တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝခားမရှိ တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။
မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။
ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြင်း တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။
နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ
ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ် လို့ယူပါ။
ကိလေသာမခြားတာကိုဆိုတယ်
ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု” ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား၊ ကိလေသာ မခြားလို့ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာခြားလို့ရှိရင် ကိလေသာ မှောင်ကွယ်တဲ့အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။
ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှုဆိုတဲ့ ၀ိသုဒ္ဓိမဂ်က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိလို့ သတိပဋ္ဌာန်ကရေးရေး၊ ဒါက သရာဂစိတ်ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာကိုကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုးအကားထားပြီး ၀ိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆိုတာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက်ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကိုဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ်ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့မယူပါနဲ့တော့” ခြားခဲ့သော် ကိလေသာခြားရင်လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေပေးလိုက်ပါတယ်။
ကိလေသာမခြားလို့သာ မြင်တာ
ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်းဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါး အတိတ်က အာရုံ ကိုယူနေတဲ့အတွက် သူနဲ့ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။
ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေအောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ သဘောကျပြီ လား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။
ကိလေသာခြားရင် မမြင်နိုင်ပါ
အမေးပုစ္ဆာ = ကိလေသာတကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေပါသွားမည့် အတွက်ကြောင့် …
အဖြေ = အမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ မှောင်ခိုသွားပြီ၊ (တင်ပါ့) ကြားထဲ မှောင်ဝင်သွားပြီ၊ မရေတော့ဘူး၊ ရချင်လို့ရှိရင် သူတို့ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ၊ နားလည်ပြီလား (နားလည်ပါပြီ)။
အမေးပုစ္ဆာ = ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရအနေနဲ့ကောယူလို့
ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်
အဖြေ = သမနန္တရ, အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့အမြင် မဟုတ်ဘူး (တင်ပါ့) ဘုရားဖြစ်တဲ့လုပ်စဉ်ကို ရှေ့စိတ်နောက်စိတ်နဲ့ ရှုလို့ပြောတာ၊ (တင်ပါ့) ဘုရားဖြစ်ပြီးမှ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန်သိပြီးမှ မြင်တဲ့အမြင်၊ ဒီအမြင် ကို မလိုက်နဲ့၊ ဘုရားဖြစ်ဖို့ရာ မူလဘူတ အမြင်ကိုလိုက်ပါ၊ အမြင်က နှစ်မျိုးရှိတယ်။
၁။ ဘုရားဖြစ်ပြီး မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှုနိုင်ဘူး
