မဂ္ဂသစ္စာမှာ"အဓိမတေယျဋ္ဌ"သဘောရှိတယ်၊ "အဓိပတေယျဋ္ဌ"ဆိုတာမဂ်၏အဓိသီလ..အဓိစိတ္တ..အဓိပညာ
သိက္ခာ ၃-ခု ရဟန်းမှုတွင် သူ့ပြင်မရှိ..ကြီးဘိတုလတ်..အထွဋ်အထိပ်ဖြစ်သော သဘောကိုဆိုလိုတယ်၊
ဝေဒနာဖြစ်ဖြစ်..စိတ်ဖြစ်ဖြစ် ရှုတော့ ဖြစ်ပျက်ဒုက္ခတွေမြင်..ဖြစ်ပျက်ဒုက္ခတွေမုန်း..ဖြစ်ပျက်ဒုက္ခတွေဆုံးသွား
ရင်၊ မဂ်ဉာဏ်ပေါ်လာမယ်၊ မဂ်ဉာဏ်ပေါ်လာရင် အဓိသီလ..အဓိစိတ္တ..အဓိပညာဖြစ်တယ်၊ "အဓိ"ဆိုတာ
အကြီးအကဲ..လွှန်မြင့်မြတ်ခြင်း အဓိပ္ပာယ်ရှိတယ်၊ ဝိပဿနာ ရှုတုန်းမှာရှိတဲ့ သီလ..သမာဓိ (စိတ္တ) ပညာတို့
ဟာ သာမည သီလ သမာဓိ ပညာလောက်ပဲ ရှိသေးတော့၊ မခိုင်မြဲသေးဘူး၊ အလှုပ်မခံဘူး၊ စုတေပြီးနောက်
ပျက်စီးသွားနိုင်တယ်၊ မဂ်ဉာဏ်ပေါ်တဲ့အခါ ဖြစ်လာတဲ့ သီလ ကမာဓီ ပညာကတော့ ထူးကဲမြင့်မြတ် အကြီး
အကဲဖြစ်လာတဲ့"အဓိသီလ..အဓိစိတ္တ..အဓိပညာ"မျိုး ဖြစ်သောကြောင့် ခိုင်မြဲသွားတယ်၊ အလှုပ်ခံနိုင်တယ်
စုတေပြီးနောက်လဲ ဘယ်တော့မှ မပျက်စီးတော့ဘူး၊ ဒီတော့ ပုထုဇဉ်မှာ ရှိတာကတော့ သာမညသီလ သမာ
ဓိ ပညာလောက်ပဲ ရှိတာ၊ အရိယာ ဖြစ်လာတဲ့အခါမှာတော့ ဒါတွေဟာ အဓိသီလ အဓိစိတ္တ (သမာဓိ) အဓိ
ပညာ ဖြစ်သွားတယ်၊ အဲဒီတော့ အဓိသီလ အဓိစိတ္တ အဓိပညာ ဖြစ်ဖို့ရန်မှာ မဂ်ဉာဏ်ရမှ အရိယာဖြစ်မှ ဖြစ်
တယ်၊ မဂ်ဉာဏ်ရဖို့ရန်မှာ နိရောဓနိဗ္ဗာန်မြင်မှဖြစ်တာ၊ နိရောဓ..နိဗ္ဗာန်ချမ်းသာမြင်ဖို့ရန်လည်း ဒုက္ခသစ္စာ..
ဆင်းရဲမှုကို သေသေချာချာ သိမြင်မှ ဖြစ်တာ၊ ဒီတော့ ဆင်းရဲတာမြင်မှ ချမ်းသာတာ ထင်ရှားလာမယ်၊ ဆင်း
ရဲတာမှ မမြင်းဘူးတဲ့ပုဂ္ဂိုလ်မှာ ချမ်းသာတာမထင်ရှားဘူး၊ ချမ်းသာတမြင်မှလဲ ဆင်းရဲတာဟာ ပိုတင်ရှားမယ်
ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်၊ ဆိုတော့၊ ပုထုဇဉ်တွေဟာ မိမိတို့ရထားတဲ့ခန္ဓာ နေရာတဲ့ဘဝကို ဒုက္ခကြီးပဲလို့
မြင်ဖို့အရေးကြီးတယ်၊ ဒါမမြင်သေးသရွေ့တော့ တကယ့်ချမ်းသာ အစစ်ကိုလိုချင်မှာ မဟုတ်ဘူး၊ ဒါကြောင့်
ခင်ဗျားတို့ ဒုက္ခသစ္စာမြင်ဖို့အရေးအတွက်..သုဘရာဇာ..ဒွန်းစဏ္ဍားဘဝ အကြောင်းနဲ့အကျယ်တဝင့် ပြောပြ
မယ်။ "ဒွန်းစဏ္ဍား"မန္တလေးမှာ ရွာဟိုင်း သုဿန်ဆိုတာရှိတယ်၊ အဲဒီမှာ သုဘရာဇာ..ဒွန်းစဏ္ဍားတွေ ရှိတယ်၊
သူတို့မှာ ဒီအထဲမှာပဲမွေး၊ သူတို့ အဖေအမေတွေလဲ ဒီမှာအိမ်ထောင်ကျ..ဒီမှာမွေး ဒီမှာနေဆိုတော့၊ သူတို့
မှာ အထူးကြောက်လန့် တယ်လို့မရှိဘူး၊ ဘာကြောင့်တုံး၊ ဒီမွေး ဒီနေလိုပေါ့၊ သူတို့မှာ မသာ..အသုဘလာလို့
ရှိရင် ဝမ်းသာတယ်၊ အသုဘလာလေ ဝမ်းသာလေပဲ၊ သူတို့အဖို့ ဒါဟာလာဘ်ကြီးတစ်ခုဖြစ်နေတယ်၊ မြို့ထဲ
ကလူတွေကျတော့မသာ..အသုဘ ကိုယ့်လမ်းကသွားတာကို မကျေနပ်ဘူး၊ နှာခေါင်းရှုံကြတယ်၊ ကြောက်
ကြလန့်ကြတယ်၊ ဒီတော့ အမြင်တစ်မျိုးစီဖြစ်နေတာပေါ့၊ မြို့ထဲကလူတွေကအမြင်တစ်မျိုး၊ သုဘရာဇာ..ဒွန်း
စဏ္ဍားအမြင်က တစ်မျိုး၊ မြို့ထဲကလူတွေက အသုဘဆိုလို့ရှိရင် မင်္ဂလာမရှိ..ရွံစရာကြောက်စရာလို့ သ
ဘောထားကြတယ်။
ဒွန်းစဏ္ဍားတွေမှာတော့ ဒီဟာလာရင် ကူးတို့ခတို့..တွင်းတူးခတို့..လက်ဘက် ကွမ်း ဆေးလိပ်စသည်ရဖို့ ဖြစ်
တော့၊ လာဘ်ရွှင်တဲ့နေ့ပေါ့၊ သူတို့တော့ လာဘ်ရွှင်တဲ့နေ့၊ ခင်ဗျားတို့က အမင်္ဂလာနေ့၊ ဘာများ ထူးခြားနေ
တုန်းဆိုတော့"မွေးဇာတိ"ထူးခြားနေတယ်၊ သူတို့မှာတော့ ဒီ (သုဿန်) အထဲမှာမွေး၊ ဒီအထဲမှာနေတော့
မွေးဇာတိ ထူးခြားနေတယ်၊ သူတို့မှာ ဒီအထဲမှာနေ ဒီမြေပေါ်မှာ ကျက်စားကြတာပဲ၊ အသုဘမှာ မြင်းဘောင်
တို့ မျက်နှာကျက်တို့ ပါလာရင်၊ သူတို့က အိမ်ဆောက်ဖို့..ကာရံ့ဖို့ ယူငင်ကြတယ်၊ ဒီတော့ အသုဘလာလေ
သူတို့ဝမ်းသာလေပဲ၊ ခင်ဗျားတို့ကတော့ အိမ်ရှေ့လာမဖြတ်နဲ့ဟုတ်လား၊ အံမာ ခင်ဗျားတို့မလဲ သွေးကြီးမွေး
ကြီးရှိနေလိုက်တာ်၊ သူတို့ကတော့ လာဘ်ကြီးဖြစ်နေတယ်၊ အဲဒါ ဘယ်နှယ်ကြောင့် လာဘ်ကြီးဖြစ်နေရသ
တုံးဆိုတော့၊ သူတို့က နန်းတော်နဲ့တူတဲ့ ရွှေပြောင်ပြောင်နဲ့ အလွန်ခမ်းနားကြီးကျယ်တဲ့နေရာ မရောက်ဘူး
တော့၊ သူတို့နေရာလေးနဲ့ သူတို့တော့ တလားပျက်တို့၊ မြင်းဘောင်တို့စသည်နဲ့ ဆောက်ထားတဲ့ အိမ်လေးနဲ့
နေထိုင်ရတော့၊ သူတို့အချင်းချင်း အိမ်ချင်းပြိုင်ပေါ့ဗျာ၊ သူတို့ဟာနဲ့သူတို့တော့ အတင်းတိမ်ကြီး တင်းတိမ်နေ
တယ်၊ ဘာပြုလို့တုံး ဒီအထဲမွေး၊ ဒီအထဲကြီးလို့၊ နန်းတော်အိမ်တော်မရောက်ဘူးတော့ ကိုယ့်အိမ်နဲ့ကိုယ်
ကျေနပ်နေကြတယ်၊ ပျော်နေတာပဲ၊ ဒါပေမယ့်သူတို့ဟာ"သူဆင်းရဲ"အမွဲနော်၊ သူတို့အမျိုးနဲ့ သူတို့အရိုးနဲ့ သူ
တို့ဖြစ်လာတာမို့ သူတို့ မင်္ဂလာကတစ်မျိုးဗျာ၊ သူတို့မင်္ဂလာက မြို့ထဲကမသာများများ လာလေလေ..သူတို့
မှာလာဘ်ရွှင်လေလေ..မင်္ဂလာ ရှိလေလေ၊ အကျိုးပေးသန်လေလေပဲ၊ ဒီလိုဖြစ်နေတယ်၊ မြို့ထဲကလူတွေ
ကတော့ဒီမသာတွေ မြင်ရလေလေ..အမင်္ဂလာဖြစ်လေလေ အန္တရာယ်ကင်း အရိတ်တွေ ရွတ်လေပဲ၊ သူတို့
မှာတော့ ဒါတွေလာနေတဲ့နေ့မှာ အကျိုးပေးသန်တဲ့နေ့ပဲ၊ တွင်းတူးတဲ့လူက တွင်းများများထူးရလို့၊ နှစ်ကျပ်၊
သုံးကျပ် စသည်ရတယ်ဆိုပြီး၊ ငွေဝင်များတာပေါ့ဗျာ၊ သူတို့မှာ ဒီနေရာမှာကြောက်တယ်လန့်တယ်လို့ မရှိ
ဘူး၊ သူ့ ဟာနဲ့သူ ပျော်တာပဲ၊ ခင်ဗျားတို့ကတော့ ဒီမသာကို မြင်နေရတာနဲ့ ကြာတော့ အော်ဂလီဆန်အန်ပြီး
ပို့ပဲ မပို့ချင်တော့ဘူး၊ မတတ်သာလို့သာ ပို့နေရတယ်လို့လာမှာဗျာ့၊ ဘာကြောင့်၊ အမင်္ဂလာ..မသာအသုဘနဲ့
လိုက်နေလို့၊ ခင်ဗျားတို့ နှာခေါင်းရှုံ့လေလေ..သူတို့ကတော့ မင်္ဂလာရှိလေလေပဲ၊ ဒီမှာလဲ ဝိပဿနာရှုနေ
တာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကြီးကို မမြင်ရသေးတော့၊ ကိုယ့်ခန္ဓာကို အသုဘရယ်လို့ယူလေ့မရှိဘူး၊ ဒုက္ခ
သစ္စာရယ်လို့ ယူလေ့မရှိဘူး၊ ကိုယ့်အိမ် ကိုယ့်ယာကိုလဲအင်မတန်ကောင်းတဲ့ ခန့်တဲ့အိမ်..အင်မတန် ကျက်
သရေ မင်္ဂလာရှိတဲ့အိမ်လို့ထင်နေတာလဲ"ဒွန်းစဏ္ဍားစိတ်"ပေါက်လို့ပေါ့ ရိပ်မိရဲ့လား၊ သူဟာ စင်စစ်တော့
ဒုက္ခသစ္စာပဲ၊ ဒီအထဲမှာအိမ်ဟာလဲ ဘာတုံးလို့မေးရင် လောင်တိုက်တလားတွေပေါ့၊ ခဏခဏ ဖြစ်ပျက်နေ
တာ ဒုက္ခသစ္စာ မဟုတ်လား၊ စားရသောက်ရတာ ဒုက္ခသစ္စာ၊ အိမ်သာတို့ကလဲ အသုဘတွေစွန့်ရာမဟုတ်
လား၊ နေထိုင်ကြတဲ့ သားသမီးခန္ဓာတွေကလဲဒုက္ခသစ္စာ အသုဘတွေမဟုတ်လား၊ ဒါပေမယ့် နိဗ္ဗာန်မမြင်
ဘူး သေးတော့ကိုယ်ခန္ဓာအသုဘ သားသမီးခန္ဓာအသုဘတွေကြည့်ပြီး အတော်ဟုတ်နေတာပဲ၊ ဘာပြုလို့
ပျော်မွေ့နေကြတာတုံး ဆိုတော့ခုနက"ချမ်းသာတဲ့နိဗ္ဗာန်"ကို မမြင်ဘူးသေးတော့ ဒီဒုက္ခသစ္စာဆိုတဲ့ ဒွန်း
စဏ္ဍားရွာ..ဒွန်းစဏ္ဍာအိမ်..ဒွန်းစဏ္ဍား အပြုအမူကိုပင် ပျော်စရာလို့ထင်နေကြတယ်၊ ဘယ့်နှယ်ကြောင့်
ပျော်ပါလိမ့်၊ ဒီထက်ကောင်းတာမမြင်းဘူးသေးလို့၊ ဒီထက်ကောင်းတဲ့ နိရောဓသစ္စာနိဗ္ဗာန်ကို မမြင်းသေးလို့
ပေါ့၊ အဲဒါ မမြင်းဘူးသေးတော့"ကိုယ့်ငါးချဉ်ကိုယ်ချဉ်"နေကြတာပေါ့။
ဒါဖြင့် ခင်ဗျားတို့ နေထိုင်ကြတဲ့ တစ်အိမ်လုံးကိုကြည်ပါ၊ ဘယ်အိမ်မှာမသာ..အသုဘ ကင်းသတုံး၊ မေးကြည့်
ဘယ်အိမ်မှ မကင်းဘူး၊ ဒါအသုဘတွေပဲ၊ ဘေးကအကာအရံတွေကလဲ ဒီအသုဘတွေကို ကာရံထားတာပဲ
မဟုတ်လား၊ အဝတ်တွေ ဘာတွေ ဘယ်လိုအဖိုးတန် တန်ဆာပလာတွေဝတ်ထားတာကလဲ ဒါ အသုဘတွေ
ဖုံးကြတာပဲ၊ အင်း...နိဗ္ဗာန်မမြင်းသေးတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ အံမယ် ငါကဒီရွာထဲမှာ တော်တော်
ထည်ထည်ဝါဝါနဲ့ နေနိုင်တယ်လို့ပြိုင်လိုက် ဆိုင်လိုက်သေးတယ်၊ ဒါဟာ"ဒွန်းစဏ္ဍားချင်းပြိုင်"တာပေါ့၊ ဒါ
နိဗ္ဗာန်မမြင်သေးခင် ဖြစ်နေတဲ့အဖြစ်ကို ပြောနေတာ၊ နိဗ္ဗာန်ကို မမြင်သေးခင်သာ ခင်ဗျားတို့ ကိုယ့်ဟာနဲ့
ကိုယ် ဟုတ်လှပြီလို့ ထင်နေကြတာ၊ ချမ်းသာအစစ်ကိုမမြင်ဘူးသေးတော့ ခုနက ဒွန်းစဏ္ဍား ကလေးတွေ
လိုပဲ၊ သူတို့အိမ်ပဲ သူတို့ရွာပဲဆိုပြီး၊ အတော် မင်္ဂလာရှိနေသလို ဖြစ်နေတယ်၊ ခင်ဗျားတို့လဲ သေသေချာချာ
စဉ်းစားကြည့်တော့၊ ဘယ်အိမ်မှာပဲကြည့်ကြည့် ထွေးခ့တို့ နောက်ဖေးအိုးတို့ အဆင်သင့်ရှိထားကြရတယ်၊
ဘာလုပ်ဖို့၊ အသုဘဖြစ်တဲ့ ပစ္စည်းတွေ စွန့်ဖို့၊ ဒီပြင် ဘာပြောစရာရှိသေးသလဲ၊ လက်သုတ်ပဝါ..မျက်နှာသုတ်
ပဝါ..လက်ကိုင်ပဝါတွေ ထားရတာလဲ၊ အသုဘတွေ အတွက်အကုန်ပြင်ဆင်ထားရတဲ့ အဓိပ္ပာယ်ပေါ့၊ သို့
သော်လဲ ကိုယ့်အိမ်လေး ကိုယ့်ဟာလေးနဲ့ နေရတာကို ဪ...ဒီလောက် အကျိုးပေးရင် တော်သေးရဲ့ဆို
တော့၊ ဒါဒွန်းစဏ္ဍားမျိုး..ကျေနပ်ဝမ်းသာနေတာလို့ပဲ မဟုတ်လား၊ ဒီ အသုဘတွေ များလေလေ ဝမ်းသာလေ
လေ၊ မဟုတ်လား၊ သားသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေး နေရလေလေ ဝမ်းသာလေလေမဟုတ်လား၊ အံ
မာလေး သွေးကြီးလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဘာပြုလို့တုံး၊ အသုဘတွေ များလို့တဲ့၊ အဲ..နိဗ္ဗာန်မမြင်
ရသေးခင်တော့ ဒီလိုပဲဘဝင်မြင့်နေတာပေါ့၊ ဒီထက်ချမ်းသာတာ မမြင်ဘူးတော့ ကိုယ်ငါးချဉ် ကိုယ်ချဉ်နေ
တာပေါ့၊ အဲဒီတော့ ခင်ဗျားတို့ ဒီအမြင်မပြောင်းရင်အဖြစ်မှန် မရသေးရင်တော့၊ ဒွန်းစဏ္ဍားစိတ် ပေါက်ပြီး
ဒွန်းစဏ္ဍားအမြင်ပဲ ရှိသေးတယ်၊ အခု ကိုယ့်ဟာလေးနဲ့ကိုယ် အသုဘတွေနဲ့နေလဲကျေနပ်နေတာပဲမဟုတ်
လား၊ ဆေးရုံပေါ် တက်နေရလဲ ကျေနပ်နေတာပဲ၊ ငါက ဆယ့်နှစ်ကျပ်တန်း ဆယ်သုံးကျပ်တန်း တက်နိုင်
တယ်ဆိုပြီး၊ အံမယ် ဘဝင်များမြင့်နေလိုက်သေးတယ်၊ သည်အသုဘထားရာဌာနကြီးမှာနေရတာကိုပင်
ဘဝင်မြင့်ပြီးနေသေးတယ်၊ ခင်ဗျားတို့က ဆယ့်နှစ်ကျပ်တန်း၊ ဆယ့်နှစ်ကျပ်တန်း တက်ရလို့၊ အင်း မမာပေ
မယ့်တော်သေးရဲ့လို့ လာချင်သေးတယ်၊ အဲဒါ"ဒွန်းစဏ္ဍားစိတ်ပေါက်ပြီး ဘဝင်မြင့်"နေတာပဲ မဟုတ်လား၊
ဒီတော့ နိဗ္ဗာန် မမြင်ရသေးရင် ဒွန်းစဏ္ဍား ဘဝင်မြင့်နေတာချည်းပဲ။ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်မှာ ဖွင့်ထားတာ
က"ကပဏ ဇနသဒိသ ဒုက္ခဒဿနေန"အထီးကျန် လူဆင်းရဲ အမွဲ ဒွန်းစဏ္ဍားနဲ့တူတာကိုမြင်သဖြင့်"ကုလာ
ဘ ကုလသဒိသ အဓိမတေယျဋ္ဌော"ပြန့်ပြောသော အမျိုးနဲ့တူတဲ့ အစိုးရခြင်းလက္ခဏာရှိသော နိဗ္ဗာန်သည်
ထင်ရှားဖြစ်လာ၏၊ နိဗ္ဗာန်ကိုမြင်မှ ဒွန်းစဏ္ဍားအရပ် စွန့်တဲ့စိတ် ပြောင်းမှာ၊ ဒီနေ့ရာက ဟုတ်သေးတယ်လို့
ဖြစ်နေရင် မပြောင်းချင်ပါဘူး၊ ဒါကြောင့် ခင်ဗျားတို့ နိဗ္ဗာန်မရတာ၊ ဒါဘာဖြစ်လို့တုံးဆိုတော့ ကိုယ့်ဒွန်းစဏ္ဍား
ရွာကို လွမ်းနေတာကို၊ မဟုတ်ဘူးလား၊ ခင်ဗျားတို့ အသုဘတွေနေတဲ့ အရပ်ဟာ ဒွန်းစဏ္ဍားရွာကြီး၊ အသု
ဘရွာကြီးပဲ မဟုတ်လား။
ဒီတော့ ကိုယ့်ခန္ဓာ ကိုယ့်အသုံးအဆောင်တွေဟာ အကုန်ဒုက္ခသစ္စာကြီးပဲလို့ ဒုက္ခသစ္စာကို ပရိညေယျနဲ့ ပိုင်း
ခြားသိမှ ဒီဘက်သုခသစ္စာ (နိဗ္ဗာန်) ဘက် ကူးမှာ၊ ဒါလေး သုဘထင်နေသေးရင် ကိုယ့်ကိုယ်လဲသုခ (သုဘ)
ထင်နေသေးရင်းဘယ်တော့မှ နိဗ္ဗာန်အကူးဘူး၊ ဘယ်ကူးမလဲ၊ တဏှာကမကုန်ပဲကိုး၊ မကုန်တော့သူ့အတွေး
နဲ့သူဟာ သူ့ငါးချဉ်သူချဉ်ပြီး သူ့အရေးနဲ့ သူ့အရာနဲ့ ဟုတ်လှပြီ ထင်နေမှာပေါ့၊ အင်း..ဟုတ်လှပြီသာထင်ရ
တာ တော်တော်ကြာကျတော့ ဒုက္ခသစ္စာ..အသုဘသစ္စာ ငေါငေါကြီးပေါ်လာတာပဲ၊ ကဲ တစ်ယောက်သေ
ကြည့်စမ်း၊ ဘယ်သူကများ ဒီဥစ္စာကြီးကို ပူဇော်ထိုက်တယ်လို့ ထားချင်သေးတုံး၊ မထားချင်ဘူး၊ ဘာဖြစ်လို့
တုံး၊ အသုဘမို့၊ အသုဘမို့ မြန်မြန်လားနှေးနှေးလား၊ မြန်မြန်ပဲ၊ သူဘက်ကိုယ့်ဘက်ငဲ့ရလို့ ပြောမကောင်းလို့
သာ၊ အဲဒီတော့ ဒီဟာအသုဘမို့ အသုဘထွက် ထွက်တာပဲ၊ အိမ်နောက်ဘေးမှာ အိမ်သာတွေဘာတွေဟာ
လဲအိမ်ပေါ်က အသုံးအတွက် ထားရတာ မဟုတ်လား၊ အသုဘတွေမို့ အပြည့်အစုံးထားရတယ်၊ ခင်ဗျားတို့
ဟာ အသုဘတွေဖြစ်လို့၊ အဝတ်လဲရတာနဲ့ ရေချိုးရတာနဲ့ ဖီးလိမ်းပြုပြင်ရတာနဲ့ အချိန်တွေကုန်နေတာပဲ၊ အ
ဝတ်အထည်တွေဆိုတာလဲ အသုဘကိုဖုံးဖို့ ရုံဖို့ပဲ၊ အိမ်တွေဘာတွေ ဆောက်ထားတာလဲ မမာတဲ့ ဒုက္ခခန္ဓာ
ကိုယ်ကြီးမှာ ဒုက္ခပိုမရောက်အောင် ကာကွယ်ထားရတဲ့ ဆေးရုံကြီးသဘောပဲ..မဟုတ်လား၊ အဝတ်အထည်
တွေကလဲ အသုဘဖို့ ပတ်တီးတွေပဲ မဟုတ်လား၊ ထမင်း ခဲဖွယ်ဘောဇဉ်တွေကလဲဆေးတွေပဲ၊ ဒီခန္ဓာကြီး
ဟာတစ်နေ့တစ်ကြိမ်များစွာ အနာပေါက်လို့ ဆေးမျိုးစုံရထားတယ်၊ စားစရသောက်စရာ ဟူသရွေ့ဟာ ဆေး
