သာဝတ္ထိမှာ သူငယ်ချင်း ၂ ယောက် ဘုရားတရားတော်ကို နာရ၍
သာသနာ့ဘောင်သို့ ရောက်လာကြ၏။ တစ်ပါးက တောထဲသို့ ၀င်၍
ဝိပဿနာ အားထုတ်တော့သည်။
ကျန်တစ်ပါးကမူ စာပေသင်ကြားပို့ချမှုဆိုတဲ့ ပရိယတ်သည်
သာသနာတော်၏ အခြေခံ အုတ်မြစ်ဖြစ်၏။ သူမရှိလျှင် သာသနာ
ကွယ်မည်။ အရင်းအမြစ်ဖြစ်၏။ ထို့ကြောင့်ဂန္တဓူရဆိုတဲ့ ပရိယတ်
တာဝန်ကို ထမ်းဆောင်မည် ဟု ဆိုကာ ပိဋကတ်တွေကိုသင်ယူ
သည်။
အစဉ်အတိုင်း သင်ယူ လေ့ကျက်လာခဲ့ရာ တိပိဋကဓရ(ပိဋကတ်
သုံးပုံဆောင်) ပုဂ္ဂိုလ်ကြီးအထိဖြစ်လာ၏။ ရံဖန် ရံခါ ဓမ္မကထိကလည်း
လုပ်ပါသည်။ ရဟန်းတပည့် ငါးရာ ငါးရာခန့်အား စာပေပို့ချ၍နေ၏။
တောထဲသို့ ၀င်၍ ၀ိပဿနာ ဓူရဆိုတဲ့ ပဋိပတ် အလုပ်ကို အားထုတ်သော
ရဟန်းသည် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
နောက်ထပ် နောက်ထပ် တောထဲသို့ ရောက်လာကြသော ရဟန်း
တို့သည် ရဟန်းကိစ္စပြီးကြ၏။ထို့နောက် ဇေတ၀န်ကျောင်းတော်သို့
ဘုရားဖူးရန် ပြန်ကြသောအခါ မှာလိုက်သည်။
“မြတ်စွာဘုရားကိုလည်းဖူးကြ။ အသီတိ သာဝကတို့ကိုလဲ ဖူးကြ။
ငါ့သူငယ်ချင်းကြီးကိုလည်း ငါက ရှိခိုးလိုက်ပါတယ်လို့ လျှောက်ကြ”
မှာလိုက်သည့်အတိုင်းဆောင်ရွက်ကြသောအခါ တပည့်တော်တို့ ဆရာက
အရှင်ဘုရားကိုရှိခိုးလိုက်ပါတယ်။ ဟု တစ်ပါးပြီး တစ်ပါး လျှောက်ကြသည်။
ထိုစကားရပ်တွင် တစ်ပည့်တော်တို့ဆရာ တပည့်တော်တို့ ဆရာ ဆိုသော
စကားလုံးကို သူနားကြားပြင်းကတ်၏။
“ ဘာဆရာတဲ့လဲ။ ဘာတတ်လို့လဲ၊ ဘာပို့ချနိုင်လို့လဲ၊ နိကာယ်ငါးရပ်
ထဲက ဘယ်နိကာယ် ဘယ်သုတ်တော်ကို သူရသတဲ့လဲ၊ ပိဋကတ် သုံးပုံ
ထဲကရော ဘယ်အပုံနားလည်လို့လဲ၊ စာ ၄ ကြောင်းမျှသာရှိတဲ့ ဂါထာလေး
တစ်ပုဒ်တောင် နားမလည်တဲ့သူ၊ အလကား”
ဟူ၍ စိတ်ထဲမှ ရေရွတ်နေမိပါသတဲ့။
ထို့ပြင်လည်း ရဟန်းဝတ်ပြီးကတည်းက တောထဲဝင်၊ ပံသုကူသင်္ဃန်း
အနွမ်းအစုတ်ကြီးနဲ့ သပိတ်ဟောင်းကြီး လွယ်နေတဲ့သူ၊ ဘာသင်ချိန်
ရှိလို့လဲ၊ ဒီအထဲက တပည့်ပရိတ်သတ်တွေမွေးသေးတယ်။ ထွီ..
တွေ့တဲ့အခါကျမှ ပိဋကတ်တွေမေး မေး ပြီး နှိပ်စက်လိုက်ရအုံးမယ်”
ဟု တေးထားပါသတဲ့။
ထို့နောက် မကြာခင်ပင် တောနေရဟန်းသည် မြတ်စွာဘုရားရှိတော်
မူရာ ဇေတ၀န်ကျောင်းတိုက်သို့ ရောက်လာ၏။ မြတ်စွာဘုရားနှင့်
အသီတိ သာဝကတို့ကို ဖူးပြီးနောက် သူငယ်ချင်းကြီးရှိသော
ကျောင်းသို့ တည်းခိုရန် သွားလေသည်။
သူငယ်ချင်းကြီးက “ အခွင့်ကောင်းတော့ ဆိုက်လာပြီ၊ ပိဋကတ် အမေး
ပုစ္ဆာတွေနဲ့ မေး မေးပြီးတော့ နှိပ်စက်လိုက်အုံးမယ်။” ဟု ကြံကာ
အသင့်ဟန်ပြင်နေပါလေသတဲ့။
ထိုအခြေအနေကို မြတ်စွာဘုရားက သိတော်မူ၍ ချက်ချင်းရောက်လာ၏။
မြတ်စွာဘုရားကပင် စတင်ပြီး မြို့နေပရိယတ်ကိုယ်တော်အား ပထမဈာန်
နှင့်ပတ်သက်၍ မေး၏။ မဖြေနိုင်၊ ဒုတိယဈာန်၊ တတိယဈာန်။ စတုတ္ထဈာန်
တို့၌လည်း မဖြေနိုင်၊ဤနည်းအားဖြင့် သမာပတ် ရှစ်ပါးလုံးတို့၌ပင် မဖြေနိုင်။
ထို့နောက် တောနေ ပဋိပတ်ကိုယ်တော်အား လှည့်၍မေးတော်မူ၏။