၂။ ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံလိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)။
အမေးပုစ္ဆာ = တပည့်တော်ထပ်လျှောက်လိုတာက - ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ်။
ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်
အဖြေ = အတိတ်အာရုံကိုလို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘ၀င်တွေ လာနေတယ်၊ ဇောဝီထိလာရင် ခုနင်က ရှေ့စိတ်ဟာ အတိတ်ဖြစ်ရ မယ်၊ ဘ၀င်စိတ်လာလို့ရှိရင် အတိတ်လို့မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)
အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂ၀ီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် - ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့ မကိုက်ဘူး ဖြစ်နေတယ်။
မဂ္ဂ၀ီထိဆိုတာ
အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။
အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။
အိပ်ပျော်နေတာနဲ့ အတူတူပဲ
တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ် ကျန်တဲ့ ဘ၀င်စိတ်တွေလာနေတာ သူ နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။
နိဗ္ဗာန်မသိတဲ့အချိန်မရှိ
ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာံနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့် ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား … (ပေါ်ပါပြီ) ကြေကောကြေကြပြီလား … (ကြေပါပြီ)။
သူပြောတာမှားတယ်
ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလည်း နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့ နိဗ္ဗာန်မမြင်ပါဘူး။
နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံး ပြန်ဆင်ခြင်ပြန်တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။
ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ
ဒါဖြင့်ရင် တစ်ကိုယ်လုံးအေးသွားတာပဲလို့ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာဆရာက ဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။
အဲဒါကို သူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ ပူနေတဲ့အခါ နေပူထဲက လာပြီးတော့ နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ ဖြစ်တတ်ပါတယ်။
မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။
ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ
အာသိဉ္စမာနံဝိယ အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ် ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။
ကဲ - ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်က ဟဒယသုသီတလမဂ္ဂဒဿနေ န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်က ဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ - ဖြစ်၏။
အပူမီးငြိမ်းတာကို ဆိုတာပါ
မဂ်ပေါ်မှ ၀မ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီးငြိမ်းသွားပြီးတော့ ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။
မဆိုလိုပါဘူးတဲ့ ခန္ဓာကိုယ်အေးလို့ရှိရင် သွေးဆုတ်သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
ကိလေသာဟာနာမ်ဓမ္မ
ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိမ်းသွားတာကိုဆိုတာ ကိလေသာဟာ နာမ်ဓမ္မပါပဲ နာမ်ဓမ္မပင် ဖြစ်လင့်ကစားမဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိ တယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။
တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာပြတာ၊ ဒါကို အဟုတပုဏ္ဏားက ယူပစ်လိုက်ပါတယ်။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာက အဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင် ကိလေသာ အပူပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ် (တင်ပါ ဘုရား) ကိလေသာက ပူနေတာ။
ငြိမ်းမှုနဲ့အေးမှုတခြားစီ
ခင်ဗျားတို့က အစိုးရအလုပ်လုပ်တယ်၊ ဥပမာ - မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ ၀မ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကို အေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်းမှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်း သွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့၊ (တင်ပါ့ဘုရား)။
အမေးပုစ္ဆာ = တတိယတော့ တပည့်တော်ကို အဲဒါနဲ့ အရှင်ဘုရား ခုနက သံယုတ်ပါဠိတော်မှာ မေးတဲ့လူရှိ တယ်၊ ပုဏ္ဏားက ဘုရားလာမေးတယ်၊ အရှင်ဘုရား အတ္တရှိပါသလား၊ အတ္တရှိပါတယ်လို့ ငါမဟောဘူး၊ ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊ ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊ ဘုရားကနှစ်ခုစလုံး ပယ်ချလိုက်တယ်၊ ဒါနဲ့အရှင် အာနန္ဒာက အနားမှာရှိတယ်၊ အရှင်ဘုရား အတ္တရှိသလား ဆိုတော့ မရှိဘူးဟောလိုက်တယ်၊ နို့ အနတ္တမရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခက်ဘူးလားဘုရား
ပုဂ္ဂိုလ်ငဲ့ဟောရတာ
အဖြေ = အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေယျဇ္ဈာသယလိုက်ပြီး ဒီပုဏ္ဏား အယူလွဲသွားမှာ စိုးလို့ အတ္တရှိသလားဆိုရင် သဿတဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ ဒါဖြင့် အနတ္တသာရှိသလားဆိုတော့ အနတ္တရှိ တယ်လို့ ဆိုလိုက်ပြန်ရင်လည်း အနတ္တဆိုတာ ဘာမှမရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အနတ္တဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ္ဂိုလ် ဒီနှစ်ခုလွတ်အောင် ငါဖြေလိုက်ခြင်းဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။
အဲဒီ သံယုတ်ပါဠိတော် ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏားဥာဏ်ကို ဘုရားက အချိန်ဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောမယ်ဆိုရင် အနတ္တရှိတယ်ဟောရမယ်၊ အတ္တရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီဘုရား)။
အမေးပုစ္ဆာ = နောက်ဆုံးလျှောက်လိုတာက - ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား
မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင် မဆင်ခြင်လို့ရှိရင် တပည့်တော်တို့နဲ့ မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်
ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်
အဖြေ = ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုး၊ ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က ဆေးကမတည့်တာ စားတာတစ်မျိုး ဒီလို ထူးခြားပါတယ်။
ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟို မပျောက်သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။
သာဓု … သာဓု … သာဓု။
