Wednesday, April 15

”စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်မြင်မည်”


”မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသည့် စီဒီနံပါတ်(၇၃) မှ နံပါတ် (၆) တရားအမည် ဖြစ်သည့် ”စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်မြင်မည်” တရားတော်မှ မှတ်စု”

မိလိန္ဒမင်းကြီး၏မေးခွန်း–

(၁)ကံကြောင့်ဖြစ်သောတရား
(၂)အကြောင်းကြောင့်ဖြစ်သောတရား
(၃)ဥတုကြောင့်ဖြစ်သောတရား
(၄)ကံကြောင့်မဖြစ်သောတရား
(၅)အကြောင်းကြောင့်မဖြစ်သောတရား
(၆)ဥတုကြောင့်မဖြစ်သောတရားအား အမိန့်ရှိတော်မူပါ အရှင်ဘုရား။

နာဂသေနမထေရ်အရှင်မြတ်၏ အဖြေ–

ကံဆိုတဲ့ စေတနာက ရုပ်နာမ်ဓမ္မကို ဖြစ်စေ၏။
မီး၊ မျိုးစေ့တို့က အကြောင်းကြောင့်ဖြစ်စေသော တရားဖြစ်သည်။
ရေ၊တောင်၊လေတို့က ဥတုက ဖြစ်စေတယ်။

ကံကြောင့်မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
အကြောင်းကြောင့်မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။
ဥတုကြောင်းကြောင့် မဖြစ်တဲ့တရားကတော့ နိဗ္ဗာန် ဖြစ်တယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောပြထောက်ပြချက်–

ကံကြောင့် နိဗ္ဗာန်မဖြစ်ပါဘူး၊ ရှိခိုးရတဲ့ကံကြောင့် နိဗ္ဗာန်ရရပါလို၏ဟု ဆိုလို့ မရပါဘူး။
ဉာဏ်ကြောင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်။ နိဗ္ဗာန်ကို ကံနဲ့ ကြိုးစားနေလို့ ရမှာမဟုတ်ပါဘူး။ ဉာဏ်နဲ့ ကြိုးစားမှသာ ရနိုင်တယ်ဆိုတာကို ထိုးထိုးထွင်းထွင်းသိစေလို၍ ဤသို့ ဖော်ထုတ်ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။

ဒါကြောင့် တရားနာတယ်ဆိုတာက ဉာဏ်စခန်းသွားပြီး ဉာဏ်သွားယူတာပါ။

နိဗ္ဗာန်ဆိုတာက မဂ္ဂင်လမ်းကမှ သွားလို့ရတယ်။ မဂ္ဂင်လမ်းဆိုတာ သမ္မာဒိဋ္ဌိ ဖြစ်အောင်လုပ်ရတယ်။

မိဘရိုးရာ အစဉ်အဆက်လမ်း၊ ရပ်ရွာစကား လမ်း၊ သက်ကြီးဝါကြီးတို့၏ အစဉ်အဆက်လမ်း က သွားလို့မရပါဘူး။ ရိုးရာစဉ်ကို အားကိုနေလို့မဖြစ်ဘူး။ ဉာဏ်ကိုသာ အားကိုးရပေလိမ့်မယ်။

ဇရာ၊မရဏက ကိုယ်ပိုင်ရှိနေတယ်။ ဒါကို ဉာဏ်နဲ့ ကျော်မှသာ ရမယ်။

နိဗ္ဗာန်ဆိုတာ ဖြစ်ဆဲလည်းမဟုတ်ဘူး၊ ဖြစ်ပြီးလည်း မဟုတ်ဘူး။ သူတစ်ပါးက ဖြစ်စေအပ်တဲ့တရားလည်း မဟုတ်ဘူး။
အတိတ်တရားလည်း မဟုတ်ဘူး၊ ပစ္စုပ္ပာန်တရားလည်းမဟုတ်၊ အနာဂတ်တရားလည်း မဟုတ်ပါဘူး။
အတိတ်မှာလည်း နိဗ္ဗာန်သည်ရှိမနေဘူး၊ ပစ္စုပ္ပာန်၌လည်း နိဗ္ဗာန်သည်ရှိမနေဘူး။ အနာဂတ်၌လည်း နိဗ္ဗာန်သည်ရှိမှာမဟုတ်။ ဒါကြောင့် ဆွမ်းတော်တင်ရင်ပါနေတယ်.. ဘာလဲဆိုတော့ - အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ကို ရောက်ရပါလို့၏ ဟု ဆုတောင်းနေတာတွေက မှားနေတယ်။ အဆုံးစွန်ဆိုတာက အနာဂတ်မှာ ဆိုတာပဲ။ ဒီတော့ နိဗ္ဗာန်သည် အနာဂတ်မှာ ရှိမနေဘူးလို့ ဆိုထားတော့ အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ကို ရောက်ရပါလို့၏ ဆိုတာက မှားနေတယ်။