ချည်းပဲ၊ ဆေးဆိုတာ လူမမာစားရတာ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ လူမမာမို့ဒီလောက်ဆေးတွေ ဆောင်း
ထားရတာပေါ့၊ အများကြီးဆောင်းထားရတယ်ဆိုတော့၊ သာမညလူမမာမဟုတ်ဘူးနော်..အတော်ကြီးတဲ့ လူ
မမာပဲ၊ အေးဒါကြောင့် မင်းတို့ဟာ တကယ့် အထီးကျန် လူဆင်းရဲ့..အမွဲရောဂါသည် နာတာရှည်ဗျ၊ နာတာ
ရှည်ကိုမကုရတဲ့နေ့များ ရှိရဲ့လား၊ မရှိဘူးတဲ့၊ အင်း..နာတာရှည်လှချည်လား၊ ရှည်ဆို မွေးကတည်းကစ ကု
လာခဲ့ရတာပဲ၊ ထမင်းနဲ့ကု..ရေနဲ့ကု..အဝတ်နဲ့ကုရတယ်၊ မကုရတဲ့ နေ့များရှိရင် ခင်ဗျားတို့ အတော်ထူးတဲ့
ပုဂ္ဂိုလ်ပဲ၊ ကိုယ့်ကိုယ်ကို မကုနိုင်ခင်တုန်းက အဖေအမေတွေဝိုင်းကုရတယ်၊ ဒါနဲ့ပဲ သူပေးလူပေးနဲ့တော်တော်
လေးလူလားမြောက်လာပြီဆိုတော့ ကိုယ့်ကိုယ်တိုင်ရှာဖွေပြီး ကုရတယ်၊ အမြဲကုနေရတော့ အားကိုအားကြ
သေးရဲ့လား၊ မအားဘူးတဲ့၊ ဘယ်တော့အားမှာလဲ၊ ဘယ်တော့မှမအားဘူးတဲ့၊ ဘာပြုလို့ ဒီလောက်မအားရ
တာတုံး၊ ရောဂါသည်..နာတာရှည်ဖြစ်လို့၊ "ရောဂါသည် နာတာရှည်"ဆိုတာအထီးကျန်ပေါ့ဗျာ၊ ဒါပေမယ့် ခင်
ဗျားတို့ ကတော့ ဒုက္ခသစ္စာ ထဲမှာပင်"ဒွန်းစဏ္ဍားပျော်"ပျော်နေကြတယ်၊ ဒီလိုပြောတာနာသလား၊ မနာနဲ့၊ ဒီ
ထက်ဆိုတာ ပြောလိမ့်ဦးမယ်၊ ဒါကိုမနာနဲ့တော့၊ တကဲ့ကိုဖြစ်နေတာ၊ နိဗ္ဗာန်မမြင်သေးခင်တော့ ကိုယ့်ဟာ
လေးနဲ့ကိုယ့်ဟာ ဟုတ်နေတာပဲ၊ ဒွန်းစဏ္ဍားတွေ နန်းတော်အိမ်တော်ရောက်သွားမယ်ဆိုရင်၊ ကိုယ့်ဟာတွေ
ကို အကုန်ကန်ချချင်မှာပဲ၊ သူစားနေတဲ့ ပစ္စည်းတွေလဲ ကန်ချမှာပဲ၊ ဒွန်းစဏ္ဍားရွာကိုလဲ ပြန်ချင်တော့မှာမ
ဟုတ်ဘူး၊ အခုတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာပဲ၊ ဒါကြောင့်မို့ ခင်ဗျားတို့ ဘုရားရှေ့သွားပြီး ဆွမ်းတော်ပွဲ
နဲ့..ဖယောင်းတိုင်နဲ့..ဒီဘဝကနေ စုတေမနေသေလွန်လို့ရှိရင် နတ်ပြည်ရောက်ရပါလို၏လို့..ဆုတောင်းကြ
သေးတာပေါ့၊ အနာရောဂါတွေ ဆက်ကုပါရစေလို့ ဆုတောင်းတာပဲမဟုတ်လား၊ ဒါ ဆေးရုံပြောင်းချင်တာ
ပေါ့၊ နတ်ပြည် ရောက်ချင်တာဟာ"ဆေးရုံပြောင်း"ချင်တာပဲ၊ ဒါ ဒုက္ခသစ္စာကို ဟောနေတာ၊ အဲဒီ ဒုက္ခသစ္စာ
ကို ဒီလောက်ဆိုးမှန်းမသိသေးရင်၊ နိရောဓသစ္စာကို မျက်မှောက်ပြုဖို့ မျှော်လင့်ချက်မရှိဘူး၊ ဒီအတိုင်းသွား
နေမှာပဲ။
ခင်ဗျားတို့နေရတာ..စားရတာတွေကို စဉ်းစားကြည့်စမ်း၊ စားရတဲ့အစာတွေ..ဝတ်ရတဲ့ အဝတ်တွေဟာ မလွှဲ
သာလို့စားရ ဝတ်ရကိုင်ရတဲ့ပစ္စည်းတွေချည်းပဲ၊ မစားဘဲ..မသောက်ဘဲ..မဝတ်ဘဲသာ ကျန်းမာနေမယ်၊ ဆာ
လောင်မွတ်သိပ်တဲ့ အနာတွေမပေါက်ဘူးဆိုရင်၊ ခင်ဗျားတို့ ဒီအဝတ်တွေ ဝတ်ဖြစ်မှာမဟုတ်ဘူး၊ ဒီအစား
တွေ စားဖြစ်မှာ မဟုတ်ဘူး၊ အခုတော့ ဒီဆာလောင်တဲ့အနာ၊ အပူနာ၊ အအေးနာတွေပေါက်နေလို့ မလွဲသာ
လို့..ဒီအစားတွေစားရ..ဒီအဝတ်တွေ ဝတ်ရ ခြုံရတာ၊ ဒါတွေဟာ စင်စစ်တော့ အသုဘပြင်ဆင်မှုချည်းပဲ၊ အ
သုဘအနာတွေ ကုဖို့ပဲမဟုတ်လား၊ ဒါတွေနဲ့ အမြဲကုနေပေမယ့်၊ နာတာရှည်က ပျောက်ရဲ့လား၊ မပျောက်
ဘူး၊ အင်း နိဗ္ဗာန်ကျမှ ခင်ဗျားတို့နာတာရှည် ပျောက်မှာ၊ ဒီကြားမှာဖြင့် သူလဲ ဝေဒနာသည် ငါလဲဝေဒနာ
သည်၊ အဖေအားကိုးတော့ အဖေလဲ ဝေဒနာသည်ပဲ၊ သားလဲ ဝေဒနာသည်ပဲ၊ ဘယ်သူက ဘယ်သူ့ကို ကယ်
တင်နိုင်သလဲ၊ မကယ်တင်နိုင်ဘူး၊ ကိုယ်လဲ ဒွန်းစဏ္ဍားအမွဲ၊ သူလဲဒွန်းစဏ္ဍားအမွဲဆိုတော့၊ ခွက်ချင်းခုတ်နေ
ဖို့မလိုဘူး၊ အမေက သားကိုချစ်ပါတယ်ဆိုလဲ မကယ်နိုင်ဘူး၊ သားကအမေကိုချစ်ပါတယ်ဆိုလဲ မကယ်နိုင်
ဘူး၊ လောကွတ်တွေတော့ပြောကြမှာပေါ့၊ အဟုတ်တမ်းကျတော့ သားနဲ့အမေ ကွဲကြမှာပဲ၊ "သေကွဲနဲ့ရှင်ကွဲ"
တစ်ကွဲကွဲပေါ့ဗျာ၊ အမေလဲ အနှိပ်စက်ခံနေရတဲ့ ဒုက္ခသည်၊ သားလဲ အနှိပ်စက်ခံနေရတဲ့ ဒုက္ခသည်၊ အဲဒီ
တော့ ဘယ်သူက ဘယ်သူ့ကိုမှ ကယ်လို့မရတာကိုထောက်ကြည့်တော့မှ..ဪ..ဒီအထဲသာနေလို့ရှိရင်
ဒုက္ခက"နှုတ်ခမ်းပဲ့ချင်း မီးမှုတ်"နေရမှာပဲဆိုတာ ပေါ်လာတာပဲ၊ သားလေးချစ်ပါတယ်ဆိုလို့လဲ တော်တော်
ကြာ သားကထော်လော်ကန့်လန့် ဖြစ်တာက တစ်မျိုး၊ သေပွဲဝင်တာကတစ်မျိုး၊ ရောဂါတွေ စွဲကပ်လာတာက
တစ်မျိုး၊ အမေမိဘဘာတတ်နိုင် သေးသတုံး၊ အမေအဖေဖြစ်တာကိုလဲ သားသမီးများက ဘာတတ်နိုင်သေး
သတုံး၊ မတတ်နိုင်ဘူးတဲ့၊ ဘာပြုလို့ အားလုံး ဒုက္ခသစ္စာ အသုဘတွေချည်းမို့၊ အဲ့ဒီလောကွတ်တွေကို ခင်ဗျား
တို့က အဟုတ်ယုံကြည်နေတော့ ဒုက္ခသစ္စာက ကွယ်နေတယ်၊ ဒါ ခင်ဗျားတို့ဖြစ်စဉ်၊ အဲဒါ အမေက သားသ
မီးပြောလဲ ယုံတာပဲ၊ သားသမီးကအမေကို ကနွဲ့ကယနဲ့ ပြာပြန်တော့လဲ ယုံနာပဲ၊ ဪ..ဒုက္ခသစ္စာ မမြင်လို့
ယုံတာ၊ ဒါဖြင့်ခင်ဗျားတို့ သစ္စာဆိုတာ စာထဲမှာသာ ဖတ်တတ်တာပေါ့၊ ခန္ဓာကိုယ်ထဲမှာ မမြင်ဘူးဆိုတဲ့ အဓိ
ပ္ပာယ်ရောက်နေတာပေါ့၊ ဒီအဓိပ္ပာယ် ရောက်နေလို့ပေါ့၊ ခင်ဗျားတို့ သစ္စာဉာဏ်လဲမရ၊ ကိစ္စဉာဏ်မရလို့၊ အခု
ဒါတွေပြောနေရတာ၊ ဒီတော့ ခင်ဗျားတို့ အခြေအနေအားဖြင့် ဒုက္ခသစ္စာတွေကို လွဲလို့ကိုမရဘဲ ကိုယ်တိုင်
ခံစားနေရတဲ့အတွက်၊ ကိုယ့်ဖြစ်စဉ်ဟူသရွေ့ အကုဖြုတ်၊ တစ်ခုမှအကောင်းမရှိဘူး၊ မပါဘူး၊ ဒွန်းစဏ္ဍားစိတ်
ပေါက်ပြီ၊ ဒွန်းစဏ္ဍား အနေမျိုး နေရ၊ ဒွန်းစဏ္ဍား အစားမျိုးတွေ စားနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဘာပြုလို့
တုံး၊ နိဗ္ဗာန်ကျတော့ ဒီအနာတွေ မရှိတော့ဘူး၊ သူပေး..လူပေးတွေ ယူဖို့ မလိုတော့ဘူး၊ အဝတ်တွေ အထည်
တွေ ခြုံဖို့ရုံဖို့ မလိုတော့ဘူး၊ ဘာပြုလို့တုံးဆိုတော့ သဘာဝကောင်းလို့ ပေါ့ဗျာ၊ မပြုမပြင်ဘဲနဲ့ ကောင်းနေတဲ့
အသင်္ခတကိုး၊ အသင်္ခတဆိုတာ မပြုပြင်ဘဲနဲ့ ကောင်းနေတာ၊ ဒါဖြင့် ခင်ဗျားတို့ ပြုပြင်နေတာကို ထောက်သ
ဖြင့်၊ ဪ..သင်္ခါရဒုက္ခပါလားဆိုတာ ပေါ်လာတယ်၊ ခင်ဗျားတို့ဟာ ဒီ သင်္ခါရဒုက္ခကို မသိသေးတော့၊ နဲနဲ
တော့ ချဲ့ပေးရဦးမယ်။"သင်္ခါရဒုက္ခ"ကဲ..ဝက်သားဟင်း ကြက်သားဟင်း တစ်ခုခုစားချင်တယ် ဆိုပါတော့၊
ဈေးသွားပြီး အဝယ်ခိုင်းရတာနဲ့၊ ဆား ဆီ နနွင်းတွေနဲ့ လုပ်ကိုင် ချက်ပြုတ်ရတာနဲ့ဆိုတော့ ဒါ သင်္ခါရချည်းပဲ
ပြီးတော့ ဒီပြုပြင်လိုက်တဲ့ဟင်းစားတော့ လျှာပေါ်မှာ သုခလေး ပေါ်တယ်၊ ဝမ်းထဲလဲ သောမနဿလေး ပေါ်
တယ်၊ ဒီသုခလေးဟာလဲ ကြာရဲ့လား၊ မကြာဘူး၊ ခဏလေးနဲ့ ပျက်သွားတာပဲ၊ ပျက်သွားတော့ ဒုက္ခပေါ့ဗျာ၊
"သုခဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ" (သုခဝေဒနာကို ဒုက္ခအားဖြင့် သိအပ်၏) လို့..ဘုရားကဟောတယ်၊ ဒါဖြင့်
သင်္ခါရရယ်..ဒုက္ခရယ်..ဒါပဲရှိတယ်၊ သင်္ခါရဆိုတာပြုပြင်နေရတာပဲ၊ သူလဲ ဒုက္ခတစ်မျိုးပဲ၊ ပြုပြင်လို့ပေါ်လာ
တဲ့ သုခဝေဒနာလေးကလဲ ပျက်တဲ့ဒုက္ခမှာ လမ်းဆုံးတာပဲ၊ ဒီတော့ သင်္ခါရနဲ့ ဒုက္ခပေါင်းရင် သင်္ခါရဒုက္ခပဲ၊
ခင်ဗျားတို့ အခုနေခဲ့ကြရတာ နှစ်ပေါင်းလဲများလှပြီ၊ ဘာနဲ့ အချိန်ကုန်ရတုံး၊ သင်္ခါရဒုက္ခနဲ့ပဲ အချိန်ကုန်ရ
တယ်တဲ့၊ သုခကို မလာဘူး၊ ဒါဖြင့် တစ်သက်လုံးရှာနေတာက သင်္ခါရ၊ နောက် နဲနဲချမ်းသာယောင်လေးပေါ်
လာပြီး ပျက်စီးသွားတော့ ဒုက္ခလမ်းဆုံးတယ်၊ ဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သုခကို အပ်ဖျားနဲ့ထောက်
(ရှာ) လို့ တစ်ထောက်စာမှ မရှိ (တွေ့) ဘူး၊ ဘာတွေ ရှိသလဲ၊ ဒုက္ခတွေသာ ရှိတယ်၊ ဘာဒုက္ခလဲ၊ သင်္ခါရဒုက္ခ၊
နေရတာလဲ ဘာနဲ့နေရသတုံး၊ သင်္ခါရဒုက္ခနဲ့သာနေရတယ်၊ သင်္ခါရတွေကမနဲ့ ထူမနေရတယ်၊ နောက် သုခ
လေးရမလား..အောက်မေ့ခါရှိသေး၊ တစ်ခါတည်း ဒုက္ခဝင်လာတာပဲ၊ သက်သာရာများပါသေးရဲ့လား၊ မပါး
ဘူး၊ ဒီလို သင်္ခါရဒုက္ခချည်း အချိန်တွေကုန်ရငြားသော်လဲ၊ ဒီသင်္ခါရဒုက္ခကို ခင်ဗျားတို့က သုခထင်နေပြီး
ကိုယ့်ဟာကိုယ် အတော်ဟုတ်နေပြီ ထင်နေတာ၊ အဲဒါ ဒွန်းစဏ္ဍားစိတ်ပေါက်လို့ပေါ့။
အဲဒီ ဒုက္ခသစ္စာကြီးကို ခင်ဗျားတို့က ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်လဲမမြင်သေး၊ သူ့အပေါ်လဲ အကျိုးအ
ပြစ်တွေ မသိသေးတော့၊ ခင်ဗျားတို့မှာ သင်္ခါရဒုက္ခကိုကြိုက်နေတယ်၊ သင်္ခါရဒုက္ခကို ကြိုက်နေရင်၊ အသင်္ခ
တသုခကို ဘယ်တော့မှ မရဘူးမှတ်၊ ဒါဖြင့် သင်္ခါရဒုက္ခကို ဒွန်းစဏ္ဍားကြိုက် ကြိုက်နေတယ်၊ ကိုယ့်ဟာလေး
နဲ့ကိုယ်ပဲ အဟုတ်လုပ်ပြီး ပျော်နေတော့..ဒါ ဒွန်းစဏ္ဍားပျော် ပျော်နေတာပေါ့၊ အဲဒါ ဒုက္ခသစ္စာကို သုခထင်နေ
လို့ ပျော်ပျော်နေနိုင်ကြတာ၊ စင်စစ်တော့ ပျော်စရကို တစ်ကွက်မှ မပါးဘူး၊ ဒီတော့ ခင်ဗျားတို့ ဘာကြောင့်
နိဗ္ဗာန် မရောက်တာဆိုတာ ပေါလောကြီးပေါ်လာတယ်၊ ခင်ဗျားတို့က ဒုက္ခသစ္စာကိုလဲမမြင်..ဒုက္ခသစ္စာကိုလဲ
သုခလို့ ထင်နေတာမို့..ဒွန်းစဏ္ဍားပျော် ပျော်နေတာ၊ အဲဒါကြောင့် နန်းတော်အိမ်နဲ့တူတဲ့ နိဗ္ဗာန်မရောက်တာ၊
ဒါဖြင့် ဒီ ဒွန်းစဏ္ဍားစိတ် မပျောက်သရွေ့ ဘယ်တော့မှ ရှင်ဘုရင်စိတ်ပေါက်မှာမဟုတ်ဘူး၊ အဓိပတိစိတ်
ပေါက်မှာ မဟုတ်ဘူး၊ ကျွတ်စိတ် ကူလီစိတ် ဒွန်းစဏ္ဍားစိတ်ပဲ ပေါက်နေမှာပဲ၊ အဲဒီတော့ အရင်တုန်းက ဒီ
သာမည ဝိပဿနာစိတ်တွေ သီလတွေ သမာဓိတွေ ပညာတွေဟာ ဒီဒွန်းစဏ္ဍားသဘောကိုကောင်းကောင်း
မကျော်နိုင်သေးဘူး၊ ဒွန်းစဏ္ဍားစိတ်ပျောက်ပြီး ဒွန်းစဏ္ဍားအထည်ကြီး စွန့်ပစ်အောင် မတတ်နိုင်သေးဘူး၊ ဒါ
သေချာတယ်၊ ရှေးကဆောက်တည်ခဲ့တဲ့ သီလ သမာဓိ ပညာတွေဟာ ခင်ဗျားတို့မှာ အထိုက်အလျောက်ရှိ
ပေမယ့်၊ ဒီ နိရောဓ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့သဘောမရောက်သေးဘူး၊ မရောက်သေးတော့ သူတို့က ပစ်
ချလိုက်ရင် ဒွန်းစဏ္ဍားရွာအထိကျမယ်၊ အဲ လူပြည် နတ်ပြည်ဆိုတာ ရွာကြီး ရွာလေးပဲကွာမယ်၊ ရွာကြီးနဲ့ရွာ
လေးပဲ ပြောင်းချင် ပြောင်းမယ်ပေါ့၊ နန်းတော်ကြီးဖြစ်တဲ့ နိဗ္ဗာန်ကိုတော့ မရောက်နိုင်ဘူး၊ ဟာကြောင့်၊ ဒွန်းစ
ဏ္ဍားစိတ် မပျောက်လို့၊ ရှင်ဘုရင်စိတ်မပေါက်လို့၊ ဒါဖြင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာအစစ်လို့ မသိသေးသရွေ့
တော့ နိရောဓသစ္စာလာဖို့ရာ ဝေးပါသေးတယ်၊ ဒီရှေ့ ဒွန်းစဏ္ဍားစိတ်ပျောက်ပြီး ဒွန်းစဏ္ဍားရွာကိုစွန့်ပါ၊ ဒါမှ
ဘုရင်စိတ်ပေါက်ပြီး နန်းတော်ရောက်မှာ၊ ရိုးရာစွန့်ဖို့တော့ တယ်လွယ်မယ်မထင်းဘူး၊ ဒါကြောင့် မိမိတို့အ
ဖြစ်ဟာ အဖြစ်ဆိုးကြီးပါ့လားလို့ ဘေချာမှ နိဗ္ဗာန်ကြိုက်မှာ၊ ဒီ အဖြစ်ဆိုးကြီးကိုပင် အင်း..ကိုယ့်အကျိုးပေးနဲ့
ကိုယ့်ကံနဲ့ကိုယ် တန်ရုံပဲ၊ လှသလောက်တော့ လှတာပဲနဲ့..ကျေနပ်နေရင်တော့၊ ကိုယ့်ရွာကို အပျော်ဆုံးပဲ
ဟုတ်လား၊ ပျော်နေတော့ ထွက်ပေါက်ရှာမတွေ့တော့ဘူး၊ ဒါမှားသလား၊ မယုံရင် ကိုယ့်အိမ်ကိုပြန်ကြည့်၊
ပျော်မပျော်၊ သူများအိမ်နေရတာနဲ့ ကိုယ့်အိမ်နေရတာ ဘယ်ကပျော်တုံး၊ ကိုယ်အိမ်မှာ ပျော်တယ်တဲ့၊ ကိုယ့်
အိမ်ကလဲ တလားပျက်နဲ့ဆောက်ထားတဲ့ လောင်တိုက်ပဲ၊ ရှိတာကလဲ မသာ အသုဘပစ္စည်းတွေပဲ၊ အိမ်မှာရှိ
တဲ့ ဆန် ဆီ ဆား ငါးပိ ငါးခြောက်စတဲ့ ဟာတွေလဲ ဒီအသုဘခန္ဓာကြီးကို ကုသဖို့ပဲ မဟုတ်လား၊ "အနာနဲ့
ခန္ဓာ"ဟာ မကင်းတာနဲ့ ဆေးကို အပြတ်ခံလို့မရဘူးနော်၊ မပြတ်ပေမယ့် ကိုယ့်ဆေးနဲ့ကိုယ်တော့ အတော်
ကျေနပ်တောပဲ၊ အနာပေါက်လိုက်ဆေးကုလိုက်၊ အနာပေါက်လိုက်ဆေးကုလိုက်၊ အနာပေါက်လို့ ဆေးကုရ၊
ကုလို့ ဒီအနာပျောက်ပြီး ဟိုအနာပေါက်လာပြန်၊ ပေါက်တော့ ကုရပြန်၊ အနာတွေကလဲ ၉၆-ပါး တစ်ခုပြီးတစ်
ခုလည့်ပေါက်နေတော့ အနာကင်းတယ်လို့ ရှိရဲ့လား၊ မရှိဘူး၊ ကုလို့ကော ပြီးရဲ့လား၊ မပြီးဘူး၊ အနာတွေ
ဆေးကုရတာနဲ့ကို အားတယ်လို့မရှိကြဘူး၊ တစ်သံသရာလုံးရောဂါနဲ့ကို မပြတ်တော့ဆေးနဲ့လဲမပြတ်ခဲ့ဘူး၊
ဒါဖြင့်"ဝဋ်ကောင်"အစစ်ပေါ့။
ဒီလောက် ဆိုးနေတဲ့ဥစ္စာ ကိုယ့်ဟာလေးနဲ့ကိုယ် တင်းတိမ်နေကြတယ်၊ ဒါနန်းတော်အိမ်တော် မရာက်ဖူးလို့
တင်းတိမ်နေတာ၊ ဒွန်းစဏ္ဍား စိတ်ပေါက်လို့ တင်းတိမ်နေတာ၊ နို့မို့ရင် တင်းတိမ်မနေပါဘူး၊ ကဲ..ကိုယ့်အဖြစ်
ကို ကိုယ်သိပြီလား၊ စားရတာ..ဝတ်ရတာ..နေရတာ..ဘာမှလွမ်းစရာမရှိပါဘူး၊ ချမ်းသာတယ်လို့မှ မရှိပဲ၊ ဆန်
ရှိပေမယ့် ဆီကလိုနေပြန်၊ ဆီရှိပေမယ့် ဆားကလိုနေပြန်၊ အဝတ်အထည်တွေ ရှိပေမယ့်..ရွှေကလိုနေပြန်၊
ရွှေရပြန်တော့ စိန်ကလိုနေပြန်၊ လိုတာချည်းဖြစ်နေတယ်၊ ဘယ်တော့ ပြည့်စုံမှာလဲ၊ မပြည့်စုံဘူးတဲ့၊ ဟာ..
အမွဲချည်းပါလား၊ ဘာကြောင့်လိုနေတာတွေ မပြည့်စုံပါလိမ့်၊ ဆင်းရဲလွန်းလို့၊ ဘယ်တော့များ ဆင်းရဲပျောက်
ပြီး ချမ်းသာခြင်းသို့ရောက်မှာပါလိမ့်၊ ချမ်းသာခြင်းမရောက်ဘဲနဲ့ သေသွားကြရတာချည်းပဲ၊ အဲဒီတော့ ဒီက
ထွက်မှပဲ ဆင်းရဲလက်စသတ်မှာ၊ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်ကလာတဲ့အတိုင်း ဒုက္ခသစ္စာများများကြီးပိုင်ဖို့ အ
ရေးကြီးတယ်၊ ဒုက္ခအကြောင်း ကောင်းကောင်းပိုင်နိုင်သိတဲ့အခါကျမှ (ဘုရင်စိတ်ပေါက်ပြီး) နန်းတော် အိမ်
တော်နဲ့တူတဲ့ နိဗ္ဗာန်ရောက်မှာ၊ အဲဒီရောက်မှပဲ ဒုက္ခလက်စသတ်မယ်။ ဒီလု ဒုက္ခကို ပိုင်းခြားပြီး မသိသေးသ
ရွေ့၊ ဒွန်းစဏ္ဍားလေးတွေ ညအခါ မြေပုံပေါ်မှာ ဇရပ်ပေါ်မှာ လျှောက်သွားပြီး ကျားထိုးရင်း..ဆေးလိပ်
သောက်ရင်း ဆိုသလို..ကစားပြီးပျော်ကြတယ်၊ ကိုယ့်ရွာကို ကျက်သရေအရှိဆုံး အပျော်ဆုံးလို့ ထင်ကြ
တယ်၊ ပြီးတော့ ဝင်ငွေအမှန်ဆုံးလို့ ထင်ထားတယ်၊ မသေတဲ့လူမှ မရှိဘဲကိုး၊ အဲဒီကနေပြီး ထိုင်စောင့်နေရုံ
ပဲ၊ အဲဒီတော့ ဘယ်မှမရောက်ဘူးရင် သူတို့ရွာ သူတို့အပျော်ဆုံး ဖြစ်မှာပဲ၊ အဲ..ခင်ဗျားတို့လဲ နိဗ္ဗာန် မရာက်
သေးခင်တော့ ကိုယ့်ရွာကိုပျော်ကြအုံးမှာပဲ၊ လူ့ပြည်ရောက်လဲပျော်မှာပဲ၊ နတ်ပြည်ရောက်လဲပျော်မှာပဲ၊ နတ်
ပြည်ရောက်တော့လဲ ဒီ အသုဘခန္ဓာတွေနဲ့ ဒုက္ခရောက်မှာပဲ၊ ဒါကြောင့် ဒုက္ခသစ္စာမပိုင်းခြားနိုင်သေးလို့
နိရောဓသစ္စာ မျက်မှောက်မပြုနိုင်သေးတဲ့အတွက်၊ ခင်ဗျားတို့"၃၁-ဘုံး ဒွန်းစဏ္ဍားရွာကြီးမှာ ဒွန်းစဏ္ဍားပျော်
ပျော်နေကြတာ၊" ဒါကြောင့်"ဒုက္ခသစ္စာ ပိုင်းခြားမသိဘဲ နိဗ္ဗာန်မရောက်ဘူး၊ ဒုက္ခပိုင်းခြားသိမှ နိဗ္ဗာန်ရောက်
မှာ" အဲ...မဂ္ဂင် ၈-ပါးနဲ့ နိဗ္ဗာန်ကိုမြင်တော့၊ ၃၁-ဘုံး ဒွန်းစဏ္ဍားရွာကြီးကို မပြန်တော့တဲ့ စိတ်..လာမှာ၊ အဲဒီကျ
မှ မြဲမြံခိုင်ခံတဲ့ ဘယ်တော့မှ မပျက်စီးတဲ့..အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဖြစ်မှ၊ ဒီအခြေရောက်မှ ဒွန်းစဏ္ဍား
ရွာကြီးကိုမပြန်တော့တဲ့အောင်..ရွာအကြောင်းစေ့စေ့စပ်စပ်ကြည့်ပေတော့၊ တကယ်သိရင် နိဗ္ဗာန်ရောက်ပြီ
မှတ်။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။ ။
Monday, March 18
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာနှင့်တဏှာတရားတော်
"ဝေဒနာပစ္စယာ တဏှာ"(ဝေဒနာကြောင့် တဏှာဖြစ်၏) လို့ ဘုရားကဟောထားတယ်၊ ခင်ဗျားတို့ သန္တာန်
မှာ ဝေဒနာသာပေါ်လို့ရှိရင် တဏှာလာမှာပဲတဲ့၊ ဘုရားပွင့်ပွင့် မပွင့်ပွင့် ဝေဒနာပစ္စယာတဏှာ..တော့ရှိနေ
တာပဲ၊ ဒါပေမယ့် ဘုရားမပွင့်ရင် ဝေဒနာပစ္စယာတဏှာ..ချည်းဖြစ်မယ်၊ ဘုရားပွင့်တော့ ဝေဒနာနိရောဓာ
တဏှာနိရောဓော (ဝေဒနာချုပ်ရင် တဏှာချုပ်တယ်) ဖြစ်နိုင်တယ်၊ ဒါထူးခြားတာပဲ၊ "ဝေဒနာနိရောဓာ
တဏှာနိရောဓော"ဆိုတာကလဲ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှဖြစ်တာ၊ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ ဖြစ်ကိုမဖြစ်ဘူး
(ဝေဒနာပစ္စယာတဏှာ..ပဲဖြစ်မယ်)၊ ဝေဒနာဖြစ်လာရင် တဏှာလာမယ်၊ တဏှာလာလို့ရှိရင် ဒီဘက်က
ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာမရဏ တွေဟာပဋိစ္စသမုပ္ပါဒ်အစဉ်အတိုင်း သွားတော့မှာပဲ၊ ဒါ နိယာမပဲ၊
ဘုရားပွင့်လို့ ဘုရားရဲ့တရားတော်ကို နာရလို့ ခင်ဗျားတို့ကျုပ်တို့အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ "ဝေဒနာ
နိရောဓာ တဏှာနိရောဓော"ဖြစ်နိုင်တယ်၊ ဒါဘုရားပွင့်ခြင်း၏ ကျေးဇူးပဲ၊ ဘုရားဆီကနည်းရပြီး ကျင့်ရင်
တော့"ဝေဒနာနိရောဓာ တဏှာနိရောဓော"ဖြစ်မယ်၊ ကိုယ့်အိမ်မှာ ဘုရား တရား သံဃာကြည်ညိုတယ်ဆို
တာက သဒ္ဓါပြဋ္ဌာန်းတယ်၊ ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ပညာပြဋ္ဌာန်းတယ်၊ ဒီအလုပ်မလုပ်တဲ့
ပုဂ္ဂိုလ်ကျတော့ သဒ္ဓါပဲပြဋ္ဌာန်းနိုင်တယ်၊ "ပညာယံ သေဋ္ဌောလောကသ္မိ`ံ"(လောက ၃-ပါး၌ ပညာသည်သာ
တရားတကာတို့ထက်အမြတ်ဆုံး) လို့ ဘုရားကဟောတယ်၊ ဘာကြောင့် ပညာအမြတ်ဆုံးဖြစ်ရတာလဲ။
တခြားတရားတွေ မဖောက်ထွင်းနိုင်တဲ့ အဝိဇ္ဇာတဏှာထုကြီးကို ပညာကဖောက်ထွင်းနိုင်တယ်၊ ကျန်တဲ့တ
ရားတွေက မဖောက်ထွင်းနိုင်ဘူးတဲ့၊ ဒါကြောင့် ရှိသမျှတရားတကာတွေထဲမှာ ပညာဟာအမြတ်ဆုံးလို့မှတ်
ဒါဖြင့်"ဝေဒနာနိရောဓာ"ဝေဒနာမရှိတာကို မြင်ပါမှ"တဏှာနိရောဓော"ဆိုတဲ့ မဂ်ဉာဏ်လာမယ်..ပဋိစ္စသမု
ပ္ပါဒ် ပြတ်မယ်လို့ ဘုရားကဟောထားတယ်၊ ဝေဒနာချုပ်တာကိုမြင်တဲ့ ဝိပဿနာမဂ်ပေါ်လာတော့မှ တဏှာ
နိရောဓော ဖြစ်တယ်၊ နို့မဟုတ်ရင် မဖြစ်ဘူး၊ သေသေချာချာရှုလို့ဝေဒနာဖြစ်ရာက ချုပ်ပျောက်သွားတော့မှ
ဝေဒနာချုပ်ပျောက်သွားရကို မြင်လိုက်မှ "တဏှာနိရောဓ"ဖြစ်မယ်၊ "ဝေဒနာနိရောဓ"မမြင်နိုင်တဲ့ပုဂ္ဂိုလ်မှာ
"တဏှာနိရောဓ"မဖြစ်၊ ဒါဖြင့် ဝေဒနာနိရောဓ ဖြစ်အောင် အလုပ်လုပ်မှရမယ်လို့မှတ်။
"ဝေဒနာရှုနည်း"ဝေဒနာက ခန္ဓာကိုယ်ထဲမှာ သုခပေါ်ပေါ် ဒုက္ခပေါ်ပေါ် ဥပေက္ခာပေါ်ပေါ် ရှုလိုက်လို့ပျောက်
ပျောက်တဲ့ နိရောဓကို နောက်ကရှုတဲ့ဉာဏ်က မြင်ပါမှ၊ တဏှာနိရောဓ ဖြစ်တယ်၊ (ဒါအလုပ်သဘောပဲ) နို့မ
ဟုတ်ရင် ဝေဒနာဖြစ်တိုင်း တဏှာကလာမှာပဲ၊ ဒါဖြင့် ဝေဒနာပေါ်တုန်း ပေါ်ဆဲကို နိရောဓမြင်အောင် ကြည့်
ရလိမ့်မယ်၊ ဝေဒနာနိရောဓ..မြင်တဲ့မဂ်လာရင် တဏှာနီရောဓဖြစ်ပြီး၊ ဒီနေရာမှာ (ဝေဒနာနဲ့ တဏှာကြားမှာ)
မဂ်မလာဘူးဆိုရင်၊ "တဏှာ ဥပါဒါန် ကံ"တွေဖြစ်မှာပဲ၊ ဒါဖြင့် တဏှာချုပ်အောင် ဘယ်လိုလုပ်မလဲ၊ ဝေဒနာ
ကို ရှုရှုပေး၊ ကြပ်ကြပ်ရှုပေး၊ ရှုပြီး ဝေဒနာချုပ်တာ မြင်အောင်ရှုနိုင်တဲ့ အလုပ်လုပ်၊ ချုပ်ပြီ ချုပ်ပြီလို့နောက်က
မြင်နေမယ်ဆိုရင် တဏှာချုပ်နေတာပဲ၊ ဝေဒနာ ချုပ်တာမြင်မြင်နေတဲ့ပုဂ္ဂိုလ်ဟာ တဏှာချုပ်နေတာပဲ၊ တဏှာဟာ ပေါ်ခွင့်မရဘဲနဲ့ချုပ်သွားတော့တဏှာနိရောဓော..နိဗ္ဗာန်ဖြစ်တာပဲ၊ သံယုတ်မှာ ဒီအတိုင်းလာ
တယ်။
"ဝေဒနာချုပ်တော့ တဏှာချုပ်"တဏှာချုပ်တော့ နိဗ္ဗာန်လာတာပဲ၊ တဏှာသာစွန့် နိဗ္ဗာန်ရပြီလို့ ဘုရားက
ဟောတယ်၊ ဒီတော့ ဝေဒနာကို ကြည့်ကြည့်ပေး (ရှုရှုပေး) ကြည့်တဲ့အခါ မဂ္ဂင် ၅-ပါးက ဝေဒနာကိုမြင်တယ်၊
နောက် ဝေဒနာနဲ့မတွေ့စေနဲ့၊ ချုပ်တာချည်းတွေ့နေပစေ၊ ဝေဒနာတွေ့နေရင် တဏှာလာဦးမယ်၊ ချုပ်တာနဲ့
တွေ့တော့ တဏှာမလာတော့ဘူး၊ တဏှာချုပ်ရင် နိဗ္ဗာန်ပဲ၊ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကိုမြင်တာပဲ၊ ဒီတဏှာချုပ်တာ
ကို မျက်စီ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေနဲ့ မမြင်နိုင် မသိနိုင်ဘူး၊ ဉာဏ်နဲ့မှမြင်တယ်၊ ဉာဏ်နဲ့ကြည့်လိုက်
တဲ့အခါ သုခဖြစ်ဖြစ်၊ ဒုက္ခဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ်..ဘယ်ဝေဒနာမှ မတွေ့တော့ဘူး၊ ဝေဒနာမရှိတာချုပ်တာ
(နိရောဓ) ကို သိတော့တယ်၊ ဒီတော့ မရှိတာက"အနိစ္စ"(နိရောဓ)၊ သိတာက"မဂ္ဂ"မဂ်လာကတည်းက၊
တဏှာမလာတော့ဘူး၊ တဏှာမလာတော့ ဥပါဒါန်မလာ၊ ဥပါဒါန်မလာတော့ ကမ္မဘဝမလာ၊ ကမ္မဘဝ မလာ
ရင်လို့ရှိရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတွေလဲ မလာတော့ဘူး၊ ဒီဘက်လာ မယ့်ဒုက္ခတွေ ချုပ်သွားတယ်၊ ဒါ
မဂ်ဝင်လာသောကြောင့် တဏှာသမုဒယ ချုပ်သွားလို့ ဒုက္ခသစ္စာတွေချုပ်သွားရတာ။ ဝေဒနာရှုတဲ့အခါမှာ
ဝေဒနာမြင်ရုံနဲ့ မပြီးသေးဘူး၊ ချုပ်သွားတာမြင်မှ ပြီးတယ်၊ ရှေ့က(ဝေဒနာက) ချုပ်သွားလိုက် နောက်က(မဂ်)
မြင်လိုက်၊ ဒီလိုချည်း လိုက်ပေးတဲ့အခါကျတော့၊ တဏှာဟာ ချုပ်သွားတယ်၊ ဒါဖြင့် တဏှာချုပ်အောင် လုပ်
တဲ့အလုပ်ဟာ သံသရာစခန်းသတ်တဲ့အလုပ်၊ တဏှာမချုပ်စေတဲ့ အလုပ်ကတော့ သံသရာလည်တဲ့ အလုပ်
လို့မှတ်၊ သံသရာလည်တာက ဝေဒနာ၊ တဏှာ ချုပ်အောင်မလုပ်တဲ့ပုဂ္ဂိုလ်၏ လမ်းစဉ်၊ သံသရာ စခန်းသတ်
တာဟာ ဝေဒနာ၊ တဏှာချုပ်အောင်လုပ်တဲ့ ပုဂ္ဂိုလ်၏လမ်းစဉ်၊ ဒီလိုလမ်းစဉ် ၂-မျိုးကွဲသွားတယ်၊ ဝေဒနာချုပ်
တာ မြင်မှုသည် နိဗ္ဗာန်ရောက်တဲ့ အလုပ်ပဲ၊ ဝေဒနာကို နောက်ကသိတာက တဏှာနဲ့သိတာ၊ခံစားလို့ကောင်း
လိုက်တာဆိုတာဟာ တဏှာပဲကိုး။ ဒါဟာ သံသရာရှည်တဲ့အလုပ်ပဲလို့မှတ်၊ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာ
မရဏလို့ ဒုက္ခလည်တဲ့အလုပ်ပဲ။
"တဏှာ၏ဆိုးရွားယုတ်မာပုံ"အခု သမုဒယသစ္စာ ဆိုတဲ့တဏှာ..လောဘ၏ ဆိုးရွားယုတ်မာပုံကို ဟောတော့
မယ်၊ ဘာကြောင့်ဟောရသတုံး၊ ခင်ဗျားတို့က တဏှာကို မိတ်ဆွေဖွဲ့ထားလို့၊ ဒီအရွယ်ရောက်ရင် လုပ်တတ်
ကိုင်တတ်ပြီ၊ ငွေရှာတတ်ပြီ၊ လောဘဖြစ်တတ်ပြီ၊ လူကြီးတွေကတော့ ကလေးတွေကိုနင်တို့ကတဏှာလော
ဘနည်းသေးတယ်၊ ပိုက်ဆံမဝင်သေးတော့ နင်တို့ များများရအောင်ကြိုးစားရမယ်..စသည်ဖြင့် သင်ပေးကြ
တယ်၊ ဒါတဏှာသင်ပေးနေတာပဲ၊ ဒီတဏှာလေးရှိလာတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္စည်းကိုရှာဖွေလာတယ်၊ ပစ္စည်း
ကလေးရမှန်းသိတော့ စွဲလမ်းလာတယ်၊ ဒီတော့ တဏှာ ဥပါဒါန် ကမ္မဘဝလာတော့တာပဲ၊ကမ္မဘဝဖြစ်တော့
ဇာတိ ဇရာမရဏဘက် သွားတော့တာပဲ၊ လောကီမျက်လုံးနဲ့ ကြည့်လိုက်ရင်တော့၊ အမေအဖေတွေ အသင်
အပြကောင်းတယ်လို့ဆိုရမယ်၊ လောကုတ္တရာမျက်လုံးနဲ့ကြည့်တော့ ဒါဂျောက်တွန်းတာပဲ၊တဏှာရဲ့ဆိုးသွမ်း
ပုံကိုဟောနေတာ၊ ဒီလိုတဏှာဆိုးသွမ်းပုံကို သိမှသာ ခင်ဗျားတို့ သူနဲ့မပေါင်းချင် မသင်းချင်ဆိုတာလာမှာ
ဘုရားက"တဏှာဒုတိယာပုရိသော"လို့ဟောထားတယ်၊ ခင်ဗျားတို့ တဏှာအပြစ်ကို မသိသေးသရွေ့၊
တဏှာနဲ့နေရတာ ပျော်နေမှာပဲ၊ တစ်ယောက်တည်းစိတ်ကူးကလေးနဲ့ပေါ့၊ နက်ဖြန် ဟိုကဘယ်လောက်ရ
မယ်၊ ဘယ်သွားရင် ဘယ်လိုအမြတ်ထွက်မယ်ဆိုပြီး၊ ဒီလိုနဲ့ စိတ်ကူးကလေးနဲ့ပျော်နေကြတာ၊တစ်ခါတလေ
အကြောင်းမညီညွတ်လို့ တဏှာသဘောအတိုင်း ဖြစ်မလာဘူးဆိုရင်၊ ဒေါသနဲ့ နှစ်ယောက်တည်းများ ရန်ဖြစ်
နေကြသေး၊ ဒေါသနဲ့ခန္ဓာ ရန်ဖြစ်ကြတယ်၊ ခင်ဗျားတို့က အခါကောင်းပြန်တော့"လောဘ"နဲ့အဖော်လုပ်၊
အခါမကောင်းပြန်တော့လဲ"ဒေါသ"နဲ့ အဖော်လုပ်၊ ဒီ ၂-ခုနဲ့ အဖော်လုပ်နေရာမှာလဲ"မောဟ"ကတွဲလျက်ပါ
နေတာပဲ၊ ဘုရားကတဏှာဖြတ်ခန်းဟောနေတယ်၊ ခင်ဗျားတို့က တဏှာနဲ့ မိတ်ဆွေဖွဲ့နေတယ်၊ ဒါ ဘုရားကို
ဂွတိုက်တာပဲ။
"ဝေဒနာပစ္စယာ တဏှာ"ဟာနေရာမရွေးဘူး၊ သွားရင်းလာရင်းလဲ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ဖြစ်၊ကိုယ်
စိတ်ကူးကလေးနဲ့ကိုယ်ဖြစ်ဖြစ်၊ တဏှာဟာဖြစ်နေတာပဲ၊ အိပ်ရာထဲမှာနေရင်း တဏှာနဲ့အဖော်လုပ်နေတာ
လဲရှိတာပဲ၊ ဒါကြောင့် ဘုရားက တဏှာနဲ့သာ အဖော်လုပ်နေလို့ရှိရင် ဘယ်တော့မှသံသရာက မထွက်ပါဘူး
တဲ့၊တဏှာအဖော်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ သံသရာရှည်တော့မှာပဲ၊ ဟိုဘဝ..ဒီဘဝနဲ့ ကူးနေမှာပဲတဲ့၊ အို..နာ..သေ
ကွဲ..မွဲဆိုတဲ့ သံသရာကြီးကိုကျော်မသွားနိုင်ဘူးတဲ့၊ ဘုရားက သုတ္တနိပါတ် သံယောဇနသုတ်မှာဟောထား
တယ်၊ ဒါတဏှာအဖော်လုပ်မိလို့၊ ဒုက္ခတွေ့ပြီး သံသရာရှည်နေတာ၊ ခင်ဗျားတို့ကတော့ ရရာရကြောင်းက
လေးမှ စိတ်မကူးရလို့ရှိရင် ခြောက်တောက်တောက်ကြီးဖြစ်နေတယ်၊ ပျင်းလာတယ် စိတ်ပျက်လာတယ်၊
ငွေကလေး မှန်မှန်ဝင်ဝင်နေတဲ့ ပုဂ္ဂိုလ်ရဲ့မျက်နှာကိုကြည့် ပြုံးနေတာပဲ၊ ဒါ တဏှာနဲ့အဖော်လုပ်တာ၊
အကြောင်းမညီညွတ်လို့ ငွေမဝင်ဘူးဆိုရင် ပျင်းတယ်တဲ့၊ လူပေါင်းတော့ မှားပေါ့၊ လူပေါင်းမှားလို့ ဒုက္ခ
ရောက် သံသရာရှည်ရပေါ့၊ အိုနာသေဘေးတွေ အပါယ်ဘေးတွေနဲ့ သံသရာထဲက ထွက်တော့မှာ မဟုတ်
တော့ဘူး၊ ဘယ်သူကြောင့် အဲဒီတဏှာနဲ့ အဖော်လုပ်ဖြစ်တာတုံး၊ ဟောဒီ ကောင်းကောင်းကလေးဆိုတဲ့
"သုခဝေဒနာ"လေးကိုကြိုက်တာနဲ့ တဏှာဖြစ်နေတာ၊ "သုခဝေဒနာဟာ တဏှာရဲ့ ရေသောက်မြစ်ပဲ"
ချမ်းသာချင်လို့ လိုချင်..ရချင်တာရှိနေတာပဲ၊ မချမ်းသာချင်တဲ့ပုဂ္ဂိုလ်မှာ လိုချင်..ရချင် မရှိပါဘူး၊ ဒါဖြင့် တဏှာ
ကိုမကြောက်နဲ့၊ သုခဝေဒနာကို ကြောက်ပါ၊ ဒီတော့ သုခဝေဒနာ..ချမ်းသာတာဝမ်းထဲမှာ (ဟဒယဝတ္ထုပေါ်
မှာ) ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တာ ရှုစမ်းပါ၊ ရှုရင် တဏှာအဖော်မလာတော့ဘူး၊ တဏှာမလာရင် သံသရာ
ပြတ်ပြီ၊ နိဗ္ဗာန်ရောက်ပြီ၊ ဒီ တဏှာအကြောင်း ကောင်းကောင်းသိရင်၊ သူ့ကိုပေါင်းသင်းတော့မှာ မဟုတ်
တော့ဘူး၊ တဏှာနဲ့ မပေါင်းချင်အောင်ဟောရမှာပဲ၊ တဏှာဟာဘာလုပ်တတ်တုံး၊ သူ့လုပ်ငန်းကိစ္စဘာတုန်း
တဏှာဟာ သမုဒယသစ္စာပဲ၊ သမုဒယသစ္စာဟာ ဒုက္ခဖြစ်ကြောင်းပဲ၊ ဒါဖြင့် တဏှာဟာအလွန် ဒုက္ခပေးတတ်
နှိပ်စက်တတ်တဲ့တရားအစစ်ပဲ၊ တဏှာဟာ ခင်ဗျားတို့ရဲ့ ငယ်ပေါင်းဖြစ်တယ်၊ ပဋိသန္ဓေ တည်လာကတည်း
က သူနဲ့လာခဲ့တာကိုး၊ ကြီးတော့ လဲမခွဲကြဘူး၊ သူနဲ့သာ အဖော်လုပ်ပြီး နေခဲ့ကြတယ်၊ ဒီနေ့တော့ ငယ်ပေါင်း
၏ အမြဲနှိပ်စက်တတ်တဲ့ သတ္တိကိုအကုန်ဟောရမှာပဲ၊ ငယ်ပေါင်းကိုထိတော့၊ ငယ်ပေါင်းနဲ့ခွဲရတော့မယ်၊ ဆို
တော့ ခင်ဗျားတို့ မျက်ရည်များကျမလားမပြောတတ်ဘူး၊ တဏှာနာမည်က သမုဒယသစ္စာတဲ့၊ သမုဒယဆို
တာဖြစ်ကြောင်း၊ ဒုက္ခဖြစ်ကြောင်း၊ သစ္စာကမှန်တာ၊ ခင်ဗျားတို့ ဒုက္ခရောက်အောင်၊ မကောင်းအောင်ဆိုသွမ်း
ယုတ်မာအောင် သူ့ထက်မှန်အောင် လုပ်နိုင်တဲ့တရားမရှိဘူး၊ တဏှာကမကောင်းမှုသာ လုပ်ရမယ်ဆိုရင်
ကျုပ် အလုပ်နိုင်ဆုံးပဲတဲ့၊ မကောင်းတဲ့အကြောင်းကို မှန်မှန်လုပ်ဖို့အလုပ်ဟာ သူ့ ဝတ္တရားပဲတဲ့၊ ဘယ်သူမှ
ချမ်းသာမပေးဘူး၊ မကောင်းတဲ့အလုပ် လုပ်ပေးရာမှာ ဘယ်အခါမဆို မှန်မှန်လုပ်နိုင်တဲ့ တရားပဲ၊ နည်းနည်း
မှ မတိမ်းဘူး၊ ပြီးတော့သူကလဲ့လူမိုက်၊ မိုက်တဲ့နေရာမှာ ၂-ယောက်မရှိဘူး၊ သူဝင်လာပြီဆိုရင် မကောင်း
တာဟူသရွေ့ မိုက်မိုက်ကန်းကန်းလုပ်တော့တာပဲ၊ မကောင်းတဲ့အလုပ်တွေဟူသရွေ့ သူ့လက်ရာချည်းပဲ၊ မ
ကောင်းတဲ့ ဆိုးကျိုးတွေ ဒုက္ခတွေဟူသရွေ့ သူ့လက်ရာချည်းပဲ၊ ဒီတော့ ဝမ်းထဲသူဝင်လာတယ်ဆိုရင်ဒါဂြိုလ်
ဝင်တာပဲ၊ သူ့လက်ခံထားရင် ဂြိုလ်မွှေတော့မယ်သာမှတ်၊ ခင်ဗျားတို့ကလဲ ဒီဂြိုလ်ကလေးနဲ့မှအတူနေချင်
တာ၊ သူ့ အဖော်မလုပ်ရရင်ပျင်းတယ်တဲ့၊ ဒီတော့ ခင်ဗျားတို့ကရန်သူကိုမိတ်ဆွေမှတ်ပြီး ပေါင်းနေတော့မ
ကောင်းတာ..ဆိုးတာဟူသရွေ့ ဒုက္ခရောက်တာ သနားစမဟုတ်ဘူး၊ ဘာဖြစ်လို့၊ ဖျင်းလွန်း အ လွန်း...လို့။
သမုဒယ (တဏှာ) ဆိုရင် ဘယ်သမုဒယမှ ကောင်းတယ်လို့မပြောနိုင်ဘူး၊ နတ်ပြည်တောင့်တတဲ့ တဏှာလဲ
ကောင်းတယ့် မပြောနိုင်ဘူး၊ ဗြဟ္မာ့ပြည်ကြိုက်တတ်တဲ့ တဏှာလဲ ကောင်းတယ်လို့ မဟောနိုင်ဘူး၊ နတ်
ပြည်တောင့်တတဲ့ တဏှာကြောင့် နတ်ဒုက္ခရမှာ၊ ဗြဟ္မာပြည်တော့တတဲ့ တဏှာကြောင့် ဗြဟ္မာဒုက္ခရမှာ၊ လူု့