Saturday, August 27
ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား ဦးလွန်းဖေ၏မေးမြန်းချက်
Wednesday, July 6
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၅)
ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကြီးသည် မိမိခန္ဓာ၏ ဖြစ်စဉ်ဖြစ်သည်။ အတိတ်က ဖြစ်ခဲ့ပုံ ယခု ဖြစ်နေပုံ ယခု အနေမတတ်၍ သုံးအကွက်သို့ ကူး၍ ထိုသို့ ကူးသောကြောင့် သေသည်၏ အခြားမဲ့၌ စိတ်မချရပုံ ဤလေးမျိုးကို စက်ဝိုင်းက ပြသည်။ နှစ်အကွက်သည် ခန္ဓာရသော အကွက်ဖြစ်သည်။ ဒုက္ခသစ္စာကို ရခြင်းဖြစ်၏။ အတိတ်က မသိမှု အဝိဇ္ဇာကြောင့် မိုက်မှားမှုတွေ ပြုခဲ့သည်။ အကျိုးဒုက္ခသစ္စာ ရနေခြင်း ဖြစ်၏။ အတိတ်အကြောင်း မကောင်းခဲ့ဟု ဆိုသည်။ ရှေးဘဝက စုံလုံးကန်း လမ်းသွားခဲ့သည်။ ယခုဘဝ ရထားသော ခန္ဓာဒုက္ခသစ္စာကြီးကို နွေမှာတစ်မျိုး ဆောင်းမှာတစ်မျိုး မိုးမှာတစ်ဖုံ ပူဇော်ပသ နေရသည်။ ဘုရားထက်ပင် ပိုပြီး အလေးအမြတ် ပြုနေကြရသည်ဟု မိန့်သည်။
ဒီဘဝ တရားနာနေကြတာ ရှေးဘဝက မိုက်ပြစ်သင်ခဲ့တာတွေကို သိလို့ဖြစ်သည်။ မိုက်ပြစ်သင့်နေမှန်း မသိသူတွေမှာ တရားလည်း မနာ တရားအားထုတ်ရကောင်းမှန်းလည်း မသိဟု ဆုံးမသည်။ ကိုယ့်ကိုယ်ကိုယ် ခန္ဓာအကြောင်း မသိသဖြင့် မိုက်ထွန့်တက်နေပုံများကို ချဲ့ထွင်၍ ဟောသည်။ ဒကာ ဒကာမများ ခန္ဓာဒုက္ခသစ္စာကို မသိဘဲ ကံမကောင်းဘူး ဂြိုလ်ဝင်တယ် ဆိုပြီး ဂြိုလ်ပြေနံပြေ လုပ်မနေသင့် ဖြစ်ပျက် ဒုက္ခသစ္စာကို မြင်အောင် ကြည့်ရမည်ဟု ဆုံးမသည်။
အနိစ္စမြင်လျှင် ဒုက္ခသစ္စာမြင်မှ ဒုက္ခ ဇာတ်သိမ်းသည်။ မကောင်းကျိုး ဇာတ်သိမ်းသည်။ နည်းနှစ်နည်း ရှိသည်။ မကောင်းတာ မြင်အောင်ကြည့်လျှင် မကောင်းကျိုး ဇာတ်သိမ်းသည်က တစ်နည်းဖြစ်သည်။ ဖြစ်ပျက်ကို မုန်းအောင်လုပ် ဝိပဿနာနှင့် သိမ်းရမည်ဟု မိန့်သည်။ စိတ္တာနုပဿနာ ဝေဒနာနုပဿနာ ကြိုက်ရာလုပ်ဟု တိုက်တွန်းသည်။
ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်အောင် လုပ်ရမည်။ ဒါမှ ဝဋ်ကျွတ်သည်။ ပဋိစ္စသမုပ္ပာဒ် နှစ်အကွက်က သုံးအကွက်ကို မကူးအောင် လုပ်ရင်ပြီးကြောင်း ဟောတော်မူသည်။ ဤတရားတွင် ဆရာတော်ကြီးက နိဗ္ဗာန်သည် မဝေးကြောင်း နီးကြောင်း တစ်အကွက်မှာ မိုက်ခဲ့သော်လည်း နှစ်အကွက်မှာ ထပ်မံ မိုက်မဲခြင်း မရှိလျှင် နှစ်အကွက်ထဲမှာ နိဗ္ဗာန်ရနိုင်ကြောင်း ရှင်းရှင်းဟောထားသည်။ ဝိပဿနာရှုမှ ဝေဒနာနှင့်တဏှာ ကြားက အဆက်ပြတ်သည်။ ဘဝမကူးတော့ဘူး။ ဒီကနေ တစ်ခါတည်း နိဗ္ဗာန်ဝင်သည်။ ဃရာဝါသောဗဟုကိစ္စော ဆိုပြီး ဆင်ခြေတက်မနေသင့်ကြောင်း ပြောဆိုသည်။ သောတာပတ္တိမဂ်ဉာဏ် ရအောင်လုပ်ဖို့ အရေးကြီးကြောင်း ပြောပြီး ထိုဉာဏ်ရလျှင် အပါယ်လေးပါး တံခါးပိတ်ပြီဖြစ်ကြောင်း ပြောသည်။ အပါယ် စိတ်ချရပြီးမှ ရောင်းကြဝယ်ကြပါဟုလည်း တိုက်တွန်းထားသည်။ အဓိကမှာ တရားရရေးကို ရှေ့ထားပါ။ စီးပွားရေး လူမှုရေးတွေကို နောက်ထားပါဟု ပြောလိုရင်း ဖြစ်သည်။ ရှေ့နှင့်နောက် မလွဲသင့်ဟု ဆုံးမသည်။
~ မိုးကုတ်ဆရာတော် ~
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၄)
