူးဘုရား )၊ လူ့ပြည်ရောက်လာတာပဲဆိုတော့၊ ခင်ဗျားတို့မှာ တရားအမိ၊ တရားပဲအဖနဲ့ သူစီမံတာ ခံနေကြရတော့ သူ့လက်လွတ်လို့ တော်ပါ့မလား ( မတော်ပါဘူး ) ရှင်း လောက်ပါပြီနော်..( မှန်ပါ ) ရှင်းလောက်ပါတယ် ။
            နောက်က သီလရှင်တွေ ဒကာ ဒကာမတွေ ဘယ်ကလာသတုံးမေးရင် ကိုယ့်ဟာကိုယ် ဘယ်သူမှ မသိကြဘူးနော် ...( မှန်ပါ )၊ တရားပို့လို့ ရောက်လာတယ်ဆိုတာပဲ ပြောကြရလိမ့်မယ် ။
            နို့... တရားပို့လို့ရောက်လာတော့လည်း တစ်ခါစဉ်းစားဦး ...ပစ္စန္တရာဇ် ဇနပုဒ်တွေများ ရောက်တဲ့ပုဂ္ဂိုလ်လည်း တရားပို့လို့ရောက်တာပဲ...ခင်ဗျားတို့ ပစ္စန္တရာဇ် ဇနပုဒ်ကို မရောက်ဘဲ မြို့ ကြီးပြကြီး သူတော်ကောင်း ပေါများတဲ့နေရာ ရောက်လာကြတယ်၊ ဒါကဘယ်သူပို့လိုက်တာတုံးလို့ ဦးတင်ကြီးမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ ( တရားပို့လိုက်တာပါ ) ဦးသန်းမောင်ကော .. မွေးတာက ဓမ္ဘီ..ကြီးပွားတာက ရန်ကုန် ၊ ဘယ်သူပို့လိုက်တာတုံးမေးရင် ဘယ်နှယ့်ဖြေပါ့မယ် ( တရားပို့တာပါ ) တရားပို့လိုက်တာ ကိုယ့်ခြေလျင် သွားလို့တော့ ရောက်ကို မရောက်ဘူး...( မှန်ပါ ) ။
တရားပဲအားကိုးရာရှိတော့တယ်
          အဲဒါကြောင့် သြော် ..တရားပဲ အားကိုးရာရှိတော့တယ်ဆိုတဲ့ ဥစ္စာလည်း သေသေချာချာမှတ်ပါ ( မှန်ပါ ) ။
            ဒကာ ဒကာမတွေ ဘာအားကိုးကြမယ်..( တရားပဲအားကိုးကြပါမယ် )။ 
            ကဲ..သက်သေ သာဓက လုံလောက်အောင်ရှင်းပြပါဦးမယ်..ဒကာ ဒကာမတွေကိုနော် ...( မှန်ပါ )။ 
            ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်လာတယ်၊ ဘုရားဖြစ်လာတော့ သြော် ငါ့မှာ အတုမရှိ ဘုရားတော့ ဖြစ်လာပြီ၊ ငါ့ထက်သာတဲ့ပုဂ္ဂိုလ်ရှိရင်ဖြင့် ရိုသေကိုးကွယ်မယ် ပူဇော်မယ်လို့ ဘုရားသခင် ကိုယ် တောမြတ်ကြီးက လျှောက်ပြီး ကြည့်လိုက်တယ်၊ ၃၁ - ဘုံထဲမှာ ဦးသန်းမောင် ( မှန်ပါ ) ငါ့ထက် သီလ သမာဓိ ပညာသာတဲ့ပုဂ္ဂိုလ်ရှိလို့ ရှိရင်ဖြင့် ငါကိုးကွယ်မယ် ဆည်းကပ်မယ်လို့ ကြည့်လိုက်တော့ တစ်ယောက် မျှ မမြင်ဘူး ( မှန်ပါ ) ။.
တရားကြောင့်ဘုရားဖြစ်လာတယ်
            တစ်ယောက်မျှ မမြင်တော့ သူ့ဟာသူပဲ တွေးလိုက်တယ်၊ ငါ့ဘယ့်နှယ့်ကြောင့် ဘုရားဖြစ်လာပါလိမ့် မတုံးလို့ တွေးလိုက်တော့ သြော်.. တရားကြောင့်ဘုရားဖြစ်လာတယ်၊ ငါသိခဲ့တဲ့ တရားပဲအရိုအသေ အလေး အမြတ်ပြုမှဖြစ်မယ်တဲ့ ၊ မပေါ်ကြသေးဘူးလား ... ( ပေါ်ပါပြီ ) ။
            ဘုရားတောင် ဘာကို ကိုးကွယ်သတုံး ( တရားကို ကိုးကွယ်ပါတယ် ) ။
            သူ့ထက်သာတဲ့ ပုဂ္ဂိုလ်ရှိရင် သီလ သာရင်လည်း သီလသာတဲ့ပုဂ္ဂိုလ်မကို ကိုးကွယ်မယ်၊ သမာဓိ သာရင်လည်း သမာဓိသာတဲ့ပုဂ္ဂိုလ်ကို ကိုးကွယ်မယ်၊ ပညာသာရင်လည်း ပညာသာတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ် မယ်ဆိုပြီး ၃၁ - ဘုံမှာ ရှာတယ်ဆိုတော့ ဦးသန်းမောင် ကုန်ရောပေါ့ဗျာ ( မှန်ပါ )၊ ဥာဏ်နဲ့ကြည့်လိုက်တယ် ၃၁ - ဘုံမှာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ပေါ့ဗျာ...ရှာလို့မတွေ့ ဘူး ..( မှန်ပါ ) ။
            ဒီတွင်မှ ငါသည် ဘယ့်နှယ်ကြောင့် ဘုရားဖြစ်လာသတုံး...( တရားအားထုတ်လို့ ဘုရားဖြစ်လာတာ ပါ ) ။
            ဒါဖြင့် တရားပဲကိုးကွယ်မှပဲဆိုတဲ့ စိတ်ဟာပေါ်ပေါက်ပြီးသကာလ တရားပဲ ကိုးကွယ်ပါတယ်လို့ ဦးအောင်ဇံဝေတို့၊ ဦးသန်းမောင်တို့ ၊ ဦးတင်တို့ မှတ်ရလိမ့်မယ် ...( မှန်ပါဘုရား ) ။
ဘယ်တရားပို့တာကြိုက်လဲ
            ဒါဖြင့် ခင်ဗျားတို့လဲ သြော်.. ဒီအတိုင်း နေလို့တော့ မဖြစ်သေးဘူး၊ တရားပို့လို့ရောက်တာ၊ စုတေမနေသေလွန်လို့ရှိရင်လည်း တရားပို့တဲ့ဆီသွားရမှာပဲ၊ ဒီတရားကိုရွေးပြီး သကာလ ဘယ်တရားပို့တဲ့ ဆီသွားရမှာပဲ၊ ဒီတရားကို ရွေးပြီးသကာလ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာလည်း ဆရာဘုန်းကြီးက ဝေဖန်မယ် ...( မှန်ပါ ) ။
            ဒါနကုသိုလ်တရားက ပို့တာကြိုက်သလား၊ သီလကုသိုလ်ပို့တာကြိုက်သလား၊ သမထကုသိုလ် ပို့ တာကြိုက်သလား၊ ၀ိပဿနာကုသိုလ်ပို့တာ ကြိုက်သလား၊ အကုသိုလ် ပို့တာကြိုက်သလားလို့ မေးတော့ အခုမေးခွန်း ၅ - ခုထွက်လာတယ်၊ ဒီတရားတွေကတော့ ပို့မယ့်တရားတွေ အမှန်ပဲ၊ ( မှန်ပါ )၊ တရားဘယ် နှစ်မျိုးဝေဖန်လိုက်သတုံး..( ငါးမျိုးဝေဖန်ပါတယ် )။
( ၁ ) အကုသိုလ်ပို့တာ ကြိုက်သလား
            ငါးမျိုးဝေဖန်လိုက်တော့ကို မောင်ချစ်စိန်တို့က ဟာ...အကုသိုလ်ပို့တဲ့ဆီတော့ တပည့်တော် မသွား ချင်ဘူးဘုရား၊ အပါယ်လေးပါးသွားရလိမ့်မယ်... အကုသိုလ်တရားကပို့ရင် သူ အပါယ်လေးပါးပဲ ပို့ရမှာပဲ ... ( မှန်ပါ ) ဒါတော့ ဘယ်သူမှမသွားချင်ဘူး၊ ဦးအောင်ဇံဝေလည်း မသွားချင်ဘူး၊ နောက်က သီလရှင်တွေ လည်း သွားချင်ကြလား...( မသွားချင်ပါဘူး ) ။
( ၂ ) ဒါနကုသိုလ်ပို့တာ ကြိုက်သလား
            ဒါနကုသိုလ်ပို့လိုက်ပြန်တော့လည်း လူ့ပြည်နဲ့ နတ်ပြည်ကို သူပို့တယ်၊ ပို့ပြန်တော့ အခု ဆရာ ဘုန်းကြီးဆီမှာ ဆည်းကပ်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်လာတော့ ဟိုမှာ အိုဘေး၊ နာဘေး၊ သေဘေးရှိတယ် ဆိုတာ သိပြီးသား ဖြစ်နေတယ်...( မှန်ပါ ) ၊ အဲ... သူပို့တဲ့နေရာလည်း တပည့်တော်တို့ မသွားနိုင်ဘူးဘုရား ၊ ဘာဖြစ်လို့တုံး... အိုဘေး နာဘေး သေဘေး ကြောက်တယ် မဟုတ်ဘူးလား...( မှန်ပါ ) ။
( ၃ ) သီလကုသိုလ်ပို့တာ ကြိုက်သလား
            သီလကုသိုလ်ကလည်း ပို့မှာပဲ လူ့ပြည် နတ်ပြည်ကို ဘယ်လိုပို့ပို့ သူကလည်း .. အိုဘေး နာဘေး သေဘေးရှိတဲ့ ဆီကို ပို့တာပဲ ( မှန်ပါ )၊ ဒါဖြင့် သီလကုသိုလ်ပို့တဲ့ဆီကိုလည်း ဦးသန်းမောင် သွားဖို့တော်ပါမ လား ဟိုမှာ ဒုက္ခသစ္စာရှိနေတယ်ဆိုတာ ပေါ်ပလား၊ ( ပေါ်ပါပြီ ) ၊ ဒါဖြင့် အဲဒီတော့ သွားချင်ကြရဲ့ လား၊ ( မသွားချင်ပါဘူး ) ဒုက္ခလွတ်ရာမှ ကျုပ်တို့အကြိုက်ဖြစ်ရမှာကိုးဗျ ( မှန်ပါ )။ 
( ၄ ) သမထကုသိုလ်ပို့တာ ကြိုက်သလား 
            သမထ ကုသိုလ်အားထုတ်ပြီးသကာလ သမထ ကုသိုလ်ပို့ရာ သွားမလားလို့ဆိုတော့ ဦးတင် ဗြဟ္မာ ပြည်နှစ်ဆယ်သွားရလိမ့်မယ်၊ သွားချင်ကြရဲ့ လား ( မသွားချင်ပါဘူး ) ဟိုမှာလည်း သက်ဆိုးရှည်နေတာပဲ ... . ( မှန်ပါ ) ၊ ခန္ဓာဝန်ထမ်းပြီးသကာလ .. အိုဘေး နာဘေး သေဘေးတွေနဲ့အတူတူ နေရတာ ဖြစ်နေသော ကြောင့် သမထကုသိုလ်ပို့တဲ့ဆီတော့ ဒို့မသွားဘူး...( မှန်ပါ ) ဘာကြောင့်တုံး အသက်ရှည်ပြီး ဒုက္ခရောက် နေတာ ( မှန်ပါ ) ၊ ဒုက္ခသစ္စာကြီးထမ်းပြီးလည်နေတာကိုး ( မှန်ပါ ) ။
            ဒါဖြင့် ယခုပြောခဲ့တဲ့ လေးချက်ကို ဦးတင်လည်း မကြိုက်ဘူး၊ ဦးသန်းမောင်လည်း မကြိုက်ဘူး ( မှန် ပါ ) ။
( ၅ ) ၀ိပဿနာကုသိုလ်ပို့တာကြိုက်သလား
            ဒါဖြင့် ၀ိပဿနာကုသိုလ်ပို့တဲ့နေရာကောမကြိုက်ဘူးလားလို့ ဒီဒကာ ဒကာမတွေ မေးလိုက်လို့ရှိရင် သူက တော့ဖြင့် နိဗ္ဗာန်ပဲပို့မယ်၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ပဲပို့မယ်၊ ရှင်းကြပလား...( ရှင်းပါပြီ ) ။
            ဒါဖြင့် ဘယ်ဟာအကြိုက်ဆုံးလဲ ....( ၀ိပဿနာကုသိုလ်ပို့တာ အကြိုက်ဆုံးပါ ) ။
            ဒါကြောင့် ၀ိပဿနာဆိုတာ ဘာတုံးလို့ မေးတဲ့အခါကျတော့တရားလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ   .... ( မှန်ပါ ) ။
            ဒါဖြင့် တရားပို့ရာကို ကျုပ်တို့သွားရပါလိမ့်မယ်၊ ကဲ ဒါဖြင့် နောက်တုန်းကတော့ မျက်စိလည်ခဲ့တဲ့အ တွက် ဒီဒကာ ဒကာမတွေ အကုသိုလ်ပို့တဲ့ဆီလည်း အပါယ်လေးပါးနေခဲ့ပြီ ။ တရားပို့လိုက်တာ ( မှန်ပါ ) ၊ ဒါနကုသိုလ်နဲ့ လူ့ပြည်လည်း အကြိမ်ကြိမ်ခံစားခဲ့ရပြီ ၊ နောက်ဆုံးပိတ်ကနေ အိုပွဲနာပွဲ သေပွဲတွေနဲ့ချည်း အကြိမ်ကြိမ်တွေ့ခဲ့တယ်၊ ဒါလည်း မဟုတ်သေးဘူး မကောင်းသေးဘူးဆိုတာ အခုအခါ ရိပ်မိကြပြီ၊ သီလ ကုသိုလ်ပို့လိုက်တာလည်း လူ့ပြည် နတ်ပြည်ဆိုတော့ ဦးတင်တို့ အကြိမ်ကြိမ်ရောက်ခဲ့ပြန်ခဲ့ရပြီ ( မှန်ပါ ) ၊ ပြန်တယ်ဆိုတာ ဒီအတိုင်းလာနိုင်တာလည်း မဟုတ်ဘူး၊ အိုသေပြီးမှလာခဲ့ရတာ ( မှန်ပါ ) ဒါကြောင့် ဦးသန်းမောင် ဒါလဲ အဆိုးထဲကပဲ.... ( မှန်ပါ ) ၊ ရှင်းပလား...( ရှင်းပါပြီ )။
            ဒါဖြင့် ခင်ဗျားတို့ ဘယ်တရားပို့တဲ့ဆီကို သွားကြမလဲလို့မေးတော့ .. တရားပို့လို့ အခုဒီနေရာ ရောက် လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီကို ခင်ဗျားတို့သွားမတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ သစ္စာသိပြီဘုရား၊ ဒုက္ခသစ္စာရှိတဲ့ဆီတော့ မသွားချင်ဘူး၊ ဒုက္ခသစ္စာမရှိတဲ့ဆီတော့ တပည့်တော်တို့ သွားချင် ပါတယ်၊ ( မှန်ပါ ) ပေါ်ပလား...( ပေါ်ပါပြီ ) ။
            ဒါဖြင့်- ဒုက္ခသစ္စာမရှိတဲ့ဆီ တပည့်တော်တို့ သွားချင်ပါတယ်ဆိုသဖြင့် ... ၀ိပဿနာရှုကြ မဂ်ဆိုက်သွားပါလိမ့်မယ် ( မှန်ပါ )၊ မဂ်က ပို့လိုက်တဲ့ အခါကျလို့ရှိရင် နိဗ္ဗာန်မှ တစ်ပါး ဦးအောင်ဇံဝေဘယ်မှ မပို့ဘူး...( မှန်ပါ ) ဒုက္ခထဲပို့သေးရဲ့ လား...( မပို့ပါဘူး ) ။
ဒုက္ခလွတ်ရာပို့တာ အကြိုက်ဆုံး
            ဒါဖြင့် - တရားတွေ အများကြီး ရှိပေမယ့်လည်း ဘယ်တရားသည် သစ္စာသိတဲ့ပုဂ္ဂိုလ်၏ ပို့လိုက်တဲ့ တရားထဲမှာ အကြိုက်ဆုံးလဲ မေးလို့ရှိရင် ဦးတင်ဖြေစမ်းပါ ( ဒုက္ခလွတ်ရာပို့တာ အကြိုက်ဆုံးပါ )၊ ပေါ်ပြီ... ( ပေါ်ပါပြီ ) မောင်ချစ်စိန်ကော ( ပေါ်ပါပြီဘုရား ) နောက်က သီလရှင်တွေကော ( ပေါ်ပါပြီဘုရား ) ဘယ်သူပို့ရာ သွားချင်ကြသလဲ ( ၀ိပဿနာပို့ရာသွားချင်ပါတယ် ဘုရား ) ။
            အဲဒါကြောင့် ၀ိပဿနာကတော့ဖြင့် ဟောနေတယ်ဆိုတာ သေသေချာချာ မှတ်စမ်းပါ ( မှန်ပါ ) အစစ် တွေရွေးပြီး သကာလ တရားစပြီးချီကတည်းက အင်မတန်သိစေလိုတဲ့ ဆန္ဒနဲ့ မရွေးတတ်မှာစိုးလို့ ရွေးပုံ အခြင်းအရာ အာဟာရတွေပါ ပြောလိုက်ပါတယ် ( မှန်ပါ ) ကိုယ်လာတာမသိဘဲနဲ့ နေမှာစိုးလို့ အရမ်း လာခဲ့တယ်ဆိုတာလည်း သိအောင်လို့အရမ်းတရားတွေပို့လိုက်တဲ့ဆီကို ခင်ဗျားတို့ အရမ်းရောက်ချင်သလို ရောက်လာလို့ ရှေးကမရွေးတတ်ဘူး သစ္စာမသိလို့ ( မှန်ပါ ) သူပို့ရာကို ကျုပ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်နေတယ် ( မှန်ပါ ) .. အခုတော့ ကျုပ်တို့ရွေးပြီးသကာလ အပို့ခိုင်းမလို့ ( မှန်ပါ ) ဒီသဘောဟာ သေး တာမဟုတ်ဘူး ...( မှန်ပါ ) ။
            ဦးသန်းမောင် တရားပို့လို့ ရောက်တယ်ဆိုတာသိတော့ တချို့ တရားကပို့လိုက်တာ အပါယ်လေးပါး များ ရောက်သွားတယ် ( မှန်ပါ ) တချို့ တရားပို့လိုက်တာ နတ်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံ အပါယ်ပြန် ကျတယ် ၊ တချို့  တရားကပို့လိုက်တာ ဗြဟ္မာပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံ အပါယ်ပြန်ကျတယ် ( မှန်ပါ ) ။
            ဒီတရားတွေကို ခင်ဗျားတို့ ကိုးစားရာ အားထားရာ အဖြစ်နဲ့လုပ်လို့ တော်ပါ့မလားဆိုတာ ယနေ့မေး ပါတယ် ( မတော်ပါဘူးဘုရား ) ။
            ဒီလိုမတော်ဘူးဆိုတဲ့ အသံကလေးဟာ ဦးတင်၊ ဦးသန်းမောင်၊ ဦးအောင်ဇံဝေ မတော်ဘူးလို့ ခင်ဗျားတို့ ပါးစပ်ထဲက ထွက်လာတယ်၊ သစ္စာသိလို့ ထွက်လာတာ ( မှန်ပါ့ ) ။
            ဘာဖြစ်လို့ထွက်လာတာလဲ ( သစ္စာသိလို့ ထွက်လာတာပါ ) ။
            သစ္စာသိလို့ သြော်... နတ်ပြည်ဆိုတာလည်း ဒုက္ခသစ္စာပဲ။ အိုဘေး နာဘေး သေဘေးနဲ့ကို၊ သောက ပရိဒေ၀ဒုက္ခဘေးတွေနဲ့ကိုးလို့ မသိသေဘူးလား...( သိပါတယ် ) ။
နတ်ပြည်သွားချင်သေးသလား
            ဒီတော့ သစ္စာသိလို့ ဦးသန်းမောင် နတ်ပြည်သွားချင်သေးသလားဆိုတော့... ( မသွားချင်ပါဘူး ) ၊ ဘာဖြစ်လို့တုံး ( အို နာ သေ ရှိပါတယ် ) ပထမတော့ ပျော်သလိုလိုနဲ့ နောက်ပျင်းခန်းကလာရလိမ့်မယ် ( မှန် ပါ ) ၊ ပျော်ခန်း ပျင်းခန်း ကရှိသေးတာကို ( မှန်ပါ ) ။
            ပထမတော့ ပျော်သလိုလိုနဲ့ နောက်ပျင်းခန်းနဲ့ ဇာတ်သိမ်းရမယ် ( မှန်ပါ ) ကောင်းကြပါ့မလား ( မကောင်းပါဘူးဘုရား ) ။
            အေး ... ဒါတွေက ဘယ်ပုဂ္ဂိုလ်မှ ရွေးတတ်သတုံးမေးတော့မှ ခင်ဗျားတို့ ရွေးတတ်တယ်၊ ဘုန်းကြီးကပဲ အမွှမ်းတင်လိုက်ပါတယ် ( မှန်ပါ ) ဘာ့ကြောင့် အမွှမ်းတင်လိုက်သတုံးဆိုတော့ ဒီ ဒကာ ဒကာမတွေ သစ္စာဟောထားတယ် ( မှန်ပါ ) အိုဘေး နာဘေး သေဘေးမရှိတာက နိဗ္ဗာန်ကိုးဗျ ( မှန်ပါ ) အိုဘေး နာဘေး သေဘေး ရှိတာက လူ့ပြည်နတ်ပြည် အပါယ်လေးပါးကိုး ( မှန်ပါ ) ။
