Thursday, October 20

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ အလုပ်စဉ်မှန်မှ နိဗ္ဗာန်ရ


နိဗ္ဗာန်ကိုတကယ်လိုချင်တဲ့သူဟာ နိဗ္ဗာန်ရောက်ကြောင်း
လမ်းမှန်ကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။
ခန္ဓာဘာလဲ၊ ဓါတ်က ဘာလဲ၊ရုပ်ကဘာလဲ၊
နာမ်ကဘာလဲ၊ပညတ် ပရမတ်စသဖြင့် သိအောင်တော့
လေ့လာရပါလိမိ့မယ်။

သူများတွေတရားထိုင်လို့လိုက်ထိုင်တယ်။ နာရင်နာတယ်လို့သိတယ်။
အောင့်ရင်အောင့်တယ်လို့သိတယ်။ပူရင်ပူတယ်လို့သိတယ်။
ဒီလိုလေးသိပြီးနေတာလောက်ကို နိဗ္ဗာန်ရောက်ဖို့တရား
အားထုတ်တယ်လို့ အထင်ရောက်နေတတ်ကြတယ်။
နိဗ္ဗာန်ရောက်ဖို့နီးစပ်တယ်လို့ထင်တတ်ကြတယ်။
ထိုင်ရင်းနဲ့ တရားတွေ့လာမယ်လို့ယူဆတတ်ကြတယ်။
လုံးဝလွဲပါတယ်။ နာတာကျင်တာပူတာအောင့်တာလောက်
ကတော့ တိရိစ္ဆာန်တွေတောင်သိပါတယ်။
နာတာကျင်တာသိလို့ အရိယာများဖြစ်ကြမယ်ဆိုရင်
နာတာနာမှန်းသိလို့ အိုင်ခနဲ အိုင်ခနဲ ဂိန်ခနဲ ဂိန်ခနဲများ
အော်ရင်း ခွေးတွေသောတာပန်တည်ကြတော့မှာပေါ့။
နိဗ္ဗာန်ရချင်တဲ့သူဟာ ၀ိပဿနာအားထုတ်မှရမှာဖြစ်ပါတယ်။
ဝိပဿနာ အလုပ်မလုပ်ပဲနဲ့တော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်
ရနိုင်စရာ အကြောင်းမရှိပါဘူး။ ၀ိပဿနာအားထုတ်ခြင်း
အကြောင်းကြောင့်သာလျင် မဂ်ဖိုလ်အကျိုးကို ရမှာ
ဖြစ်ပါတယ်။ ၀ိပဿနာဆိုရာမှာလည်း သူများဝိလို့ လိုက်ဝိတာမျိုး
မဟုတ်ပဲ ၀ိပဿနာ အစစ်အမှန်ဖြစ်ဖို့လိုပါတယ်။
ဝိပဿနာအစစ်အမှန်နည်းလမ်းနဲ့ ဆင်းရဲပါလားလို့
မဂ်ဉာဏ်က လာကိုလာပါတယ်။
ဝိပဿနာဆိုတာ အထူးပြုရှုမှတ်ခြင်းပါ။သာမာန်သိရိုးသိစဉ်
ကိုအသိကပ်ပေးရုံနဲ့ ၀ိပဿနာမဟုတ်သေးပါဘူး။
ခန္ဓာရဲ့သဘောအမှန်ကို သိအောင်ဆင်ခြင်ကြည့်ရမှာ
ဖြစ်ပါတယ်။ ခန္ဓာဟာ ဘယ် ခန္ဓာပဲပေါ်ပေါ် ပေါ်ပြီးတာနဲ့
ပျောက်ပါတယ်။ပေါ်ပြီးခဏမှာ ပျောက်ပျက်ခြင်းကိုသိမှ
အနိစ္စမြင်တယ်လို့ခေါ်ပါတယ်။ အနိစ္စလက္ခဏာ ကိုမြင်မှ
မမြဲတဲ့သဘောကြောင့်ဆင်းရဲတယ်လို့ သိနိုင်မှာဖြစ်ပါတယ်။
ဆင်းရဲတာကို ဆင်းရဲတယ်လို့ သိခြင်းက မဂ္ဂသစ္စာပါပဲ။
မဂ္ဂသစ္စာမဖြစ်ရင် ၀ိပဿနာ မမည်ပါဘူး။
မဂ္ဂသစ္စာဖြစ်ဖို့က အပျက်သဘောကိုမြင်သိပြီး ဆင်းရဲပါလားလို့
သိမှ မဂ္ဂသစ္စာဖြစ်မှာပါ။ ဒုက္ခသစ္စာသည် သိ ရမယ့်တရား။
မဂ္ဂသစ္စာသည် ပွားရမယ့်တရား ။ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့
အမှန်အတိုင်း သိခြင်းသည်မဂ္ဂသစ္စာ။မဂ္ဂသစ္စာဖြင့် ရှုမြင်နေခြင်းကြောင့်
သမုဒယသစ္စာမလာတော့ဘူး။ သမုဒယသစ္စာမလာတော့တဲ့
အတွက် လိုချင်တယ် ရချင်တယ် မကျေနပ်ဘူး အလိုမကျဘူးဆိုတဲ့
