Monday, November 3

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခတသဘော

နိဗ္ဗာန်သည်"အသင်္ခတဋ္ဌ"သဘောရှိတယ်၊ အသင်္ခတဋ္ဌ ဆိုတာနည်းနည်းမှ ပြုပြင်ပြီးထားတဲ့ တရားမဟုတ်၊
အဖန်ဖန်ပြုပြင်ခြင်းမရှိတဲ့သဘောဖြစ်တယ်၊ ဒါကြောင့် နိဗ္ဗာန်ဟာ အဖန်ဖန်ပြုပြင်ခြင်း မရှိသောကြောင့် ပက
တိခိုင်မြဲတဲ့ တရားလို့မှတ်၊ အသင်္ခတ သဘောကို..ရှင်းရရင်၊ "သင်္ခတ"သဘောကို အရင်ပြောရမယ်။
"သင်္ခတ"သဘောသည် အသင်္ခတနဲ့ဆန့်ကျင်ဘက်၊ အသင်္ခတနဲ့လုံးဝမတူတဲ့ တရားပဲ၊ သင်္ခတတရားတွေဆို
တာ ခန္ဓာ ၅-ပါး ရုပ်နာမ်တွေ ဘုံတွေပဲ၊ ဒါတွေဟာ ပြုပြင်ထားလို့ ဖြစ်လာကြတဲ့အရာတွေ ဖြစ်သောကြောင့်
ပျက်စီးတဲ့သဘောရှိတယ်လို့မှတ်၊ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတွေ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတွေဟာ တောတောင်ရေမြေတွေဟာ သင်္ခတတရားတွေ၊ ပြုပြင်တုန်းပဲ ခေတ္တတည်တံ့နိုင်
တဲ့ တရားတွေပဲ၊ ပြုပြင်တတ်တဲ့ ပြုပြင်စီမံပေးတဲ့အကြောင်း တရားတွေရဲ့ သတ္တိအရှိန်အစော် အာနုဘော်
ကုန်လို့ရှိရင် ပျက်သွားကြရတယ်၊ အပျက်မှ လမ်းဆုံးထယ်ပေါ့၊ ခန္ဓာ ၅-ပါး ရုပ်နာမ်ဆိုတဲ့ သင်္ခတ တရားတွေ
ဟာ ဘယ်မှာပဲဖြစ်ဖြစ် (လူ့ပြည်ဖြစ်ဖြစ်၊ နတ်ပြည်ဖြစ်ဖြစ်၊ ဗြဟ္မာပြည်ဖြစ်ဖြစ်) "ကံ စိတ် ဥတု အာဟာရ"ဆို
တဲ့ အကြောင်းတရား ၄-ပါးနဲ့ ပြုပြင်ထားတာ ဖြစ်သောကြောင့် ပြုပြင်တဲ့ သဘောသတ္တိကုန်ဆုံးတာနဲ့၊ တစ်
ပြိုင်နက် ပျက်စီးကြတာချည်းပဲ၊ ခင်ဗျားတို့ ဒါနမှု သီလမှု သမထအလုပ်ဆိုတဲ့ လူနတ်ဗြဟ္မာပြည် ရောက်
ကြောင်းအလုပ်တွေ လုပ်တယ်ဆိုပါစို့၊ သူ့နည်းနဲ့သူ ပြုပြင်လိုက်တော့၊ သူ့အကြောင်းရှိသလောက် အကျိုး
တော့ ပေးတာပေါ့၊ ဒါပေမယ့် အကြောင်းတရားတွေရဲ့ အရှိန်အစော် အာနုဘော်တွေကုန်တဲ့အခါကျတော့
လူနတ်ဗြဟ္မာဆိုတဲ့ အကျိုးတရားတွေဟာ ပျက်စီးသွားကြတာပဲ၊ ပြုပြင်လို့ရထားတဲ့ ဖြစ်လာတဲ့ တရားဟူ