            အဲဒီတော့ ဓမ္မငါးမျိုးရှိတဲ့ အနက်က အကုသိုလ်ပို့ရာလည်း တပည့်တော်တို့ မသွားဘူးဘုရား အပါယ်လေးပါးမို့ ( မှန်ပါ ) ဒါနကုသိုလ် သီလကုသိုလ်ပို့ရာလည်း တပည့်တော်တို့ မသွားဘူးဘုရား ။ လှူတော့ လှူပ်မယ်၊ လှူပေမယ့် အလှူပို့တဲဆီတော့ မသွားဘူး၊ ကျုပ် ဒါနကုသိုလ်ကို ဒုက္ခသစ္စာလိုချင်လို့ပြု တာ မဟုတ်ဘူးဆိုတော့ သွားသေးရဲ့ လား ( မသွားပါဘူး ) ။
            အဲဒီတော့ သစ္စာသိထားမှ ဒါနကလည်း လမ်းဆုံးပို့တယ် သီလကကော ( လမ်းဆုံးပို့ပါတယ် ) လမ်း ဆုံးဆိုတော့ နိဗ္ဗာန်ပဲ ( မှန်ပါ ) သမထကလဲ ( လမ်းဆုံးပို့ပါတယ် ) ။
            ဒါဖြင့် သူကတော့ ကိလေသာဝဋ် ကမ္မ၀ဋ် ဖြတ်လိုက်တဲ့အတွက် ၀ဋ်ကျွတ်တဲ့ နေရာပို့မှာပဲဆိုတာ ဦးသန်းမောင် မှတ်လိုက် ( မှန်ပါ ) ။ 
            ဒါဖြင့် ဒို့ဆရာဘုန်းကြီးသည် ဒို့အကျိုးကို အများကြီး အလိုရှိတဲ့အတွက် ဘာအရေးတကြီး ပြောနေ သတုံးဆိုတဲ့ အခါကျတော့ အားကိုးထိုက်တာအစစ် ရှာကြ ဆိုတာ ပြောတာပါပဲ ( မှန်ပါ ) ဦးတင် ပေါ်ပလား ( ပေါ်ပါပြီ )။ ဘယ်လိုပေါ်သတုံး ( အားကိုးထိုက်တာအစစ်ရှာရပါမယ် ) ။
            ဒီရှာနည်း နိဿရည်းကိုလည်း ဒကာ ဒကာမတွေ စဉ်းစားပါဦး၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုသုံး လေ့ရှိသတုံး...( ဖြစ်သ၍ အကြောင်း အကောင်းချည်းပါပဲ ) ရွေးတတ်လို့ပြောတာလား၊ မရွေးတတ်လို့ ပြော တာလား ( မရွေးတတ်လို့ပါ ဘုရား ) ။
            ဒါဖြင့် ယနေ့ည ဒီဆရာဘုန်းကြီးက ခင်ဗျားတို့ကို ကလေးလေးဖြစ်ပြီး သကာလ နေငြားသော်လည်း လူကြီးစိတ်သွင်းတဲ့နေ့ ( မှန်ပါ ) မဆိုနိုင်ဘူးလား ( ဆိုနိုင်ပါတယ် ) ။
            နဂိုကတော့ဖြင့် ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲ၊ ဦးသန်းမောင် တို့လည်း သုံးမှာပဲ၊ ဦးတင်တို့ လည်း သုံးမှာပဲ ( မှန်ပါ ) မဟုတ်ဘူး ... ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲဆိုတာ ကိုယ်ကလည်း ကြိုက် တာရွေးဦးမှပေါ့၊ သူလုပ်သလို ခံတော့မလား၊ ဘုန်းကြီးကမမေးရပေဘူးလား ( မှန်ပါ )၊ ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲ ဆိုတာ သူလုပ်သ၍ ခံတယ်ဆိုတဲ့ အဓိပ္ပါယ် မရောက်ပေဘူးလား ( ရောက်ပါတယ် ) ။
ငါသစ္စာသိပြီ၊ အကောင်းကို ရွေးတတ်ပြီ
            အခုဟာက မင်းတို့လုပ်သလို မခံဘူးကွ၊ ငါသစ္စာသိထားပြီ၊ အပို့ကောင်းကိုရှာမယ်ဆိုတော့ အတော် ထင်ရှားသွားပြီ ( မှန်ပါ )၊ မထင်ရှားဘူးလား ( ထင်ရှားပါပြီ )၊ အပို့ကောင်းကို ရွေးလိုက်ပါ ( မှန်ပါ ) ။
            ဦးအောင်ဇံဝေ ပေါ်ပြီ ( မှန်ပါ ) ပေါ်ပြီ၊ အပို့ကောင်းကို ရွေးတတ်တယ်ဆိုကတည်းက ဦးသန်းမောင် ဘာဖြစ်လို့ ရွေးတတ်တာတုံး ( သစ္စာသိလို့ပါ ) ဘယ်လောက်ကျေးဇူးများသတုံး မောင်ချစ်စိန် ( မှန်ပါ ကျေး ဇူးများပါတယ် ) ။
            ဒါဖြင့် ဒကာ ဒကာမတွေ ပြောနေကြတဲ့ စကားဟာ ဘုန်းကြီးတို့ နည်းနည်း အသိဥာဏ်ပေါတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဘုရား၊ ကံစီမံသလိုပဲ၊ အို.. ဒီလိုမလုပ်ပါနဲ့ ၊ ဘုန်းကြီးတို့က ကန့်ကွက်တယ် ( မှန်ပါ )၊ ဥာဏ်စီမံသလိုလုပ်ပါလား၊ ၀ိပဿာနာဆိုတာ ဥာဏ်ပဲ မဟုတ် လား ( မှန်ပါ ) ဥာဏ်မှ ဖြစ်ပျက်မြင်တာ ( မှန်ပါ ) ။
ဘုန်းကြီးက သာမညဘုန်းကြီး မဟုတ်ဘူး
          ကံစီမံသလို ခံရမှာပဲဆိုပြီး ဦးသန်းမောင် ကံကိုချည်း လွှဲချတဲ့အသုံး မသုံးနဲ့ ( မှန်ပါ ) ဘုန်းကြီးက သာမည ဘုန်းကြီးမဟုတ်ဘူး၊ ခင်ဗျားတို့ကို ဥာဏ်ပေးနေတာ၊ ဥာဏ်စီမံရာကိုသွားပါ ( မှန်ပါ ) ကံစီမံရာက ၃၁ - ဘုံ ၊ ဥာဏ်စီမံရာက ၃၁ - ဘုံ ပြင်ဘက် ၃၁ - ဘုံမှ လွတ်ရာ ( မှန်ပါ )၊ ဥာဏ်စီမံရာက ( ၃၁ - ဘုံမှလွတ် ကင်းရာပါ )၊ ၃၁ - ဘုံက ဒုက္ခသစ္စာ၊ ၃၁ - ဘုံအပြင်ဘက်ထွက်မှ နိရောဓသစ္စာ ( မှန်ပါ ) ၊ ပေါ်ပလား... ( ပေါ် ပါပြီ ) ။
            ဒါဖြင့် ဦးအောင်ဇံဝေ ဘယ်သူစီမံရာလိုက်မယ် ( ဥာဏ်စီမံရာလိုက်ပါမယ် ) ။
( ၁ ) ကမ္မဿကတဥာဏ် 
ဥာဏ်ကလဲ တစ်ခါခွဲကြစို့၊ ဥာဏ်ကဘယ်လိုခွဲရမတုံးလို့မေးတဲ့အခါကျတော့မှ... ဦးတင် တရားသား ကြီး ပြောရတဲ့အတွက် မှတ်မယ်သာ စိတ်ကူးပေတော့ ( မှန်ပါ ) ဥာဏ်စီမံသလို သွားမယ်ဆိုတော့ ကမ္မဿက တဥာဏ်က တစ်မျိုး၊ ကောင်းတာလုပ်ကောင်းကျိုးပေးတယ်လို့သိတဲ့ဥာဏ်ကလေးလောက်ကို လည်း သူစီမံတာကို ဦးသန်းမောင်ကမလိုက်နဲ့ ( မှန်ပါ ) ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ ကမ္မဿကတဥာဏ် ( မှန်ပါ ) မလိုက်နဲ့ ပြုတ်ကျတယ်ဆိုတာ ကမ္မဿကတဥာဏ် ( မှန်ပါ ) မလိုက်နဲ့ ပြုတ် ကျတယ်၊ သုဂတိတော့ပို့လိုက်တာပဲ၊ ပို့ပေမယ့်လည်း သူကဒိဋ္ဌိတန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ် ဆိုတဲ့ ဒိဋ္ဌိကမပါဘူးလား ( ပါ ပါတယ် ) ။
ဒီတော့ ကမ္မဿကတဥာဏ် ပို့ရာကိုလည်း ဦးတင်ကမလိုက်နဲ့၊ ဒိဋ္ဌိပါသွားတယ်၊ ဆွဲပြီးတော့ ပြန်ချ မှာပဲ၊ ပို့လည်းပို့တယ်၊ အောက်ကိုလည်း ဆွဲချလိုက်တယ် ( မှန်ပါ ) ဒီတော့ ကောင်းသေးရဲ့ လား... ( မကောင်းပါဘူး ) ပေါ်ကြပလား...( ပေါ်ပါပြီ ) ။
            ဟာ .. ဒါဖြင့် ကမ္မဿကတဥာဏ်ပို့ရာ တပည့်တောမလိုက်ဘူးဆိုတော့ .. ဘာဖြစ်လို့ဆိုတော့... အို ... ပြန်ရောက်ဦးမှာဘုရား၊ ဒိဋ္ဌိတန်းလန်းနဲ့ တက်သွားတာ ( မှန်ပါ ) ။
မြားမှန်ထားတဲ့ငှက်ပမာ
            ဦးသန်းမောင်တို့ ဦးတင်တို့ကို ... ဦးတင်တော့ မကြားရသေးဘူး၊ ဦးသန်းမောင်တော့ ပြောပြီးပြီ ( မှန်ပါ ) ငှက်တစ်ကောင် ငှက်ကအင်မတန်ကြီးတယ်၊ ဒီကျောင်းလောက်ရှိတဲ့ ငှက်ကြီးထားပါတော့၊ အဆိပ် လူးတဲ့မြားကလေးနဲ့ ပစ်လိုက်တဲ့အခါကျတော့ အဆိပ်လူးတဲ့မြားကလေးက သေးသေးကလေး၊ အဖျားဆို တော့ ချွန်ချွန်ကလေး သာပြီးသေးတာပေါ့ ( မှန်ပါ ) အဲဒါကလေးနဲ့ မှန်တယ်တဲ့၊ မှန်ပေမယ့် ငှက်ကကြီးတော့ အဆိပ်က ဖြုန်းခနဲမပြန့်ဘူး ( မှန်ပါ ) မပြန့်တော့ ပျံတက်သွားတာပဲ ။ အဆိပ်မပြန့်ခင် သာပျံနိုင်တာ ( မှန်ပါ ) အဆိပ်ပြန့်တော့ ဘယ့်နှယ်တုံး ( မပျံနိုင်ပါဘူး ) ဖြုန်းခနဲပြန်ကျတယ် ။
            အဲ... ကမ္မဿကတဥာဏ်က ဒိဋ္ဌိအဆိပ်မပြန့်ခင် ပျံတတ်တာ ( မှန်ပါ ) ဒိဋ္ဌိ အဆိပ်ပြန့်သွားတဲ့ အခါ ကျတော့ ၀ုန်းဆို ထိုးကျတာပဲ ( မှန်ပါ ) ပေါ်ပလား. ( ပေါ်ပါပြီ ) ။
            ဒါဖြင့် ကမ္မဿတဥာဏ်လောက်ဆို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငါလှူတယ် ငါရတယ်ဆိုတဲ့ တစ်လုံးလောက်ကို အားထားလောက်ပြီဆိုတဲ့ စိတ်ကို ယနေ့ ဖြုတ်ပစ်ပါ ( မှန်ပါ ဘုရား ) အဆိပ်မပြန့်ခင် တက်တာဟေ့ ၊ အဆိပ်ပြန့်ရင် ဒီငှက်ကြီး ဘာဖြစ်လာမလဲ ...( ပြန်ကျလာပါမယ် ) ။
            ဒီမှာလည်းကုသိုလ်ကံအရှိန် မကုန်ခင် အထက်တက်တာ၊ ဒိဋ္ဌိအဆိပ်ပြန့်သည်နဲ့ တစ်ပြိုင်နက်တည်း ပြန်ကျမယ် ... ( မှန်ပါ )၊ ရှင်းပလား ..( ရှင်းပါပြီ ) ။
ဒီဥာဏ်က ဒိဋ္ဌိမပယ်နိုင်ဘူး
            ဒါဖြင့် ကမ္မဿကတဥာဏ်က ဒိဋ္ဌိအဆိပ်ကို မပယ်နိုင် ရှင်းပလား ( ရှင်းပါပြီ ) ဒီတစ်လုံးဟာ သေ ပျော်တဲ့တရားလို့ မှတ်လိုက်စမ်းပါ၊ နည်းနည်းနောနော မဟုတ်ပါဘူး၊ အားလုံးလည်း အများအားဖြင့်က သူကို အရေးတကြီးပြောနေပါတယ် ၊ ဦးသန်းမောင် သူ့ကိုသာ အရေးတကြီးပြောနေပါတယ် ၊ မင်းတို့ကွာ ဒီဘ၀လည်း ကျန်းမာ၊ ချမ်းသာ၊ နောက်ဘ၀လည်း ကျန်းမာ၊ ချမ်းသာမှာပဲ၊ မင်းလုပ်ထားတာတွေက နည်း တာမှမဟုတ်ဘဲ၊ မင်းရမှာပေါ့၊ မပြောပေဘူးလား ( ပြောပါတယ် ) ဒါဘာပြောတာတုံးဆိုတော့ ဒိဋ္ဌိဦးစီးတယ် ( မှန်ပါ ) ကိုယ်ကလည်း မယုံဘူးလားဆိုတော့ ကိုယ်လုပ်ကိုင်ရတယ်ဆိုတော့ ဒိဋ္ဌိက မပါဘူးလား ပါသလား ( ပါ ပါတယ် ) ပါတော့ ဒါဟာကမ္မဿကတဥာဏ်ဟာ ဒိဋ္ဌိပါတယ် ( မှန်ပါ ) ရှင်းကြပလား ( ရှင်းပါပြီ ) ။
            ကမ္မဿကတဥာဏ်ဟာ ဒိဋ္ဌိပါတယ်ဆိုတော့ ဒီကံစီမံတာကိုလည်း မလိုက်ဘူးကွ ရှင်းပလား ( ရှင်း ပါပြီ ) ဒါဆရာကောင်းတွေ့ မှ ဒီအဓိပ္ပါယ်ကလဲ ပေါ်တာနော် ( မှန်ပါ ) ဦးသန်းမောင် နို့မဟုတ်ပေါ်ပါ့ပလား .... ( မပေါ်ပါဘူး ) ။
            နို့မဟုတ်လို့ရှိရင် ဦးအောင်ဇံဝေတို့လည်း ထို့အတူပဲ၊ မင်းတို့လုပ်ထားလို့ရှိရင်ကွာ .. မင်းတို့ရမှာပေါ့ လို့ပြောလိုက်လို့ရှိရင် ကိုယ်ကလည်း ငါလုပ်လို့ ငါရတယ် ယူမှာပဲ၊ မယူဘူးလား...( ယူပါတယ်ဘုရား ) ယူရင် ဒိဋ္ဌိပါ မပါ ( ပါ ပါတယ် ) ပါလို့ရှိရင်ဖြင့် ကုသိုလ်ကလည်း ပို့လိုက်မှာပဲ၊ ဒိဋ္ဌိကလည်း လိုက်သွားမယ်၊ ငှက်ကြီး လိုပဲနော်...( မှန်ပါ ) ၊ အဆိပ်မပြန့်ခင် လန့်ပျံအဖြစ်နဲ့တော့ တက်သွားပါသေးတယ် ၊ အဆိပ်ပြန်တော့ လန့်ပျံ ပျံနိုင်သေးရဲ့ လား...( မပျံနိုင်ပါဘူး ) ။
            ဒါဖြင့် ကမ္မဿကတဥာဏ်လောက်ဟာ လန့်ပြီးပျံတက်တယ် ( မှန်ပါ ) ... နောက်ဆုံးပိတ် အဆိပ် ပြန့်တော့ ပြန်ကျတယ် ၊ အပါယ်လေးပါးပဲ ပြန်ကျတယ် ... ( မှန်ပါ ) ၊ ဘယ်လောက် အားကိုးလောက်ကဲ့ လားလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ ( အားမကိုးလောက်ပါဘူး ) ၊ ရှင်းပလား ( ရှင်းပါပြီ ) ။
ဥာဏ်ကို အဆီထုတ်ပြီး ရွေးပြန်တယ်
            ဒီနေ့ညတရားမှာ ခုနင်က ဓမ္မတွေ ရွေးတယ်နော် ( မှန်ပါ ) ၊ ဓမ္မထဲကမှ တစ်ခါ ဥာဏ်အဆီထုတ်ပြီး တော့ ရွေးပြန်ပါတယ်ဆိုတော့ ဒါနည်းတဲ့အသုံးအနှုန်းမဟုတ်ဘူး...( မှန်ပါ )၊ ဥာဏ်ငွေကိုစစ်တာ ( မှန်ပါ ) ။
            ဒါဖြင့် ဒီဥာဏ်အားမကိုးလို့ရှိရင်ဖြင့် ဟာ - တပည့်တော်တို့ ကမ္မဿကတဥာဏ်လောက်ဖြင့် တပည့် တော်တို့ အားမကိုးလောက်ဘူးဆိုတာ အခု ဆရားသမားပြောလို့ရှင်းပါပြီ ၊ ဒိဋ္ဌိတန်းလန်းနဲ့မို့ဆိုတော့ ယုံ ကြည်ပါပြီနော် ...( မှန်ပါ ) ။
ဘယ်ဥာဏ်အားကိုးရမှာလဲ
            ဒါဖြင့် ဘယ်ဥာဏ်အားကိုးရမှာပါလိမ့်... ဦးသန်းမောင်က စောဒကတက်ပေါ့၊ ဦးအောင်ဇံဝေက စော ဒကတက်ပေါ့ ( မှန်ပါ )၊ ဘယ်ဥာဏ်အားကိုးရမှာတုံးဆိုတော့မှ ဟော - နာမရငပ ပရိစ္ဆေဒဥာဏ်ဆိုတာရှိ တယ် ၊ ဒုတိယဥာဏ်တက်လာပြီ ( မှန်ပါ ) ခုနက ကမ္မဿကတတင် အခုဟာက နာမရူပ ( မှန်ပါ ) နာမ်နဲ့ရုပ် ကို ခွဲသိတဲ့ဥာဏ်ကို အားကိုး ( မှန်ပါ ) ... ရှင်းပလား ...( ရှင်းပါပြီ ) ။
            ဘာအားကိုးရမလဲ ( နာမ်နဲ့ရုပ်ကို သိတဲ့ဥာဏ် အားကိုးရပါတယ် ) ။
( ၂ ) နာမ်နဲ့ ရုပ်ကို သိတဲဥာဏ် 
            နာမ်နဲ့ရုပ်ကိုသိတဲ့ဥာဏ် အားကိုးလိုက်ပြန်တော့လည်း သွားချင်တာကနာမ်၊ သွားတာကရုပ်၊ စားချင် တာက နာမ်၊ စားတာကရုပ်၊ အိပ်ချင်တဲ့ သဘောကလေးက နာမ်ဆိုတော့ နာမ်ရုပ်ကောကွဲနေတယ်( မှန်ပါ )၊ နာမ်ရုပ်ကွဲတဲ့ဥာဏ်ရပေမယ့်လည်း ဒီဥာဏ်ကလေးကိုဘုန်းကြီးက ခုနင်ကဥာဏ်ထက်တော့သာပေပြီ၊ သို့သော် အစစ်အားမကိုးနဲ့ဦး...ကန့်ကွက်ပြန်တယ် ( မှန်ပါ ) ။
            ဘာဖြစ်လို့ အစစ်အားမကိုးရသေးသလဲ၊ တစ်ဘ၀တွင် စူဠသေတာပန်သွားဖြစ်တယ်၊ တစ်ဘ၀ နှစ်ဘ၀သာ အပါယ်လွတ်တာ ၊ နောက်ဘ၀တွေကျတော့ ( မလွတ်နိုင်သေးပါဘူး ) ။
ခဏသာအပါယ်လွတ်တယ်
          မလွတ်နိုင်သေးတော့ ဟာ ... ဒါဖြင့် နာမရူပ ပရိစ္ဆေဒဥာဏ်လောက်နဲ့လည်း ဦးတင် အားမကိုးနဲ့ဦး ( မှန်ပါ ) ခဏတစ်ဖြုတ် အပါယ်လွတ်တာပဲရှိသေးတယ်၊ မဟုတ်ဘူးလား ( ဟုတ်ပါတယ် ) စူဠသောတာပန် ဖြစ်သွားတာကိုးဗျ ( မှန်ပါ ) ။
            အဲဒီတော့ မသိခင်တုန်းကဆိုတော့ ဒီဒကာ ဒကာမတွေမှာ စူဠသောတာပန်လောက်ဆိုရင် ကျုပ်ကျေနပ်ပြီ ၊ ပြောချင်ပြောတာ ( မှန်ပါ ) မပြောကြဘူးလား ( ပြောကြပါတယ် ) စူဠသောတာပန်လောက် ဆိုရင် ကျုပ်ကျေနပ်ပြီ၊ ဒီခေတ်မှာ ဦးအောင်ဇံဝေတို့ ကြားဖူးမှာပဲ၊ ခဏအပါယ်လွတ်တာကလေးနဲ့ သူကျေ နပ်တယ်၊ နောက်ဘ၀တွေ သူမမြင်လို့ ပြောတဲ့စကားပဲလို့ ဦးတင် ဆုံးဖြတ်ချက် ( မှန်ပါ ) ။
            ဒါဖြင့် ဒီဥာဏ်ပဲခုနက ဥာဏ်ထက်တော့သာရဲ့ ၊ သို့သော် ဒုတိယဥာဏ်ဟာတကယ်အားကိုးလောက် ပလားလို့မေးတော့ ကမ္မဿကဥာဏ်ထက်တော့ နာမရူပဥာဏ်ကသာပါရဲ့ ၊ သာပင်သာငြားသောလည်း အသာကြီး ကျုပ်တို့အလိုကျ မဖြစ်သေးဘူး ( မှန်ပါ ) ဖြစ်ပလား ...( မဖြစ်သေးပါဘူး ) ။
( ၃ ) ပဋိစ္စသမုပ္ပါဒ်သိတဲ့ဥာဏ်
            မဖြစ်သေးတော့ ဘယ်ဥာဏ်အားကိုးလောက်သလဲ ပစ္စယပရိဂ္ဂဟဥာဏ် အားကိုးလောကတယ်၊ ပစ္စယပရိဂ္ဂဟ ဥာဏ်ဆိုတာက ပဋိစ္စသမုပ္ပါဒါသိတဲ့ဥာဏ်ပဲ....( မှန်ပါ ) ပဋိစ္စသမုပ္ပါဒ် သိတဲ့ဥာဏ်က အ၀ိဇ္ဇာ ကြောင့် ၀ိညာဏ်ဖြစ်တယ်၊ သြော်... သံသရာကြီးထဲမှာ ဒီလိုဖြစ်လိုက် ဒီလိုနေကြတာပဲ.. သူ့အကြောင်း သူ့ အကျိုးနဲ့ ဖြစ်နေတာပဲ ပုဂ္ဂိုလ်သတ္တ၀ါတော့ မရှိဘူး အကြောင်းအကျိုးတွေပဲ ရှိတယ် ဆိုတာကော မသိဘူး လား ...( သိပါတယ် ) ။
သူလဲခဏသာအပါယ်လွတ်တယ်
            ဒါကလည်း ခုနက စူဠသောတာပန် စခန်းထဲကပဲ သူရှိနေသေးသောကြောင့် ဦးတင်တို့ ဦးသန်းမောင်တို့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လည်း သေပျော်ပေါ့လို့ မဆိုလိုက်ပါနဲ့ ခဏတစ်ဖြုတ် အပါယ် လွတ်တာ ( မှန်ပါ ) ရှင်းပလား ...( ရှင်းပါပြီ ) ။
