Tuesday, November 19
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး တရားမြင်မှ ဘုရားမြင်တယ်
မနေ့က ၀က္ကလိကို တစ်ဝက်ကဖြတ်ပြီး နိဗ္ဗာန်ကူးပုံကိုဟောတယ်။ ဒီကနေ့ ၀က္ကလိအစက စပြီး ဆက်ပေးလိုက်မယ်။ နို့မဟုတ်ရင် သံသယရှိနေကြလိမ့်မယ်နော်။
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့ နေရာကြည့်လိုက်တဲ့ အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
            အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
            အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
            ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
            ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
            အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
            မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မင်း သီလကို သံသယရှိသလား၊ ဒကာ ဒကာမတွေ ဒီမေးခွန်းလေးကို သတိထားပါ၊ မင်းကိုယ်နဲ့မင်းသီလကို သံသယရှိလားလို့မေးလိုက်တယ်။
            ဒါ ဘုရားကမေးလိုက်တယ်၊ သီလဆိုတာ ဒကာ ဒကာမတို့ သီလပျက်တဲ့ ပုဂ္ဂိုလ်များ၊ သီလ မှားယွင်းတဲ့ ပုဂ္ဂိုလ်များ၊ သေတော့မယ်ဆိုလို့ရှိရင်ဖြင့်၊ ကိုယ့်ကိုယ်ကို သံသယရှိတယ်။
            သီလ ၀ိပဿိဆိုပြီးသကာလ ကိုယ့်သီလကို ပျက်စီးတဲ့အတွက် အင်း - ငါတော့ မှားခဲ့ပြီ၊ နေရာမကျဘူး၊ လိမ်ခဲ့ပြီ၊ ကောက်ခဲ့ပြီ၊ မုသားတွေပြောခဲ့ပြီ။
            ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ အစရှိသည်တို့ဖြင့် ငါ့ဖြင့် လွန်ခဲ့၊ ကျွံခဲ့ပြီ၊ အဲတော့ ဒါတွေစဉ်းစားပါ့လား၊ ဒါ ဘယ်သူ့စွပ်စွဲတာတုံးဆိုရင်ဖြင့် မိမိကိုယ်ကို သီလနဲ့စွပ်စွဲတာ သဘောကျ ကြလား (ကျပါတယ်ဘုရား)။
            ဘာနဲ့စွပ်စွဲပါလိမ့် (သီလနဲ့စွပ်စွဲပါတယ်ဘုရား) မိမိကိုယ်ကို သီလနဲ့စွပ်စွဲတယ်ဆိုတာ မှတ်ထားရမယ်။
            အဲ့တော့ ဘုရားကမေးလိုက်တယ်၊ ၀က္ကလိမင်းခန္ဓာကိုယ်ကြီးကို သီလပျက်စီးတယ်လို့ မင်းစွပ်စွဲမိ သလား၊ ဒီလိုများ စွပ်စွဲပြီးသကာလ၊ မင်းနှလုံးမသာမယာများရှိသလား၊ ယခုလိုမမာတဲ့အချိန် အရှင်ဘုရားတဲ့ တပည့်တော် ကိုယ့်သီလအတွက်တော့ဖြင့် သံသယမရှိပါဘူး။
            ဘာမှစွဲချက်လည်းမတင်ပါဘူး၊ သီလတွေလည်း လုံခြုံပါတယ်၊ ဒါဖြင့် ၀က္ကလိက သူ့ဟာသူ သီလလုံခြုံကြောင်းကိုဖြင့် ထင်ရှားတယ်ပေါ့လေ (မှန်ပါ့)။
            ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်လို ဖြစ်တတ်သလဲဆိုတာ သေခါနီးမှာ သတိထားပါ (တင်ပါ့)၊ သေခါနီးဘယ်လိုဖြစ်တတ်တုံး ဆိုလို့ရှိရင်ဖြင့်၊ ဘာမှ နိမိတ်မထင်ခင်ကိုပင်လျှင် ဒကာ ဒကာမတို့၊ သြော် ငါသည် အနေမှားခဲ့ပြီ၊ အသုံးမှားခဲ့ပြီ၊ အပြောမှားခဲ့ပြီ၊ အဆိုမှားခဲ့ပြီဆိုပြီး ကိုယ့်ခန္ဓာကိုယ်ကြီးကိုပင်လျှင်၊ သီလပျက်စီးမှု သီလ၀ိပဿိဆိုတဲ့ သီလပျက်စီးမှု၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာတတ်သတဲ့၊ သဘောကျကြလား (ကျပါတယ်ဘုရား)။
သေခါနီးမှာ ဘာလာတတ်သတုံး
            ဘာလာတတ်တုံး (ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာတတ်ပါတယ်ဘုရား)၊ ကိုယ့်ကိုယ်ကို စွပ်စွဲ တာတွေ လာတတ်တယ်ဆိုတော့ စဉ်းစား၊ သူများစွပ်စွဲတာသည် အရေးမကြီးဘူး၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာသည် ကိုယ်နှလုံးမသာယာခြင်းဖြစ်ပါတယ်။
ဘာဖြစ်တတ်တုံး (ကိုယ့်နှလုံးမသာယာခြင်းဖြစ်တတ်ပါတယ်)၊ ဒါဖြင့် ကိုယ်နှလုံးမသာယာခြင်း ဆိုတော့ ဒကာ ဒကာမတွေက စိတ်ထဲမှာ မချမ်းသာပဲနဲ့ စုတိစိတ်မရောက်ရဘူးလား (ရောက်ရပါတယ်)။
ရောက်တော့ နှလုံးမသာယာတာက ဒေါမနဿဆိုရင်ကော လွဲသလား (မလွဲပါဘူးဘုရား)၊ ဒါဖြင့် ဒေါသဇောနဲ့သေတဲ့အဓိပ္ပါယ် အသေအချာမရောက်ဖူးလား (ရောက်ပါတယ်ဘုရား) ။
ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးက သတိပေးရတယ်၊ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သီလအားဖြင့် စွပ်စွဲတဲ့သဘောမရှိရအောင်၊ ခင်ဗျားတို့ နှလုံးသွင်းပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။
နှလုံးမသာယာမှုက လာတတ်တယ်
            နို့မဟုတ် သေခါနီးကျတော့ ကိုယ့်ကိုယ်ကို နှလုံးမသာယာမှုကလာတတ်တယ်၊ ဦးစံရီတို့မလာတတ် ဖူးလား (လာတတ်ပါတယ်ဘုရား)။
            ဒါတွေ သတိထားစမ်း ဒကာ ဒကာမတွေ၊ ဘာလာတတ်တုံးသေခါနီး (နှလုံးမသာမယာ လာတတ်ပါတယ်ဘုရား)၊ ကိုယ့်ကိုယ်ကိုစွပ်စွဲပြီး ငါမှားခဲ့တယ်၊ ငါနေထိုင်မှားခဲ့တယ်၊ ငါ ၀ိပဿနာအလုပ် မလုပ်ခဲ့ဘူး၊ ငါ့သီလတွေက လည်း ချွတ်ယွင်းပြီးသကာလ နေတယ်ဆိုတော့ ကိုယ့်ကိုယ်ကို သီလအားဖြင့် စွပ်စွဲပါတယ်။
            ထိုကဲ့သို့စွပ်စွဲတော့၊ ဘယ်အချိန်စွပ်စွဲတာတုံးလို့မေးခွန်းထုတ်လို့ရှိရင်လည်း၊ သေခါနီးစွပ်စွဲတာပဲ၊ ထိုကဲ့သို့ သေခါနီးစွပ်စွဲလို့ရှိရင်ဖြင့် သေခါကလည်း နီးပြန်တယ်၊ စွပ်စွဲချက်ကလည်း ကိုယ့်ဟာကို၊ နှလုံး မသာယာမှုကလည်း ၀မ်းထဲရောက်နေပြန်တယ်ဆိုတော့၊ ဦးခင်မောင်တို့က စဉ်းစားရမှာ သြော်သူဟာ နှလုံး မသာယာမှုနဲ့သေရမှာပဲ (မှန်ပါ့)။
            ဆိုနိုင်ကြလား (ဆိုနိုင်ပါတယ်ဘုရား)၊ ဦးဘအုန်း ဘယ်လိုဆိုမတုံး (နှလုံးမသာယာမှုနဲ့ သေရမှာပါဘုရား)၊ အင်း ငါဘယ်သူ့စွပ်စွဲတာပါလိမ့်မတုံး (ကိုယ့်ကိုယ်ကို စွပ်စွဲတာပါဘုရား)။
အခုအချိန်ကစပြီး ၀ိပဿနာလုပ်ပါ
            အင်း - ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခုအချိန်ကစပြီး ၀ိပဿနာလုပ်ထားပါ၊ တိုက်တွန်းရတယ်နော် (မှန်ပါ့)၊ ဘာကြောင့်တုံးလို့မေးတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို စွပ်စွဲမှုဟာ လာတတ်လွန်းလို့၊ ကိုယ့်ကိုယ်ကို စွပ်စွဲမှုဟာ လာတတ်ပါတယ်။
            ထိုကဲ့သို့ လာခဲ့သည်ရှိသော် ဦးဝ ကောင်းပါ့မလား (မကောင်းပါဘူးဘုရား)၊ ဘယ်ချိန်မှာ လာတုံး (သေခါနီးမှာလာတယ်)၊ သေခါနီးဆိုတာ မှတ်လိုက်စမ်းပါ၊ ဘ၀ကူးခါနီးမှလာတာ (မှန်ပါ့)။
            ဒါဖြင့် ဒီမှာ စွပ်စွဲမှုရှိနေလို့ရှိရင်၊ ကူးခါနီးကျတော့ အကောင်းကူးမဖြစ်နိုင်တော့ဘူး၊ အဆိုးကူး မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား)၊ အင်မတန်ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ်ဘုရား)။
            ကြည့်စမ်း ဦးဘကြည်တို့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ၀က္ကလိမေးတာ၊ မင်းကိုယ်ကို သီလအားဖြင့် စွပ်စွဲသလားကွ ဒါကိုမေးလိုက်တယ် (မှန်ပါ့)။
            ဘယ်အချိန်မေးတာတုံး၊ မမာနေတုန်းမေးတာ (မမာနေတုန်းမေးတာပါဘုရား)၊ အဲတော့ ၀က္ကလိက တပည့်တော် သီလအားဖြင့်တော့ ကိုယ့်ကိုယ်ကို မစွပ်စွဲပါဘူးဘုရား၊ တပည့်တော်သီလ၊ တပည့်တော် လုံခြုံပါတယ်။
            တပည့်တော် ပြစ်မှားမှုမရှိပါဘူး၊ ရှိတဲ့ပြစ်မှားမှုတွေလည်း၊ တပည့်တော် ၀ိပဿနာဥာဏ်တွေနဲ့ အလုံးစုံအကုန်ပဲ ချေပပြီးပါပြီ။ ဒါဖြင့် မင်းဘာများစွပ်စွဲမှုများရှိသေးတုံးကွ၊ ဘုရားက ဆက်မေးတာ (မှန်ပါ့)။
ဘုရားက ဆက်မေးတော့၊ အရှင်ဘုရားတဲ့ တပည့်တော် စွပ်စွဲမှုက တခြားမဟုတ်ဘူးတဲ့၊ အရင်တုန်းကတော့ ဘုရားနဲ့ တပည့်တော်နဲ့ ဝေးနေငြားသော်လည်း ခဏခဏလာပြီးဖူးတွေ့ရပါတယ်၊ အခုတော့ တပည့်တော်က မမာနေသည့်အတွက် ဘုရားပင့်ပြီးမှ ဖူးတွေ့ရပါတယ်။
ဘုရားမဖူးရမှာ စိုးရိမ်တယ်တဲ့
            အင်း - ဒီအတိုင်းသာ ဒီမမာနဲ့ ဒီအဖြစ်မျိုးနဲ့ဆိုလို့ရှိရင်ဖြင့်၊ ငါသည်ဘုရားကို ကျကျနန ဖူးရတော့မှာ မဟုတ်တော့ဘူးဆိုပြီး၊ အဲဒိစွပ်စွဲမှုလေးတော့ရှိတယ်၊ သဘောကျကြပလား (ကျပါတယ်ဘုရား)။
            ဘာစွပ်စွဲတာတုံး (ဘုရားရှင်နဲ့ မဖူးတွေ့ရမှာကို စွပ်စွဲပါတယ်ဘုရား)၊ ဘုရားမဖူးရတဲ့အတွက် သူသည် စွပ်စွဲမှုလေးရှိတယ်၊ ဘယ်အတွက်ပါလိမ့် (ဘုရားမဖူးရတဲ့အတွက်ပါဘုရား)။
            အဲတော့ ဘုရားကဖြေလိုက်တယ်၊ အလံ ၀က္ကလိ၊ ၀က္ကလိ = ၀က္ကလိ၊ အလံ = မင်းပြောတဲ့စကားမတော်ဘူးကွာ ဖြေလိုက်ပြီ ဘုရားက (မှန်ပါ့)။
မင်းပြောတဲ့စကားမတော်ဘူး
            မင်းပြောတဲ့စကားမတော်ဘူးကွ၊ မင်းပြောတဲ့စကားမတော်ဘူးဆိုတော့၊ ဒီစွဲချက်မမှန်ဘူးလို့ ပြောလိုက်တာပဲဆိုတာ ရိပ်မိကြပလား (တင်ပါ့)၊ ဒီစွပ်စွဲချက် ဘယ့်နှယ်နေတုံး (မမှန်ပါဘုရား)။
            မင်းကကွာတဲ့၊ ဘယ်နေရာကျမတုံးတဲ့၊ ငါဘုရား သခင်ကိုယ်တော်မြတ်ကြီး ဘုန်းတော်အနန္တဉာဏ်
တော် အနန္တ ကံတော် အနန္တဖြစ်တဲ့ ခန္ဓာကိုယ်ကြီးပါပဲတဲ့။
အသုဘခန္ဓာကြီးဖူးလို့ ကျေးဇူးမများဘူးတဲ့
            သို့သော်လည်း အသုဘခန္ဓာကြီးကွ၊ လာဖူးနေလို့ ဘာမှကျေးဇူးမများဘူးတဲ့ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ခုနက ရှေးဦးစွာစကားကဘာတုံး၊ ပယ်လိုက်တယ် (မှန်ပါ့)၊ ပယ်ခြင်း၏အကြောင်းကိုလည်း နောက်မဖော်ဘူးလား (ဖော်ပါတယ်)၊ ဘယ်လိုဖော်လိုက်ပါလိမ့် (အသုဘခန္ဓာကိုယ်ပါတဲ့ဘုရား)။