ပြည်တောင့်တတဲ့ တဏှာကြောင့် လူ့ဒုက္ခရမှာ၊ သားတွေငါးတွေစားချင်တဲ့ တဏှာကြောင့် သားတွေငါးတွေ
သတ်စားလို့ရှိရင် အပါယ်ဒုက္ခရမှာ၊ ဒီတဏှာကိုတော့ သတ်မှတော်မယ်၊ ချမ်းသာပေးလို့ မဖြစ်ဘူးလို့ စိတ်
မွေးထားမှဖြစ်မယ်၊ တဏှာဆိုတာ လောဘပဲ၊ ဒီတော့ လောဘလေးပေါ်တိုင်း သမုဒယလေး အဆိုးတရား
လေးပေါ်လာတယ်လို့ သိပေးပါ၊ ဒီလိုသိရင် သမုဒယသစ္စာကိုသိတယ် မည်တယ်၊ သမုဒယဆိုတာ ဒုက္ခဖြစ်
ကြောင်း၊ သစ္စာဆိုတာ အမှန်၊ ဘုရားက သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့ သမုဒယဟာ ဒုက္ခဖြစ်ကြောင်း
အမှန် သမုဒယသစ္စာတစ်ခုတည်းပဲ တွေ့တယ်၊ ဒုက္ခဖြစ်ကြောင်း အမှန်ဟာ သမုဒယသစ္စာတစ်ခုပဲတွေ့တယ်
တစ်ထောင့်ငါးရာ ကိလေသာဆိုတာ ဘုရားကဉာဏ်ကျယ်လို့ဟောတာ၊ ဒါတွေဟာ တဏှာ၏ အခြံအရံတွေ
အကူအညီတွေပဲ၊ ဒီတော့"အဝိဇ္ဇာထက် တဏှာကထက်တယ်"လို့မှတ်ပါ၊ သစ္စာနဲ့ဝေဖန်ကြည့်တော့မှ
တဏှာက ပိုထက်တာကိုသိရတယ်၊ အဝိဇ္ဗာက ဒီလောက်မထက်ဘူး၊ သစ္စာ ၄-ပါးဖွင့်ကြည့်တော့မှ ပယ်ရ
မယ့်တဏှာလဲသူပဲ၊ သူ့ပယ်ရင်တစ်ဖွဲ့ကြီး ပါတယ်ဆိုသောကြောင့်၊ သူခေါင်းဆောင်ပဲ၊ တဏှာကခေါင်း
ဆောင်ပဲ၊ ခင်ဗျားတို့ တဏှာကိုကြည်ညိုလွန်းလို့ခေါင်းပေါ်ရွက်ထားတယ်၊ သူ့ကို ခေါင်းဆောင်တင်ထား
တယ်၊ သူ့ ကိုအဖော်လုပ်နေရတာ သိပ်ပျော်တယ်ဟုတ်လား၊ ဘုန်းကြီးက သမုဒယသစ္စာ၏ဆိုရွားပုံ..ညစ်
ပတ်ပုံကိုသိအောင်လို့ ကိစ္စဉာဏ်ကိုဟောပေးနေရတာ၊ သူ့ ကိုပယ်ချင်စိတ်ပေါ်လာအောင် ဟောပေးရတာ၊
သူ့ကြောင့် သူ့ကိစ္စကိုသာ ကောင်းကောင်းသိရင် သူ့ကိုသတ်ချင်တယ် ဆိုတာဖြစ်လာမှာ၊ သူ့အကြောင်း
သူ့ ကိစ္စမသိရင်တော့၊ သူ့ကိုသတ်ချင်မှာ မဟုတ်ဘူး၊ အဖော်လုပ်ချင်နေမှာပဲ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းပဖြစ်ဖြင့်
တည်ရှိပါစေသတည်း။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့။ ။

Sunday, March 10
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ ဒဿနဋ္ဌအနက်(၃)
မဂ္ဂသစ္စာဟာ"ဒဿနဋ္ဌော"သဘောရှိတယ်၊ "ဒဿနဋ္ဌော"ဆိုတာ နိဗ္ဗာန်မြင်တဲ့ တရားလို့မှတ်ပါ၊ နိဗ္ဗာန်ကို
ဘယ်အချိန်မြင်မှာလဲ၊ ဒုက္ခဆုံးတဲ့အခါ မြင်လိမ့်မယ်၊ ဒုက္ခဘယ်အချိန်ဆုံးမှာတုံး၊ အဝိဇ္ဇာနဲ့ တဏှာဆုံးတဲ့
အချိန်မှာ ဆုံးမှာပဲ၊ အဲဒီတော့ အဝိဇ္ဇာ တဏှာဆုံး (ချုပ်) တဲ့အခါ..ဒုက္ခဆုံးမယ်၊ ဒုက္ခဆုံးရင် နိဗ္ဗာန်မြင်မယ်၊
ဒီ ၃-ချက်ကို မှတ်ထားပါ၊ ဒီတော့ "ဒဿနဋ္ဌော"မဟောခင် ဒုက္ခဆုံးဖို့ ပြအုံးမယ်၊ ခင်ဗျားတို့ ခန္ဓာမှာ ဒုက္ခတွေ
ရှိတယ်၊ အိုစရာ ဒုက္ခ၊ နာစရာ ဒုက္ခ၊ သေစရာ ဒုက္ခတွေ ရှိတယ်၊ မွဲစရာ..ကွဲစရာ ဒုက္ခတွေလဲရှိတယ်၊ မွဲ..ကွဲဆို
တာ သေတဲ့အခါ ကိုယ့်နောက်မလိုက်လာလို့ မွဲ..ကွဲ ဖြစ်ရတယ်၊ ဒီဒုက္ခတွေနဲ့ စိတ်မချ လက်မချ သောက
တွေ ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတွေလဲရှိတယ်၊ ဒါတွေဟာ ခင်ဗျားတို့ ခန္ဓာမှာ အို..နာ..သေ..အမွဲ
အကွဲတွေလဲရှိတယ်၊ "သောက"ဆိုတဲ့ စိုးရိမ်မှု၊ "ပရိဒေဝ"ဆိုတဲ့ ငိုကြွေးမှုလဲရှိတာပဲ၊ အကြောင်းရှိရင်မျက်
ရည်ထွက်လာတာပဲ၊ "ဒုက္ခ"ဆိုတဲ့ ကိုယ်၏ဆင်းရဲ့ခြင်း၊ "ဒေါမနဿ"ဆိုတဲ့ စိတ်၏ဆင်းရဲ့ခြင်း၊ "ဥပါယာသ"
ဆိုတဲ့ ပြင်းစွာပူပန်မှု၊ "ဒေါသ"ဆိုတဲ့ အလိုမကျမှုတွေရှိတယ်၊ အဲဒါတွေအားလုံးဟာ ဒုက္ခတွေပါလား၊ ဒုက္ခ
သစ္စာပါလားလို့ မှတ်ထား၊ ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော် ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ"ဧဝမေတဿ ကေ
ဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ"လို့ ဟောထားတာ၊ (ဧဝံ..ဤသို့လျှင်၊ ကေဝလဿ..ချမ်းသာ မ
ဖက်သော၊ ဒုက္ခက္ခန္ဓဿ..ဒုက္ခအစုကြီး၏၊ သမုဒယော..ဖြစ်ကြောင်းသည်၊ ဟောတိ..ဖြစ်၏၊) ဒီတော့ ခန္ဓာ
ကိုယ်ကြီးဟာ အဲဒါတွေစုနေလို့ခွဲမရတဲ့ ဒုက္ခအစုကြီးလို့မှတ်ထားပါ၊ အဲဒီ ဒုက္ခအစုကြီးဟာ ဘယ်ကဖြစ်လာ
တယ် ဆိုတာလဲသိရမယ်၊ ဒုက္ခဟာ မိမိပြုတာလား၊ မဟုတ်ဘူး၊ သူတစ်ပါး ပြုတာလား မဟုတ်ဘူး၊
အကြောင်းမရှိဘဲ အလိုလိုဖြစ်လာတာလား၊ မဟုတ်ဘူး၊ ဒီတော့ ဒုက္ခဟာ ဘယ်က ဖြစ်လာတာလဲ၊ ပဋိစ္စသမု
ပ္ပါဒ် ပါဠိတော်ကို ရွတ်ကြည့်၊ အဖြေတွေ့မယ်၊ "အဝိဇ္ဇာပစ္စယာသင်္ခါရာ"စသည်ရွတ်လိုက်တော့ အဆုံးမှာ
"ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ"(ဒုက္ခအစုကြီး၏ဖြစ်ကြောင်းတည်း) လို့တွေ့မယ်၊ ဒီပါဠိတော်အရ အဲဒီ
ဒုက္ခအစုကြီးဟာ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ အဝိဇ္ဇာ..သင်္ခါရ တွေက စတင်ဖြစ်လာတယ်၊ ပုဂ္ဂိုလ်သတ္တဝါက
လုပ်တာမဟုတ်ဘူး၊ ဓမ္မမလုပ်တာ၊ အဝိဇ္ဇာသင်္ခါရဆိုတဲ့ ဓမ္မကလုပ်တာလို့ သေသေချာချာ မှတ်ထားပါ၊ ဒီ
တော့ ဒီဒုက္ခတွေကို စလုပ်တဲ့ ဓမ္မဟာ အဝိဇ္ဇာ (သစ္စာမသိမှု) ပဲ၊ ဒုက္ခဟူသရွေ့ဟာ အဝိဇ္ဇာအရင်းခံပဲ၊ ခင်ဗျား
တို့ရဲ့ သစ္စာမသိမှု..အဝိဇ္ဇာကြောင့် ..အို..နာ..သေ..မွဲ..ကွဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဆိုတဲ့ ဒုက္ခတွေ
တွေရတာ၊ အဲဒီတော့ ဒုက္ခတော့ ဒုက္ခဟာ အဝိဇ္ဇာဆိုတဲ့ဓမ္မက စတင်ပေါ်လာတာ ဖြစ်သောကြောင့်၊ မိမိပြု
တာလဲ မဟုတ်ဘူးလို့ မှတ်ရမယ်။
ခင်ဗျားတို့မှာ သစ္စာမသိမှု၊ ဒုက္ခမသိမှု၊ အဝိဇ္ဇာ ဖုံးလွှမ်းထားလို့ ဒုက္ခလို့မသိတာနဲ့ ဒုက္ခကို တဏှာနဲ့ဆုတောင်း
လာခဲ့ကြတယ်၊ အဝိဇ္ဇာက အဖုံးသမား၊ တဏှာက အတောင်းသမား ဖြစ်တယ်၊ အဝိဇ္ဗာက လူ့ပြည်ဟာ
ကောင်းတယ်ဆိုပြီး အိုဘေး နာဘေး သေဘေးတွေဖုံးပြီး အပျိုအရွယ်ပိုင်းကိုထုတ်ပြလိုက်တယ်၊ တစ်ပိုင်းကို
ပြပြီး တစ်ပိုင်းကိုဖုံးထားတယ်၊ အဝိဇ္ဇာက တောင်ဝှေးထောက် မျက်မှန်တပ်ပြီး၊ သားမုန်း သမီးမုန်း အများ
မုန်းတဲ့ ကိစ္စတွေဖုံးပြီး၊ ငယ်ငယ်ရွယ်ရွယ် ပျိုပျိုရွယ်ရွယ်နဲ့ သွားလာပျော်ရွင်တဲ့ ကောင်းတဲ့အပိုင်းကိုပြထား
တော့၊ တဏှာကလဲ ဒီပျိုပျိုရွယ်ရွယ်ဖြစ်နေတဲ့ အချိန်လေးကိုကြိုက်တော့တာပဲ၊ ဒီတော့ ဒုက္ခကြီးကို အစဉ်
လျှောက်တွေးလိုက်တော့ ဒီ"အဝိဇ္ဇာတဏှာ"က ပေးတာပဲ၊ စတင်လုပ်ပေးတာပဲ၊ ဘယ်ပုဂ္ဂိုလ်သတ္တဝါကမှ
လုပ်ပေးတာမဟုတ်ဘူး၊ ခင်ဗျားတို့ဟာ မသိမှုအဝိဇ္ဇာ၊ နှစ်သက်မှုတဏှာတို့ရဲ့ လွှမ်းမိုးမှုကြောင့် ဒုက္ခရောက်
ကြောင်း..သင်္ခါ အလုပ်တွေလုပ်တော့၊ ဒုက္ခတွေရတာပေါ့၊ အရင်းကျကျပြောရရင် ဒုက္ခဆိုတာ မသိလို့ရတာ
သိလို့ရှိရင် မရဘူး၊ ဒါဖြင့် ဒုက္ခသိတာက"ဝိဇ္ဇာ"၊ ဒုက္ခမသိတာက"အဝိဇ္ဇာ"၊ ဒုက္ခဟာ မသိလို့ရတာ၊ သိရင်မရ
ဘူး ဆိုတော့၊ ဝိဇ္ဇာဖြစ်ရင်မရတော့ဘူး၊ အဝိဇ္ဇာရှိနေရင်တော့ ရမှာပဲ၊ ဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ခန္ဓ ၅-
ပါးထဲကို ဉာဏ်နဲ့ကြည်လိုက်လို့ ဖြစ်ပျက်ဒုက္ခသစ္စာသိသွားတဲ့ အခါကျတော့၊ ဝိဇ္ဇာ ဖြစ်လာတယ်၊ ဝိဇ္ဇာဖြစ်
တယ်၊ ဝိဇ္ဇာဖြစ်ရင်"ဒဿနဋ္ဌော"နိဗ္ဗာန်ကို မြင်တော့တာပဲ၊ ဒီတော့"ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်၊ ဒုက္ခမမြင်
သေးရင် နိဗ္ဗာန်မမြင်ဘူး၊ ဝိဇ္ဇာဖြစ်ရင် သစ္စာ ၄-ပါး ၄-ချက်ကိုတပြိုင်နက်မြင်ရတယ်၊ ဒုက္ခလဲ သူမြင်တာပဲ၊ ဒါ
ဒုက္ခအစစ်ပဲလို့ ပိုင်းခြားသောအားဖြင့် မြင်တာပဲ၊ ဒါ သမုဒယပဲလို့ ပယ်ဖို့ရာလဲ မြင်တာပဲ၊ ဒါ နိရောဓ..ဒုက္ခ
ချုပ်ရာ နိဗ္ဗာန်ကိုလဲ မြင်တာပဲ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း လမ်းမှန်ကိုလဲသိလာတာပဲ၊ ဒီသစ္စာ ၄-
ချက်ကို တပြိုင်နက် မြင်နိုင်တဲ့ ဒီဝိဇ္ဇာ..ဉာဏ်ဟာ ခန္ဓာ ၅-ပါးရဲ့ ဖြစ်ပျက် ဒုက္ခသစ္စာကို အဖန်ဖန်အထပ်ထပ်
ပွားများမှဖြစ်တာ၊ နို့မို့ရင် မဖြစ်ဘူး၊ ဒါ ပွားများဖို့ဆိုတာကလဲ ဒုက္ခသစ္စာဆိုတာ ဘာဆိုတာအရင်သိထားမှ
ပွားများလို့ ရတာ၊ ဒါကြောင့် ဘုန်းကြီးက ဒုက္ခအကြောင်းကို မကြာခဏ ထည့်ထည့်ပြီး ဟောနေရတာ၊
"ပုထုဇဉ်အကန်း"သစ္စာမသိမှု အဝိဇ္ဇာကြောင့် ဒုက္ခဖြစ်တယ်ဆိုတော့..အဝိဇ္ဇာဟာ ဒုက္ခရဲ့လက်သည်ပဲ၊
ခင်ဗျားတို့ဟာ ဘဝများစွာ သံသရာက"ဒုက္ခသစ္စာ"ကို ဘယ်တော့မှမထင်ခဲ့တော့၊ ဘယ်တုန်းကမှ ဝိဇ္ဇာမဖြစ်
ခဲ့ဘူး၊ မဖြစ်တော့ ဒုက္ခကြီးက မထွက်ဘူး၊ ပြီးတော့လဲ ဒုက္ခဖြစ်ကြောင်းဟာ"သမုဒယသစ္စာ"ပဲလို့လဲ မသိခဲ့
ဘူး၊ မသိတော့ သမုဒယ..တဏှာကိုပဲလိုက်စားနေခဲ့တာပဲ၊ ပြီးတော့ ဒီဒုက္ခချုပ်မှ"နိရောဓ"ဆိုက်မယ်ဆိုတဲ့
နိရောဓကိုလဲ ဘဝများစွာ သံသရာက မတွေးမိခဲ့ကြဘူး၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်"မဂ္ဂ
သစ္စာ"ကိုလဲ ရှာမတွေ့ခဲ့ကြဘူး၊ ဒီတော့ ခင်ဗျားတို့မျက်လုံးဟာ ဘယ်တုန်းကမှ အလင်းရောင် မရခဲ့ကြဘူး၊
ဒါကြောင့် ပုထုဇဉ်အကန်းလို့ ဆိုတာ၊ ဘယ်လောက်ကန်းခဲ့သလဲ၊ တစ်သံသရာလုံးကန်းခဲ့တယ်၊ "ဝိဇ္ဇာမျက်
လုံး"ဘယ်တုန်းကမှ မရခဲ့ဘူး၊ မရခဲ့တော့ သံသရာထဲမှာကျင်းမှန်းမသိ..ချိုင့်မှန်းမသိ..မီးပုံမှန်းမသိ..ကျင်ကြီး
ပုံမှန်းမသိ..ဦးတည်ရာ လျှောက်သွားနေတာပဲ၊ တစ်ခါတလေ ကျင်ကြီးပုံ..နွားချေးပုံထဲမှာ နွားချေးပိုးဖြစ်ချင်
လဲ ဖြစ်သွားလိုက်တာပဲ။
နောက်တုန်းကကန်းခဲ့တော့ လမ်းမှာတီကောင်းတစ်ကောင်ဟာ သူ့သတ်စားမယ့် ပုတ်သင်..ကြက်တွေဆီ
ကို ဦးတည့်ရာသွားနေတာပဲ၊ ရန်သူရှိတဲ့နေရာမှ အတင်းတိုးဝင်သွားတော့သေပွဲဝင်ရတယ်၊ ရန်သူရှိတဲ့နေ
ရာမှ အတင်းတိုးဝင်သွားတော့ သေပွဲဝင်ရတယ်၊ ဒီကနေ့ ပဋိသန္ဓေနေပြန်တော့ သေပွဲချည်းဝင်တာပဲ၊ တော်
လောက်ပြီထင်တယ်၊ အကန်းပါး မဝကြသေးဘူးလား၊ ရှေ့ဆက်ပြီး ကန်းချင်သေးသလား၊ ဆင်ကန်းတော
တိုး အလုပ်တွေလုပ်ကြဦးမှာလား၊ တစ်သံသရာလုံးကန်းခဲ့တာ ဒီ"ဝိဇ္ဇာအလင်း"မရခဲ့ကြဘူး၊ ဒီအလင်း မြန်
မြန်ရအောင် ဒုက္ခကိုမြင်အောင်ကြည်၊ အခုတွေ့ရတဲ့အလင်းကိုလက်မလွတ်စေနဲ့၊ ပြန်မိုက်သွားရင်ခက်တယ်
ခင်ဗျားတို့ကတော့ မအားတာနဲ့၊ မလပ်တာနဲ့၊ ကိစ္စမပြီးသေးတာနဲ့၊ ဘာတွေညာတွေ..တစ်ယူသန်နဲ့ ရှောက်
ပြောနေတာပဲ၊ ဒီလိုဆင်ခြေတွေလဲနေတာဖြင့် ဒါ ကန်းဖို့ပဲ၊ ကန်းချင်လို့ပဲ၊ ဒီ နေ့အားမထုတ်ဖြစ်ဘူးဆိုရင်၊
ကန်းရတာ အားမရသေးဘူး၊ ကန်းသက်ရှည်ချင်သေးတဲ့အဓိပ္ပာယ်ပဲ၊ ကန်းလက်စသတ်ကြပါတော့၊ ကဲ ဒါ
ဖြင့် ကန်းလက်စသတ်ချင်ရင်၊ ခင်ဗျားတို့ ခန္ဓာကိုယ် ဖြစ်ပျက်မြင်အောင် အားထုတ်ရမယ်၊ ခင်ဗျားတို့ဟာ
"အကန်းဘဝ"နဲ့ နေရတာဟာ မရေမတွက်နိုင်ဘူး၊ ဘယ်လောက်ကန်းသလဲဆိုရင်၊ ဒုက္ခရောက်တာမြင်တာ
ကိုပင် ဝမ်းသာနေကြတယ်၊ သားတွေ သမီးတွေ ဆွေတွေမျိုးတွေနဲ့ ဒုက္ခရောက်နေကြတာကိုပင် ဒုက္ခလို့ မ
မြင်ဘူး၊ မစဉ်စားမိဘူး၊ တစ်ချို့ဆို စီးပွားတွေတက်လို့ အစောင့်အကြပ်တွေနဲ့ သွားလာနေကြတာ..ကိုယ့်
ကိုယ်မှ စိတ်မချလို့၊ အံမယ် ခြောက်လုံးပြူးကြီးတွေ ခါးချိတ်ပြီးနေရတာကိုပင်ဝမ်းသာလို့ မဆုံးဘူး၊ ဒါ ဒုက္ခနဲ့
နေရတာကိုပင် ဝမ်းသာတာ၊ ကန်းတာကလဲ မပြောနဲ့တော့ဗျာ၊ ဒုက္ခတွေ့လျက်နဲ့ ဒုက္ခမှန်းမသိအောင် ကန်း
တယ်၊ ဒါတကယ်ကန်းလို့ ကန်းတယ်ပြောတာ၊ ကန်းလက်စသတ်ကြပါတော့၊ ပစ္စည်းချမ်းသာလဲ မရဏမီး
ပွားရဲ့ စားဖတ် ဝါးဖတ်ဖြစ်မှာပဲ၊ မရဏမီးကဘယ်သူ့ မှ ချမ်းသာမပေးဘူး၊ ကန်းတဲ့ပုဂ္ဂိုလ်ဆို သေမင်းက အ
ကုန်စားမှာ ဝါးမှပဲ၊ အဲဒီတော့ ခင်ဗျားတို့ဟာ အသေခံရဲ့တဲ့ ပလူတွေလို ဖြစ်နေတယ်၊ ပလူများဟာတွင်းထဲ
က လုထွက်ပြီး စားမယ့် သောက်မယ့် သတ္တဝါတွေဆီကို သွားကြတယ်၊ ပလူများဟာ ကန်းလို့လုထွက်တာ
ခင်ဗျားတို့လဲ လောကီအလုပ်တွေကို ပျာပျာသလဲ အလုပ် လုပ်ပြီး၊ ပလူထွက်..ထွက်နေတာဟာ သေချင်လို့
ပဲ၊ မရဏမီးနဲ့ သေမင်းနဲ့ မြန်မြန်တွေ့ချင်လို့ ပျာပျာသလဲလုပ်နေကြတာ၊ နိဗ္ဗာန်ရောက်မယ့် သေမင်းလွတ်
မယ့် အလုပ်ကျတော့မလုပ်ချင်ဘူး၊ သေမင်းနဲ့တွေ့ရမယ့် အလုပ်ကျတော့ ခင်ဗျားတို့က လုများထွက်သေး
တယ်၊ လောကီအလုပ်ကိုသူ့ ထက်ငါလုရထွက်နေတာဖြင့် ပလူထွက် ထွက်တာသာမှတ်ပေတော့။
လုပ်တောင်မစားချင်တော့ဘူးလို့များ ဆိုကြမလား၊ အဲ..လုပ်မစားရတော့ ဒါနိဗ္ဗာန်ပဲ၊ ဘာမှ မလုပ်ဘဲနဲ့ချမ်း
သာနေတာဟာ နိဗ္ဗာန်ပဲ၊ ဒီလိုဖြစ်ချင်ပါတယ်ဆိုရင် ဒါအခု ဘုန်ကြီးပြောတဲ့"ဝိပဿနာ..ဝိဇ္ဇာအလုပ်"ကိုလုပ်
ဒုက္ခပိုင်းခြားတဲ့ အလုပ်သာ လုပ်နေရင်၊ ဒါ ချမ်းသာအစစ် ရမှာပဲ၊ အခု ခင်ဗျားတို့ ခန္ဓာကြီးမှာ ပေါ်တဲ့ ဝေဒနာ
လေးတွေလျှောက်ကြည့်၊ ကြည့်တော့..ဝေဒနာဟာ ဖြစ်ပြီး ပျက်သွားတာကိုတွေ့ရမယ်၊ ခန္ဓာကိုယ်တစ်ကိုယ်
လုံးမှာ ဒီဝေဒနာတွေဟာ အနှံ့အပြားပေါ်နေတာပဲ၊ ဒါတွေကိုကြည့်လိုက်ရင်၊ ဖြစ်တာ ပျက်တာတွေကိုတွေ့
မှာပဲ၊ အဲဒါ ဝိပဿနာဝိဇ္ဇာလေးဖြစ်လာတယ်၊ ဝိပဿနာဝိဇ္ဇာလေးဖြစ်ရင်ပဲအတော်သက်သာသွားပြီ၊ အင်း..
မျက်လုံးလေးတော့ တိမ်သလာ နည်းနည်းရှင်းယောင်လေးတော့ရှိပြီ၊ ဒီထက်ရှင်းရင် နိဗ္ဗာန်မြင်လိမ့်မယ်။
"ဒဿနဋ္ဌ"ဒါဖြင့် ဝိဇ္ဇာရဲ့ ဒဿနဋ္ဌောကို ရှင်းတော့မယ်၊ ဒဿနဋ္ဌောဆိုတာ..အနမတဂ္ဂ သံသရာမှာ တစ်ခါမှ
မမြင်ဘူးခဲ့တဲ့ နိဗ္ဗာန်ကြီးကို ထင်လင်းစွာမြင်စွမ်းနိုင်သော အနက်သဘော၊ နိဗ္ဗာန်ဟာ ထင်ထင်ရှားရှား မြင်
နိုင်တယ်၊ ဝိဇ္ဇာအလင်းသာရရင် မြင်တာပဲ၊ ဒါတင်မကသေးဘူး၊ ဋီကာများက"နိဗ္ဗာနဒဿနံ စတုသစ္စဒဿနံ
လို့ ဆိုထားတယ်၊ နိဗ္ဗာန်တင်မကသေးဘူး၊ သစ္စာ ၄-ပါးကို တပြိုင်နက်မြင်တယ်တဲ့ ဝိဇ္ဇာဖြစ်လာရင်..နိဗ္ဗာန်
ရော သစ္စာ ၄-ပါးပါမြင်နိုင်တယ်၊ ခင်ဗျားတို့က နောက်တုန်းက သစ္စာ ၄-ပါးကိုမသိခဲ့ဘူး၊ အိပ်မက်တောင် မ
မက်ဖူးဘူး၊ ခန္ဓာကြီးဟာ ဒုက္ခသစ္စာပါလား၊ ခန္ဓာဖြစ်ကြောင်းဟာ သမုဒယသစ္စာပါလား၊ ခန္ဓာ အဆုံးမှာ..ခန္ဓာ
ဆုံးရင် နိဗ္ဗာန်ပါလား၊ နိဗ္ဗာန် မြင်နိုင်တာ သမ္မာဒိဋ္ဌိမဂ္ဂင်..သမ္မာဒိဋ္ဌိမျက်လုံးပါလားဆိုတာတွေကိုတစ်ခုမှ အိပ်
မက်တောင် မမက်ဖူးဘူး၊ အဲဒီ အပြင်ဟာတွေကိုတော့မက်ဖူးကြတယ်၊ သူများပြောသံကြားနဲ့ တစ်ခါတလေ
အိပ်မက်ထဲ နတ်ပြည်များတောင် ရောက်နေသေးတယ်၊ အဲ..နိဗ္ဗာန်တို့၊ ဒုက္ခသစ္စာတို့ကျတော့ အိပ်မက်ထဲ
တစ်ခါမှမမက်ဖူးဘူး၊ တစ်သံသရာလုံးမှာ"သစ္စာကွယ်"နေခဲ့တယ်၊ သမ္မာဒိဋ္ဌိမျက်လုံးလဲကွယ်ခဲ့တယ်၊ ဒါဖြင့်
"အကန်းဘဝ"နဲ့ အချိန်တွေ ကုန်ခဲ့တယ်ပေါ့၊ ဒီကရှေ့ အကန်းဇာတ် သိမ်းပါတော့၊ အကန်းဇာတ်သိမ်းရင်
"ဒဿနဋ္ဌော"ဆိုတဲ့ မြင်ပုံကလေးထင်ရှား လာလိမ့်မယ်၊ ဒဿနဋ္ဌောဆိုတာ ဒုက္ခသစ္စာမြင်မှု၊ နိရောဓသစ္စာ
မြင်မှုကိုဆိုတာ၊ ဗြဟ္မာတွေဟာ အလွန်တန်ခိုးကြီးတယ်၊ လူ့ပြည်နဲ့အောက်ဆုံး ဗြဟ္မာပြည်ဟာ ယူဇာနာ
ပေါင်း ၂၂၆ဝဝဝဝ-လောက်ဝေးတယ်၊ ဒီလောက်ဝေးတာကို ဗြဟ္မာမျက်လုံးနဲ့ကြည့်ရင် လူ့ပြည့်မှာရှိတာတွေ
ကို ချက်ချင်းမြင်နိုင်တယ်၊ ဒီလောက် ထက်မြက်တဲ့ ဗြဟ္မာမျက်လုံးတွေ အကုန်စုပေါင်းပြီးတော့၊ နိရောဓ..
