Thursday, May 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၅)

ဤတရားတွင် မြတ်စွာဘုရားက အစေလကဿပအား ဟောသော တရားဖြစ်သည်။ အစေလကဿပသည် အဝတ်မဝတ်သော ဂျိန်းဘုန်းကြီး တက္ကဒွန်းဖြစ်သည်။ ရာဇဂြိုလ်ပြည်တွင်း ဆွမ်းခံကြွရင်း ဆုံတွေ့ကြသည်။
အစေလကဿပက အကြံရပြီး မေးသည်။ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြုတာလားဟု မေးသည်။ မဟုတ်ဘူးဟု ဘုရားက ဖြေသည်။ ဒါဆို ဒုက္ခကို သူတစ်ပါးပြုလို့ မိမိ ခံရတာလားဟု မေးပြန်သည်။ ဒါလည်း မဟုတ်ဘူးဟု ဘုရားက ဖြေသည်။ မဟုတ်ရင် ဒုက္ခကိုမိမိ သူတစ်ပါး နှစ်ဦးသား ပြုကြတာလား မဟုတ်ဘူးဟု ဘုရားက ဖြေသည်။ မဟုတ်လျှင် ဒုက္ခသည် သူ့အလိုလို ပေါ်တာလား ဒါလည်း မဟုတ်ဘူး။ ဒါဆို ရှင်ကြီးဂေါတမ ဒုက္ခဆိုတာ မရှိဘူးလား။ ဒုက္ခရှိပါတယ်။ ဘုရားက ဖြေသည်။ ဒုက္ခရှိတယ်ဆိုရင် ရှင်ကြီးဂေါတမက မသိဘူးလားလို့ မေးပြန်သည်။ သိတယ်ဟု ဘုရားက ဖြေသည်။
ဒုက္ခကို မိမိ ပြုခဲ့လို့ မိမိ ခံရသည်ဟု ယူလျှင် သဿတဒိဋ္ဌိ ဖြစ်သည်။ ပဋိစ္စသမုပ္ပ္ပာဒ် နားမလည်၍ ဖြစ်သည်။ ပဋိစ္စသမုပ္ပာဒ်ကို နားလည်လျှင် အဝိဇ္ဇာပစ္စယာသင်္ခါရာကြောင့် ခန္ဓာဒုက္ခသစ္စာကြီး ရခြင်းဖြစ်သည်။ ငါ သူတစ်ပါး မပါ။ အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခသစ္စာ ရခြင်းဖြစ်သည်ဟု နားလည်ရမည်။ ပဋိစ္စသမုပ္ပာဒ် နားလည်မှ ဒိဋ္ဌိ ပြုတ်သည်။ သစ္စာဉာဏ် ပေါ်သည်။ အဝိဇ္ဇာသင်္ခါရ(သမုဒယသစ္စာ)ကြောင့် ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ (ခန္ဓာငါးပါး) ဒုက္ခသစ္စာရခြင်းသာ ဖြစ်သည်။ ငါ လုပ်လို့ ငါ ခံရသည် မဟုတ်ပါ။ သို့သော် ဗုဒ္ဓဘာသာဝင်တွေ စိတ်ထဲမှာ ကိုယ်လုပ်လို့ ကိုယ်ခံရသည်ဟု ယုံကြည်နေကြပုံ ပြုသူလည်း ကိုယ် ခံသူ လည်း ကိုယ်ဟု သဿတဒိဋ္ဌိ အစွဲသန်နေပုံ ရှင်းပြပြီး အခေါ်မှာ ဗုဒ္ဓဘာသာ အယူမှာတော့ ဒိဋ္ဌိဟု ဆုံးဖြတ်ချက် ချကြသည်။ ဤတရားတွင် ပဋိစ္စသမုပ္ပာဒ်ကို နားမလည်လျှင် ဒိဋ္ဌိမပြုတ်ဘူးဟု အလေးအနက် ဆိုထားသည်။
ငါလုပ်ငါရ ငါပြုငါခံ သဿတဒိဋ္ဌိ ဝင်နေပုံကို ရှင်းအောင်ပြပြီး ဒိဋ္ဌိဖြုတ်ခိုင်းသည်။ မဖြုတ်ဘဲ ဝိပဿနာလုပ်လျှင် လောကုတ္တရာမဂ် မရနိုင်ဘူး။ ဝိပဿနာနမဂ်ပဲ ရနိုင်ကြောင်း ဆုံးဖြတ်ထားသည်။
အစေလကဿပ၏ ဒုတိယအမေးကို ပဋိစ္စသမုပ္ပာဒ်ဖြင့် ဝေဖန်ပြသည်။ အကြောင်း သမုဒယ(အဝိဇ္ဇာသင်္ခါရ)ကြောင့် အကျိုးခန္ဓာငါးပါး (ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ) ဒုက္ခသစ္စာ ရခြင်းသာ ဖြစ်ကြောင်း ရှင်းထားသည်။ ငါ သူတစ်ပါး မပါပါ။ ဤအမေးမှာ ပြုသူ တခြား ခံသူက တခြားလားဟု မေးခြင်းဖြစ်သည်။ ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။ အကြောင်းအကျိုး ပြတ်သွားသည့်သဘော။ ဤအမေးကို ဘုရားက မဟုတ်ဘူးဟု ဖြေပုံကို နားလည်နိုင်ပြီ။ အကြောင်းအကျိုးပဲဟု သိလျှင် ဥစ္ဆေဒဒိဋ္ဌိ ပြုတ်သည်။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ ဖြစ်သည်ဟု သိခြင်းအားဖြင့် ဒုက္ခကို ငါသူတစ်ပါး နှစ်ဦးသား ပြုတာလားဆိုသော တတိယအမေးကို မဟုတ်ဘူးဟု ဖြေသင့်ပုံ သိသာသည်။
စတုတ္ထမေးခွန်း 'ဒုက္ခသည် အလိုလို ဖြစ်တာလား'သည် အဟေတုကဒိဋ္ဌိ အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခ ဖြစ်ခြင်းသာ ဖြစ်၏။ ဒိဋ္ဌိပြုတ်ပြီးလျှင် ဝိပဿနာ အလုပ်လုပ်ဖို့သာ အရေးကြီးတော့သည်။ ထို့နောက် ဒုက္ခမရှိဘူးလား ဒုက္ခမသိဘူးလားဆိုသော အမေးများ၏ အရေးမပါပုံ ရှင်းပြသည်။ ခန္ဓာရှိလျှင် ဒုက္ခရှိမည်။ ဒုက္ခကို သိလျှင် သစ္စာဉာဏ်ရသည်။ သစ္စာဉာဏ်ဖြင့် ခန္ဓာဆုံးအောင် သာလိုက် ခန္ဓာအဆုံး(ဒုက္ခအဆုံး) နိဗ္ဗာန်ပေါ်သည်။

                                                                                                          ~ မိုးကုတ်ဆရာတော် ~

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၆)


ပဋိစ္စသမုပ္ပာဒ်ကို နားမလည်ဘဲ အားထုတ်လျှင် အနိစ္စ ဒုက္ခ အနတ္တကို မြင်ချင်မြင်မည်။ သို့သော် ဒိဋ္ဌိကပ်နေမည်သာ ဖြစ်ကြောင်းဖြင့် ဤတရားကို ဟောကြားသည်။ (အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိ ကပ်နေသည်) ဒိဋ္ဌိနှင့် တရားအားထုတ်နေလျှင် ကုသိုလ်တော့ရသည်။ နိဗ္ဗာန်မဂ်ဖိုလ်ကိုတော့ မရဟု မိန့်ဆိုသည်။ ပဋိစ္စသမုပ္ပာဒ်ဆိုတာ ခန္ဓာဖြစ်စဉ် ဖြစ်သည်။ ခန္ဓာဖြစ်စဉ်ကို မသိဘဲ အားထုတ်လျှင် ဒိဋ္ဌိရှိနေသောကြောင့် လုပ်ရကျိုး မနပ်ပါ။ ဉာတပရိညာ သိမှု့ပီးမှ တီရဏပရိညာဆိုသော အားထုတ်မှု လုပ်ရမည်ဟု ဘုရားဟော ဒေသနာစဉ်ရှိပုံကိုလည်း ဟောသည်။ ဝတ္ထုသက်သေ သာဓက အလုံးအလောက်ရှိကြောင်းလည်း မိန့်တော်မူသည်။
ထို့နောက် သစ္စာမသိဘဲ အဝိဇ္ဇာ ဦးစီးသော အလှူမှာ ဆုတောင်းတဏှာပါ၍ သမုဒယသစ္စာဖြစ်ပုံ ဒုက္ခသစ္စာ အကျိုးပေးပုံကို ထပ်ဟောပြန်သည်။ အကြောင်းအနတ္တဆိုလျှင် အကျိုးအနတ္တဖြစ်ပုံကို ဆက်ရှင်းသည်။ ဓမ္မာ အနတ္တာ ဖြစ်ပုံကိုလည်း ထောက်ပြသည်။ ဤတွင် အရှင်ဆန္ဒ စိတ်ထဲမှာ သဿတဒိဋ္ဌိခံနေ၍ နိဗ္ဗာန် မရဖြစ်နေပုံကို ပြသည်။ ပြီးမှ အရှင်အာနန္ဒာက ပဋိစ္စသမုပ္ပာဒ်ကို ပြပြီး ဒိဋ္ဌိဖြုတ်မှ မဂ်ရပုံကို ဟောသည်။ ပထမမဂ်မှာ နိဗ္ဗာန်၏ အန္တရာယ်သည် ဒိဋ္ဌိဖြစ်၏။
ဤတရားတွင် အကြောင်းကြောင့် အကျိုးဖြစ်ပုံကို အဓိက ထား၍ ဟောသည်။ ဤတွင် သမုဒယကို နားလည်လျှင် ဥစ္ဆေဒဒိဋ္ဌိမရှိ နိရောဓကို နားလည်လျှင် သဿတဒိဋ္ဌိ မရှိကြောင်း ထူးထူးခြားခြား ဆိုသည်။ ဖြစ်တာမြင် ဥစ္ဆေဒဒိဋ္ဌိ စင်သည်။ ပျက်တာမြင်ရင် သဿတဒိဋ္ဌိ စင်သည်ကိုလည်း ပေါ်လွင်အောင် ရှင်းထားသည်။
ဤသို့မြင်လျှင် ဉာဏ်စင်တက်သည်။ ယထာဘူတဉာဏ်မှ နိဗ္ဗိန္ဒဉာဏ်သို့ တက်သည်။ ထိုဉာဏ်မှတစ်ဆင့် မဂ်ဉာဏ်သို့ ကူးသွားသည်။ ထို့နောက် ပဋိစ္စသမုပ္ပာဒ် နားလည်အောင် အလျင်အားထုတ်ပြီးမှ ဖြစ်ပျက်မြင်အောင် အားထုတ်ဖို့ တိုက်တွန်းသည်။ ကင်္ခါဝိတရဏဝိသုဒ္ဓိဆိုတာ ပဋိစ္စသမုပ္ပာဒ်ကို နားလည်ခြင်းပဲဟု မိန့်ပြီး ဒီဝိသုဒ္ဓိ ဖြစ်ပြီးမှ မဂ္ဂါ မဂ္ဂညာဏ ဒဿနဝိသုဒ္ဓိ လုပ်ရန်လည်း နှိုးဆော်သည်။ တရားလုပ်ရာမှာ ရှေ့နောက် အစဉ်လွဲလို့ မရကြောင်း ဆုံးမထားသည်။

                                                                                                                    ~ မိုးကုတ်ဆရာတော် ~

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၄)

ခန္ဓာဖြစ်စဉ်သည် ကြောင်းကျိုးဆက်ပြီး သွားနေသည်။ လူခန္ဓာ နတ်ခန္ဓာ ဘာခန္ဓာဖြစ်ဖြစ် အဝိဇ္ဇာ မူတည်ပြီး သွားနေကြသည်။ အတိတ်ကလည်း သစ္စာလေးပါး မသိဘဲ နေခဲ့ကြသည်။ မသိဘဲ ကုသိုလ်တွေ ပြုခဲ့ကြသည်။ အကျိုးအားဖြင့် ခန္ဓာ ဒုက္ခသစ္စာ နှစ်အကွက်ထဲမှာ ရသည်။ သမုဒယသစ္စာ လုပ်ခဲ့လို့ ဒုက္ခသစ္စာ ခန္ဓာငါးပါးရခြင်း ဖြစ်သည်။ အလှူဒါန လုပ်ပါလျက် ဒုက္ခသစ္စာ ရတာရှုံးသည်။ ထို့ကြောင့် အလှူကို နောက်ထားပါ အသိကို ရှေ့ထားပါဟု ဟောသည်။
အသိ ရှေ့ထားပါ။ သိပြီးရင် လှူပါဟု ဆိုသည်။ ခန္ဓာရတာ ဒုက္ခသစ္စာဟု သိပေးပါ။ သိလိုက်ပါက ဝိဇ္ဇာဖြစ်သွားသည်။ ဝိဇ္ဇာဉာဏ်ရပြီ။ ဉာဏ်ရလျှင် နောက်ထပ် ဒုက္ခရစေသော သင်္ခါရတွေ မလုပ်တော့ပါ။ လှူလျှင်လည်း ဒုက္ခကို မလိုချင် ဒုက္ခငြိမ်းရာသိမ်းရာ ရချင်လို့ လှူတာဟု ပြောင်းရမည်။ ဒါ သစ္စာသိပြီးမှ လှူသော အလှူဖြစ်သည်။ ခန္ဓာ ဒုက္ခသစ္စာဖြစ်ကြောင်း သိအောင် (စာတွေ့မဟုတ် ကိုယ်တွေ့ဖြစ်အောင်) ဝိပဿနာ ရှုရမည်။ ရှု၍ သိပြီး ဆိုလျှင် ဒုက္ခသစ္စာ မလိုချင်ပြီ။ ထိုအခါ လူချမ်းသာ နတ်ချမ်းသာ ဒုက္ခသစ္စာ မလိုချင်သော စိတ်ဖြင့် လှူနိုင်ပြီ။ မသိသော ပုဂ္ဂိုလ်လှူလျှင် သမုဒယသစ္စာဖြစ်သည်။ သိပြီး လှူလျှင် ဒုက္ခသစ္စာ မလာဘူး။ သိပြီးလှူလျှင် မဂ္ဂသစ္စာ ဖြစ်သွားသည်။ သိပြီး လှူလို့ မဂ္ဂသစ္စာဖြစ်လျှင် ရတာက နိရောဓသစ္စာ ဖြစ်သည်။
ဒါန သီလက သံသရာရှည်တာ မဟုတ်ဘူး။ သိမှု မသိမှုကြောင့် သံသရာရှည်ရတာဟုလည်း ဆိုသည်။ သိ၍ အားထုတ်မှ မဂ္ဂသစ္စာ ဖြစ်သည်။ မဂ္ဂသစ္စာကို အားထုတ်လျှင် နိရောဓသစ္စာ ရသည်။ ဤတွင် အသိနှင့် ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တော့ စူဠသောတာပန် တည်ပြီဟု အတိအကျ မိန့်ထားသည်။
မသိဘဲ လှူတာ သမုဒယသစ္စာ
လှူလို့ ရတာ ဒုက္ခသစ္စာ
သိပြီးလှူတာ မဂ္ဂသစ္စာ
လှူလို့ရတာ နိရောဓသစ္စာ။

                                                                                                                   ~ မိုးကုတ်ဆရာတော် ~

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၃)

စက်ဝိုင်းကို ကြည့်ရမည်။ မိမိတို့ ရထားသော ခန္ဓာကိုလည်း ကြည့်ရမည်။ စက်ဝိုင်းကို ကြည့်ခြင်းဖြင့် သံသရာဆက်ပုံ သံသရာဖြတ်ပုံကို သိနိုင်ကြောင်း ဟောကြားသည်။
ထို့နောက် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ လုပ်ကြပုံကို အကျယ်ပြသည်။ အဝိဇ္ဇာသင်္ခါရရှိလျှင် သုံးဆယ့်တစ်ဘုံမှာ ခန္ဓာရသည်။ ခန္ဓာရခြင်းသည် ဒုက္ခသစ္စာရခြင်း ဖြစ်သည်။ အကွက်တစ် အတိတ်က သမုဒယသစ္စာငါးပါး (အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ) လုပ်ခဲ့၍ ပစ္စုပ္ပန်ဘဝမှာ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ ခန္ဓာငါးပါးကို ရရှိသည်။ ပစ္စုပ္ပန်မှာ ခန္ဓာဒုက္ခသစ္စာ ရခြင်းသည် ကံမကောင်းလို့ မဟုတ် မသိမှု အဝိဇ္ဇာနှင့် လိုချင်မှု တဏှာကြောင့် ဖြစ်သည်။ လူတွေမှာ ပရိရေသနဒုက္ခ ဒုက္ခပေါင်းစုံဖြင့် ဒုက္ခပင်လယ်ဝေနေသည်။ လူချမ်းသာ နတ်ချမ်းသာဆိုတာ အလကားပြောတာဟု မိန့်တော်မူသည် ဤသို့ ဒုက္ခရောက်နေစဉ် ဒုက္ခဖြစ်ကြောင်း သမုဒယတွေကို အားထုတ်ကြလျှင် နှစ်ခါမိုက်ဖြစ်ပြီဟုလည်း ဆိုသည်။
နှစ်နံပါတ်ထဲက အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ ထပ်မံ မပေါက်ဖွားဖို့ သိပ်အရေးကြီးသည်ဟု သတိပေးသည်။ နှစ်ထဲက သုံးပေါက်ဖွားလာသည်။ ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး (သမုဒယသစ္စာ) ပေါ်လာနိုင်သည်။ ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး ပေါက်ဖွားသည့်အတွက် သေသည်၏အခြားမဲ့၌ အနာဂတ်ခန္ဓာငါးပါး ပေါက်ဖွားရပြန်သည်။ ဒုက္ခသစ္စာ ရပြန်သည်။ သမုဒယက လောင်တတ်သော မီး ခန္ဓာ ဒုက္ခသစ္စာက လောင်စာ လောင်မီးနှင့် လောင်စာ တွဲလျက်ချည်း ဖြစ်နေလျှင် ဘယ်အခါမှ မငြိမ်းချမ်းတော့ပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် လည်နေရသည်မှာ အစပ်ကလေးတွေ မဖြတ်တတ်၍ ဖြစ်ကြောင်းပြောသည်။
နှစ်အကွက်နှင့် သုံးအကွက် အစပ်သည် ပစ္စုပ္ပန် အကျိုးနှင့် ပစ္စုပ္ပန် အကြောင်းစပ် ဖြစ်သည်။ ဤနေရာတွင် သုံးနံပါတ် ပစ္စုပ္ပန်အကြောင်း မပေါ်မှ သင့်မည်။ ထိုအကြောင်း မပေါ်အောင် ထိုအဆက်ကို ဖြုတ်ရမည်။ ဝေဒနာမှ တဏှာသို့ မကူးအောင် လုပ်ရမည်။ ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်အောင် လုပ်ရမည်။ ဒါမှ သံသရာပြတ်လမ်းသို့ ရောက်မည်။ ဝေဒနာချုပ်အောင် လုပ်နိုင်မှ တဏှာချုပ်သည်။ ဒါသမုဒယသစ္စာ ချုပ်အောင်လုပ်တာဟု ရှင်းပြသည်။
ထိုသို့ ပြတ်နိုင်အောင် ဝေဒနာပေါ်တိုင်း ဉာဏ်နှင့် ရှုပေးရမည်။ ဝေဒနာဖြစ်ပျက်ကို မြင်အောင် ရှုရမည်။ ဝေဒနာနိရောဓောတိ မဂ္ဂေါဖြစ်ပြီး မဂ်ကဝင်၍ ဖြတ်လိုက်သည်။ နှစ်နှင့်သုံးအစပ် ပြတ်ပြီ။ ဝေဒနာ ဖြစ်ပျက်မြင်လျှင် ကြားထဲက မဂ်ဝင်ပြီး ဖြတ်သည်။ ဝိပဿနာမဂ်က ဖြတ်သည်။
နှစ်နှင့်သုံးအစပ်ကို ဖြတ်နိုင်လျှင် နိဗ္ဗာန်ရသည်။ ဝိပဿနာလုပ်မှ ဖြတ်နိုင်သည်။ ဝိပဿနာ အလုပ်သည် ကိုယ့်အကျိုးကို လုပ်ခြင်းဖြစ်သည်။ ဝိပဿနာ ရှုဖြစ်အောင် ရှုဖို့ တိုက်တွန်းထားသည်။ ဝိပဿနာအလုပ် မလုပ်ဖြစ်ဘဲ တခြားအလုပ် လုပ်နေခြင်းသည် နှစ်နှင့်သုံးအကွက်ကို ဆက်အောင် လုပ်နေခြင်းသာ ဖြစ်ပုံကိုလည်း ပြသည်။ သုံးဖြစ်လျှင် လေးအကွက် ဒုက္ခသစ္စာပေါ်မည်။ ဝေဒနာနှင့် တဏှာဆက်အောင် လုပ်နေသရွေ့ မဂ်မရနိုင်ပုံကို ရှင်းပြန်သည်။ ဒုက္ခချုပ်ကြောင်း ရှာနိုင်လျှင် ဝေဒနာကို ဖြစ်ပျက်ရှုရမည်ဟု ဆိုသည်။ ဖြစ်ပျက်ရှုလျှင် ဝေဒနာနှင့် တဏှာကြားမှ မဂ်က အဆက်ဖြတ်ပေးသည်။ ဝေဒနာနိရောဓာ တဏှာနိရောဓော နိဗ္ဗာန်ဖြစ်ပြီ။

