Friday, March 18
ကျေးဇူး​တော်​ရှင်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး ​ဟောကြား​တော်​မူ​သော ဝိသာခနှင့်​ဓမ္မဒိန္နာ အ​မေးအ​ဖြေ
ကျေးဇူး​တော်​ရှင်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး ​ဟောကြား​တော်​မူ​သော ဝိသာခနှင့်​ဓမ္မဒိန္နာ အ​မေးအ​ဖြေ
                 (၂၉-၁-၅၅)
ဒီ​နေ့ ဝိသာခသူ​ဌေးနဲ့ ဓမ္မဒိန္နာခင်​ပွန်းသည်​တို့ အ​မေးအ​ဖြေခန်း။ သက္ကာယဒိဋ္ဌိပြုတ်​လို့ ​ယျော်းက အနာဂါမ်​ မိန်းမက ရဟန္တာဖြစ်​ပုံ ရှင်းပြမယ်​....(မှန်​လှပါဘုရား)။ မြတ်​စွာဘုရားသခင်​ ကိုယ်​​တော်​မြတ်​ကြီးသည်​ ရာဇဂြိုဟ်​ပြည်​ ​ဝေဠုဝန်​​ကျောင်း၌ သီတင်​သုံး​နေတဲ့ အချိန်​မှာ ဝိသာခဆိုတဲသူ​ဌေးက ဓမ္မဒိန္နာဆိုတဲ့ ရဟန္တာမကို သက္ကာယဒိဋ္ဌိနဲ့ ပတ်​သက်​တဲ့ အ​မေး​တွေ ​မေးပါတယ်​။
       ဘယ်​နှယ်​​ကြောင့်​ သူတို့သည်​ ဒီအ​မေးထုတ်​ရပါလိမ့်​မတုံးလို့ သူတိုဇာတ်​ထုပ်​ကို အစက အနည်းငယ်​ပြန်​ရလို့ရှိရင်​ ဝသာခသူ​ဌေးနဲ့ ဓမ္မဒိန္နာဆိုတာသည်​ နဂိုက အကြင်​လင်​မယားဖြစ်​ခဲ့ပါတယ်​။ အကြင်​လင်​မယား ဖြစ်​​တော့ကို ဝိသာခသူ​ဌေးက ဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီး သု​ဒ္ဓေါဒနမင်းကြီးတို့ဆီကို တိုင်း​တော်​ပြည်​​တော်​သို့ ပြန်​လာပြီးသကာလ ယသ သတို့သားတို့နှင့်​တကွ တရားဓမ္မ​တွေ​ဟောတဲ့အခါမှာ ဝိသာခသူ​ဌေးက လူအဖြစ်​နဲ့ပဲ သူ​သောတာပန်​တည်​တယ်​။ ​နောက်​တစ်​ခါဆက်​ပြီး​ တရားနာပြန်​​တော့ သကဒါဂါမ်​တည်​တယ်​။ ​နောက်​ဆက်​ပြီး တရားနာပြန်​တဲ့ အခါမှာလဲ အနာဂါမ်​တည်​တယ်​။ အနာဂါမ်​တည်​​တော့ အနာဂါမ်​တည်​ပြီးတဲ့​နေ့မှာ သူသည်​ ​ကျောင်း​တော်​က​နေ​ပြီး ပြန်​လာခဲ့တယ်​။ ပြန်​လာတဲ့အခါကျလို့ရှိရင်​ ဣ​နြေ္ဒသိက္ခာ​တွေက အနာဂါမ်​ဆိုတာ တကာ တကာမ​တို့ မှတ်​စရာက လူ့ပြည်​မှာရှိတဲ့ အာရုံ​တွေ ဘာမှ မနှစ်​သက်​​တော့ဘူး။ ဒီအာရုံ​တွေကို မဂ်​နှင့်​ပယ်​ပြီးသား။ သုံးခု​မြောက်​ မဂ်​နဲ့ပယ်​ပြီးသားဆိုတာ မှတ်​ထားကြပါ။
       အိမ်​ပြန်​လာ​တော့ ခါတိုင်းလဲပြန်​လာတာက​တော့ဖြင့်​ အိမ်​ဘက်​ကို မျက်​စိမျက်​နှာမူပြီးသကာလ ပြန်​လာ​တော့ သူ့ခင်​ပွန်းမ ဓမ္မဒိန္နာက အပြန်​မှာ ဆီး ဆီးကြို​လေ့ရှိတယ်​။ ဆီး ဆီးကြိုတဲ့အခါကျလို့ရှိရင်​ သူတို့တိုက်​ဝ​ရောက်​တဲ့အခါမှာ သူ​ဌေးကပြန်​လာ သူကတိုက်​​ပေါက်​က ဆီးကြို ၊ လက်​က​လေးဘာ​လေး ဆွဲပြုပြီးသကာလ အိမ်​​ပေါ်အတူတူ သွားကြလာကြဆိုတဲ့ သ​ဘော​လေးရှိတယ်​၊ ​သောတာပန်​တည်​တုန်းက။
                    ဆက်​လက်​​ဖေါ်ပြပါမည်​။
                           အရှင်​ဉာဏဓဇ
                မိုးကုတ်​ဝိပဿ     နာ မင်္ဂလာမဂ္ဂင်​ရိပ်​သာ
                     မိခင်​ပင်​မသံ​ဝေဇနိယဌာန
                               အမရပူရမြို့။
Posted via Blogaway
Sunday, January 31
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သုံးသပ်ခြင်း
ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ခန္ဓာတို့၏အဓိပ္ပာယ်နှင့် ခန္ဓာဖြစ်ခြင်းအကြောင်း အကျိုးဆက်တို့ကို ဖော်ပြသောတရားဖြစ်ပါတယ်။ ၀ိပဿနာအလုပ်ခွင်သို့ ၀င်၍ တရားအားထုတ်ရန် စိတ်ဆုံးဖြတ်ပြီးရင် ခန္ဓာငါးပါး၏ အကြောင်းအကျိုးကို သိနားလည်ရန် လိုအပ်ပါတယ်။ ထို့အတူ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရအောင် အားထုတ်ရန် ရည်ရွယ်သော ပုဂ္ဂိုလ်တစ်ဦးသည် ပထမဦးစွာ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် တရားတော်သည် အကြောင်းအကျိုးဆက်တရားပင် ဖြစ်ပါတယ်။
အရိယာသစ္စာလေးပါး တရားတော်သည် ဗုဒ္ဓ၏ သုတ္တန်ဒေသနာတော်တွင် အရေးအကြီးဆုံးနှင့် အနှစ်ချုပ်တရားတော် ဖြစ်ပါတယ်။ ထို့အတူ ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဗုဒ္ဓဒေသနာတို့တွင် ဒုတိယအားဖြင့် အရေးအကြီးဆုံးနှင့် အနှစ်ချုပ်တရားတော်ပဲဖြစ်ပါတယ်။