နိဗ္ဗာန်ကို ကြည့်ပါ၊ မမြင်ပါဘူး၊ အဲဒီမျက်လုံးတွေထက် သမ္မာဒိဋ္ဌိ မျက်လုံးကပိုပြီးထက်တယ်၊ ဗြဟ္မာတွေ
ဘယ်လောက်တန်ခိုးကြီးကြီး၊ ဘယ်လောက်မျက်လုံးကောင်းကောင်း၊ တော်တော်ကြာ ဗြဟ္မာပြည်ကနေ လူ့
ပြည်ဆင်းပြီး ဝက်ဖြစ်ချင်လဲ ဖြစ်သေးတယ်၊ နောက် ငရဲလဲကျနိုင်တယ်၊ ခင်ဗျားတို့လဲ ဗြဟ္မာ ဖြစ်ခဲ့တာပဲ၊
ဗြဟ္မာလူထွက်တွေပဲ၊ ဗြဟ္မာပြည်ကနေ အခု လူ့ပြည်ရောက်နေကြတာပဲ၊ ရောက်တော့ အခုဖြင့် လောဘ
ဇော..ဒေါသဇော..မောဟဇောတောထဲမှာ ရောက်နေတယ်။
ဒီတော့ သာသနာနဲ့ တွေ့ကြုံခိုက်မှာ ဒီဗြဟ္မာမျက်လုံးထက်ပိုထက်မြက်တဲ့"သမ္မာဒိဋ္ဌိမျက်လုံး"ကိုမလွတ်တမ်း
ရအောင်ယူကြပါ၊ ဒါရထားမှ၊ ရမထားရင်..နောင်ဘဝ ဘာဖြစ်မယ်ဆိုတာ မသေချာဘူး၊ လားရာဂတိ မမြဲဘူး
ပရမ်းပတာကျတဲ့ဘေး (ဝိနိပါတိကဘေး) မှ မလွှတ်နိုင်ဘူး၊ ပရမ်းပတာကျဦးမှာပဲ၊ တိရစ္ဆာလား..ငရဲလား..
ပြိတ္တာလား၊ အကျိုးလား..အကန်းလား..အရှုလား..အအလား၊ ဘယ်ကျမယ်လို့တော့ မဆိုနိုင်ဘူး၊ ပရမ်းပတာ
ဘေးက မလွတ်ဘူးဗျ၊ ဒီဘဝမှာ"ဒဿနဋ္ဌော"နိဗ္ဗာန်မြင်အောင် လုပ်ပါ၊ အခုကြည်သယောင်ယောင်ရှိနေတဲ့
မျက်လုံးဟာ တော်တော်ကြာ (အရင်လို) တိမ်သလာတွေအကုန်ဖုံးသွားမယ်၊ ဖုံးရင်ဦးတည့်ရာသွားပြီးသူများ
စားဖတ်..ဝါဖတ် ဖြစ်ရလိမ့်မယ်။ ဒါကြောင့်"ဒဿနဋ္ဌော"ဟာသာမညအရေးမဟုတ်ဘူးနော်၊ မရရင် ဖြစ်ကို
မဖြစ်ဘူး၊ "ဒဿနဋ္ဌော" ဖြစ်တဲ့အခါကျတော့ (ဓမ္မာသင်္ဂဏီမှာ) "သမ္မတ္တနိယတာဓမ္မာ"လို့ ဘုရားကဟော
တယ်၊ "သမ္မတ္တနိယတာ"ဆိုတာ စုတေတဲ့အခါဘယ်တော့မှ ပရမ်းပတာမကျတော့ဘူး၊ ဘဝမြဲသွားပြီ၊ ကိုယ်
လိုချင်တဲ့ဆီရပြီး မြဲတယ်၊ ဒီမှာ သောတာပန်ဖြစ်ရင် ကိုယ်လိုချင်တဲ့ နတ်ပြည်မှာ တစ်ပါးဘယ်မှ မသွားတော့
ဘူး၊ "ဒဿနဋ္ဌော"ဆိုတဲ့ နိဗ္ဗာန် မမြင်းသေးရင် ဖြစ်ရာဘဝ လားရာဂတိ မမြဲသေးဘူး၊ မမြဲတော့ ခင်ဗျားတို့
ဒီဘဝမှာ လူ၊ နောက်ဘဝမှာ ချိုကြီး ၂-ခုနဲ့ ကျွဲကြီးသွားဖြစ်မယ်၊ အစွယ်ငေါငေါကြီးနဲ့ ခွေးလဲဖြစ်မှာပဲ၊ ပရမ်းပ
တာကျမယ့်ဘေးက မလွတ်ဘူး၊ ဒါကြောင့်"ဒဿနဋ္ဌော" မြင်အောင် ဒီဘဝလုပ်ရင်လုပ်၊ မလုပ်ရင် ကိုယ်ကျိုး
ကြီးနည်းပြီ၊ ဒီဘဝ စီးပွားရေး ကြွားရေး ဝါးရေး အရေးကြီးပြီး လူ့အောက်ကျမှာလေးကြောင့်ကြတဲ့အလုပ်နဲ့
လုပ်နေရင်တော့၊ နောက် လူ့အောက်မကပါဘူး၊ ဒယ်အိုး (ငရဲအိုး) ရောက်အောင်ကျပ်လိမ့်အုံးမယ်၊ သံသရာ
ရေယဉ်ကြောမှာ မျောကာ..မြုပ်ကာနဲ့..အမျောသမား..အမြုပ်သမား ဖြစ်နေမှာပဲ၊ ဒါဖြင့်"ဒဿနဋ္ဌော"ဖြစ်ဖို့ရာ
အင်မတန်းအရေးကြီးပါတယ်၊ ဒီတော့"ဒဿနဋ္ဌော"ဖြစ်အောင် ဒီလိုလုပ်ပါ၊ ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဝေဒနာ
၃-ပါးဟာ လှည့်ပေါ်နေမှာပဲ၊ ပေါ်လာတိုင်း ဖြစ်ပျက်ရှုပါ၊ ဝေဒနာဖြစ်တိုင်း စိတ်ဟာ တစ်ခါတည်း ပါတာပဲ၊
စိတ်ဖြစ်တိုင်းလဲ ဝေဒနာဟာ အမြဲပါတာပဲ၊ ဒီတော့ ခင်ဗျားတို့သန္တာန်နဲ့ (ဟဒယဝတ္ထု) မှာလောဘစိတ် (လို
ချင်တဲ့စိတ်) ဒေါသစိတ် ( မုန်းတည်းတဲ့စိတ်) မောဟစိတ် (မသိတွေဝေတဲ့စိတ်) စတဲ့ စိတ်တွေ အမျိုးမျိုးဖြစ်
ပေါ်နိုင်တယ်၊ ဘယ်စိတ်ပေါ်ပေါ်၊ ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှုပါ၊ ဒါန သီလပြုတဲ့အထိ ကုသိုလ်စိတ်တွေ
ပေါ်မယ်၊ ပေါ်ရင်လဲ ဖြစ်ပျက်ရှုပါ၊ (မရှုရင် ကုသိုလ်ခင်တွယ်တဲ့ တဏှာလာမယ်) ဒီတော့ ဝေဒနာ ၃-ပါးတွင်
ဘယ်ဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှု၊ "ဝေဒနာနုပဿနာ"ဖြစ်တယ်၊ ကုသိုလ်စိတ်တွေ..အကုသိုလ်စိတ်တွေလဲ
ဘယ်စိတ်ပဲပေါ်ပေါ်၊ ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှု၊ "စိတ္တာနုပဿနာ"ဖြစ်တယ်၊ ဒီတော့ ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်
မြင်ရင်"ယထာဘူတဉာဏ်"ဖြစ်ပြီ၊ နောက်ဆက်ရှုလို့ ဖြစ်ပျက်မုန်းလာရင်"နိဗ္ဗိဒါဉာဏ်"ဖြစ်ပြီ၊ နောက် မုန်း
လျက်နဲ့ပဲ ပေရှုလို့ ဖြစ်ပျက်ဆုံးသွားရင်"မဂ်ဉာဏ်"ဖြစ်ပြီ၊ မဂ်ဉာဏ်ရရင်"ဒဿနဋ္ဌော"ဖြစ်ပြီး နိဗ္ဗာန်ကိုမြင်ပြီ
နိဗ္ဗာန်မြင်ရင် အပါယ်လွှတ်၍ သုဂတိဘဝမြဲသွားပြီ၊ ဖြစ်ပျက်ဟာ ဒီရုပ်နာမ်တွေပဲ၊ ခန္ဓာတွေပဲ၊ ဒါတွေဟာ
ဒုက္ခသစ္စာ အစစ်တွေပဲ၊ ၃၁-ဘုံအတွင်းရှိ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာချည်းပဲ၊ အိုဘေး..နာဘေး..သေဘေး
တွေနဲ့ရောထွေးနေတာပဲ၊ "သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ"မီးတွေနဲ့လဲ လောင်နေတာပဲ၊ ဒီတော့ ခန္ဓာရ
တဲ့ ပုဂ္ဂိုလ်မှာဖြင့်လောင်နေတာပဲလို့ မြင်လာမယ်၊ မြင်တဲ့အခါကျတော့၊ အင်း...ဒုက္ခအစစ်ဆိုတာဟာ ဒီခန္ဓာ
ကြီးကိုးလို့ ခင်ဗျားတို့ ပိုင်းခြားသိမြင်လာလိမ့်မယ်၊ အဲဒီကျတော့ ဒီခန္ဓာကြီးတော့ဖြင့် မရချင်တော့ပါဘူးဆို
တဲ့ ဉာဏ်မမြင်ပေါ်လာမယ်၊ ဒီဉာဏ်ပေါ်လာတဲ့အခါကျတော့၊ ဒီခန္ဓာ ၅-ပါးဟာ ချုပ်သွားတယ်၊ ဒုက္ခချုပ်သွား
တယ်၊ ဒုက္ခချုပ်သွားတော့ ဒီနေရာမှာ သုခသစ္စာ..နိဗ္ဗာန်ကျန်ရစ်တယ်..ပေါ်လာတယ်၊ အဲ..ဒုက္ခမရှိတာဟာ
နိဗ္ဗာန်ပဲ၊ ဒုက္ခမရှိတာကို သိတာက မဂ်ဉာဏ်ပဲ၊ မဂ်ဉာဏ်ဖြစ်ရင် မဂ္ဂင် ၅-ပါးက ၈-ပါးဖြစ်လာတယ်၊ ဝိပဿနာ
မဂ္ဂင်အလုပ်ဟာ ဒီမဂ်ဉာဏ်အစစ်ရောက်မှ ပြီဆုံးတယ်၊ ကိစ္စပြီးတယ်၊ မဂ်ဉာဏ်ရရင် နိဗ္ဗာန်မြင်ပြီး ဒဿန
ဋ္ဌောဖြစ်ပြီ၊ အဲဒီကျမှ စိတ်အေး လက်အေး ဘဝင်အေးပြီး အေးအေးနေကြပေတော့၊ "ဒဿနဋ္ဌော"မဖြစ်သေး
ရင်"အမျောသမား..အမြုပ်သမားပဲ"ဖြစ်မှာပဲ။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရထားထွက်ခါနီးပြီ
ကဲ..တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်၊ ဟောတဲ့ပုဂ္ဂိုလ်ဟာလဲ ခန္ဓာကြည့်ပြီးဟောမယ်၊ ဘာဝနာ
ပွားပြီးဟောတဲ့အတွက် ဘာဝနာပွားပြီးနာရမယ်၊ ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူပြည်ရောက်လာ
တာ၊ ဒါကြောင့် ခင်ဗျားတို့ "တရားသာအမိ၊ တရားသာအဖ"ပါပဲ၊ ဒီတော့တရားပဲ အားကိုးစရာရှိတော့ ဒီလို
သေသေချာချာမှတ်ပါ၊ သာဓကလုံလောက်အောင်ရှင်းပြမယ်၊ မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့ဪ
ငါအတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက် သီလ သမာဓိ ပညာအားဖြင့်သာတဲ့ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်
ဆည်းကပ်ပူဇော်မယ်ဆိုပြီး ၃၁-ဘုံမှာလျောက်ပြီးကြည့်လိုက်တော့၊ သူ့ထက်သာတဲ့ပုဂ္ဂိုလ်တစ်ယောက်မှ
မမြင်ဘူး၊ မမြင်တော့ ငါဘယ်နှယ့်ကြောင့် ဘုရားဖြစ်လာရပါလိမ့်မတုံးလို့တွေးဆင်ခြင်လိုက်တော့ တရား
ကြောင့် (တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲကိုးကွယ်မှဖြစ်မယ်လို့ ဆုံဖြတ်တော်မူတယ်။
ဒါဖြင့်ခင်ဗျားတို့လဲ တရားကပို့လို့ ဒီလူ့ပြည်ရောက်လာတာ၊ ဒီကနေ့သေလွန်တဲ့ အခါမှာလဲတရားပို့တဲ့ဆီ
သွားရမှာပဲ၊ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်၊ ဘုန်းကြီးကဝေဖန်ပြမယ်
တရားက ၅-မျိုးရှိတယ်၊"အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊ သီလကုသိုလ်တရား၊သမထကုသိုလ်တရား
ဝိပဿနာကုသိုလ်တရား"လို့ ၅-မျိုး ရှိတယ်၊ ဘယ်တရားပို့တာ ကြိုက်သလဲ။
(၁) အကုသိုလ်တရား ကတော့အပါယ် ၄-ပါးပို့တယ်၊ ဒါကိုခင်ဗျားတို့ မကြိုက်ဘူး။ (၂) ဒါနကုသိုလ်တရား
ကတော့ လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည် နတ်ပြည်မှာ အိုဘေး နာဘေး သေဘေးတွေရှိတယ်ဆိုတော့
ဒါလဲကြိုက်စရာမဟုတ်ဘူး။ (၃) သီလကုသိုလ်တရား ကလဲ နတ်ပြည်ကစပြီ"အကနိဋ္ဌ"ဗြဟ္မာဘုံထိအောင်
ပို့တယ်၊ အိုဘေး နာဘေး သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာမဟုတ်ဘူး၊ အိုနာသေဒုက္ခသစ္စာရှိတဲ့ဆီ
သွားလို့လဲမတော်ဘူး။ (၄) သမထကုသိုလ် အားထုတ်တော့ သူကဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်၊ ဗြဟ္မာ့ဘုံ
တွေမှာ သက်တမ်းရှည်လွန်းတော့ သက်ဆိုးရှည်နေတာပဲ၊ ခန္ဓာဝန်ထမ်းပြီး အိုဘေး နာဘေး သေဘေးတွေ
နဲ့ အတူတူနေရတာဖြစ်လို့၊ ဒီတရားပို့တဲ့ဆီကိုလဲကြိုက်လို့မတော်ဘူး၊ ဒီ ၄-ချက်ကိုခင်ဗျားတို့ မကြိုက်သင့်
ဘူး နောက်ဆုံးဖြစ်တဲ့။ (၅) ဝိပဿနာကုသိုလ် တရားကတော့ ဒုက္ခသိမ်းငြိမ်းရ နိဗ္ဗာန်ပဲပို့မယ်၊ ဒါကိုကြိုက်
ရမယ်။ ကိုင်းဒါဖြင့်ခင်ဗျားတို့ တရားပို့လို့ခုဒီလူ့ပြည်ရောက်လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီ သွား
မတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီမသွားချင်တော့ဘူး၊ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်၊ ဒါဖြင့်
ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ဝိပဿနာကိုကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှ
တစ်ပါး ဘယ်မှမပို့ဘူး၊ ဒုက္ခထဲမပို့တော့ဘူး၊ ဝိပဿနာ (မဂ်) ကတော့ ကိလေသာဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မ
ဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မဝဋ်ပြတ်တော့ ဝိပါကဝဋ်မလာတော့ဘူး၊ ဒီတော့ ဝိပဿနာ (မဂ်) ဟာ ဝဋ် ၃-ပါး
ကျွတ်တဲ့ဆီပို့တယ်၊ ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလိုဝေဖန်ရှင်ပြနေရတာ။
ဘယ်တရားကပို့တယ်ဆိုတာ သိထားရမယ်၊ တချို့တရားကပို့လိုက်တာ အပါယ် ၄-ပါးရောက်သွားတာပဲ၊
တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတယ်၊ တချို့တရား
ကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျား
တို့ အားထားလို့ တော်ပါ့မလား၊ မတော်ဘူး၊ မတော်ဘူးဆိုတာ သစ္စာသိလို့ ထွက်လာတဲ့အသံပဲ၊ အဲဒီလို
သစ္စာသိတော့ ဘယ်နတ်ပြည် ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး၊ ဘာဖြစ်လို့"အို နာသေ"ရှိနေလို့၊ ပထမ
ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့ဇာတ်သိမ်းရလိမ့်မယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာသေ ရှိတဲ့လူ့
ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကိုမသွားချင်တော့ဘူး၊"အို၊ နာ၊ သေ"မရှိတဲ့နိဗ္ဗာန်ပဲ သွားချင်မှာပဲ။ ကုသိုလ်ဆို
တာ ၂-လမ်းရှိတယ်၊ သစ္စာမသိပဲ ပြုလုပ်တဲ့"ဒါန၊ သီလ၊ သမထ"ကုသိုလ်တွေကတော့ လူ့ပြည်နတ်ပြည်
ဗြဟ္မာ့ပြည်ဆိုတဲ့"အို နာ သေ"ရှိရာ ပို့လိမ့်မယ်၊ ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့"ဒါန၊ သီလ၊ သမထ"ကု
သိုလ်တွေဟာလမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုပို့ပေးတယ်၊ အဲတာ.."ဝိပဿနာ"ကတော့ ကိလေသာဖြတ်၊ ကံဖြတ်
အကျိုးပေးဖြတ် (ဝဋ် ၃-ပါး) ဖြတ်လေတော့၊ ဝဋ်ကျွတ်တဲ့နေရာပဲ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး၊
ဒါတရားရွေးတတ်အောင်ပြောနေတာ၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့၊
ဖြစ်သမျှအကြောင်း အကောင်းချည်းလို့ပြောမှာပဲ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုတာ ကံစီမံသလို
ခံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ကံစီမံသလိုမခံဘူး ဉာဏ်စီမံသလို ခံလိမ့်မယ်၊ ဝိပဿနာ ဆိုတာဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ၊ ဒီတော့ ဉာဏ်စီမံရာသွားပါ၊ ကံစီမံတာက ၃၁-
ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံအပြင်ဘက်မှ နိဗ္ဗာန် ရှင်းပြီလား။
ဉာဏ်စီမံသလိုသွားမယ်ဆိုတော့ ဉာဏ်ကလဲ တစ်ခါခွဲရအုံးမယ်၊ ဉာဏ်ကလဲ"ကမ္မဿကတာဉာဏ်ကတစ်
မျိုး၊ နာမရူပပရိ စ္ဆေဒဉာဏ်ကတစ်မျိုး၊ ပစ္စယပရိဂ္ဂဟ ဉာဏ်ကတစ်မျိုး၊ ဝိပဿနာဉာဏ်ကတစ်မျိုး၊
မဂ်ဉာဏ်ကတစ်မျိုး"လို့ ၅-မျိုးရှိပြန်တယ်။ (၁) ကမ္မဿကတာဉာဏ် ဆိုတာ"ကောင်းတာလုပ်ကောင်းကျိုး
ပေးတယ်"ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လဲ အားကိုးလို့မဖြစ်သေးဘူး၊ ဒီဉာဏ်က သုဂတိတော့ ပို့လိုက်
တာပဲ၊ ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ်ဆိုတော့ ဒိဋ္ဌိကပါသွားတယ်၊ ဒီတော့ ဒိဋ္ဌိပါ
သွားတဲ့ ကမ္မဿကတာဉာဏ်ပို့ရာကိုလဲ မလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့တက်သွားတော့ ပြန်ကျအုံး
မှာ။ ဥပမာနဲ့ရှင်းပြမယ်၊ အင်မတန်ကြီးတဲ ငှက်ကြီးတစ်ကောင်ကို အဆိပ်လူးတဲ့ မြားကလေးနဲ့ ပစ်လိုက်
တော့ မြားတံအဖျားက သေးသေးလေးဆိုတော့ အဆိပ်ကဖြုန်းခနဲ့ ချက်ချင်းမပြန်ဘူး၊ မပြန့်သေးတော့ ငှက်ကြီးဟာ ပျံတက်သွားတယ်၊ ဒါပေမယ့် အဆိပ်မပြန်ခင်သာ ပျံနိုင်တာ အဆိပ်ပြန့်တော့ မပျံနိုင်တော့ဘူး
ဗုန်းခနဲ့ပြန်ကျတယ်၊ အဲဒီလိုပဲ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိအဆိပ်မပြန့်ခင်သာတက်တယ်၊ ဒိဋ္ဌိ..အဆိပ်
ပြန့်တဲ့အခါကျတော့ ဗုန်းဆိုထိုးကျတာပဲ၊ ကုသိုလ်မကုန်ခင်သာ အထက်တက်တာ၊ ဒိဋ္ဌိအဆိပ် ပြန့်တာနဲ့
တစ်ပြိုင်နက် တစ်ချက်ထဲကျတာပဲ၊ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင်
အပါယ် ၄-ပါးပြန်ကြတာပဲ၊ ဒီတော့ ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။
(၂) နာမရူပပရိစ္ဆေဒဉာဏ်။ ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲလို့မေးတော့၊ နာမရူပပစ္ဆေဒဉာဏ်ဆိုတာ ရှိ
တယ်၊ ဒုတိယဉာဏ်တက်လာတယ်၊ နာမ်နဲ့ရုပ်ခွဲခြားသိတဲ့ ဒီဉာဏ်ကိုအားကိုးပါ၊ ဒီဉာဏ်ကိုအားကိုးလိုက်
တော့ ဪ..သွားချင်တာက နာမ်၊ သွားနေတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ် ဆိုတော့ နာမ်
ရုပ်ကွဲတဲ့ဉာဏ်ကလေးကိုရတယ်၊ ဒီဉာဏ်ဟာခုနက"ကမ္မဿကတာ"ဉာဏ်ထက်တော့သာတယ်၊ သာပေ
မယ့်လဲ ဒါကိုတကယ်အားကိုးလောက်ပြီလို့မယူနဲ့အုံး၊ ဘာပြုလို့တုံးဆိုတော့ သူကတစ်ဘဝသာ"စူဠသော
တာပန်"ဖြစ်တယ်၊ တစ်ဘဝသာ အပါယ်လွတ်တယ်၊ နောက်ဘဝတွေ မလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့
လဲ အားမကိုးနဲ့အုံး၊ တစ်ဘဝသုဂတိသွားပြီး တစ်ဘဝ အပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့အုံး၊ နောက်
ဘဝတွေ စိတ်မချရသေးဘူး။ (၃) ပစ္စယပရိဂ္ဂဟဉာဏ်။ ။ ဒါဖြင့်ဘယ်ဉာဏ်ကိုအားကိုးရမလဲ၊"ပစ္စယပရိဂ္ဂ
ဟဉာဏ်"ဆိုတာရှိတယ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ ဉာဏ်ပဲ၊ အဲဒီဉာဏ်က"အဝိဇ္ဇာ
ကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဪ..သံသရာကြီးထဲမှာ ဒီလိုသူ့အကြောင်းနဲ့
သူ့အကျိုးနဲ့ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာမရှိဘူး၊ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့ ဓမ္မတွေသာ
ရှိတယ်"လို့သိတယ်။ ဒီဉာဏ်ကလဲ "စူဠသောတာပန်" အဆင့်ထဲမှာပဲရှိသေးတယ်၊ ဒါကြောင့် ခင်ဗျားတို့
ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လဲ သေပျော်ပြီလို့မယူလိုက်ပါနဲ့အုံး၊ တစ်ဘဝ အပါယ်လွတ်တာပဲရှိသေးတယ်။
(၄) ဝိပဿနာဉာဏ်။ ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲ၊"ဝိပဿနာဉာဏ်"ဆိုတာရှိတယ်၊ ဒီဉာဏ်က လက္ခ
ဏာရေးသုံးပါးသိတဲ့ ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်းနဲ့အုံး၊ ဘာပြုလို့ သူကသုဂတိဘဝတွေ
လှည့်ဖြစ်အုံးမှာဆိုတော့"ဇာတိ ဇရာ ဗျာတိ မရဏ"ဆိုတဲ့ ဒုက္ခတွေနဲ့တွေ့ရဦးမယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့
တကယ်အကောင်းအစစ်ကြီး မဟုတ်သေးဘူး။ (၅) မဂ်ဉာဏ်။ ။ ဒါဖြင့် ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်
၎-ပါးရအောင်လုပ်လိုက်၊ မဂ်ဉာဏ် ၄-ပါးဟာဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခငြိမ်းစေတယ်၊ ဒုက္ခ
၎-ဆင့် ၄-ခါချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့အုံး၊ ၂-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး
၃-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး၊ ၄-ခါချုပ်အောင်လုပ်လိုက်၊ ၄-ခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက်၊ မအို မသေ၊
အမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲမနေတော့ဘူး၊ ပဋိသန္ဓေမနေလို့ ခန္ဓာ ၅-ပါးမရှိလေတော့ အို နာ သေ ဒုက္ခတွေအကုန်လုံး ချုပ်ငြိမ်းသွားတယ်၊ ဒါဖြင့် ဒီဉာဏ်ဟာအကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ
အကောင်းဆုံးပဲလို့မှတ်။
ဒီတော့ ချုပ်လိုက်ရင် ဓမ္မ (တရား) ၅-မျိုးရှိတယ်၊ ဒီဓမ္မ ၅-မျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်
တာ ဒီဉာဏ် ၅-မျိုးရတယ်၊ ဒီဉာဏ် ၅-မျိုး ခွဲထုတ်ပြတယ်၊ ဝိပဿနာဓမ္မတွေအားကိုးရမယ် ဆိုငြားသော်လဲ
ဒါတွေကို တစ်ခါအဆင့်ဆင့်အယုတ်အညံ့ရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာအကောင်းဆုံးဆို
တာပေါ်လာတယ်၊ မဂ်ဉာဏ်မှတစ်ပါးအားကိုးစရာ အစစ်မရှိတော့ဘူး၊ ဒီတော့ မဂ်ဉာဏ်ရအောင်လုပ်ရလိမ့်
မယ်၊ မဂ်ဉာဏ်ကမှ ဒုက္ခတွေကိုချုပ်ငြိမ်းစေတာ။ ဒီတော့ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ ဖြစ်ပျက် ဒုက္ခသစ္စာ
ကြီး ချုပ်အောင်ကြီုးစားရမယ်၊ ဒုက္ခချုပ်သွားရင် တစ်ခါတည်းကိစ္စပြီးမယ်၊ ဒါကြောင့် ခန္ဓာ(ဒုက္ခ)ဇာတ်သိမ်း
ရာရောက်တဲ့မဂ်ဉာဏ် ၄-ခုကိုတာလျှင် အကြီးဆုံးအားကိုးထိုက်တဲ့တရားပဲလို့ ဆိုပြီး ကြီုးစားပါ၊ ဘုန်းကြီး
ကမသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ့်ခန္ဓာကြည်ပါ၊ ဘုန်းကြီးလဲ အသက်ကြီးပြီ၊
ခင်ဗျားတို့က ဘုန်းကြီးနဲ့ မီလိုက်ရုံပဲရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားကထွက်ခါနီးနေပြီ..မီရုံကလေးရှိတယ်
ရထား ထွက်လုနီးပြီဆိုတာ ရိပ်မိကြပြီလား။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာမင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် (၁၆) ချက်
"ဉာဏ်စဉ် အကြောင်း"
ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ဝိပဿနာလက်တွေ့လုပ်နည်းကို စပြီးဟောရလိမ့်မယ်၊ ဝိပဿနာ
အလိုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်၊ တရားထိုင်တဲ့ အခါမှာ ဆိတ်ငြိမ်တဲ့နေ