                                                                                                                     ~ မိုးကုတ်ဆရာတော် ~

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၂)

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ပဋိစ္စသမုပ္ပာဒ် အစကို သိ၍ သံဝေဂဉာဏ်ပွားသည်။ အဆုံးကို သိသည်နှင့် ဘုရားအဖြစ်သို့ ရောက်သည်။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာသည် ပဋိစ္စသမုပ္ပာဒ်ကို သိမှ ကင်းစင်သည်။ ထိုအခါမှ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖြစ်ပေါ်သည်။ ဒိဋ္ဌိ ဝိစိကိစ္ဆာ မပယ်နိုင်လျှင် မဂ်မရနိုင်ကြောင်း ထပ်ဟောသည်။ ကိုယ်ခန္ဓာအကြောင်းကို သိအောင် စဉ်းစားပါ ဆိုပြီး ပဋိစ္စသမုပ္ပာဒ်အကြောင်း ဟောသည်။
ယခု ခန္ဓာငါးပါး ရနေသည်မှာ နှစ်အကွက်တွင် ဖြစ်သည်။ ပဝတ္တိဝိညာဉ်နှင့်လည်း နေနေကြသည်။ ပဝတ္တိဝိညာဉ်ဆိုတာ အိပ်နေသောအခါ မသေအောင် စောင့်ရှောက်သော ဘဝင်စိတ်တွေကို ဆိုကြောင်း ရှင်းထားသည်။ ယခု ပစ္စုပ္ပန် နှစ်အကွက်ထဲမှာ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာနှင့် နေကြသည်။ တစ်နည်း ခန္ဓာငါးပါးနှင့် နေကြသည်။ သစ္စာဖွဲ့လိုက်တော့ စက်ဝိုင်းထဲမှာ ဒုက္ခသစ္စာကို ပြထားသည်။ ဒုက္ခသစ္စာ ရနေသည်ဟု နားလည်ရမည်။ ရုပ်နာမ် ဖြစ်ပျက်နေတာသည် ဒုက္ခသစ္စာတွေချည်း မှတ်ရမည်။ ဓမ္မစကြာမှာ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခသစ္စာ ဆိုသောကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာဟု နားလည်ရမည်။ ဒါကြောင့် လူ့ဘဝရတာ ဒုက္ခသစ္စာ ရတာပဲ ဖြစ်သည်။ သို့သော် လူတွေက လူချမ်းသာ နတ်ချမ်းသာ အကြိမ်ကြိမ် ခံစားရပါလို၏ဟု ဆုတောင်းနေတာ အကြိမ်ကြိမ် ဒုက္ခခံရလိုပါ၏ဟု ဆုတောင်းသည်နှင့် တူနေပုံကို ရှင်းထားသည်။ မသိ၍ ဆုတောင်းမှားနေကြတာဟုလည်း ဆိုသည်။
တောင်ဝှေးဆွဲမမှားဖို့ လိုသည်။ ရှေ့ဆောင်လမ်းပြ ကောင်းမှ နေရကြမည် ဟုလည်း သတိပေးသည်။ သစ္စာသိသော ပုဂ္ဂိုလ် ကုသိုလ်လုပ်လျှင် ဆုတောင်းတဏှာ ပါသောကြောင့် ခန္ဓာ ဒုက္ခသစ္စာပဲ ရကြောင်း ဟောသည်။ ဤတရားတွင် အဝိဇ္ဇာတဏှာကြောင့် ခန္ဓာ ဒုက္ခသစ္စာ ရပုံအကြောင်းကို သံဝေဂဉာဏ်ရအောင် သရုပ်အမျိုးမျိုးပြပြီး ဟောသည်။ အဝိဇ္ဇာသည် ဒုက္ခသစ္စာလည်း မသိ သမုဒယသစ္စာလည်း မသိ လူချမ်းသာ နတ်ချမ်းသာကို နိရောဓသစ္စာ ထင်နေကြသည်။
ဘာသစ္စာမှ မသိတာ အဝိဇ္ဇာဖြစ်ကြောင်း ရှင်းပြသည်။ ကုသိုလ် သင်္ခါရလုပ်လည်း ဒုက္ခသစ္စာ ခန္ဓာရသည်။ အကုသိုလ်သင်္ခါရလုပ်လည်း ခန္ဓာဒုက္ခသစ္စာရသည်။ ဒါကြောင့် ကျောင်းဒကာ ဘုရားဒကာနှင့် နွားသတ်လူ အတူတူပဲ ဆိုတာ ဤသဘောကို ပြောကြောင်း ရှင်းထားသည်။ သို့သော် ကျောင်းဒကာ ဘုရားဒကာရတာက သုဂတိ နွားသတ်သမား ရတာဟာ အပါယ်လေးပါး ဒုက္ခသစ္စာ ဤနေရာတွင် ကွာခြားပုံကိုလည်း ရှင်းပြထားသည်။ သို့သော် ဒုက္ခသစ္စာရလျှင် ဘယ်ဟာမှ မကောင်းဘူးဟု မှတ်ရမည် ဖြစ်ကြောင်း ဆုံးမထားသည်။
ဒါနပြုသော ပုဂ္ဂိုလ်များ လှူတတ်ဖို့ လိုသည်။ နိဗ္ဗာန်ကို ရည်သန်ပြီး လှူမှ သံသရာ ပြတ်သည်။ ဝိပဿနာ အားထုတ်မှ သစ္စာသိသည်။ ပဋိစ္စသမုပ္ပာဒ် အလိုအားဖြင့် နှစ်အကွက်မှ သုံးအကွက် မပေါက်ပွားအောင် လုပ်ရမည်။ ပစ္စုပ္ပန် နှစ်အကွက်ထဲမှာ တဏှာ ဥပါဒါန် ကံတွေလုပ်လျှင် အဆိပ်ပင်က အဆိပ်သီးတွေ သီးလာခြင်း ဖြစ်ပုံကို ပြသည်။ သုံးအကွက်ထဲမှာ တစ်အကွက်နှင့် သဘောတူတွေ ပြန်လုပ်သည်။ ထို့ကြောင့် လေးအကွက် ဒုက္ခသစ္စာ(အနာဂတ်) အကျိုးပေးမည်။ ထိုသို့ဖြစ်လျှင် တစ် နှစ် သုံး လေး ချည်း လုပ်နေမည်။ သမုဒယကြောင့် ဒုက္ခဖြစ် ဒုက္ခထဲမှာ သမုဒယပြန်လုပ် နောက်ဒုက္ခ ပြန်ဖြစ် လည်နေတော့မည်။ ဤသို့ မလည်ချင်လျှင် ဖြတ်လမ်းရှာရမည်။ နှစ်နှင့်သုံး အစပ်သည် ထွက်လမ်းဖြစ်သည်။

                                                                                                              ~ မိုးကုတ်ဆရာတော် ~

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁)

---------
ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းစာရွက်သည် အိမ်မှာ မှန်ဘောင်သွင်းပြီး ကိုးကွယ်ဖို့မဟုတ်။ ကိုယ်ခန္ဓာဖြစ်စဉ်ကြီးသည် ဤအတိုင်းပါကလားဟု သိဖို့ သံသရာလည်ပုံကို သိပြီး ဖြတ်ပုံကို သိဖို့အတွက်ဖြစ်ကြောင်း ဟောကြားသည်။ ထို့နောက် ပဋိစ္စသမုပ္ပာဒ် လည်ပုံကို ပြသည်။ အဝိဇ္ဇာတဏှာက သတ္တဝါစသည်ဟု မှတ်ရန် ပြောသည်။
အတိတ်ဘဝက သစ္စာလေးပါးကို မသိသော အဝိဇ္ဇာကြောင့် ပစ္စုပ္ပန် ခန္ဓာရလာပုံကို ရှင်းသည်။ တစ်ဖန် ယခုဘဝတဏှာ(သမုဒယ)ကြောင့် အနာဂတ် ခန္ဓာ ရဦးမည် ဖြစ်ကြောင်းပြသည်။ ပစ္စုပ္ပန် ခန္ဓာဖြစ်ကြောင်းမှာ အဝိဇ္ဇာ ဦးစီးသည်။ အနာဂတ်ခန္ဓာ ဖြစ်ကြောင်းမှာ တဏှာဦးစီးသည်။ အတိတ်ဘဝ အဝိဇ္ဇာ(သမုဒယသစ္စာ)ကြောင့် ပစ္စုပ္ပန်ဘဝမှာ ခန္ဓာငါးပါး ဖြစ်ပေါ်လာရသည်ဟု သိလျှင် ဖန်ဆင်းရှင်ကြောင့် ဖြစ်သည်မဟု

Friday, May 6

မိုးကုတ်ဆရာတော်ဘုရားကြီးဋ္ဌ၏ ခန္ဓာပဋိစ္စသမုပ္ပာဒ်ဖြစ်စဉ်

မြတ်စွာဘုရား သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရပြီး အလုံးစုံဝဋ်ကျွတ်သွားတာ ပဋိစ္စသမုပ္ပာဒ် ပြတ်သွားလို့ဖြစ်ကြောင်း ဟောသည်။ သောတာပန် ဖြစ်ချင်ရင်လည်း ပဋိစ္စသမုပ္ပာဒ်ကို ပြတ်မှ ဖြစ်သည်။ ပဋိစ္စသမုပ္ပာဒ် ဆိုတာ ခန္ဓာကြီးဟု မှတ်ရမည်။ ဘဝစက်လည်နေသော ခန္ဓာကြီးပင် ဖြစ်၏။ ဤခန္ဓာကြီးသည် စုတိနှင့် ပဋိသန္ဓေ ဆက်နေသည်။ ကံနှင့်အကျိုးပေး ဆက်နေသည်ဟု မှတ်ရမည်။ ခန္ဓာပဋိစ္စသမုပ္ပာဒ်ကို ပြတ်အောင် လုပ်ရမည်။ ပြတ်မှ နိဗ္ဗာန်ကို ရနိုင်သည်။
ထို့နောက် လူစတင် ဖြစ်ပေါ်မှုနှင့်ဆိုင်သော အယူမဆ အမျိုးမျိုးကို ဖော်ပြပြီး ပယ်သည်။ သံသယ ဖြစ်စရာ အငြင်းပွားစရာ အယူဝါဒတွေချည်း ဖြစ်ပုံကို ပြသည်။ ထိုအခါ ငါ ဘယ်လိုလူ ဖြစ်လာပါလိမ့်ဆိုသော ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာဝင်လာသည်။ ပဋိစ္စသမုပ္ပာဒ်တရားကို နားမလည်၍ ဖြစ်၏။ ပဋိစ္စသမုပ္ပာဒ်ကို နားလည်မှ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်နိုင်သည်။ ယခု ပဋိစ္စသမုပ္ပာဒ်ကို မသိ သစ္စာ မသိတော့ သံသရာရှည်သည်။ ဒိဋ္ဌိဝိစိကိစ္ဆာ မပယ်နိုင်တော့ အပါယ်လားရသည်။ ပဋိစ္စသမုပ္ပာဒ်ကို နားလည်လျှင် နားလည်ကာ အတ္တအပါယ်တံခါး ပိတ်သည်။ စူဠသောတာပန် ဖြစ်သည်။
ပြီးမှ ယခု ရထားတာ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ဖြစ်ပုံကို ပြသည်။ ရုပ်နာမ်သည် ဓမ္မပဲ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ။ သတ္တဝါ အစကို ပုဂ္ဂိုလ်အဖြစ်နှင့် တွေ့လျှင် မဆုံးတော့ပါ။ မဂ္ဂင်ဖြစ်စဉ် အဖြစ်သာ တွေးရမည်။ အဘယ်ကြောင့် ဆုံးသော အနမတဂ္ဂသံသရာမှာ လူတစ်ဦး ပုဂ္ဂိုလ်တစ်ဦး သေခဲ့သည့် အကြိမ်ပေါင်းက မရေမတွက်နိုင် ဖြစ်သည်။ သံသရာသည် မသိအပ်သော အစရှိသည်။ ဤကမ္ဘာမြေပြင်သည်ပင် ကိုယ့်အသား အရိုးက ဖြစ်သော မြေထုဖြစ်သည်။ သံသရာ ရှည်ခဲ့ပုံကို သံဝေဂရအောင် ဟောပြီးနောက် ခန္ဓာငါးပါးကို အဝိဇ္ဇာသင်္ခါရဆိုသော ဓမ္မက တည်ထောင်ကြောင်း ပုဂ္ဂိုလ်သတ္တဝါက တည်ထောင်ခြင်း မဟုတ်ကြောင်း ဆိုသည်။ အတိတ် အကြောင်းခြင်းရာ ငါးပါးကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါး ဖြစ်လာရပုံကို ပြသည်။ အတိတ်က သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်မှာ ဒုက္ခသစ္စာ ရလာပုံကို ရှင်းပြသည်။ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ အတိတ်အကြောင်း ငါးပါးကြောင့် ယခုဘဝ ခန္ဓာငါးပါး ဒုက္ခသစ္စာ ရလာပုံကို ပြပြီး ဖန်ဆင်းရှင်မရှိ အကြောင်းမဲ့လည်းမဟုတ် မိဖကြောင့် ဖြစ်လာတာလည်း မဟုတ်ကြောင်း ပေါ်အောင်ပြပြီး ပုဂ္ဂိုလ်သတ္တဝါစွဲ ဒိဋ္ဌိကို ဖြုတ်သည်။ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိကို ဖြုတ်သည်။

                                                                                     မိုးကုတ်ဆရာတော်

                                                                                                                 အရှင်ဉာဏဓဇ
                                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                            မိခင်ပင်မသံဝေဇနိယဌာန
                                                                                                                      အမရပူမြို့။

မိုးကုတ်ဆရာတော်ဘုရားကြီး နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး အပိုင်း ( ၄ )

                                                     ( ည အလုပ်ပေး တရားတော် )
                                                   ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                                          အပိုင်း( ၃ ) အဆုံး * *
ဒါနဲ့  - ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက အမှိုက်ပုံထဲမှာ
သေနေတယ်လို့  လျှောက်တော့ ၊ သွားမီးရှို့ ချည်ကွ ဆိုတော့ တစ်ခါတည်း ဓာတ်တော်တွေ ကျလာတယ် ။

