Thursday, April 14

မိုးကုတ်ဆရာတော်ဘုရားကြီး၏ လိုက်နာသင့်သော ဆုံးမဩ၀ါဒများ (၃)

“ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။” (မိုးကုတ်ဆရာတော်ဘုရား)
“ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။” (မိုးကုတ်ဆရာတော်ဘုရား)

“ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။ အကျည်းတန်ဆုံးပဲ။” (မိုးကုတ်ဆရာတော်ဘုရား)

“သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။” (မိုးကုတ်ဆရာတော်ဘုရား)

“ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့်မသိပြုံး ပြုံးနေသလောက် သေခါနီးမှာ မျက်ရည်ကျရပါလိမ့်မယ်။” (မိုးကုတ်ဆရာတော်ဘုရား)
ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။
ခင်များတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ…. တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။
“ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး။”
ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွားပါရစေဆိုတာနဲ့ အတူတူပဲ။
(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး)

“လုပ်ရင် မကြာဘူး ဆရာကောင်းရင် ကောင်းသလောက် ခရီးပေါက်တာပဲ။ အားထုတ်ဆဲ ဝိပဿနာ ဥာဏ်နဲ အမြဲနေကြမယ်ဆိုရင် မျက်စိမှိတ်လိုက်တာနဲ့ ဥာဏ်စိတ်က ဖြစ်ပေါ် လာပါပြီ။” (မိုးကုတ်ဆရာတော်ဘုရား)
“မသိတုန်းကတော့… မသိသလိုနေလာကြတာ ကိစ္စမရှိပါဘူး၊ သိပြီးတဲ့အခါကြတော့… ပြင်ဆင်ဖို့အချိန်အခါ ရောက်ပြီ။ ကိုယ့်ကိုယ်ကို သနားရင်… ဝိပဿနာအလုပ် လုပ်ပါ။” (မိုးကုတ်ဆရာတော်ဘုရား)

“တရားထိုင်တဲ့အခါ နေရာမပြင်လျှင် သာပြီးကောင်းတယ်။ တွေ့နေတဲ့ သဘာဝအမှုအယာကလေးတွေကိုတော့ နေရာပြင်လိုက်တာနဲ့ ပျောက်မသွားစေနဲ့။ ပြင်ရင် သမာဓိပျောက်မသွားပေမယ့် ဆုတ်ယုတ်သွားတတ်တယ်။”
~ မိုးကုတ်ဆရာတော်ဘုရား ~

“တရားထိုင်တဲ့အခါ ညောင်းလာလို့ ပြင်ချင်ရင်… ပြောင်းချင်ပြင်ချင်တဲ့ စိတ်ဖြစ်ပျက်ရှု။
ရွှေ့ချင်ရင် ရွှေ့ချင်တဲ့စိတ် ဖြစ်ပျက်ရှု။
ဖြစ်ပျက်နဲ့ မဂ်ကြား တစ်ပါးသော ကိလေသာ မရောရင်
(၁၅) မိနစ်နဲ့ နာရီဝက် အတွင်း မဂ်ကျနိုင်တယ်။”
~ မိုးကုတ်ဆရာတော်ဘုရား ~
“ဝေဒနာသုံးမျိုးနဲ့ လှည့်အသက်ရှင်နေရတယ်။ ဝေဒနာကြီးစိုးလိုက်တာ လူလားမြောက်ကတည်းက အားကို မအားရဘူး။ ချမ်းသာချင်တဲ့ဝေဒနာက။ နေ့မအား ညမအား အမောဆိုက်အောင် နွားလုပ်ခိုင်းတာ။ စကား ရိုင်းတယ်မဆိုနဲ့။ ဖြစ်စဉ်က ကိုက်နေတယ်။”
~ မိုးကုတ်ဆရာတော်ဘုရား ~

“စိတ်ထဲ ချမ်းသာတာကလေး ပေါ်လာရင်လည်း ဇိမ်ခံမနေနဲ့။ ဖြစ်ပျက်ရှုလိုက်။ ချမ်းသာတာချမ်းသာသက် ရှည်နေတယ်ဆိုရင်… တဏှာကြားခိုပြီလို့မှတ်ပါ။ ဝေဒနာဖြစ်တာကို ခံစားရတာကောင်းလိုက်တာ ဆိုတာဟာ… တဏှာနဲ့သိတာ။ အိမ်ခန်းထဲ တစ်ယောက်တည်း ကိုယ့်စိတ်ကူးကလေးနဲ့ကိုယ်ပျော်နေတာ တဏှာနဲ့ကိုးဗျ။ ငွေမှန်မှန်ဝင်တဲ့ ပုဂ္ဂိုလ်ပြုံးနေတာဟာ… တဏှာနဲ့အဖော်လုပ်နေတာပါ။” ~ မိုးကုတ်ဆရာတော်ဘုရား ~