သောတာပတ္တိမဂ်ဖိုလ်၊ သကဒါဂါမိမဂ်ဖိုလ်၊ အနာဂါမိမဂ်ဖိုလ်၊ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်တော် မူကြသော အရိယာ သူတော်ကောင်းတို့သည် ပထမဦးစွာ ပဋိစ္စသုမုပ္ပါဒ် သံသရာစက်၏ အဆက်အစပ်များကို ဖြတ်တောက်ခဲ့ကြပြီးနောက် အရိယာသစ္စာလေးပါးကို အပြည့်အစုံ ထိုးထွင်းသိမြင်ခဲ့ကြသူများ ဖြစ်ကြပါတယ်။
ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သာမန် ပုထုဇဉ် လူသားများအတွက် (၁) သက္ကာယဒိဋ္ဌိ (၂) သဿတဒိဋ္ဌိ (၃) ဥစ္ဆေဒဒိဋ္ဌိ (၄) အဟေတုကဒိဋ္ဌိ စသော ဒိဋ္ဌိအမြင်မှားများကို ဖယ်ရှားသုတ်သင်ရာတွင် လွန်စွာ အရေးပါသော တရားတော် ဖြစ်ပါတယ်။ သောတာပတ္တိမဂ်ဉာဏ်ကို ရရှိရေးတွင် ဒိဋ္ဌိအမြင်မှားကို ဖယ်ရှားသုတ်သင်ရေးသည် အလွန်အရေးကြီးပါတယ်။ သောတာပတ္တိမဂ်ဉာဏ်သည် ပထမ မဂ်ဉာဏ်ဖြစ်ပြီး ထိုဉာဏ်ကို ရရှိပြီးမှသာ အထက်အဆင့်မြင့် မဂ်ဉာဏ်များသို့ တက်လှမ်းနိုင်မည်ဖြစ်ပါတယ်။
အဲတော့ ပဋိစ္စသမုပ္ပါဒ် ဆိုတာဘာလဲ ?
ပဋိစ္စသမုပ္ပါဒ် ဆိုတာ ပါဠိစကားလုံး သုံးခုကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ၄င်းတို့မှာ ပဋိစ္စ = အကြောင်းကြောင့်၊ ကို မှီလျက်၊ သံ = ကောင်းစွာ၊ ဥပ္ပါဒ = အကြောင်းအားလျော်စွာ အကျိုး ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကို စွဲ၍၊ မှီ၍ အကျိုးတရား ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် Law of Dependent Origination ဟု ခေါ်ပါတယ်။ Cycle of Rebirth ဟုလည်း ခေါ်ပါတယ်။
ပဋိစ္စသမုပ္ပါဒ်တရားတွင် ကွင်းဆက် ဆယ့်နှစ်ခု ပါဝင်ပါတယ်။ ထိုကွင်းဆက်များက အဆုံးမဲ့ သံသရာတွင် အဖြစ် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ သက်ရှိသတ္တ၀ါတစ်ခု ပေါ်ပေါက်လာပုံကို ပြပါတယ်။
ဤတရား၏အစတွင် အ၀ိဇ္ဇာနှင့် စတင်ထားသော်လည်း အ၀ိဇ္ဇာသည် ပထမအကြောင်းတရား ဖြစ်သည်ဟု မမှတ်ယူအပ်ပါဘူး။ အဘယ်ကြောင့်ဆိုသော သံသရာသည် အစ မထင်သောကြောင့် ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် တရားတော်က အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်းသဘောကို သင်ကြားပေးပါတယ်။ အကြောင်းတရားတစ်ခုသည် အကျိုးတရားတစ်ခုလည်း ဖြစ်ပြီး၊ အကြောင်းက အကျိုး၊ အကျိုးကလည်း အကြောင်း အပြန်အလှန် ဖြစ်နေကြပုံကို ဆက်စပ်ပြပါတယ်။
အလွယ်တကူ သိမြင်နိုင်သောအချက်မှာ ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် မိမိ၏ခန္ဓာ (နာမ်ရုပ်) သဘောပင် ဖြစ်ပါတယ်။ ထိုထက်နက်နဲဖွယ်ဆောင်သော ခန္ဓာ၏ ရုပ်နာမ်ဓမ္မများ ဖြစ်နေပုံ ပျက်နေပုံကိုလည်း ပြပါတယ်။ သို့မဟုတ် တနည်းအားဖြင့် သောက ဒုက္ခများ အစဉ်အဆက် အဆုံးမရှိ ဖြစ်နေပုံကိုလည်း ပြပါတယ်။
အမှန်မှာ ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဓမ္မ သို့မဟုတ် ခန္ဓာများ အ၀ိုင်းလိုက် စက်လည်နေပုံ ဖြစ်ပျက်နေပုံကို ပြသပါတယ်။
အဖြစ်ဟောင်းက အဖြစ်သစ်တစ်ခုကို ဖြစ်ပေါ်ပြီးနောက် ချုပ်သွားပုံသည် အဆုံးမရှိ ဆက်စပ်၍ ဖြစ်ပေါ်နေပုံသဘောကို ပြပါတယ်။ ထိုကဲ့သို့ ဖြစ်ပြီး ပျက်နေခြင်းသဘောကိုပင် ပဋိစ္စသမုပ္ပါဒနှင့် ပဋိစ္စသမုပ္ပန္နဟု ခေါ်ပါတယ်။
တရားအားထုတ်မည့် ပုဂ္ဂိုလ်များအနေဖြင့် ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားလည်ဖို့လိုပါတယ်။ ခန္ဓာပဋိစ္စသမုပ္ပါဒ်သည် ၀ိပဿနာတရားထုတ်ရာတွင် ဖြတ်လမ်းဖြစ်သည်ဟု ဆိုနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော ဤတရားသည် ပဋိစ္စသမုပ္ပါဒ်တရားတော်၏ ပစ္စုပ္ပန်ဖြစ်ပေါ်ပုံကို သင်ကြားပြသပေးသောကြောင့်ပင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဤတရားသည် ယောဂီအား ခန္ဓာငါးပါး၏ စတင်ဖြစ်ပေါ်ပုံ၊ ၄င်းတို့၏ အကြောင်းနှင့် ချုပ်ဆုံးပုံသဘောတို့ကို သိမြင်နားလည်စေပါတယ်။
ပါဠိတော်က -
စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ၊ စက္ခုဝိညာဏံ၊ တိဏ္ဏံသင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ သမ္ဘ၀န္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခခန္ဓဿ သမုဒယော ဟောတိ ..
