ဒီခန္ဓာကြီးကို
ရ,ထားတယ်ဆိုတာ အားလုံးပဲ ခန္ဓာရ, ထားကြတယ်။ အခုဘယ်သူနဲ့ အတူနေကြ သတုံး
ဆိုလို့ရှိရင် ခန္ဓာငါးပါးနဲ့ အတူတူနေကြတယ်လို့ ပြောကြရမှာပဲ၊
ဒီခန္ဓာငါးပါးကြီးဟာ ယခုအခါ၌ ဘယ်ကို အမှန်သွားနေသလဲလို့မေးရင်
သေရာသွားနေတယ်လို့ ဖြေရမှာပဲ … (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီး၏
အမှန်သွားရာလမ်းကို ပြောစမ်းပါ ဆိုလို့ရှိရင် ဘယ့်နှယ်ပြောမလဲ …
(သေရာသွားနေ ပါတယ်ဘုရား) ဒီလမ်းကိုတော့ဖြင့် ဒကာ ဒကာမတို့က သူက
ထိုင်လျက်နဲ့လဲ သွားနေတာပဲ … (မှန်ပါဘုရား) အိပ်ရင်းလဲ …
(သွားပါတယ်ဘုရား)၊ ထမင်းစားရင်လဲ … (သွားပါတယ်ဘုရား)၊ ဆေးလိပ် သောက်ရင်း …
(သွားပါတယ်ဘုရား)။ ဆေးလိပ်တစ်ဖွာနဲ့ တစ်ဖွာ ဆိုလို့ရှိရင်ဖြင့်
ပထမအဖွာထက် ဒုတိယ ဖွာလိုက်မှုသည် ဒကာ ဒကာမတို့ သေရာက ပိုနီးတယ်ဆိုတာတော့
ပြောဖို့မလိုတော့ဘူး … (မလိုပါ ဘုရား)။
ဒါဖြင့်
ဒီခန္ဓာရ,ထားတဲ့ ပုဂ္ဂိုလ်၏ အလုပ်သည် သေရာသွားတဲ့အလုပ်ဟာ အမြဲတမ်းအလုပ်
(မှန်ပါ့) ရောင်းဝယ်ဖောက်ကားတဲ့ အလုပ်သည်ကားလို့ဆိုရင်
ယာယီတည်းခိုနေကြတဲ့အလုပ် … (မှန်ပါ့) အမြဲတမ်း အလုပ်ကတော့
(သေရာသွားတဲ့အလုပ်ပါ ဘုရား)။
အဲဒီလိုမှတ်ထားတော့မှ
သြော် … ခန္ဓာရအောင် ကြိုးစားတဲ့ ပုဂ္ဂိုလ်များဟာ သေရာသွားတာကို
မပျင်းသေးလို့ ဒုတိယဘ၀ အစသည် ရ,ချင်တာကိုးလို့ သူ့ကိုအပြစ်တင်ရမယ် …
(မှန်ပါ့) မထင်ထိုက်ဘူး လား … (တင်ထိုက်ပါတယ် ဘုရား)။
ခန္ဓာနောက်ထပ်ရချင်တဲ့ပုဂ္ဂိုလ်
လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ ရချင်တဲ့ ခန္ဓာရ၊ တောင်းချင်တဲ့ခန္ဓာ
ကိုတောင်း၊ တောင်းတဲ့ပုဂ္ဂိုလ်ဟူသရွေ့ကတော့ သေရွာသွားတဲ့အလုပ်ကို
မပျင်းကြသေးလို့ကိုး … (မှန်ပါ့) ဒီအတိုင်းပဲပြောရမယ် … (မှန်ပါ့)
သေရာသွားတဲ့အလုပ် ခဏခဏသွားရတဲ့အလုပ်က မပျင်းနိုင်အောင်ဘဲ သူသည်
လုပ်ချင်သေးလို့ ဒီခန္ဓာရချင်တာပဲလို့ ဒီလို ပြောကြရမယ် … (မှန်ပါ့)။
ဒါဖြင့်
ဒကာ ဒကာမတွေ ဒီခန္ဓာကြီးဟာဖြင့် သူ့အလုပ်က အမြဲတမ်းလုပ်တာဟာ
သူလုပ်ချင်လို့ လုပ်ရသမားလို့ မေးဖို့လိုလာတယ် … (မှန်ပါ့)
သူ့ကိုခင်မင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် ခင်မင်လို့ရတာ ပဲ ဒီခန္ဓာကြီးဟာ …
(မှန်ပါ့) ခင်မင်တဲ့ သဘောကြောင့် ဒီခန္ဓာကြီး ပေါ်လာတယ်၊ ခင်မင်တဲ့
သဘောမရှိလို့ ရှိရင် … (မပေါ်ပါ ဘုရား)။
ဒါဖြင့်
ဒီခင်မင်တဲ့ အလုပ်မပြတ်သေးသရွေ့ ဒကာ ဒကာမတို့ သေရာသွားတဲ့အလုပ်
နောက်ဆုတ်မယ် မဟုတ်ပါဘူး … (မှန်ပါ့)။ ခင်မင်တဲ့အလုပ် မပြတ်သရွေ့
သေရာသွားမည့်အလုပ် နောက်မဆုတ်ပါဘူးဆိုတာ သေသေချာချာ မှတ်ပါဗ၊ သဘောပါပလား …
(ပါ, ပါပြီဘုရား)။
အဲဒီတော့
ဒီနေ့ရှေ့ပိုင်းမှာ ဘုန်းကြီး သတိပေးချင်တာက သြော် … ဒကာ ဒကာမတွေ
လမ်းမှားတော့ဖြင့် လိုက်ခဲ့ကြလို့ ပြင်လို့မရခဲ့ကြဘူး … (မှန်ပါ့)။
ခန္ဓာကြီး
ဆုတောင်းပြီးသကာလ လာခဲ့ကြလို့ ခန္ဓာရအောင် ဆုတောင်းလာကြလို့ သေရာသွားတဲ့
အလုပ်ကို နောက်ဆုတ်လို့ ရကြသေးရဲ့လား … (မရပါဘုရား)။
အခုမှ
ကိုယ်ကျိုးနည်းမှန်း သိနေရုံနဲ့လဲ မတတ်နိုင်တော့ဘူး … (မှန်ပါ့)
တက်နိုင်စရာ အကြောင်း မြင်သေးရဲ့လား (မမြင်ပါဘုရား) ကိုယ့်အလုပ်က
ဘယ်ကိုမှန်မှန် သွားနေရသလဲ … (သေရာကို မှန်မှန်သွား နေရပါတယ်ဘုရား)
သွားရမှာပဲ၊ ဇရာက မောင်းထုတ်နေတာကိုး … (မှန်ပါ့)။
ဇရာက
နေ့တိုင်းမောင်းထုတ်နေ ဗျာဓိဆီရောက်၊ ဇရာဆိုတဲ့ ဒဏ်ချက်ကလဲ
အမျိုးမျိုးနှင်နေတော့ ဗျာဓိဆိုတဲ့ အိပ်ရာဖျာကပ် အလုပ်သို့ ရောက်ရတော့မယ် …
(မှန်ပါ့)။
အဲဒီဗျာဓိဆိုတဲ့
အိပ်ရာဖျာကပ်အလုပ်သို့ ရောက်တဲ့အခါ ခြေမသယ်နိုင် လက်မသယ်နိုင်နဲ့
မရဏဆိုတဲ့ ဓမ္မစီမံသလို ကိုယ့်မှာ အသာခံရုံပဲ ဆိုတာကလဲ သေချာနေတယ် …
(သေချာပါတယ်ဘုရား)။
ဒါဖြင့်
ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာဖြင့် နဂိုက အနေလွဲခဲ့လို့ အခုတော့
အရတော့ဖြင့် လွဲနေကြပြီပေါ့။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။
လွဲလိုက်တာမှ
ပြင်လို့တောင် ရသေးရဲ့လားလို့မေးရင် (မရပါဘုရား) သေရွာသွားတဲ့လူအတွက်
မတတ်နိုင်ဘူး … (မှန်ပါ့) ဘုရားဟောတဲ့နည်းအတိုင်း ဘုန်းကြီးတို့
