Tuesday, July 2
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပုဒ်စက်ဝိုင်းရှင်းတန်း
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  ပဋိစ္စသမုပ္ပဒ် စက်ဝိုင်းလည်ပုံလေးကို ပုံမှာဖေါ်ပြထားသလို တစ်သွယ်ခြင်း
ဆီ ရှင်းပါတယ်  တစ်သွယ်ခြင်းဆီ လို့  ဆိုထားတော့  သူက ရှစ်သွယ်ရှိတာပါ
                   ပထမဆုံးအနေနဲ့    လင်္ကာလေးကို တင်ပေးပါ့မယ်
မူလနှစ်ဖြာ။သစ္စာနှစ်ခု။ လေးခုအလွှာ။အင်္ဂါတစ်ဆယ်နှစ်ပါး။တရားကိုယ်များနှင့်။သုံးပါးအစပ်။
နှစ်ရပ်မူလ။ဝဋ်သုံးဝနှင့်။ကာလသုံးဖြာ။ခြင်းရာနှစ်ဆယ်။ဤရှစ်သွယ်ကို ။အလွယ်ကျက်မှတ်။
သိစေအပ်သည်။သံသရာမှလွတ်ကြောင်းတည်း။
   ဒါလေး က လင်္ကာ နံပါတ်(၂) ပါ  လင်္ကာနံပါတ်(၁)ကိုတော့မဖေါ်ပြတော့ပါဘူး  (၂) က ရွတ်ရတာ
ပိုပြီးအဆင်ချောလို့ ဖြစ်ပါတယ်။ဤရှစ်သွယ်လို့ ဆိုထားလို့   အဲ့ဒီရှစ်သွယ်ကို  နံပါတ်စဉ်နဲ့ရှင်းပေးချင်
ပါတယ်။ဘာတစ်ခုမှ အခြေခံတောင်မသိသေးတဲ့သူတွေအတွက် အသုံးဝင်စေချင်လို့ ပါ။
(၁)မူလနှစ်ဖြာ=အ၀ိဇ္ဇာ။တဏှာ
(၂)သစ္စာနှစ်ခု=သမုဒယသစ္စာ။ဒုက္ခသစ္စာ
(၃)လေးခုအလွှာ=အတိတ်အကြောင်းတစ်လွှာ။ပစ္စုပ္ပန်အကျိုးတစ်လွှာ။ပစ္စုပ္ပန် အကြောင်းတစ်လွှာ။
                        အနာဂတ် အကျိုးတစ်လွှာ။
(၄)အင်္ဂါတစ်ဆယ့်နှစ်ပါ.=အ၀ိဇ္ဇာ။သင်္ခါရ။ဝိညာဏ်။နာမ်ရုပ်။သဠာယတန။ဖဿ။ဝေဒနာ။
                                  တဏှာ။ဥပါဒါန်။ကမ္မဘ၀။ဇာတိ။ဇရာမရဏ။
(၅)သုံးပါးအစပ်=သင်္ခါရ နှင့်ဝိညာဏ် တစ်စပ်။ဝေဒနာ နှင့်တဏှာ တစ်စပ်။ ကမ္မဘ၀ နှင့်ဇာတိ တစ်စပ်။
(၆)၀ဋ်သုံးဝ=ကိလေသ ၀ဋ်။ကမ္မ၀ဋ်။ဝိပါက ၀ဋ်
(၇)ကာလ သုံးဖြာ=လွန်လေပြီးသောအတိတ်ကာလ။ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ။
                         နောင်ဖြစ်လတ္တံ အနာဂတ်ကာလ
(၈)ခြင်းရာ နှစ်ဆယ်=အတိတ်အကြောင်းခြင်းရာငါးပါး(၁-ကွက်)။ပစ္စုပ္ပန် အကျိုးခြင်းရာငါးပါ(၂-ကွက်)
                           ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်)။အနာဂတ် အကျိုးခြင်းရာငါးပါ(၄-ကွက်)
                       အဲ့ဒီရှစ်သွယ်ကို သိမှတ်ပွားများပြီးပယ်သတ်နိုင်ရင် နိဗ္ဗာန်ကိုရောက်မယ်လို့ ဒီလိုဆို
ထားတာဖြစ်ပါတယ်။
      ပထမဆုံးတစ်သွယ်ဖြစ်တဲ့  မူလနှစ်ဖြာ  မှာ အ၀ိဇ္ဇာနဲ့တဏှာကိုဖေါ်ပြထားတယ် 
 အဲ့ဒီ မူလနှစ်ဖြာ ကြောင့် ဘ၀ ဘ၀တွေ မရပ်မနားကျင်လည် ခဲ့ပါတယ်။ အ၀ိဇ္ဇာ ဆိုတာ မသိတာကို
ခေါ်ပါတယ် ဘာကိုမသိတာလည်းဆိုရင်သစ္စာကိုမသိတာပါ  ဘယ်လိုသစ္စာလည်းဆိုရင်
ဆင်းရဲတယ် ဆိုတဲ့ အမှန်တရားကိုမသိတာကိုပြောတာပါ။ဆင်းရဲတာကို ဆင်းရဲတယ်လို့ မသိပဲ
ချမ်းသာတယ်လို့ ထင်မြင်ပြီး ပင်ပင်ပန်းပန်းကြိုးစားနေကြတယ်။အဲ့လိုမသိလို့ အ၀ိဇ္ဇာလို့ ခေါ်တာဖြစ်တယ်
ဆင်းရဲမှန်းမသိတော့ လိုချင်ရချင်တယ်  လိုချင်ရချင်တာ တဏှာဖြစ်တယ် တဏှာကို တဏှာမှန်းလဲမသိ
တော့ အဲ့ဒီမသိတာက အ၀ိဇ္ဇာဖြစ်တယ်  အ၀ိဇ္ဇာ မသိခြင်းကြောင့် တဏှာဖြစ်တယ်  တဏှာကြောင့်
အ၀ိဇ္ဖာဖြစ်တယ်  ဒီနှစ်ခု ကြောင့် သံသရာမှာလည်တယ်။
    အ၀ိဇ္ဇာကြောင့်တဏှာဖြစ်တယ်  တဏှာကြောင့်အ၀ိဇ္ဇာဖြစ်တယ်   ဒါက မူလ နှစ်ဖြာပါ
သံသရာက ဘယ်ကစတယ် ဆိုတာကို မြတ်စွာဘုရားတောင်မဟောနိုင်ပါဘူး  ဒီမူလ နှစ်ဖြာ
ကြောင့် သံသရာလည်ရတယ်လို့ ပဲပြောနိုင်ခဲ့ပါတယ် ။
    ပဋိစ္စသမုပ္ပဒ်(၂) ကတော့   ဒုက္ခ သစ္စာ နဲ့သမုဒယ သစ္စာပဲဖြစ်ပါတယ်အစိမ်းရောင်လေးနဲ့
ဒုက္ခ သစ္စာ ဆိုတာ ဆင်းရဲခြင်းအမှန်တရားကိုဆိုတာပါ
သမုဒယ သစ္စာ ဆိုတာ  ဆင်းရဲဖြစ်စေကြောင်း အမှန်တရားကိုဆိုတာပါ
 သတ္တ၀ါတွေဟာ  ဆင်းရဲတာကိုဆင်းရဲမှန်းမသိလို့ချမ်းသာတယ်လို့ ပဲမြင်လို့
လိုချင်ရချင်ပါတယ် လိုချင်ရချင်တဲ့ တဏှာစိတ်ကြောင့်   ဆုတွေတောင်းကြပါတယ်
ဆုတွေတောင်းတာက သမုဒယ သစ္စာပါ သမုဒယ သစ္စာကို  ကိုယ်က လုပ်တော့
ဒုက္ခသစ္စာရပါတယ်။
 ဥပမာအနေ နဲ့ပြောရရင်  လူ့ပြည့်ထက် နတ်ပြည့်က  ပိုပြီးချမ်းသာတယ်လို့ တွေးပြီး
နတ်ပြည့်ရောက်ကြောင်းကိုကြိုးစားတယ် နတ်ပြည်ကိုခင်တွယ်တယ် ပိုကောင်းတယ်ဆိုပြီး
ခင်တွယ်တာ  ဒါက သမုဒယ သစ္စာကို တည်ဆောက်တာ
      အဲ့ဒီသမုဒယသစ္စာကို တည်ဆောက်ပြီးကြိုးစားလိုက်တာ   နတ်ပြည်တကယ်ရောက်သွားတယ်
နတ်ပြည်ရောက်တာကိုချမ်းသာတယ်လို့ ဒီလိုတွေးတာ တကယ်ချမ်းသာသလား ဆိုတော့
သေချာစဉ်းစားကြည့်                ကိုယ်ဖြစ်ချင်တာဖြစ်လို့ချမ်းသာတယ်လို့ ယူဆထားတဲ့
နတ်ပြည့်ချမ်းသာကို ပျော်ပါးနေရတော့ချမ်းသာတယ်လို့ ထင်တာပေါ့
အဲ့လိုပျော်ပါးနေတုံး   ဘယ်သူသေချင်မလဲ   သေတယ် ဆိုတဲ့အလုပ်ကို ဘယ်သူမှမလုပ်ချင်ဘူး
မလုပ်ချင်တာကို လုပ်ရတာ မဖြစ်ချင်တာကိုဖြစ်ရတာ ဆင်းရဲတယ်   နတ်ပြည်ကလဲ နတ်သက်ကြွေ
တာပဲ ဆိုတော့  ချမ်းချမ်းသာသာလေး  စည်းစိမ်ခံစားနေရတာကို ဘယ်သူမှမစွန့်လွတ်ချင်ဘူး
မစွန့်လွတ်ချင်ပေမယ့်  အချိန်တန်ရင်နတ်သက်ကြွေရတယ် မသေချင်ပဲသေရတယ်  ကဲ
ဒါဟာ ဆင်းရဲခြင်းပဲ   ဆင်းရဲတာကိုမသိပဲ နတ်ပြည်ချမ်းသာတယ်လို့ တွေးပြီးနတ်ဖြစ်တာ
နတ်ပြည်လည်းဆင်းရဲတာပဲ ဆင်းရဲကလွတ်တာမဟုတ်ဘူး လူပြည်လောက လို ပင်ပင်ပန်ပန်းတော့
မနေရမစားရဘူး ဒါပေမယ့် သူလည်းသေတာပဲ ဆိုတော့ ဆင်းရဲတာပဲဖြစ်တယ်
 ဆင်းရဲမှန်းမသိပဲချမ်းသာတယ်လို့ ထင်နေတာ  အဲ့ဒါ အ၀ိဇ္ဖာပါ  ဆင်းရဲမှန်းမသိတာ  အ၀ိဇ္ဇာ
ဆင်းရဲမှန်း မသိတော့ ချမ်းသာတယ်လို့ ပဲထင်ပြီးလိုချင်ရချင်တယ်  တဏှာ ၀င်တာပါ
လိုချင်ရချင်တဲ့စိတ်ပဲဖုံးလွှမ်းနေတော့  ဆင်းရဲတယ်ဆိုတာကိုမမြင်မသိတော့ဘူး အ၀ိဇ္ဇာ ပါ
အ၀ိဇ္ဇာကြောင့်တဏှာဖြစ်တယ်   တဏှာကြောင့် အ၀ိဇ္ဖာ ဖြစ်တယ်။
  ဒုက္ခ သစ္စာကိုဒုက္ခသစ္စာမှန်းမသိဘူး  မသိတော့  သမုဒယ သစ္စာနဲ့တောင့်တတယ်
တောင့်တ တဲ့အတိုင်းဖြစ်လာတော့ကော ချမ်းသာသလား  မချမ်းသာဘူး  ဆင်းရဲတယ်
ဒီလိုနဲ့ ဆင်းရဲမှန်းမသိဖြစ်ပြီးဆင်းရဲတာတွေတောင့်တ  ဆင်းရဲတယ်ဆိုပြီးချမ်းသာမယ်ထင်တာ
တွေတောင့်တ  ချမ်းသာတယ်ထင်တဲ့ဟာတွေကလည်းဆင်းရဲ လည်နေတာကိုလည်းမသိ
မသိပဲလိုချင် လိုချင်တာတွေရပြီးဆင်းရဲ  ဆင်းရဲတာကနေ  လွတ်ကိုမလွတ်တော့တာပါ။
    ဆင်းရဲတာကိုမသိတော့ ဆင်းရဲတာကိုချမ်းသာတယ်ထင်ပြီးခင်တွယ်  သမုဒယ သစ္စာ အလုပ်တွေ
လုပ်ကြတယ်    တောင့်တတာတွေရလာတယ်သမုဒယ သစ္စာပြည့်တယ် ချမ်းသားလားဆိုတော့လည်းမချမ်းသာဘူး  ဆင်းရဲတယ်  ဒုက္ခသစ္စာကြီးပဲရတယ်
သမုဒယသစ္စာ နဲ့  ဒုက္ခသစ္စာ ဆိုတာ ခန္ဓာ ရနေသမျှ ကာလပတ်လုံး  လည်နေမှာပဲဖြစ်တယ်
နိဗ္ဗာကိုမျက်မှောက်မပြုနိုင်သမျှ ကာလပတ်လုံး  ဖြစ်နေအုံးမှာပါ။
ပဋိစ္စသမုပ္ပဒ်(၃)     ကတော့     အလွှာတွေပါ
အတိတ် အကြောင်း တစ်လွှာ၊ပစ္စုပ္ပန် အကျိုးတစ်လွှာ၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ
အနာဂတ် အကျိုးတစ်လွှာ    ဆိုပြီး လေးလွှာရှိပါတယ်။
အတိတ် က အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးဖြစ်ရတယ်
ပစ္စုပ္ပန်မှာ ပြု ခဲ့တဲ့အကြောင်းကြောင့် အနာဂတ်မှာ အကျိုးဖြစ်ရအုံးမယ်  ဒါလေးတွေက  အလွှာ အဖြစ်နဲ့
ဖုံးအုပ်နေတာဖြစ်တယ်  အဲ့ဒီလိုအကျိုးသက်ရောက်မှူရှိတယ်ဆိုတာကိုသိခြင်းဖြင့် ဘ၀ကိုနားလည်လာမယ်
 ဘ၀တွေရနေတယ် ဖြစ်ပျက်ရတာခြင်း ကွဲပြားနေတယ် လက်ရှိပိုင်ဆိုင်ရတဲ့      ကုသိုလ်ခြင်းကွာခြားနေ
တယ် ဆိုတာတွေဟာ အတိတ် က အကြောင်းတွေကြောင့်ပါပဲ အတိတ် က ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်
တွေ ရဲ့အကျိုး ကို ခု ပစ္စုပ္ပန်မှာ အကျိုးခံစားနေရတာ ဖြစ်ပါတယ်  နောက်ထပ်ပြီးတော့
ပစ္စုပ္ပန်မှာပြုတဲ့ ကုသိုလ် အကုသိုလ်ရဲ့ အကြောင်းကြောင့် အနာဂတ်မှာ အကျိုး ပြန်ဖြစ်ရအုံးမှာ ဖြစ်ပါတယ်
အဲ့ လိုတွေဖြစ်တယ် ဆိုတာ မသိအောင် လို့  ဖုံးလွှမ်းထားတဲ့အတွက်  အလွှာလို့ ပြောတာပါ
ဒီအလွှာလေးတွေကိုများ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ နိဗ္ဗာန် ရွှေပြည်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်
အတိတ်အကြောင်းလွှာကြောင့် ပစ္စုပ္ပန်မှာ အကျိုးဖြစ်နေတာလေးကိုသိပြီး အနာဂတ် အကျိုးတစ်လွှာ
အတွက် ပစ္စုပ္ပန် အကြောင်းတစ်လွှာကို ခွါချ နိုင်ရင်  အကောင်းဆုံးဖြစ်ပါလိမ့်မယ်
အလွှာလေးများ ခွါချနိုင်ကြပါစေ။
ပဋိစ္စသမုပ္ပဒ်(၄)      ကတော့  အင်္ဂါ တစ်ဆယ့်နှစ်ပါး ပါ
အင်္ဂါ တစ်ဆယ့် နှစ်ပါး မှာ အ၀ိဇ္ဇာ နဲ့ သင်္ခါရ က (၁) ကွက်မှာ ရှိပါတယ် အနီရောင် နဲ့ဝိုင်းပြထားပါတယ်
တဏှာ၊ဥပါဒါန်၊ကမ္မဘ၀ ဆိုတဲ့ အင်္ဂါတွေကတော့(၃)ကွက်မှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်
ဇာတိ ဇရာ မရဏ ကတော့ (၄)ကွက်မှာရှိပါတယ်။
        တရားစခန်းမှာတော့  ဒီအင်္ဂါတစ်ဆယ့်နှစ်ပါးကို တရားကိုယ်များနှင့်ဆိုပြီး ရွတ်ဆိုကြရပါတယ်
{အ၀ိဇ္ဇာ ဆိုတာ မသိတာကိုခေါ်ပါတယ် ၊သင်္ခါရ ဆိုတာ ပြုလုပ်တာကိုခေါ်ပါတယ်၊
ဝိညာဏ် ဆိုတာ -အသိစိတ်ကိုခေါ်ပါတယ်၊နာမ်ရုပ် ဆိုတာ သွားချင်တာနာမ်  သွားတာက ရုပ်၊
စားချင်တာ နာမ်  စားတာက ရုပ်၊ အိပ်ချင်တာနာမ်  အိပ်တာက ရုပ်၊ လို့ ခေါ်ပါတယ်၊
သဠာယတန ဆိုတာ အာယာတန(၆)ပါးကိုခေါ်ပါတယ်၊(အာယတန(၆)ပါးဆိုတာ-မျက်စိ၊နား၊
နှာခေါင်း၊လျှာ၊ ကိုယ်၊စိတ်) ဖဿ ဆိုတာ ထိတွေ့ တာကိုခေါ်ပါတယ်။
ဥပါဒါန် ဆိုတာ စွဲလမ်းတာကိုခေါ်ပါတယ်၊ကမ္မဘ၀ ဆိုတာ ပြုလုပ်အားထုတ်တာကိုခေါ်ပါတယ်၊
ဇာတိ ဆိုတာ ပဋိသန္ဓေနေတာကိုခေါ်ပါတယ်၊ ဇရာဆိုတာ အိုတာကိုခေါ်ပါတယ်၊
မရဏ ဆိုတာ သေတာကိုခေါ်ပါတယ်၊ သောက ဆိုတာ စိုးရိမ်တာကိုခေါ်ပါတယ်၊
ပရိဒေ၀ ဆိုတာ ငိုကျွေးတာကိုခေါ်ပါတယ်၊ ဒုက္ခ ဆိုတာ ကိုယ်ဆင်းရဲတာကိုခေါ်ပါတယ်၊
ဒေါမနဿ ဆိုတာ  စိတ်ဆင်းရဲတာကိုခေါ်ပါတယ်၊ဥပါယာသ ဆိုတာ ပြင်းစွာပူလောင်တာကိုခေါ်ပါတယ်။)
 အဲံဒီလို ရွတ်ဆိုကြရပါတယ်  ဒါ က ဘာကို ဆိုလိုတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိထားဖို့ အတွက်ပါပဲ
   အ၀ိဇ္ဇာ နဲ့ပတ်သက်ပြီး ပဋိစ္စသမုပ္ပဒ်(၁)မှာ ရှင်းပေးခဲ့ပြီးဖြစ်ပါတယ်။
                          အ၀ိဇ္ဖာ ဆို တဲ့ အတိုင်း မသိလို့ သင်္ခါရ  ပြုလုပ်ကြတယ်  အဲ့လိုလုပ်တော့ ဘာတွေ
ဖြစ်လာတာလဲဆိုရင် ၀ိညာဏ်၊ နာမ်ရုပ် ၊သဠာယတန၊ဖဿ၊ဝေဒနာ   ဆိုတဲ့ (၂) ကွက် က လူတစ်ယောက်ဖြစ်လာတယ် အဲ့ဒီ လူမှာ တဏှာ ဆိုတဲ့ လိုချင်ရချင်တဲ့ စိတ်နဲ့
ဥပါဒါန်  စွဲလမ်း ပြီး  ကမ္မ ဘ၀  ပြုလုပ်အားထုတ်တယ်   ပြုလုပ်အားထုတ် တဲ့အတွက်ကြောင့်
 နောက်ထပ်ဘ၀  တစ်ခု မှာ ဇာတိ လို့ ခေါ်တဲ့ ပဋိသန္ဓေ နေရတယ်  ဘ၀ ကိုရလာပြီဆိုရင်
မအိုချင်လည်း အိုရတယ် မနာချင်လည်းနာရတယ် ဇရာ ကို ရတယ်  ဇရာ ကနေ  မရဏ ဖြစ်ပါတယ်
ဇရာ နဲ့ မရဏ ကိုတွဲပြီး ဖေါ်ပြထားတာဖြစ်လို့  တချို့ ဇရာကိုမရခင် ပဋိသန္ဓေ မှာတင် သေရတာတွေ
လည်းရှိသေးတယ် ပဋိသန္ဓေ ဘ၀ လေးမှာ သက်တမ်းလေးနည်းနည်းပဲ ရင့်ခွင့်ရလိုက်တယ်
လောက ကို အသက်ရှင်လျှက် ရောက်ခွင့်တောင်မရလိုက်ကြဘူး  အဲ့လိုမျိုးလေးတွေပါ
ဇရာလို့ မဆိုသာသေးခင်မှာကို မရဏ လက်တွင်းကိုသက်ဆင်းကြရပါတယ်
   အဓိက တရားခံ က အ၀ိဇ္ဇာ နဲ့ တဏှာ ပါပဲ သူက မူလက စ လာတာ အလယ်မှာလည်းသူပဲ
အဆုံးမှာလည်း သူပဲဖြစ်ပါတယ်။
  အဲ့ဒီမှာ  ဖေါ်ပြထားတဲ့  သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ  ဆိုတာတွေက
ဒီအဆင့်မှာအားလုံးဖြစ်တာပါပဲ သူ့ အဓိပ္ပါယ်တွေကိုတော့ မီး(၁၁) မီးမှာဖေါ်ပြထားခဲ့ပြီးဖြစ်ပါတယ်
    ဒီအင်္ဂါ တစ်ဆယ့်နှစ်ပါးကို သိပြီး သတိလေးနဲ့ ဆင်ခြင်မယ် ဆိုရင်တော့ သံသရာက လွတ်မြောက်
အောင် ကြိုးစားအားထုတ်သင့်တာကို သိနိုင်ကြပါလိမ့်မယ်
                        သံသရာကနေ လွတ်မြောက်နိုင်ကြပါစေ။
       ပဋိစ္စသမုပ္ပဒ်(၅) ကတော့  သုံးပါးအစပ်  ဖြစ်ပါတယ်
