Friday, August 7

ကိုယ့်စိတ်ကိုယ်စစ် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား

"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ"သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။-ဝိပဿနာ မလုပ်သေးတာဖြင့်သေရတာ အားမရသေးလို့ လား မေးဖို့ ဘဲ ရှိတော့တယ်။ခင်ဗျားတို့  အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့  ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။- ပုထုဇဉ်အဖြစ်နဲ့  သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ ဖြည်းလာခဲ့တာ ကြာပါပြီ။-ခင်ဗျားတို့ က မသိလို့ အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့  တွေ့ ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့  အတူတူဘဲ။-တစ်နေ့ တစ်နေ့  ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ ကို ငရဲရောက်ဖို့  ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,စိတ်ပေါင်းကလည်းမရေတွက်နိုင်ဘူးဆိုတော့က,အပါယ်ကတက်စရာမမြင်ဘူး။-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကိုခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။-မနက်ဖြန် သေသွားရင် သာသနာနဲ့ ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့ နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့ တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့  တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။- ဘုရား အပေါ်လည်း သံသယမရှိနဲ့  ,တရား အပေါ်လည်း သံသယ မရှိနဲ့ ,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့  သာသနာနဲ့ ကြုံ ,ဆရာကောင်းနဲ့ကြုံလို့  ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

Wednesday, July 22

ဘာပဲဖြစ်ဖြစ် သိနေပါစေ


တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး ကိုယ့်သန္တာန်မှာ မကောင်းတဲ့စိတ် ဖြစ်ပေါ်လာတဲ့အခါ ..
အဲဒီစိတ်ဖြစ်တာကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်ပါတယ်။

အဲဒီစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ဟာရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားပါတော့တယ်။

ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ရပ်သွားတာကို သိလိုက်ရင် (ပျက်သွားတာ) မဂ်ဉာဏ်ဖြစ်လို့ (၀ိပဿနာမဂ်) တဏှာ ဥပါဠာန် (တဏှာအကြီးစားဟာ ဥပါဠာန်) မလာတော့ဘဲ ပဋိစ္စသမုပ္ပါဒ်လည်ခြင်းကိုပြတ်စေပါတယ်။

ဒါကြောင့် ရှေ့အသေကို နောက်အရှင်နဲ့ကြည့်တာကို ၀ိပဿနာလို့ မိုးကုတ်ဆရာတော်ဘုရားကြီးကပြောဆိုဆုံးမတာ။

ကိုယ်အသေကို ကိုယ်မြင်မြင်နေတော့ သေရမှာလည်းမကြောက်တော့ဘူး။

ကြည့်ပါများရင် ပျက်တာတွေကို တွေ့ရတာစိတ်လာမယ်။

ဉာဏ်ရင့်လာရင် ဖြစ်ပျက်မုန်းပြီး ဆုံးသွားမယ်။

ဖြစ်ပျက်ဆုံးသွားရင် နိဗ္ဗာန်မြင်လာမယ်။

နိဗ္ဗာန်ဆိုတာ နေရာတစ်ခုလို တိုက်တာအဆောက် အအုံတွေမဟုတ်ဘူး။

ဒုက္ခတွေချုပ်ငြိမ်းတဲ့ အအေးဓာတ် အငြိမ်းဓာတ်လေးကိုခေါ်တာပါ။

ဖြစ်ပျက်နှစ်ခု မရှိတာနိဗ္ဗာန် တဲ့။

ရုပ်နာမ်သည် အမြဲမရှိ ဆင်းရဲရှိ၏။ နိဗ္ဗာန်သည် ဆင်းရဲမရှိ အမြဲရှိ၏ တဲ့။

ကောင်းတဲ့အာရုံကိုမြင်တော့ လောဘဖြစ်တယ်။ မကောင်းတဲ့အာရုံမြင်တော့ ဒေါသဖြစ်တယ်။
မကောင်းတကောင်း အာရုံမြင်တော့ မောဟဖြစ်တယ်။

ခန္ဓာထဲ ဉာဏ်တစ်ချက်လောက် လှည့်လိုက်ရရင် ..
စကြဝတေးမင်းစည်းစိမ်ထက် သာတယ်။

အသက်တစ်ရာနေရတာထက် ဖြစ်ပျက်တစ်ချက်မြင်ရတာက မြတ်တယ်လို့ ဘုရားက သေသေချာချာဟောထားတယ်။

'ဧကာဟံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ' အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက် ဖြစ်ပျက်တစ်ချက်မြင်ရသူက သာပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး ကအမြဲဆုံးမလေ့ရှိပါတယ်။

ဒီဉာဏ်ကိုရသွားရင် သောတာပန်မဖြစ်သေးရင်တောင်မှထောက်ရာတည်ရာရသွားပြီး။

ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘောကို သိသွားရင် အဲဒီပုဂ္ဂိုလ်ဟာ အရိယာဉာဏ်နဲ့ အလားတူသွားပြီ။

