Thursday, September 14
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး အားကိုးထိုက်တာ အစစ် ရှာရစ်ကြ
            နာတဲ့ပုဂ္ဂိုလ်ကလည်း ခန္ဓာကြည့်ပြီး နာရမယ်၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း ခန္ဓာကြည့်ပြီးဟောတဲ့ အတွက် ဘာဝနာပွားပြီး နာတဲ့အတွက် အားလုံးကုန်ပဲ ကျွတ်တမ်းဝင်ကြမယ်ဆိုတဲ့ဥစ္စာ မနေ့က၀တ္ထု ဟောခဲ့တယ်၊ ဦးတင်တို့ ဦးသန်းမောင်တို့ ကြားဖူးခဲ့ကြပြီ ( မှန်ပါ ဘုရား ) ။
တရားသာအမိ၊ တရားသာအဖ
            အဲ့ဒိတော့ ဘုန်းကြီးက တရားကို ကြိုးစားစေချင်တာက အခြားကြောင့် မဟုတ်ပါဘူး၊ ဟာ... ဦးတင် ကြီးဟာ ဘယ်ကလာသတုံး .. မပြောတတ်ပါဘူး၊ လူ့ပြည်တော့ရောက်လာတာပဲ၊ ဟာ... ဒါဖြင့် တရားကပို့ လိုက်တာပဲ ခင်ဗျားကို...ဦးသန်းမောင်ကြီး ဘယ်ကလာသတုံး...( မပြောတတ်ပါဘူးဘုရား )၊ ခင်ဗျားတို့ ခြေလျင်လာသလား...( ခြေလျင်လည်းမလာပါဘူးဘုရား )၊ လူ့ပြည်ရောက်လာတာပဲဆိုတော့၊ ခင်ဗျားတို့မှာ တရားအမိ၊ တရားပဲအဖနဲ့ သူစီမံတာ ခံနေကြရတော့ သူ့လက်လွတ်လို့ တော်ပါ့မလား ( မတော်ပါဘူး ) ရှင်း လောက်ပါပြီနော်..( မှန်ပါ ) ရှင်းလောက်ပါတယ် ။
            နောက်က သီလရှင်တွေ ဒကာ ဒကာမတွေ ဘယ်ကလာသတုံးမေးရင် ကိုယ့်ဟာကိုယ် ဘယ်သူမှ မသိကြဘူးနော် ...( မှန်ပါ )၊ တရားပို့လို့ ရောက်လာတယ်ဆိုတာပဲ ပြောကြရလိမ့်မယ် ။
            နို့... တရားပို့လို့ရောက်လာတော့လည်း တစ်ခါစဉ်းစားဦး ...ပစ္စန္တရာဇ် ဇနပုဒ်တွေများ ရောက်တဲ့ပုဂ္ဂိုလ်လည်း တရားပို့လို့ရောက်တာပဲ...ခင်ဗျားတို့ ပစ္စန္တရာဇ် ဇနပုဒ်ကို မရောက်ဘဲ မြို့ ကြီးပြကြီး သူတော်ကောင်း ပေါများတဲ့နေရာ ရောက်လာကြတယ်၊ ဒါကဘယ်သူပို့လိုက်တာတုံးလို့ ဦးတင်ကြီးမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ ( တရားပို့လိုက်တာပါ ) ဦးသန်းမောင်ကော .. မွေးတာက ဓမ္ဘီ..ကြီးပွားတာက ရန်ကုန် ၊ ဘယ်သူပို့လိုက်တာတုံးမေးရင် ဘယ်နှယ့်ဖြေပါ့မယ် ( တရားပို့တာပါ ) တရားပို့လိုက်တာ ကိုယ့်ခြေလျင် သွားလို့တော့ ရောက်ကို မရောက်ဘူး...( မှန်ပါ ) ။
တရားပဲအားကိုးရာရှိတော့တယ်
          အဲဒါကြောင့် သြော် ..တရားပဲ အားကိုးရာရှိတော့တယ်ဆိုတဲ့ ဥစ္စာလည်း သေသေချာချာမှတ်ပါ ( မှန်ပါ ) ။
            ဒကာ ဒကာမတွေ ဘာအားကိုးကြမယ်..( တရားပဲအားကိုးကြပါမယ် )။ 
            ကဲ..သက်သေ သာဓက လုံလောက်အောင်ရှင်းပြပါဦးမယ်..ဒကာ ဒကာမတွေကိုနော် ...( မှန်ပါ )။ 
            ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်လာတယ်၊ ဘုရားဖြစ်လာတော့ သြော် ငါ့မှာ အတုမရှိ ဘုရားတော့ ဖြစ်လာပြီ၊ ငါ့ထက်သာတဲ့ပုဂ္ဂိုလ်ရှိရင်ဖြင့် ရိုသေကိုးကွယ်မယ် ပူဇော်မယ်လို့ ဘုရားသခင် ကိုယ် တောမြတ်ကြီးက လျှောက်ပြီး ကြည့်လိုက်တယ်၊ ၃၁ - ဘုံထဲမှာ ဦးသန်းမောင် ( မှန်ပါ ) ငါ့ထက် သီလ သမာဓိ ပညာသာတဲ့ပုဂ္ဂိုလ်ရှိလို့ ရှိရင်ဖြင့် ငါကိုးကွယ်မယ် ဆည်းကပ်မယ်လို့ ကြည့်လိုက်တော့ တစ်ယောက် မျှ မမြင်ဘူး ( မှန်ပါ ) ။.