            အသုဘခန္ဓာကိုယ်ပါပဲကွတဲ့၊ ဘုန်းတော်အနန္တ၊ ဉာဏ်တော် အနန္တ ကံတော် အနန္တနဲ့ဖြစ်တဲ့ ခန္ဓာကိုယ်ကြီးကတော့ အသုဘအဖြစ် မစွန့်ပါဘူးကွ။
            ဒါကြောင့် မင်း ဒါလေးနဲ့စွပ်စွဲပြီးသကာလ၊ ဘုရားလည်းမဖူးရလို့ တပည့်တော် အဲဒိစွပ်စွဲချက်ရှိတယ် ဆိုတာ မင်းဖြုတ်လိုက်ဆိုတော့ မရှင်းကြသေးဘူးလား (ရှင်းပါပြီဘုရား)။
            အင်မတန်ရှင်းပြီး (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားမဖူးရလို့ ဆိုတာလား ဟုတ်လား ဒီအတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ငါ့မဖူးနဲ့ဆိုတာလား ဆိုတဲ့ မေးခွန်းတွေဟာ ထွက်မလာပေဘူး လား (ထွက်လာပါတယ်ဘုရား)။
            ထွက်လာတဲ့အခါ ဗုဒ္ဓါနုဿတိတွေ ပျက်သွားတော့ မပေါ့ (တင်ပါ့)၊ ဦးစံရီတို့ မပျက်ပေဘူးလား (ပျက်ပါတယ်ဘုရား)၊ ဗုဒါနုဿတိဆိုတာ ဘာပါလိမ့်မတုံး ဒကာ ဒကာမတို့ (ဘုရားဂုဏ်)၊ ဘုရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာ ဗုဒ္ဓါနုဿတိလို့ ခေါ်သည်။
ဘုရားရှိခိုးတာ ဗုဒ္ဓါနုဿတိ၊ သမထ
            ဗုဒ္ဓါနုဿတိ ဘာပါလိမ့် (ဘုရားဂုဏ်တော်ကို အဖန်တလဲလဲအောက်မေ့တာပါဘုရား)၊ ဘုရားဂုဏ်ကို အဖန်တလဲလဲအောက်မေ့တာ ဗုဒ္ဓါနုဿတိလို့ ဆိုတော့၊ သြော်ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားရှိခိုးကြတယ်နော်၊ ဘုရားရှိခိုးတော့ ငါးမိနစ်ကြာတယ်၊ ဆယ်မိနစ်ကြာတယ်၊ ဆယ့်ငါးမိနစ်ကြတယ်၊ ကိုယ်ရတာကိုယ်ဆိုကြမှာပေါ့ဗျာ (မှန်ပါ့)။
            ဆိုကြတော့ ဘုရားဂုဏ်တွေပဲ ထပ်ပြန်တလဲလဲ ဆိုတာပဲမဟုတ်လား (မှန်ပါ့)၊ ဘုရားဂုဏ်များ များသလောက် ကိုယ်ရသလောက် မဆိုကြဘူးလား (ဆိုပါတယ်ဘုရား)၊ အဲ့ဒါ ဗုဒ္ဓါနုဿတိပါပဲ။
            ဗုဒ္ဓါနုဿတိဆိုတာ သမထလား၊ ၀ိပဿနာလားလို့ တစ်ခါစစ်လိုက်ပါဦး . (သမထပါဘုရား)၊ ဦးဘကြည် ဘာခေါ်ကြမတုံး (သမထပါဘုရား)၊ ဦးဘတင်တို့ (သမထပါဘုရား)။
သမထထက် ၀ိပဿနာကသာတယ်
            အဲတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူသမထထက် ၀ိပဿနာကသာတဲ့အဖြစ်ကို ပြလိုသောကြောင့်၊ ခန္ဓာကိုယ်ကြီးဖူးနေသဖြင့် ကျေးဇူးမရှိဘူးကွ၊ ဒါသမထလို့ ပြောတယ် ရှင်းပလား (ရှင်းပါပြီဘုရား)။
            ဒါဖြင့် သမထနဲ့ ၀ိပဿနာ ဘယ်သူက ကျေးဇူးများတုံး (၀ိပဿနာက ကျေးဇူးများပါတယ် ဘုရား)၊ ၀ိပဿနာက ကျေးဇူးများတဲ့အတွက်၊ ၀က္ကလိက သမထသန်မှာစိုးလို့  ပယ်လိုက်ရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါတယ်ဘုရား)။
ဒီအပုတ်ကောင်ကြီးဖူးနေလို့ ဘာအကျိုးရှိမှာလဲ
            ဘယ်လိုရှင်းတုံး (သမထသန်မှာစိုးလို့ ပယ်တာပါဘုရား)၊ သမထဘက်ကို လဲသွားမှာစိုးလို့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းဘာအကျိုးရှိမလဲကွာ၊ ဤအကောင်ပုပ်ကြီး ဖူးနေလို့ မင်းဘာအကျိုး ရှိမလဲကွ၊ ဦးဘကြည် မပယ်ဘူးလား (ပယ်ပါတယ်ဘုရား)။
            ဤအကာင်ပုပ်ကြီးရှိနေသဖြင့် မင်းဘာကျေးဇူးရှိမလဲကွဆိုဟာ၊ ဖြုန်းခနဲယူလိုက်လို့ရှိရင်၊ မဖူးစေချင်လို့ယူတဲ့ သဘောမျိုးလဲ ရောက်တတ်တယ် (မှန်ပါ့)။
အမြတ်စားကို ရွေးစေချင်လို့
            သို့သော် အမြတ်အယုတ်နှစ်ပါးရှိရာတို့တွင်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်၊ အမြတ်စားကို အကြီးစားရစေချင်တဲ့အတွက်၊ သမထကို ချိပ်ထားပြီးတော့၊ ၀ိပဿနာဘက်ကူးစေချင်လို့ဟောတယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            အဲတော့ ၊ ဒါ တချို့တစ်ဖက်စောင်းယူလိုက်လို့ရှိရင် ဦးစံရီ မလွဲပေဘူးလား (လွဲပါတယ်ဘုရား)၊ များသောအားဖြင့် ဦးခင်မောင် တစ်ဖက်စောင်းများတယ်နော် (တင်ပါ့ဘုရား)၊ များဘူးလား (များပါတယ်ဘုရား)။
သမထနဲ့သေရင် ဗြဟ္မာ့ပြည်သွားမယ်
            ဒကာ ဒကာမတွေ စောင်းချင်သေးသလား (မစောင်းချင်ပါဘူးဘုရား)၊ သမထနဲ့ ၀ိပဿနာ ဘယ်ဟာမြတ်ပါလိမ့် (၀ိပဿနာမြတ်ပါတယ်ဘုရား)။
ဝိပဿနာနဲ့သေရင်နိဗ္ဗာန်
         ကိုင်း ဘုရားသည် ဘယ်ဟာခွင့်ပြုရမတုံး သေခါနီးကို (၀ိပဿနာရှုမှုပါဘုရား)၊ ဒါဖြင့်သမထချိပ်ထားပေါ့ (တင်ပါ့)၊ ဒါဖြင့် ကိုယ်တော်မြတ်ကြီး ကရုဏာက အဖိုးတန်ပေးချင်လို့၊ သူ့ကိုယ်ကြီးကို ရှိခိုးသဖြင့် ဘာအကျိုးရှိရမလဲလို့ပြောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
            ဒါဖြင့် ဘယ်လို ရည်ရွယ်ချက်ဆိုတာ ဘုရားအာဘော်သိကြပလား (သိပါပြီဘုရား)၊ ဘယ်လို သိကြပါလိမ့် (၀ိပဿနာပဲအားထုတ်ရမှာပါဘုရား)။
           နောစေဗုဒ္ဓံ သရေယျာထ လောကဇေဋ္ဌံ နရာသဘံ၊ ငါဘုရား ကြပ်ကြပ်အောက်မေ့ဟေ့၊ ငါဘုရား ကြပ်ကြပ်အောက်မေ့ဟေ့ မလာဘူးလား (လာပါတယ်ဘုရား)၊ ဘုရားက အဲ့ဒိကျတော့ အောက်မေ့လို့ဟောတယ် သဘောကျပလား .. (တင်ပါ့)။
ဓဇဂ်သုတ်မှာ သမထအဓိကထားခိုင်းတယ်
            ဓဇဂ်သုတ်ကျတော့ ဘာဟောထားပါလိမ့် (ဘုရားဟောတာပါဘုရား)၊ အောက်မေ့ဆိုတာလည်း အာရုံပြုတာပဲမဟုတ်လား (မှန်လှပါဘုရား)။
            အဲ့ဒိကျတော့ဘုအဓိကထားပါလိမ့်မတုံး (သမထပါဘုရား)၊သမထ အဓိကထားပြန်တယ် (မှန်ပါ့)၊ ယခုဝက္ကလိဟောပြန်တော့ (၀ိပဿနာပါဘုရား)။
ဘုရားက ဘယ်ဟာမှမပယ်ဘူး
         ဒါဖြင့် ဘယ်ဟာမှမပယ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကောရှင်းမနေဘူးလား (ရှင်းပါတယ်ဘုရား)၊ အဲ့ဒါမဟောတတ်၊မပြောတတ်တဲ့ဆရာသမားနဲ့ကြုံလို့၊ ကန်တတ်၊ ကျောက်တတ်တဲ့ပုဂ္ဂိုလ်နဲ့ကြုံပြီဆိုမှဖြင့်၊ ဘုရားပူဇော်တာဘာကျေးဇူးရှိတုံးကွ၊ ကြည့်ပါလားကွ၊၀က္ကလိသုတ်မှာငါဘုရားခန္ဓာကိုယ်ကြီး အပုပ်ကောင်ကြီးဖူးနေသဖြင့်၊မင်းဘယ်အကျိုးရှိရမလဲဆိုပြီးသကာလ၊ ကိုယ်တော်တိုင်ကန့်ကွက်ထားတယ် ဆိုတဲ့အဓိပ္ပါယ်ကို၊ ဒီသုတ်ကလေးတစ်သုတ်ထဲနဲ့သူကအကိုးအကားထားပြီးပြောလိုက်တော့၊ ဦးဘကြည်တို့ မလွဲဘူးလား (လွဲပါတယ်ဘုရား)
            ဓဇဂ်သုတ်ဆိုတာ ဘယ်သူဟောတာပါလိမ့် (ဘုရားဟောတာပါဘုရား)၊အဲ့ဒိကျတော့ ဘာတဲ့ (အဖန်တလဲလဲအာရုံပြုရမှာပါဘုရား)၊ အဖန်တလဲလဲ အာရုံပြုပါကွ၊ အဖန်တလဲလဲအာရုံပြုပါကွ၊ အဲ့ဒါတွေ မရှိဘူးလား (ရှိပါတယ်ဘုရား)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
ဝိပဿနာအားထုတ်ရင်တော့
            ကောင်းပြီ၊ ဒါဖြင့် ဘုရားကိုရှိမခိုးရဘူးလား၊ ရှိခိုးရမှာလား (ရှိခိုးရမှာပါဘုရား)၊ ဓဇဂ်သုတ်အလိုဆို အဖန်တလဲလဲရှိခိုး (မှန်ပါ့)၊ ၀ိပဿနာတက်မဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့်၊ သူ့ရှိခိုးပြီး သကာလ၊ သူ့လျော့ပြီး ဟိုဘက်တက် (မှန်ပါ့)၊ ရှင်းပလား .. (ရှင်းပါပြီဘုရား)။
            လုံးဝမကိုးကွယ်ရဘူး၊ မဆည်းကပ်ရဘူးလို့ဆိုလိုသလား (မဆိုလိုပါဘုရား)၊ ကဲရှင်းကြပလား (ရှင်းပါပြီဘုရား)။
            ခု ဒါဖြင့် ဒီတရားပွဲမှာ ယနေ့စဟောတော့ကို နှစ်ချက်ပါသွားတယ် (မှန်ပါ့)၊ သေခါနီး ကိုယ့်ကိုယ်ကို မစွပ်စွဲဖို့ တစ်ချက်အရေးကြီးတယ် (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ်ဘုရား)။
            ဗုဒ္ဓါနုဿတိနဲ့ သမထမှာ အရေးတကြီးပဲ၊ ဗုဒ္ဓါနုဿတိနဲ့ ၀ိပဿနာမှာ ဘယ်ဟာအရေးတကြီး ပဓာန ထားတယ်ဆိုတာကော (ပေါ်ပါပြီဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား)။
            အဲ့တာ ဓဇဂ်သုတ်မှာဟောခဲ့တာက၊ ကျွတ်ထိုက်တဲ့နေရာမှာ အချိုးအစားနဲ့၊ ကြက်သီးမွေးညင်းထခြင်း၊ ကြောက်ခြင်း၊ လန့်ခြင်းသာ ပျောက်တယ်လို့ဆိုတယ်၊ ခန္ဓာနဲ့တကွ ဒုက္ခသိမ်းမယ်လို့ ဟောရဲ့ လား (မဟောပါဘူး) အဲ့ဒါ ဓဇဂ်သုတ်အဓိပ္ပါယ် (မှန်လှပါ)၊ သဘောကျကြပလား (ကျပါတယ် ဘုရား)။
အန္တရာယ်ကင်းစေခြင်းငှာ ဟောသည်
            ကြောက်ခြင်း၊ လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း ဟုတ်လား ဒါတွေတော့ရှိရဲ့လား (မရှိပါဘူးဘုရား)၊ ဘုရားဂုဏ်အောက်မေ့ရင် ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)၊ တရားဂုဏ်အောက်မေ့ရင် ကော (မရှိပါဘူးဘုရား)၊ ဒါဖြင့် အန္တရာယ်ကင်း၍ ဘေးရှင်းစေခြင်းအကျိုးငှာ ဘာဟောတုံး (ဓဇဂ်သုတ်ဟောပါတယ်ဘုရား)၊ ကဲ ဗုဒ္ဓါနုဿတိဆိုလိုက်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            အန္တရာယ်ကင်း၍ ဘေးရှင်းစေခြင်းအကျိုးငှာ ဘာဟောပါလိမ့် (ဗုဒ္ဓါနုဿတိဟောပါတယ်ဘုရား)၊ ကောင်းပြီ ၀ိပဿနာကတော့ ဘယ်အကျိုးငှာတုံးဆိုလို့ရှိရင် ယခုပစ္စုပ္ပန် အန္တရာယ်ရှင်းလို့ ဘေးကင်းခြင်းသည် အလိုမရှိ၊ ကိလေသာတည်းဟူသော အန္တရာယ်တွေမှ ရှင်းစေခြင်း အကျိုးငှာ ၀ိပဿနာကို ဟောတယ် (မှန်ပါ့) သဘောကျပလား (သဘောကျပါတယ်ဘုရား)။
ပစ္စုပ္ပန်အန္တရာယ်ကင်းအောင်လို့
            ပစ္စုပ္ပန်အန္တရာယ်တွေကင်းအောင် ဓဇဂ်သုတ်ကို ဟောသည် (တင်ပါ့)၊ ဟုတ်လား၊ တစ်သံသရာ လုံးကို မဂ်ဖိုလ်တားမြစ်တတ်တဲ့ အန္တရာယ်တွေကင်းအောင်တော့ ဘာဟောရမတုံး (၀ိပဿနာ ဟောရမှာပါဘုရား)။