လောဘ ဒေါသတို့ငြိမ်းနေခြင်းကြောင့် နိရောဓသစ္စာမည်တယ်။
သမုဒယသစ္စာသည် ပယ်ရမယ့်တရား။ နိရောဓသစ္စာသည်
ဆိုက်ရောက်ရမယ့်တရား။
ဝိပဿနာ အားထုတ်တဲ့သူတိုင်းဟာ သိ ပယ် ဆိုက် ပွား ဆိုတဲ့
အဓိပ္ပါယ်လေးခုနဲ့ ကိုက်ညီနေမှ ၀ိပဿနာဖြစ်တယ်ဆိုတာ
မှတ်သားထားဖို့လိုအပ်ပါတယ်။
ဒုက္ခသစ္စာမသိပဲနဲ့ အရိယာမဖြစ်ဘူး။ ဒုက္ခသစ္စာကို သိနိုင်တဲ့
နည်းလမ်းတွေ အသွယ်သွယ်ရှိပါတယ်။ ဖြစ်တဲ့ သင်္ခါရတရားမှန်သမျှ
ပျက်ကြတယ်။ဖြစ်ပြီးပျက်တယ်လို့ သိခြင်းသည် ဒုက္ခသစ္စာကိုသိခြင်း။
ဖြစ်တဲ့ သင်္ခါရတရားမှန်သမျှဟာ ပျက်ဖို့အကြောင်းကြီးပဲ။
ပျက်ဖို့အကြောင်းနဲ့
ဖြစ်လာပြီး ပျက်ခြင်းအကျိုးသာလျှင် ရတယ် အကြောင်းတစ်လှည့်
အကျိုးတစ်လှည့်လို့ သိခြင်း။ ဒီလိုသိခြင်းသည် ဒုက္ခသစ္စာကိုသိခြင်း။
ဒီလိုပြောလို့လည်းဉာဏ်ရည်မမှီလို့. ဖြစ်ပျက်ကိုမသိပါဘူး
မမြင်ပါဘူးဆိုရင် အလွယ်ဆုံးနည်းလမ်း ကတော့ နှာသီးဖျားလေးကို
အာရုံစိုက်လိုက်။ နှာသီးဖျားမှာ ၀င်လေလေး တိုးဝင်တာ
တိုးထွက်တာကို ဉာဏ်စိတ်နဲ့ကြည့်။ တိုးဝင်တဲ့ဝင်လေဟာ
အခိုက်အတန့်သာရူနိုင်တယ် ရူချင်တဲ့စိတ်က ဆက်မရူချင်တော့တဲ့
အခါ ၀င်လေရပ်သွားတယ် အဲ့ဒီဝင်လေရပ်သွားတာလေးကို
သိအောင်ရှုမှတ်ပါ။ရပ်သွားတဲ့အချိန်ကို အမိအရဖမ်းပြီးသိနိုင်ရင်
အပျက်ကိုသိတာလို့ခေါ်တယ်။ ၀င်လေတိုးဝင်တာကိုသိပြီး
ဆက်မတိုးတော့တာ ဆက်မရူတော့တာ ရူတာရပ်သွားတာ
အဲ့ဒီအချိန်ကို အမိအရ ဖမ်းကြီး သိမြင်ရမှာဖြစ်ပါတယ်။
ထွက်လေလည်း ထွက်မှန်းသိရမှာဖြစ်သလို ရပ်သွားတာကို
သိရမှာဖြစ်ပါတယိ။ ရပ်သွားတဲ့အချိန်ဟာ ဖြစ်တည်မှုတစ်ခု
ပျက်ခြင်းကိုခေါ်ပါတယ်။ အဲ့ဒီလို ဖြစ်တည်မှုတစ်ခု
ပျက်သွားတာကို ဉာဏ်မျက်စိနဲ့ မြင်အောင်ကြည့်တတ်မှ
ဝိပဿနာ မည်ပါတယ်။ အဖြစ်ကိုသိခြင်းသည်
သမထ ။ အပျက်ကို သိခြင်းသည် ၀ိပဿနာ။
ဖြစ်ပြီးတိုင်းပျက်တယ် ဆိုတာကို မြင်မှ အနိစ္စမြင်တယ်လို့
ခေါ်ပါတယ်။ အနိစ္စလို့ မြင်နိုင်တဲ့ ဉာဏ်စွမ်းသည်သာလျင်
ဒုက္ခသစ္စာလို့ ရှုမှတ်ပါလိမ့်မယ်။ အနိစ္စမမြင်တဲ့သူဟာ
ဒုက္ခလို့ သိမှတ်နိုင်မှာ မဟုတ်ပါဘူး။
အလုပ်စဉ်ကို မှန်အောင်တည့်အောင် လုပ်တတ်ဖို့
အရေးကြီးလှပါတယ်။ အလုပ်စဉ်မမှန်ရင်
ဉာဏ်စဉ်လည်း ရမှာမဟုတ်ပါဘူး။
နိဗ္ဗာန်လည်း မြင်မှာမဟုတ်ပါဘူး။
အလုပ်စဉ်မှန်မှ ဉာဏ်စဉ်တက်ပြီး နိဗ္ဗာန်ကို
မလွဲမသွေ မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်
ဖြစ်တည်ပျက်ကို သိနိုင်အောင် မှတ်နိုင်အောင်
ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။