တရားကြောင့်ဘုရားဖြစ်လာတယ်
            တစ်ယောက်မျှ မမြင်တော့ သူ့ဟာသူပဲ တွေးလိုက်တယ်၊ ငါ့ဘယ့်နှယ့်ကြောင့် ဘုရားဖြစ်လာပါလိမ့် မတုံးလို့ တွေးလိုက်တော့ သြော်.. တရားကြောင့်ဘုရားဖြစ်လာတယ်၊ ငါသိခဲ့တဲ့ တရားပဲအရိုအသေ အလေး အမြတ်ပြုမှဖြစ်မယ်တဲ့ ၊ မပေါ်ကြသေးဘူးလား ... ( ပေါ်ပါပြီ ) ။
            ဘုရားတောင် ဘာကို ကိုးကွယ်သတုံး ( တရားကို ကိုးကွယ်ပါတယ် ) ။
            သူ့ထက်သာတဲ့ ပုဂ္ဂိုလ်ရှိရင် သီလ သာရင်လည်း သီလသာတဲ့ပုဂ္ဂိုလ်မကို ကိုးကွယ်မယ်၊ သမာဓိ သာရင်လည်း သမာဓိသာတဲ့ပုဂ္ဂိုလ်ကို ကိုးကွယ်မယ်၊ ပညာသာရင်လည်း ပညာသာတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ် မယ်ဆိုပြီး ၃၁ - ဘုံမှာ ရှာတယ်ဆိုတော့ ဦးသန်းမောင် ကုန်ရောပေါ့ဗျာ ( မှန်ပါ )၊ ဥာဏ်နဲ့ကြည့်လိုက်တယ် ၃၁ - ဘုံမှာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ပေါ့ဗျာ...ရှာလို့မတွေ့ ဘူး ..( မှန်ပါ ) ။
            ဒီတွင်မှ ငါသည် ဘယ့်နှယ်ကြောင့် ဘုရားဖြစ်လာသတုံး...( တရားအားထုတ်လို့ ဘုရားဖြစ်လာတာ ပါ ) ။
            ဒါဖြင့် တရားပဲကိုးကွယ်မှပဲဆိုတဲ့ စိတ်ဟာပေါ်ပေါက်ပြီးသကာလ တရားပဲ ကိုးကွယ်ပါတယ်လို့ ဦးအောင်ဇံဝေတို့၊ ဦးသန်းမောင်တို့ ၊ ဦးတင်တို့ မှတ်ရလိမ့်မယ် ...( မှန်ပါဘုရား ) ။
ဘယ်တရားပို့တာကြိုက်လဲ
            ဒါဖြင့် ခင်ဗျားတို့လဲ သြော်.. ဒီအတိုင်း နေလို့တော့ မဖြစ်သေးဘူး၊ တရားပို့လို့ရောက်တာ၊ စုတေမနေသေလွန်လို့ရှိရင်လည်း တရားပို့တဲ့ဆီသွားရမှာပဲ၊ ဒီတရားကိုရွေးပြီး သကာလ ဘယ်တရားပို့တဲ့ ဆီသွားရမှာပဲ၊ ဒီတရားကို ရွေးပြီးသကာလ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာလည်း ဆရာဘုန်းကြီးက ဝေဖန်မယ် ...( မှန်ပါ ) ။
            ဒါနကုသိုလ်တရားက ပို့တာကြိုက်သလား၊ သီလကုသိုလ်ပို့တာကြိုက်သလား၊ သမထကုသိုလ် ပို့ တာကြိုက်သလား၊ ၀ိပဿနာကုသိုလ်ပို့တာ ကြိုက်သလား၊ အကုသိုလ် ပို့တာကြိုက်သလားလို့ မေးတော့ အခုမေးခွန်း ၅ - ခုထွက်လာတယ်၊ ဒီတရားတွေကတော့ ပို့မယ့်တရားတွေ အမှန်ပဲ၊ ( မှန်ပါ )၊ တရားဘယ် နှစ်မျိုးဝေဖန်လိုက်သတုံး..( ငါးမျိုးဝေဖန်ပါတယ် )။
( ၁ ) အကုသိုလ်ပို့တာ ကြိုက်သလား