            ထူးခြားေးဘူးလား (ထူးခြားပါတယ်ဘုရား) ဒါပေါ်သွားပြီ ဒကာ ဒကာမတို့၊ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား)၊ အဲ့ဒီတော့ မယောင်ကြပါနဲ့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေရ၊ မယောင်ကြပါနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေရ၊ မယောင်ကြပါနဲ့ဆိုတာ အထူးပဲပြောရတယ်၊ သို့မဟုတ်လို့ရှိရင်ဖြင့် ဆွမ်းတော်ထင်တယ်ဆိုလို့ရှိရင်ဖြင့် ကျေးဇူးမရှိဘူး ယူချင်ယူပစ်လိုက်မှာ (မှန်ပါ့)၊ မယူပေဘူးလား (ယူမှာပါဘုရား)။
ပစ္စုပ္ပန်အကျိုးနဲ့ သံသရာအကျိုးခွဲပါ
            ဘုရားရှိခိုးနေတာတွေ ဒါမယူဘူးနော် (ယူမှာပါဘုရား)၊ အဲ့ဒိကဲ့သို့ယူမှာစိုးတဲ့အတွက် သမထ။ ၀ိပဿနာ မကွဲတာလည်းတစ်ကြောင်း၊ ပစ္စုပ္ပန်အကျိုးနဲ့ သံသရာအကျိုးကို မကွဲတာလဲတစ်ကြောင်း ဤကဲ့သို့ အကြောင်းအမျိုးမျိုးတွေကို မဝေဖန်တတ်တာနဲ့ တစ်ခုပယ်ချတယ်၊ တစ်ခုပယ်တာ လက်ကိုင်ထားတယ်ဆိုတော့ ဦးဘကြည်ကောင်းသေးရဲ့လား (မကောင်းပါဘူးဘုရား)။
            အတော်မဆိုးဘူးလား (ဆိုပါတယ်ဘုရား)၊ ကဲယနေ့အဓိပ္ပာယ်ရှင်းပလား (ရှင်းပါပြီ)၊ ကောင်းပြီ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်လိုဟောပြန်တုံးဆိုတော့၊ မင်းကွာတဲ့ ဒီအကောင်ပုပ်ကြီး ကြည့်နေသဖြင့် ဘာကျေးဇူးရှိရမလဲ၊ မင်းကြည့်ချင်လို့ရှိရင်ဖြင့် ယောခေါ ၀က္ကလိ ဓမ္မံ ပဿတိ သောမံ ပဿတိ။
တရားမြင်မှ ဘုရားမြင်တယ်
            တရားမြင်မှ ဘုရားမြင်မှာပါပဲကွ၊ ဆက်ဟောတယ် (မှန်ပါ့)၊ ဦးဘကြည် ဒါခုနက ပါဠိအဆက်နော် (တင်ပါ့)၊ တရားမြင်ရင် (ဘုရားမြင်ပါတယ်ဘုရား)၊ ဘုရားမြင်ရင် (တရားမြင်ပါတယ်ဘုရား)။
            သို့သော် စကားနှစ်ခွန်းရှေ့ နောက်ခွဲလိုက်ပါ၊ တရားမြင်ရင်ဘာတုံး (ဘုရားမြင်ပါတယ်ဘုရား)၊ ဒါရှေ့ စကားဘုရားမြင်ရင် (တရားမြင်ပါတယ်ဘုရား)၊ ဒါက ဘာတုံး (နောက်စကား)။
            ဒါဖြင့် တစ်နဲ့ နှစ် ဒါ သတိထားရလိမ့်ဦးမယ်၊ တစ်နဲ့ နှစ်သတိထားရလိမ့်ဦးမယ် ဒကာ ဒကာမတို့၊ တရားမြင်ရင် (ဘုရားမြင်ပါတယ်ဘုရား)၊ ဒါက တစ်နံပါတ်နော် (မှန်ပါ့)။
            ဘုရားမြင်မှ (တရားမြင်ပါတယ်ဘုရား)၊ ဘုရားမြင်မှတရားမြင်တယ်၊ ဒါ ဘုရားသခင်ကိုယ်တော် မြတ်ကြီးဒီအတိုင်းဟောတာပဲ၊ ယောခေါ ၀က္ကလိဓမ္မံ ပဿတိ သောမံ ပဿတိ။
ဘုရားမြင်မှ တရားမြင်တယ်
            နှစ်နံပါတ်က ဘယ်လိုပါလိမ့် (ဘုရားမြင်မှ တရားမြင်ပါတယ်ဘုရား)၊ ဘုရားမြင်လို့ရှိရင် ဘာတုံး (တရားမြင်ပါတယ်ဘုရား)၊ တရားမြင်တယ်။
အင်း ဒီဥစ္စာ ဒကာ ဒကာမအတွက် ဉာဏ်ထဲဝေဖန် ကြည့်တာပေါ့၊ တစ်နဲ့နှစ်ဟာ ဘယ်သူ အရေးကြီးတယ်ဆိုတာ စဉ်းစားကြည့်စမ်း (တစ်က အရေးကြီးပါတယ်ဘုရား) တစ်က အရေးကြီးတယ်။
တရားမြင်မှ (ဘုရားမြင်တယ်)၊ ဘုရားမြင်တယ်နော်၊ နှစ်က (ဘုရားမြင်မှ တရားမြင်ပါတယ်)၊ ဘုရားမြင်ပြီးမှ တရားမြင်ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
တစ်ကဘာပါလိမ့် (တရားမြင်မှ ဘုရားမြင်ပါတယ်)၊ နှစ်က (ဘုရားမြင်မှ တရားမြင်ပါတယ်ဘုရား) အင်း မြင်ပုံချင်းတခြားစီပါလား (တခြားစီပါဘုရား)။
မြင်ပုံချင်း တခြားစီဆိုတော့ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ သောတာပန်ဖြစ်ပြီးမှ ဘုရားကြည်ညိုတာနဲ့ ဒါတွေဟာ ဒီနေ့ပြောတာတွေဟာ၊ တကယ့်ချက်ကောင်းတွေ ချည့်ပဲလို့ အောက်မေ့ လိုက်စမ်း (မှန်ပါ့)။
ဦးဘကြည် (မှန်ပါ့)၊ သောတာပန်ဖြစ်ပြီးမှ ဘုရားကြည်ညိုတာနဲ့၊ သောတာပန်မဖြစ်ခင်က ကြည်ညိုတာနဲ့ ကြည်ညိုပုံ ဘယ့်နှယ်နေကြတုံး (ကွာခြားပါတယ် ဘုရား)။
            ဟိုဘက်တုန်းက စလသဒ္ဓါတရား ပုထုဇဉ်တုန်းက ဟုတ်လား (မှန်ပါ့)၊ သောတာပန်ဖြစ်တဲ့အခါ ကျတော့ အစလသဒ္ဓါတရား မလာဘူးလား (လာပါတယ်)။
            အဲတော့ အဲ့ဒါနဲ့ပဲ ဝေဖန်ကြည့်လိုက်တော့ သိပြီ ဦးစံရီမသိသေးဘူးလား (သိပါပြီ)၊ သိနေပြီတဲ့ ပုထုဇဉ်တုန်းက ဘာသဒ္ဓါတရားဆိုတော့၊ စလသဒ္ဓါတရားဆိုတာ ခြေဖ၀ါးတစ်လှမ်းမတန်ဘူးတဲ့ (မှန်ပါ့)၊ ရှင်ပလား (ရှင်းပါပြီဘုရား)။
သောတာပန်၏သဒ္ဓါတရား
            ပုထုဇဉ်နော် (တင်ပါ့)၊ သောတာပန်တည်ပြီးတဲ့ ပုဂ္ဂိုလ်ဘုရား ဘုရားမဟုတ်ဘူးလို့ ပြောလို့ကိုရသေးရဲ့ လား (မရပါဘူး)။
            သူဘာသဒ္ဓါတရားပါလိမ့် (အစလ သဒ္ဓါတရားပါဘုရား)၊ အစလသဒ္ဓါတရား ရှင်းကြပလား (ရှင်းပါပြီဘုရား)။
            အဲတော့ ဘာကြောင့်ထူးသတုံး အဲဒီဝေဖန်ကြည့်လိုက်ရင် ခင်ဗျားတို့ရှင်းပြီ (တရားမြင်ပြီးတော့ ဘုရားမြင်ပါတယ်ဘုရား)၊ သဘောကျပလား (မှန်ပါ့)။
            တရားကြောင့် ခင်ဗျားတို့ မတုန်မလှုပ်ကြည်ညိုတာ (မှန်လှပါဘုရား)၊ သဘောကျကြပလား (ကျပါတယ်)၊ ဒါဖြင့် တရားသိမှ ဘုရားသိတာပေါ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
            ဘာတဲ့တုံး (တရားသိမှ ဘုရားသိပါတယ်ဘုရား)၊ တရားသိမှ (ဘုရားသိပါတယ်)၊ တရားမြင်မှ (ဘုရားမြင်ပါတယ်ဘုရား)၊ ဘုရားမြင်တယ်ဆိုတဲ့ဥစ္စာ၊ ခုသက်သေသာဓကနဲ့ပြောလိက်တဲ့အခါကျတော့ ကို ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါပြီ)။
ပုထုဇဉ်၏သဒ္ဓါတရား
            ပုထုဇဉ်သဒ္ဓါတရားက ဧတ ပတ္တ ဘာဝေန နာနာလို့ဟောလိုက်တယ်၊ ပထမခြေတစ်လှမ်းမှာတော့ ဒီဘုရားကြည်ညိုတာပဲ၊ နောက်တစ်လှမ်းကျရင် ပျက်ချင်ပျက်သွားမယ်။
            ဒါဘယ်သူ့သဘောပါလိမ့် (ပုထုဇဉ်ရဲ့ သဘောပါဘုရား)၊ ဒါဖြင့် သဒ္ဓါခိုင်တဲ့သဘော မရှိဘူးပေါ့ (မှန်ပါ့)၊ သောတာပန်တည်တဲ့အခါကျတော့ ဘာတုံး (သဒ္ဓါခိုင်ပါတယ်ဘုရား)။
            သဒ္ဓါခိုင်သွားတဲ့အတွက် ပျက်သေးရဲ့ လား (မပျက်ပါဘူးဘုရား၊ ဒါဖြင့် သဒ္ဓါဆိုတာ ဘုရားလား၊ တရားလား (တရားပါဘုရား)။
            ကိုင်း တရားသိမှ ဒကာ ဒကာမတို့ ဘာဆိုကြမတုံး (ဘုရားသိပါတယ်ဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဘာသိမှ (တရားသိမှ ဘုရားသိမှာပါဘုရား)၊ နေရာကျပလား (ကျပါပြီဘုရား)။
            ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားသိပြီးမှ ဘုရားသိရမယ်၊ ဘုရားသိပြီးမှ တရားသိရတယ်လို့လည်း နောက်ထပ်ဆင့်ဟောတယ် (မှန်လှပါဘုရား)၊ မဟောဘူးလား (ဟောပါတယ်)။
            တစ်နံပါတ်ကဘာတဲ့ (တရားသိပြီးမှ ဘုရားသိပါတယ်ဘုရား)၊ တရားသိပြီးမှ ဘုရားသိတယ်၊ နှစ်နံပါတ်ကဘာတဲ့ (ဘုရားသိပြီးမှ တရားသိပါတယ်ဘုရား)၊ အင်း နှစ်နံပါတ်ကလည်း ဘုရားသိပြီးမှ တရားသိရတယ်ဆိုတော့ ဘုရားသည်ကားလို့ဆိုလို့ရှိရင် တစ်ခါစဉ်းစား သူတစ်ပါးနဲ့ တူ၊ မတူ (မတူပါဘုရား)။
အတုမရှိတဲ့ဘုရား
            ဒါဖြင့် သူအတုမရှိပေါ့ (မှန်ပါ့)၊ ဟုတ်လား (တင်ပါ့)၊ အတုမရှိရင် ပုဂ္ဂိုလ်သတ္တ၀ါတွေ ၀ိုင်းမလား၊ မ၀ိုင်းဘူးလားလို့ စဉ်းစားကြည့် (၀ိုင်းပါတယ်ဘုရား)။
သာမန်လူစားဆိုလို့ရှိရင် ဘယ်သူဝိုင်းမတုံး (မ၀ိုင်းပါဘူးဘုရား)၊ ဘယ်သူမှဝိုင်းပြီးကြည့်ကြ၊ ရှုကြမယ်လို့ဆိုနိုင်စရာ မြင်ကြရဲ့ လား (မမြင်ပါဘူးဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လူထူးမို့ဝိုင်းတယ်၊ ၀ိုင်းတဲ့ အခါကျမှ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကလည်း၊ သူ့ဂုဏ်ပုဒ်တွေနဲ့ တရားတော်တွေ မဟောဘူးလား (ဟောပါတယ်ဘုရား)
ဘုရားမြင်ပြီးမှ တရားမြင်ကြတယ်
            အဲ့ဒိကျတော့ ဘယ်နဲ့ဆိုကြမတုံး (ဘုရားမြင်ပြီးမှ တရားမြင်ပါတယ်ဘုရား)၊ ဘုရားမြင်ပြီးမှ တရားမြင်ရရှာတယ် (မှန်ပါ့)၊ ဘုရားတွေ့ပြီးမှ (တရားတွေ့ပါတယ်)။
            ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားပါတော့တဲ့၊ ဒီနှစ်ခုသည် ဘယ်လိုများ ထူးခြားပါလိမ့်မတုံးဆိုတော့ဖြင့်၊ အဓိပ္ပာယ်လည်း ထူးခြားနေတယ်။
အကောင်းဆုံးက အလယ်မှာထားရမယ်
            သို့သော် အကောင်းဆုံးဝေဖန်ဖို့ကတော့ဖြင့် အလယ်ကြားမှာထားရလိမ့်မယ်၊ ဦးစံရီထားရလိမ့်မယ် နော် . . ( မှန်ပါ့)
            တစ်နံပါတ်က ဘာတဲ့ (တရားမြင်မှ ဘုရားမြင်ပါတယ်ဘုရား)၊ အင်း သူက တရားသိပြီးမှ ဘုရားသိတယ်၊ ဘာအကိုးအကားထားလိုက်သလဲ (သောတာပန်တည်ပြီးမှပါဘုရား)၊ သောတာပန်တည် ပြီးမှ၊ တရားအထွတ်အထိပ်ရောက်မှ ဘုရားကြည်ညိုတာမြဲတယ် (မှန်ပါ့)။
            တရားအထွတ်အထိပ်မရောက်သေးရင် (မမြဲသေးပါဘူးဘုရား)၊ ဒါက ဘာတုံး (တရားသိမှ ဘုရားသိတာပါဘုရား)၊ တရားသိပြီးမှ ဘုရားသိတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ဒီတရား ကြပ်ကြပ်သတိထားပါ
            ဒီနေ့တရားမှာ ကြပ်ကြပ်သတိထားပါ၊ အားလုံးယောင်တတ်တာတွေကို အကုန်ရှင်းပေးနေတာ၊ အားလုံးယောင်တတ်တာတွေကို အကုန်ရှင်းပေးနေတာ၊ အားလုံးယောင်တတ်တာတွေကို အကုန်ရှင်းပေး နေတာ၊ ခင်ဗျားတို့ဂရုစိုက်ပြီးသကာလ မှတ်ကြပါလို့ သတိပေးလိုက်တယ်။
            နောက် ဒုတိယအချက်ကဘာတဲ့ (ဘုရားမြင်မှ တရားမြင်ပါတယ်ဘုရား)၊ ကောင်းပြီ၊ ဘုရားမြင်ပြီးမှ တရားမြင်တယ်လို့ဆိုတော့ ဘုရားလူထူးမို့ ၀ိုင်းကြတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
ဝိုင်းလာတဲ့အခါကျရင် ပရိသတ်စုရသေးလား (မစုရပါဘူးဘုရား)၊ မစုရေးသေးတဲ့အတွက် ဒီပုဂ္ဂိုလ်တွေမှာ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ ဘုရားဟောလိုက်တော့ မကျွတ်လား (ကျွတ်ပါတယ်ဘုရား)။