သရွေ့ဟာ ခိုင်မြဲတယ်မရှိဘူး၊ မပြုပြင်ဘဲနဲ့ရတဲ့နေရာဖြစ်သော အသင်္ခတ..နိဗ္ဗာန်ကမှ အမြဲတည်တဲ့ခိုင်မြဲ
တာ၊ ခင်ဗျားတို့ဟာ သင်္ခတ အကျိုးတရားတွေအ
တွက် သင်္ခတ အကြောင်းတွေကိုပဲ အားထုတ်နေတယ်၊
"သင်္ခတအကြောင်း"တွေ အားထုတ်တော့"သင်္ခတအကျိုး"တွေရမှာပဲ၊ "သင်္ခတ..ပျက်ကြောင်း"တွေလုပ်
တော့"သင်္ခတ..ပျက်ကျိုး"တွေပဲရမှာပဲ၊ အကြောင်းတရား ၄-ပါးနဲ့ သတ္တိအရှိန် ကုန်သွားရင် ခင်ဗျားတို့ရထား
တဲ့ ခန္ဓာ ၅-ပါးဟာ ပျက်သွားမှာပဲ၊ ပျက်သွားလို့ တစ်ခါ အကြောင်းတရား ၄-ပါးနဲ့ ကြိုးစားကြပြန်တယ်၊
ကြိုးစားပြန်တော့ သင်္ခတအကျိုးပေါ်ပြန်တာပဲ၊ တစ်ခါ ဒီအကြောင်းရဲ့ သတ္တိကုန်ပြန်တော့၊ သင်္ခတအကျိုး
တွေဟာ ပျက်ပြန်တာပဲ၊ ဒီတော့ ခင်ဗျားတို့ဟာ"ပျက်မှုနဲ့ ပြုပြင်မှု"ပဲလုပ်နေတာပဲ၊ ဒါတွေ လုပ်နေရင် ဘယ်
တော့မှပြီးမှာမဟုတ်ဘူး၊ "ပြုပြင်လိုက်..ပျက်လိုက်"တစ်ခါ ပြုပြင်လိုက် ပျက်လိုက်၊ ဒီလိုပဲ လှည်ပတ်သွားနေ
မှာပဲ၊ ဒီတော့ ခင်ဗျားတို့ဟာ မပြီးတဲ့အလုပ်ကိုပဲထပ်ခါတလဲလဲ လုပ်နေရတာပဲဆိုရင်မလွဲဘူးပေါ့။
ခင်ဗျားတို့ အခုရတဲ့ ရုပ်နာမ်ခန္ဓာကြီးဟာ သင်္ခတ တရားပဲ၊ နောင်ဘဝက ကံကပြုထားလို့ပေါ်လာတာ၊ ဒီဘဝ
ကျတော့"စိတ်၊ ဥတု၊ အာဟာရ"ကပြုပြင်ထားတယ်၊ နောင်ဘဝကျတော့ ဒီဘဝကလုပ်တဲ့ ကံကနေပြီးလုပ်
လိမ့်မယ်၊ ကံကနေပြီးလုပ်တော့ ကမ္မဇရုပ်တွေ၊ စိတ္တဇရုပ်တွေ ဆက်ဖြစ်လာတယ်၊ အပြင်ဘက်က အဟာရ၊
ဥတုတွေကလဲ ထောက်ပံပေးကြတယ်၊ ဒီတရား ၄-ပါးနဲ့ ပြုလုပ်တည်ထောင်ထားတာဖြစ်သောကြောင့်၊ ဒီရုပ်
နာမ်ခန္ဓာကြီးဟာ သင်္ခတ တရားပဲ၊ ကံကုန်ရင်လဲဖြုန်းကနဲ့ပျက်မယ်၊ စိတ်ကုန်ပြန်ရင်လဲ ပျက်မယ်၊ ဥတုကုန်
ရင်လဲ ပျက်မယ်၊ အာဟာရကုန်ရင်လဲ ပျက်မယ်၊ ဘာဖြစ်လို့ပျက်..သင်္ခတ တရားဖြစ်လို့၊ သူများပြုပြင်လို့ပေါ်
နေတဲ့ သင်္ခတ တရားဖြစ်သောကြောင့်၊ ပြုပြင်တဲ့တရား ကုန်သွားရင် ခင်ဗျားတို့ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာ
ရတို့ရဲ့ စီမံသလိုခံနေရတာပေါ့၊ ဒါတွေကို မသိတော့ပျော်နေကျတာပဲ၊ မသိပျော် ပျော်နေကျတယ် အကြောင်းတရား ၄-ပါးက ထမင်းငတ်သေဆိုသေ ဆိုတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ခန္ဓာဟာ အကြောင်း
တရား ၄-ပါးရဲ့စီမံသလိုခံနေရတဲ့ သင်္ခတ (သင်္ခါရ) တရားတွေပဲ။
မန္တလေးမြို့ကြီးမှာ ရှေးနှစ်ပေါင်းတစ်ရာကလူတွေ ရှိသေးသလား၊ မရှိတော့ဘူး..သေကုန်ပြီ၊ သင်္ခတတွေမို့
ပျက်ဆုံးသွားကြပြီ၊ နောင်လာတဲ့ လူတွေလဲ သူတို့သက်တမ်းစေ့ရင်မနေနိုင်ဘူး၊ သေကြရမှာပဲ၊ ဒါဖြင့် သင်္ခ
တ တရားတွေရှိတဲ့နေရာဟာ သေတဲ့နေရာကြီးပဲလို့မှတ်၊ အလျင်လူတွေလဲ ဒီနေရာမှာ သေသွားတယ်၊ အခု
လူတွေလဲ ဒီနေရာမှာပဲသေကြရမယ်၊ နောက်လူတွေလဲ ဒီနေရာမှာပဲ သေကြလိမ့်မယ်၊ တချို့က ဒီသင်္ခတ
တရား အဘိုး အဘွားတွေကို လွမ်းတောင်လွမ်းနေကြသေးတယ်၊ ဓာတ်ပုံကလေး ကြည့်ကြည့်ပြီး မျက်ရည်
သုတ်ကာသုတ်ကာ လာသေးတယ်၊ သင်္ခတ တရားကိုပင် လွမ်းဆွတ်နေသေးတယ်ဆိုတော့၊ ဟိုသင်္ခတတွေ
နဲ့ အခုရှိတဲ့ သင်္ခတနဲ့ပြန်ပေါင်းချင်းသေးတဲ့ အဓိပ္ပာယ်ပေါ့၊ ဘာပြုလို့ အတူတူပျက်ရအောင်လို့၊ ဒါတော့
အသင်္ခတကို သဘောကျအောင်ဟာ သင်္ခတအကြောင်းကို မိမိရရပြောရမယ်၊ သင်္ခတသဘောနားလည်လာ
တော့မှ ဒီအလုပ်မဟုတ်ပါလားဆိုတာလာမယ်၊ လာတော့မှ အသင်္ခတဘက်လှည့်လာမယ်။ သင်္ခတ တရား
ဆိုတာ ဒုက္ခသစ္စာပဲ၊ ခန္ဓာ ၅-ပါးဟာ အဖန်ဖန်ပြုပြင်ရတဲ့ ဒုက္ခသစ္စာဖြစ်လို့ ဒုက္ခရောက်ရင်း ပြန်အစားထိုးရင်း
ဒီလို အဖန်ဖန်ပြုပြင်နေရတော့ အားလပ်ခွင့်ကိုမရှိဘူး၊ ဒုက္ခသစ္စာအလုပ်က အမြဲဒုက္ခရောက်နေတာပဲ၊ အဖန်
ဖန် အားထုတ်နေရတာ..အမြဲ ဒုက္ခရောက်နေတာပေါ့၊ အဖန်ဖန် အားထုတ်ရမထုတ်ရ..ကိုယ့်ကိုယ်ကိုပဲချိန်
ကြည့်၊ ဒီနေ့မနက်စာစားပြီး ညစာမစားတော့ဘူးကွဆိုတဲ့ရက်ဟာ အင်မတန်နည်းတယ်၊ ညတိုင်းပါစားတဲ့
ရက်ကများတယ်၊ ဒီနေ့တော့ ၂-ထပ်စလုံးစားပြီးပြီး၊ ၂-ထပ်စလုံးခိုမယ် မစားတော့ဘူးလို့ နေလို့ရရဲ့လားမရ
ဘူး၊ ခန္ဓာကိုယ်ကြီးဟာ အလျင်ပြုပြင်ထားတဲ့ ဝေဒနာရလာတယ်၊ အဲဒီတော့ ခန္ဒာက ငါ့ကိုပြုပြင်အုံး နောက်