မေးတိုင်းမေးတိုင်းဖြေဆိုနိုင်လေသည်။
တဖန်မြို့နေ ပရိယတ် ကိုယ်တော်အား သောတာပတ္တိမဂ် နှင့် ပတ်သက်၍
မေးပြန်၏၊မဖြေနိုင်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ် တို့၌လည်း မဖြေနိုင်။
ထို့နောက်တောနေရဟန်းကိုလှည့်၍ မေးသောအခါတွင်ကား မေးတိုင်း
မေးတိုင်း ဖြေဆိုနိုင်လေသည်။ ထိုအခါမြတ်စွာဘုရားက “သာဓု သာဓု
သာဓု” ဟူ၍ သုံးကြိမ်ခေါ်ကာ ကောင်းချီးပေးလေသည်။
ဤသို့ပြုလုပ်သည်ကို မြို့နေကိုယ်တော်၏ တပည့်များက မကျေနပ်ကြ။
ကဲ့ရဲ့ကြ မဲ့ရွဲ့ကြသည်။
ဤသို့ အခြေအနေ ဖြစ်လာသောအခါ မြတ်စွာဘုရားက “ အေး သင်တို့
ဆရာက ငါဘုရားရဲ့ သာသနာမှာ အခစား အငှား နွာျးောင်းသားနဲ့တူတယ်
ဟောဒီ တောနေရဟန်း ငါ့သားတော်ကြီးကတော့ ကိုယ်ကြိုက်သလို နွားနို့
အရသာငါးမျိုးတို့ကို စားသုံးနိုင်သော နွားပိုင်ရှင်ကြီးနဲ့တူတယ်။” ဟူ၍
မိန့်တော်မူသတည်း။
**မှတ်ချက်။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြိး၏ အာဘောဂ အလို
ဆန္ဒတော်မှာ ဤသို့ဖြစ်ပါသတတ်။ရဟန်းကိစ္စပြီးစီးနေသော
တောနေရဟန်းကို ပုထုဇဉ်မျှသာဖြစ်သေးတဲ့ မြို့နေရဟန်းက
မေးခွန်းပုစ္ဆာတွေ မေးမေးပြီး နှိပ်စက်နေလျှင် သူသည်ပင် အ၀ီ
စိ ဆင်းရပေလိမ့်မည်။ ထိုသို့မဆင်းရအောင် သူကို ငဲ့ညှာသော
အားဖြင့် ဤသို့ ကြားဝင်လိုက်ခြင်းဖြစ်သည်ဟူ၏။
ထို့ပြင် မြို့နေရဟန်းက ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်
တဖက်ကမ်းခပ် တတ်ကျွမ်းနေသည်မှာ သူ့ကိုယ်သူ ပညာတတ်
ဟု ထင်နေမိ၏။ အမှန်မှာ သညာဖြင့် မှတ်သားထားခြင်းဖြစ်၍
သညာတတ်မျှသာ ရှိသေးသည်။ တောနေရဟန်းကား ထိုးဖောက်
သိနိုင်စွမ်းသော ၀ိပဿနာ မဂ်ပညာတို့ဖြင့် ခန္ဓာကိုယ်ပေါ်မှာ
အပြည့်အ၀ အစုံအလင်သိထားပြီး ဖြစ်၏။ ထို့ကြောင် ပညာတတ်
ဖြစ်သည်။ ဤသို့လည်းခွဲခြားနားလည်စေလိုသည် ဟူ၏။
တစ်ဖန် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်တို့ကို မတတ်ရ
မသင်ရ မဆောင်ရ ဟု မဆိုလို၊တတ်မြောက်အောင်သင်ကြားပါ။
မှတ်သားပါ။ ဆောင်ရွက်ပါ။ ပျောက်ပျက် မကုန်အောင် ထိန်းသိမ်း
စောင့်ရှောက်ပါ။
သို့ရာတွင် ထိန်းသိမ်းစောင့်ရှောက်နေသော နွားကျောင်းသား
ဘ၀ဖြင့်ချည်း ကျေနပ်မနေပါနဲ့၊ နွားနို့သောက်ရသည့် ပိုင်ရှင်ကြီး
ဖြစ်သည်အထိ တက်လှမ်းပါဦး ဟု ဆိုလိုတော်မူပါသတတ်။**
(မိုးကုတ် ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာမှ)
Monday, September 19
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ပရိယတ်သမားနှင့် ပဋိပတ်သမား
Sunday, August 28
ဥပါဒါနက္ခခန္ဓာ ဥပါဒါနက္ခခန္ဓာ ကို ရှင်းပြပါလို့ အမေးပြုခဲ့ရင် ရှင်းလင်းတဲ့ အဖြေလေးတစ်ခုနဲ့ ဖြေကြားဖို့ မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတဲ့
မေး။ ။ ဥပါဒါန်ဆိုတဲ့တရား နဲ့ ခန္ဓာဆိုတဲ့တရားဟာ တစ်ခြားစီလား၊ သို့မဟုတ် အတူတူပဲလား ?