နိဗ္ဗာန်ရေစီးကြောင်းထဲရောက်သွားပြီးတဲ့။

ဒါဟာ ဒိဋ္ဌိကို အသိနဲ့ပြုတ်ထားတဲ့အဆင့် စူဠသောတာပန်အဆင့်ဖြစ်သွားပြီ။

ဒီဖြစ်ပျက်ခြင်းတွေဟာ သူ့သဘောသူဆောင်နေပါလား။

ခန္ဓာရှိတဲ့သူတိုင်း (ခွေးခန္ဓာဖြစ်ဖြစ်၊ နွားခန္ဓာဖြစ်ဖြစ်၊ လူခန္ဓာဖြစ်ဖြစ်၊ နတ်ခန္ဓာပဲဖြစ်ဖြစ်) ဒီဖြစ်ခြင်း ပျက်ခြင်းသဘောမှာ ငါမပါဘူး၊ ငါ့ဥစ္စာမဟုတ်ဘူး၊ ငါ့နဲ့မဆိုင်ဘူးလို့ သေချာသိလာရင် စိတ်နဲ့ငါနဲ့မရောတော့ဘူး၊ ခန္ဓာနဲ့ ငါနဲ့မရောတော့ဘူး။

အဲဒီအခါ ဘာဖြစ်လာသလည်းဆိုတော့ ဒိဋ္ဌိ ၀ီစိကိစ္ဆာတွေကွာပြီး ဘုရားဉာဏ်တွေ ရင်ထဲကိန်းသွားပြီ။

ဖြစ်ခြင်းပျက်ခြင်းသဘောပဲရှိပါလားလို့ ပိုင်ပိုင်နိုင်နိုင်သိသွားရင် ရင်ထဲဘုရားပွင့်ပြီ။

ဒါကြောင့် ကိုယ့်သန္တာန် ဘုရားပွင့်မပွင့် ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသွားပြီ။

ဒါတွေဟာ ဘုရားရှင် တကယ့်တိုက်ရိုက်ဟောချင်ပြီး လူတွေကို အ၀ိဇ္ဇာအမှောက်ထဲက သူလွတ်မြောက်သလို့ လွတ်မြောက်စေဖို့ ဒီတရားတွေကို ဟောချင်လွန်းလို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း နဲ့ ခြောက်နှစ်ကြာအောင် ဆည်းပူး လေ့ကျင့်ပြီးမှ ရလာတဲ့ဉာဏ်တော်တွေပါ။

ဒါန သီလ သမထ သာသနာပမှာ ရှိနေပေမယ့်

ဒီ ၀ိပဿနာဉာဏ်ကိုတော့ ဘုရားရှင်ပွင့်တဲ့ သာသနာတွင်းမှာသာ ရှိလို့

သိပ်တန်ဖိုးရှိလွန်းလို့ ပညာရှိသူတော်ကောင်းများဖြစ်ကြတဲ့

ဆရာတော်ဘုရားများက ၀ိပဿနာလုပ်ကြဖို့

အကြိမ်ကြိမ် တိုက်တွန်းနေကြတာပေါ့။

သောတာပန်တည်ရင် (၇) ဘ၀ပဲ

ဘ၀ဒုက္ခက လွတ်မြောက်ဖို့ကျန်တော့တယ်။

အားမကျကြဘူးလား။

ဘုရားရှင်၏တရားကို နားကြားခွင့်ရသူတို့ဟာ အလွန့်အလွန်ကံကောင်းလှပါသည်တဲ့။

ဘ၀ပြတ်ပြီ၊ ဘာကြောက်စရာလိုသေးလဲ။
ဘာတွေများ မက်မက်မောမော လောကီ ကာမဂုဏ်တွေကို လိုချင်နေသေးလဲ။

ငါ့ဘုရားရဲ့ စကားတစ်လုံးကိုသိသွားရင် စင်္ကြာမင်းစည်းစိမ်နဲ့တောင်မလှဲတော့ဘူးတဲ့။

ဒါမှ မဟုတ်ရင်တော့ အခုလောကမှာ မြင်တွေ့နေရတဲ့ ဒုက္ခတွေ မတရားမူတွေ အဓမ္မတရားတွေ ကိုယ်ဆီရောက်လာပြီး
မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မှာ အကြောက်ဆုံးပဲ။

ဒိဋ္ဌိပြုတ်လို့ တရားအားထုတ်ရင် အကာလိကော

အခါမလင့်အကျိုးပေးတယ်ဆိုတဲ့ တရားဂုဏ်တော်အတိုင်း

ဒီမနက်ထုတ် ညနေရမယ်။ ညနေထုတ် နောက်တစ်နေ့မနက်ရမယ်။
(ကိလေသာသာ ကြားမခိုရင်၊ ခိုလာရင်လည်း ခိုလာတဲ့ ကိလေသာကို ဖြစ်ပျက်ထပ်ရှု။ ဒါဆိုရင်ကိလေသာ ကြားမခိုနိုင်အောင် ကြားမခိုအောင် လုပ်တဲ့နည်းပဲ။)

ဒါမှ မဟုတ် ၇ရက်၊ ရလ၊

၇နှစ် (၇နှစ်ဆိုရင်တောင် အသိဉာဏ်နည်းနည်းလိုနေလို့၊ လမ်းနည်းနည်းမှားနိုင်လို့ဖြစ်နိုင်ပါတယ်။)

မမြန်ဘူးလား။

သောတာပန်လောက်တည်ပြီးမှ ဒေါ်ဝိသာခါလို လူဘ၀မှာ လောကမှာ ပျော်ပျော်ကြီး နေလို့ရပါသေးတယ်။