ဝိပဿနာက ရှေ့ 
            ဒါကျတော့ ဘယ်နဲ့ဆိုကြမတုံး (ဘုရားသိပြီးမှ တရားသိပါတယ်ဘုရား)၊ ဒါဖြင့် ဒီလိုယူကြ၊ ခင်ဗျားတို့ ဒီထဲက ၀ိပဿနာက ရှေ့ နော် (မှန်ပါ့)၊ သမထက (နောက်ပါဘုရား)။
            ဒီကျတော့ (၀ိပဿနာကရှေ့  သမထကနောက်ပါဘုရား)၊ သေချာဖြေ၊ သေချာဖြေ၊ ယီးတီးယားတားနဲ့ မရဘူး (သမထကရှေ့ ၊ ၀ိပဿနာက နောက်ပါဘုရား)၊ သမထကရှေ့ ၊ ၀ိပဿနာက နောက် ဒါပဲကွာတယ် (မှန်ပါ့)။
သမထက ရှေ့ 
            ဒါပဲကွာတယ် ဒကာ ဒကာမတို့၊ ဒီတုန်းကဘာတုံး (၀ိပဿနာကရှေ့ ၊ သမထကနောက်ပါဘုရား)၊ ဒီကျတော့ (သမထကရှေ့ ၊ ၀ိပဿနာကနောက်ပါဘုရား)၊ ၀ိပဿနာက နောက်အဲ့တော့ သမထ ၀ိပဿနာချည့်တွဲသွားရတာ ချည့်ပဲဆိုတာ ယုံကြည်ပလား (ယုံကြည်ပါပြီဘုရား)။
အတူတူပဲမှတ်ပါ
            အတူတူပဲလို့ မှတ်ရတယ် (မှန်ပါ့)၊ သမထ ၀ိပဿနာကင်းရင် ဘယ်သူမှ နိဗ္ဗာန်မရောက်ဘူး သဘောကျပလား (ကျပါပြီဘုရား)။
            မဂ္ဂင်မှာဝေဖန်ကြည့်လိုက်၊ ၀ိပဿနာမဂ္ဂင်က ဘယ်နှစ်ပါးတုံး၊ နှစ်ပါး၊ သဘောကျပလား၊ ၀ိပဿနာမဂ္ဂင်က ဘယ်လောက်ပါလိမ့် (နှစ်ပါးပါဘုရား)၊ သမထမဂ္ဂင်က (သုံးပါးပါဘုရား)၊ သူတို့ မပါပဲနဲ့ ခင်ဗျားတို့ နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်များ တွေ့ဖူးရဲ့ လား (မတွေ့ဖူးပါဘုရား)၊ ရှင်းသေးဘူးလား (ရှင်းပါတယ်ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
            ခင်ဗျားတို့ဉာဏ်ထဲမှာ ဆုံးဖြတ်ချက်ကျပလားလို့ မေးလိုက်တယ် (ကျပါတယ်ဘုရား)၊ ဘုန်းကြီး တို့ကတော့ ကျလို့ဟောတာ (မှန်ပါ့) ခင်ဗျားတို့မကျမှာစိုးရိမ်တယ်။
ကဲ ဦးစံရီတို့ မောင်ကိုတို့ သဘောကျပလားကွ (ကျပါတယ်ဘုရား)၊ ပထမဟာက ဘာတဲ့ (၀ိပဿနာကရှေ့ သမထက နောက်ပါဘုရား)၊ နောက်ဟာက (သမထက ရှေ့ ၊ ၀ိပဿနာက နောက်ပါဘုရား)။
ဝိပဿနာရှေ့ ထားတဲ့ပုဂ္ဂိုလ်
            ဒါဖြင့် တချို့  သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ၀ိပဿနာရှေ့ ၊ တချို့  ဒဠှတာရီပုဂ္ဂိုလ်ဆိုတော့၊ ပဋိသမ္ဘိ ဒါပတ္တဆိုတော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်ဆိုတော့ အတူ တူပဲတဲ့ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
            သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ရှင်အာနန္ဒာတို့လိုပေါ့လေ  … နတ်ပြည်သွားရင်သူနေခဲ့ရပြီ၊။။။
 (မှန်ပါ့)၊ သောတာပန်တော့ တည်ပြီးသားပဲ (တင်ပါ့၊ ဘာပြုလို့တုံးဆိုရင် ဈာန်ခြောက်နေတယ်၊ ဈာန်မရှိဘူး သူ့မှာ (တင်ပါ့)၊ ပေါ်လာကြပလား (ပေါ်ပါပြီဘုရား)။
            သူဘာနဲ့ တက်လှမ်းလာတုံးဆိုတော့၊ ၀ိပဿနာချည့်သက်သက်နဲ့တက်လာတယ် သဘောကျပလား (မှန်ပါ့)၊ ကောင်းပြီး တစ်ချက် တစ်ချက် ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ ကျတော့ ဘာနဲ့တက်တာတုံး (သမထနဲ့ တက်ပါတယ်ဘုရား)။
သမထရှေ့ ထားတဲ့ ပုဂ္ဂိုလ်
            သမထရှေ့ ထားပြီး ၀ိပဿနာနောက်ထားတတ်တယ်၊ သူတို့ကျတော့ကို သမထက ရှေ့ ၊ ၀ိပဿနာ ကနောက်၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာလေးကပဲ ထူးခြားတယ်လို့ ခင်ဗျားတို့မှတ်ထားလို့ရှိရင်ဖြင့် ဘုရားပယ်၊ တရားပယ်စရာများ လိုသေးသလား (မလိုတော့ပါဘူးဘုရား)။
            ဒီ သမထ ၀ိပဿနာမကွဲကြလို့  တချို့ က ဘုရားပယ်ပြီး တရားဆက်ဆယ်၊ တချို့ ကျတော့လည်း ဘုရားဖက်တာနဲ့ တရားပယ်ချင် ပယ်ချတယ် (မှန်ပါ့)၊ ဆိုတာ ဤကဲ့သို့ဝေဖန်မှုမှာ ဦးစံရီ မရှင်းလို့မှတ်ရမယ် (မရှင်းလို့ပါဘုရား)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
            ခုတော့ ဘယ့်နှယ်နေကြတုံး (ရှင်းပါတယ်)၊ ဘယ်လိုရှင်းတာတုံး (ရှေ့ နဲ့နောက်နဲ့)၊ ရှေ့ နဲ့ နောက်နဲ့ပဲကွာတယ်၊ နို့ ဘုရားက ပုဂ္ဂိုလ် အချိုးအစားနှစ်မျိုးရှိတယ်လို့ မဟောခဲ့ဘူးလား (ဟောပါတယ်)။
သုက္ခ၀ိပဿကပုဂ္ဂိုလ်
            သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ဈာန်ခြောက်တယ်ကွ ဈာန်မရှိဘူး ဟုတ်လား၊ အသိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ ဈာန်လမ်းကထိုးတက်လာတာကွ၊ ဈာန်ရတာက အရင်၊ ၀ိပဿနာက နောက်တဲ့၊ သဘောကျပလား (ကျပါတယ်)။
            အဲ့တော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်၊ ထို့အတူ ၀ိပဿနာအားထုတ်ပြီး ရဟန္တာဖြစ်မှ ဈာန်ရအောင်ကြိုးစားတော့လည်း ရသေးတဲ့ပုဂ္ဂိုလ်တွေက တစ်ပုံကြီးပဲ (မှန်လှပါ)၊ ပေါ်လာကြပလား (ပေါ်လာပါပြီဘုရား)။
ဗုဒ္ဓါနုဿတိကိုယူပါ
            ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဘုရားကောပယ်စရာလိုသေးလား (မလိုပါဘူးဘုရား)၊ တရားကော (မလိုပါဘူးဘုရား)။
            အဲဒါ ခင်ဗျားတို့ အထည်ကြီးယူနေရင်တော့ လွဲလိမ့်မယ် (တင်ပါ့)၊ သမထနဲ့ ၀ိပဿနာယူရင် မလွဲဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ အထည့်ချည့်ယူရင်တော့ (လွဲမယ်)။
            ခင်ဗျားတို့က ဘုရားပယ်တယ်ဆိုတော့၊ ခင်ဗျားတို့က အထည်ကြီးလို့ယူထားတော့၊ ဗုဒ္ဓါနုဿတိကို မယူတဲ့အတွက်၊ အမှားက အမှားကြီးသွားတယ် (မှန်ပါ့)။
            ခုတော့ ဗုဒ္ဓါနုဿတိယူလိုက်တဲ့အတွက် မမှန်ဘူးလား (မှန်ပါတယ်ဘုရား)၊ စင်စစ်ကျတော့ ဗုဒ္ဓါနုဿတိပဲ မဟုတ်လား (မှန်ပါ့)၊ သဘောကျပလား (မှန်လှပါ)။
            ဒါဖြင့် ဒီဥစ္စာက ကြားဖြတ်ဟောတဲ့တရားလို့ မှတ်စမ်းပါ (မှန်ပါ့)၊ ဘာတရားပါလိမ့် (ကြားဖြတ် ဟောတဲ့တရာပါဘုရား)၊ ကြားဖြတ်ဟောတဲ့တရားလို့ မှတ်ထားလိုက်တော့၊ ၀က္ကလိကို ဘုရားသခင်ကိုယ် တော်မြတ်ကြီး ဘယ်ဟာ အဓိကထားဟောပါလိမ့်မတုံးလို့မေးတော့၊ ၀က္ကလိက ဒီအချိန်မှာ ဘာဖြစ်နေတုံးဆိုတော့ ရောဂါဝေဒနာစွဲနေတဲ့ ပုဂ္ဂိုလ် (တင်ပါ့)။
            ဈာန်မပါဘူး သူ့မှာ (တင်ပါ့ဘုရား) ပါရဲ့ လား (မပါပါဘူး)၊ အဲတော့ သူက အရေးကြီးတာက ၀က္ကလိကဈာန်ပေါ်မှာ အရေးကြီးနေတယ် (မှန်လှပါ)၊ ဘုရားကို မဖူးတွေ့ရတဲ့အတွက် တပည့်တော် စိတ်မချမ်းသားဘူး၊ သို့သော် သမထအရေးကြီးနေတယ် (သမထ အရေးကြီးနေပါတယ်)၊ သဘောကျပလား (မှန်ပါ့)။
ဘုရားက ဘာနဲ့ကယ်တင်လိုက်သလဲ
ဝက္ကလိက ဘာအရေးကြီးနေပါလိမ့် (သမထ အရေးကြီးနေပါတယ်ဘုရား)၊ သမထအရေးကြီးနေတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက၊ သေခါနီးကို သမထက သေခါနီးမှ စတည်ရမယ်ဆို ဦးစံရီရေ သေရုံပဲ (တင်ပါ့)၊ ရမှာမဟုတ်ဘူး (တင်ပါ့)။
ရစရာမြင်သေးရဲ့ လား (မမြင်ပါဘူး)၊ အဲ့တော့ ဘုရားသည် ဘယ်ဟာနဲ့ ကယ်တင်လိုက်သလဲ ဆိုတာ ခင်ဗျားတို့ပဲ ဝေဖန်ကြည့်ပါ (၀ိပဿနာနဲ့ ကယ်တင်ပါတယ်ဘုရား)၊ ဒါနဲ့ပယ်ချလိုက်တယ်။
ငါတည်းဟူသော အသုဘအကောင်ကြီး မင်းက မဖူးရလို့၊ မင်းနှလုံးမသာယာခြင်းဖြစ်တာကွာ၊ တော်စမ်းပါ၊ ဒီစကားမသုံးပါနဲ့၊ သဘောကျပလား (ကျပါပြီဘုရား)။
အရေးကြီးတာက တရားသိမှ ဘုရားသိတာပါကွ (တင်ပါ့)၊ တရားအရေးကြီးစမ်းပါ၊ မဟောထိုက်ဘူး လား၊ ဟောထိုက်လား . (ဟောထိုက်ပါတယ်ဘုရား)၊ ခဏနေ သေတော့မှာမင်းက မနေ့က အသေခန်းကိုဟောတယ် . (မှန်ပါ့)၊ ဒီနေ့ အရှင်ခန်းကိုဟောနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
ခဏနေ သူဘာဖြစ်တော့မယ်ထင်တုံး (သေတော့မှာပါဘုရား)၊ ခဏနေ သေတော့မယ်နော်၊ အဲ့တာ သမထမူတည်ပြီးသကာလ ဟောနေမယ်ဆိုရင် ဦးခင်မောင်တို့ပြီးပါဦးမလား (မပြီးပါဘူးဘုရား)။
သေခါနီးမို့လို့ အဖိုးတန်တာယူသွားပါ
            သာသနာတွင်းကြုံတော့ သာသနာပတရားနဲ့ လမ်းဆုံးမသွားပေဘူးလား (ဆုံးသွားပါတယ်ဘုရား)၊ အင်မတန် နစ်နာမှုနဲ့ မကြုံပေဘူးလား (ကြုံပါတယ်ဘုရား)။
            ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ၀က္ကလိကို ဘုရားမကြည်ညိုနဲ့ဆိုတဲ့စိတ်ထား ဘုရား၏ အာဘော်ကောပေါ်ပလား (ပေါ်ပါပြီ)၊ သေခါနီးမို့ အဖိုးတန်တာကို ယူသွားပါ၊ အဖိုးမတန်တာနဲ့ အချိန်မကုန် ပါစေနဲ့၊ ဓဇဂ်သုတ်ကျတော့ သေခါနီးဟောတဲ့တရားမဟုတ်ဘူး (မှန်ပါ့)။
            သိကြားမင်း ကြောက်လို့ရှိရင် ငါ့ဘုရားအောက်မေ့ကွ၊ သဘောကျပလား (မှန်လှပါ)၊ ငါ့တရားတော် အောက်မေ့ကွ၊ ငါ၏ဂုဏ်တွေကော (အောက်မေ့ပါ)။
            ကြောက်ခြင်း၊ လန့်ခြင်းဖြစ်မယ်ဆိုရင် ဒါတွေဟာ အောက်မေ့ကွဆိုတော့ ဟော ဒီတစ်ကြိမ် ပြန်ဟောရတာကိုးဗျ (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)။
သေခါနီး ဘယ်တရားအကောင်းဆုံးတုံး
            ဒီက သေခါနီးဟောရတာ (မှန်လှပါ)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သေခါနီးတရား ဘယ်ဟာ အကောင်းဆုံးတုံး (၀ိပဿနာတရားပါဘုရား)။
            အား ငါဖြင့် အသက်ရှည်ကောင်းရှည်ပါလိမ့်ဦးမယ်ဆိုရင်ဖြင့်၊ သမထနဲ့ ၀ိပဿနာတွဲလွှတ် ရှင်းပလား (မှန်ပါ့)။
            သေခါကလည်း နီးထင်ပါရဲ့ ဆိုရင် ၀ိပဿနာဖိလုပ် (မှန်လှပါ)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
            ကိုင်း ဒါဖြင့် ဒီဟာကို အသေအချာစဉ်းစားလိုက်တော့၊ အခု ၀က္ကလိသည် သူ ဘုရားကို မကြည်ညိုဘူးလား၊ ကြည်ညိုလားမေးတော့ ကြည်ညိုရင်းစွဲပဲတဲ့၊ ကြည်ညိုလျက် ပါပဲ။