                                                        ============

                                                           အပိုင်း ( ၄ )
                                                           *******
အဲဒီ ဓာတ်တော်တွေကို စေတီလုပ်ခိုင်းတာပဲ ။ ကဲ - မမြန်ဘူးလား ။
အဲဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အမြန်သိတဲ့ အထဲမှာ ဒါရုစိရိယ
လောက် မဂ်ဥာဏ် အမြန်ရတာ ဘယ်သူမှ မရှိဘူးတဲ့ ။ ရှင်သာရိပုတ္တရာတို့ 
ရှင်မောဂ္ဂလာန်တို့  အကုန်နေရစ်တာပဲ ။ အမြန်ရတဲ့ အထဲမှာ သူတစ်ယောက်
ဟာ အထူးခြားဆုံးပဲ ။
ဒီပြင်လူတွေကျတော့ ရှင်သာရိပုတ္တရာ တို့ က ရှင်အဿဇိ ဆီမှာ
သောတာပန် တည်ရတယ် ။ နောက်မှ ဘုရားကိုယ်တော်မြတ်ကြီးဆီသွားပြီး
ရဟန္တာ ဖြစ်ရတာဆိုတော့ မရှည်ဘူးလား ။ ဟိုဟာတွေက ဖြစ်ပျက်သမားတွေ
ကိုးကွ ။ ဖြစ်ပျက်ရူပြီး မှ တက်သွားတဲ့ ပုဂ္ဂိုလ်တွေ ။
ဒါနဲ့  ရဟန်းတွေ ကသွားပြီး မီးရှို့ ကြည့်တော့ အဟုတ်ကို ဓာတ်တော်တွေ
အကုန်ကျတာပဲ ။ ဖြူဖြူအတုံးကလေးတွေ အရိုးတွေဖြစ်တာမဟုတ်တော့ဘူးကွ ။ ဓာတ်တော်တွေ အကုန်ဖြစ်ပြီး ရဟန္တာ ဖြစ်သွားတာကိုး ။ သူကတော့ ရပ်တာနဲ့ 
ဖြစ်သွားတာပဲ ။ ရပ်ပေမယ့် နင်တို့ ကသိပြီးသားပဲ ။ ကိလေသာ မလာရင်ပြီး တာကိုး ။
ဒါနဲ့  ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက သွားလျှောက်
တယ် ။ ဘယ်အချိန် တရားအားထုတ်လို့  ဘယ်အချိန်များ ရဟန္တာ ဖြစ်လိုက်
ပါလိမ့်မတုံး ဘုရားလို့  ၊ ရဟန်းတွေက မယုံနိုင်ဘူးလေ ။ အဘိညာဉ် မရတဲ့
ပုဂ္ဂိုလ်က သိကို မသိဘူး ။ ဘယ်အချိန်တရားအားထုတ်လို့  ဘယ်အချိန်များ
ရဟန္တာ ဖြစ်ပါလိမ့်မတုံး ဆိုတော့ မင်းမကြားဘူးလားကွ ၊ ဂါထာတစ်ထောင်
ကျော် ကျက်မှတ်ပြီး ကျင့်နေပေမယ့် လဲ အနှစ်သာရ ရှိတာ တစ်ခုကို ပဓာန ထားရမှာကွ ။ တစ်ထောင်တွေက လိုရင်းမဟုတ်ဘူး ။ တစ်လုံးသာလိုရင်း ။
သူက မြင်ရုံတင် ရပ်ကိုးကွ ။ ဘယ်နှယ်ဟောသတုံး ။ မြင်ရုံတင် ရပ် ပါဘုရား ။
ကြားရုံတင် ရပ် ။ အဲ ဒါလေးပဲ ဟောလိုက်တာ ။ မြင်ရုံတင်ရယ် ၊ ကြားရုံတင်
ရယ် ၊ ကြံရုံတင်ရယ် ဆိုတော့ " ရပ် " တစ်လုံးတည်းဟောတာ ။ ဒိပြင် ဘာပါ သေးတုံး ။
ဘာမှ မပါ ပါဘူးတဲ့ ။ မြင်ရုံတင်ရယ် ၊ ကြားရုံတင်ရယ် ဆိုပြီး သကာလ ပြောလိုက် တာပဲတဲ့ ။ အဲဒီတော့ ကို ရပ်နည်းလေးတစ်ခုကို အပို ပြောပြမယ် ။
( ဆရာတော်ဘုရားကြီး ပေးသော " ရပ် "နည်းလေး )
******************************
* ဒါက အဖြူလေး ၊ အဖြူကို မြင်တဲ့ စိတ်ကလေး မလာဘူးလား ။ ဒီကလဲ
အဖြူမြင်တဲ့စိတ်အတိုင်း အဖြူကိုပဲ သိရမယ် ။ ဒိပြင် မဖေါက်ပြန်ရဘူးနော် ။
သူက ဒါဘာတုံး ၊ အဖြူပါ ။ မြင်တာက ဘာမြင်တာတုံး ။ အဖြူမြင်တာပါ ။
သိတာကလဲ အဖြူသိတာပါ ။ အဖြူပဲသိရတယ် တဲ့ ။ ဒီလို ဆိုတော့ကို ဒီစိတ်ဟာ မဖောက်ပြန်တော့ဘူး ။ ဒီဟာကို မြင်တဲ့အတိုင်း တစ်ထပ်တည်း ဒီကသွားတယ် ။
* မင်းတို့ ကတော့ ဒီလိုမဟုတ်ဘူး ။ ဒါက အဆင်းလေး ။ ဒါက မြင်တယ်ဆို
မင်းတို့ က လူဖြစ်သွားပြီ ။ ရှေ့ ကဟာ လူဖြစ်သွားပြီ ။ လူကလေး ချောလိုက်တာ
ဖြစ်သွားပြီ ။ လူကလေး လှလိုက်တာ ဖြစ်သွားတယ် ။ ဒီလိုဖြစ်သွားတော့ မင်းတို့  ဟာက ဒီမှာကျတော့ ဖေါက်ပြန်တယ် ။ ဒီမြင်တဲ့ ဝိပါက်က မှန်ပေမယ့် ဒီဇောက
လိမ်သွားပြီ ။ မင်းတို့ က ဇောလိမ်ခံရတာကများနေတယ် ။ ဒါ နောက်ဇောတွေ ။
အဲဒီတော့ မင်းတို့ မှာ နဂိုတတ်ထားတာကလဲ ဒီလိမ်တာပဲ တတ်ထားတယ် ။
ဒါ မြင်လိုက်တယ်ဆိုရင် မြင်တာလေးဟာဖြင့် ယောက်ျားလေးနဲ့ တူပါပေတယ် ။
မိန်းကလေးနဲ့  တူပါပေတယ် လို့  သူက ဒီလိုပဲ မလာပေဘူးလား ။ ဒီလိုပဲ လာနေ
တော့ ဒီအဆင်းကိုပင်လျှင် မင်းတို့ မြင်တာက အဆင်းယောက်ျား ဖြစ်နေပြီ ။
မိန်းမဖြစ်နေပြီ မဟုတ်လား ။ ခွေးဖြစ်နေပြီ ။ ကြောင်ဖြစ်နေပြီ ။ ကြက်ဖြစ်နေပြီ
ဆိုတော့ ဒီဇောက မလိမ်ဘူးလား ။ အသိဇောက လိမ်သွားပြီ ။ အဲဒီတော့ မင်း
တို့ နဂိုက တတ်ထားတာကိုက အလိမ်တတ်ထားတာ ။ အဲဒီတော့ မင်းတို့ က
ရပ်လို့ မရတဲ့အပြင် အလိမ်တောင် ဖြစ်နေသေးတယ် ။
* ရပ်လို့ လည်းမရဘဲ အလိမ်တောင် ဖြစ်နေတော့ ယောက်ျားဖြင့် မုန်းတာပဲ ၊
ခင်တာပဲ လို့  မလာပေဘူးလား ။ ဒါကြောင့် အဲဒီကျအောင် မသွားပဲနဲ့  အဆင်း
ကိုမြင်တယ် ၊ မြင်တာက အဖြူမြင်လို့ ရှိရင် ဒါအဖြူလို့ သိပေး ။ ယောက်ျား
မိန်းမ မဖြစ်စေနဲ့  ။ မင်းတို့ ဟာက ယောက်ျား မိန်းမ ဖြစ်ကုန်ပြီ ။ အဲဒါ ရပ်နည်း
ပဲ ။ သဘောပါကြပလား ။ ကဲ - ဒီတင်ရပ်ကြ ။
                                                 သာဓု သာဓု သာဓု

                                                          မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော် ဤတွင်ပြီးပါသည် ။


                                                                                                  အရှင်ဉာဏဓဇ
                                                                                    မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                 မိခင်ပင်မသံဝေဇနိယဌာန
                                                                                                       အမရပူရမြို့။

မိုးကုတ်ဆရာတော်ဘုရားကြီး နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး အပိုင်း ( ၃ )

                                                      ( ည အလုပ်ပေး တရားတော် )
                                                     ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                                          အပိုင်း( ၂ ) အဆုံး * *
ဒါနဲ့  - အရှင်ဘုရား တပည့်တော် ရဟန်းခံချင်ပါတယ် ။ မင်းရဟန်းခံချင်လို့  ရှိရင် ဒိပြင်လူတွေတော့ " ဧဟိဘိက္ခု " ခေါ်လိုက်ရင် ရဟန်းဖြစ်လာမှာပေါ့ကွာ ။
ဒါရုစိရိယ ကတော့ နောက်ဘဝတုန်းက သပိတ်သင်္ကန်း ဘာမှ မလှူဘူးတဲ့ ပုဂ္ဂိုလ်
ဖြစ်နေတော့ ၊ ဘုရားကိုယ်တော်မြတ်ကြီးက ခေါ်လို့ မဖြစ်ဘူး ။ ဒါနဲ့  မင်းသပိတ်
သင်္ကန်းတွေ ရှာချည်ကွာ ၊ သပိတ်သင်္ကန်းရှာချည်ဦး ဆိုတော့ သပိတ်သင်္ကန်း
အရှာထွက်ရာမှာပဲ ဘီလူးမက နွားယောင်ဆောင်ပြီး သူ့ ကို ခွေ့ ပြီးသတ်ပစ်လိုက် တယ် ။ သတ်ပစ်လိုက်တော့ သေရောဆိုပါစို့  ။
                                                  အပိုင်း ( ၃ )
                                                    ******
ဒါနဲ့  - ရဟန်းတွေကလဲ ဆွမ်းခံပြီး အကုန်ပြန်လာတဲ့အခါမှာ ဒါရုစိရိယ ကို
အမှိုက်ပုံထဲမှာ သေနေတာ တွေ့ ကြတယ် ။ ဒါနဲ့  - ဘုရားကိုယ်တော်မြတ်ကြီး
ကျောင်းရောက်တော့ အရှင်ဘုရား - လမ်းမှာ တရားတောင်းတဲ့လူတော့ ဟို
အမှိုက်ပုံထဲမှာ သေနေပြီ ။ ဟ - သေတာမဟုတ်ဘူးကွ ၊ မင်းတို့ အပေါင်း အဖေါ် အာသဝေါ ကုန်ခန်းပြီး ရဟန္တာ ဖြစ်တယ်ကွ လို့ ပြောတော့ အို - ဘယ်
အချိန် ကျင့်လိုက်ပါလိမ့်မတုံးလို့  မေးကြတာပေါ့ ။ ကျင့်ချိန်မှ မပါတာကိုး ။
ဘယ်အချိန် ကျင့်လိုက်ပါလိမ့်မတုံး ဆိုတော့ ကျင့်ချိန်မှ မပါတော့ ၊ ဒါ ကျင့်
တာပဲကွ ။
"" မြင်တာ မြင်ရုံတင်ရပ် "" ဆိုတာ ကျင့်တာပဲ ။
"" ကြားတာ ကြားရုံတင်ရပ် "" ဆိုတာ ကျင့်တာပဲ ။
ဒါ - အကျင့်တစ်မျိုးပဲ ။ ကိလေသာမှ မလာပဲကိုး ။
ကိလေသာ မလာအောင် ကျင့်တာ အကျင့်ချည်းပေါ့ကွ ။
ကိလေသာ မလာအောင် - ကျင့်တဲ့ အကျင့်ဟာ အကျင့်တစ်မျိုး ။
တို့ ဖြစ်ပျက် အားထုတ်နေတာလဲ ကိလေသာမလာအောင် လုပ်တာပဲ ။
ဒါလဲ ရပ်နိုင်တဲ့ သတ္တိ ရှိရင် ကိလေသာ မလာတော့ဘူး ။ ကိလေသာ မလာ
တာပဲ ရပ်နိုင်တဲ့ သတ္တိ ရှိလို့ ရှိရင် ။
အဲဒီကဲ့သို့  အားထုတ်တဲ့အခါ မြင်ရုံတင်ရပ် ၊ ကြားရုံတင်ရပ် ၊ ဆိုတာ
သူရယ် ( ဒါရုစိရိယ ) ၊ တစ်နေ့ က ငါဟောခဲ့တဲ့ " မာလုကျပုတ္တ ရယ် " ၊ သူတို့ 
နှစ်ယောက်ပဲ ရှိတယ် ။
* ( ၁ ။ ဗာဟိယ - ဒါရုစိရိယ နှင့် ၂ ။ မာလုကျပုတ္တ )
ဒါကြောင့် တစ်ချို့ ဂိုဏ်းတွေကျတော့ တင်လှတို့ လဲ ကြားဖူးမှာပေါ့ ။ မြင်တယ် မြင်တယ် လုပ်နေ ၊ ကြားတယ် ကြားတယ် လုပ်နေ ၊ ဆိုတာ
ဒီ ကမ္မဋ္ဌာန်း ကို ပေးတာကွ ။ သူတို့ က အနိစ္စ မပါဘူး ။ မြင်ရင် မြင်တယ်မှတ် ၊
ကြားရင် ကြားတယ်မှတ် လို့  ။ အဲဒါ - ဒါပေးတာပဲကွ ။ လွဲတယ်လို့  သွားမဆို
ကြနဲ့  ။ လွဲတယ် သွားမလုပ်နဲ့  ။ ကိုယ်က ဗဟုသုတ မရှိလို့  ။
သူက ရပ်ခိုင်းတာကွ ၊ မြင်တာ မြင်ရုံတင်ရပ် ။ ကြားတာ ကြားတာနဲ့ ရပ်
ဆိုတော့ကို ကိလေသာက လာသေးရဲ့လား ။ မလာတော့ဘူး ။ အဲဒီ ကမ္မဋ္ဌာန်း
ကို ပေးကြတာ ။ သို့ သော် တို့ က ဒီကမ္မဋ္ဌာန်းကို ဘာလို့ မပေးတာတုံးဆိုတော့
မင်းတို့ လူစုထဲမှာ ရပ်နိုင်တဲ့ လူကမပါဘူး ။ မပါတော့ ဟောဒါကို ဖြစ်ပျက်ရူ ။
ဒါကို ဖြစ်ပျက်ရူ ။ ကြိုက်တာကိုရူဆိုပြီး နင်တို့ ကို ပေးရတာ ။ နင်တို့ က ရပ်လို့ 
မှမရတာ ။ မြင်တယ်ဆို မုန်းလိုက်တာက အရင်လာပြီ မဟုတ်လား ။ အင်း -
ချောချောလှလှ အထည်လိပ်ကလေး ကိုမြင်ပြန်ရင် လိုချင်လိုက်တာက အရင် လာ တယ် ။ မြင်သိတင် မကတော့ဘူး ၊ လိုချင်တာက ရောက် - ရောက် သွား
တယ် ။ အဲဒီတော့ တင်လှတို့ လူစုက ရပ်လို့  ရရဲ့လား ။ မရတဲ့ ပုဂ္ဂိုလ်ကျတော့
ဖြစ်ပျက်ကမ္မဋ္ဌာန်း ပေးရတယ် ။ ဟ - ရဖို့ ဟာက တယ်မလွယ်ဘူးကွ ။ မင်းတို့ 
စိတ်နဲ့ လေ ။
အဲဒီတော့ကို အခုကမ္မဋ္ဌာန်းပေးကြတဲ့ ဆရာတွေက မြင်တယ် - မြင်တယ်
လုပ်နေ ၊ ကြားတယ် - ကြားတယ်လုပ်နေ ၊ နံတယ် - နံတယ်လို့ သိနေ ၊ စားတယ် - စားတယ်လို့ သိနေ ၊ အိပ်တယ် - အိပ်တယ်လို့ သိနေ ဆိုတာက
ဟိုရှေ့ မဆက်အောင် လို့  လုပ်ခိုင်းနေတာ ။ အဲဒါ - သူတို့  ကမ္မဋ္ဌာန်းကတစ်မျိုး
ပဲ ။ သူတို့ ဟာက အနိစ္စ ဒုက္ခ အနတ္တ မပါဘူးလို့ သွားလုပ်မနေနဲ့  ။ ရပ်နိုင်ရင်
ဟုတ်တာပဲ ။ မရပ်နိုင်ရင် တော့ မဟုတ်ဘူး ။ မရပ်နိုင်ရင်တော့ တရားက မဟုတ်
တာလား ၊ ကိုယ်က မဟုတ်တာလား ဆိုတာကို အကဲခတ် ။ ကိုယ်က မဟုတ်တာ လို့  မှတ်ကြ ။
သို့ သော် ဒီကမ္မဋ္ဌာန်းက အခုဘုရားကိုယ်တော်မြတ်ကြီး ( ၄၅ ) ဝါ ဟောခဲ့ တဲ့ တရားတွေထဲမှာ သူတို့ နှစ်ယောက်တင်ပါတာ ။ အများနဲ့ ဆက်ဆံ တာ က တော့ အခုမင်းတို့ ရူနေတဲ့ ဥစ္စာပဲ ။ အများနဲ့ ဆက်ဆံတာကတော့ ဖြင့် ဖြစ်ပျက်
ပဲ ။ ဒါက သူတို့ နှစ်ယောက်တင် ဆက်ဆံတာ ။ အဲဒီတော့ မှားတယ်လို့ တော့
မဆိုနဲ့  ။ ကိုယ်လုပ်ချင်ရင်လုပ် ။ ကိုယ့်စိတ်နိုင်ရင်လုပ်ပါ ။
ကိုယ်စိတ်နိုင်ရင် ဆိုတဲ့ အဓိပ္ပါယ်က တခြားမဟုတ်ပါဘူးတဲ့ ။ ကိုယ့်စိတ်က
ရပ်နိုင်တယ် ဆိုလို့ ရှိရင် လုပ်ပါ ။ သို့ သော် မင်းတို့ အထဲမှာ ငါတွေးကြည့်တယ် ။
ရပ်နိုင်တဲ့လူ တစ်ယောက်မှ ပါမယ်မထင်ဘူး ။ မြင်ရင် မုန်းတာရယ် ၊ မြင်ရင် ခင်တာရယ် ၊ မြင်ရင် မသိတာရယ် ၊ တစ်ခါတည်း အဝိဇ္ဇာတွေနဲ့  ၊ တဏှာနဲ့  ၊
ဥပါဒါန်တွေက နောက်ကနေ အမြဲတမ်း လိုက်မနေပေဘူးလား ။ အေး - ဒါတွေ
ကိုသိတော့ တို့ နဲ့ တော့ မဖြစ်ဘူးဆိုရင်လဲ ဒီမြင်တာရင်လဲ ဖြစ်ပျက်ရူ ။ သိတာရင်လဲ ဖြစ်ပျက်ရူ ။ အင်း - မြင်စိတ်ကိုဖြစ်ပျက်ရူရင်ရူ ၊ သိတဲ့စိတ်ကိုလဲ
ဖြစ်ပျက်ရူရမှာ ။ ဒါမှ ရူမရလို့ ရှိရင် ကျန်ခန္ဓာလှည့်ရူ ။ အကုန်ဖြစ်ပျက်တွေ တွေ့ 
လို့ ရှိရင်လဲ သူတို့ လိုပဲ ရပ်နိုင်တာပဲ ။
* ( အကုန်ဖြစ်ပျက်တွေ တွေ့ လို့ ရှိရင်လဲ သူတို့ လိုပဲ ရပ်နိုင်တာပဲ ။ )
သူတို့ ကတော့ ထက်တဲ့ ပုဂ္ဂိုလ်တွေကိုးကွ ။ " ခိပ္ပါဘိည " ပုဂ္ဂိုလ်ဆိုတော့
ခိပ္ပါဘိည = " လျင်မြန်သော မဂ် ဖိုလ် အသိဥာဏ်ရှိသော အရာဝယ် အသာဆုံး အမြတ်ဆုံးပုဂ္ဂိုလ် " ။ လူ ထူး တဲ့ ။ အမြန်ကို ခရီးပေါက်တဲ့ ပုဂ္ဂိုလ် ပဲ ။ အမြန် ခရီးပေါက်တဲ့ ပုဂ္ဂိုလ်လို တို့ ဥာဏ်ထူလပိန်းကနေပြီး သူ့ နောက် လိုက်လို့ တော့
ဖြင့် တော်တော်နဲ့ မမီပေဘူးကွ ။ မီနိုင်ပါ့မလား ။ မမီနိုင်တော့ ဖြစ်ပျက်သမားက
ဖြစ်ပျက်မိအောင်ရူ ။ အနိစ္စ ဒုက္ခ ပဲရူ ။ သူက အနိစ္စ ဒုက္ခမပါဘူး ။ ရပ်နိုင်လို့ သူက
ပြီးသွားတာ ။ ရပ်နိုင်လို့  တဏှာက သေသွားတာ ။ မလာပါများတော့ မလာတာ ပေါ့ကွာ ။ ဧည့်သည်လာတိုင်း နှင်ပစ်တယ် ၊ ဧည့်သည်လာတိုင်း နှင်ပစ်တယ် ဆိုရင် နောက်ကို ဒီဧည့်သည် ဟာလာပါဦးမလား ။
အဲ - သူကလဲ ရပ် - ရပ် ပစ်လိုက်တဲ့အတွက် ဒီ ဧည့်သည် ကကြာတော့ အမြစ်ပြတ်သွားတာ ။ အမြစ်ပြတ်ပြီး မလာပဲနေလိုက်တာပဲ ။ အဲ - ဒါရုစိရိယ ရယ်
မာလုကျပုတ္တ ရယ် ၊ ဒီနှစ်ယောက်ပဲ ရှိတယ် ။ ဒီ ရပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာလေ ။ ရပ်
နိုင်လို့ ပဲ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ ခြေဖမိုးကို ဝတ်ချရင်း မတ္တနဲ့  သူတို့ 
အကုန် ရပ်နိုင်တာကိုးကွ ။ ရပ်နိုင်တော့ တဏှာသေသွားတာပေါ့ ။
ဒါနဲ့  - ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက အမှိုက်ပုံထဲမှာ
သေနေတယ်လို့  လျှောက်တော့ ၊ သွားမီးရှို့ ချည်ကွ ဆိုတော့ တစ်ခါတည်း ဓာတ်တော်တွေ ကျလာတယ် ။

                                                                          ============
                                                                                      နောက်ဆုံး အပိုင်းကို ဆက်ပါဦးမည် ။

                                                                                                     အရှင်ဉာဏဓဇ
                                                                                    မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                 မိခင်ပင်မသံဝေဇနိယဌာန
                                                                                                       အမရပူရမြို့။

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး အပိုင်း ( ၂ )