တတ်နိုင်တာက နောက်ထပ် မသွားဖို့သာ တတ်နိုင်တယ် … (မှန်ပါ့ဘုရား)။
အခုမသွားဖို့ရာ
အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူး … (မှန်ပါ့) နောက်ထပ်
ဒီစခန်းနဲ့ ဒီလမ်းမျိုးမတွေ့ရအောင်၊ မကြုံရအောင်တော့ဖြင့်
တတ်နိုင်တဲ့နည်းလမ်းရှိပါတယ်လို့ပဲ မှတ်ကြပါ … (မှန်ပါ့)။
အဲဒီတော့
အခုတော့ဖြင့် မတတ်နိုင်တာ ဘာဖြစ်လို့ မတတ်နိုင်ပါလိမ့်မတုံးလို့ ဦးဘတင်
မေးဖို့လိုလာတယ် … (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ဗျားတို့ကိုယ်တိုင်က
အရယူထားလို့ မတတ်နိုင်တာပါလို့ ဖြေရုံပဲ … (မှန်ပါ့)။
ဘယ်လို
ဖြေကြပါ့မလဲ (တပည့်တော်တို့က အရယူထားလို့ မတတ်နိုင်တာပါဘုရား)၊
ခင်ဗျားတို့ကိုက လက်မလွှတ်ချင်လို့ (မှန်ပါ့) လက်မလွှတ်ချင်လို့
အရအမြဲဆုပ်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ဒီဥစ္စာဖြင့် မရနိုင်တော့ဘူး။
ဥပါဒါန်က စွဲပြီးလုပ်ထားတဲ့ အလုပ်ကြီးတစ်ခုကိုး … (မှန်ပါ့)။
အဲဒီတော့ တတ်နိုင်တဲ့နည်းကလေး ရှေ့ပိုင်းမှာ နည်း, နည်းနည်းပေးမယ်၊ ဒါကို ကြပ်ကြပ်သတိ ထားပါနော် … (မှန်ပါ့ဘုရား)။
တတ်နိုင်တဲ့နည်းကိုပဲ
ပေးပါမယ်။ ဒီဘ၀မှာတော့ဖြင့် ခင်ဗျားတို့ ဆုတောင်းပြည့်နေတဲ့အတွက်
တားဆီုးလို့မရဘူး၊ နောက်မတွေ့တဲ့နည်းကလေး ဒါကိုပဲ ခင်ဗျားတို့ နည်းယူပြီး
ကြိုးစားဖို့ အရေးကြီးပါ တယ် (ကြီးပါတယ် ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး
လက်ထက်က ဖဂ္ဂုဏဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။ အဲဒီရှင်ဖဂ္ဂုဏ ဆိုတဲ့
ရဟန်းတစ်ပါးဟာ ဒကာသစ်တို့ ကိုမြရွှေတို့ မမာဘူးပေါ့ဗျာ … (မှန်ပါ့)
မမာတော့ ရှင်အာနန္ဒာက သွားကြည့်တယ်။ သြော် … သနားစရာပဲ၊ ခိုကိုးရာမဲ့
ဖြစ်နေတယ်၊ မမာတာကလဲ လွန်လို့ပါကလား … ရောဂါကလဲကြီးလိုက်တာ၊ ဒါနဲ့
ရှင်အာနန္ဒာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးထဲ သွားလျှောက်တယ် … (မှန်ပါ့)။
အရှင်ဘုရား
… ရှင်ဖဂ္ဂုဏဆိုတဲ့ ရဟန်းတစ်ပါးဟာ ဘာမှလဲ မသိမလိမ္မာသေးပါဘူး။ ဝေဒနာကလဲ
ကြီးကျယ်ပါတယ်၊ ဒီအတိုင်းပဲကြည့်ရတာဖြင့် အလွန်သနားစရာ ကောင်းပါတယ် ဘုရား၊
ဒါကြောင့် အရှင်ဘုရား သနားသဖြင့် ရှင်ဖဂ္ဂုဏရှိတဲ့နေရာကို
ကြွပေးတော်မူပါလို့ ရှင်အာနန္ဒာကပဲ ရှေ့ဆောင်ရှေ့ရွက် လုပ်ပြီး
သွားလျှောက်တယ် … (မှန်ပါ့)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ
ရှင်ဖဂ္ဂုဏရှိရာ သို့ကြွလာခဲ့တယ်၊ ဘုရားသခင် ကြွလာတယ်ဆိုတော့
လူမမာဖြစ်သူက နေရာထိုင်ခင်း ပေးမလို့ ခန္ဓာကိုယ် ထ,မလို ထိုင်မလို အရိုအသေ
သဘောတွေပြနေတော့ ဘုရားက ငါ့မှာ နေထိုင်စရာတွေရှိတယ် မင်းကလူမမာမို့
ဒီအတိုင်းပဲနေ၊ ငါထိုင်စရာရှိတဲ့ နေရာမှာ ထိုင်မယ်ဆိုပြီး
တားမြစ်တော်မူတယ်….(မှန်ပါ့)။
ဒါနဲ့
ဘုရားက မင်းဝေဒနာ ဘယ့်နှယ်နေသတုံး စသည်ဖြင့် သတင်းမေးတော့ ရှင်ဖဂ္ဂုဏက
ဝေဒနာတွေဟာ ဘုရားမဆုတ်ပါဘူး၊ တိုးသာတိုးနေပါတယ်၊ ခေါင်းကိုက်လိုက်တာလဲ
လွန်နေတာပါပဲ ဘုရား၊ ၀မ်းထဲက နာတာတွေလဲ အင်မတန်မှ
ပြင်းထန်ပါတယ်…အစရှိသည်နဲ့ ဝေဒနာတွေက နှိပ်စက်ပုံတွေကို
အမျိုးမျိုးအဖုံဖုံ လျှောက်ထားပြတယ်…. (မှန်ပါ့)။
လျှောက်ထားပြတော့
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တာ ဝေဒနာက ဝေဒနာက္ခန္ဓာဆိုတော့
ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့ မရောစေနဲ့ ဟေ့လို့ဆိုလိုရင်း …(မှန်ပါ့)။
ဒကာဒကာမတွေ
ဘာတဲ့တုံး…(ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့မရောစေနဲ့) ဝေဒနာက္ခန္ဓာက သူ့ဟာသူ
ဝေဒနာက္ခန္ဓာ၊ ငါက သွားပြီး မရောပါနဲ့၊ ဝေဒနာက သူ့ဟာသူ ဟိုကနာလိုက်၊ ဟိုက
ကျဉ်လိုက်၊ ဒီက ကိုက်လိုက်၊ ဟိုက ထိုးလိုက်၊ ဒီက ထိုးလိုက်နဲ့
ခန္ဓာကိုယ်ရှိနေရင် ဝေဒနာက္ခန္ဓာချည်းဆိုသောကြောင့် ဦးဘအုန်း ဝေဒနာကတော့
ရှိနေမှာပဲ၊ ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့)။
အဲဒီအထဲ
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာက္ခန္ဓာကို ဝေဒနာက္ခန္ဓာလို့ပဲ သိထားရမယ်
…(မှန်ပါ့) သြော် … ငါ့မှာ ဖြစ်မှဖြစ်ရလေခြင်းလို့ ဝေဒနာထဲမှာ
