Friday, April 7

ဇော (၇) ကြိမ် အကျိုးပေးပုံ


အားလုံးသောယောဂီ သူတော်စင် အပေါင်းနှင့် သံသရာဆွေတော်
မျိုးတော် ညီအကိုမောင်နှမ အပေါင်းတို့
မိမိတို့ အကုသိုလ်စိတ် တစ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ဇော(၇)
ကြိမ်ပေါ်ရတယ် ဆိုတာမှတ်ထားပါ ။

ဒီ အကုသိုလ် စိတ်တွေဟာ မိမိ ရဲ့ပစ္စုပ္ပန် နဲ့သံသရာ နှစ်ဖြာ
အကျိုးကို များစွာသော ဝဋ် ဒုက္ခဘေး များ အဖြစ် ချက်ချင်း
လက်ငင်း အကျိုးပေးပါတယ် ။  ခုလို ဆုတ်ခေတ် ကာလမှာ ဆို
ဒိဋ္ဌဓမ္မဝေဒနိယကံ အဖြစ်နဲ့ ချက်ချင်း ဘဝ မကူး...၊ နောက်ဘဝမှ
မဟုတ်ပဲ .. ဒီဘက် ဘဝ မှာတင် အကျိုးပေးပါတယ် ။
ဇော(၇) ကြိမ်ဘယ်လိုပေါ်ပါလိမ့်မတုန်း ဆိုတော့...........
လောဘစိတ် ပဲဖြစ်ဖြစ်
ဒေါသစိတ် ပဲဖြစ်ဖြစ်
မောဟစိတ် ပဲဖြစ်ဖြစ်
ဝိစိကိစ္စာစိတ် ပဲဖြစ်ဖြစ်
ပျံ့လွင့်စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါး အသက် သတ်ချင်တဲ့စိတ် ပဲဖြစ်ဖြစ်..
သူတစ်ပါး လည်လှီး သတ်တဲ့ စိတ် ပဲဖြစ်ဖြစ်..
သူတစ်ပါးဥစ္စာ ငါ့ဟာဖြစ်စေလိုတဲ့ စိတ်ဖြစ်ဖြစ်..
သူတစ်ပါး သားမယား လင် သမီးပျိုစော်ကား စိတ်ပဲ ဖြစ်ဖြစ် စသည်
အားဖြင့်ပေါ့ ........။

(မိမိတို့ ရင်ထဲကအကုသိုလ် စိတ် တစ်စိတ်ပေါ်တိုင်း-ပေါ်တိုင်း
ဇောခုနစ်ကြိမ်ဖြစ်ပါတယ် ။)
.
မကောင်းတဲ့စိတ်ပေါ်-ပေါ် ၊ ကောင်းတဲ့ ကုသိုလ်စိတ်ပေါ်-ပေါ်
ဝိပဿနာဖြစ်ပျက်မြင်တဲ့ မဂ် ပဲပေါ်ပေါ်ပါ ။
စိတ် တစ်ချက်ပေါ်တိုင်းမှာ ဇောခုနစ်ကြိမ် ပါပြီးသားလို့ မှတ်ပါ ။

မိမိတို့ အကုသိုလ် တစ်ခါပြုရင် ဇောခုနစ်ကြိမ်တောင်ဖြစ်ပါပေါ့လားလို့
သိကြပါ ။ ဒါဆို သဘောပေါက်လောက်ရောပေါ့ ။

အကျိုးပေးကို ရှင်းပြပေးမယ်
~~~~~~~~~~~~~~~
           ပထမအကုသိုလ်စိတ်ကလေးထဲမှာ  စေတနာလဲပါတယ် ။
လုပ်ချင်တဲ့စိတ်ကလေးပါတယ် ။ ဒါကြောင့် လုပ်ဖြစ်အောင်လုပ်တယ် ။
ဒီထဲမှာပါတဲ့စေတနာက ဒီဘဝအကျိုးပေးရမယ်လို့မှတ်ထားပိါု
            ဒီဘဝဘယ်အချိန်ကစလို့ အကျိုးပေးမလဲလို့မေးလာရင်ဖြင့်
မိမိအကုသိုလ်စိတ်ပေါ်တဲ့အချိန်ကစပြီး ခုပေါ်ရင်ခုချိန်ကစပြီး ... 