“ဒေါသဆိုတာ နှလုံးသွေးထဲမှာ ဆူပွက်နေတာ.. အရှက်အကြောက်တွေကင်း ပစ္စုပ္ပန်မှာ ရုပ်အမျိုးမျိုးပြောင်း.. မျက်လုံးမျက်ဆန်တွေ ပြူးလာတာ ဒေါသသတ္တိ။ ကိုယ်ကိုယ်ကို စိတ်ဆိုးလည်း မဂ်ဖိုလ်တားတာပဲ။ သူတစ်ပါးအတွက် စိတ်မကောင်းဖြစ်လည်း မဂ်ဖိုလ်တားတာပဲ။”
~ မိုးကုတ်ဆရာတော်ဘုရား ~

“အဲ-ဝိပဿနာအလုပ် လုပ်တော့မယ်ဆိုလို့ရှိရင် ဝိပဿနာဆိုတာ ဘာပါလိမ့်မတုံးလို့… မေးတဲ့အခါကျတော့… အို
ဥာဏ်မျက်လုံးပေါ်မှာ ကိလေသာတွေဖုံးတာ.. ဖယ်တဲ့အလုပ်ဟာ ဝိပဿနာအလုပ်ပဲ။”
~ မိုးကုတ်ဆရာတော်ဘုရား ~

ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊
လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊
ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊
အမှန်ပင် မဂ်ရကြောင်း။
~ မိုးကုတ်ဆရာတော်ဘုရား ~

“သူများစိတ်အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာမှ အမှန်ရမည်။” (မိုးကုတ်ဆရာတော်ဘုရား)
“ရှေ့နောက် ခွဲတတ်ပါစေ။ မိမိအရေးက ရှေ့ထား၊ သားရေး၊ သမီးရေး၊ စီးပွားရေးက နောက်ထား။” (မိုးကုတ်ဆရာတော်ဘုရား)
“ဖြစ်ပျက်ရူတယ်ဆိုတာ ကိုယ်အမြန်သေနေတာ ကိုကြည့်တာ.. ရှင်တုန်းမှာပဲ ကိုသေတာကို ကိုယ်သိနိုင်တယ်.. အပျက်ကို အဖြစ်ဥာဏ်နဲ့ကြည့်ပါ… အဖြစ်ကိုကြည့်ပြီး ပျော်မနေပါနဲ့။” (မိုးကုတ်ဆရာတော်ဘုရား)

“ဝိပဿနာရှုရတယ်ဆိုတာ ဘာကိုရှုရမှာလဲအောက်မေ့တယ်။ လက်စသတ်တော့ ပေါ်လာတဲ့ ဧည့်သည်ခန္ဓာ မြင်အောင်လို့ ရှုရတာကို၊ ဧည်သည့်ခန္ဓာကလည်း ဖြစ်ပျက်နေတာ။ အကယ်၍ အဖြစ်ကို မမိလိုက်ဖူးဆိုရင်… အပျက်ကိုတော့မိအောင်ကြည့်။ အဖြစ်ကို မမိလိုက်ရင် ရှိစေတော့ အပျက်ကိုတော့ မိအောင်စောင့်ကြည့်ရမယ်။..

“ခန္ဓာကိုယ်ထဲမှာ အခုပေါ်တဲ့ ခန္ဓာသိမှသာ ဒါ နိဗ္ဗာန် ရောက်တဲ့အသိ။ အမေမွေးတဲ့ ခန္ဓာငါးပါးက ဖြစ်ခဲ့ပျက်ခဲ့တာ… တစ်တိုတစ်စမှ ပါမလာတော့ပါဘူး။ အရင်က ပါလာတဲ့ ခန္ဓာလည်း မဟုတ်။ အကြောင်းကင်းသလားဆိုတော့လည်း မကင်းဘူး” (မိုးကုတ်ဆရာတော် ဘုရား)