ငါဝင်မထိုးလိုက်နဲ့ …(မှန်ပါ့) သဘောကျပလား … (ကျပါပြီ ဘုရား)။
ဝေဒနာထဲမှာ
… (ငါဝင်မထိုးလိုက်ပါနဲ့) ဒါ သေခါနီးမှ ဒီတရား ပွားများရတယ်၊ နဂိုက
ဘာမှမသိတဲ့ ဖဂ္ဂုဏရဟန်းကလေးဟာ အနာဂါမ်တည်ပါတယ်၊ ဒါကိုပြောချင်လို့နော်
…(မှန်ပါ့)။
ကောင်းပြီ
… ဒါက ဒီတရား ရှေ့ထားတာ ဟောလိုရင်း တရားက ဒါမဟုတ်ပါဘူး၊ သေလွယ်
ပျောက်လွယ် အခါမို့ ဒီဥစ္စာက ရှေ့ထားဟောတယ်လို့ မှတ်ထားကြပါ …(မှန်ပါ့)။
သေပုံသေနည်းမှာ ဒီသေနည်းဟာ ကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေကို ရှေ့ပိုင်းက သိစေချင်လို့ပြောပါတယ် …(မှန်ပါ့)။
ဘုရားက
ရှင်ဖဂ္ဂုဏကို ဝေဒနာဟာ ဝေဒနာက္ခန္ဓာပဲကွ … တဲ့၊ မင့်ခန္ဓာထဲမှာ
ဟိုနေရာပေါ်လိုက်၊ ဒီနေရာပေါ်လိုက်၊ အဲဒီမှာ သြော် … ဟိုနေရာလဲ ငါနာတာပဲ၊
ဒီနေရာလဲ ငါနာတာပဲ၊ ငါကလေး သွားသွားမရောနဲ့တဲ့၊ သဘောကျပလား
(ကျပါပြီဘုရား)။
ဝေဒနာကတော့
နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ မနာပေဘူးလား (နာပါတယ်ဘုရား)။ အဲဒါကို
ဒကာဒကာမတွေက အင်း … ငါ့မှာဖြစ်မှဖြစ်ရလေခြင်းလို့ လက်မောင်းနာလဲ ငါပဲ၊
ကျုပ်လက်မောင်း နာနေပြန်ပြီ၊ ကျုပ်လည်ချောင်း နာနေပြန်ပြီ၊
ကျုပ်ရင်ခေါင်း နာနေပြန်ပြီ အစရှိသည်နဲ့ ကျုပ်တို့ ငါတို့က အဲဒီ ဝေဒနာနဲ့
သွားသွားပူးတယ် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဘာနဲ့သွားသွားပူးသလဲ … (ကျုပ်တို့ငါတို့နဲ့ သွားသွားပူးပါတယ်ဘုရား)။
ဝေဒနာနဲ့
ကျုပ်တို့၊ ငါတို့နဲ့ သွားသွားပြီးပူးကပ်တော့ “ဝေဒနံ အတ္တတော သမနုပဿတိ”
ဝေဒနံ - ဝေဒနာကို၊ အတ္တတော - ငါ,ဟူ၍၊ သမနုပဿတိ - ရှု၍နေ၏ဆိုတော့ ငါ့မှာ
ဖြစ်မှဖြစ်ရလေခြင်းဆိုပြီး ဝေဒနာထဲမှာ ငါသွားရောတယ် …(မှန်ပါ့) ရှင်းကြပလား
… (ရှင်းပါပြီ ဘုရား)။
ဝေဒနာထဲမှာ
ငါသွားရောတယ်နော် …(မှန်ပါ့) အဲဒါမမာတဲ့ ပုဂ္ဂိုလ်မှန်လို့ရှိရင်
ရောတတ်ကြပါတယ် …(မှန်ပါ့) ဝေဒနာနဲ့ ငါနဲ့ဟာ ဘယ့်နှယ်နေကြသတုံး ...
(ရောတတ်ပါတယ်ဘုရား)။
အဲဒီတော့
စဉ်းစားကြည့်စမ်းပါလား၊ ငါ့ဝေဒနာလို့ ဆိုရမှာလဲ ငါကလဲတခြား၊
ဝေဒနာကလဲတခြား၊ ငါဆိုတာက ရှိတာလဲ မဟုတ်ပါဘူး … (မှန်ပါ့) ဘာဆိုင်သတုံးဗျ
(မဆိုင်ပါဘုရား) မဆိုင်ပါဘူး။ အဲဒီတော့ ဝေဒနာဟာ ဝေဒနာက္ခန္ဓာပေါ့၊
ဝေဒနာက္ခန္ဓာဟာ အနိစ္စပဲ … (မှန်ပါ့)။
ဒါဖြင့်
မမာတဲ့ပုဂ္ဂိုလ်ဟာ ဥာဏ်ကလေးနဲ့ သြော် … ဒီနေရာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ
ဝေဒနာပျက် တယ်၊ ဒီလိုသာ ဥာဏ်နဲ့လိုက်နေပါ၊ သဘောကျပလား … (ကျပါပြီ ဘုရား)
ဝေဒနာပေါ်ရာကို ဖြစ်ပျက်လိုက် နေပါလို့ သတိပေးလိုက်တယ် … (မှန်ပါ့)။
သေသေချာချာ
မှတ်ကြပါ။ ဝေဒနာကဖြင့် အနှံ့အပြားပေါ်လိမ့်မယ်။ ဘယ်က နာသတုံး၊
တစ်ကိုယ်လုံးက နာပေမယ့် ပြင်းထန်တဲ့နေရာကို ဖြစ်ပျက်ရှုပေး … (မှန်ပါ့)
သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖဂ္ဂုဏထေရ်ကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ဟေ့လို့ ဘုရားက ဒီလူမမာကို ဒါပဲ ဟောနေတယ် … (မှန်ပါ့)။
အားလုံး
ဒကာ ဒကာမတွေ ကျုပ်တို့အားလုံးဟာ သေမည့်ပုဂ္ဂိုလ်ချည်းပဲ … (မှန်ပါ့)
သေပေမယ့် ဝေဒနာနဲ့ တွေ့ကြရဦးမယ် (မှန်ပါ့) မတွေ့မည့်ပုဂ္ဂိုလ် ဒီအထဲမှာ
တစ်ယောက်မှ မပါဘူး (မပါ,ပါဘုရား) အဲဒီ မရောစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ကလေးကို
ရှင်းထားကြပါ၊ အဓိပ္ပါယ်ရှင်းထားကြပါ၊ ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ …
(မှန်ပါ့)။
ကိုမြရွှေ
ဘာတဲ့တုံး (ဝေဒနာနဲ့ ငါနဲ့ မရောပါစေနဲ့ဘုရား) ဝေဒနာဆိုတာက ဝေဒနာက္ခန္ဓာပဲ။
ဒီအထဲ ငါသွားပြီး ရှုပ်နေတာ် … (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဝေဒနာက
ဘာခန္ဓာတုံး … (ဝေဒနာက္ခန္ဓာပါဘုရား) ဝေဒနာက္ခန္ဓာဆိုတာ ဝေဒနာစေတသိက်ပဲ၊
နာမ်ဓမ္မတစ်မျိုးပဲ၊ ငါဆိုတာက ဒိဋ္ဌိဓမ္မတစ်မျိုးပဲ။ ဒိဋ္ဌိနာမ်နဲ့ ဝေဒနာနာမ်ကို
သွားပြီး ရောထွေးပစ်နေကြတာ … (မှန်ပါ့)။
ပရမတ်သဘာဝကိုက
တခြားစီပဲ၊ ခင်ဗျားတို့ကရောဖြစ်အောင် ရောနေတယ် … (မှန်လှပါဘုရား)
မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား) ပရမတ် သဘာဝချင်းကတော့ ရောရဲ့လား …