 စက်ဝိုင်းမှာဖေါ်ပြထားတဲ့  ၁  နဲ့ ၂  နဲ့ကို စပ်ထားတဲ့ မြှားအနီးလေး ပြထားတာရှိပါတယ်
အဲ့ဒီ မြှားအနီလေး က  ၁ နဲ့  ၂  နဲ့  စပ်တာ  ၂  နဲ့ ၃  နဲ့ စပ်တာ   ၃  နဲ့  ၄  နဲ့စပ်တာကိုပြထားတာ
ဖြစ်ပါတယ်
           သင်္ခါရ နှင့်ဝိညာဏ် တစ်စပ်။ဝေဒနာ နှင့်တဏှာ တစ်စပ်။ ကမ္မဘ၀ နှင့်ဇာတိ တစ်စပ်။
                  ဒီအစပ်တွေကို မဆက်အောင် မစပ်အောင်  လုပ်နိုင်ဖို့ လိုတာဖြစ်ပါတယ်
အတိတ် က အကြောင်းကြောင့် ပစ္စုပ္ပန်မှာ  အကျိုးဖြစ်ပါတယ်   ပစ္စုပ္ပန်  အကြောင်းကြောင့်
အနာဂတ်မှာ အကျိုး ဖြစ်ပါတယ် ။      
                                     ဒါကြောင့် ယခုပစ္စုပ္ပန်မှာ   အကြောင်းတွေကို ချုပ်နိုင်ခဲ့မယ် ဆိုရင်
အနာဂတ်မှာ အကျိုးတွေဖြစ်လာတော့မှာမဟုတ်ပါဘူး  ၁  ကနေ  ၂  ကို စပ်တယ်  အဲ့ဒီ အစပ်ကို
မဖြတ်တောက်နိုင်ခဲ့လို့   ၂  နေရာမှာ  ဒုက္ခတွေနဲ့နေနေရတာဖြစ်ပါတယ်  ၂  ကနေ  ၃  ကို မဆက် စပ်
ရအောင် ကြိုးစားလို့ ရနိုင်ပါတယ်  ၃  ကနေ  ၄  ကိုမဆက်စပ်အောင် လုပ်လို့ ရနိုင်ပါတယ်
ကြိုးစားဖို့  တော့လိုတာပေါ့လေ  ဖြစ်သမျှ ပျက်နေတာကိုသာ သိရင် နောက်ထပ် စပ်စရာ မလို တော့ဘူး
လို့  ဆိုတာပါ။
   ဝေဒနာ ဆိုတာ  ခံစားမှူသဘောလေးကိုဆိုလိုတာဖြစ်ပါတယ်   အဲ့ဒီ ဝေဒနာဖြစ်လာတဲ့အခါ
ကောင်းတဲ့ဝေဒနာ ဆိုရင်  လူတွေက ထပ်ပြီးခံစားချင်တဲ့လောဘ ဖြစ်တယ်
မကောင်းတဲ့ ဝေဒနာ ဆိုရင် မကျေမနပ်  နဲ့  ဒေါသ ဖြစ်တယ်   ဝေဒနာ ကနေ  တဏှာ ဖြစ်လာတာပါ
ကောင်းရင်ထပ်ရချင်တယ်  မကောင်းရင်လည်း ကောင်းလာမလားဆိုတဲ့အတွေးနဲ့ ကောင်းတာလေး
ဖြစ်လာဖို့  မျှော်လင့်ချက် နဲ့(အဲ့ဒီမျှော်လင့်ချက်ဆိုတာ လိုချင်ရချင်တာ =ဒါကြောင့် တဏှာဖြစ်တယ်)
ဝေဒနာ ကနေ တဏှာ ဖြစ်တာပါပဲ  ကောင်းတဲ့ ဝေဒနာဖြစ်ဖြစ်  မကောင်းတဲ့ ဝေဒနာ ဖြစ်ဖြစ်  ဝေဒနာပေါ်
မှာ  တဏှာ ဖြစ်ကြတယ်လို့ ပြောတာပါ  ဝေဒနာ ကိုဝေဒနာ မှန်းသိပြီး  ဝေဒနာလေးပါလားလို့ 
ရပ်တန့် ဖို့  အင်မတန်မှ ခက်ကြပါတယ်။
    အဲ့လိုခက်လို့ လဲနောက် တစ် စပ်ကို ရောက်သွားကြတာပါပဲ  ရပ်တန့်နိုင်ဖို့  အတော်ကို ကြိုးစားရအုံးမှာပါ
                 တခုတော့ရှိပါတယ်   ဆရာသမားတွေပြောတဲ့စကား ပါ   မလုပ်တတ်ရင်သာခက်တာ
လုပ်တတ်ရင်လွယ်တယ်တဲ့  လုပ်တတ်ဖို့ဆိုတာက လည်း နည်းလမ်းအမှန်ကိုသိမှ  အချိန်ပေးနိုင်မှ
ဖြစ်မယ် ဆိုတာပါပဲ
                                 အစပ်တွေကိုဖြတ်တောက်နိုင်ကြပါစေ။
    ပဋိစ္စသမုပ္ပဒ်(၆)ကတော့   ၀ဋ်သုံးဝ ဖြစ်ပါတယ်
(ကိလေသ ၀ဋ် ဆိုတာ အ၀ိဇ္ဇာ၊တဏှာ၊ဥပါဒါန်။ ကမ္မ ၀ဋ် ဆိုတာ သင်္ခါရနှင့် ကမ္မ ဘဝ
ဝိပါက ၀ဋ် ဆိုတာ  ၀ိညာဏ် ၊ နာမ်ရုပ်၊ သဠာယတန၊ဖဿ၊ဝေဒနာ၊ဇာတိ၊ဥပ ပတ္တိဘ၀၊ ဇရာ မရဏ)
             ကိလေသ ၀ဋ် ဆိုတာ  စိတ် မှာဖြစ်ပေါ်တဲ့အညစ်အကြေး ဆန္ဒကို ဆိုလိုတာပါ
ကမ္မ ၀ဋ် ကတော့ ပြုလုပ်အားထုတ်တာဖြစ်ပြီး
ဝိပါက ၀ဋ် ကတော့  ကိုယ်ဖြစ်ချင်တာဖြစ်နေရတာပါ ခံစားနေရတာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်
ဥပမာ အနေ နဲ့ ရှင်းအောင် ပြောရရင်
 တီဗွီ  ကြည့်ချင်လာတယ် ဆိုပါစို့ 
                တီဗွီ ကြည့်ချင် တဲ့စိတ် ဟာ ကိလေသာ စိတ်ပါပဲ။  ကိလေသ ၀ဋ် ခံစားရတာပါ။
စိတ်မှာ အညစ်အကြေးဖြစ်ပေါ်လာတာပါ  ။
                          ကြည့်ချင်လို့   မီးဖွင့်တယ် ။ တီဗွီ ခလုတ်တွေကို ဖွင့်မယ်။  ဒါက  ကမ္မ ၀ဋ်ပါ။
ပြုလုပ်အားထုတ်တာ ဖြစ်ပါတယ်။
                     တီဗွီ ထိုင်ကြည့်နေပြီဆိုရင်တော့  ၀ိပါက ၀ဋ်ကို ခံစားနေရတာဖြစ်ပါတယ်။
ဒီလိုဝဋ်ကြွေးတွေကိုခံစားနေရတာ ကို  ၀ဋ်ခံနေရမှန်းမသိပဲ  စည်းစိမ်ခံစားနေတယ်လို့  ထင်ယောင်
ထင်မှားနဲ့  ဘ၀ ကိုပျော်နေကြတာပါ  တကယ်တော့  အဲ့ဒါ ၀ိပါက ၀ဋ်ကို ခံစားတာပါ။
ခပ်ပျော်ပျော်ပြောရရင်တော့ ချစ်သူရှိချင်တယ် ချစ်သူ ရအောင် အားထုတ်တယ်  ချစ်သူ ရှိလာတယ်
ရှိချင်တဲ့စိတ်ကြောင့်လဲ ပင်ပန်းတယ်  ရှိအောင်အားထုတ်ရတာလဲ ပင်ပန်းတယ်  ရှိလာတော့လဲ
ပင်ပန်းတယ်  ဘာတွေပင်ပန်း လဲ ဆိုတာတော့ မပြောတော့ပါဘူး  ချစ်သူရှိကြတဲ့သူတိုင်း  ပင်ပန်းတာကို
ခံစားဖူးကြမှာပါ  ပင်ပန်း တာကို ပင်ပန်းမှန်းမသိရင်တော့ တော်တော် ကို ကိလေသာ  ထူတဲ့ သူပဲဖြစ်ပါတယ်။
   ဘယ်အရာမှမမြဲတာကိုသိသိကြီးနဲ့ လိုချင်ရချင်ပြီး ပင်ပန်းဆင်းရဲနေကြတာကို ဆင်းရဲမှန်းမသိကြလို့ 
သံသရာမှာ ပင်ပန်းပြီးရင်း ပင်ပန်းရင်း ဖြစ်နေကြတာပါ  ကိုယ့်ကို ကိုယ် သနားတတ်ရင်  သနား လွန်းလို့ 
ဆိုပြီး လဲတောင်သေလို့ ရတယ်နော်  တကယ်စေ့စေ့တွေးရင် ပေါ့။
   ဖြစ်ချင်တဲ့စိတ်နဲ့ ကိလေသာ တွေ မွေး  ဖြစ်အောင်အားထုတ်  ပြီးတော့
ဝဋ်ကြွေးကို ပယ်ပယ်နယ်နယ် ခံစားရတာ   အဲ့ဒါ ၀ဋ်သုံးပါး ပါပဲ ရှင်...
ဝိပါက် ဆိုတာ  နောက်မှ ဖြစ်တာမဟုတ်ပါဘူး  ခု ကိုလတ်လတ်ဆတ်ဆတ် ကြီးခံစားနေရတာပါ။
ဒီဝဋ်သုံးပါးက နေ လွတ်အောင်ဆိုရင်တော့  ကိလေသာတွေကိုသတ်ပြီး သံသရာက လွတ်အောင် ကြိုးစား
မှ နိဗ္ဗာန် စံဝင်မှပဲ ၀ဋ်ကြွေးတွေက အပြီးသတ်မှာဖြစ်ပါတယ်။
 အားလုံးဝဋ်ကြွေးလေးတွေ ကျေ ကြပါစေတော့။
  ပဋိစ္စသမုပ္ပဒ်(၇)ကတော့   ကာလ သုံးဖြာ   ဖြစ်ပါတယ်။
  လွန်လေပြီးသော အတိတ် ကာလ(၁-ကွက်)။ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ(၂-ကွက်နှင့်  ၃- ကွက်)
နောင် ဖြစ်လတ္တံ အနာဂတ် ကာလ(၄-ကွက်)
             ဒီကာလလေး သုံးဖြာ ကို ပိုင်းခြားထင်ထင် သိမြင်ခြင်းအားဖြင့်  သတိ သံဝေဂ ရပြီး
သစ္စာတရားကို လေ့လာအားထုတ်ဖို့  တွန်းအားပေး မှာဖြစ်ပါတယ်။
ကာလ သုံးဖြာမှာ  လွန်လေပြီးသော အတိတ်ကာလ(၁- ကွက်) က  ပြုခဲ့တဲ့ အကြောင်းတွေကြောင့်
လက်ရှိ ပစ္စုပ္ပန်ကာလ (၂-ကွက်) ကို ရရှိတာဖြစ်ပါတယ်။  ၂- ကွက်ထဲက  နေ  ၃-ကွက်ကို ရောက်စေ
တဲ့ အကြောင်းလေး က  ဝေဒနာ က စတာဖြစ်ပါတယ်။ ဝေဒနာကိုဝေဒနာ လို့ မသိလို့  နှစ်သက်တဲ့
ဝေဒနာ လာရင် ပိုပြီးလိုချင်ရချင်တဲ့ လောဘ စိတ် ကိုဖြစ်စေမယ်။ မနှစ်သက်တဲ့ ဝေဒနာ လာရင်
မကျေနပ် တဲ့ ဒေါသ စိတ်ကို ဖြစ်စေမယ်။
  ဝေဒနာ က နေ တဏှာကို ဆက်သွားစေတာပါ။နှစ်သက်တဲ့ဝေဒနာ ကနေ လိုချင်တဲ့ တဏှာကို
ဖြစ်စေသလို  မနှစ်သက် တဲ့  ဝေဒနာ ကနေ လဲ လိုချင်တဲ့ တဏှာကိုဖြစ်စေပါတယ်။မကျေနပ်တဲ့
စိတ်ကလေးက ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုပြီး သာယာဖွယ် ဝေဒနာကိုခံစားခွင့်ရဖို့  မျှော်လင့်တဲ့
တောင့်တ တဲ့ လောဘ စိတ်ကလေး ဖြစ်လာတာပါ။ကျေနပ်သည်ဖြစ်စေ  မကျေနပ်သည်ဖြစ်စေ
တဏှာကို ဖြစ်စေပါတယ်။
           ရှင်းအောင်ပြောရရင်   ဆင်းရဲတဲ့သူလည်း ဆင်းရဲရာကနေ  ချမ်းသာလာမလားဆိုတဲ့
မျှော်လင့်ချက်  လောဘ စိတ်ကလေး ရှိတယ် ။ချမ်းသာတဲ့သူကလည်း  ဒီထက်ဒီ ချမ်းသာဖို့ 
ပိုလိုချင်တယ်။တဏှာ စိတ်တွေပဲ ၀င်ဝင်လာမှာဖြစ်ပါတယ်။
    ဒါကြောင့် ဝေဒနာ ဖြစ်လာရင် ဝေဒနာပါလားလို့  မသိရင် တဏှာစိတ်ဝင်လာတယ်။
တဏှာစိတ်ဝင်လာတာဟာ   ၂- ကွက်ကနေ  ၃- ကွက်ကို ရောက်လာတာပါပဲ။
တဏှာကို တဏှာမှန်းမသိတော့ စွဲလမ်းလာမယ်။စွဲလမ်း လာတော့ မရ ရအောင်လုပ်တယ်။
  ကိုင်း ..မရ   ရအောင် လုပ်တော့  ဘ၀ အသစ် တစ်ခုထပ်ဖြစ်ပြန်တယ်။
ဒီတော့  ၄  ကွက်ကို ရောက်တော့တာပါပဲ။.....တခုခုကို ဖြတ်တောက်ပစ်မှသာ
သံသရာစက်ဝိုင်းက  ရပ်တန့် မှာဖြစ်ပါတယ်။
  ကာလ သုံးဖြာ ကနေ သတိ သံဝေဂ ရယူနိုင်ကြပါစေ။
 ပဋိစ္စသမုပ္ပဒ်(၈) ကတော့ နောက်ဆုံး အသွယ် ပါ။
ခြင်းရာနှစ်ဆယ် ဖြစ်ပါတယ်။
အတိတ် အကြောင်းခြင်းရာ ငါးပါး(၁-အကွက်) ပစ္စုပ္ပန် အကျိုး ခြင်းရာငါးပါး(၂-အကွက်)
ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်) အနာဂတ် အကျိုးခြင်းရာငါးပါး(၄-အကွက်)
အတိတ်ကြောင်းခြင်းရာ ငါးပါး ဆိုတာ  အ၀ိဇ္ဇာ၊သင်္ခါရ၊ တဏှာ၊ဥပါဒါန်၊ဘဝ
ပစ္စုပ္ပန် အကျိုးခြင်းရာ ငါးပါး ဆိုတာ   ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ
ပစ္စုပ္ပန် အကြောင်းခြင်းရာ ငါးပါး ဆိုတာ  တဏှာ၊ ဥပါဒါန်၊ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ
အနာဂတ် အကျိုးခြင်းရာ ငါးပါး ဆိုတာ  ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ
 အတိတ် ကြောင်းခြင်းရာကနေ စပြီးကြည့်လိုက်ရင်  သစ္စာ မသိ ကြလို့  ပြုလုပ်ကြတယ်
ဘာနဲ့ လုပ်သလဲ လိုချင်တပ်မက်မှူတဏှာ နဲ့လုပ်တယ် စွဲစွဲလမ်းလမ်း လုပ်တယ်
အဲ့လို လုပ်လို့  အကျိုးခံစားရတယ်  လက်ရှိ ပစ္စုပ္ပန် အကျိုးပါ။
လက်ရှိ ပစ္စုပ္ပန် မှာ အကျိုးခံစား ရတာ က  ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုရလာတယ်။
လက်ရှိဘ၀မှာ  လိုချင်တပ်မက်တဲ့ တဏှာ စိတ် နဲ့   စွဲစွဲလမ်းလမ်း လုပ်မယ် ဆိုရင်
သစ္စာ မသိ တဲ့ စိတ် နဲ့  ပြုလုပ်ကြမယ် ဆိုရင် အနာဂတ် မှာ အကျိုးဖြစ်လာ မယ်
ဘယ်လို အကျိုးတွေ ဖြစ်လာမလဲ---- ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုပြန်ရပါမယ်။
 ဒါတွေ ပဲပြန်ရမယ် ဆိုတာ ကိုမသိလို့  ပြုလုပ်ကြ အားထုတ် ကြတာကို ဘုရားရှင် ကိုယ်တော်မြတ်
နဲ့ ရဟန္တာ များက သိအောင်မြင်အောင် ဟောပြ  ညွှန်ပြထားတာ  ကိုလေ့ လာသိထားပြီး
နားလည်ဖို့ အရေးကြီးလှပါတယ်။
ဒုက္ခတွေ ပဲ အဖန်တလဲလဲ ရနေပါလားဆိုတာ သိမှ သံသရာက နေ ထွက်ဖို့ စိတ်ကူးမိမယ်
ထွက်တဲ့လမ်းကိုရှာကြမယ်  ဒါ ဆိုရင်တော့ ပဋိစ္စသမုပ္ပဒ်ကို ဘာလို့ သင်ယူ ရသလဲ ဆိုတာလေးကို
နားလည် ကြပါလိမ့်မယ်။
ပဋိစ္စသမုပ္ပဒ် ကို သိထား နားလည်ထားရင်  တရားအခြေခံ ရှိထားပြီးဖြစ်လို့  အဘိဓမ္မာ တရား
တွေ ကို နာကြားပြီး ၀ိပဿနာ အားထုတ် ဖို့  အဆင်သင့်ဖြစ်ကြပါပြီ။
သံဝေဂ မရှိရင် သုတ္တာန် တရားတွေ နာကြားပြီးမှ ၀ိပဿနာ အားထုတ် ဖို့  အဆင်ပြေမှာ
ဖြစ်ပါတယ်။ သံဝေဂ ဆိုတာ  ခန္ဓာ ရဲ့ လည်ပတ် မှူ ဒုက္ခ ကို သိဖို့ ဖြစ်ပါတယ်။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း။ 
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့။
Friday, June 28
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဓိပတိသုံးပါးထား၍ အားထုတ်ပါ
         တရားဆိုတာ ဆုတောင်းနဲ့မရဘူး၊ ဝီရိယအားစိုက်မှရတယ်လို့ မှတ်ထားကြပါ၊ မာန်ကလေးလည်း
တက်ပေးရတယ်၊ ဒီမာန်သည်ကားဆိုလို့ရှိရင်ဖြင့် မာနတော့မာနပဲ၊ မာနပင်ဖြစ်သော်ငြားလည်း နိဗ္ဗာန်
ကျေးဇူးပြုတဲ့ မာနလို့ မှတ်ရမယ်။
        (၁)   တရားအားထုတ်သော ပုဂ္ဂိုလ်များမှာ ဖြစ်ပျက်ကိုရှုတဲ့ ပုဂ္ဂိုလ်မှားမှာ မိမိကိုယ်ကို
                အကြီးအကဲထား၍ အားထုတ်ရမယ်။
        (၂)   နံပါတ်က သူတပါးကို အကြီးအကဲထား၍ တရားအားထုတ်ရမယ်။
        (၃)   နံပါတ်က မြတ်စွာဘုရားတရားတော်ကို အကြီးအကဲထား၍ တရားအားထုတ်ရမယ်
                အကြီးအကဲဆိုတာ အဓိပတိထားရမယ်။      (အင်္ဂုတ္ထိုရ်ဠိတော်)။
(၁) နံပါတ်ကိုပြောပါမယ်၊ ဪ ဝတ်စရာ၊ စားစရာ၊ နေစရာ၊ ထိုင်စရာ၊ ဟို..ဘဝ ဒီဘဝလိုချင်လို့ တရားအား
ထုတ်တာ မဟုတ်ဘူး၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ဘေးသုံးဘေးကို မတွေ့ချင်၊ မကြုံချင်လို့တရား အားထုတ်
တာ၊ မိမိကိုယ်ကို မြှောက်ပင့်ပြီးသကာလထားရမယ်၊ မိမိကိုယ်ကို အဓိပတိထားပြီး အားထုတ်တဲ့အတွက်
ဝီရိယပြင်းထန်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာုဏ်ပေါ်နိုင်တယ်။
        (၂) နံပါတ်က တရားအားထုတ်နေတုံး၊ လို့ချင်တဲ့စိတ် ဗျာပါဒဆိုတဲ့ကြောင့်ကြမှုတွေ ဝင်လာတယ်ဆို
ပါတော့၊ မင်းသည် အရှက်အကြောက်မရှိဘူး၊ မင်းမှာကြည့်စမ်း ကာမဝိတက်ဆိုတဲ့ လောဘဝင်လာတယ်၊
ဗျာပါဒဆိုတဲ့ ဒေါသအနုစားဝင်လာတယ်၊ ဝိဟံသဝိတက်ဆိုတဲ့ ဒေါသအကြမ်းစားဝင်လာတယ်၊ မင်းတရား
အားထုတ်နေတာ၊ ကြည့်စမ်း၊ မင်းဝင်လာတဲ့ ဝိတက်တွေက၊ သူတော်ကောင်းအလုပ်ဟုတ်ပါရဲ့လားလို့
ကိုယ့်ကိုယ်ကိုမေးပါ။