                                                         ( ည အလုပ်ပေး တရားတော် )
                                                      ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                                            အပိုင်း( ၁ ) အဆုံး * *
                                      @@@@@@@@@@@@@@@@@@@@@@
ကောင်းပြီ ။ ဒါဟာနိဗ္ဗာန်ရောက်တဲ့တရားလို့  ငါက - ဟောလိုက်တယ် ။ ဘုရားကိုယ်တော်မြတ်ကြီးကလဲ ဟောလိုက်တယ် ။ ဒါဖြင့် ဝိပဿနာ မပါပါလားဆိုတော့ တဏှာ တားတယ်ဆိုကတည်းက ၊ ဒါတဏှာမလာ လို့ ရှိရင် ကိစ္စပြီးနေ တာပဲ ။ ဒေါသမလာလဲ ကိစ္စပြီးပါတယ် ။ မောဟ မလာလဲ ကိစ္စပြီးပါတယ် ။ဣဿမစ္ဆရိယတွေ မလာရင်ကော ကိစ္စပြီးပါတယ် ။ မကောင်းတဲ့ တရားတွေ နောက်ကလိုက်မှာသာစိုးရတယ် ။ မကောင်းတဲ့တရားကို ပယ်လိုက် တယ်ဆိုတဲ့အဓိပ္ပါယ်က အသိကနေ ပယ်ချလိုက်တဲ့အတွက် ဘာအပြစ်မှ မရှိ ပါဘူး ။
                                                အပိုင်း ( ၂ )

ဒါက - ဘယ်လိုအချိန် ဝိပဿနာ ပေးတာတုံးလို့  မေးတဲ့အခါကျတော့
သွားရင်း ၊ နေရင်း ၊ ထိုင်ရင်း ၊ ပြောရင်း ၊ ဆိုရင်း မို့ နော် ၊ တင်ပျဉ်ထိုင်တဲ့အခါ
ကို ဆိုတာမဟုတ်ဘူး ။ တင်ပျဉ်ထိုင်တဲ့အခါကျတော့ ဖြစ်ပျက်ရူရမယ် ။
( တင်ပျဉ်ထိုင်တဲ့အခါကျတော့ ဖြစ်ပျက်ရူရမယ် ။ )
ဒါဖြင့် - မြင်ရင် မြင်သိတင်ရပ် ။ ကြားပြန်ရင် ကြားသိတင်ရပ်ရမှာ ၊ နောက်
ဆက်ပြီး သကာလ မသွားစေနဲ့ ဆိုတဲ့အဓိပ္ပါယ်ကော ရှင်းပလား ။ ဒါ ဘယ်သူ့ 
ကို ဟောသလဲ ဆိုလို့ ရှိရင် " ဒါရုစိရိယ " ကို ဟောတယ်လို့ မှတ်ရမယ် ။
" ဗာဟိယ ဒါရုစိရိယ " ကို ဟောတယ် ။
အဲဒီတော့ - " ဗာဟိယ ဒါရုစိရိယ " ဇာတ်ထုပ်ကို မင်းတို့ ကို ပြောရဦးမယ် ။
သူဒီလိုကျင့်သွားလို့  ရဟန္တာ ဖြစ်သွားပုံကို ယနေ့ ပြောပြမယ် ။ "ဒါရုစိ" ဆိုတာက
တခြားမဟုတ်ဘူး ။ သူကသင်္ဘောကြီးနဲ့  ကုန်ကူးသွားတယ် ။ လူတွေ အမြောက် အမြားနဲ့ ပေါ့ ။ သင်္ဘောကြီးက ပင်လယ်ထဲမှာ စက်ပျက်ပြီး ပျက်စီးတယ် ။ တခြား သော ပုဂ္ဂိုလ်တွေဟာ ငါးတို့  လိပ်တို့  မကန်းတို့ ၏ အစာဖြစ်ကုန်တယ် ။ သူ တစ်ယောက် ကတော့ သစ်တုံးပိုင်းကလေး တစ်ခု ရတာနဲ့  အသက်အန္တရာယ်က
လွတ်သွားတယ် ။ လွတ်သွားတာနဲ့ "သုပ္ပါရက"သင်္ဘောဆိပ်ကမ်းကိုသူယက်ရင်း
ယက်ရင်းနဲ့  ရောက်သွားတာပေါ့ကွာ ။ ခြောက်ရက် ၊ ခုနှစ်ရက်လောက် ရေထဲမှာ
နေရတဲ့အတွက် သူ့ အဝတ်အစားတွေက လှိုင်းရိုက်တာနဲ့  ဘာမှကို မရှိတော့
ဘူး ။ တုံးလုံးဖြစ်နေတယ် ။ ဒါနဲ့  ကုန်းပေါ်ရောက်သွားတဲ့အခါမှာ သစ်သားလေး
ကျူပင် ကျူစီးလေးတွေပေါ့ကွာ ၊ နွယ်ကလေးနဲ့  ရစ်ရစ်ပြီး ၊ ခက်ခက်ပြီးတော့မှ
ဒါလေးဝတ်ထားတာပေါ့ကွာ ။ " ဒါရု"က = သစ်သားတဲ့ ။ " စိရိယ" ဆိုတာက = ခက် ( ဝတ် ) ထားတာ ။ ကျူစီးလေးကို သူခက်ပြီးတော့ ဝတ်ထားတာ ။
အဲဒီအချိန်မှာ သူက ဘုရား ၊ ငါက ဘုရား နဲ့  ဘုရားတွေက များနေတဲ့အခါ မှာ " ဒါရုစိ " ကချွေတာရေးနဲ့ ဝတ်ပြီးသွားတော့ ဒါကလဲ မရှိလို့ ဝတ်ရတာပေါ့
ကွာ ။ ဟိုသင်္ဘောဆိပ်ဘက်က လူတွေက သူ့ ကိုမြင်တော့ ၊ သြော် - ဟိုပုဂ္ဂိုလ်
မှ ရဟန္တာပဲ ။ ဘာမှ မခင်တွယ်ဘူး ။ အဝတ်တောင် မဝတ်တော့ဘူး နဲ့  ပညာ
မရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီလို ဆုံးဖြတ်ချက်ချတယ် ။ အဝတ်မဝတ်တာ သစ်သားတွေ ဝတ်လာတာကို အဝတ်မသာယာဘူးထင်ပြီး သကာလ သူတို့ က သူ့ ကိုရဟန္တာ
လုပ်ပြီး နေတာပေါ့ ကွာ ။ အဲဒီတင် ထမင်းပေး ဟင်းပေးနဲ့  သူ့ မှာလဲ အိုးကင်းပဲ့
ပါတာပဲ ။ ဒါနဲ့  စားသောက်နေတာပဲ ။
သူ့ ကို သင်္ဘောဆိပ်ကလူတွေက ကြည်ညိုလေးစားပြီး သကာလနေတော့
ဒီပြင်လူတွေက အဝတ်ပေးကြပါရဲ့  ၊ ဒါပေမယ့် သူက မဝတ်ဘူး ။ ဝတ်ရင် သူ
ထမင်းငတ်တော့မှာကိုး ။ ပရိယေသနငဲ့ပြီး ခြုံထည်ပေးလဲ မခြုံ ၊ အဝတ်အထည် ပေးလဲ မဝတ် ။ ဒီလိုဖြစ်ပြီး သကာလနေတော့ သြော် - ဒါမှ ရဟန္တာပဲလို့  တစ်ခါ တည်း သူ့ ကို ရဟန္တာ လို့  ထင်တော့တာပဲ ။ ဥာဏ် မပါတဲ့ လူတွေ ပြောပါတယ်။
အဲဒီအချိန်မှာပဲ သူနဲ့ ဘဝဟောင်းက သူငယ်ချင်းတစ်ယောက်ဟာ သုဒ္ဓါဝါသ
ဗြဟ္မာ့ဘုံမှာရောက်နေတယ် ။ အဲဒီ ဗြဟ္မာကြီးက တခြားလဲ မဟုတ်ဘူး ။ တို့ 
ဂေါတမမြတ်စွာဘုရား မပွင့်ခင်က ကဿပမြတ်စွာဘုရားဆိုတာကို မင်းတို့ 
ကြားဘူးမှာပေါ့ ။ ကဿပမြတ်စွာဘုရားလက်ထက်က ဒီလိုသာသနာငါးထောင်
က မထားခဲ့ဘူး ။ မထားခဲ့တော့ သာသနာကလဲ ကွယ်ခါနီးနေတော့ မြတ်စွာ
ဘုရားကလဲ ပရိနိဗ္ဗာန်စံခါနီးပြီး နေတော့ သံဃာတွေ နေပုံထိုင်ပုံတွေ နေရာမကျ တာနဲ့  ရဟန်းခုနှစ်ပါး က ကဲ သာသနာ တော့ ပျက်ခါနီးနေပြီ ။ သာသနာအလုပ် ကဖြင့် ဒီအထဲမှာ နေလို့ မဖြစ်တော့ဘူး ဆိုပြီး တောင်ကလပ် တစ်ခုပေါ် ကို တက်ကြတယ် ။ လှေကားထောင်ပြီးတော့ ။ အသက်စွန့် တဲ့သူဖြင့်လိုက်ခဲ့ကြ ၊
ဒီလှေကားနောက်ဆုတ်ပစ်လိမ့်မယ် ။ အသက်မစွန့် တဲ့သူဖြင့် မလိုက်ခဲ့ကြနဲ့ 
ဆိုပြီး ခုနှစ်ပါး တက်သွားကြတယ် ။ အသက်စွန့် မယ့်လူချည်း ဟိုပေါ်မှာ တရား
အားထုတ်ပြီး သေချင်သေပေ့စေတဲ့ ။ ငတ်လို့ ပေါ့လေ ။ တကယ့်သတ္တိတွေ ။
ရဟန်းခုနှစ်ပါးစလုံးလဲ အပေါ်ကိုရောက်ပါရော ၊ လှေကားဖြုတ်ချလိုက်
တယ် ။ တောင်ကလပ်ဖြစ်နေတော့ လှေကားဖြုတ်ချလိုက်ရင် မင်းတို့ ဘယ့်နှယ် လုပ်ဆင်းမလဲ ။ ဆင်းလဲ သေမှာပဲ ။ ဒါနဲ့ အသေခံ အားထုတ်မယ်ဆိုပြီး တော့
အားထုတ်ကြတယ် ။ အားထုတ်တဲ့အခါမှာ တစ်ပါးက ငါးရက်မြောက်နေ့ မှာပဲ
အားထုတ်ပြီး ရဟန္တာဖြစ်သွားတယ် ။ ရဟန္တာဖြစ်တော့ ရိုးရိုးရဟန္တာ မဟုတ်ဘူး
တဲ့ ။ ကောင်းကင်ပျံ မြေလျှိုးနိုင်တဲ့ ရဟန္တာဖြစ်သွားတယ် ။ ပြန်လို့ လဲ မထူးတော့ ပဲကိုး ။ သေမယ့်အတူတူ မရ ၊အရ လုပ်တော့မယ်ဆိုတော့ ဝီရိယက မပြင်းထန် ပေဘူးလား ။
ဒီမှာလဲ - ဒီအတိုင်းပဲ ကြိုးစားရမှာပဲ ၊ သေမယ့်ခန္ဓာကိုယ်တွေ ရထားတော့
မသေခင် မရ အရ ကြိုးစားပစ်လိုက် ။ မရ - ရအောင် ကြိုးစားပစ်လိုက်ပါ ။ ဒါနဲ့ 
အဲဒီ ရဟန္တာက မြောက်ကျွန်းကိုသွားပြီး ဆွမ်းခံတယ် ။ တံပူတွေ ရေတွေ ယူလာ ခဲ့တယ် ။ ခုနက ရဟန်းတွေကို ကဲ - ငါရှင်တို့  တရားသာကြိုးစားကြ ။ ငါတစ် ယောက် တည်း ဆွမ်းခံကျွေးမယ်ပေါ့ ။ ဒါနဲ့  ဟိုခြောက်ပါးက တို့ တောင်ပေါ် တက်ကတည်းက အသက်အသေခံမယ် ဆိုပြီးတော့ ဘယ်သူက ရဟန္တာ ဖြစ်ခဲ့
လို့ ရှိရင် ဘယ်သူကကျွေးကြစမ်း ဆိုတဲ့ ကတိကဝတ် မပါဘူးဆိုပြီး ကျန် ခြောက်ပါး ကလဲ စားကို မစားဘူးတဲ့ ။ သေချင် သေပေ့စေ ။ ဇွဲကမညံ့ဘူးကွ ။
မင်းတို့ လူစုတွေဆို တောင်းစားဦးမှာ ။ ဟိုက အသက်ကိုစွန့် တာ ။
ဒါနဲ့ မစားဘူး ။ မစားတော့ ဟိုကိုယ်တော်ကလဲ မစားတော့ ဘယ်တတ်နိုင် ပါ့မတုံးကွာ ။ နောက်တစ်ပါးက နောက်တစ်ရက်ကျတော့ အနာဂါမ်တည်ပြန်
တယ် ။ သူကလဲ တန်ခိုး အဘိညာဉ်ရတာနဲ့  မြောက်ကျွန်းသွားပြီး ဆွမ်းခံ ကျွေး
ပြန်တာပဲ ။ ကျန်တဲ့ ငါးပါးကလဲ မစားဘူး ။ သေချင်သေပေ့စေ ။ နဂိုကတိကဝတ်
က တစ်ယောက်ကကျွေးလို့ ရှိရင် တစ်ယောက်ကစားကြစတမ်း ဆိုတာ နဂို ကတည်း ကကို မပါခဲ့ဘူး ။ မပါတဲ့အတွက် သူတို့ ဟာ အသက်စွန့် မယ်ဆိုပြီး
အသက်စွန့် ကြိုးစားတယ်လို့  မင်းတို့ အားလုံးက မှတ်ထားပေါ့ ။
ကျန်တဲ့ငါးပါးဟာ မဂ်ဖိုလ်တရားထူးကို မရကြဘဲ ခြောက်ကပ်ပြီး သေကုန် တယ် ။ အာဟာရပြတ်ပြီး သေကုန်ကြတယ် ။ သေတော့လဲ အကုန်နတ်ပြည် ရောက် ၊ နတ်ပြည်က ဆင်းပြီး တို့ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်ကျ
လာ တော့ တစ်ယောက်က " ဗာဟိယ " ၊ တစ်ယောက်က " ပုက္ကုသာတိ " ၊
တစ်ယောက်က " သဘိယ " ၊ တစ်ယောက်က " ကုမာရ ကဿပ " ၊ သွားဖြစ်
ကြတယ် ။ သူတို့ ငါးယောက် သွားဖြစ်ကြတယ် ။ အဲဒီ " ဗာဟိယဒါရုစိရိယ " က
သူတစ်ယောက် အပါအဝင်ကွ ။ အဲဒီတောင်ကလပ်ပေါ် တရားကျင့်တဲ့အထဲမှာ
တစ်ယောက်အပါအဝင်ပဲ ။
ဒါနဲ့  - အဲဒီ အနာဂါမ်တည်တဲ့ ရဟန်းကြီးက သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ သွား
ဖြစ်တယ် ။ ဗြဟ္မာ့ဘုံကနေပြီး နိဗ္ဗာန်ကူးတော့မှာပေါ့ကွာ ။ အဲဒီလို ဖြစ်ပြီးနေတော့
အဲဒီ အနာဂါမ်ကြီးက ကြည့်လိုက်တယ် ။ ဂေါတမမြတ်စွာဘုရားလဲ ပွင့်ပြီ ။ ငါ့မိတ်
ဆွေ တွေ ဘယ်များရောက်နေကြတုံး ဆိုပြီး ကြည့်လိုက်တော့ သြော် - တစ်ယောက်က " ပုက္ကုသာတိ " မင်းကြီးဖြစ်နေတယ် ။ တစ်ယောက်က " ဒါရု
စိရိယ " ဖြစ်ပြီး ရဟန္တာ မဟုတ်ပဲနဲ့  ရဟန္တာ လုပ်ပြီး နေပြန်ပြီ လို့ သူက သွားပြီး
မြင်ပြန်တာကိုးကွ ။
မြင်တဲ့အခါကျတော့မှ သူကကောင်းကင်ကနေ အရောင်အဆင်း အလင်း တွေနဲ့  ၊ ဟေ့ - ဒါရုစိရိယ ၊ ဘာလုပ်နေတာတုံးလို့  မေးတာပေါ့ ။ ဒါနဲ့  - ဒါရု
စိရိယ ကကြည့်လိုက်တယ် ၊ သြော် - ဗြာဟ္မာကြီးပါလား ။ ဗြဟ္မာကြီးက မင်းဟာ
ရဟန္တာ မဟုတ်ဘဲနဲ့  ရဟန္တာ လုပ်နေတာကိုး ။ ဟော - မြောက်ပိုင်းမှာ သာဝတ္ထိ
ပြည် ဇေတဝန်ကျောင်းတိုက်တော်မှာ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းနေတယ် ။
မင်းအဲဒီကိုသွား ။ မင်းဟာ ဘာမှ မဟုတ်သေးဘူး ။ အဲဒီကို သွားပါလို့ ပြောလိုက် တယ် ။ ယူဇနာတစ်ရာ့နှစ်ဆယ်တောင် ဝေးတာကွ ။
ဒါနဲ့  ဒါရုစိရိယ လဲ တစ်ညဥ့်တည်း အပြင်းသွားပြီး ရောက်သွားတယ် ။
ရောက်သွားတာ ဘယ်အချိန်ရောက်သွားသတုံးဆိုတော့ ခုနှစ်နာရီလောက်
ရောက်သွားတယ် ။ ခုနှစ်နာရီလောက်ရောက်တော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သာဝတ္ထိမြို့ ထဲကို ဆွမ်းခံထွက်နေတယ် ။ ဒါရုစိရိယ က ဘုရား ကျောင်းတော် ကို ရောက်သွားတော့ ဂေါတမမြတ်စွာဘုရား ကော ဘယ်မှာနေ
တုံး မေးတာပေါ့ ။ ဟာ - ဂေါတမမြတ်စွာဘုရားက ဆွမ်းခံထွက်သွားတယ်လို့ 
ကျောင်းကဟာတွေက ပြောတဲ့အခါမှာ ၊ တွေ့ ချင်တယ်ဘုရား လို့ ဆိုတော့ ၊
မင်းကဘယ်ကလာသတုံး လို့ မေးတာပေါ့ ။ ယူဇနာတစ်ရာ့နှစ်ဆယ် ခရီးရှိတဲ့
" သုပ္ပါရက " သင်္ဘောဆိပ်က လာခဲ့ပါတယ် ။ အီတလီပြည်ကလာတာ ။ အီတလီ ပြည်ကနေပြီး အိန္ဒိယပြည် သာဝတ္ထိကိုလာတာ ။
ဒါနဲ့  - ဒါလောက် တစ်ညဥ့်လုံးကြီး လာခဲ့ရတာ ၊ ခြေကလေး ဘာလေး ဆေးပြီး ဆီလေး ဘာလေး နဲ့ နှယ်ပါဦး ဆိုတော့ ၊ မဟုတ်ဘူး ၊ ဒီအလုပ်တွေက
အပိုအလုပ်တွေပါ ၊ ဘုရားကိုယ်တော်မြတ်ကြီးနဲ့ တွေ့ ဖို့ သာ အရေးကြီးပါတယ် ။
ဘယ်ကိုကြွသွားသတုံး မေးတဲ့အခါ မှာ သာဝတ္ထိပြည်ထဲ ဆွမ်းခံကြွသွားတယ် ဆို
တာကို သိတာနဲ့ သူလိုက်သွားတယ် ။ လိုက်သွားတော့ ဘုရားကိုယ်တော် မြတ်ကြီး ကိုမြင်တဲ့နေရာကစပြီး တော့ ကုန်းပြီးသကာလ ခြေဖမိုးကိုသွားပြီး
ဦးတိုက်တာပဲ ။ အရှင်ဘုရား တရားဟောတော်မူပါ ။ ဟ - ဒါရုစိရိယ ဆွမ်းခံရင်း
ဘယ်တရားဟောရမှာတုံး ဆိုပြီး ဘုရားက ပယ်လိုက်တယ် ။
ဒါနဲ့ သူက နောက်ဆုတ်လိုက်တယ် ။ နောက် ဟိုနားတစ်ပြလောက် သွားမိ
ပြန်တော့ ၊ အရှင်ဘုရား တရားဟောတော်မူပါ ။ မဟုတ်ဘူးကွ ။ ဆွမ်းခံတုန်း
ရှိသေးတယ်ဆိုပြီး ဘုရားက ပယ်တယ် ။ အရှင်ဘုရား ဆွမ်းဆိုတာ ဘဝများစွာ
သံသရာက စားခဲ့ရပါပြီ ။ တရားရဖို့ သာ အရေးကြီးပါတယ် ။ တရားသာပေးပါ
ဆိုတော့ ဘုရားက မဟောသေးဘူး ။ ဒါရုစိရိယ က ပင်ပန်းတဲ့ စိတ်တွေက အင်မတန် များပြီးနေတော့ စိတ်မငြိမ်သေးလို့  ဥာဏ်ရင့်အောင်စောင့်နေတာ ။
နောက်တစ်ပြလောက် သွားမိတော့ အရှင်ဘုရား တရားဟောတော်မူပါ ၊ ခြေဖမိုး
ဦးတိုက်ပြီးတော့ ။
ကွာ - ဒါဖြင့် မြင်ရုံတင်ရပ်ကွာ ။ သဘောကျပလား ။ ကြားရင် ကြားရုံတင်
ရပ်ရမှာ ။ နံရင် နံရုံတင် ရပ်ရမှာ ။ နံတယ် သိတယ် ဆိုရင် ရပ်ပစ်လိုက် ။ ရှေ့  မဆက်နဲ့  ။ စားတယ်ဆိုလို့ ရှိရင်ကော စားရုံတင်ရပ်ရမှာ ။ စားတာကို ချိုမှန်းသိ ၊
ချဉ်မှန်းသိရင် ရပ်ပစ်လိုက် ။ ရပ်ပစ်လိုက်ပါတဲ့ ။ အဝတ် ဝတ်တယ်ဆိုရင် ၊ နူးညံ့
တယ် လို့ သိပြီးရပ်လိုက် ။ ကြမ်းတယ်လို့ သိပြီး ရပ်ရမှာ ။ ကြံစည်တာလဲ ကြံတယ် လို့ သိပြီးရင် ရပ်ရမှာ ။ အဲဒီတင် ရပ်လိုက်ကွ တဲ့ ဆိုတော့ ဥာဏ် ကလဲ
ဒါရုစိရိယ က တရားကျင့်ပြီးသား ပုဂ္ဂိုလ်ကိုးကွ ။ နဂိုကလဲ အရှိန်ပါလာတယ် ။
အရှိန်ပါလာတော့ အဲဒီတင် တရားနာရင်းမတ္တ နဲ့ ပဲ ရဟန္တာဖြစ်တယ်ကွ ။ အမြန်
တကာ့ အမြန်ထဲမှာ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်က သူအမြန်ဆုံးပဲ ၊
ရပ်တဲ့ တရားနဲ့ နော် ။
( မြင်ရုံတင်ရပ်ကွာ ။ ကြားရင် ကြားရုံတင်ရပ်ရမှာ ။ နံရင် နံရုံတင် ရပ်ရမှာ ။ နံတယ် သိတယ် ဆိုရင် ရပ်ပစ်လိုက် ။ ရှေ့  မဆက်နဲ့  ။ စားတယ်ဆိုလို့ ရှိရင် ကော စားရုံတင်ရပ်ရမှာ ။ စားတာကို ချိုမှန်းသိ ၊ ချဉ်မှန်းသိရင် ရပ်ပစ်လိုက် ။ ရပ်ပစ်လိုက်ပါတဲ့ ။ အဝတ် ဝတ်တယ်ဆိုရင် ၊ နူးညံ့တယ် လို့ သိပြီးရပ်လိုက် ။ ကြမ်းတယ်လို့ သိပြီး ရပ်ရမှာ ။ ကြံစည်တာလဲ ကြံတယ် လို့ သိပြီးရင် ရပ်ရမှာ ။ အဲဒီတင် ရပ်လိုက်ကွ တဲ့ ဆိုတော့ ဥာဏ် ကလဲ ဒါရုစိရိယ က တရားကျင့်ပြီး
သား ပုဂ္ဂိုလ်ကိုးကွ ။ နဂိုကလဲ အရှိန်ပါလာတယ် ။ အရှိန်ပါလာတော့ အဲဒီတင် တရားနာရင်းမတ္တ နဲ့ ပဲ ရဟန္တာဖြစ်တယ်ကွ ။ အမြန်တကာ့ အမြန်ထဲမှာ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်က သူအမြန်ဆုံးပဲ ၊ ရပ်တဲ့ တရားနဲ့ နော် )
ဒါနဲ့  - အရှင်ဘုရား တပည့်တော် ရဟန်းခံချင်ပါတယ် ။ မင်းရဟန်းခံချင်လို့  ရှိရင် ဒိပြင်လူတွေတော့ " ဧဟိဘိက္ခု " ခေါ်လိုက်ရင် ရဟန်းဖြစ်လာမှာပေါ့ကွာ ။
ဒါရုစိရိယ ကတော့ နောက်ဘဝတုန်းက သပိတ်သင်္ကန်း ဘာမှ မလှူဘူးတဲ့ ပုဂ္ဂိုလ်
ဖြစ်နေတော့ ၊ ဘုရားကိုယ်တော်မြတ်ကြီးက ခေါ်လို့ မဖြစ်ဘူး ။ ဒါနဲ့  မင်းသပိတ်
သင်္ကန်းတွေ ရှာချည်ကွာ ၊ သပိတ်သင်္ကန်းရှာချည်ဦး ဆိုတော့ သပိတ်သင်္ကန်း
အရှာထွက်ရာမှာပဲ ဘီလူးမက နွားယောင်ဆောင်ပြီး သူ့ ကို ခွေ့ ပြီးသတ်ပစ်လိုက် တယ် ။ သတ်ပစ်လိုက်တော့ သေရောဆိုပါစို့  ။