ခန္ဓာကိုယ်ကြီးကို ကျွေးနေရတာ ဒုက္ခသစ္စာပဲဆိုသော စကားဖြင့် ဤတရားကို စတင် ဟောကြားတော်မူသည်။ နေ့စဉ် ခန္ဓာ ခိုင်းသမျှ ကျွန်ခံနေရသည်။ သို့သော် ပုထုဇဉ်သည် ခန္ဓာ၏ ကျွန်ခံနေရသည်ကို ဖော်ပြောမှ သိသည်ဟု မိန့်သည်။ ဒုက္ခကို ဒုက္ခဟု မထင် ဒါလူ့ထုံးစံပဲဟုသာ သိမြင်နေကြသည်။ ဒုက္ခရောက်လို့ ဒုက္ခရောက်မှန်း မသိသဖြင့် ဒါလူ့ထုံးစံပဲဟု ပြောနေကြခြင်း ဖြစ်သည်။ မီးလောင်တာတောင် ရေတစ်မျိုးတည်းနှင့် မီးငြိမ်းအောင် သတ်နိုင်သည်။ ခန္ဓာကို ရေတစ်မျိုးတည်းနှင့် အေးငြိမ်းအောင် ပြု၍မရဟု ဆိုသည်။ ပုထုဇဉ်အဖြစ်မှာ ခန္ဓာက အမျိုးမျိုးနှိပ်စက်နေတာကို နှိပ်စက်မှန်းမသိ နှိပ်စက်နေသည်ဟု မထင်တတ်ပုံ ရှင်းထားသည်။ မသိတာက အဝိဇ္ဇာ မသိတော့ သင်္ခါရတွေ ပြုလုပ်သည်။ တဏှာ ဥပါဒါန်ကံတွေ ဆက်တိုက်ပေါ်သည်။ ဒုက္ခဖြစ်ကြောင်း သမုဒယတွေ ဖြစ်ရပြန်သည်။ သစ္စာမသိရင် သံသရာရှည်တယ်။ ခန္ဓာကို ဒုက္ခသစ္စာမှန်း တဏှာမာန တက်ပုံများကို ရှင်းပြသည်။ လူ့အောက်ကျမှာထက် အပါယ်ကျမှာက ပိုပြီး ကြောက်စရာကောင်းကြောင်း ဆုံးမသည်။
ပြီးနောက် အနာမသိတဲ့လူ အနာရှာသလို ဒုက္ခသစ္စာကို မသိသူသည် သမုဒယသစ္စာဖြစ်ကြောင်း ရှာကြပါဟု ဆိုပါသည်။ သံသရာ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကြီးသည် လည်နေသည်။ သမုဒယနှင့် ဒုက္ခချည်း ရနေသည်။ ဘဝကူးကောင်းဖို့လောက်သာ လူတွေက လိုချင်နေကြသည်။ ဒုက္ခသစ္စာရမှာကို မကြောက်ကြဘူးဟုလည်း မိန့်သည်။ ဆရာတော်က ဘယ်သူ ဘာပြောပြော ဘဝကူးကောင်းအောင် မလုပ်ပါနဲ့ ဘဝပြတ်အောင် ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ဖို့သာ လုပ်ပါဟု လေးလေးနက်နက် တိုက်တွန်းတော်မူသည်။
ထို့နောက် ပုထုဇဉ်စိတ် ၄၅ပါးကို ဝိပဿနာ ရှုဖို့ ပြောသည်။ ပုထုဇဉ်စိတ် ၄၅ပါးကို ချုံ့လိုက်လျှင် ၁၃ပါးပဲ ရသည်။ ထိုစိတ် ၁၃ပါးမှာ ပေါ်ရာစိတ်ကို ရှုရမည်။ ရှေ့စိတ်ကို နောက်စိတ်နှင့်ရှု ရှေ့စိတ်က ဖြစ်ပျက် သိတာက နေညက်က မဂ်ရသည်။ စိတ်(ဖဿ)နှင့် ဝေဒနာကြားမှာ မဂ်ဝင်သည်။ ဝေဒနာနိရောဓ ဖြစ်သွားသည်။ တဏှာကို မကူးဘဲ အဆက်ပြတ်သွားပုံကို ပြသည်။ သမုဒယပြတ်သွားလျှင် နှစ်အကွက် ပစ္စုပ္ပန် ဘဝထဲမှာပဲ နိဗ္ဗာန်ကို ရနိုင်သည်။ နှစ်ကသုံး မကူးလျှင် သံသရာပြတ်ပြီ။ ခန္ဓာပြတ်ပြီ။ တစ်သက်လုံး ရှုနေရမှာလား မဟုတ်ဘူး။ ဉာဏ်ထဲမှာ ခန္ဓာချုပ်ပြီး မဂ်တစ်ခါ ပေါ်လျှင်ပြီးပြီ။ နိဗ္ဗာန်ပေါ်ပြီ တစ်မဂ်ရပြီ။ နှစ်မဂ် ရချင်ရင်လည်း ဖြစ်ပျက် ပြန်ရှုရမည်။ ဤတွင် ထူးခြားသော စကားမှာ "ခင်ဗျားတို့ တစ်ခါဖြတ်လို့ ရှိရင် ကျန်သုံးခါ ပြတ်တာ သူ့ဟာသူ ပြတ်တယ်" ဆိုသော စကားဖြစ်သည်။
~ မိုးကုတ်ဆရာတေိာ ~
Tuesday, June 28
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၃)
သစ္စာမသိဘဲ လုပ်တာဟူသမျှ အလွဲချည်းပဲဟု ဆုံးမသည်။ ဝိပဿနာလုပ်ပြီး
ဉာဏ်နှင့် ကြည့်လိုက်သောအခါ ဖြစ်ပျက်ဆုံး နိဗ္ဗာန် ပေါ်သည်။ ဒါကြောင့်
နိဗ္ဗာန်ကို ဖြစ်ပျက်ဖုံးနေသည်ဟု ဆိုသည်။ ခန္ဓာနိရောဓော နိဗ္ဗာန်။ အစမှာ
ဒုက္ခသစ္စာကို မသိခင် ဉာဏ်အပေါ် အဝိဇ္ဇာကွယ်နေသည်။ ဖြစ်ပျက် ဒုက္ခသစ္စာတွေ့မှ
ဉာဏ်မှာ နိဗ္ဗာန်ပေါ်သည်။ ဖြစ်ပျက် တစ်ချက်တွေ့လျှင် အဝိဇ္ဇာကို
တစ်ချက်လှန်သည်။ ဖြစ်ပျက်ဆက်ရှု။ မုန်းလာလျှင် ဒုက္ခသစ္စာအစစ်ပဲ ဆုံးဖြတ်ချက်
ချနိုင်ပြီ။ ပြီးမှ ဖြစ်ပျက်အဆုံးကို ဉာဏ်လှည့်သွားပြီး နိဗ္ဗာန်ပေါ်သည်။
ထို့နောက် ကိုယ်သာနာ၍ စိတ်မနာပါစေနှင့်ဆိုတာက ကိုယ်ဆိုတာ ခန္ဓာငါးပါး လိုချင် စွဲလမ်းတာက စိတ်မှာ အနာပေါ်တာဖြစ်ကြောင်း ရှင်းပြသည်။ ကိုယ်ကို ငါ့ဟာ ငါ့ဥစ္စာဟု ဒိဋ္ဌိတဏှာနှင့် မမှတ်ယူသင့်။ မှတ်ယူပါက ဒုက္ခသစ္စာ နှစ်အကွက်မှ သမုဒယသစ္စာ သုံးအကွက်သို့ ကူးတော့မည်။ ဒိဋ္ဌိနှင့် စွဲလမ်းနေတုန်းမှာ ခန္ဓာကြီးက ဖြစ်ပြီး ပျက်စီးသွားသည်။