        အဲဒီတော့ မင်းက ထိုင်ပုံကတော့၊ သူတော်ကောင်းအလုပ်၊ သူများကကြည့်လိုက်ပြန်လဲ သူတော်
ကောင်းလုပ်၊ မင်းဝမ်းထဲရှိတာတွေကတော့ လောဘရယ်၊ ဒေါသအနုစားရယ်၊ အကြမ်းစားရယ်၊ ဝင်လာ
တယ်၊ မင်းနှယ်ကွာ အရှက်အကြောက်မရှိလိုက်တာ၊ မင်းက မသိဘူးထင်နေတယ်၊ မင်းကိုယ်စောင့်နတ်
ကသိတယ်၊ မင်းတရား အားထုတ်တာမဟုတ်ဘူးဆိုတာ၊ မင်းကိုယ်စောင့်နတ်က သိတယ်၊ သူတပါးစိတ်ကို
သိတဲ့ နတ်တွေကသိတယ်လို့၊ သူ့ကိုမြည်တွန်ပေးရမယ်၊ ဒါတင်မကသေးပါဘူး၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ
က မင်းတရားအားထုတ်တယ်ဆိုပေမဲ့၊ မင်းသဏ္ဍာန်မှာ ဝိတက်တွေဗရပွေနဲ့ အကုသိုလ်ကြေးတွေကပ်နေ
တယ်ဆိုတာ မင်းကိုမြင်ကြပါတယ်၊ မင်းဟာတယ်ဖျင်းပါလားဆိုပြီး ဖြစ် ပျက်ရှုပစ်ပါ၊ သူတပါးကိုရှက်တာ၊
သံသရာကိုကြောက်တာနဲ့ပဲ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်သွားသတဲ့ဗျာ။
        (၃) နံပါတ်က မြတ်စွာဘုရားတရားတော်ကို အဓိပတိထားပြီး ကြိုးစားရမယ်၊ သွာက္ခာတော ဘဂဝ
တာဓမ္မောဆိုတော့၊ မြတ်စွာဘုရားဟောတော်မူတာက ကောင်းစွာဟောတော်မူတဲ့တရား၊ သန္ဒိဋ္ဌိကောဆို
တာ ကိုယ်တိုင်မြင်တဲ့တရား၊ အကာလိကောဆိုတာက အခုမဂ်ရရင်၊ အခုဖိုလ်ရတယ်လို့ပြောတာ၊ အခု
ဝိပဿနာ မဂ်ဝင်လာရင်၊ အခုပဋိစ္စသမုပ္ပါဒ်ပြတ်တယ်လို့ပြောတာ။ ကောင်းစွားဟောတဲ့ တရားဟာလည်း
မင်းသည် တရားအားထုတ်ရင်းတောင်စိတ်မြောက်စိတ်တွေ ဝင်လာလို့ရှိရင် မင်းအတွက်မှာတော့ အချည်း
နှီးဖြစ်နေတာပဲ၊ ကိုယ်တိုင်မြင်ရမယ်လို့ ဟောတာလဲ မင်းမမြင်ဘူးဆိုတော့ မင်းကျမှပဲ ဘုရားဟောတော်
မူတဲ့ တရားသည်ကား အချည်းနှီးဖြစ်နေတော့ ဘုရားသည် နှစ်ခွန်းသော စကားကိုမသုံး၊ တစ်ခွန်းတည်းနဲ့
အမှန်သုံးတဲ့ ကိုယ်တော်၊ တရားတောင် မင်းကျတော့ အချည်းနှီးဖြစ်ရတယ်ဆိုတော့၊ မင်းအပြစ်ဟာ တယ်
ကြီးပါလား၊ တရားကို အဓိပတိထားရမယ်။
        တရားက ဒီလိုရှိပါလျှက်သားနဲ့ မင်းမှာ မရဘူးဆိုတဲ့ ဥစ္စာ၊ မင်း..ဖျင်းလို့၊ မင်း..ပျင်းလို့၊ မင်း..နေရာမကျ
လို့ ဖြစ်တာ၊ စွဲချက်တင်ရမယ်နော်၊ ဧဟိပဿိကော တရားက ခဏခဏခေါ်နေတယ်၊ သူ့ရှုပါ၊ သူ့ရှုပါလို့
အဲဒီတော့ တရားက အမှန်ခေါ်တတ်တဲ့တရား၊ မင်းမမြင်ဘူး၊ မင်းဖြင့်ခေါ်ဖော်မရဘူးဆိုတော့ မင်းအပြစ်ပဲ၊
ဆုံးဖြတ်ချက်ချလိုက် တရားတော်ကို အဓိပတိထားပြီး၊ မင်းဝီရိယ ညံ့လို့ပဲဆိုပြီး ဝီရိယတိုးချဲ့ကြိုးစားလိုက်
ပါ၊ ဒီလိုဆိုရင် တစ်မဂ် တစ်ဖိုလ်ဆိုက်ရမယ်လို့ အင်္ဂုတ္ထိုရ်ပါဋ္ဌိတော်မှာ ဟောတယ်။
        ပဋိစ္စသမုပ္ပါဒ်စကြစို့ တရားနာနေတဲ့ ခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာ၊ ကိုယ့်ဟာကိုယ် ပြန်ကြည့်တဲ့ ဉာဏ်
ကမဂ္ဂသစ္စာ၊ အို၊ နာ၊ သေဟာ ဘယ်ကလာသတုံး၊ ဇာတိကလာတယ်၊ ဒါဖြင့် ဇာတိက သမုဒယသစ္စာ၊
ဇရာမရဏက ဒုက္ခသစ္စာ၊ ခုနက နှစ်ပါးနဲ့ပေါင်းတော့ တစ်ပါးတိုးလာတယ်၊ သစ္စာပေါင်းသုံးပါးသိရတယ်၊
ဇာတိကြောင့် (ဇရာမရဏဖြစ်ရပါတယ်)၊ ဒါဖြင့် "ကြောင့်" ပါတာက သမုဒယသစ္စာ၊ "ဖြစ်" ရတာက (ဒုက္ခ
သစ္စာပါ)၊ ဇာတိနဲ့ ဇရာမရဏချုပ်လို့ ရှိရင်တို့ ဒုက္ခခပ်သိမ်းမှာပဲလို့ ဉာဏ်ထဲ မဝင်းစားဘူးလား၊ ချုပ်ရာသည်
ချမ်းသာတဲ့နေရာပဲလို့ မှတ်နိုင်တယ်၊ ချမ်းသာတဲ့နေရာက နိရောဓသစ္စာ၊ ချမ်းသာတဲ့နေရာရောက်မှ အေးမှာ
ပဲလို့သိတာက မဂ္ဂသစ္စာ၊ သစ္စာလေးပါးရပြီ။
        ဘယ်သူ့ကြောင့် ဘုရားဖြစ်သတုံး၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ်၊ ဘုရားဖြစ်ကြောင်းက
ဘယ်သူ့ကြောင့်ဖြစ်တာတုံး၊ ဇရာမရဏကြောင့်ဖြစ်တယ်၊ ဘုရားအဖြစ်ကို ကြိုးစားခြင်း၏အကြောင်း ဘယ်
သူပါလိမ့်၊ ဇရာမရဏဖြစ်တယ်၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဘုရားဖြစ်တာသည် နောက်မှပါ၊
ဇာတိက သမုဒယသစ္စာ၊ ဇရာမရဏက ဒုက္ခသစ္စာ ဒီသစ္စာနှစ်ပါးမချုပ်သရွေ့ ဆင်းရဲနဲ့ခွဲရလိမ့်မယ် မထင်
နဲ့။ ဇာတိသည်၊ ကမ္မဘဝကြောင့်ဖြစ်တယ်၊ ကမ္မဘဝဆိုတာ ကာယကံ၊ ဝစီကံ၊ မနောကံ ကံတွေကြောင့်
ဒုက္ခရောက်နေတာကိုး၊ ကမ္မဘဝက ဥပါဒါန်ကလာတယ်၊ ဥပါဒါန်ကြောင့် ကံဖြစ်တာကိုး၊ ဇရာမဏကလည်း
ဒုက္ခသစ္စာ၊ ဇာတိကလည်း ကမ္မဘဝနဲ့ ထောက်လိုက်တော့ ဒုက္ခသစ္စာ၊ ကံကလည်း ဥပါဒါန်နဲ့ ထောက်လိုက်
တော့ ဒုက္ခသစ္စာ၊ တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်၊ တဏှာက ဝေဒနာကလာတယ်၊ တဏှာသည်ပင်လျှင်
ဖြစ်ပျက်ဖြစ်လေသောကြောင့် ဒုက္ခသစ္စာပဲ၊ ဝေဒနာက ဘယ်ကလာ၊ ဖဿကလာတယ်၊ ဖဿကဘယ်က
လာ...သဠာယတနကလာတယ်၊ သဠာယတနက ဘယ်ကလာလိမ့်မတုံး၊ နာမ်ရုပ်ကလာတယ်၊ နာမ်ရုပ်က
ဘယ်ကလာ၊ ဝိဉာဏ်ကလာတယ်၊ ဝိဉာဏ်ကဘယ်ကလာ သင်္ခါရကလာတယ်၊ သင်္ခါရက ဘယ်ကလာ
အဝိဇ္ဇာကလာတယ်၊ အဝိဇ္ဇာက သမုဒယသစ္စာ။
        တရားနာနေတုံး ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိသတုံး၊ ငါးမျိုးရှိတယ်၊ ဝိပဿနာအလုပ်လုပ်၊ မလုပ်ရင်
ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူးလို့ ဟောရမယ်။ အနာဂတ်အကြောင်း သုံးခုရှေ့နားမှာ မဂ်ဝင်မှ၊ မဂ္ဂသစ္စာ ဒီနေရာ
ထားလိုက်လို့ရှိရင် ဒီဘက်ကဟာတွေ အကုန်ချုပ်တယ်လို့ မသိဘူးလား၊ သိတယ်၊ အဲဒါက နိရောဓသစ္စာသိ
တာ၊ ဆရာဘုန်းကြီးကလဲပြောတယ်၊ ဝေဒနာနဲ့ တဏှာကြားမှာ သောတပန်တည်အောင်လုပ်လို့ဆိုတော့
မဂ်သွင်းလိုက်လို့ ပြောတာပေါ့၊ နိရောဓသစ္စာ နိဗ္ဗာန်ဆိုတာ ယခုအားထုတ် ယခုနိဗ္ဗာန်ရနိုင်တယ်၊ မဂ္ဂင်
ငါးပါးနဲ့ ပြည့်စုံတဲ့ယခုခဏ နိရောဓနိဗ္ဗာန်ရပါတယ်၊ ရှစ်ပါးပြည့်အောင် အားထုတ်ရင် သေသေချာချာ
သောတာပတ္တိမဂ်မြင်တဲ့ နိဗ္ဗာန်ရတာပေါ့။
        နိဗ္ဗာန်ရှာချင်ရင် ခန္ဓာကိုယ်မှာရှာရမယ်၊ အနာဂတ်ခန္ဓာကိုယ်မှာ သွားရှာနေရင်အပိုပဲ၊ အတိတ်ခန္ဓာ
ကိုယ်ရှိရဲ့လား...မရှိပါဘူး၊ ပစ္စုပ္ပန်ခန္ဓာထဲမှာ နိဗ္ဗာန်ရှာပါ၊ နိဗ္ဗာန်ကို မင်းတို့တခြားရပ်၊ တစ်ခြားတိုင်းပြည်
တွေမှာ ရှိလိမ့်မယ်လို့မရှာပါနဲ့၊ ဘယ်မှာရှာမတုံး..(တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာရှာရပါမယ်)၊
ပုတီးလည်ပင်းစွပ်ပြီး မေ့နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့တွေ့မှာတုံး၊ တစ်လံမျှလောက်သော ခန္ဓာထဲမှာ
ပဋိစ္စသမုပ္ပါဒ်ဘယ်နှစ်မျိုးရှိသတုံး (ရှစ်မျိုးရှိပါတယ်ဘုရား)၊ ရောဟိတသ နတ်သားလျှောက်လို့ ဘုရားက
ဖြေတာ၊ ဝေဒနာနဲ့ တဏှာကြားက ရှတော့ကို နိဗ္ဗာန်ကို အထူးရှာမနေနဲ့၊ သူရှေ့နားက ငါးခုကိုတစ်ခုခု
ဖြစ်ပျက်သာ ရှုလိုက်၊ နိဗ္ဗာန် အလိုလိုပေါ်တယ်၊ ရှင်ပြီးလား (ရှင်ပါပြီးဘုရား) ။            ။
                               ဤကောင်းမှုကုသိုလ်ကံ
             စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
             ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                          အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                    တည်ရှိပါစေသတည်း ။
                                                                                                        အရှင်ဉာဏဓဇ
                                                                                      မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                   ပင်မသံဝေဇနိယဌာန
                                                                                                           အမရပူရမြို့ ။          ။
Wednesday, June 19
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမ္မာဒိဋ္ဌိ ငါးမျိုး (၁)
                                 (၂၈-၂-၆ဝ) "သမ္မာဒိဋ္ဌိ ငါးမျိုး (၁) အနှစ်ချုပ်တရားတော်"
          လူမိုက်က မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ဘူး၊ လူလိမ္မာက မဂ္ဂဗြဟ္မစရိယအကျင့်ကိုကျင့်တယ်၊
မဂ္ဂဗြဟ္မစရိယအကျင့်ဆိုပေမယ့်လဲ သမ္မာဒိဋ္ဌိအလုပ်ပဲ သမ္မာဒိဋ္ဌိငါးမျိုးရှိတယ်၊ (၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ၊
(၂) ဈာနသမ္မာဒိဋ္ဌိ၊ (၃) ဝိပဿနာ သမ္မာဒိဋ္ဌိ၊ (၄) မဂ္ဂသမ္မာဒိဋ္ဌိ၊ (၅) ဖလသမ္မာဒိဋ္ဌိ ငါးမျိုးရှိတယ်။
(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ-လှူဒါန်းပြီး၊ သုဂတိ၊ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိရတာ၊ သာသနာတွင်း သာသ
နာပလဲရှိတာပဲ။
(၂) ဈာနသမ္မာဒိဋ္ဌိ- သမထလမ်းကနေပြီး ရှုပ၊ အရှုပဗြဟ္မာ ပြည်ကိုရောက်စေတဲ့ သမ္မာဒိဋ္ဌိ၊ ဒုက္ခသစ္စာပြန်ရ
ခြင်းကြောင့် အဖိုးတန်းကြီးတန်တယ်လို့ မယူလိုက်ပါနဲ့။
ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မဒိဋ္ဌိ သုံးမျိုးသာလျင် သာသနာတွင်းမှသာ ပေါ်နိုင်တယ်လို့ မှတ်
ထားပါ၊ ဝိပဿနာ သမ္မာဒိဋ္ဌိက သက္ကာယဒိဋ္ဌိပြုတ်အောင်၊ ပျက်အောင်လုပ်နိုင်ပါတယ်၊ သက္ကာယဒိဋ္ဌိပြုတ်
အောင် ပျက်အောင်လုပ်နိုင်တဲ့အတွက်၊ အပါယ်ကို မကျဘူးဟေ့၊ နိဗ္ဗာန်ကိုသာ သွားမယ်ဆိုတာ၊ ရဲဝံ့စွာတာ
ဝန်ခံတယ်၊ ဝိပဿနာ သမ္မာဒိဋ္ဌိက၊ ပဋိစ္စသမုပ္ပါဒ်ပေါ်လာတဲ့ ဓမ္မတွေကို အနိစ္စ ဒုက္ခ အနတ္တအစရှိသည်နှင့်
ငါ...ငါလို့ ထင်မှတ်နေတဲ့ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတို့ကို သေချအောင်လုပ်နိုင်သော သမ္မာဒိဋ္ဌိ၊
မဂ္ဂသမ္မာဒိဋ္ဌိက သူများရှင်းပြီးတဲ့ ဥစ္စာကိုသူဝင်ထိုင်တာ ဝိပဿနာသမ္မာဒိဋ္ဌိက ရှင်းလင်းပြီး၊ သူက ဆိုက်
ဆိုက်မြိုက်မြိုက် နိဗ္ဗာန်မြင်ပြီးဝင်လာတဲ့တရားပါ။ ဒါကြောင့် (၃) နံပါတ်ဟာ အရေးကြီးဆုံးအချက်လို့ ဒကာ၊
ဒကာမတို့မှတ်ပါ၊ (၃) နံပါတ်က ဝိပဿနာရှုတဲ့ အလုပ်၊ ခင်ဗျားတို့ သန္တာန်မှာပေါ်နေတဲ့ ဝေဒနာဖြစ်စေ၊ စိတ်
ဖြစ်စေ ပေါ်ချင်တာပေါ်ပါစေ၊ စားချင်တဲ့စိတ်ကလေးပေါ်ချင်ပေါ်ပါစေ၊ အိမ်ချင်တဲ့စိတ်၊ ငိုက်ချင်တဲ့စိတ်၊
ပျံ့လွင့်တဲ့စိတ် ပေါ်ချင်လည်းပေါ်ပါစေ၊ ပေါ်တာ နောက်ကနေပြီးသကာလ ဒီဓမ္မလေးဟာဖြစ်ပြီးပျက်တဲ့
ဓမ္မလေးပါလားလို့ ရှုဖြစ်အောင် ရှုပေးပါ။  ဘယ်စိတ်ရယ်လို့ ဆိုစရာမရှိဘူး၊ ဒကာ ဒကာမတို့ ပေါ်ရာကိုသာ
လျှင်ဖမ်းရှုပါ၊ ခန္ဓာဆိုတာသည်ကား ဖြစ်ပြီးပျက်မလို့ ပေါ်လာတဲ့ တရားမှတပါး တခြားဘာတရားမှ မဟုတ်
ပါဘူး၊ ဖြစ်ပျက်ရှုတာ၊ သက္ကာယဒိဋ္ဌိဖြုတ်နေတာပါ၊ အနိစ္စမြင်အောင် ရှုတယ်ဆိုတာမမှားပါဘူး၊ အပါယ်သွား
သေတတ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်ပါတယ်၊ ဒါကြောင့်ဘုန်းကြီးက၊ ဒကာ ဒကာမတွေ ဖြစ်ပျက်မြင်ပြီး သေသွား
စမ်းပါလို့ ပြေလိုက်ပါတယ်။
        ဖြစ်ပျက် အဆုံးမရောက်ချင်နေပါစေ၊ ခန္ဓာကိုယ်မှာ၊ ဥပေစ္ဆေဒက ဥပဃာတကကံတွေက ဝင်လာပြီး
ဖြတ်လိုက်လို့နော်၊ အပါယ်တော့ စိတ်ချရတယ်၊ ဘာဖြစ်လို့တုံးဆိုတော့ သက္ကယဒိဋ္ဌိပြုတ်နေလို့၊ မဂ်မရ
လည်း ဝိပဿနာမဂ်နဲ့ သေသွားစမ်းပါ အပါယ်လေးပါးတော့ မရောက်ပါဘူး၊ အပါယ်လေးပါးသည် ကျုပ်တို့
အမြဲနေရာ၊ အိမ်ဂေဟာကြီးပဲလို့ ဓမ္မပဒအဋ္ဌကထာဆရာက ဆိုပါတယ်၊ ဒါကြောင့် ခင်ဗျားတို့ သက္ကာယဒိဋ္ဌိ
မပြုတ်သေးဘဲနဲ့အေးအေးနေချိန်ဖြင့် လုံးဝမရှိလို့ ဆုံးဖြတ်ချက်ချပါ၊ သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ
ကျောက်ခဲလေးရေထဲချလိုက်သလို ဘယ်တော့မှ ပေါ်လိမ့်မယ်လို့ ငါဘုရား မဟောဘူးကွ။ ဖြစ်ပျက်ရှုမှ
ပြုတ်မှာ၊ ဖြစ်ပျက်မရှုလို့ရှိရင် မပြုတ်ပါဘူး၊ ရုပ်နာမ်ခွဲရုံလေးလောက်နဲ့တော့ သညာပြုတ်သိလို့ခေါ်တယ်၊
ဝိပဿနာပညာနဲ့ကို ဖြုတ်တာ၊ ငါဆိုတဲ့ ဒိဋ္ဌိမပြုတ်ရင်၊ ငါ့ဥစ္စာဖြစ်ဖို့ဆိုတဲ့ ရှာမှုဟာ လျော့တော့မှာမဟုတ်
ဘူး၊ ဈေးချိုထဲမှာ ထိုင်ပြီးရောင်းကြ၊ ဝယ်ကြတာတွေ သွားပြီးကြည့်တော့ ပုတီးစိပ်နေ၊ ပုတီးစိတ်နေတာက
သူဈေးခေါ်နေတာ ကုသိုလ်ဖြစ်တယ်လို့ထင်နေတာ၊ တဏှာနဲ့စိတ်တဲ့ ပုတီးပတ်တွေ ဘယ်အကျိုးလဲ၊