လို့ဆိုပါတယ်။
သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ၊ မန တို့ကိုလည်း ထိုအတိုင်း သိမြင်နိုင်ပါတယ်။
စက္ခုံစ ဆိုတာ မျက်စိကိုဆိုလိုတာသိပြီးဖြစ်မှာပါ၊ ရူပေစ ဆိုတာကတော့ အဆင်း (မြင်ရသောအရာ) ပါ။ စက္ခု (မျက်စိ) နှင့် အဆင်း တိုက်ဆိုင်သော အခါ မြင်သိစိတ် (စက္ခုဝိညာဏ်) ပေါ်ပေါက်လာပါတယ်။ ဤကိစ္စတွင် မျက်စိနှင့်အဆင်း တိုက်၍ ပေါ်ပေါက်လာသောအရာသည် မြင်သိစိတ်သာလျှင် ဖြစ်ပါတယ်။ မြင်ခြင်းကိစ္စ၌ မြင်သောသူ မရှိပါ။ ငါမဟုတ်၊ သူမဟုတ်၊ ယောကျာ်းမဟုတ်၊ မိန်းမမဟုတ်၊ မျက်စိ၌ ပေါ်သော မြင်သိစိတ်သည် မြင်သိစိတ်သာလျှင် ဖြစ်ပါတယ်။
မျက်စိ၊ အဆင်းနှင့် မြင်သိစိတ်တို့သည် ထိတွေ့မှု (ဖဿ)ကို ဖြစ်ပေါ်စေပြီး၊ ဤထိတွေ့မှု ဖဿကို အကြောင်းပြု၍ ဝေဒနာ ဖြစ်ပေါ်လာရပါတယ်။ ထိုဝေဒနာထဲမှာလည်း ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ မပါဝင်ပါ။
ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်လာရပြန်ပါတယ်။ တစ်ဖန် တဏှာကြောင့် ဥပါဒါန် (စွဲလမ်းမှု) ဖြစ်ပေါ်လာရပြန်တယ်။ တစ်ဖန် ဥပါဒါန်ကို အကြောင်းပြု၍ ကာယကံ ၀စီကံ နှင့် မနောကံတို့ ဖြစ်ပေါ်လာကြရပါတယ်။ ဤ ကမ္မဘ၀ကို အကြောင်း (အမှီ) ပြု၍ ဇာတိ (ပဋိသန္ဓေနေခြင်း) ဖြစ်ရပါတော့တယ်။
ဇာတိကို အကြောင်းပြု၍ (မှီ၍) အိုခြင်း (ဇရာ)၊ သေခြင်း (မရဏ)၊ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း ဒုက္ခ၊ ပရိဒေ၀၊ ဥပါယာသ တရားတို့ ဖြစ်ကြရပါတယ်။ ဤသို့လျှင်ပင် အလုံးစုံသော ဒုက္ခတရားတို့သည် ဖြစ်ပေါ်လာကြရပါတယ်။
ဒီနေရာမှာ ၀ဋ်သုံးပါးလည်ပုံလေးကို အနည်းငယ်ရှင်းလင်းချင်ပါတယ်။
ဝဋ်သုံးပါးရဲ့ အဓိပ္ပါယ်
ဝဋ်သုံးပါးဆိုတာ ကမ္မ၀ဋ် ၀ိပါက၀ဋ် ကိလေသ၀ဋ်ပါ။ ကိလေသ၀ဋ်ဆိုတာ ကိလေသာအားဖြင့် လည်တာ၊ ကမ္မ၀ဋ်ဆိုတာက ကံအားဖြင့် လည်တာ၊ ၀ိပါက၀ဋ်ဆိုတာက အကျိုးပေးအနေအားဖြင့် လည်တာပါ။
ကမ္မ၀ဋ် ကိလေသ၀ဋ် ၀ိပါက၀ဋ် ဆိုတဲ့ ဒီဝဋ်သုံးက တစ်ခုနဲ့တစ်ခုကျေးဇူးပြုပြီးတော့ ဆက်စပ်ပြီးတော့ အကြောင်းခံပေးနေလို့ ဒီသံသရာကြီး လည်နေရတာပါ။
ပဋိစ္စသမုပ္ပါဒ်စတုန်းက ဘာအရင်စပြလဲဆို ကိလေသ၀ဋ်က စပြပါတယ်။ ကိလေသာဝဋ်က အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ပါ။
ကမ္မ၀ဋ်က ဘ၀နဲ့သင်္ခါရပါ။ ဘ၀ဟာ နှစ်မျိုးပြပါတယ်။ ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀ပါ။ ကမ္မဘ၀က အကြောင်းပါ။ ဥပပတ္တိဘ၀က အကျိုးပါ။ ဒါကြောင့် ဒီနေရာမှာ ဘ၀နှစ်မျိုး ထွက်နေလို့ အကြောင်းချည်း ရေတွက်တဲ့အခါမှာ အကြောင်းဘ၀ထဲ ကမ္မဘ၀သွင်းရပါတယ်။ အကျိုးချည်း ရေတွက်တဲ့အခါမှာလည်း အကျိုးဘ၀ထဲ ဥပပတ္တိဘ၀သွင်းရပါတယ်။
ဝိပါက၀ဋ်က ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ ဆိုတော့ ဒါတွေက အကျိုးတရားတွေ ဖြစ်ပါတယ်။
အဲဒီမှာ ဘာထည့်ပေးရလည်းဆိုတော့ အထက်က ဘ၀မှာပြခဲ့တဲ့ ဥပပတ္တိဘ၀ကို ထည့်ပေးရပါမယ်။ အဲဒါက အကျိုးတရားတွေဖြစ်တဲ့အတွက် ၀ိပါက၀ဋ်ပါ။
အဲဒီတော့ (၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဘ၀ ဇာတိ ဇရာ မရဏ) သည် ၀ိပါက၀ဋ်လို့ မှတ်ရပါမယ်။
(အ၀ိဇ္ဇာ တဏှာ ဥပါဒါန်) သည် ကိလေသ၀ဋ်ပါ။
(ကမ္မဘ၀နဲ့သင်္ခါရ) ကတော့ ကမ္မ၀ဋ်ပါ။