ထိုအခါ ဖြစ်ရလေခြင်း ဆိုပြီး စိတ်နာတော့သည်။ စိတ်ဘာကြောင့် နာသလဲဆိုလျှင် ငါ့ကိုယ် ငါ့ဟာလုပ်၍ ဖြစ်သည်။ ခန္ဓာကို ငါ ငါ့ဟာဟု သိမ်းပိုက်ပါက ခန္ဓာ ပျက်စီးသောအခါ စိတ်ထိခိုက်သည်။ စိတ်နာသည်။ မိမိကလည်း ခန္ဓာကို ဒိဋ္ဌိဖြင့် သိမ်းဆည်းထားလျှင် သူတစ်ပါး ခန္ဓာ ပျက်စီးသောအခါ ငါစိတ်မကောင်းဘူးဟု လောကွက် စိတ်နာတတ်သည်။ ကိုယ်သာနာ၍ စိတ်မနာနှင့် ဆိုတာ ဒိဋ္ဌိတဏှာ သတ်သောတရား ဖြစ်သည်။ ဒိဋ္ဌိတဏှာရှိလျှင် ငိုပွဲဆင်ရမည်။ ရစရာရှိ၍ ရလာလျှင် တဏှာဖြစ်ပြီး ပြုံးသည်။ ရတာ ဆုံးရှုံးလျှင် ဒိဋ္ဌိနှင့် ငိုပွဲဆင်သည်။
လူ့ဘဝမှာ ပြုံးပွဲငိုပွဲ နေ့စဉ် ဖြစ်ပျက်ပုံများကို သရုပ်ပေါ်အောင် ရှင်းပြသည်။ ပြီးမှ တဏှာလမ်း ဒိဋ္ဌိဥပါဒါန်လမ်းကို မလိုက်ပါနှင့် အလယ် မဂ္ဂင်လမ်းကို လိုက်ပါဟု ဆုံးမသည်။ ပြုံးလမ်း မဲ့လမ်းကို ရှောင်ပြီး အလယ်လမ်းကို လိုက်ပါဟု တိုက်တွန်းထားသည်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၂)
နေ့တိုင်း တရားနာနေကြတာ ဘာအကျိုးအတွက်လဲ မေးလျှင် ကိုယ့်ခန္ဓာ
ပဋိစ္စသမုပ္ပာဒ်ကို ဖြတ်ဖို့အတွက် ဖြစ်သည်ဆိုသော စကားဖြင့် ဤတရားကို
စတင်ဟောကြားပါသည်။ သမုဒယက စ၍ ဒုက္ခပေါက်ပွားလာသည်။ သမုဒယနှင့် ဒုက္ခ
ဒုက္ခနှင့် သမုဒယ လှည့်နေသည်။ သမုဒယက မီး ဒုက္ခက ထင်း မီးနှင့်ထင်း
ထင်းနှင့်မီး လှည့်နေသည်။ ထို့ကြောင့် ထင်းသိမ်းမှသာ မီးငြိမ်းမည် ဖြစ်သည်။
သုံးဆယ့်တစ်ဘုံးထဲ မီးဟုန်းဟုန်း တောက်နေသည်။ ထိုအထဲက ထင်းရှာထွက်သလို
နေကြတာ အရုပ်ဆိုးလှသည်ဟု မိန့်သည်။
နိဗ္ဗာန်ဆိုတာက လောင်စာသိမ်း၍ မီးငြိမ်းခြင်းဖြစ်သည်။ ဝိပဿနာလုပ်မှ လောင်စာသိမ်း၍ မီးငြိမ်းသည်။ မလုပ်သူမှာ မငြိမ်းပါ။ တရားနာတာ ကုသိုလ်ရဖို့မဟုတ် ကုသိုလ် ရချင်ရင် ရေအိုးစင်တည်လည်း ရသည်။ ပဋိစ္စသမုပ္ပာဒ်တော့ မပြတ်ဘူး။ သံသရာကို ကုသိုလ်က ဖြတ်၍မပြတ်။ ဉာဏ်နှင့်ဖြတ်မှ ပြတ်သည်။ နှစ်အကွက်နှင့် သုံးအကွက် ကြားကို ဉာဏ်ဝင်မှ ပြတ်သည်။ ဝိပဿနာ မရှုဘဲ ရိုးရာအတိုင်းနေလျှင် နှစ်ထဲက သုံးပေါက်ပွားမည်သာ ဖြစ်သည်။ ကုသိုလ်ရချင်လို့ တရားနာတာ မဖြစ်စေနှင့် ဒုက္ခသိမ်းသော နည်းကို ရချင်၍ တရားနာတာ ဖြစ်ပါစေဟုလည်း ဆုံးမသည်။ သို့မှသာ သစ္စာဉာဏ်နှင့် ပြောခြင်း သစ္စာဉာဏ်နှင့် နာခြင်းဖြစ်ကြောင်း ဟောသည်။ ဒါမှ ဝဋ်ကျွတ်သော အလုပ်ဖြစ်မည်။ သာသနာတွင်း အလုပ်ဖြစ်သည်။
ထို့နောက် သဂ္ဂတိုင်း သံသုမာရဂီရိတောင်မှာ ဘုရားသီတင်းသုံးစဉ် အခါက ဘဝပေါင်းငါးရာ မိဘတော်ဖူးသော ပုဏ္ဏားကြီးလင်မယား အဘိုးအိုမောင်နှံနှင့် တွေ့ဆုံးခြင်း ဖြစ်သည်။ ထိုအချိန်က ခင်မှု သံယောဇဉ်တွေကြောင့် အဘိုးကြီး အဘွားကြီးက ဗုဒ္ဓကိုမြင်တော့ သားလိုမြင် သားလိုခင်နေသည်။ နကုလပိတာ အဘိုးကြီးက မြတ်စွာဘုရားအား မိမိတို့ အသက်ရွယ်ကြီးပြီ။ တိုတိုနှင့် လိုရင်းရောက်သော တရားတစ်ပုဒ် ဟောပါဟု လျှောက်ထားသည်။ ဘုရားက "ကိုယ်သာနာ၍ စိတ်မနာပါစေနှင့်"ဆိုသော တရားကို ဟောသည်။
ခန္ဓာဝန်ထမ်းသမားသည် ဘယ်အခါမှ ကျန်းမာသည် မရှိပါ။ ဘယ်အချိန်မှ အန္တရာယ် မကင်းပါဟု ဘုရားက မိန့်သည်။ နကုလပိတာတို့က ထိုအကျင့်ကို ဘယ်လို ကျင့်ရမှန်းမသိ၍ အရှင်သာရိပုတ္တရာ အရှင်မြတ်ထံမှာ မေးရသည်။ ဤတွင် ခန္ဓာအသိနှင့် ဉာဏ်အသိ ကိုက်အောင်လုပ်ဖို့ အရေးကြီးပုံကို ဟောသည်။ ထို့နောက် ကိုယ်သာနာ၍ စိတ်မနာစေနှင့် အကျင့်၏ သဘောကို အရှင်သာရိပုတ္တရာက ရှင်းပြသည်။ ကိုယ်ဆိုတာ ဝိပဿနာ ရှုစရာ နှစ်နံပါတ် ခန္ဓာငါးပါးဖြစ်ပုံ။ စိတ်ဆိုတာက ဝိပဿနာ မဂ်စိတ်ကို ဆိုလိုကြောင်း ပုထုဇဉ်တွေမှာ ကိုယ်လည်းနာ၍ စိတ်နာနေကြကြောင်း။ ဘုရားက ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ရန် ဟောထားကြောင်း။ ခန္ဓာမှာ ဝေဒနာက္ခန္ဓာက ဒုက္ခဝေဒနာ ဖော်ပြလျှင် စိတ်မှာ ဒေါမနဿ(မခံချင်စိတ်)ဖြစ်သည်။ ထိုအခါ ကိုယ်နာ၍ စိတ်နာခြင်း ဖြစ်သည်။ ခန္ဓာ နှစ်အကွက်မှာ အနာပေါ်သောအခါ သုံးအကွက် အလောဘ အနာတွေ မပေါ်အောင် တဏှာ ဥပါဒါန် ကံတွေ မဖြစ်အောင် ဖြတ်တတ်ရမည်။ ထိုသို့ ဖြတ်တတ်မှသာ ကိုယ်နာ၍ စိတ်မနာခြင်း ဖြစ်သည်။