                                                                                        (ဆက်လက်ဖေါ်ပြပါမည်)။

                                                                            အရှင်ဉာဏဓဇ
                                                          မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                      မိခင်ပင်မသံဝေဇနိယဌာန
                                                                                အမရပူမြို့။

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး

                                                       ( ည အလုပ်ပေး တရားတော် )
                                                      ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                    @@@@@@@@@@@@@@@@@@@@@@@@@
အဆင်းတစ်ခုကို မြင်တယ် ။ ချောတယ် ။ လှတယ် ။ အရုပ်ဆိုးတယ် ။ ဒါကို
မျက်လုံးနဲ့ မြင်တယ် ။
မြင်ပြီးသကာလ - သြော် - ဖြူပါတယ် ၊ နီပါတယ် လို့ သိတယ် ။ ဒါက မြင်
စရာလို့ ခေါ်တယ် ။
ဒါက မြင်တဲ့မျက်စိ ၊ ဒါက
မြင်လို့ သိတာ ၊ ( ပုံစံခွက်များ ချပြသည် ။ )
ဒီဘက်က မြင်စရာ ၊ ဒီဟာကကိုယ့်မျက်လုံးပေါ့လေ ။
ဒီဟာကခန္ဓာထဲကနေ သိတာ ။ မြင်စရာကို မြင်တာနဲ့ သိတယ် ။ ဒါ ဘာအပြစ်မှ မရှိဘူးလို့  အောက်မေ့ကြပါ ။ ဘာ ပဋိစ္စသမုပ္ပါဒ် မှ မဆက်နိုင်ဘူး ။
ဒါကဖြူတယ် ။ ဖြူတာကို အဖြူလေးလို့ သိတယ် ။ ဘာအပြစ်မှ မရှိပါဘူး ။
သိပြီး - ပြီးတာပဲ ။
အသံကလေးကို ကြားတယ် - သိတယ် ။ သိရုံနဲ့ တော့ ဘာအပြစ်မှ မရှိပါ
ဘူး ။
သိ တဲ့နောက်ကနေ ပြီးမှ သာယာတယ် ၊ သဘောကျတယ် ၊ စိတ်ပျက်တယ်
ဒါတွေလာတော့ အပြစ်ရှိတာပါ ။
ဥပမာ မင်းတို့  မော်တော်ကား စီးသွားကြတယ် ။ ဘေးက သစ်ပင်တွေကို မမြင်ကြဘူးလား ။ မကျည်းပင်ကို မြင်တယ် ၊ သိတယ် ၊ ဘာအပြစ်မှ မရှိပါဘူး ။
ဒီ မကျည်းပင်ကြီးက ကန့် လန့်  ကန့် လန့် နဲ့ ဗျာ - ဆိုလို့ ရှိရင်တော့ ဒေါသ က
လာပြီ ။ မကျည်းသီးလေး တွေ စားချင်လိုက်တာ ဆိုရင်တော့ လောဘ လာတယ်။
ဒါဖြင့် - မင်းတို့  စိတ်ကို လမ်းသွားတဲ့အခါကျလို့ ရှိရင် မြင်ရုံ သိရုံတင်
ရပ်ပါ ။ ဘယ်သူနဲ့  တွေ့ တွေ့  မြင်ရုံ သိရုံတင် ရပ်လို့ ရှိရင်ဖြင့် ၊ ဘာအပြစ်မှ
မရှိဘူး ။
ကိလေသာမလာလို့ ပဲ ။ ဒီဟာ နိဗ္ဗာန် ရကြောင်း တစ်မျိုး ပဲ ။
( ဒါဖြင့် - မင်းတို့  စိတ်ကို လမ်းသွားတဲ့အခါကျလို့ ရှိရင် မြင်ရုံ သိရုံတင်
ရပ်ပါ ။ ဘယ်သူနဲ့  တွေ့ တွေ့  မြင်ရုံ သိရုံတင် ရပ်လို့ ရှိရင်ဖြင့် ၊ ဘာအပြစ်မှ
မရှိဘူး ။ ကိလေသာမလာလို့ ပဲ ။ ဒီဟာ နိဗ္ဗာန် ရကြောင်း တစ်မျိုး ပဲ ။ )
မြင်တယ် ၊ သိတယ် ၊ ကြားတယ် ၊ သိတယ် မဟုတ်လား ။ ကိစ္စ မရှိပါဘူး ။
နံတယ် ၊ သိတယ် ၊ ဘာမှကိစ္စ မရှိပါဘူးတဲ့ ။ အချို ချက်စားလို့  စိတ်ပျက်ရင် ၊
အချဉ် ချက်စားလို့  စိတ်ပျက်ရင်သာ အပြစ်ရှိတာပါ ။ ချိုတာ ချိုတာမှန်း သိရုံနဲ့ 
တော့ အပြစ်မရှိပါဘူး ။
အဝတ်တစ်ထည်ကို စမ်းကြည့်တယ် ။ လက်နဲ့ စမ်းကြည့်တယ် ။ နူးညံ့
တယ် သိတယ် ၊ ကြမ်းတယ် သိတယ် ၊ အကြမ်းကြီးတော့ မဝတ်ချင်ဘူး ဆိုရင်
ဒေါသ လာမယ် ။ ကြမ်းကြမ်း ပဲ ကျုပ်က သဘောကျတယ် ဆိုလို့ ရှိရင် တဏှာ
လာမယ် ။ ကြမ်းတယ်လို့  သိရုံလေးတော့ အပြစ်မရှိဘူးလို့ မှတ်ထားကြစမ်းပါ ။
ကြမ်းတာ သိရုံလေးတော့ အပြစ်မရှိပါ ။
ဒါဖြင့် - မြင်တာမြင်ရုံတင်ရပ်ဆိုရင် ဒီ အသိတင် ရပ်ကြပါ ။ ကြားတာ ကြား
ရုံတင် ရပ်ဆိုရင်ကော အသိတင်ရပ်ပါ ။ နံတာ နံရုံတင်ရပ်ဆိုရင် အသိတင်ရပ်ရ
မှာပါ ။ စားတာ စားရုံတင်ရပ်ပါဆိုရင် အသိတင်ရပ်ရမှာပါ ။ အသိတင် ရပ်ပေးပါ
တဲ့ ။ ဝတ်တာကို ဝတ်တယ်လို့ သာ သိနေရင် ဘာအပြစ်မှ မရှိပါဘူး ။ ဒီအဝတ်
ကြီး ဖြင့် ကြမ်းထော်တာကြီးမို့  မဝတ်ချင်ပါဘူး ဆိုရင် အပြစ်ရှိတာပဲ ။ ဒေါသဖြစ်
လာတာကိုး ။
အဲဒီတော့ကို - မြင်သိ ၊ ကြားသိ ၊ နံသိ ၊ စားသိ ၊ တွေ့ သိ ၊ ဒီတင်ရပ် ။
ကြံတာလဲ ကြံသိ ။ သြော် - ဒါအဖြူလေး ဖြစ်ရင်ကောင်းမှာပဲလို့  ကြံရင် ၊ ကြံရုံ
တွင် ရပ်ရင် ကိစ္စ မရှိပါဘူး ၊ အနီလေးရရင် ကောင်းမှာပါပဲလို့  ကြံရုံတင် ရပ်ရင်
ကိစ္စမရှိပါဘူး ။ ကြံသိတင်ရပ်ရင်လဲ ကိစ္စ မရှိပါဘူးတဲ့ ။ အခုတော့ မင်းတို့ ဟာက
လွန်လွန်းသွားလို့  ။
လွန်လွန်သွားတာက လောဘနဲ့ လွန်သွားလိုက် ၊ ဒေါသနဲ့ လွန်သွားလိုက် ၊
မောဟနဲ့ လွန်သွားလိုက် ၊ ဣဿာနဲ့ လွန်သွားလိုက် ၊ မာနနဲ့ လွန်သွားလိုက် ၊
ဆိုရင်တော့ဖြင့် ဒါတွေတော့ အပြစ်ရှိတယ်လို့ မှတ်ရမယ် ။ လွန်သွားရင် အပြစ်
ရှိပါတယ် ။ ဒါဖြင့် - မြင်သိ ကိစ္စ မရှိပါဘူး ။ ကြားသိ ကိစ္စမရှိပါဘူး ။ အခုပြော
တဲ့အတိုင်း ကြံသိ အထိအောင် သွားလိုက် ၊ အပြစ်မရှိပါဘူးတဲ့ ။
ကောင်းပြီ ။ ဒါဟာနိဗ္ဗာန်ရောက်တဲ့တရားလို့  ငါက - ဟောလိုက်တယ် ။
ဘုရားကိုယ်တော်မြတ်ကြီးကလဲ ဟောလိုက်တယ် ။ ဒါဖြင့် ဝိပဿနာ မပါပါလား
ဆိုတော့ တဏှာ တားတယ်ဆိုကတည်းက ၊ ဒါတဏှာမလာလို့ ရှိရင် ကိစ္စပြီးနေ တာပဲ ။ ဒေါသမလာလဲ ကိစ္စပြီးပါတယ် ။ မောဟ မလာလဲ ကိစ္စပြီးပါတယ် ။
ဣဿမစ္ဆရိယတွေ မလာရင်ကော ကိစ္စပြီးပါတယ် ။ မကောင်းတဲ့ တရားတွေ နောက်ကလိုက်မှာသာစိုးရတယ် ။ မကောင်းတဲ့တရားကို ပယ်လိုက်တယ်ဆိုတဲ့
အဓိပ္ပါယ်က အသိကနေ ပယ်ချလိုက်တဲ့အတွက် ဘာအပြစ်မှ မရှိပါဘူး ။
                                 
                                                                                                    (ဆက်လက်ဖေါ်ပါဦးမည် )။
                           
                                                                အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                            မိခင်ပင်မသံဝေဇနိယဌာန
                                                                   အမရပူမြို့။

Monday, April 18

မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ ဒေဝဒူတသုတ်


ခန္ဓာဘက် ဉာဏ်လှည့်ရမယ်။ အိမ်မှာနေကြတော့ အပြင်ဘက်သာလှည့်နေတယ်၊ ခန္ဓာဘက်လှည့်တယ်ဆိုတာ မပါဘူး။ လှည့်ပြန်တော့လည်း ဒီခန္ဓာကြီးကို အနိစ္စဘက် ဒုက္ခဘက် အနတ္တဘက်မှည့်ဘဲနဲ့ ရုပ်ဟာ ငါပဲ သူပဲ ဝေဒနာလည်း ငါပဲ စိတ်လည်းငါပဲဆိုပြီး ဒိဋ္ဌိနဲ့ချည်းလှည့်နေတယ်။ ဉာဏ်နဲ့လှည့်တယ်လို့ မရှိဘူး။

ဒိဋ္ဌိနဲ့ခန္ဓာလှည့်နေကြတာ။ အိမ်မှာနေတဲ့အခါ ဒါဘယ်သူ့ဖို့တုံး- ငါ့ဖို့၊ ဘာကြောင့်ရှာနေတာတုံး- ငါစားဖို့  ဒိဋ္ဌိနဲ့ ခန္ဓာလှည့်နေတာ။

တစ်ခါတလေကျတော့ တဏှာနဲ့ ခန္ဓာလှည့်နေတာ။ ငါ့သား ငါ့သမီးဖို့ ရှာနေရတယ်ဆိုတာ တဏှာနဲ့ခန္ဓာလှည့်နေတာ။ ခန္ဓာပေါ် ဘာလှည့်နေကြသလဲဆိုရင် ဒိဋ္ဌိနဲ့တစ်ခါလှည့်လိုက် တဏှာနဲ့ တစ်ခါလှည့်လိုက်။ ဒိဋ္ဌိနဲ့လှည့်ပြန်တော့လည်း ပဋိစ္စသမုပ္ပါဒ်က ဆက်ပြန်တယ်။ တဏှာနဲ့လှည့်တော့လည်း ပဋိစ္စသမုပ္ပါဒ်က ဆက်ပြန်တယ်။

ဈေးထွက် ပွဲရုံထိုင် ရောင်းဝယ်ဖောက်ကားလုပ်နေကြတယ်ဆိုပေမယ့် ကြီးကြီးကျယ်ကျယ်ရှာနေ စီးပွားရေးလုပ်နေတဲ့သူကလည်း ငါ့ဖို့ ငါ့သားဖို့ ငါ့သမီးဖို့ပါပဲ။ အသေးစားစီးပွားရေး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်နေတဲ့သူကလည်း ငါ့ဖို့ ငါ့သားဖို့ ငါ့သမီးဖို့ပါပဲ။ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ၀န်ထမ်း၊ စာရင်းငှားလုပ်နေတဲ့သူကလည်း ငါ့ဖို့ ငါ့သားဖို့ ငါ့သမီးဖို့ပါပဲ။ နေ့တိုင်း ခန္ဓာဘက်သာ လှည့်ကြတယ်၊ ဒိဋ္ဌိနဲ့လှည့်လိုက် တဏှာနဲ့လှည့်လိုက်။ နေ့တိုင်း ငါစားဖို့ ငါသုံးဖို့ဆိုတော့ ဒိဋ္ဌိနဲ့လှည့်တယ်၊ ငါ့သားသမီးတွေ စားဖို့ သုံးဖို့ဆိုတော့ တဏှာနဲ့လှည့်တယ်။ တစ်နေ့လုံး ဒါနဲ့ ကုန်သွားတယ်။

ခန္ဓာငါးပါးနဲ့ ဈေးထိုင်ရောင်းနေကြတယ်ဆိုပါစို့။ ဘာလို့ စီးပွားရှာနေကြတုံးလို့ မေးရင် ကိုယ့်အတွက်ပါဘုရားလို့ ဆိုချင်ဆိုမယ်။ ခန္ဓာငါးပါးကို ကိုယ်လုပ်ပစ်လိုက်တယ်၊ ဒိဋ္ဌိနဲ့ ယူပစ်လိုက်တယ်။ ကိုယ့်အတွက်တော့ လုံလောက်ပါပြီဘုရား၊ တပည့်တော်တို့က အခြံအရံနဲ့နေတာ။ အခြံအရံဘက်လှည့်လိုက်တော့ တဏှာနဲ့ ခန္ဓာကို လှည့်လိုက်တယ်။ ကိုယ့်ဘက်လှည့်လိုက်တော့ ဒိဋ္ဌိ၊ သားသမီး မြေးမြစ် ဆွေမျိုး အခြွေအရံတွေဘက်လှည့်လိုက်တော့ တဏှာ။