အဲတော့ အင်္ဂါဆယ်နှစ်ရပ်ထဲမှာ ကိလေသာ ဆိုတဲ့ တရားအစစ်က အ၀ိဇ္ဇာရယ်၊ တဏှာရယ်၊ ဥပါဒါန်ရယ်။ ကံဆိုတဲ့ တရားကတော့ ကမ္မဘ၀နဲ့သင်္ခါရပါ။ ဒါဖြင့် ဒီကိလေသာကြောင့် ကံကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေက ဘယ်သူတွေတုန်းဆိုယင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဘ၀ ဇာတိ ဇရာမရဏ လို့ ဒီလို အဖြေထွက်ပါမယ်။
ဒါကြောင့် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ဆိုတာ ၀ဋ္ဋ လည်ခြင်း အနက်ထွက်လို့ ဘာဖြစ်လည်းဆို သံသရာကြီးလည်နေပုံကို ပြပါတယ်။ ဘယ်လိုပြလည်း -
ကိလေသာရှိလို့လည်တယ်ပေါ့၊ ကိလေသာက စ၊ ဘာလည်းဆိုတော့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်။ ကိလေသာရှိတော့ ဘာဖြစ်လည်းဆိုတော့ ကမ္မ၀ဋ်တွေလုပ်ပါတယ်။ ကံတရားတွေလုပ်တာပေါ့။ မဟုတ်ဘူးလား။ ကိလေသာတွေရှိတော့ ကံတရားတွေ လုပ်ပါတယ်။ ဒါကြောင့် ကိလေသာကြောင့် ကံတွေ လုပ်တယ်တဲ့။ ဒါကြောင့် ကမ္မ၀ဋ် (ဘ၀နဲ့သင်္ခါရ)။ ကမ္မဘ၀လည်းပဲ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာပဲရတယ်။ သင်္ခါရလည်းပဲ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာပဲ ရတယ်။ ကိလေသာရှိလို့ ကံတွေ လုပ်တော့ ဘာဖြစ်လည်းဆိုတော့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဘ၀ ဇာတိ ဇရာ မရဏ ဆိုတဲ့ အကျိုးကောင်ကြီး လာဖြစ်တာပေါ့။ အဲဒီလို လည်နေတာပါ။
ဝဋ်သုံးပါး လည်ပုံလည်နည်းဆိုတာ ကိလေသာ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်များသည် ကံကိုချည်း အမြဲလုပ်နေတယ်။ ကံအမြဲလုပ်သမျှ ကံ ဆိုတဲ့ အကြောင်း တရားတွေ အမြဲလုပ်သမျှ ခန္ဓာကောင် ၀ိပါက်ကောင်ဆိုတဲ့ အကျိုးတရားကြီးက အမြဲပေါ်နေတော့တာပေါ့။
ခန္ဓာကောင် ၀ိပါက်ကောင်ဆိုတဲ့ အကျိုးတရားကြီး အမြဲပေါ်တိုင်း ကိလေသာက ထင်ရှားရှိပြန်တော့ ခန္ဓာကောင်ကြီးပေါ်လာ ကိလေသာတန်းလန်းနဲ့ပေါ့။ ကိလေသာရှိပြန်တော့ ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ ကမ္မ၀ဋ်ကြီး လုပ်ပြန် ဒီလိုဖြစ်နေပါတယ်။ ကမ္မ၀ဋ်ကြီးလုပ်ခြင်းကြောင့် အကျိုးဝိပါက်ကောင် ခန္ဓာကောင်ကြီး ဖြစ်ပြန် ဒီလိုဖြစ်နေပါတယ်။
ဒါကြောင့် ကိလေသာဝဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်၊ ၀ိပါက၀ဋ်ကြီးကြောင့် ကိလေသ၀ဋ်ဖြစ်၊ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ကြီးဖြစ်၊ ၀ိပါက၀ဋ်ကြီးကြောင့် ကိလေသ၀ဋ်ဖြစ်၊ ကိလေသာကြောင့် ကံဖြစ်၊ ကံကြောင့် ၀ဋ်ဖြစ်၊ ၀ဋ်ကြောင့် ကိလေသာ ကိလေသာကြောင့် ကံ၊ ကံကြောင့် ၀ဋ် ဒီလို လည်သွားပါတယ်။
ဒါကြောင့် ကိလေသာမကုန်ခန်းသမျှ ကာလပတ်လုံး ဒီ လည်တယ် လည်တယ်ဆိုတဲ့ ၀ဋ်တရားကြီး ဟာ ဘယ်တော့မှ ရပ်မှာမဟုတ်ပါဘူး။
အဲတော့ ကိလေသာက ဘယ်လောက်ရှိသလဲဆိုတော့ တစ်ထောင့်ငါးရာကိလေသာရှိတယ်လို့သိပါတယ်။ ဒါဖြင့် ဒီတစ်ထောင့်ငါးရာကိလေသာအကုန်ကုန်မှ ရပ်တော့မှာလားဆိုတော့ ဒီလိုမဟုတ်ပါဘူး။ ဒိဋ္ဌိကိလေသာနဲ့ ၀ိစိကိစ္ဆာကိလေသာ နှစ်ပါးသေယင်ရပါပြီ။ သောတာပတ္တိမဂ်ဉာဏ်ရတော့ သောတာပတ္တိမဂ်ဉာဏ်သည် ဒိဋ္ဌိကိလေသာနဲ့ ၀ိစိကိစ္ဆာကိလေသာ နှစ်ပါးကိုသာလျှင် သမုစ္ဆေဒပဟာတဗ္ဗအနေအားဖြင့် ပယ်ပါတယ်။ ဒါကြောင့် ဒိဋ္ဌိကိလေသာနဲ့ဝိစိကိစ္ဆာကိလေသာ နှစ်ပါး သေဖို့ အရေးကြီးပါတယ်။