အနိစ္စဉာဏ်မြင်လို့ ရှုမှတ်ဆင်ခြင်နိုင်ကြပါစေ


Monday, October 17

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာကို ကျော်အောင်ကြိုးစား

ဝေဒနာကို ကျော်အောင်ကြိုးစား

လူမိုက်များက ပြောတတ်ကြတယ်..” သေတာများအဆန်းလုပ်လို့
သင်နေရအုံးမှာလား.. သေတစ်နေ့ မွေးတစ်နေ့ပဲဟာ..”..တဲ့။

အဲ့ဒီ အပြောက လားရာဂတိကိုထည့်ပြောတာ မဟုတ်ဘူး။
အခုဟာက လားရာဂတိ ကောင်းတာလည်းဖြစ်ချင်ဖြစ်မယ်။
လားရာဂတိကို မရှိတဲ့အခြေအနေလဲ ရောက်ချင်ရောက်သွားမယ်။
ဝေဒနာပေါ်တာကို ဝေဒနာကိုကျော်၍ အနိစ္စတွေ့အောင်ရှာရတဲ့နည်း။
သေခါနီးမှာပေါ်လာတဲ့ဝေဒနာကို  ဒကျော်တယ်လို့ အနိစ္စလားလို့
ဥာဏ်နဲ့ ကြည့်။ အဲ့ဒီအချိန်မှာ ဝေဒနာပျောက်သွားတာတွေ့ရမယ်။
အဲ့ဒါ အနိစ္စပေါ့။

ဒါကြောင့် နားလည်တဲ့သူတွေကျတော့ ဖြစ်တာက ဝေဒနာ၊ ပျက်တာက
အနိစ္စ လို့ခွဲခြားတတ်တယ်။ သစ္စာဖြစ်အောင်လုပ်ပြီး အသေတတ်ကြ
တာပေါ့။ ဥာဏ်နဲ့ကြည့်တဲ့အခါ ဝေဒနာတွေကိုမတွေ့ရတော့ပဲ။
ဖြစ် ပျက် ကလေးတွေချည်း တွေ့နေတော့တာကို ဝေဒနာ ကျော်တယ်လို့
ပြောတာ။ ဒီတော့ ဝေဒနာကျော်တယ် ဆိုတာ အနိစ္စကိုတွေ့တာပဲ။
အနိစ္စနဲ့ ဖြစ်ပျက် ကလည်း အတူတူပဲဆိုတော့ ဝေဒနာကျော်တယ်
ဆိုတာ ဖြစ်ပျက် မြင်တာပဲလို့လဲ ပြောလို့ရတယ်။ ဝေဒနာကျော်လွန်အောင်
ရှုထားနိုင်မှ စိတ်ချရတာမို့ ဤကိစ္စကို မပေါ့ကြနဲ့နော်။


(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကိုယ့်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်းသိတာ ယူ


ခန္ဓာ ငါးပါး တစ်ပါးပါးကို ဘာလုပ်ရမယ်။ ၀ိပဿနာ ရှုရမယ်။
ခန္ဓာငါးပါး ဘာသစ္စာ။ ဒုက္ခသစ္စာပါ။
အို..ဒါက ဆရာပြောလို့ သိတာပဲ ရှိသေးတယ်။ ကိုယ့်ဥာဏ်နဲ့
ထိုးထိုးထွင်းထွင်းမသိသေးပါဘူး။
အေး… လက်တွေ့ပြပါမယ်။ကိုယ့်လက်မောင်းကို ကိုယ် လက်သည်း
နဲ့ ဆိတ်ကြည့်။ ကဲ… အခုပဲ ဘယ်ဘက် လက်မောင်းကို တန်းလိုက်
ညာဘက် လက်သည်းနဲ့ ဆိတ်ကြည့်။ နာကျင်တဲ့ ဝေဒနာ မပေါ်ဘူးလား။
ဒုက္ခဝေဒနာပေါ့ဗျာ။ မဆိတ်ခင်တုန်းက သုခ ဝေဒနာ။ ဆိတ်လိုက်တော့
ဒုက္ခ ဝေဒနာ။ သုခ ဝေဒနာလည်း ဖြစ်ပြီးပျက်။ ဒုက္ခဝေဒနာလည်း ဖြစ်ပြီးပျက်။
ဒီတော့ သူတို့ဟာ အသုဘ။ ခင်ဗျားတို့က ပုပ်ညီု နေမှ အသုဘ လို့
ထင်ကြတာ။ ဒီလို မယူလိုက်ပါနဲ့တဲ့။ အမလေး နာလှချည်ရဲ့လို့
အော်နေမှ ဒုက္ခလို့ ဒုက္ခသစ္စာလို့ ဒီလို မယူလိုက်ပါနဲ့။

ဖြစ်ပျက်နေတာသည်ပင် ဒုက္ခ။ သူတို့သည်ပင် မတင့်တယ်လို့
အသုဘ။ သုခ ဖြစ်ဖြစ် ၊ ဒုက္ခဖြစ်ဖြစ် ၊ ဥပေက္ခာ ဖြစ်ဖြစ်၊ သူတို့
တွေဟာ ဖြစ်ပျက်နေကြတယ် ဆိုရင် ဒုက္ခပေါ့။ အဲ့ဒီ ဒုက္ခဟာ
အသုဘ ပေါ့။ အဲ့ဒီလိုယူပါ။ ဒါဆိုရင် ကိုယ့်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း
သိတာပဲ။”ဟူလို။