“ကိုယ့်ကိုယ်ကို သနားရင်ဝိပဿနာ ရှုပါ။ ဘယ်သူက ဘာပြောပြော ကိုယ့်ဟာကိုယ်ရုန်းမှ ကိုယ်လွတ်မှာ။ ဘုရားက ဝိပဿနာရှုဖို့ (၁၇၉၂) ကြိမ် ကိုယ်တိုင်မှာခဲ့တယ်။ လှူတာတန်းတာ ပေးတာ ကမ်းတာ အသာထားပြီး… သူပြောတဲ့အတိုင်း ကျင့်ပြီး သူ့ကို တရားနဲ့ ပူဇော်စေချင်တယ်။ အခုလူ့ဘဝရောက်လာတာ မတရားနဲ့ အချိန်ကုန်မယ် ဆိုရင် အရင်းရှူံးပါလိမ့်မယ်။ ဒီအတိုင်းနေလို့ မတော်တဲ့ အကြောင်း ကောင်းကောင်းသိကြပါ။” (မိုးကုတ်ဆရာတော် ဘုရား)

“တောကျောင်းတောင်ကျောင်းဆိုတာက သမထကိုပြောတာ
ဝိပဿနာက နေရာမရွေးပါဘူး။
ဈေးရောင်းရင်း ဝိပဿနာဖြစ်နိုင်တယ်။
သွားရင်း လာရင်း ဆိုသလို ဒုက္ခကိုတွေးတောကြရမယ်။”
(မိုးကုတ်ဆရာတော်ဘုရား)

ဘယ်မှာငါဟု ရှိအံ့နည်း။
လောကဇာတ်ခုံ ဤလူ့ဘုံ၌
မျိုးစုံကကြ မာန်မာနနှင့်
ငါဟာရာဇာ ငါဟာသူဌေး
ငါပဂေးဟု ငါသွေးတက်ကြွ
လူ့ဗာလတို့ များလှဖြာဖြာ
အဝိဇ္ဇာနှင့် တဏှာဘီလူး
အမှောင့်ပူး၍ ကျူးကျူးကျော်ကျော်
ဂုဏ်ကိုဖော်လျက် မော်မော်မောက်မောက်
ငါတစ်ယောက်သာ မိုးအောက်တစ်လွှား
ရွှေကိုယ်လားဟု ထင်မှားမလွဲ
သို့စဉ်စွဲလည်း………
ဇာတ်ပွဲပြီးက ပြည့်ဖုံးချသော်
သုဘရာဇာ မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးဘဲ
ပုပ်သိုးခန္ဓာ မြုပ်ရရှာသည်
ဘယ်မှာငါဟု ရှိအံ့နည်း။
(မိုးကုတ်ဆရာတော်ဘုရားကြီး။)

ဉာဏ်အလိုက် တရားရလိမ့်မယ်
သဗ္ဗညုဘုရားတို့၊ ပစ္စေကဗုဒ္ဓတို့အတွက် ပါရမီလိုတယ်။
အဂ္ဂသာဝက၊ မဟာသာဝက၊
အသီတိသာဝကတို့အတွက်လည်း ပါရမီလိုတယ်။
ရိုးရိုးပကတိသာဝကတို့အတွက်လည်း ပါရမီလိုတယ်။
ရိုးရိုးပကတိသာဝကအဖြစ်နဲ့ နိဗ္ဗာန်ကို ကူးမယ့်သူတွေအဖို့
ပါရမီမလိုတော့ဘူး၊ ပြည့်နေပြီ၊ လုံလောက်နေပြီ။
အဲဒါကြောင့် ပါရမီအလိုက် မဟုတ်ဘူး။
ဉာဏ်အလိုက် တရားရလိမ့်မယ်လို့ ဘုန်းကြီးတို့က ပြောတယ်။
( ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး )
ဘ၀သံသရာခရီးရှည်ကြီးကို ဖြည်းဖြည်းအေးအေး
ချမ်းချမ်းသာသာနဲ့
ဇိမ်ခတ်ပြီးသွားမနေကြနဲ့၊
မြန်မြန်ရောက် မြန်မြန်အေးတာပဲ။
ဒီတော့ရွေးမနေနဲ့၊ ရရာကလိုက်၊
တွဲကောင်းစောင့်မနေနဲ့၊
အထက်တန်ရ အထက်တန်းနဲ့လိုက်၊
တတိယတန်း တွဲရ တတိယတန်းနဲ့ လိုက်၊
ကုန်တွဲရ ကုန်တွဲနဲ့လိုက်၊
နောက်ဆုံး ထုံးတွဲမီးသွေးတွဲရလဲ ရရာတွဲနဲ့သာလိုက်
မြန်မြန်ရောက်မှ အေးမယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး

2 comments: