Tuesday, December 15

စိတ္တာနုပဿနာ ရှုနည်း အခြေခံ


     မိုးကုတ်ဆရာတော်ဘုရားကြီး ဟောစဉ်အတိုင်း စိတ္တာနုပဿနာ (အခြေခံ)က စပြီး ပြောကြတာပေါ့။ ဆရာတော်ကြီးက ပထမဦးစွာ ခန္ဓာ ငါးပါးကို သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်ပုံကို ပြတယ်။ သူ့စကားအတိုင်း ဆိုရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်လိုက်လို့ရှိရင် ကိုယ်ကြီးကို ရှုရင် ကာယာနုပဿနာ ဝေဒနာကို ရှုရင် ဝေဒနာနုပဿနာ စိတ်ကို ရှုရင် စိတ္တာနုပဿနာ သစ္စာကို ရှုရင် ဓမ္မာနုပဿနာလို့ မှတ်ကြပါ။ (စာအုပ် ၂၇ နှာ ၁၅၆) ဒီလို ဝေဖန်ပြပြီးမှ စိတ္တာနုပဿနာရဲ့ အခြေခံတွေကို စပြီး ဟောတယ်။

     စိတ္တာနုပဿနာ ဆိုတာ ဘာလဲ။ ကိုယ့် စိတ်ကို ကိုယ် ရှုတာ စိတ္တာနုပဿနာပဲတဲ့။ စိတ်ကို စိတ်နဲ့ ရှုတာ စိတ္တာနုပဿနာပေါ့ဗျာ။ ဒါဆိုရင် အရှုခံလည်း စိတ်ပဲ ရှုဉာဏ်လည်း စိတ်ပဲပေါ့။ ပေါ်ပြီလား။ ဘယ်သူ့ စိတ်ကို ဘယ်သူ့ စိတ်နဲ့ ရှုရမှာလဲ။ (ကိုယ့်စိတ်ကို ကိုယ့်ဉာဏ်နဲ့ ရှုရမှာပါဘုရား) ဒါဆိုရင် ကိုယ့်စိတ် ကိုယ့် သန္တာန်မှာ စိတ်တွေ ခဏခဏ ပေါ်နေသားနဲ့ ကိုယ့်စိတ်ကို ကိုယ် မရှုမိလို့ နိဗ္ဗာန် မရောက်တာပဲ။ ကိုယ့် စိတ်ကို ရှုမိရင် နိဗ္ဗာန်ပို့မှာ သေချာတယ်နေိာ။  ကိုယ့်စိတ် ဆိုတာက အနည်းကလေးပါ။ ဆယ့်သုံးခုပဲ ရှိတယ်။ ထပ်တလဲလဲ ဖြစ်နေလို့ များတယ် ထင်နေတာ။ ပုထုဇဉ်မှာ ပုထုဇဉ် စိတ်ပဲရှိတယ်။ မျောက်စိတ်လိုပဲ ခဏခဏ ပြောင်းလဲနေတယ်။ ပြောင်းလဲနေတယ် ဆိုတော့ ခိုင်နေ မြဲနေတာ မဟုတ်ဘူး။ ဖြစ်ပြီး ပျက်လိုက် ပျက်ပြီးနောက် စိတ်တစ်မျိုးပေါ်လိုက် ဖြစ်နေတာပေါ့။ 

    ကဲ အလုပ်စဉ် ပြောရရင် မျက်လုံးဖွင့်လိုက်တော့ ရှေ့မှာ ရှိတာ မြင်တာပဲ။ အဲဒါ မြင်စိတ်ကလေး ပေါ်တာပဲပေါ့။ အလုပ်သဘောက မျက်စိထဲ မြင်စိတ် ပေါ်ရင် ဉာဏ်ထဲမှာ မြင်စိတ် ပေါ်တာပဲလို့ သိပေးရတယ်။ နားထဲ အသံကြားရင် ကြားစိတ် ပေါ်တာပဲလို့ သိပေး။ နှာခေါင်းထဲ အနံ့ကလေး ပေါ်လာရင် နံစိတ် ပေါ်တာပဲလို့ သိပေး။ စိတ်ပေါ်တိုင်းမှာ သိပေးရမှာ။ ပေါ်တာက တခြား သိတာက တခြားနော်။ ပေါ်တာက ရှေ့က သိတာက နောက်က လိုက်ရတဲ့သဘော။ ကိုယ့်ခန္ဓာ ဘယ်နေရာမှာပဲ ဘာစိတ်ပဲ ပေါ်ပေါ် ရှေ့က ပေါ်နေတဲ့ စိတ်ကို နောက်က သိတဲ့ ဉာဏ်ကလေးနဲ့ လိုက်တတ်ရမယ်။ အပြင်ဘက်မှာ ပေါ်တာက မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိ သိစိတ် ဒါပဲ ရှိတယ်။ သူတို့ကလည်း ပေါ်လာပြီး ဒီအိမ်မှာ ကြာကြာ မနေဘူး။ ပြန်ပျောက်သွားကြတော့ ဧည့်သည်နဲ့ တူလို့ အပြင် ဧည့်သည်စိတ်တွေလို့ ဆိုကြရတာပေါ့။ အပြင် ဧည့်သည် ငါးယောက်ပဲ ထားပါ။ ဒီစိတ်တွေဟာလည်း တစ်ခု ပေါ်ရင် ကျန် လေးခု မပေါ်ဘူး။ ဒီတော့ ပေါ်နေတဲ့ စိတ်တစ်ခုတည်းကိုပဲ နောက်က သတိကပ်ပြီး သိအောင် လုပ်ရမယ်။ ဒီ အပြင် ဧည့်သည်စိတ်တွေက အစီအစဉ်အတိုင်း ပေါ်တာ မဟုတ်ဘူး။ အကြောင်း တိုက်ဆိုင်သလို ပေါ်ချင်သလို ပေါ်တာပဲ။ ပေါ်တိုင်း အသိ လိုက်ပေးရမယ်။ ဒါက အလုပ်သဘောပဲ။ ပထမအဆင့် ကိုယ့်စိတ် ပေါ်တာ ကိုယ်သိအောင် လုပ်တာ စိတ္တာနုပဿနာပဲ။ ကိုယ့်စိတ်ကိုယ် မသိကြလို့ ဒကာ ဒကာမတွေ ခက်နေကြတာ။ အတွင်းက လာတဲ့ ဧည့်သည်စိတ်တွေလည်း ရှိသေးတယ်။ လောဘစိတ် ဒေါသစိတ် မောဟစိတ် အလောဘစိတ် အဒေါသစိတ် တွေးကြံစိတ် အတွင်းဧည့်သည်က ခြောက်ယောက်။ အပြင် ဧည့်သည် ငါး အတွင်း ဧည့်သည် ခြောက်ဆိုတော့ ဆယ့်တစ်ယောက်ပေါ့။

     ကောင်းပြီ။ အသက် ရှူရာမှာ ရှိနေတဲ့ ဝင်လေစိတ် ထွက်လေစိတ် ဆိုတာ နှစ်ခု ရှိသေးတယ်။ ဝင်လေ ရှူတဲ့ စိတ် ထွက်လေ ထုတ်တဲ့ စိတ်။ ဒီ စိတ် နှစ်စိတ်က ဒီ အိမ်မှာ အမြဲနေတယ်။ ပျောက် ပျက်မသွားဘူး။ ဒါကြောင့် ဒီ နှစ်ခုကိုတော့ အိမ်သည် စိတ်နှစ်စိတ်လို့ မှတ်ရမယ်။ ဒါဆို အားလုံး အပြင် ဧည့်သည် အတွင်း ဧည့်သည် အိမ်သည်စိတ် ဘယ်နှစ်စိတ် ရသလဲ။ ဆယ့်သုံးစိတ် ရပါတယ် ဘုရား။ အေး ပုထုဇဉ်မှာ ဒီ ဆယ့်သုံးစိတ် ပေါ်တိုင်း ပေါ်တိုင်း သိနေ ဒါပဲ ရှိတယ်။ ဒီအထဲမှာ အမောဟစိတ် မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ပညာစေတသိက် ဖြစ်နေတယ်။ ရှုနေတဲ့ ရှုဉာဏ်ဟာ အမောဟပဲလို့ မှတ်။

     စိတ္တာနုပဿနာ ဆိုတော့ ပေါ်တာက စိတ္တ သိတာက နုပဿနာ ပေါင်းလိုက်တော့ ပေါ်တဲ့ စိတ်ကို အသိလိုက်ပြီး သိအောင် လုပ်တာက စိတ္တာနုပဿနာပဲ။ ရှင်းပြီလား။ ကောင်းပြီ။ ဒီမှာ ပုထုဇဉ် ရှုစရာ စိတ် ဆယ့်သုံးခုလို့ ဖော်ပြထားသော်လည်း တစ်ချိန်မှာ စိတ်က ပေါ်တာ တစ်ခုပဲ ရှိတယ်။ အဲဒီ ပေါ်တဲ့စိတ်ကလေးကို သိအောင် လုပ်ရမယ်။ ဒီလို သိ သိနေရင် သက္ကာယဒိဋ္ဌိ ကွာတယ်။ အဲဒါ သမ္မာဒိဋ္ဌိ ဖြစ်ပြီ။ (နှာ ၁၇၁) ဒါဆို စိတ္တာနုပဿနာ ဆိုတာ ဘယ်နေရာမှာ သွားရှုရမလဲ မမေးနဲ့ စိတ် ပေါ်တဲ့ နေရာတိုင်းမှာ ရှုလို့ ရတယ်။ မီးဖိုချောင်မှာ ထမင်းဟင်းချက်ရင်း ရှု ရတယ်။ လမ်းသွားရင်း ရှု ရတယ်။ လယ်ထွန်ရင်း ဈေးရောင်းရင်း ရှု ရတာပဲ။ လောဘစိတ် ဖြစ်ရင် လောဘစိတ် ဖြစ်တာပဲလို့ သိပေးလိုက် အဲဒီလို သိလိုက်တော့ သူက ဖြစ်ပြီး ပျက်သွားတာ မြင်မယ်။ ဒါဆို လောဘ တဏှာကနေ ဥပါဒါန်ကို မကူးနိုင်တော့ဘူး။ အသိလိုက်တတ်ရင် သံသရာ ပြတ်တယ်။ အသိ မလိုက်တတ်ရင် တဏှာကနေ ဥပါဒါန် ကံကို ဆက်ပြီး သံသရာ ရှည်ရောပဲ။