ဖြေ။ ။ ဥပါဒါန် ဆိုတာက ကာမုပါဒါန်၊ ဒိန်ဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဆိုတော့ ဥပါဒါန်က လေးမျိုးရှိတယ်။
ခန္ဓာက ခန္ဓာငါးပါး- လောကီ ခန္ဓာငါးပါး ရှိတယ်။ အဲဒီတော့ သူတို့ဟာ တစ်ခြား စီလို့လဲ ဖြေလို့ မရဘူး၊ အတူတူရယ်လို့လည်း မဟုတ်ဘူး။
ဒီခန္ဓာငါးပါးကို ဥပါဒါန်ဆိုတဲ့ တရားနဲ့ နှစ်သက်ပြီး သကာလ နေခဲ့လို့ရှိရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာ ဖြစ်တာပဲ။
မနှစ်သက်ခဲ့လို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး။ ဒီလို ဖြေလိုက်ပါတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးက တယ်ထူးခြားပါလား တဲ့။ တယ်ထူးခြားပါလား ဆိုတာ ဒကာ ဒကာမတွေကို ဘုန်းကြီး ရှင်းပြမယ် ဆိုပြီး ဆရာတော်ဘုရားကြီးက ရှင်းပြတော်မူပါတယ်။
ကိုယ့်ခန္ဓာ မိမိခန္ဓာကြီးကို နဂိုက ခြင်ကိုက်လဲ မခံနိုင်၊ အညောင်းအညာလဲမခံနိုင်၊ ဝေဒနာတွေပေါ်လာလဲ သည်းမခံနိုင်၊ ကိုယ့်ခန္ဓာဖြင့် ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုတာ ပရိတ်တွေ မတ္တောတွေနဲ့တောင် တားပြီးသကာလ သူ့ကိုဒီလောက်ခင်ပါတယ်၊ သူ့အပေါ်မှာ ဒီလောက်ပဲ ခင်ပါတယ်။
ခန္ဓာငါးပါး အပေါ်မှာ ခင်တာတော့ဖြင့် ပြောစရာမရှိလောက်ပါဘူး။ ဟုတ်ဖူးလားဗျား…(မှန်ပါ့ဘုရား)။
အမွှေးတစ်ပင်အကျွတ်တောင်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးတောင်မှ တစ်ခါတစ်ခါ သုံးလိုက်သေးတယ်။
ကိုယ့်ခန္ဓာငါးပါးကို ကိုယ်မခင်ဘူးလားဗျား … (ခင်ပါတယ် ဘုရား)။
အဲဒီ ခန္ဓာငါးပါးကို ခင်တဲ့ ဥစ္စာကတော့ တဏှာ၊ အဲဒီတဏှာကြီးရင့်လာတဲ့အခါကျတော့ ဥပါဒါန်ဖြစ်တယ်။
အဲတော့ ခန္ဓာငါးပါး ဝိပဿနာရှုပြီးသကာလ နေတဲ့ပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာကြီးဟာ အနိစ္စခန္ဓာကြီး၊ ငြီးငွေ့စရာခန္ဓာကြီး၊ ဒုက္ခသစ္စာခန္ဓာကြီး ။
သူသည်ကားလို့ဆိုရှိရင်ဖြင့် ဒုက္ခကိုသာ ပေးပြီးနေတဲ့ ခန္ဓာကြီး ဖြစ်နေသောကြောင့် သူ့အပေါ်မှာ ခင်စရာ မင်စရာ တစ်ကွက်တစ်စက်မှ မရှိဘူးဆိုတဲ့ ဉာဏ်ပေါ်လာတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး။
ဒီခန္ဓာကြီး ဘယ်တော့ချရပါမတုံး ဘယ်တော့စွန့်ရပါမတုံးဆိုပြီးသကာ သူ့စိတ်ထဲမှာ ခန္ဓာစွန့်ချင်တဲ့ သဘောပါတယ်ဗျ။ ခန္ဓာခင်တဲ့ သဘောနည်းနည်းမှ ပါသေးရဲ့လား… (မပါပါဘူး ဘုရား)။
အဲဒီကဲ့သို့ ခန္ဓာပေါ်မှာခင်တဲ့ ဆန္ဒမရှိလို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး …(မှန်ပါဘုရား)။
ခင်တဲ့ ဥပါဒါန် ရှိနေသေးလို့ စွဲလမ်းတဲ့ ဥပါဒါန် ရှိနေသေးရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာလို့ ဆိုရမှာပဲ ..(မှန်ပါ့ဘုရား) သဘောကျပြီလား …(ကျပါပြီဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ အလုပ်လုပ်နေတဲ့အခါကျတော့ ပထမရှေးဦးစွာ၊ ဖြစ်ပျက်မြင်အောင်၊ ကြိုးစားပါလို့ ဆရာဘုန်းကြီးက ဝေဒနာတွေတွေ့၊ ဝေဒနာတွေ့ပြီး ဖြစ်ပျက်မြင်အောင် ကြိုးစားပါဆိုပြီး သကာလ ခိုင်းတာသည် တခြားကြောင့် ခိုင်းတာမဟုတ်ဘူး၊ ကိုယ့်ခန္ဓာမဟုတ်ကြောင်း ကောင်းကောင်း သိအောင်လို့ ခိုင်ထားတာ…(မှန်ပါ့ဘုရား)။
ခင်တဲ့စိတ်သည် စွဲလမ်းတဲ့စိတ်သည် ပျက်ပြယ်သွားအောင်လို့ ဟောလိုက်ခြင်းဖြစ်တယ်…(မှန်ပါ့ဘုရား)၊ သဘောကျပြီးလား …(ကျပါပြီဘုရား)။
အဲဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း အစစ်ကို ရှာချင်ကြလို့ ရှိရင်ဖြင့် ဒီခန္ဓာပေါ်မှာ ခင်မှု စွဲလမ်းမှု သေရင် ရောက်တော့တာပဲလို့သာ ဆုံးဖြတ်ချက်ချ…(မှန်ပါ့ဘုရား)။