ထပ် ၂-ထပ်ကျွေးအုံးလို့လာတာပဲ၊ သန်ဘက်ခါ ကျတော့လဲ ၂-ထပ်ကျွေးရတာပဲ၊ ဘာပြုလို့ ဒီလောက်
တောင်ပြုပြင်နေရတာတုန်း၊ အို..ပြုပြင်မှတော်ရုံကျတဲ့ ခန္ဓာ ၅-ပါးဖြစ်လို့၊ ခင်ဗျားတို့ခန္ဓာဟာ ပြုပြင်နိုင်မှ
တော်ရုံကျတာ၊ မီးဖိုနဲ့ထင်းကောပြတ်ရဲ့လား၊ မပြတ်ဘူး၊ ဒယ်အိုးနဲ့ ဖိုခနောင့်ကော ပြတ်ရဲ့လား၊ မပြတ်ဘူး၊
သေရာတောင်မှ ယူသွားရအုံးမှာလား၊ ယူသွားရတယ်၊ ဟိုဘဝရောက်လဲဒီလိုပဲမပြတ်ရဘူး၊ လူတစ်ခါပြန်ဖြစ်
ရင် ဒီပြုပြင်မှုတွေလုပ်ရမှာပဲ၊ နတ်ပြည်ရောက်ရင် ကောင်းပါရဲ့ဆိုတော့၊ နတ်ပြည်လဲ ဒီလိုပဲ စောင့်ရှောက်
ပြုပြင်ရမှာပဲ၊ ဒီတော့ ဘယ်ခန္ဓာဖြစ်ဖြစ် ခန္ဓာဟူသရွေ့ဟာ"သင်္ခတခန္ဓာ..ဒုက္ခသစ္စာ"ဆိုတော့အမြဲတမ်း ပြု
ပြင်နေရပြီး ပျက်စီးခြင်းမှာပဲ ဆုံးသွားတာပဲ၊ လူ့ပြည်မှာ အပျက်များလှတယ်၊ နတ်ပြည် သွားပြီးအပျက်ပြင်
အုံးမှပဲဆိုရင်၊ ဒါ"ဝပ်ရှော့ပြောင်း"တာနဲ့အတူတူပဲ၊ နတ်ပြည် ရောက်လဲ ဝပ်ရော့ပြန်အပ်ရတာပဲ၊ ဗြဟ္မာ့ပြည်
ရောက်လဲ ဝပ်ရှော့ပြန်အပ်ရတာပဲ၊ ခန္ဓာက အမြဲတမ်းပျက်နေတာ အမြဲတမ်းပဲ ဝပ်ရှော့ပြောင်းနေရတာပေါ့၊
ခင်ဗျားတို့ ဟိုဆုတောင်း ဒီဆုတောင်းဆိုတာပျက်လို့၊ ပြင်ဖို့တောင်းတာပေါ့၊ လူ့ပြည်မှတွင်ပဲ ဒီခန္ဓာကြီးကို
ကျွေးမွှေးပြုပြင်ပေးဖို့အတွက် လုပ်ငန်းတွေ အမျိုးမျိုးထူထောင်ရတယ်ဆိုတော့ ဒါ ဝပ်ရှော့အပ်နေရတာပဲ၊
ဒီခန္ဓာကြီးပြင်နေရတဲ့အတွက် အားတယ်လို့ရှိသေးရဲ့လား၊ အငြိမ်ကော နေရရဲ့လား၊ ဒီခန္ဓာကြီးကို ဝပ်ရှော့
ပြောင်းပြောင်းအပ်ပြီး ပြင်နေရတာဖြင့်၊ ၃၁-ဘုံမှာ ခင်ဗျားတို့ခြေရာထပ်နေပြီ၊ မပျင်းကြသေးဘူးလား၊ မမော
ကြသေးဘူးလား၊ သစ္စာ မသိသရွေ့တော့ ဒီအတိုင်းကြီးမှတ်ပေတော့၊ ဘယ်ဝပ်ရှော့ကြိုက်သတုန်း၊ ဝပ်ရှော့
တစ်ခုက ခဏပဲပြင်ပေးနိုင်တာ၊ ကြာကြာခံအောင် လုပ်မပေးနိုင်ဘူး။
ဒီခန္ဓာကြီးပြုပြင်ရတဲ့ သင်္ခတ တရားတွေဟာ နည်းတာတွေမဟုတ်ဘူး၊ တချို့ သင်္ခတ တရားကပြုပြင်ပေး