     ဒီတရားမှာ ဆရာတော်ကြီးက အသိကလေးတစ်လုံး လိုက်တတ်ဖို့ အရေးကို ဦးစားပေး ဟောတော်မူတာ တွေ့ရတယ်။ အသိတစ်လုံး လိုက်တတ်ရင် သံသရာ ပြတ် ဒုက္ခ ဇာတ်သိမ်းနိုင်ကြောင်းကို ဟောထားတယ်။ မေ့တာက အဝိဇ္ဇာ သတိ ရှိတာ သိတာက ဝိဇ္ဇာ အဝိဇ္ဇာကနေ ဝိဇ္ဇာဖြစ်ဖို့ အရေးမှာ အသိ လိုက်တတ်ဖို့က အဓိက ဖြစ်ပုံကို ဟောထားတာပဲ။ ဒီလို အသိ ကပ်တတ်ရင် သူက သံသရာလည်း ပြတ်တယ်။ သက္ကာယ ဒိဋ္ဌိကိုလည်း ဖြုတ်တယ်။ သမ္မာဒိဋ္ဌိလည်း ဖြစ်တယ်လို့ ဟောထားတယ်။ (နှာ ၁၇၉)

     မြင်စိတ် ကြားစိတ် ဖြစ်တယ် ပျက်တယ် သူ့ အလုပ်စဉ်အတိုင်း သူ ဖြစ်နေတယ်။ ငါ မဟုတ်ဘူး သိတော့ သက္ကာယဒိဋ္ဌိ ဖြုတ်တယ်။ ကုသိုလ်စိတ်ကလေး ဖြစ်တာ သိပေး။ သူက ဖြစ်လည်း ဖြစ်တယ်။ ဖြစ်ပြီး ပျက်တာပဲ။ ဒါဟာ စိတ်ကိုလည်း သိတာ မဟုတ်ဘူး။ စိတ်ရဲ့ ဖြစ်ပျက် အနိစ္စကိုကပါ သိတာ။ ဒါကို ဦးသံဒိုင်ကတော့ အထက် ဉာဏ်နဲ့ သိတဲ့ အသိလို့ ဆိုထားတယ်။ တစ်နည်းဆိုတော့ ဖြစ်လည်း ဖြစ် ပျက်လည်း ပျက်တာကို သိတာဟာ စိတ်ကလေးတွေ ခဏခဏ သေသွားတာ အနိစ္စရောက်သွားတာကို သိတာ ဖြစ်တယ်။ ဒါကို ဆရာတော်ကြီးက ကိုယ့် အသေ ကိုယ် မြင်တာလို့ ဟောထားတယ်။ (နှာ၁၈၁)ကိုယ့် အသေ ကိုယ် မြင်တယ် ဆိုတာ ကိုယ့် အနိစ္စကို ကိုယ် သိတာ။ ကိုယ့် ဒုက္ခကို ကိုယ် သိတာ ဆိုတော့ သစ္စာကို သိတာပဲ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာ သိမှ သစ္စာကို ဟောမှ နိဗ္ဗာန် ရောက်တယ်လို့ ဟောထားကြောင်း ဆရာတော်က ပြထားတယ်။

     ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ။ မဂ္ဂသစ္စာက နောက်လာမည့် ကိလေသာတွေကို တားလိုက်တော့ သမုဒယသစ္စာ သေတယ်။ သမုဒယသစ္စာ သေတော့ သမုဒယ ချုပ်တော့ နောက်ထပ် ဇာတိ ဒုက္ခ ချုပ်ရော။ ဒီတင် နိရောဓသစ္စာ ပေါ်တယ်။ အဲဒါ မဂ်တစ်ချက်ဝင်တာနဲ့ သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်တာပဲ။ ကဲ ဒီအထိ ရှင်းပြီလား။

(ရှင်အာဒိစ္စရံသီ)

No comments:

Post a Comment