(အကုသိုလ်တွေ အပြစ်တွေ မရှိလောက်အောင်နည်းပြီ
သူတော်ကောင်းအစစ်ဖြစ်သွားပြီ။ အပါယ်ကျစေနိုင်တဲ့ အပြစ်တွေ မရှိတော့ဘူး။ သူရထားတဲ့ မဂ်က အပြီးတိုင် ပယ်သတ်ပေးပြီးပြီ။)

ဒါကြောင့် ဒီနေ့ကစပြီး တရား အားထုတ်ကြဖို့

ဖြစ်ပျက်မြင်အောင်ကြည့်ဖို့

(အကျင့်ဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲထင်တဲ့ ဒိဋ္ဌိအယူမှားကိုဖြုတ်ဖို့)

နိဗ္ဗာန်အကျိုးမျှော်ကိုး၍

ဆရားတော်ဘုရားကြီးများ၏ ကိုယ်စား

ဒီစာဖတ်မိတဲ့ မောင်လေး ညီမလေးများကို 
 
သတိပေးတိုက်တွန်းခွင့်ပေးသနားဖို့

နူးညွတ်စွာတောင်းဆိုပါရစေနော်။

မေတ္တာများစွာဖြင့်

Shared from Ma Myint Sandar (FB)

Wednesday, April 15

”စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်မြင်မည်”


”မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသည့် စီဒီနံပါတ်(၇၃) မှ နံပါတ် (၆) တရားအမည် ဖြစ်သည့် ”စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်မြင်မည်” တရားတော်မှ မှတ်စု”

မိလိန္ဒမင်းကြီး၏မေးခွန်း–

(၁)ကံကြောင့်ဖြစ်သောတရား
(၂)အကြောင်းကြောင့်ဖြစ်သောတရား
(၃)ဥတုကြောင့်ဖြစ်သောတရား
(၄)ကံကြောင့်မဖြစ်သောတရား
(၅)အကြောင်းကြောင့်မဖြစ်သောတရား
(၆)ဥတုကြောင့်မဖြစ်သောတရားအား အမိန့်ရှိတော်မူပါ အရှင်ဘုရား။

နာဂသေနမထေရ်အရှင်မြတ်၏ အဖြေ–

ကံဆိုတဲ့ စေတနာက ရုပ်နာမ်ဓမ္မကို ဖြစ်စေ၏။
မီး၊ မျိုးစေ့တို့က အကြောင်းကြောင့်ဖြစ်စေသော တရားဖြစ်သည်။
ရေ၊တောင်၊လေတို့က ဥတုက ဖြစ်စေတယ်။

ကံကြောင့်မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
အကြောင်းကြောင့်မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
ဥတုကြောင်းကြောင့် မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောပြထောက်ပြချက်–

ကံကြောင့် နိဗ္ဗာန်မဖြစ်ပါဘူး၊ ရှိခိုးရတဲ့ကံကြောင့် နိဗ္ဗာန်ရရပါလို၏ဟု ဆိုလို့ မရပါဘူး။
ဉာဏ်ကြောင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်။ နိဗ္ဗာန်ကို ကံနဲ့ ကြိုးစားနေလို့ ရမှာမဟုတ်ပါဘူး။ ဉာဏ်နဲ့ ကြိုးစားမှသာ ရနိုင်တယ်ဆိုတာကို ထိုးထိုးထွင်းထွင်းသိစေလို၍ ဤသို့ ဖော်ထုတ်ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။

ဒါကြောင့် တရားနာတယ်ဆိုတာက ဉာဏ်စခန်းသွားပြီး ဉာဏ်သွားယူတာပါ။

နိဗ္ဗာန်ဆိုတာက မဂ္ဂင်လမ်းကမှ သွားလို့ရတယ်။ မဂ္ဂင်လမ်းဆိုတာ သမ္မာဒိဋ္ဌိ ဖြစ်အောင်လုပ်ရတယ်။

မိဘရိုးရာ အစဉ်အဆက်လမ်း၊ ရပ်ရွာစကား လမ်း၊ သက်ကြီးဝါကြီးတို့၏ အစဉ်အဆက်လမ်း က သွားလို့မရပါဘူး။ ရိုးရာစဉ်ကို အားကိုနေလို့မဖြစ်ဘူး။ ဉာဏ်ကိုသာ အားကိုးရပေလိမ့်မယ်။

ဇရာ၊မရဏက ကိုယ်ပိုင်ရှိနေတယ်။ ဒါကို ဉာဏ်နဲ့ ကျော်မှသာ ရမယ်။

နိဗ္ဗာန်ဆိုတာ ဖြစ်ဆဲလည်းမဟုတ်ဘူး၊ ဖြစ်ပြီးလည်း မဟုတ်ဘူး။ သူတစ်ပါးက ဖြစ်စေအပ်တဲ့တရားလည်း မဟုတ်ဘူး။
အတိတ်တရားလည်း မဟုတ်ဘူး၊ ပစ္စုပ္ပာန်တရားလည်းမဟုတ်၊ အနာဂတ်တရားလည်း မဟုတ်ပါဘူး။
အတိတ်မှာလည်း နိဗ္ဗာန်သည်ရှိမနေဘူး၊ ပစ္စုပ္ပာန်၌လည်း နိဗ္ဗာန်သည်ရှိမနေဘူး။ အနာဂတ်၌လည်း နိဗ္ဗာန်သည်ရှိမှာမဟုတ်။ ဒါကြောင့် ဆွမ်းတော်တင်ရင်ပါနေတယ်.. ဘာလဲဆိုတော့ - အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ကို ရောက်ရပါလို့၏ ဟု ဆုတောင်းနေတာတွေက မှားနေတယ်။ အဆုံးစွန်ဆိုတာက အနာဂတ်မှာ ဆိုတာပဲ။ ဒီတော့ နိဗ္ဗာန်သည် အနာဂတ်မှာ ရှိမနေဘူးလို့ ဆိုထားတော့ အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ကို ရောက်ရပါလို့၏ ဆိုတာက မှားနေတယ်။