            သို့သော် သူသည် ဘာအားထုတ်မှုပိုသွားတုံး (၀ိပဿနာအားထုတ်မှု ပိုသွားပါတယ်ဘုရား)၊ ၀ိပဿနာအားထုတ်မှုပိုသွားတယ်၊ ဘုရားက ငါ့ဖူးနေသဖြင့် ဘာကျေးဇူးရှိရမှာတုံးကွ။
            ဦးဘအုန်းရေ စာအုပ်ကြီးနဲ့လည်း မလွဲနဲ့ဦးနော် ကောင်းပြီ၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သေခါနီးဟောရမဲ့ တရားဖြစ်လေသောကြောင့် ဘာအဓိကထား ဟောပါလိမ့် (၀ိပဿနာအဓိကထားဟောပါတယ်ဘုရား)။
ဝိပဿနာဟောပြီ
            အေး တရားသိမှ ဘုရားသိမယ်ကွ၊ တရားမသိသေးလို့ရှိရင် ဘုရားသိဖို့အရေးဟာ အတော်ကွာဝေး တယ်ကွ၊ ဘုရားပဲမပယ်ဘူးလားဗျာ (ပယ်ပါတယ်ဘုရား)။
            ပယ်ပြီးသကာလ ပယ်ပုံကို ဘုန်းကြီး အသေအချာ ရှင်းပြမယ်၊ အဲဒါတွေလည်း ပြောပြီးရော ဒကာ ဒကာမတို့၊ တစ်ခါတည်း သူခန္ဓာကိုယ်မှာ ခန္ဓာငါးပါးပြတဲ့ပြီးတော့ ဟောတော့တာပဲ။
            ဒါဘာဟောမယ်လို့ထင်တုံး၊ ခန္ဓာငါးပါးကို ပြကတည်းကိုက (၀ိပဿနာပါဘုရား)၊ ဒီစကားလည်းပြီးရော ဦးစံရီ သူတို့ အနိစ္စလား နိစ္စလား မေးတော့တာပဲ (မှန်ပါ့)။
            အဲ့ဒီလို ဘုရားကမေးလိုက်တယ်၊ အဲတော့ ၀က္ကလိကိုမေးလိုက်တယ်ဆိုတော့ ဒကာ ဒကာမတွေလည်း ဘုန်းကြီးတို့က ဘုရား၏ကိုယ်စားလှယ်လုပ်ပြီးတော့ မေးတာပဲ။
ဝေဒနာသုံးပါးဟာ နိစ္စလား၊ အနိစ္စလား
            ဝေဒနာသုံးပါးလား နိစ္စလား၊ အနိစ္စလား . (အနိစ္စပါဘုရား)၊ အဲဒီ အနိစ္စဖြစ်တဲ့ ဝေဒနာ သုံးပါးဟာ ဒုက္ခလား၊ သုခလား (ဒုက္ခပါဘုရား)။
            အဲ့ဒီ အနိစ္စ၊ ဒုက္ခဖြစ်တဲ့တရားသည် ၀ိပရိဏာမ သဘောရှိ၊ မရှိ (ရှိပါတယ်)၊ အဲဒီ ၀ိပရိဏာမ သဘောရှိတဲ့တရားကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ခေါ်နိုင်ကြရဲ့ လား (မခေါ်နိုင်ပါဘူး)။
            ဘာဖြစ်လို့မခေါ်နိုင်တုံး၊ ဘယ့်နှယ့်ကြောင့် မခေါ်နိုင်ပါလိမ့် (ဖောက်ပြန်ပျက်စီးလို့ပါဘုရား)၊ ဖောက်ပြန်ပျက်စီးလို့ ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့်၊ မရှိမှ မရှိတာကြီးပဲ ဟုတ်လား ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့ လား (မဆိုနိုင်ပါဘူး)။
            အဲတော့ မရှိလို့ကို မဆိုနိုင်တာ၊ ဘယ်လိုကြောင့် မဆိုနိုင်တာပါလိမ့် (မရှိလို့ပါဘုရား)၊ မရှိလို့ မဆိုနိုင်တာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
            အဲဒီကဲ့သို့ ခန္ဓာငါးပါးကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဝေဒနာကိုလည်း ဟော ရုပ်ကိုလည်း ဟောပြီး အကုန်ဟောတော့တာပေါ့လေ၊ ဟောပြီးသကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လည်း ကျောင်းတော်ပြန်တယ်ဆိုတော့။
ဘုရားက ၀ိပဿနာဟောပြီးပြန်ကြွတယ်
            ဘုရားကျောင်းတော်ပြန်တော့ ဘာဟောပြန်ပါလိမ့်မတုံးလို့ ခင်ဗျားတို့က ဝေဖန်၊ ၀ိပဿနာဟော ပြန်တယ်နော်၊ ခန္ဓာငါးပါးတော့ ဟုတ်တာပေါ့ (၀ိပဿနာဟောပြန်ပါတယ်)။
            သမထဟောပြန်လား၊ ၀ိပဿနာဟောပြန်လား (၀ိပဿနာဟောပြန်ပါတယ်ဘုရား)၊ ပထမတုန်းက ၀က္ကလိဝမ်းနည်းတဲ့အကြောင်း ပြောတုန်းက ဘုရားက မပယ်လိုက်ဘူးလား (ပယ်ပါတယ် ဘုရား)။
            တပည့်တော် ကိုယ့်သီလကိုလည်း ကိုယ်သံသယမရှိပါဘူး၊ သို့သော် အရှင်ဘုရား၊ ဖူးနေကြ ဖူးတွေ့ချင်တာ တပည့်တော် အဲ့ဒိ သံသယ ကုက္ကုစ္စရှိတယ်၊ ၀က္ကလိက မလျှောက်ဘူးလား (လျှောက်ပါတယ် ဘုရား)။
            အိုး ၀က္ကလိ၊ ဒါ သာမညဟာတွေက ဟုတ်လား (မှန်ပါ့) အလံ ၀က္ကလိ ၀က္ကလိ-၀က္ကလိ၊ အလံ တော်လောက်ပြီ၊ မင်းပြောတဲ့စကား ရှေ့ မဆက်နဲ့တော့ တော်လောက်ပြီ၊ ဒီလိုကိုပယ်ချလိုက်တယ် ဟုတ်လား။
            ဒီအကောင်ပုပ်ကြီး ဖူးနေသဖြင့် မင်းဘာအကျိုးရှိရမှာတုံး (မှန်ပါ့)၊ ဟုတ်လား၊ တရားသိမှ ဘုရားသိတယ်ကွဆိုပြီး တရားအားထုတ်လာတာ၊ မထုတ်ဘူးလား၊ ထုတ်လား (ထုတ်ပါတယ်ဘုရား)။
            အဲ့ဒိလို အဆက်တွေကိုလည်း သိမှ ဒကာ ဒကာမတွေရှင်းမယ်နော် (မှန်ပါ့)၊ အဆက်တွေ မသိရင် (မရှင်းပါဘူးဘုရား)၊ အဆက်တွေမသိလို့ရှိရင်ဖြင့် ရှင်းကို မရှင်းဘူးဆိုတာဖြင့် ကျေကျေနပ်နပ် သဘောကျကြပါ (မှန်ပါ့)။
            ကောင်းပြီ၊ ဒါဖြင့် ဘုရား အခုဝိပဿနာတွေ ဟောပြီး ကျောင်းတော်ကြွတယ် (မှန်ပါ့)၊ ကျောင်းတော်မကြွဘူး၊ ဂိဇ္ဈကုဋ်တောင်ပေါ် ဒီနေ့နေမယ်ဆိုပြီးသကာလ ကြွသွားတယ်။
ဂိဇ္ဈကုဋ်တောင်ပေါ် ကြွသွားတယ်
            ဂိစ္ဈကုဋ်တောင်ပေါ် ကြွပြီးသကာလ သွားတဲ့အခါ၊ ၀က္ကလိသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ ဒီဟာ နှလုံး သွင်းတာပဲ ဒကာ ဒကာမတို့၊ ခုနက ဘုရားဟောသွားတဲ့ လက္ခဏာရေး သုံးပါးပေါ့ဗျာ (မှန်ပါ့)။
            မသွင်းပေဘူးလား (သွင်းပါတယ်ဘုရား)၊ သွင်းတဲ့အခါမှာ သူ့စိတ်ထဲမှာ ထင်လာတဲ့ အဓိပ္ပါယ်ကတော့ ဒကာ ဒကာမတွေ မနေ့ကပြောတယ်နော်၊ သြော် ဒုက္ခဖြစ်တဲ့ တရားဆိုလည်း သူပဲ အနိစ္စဖြစ်တဲ့ တရားဆိုတာလည်း ဝေဒနာဖြင့် ဝေဒနာပဲနော် ဒကာ ဒကာမတို့ (မှန်လှပါ)။
            ဒုက္ခဖြစ်တဲ့တရားဆိုတာကော (ဝေဒနာပါဘုရား)၊ ဝေဒနာဖြင့် ဝေဒနာပေါ့ဗျ၊ ဟုတ်ဘူးလား၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဒုက္ခဆိုတာလည်း ဝေဒနာပဲ၊ တစ်ခါဖောက်ပြန်ပျက်စီးပါတယ်ဆိုတာကော (ဝေဒနာပါဘုရား)။
            အဲ့ဒါကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုလို့ရရဲ့ လား (မရပါဘူးဘုရား)၊ မရတာ ဘယ်လိုကြောင့် မရပါလိမ့် မတုံးလို့မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ချုပ်ပျောက်၊ ချုပ်ပျောက်သွားတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်သေးရဲ့ လား (မဆိုနိုင်ပါဘူး)။
ချုပ်ပျောက်တာမြင်မှ အမြင်မှန်
            ဒါဖြင့် ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ် ဘာမြင်ရမလဲဆိုတာ ယနေ့ရှင်းပြ၊ ချုပ်ပျောက်တာမြင်ရမယ်၊ ဘာမြင်ရ မတုံး (ချုပ်ပျောက်တာမြင်ရပါတယ်ဘုရား)။
            ဒကာ ဒကာမတို့ ၀ိပဿနာရှုတဲ့ပုဂ္ဂိုလ်သည် အမြင်မှန်ဆိုတာ ဘာပါလိမ့် (ချုပ်ပျောက်တာပါဘုရား) ချုပ်ပျောက်တာ (မှန်ပါ့)။
            ချုပ်ပျောက်တာဆိုတာ ဒကာ ဒကာမတို့၊ ကိုယ့်ရှေ့ တင် နဂိုက ဒီနေရာမှာတင် ရှိတယ်လို့ ထင်ရတယ်၊ ကိုယ်သေသေချာချာစုံးစမ်းတဲ့အခါ မရှိတာတွေ့ရတယ် (မှန်ပါ့)။
            နဂိုက ရှိတယ်ထင်တယ် (မှန်ပါ့)၊ နာမ်ဘက်ကနော် (မှန်ပါ့)၊ သေချာစုံစမ်းတော့ ..(မရှိပါဘူးဘုရား)၊ ကိုင်း ချုပ်ပျောက်သွားလို့ (မှန်ပါ့)။
            နဂိုတုန်းကတော့ ဘယ်လိုထင်ကြတုံး (ရှိတယ်လို့ထင်ပါတယ်ဘုရား)၊ ရှိတယ်လိုပထင်ရတယ်၊ အဲ့တာရှိတယ်လို့ထင်ရဆိုတော့၊ ထင်ဆိုတဲ့စကားလေးဟာ ဦးစံရီတို့ တော်တော်ကပ်တဲ့စကားပဲ (မှန်ပါ့)။
            မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)၊ ဦးဘတင် (ဆိုထိုက်ပါတယ်ဘုရား)၊ ထင်ရတယ် ဆိုတဲ့ ဥစ္စာ ဘာကြောင့်တုံးလို့ ဆိုလို့ရှိရင်ဖြင့်၊ နောက်စိတ်မပေါ်သေးတော့၊ ဒကာ ဒကာမတွေ သူ့ဟာသူ ဝေဒနာလေးက ခန္ဓာထဲ ဖြစ်နေတာပဲရှိတယ် (မှန်ပါ့)။
ဖြစ်လို့သာပျက်တာပဲ
            နောက်ရှုတဲ့စိတ်က ပေါ်ရမလား သူဖြစ်နေတုန်း(မပေါ်ရသေးပါဘူးဘုရား)၊ မပေါ်ရသေးတော့ အင်းနောက်ပျက်သွားတယ်၊ ပျက်သွားတော့ အင်း အရင်တုန်းက ဒီနေရာမှာဖြစ်လို့သာပျက်တာပဲဆိုတော့၊ ဖြစ်လို့သာပျက်တာပဲဆိုတော့ ထင်ရတဲ့အဓိပ္ပါယ်ဟာ မသေချာသေးဘူးလား (သေချာပါတယ်ဘုရား)။
            ဖြစ်လို့သာပျက်တာပဲ (မှန်ပါ့)၊ ရှင်းပလား . (ရှင်းပါပြီဘုရား)၊ မဖြစ်ရင် (မပျက်ပါဘူးဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ကျေနပ်ကြပလား (ကျေနပ်ပါပြီဘုရား)။
            အဘယ်ကြောင့် ကျေနပ်ရပါတုံးဆိုတော့ ရမ်းကျေနပ်လို့ မဖြစ်ပါဘူး (မှန်ပါ့)၊ ရမ်းကျေနပ်လို့ မဖြစ်ပါဘူး ဒကာ ဒကာမတို့၊ ဒါရှင်းအောင်ပြောပါဦးမယ်။
နာမ် နာမ်ချင်းရှုတယ်ဆိုတာ
            နာမ် နာမ်ချင်းရှုတဲ့နေရာမှာ နာမ်နှစ်ခုပြိုင်ကောင်းရဲ့ လား (မပြိုင်ကောင်းပါဘူး)၊ နာမ် နှစ်ခုမပြိုင်ကောင်းတော့ကို အရင်နာမ်ဖြစ်နေတော့ နောက်နာမ် အရှေ့ နာမ်သည် ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။
            ဒါဖြင့် အရင်နာမ်ဖြစ်ပြီး ပျက်သွားပြီးမှ နောက်နာမ်မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)၊ ပေါ်တဲ့ အခါကျတော့ သြော် - ချုပ်ပျောက်သွားတာဟာ ဘယ့်နှယ်ကြောင့် ချုပ်ပျောက်သွားပါလိမ့်မတုံးလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတွေ ရှိရာကနေ ချုပ်ပျောက်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်မရဘူးလား (ရပါတယ်ဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ဒါဖြင့် ခင်ဗျားတို့ ၀ိပဿနာရှုတိုင်း ရှုတိုင်း ချုပ်ပျောက်သွားတာလေးကို ချုပ်ပျောက်သွားပြီး၊ ချုပ်ပျောက်သွားပြီလို့ ဆုံးဖြတ်ချက်ချနိုင်အောင် ရှုပါ၊ ဝေဒနာရှုလို့ရှိရင် (မှန်လှပါ)။