ငါဖို့ဖြစ်အောင်လုပ်နေတာ။
        ဒါန၊ သီလ၊ နိဗ္ဗာန်မရောက်ဘူးလို့ ဘုန်းကြီးမဟောပါဘူး၊ သက္ကာယဒိဋ္ဌိပါရင်မရောက်ဘူး၊ သက္ကာယ
ပြုတ်တော့ ဉာဏ်ဦးစီးပြီကော၊ အဖြစ်နှင့် အပျက်သာရှိတယ်၊ ပုဂ္ဂိုလ်သတ္တဝါမရှိဘူးဆိုတာ ဘာတုံး၊ သမ္မာဒိ
ဋ္ဌိ ရောက်နေပါတယ်၊ (၃) နံပါတ် ဝိပဿနာမဂ်ကို ဘယ်အခြေအနေရောက်အောင် လုပ်ရမှာတုံးလို့၊ မေးလို့
ရှိရင် ဖြစ်ပျက်မြင်အောင် ရှုပေး၊ ဒါဝိပဿနာအဆုံးပဲ။(၄) မဂ္ဂသမ္မာဒိဋ္ဌိဆိုတဲ့ဥစ္စာ မဂ္ဂင်ရှစ်ပါးကိုဆိုတယ်၊
မဂ္ဂင်ရှစ်ပါးက ခေါင်းဆောင်သမ္မာဒိဋ္ဌိဆိုတာမှတ် ဖြစ် ပျက်မြင်တယ်၊ မြင်ခြင်းကြောင့် သက္ကာယဒိဋ္ဌိပြုတ်
တယ်၊ ဒီမှာဝိပဿနာသမ္မာဒိဋ္ဌိ စွမ်းရည်ကုန်တယ်၊ မဂ္ဂသမ္မာဒိဋ္ဌိသည် ဖြစ်ပျက်ကို မမြင်ဘူး၊ နိဗ္ဗာန်ကိုသာ
မြင်တဲ့တရား၊ ဒုက္ခချုပ်တာကိုသာ မြင်တဲ့တရား၊ ဖြစ်ပျက်အဆုံးမြင်တဲ့ ဉာဏ်သည် မဂ္ဂသမ္မာဒိဋ္ဌိပါ၊ ဒါဖြင့်
ဒို့ဟာ မဂ်ရဖို့ဟာဆုတောင်းဘို မလိုပါဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိဖြိုင်ဖြိုင်လုပ်ဖို့ပဲ၊ မဂ္ဂသမ္မာဒိဋ္ဌိကတော့ဖြစ်
တာလည်း မမြင်ဘူး၊ ပျက်တာလည်းမမြင်ဘူး၊ ဝဋ်ပြတ်တာပဲမြင်နေတယ်၊ ဝိပါကဝဋ်ကြီးခဏခဏလည်နေ
တာ မဂ္ဂသမ္မာဒိဋ္ဌိပေါ်တော့မယ်ဆိုတော့ ရှာမတွေ့တော့ဘူး၊ မဂ္ဂသမ္မာဒိဋ္ဌိပေါ်လာတယ်ဆိုကတည်းက
ဖြစ်ပျက်မတွေ့ရဘူး၊ နိဗ္ဗာန်ဆိုတာ ဝင်းဝင်းကြီး ပေါ်လာလိမ့်မယ်၊ ဒီလို မအောက်မေ့နဲ့။
        "ဖြစ် ပျက် ချုပ်ငြိမ်းတဲ့ သဘောလေးဟာ နိဗ္ဗာန်ပဲ" နိဗ္ဗာန်ဟာ ဝိပဿနာရှုမှ နိဗ္ဗာန်ပေါ်လာတယ်၊
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးထဲမှာတော့ မရှိဘူး၊ ပေါ်လောက်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်မှ
ရမယ်၊ ပါရမီတွေဘာတွေလိုမနေနဲ့၊ ဘုရားရှေ့သွားပြီး ရေလှူ မီးလှူနဲ့ နိဗ္ဗာန်ပေးတော်မူပါနဲ့တော့ ဝေးပါ
သေးရဲ့၊ ဖြစ် ပျက်ရှုရင်းနဲ့ ဖြစ်ပျက်မြင်နေသေးတာပဲ၊ မြင်ရာကနေ တော်ကြာလို့ရှိရင် ရှုဉာဏ်လေးဟာ
မမြင်တဲ့ဘက်ကို ကူးသွားတယ်၊ ပထမ ဖြစ်ပျက်လှည့်နေတယ်၊ ရှုရင်း ရှုရင်းနဲ့ ဖြစ်ပျက်မရှိတဲ့ဘက်ကို
လှည့်သွားတယ်၊ ဖြစ်ပျက်မရှိတဲ့ဘက် ကူးပြောင်းသွားတာ၊ နိဗ္ဗာန်ပဲ၊ မျက်မှောက်ပြုတယ်ဆိုတာ အဲဒါပဲ။
ဝိပဿနာဉာဏ်သာလျှင် ရင့်သန်ဘို့သိပ်အရေးကြီးတယ်၊ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်ဖြေတာဖြင့် ဖြစ်
ပျက်ရှုရင်းမတ္တနှင့် ဖြစ်ပျက်မရှိတဲ့ဘက်ကူးသွားတယ်၊ အဲ....အဲဒါ နိဗ္ဗာန်ဘက်ကူးတာပဲလို့ ပြောလိုက်ပါ
တယ်.....ရှင်းပြီနော်။
                                        ဤကောင်းမှုကုသိုလ်ကံ
                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                       ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                   အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                           တည်ရှိပါစေသတည်း။              ။
                                                                                                      အရှင်ဉာဏဓဇ
                                                                                     မိုးကုတ်ဝိပဿနာ မဂ်လာမဂ္ဂင်ရိပ်သာ
                                                                                                   ပင်မသံဝေဇနိယဌာန
                                                                                                        အမရပူရမြို့။           ။
Wednesday, June 12
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကုက္ကုစ္စအပြစ် ကြောက်စရာကောင်းပုံ
                                 "ကုက္ကုစ္စအဖြစ် ကြောက်စရာကောင်းပုံ အနှစ်ချုပ် တရားတော်"
သာသနာတစ်ခွင်လုံးမှာ ဘုရားအဆူဆူနဲ့လွဲ တရားပွဲ အမျိုးမျိုးတွေနဲ့မကြုံတာ အယ်သူပိတ်ပင်ထားတယ်
ဆိုတာ ပေါ်ကြရောပေါ့...ဘယ်သူပါလိမ့် (နိဝရဏငါးပါးဘုရား)၊ နိဝရဏငါးလို့ မှတ်ထားလို့ရှိရင် ကာမစ္ဆန္ဒနိ
ဝရဏဆိုတာ လောဘနော်၊ လောဘနောက်လိုက်နေလို့ရှိရင်လဲ ဘုရားပွင့်လဲသူနဲ့မဆိုင်ဘူး၊ တရားတွေ
သစ္စာတရားတွေ ဟောနေပြန်ရင်လည်း (သူနဲ့မဆိုင်ပါဘူးဘုရား)၊ ဗျာပါဒနိဝရဏဆိုတာ မိမိတို့ ဘယ်မှာ
ဘုရားပွင့်လဲမသွားဖြစ်၊ ဒကာ ဒကာမတွေက မှတ်ရမယ်၊ ဒေါသကလည်း အတားသမား၊ နိဝရဏတရားလို့
မှတ်လိုက်ကြစမ်းပါ၊ ထိန၊ မိဒ္ဓဆိုတာက စားပြီးသောက်ပြီးတယ်ဆို ငိုက်တယ်..မျဉ်းတယ်ဆိုပြန်တော့ ဘုရား
တွေ ဘယ်လိုပွင့်ပြီးသကာလနေစေကာမှု သူမသွားဖြစ်ဘူး။ ကုက္ကုစ္စနိဝရဏကို အဇာတသတ်ကို ဘယ်လို
ဟောပါသတုံးဆိုလို့ရှိရင်ဖြင့်"ဥဒ္ဓစ္စ ကုက္ကုစ္စ ဒါသိယာ"ကျွန်သဘောက်သွင်းတဲ့တရား၊ လွတ်လပ်ရေးလဲ မ
ပေးပါဘူး၊ ကိုယ့်ဟာကိုယ် ချွန်နိုင်တဲ့အလုပ်မျိုးကော (မပေးပါဘူးဘုရား) အဲဒါ ဥဒ္ဓစ္စလို့ မှတ်ထားလိုက်စမ်းပါ
ဒါဖြင့် ယနေ့ ကုက္ကုစ္စပဲ ရှင်းပြပါမယ်၊ ကုက္ကုစ္စဆိုတာ စက်ဆုပ်ရွံရှာဖွယ်အလုပ်ကို လုပ်တတ်သောကြောင့်
ကုက္ကုစ္စလို့မှတ်ပါ၊ ပြုပြီးသားဒုစရိုက်တွေကိုတွေးပြီး သောကဖြစ်နေတယ်၊ မပြုရသေးတဲ့ ကောင်းတဲ့တရား
တွေလဲ မပြုရသေးလို့ သောကဖြစ်နေတယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စသာရှိနေလို့ရှိရင် ကျွန်အလုပ်သာ လုပ်ဖြစ်တော
တယ်၊ ကိုယ်အရေးဘာမှမလုပ်ဖြစ်တော့ဘူးကွ၊ အဇာတသတ်ရ၊ ဘုရားကမေးနေတယ်၊ မဆိုဘူးလား (ဆို
ပါတယ်ဘုရား)။
          အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေထဲမှာ ပဉ္စာနန္တရိယကံ လွတ်ခဲ့လို့ရှိရင်ဖြင့် ဘာမှပူစရာမရှိ
ဘူး၊ အခုဆရာသမားနဲ့ ဘုရားဟောထားတဲ့အလုပ်ကိုသာလုပ်၊ အဲဒါတွေ အကုန်ပျောက် ပျက်သွားတာပဲ၊
ကိုယ်ပြုထားတဲ့ အကုသိုလ်တွေ (ဘယ်လိုမှ မအောင်းမေ့ရပါဘုရား) မပြုရသေးတဲ့ကုသိုလ်တွေကိုလည်း
မပြုရသေးလို့ဆိုပြီး၊ ကုသိုလ်ရတယ်ထင်ပြီးများ ဒကာကြွယ်တို့က မအောက်မေ့လိုက်ပါနဲ့၊ လုပ်ချင်ရင်တော့
ထလုပ်၊ နို့မို့လို့ရှိရင် လုပ်ဖြစ်တာလဲ မဟုတ်ဘဲနဲ့ သောကဖြစ်နေမယ်၊ "သောကောတိဒေါသော"ဆိုတဲ့အ
တိုင်း ဒေါသအနုစားဖြစ်နေတာ၊ ခင်ဗျားတို့က ကုသိုလ်ရတယ်ထင်နေတယ်၊ စင်စစ်ဖြစ်နေတာက (သောက
ပါဘုရား)၊ သောကဆိုတာ ဒေါသအနုစား၊ သဘောကျပလား၊ ဒါဖြင့် ဒါတွေးကောင်း မတွေးကောင်းစဉ်းစား
စမ်း (မတွေးကောင်းပါဘုရား)၊ မတွေးကောင်းလို့ ဘုရားက ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ တခုခုရှိနေရင် ကျွန်စိတ်ပေါက်
နေတာကွ တဲ့၊ ငါ တရားတော့နာချင်ပါရဲ့၊ ငါ့အလှူလေးကပေးစရာ ရှိသေးတယ်၊ အဲဒီဟာလေးက မပြီးသေး
တော့ ငါခက်နေသေးတယ်၊ အဲဒါလုပ်မနေနဲ့၊ ဒါ ကုက္ကုစ္စပဲ၊ ပြုသေးတာလဲ မဟုတ်ဘဲနဲ့၊ အလှူလေးအတွက်
နဲ့ သူစိတ်ထဲ စိတ်မချမ်းမသာ မလောက်မှာ၊ မပြုမှာ၊ မပြည့်စုံမှာတွေ စိုးရိမ်နေတာ၊ သောကဖြစ်နေတာ၊ အဲဒါ
ကိုယ့်ဟာကိုယ်၊ လှူချင်တဲ့အချိန်ကျတော့ လှူလိုက်၊ ခင်ဗျား တရားနာသွားကြစို့ဗျာ၊ တရားသွားထိုင်ရ
အောင်ဗျာ၊ အို...ခင်ဗျားခက်တယ်၊ ကျုပ်က တပို့တွဲ တပေါင်း ကျလာလို့ရှိရင်..သားလေးကြီးလာလို့ရှိရင်
သားလေးရှင်ပြုစရာရှိနေတော့ ဒီဟာလေးက အပင်းလျိုသလိုဖြစ်နေတယ်။
          အဲဒါလေးက မအေးသေးဘူးဗျာ၊ ဒီအတိုင်းဖြေတာပဲ၊ မဖြေဘူးလား (ဖြေပါတယ်ဘုရား)၊ ဒီအတိုင်းဖြေ
တာကို ထောက်ကြည့်တော့ သောကဖြစ်နေတယ်၊ သောကဆိုတာ ဒေါသအနုစား၊ သဘောကျပလား (ကျပါ
ပြီးဘုရား)၊ ဒါဖြင့်သူဟာ သခင်အလုပ်၊ ကိုယ်ပိုင်အလုပ်၊ ကိုယ့်ကို ကျေးဇူးပြုမဲ့ အလုပ်လုပ်နေတာလား၊
(ကိုယ့်ကိုယ်ကို မအားအောင်လုပ်နေပါတယ်ဘုရား)၊ ဒါဖြင့် ကိုယ့်ကိုယ်ကို မအားအောင်လုပ်တဲ့အလုပ် ဖြစ်
သောကြောင့်တဲ့ ဒီကုက္ကုစ္စရှိနေရင် ကျွန်ဖြစ်နေတာကွ၊ လုပ်စရာရှိတဲ့ အချိန်ကျတော့ ကုသိုလ်ပြုပြု၊ ဘာပြု
ပြု ဘုန်းကြီးတို့မတားပါဘူး၊ လုပ်တာပေါ့၊ အဲဒီအတွက်တော့ သောကဝင်မနေနဲ့၊ သောကဝင်နေလို့ရှိရင် အခု
မဂ်တား ဖိုလ်တား တားကြလိမ့်မယ်၊၊ မတားပေဘူးလား၊ သိပ်ကြောက်စရာမကောင်းဘူးလား (ကောင်းပါ
တယ်ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတွေသည်တဲ့ ကုက္ကုစ္စ အင်မတန်ကြောက်စရာကောင်းတယ်နော်၊
မဂ်တား ဖိုလ်တားဆိုတာ မနေ့ကပြောခဲ့တယ်၊ ဒကာ ဒကာမတို့ ကဿပဘုရားလက်ထက်က အနှစ် နှစ်
သောင်းလောက် ရဟန်းကြီးတစ်ပါးရှိတယ်၊ သူမြစ်နားနေတဲ့အခါ လှေပေါ်မှာ ပိန်းရွက်ကလေး ဆွဲကိုင်လိုက်
တော့ ရေစိးသန်တာနဲ့ လက်ကလဲ မလွတ်မိတော့ ပိန်းရွက်ကလေးပြတ်သွားတယ်၊ အဲဒါလေးက သူ့မှာ
ရဟန်းတွေကလဲ ရှာမရဘဲနေတော့ ဒေသနာမကြားဖြစ်ဘူးဆိုပါတော့၊ အဲဒီအပြစ်ဖြုတ်လို့ကိုမရဘူး၊ ကိုယ်
ပြုထားတဲ့အမှုလေးကမဖြစ်လောက်တာကို ကုက္ကုစဖြစ်နေပြန်တယ်။ ကုက္ကုစ္စ ပြန်ဖြစ်ပြီးသကာလ ကုက္ကုစ္စ
တွေနဲ့ပဲ ဒကာ ဒကာမတို့ သေတော့ ဂင်္ဂါဖြစ်ထဲ ပိန်းကောလောက်ရှိတဲ့ နဂါးကြီးသွားဖြစ်တယ်၊ အနှစ် နှစ်
သောင်း ရဟန်းတရားအားထုတ်ထားတာ ကဿပဘုရားလက်ထက်က ကယ်ဖော်ယူဖော် မရတော့ပါဘူး၊
အခုလဲ ဒီဝတ္ထုကြုံလာတာနဲ့ ကုက္ကုစ္စအတွက် ကြုံလာတာနဲ့ ဒကာ ဒကာမတို့ နဂါးဖြစ်ချင်လို့ဖြစ်ရတာလား၊
ကုက္ကုစ္စက နဂါးဖြစ်ခိုင်းတာလား (ကုက္ကုစ္စက ဖြစ်ခိုင်းတာပါဘုရား)။
           ဂေါတမဘုရားပွင့်လာတယ်ဆိုတော့ ဒကာ ဒကာမတို့၊ ကဿပဘုရားလက်ထက်ထဲက နဂါးဖြစ်လာ
တာ၊ ဂေါတမဘုရားလက်ထက်တောင် နဂါးရှိသေးတယ်၊ တပည့်တော်ဘုရား ကဿပဘုရားလက်ထက်
အနှစ် နှစ်သောင်းကိုယ်တိုင်၊ ရဟန်းတရား အားထုတ်လာပါတယ်၊ ကုက္ကုစ္စဆိုတဲ့ တရားလေးနှိပ်စက်လိုက်
တဲ့အဖြစ်ကြောင့် တပည့်တော်ဘုရား ဖားစိမ်းစား၊ ငါးစိမ်းစား နဂါးကြီးဖြစ်ရပါတယ်ဆိုပြီး ငိုတာကိုဗျာ၊ မ
ကယ်နိုင် မယူနိုင်ဘူးတဲ့၊ လူဘဝရအောင် မင်ပြီးအားထုတ်ပါအုံး၊ ဒကာ ဒကာမတို့ ဘဝလေးဟာသေးသေး
သိမ်သိမ်နဲ့ ရလာတယ်လို့ မအောင်မေ့ပါနဲ့၊ သားကျွန် မယားကျွန်၊ ဆွေကျွန် မျိုးကျွန်၊ ရပ်ကျွန် ရွာကျွန်တွေ
ဖြစ်ပြီးသကာလ ဒကာ ဒကာမတွေ ခန္ဓာအလွဲသုံးစားလုပ်ပစ်လိုက်တာ မရစဖူးအရထူးတဲ့ ခန္ဓာကြီးကို အ
လွဲသုံးစားပစ်လို့ တော်ပါ့မလား (မတော်ပါဘုရား)၊ ဒါဖြင့် ကုက္ကုစ္စဆိုတာ ဒကာ ဒကာမတို့ ဘယ်အချိန်လာ
တတ်ပါသတုံးမေးတော့ အခုန ရဟန်းကြီး အနှစ် နှစ်သောင်း အားထုတ်ကာသေခါနီးမှလာတယ်၊ ကုက္ကုစ္စ
လာပြီ ဒကာသစ်၊ ဘယ်နှယ်လုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါဘုရား)၊ ဒီမှာလဲ ခင်ဗျားတို့တဲ့၊ ဒီပြင် ကုသိုလ်တွေ
က အကျိုးပေးဖို့တွေ အများကြီး ရှိပါသေးတယ်၊ သို့သော် ခြံပေါက်နဲ့နီးတဲ့ ကုက္ကုစ္စက သေခါနီးမှလာပြီး ကန့်
ကွက်ချလိုက်တယ်၊ ဒါကြောင့် သူက အလျင်အကျိုးပေးချလိုက်တယ်၊ သူက ဟိုဘဝထွက်ပေါက်နဲ့ နီးသွား
ထာ၊ ကိုယ့်ခန္ဓာ ဝေဒနာလာ ဝေဒနာကို ဖြစ်ပျက်ရှုပေါ့ဗျ စိတ်လာရင  (စိတ်ဖြစ်ပျက် ရှုရမှာပါဘုရား)။
          သေပေါက် သေဝမှာလာပြီး၊ တရားအားထုတ်တော့မယ်ဆိုရင်၊ ဒီပြင်အချိန်လာပါတော့ ကိုယ်တော်
ကြီးလို့ ပြောပါလား၊ ဒီပြင်အချိန်လာကိုမလာဘူး၊ ဒီအချိန်မှ ကြိုးကြိုးစားစားလာတယ်၊ အဲဒီလိုရှုပ်တာကို
စောစောစီးစီးကတည်းက မင်းတို့မယာင်ကြပါနဲ့ကွာ၊ ငါ့ဟာငါ တရားနှလုံးသွင်းပြီး သေပါ့မယ်။ ဘယ်အကူ
အညီမှ မပေးကြပါနဲ့၊ ဒါလူတိုင်းမှာရမယ်၊ သားတွေ မယားတွေ ဘယ်အကူအညီမှ မပေးနဲ့၊ ရေလး ဆာမယ်
ထင်ပြီး ရေလဲမတိုက်ပါနဲ့၊ သူ့ဟာသူဆာ၊ သူ့ဟာသူတိုက်၊ တိုက်ကို မတိုက်စေနဲ့၊ ကိုယ်ကလဲ တစ်လုံးတည်း
ဝေဒနာ နုပဿနာတစ်လုံးတည်းရှု၊ အဲဒီတော့ကို ဒါလူမိုက်တွေကြားထဲမှာ သူတော်ကောင်းတစ်ယောက်
သေဖို့ရာ သူယုတ်မာသေဖြစ်သွားရမှာ မစိုးရပေဘူးလား၊ လူမိုက်တွေ အနားခြံရံပြီး သေရမယ်ဆိုရင်ဖြင့် မဂ်