ယ ဒ နိစ္စံ။ တံ ဒုက္ခံ။   ။ ယံ- အကြင်တရားသည်၊ အနိစ္စံ- မမြဲ၊
တံ-ထိုမမြဲသော တရားသည်၊ ဒုက္ခံ- ဆင်းရဲပင်ဖြစ်၏။ အနိစ္စတရား
သည်ပင် ဒုက္ခတရားဖြစ်၏။ နောက်ထပ် အသစ် အထူးမရှိ ဟူလို။

ဘာကြောင့် ဒုက္ခတရားဟု ဆိုရပါသလဲ။ ဥပ္ပါဒ ၀ယ ပဋိပီဠနတာယ=
ဖြစ်ခြင်း ပျက်ခြင်းက ခဏ မစဲ အမြဲ နှိပ်စက်အပ်သောကြောင့်
ဒုက္ခတရားဟု ဆိုရသည်။ ဖြစ်-ပျက် နှစ်ရပ်က မပြတ် နှိပ်စက်အပ်
သောကြောင့် ဒုက္ခ ဆိုရသည်

ထိုတွင် အပျက်က နှိပ်စက်တယ်ဆိုတာထင်ရှားပါ၏။ ဖြစ် ဖြစ်
လာသမျှတွေကို ဖျက်  ဖျက် ချနေသောကြောင့် အပျက်က နှိပ်စက်
တယ်ဆိုတာ သိလွယ်ပါသည်။

အဖြစ်က နှိပ်စက်တယ်ဆိုတာကျတော့ ဘယ်လိုဟာလဲ။ အေး….
ဒါကို အဖြေပေးရပေမည်။ အဖြစ်က  နှိပ်စက်တယ်ဆိုတာ ပျက်ဖို့
အတွက် ဖြစ်  ဖြစ်ပေးနေလို့။

ဤကိစ္စအတွက် စာထဲမှာ ဥပမာ ပေးထားတာက  သားသမီး
အဖတ် မတင်တဲ့ မိခင်လိုတဲ့။ မိခင်တစ်ယောက်မှာ ရင်သွေး
သားကလေး မွေးဖွားလာ၏။ မကြာခင် သေသွားသည်။
မိခင်  စိတ်ဆင်းရဲရ၏။ သောက ပရိဒေ၀မီး တောက်ရသည်။
နောက်တစ်ခါ သားငယ်ကလေး ဖွားပြန်၏။ ဂရုစိုက်နေသည့်
ကြားက သေသွားပြန်သည်။ မိခင် စိတ်ဆင်းရဲရပြန်၏။
သောက ပရိဒေ၀မီး တောက်ရပြန်သည်။

ထို့နောက်တစ်ခါ သားငယ်ကလေး ရလာပြန်၏။ ဒီတစ်ခါ
မသေအောင်ပြုစုမည်ဟု  အားခဲ၍ ကြိုးစားပြုစုနေသည့်ကြားက
သေသွားပြန်သည်။ မိခင်ခမျာ  အကြီးအကျယ် သောကရောက်
ရပြန်၏။ ပရိဒေ၀မီး တောက်ရပြန်သည်။

ဤသို့ သားကလေး ဖြစ်ပေါ် ဖြစ်ပေါ်နေသည်မှာ ပျက်ဖို့ ပျက်ဖို့
အတွက် ဖြစ်ပေးနေသလို ဖြစ်နေ၏။ သည်သို့ ဆိုလျှင် ပျက်မှာ
အတူတူ အစကတည်းက မဖြစ်ပဲ နေရင် အကောင်းသား။
(သေမှာဆိုရင် အစကတည်းက မမွေးပဲ နေရင် အကောင်းသား)
ဟု ညည်းညူရတော့သည်။ ဤနည်းအားဖြင့် အဖြစ်က နှိပ်စက်သည်ကို
သိပါလေ။


(မိုးကုတ် ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ မှ)


ဝေဒနာ ခွာပြီး အနိစ္စတွေ့အောင်ရှု အလွန့်အလွန် အရေးကြီးတယ်


လူမမာမေးသွားတဲ့အခါ  -ရောဂါ ဘယ့်နှယ်နေသလဲ သက်သာရဲ့လား
လို့ မေးတော့-လူမမာက ဖြေတယ်..ဟာ .ဒါကြောင့် မသက်သာဘူးတဲ့။
ဒါဟာ ဝေဒနာနဲ့ အနိစ္စ မကွဲပဲ ဖြစ်နေတာ။ ဒါကြောင့် မသက်သာဘူး
ဖြစ်နေတာ။ ဒီတော့ ဘုန်းကြီးက ကူညီပြီးနည်းပေးပါ့မယ်။

ဝေဒနာကျော်ပြီးအနိစ္စတွေ့အောင်ရှာပါ။
ဥပမာ သစ်တုံးကြီးတစ်ခုကို ဘေးသားအကာတွေခွာလိုက်ရင်
အတွင်းသားအနှစ်ပေါ်လာမှာပေါ့။ အဲ့ဒီအတိုင်းပဲ။ ဒီမှာလည်း
ဝေဒနာတွေခွာလိုက်လို့ရှိရင် အနိစ္စကိုတွေ့လာရမှာပေါ့။
ကြပ်ကြပ် သတိပြုပါ။ အင်မတန် အရေးကြီးတဲ့တရား။
ဖြစ်တာနဲ့ ပျက်တာ နှစ်ခုပဲ ရှိတဲ့ဥစ္စာ။ အဲ့ဒီ အထဲက ဖြစ်တုန်းမှာ
ဝေဒနာ။ ပျက်သွားတော့ ဝေဒနာ သဘောကိုစွန့်ပြီး အနိစ္စ
ရောက်သွားတယ်။ ထပ်ပြောဦးမယ်။ ဖြစ်တုန်းမှာ ဝေဒနာ။
ပျက်သွားတော့ အနိစ္စ။