အသက်က ကြီးလှပြီ။ ဘာလို့ စီးပွားရေးလုပ်နေရတာလဲလို့များမေးရင် ကိုယ့်အတွက် ကိုယ်လုပ်နေရတာပါ။ ဒိဋ္ဌိက ကိုယ့်ဘက်လှည့်သွားတယ်။ ခန္ဓာကိုယ်ကြီးကို ကိုယ်လို့ထင်လိုက်တယ်။ ဒါမမဟုတ် ကိုယ်မွေးထားတဲ့ သားသမီးတွေ ကိုယ်မကျွေး ဘယ်သူကျွေးမှာတုံး၊ မကင်းရာမကင်းကြောင်းတွေက ရှိနေသေးတော့ မလုပ်လို့မဖြစ်ဘူး။ ခန္ဓာကိုယ်ကြီး တဏှာနဲ့ လှည့်လိုက်တယ်။ ဒိဋ္ဌိနဲ့လှည့်လိုက်၊ တဏှာနဲ့လှည့်လိုက်။ လာမေးတဲ့သူ စကားလာပြောတဲ့သူကို ဒိဋ္ဌိနဲ့ ဧည့်ခံလိုက်၊ တဏှာနဲ့ ဧည့်ခံလိုက်။ ကိုယ့်အတွက်တော့ လုံလောက်ပါပြီ၊ သားသမီးတွေအတွက် ပိုလုပ်နေရတယ်။ စကားကတော့ လှလိုက်တာ။ သနားစရာတောင် ကောင်းလောက်တယ်။ အဲဒါ တဏှာနဲ့ ဧည့်ခံနေတာ။ ကိုယ့်ဖို့ပါဆိုပြန်တော့ ဒိဋ္ဌိနဲ့ ဧည့်ခံနေတာ။

ဘုစုခရုတွေဘုရား၊ မှီခိုစားနေကြတာတွေကလည်း မနည်းဘူး၊ သူတို့ဘ၀ သူတို့ မရပ်တည်နိုင်ကြသေးဘူး၊ ဒါကြောင့် ကိုယ်၏စောင်မခြင်း နှုတ်၏စောင်မခြင်းနဲ့ မကင်းတရားလေးက ရှိနေတော့ နားလို့မရသေးဘူးဘုရား။ မကင်းတရားက တဏှာကိုး။ ဒါဖြင့် လူလာတိုင်း ဧည့်ခံနေကြတာ ဒီတရားနှစ်ပါးပဲ။ ဒိဋ္ဌိနဲ့ဧည့်ခံလိုက်၊ တဏှာနဲ့ ဧည့်ခံလိုက်။

ဒီလိုသာ ဖြစ်နေလေတော့ အမြင်ကတော့ စီးပွားရှာနေတာဆိုပေမယ့် အရောက်ကတော့ အပါယ်လေးပါး ရောက်ရမယ်။ သီလတရားနဲ့တော့ အပြစ်မရှိဘူး၊ ထွက်ရပ်လမ်းအစစ်တရားနဲ့ကျတော့ အပြစ်ရှိတယ်။ ခန္ဓာကြီးကို ငါစားဖို့ဆိုတော့ ဒိဋ္ဌိစွဲတယ်။ ကိုယ်စားဖို့ရှာတာ ခန္ဓာ ကိုယ်ထင်တဲ့ဒိဋ္ဌိ ၀မ်းထဲမှာပေါ်တယ်။ ဒိဋ္ဌိပေါ်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ။ ကာယကံ ၀စီကံနဲ့ ပြောလိုက်ဆိုလိုက်တာတွေ။ ဒိဋ္ဌိနဲ့ ခန္ဓာကိုယ်ကို စွဲစွဲလမ်းလမ်းဖြစ်တဲ့အခါ ဥပါဒါန်လာလို့ ဒီခန္ဓာကိုယ်ကြီးကို လူချင်းတူတူ သူချင်းမျှမျှ ၀တ်ရစားရအောင် ပြုမယ် စုမယ်ဆိုတဲ့ ကာယကံ ၀စီကံတွေနဲ့လုပ်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ။ ဒါဖြင့် ရှေ့ဆက်တော့ ကမ္မဘ၀ပစ္စယာ (အပါယ်ဇာတိ)၊ ဇရာမရဏဆိုပြီး သုံးချက်။

ဘာလို့ရှာကြတာတုံး- ကိုယ်လည်းစားဖို့ (ဒိဋ္ဌိကပြောတာ)။ အဟုတ်ကိုစားဖို့ဆိုပြန်တော့ (ဥပါဒါန်ကပြောတာ)။ ကိုယ်စားဖို့အတွက် ကိုယ်ရောနှုတ်ရော အားထုတ်ရတာက ကာယကံ၊ ၀စီကံ။ ဒါဖြင့် မသေခင်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ။ နောက်တစ်ခါလှည့်လိုက်ပြန်တော့လည်း ဒီအတိုင်းပဲ။ သေတော့ ကမ္မဘ၀ပစ္စယာ အပါယ်ဇာတိ။ ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ် အပါယ်သွားရမှာကိုး။ ကိုယ်စားဖို့ဆိုတာနဲ့ ခန္ဓာငါးပါးကို ကိုယ်ထင်ပစ်လိုက်တာ။ ခန္ဓာလို့ မမြင်တော့ဘူး။ ကိုယ်စားဖို့ဆိုတာ ဒိဋ္ဌိက ပြောတဲ့အသံ။ ဒိဋ္ဌိကပြောတော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ကမ္မဘ၀ပစ္စယာ သေသည်၏အခြားမဲ့၌ အပါယ်ဇာတိ။ ကိုယ်ဟူသော အထိမ်းအမှတ်ကို မဖြုတ်နိုင်သေးသ၍ ကာလပတ်လုံး ဒိဋ္ဌိလာမယ်၊ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ လာမယ်။ ဒါဘာကြောင့် ဖြစ်ရပါလိမ့်ဆိုရင် အရိယာဓမ္မကို မကြိုးစားလို့ ဖြစ်ရတာ။

ဒီပဋိစ္စသမုပ္ပါဒ်အဆက်ကို ကိုယ့်ဉာဏ်နဲ့တားရင် ရတယ်။ ကိုယ့်ဉာဏ်နဲ့မှမတရားရင်တော့ ဘုရားကိုယ်တိုင် ဘေးနားက ထိုင်တားလည်း မရဘူး။ ဘုန်းကြီးက တားလည်းမရဘူး။ ဒါပေမယ့် အရိယာဓမ္မကို ကြိုးစားလိုက်ပြန်တော့လည်း ရသွားတယ်။ ဒီနေရာမှာ ဉာဏ်ဝင်လိုက်ရင်လည်း တစ်ချက်တည်းနဲ့ ပြီးပါတယ်။ ဉာဏ်မ၀င်လို့ကတော့ သွားပြီ။ အိမ်တွင်းကနေ သွားတဲ့အပါယ်လေးပါး။ အိမ်တွင်းမှာ စီးပွားရေးလုပ်နေရင်း သွားတဲ့အပါယ်လေးပါး။ ကိုယ့်အိမ်ကနေ အပါယ်သွားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။ ကိုယ့်အတွက် လုပ်နေရတာဆိုတော့ ခန္ဓာက ကိုယ်ဖြစ်ပြီး ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ သေသည်၏အခြားမဲ့၌ အပါယ်ဇာတိ။ ဒါ ကိုယ့်ဖို့လုပ်ရာကနေ သွားတဲ့အသွား။ ကိုယ့်ဖို့ကတော့ မလိုတော့ပါဘူး၊ သူတို့လေးတွေ လူအောက် သူအောက်မကျအောင် လူ့ဝတ္တရားကလည်း ရှိနေလေတော့ မကင်းရာလေးတွေအတွက်- မကင်းတာက တဏှာ။ မကင်းမှုစွဲလန်းတာက ဥပါဒါန်၊ မကင်းမှုကြောင့် ကာယကံ ၀စီကံနဲ့လုပ်တာက ကမ္မဘ၀၊ ကမ္မဘ၀ပစ္စယာ အပါယ်ဇာတိ။ ဒါက မကင်းတရားနဲ့ ကျသွားတာ။ ခုနင်ကတော့ ကိုယ့်ဖို့နဲ့ကျတယ်။ ဒီအတိုင်း စီးပွားရှာနေငြားသော်လည်း ဒီလို အပါယ်လေးပါး သွားနေပါလားဆိုတာ ဘယ်သူမှ မစဉ်းစားမိဘူး။ စဉ်းစားမိရင်တောင် ဖုံးများ ထားလိုက်ကြသေးတယ်။ ပိုလျှံတာလေးနဲ့ ဆွမ်းလောင်းရတာပေါ့ဘုရား- ဆွမ်းကွမ်းနဲ့ လာဖုံးလိုက်သေးတယ်။ ဖုံးပင်ဖုံးသော်လည်း ဒီဆွမ်း မတတ်နိုင်ဘူး။ ငါ့ဖို့ပိုမှ လှူတာ၊ သားသမီးဖို့ ပိုမှလှူတာ။ အပိုအတွက်လှူတော့ အပိုအတွက်ပဲရမယ်၊ အပြည့်အစုံတော့မရဘူး။

ဒီနေ့တော့ သိပ်အဆင်မပြေပါဘူး၊ ကိုယ်စားဖို့ထမင်းဖိုး ဟင်းဖိုးလောက်ပဲရပါတယ်၊ ဒိဋ္ဌိပေါ်လာတာ။ ကိုယ့်အတွက်တင်မကဘူး သားတွေ သမီးတွေအတွက်ပါ ရလာတယ်ဆိုတော့ တဏှာလာတယ်။ ဒီကြားထဲ မဂ်မသွင်းတော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ ကမ္မဘ၀ပစ္စယာ အပါယ်ဇာတိ။ ဇာတိကျတော့ ငြင်းလို့ကိုမရဘူး။ ဒါကြောင်း ဆွမ်းကွမ်းကလေးနဲ့ မဖုံးနဲ့၊ ကျောင်းကလေး ကန်ကလေးဆောက်တာနဲ့ မဖုံးနဲ့။ ဒိဋ္ဌိ တဏှာနဲ့ ကျောင်းဆောက်တာနဲ့ ဘယ်သူအကြိမ်ရေများသလဲသာ ချိန်ကြည့်လိုက်။ ကျောင်းဆောက်နေရင်းလည်း ဒိဋ္ဌိ တဏှာက လုပ်လျက်ပဲ၊ ဘုရားတည်နေရင်းလည်း လုပ်လျက်ပဲ။ ကျောင်းဆောက်တာကတစ်ခြား၊ စီးပွားရေးကတစ်ခြားဘုရား- တပည့်တော်တို့ အလုပ်မပျက်ပါဘူး။ လူကသာ ကျောင်းလာနေပေမယ့် အိမ်က ၀င်ငွေက ရှိနေတာပဲ။ အိမ်မှာလည်း ဒိဋ္ဌိ တဏှာမပြတ်ပါဘူး။

အဲဒီကြားကို အရိယာဓမ္မသွင်းပေးလိုက်ပါ။ သွင်းမပေးလို့ရှိရင် အကုန် အပါယ်သွားမယ်။ အရိယာဓမ္မကမှ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်မှာ။ အရိယာဓမ္မမဟုတ်ရင် မဖြတ်ဘူး။ ကယ်မယ့်သူဆိုတာ အရိယာဓမ္မပါပဲ။ အရိယာဓမ္မသာ အားကိုးရာရှိတော့တယ်။ အရိယာဓမ္မဟာ ဒိဋ္ဌိလည်းဖြတ်တယ်၊ တဏှာလည်းဖြတ်တယ်၊ ကံလည်းဖြတ်တယ်။ လူလားမြောက်တဲ့အချိန်ကစပြီး တဏှာပဋိစ္စသမုပ္ပါဒ်၊ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်လုပ်လာကြတာ။ အကုန် အပါယ်ဒိုင်းဒိုင်းပြေးပဲ။ ဒါကြောင့် အရိယာဓမ္မကြိုးစား၊ အချိန်မီသေးတယ်။

ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်က မည်သူမှ မတောင်းပန်ဘဲ ရဟန်းပရိသတ် လူပရိသတ်တို့အား ဘုရားရှင်က တရားဟောလိုက်တယ်။ မျက်နှာချင်းဆိုင် အိမ်နှစ်အိမ်ကြားကနေ ဟိုအိမ်ကလည်း တံခါးပေါက်နဲ့ ဒီအိမ်ကလည်း တံခါးပေါက်နဲ့၊ အလယ်ကနေ ထိုင်ကြည့်နေရင် ဟိုအိမ်ကလူ ဆင်းသွားတာလည်း မြင်ရ၊ ဒီအိမ်ကလူ တက်သွားတာလည်းမြင်ရ၊ ဆင်းတာတက်တာ မြင်ရတဲ့နေရာကနေ စောင့်ကြည့်နေတာကိုး။ ဒီအတိုင်းပဲ ငါဘုရားဖြစ်တဲ့နေ့ကစပြီး ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ကြည့်နေတာ နတ်ပြည်တက်သွားတဲ့ပုဂ္ဂိုလ်လည်း မြင်တာပဲ၊ အပါယ်ဆင်းသွားတဲ့ပုဂ္ဂိုလ်လည်း မြင်တာပဲ။ ငါကိုတိုင်မြင်တာ ငါဟောမယ်။ ဘုရားက အိမ်နှစ်အိမ်ကြားမှာ ထိုင်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်။ တစ်အိမ်ကလူ တက်သွားတာကိုလည်းမြင်တယ်၊ တစ်အိမ်ကလူ ဆင်းသွားတာကိုလည်း မြင်တယ်။ ထိုအတူ ငါဘုရား ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ကြည့်နေတာ။ လူ့ပြည်ကနေ အပါယ်ဆင်းသွားတာကိုလည်း မြင်တယ်၊ လူ့ပြည်ကနေ နတ်ရွာသုဂတိ နိဗ္ဗာန်တက်သွားတာကိုလည်း မြင်တယ်။ ကိုယ်တိုင်ထိုင်ကြည့်ပြီး မြင်တဲ့အမြင်နဲ့ ငါဘုရား တရားဟောမယ်။

လူ့ပြည်မှာ ခန္ဓာ ဉာဏ်မလှည့်ဘဲ သားရေး သမီးရေး စီးပွားရေးနဲ့ စားသောက်ပြီး ရောင်းရေးဝယ်ရေးနဲ့ အချိန်ကုန်ပြီး နေတဲ့သူတွေ၊ ဒုစရိုက်နဲ့အသက်မွေးပြီး မုသားပြောလိုက်၊ ဖော်လံဖားလိုက်လုပ်နေသူတွေရှိတယ်။ အဲဒီလိုလူတွေ အပါယ်သွားတာကိုလည်း ငါမြင်တယ်။ သုစရိုက်တွေလုပ် သူတော်ကောင်းအလုပ်တွေလုပ်ပြီး ၀ိပဿနာလုပ်နေတဲ့သူတွေ သုဂတိ နတ်ပြည် နိဗ္ဗာန်ထိအောင် တက်သွားကြတဲ့သူတွေကိုလည်း ငါမြင်တယ်။ သို့သော် အပါယ်သွားတဲ့ပုဂ္ဂိုလ်က များတဲ့အတွက် အပါယ်သွားတဲ့ပုဂ္ဂိုလ်အကြောင်း ဟောမယ်ဆိုပြီး ဟောတော်မူပါတယ်။

ဒုစရိုက်တွေ သားရေးသမီးရေး စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီး သေတော့ အပါယ်ဘုံ ယမမင်းဆီရောက်သွားတယ်။ ငရဲထိန်းတွေက အဲဒီပုဂ္ဂိုလ်ကို ဖမ်းပြီး ယမမင်းဆီ ပြကြတယ်။ လူ့ပြည်က စုတေသည်နှင့်တစ်ပြိုင်နက် အပါယ်မှာ အပါယ်ကောင်ကြီး ချက်ချင်းဖြစ်သွားတယ်။ ငရဲထိန်းတွေက ဖြစ်ရာဌာနကနေ လက်မောင်းတွေ ဟိုဘက်ဒီဘက် ဆွဲကြပြီး ယမမင်းဆီပြကြတယ်။ ယမမင်းကြီူး- ဟောဒီလူကို ဖမ်းလာခဲ့ပါတယ်၊ လူ့ပြည်ကဒုစရိုက် ဒုရာဇီဝတွေနဲ့ အသက်မွေးလာတဲ့သူပါ၊ သားရေးသမီးရေး စီးပွားရေးနဲ့ အချိန်ကုန်ခဲ့တဲ့သူပါ။ ဒါကြောင့် အပါယ်ရောက်လာတဲ့အတွက် ယမမင်းကြီး စစ်တော်မူပါဆိုပြီး ယမမင်းကြီးထံ အပ်လိုက်ကြတယ်။ ယမမင်းက ထုံးစံအတိုင်းစစ်တယ်။

၁။ အမောင်လူသား၊ လူ့ပြည်မှာ ကလေးသူငယ် လူမမယ်လေးတွေ၊ ကိုယ့်ကျင်ကြီးကျင်ငယ်မှ မထိန်းနိုင်ဘဲ ခြေထောက်ကလေး ယက်ကန်ယက်ကန်နဲ့ လက်ကလေးတွေကလည်း ဟိုလှုပ်ဒီလှုပ်နဲ့ ကိုယ့်ကျင်ကြီးကျင်ငယ်စွန့်တာမှ ကိုယ်မသိသေးတဲ့ ကလေးသူငယ်လေးကို မြင်ဘူးလား။ ကျွန်တော်မြင်ဖူးပါတယ်။ သြော် ဒါဖြင့် အဲလိုမြင်ရတဲ့အတွက် ဒီဒုက္ခတွေ လွတ်ရေးကျွတ်ရေး၊ လွတ်ရာကျွတ်ရာရှာမယ်လို့ စိတ်ထဲမှာမပေါ်ဘူးလား။ ကျွန်တော်မပေါ်ပါဘူးခများ။

သြော်- ဒီကလေးသူငယ်က ကျွန်တော့်မှာ ဒုက္ခိတပါ၊ ဘာမှအသုံးမကျပါဘူး။ သူပေးလူပေးနဲ့ စားရပါတယ်၊ သူထူမှ ထနိုင်ပါတယ်။ ကျွန်တော်ဟာ ဒုက္ခသစ္စာကလေးပါလို့ သူကပြောနေတာ။ မင်းဉာဏ်ထဲမှာ ဒီကလေး ဒုက္ခသစ္စာလို့မမြင်ဘူး၊ ဒီကလေးချမ်းသာ နေတယ်လို့မြင်ပြီး ဒုက္ခသစ္စာလွတ်ရာကျွတ်ရာ ငါရှာမှပဲဆိုတဲ့စိတ်ကလေးတောင် မပေါ်တာတော့ အမောင်လူသား တယ်မေ့ပါလား (သစ္စာမေ့တာ)။ ကောက်ချက်ရေးလိုက်တယ်။ ကလေး ပြပြီးစစ်တယ်။