(မရောပါဘုရား) ခင်ဗျားတို့က ဘယ့်နှယ်တုံး (ရောနေကြပါတယ်ဘုရား)
ဒါဖြင့် ခင်ဗျားတို့က လောကွတ်ချော်လွန်းတယ် … (မှန်ပါ့)။ လောကွတ်ချော်လွန်းတယ်လို့ ဆိုထိုက် - မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)။
ဝေဒနာက
ဝေဒနာစေတသိက် ဝေဒနာနာမ် ဓမ္မတစ်မျိုး၊ ငါဆိုတဲ့ ဥစ္စာ ဒိဋ္ဌိနာမ်တစ်မျိုး …
(မှန်ပါ့ဘုရား)။ ဘယ်နည်းနဲ့မှ သဘာဝချင်း ရောစပ်လို့မရဘူး … (မှန်ပါ့)။
ရောမရပေမယ့်
ခင်ဗျားတို့ ထုံးစံက သူများပါးစပ်မှာ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်တွေ
ဖြစ်နေတော့ ဒီဝေဒနာကိုပင်လျှင် ငါ့လည်ပင်းက နာလိုက်တာ၊ ငါ့ဝမ်းထဲက
နာလိုက်တာ၊ ငါ့ခြေသလုံးက နာလိုက်တာ၊ အစရှိသည်နဲ့ ဝေဒနာက ခြေဖမိုးမှာပေါ်တာ
ငါက ၀မ်းထဲကနေပြီး သွားရောတာပဲ … (မှန်ပါ့)၊ သဘောကျပလား …
(ကျပါပြီဘုရား)။
ဝေဒနာက
ခြေဖမိုးမှာ ပေါ်တယ်၊ ငါက ဘယ်နေရာသွားရောသလဲ (၀မ်းထဲသွားရောပါတယ်ဘုရား)၊
အဝေးကြီးပဲ ခင်ဗျားတို့မို့ ဆွေမျိုးတော်တတ်ပါပေတယ်၊ သဘောကျပလား …
(ကျပါပြီဘုရား)။
ဝေးတာကတော့
မဝေးဘူးလား (ဝေးပါတယ်ဘုရား) ဝေဒနာက ကာယဒွါရ ကိုယ်ပေါ်မှာ ပေါ်နေတယ်၊
မနောဒွါရကနေပြီး သွားပြီးရောလိုက်တယ်၊ သွားပြီးရောလိုက်တဲ့အတွက်
ငါ့မှာဖြစ်ရလေခြင်း စသည်ဖြစ်လာတယ် … (မှန်ပါ့ဘုရား)။
ဒါဖြင့်
ဝေဒနာနဲ့ ငါနဲ့ ရောမိတဲ့အတွက် ဘုန်းကြီးတို့ ဒကာဒကာမတွေ၌ “ဝေဒနံ အတ္တတော
သမနုဿတိ” ဆိုပြီး သေခါနီးတောင် ဒိဋ္ဌိကဖြစ်လာတတ်တယ် … (မှန်ပါ့)
နာလိုက်တဲ့ဖြစ်ခြင်း … (မှန်ပါ့)။
ဒကာ
ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒိဋ္ဌိဖြစ်တာတုံးဆိုတော့ ကိုယ်ပေါ်မှာပေါ်တဲ့
ဝေဒနာကို ၀မ်းထဲက ဒိဋ္ဌိစေတသိက်ကသွားပြီး သကာလ အဲဒီ ဝေဒနာဟာ ငါပဲလို့
တစ်ခါတည်း ဒိဋ္ဌိစွဲ စွဲသွားတာနဲ့ ဦးဘတင် ကိုယ်ကျိုးနည်းတယ် … (မှန်ပါ့)။
ဝေဒနာက
ခြေဖမိုးပေါ်တယ်၊ ငါက ၀မ်းထဲမှာ၊ အဲဒီ ၀မ်းထဲကနေပြီး သကာလ
ခြေဖမိုးပေါ်မှာဖြစ်တဲ့ ဝေဒနာဟာ ငါပဲလို့ သူဟာ ၀မ်းထဲက ငါနဲ့
သွားပြီးရောလိုက်တယ် (မှန်ပါ့) မရောလိုက်ဘူးလား … (ရောလိုက်ပါတယ်ဘုရား)။
ရောလိုက်တဲ့အခါကျတော့
ဝေဒနာကို ငါထင်တဲ့ဝေဒနံ အတ္တတော သမနုပဿတိဆိုပြီး သကာလ ဦးဘအုန်း ဝေဒေနာဟာ
ငါဖြစ်သွားတယ် … (မှန်ပါ့) ငါဖြစ်သွားတော့ ဘယ့်နှယ်ဖြစ်လာသတုံးဆိုတော့
ငါတော့ဖြင့် ဒီဝေဒနာနဲ့ သေရတော့မှာပဲ လာပြန်တာပဲ … (မှန်ပါ့)။
ဒီမှာလဲဘုရားက
မရောစေနဲ့ကွ၊ မရောစေနဲ့ကွလို့ ဘုရားက ရှင်ဖဂ္ဂုဏကို ဟောတယ် … (မှန်ပါ့)
ဖဂ္ဂုဏကို ဝေဒနာနဲ့ ငါနဲ့ ဘယ့်နှယ်တုံး (မရောစေနဲ့) မရောစေနဲ့ဆိုတော့ ဒကာ
ဒကာမတွေ ဒိဋ္ဌိနဲ့ မရောလို့ ရှိရင်ဖြင့် မရောစေနဲ့ဆိုတာ ပြောတော့အလွယ်ကလေး …
(မှန်ပါ့) မရောစေနဲ့ ဥစ္စာသည် ငါနဲ့သွားမရောနဲ့ … (မှန်ပါ့)။
အဲဒါမရောအောင်
ဘယ့်နှယ်လုပ်ရမတုံးဆိုလို့ ရှိရင်ဖြင့် ဝေဒနာဟာ ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ
သည်ကားလို့ ဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိနဲ့ သွားမရောဘဲနဲ့ သမ္မာဒိဋ္ဌိနဲ့
လှည့်ပစ်လိုက်၊ ဝေဒနံ အနိစ္စတော သမနုပဿတိ၊ ဝေဒနာဟာ အနိစ္စပဲလို့
ရှုပေးလိုက်ပါ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့်
ခုနင်တုန်းကတော့ မိစ္ဆာဒိဋ္ဌိနဲ့ သွားရောတယ်၊ အခုတော့ သမ္မာဒိဋ္ဌိနဲ့
ရှုလိုက်တယ် … (မှန်ပါ့) မိစ္ဆာဒိဋ္ဌိနဲ့ သွားရောတုန်းကတော့
အပါယ်သွားရတော့မယ်၊ အခု သမ္မာဒိဋ္ဌိနဲ့ ရောတဲ့အခါကျတော့ ဝေဒနာနောက်က
မဂ်လိုက်မလာဘူးလား (လိုက်ပါတယ်ဘုရား) သမ္မာဒိဋ္ဌိ မဂ္ဂင်လိုက်တယ်၊ ခုနင်က
မိစ္ဆာဒိဋ္ဌိလိုက်နေတယ် … (မှန်ပါ့)။
ဝေဒနာနဲ့
ငါနဲ့ရောတော့ (မိစ္ဆာဒိဋ္ဌိလိုက်ပါတယ်) ဝေဒနာဟာ ငါလဲမဟုတ်ပါဘူး၊
အနိစ္စပါလို့ သိလိုက်တဲ့အခါ ကျတော့ သမ္မာဒိဋ္ဌိနဲ့ သိတာမရောက်ဘူးလား
… (ရောက်ပါတယ်ဘုရား)။
အဲဒီလို
ဘုရားကဟောလိုက်တယ်။ ဖဂ္ဂုဏရဟန်းကလေး မမာနေတာ ဒကာ ဒကာမတို့နော် (မှန်ပါ့)
မမာနေတာကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲပဆိုတော့ ဖြစ်ပျက်ရှုဆိုတဲ့
စကားဖြည့်စွက်မှရတယ်လို့ ဦးဘတင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) ဖြစ်ပျက်မရှု
တော်ပါ့မလား … (မတော်ပါဘုရား)။
ဒါဖြင့်
ဝေဒနာကို အတ္တတော န သမနုပဿတိ - ဝေဒနာဟာ ငါမဟုတ်ဘူး၊ ဒီဥစ္စာ အနိစ္စသာဟုတ်
တယ်၊ ဒီလို ဒကာ ဒကာမတွေက ရှုပေးလိုက်တော့ ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဒကာ
ဒကာမတွေမှာ ဘယ်လိုဖြစ်လာသတုံးဆိုလို့ရှိရင် ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း
ဝိပဿနာမဂ်ဥာဏ် ရ,ရလာတယ် (မှန်ပါ့)၊ ဘယ်လို မဂ်ဥာဏ်ရပါလိမ့်မတုံးလို့
မေးတဲ့အခါကျတော့ ဝေဒနာက ဖြစ်ပျက်၊ ငါမဟုတ်မှန်း သိတာက မဂ် … (မှန်ပါ့)။
ဝေဒနာက
… (ဖြစ်ပျက်ပါဘုရား) ငါမဟုတ်မှန်းသိတာက (မဂ်ပါဘုရား) ငါမှမဟုတ်ဘဲ
အနိစ္စပဲလို့ သူသိလိုက်ပြီကိုး၊ သူသိလိုက်တော့ မဂ်မဖြစ်သွားဘူးလား …
(ဖြစ်သွားပါတယ်ဘုရား)။
ဒါဖြင့် ဖဂ္ဂုဏရဟန်းကလေးကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
ဟောပြီးသကာလ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့နည်းရှုပါလို့ ပြောလိုက်တဲ့အခါကျတော့
ဝေဒနာဟာ ငါမဟုတ်ဘူး၊ အနိစ္စသာဟုတ်တယ်၊ ဝေဒနာပေါ်တိုင်း လိုက်နေတာ ပေါ့ဗျာ …
(မှန်ပါ့)။
ဝေဒနာပေါ်တိုင်း
လိုက်နေတဲ့အခါကျတော့ ဖဂ္ဂဏက ဘယ့်နှယ်ဖြစ်သွားသတုံးဆိုတော့ ဝေဒနာဖြစ်
ပျက်တွေချည်းမြင်ရာက ဥာဏ်ရင့်သန်လွန်းမက သန်လာတော့ ဝေဒနာက
ပျောက်ထွက်သွားတယ်၊ ဝေဒနာနံခယော ဘိက္ခု ဆိုတဲ့အတိုင်း
ဖြစ်သွားတယ်ဆိုကြပါစို့၊ ဝေဒနာကုန်အောင် ရှုနိုင်တဲ့ ရဟန်းကလေး
ဖြစ်သွားတယ် … (မှန်ပါ့)။
ဦးဘတင်
ဘယ်လိုဖြစ်သွားပါလိမ့် … (ဝေဒနာကုန်အောင် ရှုနိုင်တဲ့ရဟန်း
ဖြစ်သွားပါတယ်ဘုရား) ဝေဒနာကုန်တယ်ဆိုတာ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား၊
နဂိုက ဝေဒနာလို့သာဆိုတယ်၊ ကိုယ်ရှုတော့ အနိစ္စပဲတွေ့တယ် … (မှန်ပါ့)
မကုန်ဘူးလား၊ ကုန်သလား … (ကုန်ပါတယ်ဘုရား)။
နဂိုက
ဝေဒနာတွေနော် … (မှန်ပါ့) ရှုတဲ့ဥာဏ်နဲ့ ကြည့်လိုက်တော့ ဘာတွေ့သတုံး …
(အနိစ္စပဲ တွေ့ပါတယ်ဘုရား) အဲဒီ အနိစ္စတွေချည်း တွေ့ပြီးသကာလနေတော့
ဖဂ္ဂုဏမှာ အရင်လို မျက်နှာညှိုးငယ် မနေတော့ ဝေဒနာနဲ့ ငါနဲ့တော့
ကွဲထွက်သွားပြီဆိုတာ သိနိုင်တယ် … (မှန်ပါ့)။
အရင်တုန်းကတော့
နာလိုက်တာ ပြုလိုက်တာ ဘယ်လိုနေရမန်းမသိဘူး၊ ဘယ်လိုထိုင်ရမှန်း မသိဘူး၊
ရှေ့သာတိုးနေတယ်၊ နောက်မဆုတ်ဘူးနဲ့ ဝေဒနာတစ်ခုတည်းကိုပဲ ရှေ့တိုးလိုက်
နောက်ဆုတ်လိုက်ဆိုတော့ ဝေဒနာကို အတ္တဒိဋ္ဌိ ဖြစ်နေတာပေါ့ … (မှန်ပါ့)။
ဒါနဲ့
ဘုရားသခင်ကိုယ်တော်မြတ်ကြီးလဲ ကြွသွားတယ်။ အဲဒီတော့ ရှင်ဖဂ္ဂုဏက
ဘယ်လိုသိလိုက် သတုံးဆိုတော့ ဝေဒနာ ကလေးသည်ကား … လို့ ဆိုလို့ရှိရင်
အနိစ္စပဲ၊ ဖြစ်ပျက်ပဲလို့ သိသိနေတယ်၊ ကြာတော့ ဒီဝေဒနာကလေးတွေဟာ
အနိစ္စမြင်ပါများတော့ ကုန်ထွက်သွားမယ်၊ ဝေဒနာနံ ခယောကိုးဗျ … (မှန်ပါ့)။
အနိစ္စကုန်ထွက်သွားတော့ ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာကြီးလို့ ပြောထားတော့ ခန္ဓာပါ အာရုံအဖြစ်မှ ပျောက်သွားတာပေါ့ … (မှန်ပါ့)။
ခန္ဓာပျောက်သွားတော့
ဒကာ ဒကာမတို့ ဒီနေရာမှာ ခန္ဓာချုပ်ဆုံးရာကို မြင်လာတယ် … (မှန်ပါ့)
မြင်လာတော့ ဝေဒနာနံ ယော ဘိက္ခု - ဝေဒနာကုန်တဲ့ရဟန်း ဖြစ်လာတယ်
(မှန်ပါ့ဘုရား) ဘယ့်နှယ်ကြောင့် ကုန်ပါလိမ့်မတုံးဆိုတော့ သောဝေဒနံ
ပရိညာယ။ သော၊ ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်တဲ့ပျက်တဲ့
သဘောသာဟု ပိုင်းခြားနိုင်၍ ဝေဒနာမဟုတ်ပါဘူး။ ဖြစ်ပျက်သဘော ပါပဲ …
(မှန်ပါ့)။
ဝေဒနာကို
ဖြစ်ပျက်သဘော သိသောကြောင့် ဝေဒနာ ပစ္စယာ တဏှာကော လာရဲ့လား …
(မလာပါဘုရား)၊ မောဟကော … (မလာပါဘုရား) ဒိဋ္ဌိကော (မလာပါဘုရား) ဒါဖြင့်
ကာမာသ၀ ဘ၀ါသ၀ ဒိဋ္ဌာသ၀ အ၀ိဇ္ဇာသ၀ဆိုတဲ့ အာသဝေါ ကုန်သွားတယ် … (မှန်ပါ့)။
သော၊
ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ သြော် … ဒီဥစ္စာသည်
ဖြစ်ပြီးပျက်တဲ့ သဘောမှ တစ်ပါး ဘာမှမရှိပါကလားဟု ပိုင်းခြားဆင်ခြင်
သိမြင်နိုင်သောကြောင့် ဒိဋ္ဌေ၀ ဓမ္မေအနာသဝေါ … တဲ့။ ဝေဒနာပစ္စယာမဂ်သာ
ဖြစ်နေတော့ ဦးဘအုန်း တဏှာဒိဋ္ဌိ လာသေးရဲ့လား (မလာပါဘုရား) အ၀ိဇ္ဇာကော …
(မလာပါဘုရား)။
ဖြစ်ပျက်ကို မသိရင် အ၀ိဇ္ဇာ၊ အခုတော့ ဖြစ်ပျက်ကို သိနေတော့ ၀ိဇ္ဇာဖြစ်နေတော့ အ၀ိဇ္ဇာသ၀လဲ လာသေားရဲ့လား … (မလာပါဘုရား)။
ဒါဖြင့်
ဒကာဒကာမတွေ ဒါက ဒကာဒကာမတွေ၏ ခန္ဓာဝေဒနာ ဒီကနေပြီး သကာလ ဖြစ်ပျက်တွေ
ရှုနေကတည်းက မဂ္ဂင်တွေလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား) ဒါက ဒကာ
ဒကာမတွေ၏ ခံစားတဲ့ ဝေဒနာပေါ့ဗျာ … (မှန်ပါ့) ဒီကနေ့ ရှုတာက ဘာပါလိမ့် …
(မဂ္ဂင်ပါဘုရား) မဂ္ဂင်နဲ့ သိပါတယ်တဲ့ ဒကာ ဒကာမတို့ ပရိညာယ၊
ဒါဟာအဖြစ်အပျက်မှ တစ်ပါး ဘာမှမဟုတ်ပါလားလို့ ပိုင်းခြင်းပြီး
သိလိုက်တဲ့အတွက် ဝေဒနာနဲ့ ဒီက ငါနဲ့ကော ရောသေးလား (မရောပါဘုရား)။
ဒါ
မလာရင်တော့ နောက်က ငါလိုက်မှာပဲ … (မှန်ပါ့) ငါဆိုရင် ဒိဋ္ဌာသ၀လာပြီ …
(မှန်ပါ့) မလာပေဘူးလား (လာပါတယ်ဘုရား) ဝေဒနာသည် အဖြစ်အပျက်ပါပဲ ဆိုသဖြင့်
အ၀ိဇ္ဇာသ၀ကော လာသေးရဲ့လား … (မလာပါဘုရား)၊
ဒါဖြင့်
နောက်ကနေပြီး အာသဝေါတရား မချုပ်ဘူးလား၊ (ချုပ်ပါတယ်ဘုရား) ဘာဖြစ်လို့
ချုပ်သတုံး၊ ဟောဒီ မဂ်ဝင်လို့ချုပ်တယ် … (မှန်ပါ) ဝေဒနာပေါ်၌ ချုပ်လို့
မဂ်ဝင်တယ်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါ)။
မဂ်ပဲဖြစ်ပျက်သာ
အစစ်ပါပဲဆိုပြီး သကာလ ဦးဘအုန်း ပိုင်ပိုင်နိုင်နိုင် သိလိုက်တာနဲ့
(မှန်ပါ့) ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိတာဟာ ဒုက္ခသစ္စာသိတာပါပဲ …
(မှန်ပါ)။
ဒိဋ္ဌေ၀ဓမ္မေအနာသဝေါတဲ့၊
ရှုတဲ့အချိန်မှာပဲ အာသဝေါကို မရှိဘူး။ ဒီဘက ရှိသေးရဲ့လား … (မရှိပါဘုရား)
နောက်က သေသေချာချာ ကြည့်တော့ ဘာရှိသတုံး … (မရှိပါဘုရား)
ဝေဒနာပစ္စယာ
တဏှာကော လာသေးရဲ့လား … (မလာပါဘုရား) တဏှာလာရင် ကာမာသ၀ဖြစ်ရမယ်၊ ဝေဒနာကို
ငါစွဲရင် ဒိဋ္ဌာသ၀ဖြစ်ရမယ်၊ (မှန်ပါ့) လာသေးရဲ့လား … (မလာပါဘုရား)
ဘယ်သူကလာနေသတုံး (မဂ်လာပါတယ်ဘုရား) မဂ်လာတာပဲရှိတာပဲ၊ မဂ်မလာရင်တော့
သူတို့လာရမယ် … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) ဒါဖြင့်
အာသဝေါတရားတွေ မကုန်ဘူးလား … (ကုန်ပါတယ် ဘုရား)။
ဒါနဲ့
ဖဂ္ဂုဏမထေရ်ကလဲ ဒီလိုပဲရှုနေတယ်ဆိုကြပါစို့ … (မှန်ပါ) ဝေဒနာဟာ ဖြစ်ပျက်ပဲ
… ဖြစ်ပျက်ပဲ … ဖြစ်ပျက်ပဲ … ဖြစ်ပျက်ပဲလို့ ဝေဒနာပေါ်တိုင်း ဒီကနေပြီး
သကာလ ပိုင်းခြားသိနေတယ်၊ ပိုင်ပိုင် နိုင်နိုင် သိနေတာပဲ … (မှန်ပါ)။
ဒါဖြင့်
ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် သိသောကြောင့် နောက်က
အာသ၀ မလာရဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
နောက်ကဘာတုံး (အာသဝေါ မလာရပါဘုရား) အာသ၀ မလာရဘူးဆိုတော့ ဦးဘအုန်းတို့က စဉ်းစားရမယ်နော်။
ကမာသ၀ဆိုရင် လောဘနေရမယ်၊ လောဘဆိုရင် တဏှာဥပါဒါန်, ကံလာမယ် … (မှန်ပါ) မလာပေဘူးလား … (လာပါတယ်ဘုရား)။
ဒိဋ္ဌာသ၀ဆိုရင်
ဒိဋ္ဌိကလဲ လောဘပဲ၊ တဏှာ, ဥပါဒါန်, ကံပဲ မလာပေဘူးလား … (လာပါတယ် ဘုရား)
အ၀ိဇ္ဇာသ၀လာရင် အ၀ိဇ္ဇာသင်္ခါရ၀ိဥာဏ်ကျအောင် နောက်ဘ၀တွေ မဆက်ပေဘူးလား …
(ဆက်ပါတယ်ဘုရား) ကဲ - ဒါတွေလာသေးရဲကလား … (မလာပါဘုရား) ဘယ့်နှယ်ကြောင့်
မလာပါလိမ့်မတုံးဆိုတော့ ဝေဒနာပိုင်းခြားသိလို့ … (မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မလဲ
(ဝေဒနာကို ပိုင်းခြားသိလို့ပါဘုရား) ဘာနဲ့ ပိုင်းခြားသိသလဲ … (မဂ်နဲ့
ပိုင်းခြား သိပါတယ်ဘုရား) မဂ်နဲ့ ပိုင်းခြားပြီး ဝေဒနာကလေးတွေဟာ
ဖြစ်ပျက်နေတယ်လို့ သိတယ်၊ အဲဒါ ပိုင်းခြင်း သိတာပဲ … (မှန်ပါ့)။
ဝေဒနာကလေးဟာ
ဘယ်လိုနေပါလိမ့် … (ဖြစ်ပျက်နေပါတယ် ဘုရား) ဖြစ်ပျက်နေတယ်လို့ ဟောဒီက
မဂ်က ပိုင်ပိုင်နိုင်နိုင် သိတယ် - (မှန်ပါ့ဘုရား) သဘောကျပလား
(ကျပါပြီဘုရား) မဂ်က ဘယ်လို သိနေပါလိမ့် (ပိုင်ပိုင်နိုင်နိုင်
သိပါတယ်ဘုရား) ပိုင်ပိုင်နိုင်နိုင် သိနေပါတယ်လို့ ဆုံးဖြတ်ချက်ချပါ …
(မှန်ပါ့) ဦးဘအုန်းတို့ ဦးဇံရင်တို့ ကျေနပ်ပလား - (ကျေနပ်ပါပြီဘုရား)။
ခန္ဓာကိုထဲမှာ
ဟိုကဖြစ်ပျက်နဲ့ ဒီကပိုင်ပိုင် နိုင်နိုင်သိတဲ့မဂ်နဲ့ ဦးဘတင်
ဒါကလေးနှစ်ခုတည်း ရှိတော့တယ်၊ အာသ၀ ဘယ့်နှယ်နေသတုံး - (ချုပ်ပါတယ်ဘုရား)။
“သော
ဝေဒနံ ပရိညာယ” သော = ထိုရဟန်းသည်၊ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်ပျက်ဟု
ပိုင်ပိုင်နိုင်နိုင် သိသောကြောင့်။ ဒိဋ္ဌေ၀ဓမ္မေ၊ ယခု
မျက်မှောက်ဘ၀၌ပင်လျှင်။ အနာသဝေ၊ အာသဝေါကင်း တယ်တဲ့ … (မှန်ပါ့) ဒကာ
ဒကာမတို့ ကောင်းကောင်းရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဒါက ရှေ့ပိုင်းမှာ သတိပေးတဲ့ တရားပဲရှိသေးတယ် ဒကာ ဒကာမတို့နော် … (မှန်ပါ့)။
အဲဒီတော့ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ပဲလို့ သိနေလို့ရှိရင် နောက်က အာသ၀တွေ သေသေချာချာ ကုန်နိုင်တယ် … (မှန်ပါ့)။
အာသဝေါကုန်ရပါလို၏လို့
ဘုန်းကြီးကရှေ့က ချပေးတယ်၊ ခင်ဗျားတို့ကလဲ လိုက်ကြတယ်။ အဲဒီကတော့ ကုန်ရာ
ကုန်ကြောင်းကို အကျင့်ပေးတတ်တဲ့ ဆရာနဲ့ တွေ့ရပါလို၏ ဆိုတဲ့အတိုင်း
အခုလဲကုန် တာကော မသေချာဘူးလား (သေချာပါတယ်ဘုရား) ရှုသာရှု သေသေချာချာ
ကုန်ပါတယ် (မှန်ပါ့ဘုရား)။
သော
ဝေဒနံ ပရိညာယဆိုတဲ့အတိုင်း ဝေဒနာပေါ်၌ မဂ်နှင့်ပိုင်းခြင်း၍
သိသောကြောင့်၊ အနာသဝေါ၊ အာသဝေါကင်းတယ်ဆိုတဲ့အတိုင်း ဘာဖြစ်လို့
ကင်းပါလိမ့် ဒကာ ဒကာမတို့ (မဂ်နဲ့ ပိုင်းခြားသိလို့ပါဘုရား) မဂ်နဲ့
ဝေဒနာကို ဖြစ်ပျက်လို့ ပိုင်ပိုင်နိုင်နိုင် သိနေလို့ … (မှန်ပါ့)။
ဒီဥစ္စာ
ငါလဲမဟုတ်ဘူး၊ သူလဲမဟုတ်ဘူး၊ ဖြစ်ပျက်တဲ့ အနိစ္စပဲလို့
ပိုင်ပိုင်နိုင်နိုင် သိနေသောကြောင့်၊ ဒိဋ္ဌိဝ ဓမ္မေအနာသဝေါတဲ့။ ယခု
မျက်မှောက်ဘ၀၌ပင်လျှင် အာသဝေါကင်းတယ်၊ သဘောကျပလား … (ကျပါပြီဘုရား)
ဒီဘက်က အာသဝေါတရား လာသေးရဲ့လား … (မလာပါဘုရား)။
ခင်ဗျားတို့
ကျုပ်တို့ ဆုတောင်းပြည့်ထားတဲ့ ခန္ဓာကိုယ်ကြီးကတော့ သေရာသွားနေတယ်၊
သွားတဲ့ အခါမှာလဲ ဝေဒနာနဲ့ တွဲလျက်ကြီး (မှန်ပါ့) သတ်မည့်ဝေဒနာနဲ့
အသတ်ခံရမည် ခန္ဓာနဲ့ဟာ တွဲလျက်ကြီး (မှန်ပါ့) မသွားဘူးလား …
(သွားပါတယ်ဘုရား)။
အဲဒီတော့
ဒီဝေဒနာကို ကျုပ်တို့က ပိုင်ပိုင်နိုင်နိုင် သိရမယ် (မှန်ပါ့ဘုရား)
မင်းဟာ သတ်မလို့ လာတာလား။ သို့မဟုတ် မင်းသည်ကား … လို့ ဆိုရင်ဖြင့်
အနိစ္စလားလို့ ကျုပ်တို့က မေးမေး, မေးမေးပြီး သကာလ
ပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ပါတဲ့ … (မှန်ပါ့)။
ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်တဲ့အခါကျတော့ သူဟာ ဖြစ်ပြီး ပျက်တဲ့အနိစ္စပဲဆိုတာ ဥာဏ်ထဲမှာ မရှင်းဘူးလား (ရှင်းပါတယ်ဘုရား)။
ဒါဖြင့်
ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိသောကြောင့် ဒိဋ္ဌိဝေဓမ္မေ၊
ယခုပစ္စက္ခဘ၀၌ပင်လျှင်။ အနာသဝေါ၊ အာသဝေါကင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒီဘက်က
အာသဝေါကင်းတယ် ဟောဒီမဂ်ကြောင့် (မှန်ပါ့) ဒီမဂ်သာမလာရင်
ဘယ့်နှယ်နေကြပါ့မလဲ … (မကင်းပါဘုရား) ကြောက်တယ်, လန့်တယ် ဆိုရင်ဖြင့်
ဒိဋ္ဌာသ၀တွေ, အ၀ိဇ္ဇာသ၀တွေ မလာပေဘူးလား (လာပါတယ်ဘုရား) ကဲ - ဒါဟာ ဘယ်လောက်
အရေးကြီးလို့ပြောတယ်ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)။
ဘာဖြစ်လို့
ဆရာဘုန်းကြီးကလဲ ဒီလောက်တောင် အသေစခန်းကို အကြီးအကျယ်ဖွဲ့ပြီး ဟောနေရ
ပါလိမ့်မတုံးဆိုတော့ အို - ခင်ဗျားတို့ခန္ဓာကိုယ်က နားနေရင်တော့
အဟုတ်သားပေါ့ - (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကိုယ်က သေရာမသွားဘဲနဲ့
နားလို့ရပ်လို့ရရင်လဲ အဟုတ်သားပေါ့ - (မှန်ပါ့)။
အခုလို
တရားတာနေကြတယ်ဆိုတာက တစ်ခါတလေ ဟိုစိတ်ရောက်သွား ဒီစိတ်ရောက်သွားနဲ့
တရားထဲနာချင်မှနာတာ၊ အဲဒါလဲ ကြားပေါက်ပါသေးတယ် - (မှန်ပါ့)။
သေရာသွားတာကတော့ ကြားပေါက်မရှိဘူး၊ ကြားပေါက်စိတ်လာလဲ သူက သွားနေတာပဲ - (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အဲဒီတော့
တို့ ၀ဋ်သင့်နေလို့ ဒီဥစ္စာကို တို့ဆုတောင်းပြည့်တဲ့အလုပ်ကြီး
နောက်ထပ်မပြည့်အောင် လုပ်မှပဲ၊ နောက်ထပ်မပြည့်စေချင်လို့ ဟောထားတာ။
ခင်ဗျားတို့က ဘ၀တိုင်း ဘ၀တိုင်း ဒီသားဒီသမီးနဲ့ မခွဲရပါလို၏ဆိုတော့
ဘ၀တိုင်း ဘ၀တိုင်း သေရာသွားရပါလို၏က ပါနေတယ် လွယ်သလား (မလွယ်ပါဘုရား)
အမှားက သေးသေးလား၊ ကြီးကြီးလား (ကြီးကြီးပါဘုရား)။
ကြီးတဲ့အထဲမှာ
ခင်ဗျားတို့က ဟိုဘ၀ကျတော့ ဟိုဘက်ဘ၀ သားသမီးနဲ့ မခွဲရပါလို၏ - တဲ့။
ဒီဘ၀ကျတော့ကော - (ဒီဘ၀သားသမီးနဲ့ မခွဲရပါလို၏ဘုရား)။
ဒါဖြင့်
သားသမီးပေါင်းက ဘယ်လောက်များခဲ့ကြသတုံး … (မရေတွက်နိုင်ပါဘုရား) ဒါဖြင့်
မခွဲနိုင် ပေါင်းကလဲ ကမ္ဘာတစ်ဝှန်းလုံးရှိတာနဲ့ မခွဲနိုင်တာ … (မှန်ပါ့)။
အားလုံးနိဗ္ဗာန်သွားမှ
သွားမယ်ဆိုရင် ဘယ်တော့မှ မသွားနိုင်တော့ဘူး (မှန်ပါ့) သွားနိုင်ဖို့ရာ
မြင်သေးရဲ့လား (မမြင်ပါဘုရား) ခင်ဗျားတို့ ၀ါဒဖြန့်ထားတာက နည်းနည်းနောနော
ကျယ်တာမဟုတ်ပဲ … (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဒါဖြင့်
ဒကာဒကာမတို့ ဒီတရား ဟောထိုက်၊ မဟောထိုက် … (ဟောထိုက်ပါတယ်ဘုရား)
ချက်ချင်း အာသဝေါကင်းနိုင်တာကို ဦးဘတင် ကောင်းကောင်းကျေနပ်ပလား
(ကျေနပ်ပါပြီဘုရား) ဖြစ်ပျက်မြင်လို့ ကင်းတယ်နော် (မှန်ပါဘုရား)။
ဖြစ်ပျက်မြင်လို့ရှိရင်
ဒကာ ဒကာမတို့ သေသေချာချာဖြစ်ပျက်ဟာ ဒုက္ခသစ္စပဲလို့ ပိုင်ပိုင်နိုင်နိုင်
သိသွားလို့ရှိရင် မဂ္ဂင်ရှစ်ပါးဟာ ဒီနေရာမှာ ပေါ်တယ်လို့ မှတ်လိုက်တာပေါ့၊
(မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ကာယဿ
ဘေဒါ … တဲ့။ ကာယဿ၊ ယခု ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်သည်၏အခြားမဲ့၌။ သော၊
ထိုပုဂ္ဂိုလ်သည်။ ဓမ္မဋ္ဌော၊ နိဗ္ဗာန်၌တည်သည်။ ဟောတိ၊ ဖြစ်၏။ ဒကာ ဒကာမတို့
တစ်ခါတည်း နိဗ္ဗာန်ရောက်သွားတာပဲတဲ့ … (မှန်ပါ့)။ ဒါတွေ ခုနင်က ဒုက္ခတွေ
ချုပ်ပြီးသကာလ ရောက်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)
အာသဝေါကုန်တာနဲ့ ဒီဘက်ကဖြစ်ပျက်ဆုံးတာနဲ့ဟာ တစ်ချက်တည်းပဲ (မှန်ပါ့)။
ဒါဖြင့်
ဖဂ္ဂုဏရဟန်းဟာ သောတာပန်, သကဒါဂါမ်, အနာဂါမ်ကျအောင် သေခါနီးမှာ အလုပ်လုပ်
သွားနိုင်တယ်လို့ ဦးဝတို့ မှတ်ဖို့ပဲ (မှန်ပါ့) ဒါနဲ့
မြတ်စွာဘုရားကလဲသူ့မှာ အောက်သံသရာကို ပို့တတ်တဲ့
အာသဝေါတွေလဲကုန်ပါပြီဆိုပြီး ဘုရားက ကျောင်းတော်ပြန်သွားတယ် … (မှန်ပါ့)။
ရှင်အာနန္ဒာကတော့
ကျန်နေရစ်တယ်၊ ကျန်နေရစ်တော့ သူ့ရှေ့မှာ ဖဂ္ဂုဏဆိုတဲ့ ရဟန်းကလေးက
ခေါင်းကလေးတောင်ဘက်စောင်းပြီး စုတိစိတ်ကျတယ် (မှန်ပါ့) စုတိစိတ်ကျသွားတော့
ရှင်အာနန္ဒာကကြည့် တယ်၊ စက္ခုမျက်လုံးကြည့်ပြန်လဲ သူသေမျက်လုံးနဲ့ မတူဘူး၊
နားကြည့်လိုက်လဲ သူများလို ကျိုးကွေးနေ တယ် မဟုတ်ဘူး၊ လူသေနားနဲ့ မတူဘူး၊
နှာခေါင်းကြည့်လိုက်ပြန်လဲ ကျွံသွားတယ်၊ ဖောင်းလာတယ် ဒီလို မဟုတ်ဘူး၊
လူရှင်ကိုယ်အတိုင်းပဲ (မှန်ပါ့)။
ကိုယ်ကြည့်လိုက်ပြန်တော့လဲ
ပျော့ပျော့ပျောင်းပျောင်းပဲ (မှန်ပါ့) သြော် - ဖဂ္ဂုဏ တယ်ထူးပါလား၊
သူများလူသေနဲ့ ကိုမတူဘူး … (မှန်ပါ့)။
ဝိညာဏ်တော့
ချုပ်သွားပြီတဲ့၊ သို့သော်လဲ မျက်လုံးကြည့်လိုက်လဲ (လူကောင်းအတိုင်း)
နှာခေါင်း ကြည့်လိုက်လဲ (လူကောင်းအတိုင်းပါ) ကိုယ်ကြည့်လိုက်လဲ …
(လူကောင်းအတိုင်းပါ) အကုန်လူကောင်း အတိုင်းဖြစ်နေတော့ ထူးတယ်ဆိုတော့
ရှင်အာနန္ဒာက ဘုန်းဆီသွားပြန်တယ် (မှန်ပါ့)။
ဘုရားဆီသွားပြီး
လျှောက်ပြန်တယ်၊ အရှင်ဘုရား ဖဂ္ဂုဏကတော့ သေပြီဘုရာ့၊ သေပေမယ့်
သူများသေပုံနဲ့ မတူဘူး၊ ခေါင်းကလဲ တောင်ဘက်စောင်းတယ်၊ စက္ခု၊ သောတ၊ ဃာန၊
ဇိဝှာ---နြေ္ဒတွေကလဲ ဘာမှမညှိုးဘူးဘုရားလို့ လျှောက်တော့ ဘုရားက အာနန္ဒာ,
သေခါနီးမှာ ဝေဒနာနုပဿနာရှု ပြီးဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိလို့
အောက်သံသရာ သွားတတ်တဲ့ အာသဝေါ ကုန်ပြီးသေတဲ့ အနာဂါမ်သေ တာလို့
ဖြေလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
အနာဂါမ်ဖြစ်သွားတာတဲ့ (မှန်ပါ့) ဒါဟာ သေခါနီးမှ ဖြစ်တာ (မှန်ပါ့) အနာဂါမ်ဆိုတော့ ဒကာ ဒကာမတွေ စိတ်ချရပြီမဟုတ်လား … (မှန်ပါ့)။
အနာဂါမ်ဆိုတာ
ကာမတစ်ဆယ့်တစ်ဘုံဆိုတဲ့ ဒီလူပြည်တို့ နတ်ပြည်တို့ကို လုံးဝမလာတော့ဘူး။
ဗြဟ္မာ့ပြည်ကနေပြီး နိဗ္ဗာန်ကူးတော့မှာပဲ - (မှန်ပါ့) ရှင်းပလား
(ရှင်းပါပြီဘုရား)။
သူဘယ်လိုလုပ်သွားပါလိမ့်၊
ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိသွားလို့ (မှန်ပါ့) အနိစ္စလို့
ပိုင်ပိုင်နိုင်နိုင် သိသွားတဲ့အတွက် ဒကာ ဒကာမတို့ မသေခင်ပဲ
အောက်သံသရာလည်စေတဲ့ အာသဝေါကုန်တယ်၊ သေတော့ သူများပုံစံနဲ့ တူသေးရဲ့လား
(မတူပါဘုရား)။
အဲဒါ ဖဂ္ဂုဏ၀တ္ထု အင်္ဂုတ္တိုရ်မှာလာတယ်၊ ဒကာ ဒကာမတို့ ဘုရားကိုယ်တော်တိုင် ဟောတာပါပဲနော် (မှန်ပါ့)။