            ဒါဖြင့် ဘယ်နှစ်ဥာဏ်တုံး...ဆရာဘုန်းကြီးသင်လာတာ ( သုံးဥာဏ်ပါ ) သုံးဥာဏ်ရှိသွားတော့ ကြပ် ကြပ်အရေးကြီးတကြီးမှတ်ပါ ဒကာ ဒကာမတွေ ၊ ရှင်းပြီနော်.. ( ရှင်းပါပြီဘုရား ) ။
( ၄ ) ဖြစ်ပျက်သိတဲ့ဥာဏ် ၀ိပဿနာဥာဏ်
            ဒါဖြင့် ဖြစ်ပျက်သိတဲ့ ဥာဏ်ကို တပည့်တော်တို့ အားကိုးလောက်တယ်၊ လက္ခဏာသိတဲ့ဥာဏ်ပေါ့ ....( မှန်ပါ့ ) လက္ခဏာရေးသုံးပါးသိတဲ့ဥာဏ် ရှင်းပလား... ( ရှင်းပါပြီ ) ။ 
            လက္ခဏာရေးသုံးပါး သိတဲ့ဥာဏ် အားကိုးတော့မယ်ဆိုတော့ ၄ - နံပါတ် ရောက်မလာဘူးလား ( ရောက်လာပါတယ် ) ၄ - နံပါတ် ရောက်လာတယ်...လက္ခဏာရေးသုံးပါး သိတဲ့ဥာဏ်ပဲ၊ တပည့်တော်တို့ အားကိုးတော့မယ် ၀ိပဿနာဥာဏ်ပဲ ။
            ဟာ ... ဒကာ ဦးသန်းမောင်၊ ဦးတင် ဒါလောက်နဲ့လည်း မတင်းတိမ်နဲ့ဦးနော်...( မှန်ပါ )၊ ပြောလိုက်ပြန်တယ် ဘာ့ကြောင့် ပြောလိုက်ပြန်သတုံးဆိုတော့ ဒုတိယဘ၀သူက ပဋိသန္ဓေနေမယ်၊ ပဋိသန္ဓေနေရင် ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏ ဒုက္ခ မလာပေဘူးလား ( လာပါတယ် ) ပြီးတော့မှ သူက အထက် ကူးမယ်ဆိုတော့ တစ်ဘ၀နာသွားမယ်..( မှန်ပါ ) မနာဘူးလား ...( နာပါတယ် ) ။
သူများနဲ့စာရင်တော့ ကောင်းပါတယ်
            တစ်ဘ၀ နာသွားပြန်တော့လည်း သြော်...အနာလွတ် ကြိုက်တဲ့ဥစ္စာ တစ်ဘ၀နာတယ်ဆိုလို့ရှိရင် ... သူများနဲ့ စာရင်တော့ ကောင်း၏ ၊ မဟုတ်ဘူးလား... ( မှန်ပါ ) ခုနင်က အောက်ကဟာတွေနဲ့ စာရင်တော့ ...( ကောင်းပါတယ် )၊ ပေါ်ကြပလား...( ပေါ်ပါပြီ ) ။
            တကယ် အကောင်းစစ်လားလို့၊ သစ္စာသိတဲ့ပုဂ္ဂိုလ်၏ အကောင်းစစ်လားလို့ မေးတော့...( မဟုတ် သေးပါဘူး ) ၊ တစ်ဘ၀ ဇရာ မရဏ ရှိတယ်၊ တစ်နေ့က ဥပုဒ်နေ့က ဟောခဲ့တယ် ( မှန်ပါ ) ။
အကောင်းစစ်ကိုကြိုက်ပါ
            ကဲ... ဒါဖြင့် ဒီဥာဏ်ကို ဦးအောင်ဇံဝေတို့ ဦးသန်းမောင်တို့က ကြိုက်ပလား...( မကျေနပ်သင့်သေးပါ ဘူး ) ဘာကြောင့် မကျေနပ်သင့်သတုံးလို့ မေးတဲ့အခါကျတော့ တစ်ဘ၀ ဇာတိ ၊ ဇရာ ၊ မရဏနဲ့ နေရတယ် ဆိုရင် တစ်ဘ၀ ဒုက္ခရောက်တာပဲ ..( မှန်ပါ ) ။
            ဦးတင် ဘာတုံး.. ( တစ်ဘ၀ ဒုက္ခရောက်ပါတယ် ) တစ်ဘ၀ ဒုက္ခရောက်တာပဲဆိုတာ မောင်ချစ်စိန် ပေါ်ပလား ( ပေါ်ပါပြီ ) ပေါ်တော့ စင်းလုံးချော အကောင်းကိုကြိုက်ပါတယ် ( မှန်ပါ ) ။
            ဘယ့်နှယ်တုံး ( စင်းလုံးချောအကောင်းကို ကြိုက်ပါတယ် ) အကောင်းစစ်ကိုကြိုက်ပါ ( မှန်ပါ ) ။
            အကောင်းစစ်ကို ကြိုက်လို့ရှိရင်ဖြင့် ဦးသန်းမောင်၊ ဦးတင် ဒုက္ခချုပ်အောင် လုပ်လိုက် ( မှန်ပါ ဘုရား ) သဘောကျပလား (ကျပါပြီဘုရား ) ဒုက္ခတွေဟူသ၍ ချုပ်အောင်လုပ်လိုက် ....( မှန်ပါ့ ) ။
ဒုက္ခတွေ အကုန်ချုပ်အောင် လုပ်လိုက်
            ဒုက္ခတွေဟူသ၍ ဘာတုံး... ( ချုပ်အောင်လုပ်ရပါမယ် ) ၊ ချုပ်အောင်လုပ်၊ တစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့၊ နှစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့၊ လေးခါလောက်ချုပ်အောင် လုပ်ပစ်လိုက် ( မှန်ပါ ) ၊ ဒီဘ၀က သေ၊ ဟိုဘ၀ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ရောက်ပြီ ( မှန်ပါ )၊ ပဋိသန္ဓေလည်း မနေတော့ဘူး၊ နေသေးလား ... ( မနေပါဘူး ) ။
            မနေတော့ ဒုက္ခလေးခါလောက် ချုပ်ပြီးတဲ့ပုဂ္ဂိုလ်၊ မြင်ပြီးတဲ့ပုဂ္ဂိုလ်ကျတော့ မောင်ချစ်စိန် အကောင်းဆုံး ဥာဏ်ပဲ ( မှန်ပါ )၊ မဂ်လေးပါးကို ဆိုလိုက်ပါတယ် ၊ ရှင်းပလား ( ရှင်းပါပြီ ) ပေါ်ကြပလား ( ပေါ် ပါပြီ ) ။
( ၅ ) မဂ်ဥာဏ်ဟာ အကောင်းဆုံး
            ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ ဥာဏ်စဉ်ရွေးလိုက်တာ အရင်တုန်းက ဓမ္မတွေရွေးခဲ့ တယ် ...... ဓမ္မငါးမျိုး ( မှန်ပါ ) အခု ဓမ္မငါးမျိုးထဲကမှ ခွဲထုတ်ပြီးသကာလ ၀ိပဿနာ ဓမ္မ မဂ်ဓမ္မကို ကြိုက်ပါ တယ် ဆိုငြားသော်လည်း ဒီဓမ္မတွေကို တစ်ခါ အဆင့်ဆင့် အယုတ်အမြတ် ရွေးလိုက်တဲ့အခါကျတော့ မောင်ချစ်စိန် မဂ်ဥာဏ်ဟာ အကောင်းဆုံးပဲ...( မှန်ပါ ) ၊ ပေါ်ကြပလား...( ပေါ်ပါပြီ ) ။
            ဒါဖြင့် မဂ်ဥာဏ်မှ တစ်ပါး ကျုပ်တို့သည် အားကိုးရာ မရှိဆိုတာကိုတော့ ဒုက္ခဟူသ၍ လွတ်အောင်လုပ်လို့ ( မှန်ပါ )၊ သူမှတစ်ပါး အားကိုးရာရှိသေးသလား...( မရှိပါဘူး ) ။
ဝိပဿနာဥာဏ်က တစ်ဘ၀နာမယ်
            အဲဒါကြောင့် ဒီကိုလာပြီး အားထုတ်နေတဲ့ ဒကာ ဒကာမတွေ ဒါကို ကြိုးစားကြပါ၊ ကိုယ်ခန္ဓာကြီးက ဖြစ်ပျက် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာချုပ်အောင် မောင်ချစ်စိန်တို့ ကြိုးစားနိုင်သလောက် ကြိုးစားရမယ် မဟုတ်ဘူး လား....( မှန်ပါ ) မဆုံးရင် ၀ိပဿနာဥာဏ်ဆိုရင် တစ်ဘ၀နာမယ် ( မှန်ပါ ) အပါယ်တော့ မကျတော့ပါဘူး၊ ဆုံးရင် တစ်ဘ၀ကို မနာတော့ဘူး ( မှန်ပါ ) တစ်ခါတည်းနဲ့ ကိစ္စပြီးသွားမယ်ဆိုတော့ကို အကျေနပ်ကြီး ကျေ နပ်ဖို့ မကောင်းဘူးလား..( ကောင်းပါတယ် ) ။
တစ်သက်နဲ့ တစ်ကိုယ်မကြားဖူးသောတရား
            ကိုင်း ... ဒါဖြင့် အတော်အရေးကြီးတဲ့အချက်ကို အတော်အရေးကြီးသလို ပြောနေပါလား ဆိုတာ ကော ဦးတင်တို့ ဦးသန်းမောင်တို့ ပေါ်ပလား ( ပေါ်ပါပြီ ) တစ်သက်နဲ့ တစ်ကိုယ် မကြားဖူးဘူးပေါ့ ( မှန်ပါ မကြားဖူးပါဘူး ) ဒီလောက် ဝေဖန်တာ မကြားဖူးဘူး ။ 
            ဦးအောင်ဇံဝေ ကိုင်း... ဒီလောက် ဝေဖန်တာဆိုတော့ အတော်မခဲယဉ်းဘူးလား ( ခဲယဉ်းပါတယ် )  ကုသိုလ်တစ်မျိုးတည်းထားပြီး ပြောနေတာလို့၊ ဥာဏ်တစ်မျိုးတည်းထားပြီး ပြောနေကြတော့ ကုသိုလ်နဲ့ ဥာဏ်ကို အတူတူပြောနေတယ် ဆိုတာလည်း သဘောပါကြပါတော့၊ ကမ္မဿကတဥာဏ်လောက်လည်း အားမကိုးပါနဲ့ဦး ( မှန်ပါ ) နာမရူပ ပရိစ္ဆေဒဥာဏ်လောက်လည်း အားမကိုးပါနဲ့ဦး၊ ပစ္စယပရိဂ္ဂဟဥာဏ် ပဋိစ္စသမုပ္ပါဒ်နားလည်ရရုံနဲ့လည်း အားကိုးလောက်ပြီ မဆိုပါနဲ့ဦး ၊ လက္ခဏာရေးသုံးပါး သိရုံနဲ့လည်းဟာ .... တော်လောက်ပါပြီ၊ သိရုံနဲ့လည်း ငါသေပါတော့မယ်ဆိုပြီး ဒါလောက်နဲ့လည်း မနေပါနဲ့၊ တစ်ဘ၀ နစ်နာမှာ စိုးသေးတယ် ဦးအောင်ဇံဝေ ပေါ်လာကြပလား...( ပေါ်လာပါပြီ ) ။
ဆရာဘုန်းကြီး အကူအညီနဲ့ ကြိုးစားပါ
            ဒါဖြင့် - ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာဇာတ်သိမ်း ငြိမ်းရာရောက်တဲ့ မဂ်ဥာဏ်ကလေးကိုသာ လျှင် ကျုပ်တို့ အကြီးဆုံးအားကိုးထိုက်တဲ့ တရားလို့ဆိုပြီး သကာလ ဒါကိုပဲ ကိုယ့်စွမ်းရည်နဲ့ ဆရာဘုန်းကြီး အကူနဲ့ နှစ်ဖက်ညှပ်ပြီး ကြိုးစားပါ ( မှန်ပါ ) ဆရာဘုန်းကြီးက မသိတာပြောပေးမယ်ပေါ့လေ.. ခင်ဗျားတို့က ကိုင်ပိုင်ဥာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပေါ့ဗျာ ..( မှန်ပါ ) အဲ...ကိုင်ပိုင်ဥာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပြီး ဆရာဘုန်းကြီးက အကူအညီပေးလိုက်မယ်ဆိုလို့ရှိရင် ဦးတင် ဘာပူစရာရှိသတုံး ( မရှိပါဘုရား ) ။
            ဦးသန်းမောင်လည်းကြီးပြီ၊ ဦးအောင်ဇံဝေလည်းကြီးပြီ ဦးတင်လည်းကြီးပြီ၊ ဘုန်းကြီးတို့လည်း ကြီးပြီ၊ နောင်ကိုသာသနာနဲ့ တွေ့ ကြုံဖို့ ခဲယဉ်းတယ်လို့ ဆုံးဖြတ်ချက်ချပြီးလုပ်တော့ ( မှန်ပါ ) နောက်ကို ဒီသာသနာမရှိတော့ဘူး၊ ကွယ်တော့မယ် .... ။
သာသနာမကွယ်ခင်မြန်မြန်လုပ်ကြ
            နို့..ဘယ့်နှယ်ကြောင့် သာသနာကွယ်တာတုံးဘုရားဆိုတော့ အို.. ကွယ်ချိန်ရောက်တော့ ဒီကျမ်းစာတွေ ဒီအလုပ်တွေဟာ ကွယ်တာပေါ့ ( မှန်ပါ ) သာသနာတွင်းမှာပင် မလုပ်တာတွေက များနေပြီ ( မှန်ပါ ) အဲဒီတော့ သြော် ... ဒို့ဆရာတွေနဲ့ ဒို့ဒကာ ဒကာမတွေနဲ့ ယခုတွေ့ ရခြင်းဟာ အဆီ အနှစ်တွေလည်း ရပြန်ပြီ၊ မကွယ်ခင်မီရုံရှိတဲ့ပုဂ္ဂိုလ်တွေမို့ မြန်မြန်လုပ်လိုက် ( မှန်ပါ ) မီရုံရှိတယ် ရထားက ထွက်ခါနီးနေပြီ ( မှန်ပါ ) သဘောပါပလား...( ပါ ပါပြီ ) ။
            မယုံရင် စဉ်းစားကြည့်ပါ၊ ကဲ - ဦးသန်းမောင်တို့ ဦးတင်တို့ ခင်ဗျားတို့ လောကီမျက်လုံးကျယ်တဲ့ ပုဂ္ဂိုလ်တွေပဲ၊ မိစ္ဆာ အယူဝါဒတွေ လွှမ်းမိုးလာရင် ကြောက်ရတယ်၊ ( မှန်ပါ ) မိစ္ဆာ အယူဝါဒတွေမှာ သဿတ ဒိဋ္ဌိတွေနဲ့၊ အချို့ ဥစ္ဆေဒဒိဋ္ဌိတွေနဲ့ ( မှန်ပါ ) ဘယ့်နှယ်လုပ်မလဲ နာမရူပဆိုတဲ့ ဒုတိယ ဥာဏ်တောင်ရှိသေးရဲ့  လား ( မရှိပါ ဘုရား ) ။
            ဒါတွေကမလာဘူးလို့ ခင်ဗျားတို့က ဆိုမလား လာမယ် ရွယ်နေတယ်လို့ ထင်ကြသလား...လာမယ် လို့ရွယ်နေကြတယ် ( မှန်ပါ ) ဒါဖြင့် မီရုံရှိတယ်ဆိုတာ မှားသေးသလား ( မမှားပါဘူး ) ပေါ်ကြပလား... ( ပေါ် ပါပြီ ) ။
            ဒါက ဒကာရင်း ဆရာရင်းတွေမို့ တကယ်တမ်း အဖိုးတန်တာကိုပြောလို့ သိရှိနိုင်တာ ( မှန်ပါ ) ရှင်း ကြပလား..( ရှင်းပါပြီ ) ။
            ဥစ္ဆေဒဒိဋ္ဌိဆိုတာက သေရင်ပြီးရောပေါ့၊ နောက်ဘာမှ မဖြစ်တော့ဘူး ( မှန်ပါ ) သဿတဒိဋ္ဌိကတော့ တန်ခိုးရှင် ဣဒ္ဓိရှင်က ဖန်ဆင်းထားတယ်ဆိုတော့ တန်ခိုးရှင်က သဿတဖြစ်မနေဘူးလား ( မှန်ပါ )... သဿတကများပါတယ် .. ပေါ်ပလား ( ပေါ်ပါပြီ ) ။
            အဲဒီ သဿတ, ဥစ္ဆေဒတွေ လွှမ်းမိုးလာလို့ရှိရင်ဖြင့် ခင်ဗျားတို့ မပါရင်ရှိရမယ် သားတွေ မြေးတွေကျ တော့ ပါသွားမှာပဲ၊ မပါပေဘူးလား..( ပါ ပါတယ်ဘုရား ) ။
အချိန်ရှိသေးလို့ ရထားမီသေးတယ်
            အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ဟာ အခုအချိန်ရှိသေးလို့ ရထားထွက်ခါနီး တက်မိသေးတယ်ဆိုတာ ဟာ ဘုန်းကြီးအသား ယူပြောနေတာလို့ ဦးသန်းမောင်က မယူလိုက်နဲ့... ( မယူပါဘူး ) ပေါ်ကြပလား..( ပေါ် ပါပြီ ) ။
            အဲ - ဘာဒိဋ္ဌိ ဘာဒိဋ္ဌိတဲ့တုံး ( သဿတိဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ ) ။
            အဲ - ဘုန်းကြီးတို့ကလည်း သဿဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိအလယ်က သွားရမယ် ကျုပ်တို့တရားကလည်း ( မှန်ပါ ) ။
            ကျုပ်တို့တရားက ဘယ်ကသွားရမလဲ ( ကြားကသွားရမှာပါ ) ။
            လွှမ်းမိုးလာရင် ဒီအလယ်လမ်းကလေးဟာ မပျောက်ပေဘူးလား ၊ ပျောက်မလား ( ပျောက်မှပါ ဘုရား ) ၊ ဒီဘက်က သဿတလမ်း၊ ဒီဘက်က ဥစ္ဆေဒလမ်း လိုက်ရင်လိုက်ပေါ့ဗျာ...( မှန်ပါ )၊ ကျုပ်တို့က လည်း ဘုရားက ဟောထားတာက အလယ်လမ်းဆိုတော့ ဦးသန်းမောင်က သဘောကျပလား ( ကျပါပြီ ) ၊ ... အဲဒိလမ်းလျှောက်စရာမများဘူးလား၊ များသလား ( များပါတယ် ဘုရား ) ။
ဥာဏ်အမြင်နဲ့ကြည့်ပြီး မြန်မြန်သာလုပ်
            များနေတော့ ခင်ဗျားတို့ကို အသားယူ ချီးမြှောက်ပြီးသကာလ မြန်မြန်လုပ်စေချင်လို့ တိုက်တွန်း တယ်လို့ မယူဘဲနဲ့ ဥာဏ်အမြင်နဲ့ ကြည့်ပြီးတော့ မြန်မြန်သာလုပ်ပေတော့ ( မှန်ပါ ) ရှင်းကြပလား ( ရှင်းပါ ပြီ ) ။
            ဘယ်လိုလုပ်ကြမလဲ ( ဥာဏ်နဲ့ ကြည့်ပြီး မြန်မြန်လုပ်ရပါမယ် )ဥာဏ်နဲ့ကြည့်ပြီးတော့ မြန်မြန်လုပ်ပါ၊ လုပ်လို့ရှိရင်ဖြင့် မဇ္ဈိမပဋိပဒါ အလယ်လမ်း ရောက်ပါလိမ့်မယ် .... ( မှန်ပါ ) ။
            မဇ္ဈိမပဋိပဒါအလယ်လမ်းကို ရှင်းပြလိုက်ဦးမယ်၊ အလယ်ဆိုတာက ဦးအောင်ဇံဝေက ဖြစ်စေ၊ ဦးသန်းမောင်က ဖြစ်စေ နာကျင်တဲ့ ဝေဒနာလေးဖြစ်တယ်၊ ဖြစ်ပြီး ပျက်သွားတယ်ဆိုတော့ ဖြစ်ပြီးပျက်တာ သူနှစ်ချက်သိတယ်..( မှန်ပါ )၊ ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း...( ပျက်ပါတယ် ) ။
            ဖြစ်တာသိကတည်းကိုက ဥစ္ဆေဒဒိဋ္ဌိစင်ပြီ ( မှန်ပါ )၊ ဥစ္ဆေဒ ဆိုတာ ပျက်သွားတယ်လို့ယူတာ သူက ဖြစ်တာသိကတည်းကိုက အားလုံး ( ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ) ပျက်တာသိကတည်းက ခိုင်မြဲသေးရဲ့ လား ( မခိုင် မြဲပါဘူး ) ၊ ဒါကြောင့် ဖြစ်ပျက်နှစ်လုံး သိလိုက်ရင် ဒါအလယ်လမ်း ရောက်ပြီ အောက်မေ့တော့... ( မှန် ပါ ) ၊ ရှင်းကြပလား ...( ရှင်းပါပြီ ဘုရား ) ။
            ဖြစ်ပျက်သိရင် ( အလယ်လမ်း ရောက်ပါတယ် )၊ ဖြစ်တာသိရင် ဘယ်ဒိဋ္ဌိစင်သတုံး ... ( ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ) ဖြစ်တာ သူ့အကြောင်းကြောင့် သူဖြစ်တယ်ဆိုကတည်းကိုက အကြောင်းရှိလို့ရှိရင် ဖြစ်နေမှာ ပဲဆိုတော့ ပြတ်သွားမှာပဲဆိုတဲ့ အယူဟာ ရှိသေးရဲ့ လား ( မရှိပါဘူး )၊ ဖြစ်တဲ့တရားကလေးဟာ ပျက်သွား တယ်လို့ ကိုယ့်ဥာဏ်ထဲမှာ မြင်လိုက်လို့ရှိရင် ခိုင်တယ် မြဲတယ်လို့ ယူဆသေးရဲ့ လား ( မယူပါဘူး ) မယူရင် သဿတဒိဋ္ဌိ လွတ်နေပြီ ... ( မှန်ပါ ) ။
အလယ်လမ်းကြောင်းရောက်ပြီ 
            ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်ခြင်းသည် ဒိဋ္ဌိနှစ်ပါး မလွတ်ဘူးလား... ( လွတ်ပါတယ် ) ဒါဖြင့် သဿဒိဋ္ဌိကော ယူသေးလား ( မယူပါဘူး ) ဥစ္ဆေဒဒိဋ္ဌိကော ( မယူပါဘူး ) မယူတော့ ဖြစ်မှုပျက်မှု နှစ်ခုရှိတယ်လို့ ယူလိုကတည်းကိုက အလယ်လမ်းကြောင်း ရောက်ပြီတဲ့.... ( မှန်ပါ ) ။
ဥစ္ဆေဒက အခုဖြစ်ပြီးနောက် ဘယ်တော့မှ မဖြစ်တာကိုယူတယ် ...( မှန်ပါ ) ။
            အခုဟာကတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်နေဦးမှာပဲ ... လို့မယူပေဘူးလား ....( ယူပါတယ် ) ဒီတော့ ဒါပြတ်ရဲ့ လား ( မပြတ်ပါဘူး ) အဲဒါ .. ဥစ္ဆေဒဒိဋ္ဌိ မစင်ပေဘူးလား...( စင်ပါတယ် ) ။
            ဖြစ်ပင်ဖြစ်ငြားသော်လည်း ဖြစ်ပြီး ပျက်တာကို သိနေပြန်တော့ သြော်.... ဖြစ်တဲ့တရားဟာ ခိုင်တယ် မြဲတယ်လို့ ယူသေးရဲ့ လား. ( မယူပါဘူး ) မယူကတည်းက သဿတ ဘယ့်နှယ်နေသတုံး...( စင်ပါတယ် ) ။
            ဒီတော့ ဖြစ်ပျက်နှစ်ခုကို မိလို့ရှိရင် အလယ်လမ်း ရောက်ပြီလို့ ဆုံးဖြတ်ချက်ချ ( မှန်ပါ ) ပေါ်ကြပ လား ( ပေါ်ပါပြီ ) ။ 
ကဲ...ယနေ့ ဒီတွင် တော်ကြဦးစို့ ။
သာဓု... သာဓု.... သာဓု ။
Monday, August 14
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဘယ်လိုပုဂ္ဂိုလ်မှ ဓမ္မကထိကခေါ်ထိုက်သလဲ ဘယ်လိုပုဂ္ဂိုလ်မှယခုဘ၀နိဗ္ဗာန်ရမှာလဲ
ဒကာ၊ဒကာမတွေ တရားများများမလိုက်ဘဲနဲ့၊ ဧကောဓမ္မောဆိုတဲ့အတိုင်း တရားကိုတစ်ခုတည်း အားထုတ်ပါ။  မိမိတို့ဥာဏ်ထဲမှာ အမြင်ဆုံးအထင်ဆုံးဖြစ်တဲ့ ဝေဒနာသုံးမျိုးကိုပဲခင်ဗျားတို့ ကြည့်လို့ရှိရင် လိုရာခရီးကို မုချအားဖြင့် ရောက်မယ်ဆိုတာ ယနေ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တိုက်ရိုက်ဟောပြီ …      (မှန်လှပါဘုရား ) ။
ယနေ့တိုက်ရိုက်ဟောပြီ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၊ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော၌ သီတင်းသုံးတော်မူတယ်၊ ထိုသို့နေတော်မူတဲ့အချိန်၌ ရဟန်းတစ်ပါး 
ကလျှောက်တယ်၊ ပုစ္ဆာသုံးချက်ကိုလျှောက်တယ် ။
အမေးပုစ္ဆာသုံးချက်
            အရှင်ဘုရားတဲ့ - ဓမ္မကထိကဆိုတာ ဘယ်လိုဟာ ဓမ္မမထိကပါလဲ၊ ဘယ်လိုဟာ ဓမ္မကထိကလဲလို့ (၁) နံပါတ်မေးလိုက်တယ် ။
            ( ၂ ) နံပါတ်ကတော့ ဓမ္မာနု ဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ဓမ္မပဋိပန္နပုဂ္ဂိုလ်လို့                             ဆိုပါသလဲ ။
            ( ၃ ) နံပါတ်က ဒိဋ္ဌဓမ္မနိဗ္ဗာန - ယခု ဘ၀နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ဆိုလို ပါသ                    လဲ ။
            ပုစ္ဆာဘယ်နှစ်ချက်လဲ - ( သုံးချက်ပါဘုရား ) ၊ သုံးချက်၊ သုံးချက် ။ ဒကာ ဒကာမတို့ - ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်သည် မည်မျှလောက်ခရီးရောက်နေတယ်ဆိုတာ၊ ဘုရားကိုယ်တော်မြတ်ကြီး အခုရဟန်း မေးတဲ့ အဖြေကို ဖြေရတဲ့ အခါကျတော့ သြော် - အားလုံးတရားနာပြီးတရားတွေ ကျင့်ကြံကြိုးကုတ်၊ အား ထုတ်နေကြတဲ့အလုပ်ဟာ ၊ သာမည ခရီးပေါက်လို့ သာမည ရောက်နေတာမဟုတ်ပါလားဆိုတာ ဒီပုစ္ဆာတွေကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဖြပေးတဲ့ အခါကျတော့မှ မိမိတို့မှာ ၀မ်းမြောက်ဖို့ရာ တွေ အများကြီး ပေါ်လာတာ ထင်ရှားပါလိမ့်မယ်။
( ၁ ) အဘယ်ပုဂ္ဂိုလ်ကို ဓမ္မကထိကဆိုရမလဲ
            အဲဒီတော့ ဒီမှာ ပါဠိတော်က - 
            ဓမ္မကထိကောတိ - ဓမ္မကထိကဟူ၍၊ ၀ုစ္ဆတိဟောတော်မူအပ်ပါသနည်း၊ ဓမ္မကထိကကောတိ ဓမ္မကထိကဟူသည် အဘယ်မျှလောက်၊ အဘယ်ပုဂ္ဂိုလ်ကို ဓမ္မကထိကဆိုလိုပါသလဲ၊ ဒါကြောင့် ဓမ္မကထိကော၊ ဓမ္မကတိကောတိဘန္တေ - ဆိုပြီး အရှင်ဘုရား ဓမ္မကထိကဆိုတာ ဘယ်လိုဟာ ဓမ္မကထိက၊ ဓမ္မကထိကအဖြစ်နဲ့ တပည့်တော်တို့က မှတ်ယူပြီးနာရမှာလဲ၊ မမေးသင့်ဘူးလား ( မေးသင့်ပါတယ် ) မေးသင့်တယ်တဲ့ ။
ဘုရားကအဖြေပေးတဲ့ ဓမ္မကထိက
            မေးသင့်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖြေရှာတယ် ၊ ( တင့်ပါ ) ဒီလိုမှတ်ပါကွာတဲ့ - ဓမ္မကထိကဆိုတာ ဝေဒနာယစေ ဘိက္ခု နိဗ္ဗိဒါယ ၀ိရာဂါယ နိရောဓါယ ဓမ္မံဒေသေတိ
            ဝေဒနာသည် ဒကာ ဒကာမတွေ နိဗ္ဗိန္ဒာရ - ငြီးငွေ့အောင် ဟောနိုင်လို့ရှိရင် ဝေဒနာအကြောင်းကို ကောင်းကောင်းပြောပြီးဝေဒနာကို ငြီးငွေ့ရွံမုန်းလာလောက်အောင် ဟောနိုင်လို့ရှိရင် ဝေဒနာယစေဘိက္ခနိဗ္ဗိ ဒါယ ၀ိရောဂါယတဲ့ ဝေဒနာအကြောင်းကို နည်းနည်းမှ ဒီရုပ်ခန္ဓာကြီးနဲ့ကို ဆက်သွယ်လိုစိတ်ကို မရှိချင် အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ် ( မှန်ပါ့ ) ။
            ဝေဒနာကြီး လုံးလုံးချုပ်ပျောက်သွားရင်ဖြင့် သေသေချာချာကောင်းမှာပဲလို့ ဥာဏ်ထဲရောက်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ကို ဓမ္မကထိကလို့ ဆိုရမယ်ကွတဲ့ ( မှန်ပါ့ ) ။
            ဓမ္မကထိက၊ ဓမ္မကထိကဆိုတာပေါ်လာပြီလား ( ပေါ်လာပါပြီဘုရား ) ဒါကြောင့်ဘုရားက ဝေဒနာ ယစေ ဘိက္ခု နိဗ္ဗိဒါယ ၀ိရောဂါယနိရောဓာယ ဓမ္မံဒေသေတိ၊ ဓမ္မကထိကော ဘိက္ခူထိ အလံဝစာနာယ 
            ဘိက္ခု = ရဟန်း၊ ဓမ္မကထိကောတိ - အဲဒီနားကို နိုးအောင် ဝေဒနာကြီးနဲ့ တစ်ခါတည်း ကင်းခင်တဲ့ ဥာဏ်ပေါ်အောင် ဝေဒနာတို့ကို တကယ်တန်း ချုပ်ချင်တဲ့ သဘောမျိုးဝေဒနာနဲ့ကို ဘယ်တော့မှ မနေချင်တဲ့ သဘောမျိုး ( တင်ပါ့ ) အဲဒီကဲ့သို့ ရောက်အောင် ဟောနိုင်လို့ရှိရင်ဖြင့်တဲ့ ဓမ္မမထိကဆိုတဲ့ ဥစ္စာဆိုခြင်းငှာ ထိုက်ပါတယ်ကွာတဲ့ ( မှန်ပါ့ ) ဒီလိုဟောနိုင်လို့ရှိရင်တော့ ( မှန်ပါ့ ) ။
            ဓမ္မံဒေသေတိ ဓမ္မကထိကော ဘိက္ခူတိ အလံဝစာနာယ ။
တရားနာရင်သတိထားနာ
            ဘုရားကကိုယ်တော်တိုင်ဟောပြန်တယ် ၊ အားလုံး ဒကာ ဒကာမတို့ တရားနာတဲ့အခါမှာ ရှေ့ သတိ ထားရလိမ့်မယ် ( မှန်လှပါဘုရား ) တရားနာတဲ့အခါမှာ ရှေ့ ကိုဘယ်လိုပုဂ္ဂိုလ်အချိုးအစားရှိတာကို ဒို့တရား နာရမယ်ဆိုတဲ့ဥစ္စာသည် ဘုရားက အခု အစီအစဉ်ပေးနေပြီ ( မှန်လှပါဘုရား ) ။
            ဥပမာ ဝေဒနာဟောနေတဲ့ဆရာဆိုလို့ ရှိရင်လည်း ဝေဒနာကို ငြီးငွေ့လာအောင် ဟောနိုင်တဲ့ဓမ္မက ထိက ( တင်ပါ့ ) ဝေဒနာပေါ်၌ ဒကာ ဒကာမတွေ မှတ်ရိုးမှတ်တမ်းနဲ့ကို တစ်ခါတည်း နည်းနည်းမှ ဒီဝေဒနာ က္ခန္ဓာကြီးကို မရချင်တော့ပါဘူဆိုတဲ့ ဥာဏ်ပေါ်အောင် ဟောနိုင်တဲ့ ဓမ္မကထိက ( မှန်ပါ့ဘုရား ) ။
ဥာဏ်ပေါ်အောင် ဟောနိုင်ရမယ်
            ဝေဒနာချုပ်သွားလို့ရှိရင်ဖြင့် တပည့်တော်တို့ အလွန်ဆုံးကြိုက်မှာပဲဆိုတဲ့ ဥာဏ်ပေါ်အောင် ဟောနိုင် တဲ့ ဓမ္မကထိကမှသာလျှင် ဓမ္မကထိကလို့ ငါဘုရားကဆိုခြင်းငှာ ထိုက်တယ်လို့ ဆုံးဖြတ်ချက်ချသကွာတဲ့ (မှန်ပါ ) ၁ ။ နံပါတ် ၁ ။ နံပါတ် ( မှန်ပါ ) ။
            ဒါဖြင့် တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ရုပ်ဟောနေတဲ့ ဆရာတွေ့လို့ရှိရင် ရုပ်ပေါ်မှာ ငြီးငွေ့ မှု ၊ ကန့်ကွက်မှု ၊ ရုပ်ချုပ်တာကို သဘောကျမှု ၊ ဤကဲ့သို့ ခင်ဗျားတို့ စိတ်ထဲမှာ ပေါ်တဲ့ ပုဂ္ဂိုလ်မျိုးကို တရားနာရ လိမ့်မယ်။
            တရားနာမှုသည်ကားလို့ဆိုလို့ရှိရင် ဒကာစိန်ရေ ငြီးရအောင်လို့ နာရလိမ့်မယ်၊တဏှာပွားပြီး သကာလ ဟုတ်လား၊ တဏှာတွေပွားပြီးသကာလ ဘုံဘ၀တွေတောင့်တကြောင့်ကြပြီးနေတဲ့ ဥစ္စာက တဏှာပွားတာ ( မှန်ပါ့ ) ။
            ငြီးငွေ့တာပါရဲ့ လား၊ စွန့်လွှတ်ချင်တာပါရဲ့ လား ( မပါပါဘူးဘုရား ) အေး ခန္ဓာငါးပါးချုပ်ခြင်းကို သဘောကျပါရဲ့ လား ( မပါပါဘူးဘုရား ) ၊ အဲဒါမျိုးကို ငါဘုရားက ဒီလိုဟောနေတဲ့ပုဂ္ဂိုလ်ကို ဓမ္မကထိကလို့ ငါကမဆိုဘူးကွတဲ့ ( မှန်ပါ့ ) မဆိုသေးဘူးတဲ့၊ မဆိုသေးဘူးတဲ့ ( မှန်ပါ့ )။
            အဲဒီတော့ ဒကာ ဒကာမတို့ တရားဟောနာတဲ့အခါမှာလည်း ရွှေးရမယ့် ပုဂ္ဂိုလ်ပါလာတယ် ( ပါလာပါတယ်ဘုရား ) ။
ခန္ဓာကိုရွံမုန်းအောင်ဟောတတ်ရမယ်
            ဒီလိုပြောကြစို့ဆိုတော့ ခန္ဓာကိုယ်ကြီးကို ရှေးဦးစွာ ရွံမုန်းအောင်ဟောတတ်တဲ့ဆရာ၊ ခန္ဓာကိုယ်ကြီး ကို စွန့်ချင်တဲ့စိတ်ပေါ်ပေါက်လာအောင် ဟောတတ်တဲ့တရား ဟောဆရာ ( မှန်ပါ ) ။
            ခန္ဓာကိုယ်ကြီး ချုပ်သွားလို့ရှိရင်ဖြင့် သေသေချာချာကောင်းမှာပဲဆိုပြီး သကာလ စိတ်ထဲမှရောက် လာအောင် ဟောနိုင်တဲ့ ဓမ္မကထိကမျိုးမှာသာလျှင် ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဓမ္မကထိကလို့ ငါဆိုလိုက်တယ်ကွာ ( မှန်ပါ့ ) ။
            ဒါဖြင့် ဒကာ ဒကာမတို့ ယခုဘုန်းကြီးသည်ကားလို့ဆိုရင် ဝေဒနာအကြောင်းချည်းသာဟောနေ လိုက်တာ တစ်လခွဲ၊ နှစ်လလောက်ရှိနေပြီ၊ ဘုရးဟောတော်မူတာတွေနဲ့လည်း ကိုကတယ် ၊ ( မှန်ပါ့ဘုရား )
            ဝေဒနာယစေ ဘိက္ခု နိဗ္ဗိဒါယ ၀ိရာဂါယ နိရောဓါယ ဓမ္မံ ဒေသေတိ ဓမ္မကထိကော ဘိက္ခူတိ အလံ ၀စနာယ၊ 
            ဝေဒနာယ - ဝေဒနာကို နိဗ္ဗိန္ဒာယ - ငြီးငွေ့ခြင်းငှာ၊ နိဗ္ဗိန္ဒဥာဏ်လာအောင်ပေါ့ဗျာ၊ ၀ိရာဂါယ ဝေဒနာ ပေါ်၌ နှစ်သက်ခြင်းကင်းခြင်းငှာ၊ နိရောဓာထ ဝေဒနာချုပ် ပျောက်ခြင်းငှာ နိဗ္ဗာန်ရောက်အောင်ပေါ့ဗျာ၊ ဓမ္မံ - တရားကို။ ဒေသာတိ - ဟော၏ ဣတိ- ထို့ကြောင့် ဓမ္မကထိကောတိ ၊ ဣတိ - ထို့ကြောင့် ဓမ္မကထိကောတိ ဓမ္မကထိကမည်၏ ။ ဣတိ - ဤသို့၊ ၀စာနယ ဓမ္မကထိကဟုဆိုခြင်းငှာ ၊ အလံ - ထိုက်၏ ။
            တစ်ခါတည်း ဒီလိုပုဂ္ဂိုလ်မှသာလျှင် ဓမ္မကထိကဆိုတာပြောဆိုဖို့ ထိုက်သဟေ့လို့ ဘုရားကဟော လာပြန်တယ်… ( မှန်ပါ့ ) အလံဝစနာယကို ၀စနာယဆိုခြင်းငှာ အလံ - ထိုက်ပါတယ်တဲ့ ၊ အခုန ပြောခဲ့တဲ့ အင်္ဂါတွေနဲ့ညီအောင် ဟောနိုင်လို့ ရှိရင်ဖြင့် ဓမ္မကထိက၏ အဓိပ္ပါယ်ဟာ သေသေချာချာသက်ရောက်ပါတယ် ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့တရားနာလို့ရှိရင်ဖြင့် တရားဟောဆရာတွေ ၊ တရားဟောဆရာတော သမားတော်တွေ ဟောကြလိမ့်မယ်နော်။
ဘယ်လိုရှိမှ ဓမ္မကထိကဆိုထိုက်သလဲ
            ခင်ဗျားတို့က ငြီးငွေ့သည်တိုင်အောင် စွန့်လွှတ်ချင်သည့်တိုင်အောင် ခန္ဓာကိုယ်ကြီးချုပ်ငြိမ်းသွားလို့ ရှိရင်ဖြင့် အင်မတန်မှ ဆန္ဒပြင်းပြပြီး သကာလ လာသည့်တိုင်အောင်ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ဓမ္မကထိကဆိုခြင်းငှာထိုက်လေသောကြောင့် ခင်ဗျားတို့ ကြပ်ကြပ်နာပါ ( မှန်ပါ့ ဘုရား )။
            ကြပ်ကြပ်နာရမယ်တဲ့ ၊ အဲဒီလိုပဲ တရားနာနည်းကျ၊ ကနေ့တော့ ဒကာ ဒကာမတို့ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့မှတ်ထားစရာက ဝေဒနာပေါ်၌ ငြီးငွေ့ခြင်းငှာ ဝေဒနာကို စွန့်လွှတ်ခြင်းငှာ ဝေဒနာလုံးဝချုပ်ခြင်းငှာ၊ ဟောတဲ့ပုဂ္ဂိုလ်ကို ဓမ္မကထိကလို့ဆိုခြင်းငှာ ထိုက်တယ်လို့ ခင်ဗျားတို့ကလည်း မှတ်ဦး ( မှတ်ပါမယ်ဘုရား )။
ဝေဒနာသုံးပါးဒုက္ခသစ္စာ
            ဒါဖြင့် ဒကာစိန်ရေ - ဘုန်းကြီးတို့ ဝေဒနာကို ဒကာ ဒကာမတွေကို ဟောနေတဲ့ အခါကျတော့ သုခဝေဒနာကလည်း ဒုက္ခသစ္စာမို့ ခင်ဗျားတို့ သုခဝေဒနာနဲ့လည်းနေချင်သေးရဲ့ လား … ( မနေချင်ပါဘူး ဘုရား ) ဒုက္ခဝေဒနာကလည်းဖြစ်ပျက်ဆုံး ဒုက္ခသစ္စာဖြစ်လေသောကြောင့် ဒုက္ခဝေဒနာနဲ့ကော နေချင်သေး ရဲ့ လား … ( မနေချင်ပါဘူး ဘုရား ) ။ ဥပေက္ခာ ဝေဒနာကလည်းဖြစ်ပျက်ဆုံး ဒုက္ခသစ္စာဖြစ်လေသော ကြောင့်လည်း နေချင်သေးရဲ့ လား … ( မနေချင်ပါဘူး ဘုရား ) ။
            အေး - အဲဒီလို ခင်ဗျားတို့စိတ်ထဲမှာလည်း ငြီးငွေ့လာရမယ် ( မှန်ပါ ) ဟုတ်လား …။
            အဲဒီစောင့်နေတဲ့ ဥာဏ်လာတာဟာလည်း ဓမ္မကထိကကောင်းလို့ အဲဒါလာတာ၊ ဝေဒနာက္ခန္ဓာကြီး၊ ဝေဒနာတွေ အကုန် ဇာတ်သိမ်းသွားမယ်၊ ချုပ်ပျောက်သွားမယ်ဆို ၊ အားလုံး ဒကာ ဒကာမတွေ မကြိုက်ဘူး လား… ( ကြိုက်ပါတယ်ဘုရား ) ။
            အေး - အဲဒီလို ခင်ဗျားတို့ စိတ်ထဲမှာပေါ်လို့ရှိရင်ဖြင့် တဲ့ ခင်ဗျားသန္တာန်မှာ ခင်ဗျားတို့ ဆိုဆုံးမနေတဲ့ ဆရာဖြစ်စေ ၊ ဟုတ်လား - ဓမ္မကထိကဆိုခြင်းငှာ ထိုက်သည် ( မှန်လှပါဘုရား ) ။
ဒီသုံးမျိုးဟောနိုင်မှ ဓမ္မကထိက
            ခင်ဗျားတို့ စိတ်ထဲမှာ ဥာဏ်ထဲမှာ သုံးမျိုးပေါ်ပြီဗျ၊ ၁။ ငြီးငွေ့တယ် ၊ ၂။ စွန့်လွတ်ချင်တယ်၊ ၃။ ဝေဒနာ အကုန်ချုပ်ရင်ကြိုက်တယ် ၊ ( မှန်ပါ့ဘုရား )။
            ဝေဒနာတွေနဲ့အညီ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ဆရာတော် သမားတော်ဆိုရင်ဖြင့် ကြိုးစားပြီးနာကြပါ ( မှန်ပါ့ဘုရား ) ကြိုးစားပြီးနာကြပါ။
            ကဲ - ဒါဖြင့် ဒကာစိန်ရေ ဓမ္မကထိကအကြောင်း ကောင်းကောင်းသိပြီလား… ( သိရပါပြီဘုရား ) ၊     (၁) ငြီးငွေ့အောင်ဟောနိုင်မှတဲ့နော် ၊( ၂ ) စွန့်လွတ်ချင်အောင်ဟောနိုင်မှတဲ့ ( မှန်ပါ့ဘုရား ) ၊ ( ၃) ဝေဒနာတို့ ၏ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကိုလည်း အရောက် လိုချင်တဲ့ ဆန္ဒနဲ့ စိတ်နှစ်သက်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်မှ ဓမ္မကထိကတဲ့ ( မှန်လှပါဘုရား ၊ တပည့်တော် အသက်( ၇၀ ) ရှိပါပြီ၊ ဒီဘုန်းကြီးတစ်ပါးပဲ ဤကဲ့သို့ အဖြစ်အပျက်နဲ့ တကွ ဟောတာတွေ့ရပါတယ်ဘုရား ) ။
            ကိုင်း - ဒါဖြင့် ဒကာ ဒကာမ တို့ ၁ - နံပါတ်အကြောင်းကတော့ဖြင့် တရားဟောဘုန်းကြီး ရွှေးတာပဲရှိသေးတယ်၊ ၂- နံပါတ်အကြောင်းကဖြင့် ဒကာ ဒကာမတွေ အလှည့်ရောက်လာတယ်၊ အရေးကြီးတယ် မှတ်စမ်းပါ၊ ၂ - နံပါတ်အကြောင်းကလည်းအရေးကြီးလို့ ပြောရပါတယ် ( မှန်လှပါဘုရား ) ။
( ၂ )ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ
            ဒီနှစ်နံပါတ်အကြောင်းက ဘာတုံးလို့ မေးတဲ့ အခါကျတော့ကိုတဲ့ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ ဘုရားလို့ အခုနရဟန်းက ဒုတိယ ၂ - နံပါတ်နဲ့မေးပြန်တယ် ( တင်ပါ့ )။
            ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်၊ တရားအတိုင်းကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲဘုရားလို့ မေးတဲ့အခါ ကျတော့ ဘုရားကဖြေရှာပါတယ်။
            ဝေဒနာယ၊ စေဘိက္ခု နိဗ္ဗိဒါယ၊ ၀ိရာဂါယ နိရောဓါယ၊ ပဋိပ္ပန္နောဟောတိ ဓမ္မာနုဓမ္မပဋိပ္ပန္နော ဘိက္ခူ တိ အလံဝစာနာယ၊ 
            ဒါ ခင်ဗျားတို့ အလှည့်ရောက်လာတယ်၊ ဝေဒနာကို ငြီးငွေ့ခြင်းငှာ။ ငြီးငွေ့အောင်ပေါ့ဗျာ ကျင့်ရမယ် (မှန်ပါ့ )ဝေဒနာကို စွန့်လွတ်ချင်အောင် ခင်ဗျားတို့ကျင့်ရမယ် ။
တရားအတိုင်းကျင့်မှရမယ်
            ဝေဒနာချုပ်သွားလို့ရှိရင်ဖြင့် အင်း … အနာအကုန်ပျောက်သောကြောင့် ချမ်းသာတဲ့ နိဗ္ဗာန်ဆိုတာဟုတ်တယ်၊ ဝေဒနာချုပ်ရာသာကြိုက်တော့တယ်လို့ ခင်ဗျားတို့ ဒီအတိုင်းပေါ်တဲ့ ဥာဏ်နဲ့ ကျင့် မယ်ဆိုလို့ ရှိရင်ဖြင့် အဲဒါ ဓမ္မနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဖြစ်ပါသည် ( မှန်လှပါဘုရား ) ဟုတ်ပလား ( ဟုတ်ပါပြီ   ဘုရား) ။
            အဲဒီတော့ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာကတော့ ဒကာ ဒကာမတွေအားထုတ်မှလာတယ်၊ ဒီအတိုင်း ပုဂ္ဂိုလ်တွေမဖြစ်နိုင်ဘူး၊ ပုတီးစိပ်လို့မရဘူး ( တင်ပါ့ဘုရား ) ယောက်ျားလေးလိုချင်လို့ ယောက်ျား လေးဆုတောင်းပြီး ဥပုဒ်တွေ စောင့်လို့ရတာမျိုးမဟုတ်ဘူး၊ မိန်းကလေးဆုတောင်းလို့ မိန်းကလေးအဖြစ်ရ အောင်လို့ မိမိတို့ဝမ်းထဲရောက်အောင် ဆုတောင်းပြီးမွေးလို့ ဒီအရမျိုးမဟုတ်ဘူး ( မှန်လှပါဘုရား ) ။
ဝေဒနာဆိုတာနာမ်ဓမ္မလို့သိ
            သေသေချာချာကို ဒကာ ဒကာမတို့ ဝေဒနာ ခင်ဗျားတို့ ဖြစ်တာလေးရှေးဦးစွာ ဝေဒနာဆိုတာ နာမ်ဓမ္မပါလားလို့ ရှေးဦးစွာ သိရှိရင် နာမရူပ ပရိစ္ဆေဒဥာဏ်ကို အသိရှိ ၊ ဒီကစရလိမ့်မယ် ဒကာ ဒကာမတို့     ( မှန်ပါ့ ) ။
            ဝေဒနာဘယ်နှစ်မျိုးရှိသတုံး၊ (သုံးမျိုးရှိပါတယ်ဘုရား ) အဲဒီတော့ ဝေဒနာသုံးပါးရှိနေတာ ဒကာ ဒကာမတွေက အင်း ၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခာဝေဒနာ၊ ဝေဒနာသုံးမျိုးသာရှိတယ်ဆိုတာ သိတော့ ယောက်ျားတွေ၊ မိန်းမတွေရှိသေးရဲ့ လား ( မရှိပါဘူး ) ။
            အဲဒီတော့ ဝေဒနာဘယ်နှစ်မျိုးရှိ ( သုံးမျိုးရှိပါတယ် ဘုရား ) အခေါ်အဝေါ်ကော အထင်သာရှိ ( မှန်ပါ့ ) တကယ်ရှိတာက ဝေဒနာသုံးမျိုးသာရှိတယ်၊ အဲဒါကြောင့် အဲ … ဒီကစပြီး သကာလ ကျင့်ရမယ်၊ ( တင့်ပါ ) နာမပရိစ္ဆေဒဥာဏ်ဆိုတဲ့အတိုင်း ဝေဒနာဟာ နာမ်ပဲဗျ ။
            အဲဒီတော့ ဝေဒနာဟာ နာမ်ဖြစ်ပြီး သကာလနေသောကြောင့် ဝေဒနာဟာ နာမ်မှန်းသိကြပလား ( သိပါပြီဘုရား ) ။
ဒိဋ္ဌိတွေမလာတော့ဘူး
            ကောင်းပြီ ဒါဖြင့် စောစောသိနိုင်တဲ့ အသိစိတ်ရှိသေးတယ်၊ ဝေဒနာသည်ကားဆိုလို့ရှိရင် ဝေဒနာမှန်းသိ၊ ဝေဒနာမှန်းသိတဲ့အတွက် ငါဟာ ကောင်းစားနေတယ်ဆိုတဲ့ ဒိဋ္ဌိတွေမလာတော့ပါဘူး၊ ငါဖျားနေတယ်ဆိုတဲ့ ဒိဋ္ဌိတွေကော မလာတော့ပါဘူး ( မလာတော့ပါဘုရား ) ဒုက္ခဝေဒနာဆိုတာသာရှိတော့ တယ် ။
            ဒါတော့ ငါလစ်လျူရှုနေလိုက်တယ်ဆိုတဲ့ ဥပေက္ခာဝေဒနာကို ငါစွဲ၊ စွဲတာကောရှိသေရဲ့ လား… မရှိ တော့ပါဘူး၊ ဝေဒနာ ဝေဒနာ မှန်းသိပြီ ၊ ဝေဒနာဟာ နာမ်လို့သိပြီ ( သိပါပြီ ဘုရား )။
ဒီကစကျင့်ရမှာ
            အဲဒီလိုသိတဲ့ ဒကာ ဒကာမတွေကျတော့ အင်း… ( ဒိဋ္ဌိဝိသုဒ္ဓိ ဒိဋ္ဌိက - ဒိဋ္ဌိ၊ ၀ိသုဒ္ဓိ က စင်ကြယ်သော ကြောင့်၊ ဒိဋ္ဌိပြုတ်ပြီတဲ့ ဒကာ ဒကာမတွေတဲ့ ( တင်ပါ့ဘုရား ) အဲဒီက စကျင့်ရမှာ ( မှန်ပါ့ ) သို့သော် ဒကာ ဒကာမတွေက ရှိပြီးသားပါ ( မှန်ပါ့ ) ။
            ဒီစာနဲ့ တိုက်ဆိုင်လာလို့သာ ဒီကစပြောနေရတာပါ၊ တကယ်ကျင့်လာတဲ့ ဒကာ ဒကာမတွေကျ တော့ ၊ ဝေဒနာဟာ အလိုလိုပေါ်လာသလား ၊ ထိခိုက်မှုကြောင့် ပေါ်သလား … ( ထိခိုက်မှုကြောင့် ပေါ်ပါတယ် ဘုရား ) ။
            အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာဖြစ်တဲ့ သုခဝေဒနာဟာလည်း ဖဿကြောင့်ပေါ်လာတာ၊ ဒုက္ခဝေဒနာ ကြည့်လိုက်လဲ ဖဿကြောင့် ပေါ်၏ ၊ ဥပေက္ခာကြည့်လိုက်လဲ ဖဿကြောင့်ပေါ်၏ ။
ဝေဒနာဟာ ဖဿကြောင့်ပေါ်တာ
            ဝေဒနာဟာမိုးပေါ်က အလိုလိုပေါ်ပေါက်လား၊ (မဟုတ်ပါဘူးဘုရား ) ဖဿကြောင့်ဖြစ်တာမဟုတ် ဘူးလား၊ အဲဒီတော့ ဖဿ ပစ္စယာဝေဒနာ ဝေဒနာဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် ပါဠိတော်ကြီးကိုလည်း၊ ဖဿကအ ကြောင်း ဝေဒနာက အကျိုးပါလားလို့ ၊ အကြောင်းအကျိုးဆိုတာမသိသေးဘူးလား… ( သိပါတယ် ဘုရား ) ။
            အဲဒီတော့ ဒကာ ဒကာမတွေမှာဝေဒနာတွေရှုပြီးသကာလနေတာ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် အ ကြောင်းအကျိုးတွေရ၍နေတာပဲဆိုတော့ အကျိုးဝေဒနာက္ခန္ဓာကြီး ရှုနေတာပဲ ဆိုရင်ကော လွဲပါ့မလား ( မလွဲပါဘုရား ) ။
            ဖဿကအကျိုးပေးလိုက်တော့ အကျိုးဝေဒနာက္ခန္ဓာကြီးကတော်ကြာသုခပေါ်၊ တော်ကြာဒုက္ခပေါ်၊ တော်ကြာဥပေက္ခာပေါ်၊ အကျိုးဝေဒနာက္ခန္ဓာကြီးကပေါ်မနေဘူးလား၊ (ပေါ်နေပါတယ်ဘုရား ) ။
စင်ကြယ်တဲ့ဝိသုဒ္ဓိဖြစ်တယ်
            အင်း… အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတွေပဲ ရှိတယ်ဆိုတော့ သင်္ခါရုပက္ခာယ၀ိသုဒ္ဓိဆိုတော့ ၀ိစိ ကိစ္ဆာစင်ကြယ်တဲ့ ၀ိသုဒ္ဓိသွားဖြစ်တယ်၊ (မှန်ပါ့ ) ဒါက သူ့မူ ( တင်ပါ့ ) ရှင်းလိုက်ကြပါတော့ ၊ ဒကာ ဒကာမတို့ ။
ဖြစ်ပျက်ကစပြီးရှင်းရမယ်
            ရှင်းလိုက်ကြပါတော့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဘယ်ကနေရှင်ရမှာတုံးဆိုလို့ရှိရင် - သုခဝေဒနာလေးပေါ် လာတယ် ဒကာ ဒကာမတို့ ဥဒယဗ္ဗယဆိုတဲ့ ဖြစ်မှုက နှိပ်စက်လိုက်၊ ပျက်မှုကနှိပ်စက်လိုက်၊ ဟုတ်လား … ( မှန်ပါ့ ) ။
            အဲဒီဖြစ်မှု ပျက်မှုက နှိပ်စက်လိုက်တဲ့အခါကျတော့ ဝေဒနာကလေးဟာ ဝေဒနာအဖြစ်နဲတည်နိုင် တန့်နိုင်သေးရဲ့ လား ( မတည်နိုင် မတန့်နိုင်တော့ပါဘုရား ) မတည်နိုင်မတည့်နိုင်ဘူးဆိုတာကြီးဟာ၊ ဖြစ်ပျက်နှိပ်စက်သွားလို့ မထူနိုင် မထနိုင်ဘူးလို့ ၊ ဥာဏ်ကလေးက နောက်ကနေ ရှုပေးရမယ် ( မှန်ပါ့ ) ။
            ဝေဒနာလေးဖြစ်ပျက်သွားတာ ဥဒယဗ္ဗဒါန်ချကနဲ့ဟုတ်ပလား၊ အသက်ထွက်သွားတယ်ဆိုတာ ဘုန်း ကြီး ခဏခဏမပြောဘူးလား ( ပြောပါတယ်ဘုရား ) ၊အဲဒီကစပြီး ရှင်းရမယ် ။
            အဲဒီကဲ့သို့ ဖြစ်ပျက်တွေမြင်ပါများလာပြီဆိုမှဖြင့် ဒကာ ဒကာမတို့ မရွံပါနဲ့၊ မမုန်းပါနဲ့ဆိုလို့ရှိရင် ဖြစ်ပျက်ချည်းမြင်နေရတဲ့ဥစ္စာကြီး ဒကာစိန်ရေ အိမ်ဆောက်လိုက်၊ မီးလောင်လိုက်ဆိုတော့ ဒကာစိန်ကိုယ်တိုင်လည်း ဒီအိမ်ဆောက်ရင် ဒီမီးလောင်မယ်ဆိုတာသိတော့ ဒါလည်း မဆောက်ချင်ပါဘူး၊ ဒကာစိန်ရာ ကြည့်ကော ကြည့်ချင်သေးရဲ့ လား ( မကြည့်ချင်ပါဘူးဘုရား )။
ငြီးငွေ့ လာအောင်ကျင့်ရမယ်
            မင်းတို့ ဆောက်မီးလောင်မှာပါ၊ ငါလည်း ဂရုမစိုက်ချင်ပါဘူးကွာ ဆိုတော့ ငြီးငွေ့မလာဘူးလား၊       ( ငြီးငွေ့လာမှာပါဘုရား ) အဲဒိကဲ့သို့ ဒကာ ဒကာမတို့ ဖြစ်ပျက်ကိုမြင်ပြီဆိုမှဖြင့် ငြီးငွေ့လာအောင် ခင်ဗျားတို့ ကျင့်ရမယ် … ( မှန်ပါ့ဘုရား ) ။
            ဒါမှ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်တယ် ( တင်ပါ့ဘုရား ) ဒါဖြင့် ငြီးငွေ့ အောင်ကျင့်ကြပါဆိုတဲ့စကား သည်၊ ဘုရား ဟောတော်မူတာသည်၊ သံယုတ်ပါဠိတော်မှာ ဓမ္မကထိက ၀ဂ်သံယုတ်ပါဠိတော်မှာ ဤအတိုင်း လာတယ် ။
            အဲဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးခုက ၊ တစ်ခုတည်းနေတယ် ( မှန်ပါ့ ) ကိုင်း ရှေ့ ပိုင်းက ဘာကိုရှုရမှာလဲ မေးတော့ ဖြစ်ပျက်မြင်ရုံနဲ့မပြီးဘူး၊ ဝေဒနာကို ငြီးငွေ့သည့်တိုင်အောင် ရှုဖို့ အရေးကလိုသေး တယ်၊ ( တင်ပါ့ ) ရှင်းပလား ( ရှင်းပါပြီ ) ။
            ဒါဖြင့် ၁ - နံပါတ် ဖြစ်ပျက်မြင်အောင်ရှု ( မှန်လှပါဘုရား ) ဖြစ်ပျက်မြင်အောင် ရှုပါများလာတော့၊ ဒကာစိန်တို့လို ပုဂ္ဂိုလ်၊ ဒကာ ဦးလှဘူးတို့လို ပုဂ္ဂိုလ်တွေကျတော့ ၊ မငြီးငွေ့ပါနဲ့ဆိုလို့ ၊ တားလို့ပြုလို့ရသေးရဲ့  လား ( မရပါဘုရား ) ။
ကျင့်ကြံတဲ့တရားကလိုတယ်နော်
            အေး ငြီးငွေ့လာမှာပဲ ( မှန်ပါ့ ) ငြီးငွေ့သည့်တိုင်အောင် ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်မှ ဓမ္မာနဓမ္မပဋိပန္နပုဂ္ဂိုလ် ဖြစ်တယ်၊ ဆိုတော့ ကျင့်စဉ်လည်းပြောခဲ့တယ်နော်၊ ကျင့်စဉ်တရားကလိုပြန်တယ်၊ ( မှန်လှပါဘုရား )။
            အေး ဘုန်းကြီးများ ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ရုံနဲ့ မရပ်လိုက်ပါနဲ့ ၊ ဘယ်ကအောင်ခင်ဗျားတို့ ရှုရမှာလဲ၊ ( ငြီးငွေ့လာသည့်တိုင်ပါ ဘုရား ) အေး …။
            ဝေဒနာချုပ်သည့်တိုင်အောင် ဒကာစိန်ရေ ငြီးငွေ့ရွံ့ မုန်းလာသည့်တိုင်အောင်ပေါ့ဗျာ ( တင်ပါ့ ) အဲဒီကျအောင် ရှုပေးလိုက်စမ်းပါ ( မှန်ပါ့ ) ။
တရားနဲ့လျှော်အောင်ကျင့်တဲ့ပုဂ္ဂိုလ်
            အဲဒါမှ တရားအားလျှော်စွာကျင့်တဲ့ ပုဂ္ဂိုလ်၊ လောကုတ္တရာတရားနဲ့ လျှော်အောင်ကျင့်တဲ့ ပုဂ္ဂိုလ်ထဲပါဝင်သွားပြီ၊ ( မှန်လှပါ ) ဓမ္မာနုဓမ္မ ပဋိပန္န ပုဂ္ဂိုလ်ဖြစ်သွားပြီ ။
            ဒီလိုပုဂ္ဂိုလ်တွေပဲလားလို့ မေးတဲ့အခါကျတော့ အဲဒါတွေပဲကွတဲ့ နိဗ္ဗိဒါယ -ငြီးငွေ့ခြင်းမှာသာဖြစ်သေး ရဲ့ ၊ ဝေဒနာယ ဝေဒနာကုန်လို့ - ငြီးငွေ့ခြင်းငှာ၊ ၀ိရာဂါယ ကျအောင်ဆက်လက်ပြီး ကျင့် ။
            ၎င်း ဝေဒနာသည်၊ ဖြစ်ပျက်ပြီးရင်၊ ငြီးငွေ့ပြီးရုံနဲ့ မရပ်ပါနဲ့အုံး၊ တစ်ခါတည်း ဒီဝေဒနာကြီးကို စွန့်ချင် တဲ့မဂ်ဥာဏ်ပေါ်လာအောင် ရှုပေးတဲ့ ၊ ဒကာ ဒကာမတို့ ဘယ်အချေအနေရှုရမှာတုံး၊ (မဂ်ဥာဏ်ပေါ်လာ အောင် ရှုရမှပါဘုရား ) ။
            စွန့်ချင်တဲ့မဂ်ဥာဏ်ပေါ်လာအောင် မင်းတို့သည် ရှုပေးလို့ရှိရင်တဲ့ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်ပါပြီကွ တဲ့ ( မှန်ပါ့ ) အင်မတန် အဖိုးတန်သွားပြီနော် ။
ဆုတောင်းနဲ့ မရအလုပ်လုပ်မှပေါ်တာ
            အဲဒီတော့ ခင်ဗျားတို့ ဓမ္မ ပဋိပတ္တိ၊ ပဋိပန္နပုဂ္ဂိုလ်ဆိုတာသည်၊ ဒကာစိန်ရေ အလုပ်နဲ့ ပေါ်တာနော်၊ ဆုတောင်းနဲ့ ပေါ်တာမဟုတ်ဘူး၊ ဒကာစိန်သဘောကျပလား ( ကျပါပြီ ဘုရား ) ။
            ဣမာယဓမ္မာနု ဓမ္မပဋိ ပတ္တိယာနဲ့၊ မဆိုင်သေးဘူး၊ ( မဆိုင်သေးပါဘုရား ) မဆိုင်သေးဘူး၊ မဆိုင်သေးဘူး၊ ဒါအလုပ်နဲ့ပေါ်ရမယ် ( မှန်ပါ့ ) ။
            ကိုင်း ယခု ဒုတိယရလိုက်တာက ဘာပြောသလဲလို့ မေးလို့ရှိရင်ဖြင့် ကြပ်ကြပ်ရှုပေးပါ၊ ဒီဝေဒနာကြီးကို စွန့်ပစ်ချင်တဲ့ ဥာဏ်ပေါ်သည့်တိုင်အောင် ရှုပေးလိုက်ပါလို့ ဘုန်းကြီးကမပြောဘူးလား ( ပြောပါတယ်ဘုရား ) ။
ဘုရားဟောလို့ပြောရဲတာ
            အဲဒါ ဘုရားဟောလို့ပြောရဲတာ ( မှန်ပါ့ ) ၀ိရာဂါယ - ကို ၀ိရာဂါယ - ဝေဒနာပေါ်၌ စွန့်ချင်တဲ့ ဥာဏ်ပေါ်သည့်တိုင်အောင် ပေါ့ဗျာ၊ အဲဒိကဲ့သို့ စွန့်ပစ်ချင်တဲ့ ဥာဏ်ပေါ်သည့်တိုင်အောင်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှုပေးတော့၊ လောကုတ္တရာ တရားလျှော်သော လောကုတ္တရာတရားကို လျှော်အောင်စွန့်နေတဲ့ ဓမ္မာနု ဓမ္မပဋိပန္န ပုဂ္ဂိုလ် သေသေချာချာဖြစ်ပြီဟေ့လို့ ဘုရားက တာဝန်ခံတယ်၊ ( မှန်ပါ့ဘုရား ) ။
            ဓမ္မာနု ဓမ္မပဋိပန္နော ဘိက္ခူတိ အလံဝစာနာယ - ဘိက္ခူ - ရဟန်း ဓမ္မာနု ဓမ္မပဋိပန္နောဣတိ တရားအတိုင်း၊ လောကုတ္တရာ တရားအားလျှော်သော ၊ လျှော်သောအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်ဟူ၍ ၀စနာယ - ဆိုခြင်းငှာ အလံ - ထိုက်သွားပြီဟေ့ သူနိဗ္ဗာန်လျှော်အောင် ကျင့်ပြီဟတဲ့ ( မှန်လှပါဘုရား ) ။