သြော်…ခင်ဗျားတို့ သန္တာန်မှာ အပျက်ကလေးတွေကို
တွေ့ပြီ ဆိုရင်ဖြင့် နှိပ်စက်တတ်တဲ့ဝေဒနာခွာ၍ အနိစ္စ
တွေ့ပါပြီ။  သာမည အရေးကြီးတယ်လို့များမထင်လိုက်ပါနဲ့။
အလွန့် အလွန် အရေးကြီးတယ်။

အဲ့ဒီတော့ ဝေဒနာသည်ကားဆိုလို့ရှိရင်  ဖြစ်တာနဲ့ ပျက်တာပဲ
ရှိတယ်။ ဖြစ်တုန်းက ဝေဒနာ။ ပျက်သွားတော့ အနိစ္စ။
ဒါဖြင့် ဝေဒနာတုန်းက ဒုက္ခဝေဒနာက နှိပ်စက်တယ်။ ထားပါတော့။
ပျက်သွားတဲ့အခါကျတော့ သူတောင် ပျက်တဲ့ဓမ္မဖြစ်နေတဲ့အတွက်
ကိန်းရာ ပုဂ္ဂိုလ်ကိုနှိပ်စက်သေးရဲ့လား။ ဝေဒနာကိုမတွေ့ပဲ
အနိစ္စသာတွေ့နေသောကြောင့် အနိစ္စနောက်ကနေပြီး မဂ္ဂလိုက်နေ
သောကြောင့် ဝေဒနာ အနှိပ်စက်မခံရ။ ဒါဟာ ဝေဒနာကို ခွာထားနိုင်
လို့ပဲ။ ဒါဖြင့် အနိစ္စကလည်း နာတာ မဟုတ်။ မဂ္ဂကလည်း နာတာ
မဟုတ်။ နာတယ် ဆိုတာက ဝေဒနာကသာ နာတာ မဟုတ်လား။
အခု မနာတဲ့သူတွေနဲ့ နေတာ။

အဲ့ဒီ နာတဲ့ ဝေဒနာကိုခွာထားပြီး အခု အနိစ္စကိုတွေ့အောင်ရှုထားတယ်။
ဖြစ်ပျက် မြင်အောင်ရှုထားတယ် ဆိုပါတော့။ အနိစ္စကလည်းနာတာ
မဟုတ်။ မဂ္ဂကလည်း နာတာ မဟုတ်။ ဝေဒနာကို ခွာနိုင်တဲ့ ပုဂ္ဂိုလ်က
အဲ့ဒီ မနာတဲ့ (၂)ချက်ကို ရနိုင်တယ်။ ဝေဒနာ ပေါ်လာရင် ဉာဏ်နဲ့
ကြည့်လိုက်ပါ။ အနိစ္စရောက်သွားတဲ့ သဘောကလေးတွေ တွေ့မယ်။
အပျက် ကလေးတွေကိုမြင်မယ်။ အဲ့ဒီလိုမြင်ရင် အပျက်ကလေးက
ဘာပါလိမ့်။ အနိစ္စ။  မြင်တာက မဂ္ဂ။  နေရာ ကျလိုက်တာဗျာ။
အပျက်ကလေးက အနိစ္စ။ မြင်အောင်ကြည့်နိုင်တာက မဂ္ဂ။
တယ်လည်း အဖိုးတန်ပါလား။  ဒါဟာ ဝေဒနာကို ခွာတာပဲ။
ေ၀ဒနံ ၀ိကၡေမ ၻတြာ= ေ၀ဒနာကိုခြာ၍..ဆိုတာ ဒါပဲ။ ေ၀ဒနာကို
ခွာထားတော့ မနာဘူးပေါ့။

ဒါဖြင့်ရင် သေခါနီးမှာ ဝေဒနာ ရောက်လာမှာကတော့ သေချာတယ်။
အဲ့ဒီ ဝေဒနာကို ဉာဏ်နဲ့ခွာထားပြီး ဝေဒနာကိုကျော်လွန်ပြီး သေခါနီး
မှာ ဝေဒနာနောက်က မဂ္ဂလိုက်ပြီး  နေကြပါလို့ ဘုန်းကြီးက မှာနေတယ်။
တော်တော် အရေးကြီးတဲ့ စကားနော်။ သာမည နားနဲ့ မထောင်ပါနဲ့လို့
လေးလေးနက်နက် သတိပေးပါတယ်။