ယခုပူဇော်ဖူးမြော်ကန်တော့ရသော အကျိုးအားကြောင့် ဘုရားတပည့်တော် အားထုတ်ကျင့်ကြံသော ဝိပဿနာဉာဏ်သည် ယခုဘဝ၌ပင်လျင် မဂ်ဉာဏ်သို့ လျင်မြန်စွာ ကျေးဇူးပြု၍ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်အား မျက်မှောက်ပြုရပါလို့၏ - ဆိုရင် မှန်တယ်။

ထို့ကြောင့် ကုသိုလ်ပြုတိုင်း “ နိဗ္ဗာန်ရောက်ရာ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန် ရောက်ရပါလို၏” ဟု ဆုတောင်းသင့်ပါသည်။ သို့သော် နိဗ္ဗာန်သည် ဆုတောင်းရုံဖြင့် အလိုလိုတော့ မပြည့်ပါ။ မိုးကုတ်ဆရာတော်ကြီးက နိဗ္ဗာန်သည် အလုပ် လုပ်သူသာ ရသည်၊ ဆုတောင်းရုံသာတတ်သည့် အချောင်သမားများနှင့် မဆိုင်ဟု မိန့်ခဲ့ပါသည်။ အားထုတ်သူသာ ရသည်ဟု ဆိုလိုပါသည်။ သို့သော် နိဗ္ဗာန်ရောက်စေတဲ့ အကြောင်းတရားများ မိမိသန္တာန်တွင် ပြည့်စုံလာစေခြင်းသည်ပင် ဆုတောင်းပြည့်ခြင်းပင်။ သားရွှေအိုးထမ်းတဲ့ ဆုတောင်းမျိုး ဖြစ်ပါသည်။ နိဗ္ဗာန်ရဖို့သည် သုဂတိဘုံတွင် ရှိရမည်။ ဗုဒ္ဓသာသနာနဲ့ တွေ့ရမည်။ တနည်းပြောရရင် ရပ်ပြစ် ၈ ပါး လွတ်ရဦးမည်။ သစ္စာတရားကြားနားကြားနိုင်သောနား၊ ထိုးထွင်းသိနိုင်တဲ့ အမောဟစေတသိတ်ပါသော ပဋိသန္ဓေ(တိဟိတ်)ဖြစ်ရဦးမည်။ ၀ိပဿနာကို နည်းမှန်လမ်းမှန် အားထုတ်နိုင်ဖို့ လမ်းညွှန်ပြသမည့် ကလျာဏမိတ္တနှင့် တွေ့ရဦးမည်။ ယင်းအချက်များ ပြည့်စုံလျှင်ပင် လူဖြစ်ရကျိုး နပ်နေပါပြီ။ ထို့ထက် ကိုယ်တိုင် အားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လျှင်ကား အတိုင်းထက်အလွန်ပင် မဟုတ်ပါလား။ ထို့ကြောင့် တစ်ချက်ထဲနဲ့ သုံးလေးချက် ပြည့်စုံသော ဆုတောင်းဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ”
တရားတော်အားပြန်ဆက်ရလျင် –
ဒီတော့ မြတ်စွာဘုရားရှင်က -
ငါဘုရား၏ အမှုက ဟောပြောမှု၊
မင်းတို့က ဟောပြောတဲ့နည်းကို ယူပြီး ကိုယ်တိုင် အားထုတ်ကျင့်ကြံမှု၊ လုပ်ကိုင်ယူမှု။ ဒါကြောင့် သူ့အမှု၊ ကိုယ့်အမူတွေရှိတယ်။
ဒါကြောင့် ကိုယ့်အမူကို ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။

နိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်သည်။

ကာလသုံးပါးက လွတ်သည်ဆိုရင်ပင် နိဗ္ဗာန်ဆိုတာသည် မရှိတော့ဘူးလားလို့ အမေးပြုလိုက်တယ်။

ဒွါရခြောက်ပေါက်ရှိတယ်။ မျက်စိနဲ့လည်း နိဗ္ဗာန်ကို မမြင်နိုင်ဘူး။ နားနဲ့မကြားနိုင်ဘူး၊ နှာခေါင်းနဲ့လည်း အနံမခံနိုင်ဘူး၊ လျှာနဲ့လည်း အရသာမခံနိုင်ဘူး။ ကိုယ်နဲ့လည်း မထိတွေ့နိုင်ဘူး။ မနောနဲ့တော့ တွေ့နိုင်တယ်။ မနောသမားကတော့ တွေ့အောင်ရှာနိုင်တယ်။