ခုနစ်ရက်အတွင်း..ခုနစ်လအတွင်း .... ခုနစ်နှစ်အတွင်း .....
အကျိုးပေးနိုင်စွမ်းတဲ့ သူ့စွမ်းရည်သတ္တိအကျိုးပေးပုံကို ကန့်သတ်တဲ့ရက်လို့
သဘောကျနားလည်ကြပါ ။

          ဒါကြောင့် ဘုရား ၊ ရဟန္တာ ၊ အရိယာ သူတော်ကောင်းကြီးတွေက
မွေးကတည်းက စိတ်နဲ့နေ ပုထုဇဉ်အန္ဓ ၊ ပုထုဇဉ်ဗာလတွေကို အလွန် သနားတော်မူကြတာပေါ့ ။

            အမေမွေး ၊ အဖေမွေး ၊ သာမန်သာမည စိတ်ကလေးနဲ့နေ
ဒီစိတ်နဲ့သာသေ ဒီဘက်ခေတ်မှာဆို သဲအင်းဆရာတော်ကြီးက
နတ်ဂတိ ၊ လူ့ကတိမှာ ဆယ်သိန်းသေလို့ တစ်ယောက်သုဂတိဘုံပြန်တယ်လို့
မမြင်ဘူးဆိုပြီး ရဲရဲကြီးမိန့်ထားတာပေါ့ ။

             ဘာလို့လဲဆိုတော့ဇော (၇) ကြိမ်ထဲက ပထမဇောက
ဦးဆုံးပထမ ဒီဘဝချက်ချင်းအကျိုးပေးရတာဆိုတော့
သူတော်ကောင်းကြီးတွေ .... အကုန်အစင်သိမြင်တော်မူတဲ့ဘုရားရှင်တို့က
ဟောနိုင်ပြောနိုင်တာပေါ့ ။

            မိမိတို့ ကုသိုလ်ဇောပြုတဲ့အချိန် (ဝိပဿနာဖြစ်ပျက်မြင်အောင် အားထုတ်နိုင်ကြတဲ့ ဇောအကြိမ်)နဲ့ အကုသိုလ်စိတ်နဲ့နေကြတဲ့ဇောအကြိမ်
အဘယ်ကများလဲ  .... ဖြေကြည့်ပါလား ....
တစ်ခဏ တစ်အောင့်လောက် စဉ်းစားပြီးတော့ပေါ့ .... ။

          အဖြေက ရှင်းပါတယ်....။တစ်နေကုန်အောင် ကုသိုလ်စိတ်နဲ့
မနေနိုင်ပါဘူးပေါ့ ...။ တစ်နေကုန်အောင်ဖြစ်ပျက် မဂ်ကိုက်အောင်
မပေါ်ဘူးပါဘူးဆိုတဲ့အဖြေပဲ ထွက်လာကြပါလိမ့်မယ် ။

         ဒါပေမယ့်ဖြစ်ပျက် မဂ်ကိုက်နေအောင်ပေါ်တဲ့ ဇောများများပေါ်လေလေ
ထိုသူအတွက်တော့ စိတ်အေးရပြီမှတ်ကြပါ ။

        လူအတော်များများကိုပြန်ကြည့်ကြပါ ..တစ်ကမ္ဘာလုံးပေါ့ ။
ဝိပဿနာဖြစ်ပျက်မြင်စိတ်နဲ့နေတဲ့သူနဲ့  အကုသိုလ်စိတ်နဲ့နေတဲ့သူ
အဘယ်သူကများသလဲပေါ့ ... ။

          ဘုရားလက်မလက်သည်းပေါ်ကမြေမှုန့်နဲ့  ဟောဒီ .....