ယခုပူဇော်ဖူးမြော်ကန်တော့ရသော အကျိုးအားကြောင့် ဘုရားတပည့်တော် အားထုတ်ကျင့်ကြံသော ဝိပဿနာဉာဏ်သည် ယခုဘဝ၌ပင်လျင် မဂ်ဉာဏ်သို့ လျင်မြန်စွာ ကျေးဇူးပြု၍ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်အား မျက်မှောက်ပြုရပါလို့၏ - ဆိုရင် မှန်တယ်။

ထို့ကြောင့် ကုသိုလ်ပြုတိုင်း “ နိဗ္ဗာန်ရောက်ရာ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန် ရောက်ရပါလို၏” ဟု ဆုတောင်းသင့်ပါသည်။ သို့သော် နိဗ္ဗာန်သည် ဆုတောင်းရုံဖြင့် အလိုလိုတော့ မပြည့်ပါ။ မိုးကုတ်ဆရာတော်ကြီးက နိဗ္ဗာန်သည် အလုပ် လုပ်သူသာ ရသည်၊ ဆုတောင်းရုံသာတတ်သည့် အချောင်သမားများနှင့် မဆိုင်ဟု မိန့်ခဲ့ပါသည်။ အားထုတ်သူသာ ရသည်ဟု ဆိုလိုပါသည်။ သို့သော် နိဗ္ဗာန်ရောက်စေတဲ့ အကြောင်းတရားများ မိမိသန္တာန်တွင် ပြည့်စုံလာစေခြင်းသည်ပင် ဆုတောင်းပြည့်ခြင်းပင်။ သားရွှေအိုးထမ်းတဲ့ ဆုတောင်းမျိုး ဖြစ်ပါသည်။ နိဗ္ဗာန်ရဖို့သည် သုဂတိဘုံတွင် ရှိရမည်။ ဗုဒ္ဓသာသနာနဲ့ တွေ့ရမည်။ တနည်းပြောရရင် ရပ်ပြစ် ၈ ပါး လွတ်ရဦးမည်။ သစ္စာတရားကြားနားကြားနိုင်သောနား၊ ထိုးထွင်းသိနိုင်တဲ့ အမောဟစေတသိတ်ပါသော ပဋိသန္ဓေ(တိဟိတ်)ဖြစ်ရဦးမည်။ ၀ိပဿနာကို နည်းမှန်လမ်းမှန် အားထုတ်နိုင်ဖို့ လမ်းညွှန်ပြသမည့် ကလျာဏမိတ္တနှင့် တွေ့ရဦးမည်။ ယင်းအချက်များ ပြည့်စုံလျှင်ပင် လူဖြစ်ရကျိုး နပ်နေပါပြီ။ ထို့ထက် ကိုယ်တိုင် အားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လျှင်ကား အတိုင်းထက်အလွန်ပင် မဟုတ်ပါလား။ ထို့ကြောင့် တစ်ချက်ထဲနဲ့ သုံးလေးချက် ပြည့်စုံသော ဆုတောင်းဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ”
တရားတော်အားပြန်ဆက်ရလျင် –
ဒီတော့ မြတ်စွာဘုရားရှင်က -
ငါဘုရား၏ အမှုက ဟောပြောမှု၊
မင်းတို့က ဟောပြောတဲ့နည်းကို ယူပြီး ကိုယ်တိုင် အားထုတ်ကျင့်ကြံမှု၊ လုပ်ကိုင်ယူမှု။ ဒါကြောင့် သူ့အမှု၊ ကိုယ့်အမူတွေရှိတယ်။
ဒါကြောင့် ကိုယ့်အမူကို ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။

နိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်သည်။

ကာလသုံးပါးက လွတ်သည်ဆိုရင်ပင် နိဗ္ဗာန်ဆိုတာသည် မရှိတော့ဘူးလားလို့ အမေးပြုလိုက်တယ်။

ဒွါရခြောက်ပေါက်ရှိတယ်။ မျက်စိနဲ့လည်း နိဗ္ဗာန်ကို မမြင်နိုင်ဘူး။ နားနဲ့မကြားနိုင်ဘူး၊ နှာခေါင်းနဲ့လည်း အနံမခံနိုင်ဘူး၊ လျှာနဲ့လည်း အရသာမခံနိုင်ဘူး။ ကိုယ်နဲ့လည်း မထိတွေ့နိုင်ဘူး။ မနောနဲ့တော့ တွေ့နိုင်တယ်။ မနောသမားကတော့ တွေ့အောင်ရှာနိုင်တယ်။