မဆိုက်၊ ဖိုလ်မဆိုက်တဲ့ ပုဂ္ဂိုလ်အတွက်မှာ စိုးရိမ်ရတယ်၊ မဂ်ဆိုက် ဖိုလ်ဆိုက်တဲ့ ပုဂ္ဂိုလ်အတွက်မှာ ဘယ်သူ
က ဘာပြောလို့ဘာနေနေ သူက ဒုတိယဂတိတော့ လားရသုဂတိမြဲသွားပြီး၊ သူ့အတွက်ကျတော့လည်း စိုး
ရိမ်စရာမရှိဘူးတဲ့၊ ပုထုဇဉ်အဖြစ်နဲ့ သေတဲ့ပုဂ္ဂိုလ်အတွက်မှဖြင့် အခြံအရံဘေးက သူတော်ကောင်းတော်
တော်အရေးကြီးတယ်၊ မရှိလို့ရှိရင် သူ့ဟာသူ သူတော်ကောင်းဖို့ အရေးကြီးတယ်၊ ဝိဉာဉ်ဆိုတာ ဖြုန်းကနဲ
လဲ ချုပ်တာလဲရှိတယ်၊ မချုပ်တာလဲရှိတယ်၊ တချို့မချုပ်တာတွေကျတော့ ဒကာ ဒကာမတို့ ကံက စီမံနေ
တာဗျ သူ့ကိုအပါယ်ပစ်ချရမှာလား၊ နတ်ရွာသုဂတိလား၊ ရုက္ခစိုးလောက်လား၊ ကဲ...ဝေဖန်လို့မရတာနဲ့ကြာ
နေတာ၊ အဲဒီတော့ ပြောစရာရှိတာပြော၊ မှာစရာရှိတာမှာ၊ စကားကုန်ပြော၊ ငါမသေသေးဘူး၊ ဘယ်သူမှ
မျက်ရည်ကျစရာလဲမလိုဘူး၊ အမှန်ချည်းလဲ ဒီလမ်းဟာ ဒီလမ်း၊  ငါသေလို့ရှိရင် ဘာမှရှုပ်နဲ့ဟေ့၊ ငါခန္ဓာ
ငါရှုပြီး သေပွဲဝင်မယ်ဟေ့၊ အဲသေချင်းဆိုး ကြောက်လို့ရှိရင် ကုက္ကုစ္စ ဝေးဝေးရှောင်ပါဆိုတာ သတိပေးလိုက်
တယ်၊ ရှောင်ပါဆိုတာ ဖြစ်ပျက်ရှုပြီးတော့ ဝေဒနာရှုရင်း ပြန်ရှုပေါ့ဗျာ။         ။
                                        ဤကောင်းမှုကုသိုလ်ကံ
                    စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                    ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                  အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                         တည်ရှိပါစေသတည်း ။
                                                                                                         အရှင်ဉာဏဓဇ
                                                                                        မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                           အမရပူရမြို့ ။        ။
Thursday, June 6
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အားမငယ်ကြပါနဲ့ တရားတော်
                                                 "ဇောတိကဥပမာပြ  အနှစ်ချုပ်  တရားတော်"
ဒကာ ဒကာမတွေအတွက် အားရှိစရာအချက်ကို ပြောပြပါမယ်၊ ဘုန်ကြီးများနဲ့တွေ့တယ်ဆိုရင်ဖြင့်၊ ကလျာ
ဏမိတ္တသူတော်ကောင်းနှင့်တွေ့လို့၊ တို့သည်ကားဆိုလို့ရှိရင်ဖြင့် အာရုံတက်ပြီဆိုတာ မှတ်ထားကြပါ၊ အာရုံ
တက်တယ်ဆိုတာ နီလာပြီ၊ နေ၏အရောင်တွေဖြာလာတာ၊ ဪ..နေထွက်မလို့ဆိုတာ ငြင်းဖို့လိုသေးလား၊
ဆရာကောင်းသမားကောင်း၊ နည်းကောင်းနည်းမှန်းပေးတဲ့ ဆရာနဲ့တွေ့ရင် အာရုံတက်ပြီ၊ ဪ..အာရုံ
တက်တယ်ဆိုရင် နေကြီးက နောက်ကလိုက်လာတာပဲ၊ ဒီမှာလဲ ဘုန်းကြီးက ရှေ့ကနေ ဝိပဿနာဉာဏ်တွေ
ပေးပြီး ဝေဒနာတွေရှုကြပါ ရှုကြပါလို့ အမျိုးမျိုးအဖုံဖုံသော တရားတွေဟောပြီး၊ ပေးသွားတဲ့အတွက် ခင်ဗျား
တို့သန္တာန်၌ ကိလေသာအမှောင်ဓာတ်တွေ ငြိမ်းပြီသကာလ မဂ်တည်းဟူသော အရောင်ဓာတ်တွေ ယှက်
သန်းပြီးလာပါလိမ့်မယ်။
          ဒါကြောင့် ဒကာ ဒကာမတွေ ကံကောင်းလိုက်တာဆိုတော့ ဘုန်ကြီးတို့ပြောချင်ပါတယ်တဲ့၊ ဘယ်
လောက်ထိ ကံကောင်းလဲဆိုတော့ ခင်ဗျားတို့ဘိုးဘွားတွေ သေကြပျက်စီးကုန်ကြငြားသော်လည်း ဒီလို
လက်တွေ့တရား မရသွားရှာကြဘူး။ ဒီတော့ ဒကာ ဒကာမတွေမှာဖြင့် ကံထူး၊ ဉာဏ်ထူး၊ ဘုန်းထူး၊ သမ္ဘာ
ထူးတွေ ဗုံးအမျိုးမျိုးချတဲ့အထဲ ခင်ဗျားတို့ လွတ်လာကြတာမဟုတ်လား၊ လောကီမှာနေဖို့ ထိုင်ဖို့၊ စားဖို့၊
သောက်ဖို့ဆိုတာ တရားသာအားထုတ်ပါ၊ တရားကဆောင်ပါလိမ့်မယ်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟော
ထားတဲ့ တရားတွေ ဘုန်းကြီးတို့က တစ်သဝေမတိမ်းဟောပြန်တော့ ခင်ဗျားတို့သန္တာန်လဲ ဘုရားပွင့်နေ
တာပဲ၊ အဲဒီတော့ ကိုယ့်ချမ်းသာကိုယ်ရှာတာ၊ အားပျော့ပျော့၊ ခါးနွဲ့နွဲ့ရှာလို့ မရဘူး အားကြိုးမာန်တက် ရှာ
ပစ်လိုက်၊ ဝေဒနာသည် ဒကာ ဒကာမတို့ အခုနေရတာလဲ နေကောင်းတယ်ဆိုတာလဲ သုခဝေဒနာနဲ့နေရ
တာ၊ နေမကောင်းဘူးဆိုတော့ ဘာဝေဒနာနဲ့နေရတာလဲ (ဒုက္ခဝေဒနာနဲ့နေရတယ်) အကောင်းကြီးလည်း
မဟုတ်၊ မကောင်းဘူးလည်းမဟုတ်ဆိုတော့ ဘာတဲ့လ (ဥပေက္ခာဝေဒနာနဲ့နေရတယ်) ဝေဒနာမရှိဘူးဆို
တာဖြင့် မဖြစ်ကြပါစေနဲ့ဆိုတာ အထူးပဲ သတိပေးလိုက်တယ်။
          အဲဒီတော့ ဘုန်းကြီးတရားက..ဘုရား..အရှာခက်လိုက်တာလို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့မှားတယ်၊
နေကောင်းတယ်ဆိုရင် ဝမ်းထဲမှာရှူတာရှိုက်တာကအစ သက်သက်သာသာနဲ့ မရှူရဘူးလား (ရှူရ ရှိုက်ရ
မယ်) အဲဒါ သုခဝေဒနာလေးတွေဖြစ်ပြီး ပျက်နေတာ၊ သူကပြောနေတာ၊ အဲဒီတော့ ဝေဒနာရှာလို့ မတွေ့
ဘူးလို့ မရီ တို့က ဆိုချင်သေးလား (မဆိုချင်ပါဘူးဘုရား) ရှူကောင်း ရှိုက်ကောင်းရင် ဘာဝေဒနာလဲ (သုခ
ဝေဒနာပါဘုရား) အင်း....ဟဒယဝတ္ထုအပေါ်မှာတည့်ပြီး သုခဝေဒနာလေးကလဲ ရှူတာလေးကလဲ ရှိုက်တဲ့
အချိန်မှာ မလိုက်သောကြောင့် ဒီနေရာတွင် ပျက်ပြီး ဒီနေရာမှာ အနိစ္စရောက်ပလား၊ ရှိုက်တာလေးကလဲ
ဒီနေရာမှာပေါ်ပြီး ဒီနေရာမှာပဲ ပျက်စီးသွားပါလားဆိုတော့ ကမ္မဋ္ဌာန်းထိုင်လိုက်လို့ ဘာမှမတွေ့ရင် သူ့ပြန်
ကြည့်လိုက်တာပေါ့၊ သူ့ပြန်ကြည့်လိုက်တော့ ဝေဒနာကြည့်ပြီးသားမကျဘူးလား၊ ကိုယ်ကဖိပြီးထိုင်ထားရ
တာ၊ အင်း...အောက်ကနာတယ်၊ ခြေမျက်စေ့ကနာတယ်၊ ခြေဖျားကနာတယ်၊ ခြေမကနာတယ်ဆိုပြန်တော့
လဲ ဟိုသုခဖြုတ်ပြီး ဒီဘက်ကိုဉာဏ်ကလှည့်ပစ်လိုက်ပါ၊ ဒီဘက်က ဖြစ်ပျက်လေးက ချုပ်သွားတယ်လို့ ဆို
ပြန်တော့လဲ ရှာမတွေ့ပါဘူးဘုရားလို့တော့ မလျှောက်ပါနဲ့၊ ဟဒယဝတ္ထုပေါ် ရှူလေရှိုက်လေအားထုတ်တဲ့
စိတ်ကလေး သုခကို ပြန်ရှုလိုက်၊ အဲဒီတော့ ဒကာ ဒကာမတွေ အားသေးရဲ့လား၊ မအားတာဘာပါလိမ့်မ
တုံးလို့မေးတော့ ဝီရိယစိုက်နေတာ၊ ဝီရိယမဂ္ဂင်ပေါ်နေတယ်၊ ဒေါ်အုန်းခင် ဘယ်လောက်အဖိုးတန်သလဲ၊
ဝီရိယမဂ္ဂင်ဆိုတဲ့မဂ်ရနေတာ၊ ဝီရိယစိုက်တယ်ဆိုတော့၊ ဝီရိယတင်မဟုတ်ဘူး၊ သတိလည်းထားတယ်၊
သမာဓိလဲရှိတယ်၊ ပညာလဲရှိတော့ ဟိုနေရာဖြစ်တာလေးလိုက်ရ၊ ဒီနေရာဖြစ်တာလေးလိုက်ရဆိုတော့
ဝီရိယခေါင်းဆောင်သာဖြစ်သွားတာ၊ ဒေါ်အုန်းခင်ရေ မဂ္ဂင်ရှစ်ပါးပေါ်နေတာ ရိပ်မိကြလား၊ ကိလေသာရန်
သူအောင်ပွဲယူရတာ နိုင်ပွဲရနေတာ (မှန်လှပါဘုရား)၊ မဂ္ဂင်ဆိုက်တယ်၊ မဆိုက်တယ် ဘုန်းကြီးရှင်းပြမယ်၊
ဒီ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟလာသေးလား (မလာဘူး) သူသတ်ထားတာပေါ့၊ ဒါဖြင့် အားစိုက်ထား
တာက သူသတ်ထားတာပေါ့၊ ဒါဖြင့် အားစိုက်ထားတာက သူသတ်ထားတဲ့ သဘောကော ထင်ရှားပါရဲ့လား၊
အားစိုက်ထားတာက သူသတ်ထားတာ၊ ကိလေသာသေနေတယ် ဆိုကတည်းက ဒါမဂ်မဟုတ်ဘာတုံး၊
မဂ်ရဖို့ဝေးသေးလား မဝေးပါဘူး ဒကာ ဒကာမတို့၊ ဘာမှလုံ့လဝီရိယမလျှော့ပါနဲ့၊ သံသယကိုမရှိဘဲနဲ့ ဒါသာ
ဖိလုပ်၊ ဘာမှအားမလျှော့နဲ့၊ မရီတို့ကော ဆုံးဖြတ်ချက်ချပြီလား (မှန်ပါ့) ချပါ၊ သေချာရရမယ်။
          ကိုင်း..ဒကာ ဒကာမတို့၊ ဒီသတိပဋ္ဌာန်ကို ၇-ရက် ၁၄-ရက် အစရှိသည်နှင့် အားထုတ်လိုက်လို့ရှိရင်ဖြင့်
သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကျအောင် ဖြစ်နိုင်တယ်ကွာလို့ ဘုန်းကြီးကလည်းဟောတယ်၊
ဘုရားကလည်းဟောတယ်၊ အဲဒါ အားငယ်စရာရှိရဲ့လား၊ သောတာပန်၊ သကဒါဂါမ်ဖြစ်တော့ တပည့်တော်
တို့လိုပဲ နေဦးမှာလား၊ သူတို့ဖီးလိမ်းပြင်ဆင်ပြီးသကာလ၊ ဝိသာခါတို့များဗျာ၊ ၇-နှစ်နဲ့ သောတာပန်တည်
တယ်၊ ၁၆-နှစ်မှာ အိမ်ထောင်ကျတယ်၊ သား (၁ဝ) ယောက်၊ သမီး (၁ဝ) ယောက်မွေးတယ်၊ မြေး (၄ဝဝ)
မြစ် (၈ဝဝ) ရှိတယ်၊ ရှိတာပဲတဲ့၊ ဒါကိစ္စမရှိပါဘူး၊ အပါယ်မကျတာနဲ့ ခင်ဗျားတို့ လားရာဂတိမမှားတာကိုပဲ
သောတာပတ္တိမဂ်မလုပ်တာပါ၊ ဒီငါးပါးအာရုံ ကာမဂုဏ်ခံစားမှုများကိုဆိုတာ မဟုတ်ပါတဲ့။ ဖျတ်ခနဲ့ တစ်
ကြိမ်တည်းမဂ်ပေါ်လိုက်တယ်ဆိုရင်၊ အပါယ်မီးတွေ အကုန်ငြိမ်းပြီးသကာလ ခင်ဗျားတို့ သန္တာန်မှာလဲ လော
ဘ လေးပုံတစ်ပုံ သိမ်းသွားတယ် ဆိုတာ ထူးခြားချက်ပဲ တစ်ခြားဘာမှမရှိဘူး။ ဒကာ ဒကာမတို့ ဝေဒနာတွေ
ပေါ်တိုင်း မျက်လုံးမှာ (ဥပေက္ခာဝေဒနာပေါ်တယ်) မြင်တယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့မြင်တာပဲရှိတယ်၊
မြင်လို့လိုချင်တယ်ဆိုတာ ဝမ်းထဲကမြင်လို့၊ မုန်းတယ်ဆိုတာ (ဝမ်းထဲကမြင်လို့) ဒါကြောင့် မြင်ရုံလေးမို့
ဥပေက္ခာဝေဒနာလို့ဆိုထိုက်ပါတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း မြင်တာလေးက ဥပေက္ခာ
လို့ မှတ်လိုက်ပါဆိုတာလေးကို၊ လွဲမှာတော့ ဘုကြီးစိုးရိမ်တယ်နော်၊ ကိုယ့်မျက်လုံးထဲ ဉာဏ်နဲ့ မှန်းရှုရမှာ
လား (ကိုယ့်မျက်လုံးထဲ ဉာဏ်နဲ့မှန်းရှုရမှာပါဘုရား) အဲဒီအရှုကလေးကိုသာ ဒီနေရာမှတည်ပါစေ၊ ဪ..
မျက်လုံးထဲမှာမြင်ပြီး မျက်လုံးထဲမှာပျက်တာပဲ။
          ခင်ဗျားတို့ တိုင်တစ်လုံးကို ဆေးကအဖြူ အနီ အဝါ အစိမ်း လေးဘက်လှည့်သုတ်ပါ၊ လှည့်ကြည့်ပါ
တဲ့၊ အဖြူမြင်ပြီးမှ အနီမြင်မှာပဲ၊ အနီမြင်ပြီးမှ အဝါမြင်မှာပဲ၊ အဝါမြင်ပြီးမှ အစိမ်းမြင်မှာပဲ၊ အဲ့ဒီတော့ မပျက်
ဘူးလား၊ ပျက်သလား၊ (ပျက်ပါတယ်ဘုရား) ကဲ...ဒါဖြင့် အဖြူမြင်တာပျက်ပြီးမှ အနီမြင်တဲ့စိတ်တစ်ခု ပေါ်
မယ်၊ မျက်လုံးစိတ်တစ်ခုပေါ်မယ်၊ ပြီးတော့ အဝါမြင်တဲ့ မျက်လုံးစိတ် တစ်ခုပေါ်မယ်၊ ပြီးတော့မှ အစိမ်းမြင်
တဲ့ မျက်လုံးစိတ် တစ်ခုပေါ်မယ်ဆိုတော့၊ ဪ...ဒါသည်သူ့ဟာသူ အတွင်းမျက်လုံးစိတ်က မချုပ်လို့ရှိရင်
အဖြူမြင်တာက အဖြူပဲဖြစ်မယ်၊ အနီကို သွားလို့မရဘူး၊ အခုတော့ သူချုပ်သွားလို့ ဟိုဘက်အနီမြင်တာ
လေး ပေါ်တယ် ဆိုတော့ မြင်စိတ်ကလေး ခဏခဏ ပျက်နေပါပေါ့လားဆိုတာ ဉာဏ်မရောက်ဘူးလား
(ရောက်ပါတယ်ဘုရား) ဝေဒနာကို ခင်ဗျားတို့က ဘာမှမစိုးရိမ်နဲ့ ဖြစ်စလေးသာ ဉာဏ်နဲ့ပေါ်လာတာကို ဖြစ်
ပျက်ရှု၊ ရှင်မဟာကဿပကြီးက မမာဘူး၊ ခေါင်းအင်မတန်ကိုက်တယ်၊ ဘုရားက ဟေ့..ကဿပ ဘယ်နှယ်
နေတုံး၊ မခံမရပ်နိုင်အောင် ကိုက်ပါတယ်ဘုရား၊ မင်း ဗောဇ္ဈင်ဆိုတဲ့ပညာနဲ့ ရှုပါလားကွ၊ ဒါလေးနဲ့ မင်းဖြစ်
ပျက်ရှုပါလားကွ၊ အို..တပည့်တော် ဘုရား သတိမထားမိဘဲရှိနေတယ်၊ အဝိဇ္ဇာတော့ မရှိတော့ပါဘူး၊ အဝိဇ္ဇာ
တော့ ရဟန္တာမို့ ချုပ်ပြီးသားပေါ့ဗျာ...တပည့်တော် သိမထားမိဘဲ ရှိနေတယ်ဘုရားတဲ့၊ တရားတွေ့ တတ်က
တည်းက ဒီဥစ္စာ၊ ဒီပညာဟာ တပည့်တော်မှာ ကိုယ်ပိုင်ရှိပြီးသား  အရှင်ဘုရားလာပြီး၊ အင်း..ဝေဒနာမရှုဘူး
လားလို့ မေးလိုက် တော့မှ တပည့်တော်သတိရတယ်၊ ဟေ့...ဝေဒနာ ရှုရစ်ဟေ့၊ ငါးသွားတော့မယ်၊ ဘုရား
လည်း နှစ်လှမ်းသုံးလှမ်းရောက်သေးတယ်၊ ကဲ..မရီရေ  ဒီဝေဒနာ ပိန်းကြာဖက်ရေ မတင်သလိုလျှောကျ
သွားတာပဲ (မှန်ပါ့ဘုရား)။
          ပျင်းတာလေး ဝမ်းထဲရောက်လာရင်တော့ ဝေဒနာလေးတွေပေါတယ်၊ မရှုမိ၊ မရှုဖြစ်တော့ ဝေဒနာပစ္စ
ယာ၊ တဏှာ မလာပေဘူးလား၊ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုတဲ့ ဒကာ ဒကာမတွေဖြင့် အပျင်းလက်မခံတဲ့
အတွက် သံသရာစခန်းသတ်ပါပြီ၊ ငိုပွဲတွေ၊ မျက်ရည်ကျပွဲတွေ၊ ရင်ထုပွဲတွေ၊ မြေလူးပွဲတွေ အကုန်သိမ်းပါပြီ
ဘယ်လောက်ပဲ ကျန်းမာ၊ ကျန်းမာ ဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ ခန္ဓာရှိရင် ဒါဖြစ်ရမယ်၊ ဇောတိက
ဒကာလောက် ချမ်းသာတာဘယ်ရှိမတုန်း၊ သူတို့မှာစိန်တိုက်ကြီးတွေ၊ မြတိုက်ကြီးတွေ တည်ထားတာ၊ ထ
မင်းချက်တာတောင်မှ နီလာဆိုတဲ့ မိုးကုတ်ကထွက်တဲ့ ထွေးခံလောက်ရှိတဲ့ နီလာသုံးလုံးကိုတည်ပြီး
အအေးပေါ်မှာ ထမင်းအိုးတည်ပြီးတော့၊ ဒီအအေးဓာတ်နဲ့ ချက်ရတာ၊ မီးနဲ့ချက်တာ မစားနိုင်ဘူး၊ စားလိုက်
ရင် ဝမ်းထဲမှ အူတွေအသဲတွေပါလောင်သတဲ့၊ ဗိမ္ဗိသာရ မင်းကြီးလာတဲ့အခါကျတော့၊ ရှင်မ လာခဲ့ဦး၊ ဪ
ဘာလုပ်ရမှာတုန်း၊ တို့အသက်ဦးဆံပိုင်တဲ့ ဗိမ္ဗိသာရမင်းကြီး တို့အိမ်လာပြီး ထမင်းလာစားတယ်၊ ဪ..
ကံများခေလိုက်တာ၊ ကိုယ့်အထက်က ဘယ်သူမှ မရှိဘူးထင်တဲ့ဥစ္စာ၊ အခုတော့ အထက်က လူရှိသေးသတဲ့
ဆိုပြီးလိုက်လာခဲ့တယ်၊ ရှင်ဘုရင်ကို ယပ်ခတ်ပေးရတယ်၊ အဲဒါ ယပ်ခတ်တော့ ရှင်ဘုရင် အခိုးအနံ့တွေက
သူ့မျက်လုံးထဲဝင်တော့၊ မျက်ရည်ပေါက်ပေါက်ကိုကျတာ၊ ဒီလောက်ချမ်းသာတာတောင်မှ မျက်ရည်ကျမ
လွတ်ဘူး၊ ဒေါမနဿလဲ ဖြစ်သေးတယ်၊ မြောက်ကျွန်းသူလဲ ဖြစ်ပြန်၊ အင်မတန်မှ ရုပ်ရည်ရှုပကာကလဲ နူး
ညံ့ပြန်၊ ဘယ်အနံ့မှ ခံနိုင်တဲ့သဘောသတ္တိလည်း မရှိဘူး၊ ရှင်ဘုရင် အံ့အားသင့်သွားတာ၊ ခန္ဓာကိုယ်ရှိတော့
မျက်ရည်ကျလွတ်ရဲ့လား (မလွတ်ပါဘုရား)။
           ဒကာ ဒကာမတို့ အပျင်းကလေး ဝမ်းကထုတ်ပစ်ပေါ့၊ ဒါလေးဖြစ်ပျက် ရှုပေးလိုက်ရင်၊ ဖြစ်ပျက်က
ဒုက္ခသစ္စာ၊ ရှုတာကဘာတုန်း (မဂ္ဂသစ္စာပါဘုရား) အဲဒီတော့ မဂ်ရတယ်ဆိုမှ ဒကာ ဒကာမတွေသည် ကိလေ
သာ ရန်သူတွေသေသောကြောင့် ပျော်ပျော်နေလိုက်တာပေါ့၊ ခုချိန် ပျော်ချိန်မဟုတ်သေးဘူး၊ ဘာဖြစ်လို့
တုန်း၊ ကိလေသာ ရန်သူက သတ်မလို့ဖြတ်မလို့ ခင်ဗျားတို့ဝမ်းထဲက မထွက်သေးခင် ပျော်နေလို့ရှိရင်ဖြင့်
ဒါဟာ အရူးပျော်မဆိုသော်လည်း ဆိုဘိသကဲ့သို့ အရူးပျော်ပဲပြန်ကျမှာပဲ။ ခင်ဗျားတို့ ဒီဘဝမှာ အဝတ်က
လေးဝတ်ပြီး နေရငြားသော်လည်း နောက်ဘဝတိရစ္ဆာန်ဖြစ်တော့၊ အဝတ်မဝတ်ရတော့ဘူး၊ အရှက်တကွဲ
အကျိုးနည်းမဖြစ်ပေဘူးလား (ဖြစ်ရပါတယ်) အရှက်တကွဲအကျိုးနည်း ဇာတ်သိမ်းချင်ရင် ဝေဒနာပေါ်တိုင်း
ဖြစ်ပျက်ရှု၊ မျက်ရည်ကြီးငယ်မကျချင်ရင်လဲ (ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုပါ)။            ။
                                      ဤကောင်းမှုကုသိုလ်ကံ
                 စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                 ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                              အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                     တည်ရှိပါစေသတည်း ။               ။
                                                                                                   အရှင်ဉာဏဓဇ
                                                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                            ပင်မသံဝေဇနိယဌာန
                                                                                                      အမရပူရမြို့ ။             ။
Sunday, June 2
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့် ဩဝါဒတရားများ
မိုးကုတ်ဆရာတော် လောင်းလျာသည် မန္တလေးတိုင်၊ ဖြစ်ငယ်မြို့နယ် ဒုဋ္ဌဝတီဖြစ် တစ်ဘက်ကမ်း"ဥယျာဉ်
တော်" ရွာ၌ ကုန်သည်ကြီး ဦးအောင်ထွန်+ဒေါ်ရွှေအိတ် တို့မှ မွေးဖွားသော သားသမီး ၈-ဦးတို့တွင် ပဉ္စမ
မြောက်သားအဖြစ် ၁၂၆၁-ခုနှစ်၊ နတ်တော်လဆန်း (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်သည်၊ ငယ်မည်မှာ
"မောင်လှဘော်"ဖြစ်သည်၊ မောင်နှမသားချင်း ၈-ဦးတို့မှာ ဒေါ်တင်၊ ဒေါ်လုံး၊ ဒေါ်ရွှေပင် (နောက်တွင် သီလ
ရှင်ဝတ်၍ ဒေါ်သုစာရီ ဟုအမည်တွင်သည်)၊ ဦးလှဘော် (မိုးကုတ်ဆရာတော်)၊ ဒေါ်လှရှင်၊ ဒေါ်လှခင်၊
ဦးသောင်တို့ဖြစ်ကြသည်။ အသက် (၄) နှစ်အရွယ်တွင် မိဘများက မောင်လှဘော်ကို ဥယျာဉ်တော်ရွာရှိ
မူလတန်းကျောင်း ဆရာကြီး"ဦးစံရ"ထံတွင် ပညာသင်ရန်အပ်နှံသည်၊ မောင်လှဘော်သည် ဆရာကြီး ဦးစံရ
ကျောင်းတွင် ၄-တန်းအောင်မြင်သည်အထိ ပညာသင်ခဲ့သည်၊ ထိုနောက် အသက် (၉) နှစ်အရွယ်တွင်
ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်း ဆရာတော်"ဦးဇာဂရ"ထံတွင် ရှင်သာမဏေပြုသည်၊ ဘွဲ့အမည်
မှာ"ရှင်ဝိမလ"ဖြစ်၏၊ ရှင်ဝိမလသည် ဆရာတော် ဦးဇာဂရထံမှ ရှင်ကျင့်ဝတ်၊ သဒ္ဒါ၊ သင်္ဂြိုဟ်စသည် လော
ကုတ္တရာ အခြေခံစာပေများကို ကြိုးစားသင်ယူသည်၊ ရှင်ဝိမလသည် ဉာဏ်ထက်သူဖြစ်၍ ငယ်ပင်ငယ်သော်
လည် ဆရာတော် သင်ပေးသည့် စာပေကျမ်းဂန်တို့ကို အလွယ်တကူတတ်မြောက်သည်၊ ရှင်ဝိမလသည်
စာတော်သည်သာမက သီလပေးခြင်း၊ ရေစက်ချခြင်း၊ တရားဟောခြင်းတို့၌လည်း ကျွမ်းကျင်သမူ အလေ့
အလာပြုခဲ့သည်၊ ရှင်ဝိမလသည် သီလစင်ကြယ်စွာနေထိုင်ပြီး ဆရာတော် အားလည်း ဝတ်ကြီး ဝတ်ငယ်မျာ
မလစ်ဟင်းအောင် ပြုစုပေးလေသည်။ ရှင်ဝိမလသည် ထိုဆရာတော်ထံမှာပင် အခြေခံ ပရိယတ္တိ စာပေများ
ကိုကောင်းစွာသင်ယူလေသည်၊ ရှင်ဝိမလသည် အသက် (၁၂) နှစ်အရွယ်တွင် တစ်နေ့သ၌ သင်္ကန်းတန်း
ပေါ်၌ မိမိသင်္ကန်းကိုခေါက်ထားရာ ပျားကောင်တွေပျံသန်းလာပြီး ထိုသင်္ကန်းပေါ်၌ အုံဖွဲ့စွဲကြလေသည်၊ ထို
အခြင်းအရာကို မြင်သောအခါ၊ ဂွေးပင်တောရဆရာတော်က ဤသာမဏေသည်နောင်တွင် ပညာထူးချွန်
ကာ အကျော်အမော် ဆရာတော်တစ်ပါးဖြစ်မည်ဟု အမိန့်ရှိလေသည်၊ နောက် ထိုဆရာတော်အသက်အ
ရွယ် အိုမင်း၍ စာပေကျမ်းဂန်များ မပို့ချနိုင်သောအခါ ရှင်ဝိမလသည် မိဘများနှင့် ဆရာတော်ကို ခွင့်ပန်ကြား
ပြီး၊ အမရပူရမြို့ မင်္ဂလာကျောင်းတိုက်သို့ သွားရောက်၍ တိုက်အုပ် ဆရာတော်"ဦးသုဇာတ"ထံတွင် ပရိယ
တ္တိစာပေကိုဆက်လက် သင်ယူလေသည်၊ ရှင်ဝိမလသည်၊ ပရိယတ္တိစာပေသင်ကြားရတွင် အရွယ်နှင့်မ
လိုက်အောင် တတ်မြောက်လာသည့်အပြင်၊ တရားဓမ္မ ဟောပြောရာ၌လည်း မကြောက်မရွံ့ရဲတင်းစွာ ဟော
ပြောနိုင်စွမ်းရှိပေသည်၊ သီတင်းတိုင်းလိုလိုပင် ရပ်ကွက်ဓမ္မာရုံများ၌ သီလပေး တရားဟော ရေစက်ချလုပ်
ဆောင်လေသည်၊ ထိုအခါ ဆရာတော်က ရှင်ဝိမလအားစာပေပရိယတ် သင်ကြားရေး၌ အနှောင့်အယှက်
ဖြစ်မည်စိုး၍ ထိုတရားပြောခြင်း အလုပ်ကို မပြုလုပ်ရန် တားမြစ်လေသည်။ ထိုအချိန်တွင် မင်္ဂလာတိုက်အနီး
(ယခု သီလရှင်ဆရာကြီးများ နေထိုင်သော ကျောင်းတိုက်နေရာ) ဇရပ်ကြီး၌ ဓမ္မပါရဂူ ပထမကျော် ဆရာကြီး
"ဦးအုန်း"သည် ရဟန်းတော်များအား အဘိဓမ္မာဆိုင်ရာ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းများ
ကို သင်ကြားပို့ချလျက်ရှိသည်၊ ထိုအခါ အစ်မရင်းဖြစ်သူ ဒေါ်သုစာရီက ရှင်ဝိမလကို ဆရာကြီးဦးအုန်းထ့
တွင် အပ်နှံ၍ အဘိဓမ္မာညဝါ စာပေများကို သင်ယူစေလေသည်၊ ရှင်ဝိမလသည် သာမဏေဘဝကပင် အဘိ
ဓမ္မာဆိုင်ရာကျမ်းဂန်များကိုကောင်းစွာ သင်ကြားတတ်မြောက်လေသည်။
"ရဟန်းပြုခြင်း" ရှင်ဝိမလသည် ၁၂၈၁-ခု၊ ဝါဆိုလဆန်း (၈) ရက်နေ့တွင် အသက် (၂ဝ) ခန့်ရှိပြီဖြစ်၍၊
မင်္ဂလာကျောင်း တိုက်အုပ်ဆရာတော် ဦးသုဇာတကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်ကို ခံယူလေသည်၊ ရဟန်း
အဖြစ်ကို ရရှိပြီးနောက် သိမ်မှထွက်၍ မင်္ဂလာတိုက်အတွင်းရှိ မိမိနေထိုင်ရာ မကုဋကျောင်းသို့ပြန်ပြီးချွေးစို
နေသည့် သင်္ကန်းကိုသင်္ကန်းတန်ပေါ်၌တင်လွှာသော်၊ မိနစ်ပိုင်းအတွင်းမှာပင် ပျားကောင်တွေပျံသန်းလာပြီး
ထိုသင်္ကန်း၌ အုံဖွဲ့ကာ ဒုတိယအကြိမ် စွဲပြန်လေသည်၊ ထိုအခြင်းအရာကို မြင်လျှင်င်အောင်ခြင်းရှစ်ပါး ဆရာ
တော်က ဤပျားစွဲခြင်း လက္ခဏာအရ ဤပုဂ္ဂိုလ်သည် ယခုဘဝ၌ပင် တရားထူတရားမြတ် ရရှိနိုင်သောပုဂ္ဂို
လ်မြတ်ဖြစ်လိမ့်မည်ဟု အမိန့်ရှိဖူးလေသည်၊ ဦးဝိမလသည် ထိုမင်္ဂလာတိုက်၌နေလျက် ဆရာကြီးဦးအုန်းထံ
၌ ဆက်လက်၍ အဘိဓမ္မာကျမ်းဂန်များကို အားထုတ်သင်ယူ၍ ကောင်းစွာတတ်မြောက်သောအခါ၊ ဆရာ
ကြီးကသူ့ကို မိမိကိုယ်စား စာသင်သားများအား ရံခါရံခါ အဘိဓမ္မာညဝါစာပေများကို သင်ကြားပို့ချရန် လွှဲ
အပ်စေခိုင်းလေသည်၊ ဦးဝိမလသည် အမရပူရခေါ် တောင်မြို့၌ ပရိယတ္တိသင်ကြားမှုကို အားရတင်းတိမ်
ခြင်းမရှိသေးဘဲ နိကာယ်ငါးရပ်ပိဋကတ်စာပေကျမ်းဂန်များကို ဆက်လက်သင်ကြားလိုသဖြင့် နေ့စဉ်မီးရ
ထားဖြင့် မန္တလေးသို့ သွား၍ကျမ်းတတ်အကျော် ဆရာတော်များဖြစ်ကြသည့် (၁) ခေမာသီဝံဆရာတော်
(၂) ဘုရားကြီးတိုက်ဆရာတော် ဦးခန္တီ (၃) ရွှေရေးဆောင်တိုက် ဆရာတော် အရှင်အဒိစ္စရံသီ တို့ထံ၌ ပရိယ
တ္တိစာပေကို မနားမနေဆက်လက် သင်ယူပြန်လေသည်။
"စာချ ကျမ်းပြုခြင်း" ၁၂၈၆-ခုနှစ် (၅-ဝါအရ) မှစ၍ ဦးဝိမလသည် မင်္ဂလာတိုက်အတွင်းရှိ အသစ်ဆောက်
လုပ်သော"အလယ်ပိဋကတိုက်ကျောင်း"ကြီးတွင် သီတင်းသုံးလျက် မိမိထံ ပညာသင်ရန် ထက်..အောက်
မြန်ပြည်တစ်ခွင်မှကြွရောက်လာကြသော စာသင်သားများစွာတို့အား နှစ်ပေါင်း (၃ဝ) တိုင်တိုင် အဘိဓမ္မာ
ဆိုင်ရာ"မာတိကာ..ဓာတုကထာ..ယမိုက်..ပဋ္ဌာန်း"တည်းဟူသောပင်မကျမ်းကြီး ၃-မျိုးကို တစ်နှစ်လျှင် ၃-
ခေါက်ပို့ချလေသည်၊ ထို့ပြင် ၁၂၈၆-ခုမှစ၍ အစဉ်အမြဲ တရားပွဲများ ကျင်းပကာ ရဟန်းရှင်လူတရားနာပရိ
သတ်တို့အား"ဒါန..သီလ..သမထ"တရားများနှင့် သစ္စာဆိုက် ခန္ဓာဉာဏ်ရောက်တရားများ (နိဗ္ဗာန်ရောက်
ကြောင်းတရားများ) ကို ဟောကြားလေသည်။
"တရား သံဝေဂ ရခြင်း" ထိုသို့ စာချ တရားဟောနေသောအခါ အောင်ခြင်းရှစ်ပါး ဆရာတော်ဦးနာဂဝံသက
ဆရာတော်ဦးဝိမလအား၊ "စာချတာဟာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောတာလဲ ကုသိုလ်ရရုံပဲရှိတယ်၊
မိမိရဟန်းကိစ္စပြီးအောင် အလျင်လုပ်ပါဦး"ဟု ဆုံးမဩဝါဒပေးလေသည်၊ ဆရာတော်ဦးဝိမလသည် ထိုအ
ချိန်မှစ၍ သတိသံဝေဂရပြီး မိမိသီတင်းသုံးရာ တိုက်ကျောင်းကြီးတွင် အချိန်အနည်းငယ်သာ ကျိန်းစက်ပြီး
သန်ခေါင်ကျော်မှစ၍ သဒ္ဓါနှင့်ဝီရိယကို စွဲကိုင်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လေတော့
သည်၊ ဆရာတော်သည် ဓမ္မပဒပါဠိတော်၊ အဂုင်္တ္တိုရ်ပါဠိတော်၊ သံယုတ်ပါဠိတော်များကို ကောင်းစွာပြန်လည်
လေ့လာကြည့်ရှုလျက် (၁) ဉာတပရိညာ...နာမ်ရုပ်ကို ပိုင်းခြား၍ သိမှု၊ (၂) တီရဏပရိညာ..နာမ်ရုပ်တို့၏
အနိစ္စ..ဒုက္ခ..အနတ္တလက္ခဏရေးသုံးပါးကို ပိုင်ခြား၍သိမှု၊ (၃) ပဟာနပရိညာ..သစ္စာလေးပါကို ပိုင်းခြား၍
သိမှု၊ ကိုလေသာတို့ကို ပယ်မှုတည်းဟူသော ပရိညာ ၃-ပါး..ဉာဏ် ၃-ဆင့်သည်သာလျှင်သာဝကအရာဟု
တွေ့ရှိ၍၊ ယင်းတို့ကို  ကိုယ်တိုင်ကျင်ကြံ အားထုတ်ပြီးမှ ထိုတရားများကို ဟောကြားလေသည်၊ ဆရာတော်
သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်နှစ်ပါးတို့၏ ခဏမစဲ အမြဲမပြတ် ဖြစ်ပျက်နေသည့် ခဏိတမရဏသဘောကိုမပြတ်
နှလုံးသွင်းလေသည်၊ ဆရာတော်သည် မိမိဆောင်ရွက်ရမည့် ကိစ္စအဝဝတို့ကို သူ့အချိန်နှင့်သူ ပိုင်းခြား၍
မလစ်ဟင်းမပျက်ကွက်ရအောင် အချိန်ကိုလေးစားတိကျစွာလုပ်ဆောင်လေ့ရှိသည်၊ အချိန်ပျက်ကွက်မည်
စိုး၍ ပင့်ဖိတ်သည့် အလှူအတန်းများကိုပင် ကိုယ်တိုင်မလိုက်ဘဲ တပည့်များကိုကိုယ်စားလွှတ်လေ့ရှိသည်၊
ဆရာတော် လုပ်ဆောင့်လေ့ရှိသည့်အချိန်ဇယားမှာ ဤသို့ဖြစ်ပါသည်။
(၁) နံနက် ၄-၅ နာရီတွင် ဘုရားဝတ်ပြုပြီး ဝိပဿနာရှုပွားသည်။
(၂) နံနက် ၅-၆ နာရီတွင် ယာဂုစသည် ဘုဉ်းပေး၍အလှူဒကားများအား ဩဝါဒပေးသည်။
(၃) ၆-၇ နာရီတွင် ကျောင်းတိုက် အပြင်ဘက်ထွက်၍ လမ်းလျှောက်သည်။
(၄) ၇-၉ နာရီတွင် တပည့်ဒကားများအား လက်ခံတွေရှိ ဩဝါဒပေးသည်။
(၅) ၉-၁၁ နာရီတွင် ဆွမ်းဘုဉ်းပေး၍ ဒကာများအားတရားဟောပြောသည်။
(၆) ၁၁-၁၂ နာရီတွင် လက်ဖက်ရည်စသည် ဘုဉ်းပေးပြီးရေချိုးသည်။
(၇) နေ့ ၁၂-၁ နာရီတွင် အပန်းဖြေအနားယူရင်း ဝိပဿနာရှုပွားသည်။
(၈) ၁-၄ နာရီတွင် စာသင်သားများအား အဘိဓမ္မာကျမ်းဂန်များ ပို့ချသည်။
(၉) ၄-၅ နာရီတွင် အနားနေ အပန်းဖြေရင်း ဝိပဿနာ ရှုပွားသည်။
(၁ဝ) ၅-၆ နာရီတွင် ဘုရားဇရပ်ကြီး ၂-ခု၌ တစ်လှည့်စီ တရားဟောသည်။
(၁၁) ၆-၇ နာရီတွင် မင်္ဂလာတိုက်အတွင်း၌ စင်္ကြံလျှောက်သည်။
(၁၂) ည ၇-၉ နာရီတွင် အထာက်တပည့်ကြီးများနှင့် နောက်တစ်နေ့ ပို့ချမည့် အဘိဓမ္မာညဝါများကို ကြိုတင်
        ပြင်ဆင်သည်။
(၁၃) ၉-၁ဝ နာရီတွင် တပည့်များ၏ ဝတ်ဖြည့်ခြင်းကိုခံသည်။
                                "မင်းကွန်း...မိုးကုတ်ကျောင်း၌ စာပေပို့ချခြင်း"
မိုးကုတ်မြို့ ဦးဝ၏သမီး သီလရှင်"ဒေါ်ဝိလာသီ"သည် ဆရာကြီးဦးအုန်းထံမှ အဘိဓမ္မာညဝါဆိုင်ရာကျမ်းဂန်
များကိုသင်ယူပြီးနောက်၊ မင်းကွန်း မိုးကုတ်ချောင်သို့ ပြန်၍ တပည့်သီလရှင်များအား စာပေပို့ချလေသည်၊
ထိုသီလရှင်၏ ပင့်လျှောက်ချက်အရ ဆရာတော်သည်၊ ၁၂၈၆-ခု (၅-ဝါအရ) တွင် ထိုမိုးကုတ်ချောင်သို့ ကြွ
ရောက်၍ ဆောင်းရာသီ ၄-လပတ်လုံး စာသင်သားတို့အား စာပေပို့ချ သီတင်သုံးလေသည်၊ ထိုအကြောင်း
ကို ကြားသိ၍ နီးဝေးရပ်ရွာ လေးမျက်နှာမှ စာသင်သားများ လာရောက်၍ တစ်နေ့တခြားများပြားလာပြီး
နေရာမလုံလောက်သဖြင့် မိုးကိုတ်မြို့မှ ဒကာ-ဒကာမများက လာရောက်၍ ကျောင်းဆောက်ကြလေသည်၊
ဤသို့လျှင် သီလရှင်ဆရာမကြီး ဒေါ်ဝိလာသီကို အကြောင်းပြု၍ ဆရာတော်နှင့် မိုးကုတ်မြို့မှ ဒကာ-ဒကာမ
များနှင့် ရင်းနှီးသွားလေသည်၊ ဆရာတော်သည် ဆောင်း ၄-လ စာချပြီးနောက် ကျန်လများတွင် မင်္ဂလာ
တိုက်သို့ ပြန်ကြွ၍ စာပေပို့ချလေသည်။
                                              "ညောင်လေးပင်မြို့သို့ ကြွရောက် တရားဟောခြင်း"
"၁၂၈၁"ခုနှစ်တွင် လယ်တီဆရာတော်သည် ညောင်လေးပင်မြို့ ရွာမရပ်ရှိ ပြည်လုံးချမ်းသာ စေတီတော်၌
ဘုရားပွဲကျင်းပပွဲကနေစဉ် ရောက်ရှိသွားသောအခါ၊ "တစ်နှစ်တစ်ခါ"ငရဲရှာလူ့ရွာဘုရားပွဲ ဆိုတာနဲ့တူနေ
တယ်၊ ဘုရားပွဲမှာ ဇာတ်သဘင်ပွဲမခံကြပါနှင့်၊ တရားပွဲသက်သက်ကိုသာ လုပ်ကြပါ၊ ငါ့ကို ဇာတ်ပွဲတွေလှူ