ရာမှာထိုင်ပါ၊ ဆိတ်ငြိမ်တဲ့ နေရာဟာတောပါပဲ၊ ဘုရားကိုရှိခိုးကန်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရား
ကိုလှူထားပါ၊ ပြီးတော့ သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ၊ ခန္ဓာကိုယ် ထားပုံ
ထားနည်းကတော့အချိန်ကြာကြာတရားအားထုတ်နိုင်အောင်တည့်တည့်မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်
သက်-အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင် လုပ်ပါ၊ ဝင်လေလဲသိ၊ထွက်လေလဲသိပြီးနေရင် ကြာ
တော့ သမာဓိအားကောင်းလာတဲ့ အချိန်မှာ ဝီယကို အလျှော့မပေးဘဲ သတိနဲ့ ပညာကို ကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်၊ တောင့်လာတာ
ညောင်းလာတာကို ဉာဏ်ကသိလာတယ်၊ ညောင်းတာရယ် ညောင်းမှန်သိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်
သွားတာပဲလို့ သိလိုက်ပါ၊ ဒီလိုသိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ်မရှိတော့ပြီလို့ နေက်က
ဉာဏ်နဲ့သိလိုက်ပါ၊ ညောင်းတာ တောင့်တာကို ပြုပြင်ပြီးမပေးသမျှအညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု
ဖြစ်ပြီး ပျက်နေဦးမှာမို့၊ ဒူးကလေး ခြေကလေးဆန်ချင်တဲ့စိတ် ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ်၊ အဲဒီ
ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာကို ကိုယ်ဉာဏ်နဲ့သိလိုက်ပါ၊ ဒီလို သိပြီးတဲ့အခါ ထိုဆန့်
ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ၊ အဲဒီလိုသိနေတုန်းမှာ ဖြတ်
ဆို အသံတစ်ခုကြားလိုက်ရင် ကြားတယ် လို့သိပါ၊ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း၊ ပေါ်လာ
တိုင်း သိပြီးဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့သိရမယ်၊ အဲဒီလို အသိတရားတွေကို စိပ်သည်ထက်
စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေ
ကိုသတိနဲ့စိုက်ကြည့်ကတွေ့လိမ့်မယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ပါဠိလိုရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါ
ကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုက်ပြီးကြည့် သိနေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘော
ကိုပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့
မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လာမယ်၊ ခန္ဓာကိုယ်ရှိရင် ဒီ
လို ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို၊ နာ၊ သေ၊ ဆိုတဲ့ ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့ ကြောက်ရွံ့ပြီး မိမိ
ခန္ဓာကိုယ်ကိုပဲ ရွံ့မုန်းလာမယ်၊ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ-ဒေါသ-မောဟ ၃-ပါးစလုံး တဖြည်း
ဖြည်း ခေါင်းပါးပြီး၊ နောက်ဆုံးဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များလာရင် ယခုဘဝမှာပင် မဂ်
ဖိုလ်ကို ရနိုင်တယ်၊ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့သ
ဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာ တွေရလိမ့်မယ်။
ဉာဏ်စဉ်ဆိုတာ။ ။ ရှုဖန်များလာရင် (၁) ဤကားရုပ်၊ ဤကားနာမ်လို့ပိုင်းခြားသိလာတော့"နာမရူပပရိစ္ဆေ
ဒဉာဏ်"ရလာတယ်။ (၂) နောက်နာမ်ရုပ်တို့၏ ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး၊ ဒီနာမ်ရုပ်
ဟာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့အကျိုးတရားပါကလား၊ အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘဝက အဝိဇ္ဗာ၊ တဏှာ၊ ဥပါဒါန်၊ ကံအ
ကြောင်း တရားတို့ကို ရှာမှီးသိမ်းဆည်နိုင်တဲ့"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာတယ်။ (၃) နောက် ရုပ်နာမ်တို့၏
ဖြစ်ပြီး၊ ပျက်လတ္တံ၊ ဖြစ်ဆဲတို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါးကိုပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော"သမ္မသနဉာဏ်"အဆင့်သို့ ရောက်
လာမယ်။ (၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့
"ဥဒယဗ္ဗယဉာဏ်"ပေါ်လာမယ်။ (၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့"ဘင်္ဂဉာဏ်"
ပေါ်လာမယ်။ (၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်
ရာဘေးကြီးလို့ ထင်လာတဲ့"ဘယဉာဏ်"ပေါ်လာမယ်။ (၇) နောက်ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်
တွေကို ထင်မြင်လာတဲ့"အာဒီနဝဉာဏ်"ရလာမယ်။ (၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ်တို့
ကို ငြီးငွေ့ စိတ်ပျက် မနှစ်သက်တဲ့"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။ (၉) နောက်မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်
နာမ် ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့"မုဥ္စိတုကမျတာဉာဏ်"ရောက်လာမယ်။ (၁၀) ထိုမှ တစ်ဆင့် ရုပ်နာမ်
တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊ အစိုးမရမှုတွေကို အပြင်းအထန် အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါရဉာဏ်"ရောက်လာမယ်။ (၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်
တဲ့"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာတယ်။ (၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေး
သုံးပါးဖြင့် အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့"အနုလောမဉာဏ်"ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့"ဂေါတြဘူဉာဏ်"ပေါ်လာ
မယ်။ (၁၄) နောက်(သဥပါဒိသေသ) နိဗ္ဗာန်ကိုမြင်တဲ့"မဂ်ဉာဏ်" နှင့်။ (၁၅) မရှေးမနောင်းပင် ထိုနိဗ္ဗာန်၏
အကျိုးကို ခံစားတဲ့"ဖိုလ်ဉာဏ်"ပေါ်လာမယ်။ (၁၆) နောက် မဂ်ကိုဆင်ခြင်ခြင်း၊ ဖိုလ်ကိုခြင်ခြင်း၊ နိဗ္ဗာန်ဆင်
ခြင်ခြင်း၊ ပယ်ပြီးသောကိလေသာကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့
ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့"ပစ္စဝေက္ခဏာဉာဏ်"ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမား ကောင်းနဲ့လည်း
တွေ့ခိုက်၊ ရခဲလှတဲ့ လူ့ဘဝကို ရခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကိုမလုပ်ကြဘဲ။ အရိုးက ဓာတ်
တော်ဖြစ်အောင် ကြိုးစားကြပါ၊ အရို အသွး အသား ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေမွေးကတည်းက
ဖြစ်လာတာမဟုတ်ဘူး၊ တရားကိုအားထုတ်လို့ တရားက ပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်
တော်ဖြစ်လာရတယ်လို့မှတ်ပါ၊ ဒါကြောင့်တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေး
လိုက်ပါတယ်။ ။
(မှတ်ချက်။ ။ဆရာတော်သည် တရားအားမထုတ်ဖူးသေးသည့် လူပြိန်းများကိုသာ ထိုစဉ်က
ဗဟုသုတ အလို့ငှာ အထက်ပါအတိုင်း ဉာဏ်စဉ်ကို အထူးသီးသန့်ဟောခဲ့ပါသည်။ များသော
အားဖြင့် ဉာဏ် ၃-ဆင့်ကိုသာ ဟောပြောလေ့ရှိပါသည်။)

Monday, March 4
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမဲရိုးကိုက်တဲ့ခွေလို
သား၊ လင်၊ ခင်ပွန်းနဲ့ပစ္စည်းတွေ ခင်တွယ်နေတဲ ပုဂ္ဂိုလ်များဟာ၊ ခွေးအမဲရိုကိုက်တာနဲ့တူတယ်၊ အမဲရိုးရ
ထားတော့ ခွေးကကံကောင်းတယ်လို့ထင်တယ်၊ အမဲရိုးက ရိုးတွင်ချဉ်ဆီအနံ့ကလေးနဲ့မို့ အရသာရှိသလို
လိုနဲ့ နောက်ဆုံးပိတ်ကျတော့ ဝါးရင်းမောလာတာနဲ့ပစ်ချလိုက်ရတယ်၊ ဝပြီးပြန်ရတာလား၊ အညှီနံ့ကလေး
ရရုံနဲ့ ပြန်ရတာလားဆိုတော့ အညှီနံ့ကလေး ရရုံနဲ့ ပြန်ရတာ၊ နက်ဖြန်ကျတော့လဲ ဒီအတိုင်းပဲ၊ လာပြီးဝါး
ရပြန်တယ်၊ ဝါးရတော့လဲ ဝပြီးပြန်ရတာမဟုတ်ဘူး၊ အညှီနံ့ကလေး ရရုံပြန်ရတာပဲ၊ ဝါးရတာနဲ့ အညှီနံ့က
လေး ရရုံနဲ့ပြောပလောက်အောင်ချမ်းသာမှုမရကြပါဘူး၊ ထိုအတူပဲ သား လင် ခင်ပွန်း ပစ္စည်းတွေခင်တွယ်
ကြရတာတစ်နေ့လဲ ဒီအလုပ်နဲ့ဒီသားသမီးနဲ့သွားပြီးဝါရပြန်တာပဲ၊ မနက်ဖြန် သန်ဘက်ခါကျတော့လဲ သွား
ပြီးဝါရပြန်တာပဲ၊ မိုးချုပ်နေဝင်ကျတော့လဲ ဝသလားဆိုတော့မဝဘဲနဲ့ ပြန်ခဲ့ရတာပဲ၊ နောက်လဲ ဒီသား လင်
ခင်ပွန်းများအတွက်သွားရပြန်တာပဲ၊ တစ်နေ့လုံး ဝါးနေတော့တာပဲ၊ ညနေရောက်လို့ စာရင်းတွက်တော့
၂၀-ကျပ်၊ ၂၅-ကျပ်၊ ၃၀-ကျပ် အမြတ်ကလေးကျန်မယ်၊ ဒီအညှီနံ့လေးခံပြီးပြန်ခဲ့ရတာပဲ၊ ဘယ်လောက်ကြာ
ကြာ ဝါးရမှာလဲလို့မေးရင် သွားတွေသာ ကျိုးစရာအကြောင်းရှိတယ်၊ ဝမှတော့မဟုတ်ဘူး။
အဲဒီတော့ ခင်ဗျားတို့ အရောင်းအဝယ်လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်စဉ်က ခွေးအမဲရိုးကိုက်သလိုပဲ၊ ကိုက်လို့
မောတာနဲ့ အညှီနံ့ကလေး ခံရတာနဲ့မမျှပါဘူး၊ အနံ့ကလေးကမဖြစ်လောက်ပါဘူး၊ ဒါကို တစ်နေ့လုံးဝါးနေရ
တယ်၊ ဒါကြောင့် ဘုရားရှင်က ငါးပါးအာရုံ ကာမဂုဏ်တွေဟာသာယာစရာက နည်းနည်းလေးသာရှိတယ်၊
ဒုက္ခတွေက သိပ်များတယ်လို့ ဟောထားခဲ့တယ်၊ နေ့တိုင်းဝါးနေရတဲ့အမဲရိုးကို စိတ်မပျက်သရွေ့ ခင်ဗျားတို့
သွားပြီး ဝါးနေမှာပဲ၊ သေသည်အထိ ဝါးနေမှာပဲ၊ သေတော့လဲ ဝရဲ့လားဆိုတော့၊ မဝဘဲနဲ့သေရတာ၊ သေပွဲ
ဝင်တော့လဲ မပြီးသေးဘူး၊ ရောက်ရာဘဝမှာလဲ ကိုက်ဦး ဝါးဦးမှာပဲ၊ ဝပြီးသေတဲ့သဘောကိုမပါဘူး၊ တန်း
လန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ၊ အမဲရိုးဟာသာယာစရာ အညှီနံ့လောက်ပဲရှိသလို၊ ခင်ဗျားတို့ မှာလဲ သားသမီး
ပစ္စည်းတွေကို ချစ်ခင်တာ သာယာတာကနည်းနည်းကလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေကအများကြီ်း
ပဲလို့ ဘုရားကဟောခဲ့တယ်။
ဒါဘာဟောနေတာလဲဆိုတော့"တဏှာ"သတ်ဖို့ဟောနေတာ၊ ဒီတဏှာက ဘယ်တော့မှ ဝ မှာမဟုတ်ဘူး၊
ဒုက္ခပေးလိုက်တာကတော့ နေ့စဉ်နဲ့အမျှပဲ၊ ဆိုင်ခင်တဲ့သူကို ဒီဆိုင်က ဒုက္ခပေးနေတယ်၊ သားခင်တဲ့သူကို
ဒီသားကဒုက္ခပေးနေတယ်၊ မယားခင်တဲ့သူကို ဒီမယားကဒုက္ခပေးနေတယ်၊ ဒါပေမယ့် ခင်ဗျားတို့ဟာအမဲ
ရိုးရတဲ့ခွေးလို"ခင်လို့မဝ၊ ဝါးလို့မဝ"ပဲနဲ့သေရတာပဲ၊ ဝ ပြီးသေတယ်လို့မရှိဘူး၊ စားချင်ရက်တန်းလန်းနဲ့ပဲ
သေသွားရတယ်၊ အိုလို့သာ သေသွားရတယ်၊ ဝ တော့မဝဘူး၊ တဏှာက ဘယ်တော့မှ ဝ ရိုးထုံးစံမရှိဘူး
ဒီ သားခင်ရတာတော်ပြီ၊ ဒီ သမီးခင်ရတာတော်ပြီ၊ ဒီ မယာခင်ရတာတော်ပြီ၊ ဒီ စီးပွားရေလုပ်ရတာတော်
ပြီလို့များ ခင်ဗျားတို့လာကြရဲ့လား၊ မလာဘူး၊ ဪ..နေ့တိုင်းလုပ်နေရတာလဲ မဝဘူး၊ သေခါနီးကျပြန်
တော့လဲ တဏှာနဲ့ခင်လျက် ဥပါဒါန်နဲ့ စွဲလမ်းလျက်နဲ့ပဲ သေသွားရတော့ ဘယ်ရောက်သွားမလဲ၊ အပါယ်
၎-ပါးပဲရောက်မယ်၊ ဒါဘယ်သူ့ သတ္တိလဲ၊ မဝနိုင်တဲ့တဏှာသတ္တိပဲ၊ ဒီတဏှာမသေသရွေ့တော့ဖြင့် အပါယ်
၎-ပါးကလွတ်ဖို့ရာ အကြောင်းမမြင်ဘူး၊ ဒါကြောင့် ဝိပဿနာလုပ်ကြပါလို့ တိုက်တွန်းတာ၊ ဝိပဿနာ လုပ်
ကြဆိုတာ၊ ဒါတွေကို စွန့်လွှတ်လိုက်လို့ပြောတာ။
နောက်ပြီး ဘုရားရှင်က"မြက်မီးရှူး"ဥပမာနဲ့ဟောပြန်သေးတယ်၊ သားသမီးနဲ့ ပစ္စည်းဥစ္စာတည်းဟူသော
ငါးပါးအာရုံကာမဂုဏ်တွေဟာ မြက်မီးရှူးနဲ့တူတယ်၊ မြက်ခြောက်ကလေးတွေကို ကြိုးနဲ့စုစည်းပြီးအဖျားကို
မီးရှို့ပြီး ညအခါလမ်းသွားတာနဲ့တူတယ်၊ လေတိုက်တဲ့ဘက်သွားတော့ လေကလဲတိုက်ပြန်၊ မီးကလဲ
လောင်ပြန်ဆိုတော့ ကိုယ်ဘက်ကိုလောင်မှာသေချာတယ်၊ ဒီမီးကိုလွှတ်ပစ်လိုက်ရင်မလောင်နိုင်ဘူး၊
လောင်မှာသိလျက်နဲ့ ဘာကြောင့်မလွှတ်ပစ်နိုင်သလဲ၊ ဒီမီးရှူးကိုခင်တွယ်နေလို့မပစ်နိုင်ရင် ခင်ဗျားတို့အ
လောင်ခံပြီး သေရုံပဲ ရှိတော့မှာပဲ၊ ဒီမီးအလင်းကလေးမရှိရင်မဖြစ်ဘူးဆိုပြီး တအားဆုပ်ကိုင်ထားတာလို့၊ ဒီ
သားသမီး ပစ္စည်းဥစ္စာကိုလဲ မရှိရင်မဖြစ်ဘူးဆိုပြီး ဆုပ်ထားတယ်၊ ဘုရားရှင်က ဒါတွေဟာမီးတွေကွ၊ ဆုပ်
ထားတဲ့လူကို လောင်လိမ့်မယ်လို့ဟောတယ်၊ ဒီမီးကိုလွှင့်ပစ်ရင်တော့ မလောင်ပါဘူး၊ မလွှတ်ပဲနေရင်တော့
လောင်မှာပဲ၊ ဒါဖြင့် ဒီမီးကိုလွှတ်လိုက်ပါလားဆိုတော့၊ မလွှတ်ချင်ဘူး၊ ဆုပ်ထားပါရစေတဲ့၊ ဘာပြုလို့ဆုပ်
ထားရသလဲ ဆိုတော့၊ အပူခံချင်လို့ အလောင်ခံချင်လို့ပေါ့၊ လောင်တာတောင်မှ မလွှတ်ချင်သေးဘူး၊ သားပူ
ကလဲလောင်း၊ သမီးပူကလဲလောင်း၊ ပစ္စည်းပူကလဲလောင်း၊ အံမယ်လေး..မီးတွေဝိုင်းပြီးလောင်နေပါလား၊
ဒီမီးတွေ လောင်မှန်းလဲမသိဘူး၊ လောင်မှန်းသိရင် လွှတ်ပစ်လိုက်ပေါ့ လွှတ်ပစ်လိုက်ရင်မလောင်တော့ဘူး၊
ခင်ဗျားတို့ကလဲ လွှတ်ကိုမလွှတ်ဘူး၊ အလောင်ခံမိုက်နေကြတယ်၊ သူတို့နဲ့ ဝေးရင်အေးတယ် ဆိုတဲ့သ
ဘောကိုမလာဘူး၊ သူတို့နဲ့ မခွဲနိုင်ဘူးဆိုတော့ ဒါဆုပ်ထားတာပဲ၊ ဒါတွေကို ခင်တွယ်လို့ ဆုပ်ထားတာပါ၊
ဒါတွေ ဆုပ်ထားတော့ လောင်တာပေါ့၊ သူတို့အတွက်နေ့မအိပ်ရ၊ ညမအိပ်ရ၊ စိုးရိမ်ရ၊ ကြောင့်ကြရ၊ အပူ
တွေဝမ်းထဲလောင်နေတာပဲ၊ မီးတွေမို့ လွှတ်ပစ်လိုက်ပါတော့လား ဆိုတော့ဘယ်ပစ်နိုင်ပါ့မလဲတဲ့၊ မင်းတို့
မိုက်ချက်ကလွန်နေပြီ၊ ဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဒီမီးတွေလောင်မယ်၊ လွှတ်ပစ်လိုက်လို့ပြော
ပေမယ့်၊ ခင်ဗျားတို့က နားမထောင်ဘူး၊ အသေဆုပ်ထားတယ်၊ ဘုရားပြောတာကို ကန့်လန့်လုပ်တယ်၊ ပြီး
တော့ ခင်ဗျားတို့ကပဲ ဘုရားကို ကန့်လန့်လုပ်တယ်လို့ ထင်ကြသေးတယ်၊ ဘုရားက အမှန်ပြောတာ ခင်ဗျာ
တို့ကသာ ကန့်လန့်လုပ်တာ။
ခင်ဗျားတို့ ဒီမီးတွေနဲ့လောင်ပြီးသေတဲ့အခါ၊ အပါယ်သွားရုံပဲ ရှိတော့တယ်၊ တချို့များသေခါနီးမှာ ဝိညာဉ်မ
ချုပ်နိုင်ပဲ အမောဆိုက်နေတာတောင်မှ၊ သားသမီးတွေ၊ ပစ္စည်းတွေ မခင်နဲ့၊ မစွဲလမ်းနဲ့၊ လွှတ်ပစ်လိုက်ပါ လို့
အနားကပြောတာတောင်မှ မကြားချင်ယောင်ဆောင်ပြီး လွှတ်မှာမဟုတ်ဘူး၊ ခင်ဗျားတို့ဟာ မီးကိုင်မိနေ
တာလဲမသိဘူး၊ လွှန်ပစ်ရင် အလောင်လွတ်မယ်ဆိုတာလဲ မသိဘူးဆိုတော့ မသိ ၃-မျိုး လွှမ်းမိုးနေတယ်၊
မသိ ၃-မျိုးလွှမ်းနေတဲ့ ပုထုဇဉ်အကန်းတွေဖြစ်နေတယ်၊ မီးလောင်ပြီးသေခြင်းဆိုးနဲ့ သေရင်အပါယ်ရောက်
တော့မှာပဲ၊ ဒီတော့အကန်းလက်စ၊ အမိုက်လက်စ သတ်ကြပါတောံ၊ ဝိပဿနာအလုပ်လုပ်ပြီး၊ မိုက်..ကန်းမှု
လက်စသတ်ကြပါတော့၊ ဒီသားသမီး ပစ္စည်းတွေဟာ ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေလို့ ဝိပဿနာ
ဉာဏ်နဲ့ ရှုပေးပါ၊ ဒီလိုရှုပေးလို့ အမှန်တကယ်သိလာရင် အဲဒါတွေကို မခင်တော့ဘူး၊ ဆုပ်မထားတော့ဘူး၊
ဆုပ်မထားရင် မပူလောင်တော့ဘူး၊ မခင်တွယ်တာက"တဏှာ"ချုပ်တာ၊ ဆုပ်မထားတာက"ဥပါဒါန်"ချုပ်တာ
တဏှာ ဥပါဒါန် ချုပ်ရင် အပါယ်လေးပါတံခါးပိတ်သွားတာပဲ၊ အဲဒီတော့ ဝိပဿနာအလုပ်မှတစ်ပါး ခင်ဗျား
တို့မှာ ကယ်မဲ့သူ မရှိဘူးလို့မှတ်၊ ဝိပဿနာလုပ်လို့ မဂ်ဉာဏ် ရသွားရင် တဏှာ သမုဒယချုပ်တယ်၊ သမုဒယ ချုပ်ရင် ဒုက္ခ ချုပ်သွားတာပဲ၊ ဒုက္ခချုပ်ရင် နိဗ္ဗာန်ရောက်ပြီးမှတ်ပါ။ ။

Friday, March 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ (အဖြောင့်သွားပုံ) ဟေတွဋ္ဌအနက် (၂)
အခု မဂ္ဂသစ္စာ၏"ဟေတွဋ္ဌ"..နိဗ္ဗာန်သို့ မကွေ့မကောက်ဖြောင့်ဖြောင့်သွားပုံကို ပြောတော့မယ်၊ ပြောတော့
ဝေဒနာ ၃-ပါးကိုပဲ ပြန်တည်ရမည်၊ ဝေဒနာဟာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ၃-မျိုးရှိ
တယ်၊ ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဒီဝေဒနာ ၃-ပါးတွင်တစ်ပါးပါးဟာ အမြဲတမ်းဖြစ်ပေါ်နေတာပဲ (၁)နေကောင်း
တဲ့အခါ"သုခဝေဒနာ"ပေါ်တယ်၊ အစားကောင်း၊ အနေကောင်း၊ ဥတုကောင်း၊ အဝတ်ကောင်းနဲ့တွေ ကြုံရတဲ့
အခါ..သုခဝေဒနာပေါ်တယ်၊ ဒီတော့ သုခဝဒနာဟာ ပြုပြင်တဲ့အကြောင်းတရားကြောင့် ပေါ်တာ၊ အလိုလို
ပေါ်တာ မဟုတ်ဘူး၊ (၂) နေမာကောင်းတဲ့အခါ"ဒုက္ခဝဒနာ"ပေါ်တယ်၊ မတည့်တဲ့ အစာ၊ မတည့်တဲ့ ဥတု၊ မ
တည့်တဲ့ ရေတွေကြောင့် ဒုက္ခဝေဒနာပေါ်တယ်၊ ဒီတော့ ဒုက္ခဝေဒနာလဲ ပြုပြင်တဲ့အကြောင်းတရားကြောင့်
ပေါ်တာ၊ အလိုလိုပေါ်တာမဟုတ်ဘူး၊ (၃) နေကောင်းသည်လည်း မဟုတ်၊ မကောင်းသည်လည်းမဟုတ်၊
အသင့်အတင့်ရှိတဲ့အခါမှာ"ဥပေက္ခာဝေဒနာ"ပေါ်တယ်၊ ဥပေက္ခာဝေဒနာဟာ"မျက်စိ၊ နား၊ နှာ၊ လျှာ၊ ဟဒယ
ဝတ္ထု"ဆိုတဲ့ ၅-နေရာမှာပေါ်တယ်၊ ဥပေက္ခဝဒနာလဲ ဟိုကအာရုံနဲ့ပြုပြင်မှပေါ်တာ၊ မပြုပြင်ရင် မပေါ်ဘူး၊
(မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ၊ စားကာမတ္တဖြစ်တဲ့အခါ..ဥပေက္ခာဝေဒနာပေါ်တယ်၊ သားသမီး၊
ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး..ကမ္မဿကာလို့ ထားတဲ့အခါ၊ စိတ်ထဲ..ဝမ်းထဲမှာ ဥပေက္ခာဝေဒနာပေါ်တယ်၊)
"သဗ္ဗေသင်္ခါရာအနိစ္စာ"ဒါဖြင့်ခင်ဗျားတို့ခန္ဓာကိုယ်မှာပေါ်တဲ့ဝေဒနာ ၃-ပါးဟာ အကြောင်းတရား တွေကပြု
ပြင်လို့ အာရုံနဲ့ ဒွါရတိုက်ဆိုင်လို့..ပေါ်လာရတာ ဖြစ်သောကြောင့်၊ ဒီဝေဒနာတွေဟာ သင်္ခါရတရားတွေပဲ၊
ဒီသင်္ခါရတရားတွေဟာ အကြောင်းတိုက်ဆိုင်လို့ပေါ်လာရတာဖြစ်သောကြောင့်၊ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်
ဘူး၊ ခင်ဗျားတို့ပြုပြင်ထားတာ မဟုတ်ဘူး၊ ခင်ဗျားတို့ ပိုင်တာမဟုတ်ဘူး၊ ဒီသင်္ခါရတရားဟာ အကြောင်း
တိုက်ဆိုင်တဲ့အခါမှာပေါ်မယ်၊ အကြောင်း မတိုက်ဆိုင်တဲ့အခါ ကြောင်းတရားတွေတွေ ချုပ်ပျောက်တဲ့အခါ
မှာ..ပျက်မှာပဲ၊ နိဗ္ဗာန်ရောက်မှာပဲ၊ ဒီတော့ သင်္ခါရတရားဟာ အနိစ္စမှာလမ်းဆုံးတယ်၊ ဒါကြောင့် ဘုရားက
"သဗ္ဗေသင်္ခါရာအနိစ္စာ"(သင်္ခါရတရားဟူသမျှဟာအနိစ္စချည်းပဲ) လို့..ဟောတာ။
ခင်ဗျားတို့ ရှုပက္ခန္ဓာ..ခန္ဓာကိုယ်ဟာ ဇရပ်ကြီးနဲ့တူတယ်၊ "ခန္ဓာကိုယ် ဇရပ်ကြီး"ထဲမှာ ဝေဒနာ ၃-ခု တစ်ခုခု
ဟာ သူ့အကြောင်းတိုက်ဆိုင်ရင် လာမှာပဲ၊ လာတော့ ဒီဝေဒနာဟာ ဧည့်သည်ပေါ့၊ ဇရပ်ဆောက်ထားလို့ လူ
နာရောက်လာတယ်၊ လူနာလဲ ရောက်တယ်၊ လူချမ်းသာလဲ ရောက်တယ်၊ အလတ်စားလဲ ရာက်တယ်၊ (ဝေဒ
နာ ၃-ပါး) ခင်ဗျားတို့ရဲ့ ရူပက္ခန္ဓာကိုယ်ဟာ ဇရပ်ကြီးဖြစ်လို့ လူနာတွေ လာကြတော့..ခင်ဗျားတို့က ဪ...