            ငါးမျိုးဝေဖန်လိုက်တော့ကို မောင်ချစ်စိန်တို့က ဟာ...အကုသိုလ်ပို့တဲ့ဆီတော့ တပည့်တော် မသွား ချင်ဘူးဘုရား၊ အပါယ်လေးပါးသွားရလိမ့်မယ်... အကုသိုလ်တရားကပို့ရင် သူ အပါယ်လေးပါးပဲ ပို့ရမှာပဲ ... ( မှန်ပါ ) ဒါတော့ ဘယ်သူမှမသွားချင်ဘူး၊ ဦးအောင်ဇံဝေလည်း မသွားချင်ဘူး၊ နောက်က သီလရှင်တွေ လည်း သွားချင်ကြလား...( မသွားချင်ပါဘူး ) ။
( ၂ ) ဒါနကုသိုလ်ပို့တာ ကြိုက်သလား
            ဒါနကုသိုလ်ပို့လိုက်ပြန်တော့လည်း လူ့ပြည်နဲ့ နတ်ပြည်ကို သူပို့တယ်၊ ပို့ပြန်တော့ အခု ဆရာ ဘုန်းကြီးဆီမှာ ဆည်းကပ်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်လာတော့ ဟိုမှာ အိုဘေး၊ နာဘေး၊ သေဘေးရှိတယ် ဆိုတာ သိပြီးသား ဖြစ်နေတယ်...( မှန်ပါ ) ၊ အဲ... သူပို့တဲ့နေရာလည်း တပည့်တော်တို့ မသွားနိုင်ဘူးဘုရား ၊ ဘာဖြစ်လို့တုံး... အိုဘေး နာဘေး သေဘေး ကြောက်တယ် မဟုတ်ဘူးလား...( မှန်ပါ ) ။
( ၃ ) သီလကုသိုလ်ပို့တာ ကြိုက်သလား
            သီလကုသိုလ်ကလည်း ပို့မှာပဲ လူ့ပြည် နတ်ပြည်ကို ဘယ်လိုပို့ပို့ သူကလည်း .. အိုဘေး နာဘေး သေဘေးရှိတဲ့ ဆီကို ပို့တာပဲ ( မှန်ပါ )၊ ဒါဖြင့် သီလကုသိုလ်ပို့တဲ့ဆီကိုလည်း ဦးသန်းမောင် သွားဖို့တော်ပါမ လား ဟိုမှာ ဒုက္ခသစ္စာရှိနေတယ်ဆိုတာ ပေါ်ပလား၊ ( ပေါ်ပါပြီ ) ၊ ဒါဖြင့် အဲဒီတော့ သွားချင်ကြရဲ့ လား၊ ( မသွားချင်ပါဘူး ) ဒုက္ခလွတ်ရာမှ ကျုပ်တို့အကြိုက်ဖြစ်ရမှာကိုးဗျ ( မှန်ပါ )။ 
( ၄ ) သမထကုသိုလ်ပို့တာ ကြိုက်သလား 
            သမထ ကုသိုလ်အားထုတ်ပြီးသကာလ သမထ ကုသိုလ်ပို့ရာ သွားမလားလို့ဆိုတော့ ဦးတင် ဗြဟ္မာ ပြည်နှစ်ဆယ်သွားရလိမ့်မယ်၊ သွားချင်ကြရဲ့ လား ( မသွားချင်ပါဘူး ) ဟိုမှာလည်း သက်ဆိုးရှည်နေတာပဲ ... . ( မှန်ပါ ) ၊ ခန္ဓာဝန်ထမ်းပြီးသကာလ .. အိုဘေး နာဘေး သေဘေးတွေနဲ့အတူတူ နေရတာ ဖြစ်နေသော ကြောင့် သမထကုသိုလ်ပို့တဲ့ဆီတော့ ဒို့မသွားဘူး...( မှန်ပါ ) ဘာကြောင့်တုံး အသက်ရှည်ပြီး ဒုက္ခရောက် နေတာ ( မှန်ပါ ) ၊ ဒုက္ခသစ္စာကြီးထမ်းပြီးလည်နေတာကိုး ( မှန်ပါ ) ။
            ဒါဖြင့် ယခုပြောခဲ့တဲ့ လေးချက်ကို ဦးတင်လည်း မကြိုက်ဘူး၊ ဦးသန်းမောင်လည်း မကြိုက်ဘူး ( မှန် ပါ ) ။
( ၅ ) ၀ိပဿနာကုသိုလ်ပို့တာကြိုက်သလား
            ဒါဖြင့် ၀ိပဿနာကုသိုလ်ပို့တဲ့နေရာကောမကြိုက်ဘူးလားလို့ ဒီဒကာ ဒကာမတွေ မေးလိုက်လို့ရှိရင် သူက တော့ဖြင့် နိဗ္ဗာန်ပဲပို့မယ်၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ပဲပို့မယ်၊ ရှင်းကြပလား...( ရှင်းပါပြီ ) ။
            ဒါဖြင့် ဘယ်ဟာအကြိုက်ဆုံးလဲ ....( ၀ိပဿနာကုသိုလ်ပို့တာ အကြိုက်ဆုံးပါ ) ။
            ဒါကြောင့် ၀ိပဿနာဆိုတာ ဘာတုံးလို့ မေးတဲ့အခါကျတော့တရားလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ   .... ( မှန်ပါ ) ။
            ဒါဖြင့် တရားပို့ရာကို ကျုပ်တို့သွားရပါလိမ့်မယ်၊ ကဲ ဒါဖြင့် နောက်တုန်းကတော့ မျက်စိလည်ခဲ့တဲ့အ တွက် ဒီဒကာ ဒကာမတွေ အကုသိုလ်ပို့တဲ့ဆီလည်း အပါယ်လေးပါးနေခဲ့ပြီ ။ တရားပို့လိုက်တာ ( မှန်ပါ ) ၊ ဒါနကုသိုလ်နဲ့ လူ့ပြည်လည်း အကြိမ်ကြိမ်ခံစားခဲ့ရပြီ ၊ နောက်ဆုံးပိတ်ကနေ အိုပွဲနာပွဲ သေပွဲတွေနဲ့ချည်း အကြိမ်ကြိမ်တွေ့ခဲ့တယ်၊ ဒါလည်း မဟုတ်သေးဘူး မကောင်းသေးဘူးဆိုတာ အခုအခါ ရိပ်မိကြပြီ၊ သီလ ကုသိုလ်ပို့လိုက်တာလည်း လူ့ပြည် နတ်ပြည်ဆိုတော့ ဦးတင်တို့ အကြိမ်ကြိမ်ရောက်ခဲ့ပြန်ခဲ့ရပြီ ( မှန်ပါ ) ၊ ပြန်တယ်ဆိုတာ ဒီအတိုင်းလာနိုင်တာလည်း မဟုတ်ဘူး၊ အိုသေပြီးမှလာခဲ့ရတာ ( မှန်ပါ ) ဒါကြောင့် ဦးသန်းမောင် ဒါလဲ အဆိုးထဲကပဲ.... ( မှန်ပါ ) ၊ ရှင်းပလား...( ရှင်းပါပြီ )။
            ဒါဖြင့် ခင်ဗျားတို့ ဘယ်တရားပို့တဲ့ဆီကို သွားကြမလဲလို့မေးတော့ .. တရားပို့လို့ အခုဒီနေရာ ရောက် လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီကို ခင်ဗျားတို့သွားမတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ သစ္စာသိပြီဘုရား၊ ဒုက္ခသစ္စာရှိတဲ့ဆီတော့ မသွားချင်ဘူး၊ ဒုက္ခသစ္စာမရှိတဲ့ဆီတော့ တပည့်တော်တို့ သွားချင် ပါတယ်၊ ( မှန်ပါ ) ပေါ်ပလား...( ပေါ်ပါပြီ ) ။
            ဒါဖြင့်- ဒုက္ခသစ္စာမရှိတဲ့ဆီ တပည့်တော်တို့ သွားချင်ပါတယ်ဆိုသဖြင့် ... ၀ိပဿနာရှုကြ မဂ်ဆိုက်သွားပါလိမ့်မယ် ( မှန်ပါ )၊ မဂ်က ပို့လိုက်တဲ့ အခါကျလို့ရှိရင် နိဗ္ဗာန်မှ တစ်ပါး ဦးအောင်ဇံဝေဘယ်မှ မပို့ဘူး...( မှန်ပါ ) ဒုက္ခထဲပို့သေးရဲ့ လား...( မပို့ပါဘူး ) ။