            နိဗ္ဗာန်နဲ့လျှော်တဲ့ အကျင့်ကျင့်ပြီတဲ့ ( မှန်ပါ့ ) ဒါတင်ပဲလား ဆိုတော့ ဆက်ပါဦးတဲ့ကွာတဲ့ ဒါကတော့ ကျင့်ဖို့မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ၊ ဘယ်လိုဖြစ်ပေါ်လာသတုံးဆိုတော့ ၀ိရာဂါယ - ဆိုတော့ မဂ်ရနေပြီ ၊ ( မှန်ပါ့ဘုရား ) ။
            မဂ်ရနေတဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် တဲ့ ဘုရားက နိရောဓာရ ဒီမဂ်ကလေး သောတာပတ္တိ မဂ်ရရုံနဲ့ ရပ်မနေနဲ့ဦး ။ 
            ဒါ - မဂ်ကလေးရရုံနဲ့ ဖိုလ်ကလေးဆိုက်ရုံနဲ့ ရပ်မနေနဲ့ ရပ်မနေနဲ့ အုံး၊ တစ်ခါတည်းဝေဒနာနဲ့ အဆက်ပြတ်သည့် တိုင်အောင်၊ ဝေဒနာကြောင်းကို ချုပ်မှ နေရာကျမှာ တိုင်အောင် ကျင့်လိုက်စမ်းကွာ ။
အနဂါမ်နဲ့ တင်းတိမ်မနေနဲ့ 
            ဒီလိုနဲ့ ဝေဒနာက္ခန္ဓာကြီးကိုပင်လျှင် အကုန်နိဗ္ဗာန်ရောက်အောင် ကျင့်လိုက်ကွာ ၊ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်နဲ့ တင်းတိမ်မနေနဲ့အုံးကွာ၊ ဟုတ်လား ၊ ဝေဒနာကို ချုပ်ပျောက်သွားသည့် တိုင်အောင် နေရာကျအောင် ပေါ့၊ မင်းတို့သည်ကားလို့ဆို့ရင် ကြိုးစားလိုက်ပါဦး ဆိုတာကတော့ ဒကာ ဒကာမ တွေ ဒီ ဥစ္စာက ၊ ဘုရားသခင်ကိုယ်တော်မြတ်က နိဗ္ဗာန်ရောက်ပြီလို့ ပြောတာပါ ။
            ပြောတာပါ ဒီဥစ္စာကတော့ အထူးကျင့်စရာမလိုတော့ပါဘူး မလိုတော့ပါဘူးတဲ့ သို့သော် သောတပန်သက ဒါဂါမ်၊ အနာဂါမ်ကတော့ ရမယ် ။
            အဲဒီတော့ ဝေဒနာတွေနဲ့ ၊ သောတာပန် သကဒါဂါမ်၊ အနာဂါမ်ဆိုတော့၊ ဝေဒနာတွေက ရှိနေဦးမှာပေါ့၊ ဝေဒနာတွေရှိရင် ဝေဒနာတွေက ဒကာ ဒကာမ တွေ နှိပ်စက်နေဦးမှာပဲ ၊ ဟုတ်ဖူးလား ။
ရဟန္တာကြီးတွေလည်းမညှာဘူး
            အေးဒါကြောင့် သောတာပန်တို့လည်း ဓမ္မဖြစ်ပျက်တွေက ညှာမှာ မဟုတ်ဘူး၊ သကဒါဂါမ်တို့ကော ( ညှာမှာမဟုတ်ပါဘုရား ) ဘယ်ညှာမလဲဗျာ၊ ရှင်မောဂ္ဂလန်ကြီး ခိုးသားတွေ ရိုက်လိုက်တာ ညှာသေးသလား ( မညှာပါဘုရား ) ရဟန္တာ ပုဂ္ဂိုလ်ကြီးပဲဗျာ ။
            ရှင်သာရိ ပုတ္တရာကြီးတော့ ၊ သွေးဝေဒနာကြီးနဲ့ဗျာ၊ အဲဒီတုန်းကအစ ညှာသေးသလား ( မညှာပါ ဘုရား ) အဲဒီတော့ ဒီခန္ဓာကြီးမရှိမှာပဲ ဝေဒနာလုံးဝ ချုပ်မှာပဲ၊ ဝေဒနာက္ခန္ဓာကြီးလုံးဝ ချုပ်သည်တိုင်အောင်ပဲ ကျင့်လိုက်ကြတာပေါ့ဗျာ ( မှန်လှပါဘုရား )။
            အဲဒီကဲ့သို့ ကျင့်တဲ့ ပုဂ္ဂိုလ်ကျတော့မှ ဘုရားကပါဋ္ဌိနဲ့ ဟောလိုက်တဲ့အခါကျတော့-
            ဝေဒနာယ စေဘိက္ခု နိဗ္ဗိဒါယ ၀ိရာဂါယ နိရောဓါယ ပဋိပန္နော ဟောတိ ဓမ္မာနုဓမ္မပဋိပန္နော ဘိက္ခူတိ အလံဝစာနာယ - ဒီလိုဟောလိုက်တယ် ။
            ဝေဒနာယ ဝေဒနာကို နိဗ္ဗိန္နာယ - ငြီးငွေ့အောင်ရှုနော်၊ ဝေဒနာပေါ်တဲ့ဆီ ဘယ်တော့မှ တဏှာမလာ အောင် ကျင့်လိုက်၊ အဲဒီဆီ လူချမ်းသာ နတ်ချမ်းသာကလာဦးမှာကိုး ။
            လူချမ်းသာနတ်ချမ်းသာ သွားဆုတောင်းတော့ လူ့ဒုက္ခ၊ နတ်ဒုက္ခဆိုတဲ့ ဝေဒနာက္ခန္ဓာကြီးက မရဘူးလား၊ အေး ဝေဒနာက္ခန္ဓာ ဒုက္ခသစ္စာကြီးကိုရမှာစိုးတယ် ဘုရားက ၊ မှန်ပါ့ ။
ဝေဒနာလုံးလုံးချုပ်မှနေရာကျမှာ
            ဒါကြောင့် ဝေဒနာယ - ဝေဒနာကို ၀ိရာဂါယ - နည်းနည်းမှ မလိုချင်တပ်ခြင်းကင်းခြင်းငှာ ၊ ဒီလိုလည်းကျင့်ပေးကြပါတဲ့ ၊ မဂ်ပေါ်နေအောင် ကျင့်ပေါ့ဗျာ၊ ( မှန်ပါ့ ) နိရောဓါယတဲ့ဝေဒနာလုံးလုံးချုပ်မှသာ လျှင်နေရာကျမှာပဲ ကျအောင်တော့ ကျင့်လိုက်စမ်းပါ ။
            အဲဒီလိုကျင့်လို့ မဂ်စစ်ပေါ်မှ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်နိုင်တယ်၊ ဒီလိုပုဂ္ဂိုလ်ကိုလည်း ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်လို့ငါက ဆိုနိုင်ပါတယ်ကွတဲ့ ၊ ရှင်းပလား - ( ရှင်းပါပြီ ) ။
            အေး - ဓမ္မနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်စေလိုတော့ ဒကာ ဒကာမတို့ လုပ်ရမယ့် အလုပ်စဉ် ၊ ( မှန်လှပါဘုရား ) ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်အောင် ခင်ဗျားတို့ ဘယ်လိုလုပ်မလဲလို့ ဆိုလို့ရှိရင် ဝေဒနာကို ငြီးငွေ့သည့်တိုင်အောင် ရှုပါ၊ ( မှန်ပါ ) ဝေဒနာကို စွန့်ချင်သည့်တိုင်အောင်ရှု ၊ ဝေဒနာကို ဆုံးအောင်မြင့်သည့် တိုင်အောင်ရှု ၊ ဝေဒနာကို အကုန်ချုပ်ရင် ကောင်းလေစွ ဆိုတာ ပေါ်သည့်တိုင် အောင်ရှုပေး ။
သေက္ခပုဂ္ဂိုလ်
            အဲဒီကဲ့သို့ ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မနုဓမ္မပဋိပန္နပုဂ္ဂိုလ်လို့ ဘုရားကဆိုလိုက်ပြီ ၊ ( မှန်ပါ့ ) ဆိုတာပေါ့ဗျာ သေက္ခပုဂ္ဂိုလ် တစ်ခါတည်း ၊ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင်ပဲ၊ ရောက်သွားပြီ လို့ပြောတာ၊ ရိပ်မိပလား ( ရိပ်မိပါပြီ ဘုရား )။
            အဲဒါကြောင့် အဋ္ဌကထာဆရာက ၂ - နံပါတ်ဆိုတာတဲ့သေက္ခပုဂ္ဂိုလ်အတွက်တဲ့ သေမ္ခဆိုတာ   သောတာပန် သကဒါဂါမ် အနာဂါမ်ကိုဆိုတာ ( မှန်ပါ့ဘုရား ) ။
            အဲဒီတော့ ဒကာ ဒကာမတို့ အဲဒီကျအောင် ကျင့်ရင်ဖြင့် ခင်ဗျားတို့ သောတာပန် သကဒါဂါမ် အနာဂါမ်ကျအောင် သေသေချာချာဖြစ်မယ် ( မှန်ပါ့ ) ။
            ငြီးငွေ့အောင်ရှု၊ စွန့်တဲ့စိတ်လာအောင် ရှုပေး၊ ရှုရှုပေး ၊ ဟုတ်လား အဲဒီကဲ့သို့ ဒီနှစ်ချက်အောင်လို့ရှိ ရင် သေက္ခပုဂ္ဂိုလ် အတွက် ။
            အဲဒီတော့ ကျုပ်တို့သည် ဓမ္မာနု ဓမ္မပဋိပန္န ပုဂ္ဂိုလ်ဆိုတဲ့ အထဲသို့ ခင်ဗျားတို့ ကျုပ်တို့သည် ရောက်ပါပြီ၊ အဲဒါ သေက္ခပုဂ္ဂိုလ် ( မှန်ပါ့ဘုရား ) ၊ ဓမ္မာနုဓနမ္မပဋိပန္နပုဂ္ဂိုလ် ( မှန်ပါ့ ) ။
ဓမ္မာနုဓမ္မပဋိ ပန္နပုဂ္ဂိုလ်ဆိုတာ
            ဘုရားဟော ဓမ္မနု ဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ မသိဘဲနေမှာစိုးလို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်သွားပြီပြောတာကွတဲ့ အဋ္ဌကထာဆရာကနော် ။
            အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီးအရှုခိုင်းနေတဲ့နေတိုင်း ဝေဒနာကို ငြီးငွေ့ပြီးလာအောင် ရှုစမ်းပါ၊ စွန့်လွတ်ချင်လာအောင်နော်၊ စွန့်လွှတ်ချင်လာအောင်ရှုလိုက်၊ ရှုလိုက်ကြလို့ ရှိရင်ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပဲ အဋ္ဌကထာဆရာကလည်း ရပြီဟေ့တဲ့ ၊ ဓမ္မာနု ဓမ္မပဋိပန္န ပုဂ္ဂိုလ်ကို ဖြစ်နေပဟ ( မှန် ပါ့ ) ။
            ဒကာစိန်ရေ သိပ်ပြီး အားရှိစရာကောင်းသနော် ၊ ရှုကြစမ်းပါ၊ ရှုကြစမ်းပါဆိုတာ ဘုန်းကြီးတိုက်တွန်း တာကနည်းနည်း၊ ခင်ဗျားတို့ ရှုလိုက်လို့ အမြတ်ထွက်မှာက များများပါ ( မှန်ပါ့ဘုရား ) ဟုတ်လား ။
            ဒါ ရှုရမှာက နည်းနည်းပါ၊ အမြတ်ထွက်မှာက သိပ်များတယ်ဆိုတာ သဘောကျပလား ( ကျပါပြီ ဘုရား ) ။
            ကိုင်း - ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားဟာ သိပ်အဖိုးတန်လို့ ယနေ့ပြောနေရတယ် ။ တတိယမေးခွန်းက ရဟန်းက မေးပြန်တယ် ။
( ၃ ) ယခုဘ၀နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်
            အရှင်ဘုရား ယခုဘ၀ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဆိုတာ တပည့်တော်သိချင်တယ် ( မှန်ပါ့ ) အမယ် မေး ချက်ကတော့ကောင်းလိုက်တာ၊ မေးချက်ကတော့ သိပ်ကောင်းတယ် ဒကာ ဒကာမတို့ ( မှန်ပါ့ဘုရား ) ။
            ယခုဘ၀ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဆိုတာ တပည့်တော်သိချင်တယ် ၊ ဟိုး … အလွယ်ကလေး ရဟန်းက တဲ့ ၊ ယခုဘ၀နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဟာ သူ့အလုပ်စဉ်ကြည့်လိုက်ရင် သိသာပါတယ်ကွ တဲ့ ။
            လာပြန်ပြီဟေ့ ဒကာစိန်က
            ဝေဒနာယ စေဘိက္ခုနိဗ္ဗိဒါ ၀ိရာဂါ နိရောဓါ အနုပ္ပာဒါ ၀ိမုတ္တောဟောတိ ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တောဘိက္ခူ တိ အလံ ၀စာနာယ 
            ဒိဋ္ဌဓမ္မ နိဗ္ဗာနာယ အလံဝစာနာယ - ချက်ချင်း ဒီဘ၀နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ် လို့ဆိုတယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ် ( မှန်ပါ့ ) ဒါဘာကြောင့်တုံးဆိုတော့ ၊ ဝေဒနာယ ဝေဒနာကို၊ နိဗ္ဗိဒါ - ငြီးငွေ့ခြင်းကြောင့်၊ ၀ိရောဂါ - တပ်ခြင်းကင်းခြင်းကြောင့် ဝေဒနာ ပစ္စယာတဏှာ သေသွားတာ လိုချင်သေးရဲ့ လား ( မလိုချင်ပါဘူးဘုရား ) နိရောဓါ - ဝေဒနာ၏ ချုပ်ခြင်းကြောင့်၊ အနုပါဒါ အနုပါဒါယ - ဘယ်ဟာမှမဆက်၊ ဘယ်ဟာမှ မစွဲလမ်းမူ၍ ၊ ၀ိမုတ္တော - လွတ်သောပုဂ္ဂိုလ်ကို ဒိဋ္ဌဓမ္မနိဗ္ဗနပ္ပတ္တောတိ - ယခုဘ၀ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ဟူ၍ ဘိက္ခု - ရဟန်း ၊ ၀စာနာယ ဆိုခြင်းငှာ အလံ သေသေချာချာထိုက်သွားတယ်ကွာ ။
            တစ်ခါတည်း ခင်ဗျားတို့ ဝေဒနာရှုနေတဲ့ပုဂ္ဂိုလ်သည်တဲ့ဝေဒနာနိရောဓေါတိ ဝေဒနာကလည်း လိုချင် မှုမရှိပါဘူး ။ ဝေဒနာကလိုချင်မှုမရှိတော့ဘူး၊ ဝေဒနာကို ဘယ်ဝေဒနာကြိုက်သေးသတုံး၊ ခန္ဓာငါးပါးနဲ့ မစွဲလမ်းတော့ဘူးတဲ့ ။
ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်
            တစ်ခါတည်း ဝေဒနာကို ခင်တွယ်တဲ့သမားတွေ အကုန်လိုက်မသွားသေးဘူးလား (လိုက်သွားပါ တယ်ဘုရား ) ၊ အဲဒီလိုလိုက်သွားတယ်ဆိုရင်ဖြင့် ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်၊ ဒိဋ္ဌဓမ္မက - ယခုဘ၀ ၊ နိဗ္ဗာနက ငြိမ်းအေးတယ်၊ ယခုဘ၀တွင် နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်လို့ဆိုမယ်ဆိုကွာတဲ့ ။
            ကိုင်း ဒကာ ဒကာမတို့ အင်မတန်အားရှိ စရာကောင်းပါလား ( ကောင်းပါတယ်ဘုရား ) အင်မတန် အားရှိစရာကောင်းပါတယ် ။ 
            အင်မတန်အားရှိစရာကောင်းပါတယ်၊ အဲဒါကြောင့် ဒကာ ဒကာမတွေက ထင်မှာပေါ့ ၊ သြော် - ဒို့သည်ကားလို့ဆိုလို့ရှိရင် ဆရာဘုန်းကြီးကလည်း ဝေဒနာတွေချည်း ရှုခိုင်းတယ် ငြီးငွေ့ပြီလားလို့ဆိုရင် ငြီးငွေ့လာရင် အားကျလိုက်ပါ၊ ငါဒီဘ၀ကို နိဗ္ဗာန်ရမှာဟ ( မှန်ပါ့ ) ။
ဒီဘ၀နိဗ္ဗာန်ရမယ်
            ဝေဒနာကြီးကိုပဲ ရကိုမရချင်တော့ပါဘူးဆိုလို့ရှိရင်  အင်း - ဒါကတော့ ဖြစ်မှာ ဘုရားဟောတော်မူတဲ့ အတိုင်း ဝေဒနာလုံးဝ မရချင်လို့ရှိရင်လည်း ဒီဘ၀ နိဗ္ဗာန်ရနိုင်တယ် ။
            တဏှာ၊ မာန ၊ ဒိဋ္ဌိတို့နဲ့ ဘယ်တော့မှသူတို့အပေါ်စွဲလမ်းခြင်းမရှိတော့ဘူးဆိုတော့လည်း ခင်ဗျားတို့ သန္တာန်ပေါ်လာလို့ရှိရင် ယခုဘ၀နိဗ္ဗာန်ရပြီလို့ ငါဘုရားက သူတို့အတွက်ဆိုလိုက်ပါတယ်ကွာတဲ့၊ ဆိုတော့ ဒကာ ဒကာမတို့ ယနေ့တရားက အလုပ်လုပ်တဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် စိတ်နှလုံးချလုံးအတော်ကောင်းပါ တယ် ။
တို့သည်ဘယ်အချိုးအစားထဲကပါလိမ့် 
            အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်တွေအတွက်မှာတော့ သူ့မှာ ဒါလောက် ကျေးဇူးမများဘူး၊ အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ၊ အင်း … တို့သည်ကားလို့ဆိုရင် ဘယ်အချိုးအစားထဲကပါလိမ့် ၊ ဘယ်ရောက်မှာပါ လိမ့်မတုံးလို့မေးတော့ ၊ ကွာတဲ့ …. ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်ဆိုတာ တခြားအောက်မေ့မနေပါနဲ့ ယခုဘ၀နိဗ္ဗာန ပုဂ္ဂိုလ်လို့ဆိုရမယ် ။ 
            ဝေဒနာရှု၍နေခြင်းကြောင့်တဲ့ ဝေဒနာအပေါ်၌ ခင်တွယ်မှုတဏှာသေခြင်းကြောင့် ဝေဒနာချုပ်ရာ နိဗ္ဗာန်ကြီးကိုလည်း အလင်းဓာတ်ကြီးမြင်နေခြင်းကြောင့် ဝေဒနာသုံးမျိုးအပေါ် ၌ဘယ်ဟာမှမခင်တွယ်ခြင်း ကြောင့် ယခုအခြေနေမျိုးရောက်အောင် ဒကာ ဒကာမ တွေကြိုးစားလို့ရှိရင်ဖြင့် အင်း … နိဗ္ဗာန်ယခုဘ၀ရ မယ်လို့ ဟောထားပြန်တော့ ဒကာစိန်ရေ ခါးတောင်ကြိုက်မဖြုတ်နဲ့နော် ( မှန်ပါ့ဘုရား ) ။
ခါးတောင်းလည်းကြိုက် အလုပ်လည်းလုပ်ပါ
            အေးအားရှိတယ်ဆိုမှ ခါးတောင်းကြိုက်ပြီး ဘာမှ မလုပ်ဘဲနေလို့လဲမဖြစ်ဘူး၊ မဟုတ်ဘူးလား၊ အင်း ခါးတောင်းကြိုက်ပြီး ဒီအတိုင်းနေလို့လည်းမဖြစ်သေးပါဘူး၊ အင်းနိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစားလုပ်လိုက် လို့ရှိရင် ဒိဋ္ဌဓမ္မောတိ ပစ္စက္ခောအတ္တဘာဝေါလို့ဖွင့် ထားတယ် ၊ ပစ္စက္ခော ဆိုတာ ယခုပစ္စက္ခ၊ ဒိဋ္ဌဓမ္မောတိ ပစ္စက္ခောလို့ဟုတ်လား၊ ယခုဘ၀ ပစ္စုပ္ပန္နောလို့ ဆိုလိုက်တော့ ယခုဘ၀ ၊ ယခုပစ္စုပ္ပန်ခဏ၌ကိုပင်လျှင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရနိုင်တယ်တဲ့ ။