မနောဆိုတာ အိပ်နေတဲ့ ဘဝင်စိတ်ကိုလည်း မနော၊ ကြံတွေးစိတ်ကလည်း မနောပါပဲ။ ဒီတော့-

မနောတိုင်းပဲ နိဗ္ဗာန်ကို မြင်နိုင်တွေ့နိုင်ပါသလား ?
အရိယာအရှင်မြတ်တို့၏ သာဝကလည်းဖြစ်ရမယ်။ ထိုပုဂ္ဂိုလ်သည် ကောင်းစွာလည်းကျင့်ကြံအားထုတ်ရမည်။ ထိုသို့ကောင်းစွာကျင့်ကြံတဲ့ ပုဂ္ဂိုလ်၏ ကိလေသာ မနှောတဲ့ စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်ကို မြင်နိုင်မယ်။
”သူတောင်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်အခွင့် ရလင့်ဧကန်သာ”

နိဗ္ဗာန်ကို တွေ့အောင်ရှာရှင်လို့ရှိရင် မနောကို ကိလေသာ မရောစေနဲ့။ စင်ကြယ်တဲ့မနောနဲ့မှသာ နိဗ္ဗာန်ကို မြင်နိုင်တယ်။

မနောမှာလည်း နှစ်မျိုးရှိတယ်ဆိုတာကို သတိထားရလိမ့်မယ်။
ကိလေသာကို အာရုံပြုနိုင်တဲ့ မနောက တစ်မျိုး၊
ကိလေသာကို အာရုံကို မပြုတဲ့ မနောက တစ်မျိုး၊
မဂ်စိတ်မနောအဖြစ်နဲ့ အာသဝနယ်ကလွတ်ပြီး အာသဝဆိုတဲ့ ကိလေသာနဲ့ မရောတဲ့ မနောကမှ နိဗ္ဗာန်ကို မြင်နိုင်၏။
နိဗ္ဗာန်သည် မနောဒွါရ၏ အာရုံဖြစ်သည်။
သို့သော် မနောတိုင်းလားဆိုရင်လည်း မဟုတ်ဘူး။ စင်ကြယ်သောမနောနဲ့မှသာ နိဗ္ဗာန်ကို မြင်နိုင်တယ်။ တို့မမြင်တာသည် မစင်ကြယ်လို့ဖြစ်တယ်။

ကိလေသာရောနေတဲ့ ဉာဏ်သာရှိတယ်။ ကိလေသာမရောတဲ့ ဉာဏ်ကမရှိသေးဘူး။
ဉာဏ်လို့ဆိုပြီးမှ ကိလေသာရောတာတို့ မရောတာတို့ ရှိသေးရဲ့လားလို့ အမေးပြုလိုက်တယ်။ ရှိတယ်။ ဝိပဿနာဉာဏ်က ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်းတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီဉာဏ်က အာသဝနယ်ထဲက မလွတ်သေးဘူး။

အာသဝတို့နယ်နမိတ်က မလွတ်သေးတဲ့ဉာဏ်နဲ့ နိဗ္ဗာန်မတွေ့နိုင်ဘူး။

ဒုက္ခကို ပိုင်းခြားပြီးသကာလ ဒီဒုက္ခကို မလိုချင်တော့ပါဘူးဆိုတဲ့ မဂ်ဉာဏ်ဖြစ်မှသာ အာသဝနယ်က လွယ်ပြီးတော့မှသာ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်။
ဒီတော့ ဘုရားတပည့်တော်တို့ နိဗ္ဗာန်မမြင်သေးဘူး၊ မမြင်သေးဘူးဆိုရင် ဘာလုပ်ရမလဲ။ မနောကို စင်ကြယ်အောင်လုပ်၊ စင်ကြယ်အောင် ကြိုးစားရမယ်။ ဒါမှသာ ရမယ်ဆိုတာကို သဘောပေါက်ဖို့လိုပါမယ်။

ကိုယ့်ဟာကို ဒီဂရီဘယ်လောက်ရှိတယ်ဆိုတာကို ယှဉ်ထိုးကြည့်လို့ရပြီ။ ရှုသောပုဂ္ဂိုလ်၏ မနောစင်ကြယ်မှ နိဗ္ဗာန်ကို တွေ့မှာဖြစ်ပါတယ်။

ကိလေသာနူနာရှိတဲ့ပုဂ္ဂိုလ်သည် သားသမီး ပစ္စည်းဆိုတဲ့ မီးနားကို ကပ်ချင်တယ်။ မီးနာကပ်လိုက်တော့မှ နူနာက သက်သာတော့တယ်ဆိုကြတယ်မဟုတ်လား။ သားကို စိတ်ပူနေတာ။ ခုတွေ့လိုက်တော့မှ စိတ်သက်သာရာ ရတော့တယ်ဆိုတာသည် စိတ်ပူတဲ့ ကိလေသာနူနာက သားဆိုတဲ့မီးနားကို ကပ်လိုက်တော့မှ ကိလေသာနူနာက သက်သာရာ ရတော့တယ်ဆိုတာပဲ။