            စိတ်ကို ရှုရင်ကော (ဒီအတိုင်းရှုရမှာပါဘုရား) ဒီအတိုင်းပဲ သညာတို့ ဘာတို့ရှုရင်ကော (ဒီအတိုင်း ရှုရမှာပါဘုရား)
ချုပ်ပျောက်သွားပြီးလို့သိပေး
            သို့သော် ဗျာမများပါနဲ့တော့၊ ဝေဒနာတစ်လုံးတည်းရှုလိုက်ပါ၊ ချုပ်ပျောက်သွားပြီ၊ ချုပ်ပျောက်သွားပြီးလို့ ခင်ဗျားတို့ နောက်စိတ်က သိသိပေး သဘောကျပလား (ကျပါတယ်ဘုရား)။
            ရှေ့ က ချုပ်ပျောက်သွားပြီ၊ နောက်ကသိလိုက်ပြီ၊ ရှေ့ ကဘာပါလိမ့် (ချုပ်ပျောက်သွားပြီ)၊ နောက်က (သိလိုက်ပါပြီဘုရား)၊ အဲ ရှေ့ က ချုပ်ပျောက်သွားပြီ၊ နောက်က သိလိုက်ပြီသာနေပါ၊ ခင်ဗျားတို့က ကိလေသာကြားမညှပ်အောင် ကြိုးစားပါ။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
            ကောင်းပြီ၊ ကိလေသာ ကြားမညှပ်အောင်ကိုလည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အနိစ္စ၊ ဒုက္ခ၊ ဒုက္ခဟာဝိပရိနာမ ဒီလိုမလာဘူးလား (လာပါတယ်ဘုရား)။
            အနိစ္စဟာ ဘာတဲ့ (ဒုက္ခပါဘုရား)၊ ဒုက္ခကဘာတဲ့ (၀ိပရိဏာမ)၊ ၀ိပရိဏာမ၊ အဲဒိတရား အပေါ်၌ မင်းတို့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲနိုင်ရဲ့ လားလို့ မေးလိုက်ရင် (မစွဲနိုင်ပါဘူးဘုရား)။
            စွဲနိုင်ကြရဲ့ လား (မစွဲနိုင်ပါဘူးဘုရား)၊ မစွဲနိုင်တော့ ဘယ်မှာသာလျှင် ကိလေသာကြားခိုလို့ ရသေးရဲ့ လား (မရတော့ပါဘူးဘုရား)၊ စွဲရင် ကိလေသာကြားခိုတယ် (မှန်ပါ့)။
            ခုတော့ စွဲနိုင်သေးရဲ့ လား (မစွဲနိုင်ပါဘူးဘုရား)၊ ကောင်းပြီ ကိလေသာကြားခိုလို့မရတော့ ဒါဖြင့် အနိစ္စနဲ့ မဂ္ဂ၊ ဒုက္ခနဲ့ မဂ္ဂ၊ အနတ္တနဲ့ မဂ္ဂ သဘောကျပလား (ကျပါတယ်ဘုရား)။
            ကြားခိုသေးလား (မခိုပါဘူးဘုရား)၊ မခိုတော့ ဒီကလုပ်ပါလား၊ ဒီကချုပ်ပျောက်သွားပြီဆိုသဖြင့် ဝေဒနာ နိရောဓာ (တဏှာနိရောဓောပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ချုပ်ပျောက်သွားတာကော မသေချာဘူးလား (သေချာပါတယ်ဘုရား)၊ ကောင်းပြီး ဒီတော့ဘာဖြစ်ကြ တဏှာနိရောဓောဆိုတော့ အဟုတ်ကိုမှန်ပါတယ်၊ အင်မတန်မှန်တဲ့တရား၊ အဘယ်ကြောင့် မှန်တုံးဆိုတော့၊ တဏှာသည် ပင် ရှာချင်သ၍ရှာ မဂ္ဂင်ငါးပါးပဲတွေ့မယ် (မှန်ပါ့)။
မဂ္ဂင်ငါးပါးပဲတွေ့တယ်
            ရှာရင်ဘာတွေ့မယ် (မဂ္ဂင်ငါးပါးတွေ့မှာပါဘုရား)၊ ရှာရင် မဂ္ဂင်ငါးပါးပဲတွေ့မယ်၊ ဘာဖြစ်လို့ မဂ္ဂင်ငါးပါးတွေ့ရပါလိမ့် (တဏှာနိရောဓော)၊ တဏှာချုပ်နေပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။
            ဒါဖြင့် ဒီက ချုပ်ပျောက်သွားတာဘာတဲ့၊ ပါဠိအတိုင်းလုပ်ကြပါ (ဝေဒနာနိရောဓာ)၊ ဝေဒနာနိရောဓာ ဒီဘက်ထောက်ကြည့်လိုက်တော့ (တဏှာနိရောဓောပါဘုရား)၊ ရှုတဲ့သဘောလေး ကလေး (မှန်လှပါ)။
            ရှုတဲ့သဘောလေးက ဘာပါလိမ့် (တဏှာနိရောဓော)၊ တဏှာနိရောဓောဆိုတော့ တဏှာချုပ်သွားတယ်၊ ဒကာ ဒကာမတွေရိပ်မိလား (ရိပ်မိပါတယ်ဘုရား)၊ ချုပ်တဲ့နေရာလာကြည့်တော့ ဘာတွေတုံး (မဂ္ဂင်ငါးပါးပါဘုရား)၊ မဂ္ဂင်ငါးပါးလာမတွေ့ ဘူးလား (တွေ့ပါတယ်ဘုရား)၊ ဘာဖြစ်လို့ တွေ့ရတုံး (တဏှာနိရောဓောကြောင့်ပါဘုရား)။
တဏှာချုပ်လို့မဂ်လာတာ
            သြော် တဏှာချုပ်လို့ မဂ်လာတာပေါ့၊ တဏှာမချုပ်ရင် (မဂ်မလာပါဘုရား)၊ မဂ်မလာနိုင်ဘူး ဆိုတာ သေချာပလား (သေချာပါပြီဘုရား)၊ တဏှာသာမချုပ်မယ်ဆိုရင်ဖြင့်၊ ဝေဒနာပစ္စယာ တဏှာလာမှာပဲ (မှန်ပါ့)။
            ခုတော့ ဘယ့်နှယ်နေကြပါလိမ့်၊ သေချာလုပ်၊ သေချာလုပ် ဝေဒနာနိရောဓာ (တဏှာနိရောဓောပါဘုရား)၊ တဏှာနိရောဓောထဲက ဘာယူမတုံး ခင်ဗျားတို့ (မဂ္ဂင်ငါးပါးပါဘုရား)။
            အဲ တဏှာနိရောဓောထဲက မဂ္ဂင်းငါးပါးကိုယူတော့ ဝေဒနာနိရောဓာက ဘာယူကြမတုံး (တဏှာ နိရောဓော)၊ ဟင်းမရဘူး၊ ဝေဒနာနိရောဓာအရ ဘာကိုယူကြမယ်၊ ဝေဒနာနိရောဓာအရသည် ခင်ဗျားတို့ သေသေချာချာစဉ်းစားပါတဲ့၊ အနိစ္စနဲ့၊ ဒုက္ခနဲ့၊ အနတ္တကိုယူ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ဝေဒနာနိရောဓာသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တယူ
         အမလေး ကွာလှချည်လားခင်ဗျားတို့ အတော်ခက်နေပါလား (အတော်စဉ်းစားနေရ ပါတယ်ဘုရား)၊ ရှင်းကြလား (ရှင်းပါပြီဘုရား)။
            ဝေဒနာနိရောဓာ ဘာဘာယူမယ် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)၊ တဏှာနိရောဓော (မဂ္ဂင်ငါးပါး)၊ အသေအချာမှတ်နော် ခင်ဗျားတို့ တစ်သက်လုံးမကြားဖူးလို့ ပြောနေတာ။
            အခု အသေအချာ ၀ီထိနဲ့ ကိုက်ကြည့်တော့ ဦးဘကြည်ရှင်းရဲ့ လား (ရှင်းပါတယ်ဘုရား)၊ ဦးဘတင်တို့ ရှင်းရဲ့ လား (ရှင်းပါတယ်ဘုရား)။
            ဝေဒနာနိရောဓာ ဘာယူမလဲခင်ဗျားတို့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါဘုရား)၊ ဝေဒနာနိရောဓာ ဆိုကတည်းက ဝေဒနာမှမရှိတော့ပဲဗျ၊ မရှိတာ အနိစ္စပေါ့၊ မရှိတာ ဘာခေါ်မယ် (အနိစ္စပါဘုရား)၊ မရှိတာ ဒုက္ခ (မှန်ပါ့)၊ မရှိတာ အနတ္တ (မှန်ပါ့) ဆိုတော့ ဝေဒနာ နိရောဓာဆိုတာ ဒါကိုဆိုတာ၊ ခင်ဗျားတို့ ရလို့ရွတ်နေတာက ဝေဒနာကိုချုပ်သွားတာ ဝေဒနာယူနေလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ဘာယူရမှာတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါဘုရား) အင်း ဒါ ခင်ဗျားတို့ မွေးစဉ်ကတည်းက မယူဘူးပါဘူး၊ ခက်နေတယ် ဒီအဓိပ္ပါယ်ဟာ အတော်မဆိုးဘူးလား (ဆိုပါတယ်ဘုရား)။
            ဒကာမတွေဘက်က ဘယ့်နှယ်နေတုံး (ဆိုပါတယ်ဘုရား)၊ သူများက ဝေဒနာနိရောဓာ ဆိုရင် တကယ့်ကို ဝေဒနာနိရောဓာယူပစ်လိုက်တယ်၊ ခု ဘာယူရမှာတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါဘုရား)။
            ကြည့်တော့ ဝေဒနာနိရောဓာ ဟုတ်မဟုတ် ဦးစံရီတို့ စစ်ဆေး (ဟုတ်ပါတယ်ဘုရား)၊ သေချာ မပိုင်သေးဘူးလား (ပိုင်ပါတယ်ဘုရား)။
            ကဲ တစ်ခါ တဏှာနိရောဓောဆိုတော့ ခင်ဗျားတို့က တဏှာချုပ်တာချည့်ယူမှာပဲ (မှန်ပါ့)၊ ယူတော့ ဘာယူရမယ် (မဂ္ဂင်ငါးပါးပါဘုရား)၊ သူ ရှိနေတာများ ပြောစရာများလိုသေးသလား (မလိုပါဘူးဘုရား)၊ သူရှိနေတာများ ပြောစရာများလိုသေးသလား (မလိုပါဘူးဘုရား)၊ သူကိုယ်တိုင်ကိုက ကျုပ်ပါလို့ပြောနေတာ၊ ခင်ဗျားတို့က တဏှာချုပ်တာယူနေလို့ခက်နေတာ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီဘုရား)။
တဏှာနိရောဓောက မဂ္ဂင်ငါးပါး
            ဝေဒနာနိရောဓာက ဘာတဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါဘုရား)၊ တဏှာနိရောဓောက (မဂ္ဂင်ငါးပါးပါဘုရား)၊ တဏှာနိရောဓောတိ မဂ္ဂေါကိုဗျ ဘုရားက ဟုတ်လား (မှန်ပါ့)။
            တဏှာနိရောဓောတိ - ဘာတဲ့ (မဂ္ဂေါပါဘုရား)၊ ဘုရားကလည်းဒီလိုဟော၊ အဋ္ဌကထာဆရာတွေ ကလည်း ဒီအတိုင်းဖွင့်ပါလျက်နဲ့၊ ခင်ဗျားတို့က တဏှာချုပ်တာပဲ ယူလိုက်တော့ မဂ္ဂင်မပေါ်လာတော့ဘူး။ ပေါ်လာသေးရဲ့ လား (မပေါ်လာပါဘူးဘုရား)။
            မပေါ်လာတော့ ကိုယ်အကျိုးကြီးနေတာလေးဟာ ၀မ်းသာစရာလေးဟာ ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)၊ အလွန်ကို ကိုယ်မဂ်ဆိုက်နေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။
            အဲဒီ ဆိုနိုင်တာလေး၊ ကိုယ်အဖိုးတန်လေးရထားတာ ဖျောက်ပစ်လိုက်တာကိုး (အသေအချာကို မေ့နေပါတယ်ဘုရား)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
            ကိုင်း ဒကာမတွေဘက်က ဝေဒနာနိရောဓာဆိုတာ ဘာယူမယ် (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါဘုရား) တစ်ခုခုပေါ့လေ (မှန်ပါ့)၊ ကြိုက်တာယူ အတည့်ယူ။
            ဝေဒနာနိရောဓာကဘာတဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါဘုရား)၊ နို့မဟုတ်လို့ရှိရင် ဝေဒနာနိရောဓာလို့ ဆိုရင် ဝေဒနာချုပ်တာပဲ မြင်နေရဦးတော့မလိုလို ခင်ဗျားတို့ဖြစ်နေတယ် (မှန်ပါ့)၊ ဟုတ်ဘူးလား။
            ဝေဒနာ ချုပ်တာကို ဒီဘက်က မဂ်ပေါ်တဲ့အချိန် ဒီချုပ်တာလေးက ရှိသေးရဲ့ လား (မရှိတော့ပါဘူး)၊ ချုပ်နေတဲ့သဘောလေးကပေါ့လေ ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။
            မရှိတော့ ဘာတွေ့တုံး (မဂ်ပေါ်ပါတယ်ဘုရား)၊ အနိစ္စပဲတွေ့ တယ်၊ သဘောကျပလား (ကျပါပြီဘုရား)၊ အနိစ္စဆိုတာဖြစ်ပြီးမရှိတာ ဘာခေါ်ကြမလဲ (အနိစ္စပါဘုရား)။
            အဲဒီမရှိတဲ့ အနိစ္စ၊ မရှိတဲ့ (ဒုက္ခပါဘုရား)၊ အစိုးမရတဲ့ (အနတ္တပါဘုရား)၊ ဒီလို မရှိတာကလည်း အနတ္တနဲ့အတူတူပါပဲ မရှိတာပါပဲ၊ အဲ့ဒါ ဘာခေါ်ကြမတုံး ... (အနတ္တပါပဲဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာပေါ်ပလား (ပေါ်ပါပြီ)။
အနိစ္စနဲ့ မဂ်ရမည့်ပုဂ္ဂိုလ် ဒုက္ခသွားမရှုနဲ့
            သို့သော် သုံးခုစလုံးမရှုပါနဲ့ (တင်ပါ့)၊ ရှုလိုက်ရင် ခင်ဗျားတို့ လွဲကုန်မှာစိုးလို့၊ အနိစ္စနဲ့ မဂ်ဖိုလ်ရမဲ့ ပုဂ္ဂိုလ်က ဒုက္ခသွားမရှုနဲ့ (မှန်ပါ့) မရဘူး။