ခန္ဓာထဲက တစ်ခုခု ဖောက်ပြန်ပြပြီဆိုမှ ခန္ဓာကို ငါစွဲထားသော ဒိဋ္ဌိကြောင့် ငါ ဘာများဖြစ်သွားသလဲ ဆိုပြီး စိုးရိမ်စိတ် ပူပန်စိတ် မခံချင်စိတ် ဒေါသစိတ်တွေ ဖြစ်လာသည်။ ကိုယ်နာ၍ စိတ်နာခြင်း ဖြစ်သည်။ ကိုယ်ကို ငါဟု စွဲယူထားသော ဒိဋ္ဌိကြောင့် ဖြစ်သည်။ ခန္ဓာကို ငါ ငါ့ဥစ္စာ(အတ္တနှင့် အတ္တနိယ) လုပ်ထားလျှင် ကိုယ်နာသည်နှင့် စိတ်နာတတ်သည်။ ခန္ဓာကိုယ်ကို ဒိဋ္ဌိ တဏှာနှင့် ခင်တွယ်နေသောကြောင့် ဖြစ်သည်။ ဝိပဿနာ မလုပ်သရွေ့ ကိုယ်နာစိတ်နာချည်း မှတ်ပါဟု မိန့်သည်။ ကိုယ်က ဖြစ်ပျက်နေတာကို စိတ်က သိသိနေလျှင် (ဒုက္ခသစ္စာဟု သိနေလျှင်) ကိုယ်နာသော်လည်း စိတ်မနာတော့ပါ။ မဂ်စိတ်သည် နာတတ်သော စိတ်မဟုတ်ပါ။ ကိုယ်နာတာက ဒုက္ခသစ္စာ စိတ်မနာတာက မဂ္ဂသစ္စာ ဖြစ်သည်။ ကိုယ်နာ၍ စိတ်နာတာ သံသရာခရီးသည်အလုပ် ကိုယ်နာ၍ စိတ်မနာတာမှ သံသရာခရီးဆုံး အလုပ်ဟုလည်း ရှင်းပြထားသည်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၁)
မိမိတို့ သန္တာန်ပေါ်သမျှ စိတ်တို့သည် ဖြစ်ပြီးပျက်ကုန်ကြသည်ချည်း
ဖြစ်၏။ အနိစ္စ ဟူသရွေ့ ဒုက္ခသစ္စာချည်း မှတ်ရမည်။ ခန္ဓာကိုယ်ကို
ဉာဏ်လှည့်လိုက်လျှင် ဒုက္ခသစ္စာကို တွေ့မည်။ "ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ဟု
ဟောတော်မူသည်။
အဆင်းတစ်ခု မြင်လျှင်မြင်စိတ် စက္ခုဝိညာဉ် ပေါ်သည်။ ပေါ်ပြီး ပျက်သည်။ (အဆင်းပျက်သည်ဟု မယူရ မြင်စိတ်ပျက်မှုကိုသာ ဉာဏ်မှာ မြင်အောင် ရှုရမည်။) သမုဒယသစ္စာကြောင့် ဖြစ်သော တရမှန်သမျှ ဒုက္ခသစ္စာချည်းပင် မိမိတို့ ခန္ဓာမှာ ဒုက္ခသစ္စာပဲ ရှိသည်။ အနိစ္စ(ဒုက္ခသစ္စာ)တွေ တွေ့ဖန်များလျှင် ဒါတွေသည် ငြီးငွေ့စရာတွေပါလား ဆိုသော နိဗ္ဗိန္ဒဉာဏ် ပေါ်လာမည်။ ငြီးငွေ့လျှင် မဂ်ပေါ်လာမည် ဖြစ်၏။ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ "ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ" မိမိတို့ သန္တာန်မှာ ဒုက္ခဖြစ်ပြီး ဒုက္ခချုပ်တာပဲ ရှိကြောင်း ရှင်းပြသည်။
ဒါကြောင့် စိတ်ကြိုက် စိတ်တစ်လုံးတည်း ပေးရှု ဝေဒနာကြိုက်လျှင် ဝေဒနာတစ်လုံးတည်း ပေးရှုဟု မိန့်ဆိုသည်။ ဘာရှုရှု ဖြစ်ပျက်ပဲ တွေ့မည်ဖြစ်၏။ ဖြစ်ပျက်တာက ဒုက္ခသစ္စာ ရှုလို့ သိတာက မဂ္ဂသစ္စာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆုတောင်း၍ မရကြောင်း ဆရာတော်ကြီးက ဆိုသည်။ မဂ်ဉာဏ် ရချင်လျှင် တရားအားထုတ်မှ ရသည်ဟု မှတ်ရမည်။ ဘုရားဆီ သွားတောင်း၍ မရနိုင်ပါ။
ထို့နောက် ဝိပဿနာရှုလျှင် ပဋိစ္စသမုပ္ပာဒ် နှစ်အကွက် ပစ္စုပ္ပန်ခန္ဓာကို ရှုရမည်ဖြစ်ကြောင်း ရှင်းပြသည်။ ဆရာကောင်း နည်းကောင်းရလျှင် နှစ်အကွက်ထဲက တရားတွေက သမ္မာဒိဋ္ဌိကို ပေးသည်။ သမ္မာဒိဋ္ဌိရလျှင် သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မဂ္ဂင်၅ပါး ရသည်။ အနိစ္စ တစ်ချက် မြင်ရုံဖြင့် ရသည်။ နှစ်အကွက်ထဲမှာ ရှု နှစ်အကွက်ထဲပဲ မဂ္ဂင်ငါးပါး ပေါ်သည်။ မဂ္ဂင်သည် ယခုဘဝ လက်ငင်းရသည်။ လက်ငင်းရနိုင်သော ဤတရားကို ဝဋ်ဘဝတိုတိုနှင့် မဂ်ဖိုလ်ရပါလို၏ ဆုတောင်းတာသည် လက်ငင်း ရနိုင်တာကို အကြွေးတောင်းသလို ဖြစ်နေသည်ဟု ရှင်းပြထားသည်။ ခုတရားအားထုတ် အခု ရပါလို၏ ဆိုရင် ကောင်းတယ်ဟုလည်း မိန့်ပါ၏။ နှစ်အကွက်ထဲ အားထုတ် နှစ်အကွက်ထဲ သောတာပန် တည်သည်ဟုလည်း မိန့်မှာတော်မူသည်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၀)
