Wednesday, July 6

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၅)


ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကြီးသည် မိမိခန္ဓာ၏ ဖြစ်စဉ်ဖြစ်သည်။ အတိတ်က ဖြစ်ခဲ့ပုံ ယခု ဖြစ်နေပုံ ယခု အနေမတတ်၍ သုံးအကွက်သို့ ကူး၍ ထိုသို့ ကူးသောကြောင့် သေသည်၏ အခြားမဲ့၌ စိတ်မချရပုံ ဤလေးမျိုးကို စက်ဝိုင်းက ပြသည်။ နှစ်အကွက်သည် ခန္ဓာရသော အကွက်ဖြစ်သည်။ ဒုက္ခသစ္စာကို ရခြင်းဖြစ်၏။ အတိတ်က မသိမှု အဝိဇ္ဇာကြောင့် မိုက်မှားမှုတွေ ပြုခဲ့သည်။ အကျိုးဒုက္ခသစ္စာ ရနေခြင်း ဖြစ်၏။ အတိတ်အကြောင်း မကောင်းခဲ့ဟု ဆိုသည်။ ရှေးဘဝက စုံလုံးကန်း လမ်းသွားခဲ့သည်။ ယခုဘဝ ရထားသော ခန္ဓာဒုက္ခသစ္စာကြီးကို နွေမှာတစ်မျိုး ဆောင်းမှာတစ်မျိုး မိုးမှာတစ်ဖုံ ပူဇော်ပသ နေရသည်။ ဘုရားထက်ပင် ပိုပြီး အလေးအမြတ် ပြုနေကြရသည်ဟု မိန့်သည်။
ဒီဘဝ တရားနာနေကြတာ ရှေးဘဝက မိုက်ပြစ်သင်ခဲ့တာတွေကို သိလို့ဖြစ်သည်။ မိုက်ပြစ်သင့်နေမှန်း မသိသူတွေမှာ တရားလည်း မနာ တရားအားထုတ်ရကောင်းမှန်းလည်း မသိဟု ဆုံးမသည်။ ကိုယ့်ကိုယ်ကိုယ် ခန္ဓာအကြောင်း မသိသဖြင့် မိုက်ထွန့်တက်နေပုံများကို ချဲ့ထွင်၍ ဟောသည်။ ဒကာ ဒကာမများ ခန္ဓာဒုက္ခသစ္စာကို မသိဘဲ ကံမကောင်းဘူး ဂြိုလ်ဝင်တယ် ဆိုပြီး ဂြိုလ်ပြေနံပြေ လုပ်မနေသင့် ဖြစ်ပျက် ဒုက္ခသစ္စာကို မြင်အောင် ကြည့်ရမည်ဟု ဆုံးမသည်။
အနိစ္စမြင်လျှင် ဒုက္ခသစ္စာမြင်မှ ဒုက္ခ ဇာတ်သိမ်းသည်။ မကောင်းကျိုး ဇာတ်သိမ်းသည်။ နည်းနှစ်နည်း ရှိသည်။ မကောင်းတာ မြင်အောင်ကြည့်လျှင် မကောင်းကျိုး ဇာတ်သိမ်းသည်က တစ်နည်းဖြစ်သည်။ ဖြစ်ပျက်ကို မုန်းအောင်လုပ် ဝိပဿနာနှင့် သိမ်းရမည်ဟု မိန့်သည်။ စိတ္တာနုပဿနာ ဝေဒနာနုပဿနာ ကြိုက်ရာလုပ်ဟု တိုက်တွန်းသည်။
ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်အောင် လုပ်ရမည်။ ဒါမှ ဝဋ်ကျွတ်သည်။ ပဋိစ္စသမုပ္ပာဒ် နှစ်အကွက်က သုံးအကွက်ကို မကူးအောင် လုပ်ရင်ပြီးကြောင်း ဟောတော်မူသည်။ ဤတရားတွင် ဆရာတော်ကြီးက နိဗ္ဗာန်သည် မဝေးကြောင်း နီးကြောင်း တစ်အကွက်မှာ မိုက်ခဲ့သော်လည်း နှစ်အကွက်မှာ ထပ်မံ မိုက်မဲခြင်း မရှိလျှင် နှစ်အကွက်ထဲမှာ နိဗ္ဗာန်ရနိုင်ကြောင်း ရှင်းရှင်းဟောထားသည်။ ဝိပဿနာရှုမှ ဝေဒနာနှင့်တဏှာ ကြားက အဆက်ပြတ်သည်။ ဘဝမကူးတော့ဘူး။ ဒီကနေ တစ်ခါတည်း နိဗ္ဗာန်ဝင်သည်။ ဃရာဝါသောဗဟုကိစ္စော ဆိုပြီး ဆင်ခြေတက်မနေသင့်ကြောင်း ပြောဆိုသည်။ သောတာပတ္တိမဂ်ဉာဏ် ရအောင်လုပ်ဖို့ အရေးကြီးကြောင်း ပြောပြီး ထိုဉာဏ်ရလျှင် အပါယ်လေးပါး တံခါးပိတ်ပြီဖြစ်ကြောင်း ပြောသည်။ အပါယ် စိတ်ချရပြီးမှ ရောင်းကြဝယ်ကြပါဟုလည်း တိုက်တွန်းထားသည်။ အဓိကမှာ တရားရရေးကို ရှေ့ထားပါ။ စီးပွားရေး လူမှုရေးတွေကို နောက်ထားပါဟု ပြောလိုရင်း ဖြစ်သည်။ ရှေ့နှင့်နောက် မလွဲသင့်ဟု ဆုံးမသည်။
                                                                                                                       ~ မိုးကုတ်ဆရာတော် ~

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၄)


ခန္ဓာကိုယ်ကြီးကို ကျွေးနေရတာ ဒုက္ခသစ္စာပဲဆိုသော စကားဖြင့် ဤတရားကို စတင် ဟောကြားတော်မူသည်။ နေ့စဉ် ခန္ဓာ ခိုင်းသမျှ ကျွန်ခံနေရသည်။ သို့သော် ပုထုဇဉ်သည် ခန္ဓာ၏ ကျွန်ခံနေရသည်ကို ဖော်ပြောမှ သိသည်ဟု မိန့်သည်။ ဒုက္ခကို ဒုက္ခဟု မထင် ဒါလူ့ထုံးစံပဲဟုသာ သိမြင်နေကြသည်။ ဒုက္ခရောက်လို့ ဒုက္ခရောက်မှန်း မသိသဖြင့် ဒါလူ့ထုံးစံပဲဟု ပြောနေကြခြင်း ဖြစ်သည်။ မီးလောင်တာတောင် ရေတစ်မျိုးတည်းနှင့် မီးငြိမ်းအောင် သတ်နိုင်သည်။ ခန္ဓာကို ရေတစ်မျိုးတည်းနှင့် အေးငြိမ်းအောင် ပြု၍မရဟု ဆိုသည်။ ပုထုဇဉ်အဖြစ်မှာ ခန္ဓာက အမျိုးမျိုးနှိပ်စက်နေတာကို နှိပ်စက်မှန်းမသိ နှိပ်စက်နေသည်ဟု မထင်တတ်ပုံ ရှင်းထားသည်။ မသိတာက အဝိဇ္ဇာ မသိတော့ သင်္ခါရတွေ ပြုလုပ်သည်။ တဏှာ ဥပါဒါန်ကံတွေ ဆက်တိုက်ပေါ်သည်။ ဒုက္ခဖြစ်ကြောင်း သမုဒယတွေ ဖြစ်ရပြန်သည်။ သစ္စာမသိရင် သံသရာရှည်တယ်။ ခန္ဓာကို ဒုက္ခသစ္စာမှန်း တဏှာမာန တက်ပုံများကို ရှင်းပြသည်။ လူ့အောက်ကျမှာထက် အပါယ်ကျမှာက ပိုပြီး ကြောက်စရာကောင်းကြောင်း ဆုံးမသည်။
ပြီးနောက် အနာမသိတဲ့လူ အနာရှာသလို ဒုက္ခသစ္စာကို မသိသူသည် သမုဒယသစ္စာဖြစ်ကြောင်း ရှာကြပါဟု ဆိုပါသည်။ သံသရာ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကြီးသည် လည်နေသည်။ သမုဒယနှင့် ဒုက္ခချည်း ရနေသည်။ ဘဝကူးကောင်းဖို့လောက်သာ လူတွေက လိုချင်နေကြသည်။ ဒုက္ခသစ္စာရမှာကို မကြောက်ကြဘူးဟုလည်း မိန့်သည်။ ဆရာတော်က ဘယ်သူ ဘာပြောပြော ဘဝကူးကောင်းအောင် မလုပ်ပါနဲ့ ဘဝပြတ်အောင် ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ဖို့သာ လုပ်ပါဟု လေးလေးနက်နက် တိုက်တွန်းတော်မူသည်။
ထို့နောက် ပုထုဇဉ်စိတ် ၄၅ပါးကို ဝိပဿနာ ရှုဖို့ ပြောသည်။ ပုထုဇဉ်စိတ် ၄၅ပါးကို ချုံ့လိုက်လျှင် ၁၃ပါးပဲ ရသည်။ ထိုစိတ် ၁၃ပါးမှာ ပေါ်ရာစိတ်ကို ရှုရမည်။ ရှေ့စိတ်ကို နောက်စိတ်နှင့်ရှု ရှေ့စိတ်က ဖြစ်ပျက် သိတာက နေညက်က မဂ်ရသည်။ စိတ်(ဖဿ)နှင့် ဝေဒနာကြားမှာ မဂ်ဝင်သည်။ ဝေဒနာနိရောဓ ဖြစ်သွားသည်။ တဏှာကို မကူးဘဲ အဆက်ပြတ်သွားပုံကို ပြသည်။ သမုဒယပြတ်သွားလျှင် နှစ်အကွက် ပစ္စုပ္ပန် ဘဝထဲမှာပဲ နိဗ္ဗာန်ကို ရနိုင်သည်။ နှစ်ကသုံး မကူးလျှင် သံသရာပြတ်ပြီ။ ခန္ဓာပြတ်ပြီ။ တစ်သက်လုံး ရှုနေရမှာလား မဟုတ်ဘူး။ ဉာဏ်ထဲမှာ ခန္ဓာချုပ်ပြီး မဂ်တစ်ခါ ပေါ်လျှင်ပြီးပြီ။ နိဗ္ဗာန်ပေါ်ပြီ တစ်မဂ်ရပြီ။ နှစ်မဂ် ရချင်ရင်လည်း ဖြစ်ပျက် ပြန်ရှုရမည်။ ဤတွင် ထူးခြားသော စကားမှာ "ခင်ဗျားတို့ တစ်ခါဖြတ်လို့ ရှိရင် ကျန်သုံးခါ ပြတ်တာ သူ့ဟာသူ ပြတ်တယ်" ဆိုသော စကားဖြစ်သည်။
                                                                                                                 ~ မိုးကုတ်ဆရာတေိာ ~