ကမ္ဘာမြေထုလောက် ကွာဟနေမှာအမှန်ပါ ။ ဒါလောက် သဘောပေါက်ကြရင်ဖြင့်
တို့ဘုရားရှင်ရဲ့ဥာဏ်တော်ကို အလွန်အတိုင်းထက် အလွန်ကြည်ညိုစိတ်ဖြစ်နေမှာ တစ်ကယ်ပါ ။

            နီပေါလိုနိုင်ငံကြီး မကြာသေးသောကာလမှာ ယစ်နတ်ပူဇော်ကြတာကို
ပမာပုံပြုလို့ပဲ ဥပမာ  ... ပေးပါရစေ.......။
ဒါ  မဝေးသေးသော ကာလတစ်ခုရဲ့သက်သေတစ်ခုပါ .. ။
ဒီအပြုတွေ အမူအကျင့်တွေ လုပ်ကြတဲ့မြို့ ရွာဒေသတိုင်းပြည်များမှာ
အမြဲ ကပ်ဘေး ၊ သေခြင်းဆိုးဘေး ၊ ရန်သူမျိုးငါးပါးဘေး ၊ သဘာဝဘေး
စစ်ဘေါး လူအချင်းချင်းအသေခံသတ်ဖြတ်တဲ့ဘေး ၊ လူကို လူလို့
မမြင်ကြတော့ပဲ ..သားကောင်လို့မြင်လာကြတဲ့ဘေး ၊ အနာရောဂါဆန်းကြီး နဲ့ကြုံကြရတဲ့ဘေး ..........စသည် စသည့် ဘေးဆိုးကြီး အကုသိုလ်စိတ် အကျိုးပေးကြီးတွေ ကို မျက်ဝါးထင်ထင် မမြင်ချင်၊မကြားချင်မှအဆုံး
နေ့စဉ်လိုလို ၊ လစဉ်လိုလို ၊ နှစ်စဉ်လိုလို ကြားနေကြရတာတွေဟာ ..
ဒါဘယ်သူ့လက်ချက်လဲလို့ မမေးကြပါနဲ့ ...။

                 မေးလာရင်လဲ အဖြေကရှိနှင့်ပြီးသားပါ ။
ဒီကမ္ဘာပေါ်မှာရှိသမျှ လူသားအားလုံးတို့ရဲ့ အကုသိုလ်စိတ်တို့ရဲ့
ပထမဇောတွေပါပဲ ။

                 ဒီအကုသိုလ် ပထမဇောဟာ ယခုလက်ရှိလက်တွေ့ဘဝမှာ
လက်ငင်းအကျိုးပေးတာ ခံကြရတယ်နော် ။  လူကပ်တွေပြောချင်စရာတွေ
တော့ရှိတယ် ။ ဒို့ဒီဘဝကောင်းအောင် ဒီလောက်နေနေတာ ဘာလို့အသေ ဆိုးနဲ့သေကြရတာလဲ မေးဖို့မကောင်းလား ... ။

                 ဒီဇော (၇) ကြိမ်တရားသာ သဘောတွေ့ နားလည်နေရင်
ဒီမေးခွန်းတွေ ရပ်သွားပါလိမ့်မယ် ။

                ပထမဇောက ခုဘဝချက်ချင်း ခုနစ်ရက်အတွင်း ၊
ခုနစ်လအတွင်း ၊ ခုနစ်နှစ်အတွင်းမှာ အကျိုးပေးမယ်လို့မှတ်ထားပါ ။
            သတ္တမဇောက ခုဘဝပြီး ဒုတိယဘဝကနေစပြီး အကျိုးပေး
ခံစားရမယ်လို့ နားလည်ထားကြပါ ။
             အလယ်ဇောငါးချက်ကတော့ တတိယဘဝကနေစပြီး ..