            ဒုက္ခနဲ့ မဂ်ဖိုလ်ရောက်မယ့် ပုဂ္ဂိုလ်က အနိစ္စနဲ့ အနတ္တကို မရှုပါနဲ့၊ သဘောကျပလား (ကျပါပြီဘုရား)၊ အနတ္တနဲ့ နိဗ္ဗာန်ရောက်မဲ့ ပုဂ္ဂိုလ်က (အနိစ္စနဲ့ ဒုက္ခ မရှုရပါဘူးဘုရား)၊ မရှုပါနဲ့လို့ သူ့ပါရမီနဲ့ သူလာတာပါ၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
            အဲဒီတော့ သုံးခုစလုံး ကြိုးစားမှ ကိစ္စပြီးမှာလားဆိုလို့ရှိရင်၊ ဟို ငါးရာစီပြီးတဲ့ဝတ္ထု၊ ဦးစံရီထုတ်ဖို့ လိုသေးသလား (မလိုပါဘူးဘုရား)၊ ဦးဘကြည် ထုတ်ဖို့လိုသေးသလား (မလိုပါဘူးဘုရား)။
            ဟောဒီငါးရာက အနိစ္စနဲ့ကျွတ်တာ (တင်ပါ့) ဟောဒါက ဒုက္ခနဲ့ကျွတ်တာကွ (တင်ပါ့)၊ ဟောဒါက အနတ္တနဲ့ကျွတ်တာကွလို့ ဘုရားက အကျယ်တ၀င့် မဟောဘူးလား (ဟောပါတယ်ဘုရား)။
            အဲ့ဒီ ဟောတာသည်ကားဆိုရင် ခင်ဗျားတို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့သာ ပုတီးစိပ်နေရင်တော့ သွားပါပြီ၊ ဟုတ်လား။
            အဲဒီလို ဖြစ်မှာ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ်ဘုရား)၊ ဒါဖြင့် တစ်လုံးထဲသာ ရှုပါ၊ ဖြစ်ပျက်တစခါတည်းထားပါ။ ဖြစ်ပျက်ဆိုတာ အနိစ္စကိုရှုပါ၊ ဒုက္ခကော (ရှုပါတယ်ဘုရား)၊ အနတ္တကော (ရှုပါတယ်ဘုရား)။
            အဲ့ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း တေသံ - ထိုဖြစ်ပျက်တို့၏၊ ၀ူပသမော - မရှိခြင်းကို ရှုပါလို့ မပြောဘူးလား (ပြောပါတယ်)။
            အဲ ခင်ဗျားတို့က အနိစ္စသံ၊ ဒုက္ခသံ၊ အနတ္တသံ ထွက်နေတာနဲ့ပဲ၊ သံသရာအတော်ရှည်ခဲ့ပြီ (တင်ပါ့)၊ ဘာဖြစ်လို့ ရှည်တယ်လို့ဆိုတာတုံး ဦးခင်မောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) သုံးခုကို သုံးမျိုးစလုံး ပေါက်မှ ကိစ္စပြီးမယ်လို့ ထင်တယ်ဟုတ်လား (မှန်ပါ့ဘုရား)။
မလိုချင်တာလာရင် ဘာနဲ့လာလာပြီးတယ်
            မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့၊ စင်စစ်တော့ ဒီတရားတစ်ခုအပေါ်၌ မလိုချင်တာလာရင်၊ ဘာနဲ့လာလာပြီးတာပဲ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ခန္ဓာငါးပါးအပေါ်၌ မလိုချင်အောင် အနိစ္စနဲ့လာလည်ပြီးတာပဲ၊ ဒုက္ခနဲ့လာရင်ကော (ပြီးပါတယ်ဘုရား)၊ အနတ္တနဲ့လာရင်ကော (ပြီးပါတယ်ဘုရား)၊ ဘာလာဖို့အရေးကြီးနေတုံး၊ အဲ ရမ်းပြောလို့ မရဘူး၊ မလာတာ ဘာအရေးကြီးနေတုံး၊ အနိစ္စမြင်သဖြင့် မလိုချင်တာလာဖို့ အရေးကြီးနေတယ် (တင်ပါ့)။
            ဒုက္ခမြင်သဖြင့် (မလိုချင်တာလာဖို့ အရေးကြီးပါတယ်ဘုရား)၊ မလိုချင်တာလာဖို့သာ ဘုရားအဓိက၊ ခင်ဗျားတို့အနိစ္စ၊ ဒုက္ခ၊ အနတ္တကို လိုရင်းမထားဘူး၊ ရှင်းပလား (မှန်လှပါ)။
            ကဲ ဘာပဓာနထား (မလိုချင်တာ ပဓာနထားပါတယ်ဘုရား)၊ အဲတော့ ဒီလောက်ထိအောင်လည်း နက်နက်နဲနဲသိကြမှ ဒကာ ဒကာမတို့ ခင်ဗျားတို့ မယောင်မယ် (တင်ပါ့)။
            တို့တော့ကွာ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပုတီးအပတ်ပေါင်းကို မနည်းပါဘူး၊ ဘာမှမမြင်သေးဘူး၊ ဘာမှလည်း မြင်မှာမဟုတ်တော့ပါဘူး၊ မြင်စရာလည်းရှိသေးရဲ့ လား (မရှိတော့ပါဘူးဘုရား)။
            ဘာကြောင့် မမြင်တုံးဆိုတော့ တစ်ခုတည်းမှတ်ပြီး မလုပ်ဘူး၊ ရှိတာက အနိစ္စလည်း ဖြစ်ပျက်ပဲ၊ ဒုက္ခ (ဖြစ်ပျက်ပါဘုရား)၊ အနတ္တ (ဖြစ်ပျက်ပါဘုရား)။
မလိုချင်တာကို မဂ်ခေါ်တယ်
            အဲ့ဒီ့ဖြစ်ပျက်မြင်သဖြင့် ဖြစ်ပြီးပျက်တာချည့်မြင်နေလို့ရှိရင် ခင်ဗျားတို့လိုချင်သေးရဲ့ လား (မလိုချင်ပါဘူး) မလိုချင်တာ ဘာခေါ်ကြမတုံး၊ မလိုချင်တာ ဘာခေါ်ကြမတုံး၊ မလိုချင်တာ မဂ်ပေါ့ဗျ၊ အမလေး မလိုချင်တာ ဘာခေါ်ကြမတုံး (မဂ်ပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ကဲ ဒါဖြင့် ဝေဒနာနိရောဓာအရ ဘာယူမတုံးကြိုက်တာတစ်ခုခုယူ၊ ကြိုက်တာတစ်ခုခုယူ သဘောကျပလား (ကျပါပြီဘုရား)။
            ဝေဒနာနိရောဓာအရ (ကြိုက်တာတစ်ခုခုယူရမှာပါဘုရား)၊ ကြိုက်တာတစ်ခုခုနော် (မှန်ပါ့)၊ သို့သော် ဆိုတာကတော့ အနိစ္စလည်း သူပဲ၊ ဒုက္ခကော (သူပါဘုရား)၊ အနတ္တကော (သူပါဘုရား)။
            ကောင်းပြီ၊ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)၊ ဝေဒနာကို ချုပ်သွားတာလား ဒကာ ဒကာမတို့ အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ တစ်ခုခုမြင်တာလား (လက္ခဏာတစ်ခုခု မြင်တာပါဘုရား)။
ဝေဒနာချုပ်တာ ဘယ်သူမှမမြင်ဘူး
            ဝေဒနာချုပ်တာ ဘယ်သူမှမမြင်ဘူး၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ တစ်ခုခု မြင်ပါတယ် (တင်ပါ့)၊ ဒါကြောင့် ဝေဒနာ နိရောဓာဆိုတဲ့သစ္စာက ဒကာ ဒကာမတို့ ရှေးဦးစွာ ချုပ်နှင့်တာကို ပြတာပါ၊ စင်စစ် ဒီ ၀ိပဿနာဥာဏ်နဲ့ ရှုလိုက်တဲ့အခါကျတော့ ဝေဒနာချုပ်နေတာမြင်သလား၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာမြင်သလား မေးလိုက် (လက္ခဏာသာ မြင်ပါတယ်ဘုရား)။
            ဒါဖြင့် ကိုက်နေပြီပေါ့ဗျာ၊ ခင်ဗျားတို့မကိုက်သေးဘူးလား (ကိုက်ပါတယ်ဘုရား)၊ ဘယ်လိုကိုက်တာပါလိမ့် … (လက္ခဏာတစ်ခုခုမြင်လို့ပါဘုရား)။
            လက္ခဏာတစ်ခုခုမြင်လို့ ကိုက်ပြီလို့မဆိုနဲ့၊ ဝေဒနာနိရောဓာ ဆိုငြားသော်လည်း၊ ဝေဒနာနိရောဓာကို ဒီကမြင်မည်မဟုတ်ဘူး (မှန်ပါ့)၊ ဦးဘကြည် ဘာကိုမြင်သတုံး (အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါဘုရား)။
            ဒါဖြင့် သူဝေဒနာနိရောဓာကို ဟုတ်ရဲ့ လား (မဟုတ်ပါဘူးဘုရား)၊ မဟုတ်ဘူးတဲ့ ဝေဒနာကတော့ သူရှေ့ ကပြီးနှင့်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
            ဝေဒနာချုပ်တာကို တစ်ခါတည်းနွားသေသလို ဗိုင်းကနဲ လဲသေတာမြင်တာမဟုတ်ဘူး (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီဘုရား)။
ဝေဒနာမရှိတဲ့လက္ခဏာမြင်တာ
            ဘာတုံးဆိုလို့ရှိရင် ဝေဒနာမရှိတော့ဘူး၊ ဒီနေရာမှာ မရှိတဲ့လက္ခဏာလေး (မှန်လှပါ)၊ ဟုတ်လား ဆင်းရဲတဲ့လက္ခဏာလေး (မှန်ပါ့)၊ အစိုးမရတဲ့ (လက္ခဏာလေးပါဘုရား)။
            ဒါလေးမြင်တာဗျ၊ ဝေဒနာနိရောဓကို မြင်တာ မဟုတ်ဘူး ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဒါဖြင့် သူက အနိစ္စလက္ခဏာပြမှ သူက အနိစ္စဉာဏ်ဖြစ်မှာပေါ့၊ နို့မဟုတ် ဖြစ်စရာမြင်သေးရဲ့ လား (မမြင်ပါဘူး)။
လက္ခဏာနှင့် ဉာဏ်
            ဒါဖြင့်ရှေ့ ကဘာတုံး (အနိစ္စလက္ခဏာ)၊ နောက်ကဘာတုံး (မဂ်ပါဘုရား)၊ ဉာဏ်ဆိုလိုက်ပါ့လား၊  ဉာဏ်ဉာဏ် အနိစ္စလက္ခဏာ ဉာဏ်အနိစ္စဉာဏ် ရှင်းပလား (ရှင်းပါပြီဘုရား)။
            ရှေ့ ကဘာပါလိမ့် (အနိစ္စလက္ခဏာပါဘုရား)၊ နောက်ကဘာပါလိမ့် (အနိစ္စဉာဏ်ပါဘုရား)၊ ဒီလိုသွားတာတဲ့ ဒါကလက္ခဏာနဲ့ ဉာဏ်နဲ့တွဲပြပုံပြောလိုက်တာ၊ ဒီလိုဆိုတော့ ဝေဒနာနိရောဓာကို သံသယရှင်းအောင် ပြောလိုက်တယ် (မှန်ပါ့)၊ ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။
            ကဲ ဦးဘကြည် ကောင်းကောင်းကျေနပ်တဲ့လား၊ ဒီနေရာ ဒီက ဘာတွေပြလေ့ရှိတုံး (လက္ခဏာတွေပြလေ့ရှိပါတယ်ဘုရား)၊ လက္ခဏာတွေ ပြတယ်၊ လက္ခဏာဆိုတာ ဘာတုံးဆိုလို့ရှိရင်၊ ဝေဒနာမရှိတဲ့ လက္ခဏာချည့်ပြတယ်။ ဘာတွေပြတုံး (ဝေဒနာမရှိတဲ့ လက္ခဏာတွေ ချည့်ပြပါတယ်ဘုရား)၊ ကောင်းပြီ၊ လက္ခဏာတွေပြလိုက်တဲ့အတွက်၊ ကျုပ်တို့က လိုက်ကြည့်တဲ့အချိန်ကျတော့၊ ဝေဒနာနိရောဓာကိုတွေ့နေလား၊ အနိစ္စလက္ခဏာတွေ့နေလား (အနိစ္စလက္ခဏာတွေ့ နေပါတယ်ဘုရား)။
            ဒါဖြင့် အနိစ္စလက္ခဏာလွှတ်လည်း နိဗ္ဗာန်မရောက်နိုင်ဘူးဗျ (မရောက်နိုင်ပါဘူးဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ဒုက္ခလက္ခဏာလွှတ်လို့ (မရောက်နိုင်ပါဘူးဘုရား)၊ အနတ္တလက္ခဏာလွှတ်လို့ (မရောက်နိုင်ပါဘူးဘုရား)။
            ဘာကြောင့်တုံးဆိုလို့ရှိရင် ၀ိပရိဏာမ လက္ခဏာ ဒုက္ခသစ္စာဆိုတော့ အထည်မရှိဘူးဗျ (မှန်ပါ့)၊ ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။
သစ္စာဆိုက်နေတာ
            အဲဒီ အနိစ္စ ဒုက္ခ အနတ္တသည် ဦးဘကြည်တို့ မှတ်သစ္စာဆိုက်တယ်၊ ရှင်းပလား ဘာတဲ့ (သစ္စာဆိုက်တာပါဘုရား)၊ သစ္စာဆိုက်နေတာ၊ သစ္စာဆိုက်နေရင် ဘာဖြစ်ရမယ်ထင်တုံး (မဂ်ရမှာပါဘုရား)၊ မဂ်ရရမယ်၊ သဘောကျပလား (ကျပါတယ်ဘုရား)။
            ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့ ကဘာဆိုကြမယ်၊ ဝေဒနာ နိရောဓာ၊ ဝေဒနနိရောဓာ သဘောကျလား .. (ကျပါတယ်ဘုရား)၊ ဒါကဘာတုံး (ဝေဒနာနိရောဓာ)၊ ဝေဒနာနိရောဓာ (တင်ပါ့)။
            ဝေဒနာနိရောဓာတိ ဘယ်သူတုံး လက္ခဏာ (အနိစ္စလက္ခဏာပါဘုရား)၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ ဒကာ ဒကာမတို့ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
            ဝေဒနာနိရောဓာသည် ဘာလုံး (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါဘုရား)၊ အဲ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ၊ တဏှာနိရောဓောဆိုတာ ဘာတုံး (မဂ်ပေါ်တာပါဘုရား)၊ မဂ်ပေါ်တာကိုပြတာ ရှင်းပလား (ရှင်းပါပြီဘုရား)။