တယ်၊ တချို့ သင်္ခတ တရားက အပြုပြင်ခံရတယ်၊ ပြုပြင်တတ်တဲ့ တရားလဲဖြစ်ပြီး (ပြုပြင်ပေးပြီး) ပျက်တတ်
သောကြောင့်၊ သူလဲ သင်္ခတ တရားပဲ၊ အပြုပြင်ခံရတဲ့တရားလဲ ဖြစ်ပြီး ပျက်ရသောကြောင့် (ပြုပြင်ပေးတုန်း
တည်တံ့ပြီး၊ ပြုပြင်တဲ့တရားပျက်ရင် ပျက်ရသောကြောင့်) သူလဲ သင်္ခတ တရားပဲ၊ ဒီတော့ သင်္ခတ ၂-ခုစလုံး
ဖြစ်..ပျက်ချည်းဖြစ်သောကြောင့်၊ "ဪ..နှုတ်ခမ်းပဲချင်းမီးမှုတ်နေတာပါလား" သင်္ခတဆိုတာ ခဏခဏပြင်
လိုက် ပျက်လိုက်၊ ပြင်လိုက် ပျက်လိုက်နဲ့၊ စင်စစ်တော့ ဒုက္ခချည်းရောက်နေတာပါလား၊ ဒါဖြင့် သင်္ခတ တရား
သင်္ခတနယ် မကောင်းကြောင်း ကောင်းကောင်းသိမှ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ဆိုတဲ့ အသင်္ခတနိဗ္ဗာန်
ကောင်းတာကို ဉာဏ်ထဲထင်လာမယ်၊ သင်္ခတဒုက္ခဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးဟာ အမျိုးမျိုး အဖုံးဖုံးအမြဲပြုပြင်ရ
တယ်၊ ခင်ဗျားတို့ ဒီလာတော့ ဒီ ခန္ဓာကြီးကို ထမင်းလဲကျွေးလာခဲ့ရတယ်၊ ခြုံထည်အမျိုးမျိုးနဲ့ ပူဇော်ခဲ့ရတယ်
လမ်းကျပြန်တော့လဲ ကားနဲ့ ဟိုဟာ ဒီဟာနဲ့ တိုက်မိမှာစိုးလို့ မျက်လုံးနဲ့ ဟိုကြည့်ဒီကြည့်ပြီး ဒုက္ခခံ စောင့်
ရှောက်လာခဲ့ရတယ်၊ သူ့အတွက် ဘယ်လောက် ကြောင့်ကြစိုက်ရသလဲဆိုတာ လမ်းမှာ ခင်ဗျားတို့မရိပ်မိဘူး
သင်္ခတခန္ဓာ ရှိနေရင် ဘယ်တော့မှ ဘေးအန္တရာယ် ကင်းမယ်မဟုတ်ဘူး၊ သူ့မှာ ဝေဒနာတွေဟာ အမျိုးမျိုး
ပေါ်တယ်၊ ကျင်ကြီး ကျင်ငယ်ကိစ္စ၊ ထမင်းကျွေး ရေတိုက်ရတဲ့ကိစ္စ၊ အို..တစ်ခါတည်း အနာမျိုးစုံအတွက် ပြု
ပြင်ပေးလိုက်ရတာ ရှုပ်နေတာပဲ၊ ဘယ်အချိန်မှ မနားရ မအားရဘူး၊ မပြုပြင်ဘဲသာထားလိုက်လို့ရှိရင်ခင်ဗျား
တို့ကို ဠင်းတတွေတောင် ဝဲလောက်ပါရဲ့၊ ဒီလောက်တောင် ပြုပြင်ပေးရတယ်၊ အိပ်ရာထဲ မျက်လုံးမှိတ်နေ
တာတောင်မှ မအားရဘူး၊ ခန္ဓာကြီး စောင်းလိုက် လိမ့်လိုက် စောင်ဆွဲခြုံပေးလိုက်နဲ့ အမျိုးမျိုးလုပ်ပေးရတာ
အားတယ်ကိုမရှိဘူး၊ ခွေးနာလောက်ကိုက် ခွေးနာ အယားဖျောက်တာက အားသေးတယ်၊ ခင်ဗျားတို့မှာ