ခုလည်း ကလေးတွေ့ရင် ဒုက္ခသစ္စာလို့ မမြင်ဘဲ အညွန့်ကလေးပေါက်လာတယ်လို့တောင် ထင်ကြသေးတယ်။ ကလေးက ဒုက္ခသစ္စာပြနေတာ၊ သူတို့က အညွန့်ပေါက်တာလို့ မြင်နေတာ။ အမောင်လူသား တယ်မေ့ပါလား။ မေ့တာက အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ။ သင်္ခါရပစ္စယာ ၀ိညာဏံဆိုတော့ အပါယ်ဝိညာဏ်။ အမောင်လူသား မေ့မှုအ၀ိဇ္ဇာကြောင့် အမောင် ပြုချင်သလိုပြုပြီးနေခဲ့တယ်၊ ရောင်းချင်သလိုရောင်း ၀ယ်ချင်သလိုဝယ်ပြီးနေခဲ့တယ်။ ကိုယ်လုပ်ခဲ့တဲ့ကိုယ့်မေ့ပြစ် ကိုယ်သာခံရမယ်။ သင့်အမေပြုတာမဟုတ်ဘူး၊ သင့်အဖေပြုတာမဟုတ်ဘူး။ ရဟန်းပုဏ္ဏားတွေကလာပြုတာမဟုတ်ဘူး၊ သင့်ကိစ္စ သင်သာဆိုင်တယ်။ အ၀ိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့်ဝိညာဏ်။ ပဋိစ္စသမုပ္ပါဒ်နဲ့ကျ ငြင်းလို့မရတော့ဘူး။ မေ့ပြစ်သင့်လို့ အပါယ်လေးပါးသို့ရောက်ရတယ်။ မေ့သွားလို့ ခွင့်လွှတ်ပါလို့ပြောလို့ မရဘူး။ လူအချင်းချင်းဆိုရင်တော့ မေ့သွားလို့ဆိုတာ ခွင့်လွှတ်နိုင်ကောင်းလွှတ်ပေးလိမ့်မယ်။ အပါယ်က ခွင့်မလွှတ်ဘူး။ မေ့လို့ ပြုချင်သလိုပြုတယ်၊ ပြုချင်သလိုပြုလို့ ရောက်ချင်သလိုရောက်တယ်။ ရချင်သလိုရတယ်။ ဒါကြောင့် အရိယာဓမ္မ သိပ်အရေးကြီးတယ်။ မမေ့တာက အရိယာဓမ္မ၊ မေ့တာက မိစ္ဆာဓမ္မ။

ပထမစစ်ချက်တော့ အမောင်မေ့ပြစ်သင့်တာ အမောင်နဲ့ပဲဆိုင်တယ်လို့ ကောက်ချက်ချလိုက်တယ်။ အပါယ်လေးပါး ဘယ်သူနဲ့ဆိုင်တုံးဆိုရင် မေ့တဲ့သူနဲ့ပဲဆိုင်တယ်။

၂။ “မောင်လူသား- နံရိုးကျဲကျဲနဲ့ တောင်ဝှေး အဖော်လုပ်နေတဲ့ ခါးကိုင်း နားထိုင်းနေတဲ့ပုဂ္ဂိုလ်များ မမြင်ဘူးဘူးလား“။ ”မြင်ဘူးပါတယ်“။ “ဇရာဒုက္ခဆိုတာ မင်းမသိဘူးလား”။ “အိုတာတော့ သိတယ်၊ ဒုက္ခသစ္စာတော့မသိဘူး”။ “မအိုရာရှာမယ်ဆိုတဲ့ မဂ္ဂင်စိတ်လေးများ မပေါ်ဘူးလား”။ “မပေါ်ပါဘူး”။ “အမောင် တယ်မေ့ပါလား”။

အအိုတွေတွေ့ရင် မအိုခင် အရိယာဓမ္မလုပ်မှပဲဆိုတဲ့စိတ် မလာဘဲ မေ့နေတာ များတယ်။ မေ့တာ အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ အပါယ်ဝိညာဏ်။ ဒီပဋိစ္စသမုပ္ပါဒ် ဘုရားတားလို့မရဘူး။ ကိုယ်လုပ်တဲ့ပဋိစ္စသမုပ္ပါဒ် ကိုယ့်ဟာကိုယ် ခံရမှာ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ အပါယ်ဝိညာဏ်။ အဲဒါ မေ့ပြစ်ပဲ။ ဒါကြောင့် အမောင့်မေ့ပြစ်ဟာ အမောင်သာလျှင်ဆိုင်တယ်၊ ဒုတိယမှတ်ချက်ရေးလိုက်တယ်။ စစ်နေတဲ့ ယမမင်းကြီးက မျက်လုံးဖွင့်ကြည့်လိုက်ရင်ကိုပဲ ဒီက သေမှာ၊ အလောက်ကို ကြောက်စရာကောင်းတဲ့ ယမမင်းကြီးက စစ်နေတာ။ အမောင့် မေ့ပြစ်ဟာ မင်းအမေမိဘတွေနဲ့လည်းမဆိုင်ဘူး။ သားမယားလည်းမဆိုင်ဘူး။ ရဟန်းသံဃာတွေလည်း မဆိုင်ဘူး။ ဆွေမျိုးဉာတကာတွေလည်း မဆိုင်ဘူး။ အမောင်သာလျှင်ဆိုင်တယ်လို့ မှတ်ချက်ရေးလိုက်တယ်။ ဒါပေမယ့် အပါယ်ကျစေဆိုတဲ့ဒီဂရီ မချသေးဘူး။

၃။ “လူ့ပြည်မှာ ရာဇ၀တ်ဘေးသင့်တဲ့ပုဂ္ဂိုလ်များ မြင်ဘူးလား။ လက်ထိပ်ခတ်ပြီး ကြိမ်နဲ့ရိုက်၊ မျဉ်းလုံးတွေနဲ့ ခြေထောက်လှိမ့်ပြီး စစ်၊ ခြေထောက်တွေ မိုးပေါ်ဆွဲပြီး ခေါင်းဇောက်ထိုးချစစ်နေတာတွေ အမောင်မြင်ဘူးလား”။ “မြင်ဖူးပါတယ်”။ “သြော်- မကောင်းမှုလုပ်တဲ့သူများ ဒိဋ္ဌဓမ္မ အကျိုးပေးပါလား။ အရိယာဓမ္မမရသေးသရွေ့ ဒီလိုသံသရာလည်နေရမှာပါလားဆိုပြီး အရိယာဓမ္မလုပ်ဦးမယ်လို့များ မတွေးမိဘူးလား”။ “ကြားတော့ကြားဖူးတယ်၊ မတွေးမိဘူး”။ “အမောင် တယ်မေ့ပါလား”။

အမောင့်မေ့ပြစ်ဟာ အမောင်တစ်ယောက်ပဲဆိုင်တယ်။ အမေလည်းမဆိုင်ဘူး၊ အဖေလည်းမဆိုင်ဘူး၊ သားသမီးတွေလည်းမဆိုင်ဘူး၊ ဇနီးခင်ပွန်းတွေလည်းမဆိုင်ဘူး။ ဘေးက ရဟန်းပုဏ္ဏားတွေလည်း မဆိုင်ဘူး။ အမောင်သာလျှင် မေ့ပြစ်သင့်တာပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ အပါယ်ဝိညာဏ်။

၎။ “လူ့ပြည်တုံးက ဘေးက ဆေးခွက်တွေဝိုင်းလို့၊ သူ့အ၀တ်မှ သူမဖုံးနိုင်တဲ့ လူနာများ မြင်ဘူးရဲ့လား”။ “မြင်ဖူးပါတယ်”။ “သူ့ရေမှသူမသောက်နိုင်၊ သူ့ကျင်ကြီးမှ သူမသုတ်သင်နိုင်၊ အ၀တ်တွေမှ မဖုံးနိုင်၊ အရှက်အကြောက်တွေတောင်မှ မလုံခြုံအောင်ဖြစ်လာတဲ့ လူမမာများ မြင်ဖူးရဲ့လား”။ “မြင်ဖူးပါတယ်”။ “ဒါဖြင့် ဗျာဓိဓမ္မောမှိ ဗျာဓိံ အနတီတောတိ- ဒါ မလွတ်နိုင်တဲ့တရားပဲ၊ လွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်း အရိယာဓမ္မဖြစ်တဲ့ မဂ္ဂင်အလုပ်ကို လုပ်မှဖြစ်မယ်လို့များ မပေါ်ဘူးလား”။ “ကျွန်တော် မပေါ်ပါဘူးခင်ဗျား”။ “အမောင် တယ်မေ့အားသန်ပါလား”။ မေ့တာက အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ အပါယ်ဝိညာဏ်။ အပါယ်ဝိညာဏ်ဆိုတော့ ဘယ်သူ ရှောင်လို့ရသေးတုံး။ ဘယ်သူမှ ကန့်ကွက်လို့ မရဘူး။ အ၀ိဇ္ဇာရှိရင် သင်္ခါရဖြစ်မယ်၊ သင်္ခါရရှိရင် အပါယ်ဝိညာဏ်ဖြစ်မယ်။ မဖြစ်ပါနဲ့ဆိုလို့ မရဘူး။

ဘုရားတားလို့သာ ရမယ်ဆိုရင် သိဒ္ဓတ္ထမင်းသားဘ၀က ယသောဓရာ့အဖေ သုပ္ပဗုဒ္ဓ၊ ယောက္ခမတော်ခဲ့တာပဲ။ အပါယ်သွားတာကျတော့ ဘုရား မတားနိုင်ခဲ့ဘူး။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ လုပ်ချလိုက်တာ။ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ဘုရား တားမပေးနိုင်ဘူး၊ တရားသာ တားနိုင်တယ်။ သံဃာကလည်း မတားနိုင်ဘူး။ အရိယဓမ္မ ကိုယ်ကျင့်တဲ့ မဂ္ဂင်တရားကသာ တားနိုင်တာ။ အရိယာမဂ္ဂင်တရားကို မလုပ်ဖြစ်တော့ အခု အပါယ်ဝိညာဏ် အပါယ်ကောင် ဖြစ်နေရတာ။ ဒါပေမယ့် ယမမင်းကြီးက နောက်ကစောင့်နေတဲ့ ငရဲထိန်းတွေကို အပါယ်ဆွဲချလိုက်လို့ မပြောသေးဘူး။

၅။ “လူ့ပြည်မှာ မသာများ ပို့ဘူးပါသလား။ ဖူးဖူးယောင်ပြီး အကောင်ပျက် အဆင်းပျက်နေတဲ့ အသုဘကြီး မြင်းဖူးရဲ့လား”။ “မြင်ဖူးပါတယ်”။ “မြင်တဲ့အခါကျတော့ ဒီလိုအသေလွတ်ရာ ရှာမယ်လို့ အရိယာစိတ်ကလေးများ မပေါ်ဘူးလား”။ “မပေါ်ပါဘူး၊ သေမျိုးမို့ သေတာလို့ပဲ အောက်မေ့တယ်”။ အသုဘပို့ရတာ အလောင်းပေါင်း မရေတွက်နိုင်ကြတော့ဘူး။ သြော်- သေမျိုးမို့ သေသွားရှာတာပဲ။ မလွန်ဆန်နိုင်တော့သေရမှာပဲ။ ကိုယ်လည်း သေရမှာပဲ။ ဒီလို မရဏာနုဿတိလောက်တော့လာတယ်။ မဂ္ဂင်အလုပ်ရှာမယ်ဆိုတာကတော့ မလာဘူး။ အောက်တန်းတရားတော့ လာပြီး အထက်တန်းတရားတော့ မလာဘဲဖြစ်နေတယ်။ သူသေသလို ကျုပ်တို့တော့ ရှေ့သွားနောက်လိုက်ပဲ။ ဒါ အောက်တန်းတရား၊ သမထ။ မရဏာနုဿတိလို့ခေါ်တယ်။ သူတော့ သေပြီ၊ ဒို့ မသေရာရှာမယ်ဆိုတာတော့ မလာဘူး။ အထက်တန်းတရားကျတော့ ဉာဏ်မလှည့်ဘူး။

သူများတွေ သေကုန်ပြီ၊ ဒို့ မသေရာရှာမယ်ဟေ့၊ အလောင်းတွေချည်းဖြစ်ရ မြေကြီးကြီးပွားရေးချည်းလုပ်နေကြရတာ။ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတာ မြေကြီးကြီးပွားရေးလုပ်တာ။ “နှစ်ရက်သုံးရက် ဖူးဖူးယောင်နေတာ မင်း မြင်ဖူးရဲ့လား”။ “မြင်ဖူးပါတယ်”။ “သြော်- ဒီအသေမျိုး အသုဘပါလား၊ ဒုက္ခသစ္စာပါလား၊ ဒုက္ခသစ္စာရှာမှပဲဆိုတဲ့ အရိယာစိတ်ကလေးများ မပေါ်ဘူးလား“။ “မပေါ်ပါဘူး”။ မေ့ချက် တယ်ပြင်းပါလား။ မေ့တာက အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ။ အပါယ်ဝိညာဏ်။

တပည့်တော်တို့ကတော့ ငယ်သေးတော့ သားရေးသမီးရေး စီးပွားရေးနဲ့ မဂ္ဂင်အလုပ် မလုပ်ဖြစ်ဘူးဘုရား။ အို ငယ်လည်း အပါယ်သွားမှာပဲ။ သာမညဆရာမျိုးတွေပြောတဲ့စကားတွေ နားယောင်မနေကြပါနဲ့၊ အချိန်မီပါသေးတယ်။ မဂ္ဂင်အလုပ်သာ မြန်မြန်လုပ်ပါ။ အဟုတ်လုပ်ရင် အဟုတ်ရသေးတယ်။ “အမောင် မေ့ပြစ်က တယ်ပြင်းတယ်။ မေ့ပြစ်ဟာ အမောင့်ခင်ပွန်းမနဲ့လည်းမဆိုင်ဘူး၊ သားသမီးတွေနဲ့လည်း မဆိုင်ဘူး။ ဆွေမျိုးဉာတကာတွေနဲ့လည်း မဆိုင်ဘူး။ ရဟန်းသံဃာတွေနဲ့လည်း မဆိုင်ဘူး။ အခြား ဘယ်သူနဲ့မှ မဆိုင်ဘူး။ အမောင့်မေ့ပြစ် အမောင်နဲ့သာ ဆိုင်တယ်။ ကောက်ချက်ချလိုက်တာ။ ဘုရားက သူကိုယ်တိုင် အိမ်ပေါက်နှစ်ခုမှာ တက်တဲ့ပုဂ္ဂိုလ်လည်း ငါမြင်တယ်၊ ဆင်းတဲ့ပုဂ္ဂိုလ်လည်း ငါမြင်တယ်။ ဒီလိုစစ်နေတာတွေ ငါကိုယ်တိုင်မြင်ပါတယ်တဲ့။ ဘုရားက သူမြင်တာကိုပြောနေတာ။ ဒီစစ်ချက် ငါးချက်နဲ့ စစ်လိုက်တော့ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံချည်း အဖြေထွက်တယ်။ အ၀ိဇ္ဇာဆိုတာ မသိတာ၊ သင်္ခါရဆိုတာ ပြုချင်သလိုပြုတာ၊ ပြုချင်သလိုပြုလို့ ရောက်ချင်သလိုရောက်ရတဲ့ အပါယ်လေးပါး ခန္ဓာပေါ်လာတယ်။ ဒါကြောင့် ဘုရားရှင်က “လူတစ်သိန်း နတ်တစ်သိန်းသေလို့ နတ်ပြည် တစ်ယောက်ပြန်မရောက်ဘူး၊ အကုန်အပါယ်သွားတယ်”တဲ့။ အဲဒါ မေ့ပြစ်လို့မှတ်လိုက်စမ်းပါ။ ကဲ ဒါဖြင့် မမေ့တာသည် အရိယာတရား၊ မေ့တာသည် အပါယ်လေးပါးသွားတဲ့တရား။ မမေ့တာ အရိယာတရားဆိုတော့ မမေ့တဲ့ သတိပဋ္ဌာန်အလုပ် ပေးလိုက်လို့ရှိရင် ဘာမှစိုးရိမ်စရာမလိုတော့ဘူး။ ခန္ဓာကိုယ် ဖြစ်ပျက်တစ်ချက်မြင်လိုက်ရင် မစိုးရိမ်နဲ့။ အင်မတန်အဖိုးတန်တဲ့အလုပ်လို့ မှတ်လိုက်စမ်းပါ။ ဖြစ်ပျက် ကျကျနန တစ်ချက်မြင်လိုက်ရင် ကျွတ်တမ်းဝင်တယ်။ ဒါကြောင့် မမြင် မြင်အောင် ကြိုးစားရမယ်။ ဒါ အရိယာဓမ္မပဲ။ ဖြစ်ပျက်မြင်တဲ့ဓမ္မသည် အရိယာဓမ္မ။ အဲဒီ အရိယာဓမ္မတစ်ချက်က အကုန်ကယ်နိုင်တယ်။

မေ့ရင်ဖြင့် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ ဖြစ်တယ်။ မမေ့ရင်ဖြင့် အ၀ိဇ္ဇာချုပ်တယ်၊ အ၀ိဇ္ဇာချုပ်သဖြင့် သင်္ခါရလည်း ချုပ်တယ်။ ၀ိညာဏ်ဆိုတဲ့ အပါယ်ပဋိသန္ဓေ လေးပါးလည်း ချုပ်တယ်။ ဒါဖြင့် သက်သေခံလုံလောက်နေပြီ။ အပါယ်မသွားတော့ဘူး။ မမေ့တာ သိပ်အဖိုးတန်သွားတယ်။ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို ဘုရားတားမရငြားသော်လည်း ဖြစ်ပျက်ရှုတဲ့ဉာဏ်တရားက တားလိုက်လို့ရှိရင် အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်တယ်။ သင်္ခါရက ပြုပြင်တဲ့တရား။ အပါယ်ရောက်ဖို့ပြုပြင်တာ။ သူက ၀ိသင်္ခါရ မပြုပြင်တော့ အပါယ်ခန္ဓာကြီး မပေါ်နိုင်တော့ဘူး။

အခုတော့ ဒီမှာ ငါးချက်ဟောလိုက်တာ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံချည်းဆိုက်တယ်။ မင်း မေ့ပြစ်သည် မင်း သားသမီး ဆွေမျိုး ရဟန်းပုဏ္ဏားတွေနဲ့ မဆိုင်ဘူး။ မင်းနဲ့သာ ဆိုင်တယ်ဆိုပြီး စစ်စရာမရှိတော့ ယမမင်းက ငြိမ်နေလိုက်တယ်။

ငြိမ်နေလိုက်သည်နဲ့တစ်ပြိုင်နက်တည်း မေ့ပြစ်သင့် အပါယ်ရောက်လာတဲ့ပုဂ္ဂိုလ်ကို ငရဲထိန်းတွေက လက်မောင်းတစ်ဘက်နှစ်ယောက်စီဆွဲပြီးတော့ ရဲရဲပူတဲ့သံပြားကြီးပေါ်မှာ အိပ်ခိုင်းတယ်။ သံပြားကြီးပေါ်အိပ်ခိုင်းပြီး ရဲရဲပူနေတဲ့ သံမယ်န (သံချောင်း)ကြီးတွေနဲ့ လက်ပေါ်မှာ လက်ဝါးကပ်တိုင်ရိုက်သလို ရိုက်တယ်။ မေ့ပြစ်သင့်နေတာ။ ခံနိုင်ရည်ကောရှိပါ့မလား။ အောက်ကသံပြားကလည်း ရဲရဲပူ၊ အရောင်သာရှိတယ်၊ အခိုးမပါဘူးတဲ့။ အခိုးပါရင် အပူလျော့နေမှာစိုးလို့။ အရဲရောင်ပဲရှိတယ်။ ပက်လက်အိပ်ခိုင်းပြီးတော့ ခြေဖ၀ါး လက်ဖ၀ါး ခြေထောက်တွေမှာ နီနေတဲ့သံချောင်းကြီးနဲ့ ကပ်ပြီးတော့ ရိုက်တယ်။ အလယ်ဗိုက်ဖောက်ပြီးရိုက်လိုက်၊ ငါးချက်ရိုက်တယ်။ မေ့ရင် ဒီလိုအပြစ်သင့်လိမ့်မယ်၊ မမေ့ရင် ဒီအပြစ်တွေက လွတ်တယ်။ မမေ့တာ ၀ိဇ္ဇာ။ ၀ိဇ္ဇာဆိုကတည်းက အ၀ိဇ္ဇာမရှိတော့ဘူး၊ သင်္ခါရလည်း မရှိတော့ဘူး။ အပါယ်ခန္ဓာလည်း မပေါ်တော့ဘူး။ ဒါဖြင့် အရိယာဓမ္မ မမေ့မှုအရေးကြီးတယ်၊ ဖြစ်ပျက်မြင်မှု အရေးကြီးတယ်။ ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်မှု အရေးကြီးတယ်။ နိဗ္ဗာန်မြင်လိုက်ပြန်တော့လည်း အပါယ်သွားပါဆိုလို့တောင်မှ မသွားတော့ဘူး။ အ၀ိဇ္ဇာသင်္ခါရကမှ အရောက်ပို့မှာကိုး။ သင်္ခါရက မပို့နိုင်လို့ရှိရင် အပါယ်ခန္ဓာကြီးရ၊ သံပြားပေါ်အိပ်ခိုင်းပြီး မယ်နငါးချက်နဲ့ အရိုက်ခံရစရာ မရှိတော့ပါဘူး။