“ဒါက ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ရမတုံးဘုရား။..” လို့ မေးရင် အခုကတည်းက
အနိစ္စပိုင်ထားတဲ့ ပုဂ္ဂိုလ်မျိုး မှ ရမယ်။ မီးလောင်ခါမှ ရေရှာလို့ကတော့ မရဘူး။
မီး မလောင်ခင်က မဂ်တည်း ဟူသော ရေစင် ရေအေးကို ရှာထားတဲ့သူမှ
ရမယ်နှော။ အဲ့လို ပုဂ္ဂိုလ်မျိုးမှ သေခါနီးမှာ မဂ္ဂသစ္စာဖြစ်ပြီး သေလို့ရမယ်။
သေနည်း သင်ပေးနေတယ်နော်။ မြတ်စွာဘုရားက အရှင်ဖဂ္ဂုန ရဟန်းအား
သေနည်းသင်ပေးတဲ့တရားလို့ မှတ်လိုက်ကြစမ်းပါ။ လေးလေးနက်နက်
မှတ်ကြစမ်းပါ။

ဝေဒနာကိုမတွေ့စေပဲနဲ့ ဝေဒနာရဲ့ အဖြစ် အပျက်တွေချည်း ဥာဏ်ထဲ
တွေ့နေပါစေ။ ဆိုလိုရင်းက အဖြစ် အပျက်နဲ့ ဉာဏ်နဲ့ တည့်နေပါစေ။
ဘယ်သူမှ ကြားမ၀င်စေနဲ့။ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ တွဲနေပါစေ။
ဒါဆိုရင် ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ သိနေခြင်းပဲ။ အဖန်ဖန် သိနေပါ။
ကြာတော့ မုန်းလာမယ်။ နောက်တော့ ဒုက္ခသစ္စာတွေ အဖြစ် အပျက်တွေ
ဆုံးသွားတာကို မြင်ရပါလိမ့်မယ်။

(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


Sunday, October 16

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဘုရားပေးနိုင်တဲ့ ဆုမဟုတ်ဘူး


တစ်ခါတစ်လေ ဆရာတော်က ဒကာတွေအပေါ်မှာ အားမရနိုင်
ဖြစ်ဟန်တူသည်။ အလုပ်လုပ်ပါ ကြိုးစားပါဟု သတိပေးနေသည့်
ကြားက ဘုရားရှေ့သွားပြီး ကိုယ်လိုချင်တာတွေကိုစုံအောင်
ဆုတောင်းတတ်ကြ၏။.

ဤသို့ ပြုမူကြသည်ကိုရည်ရွယ်၍ အောက်ပါအတိုင်း မိန့်တော်
မူတော့သည်။
“ ခင်များတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင် ပီးတော့
ကျယ်လောင် ကျယ်လောင်နဲ့ ဘုရားရှိခိုးကြတယ်။ အမှန်ကတော့
ခင်ဗျားတို့ဟာက ကျက်ထားတဲ့စာကို မေ့မှာစိုးလို့ ဘုရားရှေ့
သွားပြန်တာနဲ့ တူနေတယ်။ ဘာလိုလဲ ဆိုတော့ ပါးစပ်ကသာ
ဆိုနေတာ စိတ်က ဘုရားဂုဏ်တော်ဆီကိုရောက်မှ မရောက်ပဲ။
နုတ်တက်ရနေလို့သာ ဆုံးသွားတာ၊ ဒီတော့ စာပြန်တာနဲ့
တူနေတာပေါ့။ပီးတော့ ဆုတောင်းကြသေးတယ်။ ဇာတိ ဇရာ
ဗျာဓိ မရဏမှာ ပရိမုစ္စိဿာမိ..တဲ့။ ဒီလို ဘုရားရှိခိုးရတဲ့
အတွက်ပေါ့လေ။ ပဋိသန္ဓေ အိုနာသေ ဘေးမှ လွတ်ရပါ
လို၏။ လွတ်ပါရစေတဲ့။ ဘယ် .. ဒီဆုမျိုးကို ဘုရားက
ပေးလိမ့်မလဲ။ ပေးနိုင်တာမှ မဟုတ်ပဲ။ ဒါကို ခင်ဗျားတို့က
ဇွတ်တောင်းနေကြတယ်။ ဘုရားကို နားပူ နားဆာ လုပ်ကြတယ်။
ရုပ်တုတော်မို့လို့သာပေါ့။ သက်တော်ထင်ရှား ဘုရားသာဆိုလို့ရှိရင်
နားညီးတယ် ဆိုပြီး ခြေထောက်နဲ့ ဆီးပြီး ကန်ချင်စရာ။ ခင်ဗျားတို့
ဟာ တော်တော် အတောင်းအရမ်း ထူတဲ့သူတွေ။ အတောင်းအရမ်း
ထူတဲ့ လူတွေ ဆိုတာ ဘယ် အမျိုးတုံး။(သူတောင်းစားမျိုးပါ ဘုရား)
အေး… အဲ့ဒီ အထဲက ဖြစ်နေပြီ  ခင်ဗျားတို့။ ဒါမျိုးက ဆုတောင်း
ယူလို့ ရတာမဟုတ်ဘူး။ လုပ်ယူမှ ရတာ။ အဲ့ဒါ လုပ်ယူကြ။
တစာစာ တောင်းမနေကြနဲ့။ တန်ရာ တန်ကြေး လုပ်အား
ပေးပြီး ယူကြ။



(မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ မှ)


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဘုန်းကြီးများရဲ့ သာဝကတွေပဲ


မိုးကုတ်ဆရာတော်ဘုရားကြီးက ဟိုလိုလို ဒီလိုလိုနဲ့ ဆရာရွေးရန်
တွေဝေနေကြတဲ့ သူတို့အတွက်လည်းကောင်း၊ ပါရမီတွေကိုဖြည့်ရင်း
နောက်ဘုရားကို မျှော်နေသူတို့အတွက်လည်းကောင်း၊ အောက်ပါ
အတိုင်းရဲရဲကြီး ဟောတော်မူသည်။