သူ့ဟာသူလာပြီး၊ သူ့ ဟာသူသွားကြတာပဲ၊ ကိုယ်ကလဲ စတုဒီသာ ဇရပ်ကြီးပဲ၊ လူချမ်းသာလဲ သူ့ ဟာသူလာ
ပြီး..သူ့ ဟာသူသွားမှာပဲ၊ လူလတ်လူတန်းစားလဲ သူ့ ဟာသူလာပြီး..သူ့ ဟာသူ သွားမှာပဲ၊ ခင်ဗျားတို့ ဇရပ်
ပိုင်ရှင်နဲ့ ဘာမှမဆိုင်ဘူး၊ ဪ..သူ့အကြောင်းနဲ့သူ တိုက်ဆိုင်လို့ သူလာခဲ့တယ်၊ သူ့ကိစ္စပြီးတော့ သူသွား
မှာပဲ၊ "ဝိပဿနာဆိုတာ" ဒီလို ထိုင်ကြည့်တာကို ဝိပဿနာလို့ခေါ်တယ်၊ ဒီက မဂ္ဂင် ၅-ပါးနဲ့ ထိုင်ကြည့်တာ
ကို ဝိပဿနာလို့ခေါ်တယ်၊ အဖန်ဖန်ရှုတာ ဝိပဿနာဆိုတော့..သူပြန်သွားတာ မရှိတာလဲမြင်တာပဲ၊ ဒီတော့
ဝိပဿနာဆိုတာ မရှိတာကိုသိတာ၊ မရှိတာက ဝေဒနာ ၃-ပါး၊ သိတာက မဂ္ဂင် ၅-ပါး၊ ဒီ မဂ္ဂင် ၅-ပါးဟာ ဟေ
တွဋ္ဌ၊ နိဗ္ဗာန်သို့ အဖြောင့်သွားတဲ့တရားပဲ၊ "နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ"(နိဗ္ဗာန်သို့သွားတတ်သောကြောင့် မဂ်မည်
၏) လို့..ဆိုတော့၊ မဂ္ဂင် ၅-ပါးဟာ မဂ်ပဲ၊ နိဗ္ဗာန်သို့ အဖြောင့်သွားတတ်တဲ့မဂ်ကို ၃၁-ဘုံအတွင်းကွေ့ ကောက်
လှည့်လည်သွားတဲ့ တဏှာက ကန့်ကွက်ချုပ်ချယ်လို့မရဘူး၊ ဝေဒနာဖြစ်ပြီး ပျက်သွားတာကို မြင်လိုက်ပြီဆို
ရင်..ဝေဒနာနောက်ကလိုက်မယ့် တဏှာဟာချုပ်သွားတာပဲ၊ ကောက်ကျစ်တဲ့တဏှာ သေသွားပြီပေါ့၊ ဘာပြု
လို့ တဏှာသေရသတုံးဆိုတော့..တဏှာဖြစ်မယ့် နေရာမှာ မဂ်ပေါ်လို့၊ မဂ်ပေါ်လာတော့..တဏှာလာခွင့် မရ
တော့ဘူး၊ မလာတော့ဘူး၊ ချုပ်ပျောက် သွားတယ်၊ ဒီတော့ ဒီမဂ်ဟာ တဏှာကိုသတ်ပစ်ပြီးတော့၊ နိဗ္ဗာန်သို့
ဖြောင့်ဖြောင့်သွားတတ်တဲ့ သူ့သဘောအတိုင်း အဖြောင့်သွားရုံပဲရှိတော့တယ်၊ ဒီ မဂ်ဟာ တဏှာကိုလဲ
သတ်တယ်၊ နိဗ္ဗာန်ကိုလဲ အဖြောင့်သွားတယ်၊ ဒါကြောင့် မဂ္ဂင်..ဝိပဿနာလုပ်ရင် နိဗ္ဗာန်ကို အဖြောင့်သွား
ပြီလို့ မှတ်။
"ယဒါ ပညာယပဿတိ"ယဒါ..အနိစ္စရောက် ချုပ်ပျောက်သောအခါ၊ ပညာယ..မဂ်ဉာဏ်ဖြင့် (ဝါ) မဂ္ဂင် ၅-ပါး
ဖြင့်၊ ပဿတိ..ရှု၏၊ ရှုပေး၊ ဒီတော့ ဝေဒနာ အနိစ္စရောက်လို့ချုပ်ပျောက်တဲ့အခါမှာ..မဂ္ဂင် ၅-ပါးနဲ့ ရှုပေးရမယ်၊
ဝေဒနာရှုခိုင်းတာ မဟုတ်ဘူး၊ ဝေဒနာဖြစ်ပြီး ပျက်သွားတာကို အရှုခိုင်းတာ၊ ဘုရားက အနိစ္စရှုဆိုပြီ၊ ဘယ်သူ့
အနိစ္စလဲ မေးစရာရှိလို့ ဝေဒနာရဲ့ အနိစ္စရှုဆိုပြီး၊ ဝေဒနာနာမည် တပ်ပေးရတာ၊ တကယ်ရှုရမှာက ဝေဒနာမ
ဟုတ်ဘူး၊ အနိစ္စရှုရမှာ၊ ဒါကြောင့်"သဗ္ဗေသင်္ခါရအနိစ္စာ၊ ယဒါပညာယ ပဿတိ"ဆိုတဲ့ ပါဠိတော် ၂-ရပ်ကို
စပ်ယူလိုက်ရင်၊ အနိစ္စရောက်သွား ချုပ်ပျောက်သွားတဲ့ ဝေဒနာဆိုတဲ့ သင်္ခါရတရားကို အရှုခိုင်းတာ ရှုရမှာ
ဆိုတာ ရှင်းနေပါတယ်။ ခင်ဗျားတို့ခန္ဓာကိုယ်မှာ ဝေဒနာ ၃-ပါးဟာ လှည့်ပေါ်နေမှာပဲ၊ ပေါ်ပြီး ချုပ်ပျောက်
သွားမှာပဲ၊ ဒီတော့ဘယ် ဝေဒနာပေါ်ပြီးချုပ်သွားသွား..နောက်က မဂ္ဂင် ၅-ပါးနဲ့လိုက်ပြီး ရှုပေးရမယ်၊ ဝိပဿ
နာဉာဏ်နဲ့ ရှုပေးရမယ်၊ ဝေဒနာကတော့ သူ့နိယာမသဘောအတိုင်းခဏခဏပေါ်ပြီး ခဏခဏချုပ်ပျောက်
နေမှာပဲ၊ ဒီလိုဝေဒနာ ချုပ်သွားတိုင်း ချုပ်သွားတိုင်း..နောက်က ဝိပဿနာဉာဏ်နဲ့ လိုက်ပြီး ရှု..ရှုပေးသွားရ
မယ်၊ ဟိုက အအနိစ္စရောက်တဲ့အချိန်မှာကြည့်၊ ဝေဒနာကိုမကြည်နဲ့၊ အနိစ္စရောက်တဲ့အချိန်မှာ မဂ္ဂင်..ဝိပဿ
နာပညာနဲ့ရှုရမှာ၊ အနိစ္စရောက်တိုင်း ရောက်တိုင်း..နောက်က ချက်ချင်းပညာနဲ့ လိုက်ရှုပေးရမယ်၊ အဲဒီတော့
ခင်ဗျားတို့ နိဗ္ဗာန်မရောက်တာဟာ..ဝေဒနာက အနိစ္စမရောက်လို့လား ပညာမရောက်လို့လားဆိုတော့ ပညာ
မရောက်လို့ပဲ၊ ဝေဒနာကတော့ ခဏခဏပေါ်ပြီး ခဏခဏ အနိစ္စရောက်တာပြနေတာပဲ၊ အဲဒီ အနိစ္စဖြစ်တိုင်း
ဖြစ်တိုင်း..ခင်ဗျားတို့က ပညာနဲ့ ရှု..ရှုမပေးလို့ နိဗ္ဗာန်မရောက်တာ၊ ၃၁-ဘုံးထဲ ကွေ့ကောက်သွားနေတာဘာ
ကြောင့်၊ ပညာမလာဘဲ တဏှာကဝင်လာလို့။ ဝိပဿနာအလုပ်မှာ ဒီ "ယဒါပညာယပဿတိ"နဲ့ စတာပဲ၊ ဒါ
ပထမဉာဏ် (ယထာဘူတဉာဏ်) ကိုဟောတာပဲ၊ ဝိပဿနာလုပ်ရင်..ဒီဉာဏ်နဲ့စလုပ်၊ ဒီပြင်ဟာတွေနဲ့ စမနေ
နဲ့၊ ရုပ်နာမ်မသိရင် ဆရာ့သွားမေး၊ ဒါမေးလို့သိရင် ပြီးတာပဲ၊ ကိုယ်ရှုဖို့မဟုတ်ဘူး၊ ကိုယ်ရှုဖို့အလုပ်ကတော့
ဒီ ပထမဉာဏ်က စရမယ်၊ ဒီတော့ "ယဒါပညာယ ပဿတိ"ဟာ ကိုယ့်တာဝန်ပဲ၊ အနိစ္စရောက်တိုင်းရောက်
တိုင်း..နောက်က"ယဒါပညာယပဿတိ"လိုက်ပေး၊ လိုက်ရင် ဖြစ်ပျက်မြင်ပြီ၊ ဖြစ်ပျက်မြင်ရင်"ဟေတွဋ္ဌော"
နိဗ္ဗာန်သွားတဲ့လမ်း ဖြောင့်သွားပြီ၊ ဒါ အလုပ်လုပ်မှ ဖြောင့်မှာ၊ သူက အလိုလိုပေါ်မလာဘူး၊ ဖြစ်ပျက်မရှုလို့
မမြင်လို့ရှိရင်..မဂ်မလာဘဲ၊ တဏှာလာလိမ့်မယ်၊ တဏှာလာရင် လမ်းကောက်သွားပြီ၊ ဒီတော့ ဝေဒနာဖြစ်
ပျက် မရှုတဲ့ ပုဂ္ဂိုလ်မှာ တဏှာလာမယ်၊ ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ပညာလာမယ်၊ တဏှာမလာတော့ဘူး၊ ဒီလိုဆို
ဖြောင့်ပြီမှတ်။"အထ နိဗ္ဗိန္ဒတိ ဒုက္ခေ" အထ..ထိုသို့ ဖြစ်ပျက်မြင်ပြီးသောအခါ၊ ဒုက္ခေ..ဖြစ်ပျက်ဒုက္ခသစ္စာ၌၊
နိဗ္ဗိန္ဒတိ..ငြီးငွေ့လာ၏၊ အနိစ္စ၊ ဒုက္ခဖြစ်တဲ့တရား၌ ငြီးငွေ့အောင်ဆက်လုပ်တဲ့၊ ဖြစ်ပျက်မြင်ပြီးနောက်၊ ဆက်ရှု
လို့..အနိစ္စဖြစ်တဲ့ ဒုက္ခဖြစ်တဲ့ တရား၌ ငြီးငွေ့လာရင်..ဒုတိယဉာဏ် (နိဗ္ဗိဒ္နဉာဏ်) ရလာပြီ၊ ဒီတော့ ဝေဒနာ ဖြစ်
ပျက်ရှုလို့ မြင်လာရင်၊ နောက်..ဒီဖြစ်ပျက်၌ငြီးငွေ့တဲ့ဉာဏ် (နိဗ္ဗိဒ္နဉာဏ်) ရအောင် ဆက်လုပ်ရမယ်။
"ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ"ဧသမဂ္ဂေါ..မဂ္ဂင် ၅-ပါးမှ ၈-ပါးပြည့်လာသော မဂ်သည်၊ ဝိသုဒ္ဓိယာ..စင်ကြယ်ခြင်းငှါ
(ဝါ) ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဆိုတဲ့ ဝဋ် ၃-ပါးစင်ကြယ်သွားငှာ ဖြစ်၏၊ ဒုတိယဉာဏ်ရပြီးနောက်၊ တ
တိယဉာဏ်ကို ဆက်တက်ရမယ်၊ ဒုတိယဉာဏ်တုန်းက ဖြစ်ပျက်ဒုက္ခသစ္စာကို ငြီးငွေ့လာသည်၊ အဲဒီဉာဏ်
ထဲထင်နေတဲ့ ဖြစ်ပျက်ကိုမကြည့်ချင်ပဲနဲ့ ငြီးငွေ့ လျက်နဲ့ဘဲ..ဆက်ပြီးတော့ ပေရှုရမယ်။
ပေရှုဖန်းပြီး ကြာတော့..ဒီဖြစ်ပျက်ကြီးဟာ ဒုက္ခသစ္စာအစစ်ပါလား၊ ဒီဒုက္ခသစ္စာကြီးတော့ မလိုချင်တော့ပါဘူး
လို့ ဒုက္ခသစ္စာကြီးကို ပိုင်းခြားသိမြင်ပြီ ယတိပြတ် စွန့်မစ်လိုက်တဲ့ အခါမှာ (ဝေဒနာ) ဖြစ်ပျက်ဟာ ပျောက်
ထွက်သွားတယ်၊ (ချုပ်ဆုံးသွားတယ်) ဖြစ်ပျက်ဒုက္ခသစ္စာကြီးကို နှစ်သက်လိုချင်တဲ့ တဏှာလဲတစ်ခါတည်း
အမြစ်ပါ ချုပ်ပျောက်သွားတယ်၊ ယခင်ရှုခဲ့တဲ့ မဂ္ဂင် ၅-ပါးဟာလဲ ၈-ပါးပြည့်သွားပြီးတော့ လောကုတ္တရာမဂ်
အစစ် ဖြစ်လာတယ်၊ အဲ (ဝေဒနာ) ဖြစ်ပျက်ဆုံးသွားတော့ ဖြစ်ပျက်ဒုက္ခသစ္စာလဲ မရှိတော့ဘူး၊ အပါယ်ကို
ကျစေတတ်တဲ့ တဏှာဒိဋ္ဌိ..ဝိစိကိစ္ဆာဆိုတဲ့ ကိလေသာ အညစ်အကြေးတွေလဲမရှိတော့ဘူး၊ ဝဋ် ၃-ပါးစလုံး
စင်ကြယ်သွားပြီး ဝိသုဒ္ဓိဖြစ်သွားပြီ။ ဒီတော့ တတိယဉာဏ်ဖြစ်တဲ့ မဂ်ဉာဏ် (လောကုတ္တရာမဂ်ဉာဏ်) ပေါ်
လာတဲ့အခါမှာ..ဝိသုဒ္ဓိစင်ကြယ်သွားပြီ၊ ဘာတွေစင်ကြယ်သွားသလဲ၊ အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ
တဏှာစတဲ့ အကုသိုလ်ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားတယ်၊ အပါယ်ကျစေတတ်တဲ့နောက်
နောက်က အကုသိုလ်ကံတွေလဲ ချုပ်ပျောက်သွားလို့ (အဟောသိကံ ဖြစ်သွားလို့) စင်ကြယ်သွားတယ်၊ အ
ပါယ် ၄-ပါး၌ ဖြစ်ရမယ့်အကျိုးဝိပါက်တွေလဲ ချုပ်ငြိမ်းလို့စင်ကြယ်သွားတယ်၊ အပါယ်ရောက်စေတတ်တဲ့
ကိလေသာကံတွေ (အကြောင်းတွေ) ချုပ်သွားတော့အပါယ်နဲ့စပ်တဲ့ အကျိုးဝိပါက် (ခန္ဓာ) တွေလဲ အကုန်
ချုပ်သွားတယ်၊ ဒီတော့ မဂ်အစစ်ဖြစ်လာရင် အပါယ်နဲ့စပ်ပြီး ကိလေသာဝိသုဒ္ဓိ ကမ္မဝိသုဒ္ဓိဖြစ်သွားပြီလို့မှတ်၊
အထက်ကပြခဲ့တဲ့ ပါဠိဂါထာကလေးမှာ ၄-ပိုင်းပါတယ်၊ ဒီ ၄-ပိုင်းတွင် (၁) "သဗ္ဗေသင်္ခါရာ အနိစ္စာ"ဆိုတဲ့
ပထမပိုင်းက သင်္ခါရဟူသမျှ အနိစ္စဖြစ်ကြောင်း ပြတယ်၊ (၂) "ယဒါပညာယ ပဿတိ"ဆိုတဲ့ ဒုတိယအပိုင်း
က ဖြစ်ပျက်..အနိစ္စကိုရှုလို့ မြင်လာတဲ့"ယထာဘူတဉာဏ်"ဆိုတဲ့ ပထမဝိပဿနာဉာဏ်ကိုပြတယ်၊ (၃)
"အထနိဗ္ဗိန္ဒတိ ဒုက္ခေ"ဆိုတဲ့ တတိယပိုင်းက ဖြစ်ပျက်..ဒုက္ခသစ္စာကို ငြီးငွေ့လာတဲ့"နိဗ္ဗိဒါဉာဏ်"ဆိုတဲ့ ဒုတိယ
ဝိပဿနာဉာဏ်ကို ပြတယ်၊ (၄) "ဧသမဂ္ဂေါဝိသုဒ္ဓိယာ"ဆိုတဲ့ စတုတ္တအပိုင်းက ဖြစ်ပျက်..ဒုက္ခသစ္စာ ချုပ်ဆုံး
လို့၊ အပါယ်ဆိုင်ရာ ကိလေသာကံ..အကျိုးဝိပါက်တွေ ချုပ်ဆုံးလို့၊ စင်ကြယ်သွားတဲ့ တတိယဉာဏ်လို့ခေါ်တဲ့
"လောကုတ္တရာမဂ်ဉာဏ်"အစစ်ကိုပြတယ်၊ ဒီတော့ ပါဠိဂါထာကလေးဟာ သင်္ခါရ တရားတွေရဲ့ပင်ကိုယ်သ
ဘောကိုလည်းကောင်း၊ ဝိပဿနာ အားထုတ်ရာမှာအစဉ်အတိုင်း တက်သွားရမယ့် ဉာဏ် ၃-ဆင့်ကိုလည်း
ကောင်း ပြထားတဲ့အတွက် တိုတိုကလေးနဲ့ အလွန်ချက်ကျတဲ့ ဂါထာကလေးဖြစ်တယ်၊ ဒီတော့ ဒီဂါထာစာပါ
သဘောအတိုင်း အလုပ်လုပ်ရင်"ဟေတွဋ္ဌော"ဖြစ်ပြီး..နိဗ္ဗာန် အဖြောင့်သွားပြီလို့မှတ်။ ။

Tuesday, February 26
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဏှာသမုဒယ၏ အကောက်သွားပုံ
မဂ္ဂသစ္စာမှာ"ဟေတွဋ္ဌ"သဘောရှိတယ်၊ "ဟေတွဋ္ဌ"ဆိုတာ နိဗ္ဗာန်သို့မကွေ့မထောင့် ဖြောင့်ဖြောင့်သွားတဲ့
ခရီးမှန် ခရီးဖြောင့်လို့အဓိပ္ပာယ်ရှိတယ်၊ မဂ်တရားဟာ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်သို့..မကွေ့ မထောင့်
ဖြောင့်ဖြောင့်သွားတဲ့တရားပဲ၊ တဏှာ..သမုဒယလမ်းကတော့ ခရီးမှား ခရီးကောက်ဖြစ်တယ်၊ ဘယ်လောက်
မှား၍ ဘယ်လောက် ကောက်သလဲဆိုရင် အအိုရောက်အောင် မှားတယ်၊ ကောက်တယ်၊ အနာ ရောက်
အောင်မှားတယ်၊ ကောက်တယ်၊ အသေ ရောက်အောင်မှားတယ်၊ ကောက်တယ်၊ "ခရီးမှန် ခရီးဖြောင့်"ကို
ပြောမယ်ဆိုရင်"ခရီးမှား ခရီးကောက်"ကိုရှေးဦးစွာသိမှ ခရီးမှန် ခရီးဖြောင့်ကို မြင်မယ်။ ဒီတော့ တဏှာ..သ
မုဒယ ဘယ်လောက်ကောက်ကျစ်သလဲဆိုရင် ဒီနေရာနဲ့ ဒီခြံ၊ ဒီမှာမွေး၊ ဒီမှာနေဆိုပြီးထွက်ရပ်လမ်းမရှိ
အောင်ပိတ်ပင်တားဆီး ကန့်ကွက်ထားလိုက်တယ်၊ ၃၁-ဘုံမှာဖြင့် ခင်ဗျားတို့ဟာ ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ပဲ
ပျောင်ကြတယ်၊ သူများအိမ်မှာ မပျော်ကြဘူး၊ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ်အားထုတ်ပြီးတော့ မရှိ..ရှိတဲ့ငွေနဲ့
ကြံဖန်ဆောက်ပြီး နည်းအမျိုးမျိုးနဲ့ ခြယ်သပြီးနေကြတယ်၊ ဒါကိုထောက်လိုက်တော့ ဒီနေရာဟာမင်းမှာစိတ်
ချမ်းသာ ကိုယ်ချမ်းသာဖြစ်တဲ့နေရာဆိုပြီး တဏှာက ချော့ထားလိုက်တယ်၊ စိတ်ချမ်းသာကိုယ်ချမ်းသာတွေ
ဟာ ဖြစ်ပြီးပျက်သောကြောင့် ဒုက္ခသစ္စာပဲ၊ အဲဒီ ဒုက္ခကိုပင်လျင် ခင်ဗျားတို့မှာ ကိုယ့်အိမ်ကိုယ့်ယာနေရတော့
စိတ်ချမ်းသာကိုယ်ချမ်းသာရှိတယ်လို့ သမုဒယကချော့ထားတယ်၊ ကိုယ့်အလုပ် ကိုယ့်တရားထူးကလေးနဲ့
ကျေနပ်ပြီး မစွန့်နိုင်တာ ဒီထက်ရာထူး တိုးတက်ချင်တာတွေကလဲ သမုဒယက ကောက်ကျစ်ထားတာပဲ၊
ဒါဒုက္ခသိမ်းတဲ့အလုပ်လား၊ ဒုက္ခပွားတဲ့အလုပ်လား ဆိုတော့ ဒုက္ခပွားတဲ့အလုပ်ပဲ၊ ဒုက္ခပွားတဲ့အလုပ်ကိုပင်
သမုဒယသစ္စာက ဒီဂုဏ်ထူးရာထူးနဲ့ဆိုရင် လောကကြီးမှာ နိဗ္ဗာန်ပေါ့ကွာ၊ မင်းအင်မတန် အကြောင်းညီ
ညွတ်နေတာပဲဆိုပြီး၊ ဒီဒုက္ခသစ္စထဲကမထွက်နိုင်အောင် ပိုပြီး ဒုက္ခရောက်တာကိုပင်ကြိုက်နေအောင်ချော့ပြီး
ထားထာဟာ ဘယ်သူတုံး၊ သမုဒယသစ္စာပဲ၊ ကောက်ကျစ်လိုက်တာကတော့..ခင်ဗျားတို့ထွက်ခွင့်ကို မရဘူး
မဟုတ်လား၊ အိမ်ထောက်ကျတယ်ဆိုရင်ပဲ ယောက်ျားလုပ်တဲ့လူက ဇနီး၏ဒုက္ခကို သူကိုယ်ထိုင် ထမ်းရ
တော့မယ် ဆိုတာကိုပင်၊ ဒါဟာဆင်းရဲဖို့မဟုတ်ဘူး၊ ချမ်းသာဖို့အတွက်အကူအညီရတာ၊ လက်ဆေးပြီး
ထမင်းစားလိုက်ရုံ ဖန်တီးပေးတာလို့ ခင်ဗျားတို့ကို လှည့်ပတ်ပြောတာလဲ သမုဒယသစ္စာပဲ၊ စင်စစ်တော့ ရှာရ
ဖွေရတာက အရင်လူပျိုတုန်းက တစ်ယောက်တည်းစာ၊ အခုအိမ်ထောင်ကျတော့ ၂-ယောက်စာဆိုတော့
ရှာဖွေတဲ့နေရာမှာ ဒုက္ခတိုးတာ အမှန်ပဲ၊ ဒါပေမယ့် သမုဒယသစ္စာက မင်းအရင်တုန်းကဆို ဟိုဆိုင်စားရ ဒီ
ဆိုင်စားရနဲ့ ဒုက္ခရောက်ရတယ်၊ အခုတော့ မင်း ဣနြေ္ဒရရနဲ့ (ဇိမ်ကျကျနဲ့) စားရလို့ချမ်းတာပါပေါ့လားဆိုးပြီး