မနောဆိုတာ အိပ်နေတဲ့ ဘဝင်စိတ်ကိုလည်း မနော၊ ကြံတွေးစိတ်ကလည်း မနောပါပဲ။ ဒီတော့-

မနောတိုင်းပဲ နိဗ္ဗာန်ကို မြင်နိုင်တွေ့နိုင်ပါသလား ?
အရိယာအရှင်မြတ်တို့၏ သာဝကလည်းဖြစ်ရမယ်။ ထိုပုဂ္ဂိုလ်သည် ကောင်းစွာလည်းကျင့်ကြံအားထုတ်ရမည်။ ထိုသို့ကောင်းစွာကျင့်ကြံတဲ့ ပုဂ္ဂိုလ်၏ ကိလေသာ မနှောတဲ့ စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်ကို မြင်နိုင်မယ်။
”သူတောင်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်အခွင့် ရလင့်ဧကန်သာ”

နိဗ္ဗာန်ကို တွေ့အောင်ရှာရှင်လို့ရှိရင် မနောကို ကိလေသာ မရောစေနဲ့။ စင်ကြယ်တဲ့မနောနဲ့မှသာ နိဗ္ဗာန်ကို မြင်နိုင်တယ်။

မနောမှာလည်း နှစ်မျိုးရှိတယ်ဆိုတာကို သတိထားရလိမ့်မယ်။
ကိလေသာကို အာရုံပြုနိုင်တဲ့ မနောက တစ်မျိုး၊
ကိလေသာကို အာရုံကို မပြုတဲ့ မနောက တစ်မျိုး၊
မဂ်စိတ်မနောအဖြစ်နဲ့ အာသဝနယ်ကလွတ်ပြီး အာသဝဆိုတဲ့ ကိလေသာနဲ့ မရောတဲ့ မနောကမှ နိဗ္ဗာန်ကို မြင်နိုင်၏။
နိဗ္ဗာန်သည် မနောဒွါရ၏ အာရုံဖြစ်သည်။
သို့သော် မနောတိုင်းလားဆိုရင်လည်း မဟုတ်ဘူး။ စင်ကြယ်သောမနောနဲ့မှသာ နိဗ္ဗာန်ကို မြင်နိုင်တယ်။ တို့မမြင်တာသည် မစင်ကြယ်လို့ဖြစ်တယ်။

ကိလေသာရောနေတဲ့ ဉာဏ်သာရှိတယ်။ ကိလေသာမရောတဲ့ ဉာဏ်ကမရှိသေးဘူး။
ဉာဏ်လို့ဆိုပြီးမှ ကိလေသာရောတာတို့ မရောတာတို့ ရှိသေးရဲ့လားလို့ အမေးပြုလိုက်တယ်။ ရှိတယ်။ ဝိပဿနာဉာဏ်က ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်းတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီဉာဏ်က အာသဝနယ်ထဲက မလွတ်သေးဘူး။

အာသဝတို့နယ်နမိတ်က မလွတ်သေးတဲ့ဉာဏ်နဲ့ နိဗ္ဗာန်မတွေ့နိုင်ဘူး။

ဒုက္ခကို ပိုင်းခြားပြီးသကာလ ဒီဒုက္ခကို မလိုချင်တော့ပါဘူးဆိုတဲ့ မဂ်ဉာဏ်ဖြစ်မှသာ အာသဝနယ်က လွယ်ပြီးတော့မှသာ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်။
ဒီတော့ ဘုရားတပည့်တော်တို့ နိဗ္ဗာန်မမြင်သေးဘူး၊ မမြင်သေးဘူးဆိုရင် ဘာလုပ်ရမလဲ။ မနောကို စင်ကြယ်အောင်လုပ်၊ စင်ကြယ်အောင် ကြိုးစားရမယ်။ ဒါမှသာ ရမယ်ဆိုတာကို သဘောပေါက်ဖို့လိုပါမယ်။

ကိုယ့်ဟာကို ဒီဂရီဘယ်လောက်ရှိတယ်ဆိုတာကို ယှဉ်ထိုးကြည့်လို့ရပြီ။ ရှုသောပုဂ္ဂိုလ်၏ မနောစင်ကြယ်မှ နိဗ္ဗာန်ကို တွေ့မှာဖြစ်ပါတယ်။