သံပြားပေါ် အိပ်ခိုင်း မယ်နငါးချက်နဲ့ရိုက်ခံရတာ မေ့ပြစ်သင့်နေတာ။ ဒါတင်မကဘူး နောက်တစ်ခါ သူ့ကို သံပြားတွေနဲ့ကော်ပြီး သံမယ်နတွေနှုတ်ပြီးတော့ မီးတောင်ကြီးပေါ် နွားလုပ်ခိုင်းပြီး ဆင်းချည်တက်ချည်ခိုင်းတယ်။ အောက်က မီးတောင်၊ အပေါ်က သူ့မောင်းနေတာ ငရဲသား။ အဲဒီအပေါ်မှာ ဆင်းချည်တက်ချည်အလုပ်ခိုင်းတယ်။ သူများမျက်စောင်းထိုးတာတော့ရဲတယ်၊ ဒီအပြစ်ကျတော့ ခံနိုင်ကြပါဦးမလား။ မုသားလေးနဲ့ ဖုံးကာဖိကာ နှုတ်ချိုလျှိုတစ်ပါးပြောလိုပြောနဲ့၊ ဟုတ်သလိုလိုထင်ရငြားသော်လည်း ပြောတာနဲ့ ကာမိကြရဲ့လား။

ဒါတင်မကသေးဘူး။ တောင်ပေါ်တက်ဆင်းခိုင်းအားရတော့ လက်ပံပင်ကြီးက ဆူးကြီးတွေနဲ့၊ (၁၆)လက်မရှိတဲ့ ဆူးကြီးတွေ ငိုက်စိုက်ကျနေတယ်။ အဲဒီအပေါ်ကို အောက်ကနေ လှံတွေနဲ့ ထိုးပြီး တက်ဖြစ်အောင် အတက်ခိုင်းတယ်။ ရင်ဘတ်ငြိ ပခုံးငြိပြီး အောက်ကလည်း လှံနဲ့ထိုးနေတော့ အတင်းတက်ရတာ။ သွေးသံရဲရဲနဲ့ ရောက်သွားတာပဲ။ ရောက်သည်နဲ့တစ်ပြိုင်နက် အပေါ်က မြန်မြန်ဆင်းခဲ့ဆိုပြန်တော့လည်း ကျွမ်းထိုးမှောက်ခုံဆင်းခဲ့ရပြန်တယ်။ ဆင်းတဲ့အခါကျတော့ လက်ပံပင်က ဆူးကြီးတွေက အပေါ်ထောင်ကော့နေတယ်။ အဲဒါတွေဖြတ်ပြီး ဆင်းပြေးရပြန်တယ်။ ရဲရဲပြောင် မီးတောက်လောင်နေတဲ့ သံလက်ပံပင်ကြီးပါ။ ငရဲဆိုတာ ခါးစည်းခံလို့မရပါဘူး။ ခါးစည်းကြိုးလည်း ဘယ်သူကမှ လာမပေးပါဘူး။ ဒါကြောင့် အပါယ်လေးပါး တံခါးပိတ်အောင်လုပ်နိုင်ရင် တော်ပြီ။ မမေ့ရင် ပိတ်တာပဲဆိုတာလည်း သိလောက်ပါပြီ။ ခန္ဓာကိုယ် တစ်ချက်တည်း ဖြစ်ပျက်ကလေး မြင်လိုက်လို့ရှိရင် ငရဲမီးသိမ်း၍ ငရဲအိုးကုန်တယ်။ ငရဲမီးငြိမ်းရင် ငရဲအိုးလည်းသိမ်းတယ်။

ဒီလက်ပံပင်ကနေ ဆင်းပြီးပြန်တော့ ဘင်ပုပ်ငရဲ တစ်ခါတွေ့တယ်။ ဘင်ပုပ်ငရဲဆိုတာ အပ်အသွားရှိတဲ့ပိုးကောင်တွေက အကြောတွေဖြတ်ပြီး ရိုးတွင်းချဉ်ဆီကို စုပ်ပြီးစားတယ်။ အဲဒီအထဲမှာ လွှတ်ပေးလိုက်တာ။ နေရဲပါ့မလား။ ဒါဖြင့် အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်အောင် လုပ်ရမယ်။ မေ့မှုက မမေ့မှုဖြစ်အောင် လုပ်ရမှာ။ ခန္ဓာပေါ်မှာ ဖြစ်ပျက်မမေ့လိုက်ပါနဲ့။ အနိစ္စတစ်ချက်မြင်ရင် အကုန်သွားတာ။ အနိစ္စတစ်ချက် မြင်ကတည်းက ၀ိပဿနာမဂ် သေချာနေပြီ။ အဲဒီအနိစ္စဆုံးအောင်လုပ်လိုက်လို့ရှိရင် လောကုတ္တရာမဂ်ဖြစ်တော့ “စတူဟပါယေဟိစ ၀ိပ္ပမုတ္တော” ဒုက္ခသာ ချုပ်အောင်ရှုနိုင်လို့ရှိရင် အပါယ်လေးပါးဟာ အကုန်သိမ်းတယ်တဲ့။

ငရဲမှာ အသေ ခံရသလား အရှင်ခံရသလားဆိုတော့ အ၀ိဇ္ဇာအချုပ်သရွေ့ကာလပတ်လုံး ဟိုမှာ အရှင်ချည်းခံရတယ်။ မီးလောင်လည်း မသေဘူး၊ လှံနဲ့ထိုးလည်း မသေဘူး၊ သံမယ်နတွေရိုက်လည်း မသေဘူး၊ ကဲ ဘယ်လောက် ကြောက်စရာကောင်းသလဲ။ ငါးကြော်လို သေပြီးမှ အကြော်ခံရရင် အရေးမကြီးဘူး။ ဒီလိုဆိုရင် ဘယ်သူဖြစ်ဖြစ် ခံရဲတယ်၊ သေပြီးမှ အကြော်ခံရတာကိုး။ အခုတော့ မဟုတ်ဘူး၊ အဲဒီအထဲမှာ ဖျတ်ဖျတ်လူးပြီးတော့ အကြော်ခံရတာ။ သေပါတော့လား ဆိုတော့လည်း မသေနိုင်ဘူး။ ဒီက အ၀ိဇ္ဇာက ကျေးဇူးပြုနေတာ။ အ၀ိဇ္ဇာက ဟိုမှာ ခန္ဓာဆက်ဆက်ပြီး လုပ်ပေးနေတာ။ အ၀ိဇ္ဇာ မချုပ်လို့ မသေတာ။ သေလိုက် အဲဒီမှာ ပြန်ပေါ်လိုက်။ ဒါဖြင့် အ၀ိဇ္ဇာချုပ်ဖို့ အရေးကြီးတယ်။ အ၀ိဇ္ဇာချုပ်ရင် ဟိုမှာ အရှင်ခံရစရာမရှိတော့ဘူး။ အ၀ိဇ္ဇာ မချုပ်လို့ကတော့ အ၀ိဇ္ဇာ သင်္ခါရ၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ်ပြီး ဟိုမှာ အရှင်ခံဖို့သာ ပြင်ပေတော့။ အ၀ိဇ္ဇာချုပ်လိုက်ပြန်တော့လည်း သင်္ခါရလည်းမရှိ ၀ိညာဏ်လည်းမရှိ။ အခုချုပ်ရင် အခုအပါယ်တံခါးပိတ်တယ်။

ဘင်ပုပ်ငရဲခံရင်းနဲ့ပဲ ငါးမျှားချိတ်ကြီးနဲ့ ဆွဲပြီး ပြန်တင်တယ်။ တင်ပြီး ယူဇနာတစ်ရာရှိတဲ့သံတံတိုင်းကြီးတွေ ခတ်ထားတဲ့အထဲမီးဟုန်းဟုန်းတောက်တဲ့အထဲ ပစ်ထည့်တယ်။ အရှေ့တံခါးက ပွင့်နေလို့ အရှေ့ဘက်ပြေးတော့ ခြေထောက်တွေ လက်တွေ အကုန်မီးလောင်ပြီး ဒီမှာလည်း မီးအလောင်ခံပြီး ဟိုဘက်လွတ်အောင်လည်း ပြေးရသေးတယ်။ ရောက်တာနဲ့ တံခါးကြီးက ပိတ်သွားတယ်။ အရှေ့တံခါးပိတ်ပြီး အနောက်တံခါးက ပွင့်ပြန်တော့ အနောက်တံခါးဆီ ပြန်ပြေးရပြန်တယ်။ ပြေးပြန်တော့လည်း လမ်းမှာ မီးအလောင်ခံရပြန်တယ်။ ဟိုရောက်တော့လည်း တံခါးကြီးက ပိတ်သွားပြန်တယ်။ အဲဒါ ခန္ဓာအပေါ်မှာ မေ့ပြစ်သင့်နေတာ။ ခန္ဓာပေါ်မှာ အနိစ္စရှိလျက် အနိစ္စမသိတဲ့အပြစ်။ ဒုက္ခရှိလျက် ဒုက္ခမသိတဲ့ မေ့ပြစ်၊ အနတ္တရှိလျက် အနတ္တမသိတဲ့ မေ့ပြစ်သင့်နေတာ။

ဒီကနေပြီး တက်လာပြန်တော့လည်း မသေဘဲ ငရဲသားတွေက ဆွဲတင်ပြီး “အမောင် ဘာစားချင်သလဲ”လို့ မေးတယ်။ “ထမင်းမစားရတာကြာပြီ”ဆိုတာနဲ့ “ကဲကဲ အိပ်လိုက်”ဆိုပြီး သံပြားပေါ်မှာလှဲ၊ အင်မတန်ရဲရဲပူတဲ့ သံချွန်ကြီးတွေနဲ့ ပါးစပ်ကိုဖြဲ၊ ပြီးတော့ သံတွေခဲရဲရဲကြီးတွေ ပါးစပ်ထဲ လောင်းထည့်တယ်။ လောင်းထည့်လိုက်တာနဲ့ ပါးစပ်ကနေ အူလောင်ပြီး ဒွါရပေါက်ကထွက်တယ်။ ဒါ ဘယ်သူ့လက်ချက်များလဲဆိုရင် မေ့ပြစ်။ အ၀ိဇ္ဇာရဲ့လက်ချက်။ ဒါကြောင့် သတိပဋ္ဌာန်ဆိုတာ မမေ့တာ။ မမေ့တာက မေ့ပြစ်ကို ကယ်တင်မယ်။

ဘုရားရှင်က ငါဘုရားဖြစ်တဲ့နေ့ကစပြီး ငါ အိမ်နှစ်အိမ်ကြားမှာနေတာ။ အဲဒီအိမ်တွေက တက်တဲ့လူလည်း ငါမြင်တယ်၊ ဆင်းတဲ့လူလည်း ငါမြင်တယ်။ ဆင်းတဲ့လူ ငရဲသွားတာလည်း ငါမြင်တယ်၊ တက်တဲ့လူ နတ်ပြည်သုဂတိသွားတာလည်း ငါမြင်တယ်။ သူများပြောသံကြားနဲ့ ပြောတာမဟုတ်ဘူး။ ငါ့မျက်လုံးနဲ့ ဒိဗ္ဗစက္ခုနဲ့ မြင်ပြီး ပြောတာပါတဲ့။ သူများပြောတာကို မယုံပါနဲ့၊ ဘုရားပြောတာကိုသာ ယုံပါ။ မမေ့တာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ မမေ့တာနဲ့ သူက ၀ိဇ္ဇာဖြစ်တယ်၊ ဖြစ်ပျက်မြင်တဲ့ ၀ိဇ္ဇာ။ ၀ိဇ္ဇာဖြစ်ရင် သင်္ခါရက ချုပ်သွားတယ်။ အပါယ်သွားစရာ ၀ိညာဏ်လာစရာမရှိတော့ဘူးလေ။ မမေ့တဲ့သတ္တိ ဘယ်လောက် အဖိုးတန်လဲ။ ဒါကြောင့် သတိပဋ္ဌာန်ကို ဘုရားအဆူဆူမစွန့်ဘူးဆိုတာ အပါယ်လေးပါး ပိတ်တဲ့တရားမို့။ ဘုရားတစ်ဆူပွင့်လာပြန်ရင် ဒီသုတ္တန်ဟောရပြန်ပြီ၊ မမေ့တဲ့တရားပဲ ဟောရတယ်။

“နောက် ဘာများဆာသေးသတုံး”။ “ကျွန်တော် ရေမသောက်ရတာ ကြာပြီ”။ ကြေးရည်ပူတွေ ယူလာပြီး ပါးစပ်ဖြဲပြီး လောင်းထည့်ပေးလိုက်တယ်။ ပါးစပ်ကလောင်း၊ အထဲက အူသိမ်အူမတွေလောင် ဒွါရပေါက်က ပြန်ထွက်သွားတာပဲ။ ဒေါသအလိုက် ငါအပါယ်ကျချင်ကျပါစေ၊ အပါယ်ရောက်မှ ခါးစည်းခံမယ်ဆိုပေမယ့်လည်း ခါးစည်းကြိုးပေးမယ့်သူမရှိပါဘူး။ ကယ်မယ့်ယူမယ့်တရားကတော့ အရိယာဓမ္မပဲ ရှိတယ်။ ဘုရားရှင်က အရိယာဓမ္မတွေ မေ့နေလို့ရှိရင်တော့ အပါယ်ငရဲဟာ မင်းတို့အိမ်သာ မှတ်ပေတော့တဲ့။

အလုပ်လုပ်မှ ၀ိဇ္ဇာဖြစ်တယ်။ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်ဖို့ အလုပ်လုပ်ရလိမ့်မယ်။ သူများစိတ်အကဲခတ်ရတာ မှားတယ်ရှိ မှန်တယ်ရှိ၊ ကိုယ့်စိတ်ကိုအကဲခတ်ရတာကတော့ အမှန်ချည်းပဲ။ ဒါဖြင့် ကိုယ့်စိတ်ကို ပထမစိတ် ရှိမရှိကို နောက်စိတ်နဲ့ အကဲခတ်။ ၁ ကို ၂ နဲ့အကဲခတ်။ လောဘစိတ်ဖြစ်တယ်။ ရှိမရှိ မဂ်နဲ့အကဲခတ်။ မရှိတော့ မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂ။ ဒေါသစိတ်ပေါ်လာတယ်၊ ရှိမရှိအကဲခတ်တော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ၊ မဂ္ဂဆိုရင် ၀ိဇ္ဇာဖြစ်ပြီ။ အ၀ိဇ္ဇာချုပ်ပြီ။ အပါယ်သွားစရာ မရှိတော့ဘူး။ မောဟစိတ်လာရင်လည်း အကဲခတ်၊ အိပ်ချင်တဲ့စိတ်လာရင်လည်း အကဲခတ်။ ဒါ ဘယ်သူဟောလဲဆိုရင် အရှင်သာရိပုတ္တရာနဲ့ ဘုရားဟောတယ်။ ၀ိပဿနာဆိုတာ ကိုယ့်စိတ်ကိုယ် အကဲခတ်တတ်လို့ရှိရင် ဖြစ်တာပဲတဲ့။ အိပ်ချင်တဲ့စိတ်ကလေးအကဲခတ်လိုက်တော့ အကဲခတ်တဲ့စိတ်သာရှိတော့တယ်၊ အိပ်ချင်တဲ့စိတ် မရှိတော့ဘူး။ မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂ ၀ိဇ္ဇာ။ ပျံ့လွင့်တဲ့စိတ်လာလည်း အကဲထခတ်၊ မရှိတာအနိစ္စ၊ သိတာမဂ္ဂ။ ကိုယ့်စိတ်က ရှေ့နားက အကဲခတ်တာက နောက်က။ ကိုယ့်စိတ်က အနိစ္စ၊ အကဲခတ်တာက မဂ္ဂ။

ဒါဖြင့် ကိုယ့်စိတ် ပေါ်တိုင်းပေါ်တိုင်း အကဲခတ်၊ ရှူတဲ့စိတ်လာလည်း ရှိ မရှိ အကဲခတ်၊ ရှိုက်တဲ့စိတ်လာလည်း ရှိ မရှိအကဲခတ်။ စားချင်စိတ်လာလည်း ရှိမရှိ အကဲခတ်။ အကဲခတ်တော့ မရှိတာတွေ့၊ မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂ။ ဒါဖြင့် ကိုယ့်ဝိညာဏ်က ခန္ဓာပျက်တာသိတယ်။ ခန္ဓာကိုယ်ကြီးဟာ အနိစ္စဆိုတာ သူများပြောမဟုတ်၊ ကိုယ်တိုင်အကဲခတ်တာနဲ့သိတာ။ အကဲခတ်တော့ မသိတာက အ၀ိဇ္ဇာ၊ သိတာက ၀ိဇ္ဇာ။ ၀ိဇ္ဇာဖြစ်တော့ အ၀ိဇ္ဇာချုပ်၊ အ၀ိဇ္ဇာချုပ်တော့ သင်္ခါရချုပ်၊ သင်္ခါရချုပ်တော့ ဒီခန္ဓာတွေအကုန်ချုပ်တယ်။ ၀ိဇ္ဇာဖြစ်လိုက်တာနဲ့ ဒိဋ္ဌိလည်းချုပ်၊ တဏှာလည်းချုပ်တယ်။ ဒိဋ္ဌိကြောင့်အပါယ်ခန္ဓာဖြစ်ရ၊ တဏှာကြောင့် အပါယ်ခန္ဓာဖြစ်ရတာတွေဟာ မဂ်တစ်ကြိမ်ပေါ်တာနဲ့ အကုတန်ပျောက်တယ်။ ၀ိဇ္ဇာမဂ်၊ ဖြစ်ပျက်သိတဲ့ဉာဏ်နဲ့ အပါယ်ကြွေးတွေ ဆပ်နိုင်တာ။ နောက်နောက်ဘ၀တွေက လုပ်လာတဲ့ အပါယ်ကြွေးတွေလည်း ရှိနေတယ်။ ဒီဘ၀ မသိမလိမ္မာခင်က လုပ်ထားတဲ့ အပါယ်ကြွေးတွေလည်း ရှိနေတယ်။ အဲဒါ ၀ိဇ္ဇာတစ်လုံးတည်းနဲ့ ဆပ်လိုက်လို့ရှိရင် ကြွေးတစ်သိန်းတင်နေတာ ဆားတစ်လျက်နဲ့ ကြေပါတယ်။ ဒီဆားတစ်လျက်ကို လျက်လိုက်ရင် အကုန်ပျောက်မယ်။ မဂ္ဂင်ဆားတစ်လျက်ကိုဖြင့် လျက်ဖြစ်အောင် လျက်လိုက်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး (၉-၁၀-၆၁)ရက်နေ့က ဟောကြားအပ်သော ငရဲဆိုတာဘယ်လိုလဲ၊ ဘယ်လိုနေမှလွတ်မှာလဲ တရားတော်ကို ချုံး၍တင်ပြအပ်ပါသည်။