အဲတော့ ၀ဋ်သုံးပါးပြထားရာမှာ ကိလေသ၀ဋ်ဆိုတဲ့နေရာလေးမှာ ကိလေသာက ဘာကောက်ထားလဲဆိုယင် အ၀ိဇ္ဇာရယ် တဏှာရယ် ဥပါဒါန်ရယ် ပြပါတယ်။ အ၀ိဇ္ဇာတရားကိုယ်ကောက်တော့ မောဟပါ။ တဏှာနဲ့ဥပါဒါန် တရားကိုယ်ကောက်တော့ လောဘပါ။ အဲဒီ မောဟနဲ့လောဘဆိုတဲ့ ကိလေသာနှစ်လုံးသာလျှင် အဓိကထား ပြပါတယ်။ ဒီကိလေသာ နှစ်လုံးကြောင့် ကမ္မ၀ဋ်တွေ ဖြစ်ပါတယ်။ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်၊ ၀ိပါက၀ဋ်ကြောင့် ကိလေသ၀ဋ် ဖြစ်ပါတယ်။ အဲဒီ ကိလေသ၀ဋ်ကဘယ်သူတွေလည်းဆိုယင် (အ၀ိဇ္ဇာနဲ့ တဏှာ ဥပါဒါန်) ပါ။
ဒါကြောင့် တစ်ထောင့်ငါးရာကိလေသာ အကုန်သတ်ဖို့ မလိုပါဘူး။ မောဟကိလေသာနဲ့ လောဘကိလေသာ မဖြစ်အောင် ပါးအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒီကိလေသာ နှစ်လုံးကြောင့် ကမ္မ၀ဋ်တွေ ဖြစ်တယ်။ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်တယ်၊ ၀ိပါက၀ဋ်ကြောင့် ဘာဖြစ်ပြန်လည်းဆိုတော့ ကိလေသ၀ဋ်ဖြစ်ပြန်တယ်။ ဒီကိလေသ၀ဋ်က ဘာလဲဆိုတော့ (အ၀ိဇ္ဇာနဲ့ တဏှာ ဥပါဒါန်) ပါ။
ဒါဖြင့် ဒီကိလေသ၀ဋ်ချုပ်သွားလို့ရှိရင် ဒီကမ္မ၀ဋ် ဖြစ်ပါဦးမလား (မဖြစ်တော့ပါဘူး)၊ ကမ္မ၀ဋ်ချုပ်ရင် ၀ိပါက၀ဋ် မဖြစ်တော့ပါဘူး။
ဒါကြောင့် တရားအားထုတ်တော့မည့် ယောဂီအနေနှင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အပြည့်အ၀ နားလည်သဘောပေါက်အောင် လေ့လာခြင်းအားဖြင့် ဒိဋ္ဌိကို ခွာနိုင်ပါတယ်။ အဲလို ဒိဋ္ဌိကိုခွာပြီးမှသာ မိမိတို့၏ သဒ္ဓါ၊ ပညာ၊ ၀ီရိယ အားလျော်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်အဆင့်ဆင့်ကို တက်လှမ်းနိုင်ကြပါလိမ့်မယ်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
tno
https://web.facebook.com/Dhamma-Notes-by-Thein-Naing-Ohn-1514787362178822/?ref=bookmarks
Posted via Blogaway
Saturday, December 19
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မှတ်သားလိုက်နာရမည့် ဩဝါဒတော်များ။
"ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုတာ...
သစ္စာမသိလို့ပြောတာပါ။
နိဗ္ဗာန်မမြင် ချမ်းသာမသိတဲ့လူကပြောတာ။
ကံစီမံသလို ခံကြယုံပဲဆိုတော့...
ကိုယ့်စွမ်းရည်တုံးတယ်။
ကံကို အားကိုးတာသည် ...
အသေဆိုးသေပြီး အနေဆိုးနေရတဲ့ ...
ဒုက္ခသစ္စာရချင်လို့ပဲ။"
■■■■■■■■■■■■■■■■■■■
သက်တမ်း ခပ်တိုတိုလေးမှာ
ခပ်ခိုခို လုပ်နေမယ်ဆိုရင်
အသေစောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်။
■■■■■■■■■■■■■■■■■■
မသိတုန်းကတော့...
မသိသလိုနေလာကြတာ ကိစ္စမရှိပါဘူး။
သိပြီးတဲ့အခါကြတော့...
ပြင်ဆင်ဖို့အချိန်အခါ ရောက်ပြီ။
ကိုယ့်ကိုယ်ကို သနားရင်...
ဝိပဿနာအလုပ် လုပ်ပါ။
■■■■■■■■■■■■■■■■■
ဒေါသဆိုတာ နှလုံးသွေးထဲမှာ
ဆူပွက်နေတာ ။
အရှက်အကြောက်တွေကင်း၊
ပစ္စုပ္ပန်မှာ ရုပ်အမျိုးမျိုး ပြောင်း၊
မျက်လုံးမျက်ဆန်တွေ ပြူးလာတာ ၊
ဒေါသသတ္တိ။
ကိုယ့်ကိုယ်ကို စိတ်ဆိုးလည်း
မဂ်ဖိုလ်တားတာပဲ။
သူတစ်ပါးအတွက်
စိတ်မကောင်းဖြစ်လည်း
မဂ်ဖိုလ်တားတာပဲ။
■■■■■■■■■■■■■■■■■■
ကျန်းမာနေတုန်းကတော့
သုခဝေဒနာက ခိုင်းတယ်။
မကျန်းမာတဲ့ အခါကျတော့
ဒုက္ခဝေဒနာက ငါ့ကုဟဲ့ ငါ့သဟဲ့
ဘယ်လောက်ကုန်ကုန်ရှာဟဲ့
ငါပျောက်ဖို့ အရေးကြီးတယ်ဆိုပြီး
ဒုက္ခဝေဒနာက မကျန်းမာတဲ့အခါ
သူက ပိုပြီး အရှာဖွေခိုင်းတယ်။
ဟဒယဝတ္ထုဆိုတဲ့
နှလုံးသွေးထဲမှာ လောဘဆိုတဲ့
ဆေးနီ ဆေးဝါ ရောနေရင်
ခန္ဓာဖြစ်ပျက်ကို မမြင်နိုင်ဘူး။
လောဘက မဖယ်ထုတ်တော့
ကြီးပွားလာတယ်။