“ခင်ဗျားတို့တွေဟာ ဂေါတမ ဘုရားနဲ့ ဘာမျှ မဆိုင်ဘူး။ ဂေါတမဘုရား
ရဲ့ သာဝကတွေလည်းမဟုတ်ဘူး။ ဂေါတမ ဘုရား သာဝက ဆိုတာ
ကောဏ္ဍည အစ သုဘဒ်အဆုံး၊ ဒါပဲရှိတယ်။ ဘုရားရဲ့ သာဝကတွေကုန်ပြီ။
ကုန်လို့ ပရိနိဗ္ဗာန်ပြုသွားတာ၊ ကျန်သေးရင် မပြုသေးဘူး။


ဂေါတမ ဘုရားတရားဟောလို့ “ ၂၄ သင်္ချေ၊ ကုဋေ ရှစ်ဆယ်၊ ဗိုလ်ချေတစ်သိန်း”
ကျွတ်တမ်းဝင်ကုန်ကြပြီ။ အဲ့ဒီထဲ ကောဏ္ဍာညအစ သုဘဒ် အဆုံး ပါသွားပြီ။
ကျန်တဲ့နောက်လူတွေက သူ့ဆရာနဲ့ သူသာဝကနဲ့ ကျွတ်တမ်းဝင်
ကြမှာ၊ ခင်များတို့သည်ပင် ကျုပ်ချွတ်မှ ကျွတ်ကြတော့မှာတွေ။


အဲ့ဒါ တွေဝေမနေကြနဲ့။ အလုပ်လုပ်ကြ။ အလကား အချောင်မရနိုင်ဘူး။
အလုပ်လုပ်မှ လုပ်အားခ ရကြမယ်။ အေး ဒါပဲ  အလုပ်လုပ်ကြ။




(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)


Tuesday, October 11

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထောင်နိုင်တဲ့ နား ရှိရင် တိဟိတ် ပါပဲ

                      
                       တချို့  ကျတော့ ပါရမီတောင် မက တော့ဘူး။ ငါဟာ ပဒပရမ  ပုဂ္ဂိုလ် ထင်ရဲ့ဆိုပြီး
နောက်ဆုတ်သွားတတ်ကြတယ်။ စိတ် ကိုလျှော့ချပစ်တတ်ကြတယ်။  မဟုတ်ပါဘူးတဲ့  ။
သစ္စာတရား ကို ထောင်နိုင်တဲ့ နားရှိလို့ ရှိရင်  တိဟိတ် ပါပဲ တဲ့။ သစ္စာ တရားကိုဟော တဲ့အတိုင်း
သေသေချာချာ သဘောကျပြီး  သိနိုင်ရင် တိဟိတ် ပါပဲ တဲ့။  တိဟိတ်  ဆိုရင်  ဒီ ဘ၀ တရား ရရမှာပဲ ဗျ။

                                      ဘယ်ပါရမီ မှ လွှဲ မချနဲ့  မင်းတို့ ကြည့်ထားကြ။  ခန္ဓာ ရှိသူတိုင်း
နှိပ်စက် ခံရမည့် ဝေဒနာ သဘော။  ဝေဒနာ ကိုကျော်ပြီး ဖြစ်ပျက် မြင်အောင်ကြည့်ကြ။
ငါသေရင် ဘယ်တော့မှ သပိတ် မသွတ် နဲ့ ။ မင်းတို့ ခန္ဓာသေသွားရင် ကျီး  ဠင်းတ စာ
မဖြစ်စေနဲ့။ လူနတ် ဦးခိုက် ပူဇော်ထိုက်တဲ့ ခန္ဓာ ဖြစ်ပါစေ။


Monday, October 10

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရာကြီး၏ မရှိတာကို သိအောင်လုပ်ပါ


♦ သာသနာ ဟူသည်♦

သာသနာ ဟူသည် မြတ်ဗုဒ္ဓ၏ အဆုံးအမ။

သာသနာ ဟူသည် အဆောက်အဦး မဟုတ်ပါ။ပရိယတ် ပဋိပတ် သာသနာပြု
ဆောင်ရွက်ရာအထောက်အပံ့ သာသနိကမျှသာ ဖြစ်၏။
တိုက်တာ အဆောက် အဦးများပြားခြင်းသည် သာသနာ တိုးတက်သည်ဟု
မဆိုအပ်။

   မြတ်ဗုဒ္ဓ၏ အဆုံးအမတော် အတိုင်း လိုက်နာကျင့်သုံးနိုင်မှ ကိုယ်စီ နှလုံးသားဝယ်
သာသနာတည်မည်။

♦မရှိတာကို သိအောင်လုပ်ပါ♦

အရှုခံတရားများက ပျက်သွားလို့  မရှိတဲ့ အချိန်ကျမှ
ဒီဉာဏ်က ပေါ်ရတာကိုး။ အရှုခံ ဝေဒနာလေးက ဖြစ်ပြီး
ပျက်သွားတော့မှ ရှုတဲ့ဉာဏ်က ပေါ်ခွင့်ရတာကိုး၊
ဒီတော့ မရှိတာကိုပဲတွေ့ ရတော့မှာပေါ့။