အနာမျိုးစုံပေါက်လို့၊ ပြုပြင်ပေးရတာ အားတယ်လို့မရှိဘူး၊ ခွေးနာအယားဖျောက်ပြီးယင် အားနိုင်သေးတယ်
ခွေးနာက ဟိုကိစ္စ ဒီကိစ္စရှိတာမဟုတ်ဘူး၊ ခင်ဗျားတို့မှာတော့ သာရေး နာရေး လူမူရေးကိစ္စတွေနဲ့ မအား
လပ်အောင် ရှုပ်နေတာပဲ၊ ဘာပြုလို့ ဒီလောက်တောင် အားလပ်ခွင့်မရသတုန်းဆိုတာ၊ သင်္ခတဒုက္ခသစ္စာကြီး
ရထားလို့၊ ဒီဘဝကိုကအလုပ်ပေါင်းကနည်းသလား အနိုပ်သည်ရှာရ၊ အဝတ်ရှာ အစာရေစာရှာရ၊ အနာကုဖို့
ဆေးတွေဆောင်ထားရတာနဲ့ အလုပ်ကိုရှုပ်နေတာပဲ၊ ဒီအထဲနောက်ဘဝအတွက်ပေးကမ်းစွန့်ကြဲမှုစတဲ့ အ
လုပ်တွေ ကြိုလုပ်နေရသေးတယ်၊ ဒီတော့ ဒီ သင်္ခတခန္ဓာကြီးဟာ သူ့ခင်တဲ့ပုဂ္ဂိုလ်ကို အမြဲနှိပ်စက်နေတာပဲ၊
ဒီခန္ဓာကြီးမရှိမှ အေးမှာပဲ၊ ခင်ဗျားတို့ဟာ ပျက်စီးတတ်တဲ့ သင်္ခတ တရားဆိုတဲ့ ဒုက္ခသစ္စာကို မသိလို့သာ၊ လူ
ကောင် နတ်ကောင် ဗြဟ္မာကောင်ဆိုတဲ့ သင်္ခတ တရားဆိုတဲ့ ဒုက္ခသစ္စာကို မသိလို့သာ၊ သင်္ခတတရားထွေ
ကို ရအောင်အားထုတ်ယူနေကြတာ၊ သင်္ခတဒုက္ခသစ္စာကိုသိရင် ခင်ဗျားတို့ ဒီသင်္ခတ တရားကို နောက်ထပ်
တည်ထောင်ကြမှာမဟုတ်ဘူး၊ ဒုက္ခသစ္စာမသိလို့တည်ထောင်ကြတာပဲ၊ သင်္ခတတရားဆိုတာ ဖြစ်ပြီးပျက်
တာပဲ၊ မွေးပြီးသေတာပဲ၊ မွေးသေပဲ၊ အသင်္ခတဟာ မွေးလဲ မမွေးဘူး၊ သေလဲ မသေဘူး၊ အဖြစ်လဲ မရှိဘူး၊
အပျက်လဲ မရှိဘူး၊ သဘာဝအားဖြင့် ခိုင်ခံ့တည်မြဲနေတယ်၊ ဒီတော့ အသင်္ခတဓာတ် နိဗ္ဗာန်ရောက်ကြောင်း
အလုပ်မှတစ်ပါး ကျန်တဲ့ သင်္ခတအလုပ်ကတော့ လုပ်ချင်တာလုပ် ပျက်ဖို့ လုပ်တာချည်းပဲ၊ ဘယ်လောက်နဲ့
ရင်နှီးလုပ်ပေမယ့် ပျက်မှာပဲ၊ ဒုက္ခခံလုပ်ခဲ့ရပြီး ပျက်သွားတယ်ဆိုတော့၊ ခဲလေသမျှ သဲရေကျ ဆိုတဲ့အလုပ်
မျိုးပေါ့၊ ဘာကြောင့် ဒီအလုပ်မျိုး လုပ်နေရတာတုန်း၊ သစ္စာမသိလို့ပေါ့၊ သင်္ခတနဲ့ အသင်္ခတ ဒုက္ခသစ္စာနဲ့ သုခ
သစ္စာ..ကွဲကွဲပြားပြားမသိသရွေ့ ခင်ဗျားတို့ဟာ သင်္ခတနယ် (အပျက်နယ်) ထဲကလွတ်မှာမဟုတ်ဘူး၊ သင်္ခ