ကိလေသာနူနာရှိတဲ့ပုဂ္ဂိုလ်သည် သားသမီး ပစ္စည်းဆိုတဲ့ မီးနားကို ကပ်ချင်တယ်။ မီးနာကပ်လိုက်တော့မှ နူနာက သက်သာတော့တယ်ဆိုကြတယ်မဟုတ်လား။ သားကို စိတ်ပူနေတာ။ ခုတွေ့လိုက်တော့မှ စိတ်သက်သာရာ ရတော့တယ်ဆိုတာသည် စိတ်ပူတဲ့ ကိလေသာနူနာက သားဆိုတဲ့မီးနားကို ကပ်လိုက်တော့မှ ကိလေသာနူနာက သက်သာရာ ရတော့တယ်ဆိုတာပဲ။

” ဒီလို ကိလေသာနူနာရှိတဲ့ မနောကတော့ နိဗ္ဗာန်ကို မမြင်နိုင်ဘူး ဆိုတာ လေးစားစွာမှတ်လိုက်ပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ယှဉ်ထိုးသုံးသပ်လို့ရပြီ။ ကိုယ့်မှာ နူနာရှိနေလား၊ မီးကို တောင့်တနေလား၊
မီးကိုတောင့်တနေရင် နူနာရှိနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ၊ နူနာရှိနေရင်လည်း မီးနာကပ်ချင်တော့မှာပဲ ဆိုတာကို ဆုံးဖြတ်ချက်ချ၊
မရှက်မကြောင့် ပြတ်ပြတ်သားသား သုံးသပ်ဆုံးဖြတ်ရပေလိမ့်မယ်။ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လှည့်စားမယ်ဆိုရင်တော့ အိုနာသေ နောက်တစ်ဖန် လိုချင်တာပဲ။ နောက်ခန္ဓာကို ယခုလှည့်စားရင်တော့ ရမှာသေချာတယ်။ နောက်ခန္ဓာရရင် ခန္ဓာနဲ့အတူ အိုနာသေက တွဲပြီးပါလာတော့မယ်။ ဒီတော့ မှန်မှန်ကန်ဆုံးဖြတ်ချက်ချပြီး သကာလ မိမိနူနာကို ပျောက်အောင် မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ကုသရပေလိမ့်မယ်။ ဒီနူနာပျောက်မှသာ ကိလေသာနူနာမရောတဲ့ စင်ကြယ်တဲ့မနောနဲ့မှ နိဗ္ဗာန်ကို မြင်နိုင်မှာဖြစ်တယ်။ ”

ဒါဖြင့် ဘဝများစွာ သံသရာက မနောမစင်ကြယ်ခဲ့ပါဘူးဆိုတာ အခုပေါ်တာပဲ။ နူနာနဲ့သာနေခဲ့ရပြီး ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုခဲ့ရတာပဲ။ ဒီတော့ ကိလေသာအနာမစင်ကြယ်ရင် နိဗ္ဗာန်ကို မမြင်နိုင်ဘူး။