ကြပါ ဟုဆို၍ အလှူခံရာ၊ ဘုရားလူကြီးများက လှူလိုက်ကြသည်၊ သို့ဖြစ်၍ ၁၂၈၂-ခုနှစ်မှစပြီး ထိုဘုရားပွဲ
တွင် လယ်တီဂိုဏ်းဆိုင်ရာ"သစ်ချတောင် ဦးတိလောက၊ ဦးပဏ္ဍိတ၊ ဦးစန္ဒိာမာ၊ ဦးပဒုမ စသော ဆရာတော်
များကြွရောက်၍ တရားဟောကြလေသည်၊ ၁၂၉၁-ခုနှစ်တွင်ကား စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်
တီစာချ ဓမ္မကထိကဆရာတော်ဦးပဒုမသည် မကျန်းမာ၍ တရားဟောမလိုက်နိုင်သဖြင့်၊ ညောင်လေးပင်မြို့
မှ ဘုရားလူကြီးများအား ဆရာတော်ဦးဝိမလကို စာရေးပေး၍ သွားပင်ခိုင်စေသည်၊ ဆရာတော်ဦးဝိမလ
သည် အကြောင်းမညီညွန်၍ ထိုနှစ်တွင်မကြွဖြစ်ချေ၊ နောက် ၁၂၉၂-ခုနှစ်တွင် ထိုကဲ့သို့ ထပ်မံပင့်သောအခါ
ဆရာတော်ဦးဝိမလသည် တပေါင်းလဆန်း ၆-ရာက်နေ့တွင် ပထမဆုံး ညောင်လေးပင်သို့ ကြွရောက်၍ ၈-
ရက်နေ့မှစပြီး အဘိဓမ္မာတရားများကို ဟောကြားလေသည်၊ ထိုနှစ်မှစ၍ ၉-နှစ်တိုင်တိုင်ပင် ဆရာတော်
သည် တပေါင်းလဆန်း ၈-ရက်နေ့တိုင်း နှစ်စဉ်ကျင်းပမြဲ ထိုဘုရားပွဲသို့ ကြွရောက်၍ အဘိဓမ္မာတရားများကို
ဟောကြားလေသည်၊ ထို့ကြောင့် ဆရာတော်သည် ညောင်လေးပင် မြို့သူမြို့သားများနှင့်လွန်စွာရင်းနှီးခဲ့
လေသည်၊ နောက် ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်၍ ထိုတရားပွဲမကျင်းပနိုင်သဖြင့် ဆရာတော်မကြွဖြစ်တော့ချေ၊
နောက် ၁၃၁၆-ခုနှစ်တွင်မှ တစ်ဖန်ထိုမြို့သို့ကြွ၍ မြို့လူထုကြီးအား တရားဟောလေသည်၊ ၁၃၁၇-ခုနှစ်တွင်
ကားဟောမြဲဌာန ပြည်လုံးချမ်းသာစေတီတော်နှင့် မြို့မမီးသတ်ကွင်းကြီးထဲ၌ ၁၆-ရက်တိုင်တိုင်များပြားလှ
သော ပရိသတ်ကြီးအားအလွန်နက်နဲ့ ခက်ခဲ့လှသော ဝိပဿနာတရားတော်များကို နားလည်သဘောပေါက်
အောင် ဟောပြောလေသည်၊ ဤ ၁၁-ကြိမ်မြောက်ကြွခြင်းကား နောက်ဆုံးကြွခြင်းပေတည်။
                                                  "မိုးကုတ်မြို့သို့ ကြွရောက်ခြင်း"
"၁၂၉၄"ခုနှစ်တွင် မိုးကုတ်မြို့မှ ကျောင်းဒကာကြီးဦးလယ်+ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ဆရာ
တော်သည် မိုးကုတ်မြို့သို့ ကြွရောက်၍ မိုးကုတ်အရွေ့ရွာကျောင်း၌ သီတင်းသုံးကာ မြို့သူမြို့သားများ
အား တရားဓမ္မ ဟောကြားလေသည်၊ ၁၂၉၅-ခုနှစ်တွင်လည်း ဆရာတော်သည် မိုးကုတ်မြို့သို့ကြွ၍ နတ်မွန်
ကျောင်းတိုက်၌ သီတင်းသုံးလျက် တရားဓမ္မများ ဟောကြားလေသည်၊ ၁၂၉၆-ခုနှစ်မှ ဒုတိယကမ္ဘာစစ်ကြီး
ဖြစ်သည့်အချိန်ထိ မိုးကုတ်မြို့သို့ နှစ်စဉ်ကြွ၍ မိုးကုတ်မြို့သုဿန်ကျောင်းတွင် သီတင်သုံးလျက် တရား
ဓမ္မများကို ဟောကြားလေသည်၊ ထိုသို့ ဟောကြားပြီးနောက် ဝါဆိုချိန်နီးမှ အမရပူရမြို့ မင်္ဂလာတိုက်သို့
ပြန်ကြွ၍ သီတင်းသုံးလေသည်၊ မိုးကုတ်မြို့မှ ဒကာ..ဒကာမတို့သည် ဆရာတော်၏တရားများကို လွန်စွာ
နှစ်သက်ကြသဖြင့် ၁၂၉၇-ခုနှစ်ကစပြီး မင်္ဂလာတိုက်အတွင်း၌ ကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေ
သည်၊ ထိုကျောင်းများကို မိုးကုတ်ကျောင်းဟု ခေါ်တွင်သည်၊ ဆရာတော်သည် ထိုမိုးကုတ် ကျောင်းများ
တွင် ဝါကပ်သီသုံးလျက် စာပေပို့ချခြင်း တရားဟောခြင်းများကို ပြုလေသည်။ ဆရာတော်သည် အမရပူမြို့
မင်းကွန်း မိုးကုတ်ချောင်..ညောင်လေးပင်မြို့နှင့် မိုးကုတ်မြို့များသို့ နှစ်စဉ် လှည့်လည်၍သီတင်းသုံးလျက်
တရားဓမ္မများဟောကြားလေသည်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်လာသောအခါ၊ မြန်မာနိုင်ငံ၌လည်း
အခြေအနေမှာ တစ်နေ့တခြား ဆိုးဝါးလာလေသည်၊ ထိုအခါ ဆရာတော်သည် စစ်ကို တိမ်းရှောင်သော
အားဖြင့် မင်းကွန်းမိုးကုတ်ချောင်သို့ကြွရောက် သီတင်းသုံးလေသည်၊ တစ်ဖန်စစ်မီးကြီး ပျံ့နှံ့လာသောအခါ
(၁၃ဝ၃-ခုနှစ်မှစ၍ စစ်ကြီးအတွင်း၌) မိုးကုတ်မြို့သို့ ကြွရောက်ကာ သုဿန်ကျောင်း၌သီတင်းသုံးလေသည်
မိုးကုတ်မြို့မှ ၄-မိုင်ခန့် ကွာဝေးသော"ဘော်ဘတန်းရွာ" ဒေါ်ကြီး၏ ကျောင်းသို့ပြောင်းရွေ့သီတင်းသုံးလေ
သည်၊ ထိုရွာကလေးမှာ ပေလေးထောင်ကျော်မြင့်သည့်တောင်ပေါ်တွင်သည်ရှိသည်၊ ထိုတောင်မှာ သဘာဝ
လိုဏ်ဂူများရှိသည်၊ ဆရာတော်သည် ဆွမ်းဘုဉ်းပေးချိန် ရေချိုးချိန်၊ ဒကာများအား တရာဟော ဩဝါဒပေး
ချိန်စသော အချိန်များမှတစ်ပါး သဘာဝ ကျောက်လိုဏ်ဂူ၌သာ သီတင်းသုံး၍ ဝိပဿနာတရား အားထုတ်
နေလေ့ရှိသည်၊ စစ်ကြီးပြီးသည့် နောက်ပိုင်းအထိ ထိုကျောက်လိုဏ်ဂူမှာပင် ဆက်လက် သီတင်းသုံး၍
တရားအားထုတ်လေသည်၊ နောက် ဒကာများ၏ အတန်တန် ပင့်လျှောက်ချက်အရ မိုးကုတ်သုဿန်
ကျောင်းသို့ ပြန်ကြွ၍ လူမျိုးစုံပါဝင်သော တရားနာ ပရိသတ်ကြီးအား တရားဓမ္မဟောကြားလေသည်။ ဆရာ
တော်သည် စစ်ကြီးပြီးဆုံး၍ တိုင်းပြည်အခြေအနေကောင်းလာသောအခါ အမရပူရမြို့သို့ပြန်ကြွ၍ မင်္ဂလာ
တိုက်၌ သီတင်းသုံးလျက်၊ ယခင်အတိုင်း စာပေပို့ချခြင်း တရားဟောခြင်းများကို ပြန်လည် လုပ်ဆောင်လေ
သည်၊ ၁၃၁၆-ခုနှစ်တွင် မိုးကုတ်မြို့ မြို့မရပ်နေ"ဒေါ်အုံ၊ ဒေါ်ဖုံ"တို့ မိသားစုက မိုးကုတ်မြို့ ထင်းရှုးရပ်
ဖောင်တော်ဦးဘုရားအနီး၌ တိုက်ကျောင်း တစ်ကျောင်းကို ဆရာတော်သီတင်းသုံးရန်ဆောက်လုပ်လှူဒါန်း
ပြီး "မိုးကုတ်မြို့ မင်္ဂလာတိုက်"ဟု မှည့်ခေါ်လေသည်၊ ထိုနောက် အခြားသောမိုးကုတ်မြို့သူမြို့သားများက
သိမ်တိုက် ဇရပ်ကြီးများ စင်္ကြံကျောင်းများ ကမ္မဋ္ဌာန်းကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေသည်။
ဆရာတော်သည် ဆင်းရဲ ချမ်းသာမရွေး လူမျိုးမရွး ဘာသာမရွေး တပြေးတသားတည်း သဘောထားလျက်
ဘုရားဟောကျမ်းဂန်များ၌လာသည်အတိုင်း တရားတော်များကိုအပိုအလိုမရှိပြည့်စုံစွာ ဟောကြားလေ့ရှိ
သောကြောင့်၊ မိုးကုတ်မြို့ မင်္ဂလာကျောင်းတိုက်ကြီးဝယ် နေ့စဉ်နေ့တိုင်း များလှစွာသော တရားနာပရိသတ်
ကြီးမှာ ည ၇-နာရီမှ ၈-နာရီ အထိတရားနာကြလေသည်၊ ထိုဓမ္မမိတ်ဆွေများထဲတွင် ပန်ဂျာပီလူမျိုး..ဂူဂျရာ
တီလူမျိုးများလည်း ပါဝင်သည်၊ ထိုသူတို့နားမလည်သော အချက်များကို စကားပြန်တစ်ယောက်ဖြင့် ညနေ
၂-နာရီမှ ၃-နာရီအချိန်တိုင် ဆရာတော်က ရှင်းလင်းဟောပြလေသည်၊ ဆရာတော်သည် ဝါဆိုရန်ရက်နီးကပ်
မှသာ အမရပူရမြို့သို့ ပြန်ကြွလေ့ရှိသည်၊ ဆရာတော်သည် ၁၁-နှစ်တိုင်တိုင် နှစ်စဉ်မပြတ် မိုးကုတ်မြို့သို့
ကြွရောက်သီတင်းသုံးလေ့ ရှိသောကြောင့်၊ "မိုးကုတ်ဆရာတော်"ဟုအများကခေါ် စမှတ်ပြုကြလေသည်၊
ဆရာတော်သည် မိုးကုတ်မြို့၌ နေစဉ်မှာလည်း အမရပူရမြို့၌ နေသကဲ့သို့ပင် နံနက် ၄-နာရီမှစ၍ ည ၁ဝ-နာ
ရီအထိ သူ့အချိန်နှင့်သူ ဝတ်ပြုခြင်း၊ ဝိပဿနာအားထုတ်ခြင်း၊ စင်္ကြံလျှောက်ခြင်း၊ လက်ဖက်ရည်မုန့်ဘုဉ်း
ပေးခြင်း၊ ဆွမ်းစားခြင်း၊ ဒကာများအား ဩဝါဒပေးခြင်း၊ အဘိဓမ္မာကျမ်းဂန်များကို ပို့ချခြင်း၊ တရားပွဲကြီးများ
ကျင်းပဟောကြားခြင်းတို့ကို ပြုလုပ်လျက်၊ လူမျိုးခြားတို့အားလည်း အထူးအချိန်ပေး၍တရားသဘော ရှင်း
လင်းဟောကြားလေသည်။
                            "သီဟိုဠ်၌ မဟာစေတီတော်အတွက် စိန်ဖူးလှူခြင်းကိစ္စ ဆောင်ရွက်ခြင်း"
မိုးကုတ်မြို့သည် ကျောက်မျက်ရတနာများ ပေါကြွယ်ဝသည်နှင့်အမျှ မြို့သူမြို့သားတို့မှာလည်း သဒ္ဓါတရား
ထက်သန်သူများ ဖြစ်ကြပါသည်၊ ထိုအကြောင်းကို ကြားသိရသော သီဟိုဠ်ကျွန်း မဟာစေတီတော် ဂေါပက
လူကြီးများသည် ထိုစေတီတော်အတွက် စိန်ဖူးတော်ဖြစ်မြောက်ရန် မိုးကုတ်ဆရာတော် ဦးဝိမလထံ ချည်း
ကပ်၍ဆောက်ရွက်ရန် ဆုံးဖြတ်ကြလေသည်၊ ထိုအချိန်လောက်မှာပင် ဆရာတော်သည်"သီဟိုဋ်သို့ကောင်း
ကင်ဖြင့်ကြွ၍ မဟာစေတီတော်ကို ဖူးမျော်ကန်တော့ပြီး သန့်ရှင်းပြုပြင်လျက် သာသနာပြုရသည်"ဟု အိပ်
မက်မက်လေသည်၊ ထိုနောက်ဆရာတော်သည် မဟာစေတီတော် ဂေါပကအဖွဲ့မှ ထိုဆုံးဖြတ်ချက်အရ
"စိန်ဖူးတော်ဖြစ်မြောက်ရေးကိုဆောက်ရွက်ပေးရန် ပန်ကြားစာ"ကို ရရှိလေသည်၊ ဆရာတော်သည် ထိုစာ
အရ မိုးကုတ်မြို့ မြို့မျက်နှာဖုံးလူကြီးများနှင့်တိုင်ပင်ပြီး"စိန်ဖူးတော် ဖြစ်မြောက်ရေးကို ဆောင်ရွက်ပေးမည်
အကြောင်း"ကို ဂေါပကလူကြီးများထံစာပြန်လိုက်လေသည်။ ထို့ကြောင့် သီဟိုဠ်မှ ဆရာတော် ဦးဝိနယာလ
င်္ကာရသည် များမကြာမိ မိုးကုတ်မြို့သို့ကြွလာသည်၊ မိုးကုတ်ဆရာတော်၊ ဆရာတော် ဦးကောသလ္လနှင့်တ
ကွ မြို့လူကြီးများဦးဆောက်ပြီး အလှူခံကြရာ စိန်ဖူးတော်အတွက် ကျောက်သံပတ္တမြား ရွှေ ငွေရတနာ များ
စွာကိုအလှူခံရရှိလေသည်၊ ထိုနောက် ဆရာတော်သည် ထိုအလှူခံ အဖွဲ့ဝင် အချို့နှင့် ညောင်လေးပင်မြို့
သို့ကြွပြီး စိန်ဖူးတော်ဖြစ်မြောက်ရေးအတွက် အလှူခံရာ ရွှေ ငွေရတနာများစွာကို ရရှိပြန်လေသည်၊ ထို
နောက် စိန်ဖူးတော်ကိုပြုလုပ်၍ သီဟိုဠ်ဆရာတော် ဦးဝိနယာလင်္ကာရ၊ မိုးကုတ်ဆရာတော်၊ ဆရာတော်
ဦးကောသလ္လ တိုနှင့်၊ မိုးကုတ် အမှုဆောင်အဖွဲ့သားများက စိန်ဖူးတော်ကို မိုးကုတ်မြို့မှ မန္တလေးမြို့သို့၊ ထို
မှတစ်ဆင့်ရန်ကုန်မြို့သို့ပင်ဆောင်၍ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်ကာ မြို့သူမြို့သားတို့၏
အပူဇော်ကိုခံလေသည်၊ ထိုနောက် ဦးဝိနယာလင်္ကာရနှင့် ဆရာတော် ဦးကောသလ္လတို့ ဦးဆောင်၍ မိုးကုတ်
မြို့မှ အမှုဆောက်လူကြီးတချို့က စိန်ဖူးတော်ကို သီဟိုဠ်သို့ သင်္ဘောဖြင့် ခမ်းနားသိုက်မြိုက်စွာ ပင့်ဆောင်
ပြီး မဟာစေတီတော်၌ စိန်ဖူးတင်ကြလေသည်၊ မိုးကုတ်ဆရာတော်မှာ နောက်မှ သီဟိုဠ်သို့ လေယာဉ်ဖြင့်
ကြွရန် အစီအစဉ်ရှိသော်လည်း၊ အကြောင်းမညီညွတ်၍မကြွဖြစ်ခဲ့ချေ။
                                 "ဗိုလ်တထောင် စေတီတော်အတွက် စိန်ဖူးတင်ရန် ဆောင်ရွက်ခြင်း"
ထိုနောက် မိုးကုတ်ဆရာတော်သည် ၁၃ဝ၇-ခု ၁၉၄၅-ခုနှစ်တွင် ရန်ကုန်မြို့ ဗိုလ်တထောင် စေတီတော်အ
တွက် စိန်ဖူးတော်ဖြစ်မြောက်ရန် မိုးကုတ်မြို့မှ ဒကာ ဒကာမများ၏ အကူအညီဖြင့် ဆောင်ရွက်လေသည်၊
အဖိုးတန် ရတနာတို့ဖြင့်စီခြယ်ထားသော စိန်ဖူးတော်ကို မိုးကုတ်မြို့မှ မန္တလေးမြို့သို့၊ ထိုမှ အမရပူရမြို့
မင်္ဂလာကျောင်းတိုက်သို့ ခမ်းနားစွာဖြင့်ပင့်ဆောင်၍ အများပြည်သူတို့ ပူဇော်နှိင်ရန်ထားသည်။ ထိုနောက်
မန္တလေးမြို့မှတစ်ဆင့် လေယာဉ်ပျံစင်လုံးငှား၍ ရန်ကုန်သို့ ပင့်ဆောင်ရာ ဗိုလ်တထောင် ဂေါပကလူကြီးများ
က ခမ်းနားသိုက်မြိုက့်စွာ ကြိုဆို၍ ဗိုလ်တထောင်စေတီတော်သို့ပင့်ဆောင်ပြီး စိန်ဖူးတော်တင်ကြလေသည်။
                                  "မန္တလေးမြို့၌ တရားပွဲကျင်းပ ဟောကြားခြင်း"
ဆရာတော်သည် ၁၃၁၆-ခုနှစ်တွင် သက်တော် ၅၅-နှစ်ရှိလာသော်၊ ပရိယတ္တိစာပေ ပို့ချမှုကို မပြုတော့ဘဲ
နေ့စဉ်အချိန်မှန်မှန် နေ့တရား၊ ညတရားများကို တရားနာပရိသတ်တို့အား"ခန္ဓာအရှိ ဉာဏ်အသိ"နှင့် ကိုက်
ညီအောင် ဟောကြားလေသည်။ ဆရာတော်သည် ထိုနှစ်၌ပင် မကျန်းမမာဖြစ်လာ၍ တရားဟောမှုကို
ခေတ္တရပ်ဆိုင်းထားရသည်။ မန္တလေးမြို့မှ အထူးကု ဆရာဝန်းကြီးများနှင့် ကြပ်မတ်ကုသ၍ မကြာမီပင်
ကျန်းမာလာလေသည်။ ၁၃၁၇-ခုနှစ်တွင် ဆရာတော်သည် မန္တလေးမြို့၌ ပထမဦးဆုံး တရားဟောလေ
သည်၊ ထိုနောက် မန္တလေးမြို့မှ ဒကာများ၏ တောင်းပန်ချက်အရဆရာတော်သည် မန္တလေးမြို့သို့ နှစ်စဉ်
ကြွ၍နတ်တော်လမှ တပေါင်းလအထိ တရားပွဲကြီးများကို ကျင်းပကာ ညစဉ် ၇-နာရီမှ ၈-နာရီအထိ ဟော
ကြားလေသည်။ ဆရာတော်သည် ဘုရားဟောကျမ်း များလာသည့်အတိုင်း လေးနက်လှသည့် တရားအဓိ
ပ္ပာယ်တို့ကို ဥပမာ ဥပမေယျတို့ဖြင့် ပေါ်လွင် ထင်ရှားအောင် ဟောစွမ်းနိုင်သဖြင့် တရားနာမရိသတ်ကြီးမှာ
တစ်ညထက် တစ်ညပို၍ များပြားလာလေသည်။
                                     "မင်္ဂလာမဂ္ဂင်ရိပ်သာ ဖြစ်ပေါ်လာခြင်း"
မိုးကုတ်ဆရာတော်၏ စာပေကျမ်းဂန်ပိုချမှု၊ တရားဓမ္မဟောပြမှုတို့ကြောင့် စာသင်သား ရဟန်းသံဃာတို့
များပြားလာ၍ ဒကာ..ဒကာမတို့က ကျောင်းများဆောက်လုပ်လှူဒါန်းကြလေရာ၊ မင်္ဂလာကျောင်းတိုက်ဝင်း
အတွင်းဝယ် ကျောင်းများပြည့်ကျပ်လျက်ရှိပေသည်။ ထို့ပြင် တရားအားထုတ်လိုသူ သီလရှင်နှင့် လူပုဂ္ဂိုလ်
တရားနာပရိသတ်များ တိုးတက်များပြားလာသဖြင့် ဆရာတော်၏ ဆန္ဒအရ မင်္ဂလာတိုက်အနီးတွင် မြေရာ
သစ်ကို ရှာဖွေ၍ အုတ်တံတိုင်းခတ်လျက် ဒကာ..ဒကာမတို့က"၁၃၁၆"ခုနှစ်တွင်"မင်္ဂလာ မဂ္ဂင်ရိပ်သာ"ဟု
ခေါ်တွင်သော ရိပ်သာကို တည်ထောင်၍ ကမ္မဋ္ဌာန်းကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေသည်။
မဂ္ဂင်ရိပ်သာအတွင်း၌လည်း အဆောက်အအုံတွေ တိုးတက်များပြားလာသလောက် နီးဝေ ရပ်ရွာ မြို့တကာ
မှ တရားအားထုတ်လိုသူ ယောဂီတွေအထူး များပြားလာလေတော့သည်။ ၁၃၂ဝ-ခုနှစ်တွင် ဟင်္သာတမြို့မှ
စက်ပိုင်များဖြစ်ကြသည့် ဦးမာဒင်နှင့် ဟင်္သာတ ဦးမြတို့သည် တရားအားထုတ်ရန်ရောက်လာကြသည်။
ဆရာတော်ကလည်း ၎င်းတို့ကိုအကြောင်းပြု၍ ရိပ်သာကျောင်းပေါ်၌ နေ့ ၁-နာရီမှ ၂-နာရီ အထိတရားဓမ္မ
အထူးဟောကြားလေသည်။ ဦးမာဒင်တို့သည် တရားလည်းနာ၊ အားလည်း ထုတ်၊ အသံဖမ်း စက်များနှင့်
လည်း ဆရာတော်၏ တရားများကို ဖမ်းယူကြလေသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့မှ လူချမ်းသာ ဂုဏ်
သရေရှိ ပုဂ္ဂိုလ်များဖြစ်သည့် ဦးသံဒိုင်၊ ဦးထွန်းရင်၊ ကျားပျံဦးသန်းမောင်၊ သခင် ဝတင်၊ ဝန်ကြီးဟောင်းများ
ဖြစ်ကြသည် ဦးတင်နှင့် ဦးအောင်ဇံဝေ-စသည် ပုဂ္ဂိုလ်ကြီးများနှင့် ရဟန်းသံဃာများပါ မပြတ်ရောက်လာကြ