တဆိုတာ အပျက်ပါနေတော့ ဒုက္ခသစ္စာပေါ့၊ အသင်္ခတဆိုတဲ့ နိဗ္ဗာန်ဟာ အပျက်မပါတော့ သုခသစ္စာပေါ့၊
ခင်ဗျားတို့က ဒီသစ္စာ ၂-ပါးလဲ မကွဲဘူး၊ တစ်ပါးချင်းလဲ မသိဘူး၊ သင်္ခတကို ဒုက္ခသစ္စာလို့ မသိတော့ ဆင်
ကန်းတောတိုး သလိုမဟုတ်တဲ့သင်္ခတတရားပဲ ကြိုးစားနေတာပဲ၊ အသင်္ခတဘက် သွားရမှန်းမသိလို့ မသွား
သင်္ခတကို ဒုက္ခသစ္စာမှန်းမသိလို့ သင်္ခတဘက်ချည်းသွားနေတော့၊ ခင်ဗျားတို့မှာ မပြီးနိုင်မဆုံးနိုင်တဲ့ သင်္ခတ
အလုပ်တွေချည်းလုပ်နေတော့တာပဲ၊ ဒါကြောင့် သင်္ခတဆိုတဲ့ ဒုက္ခသစ္စာ၊ အသင်္ခတဆိုတဲ့ သုခသစ္စာ၊ဒီသစ္စာ
၂-ပါးအကြောင်း ကောင်းကောင်းသိဖို့ အရေးကြီးတယ်၊ သိတော့မှ သင်္ခတဒုက္ခသစ္စာကြီးကို ရွံ့မုန်းပြီးမလို
ချင်တော့ပဲ၊ အသင်္ခတ သုခသစ္စာကိုကောင်းကောင်းသိပြီးကြိုက်လာမယ်။               ။

                                            ဤကောင်းမှုကုသိုလ်ကံ
                         စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                         ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                 အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                          တည်ရှိပါစေသတည်း ။               ။

                                                                                                                                                                           အရှင်ဉာဏဓဇ
                                               မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                       ပင်မသံဝေဇနိယဌာန
                                                              အမရပူရမြို့။
                                                                                                                              

No comments:

Post a Comment