ဒုက္ခလွတ်ရာပို့တာ အကြိုက်ဆုံး
            ဒါဖြင့် - တရားတွေ အများကြီး ရှိပေမယ့်လည်း ဘယ်တရားသည် သစ္စာသိတဲ့ပုဂ္ဂိုလ်၏ ပို့လိုက်တဲ့ တရားထဲမှာ အကြိုက်ဆုံးလဲ မေးလို့ရှိရင် ဦးတင်ဖြေစမ်းပါ ( ဒုက္ခလွတ်ရာပို့တာ အကြိုက်ဆုံးပါ )၊ ပေါ်ပြီ... ( ပေါ်ပါပြီ ) မောင်ချစ်စိန်ကော ( ပေါ်ပါပြီဘုရား ) နောက်က သီလရှင်တွေကော ( ပေါ်ပါပြီဘုရား ) ဘယ်သူပို့ရာ သွားချင်ကြသလဲ ( ၀ိပဿနာပို့ရာသွားချင်ပါတယ် ဘုရား ) ။
            အဲဒါကြောင့် ၀ိပဿနာကတော့ဖြင့် ဟောနေတယ်ဆိုတာ သေသေချာချာ မှတ်စမ်းပါ ( မှန်ပါ ) အစစ် တွေရွေးပြီး သကာလ တရားစပြီးချီကတည်းက အင်မတန်သိစေလိုတဲ့ ဆန္ဒနဲ့ မရွေးတတ်မှာစိုးလို့ ရွေးပုံ အခြင်းအရာ အာဟာရတွေပါ ပြောလိုက်ပါတယ် ( မှန်ပါ ) ကိုယ်လာတာမသိဘဲနဲ့ နေမှာစိုးလို့ အရမ်း လာခဲ့တယ်ဆိုတာလည်း သိအောင်လို့အရမ်းတရားတွေပို့လိုက်တဲ့ဆီကို ခင်ဗျားတို့ အရမ်းရောက်ချင်သလို ရောက်လာလို့ ရှေးကမရွေးတတ်ဘူး သစ္စာမသိလို့ ( မှန်ပါ ) သူပို့ရာကို ကျုပ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်နေတယ် ( မှန်ပါ ) .. အခုတော့ ကျုပ်တို့ရွေးပြီးသကာလ အပို့ခိုင်းမလို့ ( မှန်ပါ ) ဒီသဘောဟာ သေး တာမဟုတ်ဘူး ...( မှန်ပါ ) ။
            ဦးသန်းမောင် တရားပို့လို့ ရောက်တယ်ဆိုတာသိတော့ တချို့ တရားကပို့လိုက်တာ အပါယ်လေးပါး များ ရောက်သွားတယ် ( မှန်ပါ ) တချို့ တရားပို့လိုက်တာ နတ်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံ အပါယ်ပြန် ကျတယ် ၊ တချို့  တရားကပို့လိုက်တာ ဗြဟ္မာပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံ အပါယ်ပြန်ကျတယ် ( မှန်ပါ ) ။
            ဒီတရားတွေကို ခင်ဗျားတို့ ကိုးစားရာ အားထားရာ အဖြစ်နဲ့လုပ်လို့ တော်ပါ့မလားဆိုတာ ယနေ့မေး ပါတယ် ( မတော်ပါဘူးဘုရား ) ။
            ဒီလိုမတော်ဘူးဆိုတဲ့ အသံကလေးဟာ ဦးတင်၊ ဦးသန်းမောင်၊ ဦးအောင်ဇံဝေ မတော်ဘူးလို့ ခင်ဗျားတို့ ပါးစပ်ထဲက ထွက်လာတယ်၊ သစ္စာသိလို့ ထွက်လာတာ ( မှန်ပါ့ ) ။
            ဘာဖြစ်လို့ထွက်လာတာလဲ ( သစ္စာသိလို့ ထွက်လာတာပါ ) ။