ခုနက ရုန်းထားတာတွေ အကုန်ပျောက်အောင်တစ်ခါတည်းချော့ထားလိုက်တယ်၊ ဒါပေမယ့်စဉ်းလားကြည့်
စမ်း၊ အရင်ကထက်ပိုရှာရတော့ တိုးပြီးဆင်ရဲသွားတာအမှန်ပဲ။
ခင်ဗျားတို့အိမ်စုတ် တဲ့ကုပ်နဲ့ နေရတာတောင် သူက ကိုယ့်အိမ်ကို ရွှေအိမ်ရွှေနန်းကြီးထင်အောင်၊ မာနထက်
အောင်လုပ်လိုက်သေးတယ်၊ သူကချော့ထားတော့ ခင်ဗျားတို့ကလဲရွှေအိမ်ရွှေနန်းကြီးလို့ကို စိတ်ထဲမှာထင်
ကြတယ်၊ သေခြင်းသေလဲ ဒီအိမ်မှာ သေပါရစေတော့၊ နေခြင်းနေလဲ ဒီအိမ်မှာနေပါရစေတော့၊ နောင်ဘဝ
ပြန်ဖြစ်တောင်မှ ဒီမှာ ဖြစ်ပါရစေဆိုတော့၊ ဒီနေရာပဲ ကျေနပ်နေကြတယ် မဟုတ်လား၊ တကယ်တော့ ဒီနေ
ရာမှ အကြီးအကျယ် ဒုက္ခပေးတဲ့နေရာ၊ သူများအိမ်သွားရင် တံမြက်စီးမလှည်းရဘူး၊ အညစ်အကြေးတွေ မ
သုတ်သင်ရဘူး၊ ကိုယ့်အိမ်မှာတော့ တံမြက်လှည်း အမှိုက်ကျုံး၊ အိမ်သာဆေးစသည်တွေကိုမနားမနေလုပ်
ရတယ်၊ ဒီ ဒုက္ခရောက်မယ့်နေရာကို ရွှေအိမ်ရွှေနန်းထင်အောင် ဘယ်သူလုပ်တာတုံး၊ သမုဒယသစ္စာ၊ မင်း
ဟာလေးနဲ့မင်းကွာကြက်လိုပဲ ချီးကျရာပျော်ကွလို့၊ ရောက်ရဘဝ ရောက်ရအရပ်မှာ ပျော်နေအောင်ချော့
ထားတာလဲ သမုဒယသစ္စာပဲ၊ ခင်ဗျားတို့ တစ်သံတရာလုံး သူ့နေရာနှင့်သူ မထွက်ဖြစ်အောင်၊ ဒီနေရာက
သွား၊ ဒီနေရာမှာနေပြီး..အပါယ် ၄-ပါးသွား၊ နတ်ရွာသုဂတိသွားလို့ ရောက်ရာမှာ လောင်တိုက်ရှိတဲ့နေရာမှာ
နေပြီး ထိုနေရာကိုပင် ရွှေအိမ်ရွှေနန်းထင်အောင် သူကချော့မော့ထားတယ်၊ ချော့ထားတော့ ခင်ဗျားတို့မှာ
ဘုရားဖူးသွားမှာလဲ ဒီရွှေအိမ်ရွှေနန်းကို ပစ်ထားခဲ့ရမှာခက်တာနဲ့ မသွားဖြစ်ဘူး၊ တရားနာသွားမှာလဲ မသွား
ဖြစ်ဘူး၊ ကိုယ့်ရွှေအိမ်ရွှေနန်း လူလုကုန်းမှာစိုးလို့..စိတ်မချတာနဲ့ မသွားဖြစ်တော့၊ ဘုရားပွင့်တာတောင်မှ ရွှေ
အိမ်ရွှေနန်းခင်လို့ ဘုရားကျောင်းမရောက်ကြတာတွေတပုံကြီးရှိတယ်၊ ဘယ်သူကနှိပ်စက်တာလဲ၊ သမုဒယ
က၊ သူက ဘယ်လိုများပြောထားတုံး မင်းတို့နေတာဟာ မင်းတို့အကျိုးပေးနဲ့ မင်းတို့ သိပ်နေရာကျတာပဲ၊ ရှာ
မှရှား၊ မင်းတို့အဆင့်အတန်းနဲ့ မင်းတို့ကြည့်မယ်ဆိုဘယ်လောက်မှား ကျက်သရေမင်္ဂလာ ရှိသတုံးတဲ့၊
ခင်ဗျားတို့ကိုယ့်အိမ်ကို ရွှေအိမ်ရွှေနန်းထင်လို့ စိတ်မချပြီး မစွန်နိုင်တာနဲ့ ဘုရားဖူး တရားနာမသွားဖြစ်တာ
သမုဒယက ဒီလိုချော့ထားပြီး နိဗ္ဗာန်ရောက်မယ့်လမ်းကို မသွားဖြစ်အောင်ကန့်ကွက်ထားတယ်၊ ဒါတွေဟာ
သမုဒယရဲ့ ကောက်ကျစ်ထားပုံတွေနော်၊ လူတွေ"စုတိနဲ့ ပဋိသန္ဓေ"စပ်ပြီးနေတာဟာ သူ့အကြိုက်ပဲ၊ လွတ်
ထွက်သွားမှာတော့ မကြိုက်ဘူး၊ စုတေပြီး တစ်ခါတည်း နိဗ္ဗာန်ရောက်ဖို့ကျတော့..သူက သဘောမတူဘူး၊ ဒါ
ဖြင့်အကောင်းဟူသရွေ့ သူသဘောမတူဘူး၊ အဆိုးဟူသရွေ့တော့ သူက လုပ်ပေးလိမ့်မယ်၊ လောကီအ
လုပ် လုပ်ချင်တာဟူသရွေ့တော့ သူအားပေးတယ်၊ လောကုတ္တရာ မဂ်အလုပ်ကျရင် အကြောင်းပြပြီး ကန့်
ကွက်တယ်၊ ဒါ သမုဒယရဲ့သတ္တိ၊ ဒီတော့ ထွက်ရပ်လမ်း ဟူသရွေ့ကို သူကန့်ကွက်တယ်၊ မြုပ်လမ်း..မျော
လမ်း ဟူသရွေ့တော့ သူကအားပေးတယ်၊ အခု ဘုန်းကြီးက ဖော်ပြတော့မှ သူကိုး..သူကိုးလို့ လက်ညိုး
ထိုးဖော်ရလာတယ်၊ မင်းနဲ့ငါ သေခန်း..ရှင်ခန်းဖြတ်ကြစို့ ဆိုတော့၊ ခင်ဗျားတို့က ပါးစပ်ကို မဟရဲဘူး၊ ဘာပြု
လို့..ခင်ဗျားတို့က ငယ်ကြောက်ဖြစ်နေလို့၊ သူက ဒီအတိုင်းသွားဆိုရင်၊ ခင်ဗျားတို့က ဆိုက်ဆိုက်သွားတာပဲ၊
သူကပြန်ခဲ့ဆိုရင် ဆိုက်ဆိုက်လာတာပဲဆိုတော့၊ ဒါငယ်ကြောက်ဖြစ်နေလို့ပေါ့၊ ဘုရားဟောထားတာလေး
ပြောပြအုံးမယ်။
"မျောက်နှဲစေး"မျောက်သားစားလိုတဲ့ မုဆိုးကမျောက်ထောင်တဲ့ ညောင်စေးတွေ ဘာတွေချက်ပြီး၊ သစ်ကိုင်း
ပေါ်မှာ သုတ်လိမ်းပြီးချထားတယ် (ဒီအစေးကို မျောက်နှဲစေးလို့ခေါ်တယ်) မျောက်က ဒီသစ်ကိုင်းပေါ်မှာ
လျှောက်ပြီးလာတယ်၊ လာတော့ ညာဘက်လက်နဲ့ ညောင်စေးကိုင်မိတဲ့အခါ ညာဘက်လက် ခွာမရအောင်
ကပ်ငြိသွားတယ်၊ တစ်ခါ ဘယ်လက်နဲ့တွန်းပြီးခွာပြန်တော့ ဘယ်လက်ပါငြိတာပဲ၊ နောက် ညာခြေနဲ့ ကန်ပြီး
ရုန်ပြန်တော့ ဒီအတိုင်းပဲ ကပ်နေတာပဲ၊ တစ်ခါ ဘယ်ခြေနဲ့ ကန်ပြီးရုန်ပြန်တော့လဲ ကပ်သွားတာပဲ၊ နောက်..
သူက ခေါင်းနဲ့အားပြုပြန်တော့ ခေါင်းပါကပ်သွားတယ်၊ ဒီတော့ မျောက်ဟာခြေလက်ခေါင်း ၅-ခုစလုံးတွဲနေ
တာနဲ့မှီရာ တည်ရာမရှိတော့ဘူး၊ မရှိတော့ တစ်ခါတည်းအောက်ကျတာပဲ၊ ကျတော့ မုဆိုးကလုပ်ချင်သလို
လုပ်ရုံပဲရှိတော့တယ်၊ "ခန္ဓာနဲ့တဏှာ"ထို့ အတူပဲ သမုဒယသစ္စာဆိုတဲ့ တဏှာတရားဟာလဲ ခင်ဗျားတို့ ခန္ဓာ
၅-ပါးစလုံးမှာ ရှိတယ်၊ ဒီခန္ဓာ ၅-ပါးဟာ အစေးထောင်ထားတဲ့ နေရာချည်းပဲ၊ "ရှုပက္ခန္ဓာ"ကြည့်လိုက်ပြန်လဲ
သူဝဖို့..လှဖို့ကိုပဲကျွေးရမှာ ဆိုတော့ ဒါကိုယ့်ကိုယ်လို့မုတ်ပြီး သူတို့နဲ့လဲ ခင်နေတာပဲ၊ ခင်တော့ ရှုပက္ခန္ဓာက
လဲ တဏှာတည်းဟူသော အစေးနဲ့ကပ်လျက်ပဲရှိတယ်၊ "ဝေဒနာက္ခန္ဓာ"နဲ့ ဆိုတော့ ခင်ဗျားတို့က ချမ်းသာကို
အလိုရှိတယ် မဟုတ်လား၊ အလိုရှိနေတော့ချမ်းသာကို မစွန့်နိုင်ဘူး၊ မစွန့်နိုင်တော့ ချမ်းသာနဲ့ ကပ်ငြိနေတာ
ပေါ့၊ "သညာက္ခန္ဓာ"ကလဲ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတွေကိုသေသေချာချာ မှတ်သားထားတယ်၊ ဒါကို အရေး
တယူပြုတယ်၊ အလွန်နှစ်သက်စရာလို့ ထင်နေအောင်သူက လုပ်ထားတယ်၊ အဲဒီ သညာ..အမှတ်အသားက
လေးနဲ့ပဲ တွေးပြီးကျေနပ်နေတယ်၊ သညာ..နဲ့ကပ်နေတာပေါ့၊ "သင်္ခါရက္ခန္ဓာ"ဆိုတဲ့စေတနာ၊ ဝိညာဏက္ခန္ဓာ
ဆိုတဲ့ စိတ်ကလေး၊ ဒီစိတ် စေတနာတွေနဲ့လဲ ခင်ဗျားတို့ ကပ်နေတာပဲ၊ ကျုပ်စိတ်စေတနာမျိုးမြို့ထဲလျှောက်
ရှာကြည့်..မတွေ့ဘူး၊ အထင်မလွဲနဲ့ စသည်ဖြင့် ကိုယ့်ဟာကိုအမွှန်းတင်နေမယ်ဆိုတော့ စိတ်စေတနာမှာ
ခင်တွယ်ကပ်ငြိနေတာပဲ၊ ဒီတော့ ခင်ဗျားတို့ဟာ ဒီခန္ဓာ ၅-ပါးစလုံးမှာကပ်ငြိနေတော့ မျောက်လိုဖြစ်နေပြီပေါ့
ဒီခန္ဓာ ၅-ပါးနဲ့ ဒီတဏှာအစေးနဲ့ တွဲလျက် ဖြစ်နေတော့၊ ဒီခန္ဓာ ၅-ပါး ရုပ်နာမ်ဓမ္မဟာ ဘယ်မှာထွက်ပေါက်
ကျွတ်ပေါက်ဆိုတာ ဖြစ်နိုင်တော့မလဲ၊ ခန္ဓာ ၅-ပါးမှာ တဏှာအစေးပါတယ်၊ သုတ်လိမ်းထားတယ်၊ ဒီတော့
ခင်ဗျားတို့ ဒီ ခန္ဓာ ၅-ပါးမှာ ကပ်ငြိနေပြီ ငြိနေပြီပဲ၊ အခု ကပ်ငြိတာကသိပ်ကိစ္စမရှိသေးဘူး၊ သေခါနီးကျမှ ပို
ဆိုးမယ်၊ ငါတော့ဖြင့်မနေလို့သေရတော့မယ်၊ မသေချင်ဘဲနဲ့သေရတော့မယ်ဆိုတော့ သေခါနီးမှာ လက်ရှိ
ခန္ဓာ ၅-ပါးကို တစ်ခါတည်းမခွဲချင်အောင် ငြိကပ်နေတယ်၊ တဏှာနဲ့ငြိကပ်နေကြတယ်၊ ဥပါဒါန်နဲ့ ကပ်ငြိနေ
ကြတယ်၊ ဒီခန္ဓာ ၅-ပါး ဒုက္ခသစ္စာကြီးနဲ့ ခွဲရတော့မယ်ဆိုရင် မျက်ရည်ကြီးငယ် ကျကြတယ်၊ ဘုရားရန္တာတွေ
ကျတော့ ဒီခန္ဓာဝန်ကြီး ဒုက္ခသစ္စာကြီးကို စွန့်ရတော့မယ်ဆိုရင် ပြုံးကြတယ်၊ ခင်ဗျားတို့ကတော့ ငိုကြ..ရွဲ့ကြ
မဲ့ကြတယ်၊ ဪ...ခင်ဗျားတို့က တယ်...ဒုက္ခ သိပ်ကြိုက်ကြတာပဲ၊ ရီးတီးယားတား မဟုတ်ဘူးနော်၊ ဒါ သေ
ကြည်မှသိမယ်။
သေကြည်တော့မှ ဒီခန္ဓာ ၅-ပါးကို ဘယ်အထိခင်သတုံးဆိုရင် လုံးဝကို မခွဲပါရစေနဲ့ဆိုတာလာတာ၊ ဒါတဏှာ
အစေးနဲ့ ရုပ်နာမ်ဓမ္မနဲ့ ကပ်နေလို့လာတာ၊ ခင်ဗျားတို့ ဒါနဲ့ဒါ ကပ်ငြိပြီး မစွန့်ချင် မခွဲချင်ဘဲနဲ့ သေရတယ်ဆို
တော့ ငြိပြီးသေကြတာပဲ၊ ငြိပြီးသေရင် အောက် (ဒုဂ္ဂတိ) ပဲရှိတယ်၊ အထက် (သုဂတိ) မပါဘူး၊ မျောက်နှဲစေး
နဲ့ ကပ်ငြိနေတဲ့မျောက်ဟာ အောက်ပဲကျတယ်၊ အထက်ပြန်မတက်ဘူး၊ ခင်ဗျားတို့လဲ အပါယ် ၄-ပါးဆိုတဲ့
အောက်ပဲ ကျမှာပဲ၊ ဒီခန္ဓာ ၅-ပါးနဲ့ ငြိနေရင်အောက်ကျမှာပဲ၊ ငြိနေတာကိုး၊ ငြိတော့ ဘယ်ဟာမှ မရုန်းနိုင်
တော့ဘူး၊ ဒီတော့ ခန္ဓာ ၅-ပါး ရုပ်နာမ်ဓမ္မ တဏှာနဲ့ ကပ်ငြိနေတာကဖြုတ်လို့ဖြေလို့ကို မရဘူးနော်၊ မရတော့
အောက်လမ်းသွားဖို့ သေချာတာပဲ၊ ဒုက္ခသစ္စာမှန်းသိတဲ့ အရိယာပုဂ္ဂိုလ်တွေကတော့ ဪ...ဒုက္ခဝန်ကြီး
မထမ်းရတော့ဘူး၊ ကျွတ်လွတ်ပြီဆိုပြီးပြုံးကြတယ်၊ ခင်ဗျားတို့ကတော့ ဒါကြီးနဲ့ခွဲရတော့မယ်ဆို..မဲ့ကြတယ်
မဲ့ရင်းမတ်နဲ့ သေသွားတာပဲ၊ ဒါ သမုဒယသတ္တိနော်၊ ပုထုဇဉ်တွေ သေတာကိုသေသေချာချာကြည့်၊ ပြုံးသေ
သလား..မဲ့သေသလား၊ မဲ့ပြီးသေကြတယ်၊ ဒီ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာမှန်းသိပြီး ခွဲရတာ ဝမ်းသာတဲ့အ
ခြေအနေရောက်မှ ပြုံးတဲ့ဘက်ဖြစ်မယ်၊ နို့မို့ရင်မဲ့သေ ရွဲ့သေပဲဖြစ်မယ်၊ မျောက်ဟာ ခြေလက် ခေါင်း ၅-
ဘက်စလုံး ငြိပြီးသေတော့ အောက်ကမုဆိုး၏ စားဖတ် ဝါးဖတ်ဖြစ်ရတယ်၊ ဒီမှာလဲ ခင်ဗျားတို့ဟာ ခန္ဓာ ၅-
ပါးကို ဒုက္ခသစ္စမှန်း မသိတော့ ဒါကြီးနဲ့ တဏှာနဲ့ငြိတွယ်ရင်း မတ်တတ်နဲ့ သေတော့အောက်ကျရမှာပဲ၊
အောက်သွားရမှာပဲ၊ ကောင်းပြီ၊ အောက်သွား အထက်သွားဆိုတာဟာအဓိကလဲဆိုတော့ ဒုက္ခသစ္စာ သိမှုနဲ့
မသိမှုဟာ အဓိကပဲ၊ ခန္ဓာ ၅-ပါးခင်မှုနဲ့ မခင်မှုဟာ အဓိကပဲ၊ ဒုက္ခသစ္စာ မသိရင် ခန္ဓာ ၅-ပါးကို ခင်ရင်ဒါ
အောက်သွားပဲ၊ ဒုက္ခသစ္စာသိရင် ခန္ဓာ ၅-ပါးကိုမခင်ရင် ဒါအထက်သွားပဲ၊ ခင်ဗျားတို့ ခင်တာကတော့ ခန္ဓာ ၅
ပါးကိုမကဘူး၊ ကိုယ်ခန္ဓာ ၅-ပါးတင်မကဘူး၊ မယားရဲ့ ခန္ဓာ ၅-ပါး၊ သားရဲ့ ခန္ဓာ ၅-ပါး သမီးရဲ့ ခန္ဓာ ၅-ပါး
ဆွေမျိုးရဲ့ ခန္ဓာ ၅-ပါးဆိုတော့၊ အို..ရေကို မရေနိုင်အောင်များနေတယ်၊ ဒါတွေနဲ့ အကုန်ငြိနေတော့၊ ငြိချက်
ကမျောက်ထက် ဆိုးနေတယ်၊ မျောက်က ၅-ခုဆိုရင်ကုန်ပြီ၊ ခင်ဗျားတို့ ငြိချက်က မရေမတွက်နိုင်ဘူး၊ ဒါ
ခင်ဗျားတို့ရဲ့ အဖြစ်ဆိုးတွေ၊ ဒါကြောင့် ဘုရားကဟောတယ်၊ လူသေရင် အပါယ် ၄-ပါးဟာ မင်းတို့အမြဲနေတဲ့
အိမ်ကွ၊ လူ့ပြည် နတ်ပြည်ဆိုတာ ခဏအလည်လာတာတဲ့၊ မဟောသင့်ဘူးလား၊ ဟောသင့်တာပေါ့၊ ခင်ဗျား
တို့ ခန္ဓာ ၅-ပါးနဲ့ ခင်မင်မှုဟာ ငြိကပ်နေတော့၊ ငြိ..ငြိပြီးအောက်ချည်းကျတာပဲ၊ ခန္ဓာ ၅-ပါး၊ ခန္ဓာတွေများကြီး
ခင်မင်ရက်နဲ့ သေသွားတော့၊ အကုန်လုံးချည်ပြီး တုပ်ပြီးသားကျသွားတာပဲ၊ တဏှာ..အစေးတွေနဲ့ အကုန်
ကပ်ငြိပြီး ကျသွားတာကို၊ သေတဲ့ လူတွေကြည့်လိုက်တော့ ဒီအစေးနဲ့ ကပ်ငြိပြီး မျောက်ကျ ကျတာချည်း
များတယ် (ခွေးကျ ကျတယ်လို့လဲ ဆိုချင်ဆိုပေါ့) အထက်တစ်ယောက်မှ မသွားဘူး၊ အောက်ချည်းသွားနေ
ကြတာပဲ၊ အောက်ချည်း ကျမှာပေါ့..ငြိတာက မျောက်ထက်များနေ ဆိုးနေတာကို၊ ပိုဆိုးတော့ ခင်ဗျားတို့မှာ
အောက်ကို လုံးလျက်ကြီး ကျတာပေါ့၊ လက်ကလဲ လှမ်းမဆွဲနိုင်တော့၊ အောက်ကိုတောက်လျှောက် ကျသွား
တာပဲ၊ ဒါ တဏှာသမုဒယကတွန်းချတာ၊ တဏှာကဖမ်းပြီးချည်တုပ်ပြီး ချောက်ထဲတွန်းချတော့၊ ခင်ဗျားတို့
(အပါယ်) ချောက်ကြီးထဲ ထိုးကျတာပဲ၊ တဏှာသမုဒယဆိုးပုံ ပေါ်ပြီလား။ ဒါကြောင့် ဘုရားက"ဝိသတ္တိကာ"
လို့ ဟောတယ်၊ "ဝိသတ္တိကာ"ဆိုတာ ခန္ဓာ ၅-ပါး..ကာမဂုဏ်များ၌ကပ်ငြိနေတဲ့ တဏှာကိုဆိုတာ၊ တဏှာ
လောဘာ တွေ့တော့ငြိတာပဲ၊ ဒီအိမ်နေလို့ရှိရင်၊ ဒီအိမ်နဲ့ဒီခန္ဓာငြိတာပဲ၊ ငြိရာမှာလဲ နေရာမရွးဘူး၊ မရွးတော့
ဘယ်နေရာရောက်ရောက် သူကငြိတာပဲ၊ ငြိတော့ သူကထွက်ရပ်လမ်းကိုအခွင့်မပြုဘူး၊ ဘုရားရှေ့သွားပြီး
ရှိခိုးဆုတောင်းတာကြည့်၊ သူခန္ဓာကိုယ်၏ ကျန်းမာမှု၊ ချမ်းသာမှု၊ သူ့ခန္ဓာ၏ နောင်ကောင်းစားမှုတွေပဲ
တောင်းတာ၊ တောင်းတော့ ဒါတဏှာနဲ့ကပ်ငြိနေတာပဲ၊ တဏှာနဲ့ ကပ်ငြိနေတာကများတယ်၊ ဒုက္ခဝဋ်မှကျွတ်
လိုလို့ ဘုရားရှိခိုးတဲ့လူက ရှာမှရှားဗျ၊ ကိုယ်ခန္ဓာကို ဒုက္ခသစ္စာလို့ မသိဘဲနဲ့၊ မသိလို့ခင်တာနဲ့ ဘုရားဆီသွား
ပြီး ရှိခိုးတဲ့ပုဂ္ဂိုလ် များတယ်၊ ဒုက္ခသစ္စာသိပြီး ဒုက္ခဝဋ်မှ ကျွတ်လိုတဲ့သဘောနဲ့ ရှိခိုးတဲ့ ပုဂ္ဂိုလ်ဟာ ရှာမှရှား
မယ်၊ ဒုက္ခဝဋ်မှ မကျွတ်ချင်ဘဲ ဒုက္ခဝဋ်နဲ့ နောက်တဖန်မခွဲဖို့ ရှိခိုးတာက များတယ်၊ ဒီတော့ ခင်ဗျားတို့လုပ်ပုံ
တွေဟာ တဏှာဦးစီးနေတာပဲ၊ နေရာတိုင်းမှာ ဒီသမုဒယ..တဏှာပဲဝင်ရှုပ်နေတာ၊ သူဝင်ရှုပ်တာနဲ့ ခင်ဗျားတို့
မှာ ၃၁-ဘုံအတွင်း ဝဋ်ဆင်းရဲထဲမှာ လှည့်လည်သွားနေရပြီး၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ဦးမလှည့်ဘဲဖြစ်နေတာ။
ကဲ...သမုဒယသစ္စာ၏ အကောက်သွားပုံကို ဟောပြီး၊ မဂ္ဂသစ္စာ၏ အဖြောင့်သွားပုံကို ဟောတော့မယ်။ ။

Subscribe to:
Posts (Atom)