သဖြင့် နေံအထူးတရားပွဲကို အမြဲတမ်း တရားပွဲအဖြစ် အချိန်သတ်မှတ်၍ ဟောကြားလေသည်။
"လေငန်းရောဂါစွဲကပ်ခြင်း"ဆရာတော်သည် ၁၃၂၂-ခု တပို့တွဲလဆန်း ၁၄-ရက်နေ့တွင် မန္တမြို့ ရွှေလှန်ရပ်ရှိ
စခမ်းသာ ပွဲရုံပိုင်ရုင် ဦးချစ်ဆွေ+ဒေါ်မမ တို့၏ ယာယီစံကျောင်းသို့ကြွရောက်သီတင်းသုံးပြီး တပို့တွဲလပြည့်
နေ့မှစ၍ ညစဉ် ၇-နာရီမှ ၈-နာရီအထိ ပရိသတ် ငါးထောင်ကျော်မျှရှိသော မန္တလေးမြို့သူမြို့သားတို့အား
တရားဓမ္မဟောကြားလေသည်။ ထိုနှစ် တန်ခူးလဆုပ် ၂-ရက်နေ့တွင် ဆရာတော်သည် အအေးပတ်၍
ရုတ်တရက် လေငန်းရောဂါစွဲကပ်ဖိစီးသဖြင့် တရားကို ဆက်လက်မဟောနိုင်တော့ဘဲ ရုပ်သိမ်းလိုက်ရသည်
ဒကာ..ဒကာမများက ဒေါက်တာဆိုနီကိုလည်းကောင်း၊ မြန်မာလက်နှိပ်သည် ဆရာကြီး ဦးထူးကိုလည်း
ကောင်း ပင့်၍ ဆရာတော်ကို အထူးဂရုစိုက်ကုသကြလေသည်။ ထိုသို့ဂရုစိုက်ကုသကြသဖြင့် ဆရာတော်၏
ရောဂါမှာ တစ်နေ့တခြား သက်သာလာလေသည်။ ရောဂါမှာ သက်သာခါစဖြစ်၍ ဆရာဝန်ကြီးများက တရား
မဟောရန် တောင်းပန်ကြသော်လည်း၊ ဆရာတော်သည် မိမိခန္ဓာကိုယ်ကို မငဲ့ညှာဘဲ နေ့စဉ်ပင် တရားဓမ္မ
များကို ဆက်လက် ဟောကြားလေသည်။
                                           "အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခြင်း"
၁၃၂၄-ခုနှစ် ဝါဆိုလဆန်း ၅-ရက် (၆-၇-၆၂) နေ့တွင် ရန်ကုန်မြို့တွင်"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်ဆက်
ကပ်ခြင်းကို လက်ခံရန်အတွက် ဆရာတော်သည် မန္တလေးမှ ရန်ကုန်သို့ သီးသန့် အထူးမီးရထားတွဲလုံးဖြင့်
ဒကာ..ဒကာမအရင်းအချာများနှင့်တကွ ကြွလေသည်။ မီးရထားဆိုက်ရာမြို့များမှ ပရိသတ်များလာရောက်
၍ ဆရာတော်အားဖူးမြော် ကြသည်။ ညောင်လေးပင်မြို့နှင့် ပဲခူးမြို့၌ကား လာရောက်ဖူးကြသည့် ပရိသတ်
ကြီးမှာ ဘူတာအတွင်း ပြည့်လျှံသွားလေသည်။ ရန်ကုန်ဘူတာကြီး ရောက်သောအခါ"ဦးသံဒိုင်၊ ဦးမာဒင်၊
ဦးတင်၊ ဦးအောင်ဇံဝေ"တို့ ဦးဆောက်လျက် လူထု ပရိသတ်ကြီးက လာရောက်ဖူးမြော်ကြိုဆိုကြသည်။
ဆရာတော်သည် ဦးသံဒိုင်၏ ယာယီစံကျောင်း၌ သီတင်းသုံးလျက် ရောက်သည်နေ့မှစ၍ ညစဉ် ၆-နာရီမှ
၇-နာရီအထိ တရားနာ ပရိသတ်ကြီးအား တရားဓမ္မဟောကြားလေသည်။ ဒကာရင်များအား နေ့အထူးတရား
များဟောကြား၍ မေးမြန်းသည့် မေးခွန်းများကို စိတ်ရှည်ရှည်ဖြင့် ဖြေကြားရှင်းပြလေသည်။ ဆရာတော်
သည် ဝါဆိုလဆန်း ၇-ရက် (၈-၇-၆၂) တနင်္ဂနွေ နေ့တွင် နိုင်ငံတော်အစိုးရ သာသနာရေးဌာနမှ ဆက်ကပ်
သော"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့ဆိပ်ကို အလှူခံ၍ လဆန်း ၁၄-ရက်နေ့တွင် ရန်ကုန်မှ အမရပူရမြို့သို့ ပြန်ကြွ
လေသည်။
                                               "ဆရာတော်၏ နောက်ဆုံးသုံးလ"
ဆရာတော်သည် ၁၃၂၄-ခုနှစ်၊ ရန်ကုန်မှ ပြန်ရောက်၍ မင်္ဂလာကျောင်းတိုက်၌ နောက်ဆုံးဝါကပ်လေသည်။
ဆရာတော်သည် မိမိခန္ဓာကိုယ်ကို မငဲ့ညှာဘဲ ဒကာ..ဒကာမအပေါင်းအား တရားဟောခြင်း၊ တရားစစ်ခြင်း
များကို အချိန်ပြည့်ပြုလုပ်လေသည်၊ ဆရာတော်မှာ ယခင်က သွေးတိုးနှင့် ဆီးချိုရောဂါ ရှိခဲ့ဘူးရာ၊ ဆရာ
တော်အား အစဉ်ကုသခဲ့သော ဆရာဝန်ကြီးများက ဆရာတော်၏ ကျန်းမာရေးကို ၇-ရက်တစ်ကြိမ်ခန့် လာ
ရောက်စမ်းသပ်ကြလေသည်။ ဆရာတော်သည် လေစိမ်းတိုက်လျှင် အခိုးငုပ်သဖြင့်"မိုးကုတ်အခိုးပွင့်ဆေး"
ကို အမြဲမှီဝဲလေသည်။ သီတင်းကျွတ်လပြည့်ကျော် ၃-ရက်နှင့် ၄-ရက်နေ့များတွင် မိုးကုတ်မြို့မှ ဦးချစ်လှ၊
ဒေါ်သောင်းတို့ကလာရောက်၍ သားရှင်ပြုနှင့် ကထိန်ခင်းရန်ပြင်ဆင်ကြလေသည်။ ဆရာတော်သည် ၃-
ရက်နေ့တွင် ထိုရှင်ပြုပွဲ၌ ရှင်သမဏေလောင်းအား ကိုယ်တိုင် ရှင်သမဏေပြုပေးပြီး၊ ကထိန်အတွက် အကြို
ရေစက်ချ တရားဟောလေရာ၊ ပန်ကာလေမိ၍ အခိုးငုပ်သွားသဖြင့် အခိုးပွင့်ဆေးကို ဘုဉ်းပေးလေသည်။
ဆရာတော်သည် မကျန်းမမာ ဖြစ်သော်လည်း ထိုနေ့ညတရားပွဲကို ဟောဖြစ်အောင် ဟောလိုက်သေးသည်
ထိုတရားကား နောက်ဆုံးတရားဖြစ်၏။
နောက်တစ်နေ့ (၄-ရက်) ဗုဒ္ဓဟူးနေ့တွင် ရိပ်သာအတွင်းရှိ ဓမ္မာရုံ၌ ကထိန်သင်္ကန်း ကပ်လှူပွဲကျင်းပမည်ဖြစ်
၏၊ ထိုနေ့ နံနက် ၆-နာရီတွင် သံဃာတော် ၂ဝဝ-ကျော်တို့အား မင်္ဂလာတိုက်အတွင်းရှိ မိုးကုတ်တိုက်ကျောင်း
ကြီး၌ ဆွမ်းကပ်၍ ဓမ္မာရုံ၌လည်း သီလရှင်များနှင့် ဧည့်ပရိသတ်အား ဧည့်ခံကျွေးမွေးလေသည်၊ သံဃာ
တော်များ ဆွမ်းဘုဉ်းပေးပြီးသော်၊ မိုးကုတ်ဆရာတော်သည် မထေရ်ကြီးများအား လှူဖွယ်ပစ္စည်းများကို
ဆက်ကပ်လှူဒါန်းပြီး ပြန်အကြွတွင်လည်း ကျောင်းပေါ်မှ ကားများဆီသို့ အရောက် လိုက်ပို့နှုတ်ဆက်လေ
သည်။ ထိုနောက် ဆရာတော်သည် ဦးလှဘူးကိုခေါ်၍ မင်္ဂလာရိပ်သာကျောင်းတိုက်သို့ ကြွသွားလေသည်။
ဆရာတော်သည် သံဃာတော်များအား ဆွမ်းကပ်စဉ်က ဟင်းနံ့တွေနံ့သဖြင့် ဆွမ်းဘုဉ်းမပေးဘဲကော်ဖီမျှ
သာဘုဉ်းပေးလေသည်။ ဆရာတော်သည် ပက်လက် ကုလားထိုင်ပေါ်တွင် သီတင်းသုံးလျက် ရပ်ဝေးမှ
တရားအားထုတ်လာကြသည့် ပုဂ္ဂိုလ်များအား တရားဓမ္မ ဟောပြလေသည်။
"ရောဂါဖိစီးလာခြင်း" ဆရာတော်သည် မနေ့က ရှင်ပြုရေစက်ချပွဲမှာ ပန်ကာလေမိ၍ အခိုးငုပ်သွားခဲ့သဖြင့်
၁၁-နာရီလောက်တွင် ဆရာတော်အားကုသနေကျ မန္တလေးမြို့မှ ဒေါက်တာ ဆိုနီကို သွားပင့်ကြလေသည်၊
၁၁-နာရီ ခွဲလောက်တွင် ဆရာတော်သည် တပည့်သံဃာ ၃-ပါးနှင့် အတူလက်ဖက်ရေနှင့် စွပ်ပြုတ်ကို ဘုဉ်း
ပေးပြီး အနီးရှိယောဂီများအား ဆုံးမဩဝါဒစကားပြောကြားနေစဉ်ရုတ်တရက် ဝေဒနာပြင်းထန်စွာ ဝင်
ရောက်ဖိစီးလာလေသည်။ ၁၂-နာရီလောက်တွင် ဒေါက်တာ ဆိုနီ ရောက်ရှိလာပြီး ဆရာတော်၏ ရောဂါဝေ
ဒနာကို အစွမ်းကုန် ကုသကြလေသည်၊ နောက် ဒေါက်တာ ဆိုနိ ကပင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာ
ဝန်ကြီး စောမြအောင်ကို ထပ်မံ အပင်ခိုင်း၍ ရောက်လာသော် ၂-ဦးသား တိုင်ပင် ညှိနှိုင်းပြီး ကုသကြလေ
သည်။ ထိုအခါ ဆရာတော်က အနီးရှိ ဝတ်ပြုနေကြသော ဒကာ..ဒကာမများအား"ခန္ဓာရတဲ့သူတိုင်း ခံစားရ
တဲ့ ဝေဒနာကို ကြည့်ထားကြ"ဟု ဆုံးမဩဝါဒပေးလေသည်။
"ပျံလွန်တော်မူခြင်း" ထိုနောက် မင်္ဂလာကျောင်းတိုက်၌ ပြုလုပ်နေသည့် ကထိန်သင်္ကန်းကပ်လှူပွဲကြီး၌ နေ့
၁-နာရီတွင် တရားဟောရန် ကြွမည်ပြုသော်၊ ဒကားများက တရားဟောရန်မသင့်ကြောင်း လျှောက်ထားကြ
သဖြင့် အနီးရှိ ဦးပဏ္ဍိတအား မင်းငါ့ကိုယ်စား ဓမ္မာရုံသို့ သွား၍တရားဟောချေ၊ ရှော်တော်တော်မလုပ်နဲ့ဟု
စေခိုင်းပြီး၊ ဦးကုဏ္ဍလကိုလည်း မင်းကတော့ သွားပြီးရေစက်ချချေဟု စေခိုင်းလေသည်။ ထိုနောက် ဆရာ
ဝန်ကြီးများဘက်သို့ လှည့်၍"နောက်ထပ် ဆေးထိုးရန်ရှိသေးရင် မြန်မြန်ထိုးကြ၊ အချိန် မရှိတော့ဘူး၊ မင်းတို့
ဆေးကလဲ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"ဟု အမိန်ရှိလေသည်။ နောက် ဦးချစ်ဆွေ-ဒေါ်ဒေါ်မ (မန္တလေး) တို့
ရောက်ရှိလာရာ၊ ဆရာတော်က မောင်ချစ်ဆွေ၊ ဒီတစ်ခါတော့မရတော့ဘူးဟု အမိန့်ရှိ၏၊ နောက် အနီး၌
ဦးတင်ငွေအား ဟေ့ တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီဟု အမိန်ရှိပြီး၊ အနီးရှိ ဒကာ..ဒကာမများအား
"ခန္ဓာရှိသူတိုင်း ခံရမည့် ဝေဒနာကိုကျော်လွန်အောင်ရှုကြ၊မမေ့မလျော့နေရစ်ကြ"ဟုဆုံးမဩဝါဒပေးပြီး
နောက်၊ (၁၅-မိနစ်ခန့်) တရားနှလုံးသွင်းလျက် နေ့ ၁-နာရီ မိနစ် ၂ဝ (သက်တော် ၆၃-နှစ်တွင်) ပျံလွန်တော်
မူသွားလေသည်။
"ပူဇော်ကြခြင်း"သီတင်းကျွတ်လပြည့်ကျော် ၁ဝ-ရက်နေ့တွင် သံဃာတော် ၅ဝ၅-ပါးတို့အား ဆွမ်းကပ်ပြီး၊
တစ်ပါးလျှင်"သင်္ကန်းဒွိစုံ၊ ဖိနပ်၊ မျက်နှာသုတ်ပါဝါ၊ သံသပိတ်၊ ပန်းကန်တစ်စုံ"စီလှူဒါန်းဆက်ကပ်ပြီးနောက်
တပည့်သံဃာများကိုယ်တိုင် ဆရာတော်၏ရုပ်ကလာပ်ကို ပခုံပေါ်ထမ်း၍ပင့်ဆောင်ကြပြီး၊ မင်္ဂလာရိပ်သာအ
တွင်းရှိ ဓမ္မာရုံကြီး၌ နိဗ္ဗာန်ကျောင်းအဖြစ် သတ်မှတ်ကာ ရပ်နီးရပ်ဝေး တပည့်ဒကာ..ဒကာမများဖူးမျော်နိုင်
ရန် ပြာသိုလဆန်း ၉-ရက်နေ့အထိ"ဘော်ပြာသာဒ်"ဖြင့်ထားရှိလေသည်။ (လဆန်း ၇-ရက်နှင့် ၈-ရက်နေ့ည
များတွင် ဆရာတော် အရှင်ဇနကာဘိဝံသနှင့်အနီးစခန်း ဆရာတော်အသီးသီးက တရားဟောကြလေသည်)
လဆန်း ၉-ရက်နေ့ ၁၂-နာရီတွင် ဆရာတော်၏ ရုပ်ကလာပ်ကို အမရပူရမြို့ အိုးတော်ရပ်ရှိ ပွဲတော်အင်း
ကွင်းပြင်သို့ ပတ္တမြားအခေါင်းဖြင့် နတ်မြင်းပျံယာဉ်ကြီးပေါ်တွင် တင်ပြီးပင့်ဆောင်၍ လပြည့်နေ့အထိ ၇-
ရက်တိုင်တိုင် အများပြည်သူကြည်ညို ပူဇော်နိုင်ရန် ခမ်းနားစွာထားရှိလေသည်။ ထိုသို့ပင့်ဆောင်ရာတွင်လာ
ရောက်ဖူးမျှော်ကြသည့် ပရိသတ်ကြီးမှာ အသိန်းမကများပြားလှ၏၊ မြန်မာ၊ ဟိန္ဒူ၊ တရုပ်၊ ရှမ်း အတီးအမှုတ်
အကများ၊ အာရုံတော်ဝတ်အသင်းနှင့် ဓမ္မစင်္ကြာအမျိုးသမီးတို့၏ တရားသံများဖြင့် တစ်မြို့လုံး ပဲတင်ထပ်
သွားလေသည်။
                                                         "ဈာပနအခမ်းအနား"
ဈာပနကျင်းပရာ ဧက ၅ဝ-ကျော်ရှိသော ပွဲခင်းအတွင်း၌ ၂၄-ခန်း ပတ်လည်ရှိသော ဗဟိုစံကျောင်းကြီး အပါ
အဝင် ၁၄-ခန်း ပတ်လည်ရှိ ဝဲယာမဏ္ဍပ်ကြီး ၇-လုံး လခြမ်းပုံသဏ္ဌာန် ဝိုင်း၍လည်းကောင်း၊ ထိုင်ကွင်းအ
လယ်တွင် လောင်တိုက်ကြီး၊ ယင်း၏ ရှေ့တည့်တည့်တွင် ငှက်ချေးခံမဏ္ဍပ် (မီးသင်္ဂြိဟ်ရန် အုတ်ပလ္လင်) မြင်း
ပျံ ၃-ကောင်တပ် နတ်မြင်းပျံရထားကြီးရှိလေသည်။ ဆရာတော်၏ ရုပ်ကလာပ်ကို ကရဝိက်ဖောင်ယာဉ်ပေါ်
တင်၍ အများတကာပူဇော်နိုင်ရန် မဏ္ဍပ် ၇-ခုတွင် တစ်မဏ္ဍပ်မှတစ်မဏ္ဍပ်သို့ အခမ်းအနားဖြင့်ပင်ဆောင်
သောအခါ အလှည့်ကျ မဏ္ဍပ်မှ တပည့်ရဟန်း ရှင်လူတို့ကပါဝင် ပင့်ဆောင်ကြလေသည်။ အပူဇော်ခံသော
မဏ္ဍပ်၌ အပူဇော်ခံနေချိန်တွင် ဆရာတော်၏တရားတော်တိတ်ခွေများကိုဖွင့်၍ တရားနာကြသည်။ ထိုမဏ္ဍပ်
မှ အတီး အမှုတ် အကလုံးဝ မပြုလုပ်ရဘဲ အလှည့်မကျသေးသည် မဏ္ဍပ်များ၌သာ ပွဲသဘင်များပြုလုပ်ရ
သည်။ အနယ်နယ်မှ ဧည့်ပရိသတ်တို့အား မဏ္ဍပ်အသီးသီးက ကျွေးမွေး ဧည့်ခံ၍ ရဟန်းတော်များအား
လည်း ဆွမ်းကပ်ကြလေသည်။
                                                                      "ပျားစွဲခြင်း"
လဆန်း ၁၄-ရက်နေ့ညနေ ၃-နာရီခန့်တွင် ဆရာတော်၏ ရုပ်ကလာပ်ကို ဗဟိုစံကျောင်းမဏ္ဍပ်မှ ဦးကျော်
သိန်း-ဒေါ်တင်လှတို့၏ မဏ္ဍပ်သို့ ပင့်ဆောင်လာစဉ်၊ ပျားကောင် များစွာတို့သည် တဝီဝီဖြင့် ရုပ်ကလာပ်
ပင့်ဆောင်ရာလမ်းအတိုင်း ပျံသန်းလာကြပြီး ရုပ်ကလာပ်ကိန်းဝပ်မည့် အဆိုပါမဏ္ဍပ်တွင် ဝင်ရောက်အုံဖွဲ့
၍ စွဲကြလေသည်။ ဤကား တတိယအကြိမ် ပျားစွဲခြင်းဖြစ်၏။
                                                                       "မီးသင်္ဂြိုခြင်း"
လည်ပြည့်နေတွင် နောက်ဆုံးအကြိမ် အပူဇော်ခံခြင်းအားဖြင့် မဏ္ဍပ်တိုင်း၌ လှည့်လည်အပူဇော်ခံရာတွင်
ကွင်းကြီးတစ်ခုလုံး ကြိတ်ကြိတ်တိုးစီကားလှသည်။ နေ့ တစ်နာရီတွင် ဒုံးပျံနှင့် ကမ္ဘာလုံးစင်ပေါ်သို့ နတ်မြင်း
ပျံရထားဖြင့် ပင့်ဆောင် အဖူးမြော်ခံပြီး၊ ၂-နာရီတွင် လောင်တိုက်ပေါ်သို့ ပင့်ဆောင်လေသည်။ ၂-နာရီခွဲတွင်
လောင်တိုက်မှ တစ်ဆင့် ယောဂီများကိုယ်တိုင် ပခုံးပေါ်ထမ်း၍ မီးသင်္ဂြိုဟ်ရာ အုတ်ပလ္လင်သို့ ပင့်ဆောင်ကာ
မီးသင်္ဂြိုဟ်ရန် နံ့သာထင်းပုံကြီးပေါ်သို့ တင်၍ မီးသင်္ဂြိုဟ်လေသည်။ နံ့သာထင်းတွေများလွန်၍ မီးတောက်မှာ
ကြီးလွန်းနေသဖြင့်မီးသတ်ကားခေါ်၍ မီးအရှိန် လျော့ရသည်။ ည ၉-နာရီ လောက်တွင်မီးအရှိန်လျော့သွား
သောအခါ မီးသင်္ဂြိုဟ်ရာ အုတ်ပလ္လင်မှတွေ့ရှိသမျှ ပစ္စည်းများကို သိမ်းကြုံး၍ အိတ်ကြီးအိတ်ငယ်ဖြင့်တည့်
ပြီး မင်္ဂလာရိပ်သာကျောင်းတိုက်သို့ ပင့်ဆောင်လေသည်။ ရုပ်ကလာပ်မှရသော အရိုးဓာတ်များကို မင်္ဂလာ
မဂ္ဂင်ရိပ်သာကျောင်းတိုက်၌ အများ ဖူးမြော်နိုင်ရန် တစ်နှစ်တာမျှထားရှိသည်။
                                                               "စေတီတည်ခြင်း"
ဆရာတော်၏ရုပ်ကလာပ် မီးသင်္ဂြိုဟ်ရာ အရိုးဓာတ်များကျရာ နေရာကို ဗဟိုပြုလျက် ကွန်ကရစ်တိုင်းကြီး
၁၂-တိုင်နှင့်တကွ ကွန်ကရစ်အပြည့် လောင်းချပြီး ထိုနှစ် ပြာသိုလကွယ်နေ့တွင် ပန္နချတည်ဆောက်ခဲ့ရာ၊
၁၃၂၆-ခု ပထမဝါဆိုလကွယ်နေ့တွင် ဌာပနာတိုက် ၂-ထပ်ပါရှိသော မင်္ဂလာဓာတုဓမ္မ စေတီတော်ပြီးစီး၍
ဒုတိယဝါဆို လပြည့်နေ့တွင် ထီးတော်တင်လေသည်။ ဆရာတော်၏ အရိုးဓာတ်များကို ထိုစေတီ၏ ဌာပနာ
တိုက်ထဲ၌ ဌာပနာထားလေသည်။ ထို့ပြင် ထိုစေတီအနီးတွင် အဆင့် ၃-ဆင့် ရှိသော အာရုံခံကျောက်စာ
တိုက်ကြီးတစ်လုံးကို ဆောက်လုပ်၍ အလယ်ထပ်၌ ဆရာတော်ဟောကြားခဲ့သည့် တရားအချို့ကို ကျောက်
ချပ်ရေ (၃၃) ချပ်ပေါ်မှာ ရေးထိုး၍ စိုက်ထူထားလေသည်။
                                                ဤကောင်းမှုကုသိုလ်ကံ
                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                     တည်ရှိပါစေသတည်း ။            ။
                                                                                                           အရှင်ဉာဏဓဇ
                                                                                       မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                                 အမရပူရမြို့။            ။