လောဘဆိုတာ တဏှာ။
တဏှာ ကြီးပွါးတော့
ဥပါဒါန်ကံ အပါယ်ဇာတိပဲ။
■■■■■■■■■■■■■■■■■
ဒီအလုပ်ဟာဖြင့်
မလုပ်မဖြစ်တဲ့အထဲမှာ
အကြီးကျယ်ဆုံး အလုပ်ကြီးပဲ။
ခင်းဗျားတို့ကို
အင်မတန် ကိုယ်ကျိုးကြီးနည်းမှာစိုးလို့
အလုပ်ခိုင်းနေတာမှတ်ပါ။
တစ်သက်မှ တစ်ခါ
တစ်သံရာမှ တစ်ခါဆိုသလို
ဒီလို နက်နက်နဲနဲတရားတွေကို
ကြားရတာပါနော်။
အင်မတန် ဂရုစိုက်လိုက်ကြစမ်းပါ။
■■■■■■■■■■■■■■■■■
ဘုရားက
ရာဟုလာသားတော်ကဲ့သို့
ချစ်သနားတော်မူလို့
အမွေပေးထားခဲ့တဲ့ တရားတော်။
အခုကြိုးစားရင်
အခုရမယ်ဟောတယ်။
နောက်မှ ရမယ်လို့ မဟောဘူး။
သူများတောင် ရသေးတာ
ငါဘာကြောင့်
မရဘဲရှိရမှာလဲဆိုပြီး
လုပ်သာလုပ်။
နေချင်သလိုနေပြီး
မကြိုးစားရင်
သေချင်သလိုသေပြီး
ပရမ်းပတာ ဖြစ်ချင်ရာဖြစ်မယ်။
■■■■■■■■■■■■■■■■■
ဘဝဆိုတာ
ဘယ်နေရာမဆို
လောင်စာနဲ့ ထင်းပဲ။
ဘဝမှာ ပျော်မွေ့တယ်ဆိုတာ
ဒုက္ခထဲပျော်မွေ့နေတာပါပဲ။
သစ္စာမသိလို့ပျော်မွေ့တာ။
မင်းတော့နိုင်အောင် သတ်မှပဲ။
မင်းခံနေလို့ရှိရင်
ဘယ်တော့မှလည်း
နိဗ္ဗာန်ရမှာ မဟုတ်ဘူး။
ဒီလိုဆိုပြီး သကာလ
သူ့ကို ကြိမ်းမောင်းရမယ့်အသွားကို
ယနေ့ပြောတာပဲ။
■■■■■■■■■■■■■■■■■
တောထဲတောင်ထဲ မသွားဘဲ
အိမ်ကြိုအိမ်ကြား
သွားရင်း လာရင်းနဲ့လည်း
တရားရနိုင်ပါတယ်။
ဘယ်မှာနေနေ
ဘာတွေလုပ်လုပ်
သတိနဲ့ ပညာ
အစဉ်မကွာဖို့သာ လိုရင်းပဲ။
ခန္ဓာမှာ
ဥာဏ်မလွတ်ဖို့ပဲ
အရေးကြီးတယ်။
တရားက
ခန္ဓာမှာ ရှိနေတော့...
ခန္ဓာနဲ့ ဉာဏ်ကွာနေရင်
ဘယ်မှာနေနေ
တရားမရနိုင်ဘူး။
■■■■■■■■■■■■■■■■■
ဒီခန္ဓာကြီးကတော့
အားမထုတ်လည်း သေရွာသွားမှာပဲ။
အားထုတ်လည်း သေရွာသွားမှာပဲ။
ပုထုဇဉ်အဖြစ်နဲ့ သေရင်
လူတစ်သိန်းသေလို့
သုဂတိ တစ်ယောက်မရောက်ဘူး။
အကုန် အပါယ်ချည်းသွားကြတာပဲ။
ယနေ့ စကြာဝတေးမင်း
မနက်ဖြန် ဒယ်အိုးထဲ
ရောက်နိုင်သေးတယ်။
■■■■■■■■■■■■■■■■■■
အပါယ် "မိုးကြိုးပစ်" တာကို
လှူဒါန်းတာလောက်
"ထန်းလက်နဲ့ ကာ" လို့မရဘူး...။
ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်။
■■■■■■■■■■■■■■■■■
မိုးကုတ်ဆရာတော်ဘုရား
Tuesday, December 15
အနာရှိလျက် အနာရှာ
ခန္ဓာဒုက္ခသစ္စာကြီး ရလျက်ကပင် နောက်ခန္ဓာ 
ဒုက္ခသစ္စာရကြောင်း အလုပ်တွေ လုပ်နေသည်ကို
ပေါ်လွင်ထင်ရှားသိမြင်လာအောင် မိုးကုတ်ဆရာ
တော်ဘုရားကြီးက "ဒကာ ဒကာမတွေ ဒီဒုက္ခသစ္စာ
ခန္ဓာက လက်စမသိမ်းသေးဘဲ နောက်ဒုက္ခသစ္စာခန္ဓာ
ရှာတဲ့ အလုပ်များမလုပ်ကြပါနဲ့ ။
ဒီမသာမချသေးခင် နောက်မသာရှာတဲ့ အလုပ်ဟာ
အင်မတန် ဆိုးဝါးပါတယ်။ဘာနဲ့ တူသလဲဆိုတော့
ပြေးတတ်ကာစ ကလေးလေးဟာ ပြေးလွှာဆော့လို့ 
ဒူးမှာဒဏ်ရာ ရ ထားလျက်နဲ့ နောက်ထပ်ပြေးပြန်ရင်
လူကြီးမိဘတွေက ဒီကလေး အနာရှိလျက် အနာရှာ
တယ်လို့ ဆိုကြမှာဘဲ။
ခင်ဗျားတို့ လည်း အခု ခန္ဓာဒုက္ခသစ္စာ အနာကြီး
မပျောက်သေးခင် နောက်ခန္ဓာ အနာမရှာကြပါနဲ့ "ဟု
ဆုံးမတော်မူပါသည်။
(ကျေးဇူးတော်ရှင်မိုးကုတ်ဆရားတော်ဘုရားကြီး၏
အဆုံးအမ)
စိတ္တာနုပဿနာ ရှုနည်း အခြေခံ
     မိုးကုတ်ဆရာတော်ဘုရားကြီး ဟောစဉ်အတိုင်း စိတ္တာနုပဿနာ (အခြေခံ)က စပြီး ပြောကြတာပေါ့။ ဆရာတော်ကြီးက ပထမဦးစွာ ခန္ဓာ ငါးပါးကို သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်ပုံကို ပြတယ်။ သူ့စကားအတိုင်း ဆိုရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်လိုက်လို့ရှိရင် ကိုယ်ကြီးကို ရှုရင် ကာယာနုပဿနာ ဝေဒနာကို ရှုရင် ဝေဒနာနုပဿနာ စိတ်ကို ရှုရင် စိတ္တာနုပဿနာ သစ္စာကို ရှုရင် ဓမ္မာနုပဿနာလို့ မှတ်ကြပါ။ (စာအုပ် ၂၇ နှာ ၁၅၆) ဒီလို ဝေဖန်ပြပြီးမှ စိတ္တာနုပဿနာရဲ့ အခြေခံတွေကို စပြီး ဟောတယ်။