ဒီ ခန္ဓာပေါ်၌ ခင်မှု စွဲလမ်းမှု ချုပ်ငြိမ်းသွားလို့ ရှိရင် ဘာတုံး …(နိဗ္ဗာန်ရောက်တာပါ ဘုရား)။
နိဗ္ဗာန်ရောက်တာပဲ၊ ခန္ဓာရှိနေလဲ ရောက်တာပဲ၊ ခန္ဓာမရှိလဲ ရောက်တာပဲ၊ သဘောကျပြီလား…(သဘောကျပါပြီဘုရား)။
ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်။
အဲဒါသည်ကားဆိုရင် ဒကာ၊ ဒကာမတို့ ဒီခန္ဓာခင်တဲ့ ပုဂ္ဂိုလ် စွဲလမ်းနေတဲ့ ပုဂ္ဂိုလ် မရောက်ဘူး။
ခန္ဓာ မခင်တော့ပါဘူး၊ မစွဲလမ်းတော့ပါဘူး ဆိုတာဖြင့် ဒကာသိုက် ဧကန်ရောက်၊ တကယ်ရောက်…(မှန်ပါ့ဘုရား)။
စွဲလမ်းတဲ့ ခန္ဓာမဖြစ်အောင်လို့ ဘုန်းကြီးက မဂ္ဂင်နဲ့ ပွားများပါလို့ ခိုင်းနေတာကိုး ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်းမှတ်ပါ…(မှန်ပါ့ဘုရား)။
ပွားများပါ ပွားများပါ ဆိုတာသည် ဒကာ ဒကာမတွေ ရိပ်မိပြီလား ….(ရိပ်မိပါတယ်ဘုရား)။
ဘယ်အကျိုးငှာပါလိမ့်ဗျာ …( ခန္ဓာကို မစွဲလမ်းအောင်လို့ ပါဘုရား)။ ခန္ဓာကိုယ်စွဲလမ်းတာက ဥပါဒါနက္ခန္ဓာ။
အဲဒီမယ် စွဲလမ်းမှုကြီး အကုန်ချုပ်ငြိမ်း ရုပ်သိမ်းအောင်လို့ စွဲလမ်းစရာမရှိတဲ့ ဥစ္စာကို စွဲလမ်းပြီးသကာလ နေသောကြောင့် မစွဲလမ်းရအောင်လို့ ဉာဏ်သွင်း ပေးလိုက်တာ …(မှန်ပါ့ဘုရား)။
ဉာဏ်သွင်း ပေးလိုက်တဲ့ အခါကျတော့ စွဲလမ်းတဲ့ တဏှာ ဥပါဒါန်ကချုပ်တယ်…
ချုပ်တဲ့ အခါကျတော့ကိုတဲ့ ခန္ဓာကြီး ရှိပြီးသကာလ နေငြားသောလည်း ကျုပ်တို့ ခန္ဓာကို စွဲလမ်းတဲ့ တဏှာ ဥပါဒါန်ချုပ်တဲ့အတွက် သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ရောက်ပါတယ်။
ဘုရားဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ငါနိဗ္ဗာန်ရောက်တယ် နိဗ္ဗာန်ရတယ်ပြောတာ ခန္ဓာရှိသားပဲ…(မှန်ပါ့ဘုရား)။
သို့သော် ဒီခန္ဓာ သူမစွဲလမ်းဘူး… စွဲလမ်းသေးရဲ့လား…(မစွဲလမ်းပါဘူးဘုရား)။
မစွဲလမ်းတဲ့အတွက် နိဗ္ဗာန်ရောက်နေတာပဲ၊ အာရုံဟူသော အားဖြင့် မြင်နေတာပဲဆိုတာ အားလုံး ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ဘုရား) ရှင်းပြီလား…(ရှင်းပါပြီဘုရား)။
ကိုင်း ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ စွဲလမ်းရင်ဖြင့် ဥပါဒါနက္ခန္ဓာဖြစ်မှာပဲ။ မစွဲလမ်းရင် …(ဥပါဒါနက္ခန္ဓာ မဖြစ်ပါဘူး ဘုရား)။
အေး ဒါကြောင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ အားထုတ်လို့ အတူတူပဲလားဆိုတော့ တခြားစီလဲ မဟုတ်ဘူး၊ အတူတူလဲ မဟုတ်ဘူး။
စွဲလမ်းလို့ ရှိရင်ဖြင့် ခန္ဓာနဲ့ ဥပါဒါန်နဲ့သည်ကားလို့ ဆိုရင် ခန္ဓာက အာရုံ၊ စွဲလမ်းတဲ့ ဥပါဒါန်က အာရမ္မဏိက ဖြစ်နေတာပဲတဲ့ … (မှန်လှပါဘုရား)။
(အာရမ္မဏိကသည် အာရမဏပစ္စယောသဘောကို ပြောခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရလျင် - မသန်းမစွမ်းသူ ရောဂါစွဲကပ်နေသောသူဟာ တောင်ဝှေး(သို့မဟုတ်) ကြိုးတန်းကို အမှီပြုပြီးမှ ဟိုနား ဒီနားသွားလို့ ရတယ်၊ အထိုင်အထလုပ်လို့ ရပါတယ်၊ တောင်ဝှေး ကြိုးတန်းနဲ့ ကင်းပြီး ရပ်တည်လို့ မရပါ။ ကြိုးတန်းကိုင်ပြီး လမ်းလျှောက်၊ တောင်ဝှေးထောက်ပြီး အထိုင်အထပြုရပါတယ်၊ ထို့အတူ စွဲလမ်းတဲ့ ဥပါဒါန်သည် ခန္ဓာဆိုတဲ့ အာရုံကို မှီပြီးသာ ဖြစ်ရပါတယ်)။
နောက် ဝိပဿနာဉာဏ်တွေ မဂ်ဉာဏ်တွေနဲ့ ဖြတ်တောက်ချလိုက်တဲ့အခါကျတော့ စွဲလမ်းတဲ့ တဏှာသေတဲ့အခါကျတော့ ဥပါဒါနက္ခန္ဓာ မဖြစ်တော့ဘူး…(မှန်ပါ့ဘုရား)၊ အနုပါဒါနက္ခန္ဓာ ဖြစ်တော့တယ်။ သဘောကျပြီလား …(ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အားထုတ်တဲ့ အခါကျတော့တို့ ဘယ်အခြေအနေရောက်မှ ကိစ္စပြီးမှာ ဘာလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အားထုတ်စဉ်အတိုင်း အားထုတ်လို့ ခန္ဓာအပေါ်မှာ ဘာမှ မငဲ့မတွယ်ဘဲနဲ့ အင်း…သက်သက် ဒုက္ခသစ္စာနှိပ်စက်တဲ့ ခန္ဓာကြီးပဲ၊ မင်းဖြင့် ခင်တွယ်နေလို့ အပိုပဲဆိုတဲ့ မဂ်ဉာဏ်တွေဝင်လာလို့ ရှိရင် ဒါ ခန္ဓာပင်ရှိသော်လဲ၊ ဥပါဒါနက္ခန္ဓာမဟုတ်တော့ဘူး …(မဟုတ်တော့ပါဘူး ဘုရား)။
စွဲလမ်းတဲ့ ခန္ဓာမဟုတ်ဘူး၊ မစွဲလမ်းတဲ့ခန္ဓာ …(မှန်ပါ့ဘုရား)။
ထုံးစံရထားတဲ့ ခန္ဓာသာဖြစ်တော့တယ် ..သူ့အတွက် ကြောင့်ကြစိုက်ဖို့ ခန္ဓာမဟုတ်တော့ဘူး …(မဟုတ်ပါဘူး ဘုရား)။
သူ့အတွက် စိုးရိမ်ဗျာပါဒ ကပ်တဲ့ခန္ဓာရော… (မဟုတ်တော့ပါဘူးဘုရား)။
အဲဒီလို ဖြစ်အောင်လို့ ဒကာသိုက်တို့နဲ့တကွ ကိုထွန်းအောင်တို့က ဒီခန္ဓာ ရှိပင်ရှိငြားသော်လည်း မစွဲလမ်းဘဲ တဏှာ ဥပါဒါန် ချုပ်သွားမယ်ဆိုရင် ဒါခန္ဓာ ရှိငြားသော်လည်း ဒီပုဂ္ဂိုလ် နိဗ္ဗာန်မျက်မှောက်ပြုနေတာ …(မှန်ပါ့ဘုရား)။
နိဗ္ဗာန်ရတာပဲ။ ခန္ဓာရှိရက်နဲ့ ရနေတဲ့ နိဗ္ဗာန် ..အဲဒီလို ဆုံးဖြတ်ချက်ချလိုက်စမ်းပါ….(မှန်ပါ့ဘုရား)။
ကောင်းပြီ…ဒါဖြင့် ဥပါဒါနက္ခန္ဓာ ရှင်းပြီးနော်…(ရှင်းပါပြီဘုရား)။
ဒီတော့ ဥပါဒါနက္ခန္ဓာကို စာသဘောနဲ့ မဟုတ်ဘဲ အလုပ်သဘောအားဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး ရှင်းလင်းဟောပြချက်ကို ဓမ္မမိတ်ဆွေများ သဘောကျ အားရလိမ့်မည်ဟု ယုံကြည်ပါတယ်၊
စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်မြင်မည် ”မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသည့်
မိလိန္ဒမင်းကြီး၏မေးခွန်း–
(၁)ကံကြောင့်ဖြစ်သောတရား
(၂)အကြောင်းကြောင့်ဖြစ်သောတရား
(၃)ဥတုကြောင့်ဖြစ်သောတရား
(၄)ကံကြောင့်မဖြစ်သောတရား
(၅)အကြောင်းကြောင့်မဖြစ်သောတရား
(၆)ဥတုကြောင့်မဖြစ်သောတရားအား အမိန့်ရှိတော်မူပါ အရှင်ဘုရား။
နာဂသေနမထေရ်အရှင်မြတ်၏ အဖြေ–
ကံဆိုတဲ့ စေတနာက ရုပ်နာမ်ဓမ္မကို ဖြစ်စေ၏။
မီး၊ မျိုးစေ့တို့က အကြောင်းကြောင့်ဖြစ်စေသော တရားဖြစ်သည်။
ရေ၊တောင်၊လေတို့က ဥတုက ဖြစ်စေတယ်။
ကံကြောင့်မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
အကြောင်းကြောင့်မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
ဥတုကြောင်းကြောင့် မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောပြထောက်ပြချက်–
ကံကြောင့် နိဗ္ဗာန်မဖြစ်ပါဘူး၊ ရှိခိုးရတဲ့ကံကြောင့် နိဗ္ဗာန်ရရပါလို၏ဟု ဆိုလို့ မရပါဘူး။
ဉာဏ်ကြောင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်။ နိဗ္ဗာန်ကို ကံနဲ့ ကြိုးစားနေလို့ ရမှာမဟုတ်ပါဘူး။ ဉာဏ်နဲ့ ကြိုးစားမှသာ ရနိုင်တယ်ဆိုတာကို ထိုးထိုးထွင်းထွင်းသိစေလို၍ ဤသို့ ဖော်ထုတ်ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
ဒါကြောင့် တရားနာတယ်ဆိုတာက ဉာဏ်စခန်းသွားပြီး ဉာဏ်သွားယူတာပါ။
နိဗ္ဗာန်ဆိုတာက မဂ္ဂင်လမ်းကမှ သွားလို့ရတယ်။ မဂ္ဂင်လမ်းဆိုတာ သမ္မာဒိဋ္ဌိ ဖြစ်အောင်လုပ်ရတယ်။
မိဘရိုးရာ အစဉ်အဆက်လမ်း၊ ရပ်ရွာစကား လမ်း၊ သက်ကြီးဝါကြီးတို့၏ အစဉ်အဆက်လမ်း က သွားလို့မရပါဘူး။ ရိုးရာစဉ်ကို အားကိုနေလို့မဖြစ်ဘူး။ ဉာဏ်ကိုသာ အားကိုးရပေလိမ့်မယ်။
ဇရာ၊မရဏက ကိုယ်ပိုင်ရှိနေတယ်။ ဒါကို ဉာဏ်နဲ့ ကျော်မှသာ ရမယ်။
နိဗ္ဗာန်ဆိုတာ ဖြစ်ဆဲလည်းမဟုတ်ဘူး၊ ဖြစ်ပြီးလည်း မဟုတ်ဘူး။ သူတစ်ပါးက ဖြစ်စေအပ်တဲ့တရားလည်း မဟုတ်ဘူး။
အတိတ်တရားလည်း မဟုတ်ဘူး၊ ပစ္စုပ္ပာန်တရားလည်းမဟုတ်၊ အနာဂတ်တရားလည်း မဟုတ်ပါဘူး။
အတိတ်မှာလည်း နိဗ္ဗာန်သည်ရှိမနေဘူး၊ ပစ္စုပ္ပာန်၌လည်း နိဗ္ဗာန်သည်ရှိမနေဘူး။ အနာဂတ်၌လည်း နိဗ္ဗာန်သည်ရှိမှာမဟုတ်။ ဒါကြောင့် ဆွမ်းတော်တင်ရင်ပါနေတယ်.. ဘာလဲဆိုတော့ - အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ကို ရောက်ရပါလို့၏ ဟု ဆုတောင်းနေတာတွေက မှားနေတယ်။ အဆုံးစွန်ဆိုတာက အနာဂတ်မှာ ဆိုတာပဲ။ ဒီတော့ နိဗ္ဗာန်သည် အနာဂတ်မှာ ရှိမနေဘူးလို့ ဆိုထားတော့ အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ကို ရောက်ရပါလို့၏ ဆိုတာက မှားနေတယ်။
ယခုပူဇော်ဖူးမြော်ကန်တော့ရသော အကျိုးအားကြောင့် ဘုရားတပည့်တော် အားထုတ်ကျင့်ကြံသော ဝိပဿနာဉာဏ်သည် ယခုဘဝ၌ပင်လျင် မဂ်ဉာဏ်သို့ လျင်မြန်စွာ ကျေးဇူးပြု၍ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်အား မျက်မှောက်ပြုရပါလို့၏ - ဆိုရင် မှန်တယ်။
ထို့ကြောင့် ကုသိုလ်ပြုတိုင်း “ နိဗ္ဗာန်ရောက်ရာ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန် ရောက်ရပါလို၏” ဟု ဆုတောင်းသင့်ပါသည်။ သို့သော် နိဗ္ဗာန်သည် ဆုတောင်းရုံဖြင့် အလိုလိုတော့ မပြည့်ပါ။ မိုးကုတ်ဆရာတော်ကြီးက နိဗ္ဗာန်သည် အလုပ် လုပ်သူသာ ရသည်၊ ဆုတောင်းရုံသာတတ်သည့် အချောင်သမားများနှင့် မဆိုင်ဟု မိန့်ခဲ့ပါသည်။ အားထုတ်သူသာ ရသည်ဟု ဆိုလိုပါသည်။ သို့သော် နိဗ္ဗာန်ရောက်စေတဲ့ အကြောင်းတရားများ မိမိသန္တာန်တွင် ပြည့်စုံလာစေခြင်းသည်ပင် ဆုတောင်းပြည့်ခြင်းပင်။ သားရွှေအိုးထမ်းတဲ့ ဆုတောင်းမျိုး ဖြစ်ပါသည်။ နိဗ္ဗာန်ရဖို့သည် သုဂတိဘုံတွင် ရှိရမည်။ ဗုဒ္ဓသာသနာနဲ့ တွေ့ရမည်။ တနည်းပြောရရင် ရပ်ပြစ် ၈ ပါး လွတ်ရဦးမည်။ သစ္စာတရားကြားနားကြားနိုင်သောနား၊ ထိုးထွင်းသိနိုင်တဲ့ အမောဟစေတသိတ်ပါသော ပဋိသန္ဓေ(တိဟိတ်)ဖြစ်ရဦးမည်။ ၀ိပဿနာကို နည်းမှန်လမ်းမှန် အားထုတ်နိုင်ဖို့ လမ်းညွှန်ပြသမည့် ကလျာဏမိတ္တနှင့် တွေ့ရဦးမည်။ ယင်းအချက်များ ပြည့်စုံလျှင်ပင် လူဖြစ်ရကျိုး နပ်နေပါပြီ။ ထို့ထက် ကိုယ်တိုင် အားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လျှင်ကား အတိုင်းထက်အလွန်ပင် မဟုတ်ပါလား။ ထို့ကြောင့် တစ်ချက်ထဲနဲ့ သုံးလေးချက် ပြည့်စုံသော ဆုတောင်းဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ”
တရားတော်အားပြန်ဆက်ရလျင် –
ဒီတော့ မြတ်စွာဘုရားရှင်က -
ငါဘုရား၏ အမှုက ဟောပြောမှု၊
မင်းတို့က ဟောပြောတဲ့နည်းကို ယူပြီး ကိုယ်တိုင် အားထုတ်ကျင့်ကြံမှု၊ လုပ်ကိုင်ယူမှု။ ဒါကြောင့် သူ့အမှု၊ ကိုယ့်အမူတွေရှိတယ်။
ဒါကြောင့် ကိုယ့်အမူကို ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။
နိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်သည်။
ကာလသုံးပါးက လွတ်သည်ဆိုရင်ပင် နိဗ္ဗာန်ဆိုတာသည် မရှိတော့ဘူးလားလို့ အမေးပြုလိုက်တယ်။
ဒွါရခြောက်ပေါက်ရှိတယ်။ မျက်စိနဲ့လည်း နိဗ္ဗာန်ကို မမြင်နိုင်ဘူး။ နားနဲ့မကြားနိုင်ဘူး၊ နှာခေါင်းနဲ့လည်း အနံမခံနိုင်ဘူး၊ လျှာနဲ့လည်း အရသာမခံနိုင်ဘူး။ ကိုယ်နဲ့လည်း မထိတွေ့နိုင်ဘူး။ မနောနဲ့တော့ တွေ့နိုင်တယ်။ မနောသမားကတော့ တွေ့အောင်ရှာနိုင်တယ်။
မနောဆိုတာ အိပ်နေတဲ့ ဘဝင်စိတ်ကိုလည်း မနော၊ ကြံတွေးစိတ်ကလည်း မနောပါပဲ။ ဒီတော့-
မနောတိုင်းပဲ နိဗ္ဗာန်ကို မြင်နိုင်တွေ့နိုင်ပါသလား ?
အရိယာအရှင်မြတ်တို့၏ သာဝကလည်းဖြစ်ရမယ်။ ထိုပုဂ္ဂိုလ်သည် ကောင်းစွာလည်းကျင့်ကြံအားထုတ်ရမည်။ ထိုသို့ကောင်းစွာကျင့်ကြံတဲ့ ပုဂ္ဂိုလ်၏ ကိလေသာ မနှောတဲ့ စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်ကို မြင်နိုင်မယ်။
”သူတောင်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်အခွင့် ရလင့်ဧကန်သာ”
နိဗ္ဗာန်ကို တွေ့အောင်ရှာရှင်လို့ရှိရင် မနောကို ကိလေသာ မရောစေနဲ့။ စင်ကြယ်တဲ့မနောနဲ့မှသာ နိဗ္ဗာန်ကို မြင်နိုင်တယ်။
မနောမှာလည်း နှစ်မျိုးရှိတယ်ဆိုတာကို သတိထားရလိမ့်မယ်။
ကိလေသာကို အာရုံပြုနိုင်တဲ့ မနောက တစ်မျိုး၊
ကိလေသာကို အာရုံကို မပြုတဲ့ မနောက တစ်မျိုး၊
မဂ်စိတ်မနောအဖြစ်နဲ့ အာသဝနယ်ကလွတ်ပြီး အာသဝဆိုတဲ့ ကိလေသာနဲ့ မရောတဲ့ မနောကမှ နိဗ္ဗာန်ကို မြင်နိုင်၏။
နိဗ္ဗာန်သည် မနောဒွါရ၏ အာရုံဖြစ်သည်။
သို့သော် မနောတိုင်းလားဆိုရင်လည်း မဟုတ်ဘူး။ စင်ကြယ်သောမနောနဲ့မှသာ နိဗ္ဗာန်ကို မြင်နိုင်တယ်။ တို့မမြင်တာသည် မစင်ကြယ်လို့ဖြစ်တယ်။
ကိလေသာရောနေတဲ့ ဉာဏ်သာရှိတယ်။ ကိလေသာမရောတဲ့ ဉာဏ်ကမရှိသေးဘူး။
ဉာဏ်လို့ဆိုပြီးမှ ကိလေသာရောတာတို့ မရောတာတို့ ရှိသေးရဲ့လားလို့ အမေးပြုလိုက်တယ်။ ရှိတယ်။ ဝိပဿနာဉာဏ်က ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်းတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီဉာဏ်က အာသဝနယ်ထဲက မလွတ်သေးဘူး။
အာသဝတို့နယ်နမိတ်က မလွတ်သေးတဲ့ဉာဏ်နဲ့ နိဗ္ဗာန်မတွေ့နိုင်ဘူး။
ဒုက္ခကို ပိုင်းခြားပြီးသကာလ ဒီဒုက္ခကို မလိုချင်တော့ပါဘူးဆိုတဲ့ မဂ်ဉာဏ်ဖြစ်မှသာ အာသဝနယ်က လွယ်ပြီးတော့မှသာ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်။
ဒီတော့ ဘုရားတပည့်တော်တို့ နိဗ္ဗာန်မမြင်သေးဘူး၊ မမြင်သေးဘူးဆိုရင် ဘာလုပ်ရမလဲ။ မနောကို စင်ကြယ်အောင်လုပ်၊ စင်ကြယ်အောင် ကြိုးစားရမယ်။ ဒါမှသာ ရမယ်ဆိုတာကို သဘောပေါက်ဖို့လိုပါမယ်။
ကိုယ့်ဟာကို ဒီဂရီဘယ်လောက်ရှိတယ်ဆိုတာကို ယှဉ်ထိုးကြည့်လို့ရပြီ။ ရှုသောပုဂ္ဂိုလ်၏ မနောစင်ကြယ်မှ နိဗ္ဗာန်ကို တွေ့မှာဖြစ်ပါတယ်။
ကိလေသာနူနာရှိတဲ့ပုဂ္ဂိုလ်သည် သားသမီး ပစ္စည်းဆိုတဲ့ မီးနားကို ကပ်ချင်တယ်။ မီးနာကပ်လိုက်တော့မှ နူနာက သက်သာတော့တယ်ဆိုကြတယ်မဟုတ်လား။ သားကို စိတ်ပူနေတာ။ ခုတွေ့လိုက်တော့မှ စိတ်သက်သာရာ ရတော့တယ်ဆိုတာသည် စိတ်ပူတဲ့ ကိလေသာနူနာက သားဆိုတဲ့မီးနားကို ကပ်လိုက်တော့မှ ကိလေသာနူနာက သက်သာရာ ရတော့တယ်ဆိုတာပဲ။
” ဒီလို ကိလေသာနူနာရှိတဲ့ မနောကတော့ နိဗ္ဗာန်ကို မမြင်နိုင်ဘူး ဆိုတာ လေးစားစွာမှတ်လိုက်ပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ယှဉ်ထိုးသုံးသပ်လို့ရပြီ။ ကိုယ့်မှာ နူနာရှိနေလား၊ မီးကို တောင့်တနေလား၊
မီးကိုတောင့်တနေရင် နူနာရှိနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ၊ နူနာရှိနေရင်လည်း မီးနာကပ်ချင်တော့မှာပဲ ဆိုတာကို ဆုံးဖြတ်ချက်ချ၊
မရှက်မကြောင့် ပြတ်ပြတ်သားသား သုံးသပ်ဆုံးဖြတ်ရပေလိမ့်မယ်။ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လှည့်စားမယ်ဆိုရင်တော့ အိုနာသေ နောက်တစ်ဖန် လိုချင်တာပဲ။ နောက်ခန္ဓာကို ယခုလှည့်စားရင်တော့ ရမှာသေချာတယ်။ နောက်ခန္ဓာရရင် ခန္ဓာနဲ့အတူ အိုနာသေက တွဲပြီးပါလာတော့မယ်။ ဒီတော့ မှန်မှန်ကန်ဆုံးဖြတ်ချက်ချပြီး သကာလ မိမိနူနာကို ပျောက်အောင် မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ကုသရပေလိမ့်မယ်။ ဒီနူနာပျောက်မှသာ ကိလေသာနူနာမရောတဲ့ စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်ကို မြင်နိုင်မှာဖြစ်တယ်။ ”