  ရှုဉာဏ်ပေါ်လာတဲ့အချိန်မှာ ဧည့်သည်ဖြစ်တဲ့ ဝေဒနာ ကမရှိဘူး။
အဲ့ဒီ မရှိတာကိုပဲ သိအောင်လုပ်ရမှာ။

အဲ့ဒီ မရှိတာကိုပဲ သိရင်တော်ပြီ။မဂ် ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ လို့ 
ဆုတောင်း မနေနဲ့ ။

မရှိတာကို သိအောင်လုပ်မှ  မဂ် ရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)


Sunday, October 9

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ဋ် ဘ၀ တိုတို နဲ့ မဂ်ဖိုလ် ရချင်ရင်


♦သာသနာ ကွယ်ခြင်းအကြောင်းရင်း♦

မြတ်ဗုဒ္ဓ ၏ အဆုံးအမ သာသနာတော်ကို မည့်သည့် ဘာသာ၊မည်သည့် လူမျိုးများမှ
ဖျက်ဆီး၍ မပျက်စီးနိုင်ပါ။
                  ဗုဒ္ဓ ဘာသာ ၀င်များ ကိုယ်တိုင် ဖျက်ဆီးမှသာ ပျက်စီးနိုင်ပါသည်။
မိမိ လုပ်ရမည့် အလုပ်ကိုစိတ်ဝင်တစား မလုပ်ခြင်းသည် သာသနာ ကွယ်ဖို့ ရာ အကြောင်းတည်း။
သို့ အတွက်
   "ကျယ်မဟောကြ၊ကျယ်မချနှင့်၊ကျယ်စွမအံ၊ မကြံမစည်၊ ပဋိပတ်ကွာ၊ဤငါးဖြာသည်၊
မှတ်ပါ သာသနာကွယ်ကြောင်းတည်း။"

♦၀ဋ် ဘ၀ တိုတို နဲ့  မဂ်ဖိုလ် ရချင်ရင်♦

ဝဋ် ဘ၀ တိုတို နဲ့မဂ်ဖိုလ် ရချင်ရင် ဖြစ်ပျက် မြင်အောင်ရှု ၊ပြီးတော့ မုန်းအောင်ရှု။
ပြီးတော့ ဆုံးအောင်ရှု၊ဒါဆို တိုတော့တာပဲ၊သည့်ထက်တိုအောင်တော့ ဘုန်းကြီးမဟောနိုင်ဘူး။
မဂ်ဖိုလ် ကို ရက်တိုတို နဲ့ ရချင်တယ် ဆိုရင် ရနိုင်လောက်တဲ့ ဇွဲ လုံလ ၀ိရိယ၊
ရနိုင်လောက်တဲ့ သမာဓိ၊ရနိုင်လောက် တဲ့ အသိဉာဏ်၊ ရနိုင်လောက်တဲ့ အားထုတ်မှူရှိရမယ်။
ကြိုးစားရမယ်။
                       တန်ရာတန်ကြေး အလုပ်ပေးနဲ့ ပေးပြီး ၀ယ်ရမယ်။
ဒါဆိုရင် မရပါနဲ့လို့   တားလို့ တောင် မနေဘူး။ ရကို ရတယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ♦သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ♦

♦သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ♦

သစ္စာ ကိုသိနေသောကြောင့် သစ္စ ဉာဏ်။ ခန္ဓာ ထဲ ပေါ်နေတာကိုသိမှသာ သစ္စ ဉာဏ်ဖြစ်မယ်နော်။
စာထဲရှိတာသိနေလို့  သစ္စာဉာဏ် မဖြစ်ဘူး။ စာထဲရှိတာက မှတ်တမ်းပဲ ရှိတယ်။
ခန္ဓာထဲမှာဖြစ်ပေါ်တာ ပျောက်ပျက်တာကို စာနဲ့ရေးပြီးမှတ်တမ်းတင်ထားတာ။


♦ဝေဒနာ ကို ကျော်အောင်ကြိုးစား♦

နားလည်တဲ့သူတွေကြတော့ ဖြစ်တာက ဝေဒနာ။ပျက်တာက အနိစ္စ လို့ ခွဲခြားတတ်တယ်။
သစ္စာ ဖြစ်အောင်လုပ်ပြီး အသေတတ်ကြတာပေါ့။ဉာဏ်နဲ့ ကြည့်တဲ့အခါ ဝေဒနာကို
မတွေ့ ရတော့ပဲ ဖြစ်ပျက် ကလေးတွေချည်း တွေ့ နေရတော့တာကို ဝေဒနာ ကျော်တယ်လို့ 
ပြောတာပါ။

ဝေဒနာ ကျော်တယ် ဆိုတာ အနိစ္စ ကိုတွေ့ တယ် အနိစ္စ နဲ့ဖြစ်ပျက်ကလည်း အတူတူ ပဲဆိုတော့
ဝေဒနာ ကျော်တယ် ဆိုတာ ဖြစ်ပျက်မြင်တာပဲလို့ လဲ ပြောလို့ ရတယ်။ ဝေဒနာ ကျော်လွန်အောင်
ရှုထားနိုင်မှစိတ်ချရတာ။

(မိုးကုတ် ဆရာတော်ဘုရားကြီး)