            ဝေဒနာပေါ်၌ ငြိးငွေ့အောင်ရှု၊ မလိုချင်အောင်ရှု၊ ရှုခဲ့လို့ ရှုတုန်းတန်ပြီဆိုမှဖြင့် ယခုဘ၀နိဗ္ဗာန်ရနိုင်တဲ့ ပုဂ္ဂိုလ်လို့ ငါဘုရားကဆိုလိုပါတယ်၊ ဆိုတော့ဘယ်လောက်အားရှိစရာကောင်းလဲဟေ့ ဒကာစိန်က အားရှိစရာသိပ်ကောင်းတယ် ။
            ခင်ဗျားတို့အတွက်မှာဖြင့် အင်မတန်ထူးတဲ့ကံကြောင့် ဒီလိုအားကိုးလောက်တဲ့စကားတွေ အားကိုး လောက်တဲ့တရားတွေ ဦးလှဘူးတို့ ဒကာစိန်တို့ကြားရတယ် ။
ပါရမီထူး ၊ ဘုန်းထူး ၊ ကံထူး ၊ ဥာဏ်ထူး တွေ 
            ဘုရားကိုယ်တော်တိုင်ဟောတာ၊ သူများပြောလည်း မဟုတ်ဘူး ၊ ဟုတ်ဖူးလား၊ ဘုရားကိုယ်တော် တိုင်ဟောရတာကိုလည်းကြားရပြန် ကိုယ်လုပ်နေတဲ့အလုပ်နဲ့လည်းကိုက်ပြန်ဆိုတော့ ဒကာစိန်ရေ အရင့်အရင်က ကျုပ်တို့ သည်ကားလို့ဆိုရင် ပါရမီထူး၊ ဘုန်းထူး ၊ ကံထူး ၊ ဥာဏ်ထူးဆိုတာ ခင်ဗျားတို့အ တွက်အမတန်ဝမ်းသာဖို့ကောင်းပါတယ် ။
            အင်မတန်ဝမ်းသာဖို့ကောင်းပါတယ် ဒကာ ဒကာမတို့ ကြည့်စမ်း ဒီသုံးချက်မှာ ဒုတိယအချက်ထဲ လည်း ကျုပ်တို့အတွင်းဝင်နေကြပြီ၊ တတိယအချက်ထဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေငြီးငွေ့နေပြီဗျ ( မှန်လှပါဘုရား ) ။
            ကိုင်း တချို့ကလည်း စွန့်လွှတ်ဖို့ရာတဲတဲပဲကျန်တော့တယ်ဗျ ၊ အဲဒီတော့ ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်အမျိုး အစား၌ သေသေချာချာဆိုက်ရောက်ပါပေါ့လား၊ ဟုတ်ပလား၊ သေသေချာချာဆိုက်ရောက်ပြီးသကာလ နေ ကြပြီ၊ ဒါကြောင့် ဒကာ ဒကာမတို့ ပန်းတိုင်နားရောက်နေမှ မဆွတ်ဘဲနဲတော့ မပြန်ပါနဲ့ ( ဟုတ်ပါတယ် ဘုရား) ။
ပန်းဆွတ်ဖြစ်အောင်ဆွတ်ပါ
            ပန်းတိုင်ဆွဲလိုက်တဲ့အခါကျတော့ အောင်ပွဲယူတာမဟုတ်လား၊ ငါက ပန်းရတယ်၊ သူကပန်းရတယ်၊ ရေတွေမြောကြတယ်၊ ဟုတ်လား၊ အဲဒီပန်းတိုင်နားရောက်နေမှဖြင့်ဟယ် မဆွတ်သေးပါဘူးလို့မပြန်လိုက်ပါ နဲ့ ၊ မပြန်လိုက်ပါနဲ့၊ နိဗ္ဗိန္ဒဥာဏ်ဆိုတာငြီးငွေ့တဲ့ဥာဏ် ( မှန်ပါ့ ) 
            ၀ိရာဂ ဆိုတာက၊ တကယ်ကို ဝေဒနာကြီးကိုရှင်းပစ်ချင်တဲ့ ဥာဏ်ပဲ၊ အဲဒီဥာဏ်ရောက်လာအောင် ဒကာ ဒကာမတွေ ကြိုးစားလိုက်ပါ၊ အဲဒါပန်းတိုင်ဖြစ်တယ် ။
            အဲဒီတော့ ဒိဋ္ဌဓမ္မနိဗ္ဗာနပုဂ္ဂိုလ်ဖြစ်သည့်တိုင်အောင်ဖြင့် ဒကာစိန်ရေ လုပ်လိုက်၊ ( လုပ်မှာပါဘုရား ) ဟုတ်လား၊ ဒိဋ္ဌဓမ္မ နိဗ္ဗာန ပုဂ္ဂိုလ်၊ ဒိဋ္ဌဓမ္မဆိုတာ ယခုဘ၀ ၊ နိဗ္ဗာနဆိုတာငြိမ်းအေးတာ ၊ ဟာ ယခု ဘ၀ငြိမ်းအေးပြီးရမယ့် ပုဂ္ဂိုလ် ( မှန်လှပါဘုရား ) ။
စွန့်လွှတ်ချင်တဲ့ဥာဏ်ရအောင်လုပ်စမ်းပါ
            နိဗ္ဗိန္ဒဥာဏ်ကနေပြီး စွန့်လွှတ်ချင်တဲ့ ဥာဏ်ရအောင် သွားလိုက်ကြစပ်းပါလို့ ၊ သေသေချာချာသတိ ပေးနေတယ်။
            ကိုင်းဒါဖြင့် ယနေ့ဟောတဲ့အချက်သုံးချက်သည် ဒကာစိန်ရေ အင်မတန် အသုံးကျတယ်၊ ပထမတရားနာနည်းလည်းခင်ဗျားတို့ရကြပြီ၊ ကိုယ်တိုင်ကျင့်တဲ့အခါ ဘယ်ရောက်အောင်ကျင့်ရမယ်ဆိုတာ ကော ( ရပါပြီဘုရား ) ရပြီ ၊ နိဗ္ဗိန္ဒဥာဏ်ကနေပြီး လွတ်မြောက်ချင်တဲ့ ဥာဏ်ရအောင် ကျင့်ကွ ( မှန်ပါ့ ) ။
            အဲဒီလိုကျင့်ပြီးပါပြီ ဘုရားဆိုတော့ ၊ အိုဒါတွေတွေ့တော့ ယခုဘ၀ နိဗ္ဗာန်ရမယ်ပုဂ္ဂိုလ်လို့ကိုယ့်ကိုယ် ကိုယ်ဆုံးဖြတ်ချက်ချလိုက်တာပေါ့ကွတဲ့ ၊ ကိုင်း ဘယ်လောက်အဖိုးတန်သွားသလဲ သေချာပြီ ။
            သူများပြောလား၊ ကိုယ်တော်ကြီးကိုယ်တိုင်ပြောတာလား ( ဘုရားကိုယ်တော်တိုင် ပြောတာပါ ဘုရား ) အေးဒါကြောင့် ။
ဇေတ၀န်ကျောင်းမှာဟောပါတယ်
            ဒီပါဠိတော်ကို သေသေချာချာသာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ ရဟန်းတစ်ပါးကမေးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဖြေထုတ်တာပါဆိုတာကိုလည်း သဘောကျပလား ( ကျပါပြီ ဘုရား ) ။
            ဟောတော့ ကျုပ်တို့ဖြင့် အားကိုးလုံးကြီးနဲ့ တွေ့ပြီးဒကာစိန် ( တင်ပါ့ဘုရား ) ။ အားလျှော့စရာတစ် ကွက်မှ မရှိပါဘူး ၊ အားလျှော့စရာမရှိပါဘူး အားလုံးပဲ အပြည့်အစုံရပြီသကာလနေပါပြီ ။
            ကိုင်း - ဒါဖြင့် ကျုပ်တို့နေ့တိုင်းလုပ်နေတဲ့အလုပ်သည် ဒကာ ဒကာမတို့ ချက်ချင်းပဲ ၊ ဒီဘ၀နိဗ္ဗာန်ရ နိုင်တဲ့ဥစ္စာကိုဘုရားသခင်ကိုယ်တော်မြတ်ကြီးက ထောက်ခံချက်ပေးပြီ၊ မပေးဘူးလား( ပေးပါတယ်ဘုရား )။ 
ဘုရားက တစ်ခွန်းနဲ့ အမှန်ဟောတယ်
            အေးဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထောက်ခံချက်ပေးတယ်ဆိုသဖြင့် အဒွေဇ္ဈဝစနာ ဗုဒ္ဓာတဲ့ ဒကာစိန်၊ ဗုဒ္ဓာဘုရားသခင်ကိုယ်တော်မြတ်ကြီးတို့သည် အဒွေဇ္ဈဝစနာ နှစ်ခွန်းမပြောကုန် ကြည့်စမ်း ဒီအတိုင်းလာတဲ့ဥာဏ်ကနေပြီး နိဗ္ဗိန္ဒဥာဏ်ကနေပြီး စွန့်လွှတ်ချင်တဲ့ ဥာဏ်သာ စွန့်မိလို့ရှိရင်ဖြင့် ယခုဘ၀ နိဗ္ဗာန်ကြီးကို ဒိဋ္ဌဓမ္မရောက်မည့်ပုဂ္ဂိုလ်ဖြစ်ပါသည်လို့ တစ်ခွန်းတည်းသုံးသွားတယ်။
            တစ်ခွန်းတည်းသုံးသွားတဲ့အတွက် ဒကာ ဒကာမတို့ဆယ့်တစ်မီးငြိမ်း၍ အအေးဓါတ်ကြီးဆိုတဲ့နိဗ္ဗာန် ဓါတ်ကြီးဆိုတဲ့ နိဗ္ဗာန်ဓါတ်ကြီးဟာ ၀င်းမလာဘူးလား ( ၀င်လာပါတယ် ) အဲဒါကြောင့် ဒကာ ဒကာမ တို့ အား ထုတ်တဲ့အခါကျတော့ ဆယ့်တစ်မီးများငြိမ်းတဲ့အခါ တယ်သိသာသကိုးဗျ ( မှန်ပါ့ ) ။
မီးဆယ့်တစ်မီးငြိမ်းတယ်
            ဆယ့်တစ်မီးများငြိမ်းသွားလို့ ၊ သောတာပတ္တိ မဂ်ရလို့သောတာပတ္တိမဂ်နဲ့ဆိုင်တဲ့ ဆယ့်တစ်မီးများ ငြိမ်းလိုက်တယ်လို့ ဆိုရင်ပဲ ၊ အင်မတန်အဘိုးတန်တဲ့ အအေးဓာတ်ကြီးဟာဝမ်းထဲကို ရောက်ပြီးလာတော့ တာပေါ့ဗျာ၊ ဒါကြောင့် ဟဒယ သုသီတလ မဂ္ဂဒဿနေန သန္တာပဋ္ဌောကိုဗျာ ဟဒယ သုသီတလ မဂ္ဂဒဿနေ န နှလုံးထဲငြိမ်းအေးခြင်းလက္ခဏာရှိသော မဂ္ဂသစ္စာပေါ်အောင် ထင်ရှားအောင်လို့ ပြပြန်တယ် ။ 
            အားထုတ်တဲ့ ပုဂ္ဂိုလ်များအတွက် ငြိမ်းအေးဓါတ်လာလို့ရှိရင် ငါဘာဖြစ်သတုံးဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချနိုင်အောင်လို့ ( မှန်ပါ့ ) ဒါကြောင့် အရေးတကြီးထားပြီးပြောနေတာ ။
            ဟဒယသုသီတလမဂ္ဂဒဿနေန နှစ်လုံးတွင် ငြိမ်းအေးခြင်းသဘောရှိသော မဂ္ဂသစ္စာဝမ်းထဲရောက် သဖြင့်၊ မဂ်ကလေးကတော့ ၀မ်းထဲရောက်ပြီဆိုပါတော့ဗျာ ( မှန်ပါ့ ) ။
            သန္တာပဋ္ဌော၊ ထောင့်ငါးရာကိလေသာမီး၊ တစ်ဆယ့်တစ်ပါးသော မီးတွေငြိမ်းခြင်းသည် ဟောတိ ယောဂီပုဂ္ဂိုလ်၏ ဥာဏ်ထဲ၌ထင်လာ၏ ။
ဘာအေးတာနဲ့မှမတူဘူး
            ခုနက ၀ိရာဂါယ - ဖြစ်ပြီဆိုမှဖြင့် ရာဂကလေးများ ကင်းပြီဆိုမှဖြင့် နှလုံးထဲကို မဂ်ကလေးကလည်း ရောက်လာတော့ ငြိမ်းအေးသွားတဲ့သဘောဟာ ဘာအေးတာနဲ့မှ မတူဘူးတဲ့ ( မှန်ပါ့ဘုရား ) တစ်ခါတည်း အေးပေမှာပဲ ၊ ပဋိသမ္ဘိဒါ မဂ်ဋိကာ ဆရာ အကျယ်ဖွင့်တဲ့အတိုင်း အေးပေမှာပဲ ( မှန်ပါ ) ။ 
            ခင်ဗျားတို့နေ့တိုင်း နေ့တိုင်းဟာက လောဘမီး၊ ဒေါသမီး ၊ မောဟမီးတွေက ပူလောင်နေတာ၊ ဣဿမီး ၊ မစ္ဆရိယမီး ၊ မာနမီးတွေဟင် ဒါတွေဟာလောင်ပြီး သကာလနေတော့ အငြိမ်းပြုစုလို့ရလား ….     ( မရပါဘုရား ) ။
            တွေးလေဆွေးလေ ၊ တွေးလေဆွေးလေ၊ အဲဒီတော့ မနေ့ညကလည်း မသက်သာ၊ ညကျတော့ ညရေးစိုးရိမ်ရ၊ နေ့ကျတော့ နေရေးအတွက်စားဖို့ သောက်ဖို့ရှာရလို့ပြည့်စုံမှု စိုးရိမ်ရကြောင့်ကြရ၊ အမလေး အမြဲပူလောင်နေတာပါလား ။
            အဲဒီပူလောင်စာကြီးဟာ၊ ခုနကဝေဒနာပေါ်၌ သိနိုင်တဲ့ ဥာဏ်ကလေးဟာ ဖျတ်ခနဲ ၀မ်းထဲပေါ်ပေါက် ရောတဲ့ဗျာ၊ ဒီအပူလေးတွေဟာ အကုန်ငြိမ်းသကာလ ဒကာ ဒကာမ တို့အေးပြီးသကာလ သွားတော့တာပဲ ။
            မဂ်စစ်လာပြီဆိုမဖြင့်လေ၊ ကိလေသာမီးတွေအကုန်ငြိမ်းပြီးအအေးဓါတ်ကြီးချည့်ပဲ၊ အားလုံးဆိုမှဖြင့် ခန္ဓာကိုယ်ထဲအကုန်သိမ်းပြီးဝင်လာတော့တာပဲ ( မှန်လှပါဘုရား) ဒကာစိန်ရေ လောဘတို့ မောဟတို့ ဆိုတာ ဒီက ဒီက လာတာ ( မှန်ပါ ) ။
အအေးဓါတ်ဝမ်းထဲရောက်လာတယ်
            ကိလေသာမီးတွေငြိမ်း၊ အအေးဓါတ်အကုန်သိမ်းကြုံးပြီးသကာလဟာ ၀မ်းထဲရောက်လာတယ်၊ အဲဒီရောက်လာတာတွေက ဘာတွေတုံးလို့မေးတဲ့အခါကျတော့ မဂ်စစ်တွေ ၊ ( မှန်ပါ့ )။
            ကိလေသာမီးတွေ အကုန်ငြိမ်းလို့ အေးချမ်းတဲ့တရားဝမ်းထဲရောက်လာတော့၊ အအေးကြီးမအေးပေ ဘူးလား - ( အေးပါတယ်ဘုရား ) ခါတိုင်းကတော့ အမြဲတမ်းဖုတ်ပူမီးတိုက်၊ ငါးရံ့ ပြာလူးဆိုသလိုနေရတာ၊ မဟုတ်ဘူးလား … ( ဟုတ်ပါတယ် ) ။
            အေး ဖုတ်ပူတွေထဲပြေးရတဲ့အခါကျတော့ ခြေထောက်ကလေးတကြွကြွနဲ့ မီးမြှိုက်တဲ့အခါကျလို့ရှိ ရင်ဖြင့် တွန့်လိမ်ပြီးသကာလနေတုံး၊ ( ဟုတ်လား ) ၊ ငါးရံ့ ပြာလူး ဆိုတဲ့ဥစ္စာသည် အရှင်ကြီးလူးနေတော့ လှိမ့်ခံပြီး နေရတော့တာပေါ့ ။
            အဲဒီကဲ့သို့ ခင်ဗျားတို့မှာ လောဘမီး ၊ ဒေါသမီး၊ မောဟမီး တွေက ဒီနေရာကုလားထိုင်ပေါ်ထိုင်နေလို့ လည်းမပြီးသေးဘူး၊ ထိုင်နေလို့ မပြီးသေးဘူးဆိုလဲ ထရပြန်ရော ၊ထနေလို့လဲ မပြီးသေးဘူးဆိုပြန်တော့ လည်းဆိုပြန်တော့လည်း ထိုင်ရပြန်ရော၊ ( မှန်ပါ့ ) ။
ကိလေသာမီးလောင်နေတယ်
            အေး - ထိုင်ရ၊ ထရနေလို့လည်း မပြီးသေးဘူး၊ အိပ်ရင်လည်း အိပ်လိုက်အုံးမှ မအိပ်ပြန်ရောဂါလာ လိမ့်အုံးမယ် ( မှန်ပါ့ ) ဒီလိုပဲရောဂါကြောင့် နေရတာကတစ်မျိုး၊ ထိုင်နေရင်း မတ္တနဲ့ ကိလေသာဝင်လာလို့ သွားလိုက်ဦးမှထင်ပါရဲ့ ဆိုတဲ့ အပူမီး လောင်နေတော့ ဒီနေရာက မထိုင်နိုင် ( မှန်လှပါဘုရား ) ။
            သွားနေရာကတစ်ဖန် နောက်ကစိတ်မချလို့ ပြန်လှည့်လာရပြန် ( မှန်လှပါဘုရား ) ကိုင်း ဒကာ ဒကာမတို့ ထိုင်ရင်လည်း အပူလောင် ထရင်ကော … ( အပူလောင်ပါတယ်ဘုရား ) ။
            ကိုင်းအိပ်ဦးမှ ထင်ပါရဲ့ ဆိုတော့ ဒကာ ဒကာမတို့ မအိပ်ရင်ရောဂါရချေရဲ့ ဆိုပြီး သကာလ အပူ လောင်လို့ သွားအိပ်ရပြန်တယ် ( မှန်ပါ့ ) ။
            အမလေး ဒကာ ဒကာမ တို့ထိုင်နေပြန်ကော ၊ ထိုင်နေလို့ရသလား ( မရပါဘူးဘုရား ) ထနေပြန်ကော … ( မရပါဘုရား ) အိပ်နေလို့ကော … ( မရပါဘုရား ) အိပ်နေပြန်တော့၊ မနက်မိုးလင်းလာ တော့အိပ်နေလို့ဖြစ်သေးဘူး၊ နေဖို့၊ စားဖို့၊ သောက်ဖို့ သားရေးသမီးရေးရှိသေးတယ်ဆိုပြီး၊ အပူမီးက ထတောက်လိုက်တာနဲ့ ထရပြန်ရော … ( တင်ပါ့ ) ဟုတ်ပလား ။
            အဲဒီတော့ ခင်ဗျားတို့က အိပ်နေလည်းလောင်တယ်၊ ထိုင်နေကော … ( လောင်ပါတယ် ) သွားနေ ကော … ( လောင်ပါတယ် ) အဲဒီတော့ဒါကြောင့်လည်းသွားရင်းလည်းလောင်တယ်၊ အိပ်ရင်လည်းလောင် တယ်၊ ထိုင်ရင်းလည်းလောင်တယ်ဆိုတော့ ဒကာစိန်ကခပ်ကပ်ကပ်ခွေနေပါလားဗျာ ( မှန်ပါ့ဘုရား ဒီလိုမနေတော့ပါဘူး ) ။
            ခွေနေလည်း လောင်ဦးမှာဘဲ ခွေနေလို့မဖြစ်သေးဘူး၊ ဟုတ်ပလား ၊ ညစာမနက်စာက လိုသေးတယ်၊ ဘယ်သူမှ ချက်ကျွေးမှာမဟုတ်ဘူး … ( မှန့်ပါဘုရား ) ဒကာစိန်အတွက်ကလေ၊ စားဖို့သောက်ဖို့လုပ်ရဦးမယ်ဆိုပြီး၊ ခွေရင်းနဲ့အပူလောင်တာနဲ့ထရပြန်ပြီ ( မှန်ပါ့ ) ။
မဂ်ဥာဏ်လာမှအကုန်ငြိမ်းတယ်
            ဒါဖြင့် ဘယ်လိုနေမတုံးဗျာ ဘယ်လိုမှနေလို့မရတော့ဘူး၊ လောင်နေမှာပဲ၊ အဲဒါတွေဟာကိလေသာ မီးတွေက အကုန်ငြိမ်း၊ ( မှန်လှပါဘုရား ) ။
            ထိုင်နေလည်းထိုင်အေး၊ ထနေကော ( ထအေးပါဘုရား ) ။ အေးအိပ်နေကြတော့ကော ( အိပ်အေး ပါဘုရား ) ၊ ကွေးနေပြန်တော့ကော ( ကွေးအေးပါဘုရား ) ၊ အဲ … အဲဒီလိုနေတော့ သူ့သွားပြီးသကာလ ဘယ်အပူမီးကမှ မလောင်နိုင်တော့ဘူး၊ မဂ်ရေစင်တည်းဟူသောတရားက ၀မ်းထဲမှာရောက်သွားတော့လေ. ( မှန်ပါ့ ) တစ်ခါတည်းအေးနေရုံရှိတော့တာပဲ ။
            ဒါကြောင့် ပဋိသမ္ဘိဒါမဂ်ဋီကာ ဆရာတော်က ဟဒယ သုတိတလမဂ္ဂဒဿနေန သန္တာပဋ္ဌော။
            ဟဒယသုသိတလ မဂ္ဂဒဿနေန နှလုံးတွင်းငြိမ်းအေးခြင်းလက္ခဏာရှိအောင် မဂ္ဂသစ္စာဝမ်းထဲ ရောက်မှသာလျှင် သန္တာပဋ္ဌော - ကိလေသာအပူမီးကြီး နဂိုကလောင်နေတာ သိရပေတော့တယ်တဲ့ ။
နဂိုကအပူလောင်နေတာ
            ယောဂီတွေအားထုတ်တဲ့ ပုဂ္ဂိုလ်မှာလက်ဦးကအပူလောင်နေတာ ခုမှပဲကင်းပေတော့တယ်တဲ့ ၊ နဂိုကအပူလောင်နေတာ အခုမဂ်ရောက်လာတော့မှ အေးသွားတော့မှ နဂိုကဘာ ဖြစ်နေတယ်ဆိုတာ အခုမှလုံးလုံးကြီးပေါ်လာတယ် ( မှန်ပါ့ဘုရား ) ။
            အခုတော့ ဒကာ ဒကာမတွေက ဟုတ်လား ၊ ငရုတ်သီးပိုးဖြစ်နေတာ ၊မသိဘူး၊ ဂွကျလိုက်တာက (မှန်ပါ့ ) ငရုတ်သီးက ပင်ကိုက အပူကိုဗျ ၊အပူကိုစားတာဖြစ်နေတယ် ။
            အပူတွေကဆိုက်နေပြီ ၊ ညည်းစရာလိုသေးလား ( မလိုပါဘုရား ) အပူထဲမှာမွေး၊ အပူထဲမှာနေ ၊ အပူထဲမှာသေ ၊ ဒီလိုဖြစ်နေတော့ ပူတယ်ဆိုတာညည်းသေးရဲ့ လား ။ ( မညည်းတော့ပါ ဘုရား ) ။
            ဘာပြုလို့လဲဆိုတော့ အအေးဘယ်တော့မှ မမြင်ဘူးသေးလို့ ( မှန်လှပါဘုရား ) ၊ ဟုတ်ပလား ။
ဝေဒနာစွန့်ချင်တဲ့ ဥာဏ်ရအောင်ရှုပေး