” ဒီလို ကိလေသာနူနာရှိတဲ့ မနောကတော့ နိဗ္ဗာန်ကို မမြင်နိုင်ဘူး ဆိုတာ လေးစားစွာမှတ်လိုက်ပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ယှဉ်ထိုးသုံးသပ်လို့ရပြီ။ ကိုယ့်မှာ နူနာရှိနေလား၊ မီးကို တောင့်တနေလား၊
မီးကိုတောင့်တနေရင် နူနာရှိနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ၊ နူနာရှိနေရင်လည်း မီးနာကပ်ချင်တော့မှာပဲ ဆိုတာကို ဆုံးဖြတ်ချက်ချ၊
မရှက်မကြောင့် ပြတ်ပြတ်သားသား သုံးသပ်ဆုံးဖြတ်ရပေလိမ့်မယ်။ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လှည့်စားမယ်ဆိုရင်တော့ အိုနာသေ နောက်တစ်ဖန် လိုချင်တာပဲ။ နောက်ခန္ဓာကို ယခုလှည့်စားရင်တော့ ရမှာသေချာတယ်။ နောက်ခန္ဓာရရင် ခန္ဓာနဲ့အတူ အိုနာသေက တွဲပြီးပါလာတော့မယ်။ ဒီတော့ မှန်မှန်ကန်ဆုံးဖြတ်ချက်ချပြီး သကာလ မိမိနူနာကို ပျောက်အောင် မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ကုသရပေလိမ့်မယ်။ ဒီနူနာပျောက်မှသာ ကိလေသာနူနာမရောတဲ့ စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်ကို မြင်နိုင်မှာဖြစ်တယ်။ ”

ဒါဖြင့် ဘဝများစွာ သံသရာက မနောမစင်ကြယ်ခဲ့ပါဘူးဆိုတာ အခုပေါ်တာပဲ။ နူနာနဲ့သာနေခဲ့ရပြီး ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုခဲ့ရတာပဲ။ ဒီတော့ ကိလေသာအနာမစင်ကြယ်ရင် နိဗ္ဗာန်ကို မမြင်နိုင်ဘူး။

နိဗ္ဗာန်သည် ကာလအားဖြင့် မရှိနေပါ။ သူတစ်ပါးက ဖန်တီးပြုပြင်ထားသည်လည်း မဟုတ်ပါ။ နေရာဌာနအားဖြင့်လည်း မဟုတ်ပါဘူး။ ဘယ်လိုပုဂ္ဂိုလ်ကမှသာ နိဗ္ဗာန်ကို တွေ့နိုင်မှာလဲဆိုတော့ မနောကို စင်ကြယ်အောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှသာ တွေ့နိုင်မယ်။ မစင်ကြယ်တဲ့ ဉာဏ်နဲ့ဆိုရင် မတွေ့နိုင်ဘူး။ စင်ကြယ်မှု၊ မစင်ကြယ်မှုဆိုတာသည် ဉာဏ်ထက်မှုအပေါ်မှာ မူတည်နေတယ်။
ဒီတော့ ဉာဏ်ထက်မှုအပေါ်ကို သုံးသပ်ရတော့မယ်ဆိုတော့ ဉာဏ်စဉ်ဆိုတာ ဖြစ်ပေါ်လာပြန်တယ်။ ဉာဏ်စဉ်နဲ့ ဆိုတာသည် ဉာဏ်ထက်မှု၊မထက်မှုကိုလည်း ဆုံးဖြတ်ဖော်ပြပေးသလို၊ ကိလေသာစင်ကြယ်မှုနဲ့ ဝေးကွာမှု၊ မဝေးကွာမှုကိုလည်း ပဓာနထားဖော်ပြပေးပါတယ်။ ဉာဏ်တွေစဉ်ပြီးသကာလ ၁ နံပါတ် ဉာဏ်၊ ၂ နံပါတ် ဉာဏ်၊ ၃ နံပါတ် ဉာဏ်ဆိုပြီ စဉ်လိုက်တယ်။ ၁)ဉာဏ်က ယထာဘူတဉာဏ်၊ ဒီဉာဏ်ကတော့ ကိလေသာနည်းနည်းများနေသေးတယ်၊
၂) ဉာဏ်ဖြစ်တဲ့ နိဗ္ဗန္ဒဉာဏ်ကျတော့ ကိလေသာ နည်းနည်း နည်းသွားပြီ။
၃) မဂ်ဉာဏ်ကျတော့ ကိလေသာ အရှင်းမပါတော့ဘူး။
ဒီတော့ ၁)ဉာဏ်(၂)ဉာဏ်(၃)ဉာဏ် ဆိုပြီး ဉာဏ်စဉ်ရခြင်းသည် ကိလေသာအတွက်စဉ်ရတာဖြစ်တယ်။
၁)ဉာဏ်၏ သဘောကတော့ ဒီခန္ဓာ၏သဘောကို ယထာဘူတာဉာဏ်နဲ့ ဟုတ်တိုင်းမှန်စွာသိတယ်။ အနိစ္စတရားတွေ၊ ဒုက္ခတရားတွေ၊ အနတ္တတရားတွေပဲရှိတယ်ဆိုတာကို သူသိတယ်။ သိုသော် ဒီအနိစ္စ၊ဒုက္ခကို မုန်းပါရဲ့လား၊ မမုန်းသေးဘူး။ ဒီတော့ ဒီဉာဏ်ကို နုသေးတဲ့ဉာဏ်ဖြစ်နေတယ်။ နိဗ္ဗန္ဒဉာဏ်ကျတော့ ဒီအနိစ္စ၊ဒုက္ခတွေကို မုန်းလာပြီ။ ဒီဉာဏ်ကို ဉာဏ်အားရှိလာတယ်လို့ ခေါ်ပါတယ်၊ ဘာကြောင့်ဉာဏ်အားရှိလာတယ်လို့ ဆိုရတာလဲဆိုတော့ ကိလေသာနဲ့ ဝေးလာတယ်။
(၁)နံပါတ်က ကိလေသာနဲ့ နီးတယ်၊
(၂)နံပါတ်ကျတော့ ဝေးလာတယ်။
(၃)နံပါတ်ကျတော့ ဒါဒုက္ခသစ္စာပဲလို့ ဒုက္ခကိုပိုင်းခြားချလိုက်တာနဲ့ နိရောဓသစ္စာကလည်း ပေါ်ရော။ ဒါသည် ကိလေသာနဲ့ ဆက်သွယ်တယ်လို့ ဆိုလို့ရသေးလား၊ ဆိုလို့မရတော့ဘူး။ ကိလေသာနဲ့ လုံးဝမဆက်သွယ်တော့ဘူး။ ဒီလို စင်ကြယ်တဲ့ဉာဏ်ကသာ ဒုက္ခဆုံးတဲ့ သုခနိဗ္ဗာန်ကိုတွေ့တယ်။