            သစ္စာသိလို့ သြော်... နတ်ပြည်ဆိုတာလည်း ဒုက္ခသစ္စာပဲ။ အိုဘေး နာဘေး သေဘေးနဲ့ကို၊ သောက ပရိဒေ၀ဒုက္ခဘေးတွေနဲ့ကိုးလို့ မသိသေဘူးလား...( သိပါတယ် ) ။
နတ်ပြည်သွားချင်သေးသလား
            ဒီတော့ သစ္စာသိလို့ ဦးသန်းမောင် နတ်ပြည်သွားချင်သေးသလားဆိုတော့... ( မသွားချင်ပါဘူး ) ၊ ဘာဖြစ်လို့တုံး ( အို နာ သေ ရှိပါတယ် ) ပထမတော့ ပျော်သလိုလိုနဲ့ နောက်ပျင်းခန်းကလာရလိမ့်မယ် ( မှန် ပါ ) ၊ ပျော်ခန်း ပျင်းခန်း ကရှိသေးတာကို ( မှန်ပါ ) ။
            ပထမတော့ ပျော်သလိုလိုနဲ့ နောက်ပျင်းခန်းနဲ့ ဇာတ်သိမ်းရမယ် ( မှန်ပါ ) ကောင်းကြပါ့မလား ( မကောင်းပါဘူးဘုရား ) ။
            အေး ... ဒါတွေက ဘယ်ပုဂ္ဂိုလ်မှ ရွေးတတ်သတုံးမေးတော့မှ ခင်ဗျားတို့ ရွေးတတ်တယ်၊ ဘုန်းကြီးကပဲ အမွှမ်းတင်လိုက်ပါတယ် ( မှန်ပါ ) ဘာ့ကြောင့် အမွှမ်းတင်လိုက်သတုံးဆိုတော့ ဒီ ဒကာ ဒကာမတွေ သစ္စာဟောထားတယ် ( မှန်ပါ ) အိုဘေး နာဘေး သေဘေးမရှိတာက နိဗ္ဗာန်ကိုးဗျ ( မှန်ပါ ) အိုဘေး နာဘေး သေဘေး ရှိတာက လူ့ပြည်နတ်ပြည် အပါယ်လေးပါးကိုး ( မှန်ပါ ) ။
            အဲဒီတော့ ဓမ္မငါးမျိုးရှိတဲ့ အနက်က အကုသိုလ်ပို့ရာလည်း တပည့်တော်တို့ မသွားဘူးဘုရား အပါယ်လေးပါးမို့ ( မှန်ပါ ) ဒါနကုသိုလ် သီလကုသိုလ်ပို့ရာလည်း တပည့်တော်တို့ မသွားဘူးဘုရား ။ လှူတော့ လှူပ်မယ်၊ လှူပေမယ့် အလှူပို့တဲဆီတော့ မသွားဘူး၊ ကျုပ် ဒါနကုသိုလ်ကို ဒုက္ခသစ္စာလိုချင်လို့ပြု တာ မဟုတ်ဘူးဆိုတော့ သွားသေးရဲ့ လား ( မသွားပါဘူး ) ။
            အဲဒီတော့ သစ္စာသိထားမှ ဒါနကလည်း လမ်းဆုံးပို့တယ် သီလကကော ( လမ်းဆုံးပို့ပါတယ် ) လမ်း ဆုံးဆိုတော့ နိဗ္ဗာန်ပဲ ( မှန်ပါ ) သမထကလဲ ( လမ်းဆုံးပို့ပါတယ် ) ။
            ဒါဖြင့် သူကတော့ ကိလေသာဝဋ် ကမ္မ၀ဋ် ဖြတ်လိုက်တဲ့အတွက် ၀ဋ်ကျွတ်တဲ့ နေရာပို့မှာပဲဆိုတာ ဦးသန်းမောင် မှတ်လိုက် ( မှန်ပါ ) ။ 
            ဒါဖြင့် ဒို့ဆရာဘုန်းကြီးသည် ဒို့အကျိုးကို အများကြီး အလိုရှိတဲ့အတွက် ဘာအရေးတကြီး ပြောနေ သတုံးဆိုတဲ့ အခါကျတော့ အားကိုးထိုက်တာအစစ် ရှာကြ ဆိုတာ ပြောတာပါပဲ ( မှန်ပါ ) ဦးတင် ပေါ်ပလား ( ပေါ်ပါပြီ )။ ဘယ်လိုပေါ်သတုံး ( အားကိုးထိုက်တာအစစ်ရှာရပါမယ် ) ။