            အဲဒီတော့ ဒကာ ဒကာမတို့ ဒီကရှေ့ ၊ နိဗ္ဗိန္ဒဥာဏ်နဲ့ တရာိးကိုရှု၊ ရှုပြီးပြီအခြားမဲ့၌ ဒါတွေဒါတွေဝေဒ နာကြီးကို စွန့်လွှတ်ချင်တဲ့ဥာဏ်ရအောင် ရောက်သည့်တိုင်အောင် ၊ ရှုပေးလိုက်စမ်းပါ ဒကာစိန် ( မှန်လှပါ ဘုရား ) ။
            အဲဒီကဲ့သို့ ရှုပေးလိုက်ပြီဆိုမှဖြင့် ၀ိရောဂေါတိမဂ္ဂေါ ဆိုတဲ့အတိုင်း ရာဂကင်းသွားတဲ့ ဥစ္စာသည်ကား ဆိုလို့ရှိရင် မဂ်ပေါ်လာတယ် ။
မဂ်ပေါ်လာရင်ဆယ့်တစ်မီးငြိမ်းတယ်
            မဂ်ပေါ်လာရင် ခင်ဗျားတို့ ဆယ့်တစ်ပါးသော ကိလေသာမီးတွေ ကငြိမ်းအေးပြီး သကာလသွား တော့တယ်၊ ဆိုတာကိုယ်ဟာကိုယ်သိပါတယ်၊ ဟုတ်ပလား ( ဟုတ်ပါပြီ ) ။
            သူများမေးရမှာလား ၊ ကိုယ်တိုင်သိရမှာလား .. ( ကိုယ်တိုင်သိရမှာပါဘုရား ) အေးကိုယ်တိုင်သိနေ တယ်ဆိုတဲ့ အဓိပ္ပါယ်မို့ ဧကန်ရောက်၊ တကယ်ရောက်ဖြစ်နေသောကြောင့် အင်းဒီအလုပ်သည်ကားဆိုလို့ရှိ ရင်ဖြင့် အေးချင်လို့လုပ်တာဖြစ်တော့ ခင်ဗျားတို့က အအေးကိုယူလိုက်ကြပ်ပါလို့ ဆရာဘုန်းကြီးက တိုက်တွန်းတယ် ( မှန်လှပါဘုရား ) ။
            ခင်ဗျားတို့က အေးချင်လွန်းလို့တဲ့ အချိန်ရှိတုန်း လျှောက်လုပ်နေရတယ်၊ ကြီးတဲ့အခါအေးအေးလေး နေနိုင်အောင်လို့၊ အဲဒီအအေးက အလကား၊ ( မှန်ပါ့ ) ကြီးပူ၊ ပူဦးမှာပဲ ၊ ငယ်ပူ ၊ ပူပြီးသကာလ အလတ်ပူ ၊ ပူဦးမှာပဲ ၊ အလတ်ပူ ပူပြီးသကာလ ကြီးတော့ အပူကကော … ( ပူဦးမှာပါဘုရား ) ။
အသက်ကြီးရင်အေးအေးနေဖို့တဲ့ 
            အဲဒီတော့ ဒါအလကားပြောနေတာ ဒကာ ဒကာမတွေ ကြီးတော့ အေးအေးလေးနေထိုင်နိုင်ဖို့ ယခုအရွယ်ရှိတုန်းရောင်းရတယ် , ၀ယ်ရတယ် ၊ စုဆောင်းပြီးသကာလနေရတယ် ၊ ချွေတာနေရတယ်၊ ကြီးတဲ့အခါကျလို့ရှိရင် အေးအေးလေးနေရအောင်လို့ ပြောတယ်။ မထူးလာပါဘူးစိတ်ချပါ ။
            မအေးပါဘူး စိတ်ချပါ ၊ ကြီးတော့ကြီးပူလာဦးမှာပဲ ၊ ဟုတ်ဘူးလား၊ ကြီးတဲ့အခါကျတော့လည်း ကြီးပူလာဦးမှာပဲ ၊ မထူးပါဘူး၊ ငယ်တုန်းကလည်း ငယ်ပူနဲ့နေခဲ့ရတယ်၊ အလယ် အလတ်မှာလည်း အလတ်ပူနဲ့နေခဲ့ရပြီ ( မှန်လှပါဘုရား )။
အိုလာတော့အိုပူနဲ့ပါပဲ
            ကြီးတဲ့အခါကျမှပဲ ဇာတ်သိမ်းဦးမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား … ( မဖြစ်နိုင်ပါဘူး ) ငယ်တုန်းက အပူလေးမွေးလာတဲ့ ဥစ္စာပဲ အရွယ်လတ်တုန်းကျတော့လည်းအပူနဲ့ပေါ့၊ ( မှန်ပါ့ ) အိုလာတော့ကော ( အပူနဲ့ ပါဘုရား ) ။
            အေး သေခါနီးတောင် ခင်ဗျားတို့ အပူလောင် သေဦးမှာ ၊ ( မှန်ပါ့ ) ၊ အေး ဒါကြောင့် မြန်မြန်လုပ်ပါ လို့ပြောရတယ်၊ အပူလောင်သေတာက သားစိတ်မချ၊ သမီးစိတ်မချ၊ မျက်ရည်လေးကလယ်ကလယ်နဲ့ အခွဲ ကြီးခွဲရတော့မယ်ဆိုပြီး သကာလအပူမီးလောင်ပြီး သေလို့ မျက်ရည်တွေကို စီးကျတဲ့မျက်ရည် တွေကိုသွား ကြည့်စမ်း ဒကာစိန် ၊ နွေးလို့ ( မှန်ပါ့ ) အတွင်းဘယ်လောက်ပူတယ်ဆိုတာ ( မှန်ပါ့ ) ။
မျက်ရည်ကနွေးနေတယ်
            တော်တော်ဆူတဲ့နေရာနဲ့ မျက်ရည်နဲ့ဟာ အတော်ဝေးတယ်၊ ဆူတဲ့နေရာက ၀မ်းဗိုက်ထဲမှာဆူတာ ၊ မျက်ရည်က ပျော်ပြီးသကာလ လမ်းလျှောက်အေးလာတာတောင်မှ စမ်းကြည့်စမ်း၊ လက်ပေါ်ကျတော့လည်း မျက်ရည်က နွေးနေတာ ၊ ( မှန်လှပါဘုရား ) ၊ မဟုတ်ဘူးလား ။
            အမလေး ဒကာ ဒကာမတွေ အဲဒီကဲ့သို့ သားစိတ်မချ၊ သမီးစိတ်မချနဲ့ ၊တစ်ခါတည်း၊ အတွင်းဘယ် လောက်အပူလောင်သလဲ ၊ မျက်ရည်တောင်နွေးပူလာတယ်ဆိုတာ သဘောကျပလား ( ကျပါပြီ ) ။
မျက်ရည်တွေအေးနေတယ်
            အခုဘုန်းကြီးပြောနေတဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ၀ိပဿနာဥာဏ်က အားထုတ်လိုက်လို့ တစ်ခါတစ်လေများ ငိုချင်လာလို့ မျက်ရည်တွေကျတာတောင် စမ်းသပ်ကြည့်ပါတဲ့ ဒကာစိန်ရ မျက်ရည်တွေ အေးနေတာ ( မှန်လှပါဘုရား ) ဥာဏ်မဂ်ကိုဗျ ။
မျက်ရည်ချင်းတောင်မတူဘူး 
            ဥာဏ်နဲ့ရှုလို့ရတဲ့မျက်ရည်၊ ဥာဏ်နဲ့ရှုလို့ရတဲ့ မျက်ရည်တဲ့ ဥာဏ်အားထုတ်လို့ရတဲ့မျက်ရည်၊ (မှန်ပါ့ ) အဲဒါကျတော့အေးတယ်၊ ခုနက ဒေါသနဲ့ထွက်တဲ့မျက်ရည်ကတော့ ( ပူပါတယ် ဘုရား ) မျက်ရည်ချင်း တောင်မတူဘူးဗျ ၊ ( မှန်လှပါဘုရား ) ။
            အဲဒါမဂ်ဥာဏ်မရသေးဘူး၊ မဂ်ဥာဏ်ရမယ်လို့ ရှေ့ တော်ပြေးလေး၊ ဥဒယဗ္ဗယဥာဏ်နဲ့ ဖြစ်ပျက်ရှု နေတုန်းကိုပဲ၊ ငိုချင်လာတာတွေ ၀မ်းသာလို့ မျက်ရည်ထွက်လာတာတွေ ( မှန်ပါ့ဘုရား ) ။
            ငိုလို့မျက်ရည်ထွက်လာတာတွေ ၊ မျက်ရည်ချင်းစမ်းကြည့်ပါ ဒကာစိန်ရ ၊ ခင်ဗျားဘယ်နှယ့်ထင် သလဲ ( အေးမှာပါပဲဘုရား ) ။
ပီတိကြောင့် မျက်ရည်ထွက်လာ
            အေးမှာပဲဆိုရင်တော့ မျက်ရည်ပြင် မထွက်ဖူးသေးဘူး ထင်တယ် ခင်ဗျား ၊ ( မှန်ပါ့ မထွက်ဖူးသေးပါ ဘုရား ) မထွက်ဖူးသေးဘူး တစ်ခါမှမျက်ရည်မထွက်ဘူးသေးဘူး ၊ အဲဒီတော့ လူတိုင်းတော့ ဘယ်ထွက်မလဲ ပေါ့ဗျာ ။ 
            တချို့ ကျတော့လည်း ဥာဏ်အားနဲ့ပဲ ပြီးရတယ်၊ အဲဒါတချို့ ကျတော့လည်း မျက်ရည်ထွက်လာတယ် ပီတိ၊ ၀မ်းမြောက်တာတွေကြောင့်လည်း မျက်ရည်ထွက်လာတယ် ။
မိလိန္ဒမင်းကြီးကမေးတယ် 
            အဲဒီမျက်ရည်တွေသည်ကားလို့ဆိုရင် ဘယ်မှာဟောသတုံးဆိုတော့ ရှင်နာဂသိန်နဲ့ မိလိန္ဒမင်းကြီးဆို တာရှိတယ် ၊ မိလိန္ဒမင်းကြီးက အရှင်ဘုရားတဲ့ ရယ်တဲ့ ပုဂ္ဂိုလ်လည်းမျက်ရည်ထွက်တာပဲ ၊ငိုတဲ့ပုဂ္ဂိုလ်လည်း မျက်ရည်ထွက်တာပဲ ၊ ဘာများ ထူးသတုံးဘုရား ။
ရှင်နာဂသိန်ကဖြေတယ်
            မျက်ရည်သည်ကားလို့ဆိုရင် ဘေးရှိတဲ့မျက်ရည်၊ ဘေးမရှိတဲ့မျက်ရည် ပြောစမ်းပါဦးဘုရား ၊ ဆိုတော့ ၀ိပဿနာဥာဏ်အားထုတ်လို့ပေါ်လာတဲ့ မျက်ရည်တွေကျတော့ ဆေးမျက်ရည်အေးတယ် ( မှန်ပါ့ ဘုရား ) ။
            သားရေးသမီးရေး စီးပွားရေးကြောင့် ပျက်စီးထွက်ရတဲ့ မျက်ရည်သည်ကားလို့ဆိုရင် ဘေး ၊ ဘေးမျက်ရည်တဲ့ ၊ ရိပ်မိကြပလား ( ရိပ်မိပါပြီ ) ။
            အဲဒီတော့ ဒကာ ဒကာမတွေက ရှေးကထွက်ခဲ့တဲ့ သမုဒ္ဒရာရေလေးစင်းရေလောက်များတယ် ၊ ဆို တာ ဘေးကြောင့်ထွက်တဲ့မျက်ရည် ၊ ( ဟုတ်ပါတယ်ဘုရား ) ။
ဆေးမျက်ရည်အေး
            ဆေးအဖြစ်နဲ့ ထွက်တဲ့မျက်ရည်အေးပြောကြစမ်းပါဦး ၊ တရားအားထုတ်လို့မဟုတ်လား ၊ ၀မ်းသာတာနဲ့ လည်း ထွက်လာမှာပါပဲ ။ ဟုတ်ပလား ( ဟုတ်ပါတယ်ဘုရား ) ။
            ဒါ လူတိုင်းတော့ ထွက်လာမှာမဟုတ်ဘူးပေါ့ဗျာ ၊ တချို့ ကျတော့ အရောင်အဆင်းအလင်းနဲ့ပဲပြီး သွားမယ်။ 
            အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဝမ်းသာမျိုးလေးတွေ့ အောင်ထိုင်၊ ပီတိခန်းကျတော့လာတယ်နော် - ( မှန်ပါ့ ) ပီတိခန်းကျတော့လာတယ်၊ သြဘာသ၊ ပီတိ၊ ပဿတိဆိုတော့၊ ဥဒယဗ္ဗယဥာဏ်ရင့်သန်လာတဲ့ အခါကျတော့ ဒကာစိန်ရေ - ပီတိတွေဟာ ၀မ်းသာလာလိုက်တာ မျက်စိထဲကမျက်ရည်တွေ တစ်ပေါက် ပေါက်ကျတယ် ( မှန်လှပါဘုရား ) ။
ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်
            ဘယ်တုန်းကမှ မတွေ့ဘူးတဲ့ အာရုံတွေ့ရတာကိုဗျ ၊ အဲဒီကဲ့သို့ တွေ့ တဲ့အခါကျတော့ ၀မ်းမသာဘဲနေနိုင်ပါ့မလား ၊( မနေနိုင်ပါဘုရား ) ၀မ်းသာတယ်ဆိုရင်ပဲ မျက်ရည်တွေက စီးလာအောင် မကျ ပေဘူးလား ( ကျပါတယ်ဘုရား ) ။
ဥာဏ်ကြောင့်ဖြစ်တဲ့မျက်ရည်
            အေးဒါတွေသည်ကားဆိုလို့ရင်ဖြင့် ဥာဏ်ကြောင့်ဖြစ်တဲ့မျက်ရည်တွေဖြစ်လာသောကြောင့် ဒကာ ဒကာမတို့ ထွက်ကောင်းတဲ့မျက်ရည်ဗျ ၊ အဲဒီမျက်ရည်စမ်းသမ်ကြည့်ရင်အေးရမတဲ့ ( မှန်ပါ့ ) ။
            ခင်ဗျားတို့ ဒေါသကြောင့် ဖြစ်တဲ့မျက်ရည်တွေကတော့ ( ပူပါတယ်ဘုရား ) အင်း - ဒါကြောင့် ဘုန်းကြီးသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ကို သတိပေးရတယ် ( မှန်လှပါ ) ။
            မျက်ရည်အေးလေးကျလို့ရှိရင်ပေါ့ဗျာ ၊ခင်ဗျားတို့ စိတ်ချရတဲ့ လမ်းနီးနေပြီ ၊ မျက်ရည်ပူကြီးတွေနဲ့ ဆိုရင်ဖြင့် မျက်လုံးကိုတစ်ခါတည်းနီပြီး သကာလပွတ်ထားလိုက်တာလဲလွန်လို့ ၊ ဘာဖြစ်လို့လဲမမေးရပါဘူး၊ စိတ်ဆိုးလာတယ်ပြောမှာပါပဲ ( ပြောပါတယ်ဘုရား ) ။
            အဲဒါ မစီစစ်ရဘူးလား ( စစ်ရပါတယ်ဘုရား ) အေးဒါကြောင့် ဥာဏ်နဲ့ရတဲ့ မျက်ရည်က ဆေးမျက်ရည်လား ( ဆေးမျက်ရည်ပါဘုရား ) ။
ဘေးမျက်ရည်နဲ့ ဆေးမျက်ရည်
            သားရေး ၊သမီးရေး ၊ စီးပွားရေးနဲ့ ရတဲ့ မျက်ရည်က ( ဘေးမျက်ရည်ပါဘုရား ) ဘေးသင့်တဲ့မျက်ရည်နဲ့ ဆေးမျက်ရည်ကို ဆေး မျက်ရည်ချည်းကျအောင်ဖြင့် ဒကာ ဒကာမတွေ ကြိုးစားလိုက် ကြပါဦး၊ ၀မ်းသာလုံးဆို့အောင်ပေါ့ဗျာ … ( မှန်လှပါဘုရား ) ။
            အဲဒီလိုပဲ ဒကာ ဒကာမတွေ ဆုတွေ လာဘ်တွေ အင်မတန် အဘိုးတန်ပြီဆိုတဲ့ အချေအနေရောက် မှ စိတ်ချလက်ချနေလိုက်ကြစမ်းပါ၊ ( မှန်ပါ့ ) စိတ်ချလက်ချနေလိုက်ကြစမ်းပါ ။
စိတ်ချစရာနည်းနည်းလိုသေးတယ်
            ယခုအချိန်မှာလည်း ဒကာ ဒကာမတွေ စိတ်ချစရာတွေ နည်းနည်းလိုနေသေးတယ်၊ စိတ်ရှုတဲ့ ဒကာ ဒကာမတွေဖြစ်ပျက်မြင်ကြပါတယ်၊ ဥဒယဗ္ဗယရပါတယ်၊ တချို့ လည်း ငြီးငွေ့လာတယ် ။
            သို့သော အချက်ကလေးတွေက ၊ တစ်ချက်လောက်နှစ်ချက်လောက်ကျန်ကျန်နေသေးတယ်၊ ဒကာစိန်ရ - ( မှန်ပါဘုရား ) အဲဒီကဲ့သို့ မကျန်ရအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ၊ သေသေချာချာ ကြိုးစားလိုက်မယ် ဆိုရင်တော့ဖြင့် ဒိဋ္ဌဓမ္မ နိဗ္ဗာန ပုဂ္ဂိုလ်ထဲဝင်အောင်လုပ်လိုက်ပါ ( မှန်လှပါ ဘုရား ) ။
            ဒိဋ္ဌ ဆိုတာက ယခုဘ၀ ၊ ဓမ္မဆိုတာက ကိုယ်ကိုယ်တိုင် အားထုတ်မည့် တရား ၊ နိဗ္ဗာန ပုဂ္ဂိုလ်ဆိုတာက မဂ်ရလို့ရှိရင် တကယ်တမ်းကိလေသာမီး ၊ ဟုတ်လား ၊ အပူမီးတွေ ၊ အပူငြိမ်းပြီးသကာလ နိဗ္ဗာန ဓါတ်ကြီးရတယ်လို့ပြောတာ ။
            ကိုင်း ဒကာ ဒကာမတို့ သေသေချာချာကြိုးစားရင် ၊ သေသေချာချာရမယ် ဆိုတာသည် ပေါ်လာကြ ပလား ( ပေါ်လာပါပြီဘုရား ) ။
ဓမ္မကထိကဆိုတာ 
            ကိုင်း ဒကာ ဒကာမတို့ ရနိုင်တယ်ဆိုတာကို ဘုန်းကြီးပြောတော့မယ် ၊ ပထမရှေဦးစွာ ဓမ္မကထိကကိုမေးတယ်၊ သံဝေဂရအောင်၊ ဝေဒနာပေါ်၌၎င်း ၊ ခန္ဓာငါးပါးအပေါ်၌၎င်း၊ သံဝေဂရအောင် ၊ ငြီးငွေ့အောင်များများဖြစ်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဓမ္မမထိကပဲ ။
            ဓမ္မာနု ဓမ္မပဋိပန္ဒ ပုဂ္ဂိုလ်ဆိုတာ ဘာပါလိမ့်မလဲ မေးတဲ့ အခါကျတော့ ဝေဒနာရှုနေတဲ့ ပုဂ္ဂိုလ်ဘုရား ၊ ဝေဒနာကို ငြီးငွေ့တက်လာအောင်၊ ဝေဒနာကို စွန့်လွတ်ချင်တဲ့ သဘောပေါ်အောင် ၊ ကျင့်ကြံကြိုးကုတ်အား ထုတ်တဲ့ ပုဂ္ဂိုလ် ကျလာလို့ရှိရင်ဖြင့်၊ အဲဒါ ဓမ္မနု ဓမ္မပဋိပန္န ပုဂ္ဂိုလ်။
ယခုဘ၀ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဆိုတာ
            ( ၃ ) နံပါတ်ကတော့ ၊ ဒကာ ဒကာမတို့ ဒိဋ္ဌဓမ္မ နိဗ္ဗာန ပုဂ္ဂိုလ်ဆိုတာ ဘယ်ဟာပါတုံးဆိုတော့ ဝေဒနာယ ဒေဘိက္ခု နိဗ္ဗိဒါ ၀ိရောဂါ နိရောဓါ အနုပ္ပာဒါယ ၀ိမုတ္တောဟောတိ ဒိဋ္ဌဓမ္မနိဗ္ဗာန ပတ္တော ဘိက္ခူတိ အလံ ၀စနာယ ။
            ဘုရားကဟောထားပြန်သောကြောင့် ဝေဒနာကို ငြီးငွေ့ခြင်းကြောင့်၊ ဝေဒနာအပေါ်၌ တပ်မက်ခြင်း ကြောင့်၊ ဝေဒနာချုပ်ရာကို လုံးဝကြိုက်နေသောကြောင့် ဘယ်ဝေဒနာမှ မစွဲလမ်းဘဲနဲ့နေတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ၊ ဒိဋ္ဌဓမ္မ နိဗ္ဗာန ၊ ယခုဘ၀ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဟူ၍ ငါဘုရားက ဆိုပါတယ်ကွာတဲ့ ။
            ကိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အစီအစဉ်ကိုင်ပြီးသကာလ ၊ ဒကာ ဒကာမတွေအား ဟောပြီ၊ အဲဒီတော့ ခင်ဗျားတို့သည် ကားလို့ဆိုရင်၊ လုပ်နေတဲ့အလုပ်လည်း ၊ အင်မတန်မှ နေရကျတယ် ။
နိဗ္ဗာန်မြင်အောင် တက်လိုက်စမ်းပါ
            အဲဒါကြောင့် နိဗ္ဗာန်မြင်အောင်တက်လိုက်စမ်းပါ၊ 
မရပ်လိုက်ပါနဲ့ဦး ၊ မရပ်လိုက်ပါနဲ့ဦး၊ ဒီဝေဒနာကြီးကို စွန့်လွန်ချင်တဲ့ အချေအနေရောက်အောင် ရှုပေးလိုက် စမ်းပါဦး ။
            အဲဒီကျမှ ရပ်ပါ၊ ဒီပြင်နေရာမရပ်လိုက်ပါနဲ့ ၊ ( မှန်လှပါဘုရား ) ရှင်းပြီလား … ( ရှင်းပါပြီဘုရား ) ။
ယခုဘ၀နိဗ္ဗာန်ရအောင်ကျင့်ပါ          အလုပ်စခန်းပါပြီလား၊( ပါပါပြီဘုရား ) အေးအလုပ်စခန်းသည် ကားလို့ဆိုရင်  ဒိဋ္ဌဓမ္မနိဗ္ဗာန - ယခုဘ ၀နိဗ္ဗာန်ရောက်အောင် ကျင့်ပါ၊ ဝေဒနာငြီးငွေ့ခြင်း၊ ထိအောင်လည်း ကျင့်ရမယ်နော်၊ ဝေဒနာချုပ်ငြိမ်းဖို့ စွန့်ခြင်းကကော ( ကျင့်ရပါတယ် ) ။
ဘုရားကတာဝန်ခံတယ်
            အဲဒီကဲ့သို့ ဝေဒနာလည်းငြီးငွေ့မယ် ၊ ဝေဒနာထင်ခြင်းကိုလဲ စွန့်လွှတ်တဲ့ ဥာဏ်လည်းလာမယ်ဆိုရင် ဖြင့် ယခုဘ၀နိဗ္ဗာန်ရပြီလို့ ကိုယ်ဟာကိုယ်ဆုံးဖြတ်ချက်ချ၊ ဘုရားတာဝန်ခံတယ်၊ ရှင်ပလား ( ရှင်းပါပြီ ) ကိုင်း ဒီတွင်တော်ကြဦးစို့ …. ။
                                    သာဓု ၊ သာဓု ၊ သာဓု ။