တရား နာနေတာ တရား အားထုတ်ကြတာသည် ကိုယ့်ကိုယ်ကိုယ်
ကယ်တင်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ခြင်း
ဆိုသည်မှာ သံသရာဝဋ်ဒုက္ခမှ ကင်းဝေးအောင် ကြိုးပမ်းရေးပင် ဖြစ်၏။ ထို့သို့
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်မှာ ဆရာကောင်း တွေ့မှလည်း ဖြစ်သည်။ တရားနာမှု
တရားအားထုတ်မှုကို နက်ဖြန်မှ သန်ဘက်မှဟု ရကိရွှေ့ နေခြင်းသည်
တဏှာခိုင်းရာလုပ်ပြီး မျက်စိလည်နေ၍ ဖြစ်သည်။ တဏှာခိုင်းသည့် အလုပ်နှင့်
ဉာဏ်ခိုင်းသည့်အလုပ် ဘယ်အလုပ် လုပ်သင့်သလဲ စဉ်းစားသင့်ပုံကို ဟောသည်။
ငွေရရင် ပျော်နေတာသည် ကိလေသာရူး ဖြစ်နေတာဟုလည်း ဆိုသည်။ တဏှာခိုင်းတာ လုပ်ပြီး ဉာဏ်ခိုင်းသော သူတော်ကောင်း အလုပ် မလုပ်ဘဲနေလျှင် မျက်စိလည်နေခြင်း ဖြစ်ပုံကို ပြသည်။ တဏှာအလိမ်မိနေတာ ဖြစ်ပုံကို ပြသည်။ ရောဂါ ရောက်သောအခါ မသေရအောင် ဆရာကောင်း ဆေးကောင်းရှာပြီး ငွေကုန်ခံ ကုသသည်။ အလှူပေးသောအခါ မဏ္ဍပ်ကြီးထိုးပြီး လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းပြီး သေဘေးကို ဆုတောင်းသည်ဟု ထောက်ပြသည်။ တဏှာ အလိမ်ခံရပုံ ဖြစ်သည်။ ကျန်းမာတော့ အသေရှာသည်။ မကျန်းမာမှ အသေလွတ်ရာ ရှာသည်ဟု ဆိုသည်။
ခန္ဓာကိုယ်ကြီးသည် ဒုက္ခခန္ဓာကြီး ဖြစ်သည်။ သူ့ကို ဖြစ်ပျက်မြင်အောင် ရှုရမည်။ ထိုခန္ဓာကို မလိုချင်အောင် မုန်းအောင် ကြည့်ရမည်။ ဉာဏ်မရှိခင်က ဒီခန္ဓာကို ငါ့ဟာဟု ပြောသည်။ ဆရာကောင်းနှင့် တွေ့ပြီး ဉာဏ်အမြင် ရသောအခါ ဤခန္ဓာ ဒုက္ခသစ္စာဟု သိသည်။ ဒုက္ခသစ္စာသည် သိမ်းပိုက်ရမည့် အရာမဟုတ် ပစ်ထားခဲ့ရမည့် အရာသာ ဖြစ်သည်။ ဒုက္ခသစ္စာကြီးကို ငါ ငါ့ဥစ္စာ ထင်နေခဲ့ကြသည်။ သာသနာတွင်းမှာ လူမဖြစ်သရွေ့ ဆရာကောင်း မတွေ့သရွေ့ အမြင်မှန် မရနိုင်။ ငါဆိုတာက ဒိဋ္ဌိ ငါ့ဥစ္စာဆိုတာက တဏှာ ဖြစ်သည်။ ဒီခန္ဓာကြီးကို တဏှာဒိဋ္ဌိနှင့် စွဲပြီးသေလျှင် တဏှာ ဥပါဒါန် ကံ ပဋိစ္စသမုပ္ပာဒ်အရ ဒိဋ္ဌိဦးစီးသော ကံဖြစ်၍ အပါယ် အကျိုးပေးသည်။ ငါက ဒိဋ္ဌုပါဒါန် ငါ့ဥစ္စာက ကာမုပါဒါန် ဖြစ်သည်။ ဥပါဒါန်နှင့် သေလျှင် ဥပါဒါနပစ္စယာ ဘဝ ဘဝပစ္စယာ ဇာတိ ဇရာ မရဏ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဖြစ်တော့သည်။ ခန္ဓာချည်တိုင်မှာ ခေါင်းစင်းပြီး သေရခြင်းဖြစ်သည်ဟု မိန့်ပါသည်။
ဤတွင် ဆရာတော်ကြီးက ခန္ဓာကိုချည်တိုင် တဏှာကကြိုး အဝိဇ္ဇာဒိဋ္ဌိက လည်ပတ်(ငါစွဲ) ပုထုဇဉ်၏ အဖြစ်ကို ပြသည်။ ဒိဋ္ဌိလည်ပတ်၍ ခန္ဓာချည်တိုင်မှာ တဏှာကြိုးဖြင့် ချည်နှောင်ထားခြင်း ခံနေရပုံကို သရုပ်ဖော်ပြသည်။ ဝိပဿနာ မလုပ်တဲ့ပုဂ္ဂိုလ် ငါ ငါ့ဥစ္စာစွဲ မပြုတ်တဲ့ ပုဂ္ဂိုလ်မှာ အပါယ်ပဲ ဖြစ်နေရသည်။ လွတ်ချငိလျှင် တဏှာကြိုးနှင့် ဒိဋ္ဌိလည်ပတ်ကို ပြတ်အောင် လုပ်ရမည်။
လည်ပတ်နှင့် ကြိုးပြတ်အောင် လုပ်မည်ဆိုလျှင် စိတ်ကိုဖြစ်စေ ဝေဒနာကိုဖြစ်စေ ဖြစ်ပျက် ဝိပဿနာ ရှုရမည်။ တဏှာကြိုးပြတ် ဒိဋ္ဌိလည်ပတ် ပြတ်လျှင် ပုထုဉ်ဘဝက လွတ်ပြီ။ အရိယာဘဝကို ရောက်ပြီ။ ဒါကြောင့် သတိပဋ္ဌာန်လေးပါး တစ်ပါးပါးကို ရှုရမည်ဟု ဆုံးမထားသည်။

Subscribe to:
Posts (Atom)