     စိတ္တာနုပဿနာ ဆိုတာ ဘာလဲ။ ကိုယ့် စိတ်ကို ကိုယ် ရှုတာ စိတ္တာနုပဿနာပဲတဲ့။ စိတ်ကို စိတ်နဲ့ ရှုတာ စိတ္တာနုပဿနာပေါ့ဗျာ။ ဒါဆိုရင် အရှုခံလည်း စိတ်ပဲ ရှုဉာဏ်လည်း စိတ်ပဲပေါ့။ ပေါ်ပြီလား။ ဘယ်သူ့ စိတ်ကို ဘယ်သူ့ စိတ်နဲ့ ရှုရမှာလဲ။ (ကိုယ့်စိတ်ကို ကိုယ့်ဉာဏ်နဲ့ ရှုရမှာပါဘုရား) ဒါဆိုရင် ကိုယ့်စိတ် ကိုယ့် သန္တာန်မှာ စိတ်တွေ ခဏခဏ ပေါ်နေသားနဲ့ ကိုယ့်စိတ်ကို ကိုယ် မရှုမိလို့ နိဗ္ဗာန် မရောက်တာပဲ။ ကိုယ့် စိတ်ကို ရှုမိရင် နိဗ္ဗာန်ပို့မှာ သေချာတယ်နေိာ။  ကိုယ့်စိတ် ဆိုတာက အနည်းကလေးပါ။ ဆယ့်သုံးခုပဲ ရှိတယ်။ ထပ်တလဲလဲ ဖြစ်နေလို့ များတယ် ထင်နေတာ။ ပုထုဇဉ်မှာ ပုထုဇဉ် စိတ်ပဲရှိတယ်။ မျောက်စိတ်လိုပဲ ခဏခဏ ပြောင်းလဲနေတယ်။ ပြောင်းလဲနေတယ် ဆိုတော့ ခိုင်နေ မြဲနေတာ မဟုတ်ဘူး။ ဖြစ်ပြီး ပျက်လိုက် ပျက်ပြီးနောက် စိတ်တစ်မျိုးပေါ်လိုက် ဖြစ်နေတာပေါ့။ 
    ကဲ အလုပ်စဉ် ပြောရရင် မျက်လုံးဖွင့်လိုက်တော့ ရှေ့မှာ ရှိတာ မြင်တာပဲ။ အဲဒါ မြင်စိတ်ကလေး ပေါ်တာပဲပေါ့။ အလုပ်သဘောက မျက်စိထဲ မြင်စိတ် ပေါ်ရင် ဉာဏ်ထဲမှာ မြင်စိတ် ပေါ်တာပဲလို့ သိပေးရတယ်။ နားထဲ အသံကြားရင် ကြားစိတ် ပေါ်တာပဲလို့ သိပေး။ နှာခေါင်းထဲ အနံ့ကလေး ပေါ်လာရင် နံစိတ် ပေါ်တာပဲလို့ သိပေး။ စိတ်ပေါ်တိုင်းမှာ သိပေးရမှာ။ ပေါ်တာက တခြား သိတာက တခြားနော်။ ပေါ်တာက ရှေ့က သိတာက နောက်က လိုက်ရတဲ့သဘော။ ကိုယ့်ခန္ဓာ ဘယ်နေရာမှာပဲ ဘာစိတ်ပဲ ပေါ်ပေါ် ရှေ့က ပေါ်နေတဲ့ စိတ်ကို နောက်က သိတဲ့ ဉာဏ်ကလေးနဲ့ လိုက်တတ်ရမယ်။ အပြင်ဘက်မှာ ပေါ်တာက မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိ သိစိတ် ဒါပဲ ရှိတယ်။ သူတို့ကလည်း ပေါ်လာပြီး ဒီအိမ်မှာ ကြာကြာ မနေဘူး။ ပြန်ပျောက်သွားကြတော့ ဧည့်သည်နဲ့ တူလို့ အပြင် ဧည့်သည်စိတ်တွေလို့ ဆိုကြရတာပေါ့။ အပြင် ဧည့်သည် ငါးယောက်ပဲ ထားပါ။ ဒီစိတ်တွေဟာလည်း တစ်ခု ပေါ်ရင် ကျန် လေးခု မပေါ်ဘူး။ ဒီတော့ ပေါ်နေတဲ့ စိတ်တစ်ခုတည်းကိုပဲ နောက်က သတိကပ်ပြီး သိအောင် လုပ်ရမယ်။ ဒီ အပြင် ဧည့်သည်စိတ်တွေက အစီအစဉ်အတိုင်း ပေါ်တာ မဟုတ်ဘူး။ အကြောင်း တိုက်ဆိုင်သလို ပေါ်ချင်သလို ပေါ်တာပဲ။ ပေါ်တိုင်း အသိ လိုက်ပေးရမယ်။ ဒါက အလုပ်သဘောပဲ။ ပထမအဆင့် ကိုယ့်စိတ် ပေါ်တာ ကိုယ်သိအောင် လုပ်တာ စိတ္တာနုပဿနာပဲ။ ကိုယ့်စိတ်ကိုယ် မသိကြလို့ ဒကာ ဒကာမတွေ ခက်နေကြတာ။ အတွင်းက လာတဲ့ ဧည့်သည်စိတ်တွေလည်း ရှိသေးတယ်။ လောဘစိတ် ဒေါသစိတ် မောဟစိတ် အလောဘစိတ် အဒေါသစိတ် တွေးကြံစိတ် အတွင်းဧည့်သည်က ခြောက်ယောက်။ အပြင် ဧည့်သည် ငါး အတွင်း ဧည့်သည် ခြောက်ဆိုတော့ ဆယ့်တစ်ယောက်ပေါ့။
     ကောင်းပြီ။ အသက် ရှူရာမှာ ရှိနေတဲ့ ဝင်လေစိတ် ထွက်လေစိတ် ဆိုတာ နှစ်ခု ရှိသေးတယ်။ ဝင်လေ ရှူတဲ့ စိတ် ထွက်လေ ထုတ်တဲ့ စိတ်။ ဒီ စိတ် နှစ်စိတ်က ဒီ အိမ်မှာ အမြဲနေတယ်။ ပျောက် ပျက်မသွားဘူး။ ဒါကြောင့် ဒီ နှစ်ခုကိုတော့ အိမ်သည် စိတ်နှစ်စိတ်လို့ မှတ်ရမယ်။ ဒါဆို အားလုံး အပြင် ဧည့်သည် အတွင်း ဧည့်သည် အိမ်သည်စိတ် ဘယ်နှစ်စိတ် ရသလဲ။ ဆယ့်သုံးစိတ် ရပါတယ် ဘုရား။ အေး ပုထုဇဉ်မှာ ဒီ ဆယ့်သုံးစိတ် ပေါ်တိုင်း ပေါ်တိုင်း သိနေ ဒါပဲ ရှိတယ်။ ဒီအထဲမှာ အမောဟစိတ် မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ပညာစေတသိက် ဖြစ်နေတယ်။ ရှုနေတဲ့ ရှုဉာဏ်ဟာ အမောဟပဲလို့ မှတ်။