နိဗ္ဗာန်သည် ကာလအားဖြင့် မရှိနေပါ။ သူတစ်ပါးက ဖန်တီးပြုပြင်ထားသည်လည်း မဟုတ်ပါ။ နေရာဌာနအားဖြင့်လည်း မဟုတ်ပါဘူး။ ဘယ်လိုပုဂ္ဂိုလ်ကမှသာ နိဗ္ဗာန်ကို တွေ့နိုင်မှာလဲဆိုတော့ မနောကို စင်ကြယ်အောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှသာ တွေ့နိုင်မယ်။ မစင်ကြယ်တဲ့ ဉာဏ်နဲ့ဆိုရင် မတွေ့နိုင်ဘူး။ စင်ကြယ်မှု၊ မစင်ကြယ်မှုဆိုတာသည် ဉာဏ်ထက်မှုအပေါ်မှာ မူတည်နေတယ်။
ဒီတော့ ဉာဏ်ထက်မှုအပေါ်ကို သုံးသပ်ရတော့မယ်ဆိုတော့ ဉာဏ်စဉ်ဆိုတာ ဖြစ်ပေါ်လာပြန်တယ်။ ဉာဏ်စဉ်နဲ့ ဆိုတာသည် ဉာဏ်ထက်မှု၊မထက်မှုကိုလည်း ဆုံးဖြတ်ဖော်ပြပေးသလို၊ ကိလေသာစင်ကြယ်မှုနဲ့ ဝေးကွာမှု၊ မဝေးကွာမှုကိုလည်း ပဓာနထားဖော်ပြပေးပါတယ်။ ဉာဏ်တွေစဉ်ပြီးသကာလ ၁ နံပါတ် ဉာဏ်၊ ၂ နံပါတ် ဉာဏ်၊ ၃ နံပါတ် ဉာဏ်ဆိုပြီ စဉ်လိုက်တယ်။ ၁)ဉာဏ်က ယထာဘူတဉာဏ်၊ ဒီဉာဏ်ကတော့ ကိလေသာနည်းနည်းများနေသေးတယ်၊
၂) ဉာဏ်ဖြစ်တဲ့ နိဗ္ဗန္ဒဉာဏ်ကျတော့ ကိလေသာ နည်းနည်း နည်းသွားပြီ။
၃) မဂ်ဉာဏ်ကျတော့ ကိလေသာ အရှင်းမပါတော့ဘူး။
ဒီတော့ ၁)ဉာဏ်(၂)ဉာဏ်(၃)ဉာဏ် ဆိုပြီး ဉာဏ်စဉ်ရခြင်းသည် ကိလေသာအတွက်စဉ်ရတာဖြစ်တယ်။
၁)ဉာဏ်၏ သဘောကတော့ ဒီခန္ဓာ၏သဘောကို ယထာဘူတာဉာဏ်နဲ့ ဟုတ်တိုင်းမှန်စွာသိတယ်။ အနိစ္စတရားတွေ၊ ဒုက္ခတရားတွေ၊ အနတ္တတရားတွေပဲရှိတယ်ဆိုတာကို သူသိတယ်။ သိုသော် ဒီအနိစ္စ၊ဒုက္ခကို မုန်းပါရဲ့လား၊ မမုန်းသေးဘူး။ ဒီတော့ ဒီဉာဏ်ကို နုသေးတဲ့ဉာဏ်ဖြစ်နေတယ်။ နိဗ္ဗန္ဒဉာဏ်ကျတော့ ဒီအနိစ္စ၊ဒုက္ခတွေကို မုန်းလာပြီ။ ဒီဉာဏ်ကို ဉာဏ်အားရှိလာတယ်လို့ ခေါ်ပါတယ်၊ ဘာကြောင့်ဉာဏ်အားရှိလာတယ်လို့ ဆိုရတာလဲဆိုတော့ ကိလေသာနဲ့ ဝေးလာတယ်။
(၁)နံပါတ်က ကိလေသာနဲ့ နီးတယ်၊
(၂)နံပါတ်ကျတော့ ဝေးလာတယ်။
(၃)နံပါတ်ကျတော့ ဒါဒုက္ခသစ္စာပဲလို့ ဒုက္ခကိုပိုင်းခြားချလိုက်တာနဲ့ နိရောဓသစ္စာကလည်း ပေါ်ရော။ ဒါသည် ကိလေသာနဲ့ ဆက်သွယ်တယ်လို့ ဆိုလို့ရသေးလား၊ ဆိုလို့မရတော့ဘူး။ ကိလေသာနဲ့ လုံးဝမဆက်သွယ်တော့ဘူး။ ဒီလို စင်ကြယ်တဲ့ဉာဏ်ကသာ ဒုက္ခဆုံးတဲ့ သုခနိဗ္ဗာန်ကိုတွေ့တယ်။

ဉာဏ်စဉ်တာသည် ကိလေသာအတွက်စဉ်ရတာ။

ကိလေသာဌာနနယ်မှာနေတဲ့ မနောက နိဗ္ဗာန်ကို မမြင်ဘူး။
ကိလေသာဌာနကလွတ်တဲ့ မနောကမှ နိဗ္ဗာန်ကို မြင်နိုင်မယ်။

မိမိတို့အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် (ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်၊ အဖန်ဖန်အခါခါရှုမှတ်ပွားများ၏ ဖြစ်ပျက်သဘောသာအား မုန်းလာသောဉာဏ်) မဂ်ဉာဏ်(ဖြစ်ပျက်အဆုံး၌ ဖြစ်ခြင်းပျက်ခြင်းမရှိသည့်တရားကို မြင်တဲ့ဉာဏ်) အားလျင်မြန်စွာ ကျေးဇူးပြု၍ နောက်တစ်ဖန်ပဋိသန္ဓေမနေရခြင်းသော သုခကို ယခုဘဝ၌ ပိုင်ဆိုင် ဆုံးခန်းတိုင်နိုင်ကြပါစေ…
(မေတ္တာပန်းတို့လန်းရာမြေ) မှတဆင့်

No comments:

Post a Comment