ဘုရား ၊ ရဟန္တာဖြစ်တဲ့နောက်ဆုံးဘဝအထိ အရိပ်ပမာထပ်ကြပ်မခွါ
(ဝဋ်ကြွေးကံလို့သာ မှတ်ပါ )။  နောက်ဆုံးဘဝထိအောင် ဆပ်ပြီးမှ
သေပေးရတဲ့ကံပါ ။

             ဒါ လူတိုင်း မလွတ်နိုင်တဲ့ကံ ရှောင်ပုန်းမရတဲ့ကံတွေပွါ
ဒါဆိုခုဒီဘဝမှာ ကောင်းအောင်နေပြီး အသေဆိုးနဲ့သေ ...
လည်လှီးခံရပြီးသေနေကြတွေ မီးလောင်ခံပြီးသေနေကြတာတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး သေနေကြတာတွေ အစုလိုက်အပြုံလိုက်သေနေကြတာတွေ ...
စတဲ့အသေဆိုးနဲ့သေနေကြတာတွေဟာ မိမိတို့ရဲ့ အတိတ်-အတိတ်က အကုသိုလ်ဇောတွေဖြစ်တဲ့ သတ္တမဇောနဲ့အလယ်ဇောငါးချက်
လို့သာ မှတ်ကြပါတော့ ။

             ဒါဖြင့်ယခုဘဝမှာ အမျိုးမျိုးအဖုံဖုံသော ရောဂါတွေကြောက်ကြရ၊
ကပ်ဘေးတွေ အမျိုးမျိုးကြောက်ကြရ.....
စစ်ဘေးတွေ ၊ သူခိုးဘေးတွေ ၊ ဓါးပြဘေးတွေ ၊ သူပုန်ဘေးတွေ
မင်းအမှုထမ်းယုတ်ဘေးတွေ ၊ လူမျိုးယုတ်ဘေးတွေ  ..... အဖုံဖုံကြောက်မနေကြရဘူးလား ...။

                 အေး....ဒါတစ်ခြားမတွေးနဲ့  .. ဒါ ..မိမိတို့ရဲ့ ဘဝ-ဘဝတွေ
များစွာက ပြုခဲ့တဲ့ ၊ လုပ်ခဲ့ကြတဲ့ အကုသိုလ်ဇောတွေ အကျိုးပေးဖို့
ကိုယ်နောက်က ကိုယ့်နားကိုကပ်ပါလာတယ် ။

               အကျိုးပေးတော့မယ်ဆိုတာ ကြပ်ကြပ် သတိထားကြပါ ။  ဒီဘေးဆိုတာမျိုးဟာ မိမိတို့နောက်ဆုံးဘဝထိ အကျိုးပေးဖို့
စောင့်နေဦးမယ်ဆိုတာ မှတ်ထားကြပါ ။

              ဒီဘေးကလွတ်ချင်တယ်ဆို ဝိပဿနာအလုပ် သန်သန် ၊
ထွားထွားကြီး လုပ်ကြပါ ။ ဖြစ်ပျက် ရှုပါ-ရှုပါ မှာနေတာ....
ဒါကသာ မိမိတို့ကို ဒီသံသရာဘေး ကပ်ဘေး ခန္ဓဝဋ် ဒုက္ခဘေးကြီးမှ
လွတ်ကင်းကြပြီးသကာလ မသေရာမြဲနေ နိဗ္ဗာန်ကိုရောက်ကြမှာ
ဧကန်မလွဲပါ ။

               ဒါကြောင့် မိမိတို့အားကိုးရာအစစ်သည် ဝိပဿနာမဂ်
ဖြစ်ပျက်မြင်တဲ့မဂ်သာ အားကိုးရာဟု တိုက်တွန်းပါရစေ......။

မိုးကုတ်ဆရာတော်ကြီး တရားတော်မှပြန်လည်ကောက်နုတ်
တင်ပြရခြင်းဖြစ်ပါသည်။