            ဒီရှာနည်း နိဿရည်းကိုလည်း ဒကာ ဒကာမတွေ စဉ်းစားပါဦး၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုသုံး လေ့ရှိသတုံး...( ဖြစ်သ၍ အကြောင်း အကောင်းချည်းပါပဲ ) ရွေးတတ်လို့ပြောတာလား၊ မရွေးတတ်လို့ ပြော တာလား ( မရွေးတတ်လို့ပါ ဘုရား ) ။
            ဒါဖြင့် ယနေ့ည ဒီဆရာဘုန်းကြီးက ခင်ဗျားတို့ကို ကလေးလေးဖြစ်ပြီး သကာလ နေငြားသော်လည်း လူကြီးစိတ်သွင်းတဲ့နေ့ ( မှန်ပါ ) မဆိုနိုင်ဘူးလား ( ဆိုနိုင်ပါတယ် ) ။
            နဂိုကတော့ဖြင့် ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲ၊ ဦးသန်းမောင် တို့လည်း သုံးမှာပဲ၊ ဦးတင်တို့ လည်း သုံးမှာပဲ ( မှန်ပါ ) မဟုတ်ဘူး ... ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲဆိုတာ ကိုယ်ကလည်း ကြိုက် တာရွေးဦးမှပေါ့၊ သူလုပ်သလို ခံတော့မလား၊ ဘုန်းကြီးကမမေးရပေဘူးလား ( မှန်ပါ )၊ ဖြစ်သ၍ အကြောင်း အကောင်းချည်းပဲ ဆိုတာ သူလုပ်သ၍ ခံတယ်ဆိုတဲ့ အဓိပ္ပါယ် မရောက်ပေဘူးလား ( ရောက်ပါတယ် ) ။
ငါသစ္စာသိပြီ၊ အကောင်းကို ရွေးတတ်ပြီ
            အခုဟာက မင်းတို့လုပ်သလို မခံဘူးကွ၊ ငါသစ္စာသိထားပြီ၊ အပို့ကောင်းကိုရှာမယ်ဆိုတော့ အတော် ထင်ရှားသွားပြီ ( မှန်ပါ )၊ မထင်ရှားဘူးလား ( ထင်ရှားပါပြီ )၊ အပို့ကောင်းကို ရွေးလိုက်ပါ ( မှန်ပါ ) ။
            ဦးအောင်ဇံဝေ ပေါ်ပြီ ( မှန်ပါ ) ပေါ်ပြီ၊ အပို့ကောင်းကို ရွေးတတ်တယ်ဆိုကတည်းက ဦးသန်းမောင် ဘာဖြစ်လို့ ရွေးတတ်တာတုံး ( သစ္စာသိလို့ပါ ) ဘယ်လောက်ကျေးဇူးများသတုံး မောင်ချစ်စိန် ( မှန်ပါ ကျေး ဇူးများပါတယ် ) ။
            ဒါဖြင့် ဒကာ ဒကာမတွေ ပြောနေကြတဲ့ စကားဟာ ဘုန်းကြီးတို့ နည်းနည်း အသိဥာဏ်ပေါတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဘုရား၊ ကံစီမံသလိုပဲ၊ အို.. ဒီလိုမလုပ်ပါနဲ့ ၊ ဘုန်းကြီးတို့က ကန့်ကွက်တယ် ( မှန်ပါ )၊ ဥာဏ်စီမံသလိုလုပ်ပါလား၊ ၀ိပဿာနာဆိုတာ ဥာဏ်ပဲ မဟုတ် လား ( မှန်ပါ ) ဥာဏ်မှ ဖြစ်ပျက်မြင်တာ ( မှန်ပါ ) ။
ဘုန်းကြီးက သာမညဘုန်းကြီး မဟုတ်ဘူး