တဏှာနိရောဓောဆိုတာက (မဂ်ပေါ်တာပါဘုရား)၊ မဂ်ပေါ်တာကိုပြတာတဲ့ အဲတော့ တဏှာနိရောဓောက မဂ်ပေါ်တာကိုပြတယ်ဆိုတာ ဟုတ်ပလား၊ ဒီမဂ်မလာလို့ရှိရင် တဏှာရှိနေမယ်၊ ဒီမဂ်လာတဲ့အတွက် ဒကာ ဒကာမတွေ တဏှာရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။
ချုပ်သွားတယ်ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ်ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ပါဠိတော်ကိုက်ပလား (ကိုက်ပါပြီဘုရား)၊ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါဘုရား)။
ဝေဒနာနိရောဓာက ဘယ်ယူမယ် (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါဘုရား) လက္ခဏာယူမယ်နော် (မှန်ပ့ါ)၊ တစ်ထစ်ချဝေဒနာ နိရောဓာချည့်သွားမယူနေနဲ့အုံး (မှန်ပါ့)၊ ကောင်းကောင်းကြီး ငါးပါးမှောက်သွားမှာစိုးလို့ (မှန်လှပါ)၊ ဟုတ်လား။
ဝေဒနာနိရောဓာ ဒီကဘာပါလိမ့် (တဏှာနိရောဓော)၊ တဏှာနိရောဓော၊ တဏှာနိရောဓောဆိုတော့ အထည်ရှိ မရှိ (မရှိပါဘူးဘုရား)၊ တဏှာမရှိတော့ ရှိနေတဲ့အထည်က ရှိနေတယ် . (မှန်ပါ့)၊ ဘယ်သူရှိတုံး (မဂ္ဂင်ရှိပါတယ်ဘုရား)၊ ဘယ်နှစ်ပါး (ငါးပါးပါဘုရား) ။
ဝမ်းထဲမဂ္ဂင်ငါးပါးရောက်လာတာ
သြော် တဏှာနိရောဓောဆိုတော့၊ ဒို့က တဏှာချုပ်တာဆိုနေတာကိုးလို့ အောက်မေ့နေကြတာ၊ စင်စစ်မဟုတ်ပါဘူး၊ ကိုယ့်ဝမ်းထဲမှာ မဂ္ဂင်ငါးပါးရောက်လာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ဒါဖြင့်ရှေ့ ကယူထားတာတွေနဲ့ ဦးစံရီမနည်းဘူး ကွာကုန်ပြီ (ကွာကုန်ပါပြီဘုရား)၊ မကွာသေးဘူးလား ကွာသွားပြီ။
ရှေးတုန်းကတော့၊ ဒီကတဏှာကလည်း နိရောဓောကိုး၊ ဝေဒနာကလည်း နိရောဓာကိုး၊ ဟိုကလည်း နိရောဓာကို ရှုရမယ်လို့ အဓိပ္ပါယ်ရောက်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။
ဒီကလည်း တဏှာနိရောဓောဆိုသဖြင့် မဂ်ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ်သိသေးရဲ့ လား (မသိပါဘူးဘုရား)၊ ၀ိပဿနာမဂ်ဖြစ်တယ်လို့ကို သိသေးရဲ့ လား (မသိပါဘူးဘုရား)။
မသိတော့ သြော် တဏှာချုပ်သွားတာလောက်ပဲသိတယ် (မှန်ပါ့)၊ ၀ိပဿနာမဂ်ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ်ဝမ်းသာစရာအချက်ကိုပင်လျှင် ပေါ်သေးရဲ့ လား (မပေါ်ပါဘူးဘုရား)။
အင်မတန်နားလည်စေချင်လွန်းလို့
            ကဲ ဦးဘကြည် မနာလားဗျာ (နာပါတယ်)၊ အားလုံး ဒကာ ဒကာမတွေ မနာဘူးလား (နာပါတယ်ဘုရား)၊ အခု နက်နဲတဲ့သဘောကို ဆရာသမားက အင်မတန် နားလည်စေချင်လွန်းလို့၊ ယထာဘူထကျအောင် ပြောလို့၊ ဦးစံရီ ဒီအဓိပ္ပါယ်ရတာနော် (မှန်ပါ့)၊ နို့မဟုတ် ရပါ့မလား (မရပါဘူးဘုရား)၊ သဘောကျကြပလား (ကျပါပြီဘုရား)။
            ကောင်းပြီ၊ ဒီလိုပဲ ၀က္ကလိသွားလိုက်၊ ၀က္ကလိဘာမြင်ပါလိမ့်မတုံးလို့ ဝေဒနာရှုတဲ့အခါ၊ ၀က္ကလိက ဘာမြင်ပါလိမ့်မတုံး၊ ဝေဒနာကို မမြင်ဘူး ၀က္ကလိ (တင်ပါ့)၊ လက္ခဏာတွေမြင်တယ် (မှန်ပါ့)။
            ဘာလက္ခဏာတွေမြင်တုံး (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ)၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ ၀က္ကလိဘာမြင်ပါလိမ့် (လက္ခဏာတွေမြင်ပါတယ်ဘုရား)။
            ကြည့်လေ၊ ၀က္ကလိမေးတုန်းကတည်းက ဘုရားမေးတယ်၊ ၀က္ကလိ ဝေဒနာဟာ အနိစ္စလား၊ နိစ္စလားလို့ မေးလိုက်တယ် (အနိစ္စပါဘုရား)၊ ၀က္ကလိက အနိစ္စလို့ဖြေလိုက်တယ်(တင်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)။
ဝေဒနာသည် သုခလား၊ ဒုက္ခလား
၎င်း အနိစ္စဖြစ်တဲ့ ဝေဒနာသည် သုခလား၊ ဒုက္ခလားလို့ မေးလိုက်တယ် (ဒုက္ခပါဘုရား)၊ ဒါဖြင့် ၀က္ကလိလည်း ဒုက္ခမြင်လို့ပေါ့ဗျ (တင်ပါ့)၊ ဝေဒနာမြင်တာဟုတ်သေးရဲ့ လား (မဟုတ်ပါဘူးဘုရား)၊ ဦးဘကြည်ရှင်းရဲ့ လား (ရှင်းပါတယ်ဘုရား)။
၎င်း အနိစ္စ၊ ဒုက္ခဖြစ်တဲ့တရား၊ ၀ိပရိဏာမဖြစ်တဲ့ တရားကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့ လား (မဆိုနိုင်ပါဘူးဘုရား)၊ ၀ိပရိဏာမဖြစ်တဲ့တရားကိုလို့ ပါသွားကတည်းက၊ ဒီမှာ အထည်ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။
မရှိရင် တစ်ခါ သူဘာယူကြမယ် (လက္ခဏာပါဘုရား)၊ လက္ခဏာက ဘာဘာတွေ့ ကြပါလိမ့် (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ)၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ သေချာမတွေ့ပေဘူးလား (တွေ့ပါတယ်ဘုရား)။
လက္ခဏာကိုမဂ်နဲ့တွေ့တယ်
            ကောင်းပြီ၊ ဒါဖြင့် ရှေ့ က လက္ခဏာတွေ့တယ် (တင်ပါ့) သဘောကျပလား (ကျပါပြီဘုရား)၊ လက္ခဏာဘာနဲ့တွေ့တုံး (မဂ်နဲ့တွေ့ပါတယ်ဘုရား)၊ သြော် မဂ်နဲ့ တွေ့တယ်။
            အဲတော့ ဒီက လက္ခဏာ သူက မဂ်ဆိုတာက အမှန်ကိုး၊ ဒီပြင်က မမှန်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ ရှေ့ ပိုင်းက ဘာပါလိမ့် (လက္ခဏာပါဘုရား)၊ ဒီက (မဂ်ပါဘုရား)။
            အဲတော့ မဂ်ကျမှ လက္ခဏာကို တွေ့အောင်ရှာနိုင်တယ် ဒကာ ဒကာမတွေရဲ့ ၊ ဒီပြင်ဟာက တွေ့အောင်ရှာနိုင်ပါ့မလား (မရှာနိုင်ပါဘူးဘုရား)။
            ဟိုတဏှာနိရောဓောက တွေ့အောင်ရှာနိုင်ပါ့မလား (မရှာနိုင်ပါဘူး)၊ ဘာကတွေ့အောင် ရှာနိုင်တုံး (မဂ်က တွေ့အောင်ရှာနိုင်ပါတယ်ဘုရား)။
            ဒါဖြင့် ဒီလိုမှ ကိုက်တော့မပေါ့တဲ့ သင်္ခါရေ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ၀ိပဿတိ၊  သင်္ခါရေသည် ပျောက်ပျောက်သွားတဲ့တရားတွေတဲ့၊ အနိစ္စတော အနိစ္စအားဖြင့်လည်းကောင်း၊ ဒုက္ခတော - ဒုက္ခအားဖြင့်လည်းကောင်း၊ ၀ိပဿတိ-၀ိပဿနာရှု၍ နေ၏။
            သူကပျောက်ပျက်တာ၊သူက ၀ိပဿနာကွ၊ ကိုက်သေးဘူးလား (ကိုက်ပါတယ်ဘုရား)၊ သူကဘာတုံး (ပျောက်ပျက်တပါဘုရား)၊ သူက (၀ိပဿနာပါဘုရား)။
ရှေ့ ကပျောက်ပျက်တာ
            ဒါဖြင့် ရှေ့ ကပျောက်ပျက်တာ၊ နောက်က (၀ိပဿနာ)၊ ဒါဖြင့် ၀ိပဿနာစခန်းမှာဖြင့် ဒါသေချာပြီ ဒကာ ဒကာမတို့၊ ရှေ့ က ပျောက်ပျက်တာ ရှုရမယ်၊ နောက်က (မဂ်ပါဘုရား)၊ ၀ိပဿနာရှုရမယ်။
            ရှေ့ ကပျောက်ပျက်တာ ရှုရမယ်၊ နောက်က ဘာတုံး (၀ိပဿနာပါဘုရား)၊ အဲ့ဒါသာ တထစ်ချမှတ် (မှန်ပါ့)၊ ရှေ့ ကဘာပါလိမ့် (ပျောက်ပျက်တာပါဘုရား)၊ နောက်က (၀ိပဿနာပါဘုရား)၊ အဲ့တာ ခင်ဗျားတို့အလုပ်စဉ်ပဲ (မှန်ပါ့)။
            ရှေ့ ကပျောက်ပျက်တာမတွေ့ပဲနဲ့ဖြင့်၊ ဘယ်လောက်အော်နေနေအပိုပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ရှေ့ ကပျောက်ပျက်တာတွေ့ရင် (နောက်က၀ိပဿနာပါဘုရား)၊ နောက်က ၀ိပဿနာ၊ နောက်က ၀ိပဿနာဆိုတဲ့ ဥစ္စာသည်၊ ရှေ့ ကပျောက်ပျက်တာကိုတွေ့ မှ ၀ိပဿနာက ဖြစ်တာ (မှန်ပါ့)။
ရှေ့ ကပျောက်ပျက်တာသိမှ ၀ိပဿနာ
            အံမလေး ဒီအတိုင်းများဖြစ်လိမ့်မယ်လို့ အောက်မေ့မနေနဲ့ဦး၊ ရှေ့ ကပျောက်ပျက်တာကို ပျောက်ပျက်နေမှန်းသိမှ ၀ိပဿနာကဖြစ်တာ (မှန်ပါ့)၊ ရှေ့ ကပျောက်ပျက်တာကို ဒကာ ဒကာမတွေက မသိလိုက်ဘူးဆိုရင်၊ နောက်က ၀ိပဿနာဖြစ်သေးရဲ့ လား (မဖြစ်တော့ပါဘူးဘုရား)။
            ကိုင်း ဘယ်လိုမှတ်ကြမယ် (ရှေ့ ကပျောက်ပျက်တာကို သိမှ ၀ိပဿနာပါဘုရား)၊ ရှေ့ က ပျောက်ပျက်တာကို နောက်ကရှုအားသန်မှ ၀ိပဿနာဖြစ်တယ် (မှန်ပါ့)၊ ရှုအားမသန်ရင် (မဖြစ်ပါဘူးဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)။
            ဒါဖြင့် ဒကာ ဒကာမတို့၊ ဝေဒနာနိရောဓာကော ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)၊ တဏှာနိရောဓောကော (ကျေနပ်ပါတယ်ဘုရား)၊ ဘာလို့ကျေနပ်တာတုံး
            တဏှာနိရောဓောကို ပြန်ပြောလိုက်စမ်း၊ ဘာဖြစ်လို့ကျေနပ်တာတုံး (မဂ်ဝင်လို့ပါဘုရား)၊ သြော် မဂ်ဝင်နေလို့ (တင်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ ဘယ်လိုကြောင့်ပါလိမ့် (မဂ်ဝင်နေလို့ပါဘုရား)။
မဂ်ဝင်နေလို့ တဏှာနိရောဓောဖြစ်ရတာ
            မဂ်ဝင်နေလို့ တဏှာနိရောဓောဖြစ်ရတာ မဂ်မလာသေးသ၍ တဏှာဟာ အနုသယသဘောနဲ့ ရှိတာချည့်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)၊ ကောင်းပြီ ဒီဘက်ကဘာပါလိမ့် ဝေဒနာနိရောဓာ၊ ဒီဘက်က (တဏှာနိရောဓော)၊ တဏှာနိရောဓောဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
            တဏှာကို နိရောဓောဖြစ်တာလား၊ မဂ်ကို ဆိုနေတာလား (မဂ်ကိုဆိုနေတာပါဘုရား)၊ ဒါ ဝေဖန်လိုက်စမ်း၊ တဏှာကို ချုပ်တာလား၊ မဂ်ဝေဖန်တာလားလို့မေးလိုက် (မဂ်ဝေဖန်တာပါဘုရား)။
            အဲတော့ အသံကတခြား၊ ပေါ်နေတဲ့ ဓမ္မက (တခြားပါဘုရား)၊ ဦးဘကြည် ကျေနပ်ရဲ့ လား (ကျေနပ်ပါတယ်ဘုရား)၊ အသံကတော့ တဏှာချုပ်တဲ့အသံ ... (မှန်ပါ့)၊ ရှုနေတဲ့တရားက (မဂ်ငါးပါးပါဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)။
အချိုးမကျမှာစိုးလို့ ဖိပြောနေတာ
            အဲ့တာကို မကွဲသ၍ ကာလပတ်လုံး၊ ခင်ဗျားတို့အချိုး မကျမှာစိုးတဲ့အတွက်၊ ဒီနေ့ည ဖိပြောနေတာ (မှန်ပါ့)၊ အခုတော့ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)၊ ကဲ ကျေနပ်ရင် ယနေ့ည ဒီတင်တော်ဦးစို့
သာဓု သာဓု သာဓု
No comments:
Post a Comment