ဉာဏ်စဉ်တာသည် ကိလေသာအတွက်စဉ်ရတာ။

ကိလေသာဌာနနယ်မှာနေတဲ့ မနောက နိဗ္ဗာန်ကို မမြင်ဘူး။
ကိလေသာဌာနကလွတ်တဲ့ မနောကမှ နိဗ္ဗာန်ကို မြင်နိုင်မယ်။

မိမိတို့အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် (ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်၊ အဖန်ဖန်အခါခါရှုမှတ်ပွားများ၏ ဖြစ်ပျက်သဘောသာအား မုန်းလာသောဉာဏ်) မဂ်ဉာဏ်(ဖြစ်ပျက်အဆုံး၌ ဖြစ်ခြင်းပျက်ခြင်းမရှိသည့်တရားကို မြင်တဲ့ဉာဏ်) အားလျင်မြန်စွာ ကျေးဇူးပြု၍ နောက်တစ်ဖန်ပဋိသန္ဓေမနေရခြင်းသော သုခကို ယခုဘဝ၌ ပိုင်ဆိုင် ဆုံးခန်းတိုင်နိုင်ကြပါစေ…
(မေတ္တာပန်းတို့လန်းရာမြေ) မှတဆင့်

Wednesday, April 1

သစ္စာသိပြီးမှ လှူပါ


 လှူကြတန်းကြတဲ့အခါမှာဘယ်လိုလှူမှ ဒုက္ခသစ္စာ ပြန်မရတဲ့အလှူဖြစ်မလဲဆိုတာ သိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒုက္ခလွတ်ကြောင်းအလှူဖြစ်အောင် လှူနည်းစနစ်လေးတွေကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာဘော်မပျက် ဆက်လက်တင်ပြပေးမယ်။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ – လူခန္ဓာ နတ်ခန္ဓာ ဘယ်ခန္ဓာမဆို ခန္ဓာဖြစ်ကြောင်းဆိုတာ အ၀ိဇ္ဇာမူတည်တာပဲ။ သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာ။ အတိတ်က သစ္စာလေးပါးမသိတဲ့အ၀ိဇ္ဇာနဲ့ နေထိုင်ခဲ့ရတာ။ ကုသိုလ်ပြုတော့ သင်္ခါရ။ ကုသိုလ်ပင် ပြုသော်လဲ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ခန္ဓာငါးပါးဘက်ကို လာစပ်တယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ရတယ်လို့ မှတ်လိုက်ပါ။ ဘယ်လိုကုသိုလ် ဒုက္ခသစ္စာရလဲဆိုရင် သစ္စာမသိတဲ့ အ၀ိဇ္ဇာခိုင်းတဲ့အတိုင်း လုပ်တဲ့ကုသိုလ်ဟာ ဒုက္ခသစ္စာပဲရတယ်။
အခု လက်ရှိဘ၀မှာ ခန္ဓာငါးပါးနဲ့ ခွဲလို့ကိုမရတော့ဘူး။ ဘာလို့ ဒီလို ဒုက္ခသစ္စာနဲ့ အတူနေနေရတာလဲဆိုတော့ ကုသိုလ်လုပ်ရင် ဒီလို ဒုက္ခသစ္စာခန္ဓာငါးပါးကြီး ရမယ်ဆိုတာ မသိလို့။ အိုမှု နာမှု သေမှု မကင်းဘူးဆိုတာ မသိတဲ့ အ၀ိဇ္ဇာနဲ့ ပြုလုပ်တဲ့ သင်္ခါရ။ မသိတာက အ၀ိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တာက သင်္ခါရ။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ သစ္စာမသိဘဲ ပြုတဲ့ ကုသိုလ်က သမုဒယသစ္စာ။ ဒါဖြင့် ဟောဒီခန္ဓာငါးပါးကြီးက သမုဒယသစ္စာလုပ်လို့ ရတဲ့ ဒုက္ခသစ္စာ။ ဒါကြောင့် `အသိရှေ့ထားပြီး အလှူနောက်ထားပါ´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက လေးလေးနက်နက် မိန့်တော်မူတာ။ ဘာဖြစ်လို့လဲဆိုတော့ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်သွားမှာစိုးလို့။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာသည် သမုဒယသစ္စာ။ ဆရာတော်ဘုရားကြီးက မလှူနဲ့လို့ ပြောတာမဟုတ်ပါဘူး။ သစ္စာ အသိကလေး လိုနေသေးလို့။ သစ္စာမသိဘဲနဲ့ လှူခဲ့သော် ဒုက္ခသစ္စာရမယ်။ အ၀ိဇ္ဇာသင်္ခါရကြောင့် သူကျေးဇူးပြုလိုက်တဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ။ ဒါ ဘယ်သူတွေရတဲ့ ဒုက္ခသစ္စာလဲဆိုတော့ မသိလှူသမားတွေ လှူလို့ရတဲ့ဒုက္ခသစ္စာ။ `သိပြီးရင်တော့ လှူတော့ဟေ့´လို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူပါတယ်။
လှူတော့ ငွေကုန်တယ်။ သစ္စာမသိဘဲနဲ့ လှူလို့ ဟိုဘက် ဒုက္ခသစ္စာရတော့ လူပန်းတယ်။ ငွေကုန်လူပန်းအလှူပဲ။ မသိလှူသမားလှူရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါး၊ ဒုက္ခသစ္စာရတယ်။ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီဆိုရင်တော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်တယ်။ လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်း ၀ိဇ္ဇာနဲ့သိတာ။ လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်းသိတော့ ၀ိဇ္ဇာဉာဏ်ရတယ်။ ၀ိဇ္ဇာဉာဏ်ရတော့ နောက်ဘ၀ လိုချင်တဲ့ သင်္ခါရတွေ မလုပ်ဖြစ်တော့ဘူး။ ၀ိဇ္ဇာဉာဏ်ရတော့ ဘ၀ ဒုက္ခသစ္စာလို့ သိထားပြီ။ ဒီလိုသိတော့ အ၀ိဇ္ဇာ ချုပ်သွားတယ်။ သင်္ခါရအလုပ်လဲ မလုပ်တော့ဘူး။ ဒီလိုသိပြီဆိုရင် လှူတော့တဲ့။ နောက်ခန္ဓာဒုက္ခသစ္စာကြီးကို မလိုချင် မရချင်လို့ ဒုက္ခလွတ်ရာသာ ရချင်လို့ လှူဒါန်းပါ၏လို့ပြောင်းလိုက်။ ဒုက္ခသစ္စာကြီးကို မလိုချင်တာသည် ၀ိဇ္ဇာ၊ ဒုက္ခသစ္စာကြီး နောက်တစ်ခါ မလိုချင်လို့ လှူဒါန်းပါ၏ဆိုတော့ နိဗ္ဗာန်ရတယ်။

Thursday, March 12

အဓိပတိသုံးပါး


           ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
ထုတ်တာ မဟုတ်ဘူး။ အို. နာ. သေ. မွဲ. ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်စေ
ခြင်းငှာ တရားအားထုတ်တာ၊ အဲဒါကို အတ္တာဓိပတိလို့ ခေါ်တယ်။
     ၂။ လောကကြီးကိုလည်း အဓိပတ်ထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်နေတယ်
လို့ အမည်ခံထားပေမယ့် တရားအားထုတ်နေတဲ့ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေက
ဖုံးလွှမ်းထားပြီး ရောင်းဝယ်ရေးကိစ္စတွေကို တွေးတော စဉ်းစားမနေပါနဲ့ ထိနမိဒ္ဓလည်း မဖြစ်စေနဲ့
ပျင်းလည်းမပျင်းနဲ့၊ အိပ်လည်းမအိပ်နဲ့၊ စိတ်ကိုလည်း မလွင့်စေနဲ့၊ မတော်တာတွေကို လုပ်နေရင်ဖြင့်
ကိုယ်စောင့်နတ်နဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်ကလည်း သိတယ်။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်က
လည်း သိပါတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ လောကကို အဓိ
ပတိထားပြီး အားထုတ်ခြင်းကို လောကာဓိပတိလို့ ခေါ်တယ်။
     ၃။ တရားတော်ကိုလည်း အဓိပတိထားပြီး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရား
တော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားကို မမြင်ခဲ့ရင် တရားက မရှိလို့
မဟုတ်ဘဲ ငါက တရားတော်ကို မလေးစားလို့ မမြင်တာဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး တရား
တော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကိုတော့ ဓမ္မာဓိပတိလို့ ခေါ်တယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၆ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Thursday, March 5

ကျေးဇူး​တော်​ရှင်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ ပုဗ္ဗကိစ္စငါးပါး။



        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။

  ၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ဖူးပါက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ ၀န်ချ
တောင်းပန်ကန်တော့ပါ။
  ၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နှင့်တကွ သတ္တ၀ါ
အပေါင်းတို့အား ဘေးကင်း ကျန်းမာချမ်းသာစေဖို့  မေတ္တာစိတ်ကို ပွားများပေးပါ။
  ၄။ ရှေးဘ၀၊ ယခုဘ၀ ကိုယ်ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါ အလိုရှိနေသော မဂ်ဖိုလ်နိဗ္ဗာန်ကို
 ရောက်ရစေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ ဆိုပါ။
  ၅။ ငါသည် ဘ၀များစွာ သေခဲ့လှပြီ။ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို (မရဏာနုဿတိ) ပွားများပြီး၊ အားထုတ်မှုအရှိန်ကို ပြင်းထန်ပေးပါတို့ ဖြစ်ပါတယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)