     စိတ္တာနုပဿနာ ဆိုတော့ ပေါ်တာက စိတ္တ သိတာက နုပဿနာ ပေါင်းလိုက်တော့ ပေါ်တဲ့ စိတ်ကို အသိလိုက်ပြီး သိအောင် လုပ်တာက စိတ္တာနုပဿနာပဲ။ ရှင်းပြီလား။ ကောင်းပြီ။ ဒီမှာ ပုထုဇဉ် ရှုစရာ စိတ် ဆယ့်သုံးခုလို့ ဖော်ပြထားသော်လည်း တစ်ချိန်မှာ စိတ်က ပေါ်တာ တစ်ခုပဲ ရှိတယ်။ အဲဒီ ပေါ်တဲ့စိတ်ကလေးကို သိအောင် လုပ်ရမယ်။ ဒီလို သိ သိနေရင် သက္ကာယဒိဋ္ဌိ ကွာတယ်။ အဲဒါ သမ္မာဒိဋ္ဌိ ဖြစ်ပြီ။ (နှာ ၁၇၁) ဒါဆို စိတ္တာနုပဿနာ ဆိုတာ ဘယ်နေရာမှာ သွားရှုရမလဲ မမေးနဲ့ စိတ် ပေါ်တဲ့ နေရာတိုင်းမှာ ရှုလို့ ရတယ်။ မီးဖိုချောင်မှာ ထမင်းဟင်းချက်ရင်း ရှု ရတယ်။ လမ်းသွားရင်း ရှု ရတယ်။ လယ်ထွန်ရင်း ဈေးရောင်းရင်း ရှု ရတာပဲ။ လောဘစိတ် ဖြစ်ရင် လောဘစိတ် ဖြစ်တာပဲလို့ သိပေးလိုက် အဲဒီလို သိလိုက်တော့ သူက ဖြစ်ပြီး ပျက်သွားတာ မြင်မယ်။ ဒါဆို လောဘ တဏှာကနေ ဥပါဒါန်ကို မကူးနိုင်တော့ဘူး။ အသိလိုက်တတ်ရင် သံသရာ ပြတ်တယ်။ အသိ မလိုက်တတ်ရင် တဏှာကနေ ဥပါဒါန် ကံကို ဆက်ပြီး သံသရာ ရှည်ရောပဲ။
     ဒီတရားမှာ ဆရာတော်ကြီးက အသိကလေးတစ်လုံး လိုက်တတ်ဖို့ အရေးကို ဦးစားပေး ဟောတော်မူတာ တွေ့ရတယ်။ အသိတစ်လုံး လိုက်တတ်ရင် သံသရာ ပြတ် ဒုက္ခ ဇာတ်သိမ်းနိုင်ကြောင်းကို ဟောထားတယ်။ မေ့တာက အဝိဇ္ဇာ သတိ ရှိတာ သိတာက ဝိဇ္ဇာ အဝိဇ္ဇာကနေ ဝိဇ္ဇာဖြစ်ဖို့ အရေးမှာ အသိ လိုက်တတ်ဖို့က အဓိက ဖြစ်ပုံကို ဟောထားတာပဲ။ ဒီလို အသိ ကပ်တတ်ရင် သူက သံသရာလည်း ပြတ်တယ်။ သက္ကာယ ဒိဋ္ဌိကိုလည်း ဖြုတ်တယ်။ သမ္မာဒိဋ္ဌိလည်း ဖြစ်တယ်လို့ ဟောထားတယ်။ (နှာ ၁၇၉)
     မြင်စိတ် ကြားစိတ် ဖြစ်တယ် ပျက်တယ် သူ့ အလုပ်စဉ်အတိုင်း သူ ဖြစ်နေတယ်။ ငါ မဟုတ်ဘူး သိတော့ သက္ကာယဒိဋ္ဌိ ဖြုတ်တယ်။ ကုသိုလ်စိတ်ကလေး ဖြစ်တာ သိပေး။ သူက ဖြစ်လည်း ဖြစ်တယ်။ ဖြစ်ပြီး ပျက်တာပဲ။ ဒါဟာ စိတ်ကိုလည်း သိတာ မဟုတ်ဘူး။ စိတ်ရဲ့ ဖြစ်ပျက် အနိစ္စကိုကပါ သိတာ။ ဒါကို ဦးသံဒိုင်ကတော့ အထက် ဉာဏ်နဲ့ သိတဲ့ အသိလို့ ဆိုထားတယ်။ တစ်နည်းဆိုတော့ ဖြစ်လည်း ဖြစ် ပျက်လည်း ပျက်တာကို သိတာဟာ စိတ်ကလေးတွေ ခဏခဏ သေသွားတာ အနိစ္စရောက်သွားတာကို သိတာ ဖြစ်တယ်။ ဒါကို ဆရာတော်ကြီးက ကိုယ့် အသေ ကိုယ် မြင်တာလို့ ဟောထားတယ်။ (နှာ၁၈၁)ကိုယ့် အသေ ကိုယ် မြင်တယ် ဆိုတာ ကိုယ့် အနိစ္စကို ကိုယ် သိတာ။ ကိုယ့် ဒုက္ခကို ကိုယ် သိတာ ဆိုတော့ သစ္စာကို သိတာပဲ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာ သိမှ သစ္စာကို ဟောမှ နိဗ္ဗာန် ရောက်တယ်လို့ ဟောထားကြောင်း ဆရာတော်က ပြထားတယ်။
     ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ။ မဂ္ဂသစ္စာက နောက်လာမည့် ကိလေသာတွေကို တားလိုက်တော့ သမုဒယသစ္စာ သေတယ်။ သမုဒယသစ္စာ သေတော့ သမုဒယ ချုပ်တော့ နောက်ထပ် ဇာတိ ဒုက္ခ ချုပ်ရော။ ဒီတင် နိရောဓသစ္စာ ပေါ်တယ်။ အဲဒါ မဂ်တစ်ချက်ဝင်တာနဲ့ သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်တာပဲ။ ကဲ ဒီအထိ ရှင်းပြီလား။
(ရှင်အာဒိစ္စရံသီ)