ဒါဖြင့် ဘဝများစွာ သံသရာက မနောမစင်ကြယ်ခဲ့ပါဘူးဆိုတာ အခုပေါ်တာပဲ။ နူနာနဲ့သာနေခဲ့ရပြီး ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုခဲ့ရတာပဲ။ ဒီတော့ ကိလေသာအနာမစင်ကြယ်ရင် နိဗ္ဗာန်ကို မမြင်နိုင်ဘူး။
နိဗ္ဗာန်သည် ကာလအားဖြင့် မရှိနေပါ။ သူတစ်ပါးက ဖန်တီးပြုပြင်ထားသည်လည်း မဟုတ်ပါ။ နေရာဌာနအားဖြင့်လည်း မဟုတ်ပါဘူး။ ဘယ်လိုပုဂ္ဂိုလ်ကမှသာ နိဗ္ဗာန်ကို တွေ့နိုင်မှာလဲဆိုတော့ မနောကို စင်ကြယ်အောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှသာ တွေ့နိုင်မယ်။ မစင်ကြယ်တဲ့ ဉာဏ်နဲ့ဆိုရင် မတွေ့နိုင်ဘူး။ စင်ကြယ်မှု၊ မစင်ကြယ်မှုဆိုတာသည် ဉာဏ်ထက်မှုအပေါ်မှာ မူတည်နေတယ်။
ဒီတော့ ဉာဏ်ထက်မှုအပေါ်ကို သုံးသပ်ရတော့မယ်ဆိုတော့ ဉာဏ်စဉ်ဆိုတာ ဖြစ်ပေါ်လာပြန်တယ်။ ဉာဏ်စဉ်နဲ့ ဆနီးတယ်၊ ဉာဏ်ထက်မှု၊မထက်မှုကိုလည်း ဆုံးဖြတ်ဖော်ပြပေးသလို၊ ကိလေသာစင်ကြယ်မှုနဲ့ ဝေးကွာမှု၊ မဝေးကွာမှုကိုလည်း ပဓာနထားဖော်ပြပေးပါတယ်။ ဉာဏ်တွေစဉ်ပြီးသကာလ ၁ နံပါတ် ဉာဏ်၊ ၂ နံပါတ် ဉာဏ်၊ ၃ နံပါတ် ဉာဏ်ဆိုပြီ စဉ်လိုက်တယ်။ ၁)ဉာဏ်က ယထာဘူတဉာဏ်၊ ဒီဉာဏ်ကတော့ ကိလေသာနည်းနည်းများနေသေးတယ်၊
၂) ဉာဏ်ဖြစ်တဲ့ နိဗ္ဗန္ဒဉာဏ်ကျတော့ ကိလေသာ နည်းနည်း နည်းသွားပြီ။
၃) မဂ်ဉာဏ်ကျတော့ ကိလေသာ အရှင်းမပါတော့ဘူး။
ဒီတော့ ၁)ဉာဏ်(၂)ဉာဏ်(၃)ဉာဏ် ဆိုပြီး ဉာဏ်စဉ်ရခြင်းသည် ကိလေသာအတွက်စဉ်ရတာဖြစ်တယ်။
၁)ဉာဏ်၏ သဘောကတော့ ဒီခန္ဓာ၏သဘောကို ယထာဘူတာဉာဏ်နဲ့ ဟုတ်တိုင်းမှန်စွာသိတယ်။ အနိစ္စတရားတွေ၊ ဒုက္ခတရားတွေ၊ အနတ္တတရားတွေပဲရှိတယ်ဆိုတာကို သူသိတယ်။ သိုသော် ဒီအနိစ္စ၊ဒုက္ခကို မုန်းပါရဲ့လား၊ မမုန်းသေးဘူး။ ဒီတော့ ဒီဉာဏ်ကို နုသေးတဲ့ဉာဏ်ဖြစ်နေတယ်။ နိဗ္ဗန္ဒဉာဏ်ကျတော့ ဒီအနိစ္စ၊ဒုက္ခတွေကို မုန်းလာပြီ။ ဒီဉာဏ်ကို ဉာဏ်အားရှိလာတယ်လို့ ခေါ်ပါတယ်၊ ဘာကြောင့်ဉာဏ်အားရှိလာတယ်လို့ ဆိုရတာလဲဆိုတော့ ကိလေသာနဲ့ ဝေးလာတယ်။
(၁)နံပါတ်က ကိလေသာနဲ့ နီးတယ်၊
(၂)နံပါတ်ကျတော့ ဝေးလာတယ်။
(၃)နံပါတ်ကျတော့ ဒါဒုက္ခသစ္စာပဲလို့ ဒုက္ခကိုပိုင်းခြားချလိုက်တာနဲ့ နိရောဓသစ္စာကလည်း ပေါ်ရော။ ဒါသည် ကိလေသာနဲ့ ဆက်သွယ်တယ်လို့ ဆိုလို့ရသေးလား၊ ဆိုလို့မရတော့ဘူး။ ကိလေသာနဲ့ လုံးဝမဆက်သွယ်တော့ဘူး။ ဒီလို စင်ကြယ်တဲ့ဉာဏ်ကသာ ဒုက္ခဆုံးတဲ့ သုခနိဗ္ဗာန်ကိုတွေ့တယ်။
ဉာဏ်စဉ်တာသည် ကိလေသာအတွက်စဉ်ရတာ။
ကိလေသာဌာနနယ်မှာနေတဲ့ မနောက နိဗ္ဗာန်ကို မမြင်ဘူး။
ကိလေသာဌာနကလွတ်တဲ့ မနောကမှ နိဗ္ဗာန်ကို မြင်နိုင်မယ်။
မိမိတို့အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် (ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်၊ အဖန်ဖန်အခါခါရှုမှတ်ပွားများ၏ ဖြစ်ပျက်သဘောသာအား မုန်းလာသောဉာဏ်) မဂ်ဉာဏ်(ဖြစ်ပျက်အဆုံး၌ ဖြစ်ခြင်းပျက်ခြင်းမရှိသည့်တရားကို မြင်တဲ့ဉာဏ်) အားလျင်မြန်စွာ ကျေးဇူးပြု၍ နောက်တစ်ဖန်ပဋိသန္ဓေမနေရခြင်းသော သုခကို ယခုဘဝ၌ ပိုင်ဆိုင် ဆုံးခန်းတိုင်နိုင်ကြပါစေ…