          ကံစီမံသလို ခံရမှာပဲဆိုပြီး ဦးသန်းမောင် ကံကိုချည်း လွှဲချတဲ့အသုံး မသုံးနဲ့ ( မှန်ပါ ) ဘုန်းကြီးက သာမည ဘုန်းကြီးမဟုတ်ဘူး၊ ခင်ဗျားတို့ကို ဥာဏ်ပေးနေတာ၊ ဥာဏ်စီမံရာကိုသွားပါ ( မှန်ပါ ) ကံစီမံရာက ၃၁ - ဘုံ ၊ ဥာဏ်စီမံရာက ၃၁ - ဘုံ ပြင်ဘက် ၃၁ - ဘုံမှ လွတ်ရာ ( မှန်ပါ )၊ ဥာဏ်စီမံရာက ( ၃၁ - ဘုံမှလွတ် ကင်းရာပါ )၊ ၃၁ - ဘုံက ဒုက္ခသစ္စာ၊ ၃၁ - ဘုံအပြင်ဘက်ထွက်မှ နိရောဓသစ္စာ ( မှန်ပါ ) ၊ ပေါ်ပလား... ( ပေါ် ပါပြီ ) ။
            ဒါဖြင့် ဦးအောင်ဇံဝေ ဘယ်သူစီမံရာလိုက်မယ် ( ဥာဏ်စီမံရာလိုက်ပါမယ် ) ။
( ၁ ) ကမ္မဿကတဥာဏ် 
ဥာဏ်ကလဲ တစ်ခါခွဲကြစို့၊ ဥာဏ်ကဘယ်လိုခွဲရမတုံးလို့မေးတဲ့အခါကျတော့မှ... ဦးတင် တရားသား ကြီး ပြောရတဲ့အတွက် မှတ်မယ်သာ စိတ်ကူးပေတော့ ( မှန်ပါ ) ဥာဏ်စီမံသလို သွားမယ်ဆိုတော့ ကမ္မဿက တဥာဏ်က တစ်မျိုး၊ ကောင်းတာလုပ်ကောင်းကျိုးပေးတယ်လို့သိတဲ့ဥာဏ်ကလေးလောက်ကို လည်း သူစီမံတာကို ဦးသန်းမောင်ကမလိုက်နဲ့ ( မှန်ပါ ) ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ ကမ္မဿကတဥာဏ် ( မှန်ပါ ) မလိုက်နဲ့ ပြုတ်ကျတယ်ဆိုတာ ကမ္မဿကတဥာဏ် ( မှန်ပါ ) မလိုက်နဲ့ ပြုတ် ကျတယ်၊ သုဂတိတော့ပို့လိုက်တာပဲ၊ ပို့ပေမယ့်လည်း သူကဒိဋ္ဌိတန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ် ဆိုတဲ့ ဒိဋ္ဌိကမပါဘူးလား ( ပါ ပါတယ် ) ။
ဒီတော့ ကမ္မဿကတဥာဏ် ပို့ရာကိုလည်း ဦးတင်ကမလိုက်နဲ့၊ ဒိဋ္ဌိပါသွားတယ်၊ ဆွဲပြီးတော့ ပြန်ချ မှာပဲ၊ ပို့လည်းပို့တယ်၊ အောက်ကိုလည်း ဆွဲချလိုက်တယ် ( မှန်ပါ ) ဒီတော့ ကောင်းသေးရဲ့ လား... ( မကောင်းပါဘူး ) ပေါ်ကြပလား...( ပေါ်ပါပြီ ) ။
            ဟာ .. ဒါဖြင့် ကမ္မဿကတဥာဏ်ပို့ရာ တပည့်တောမလိုက်ဘူးဆိုတော့ .. ဘာဖြစ်လို့ဆိုတော့... အို ... ပြန်ရောက်ဦးမှာဘုရား၊ ဒိဋ္ဌိတန်းလန်းနဲ့ တက်သွားတာ ( မှန်ပါ ) ။
မြားမှန်ထားတဲ့ငှက်ပမာ
            ဦးသန်းမောင်တို့ ဦးတင်တို့ကို ... ဦးတင်တော့ မကြားရသေးဘူး၊ ဦးသန်းမောင်တော့ ပြောပြီးပြီ ( မှန်ပါ ) ငှက်တစ်ကောင် ငှက်ကအင်မတန်ကြီးတယ်၊ ဒီကျောင်းလောက်ရှိတဲ့ ငှက်ကြီးထားပါတော့၊ အဆိပ် လူးတဲ့မြားကလေးနဲ့ ပစ်လိုက်တဲ့အခါကျတော့ အဆိပ်လူးတဲ့မြားကလေးက သေးသေးကလေး၊ အဖျားဆို တော့ ချွန်ချွန်ကလေး သာပြီးသေးတာပေါ့ ( မှန်ပါ ) အဲဒါကလေးနဲ့ မှန်တယ်တဲ့၊ မှန်ပေမယ့် ငှက်ကကြီးတော့ အဆိပ်က ဖြုန်းခနဲမပြန့်ဘူး ( မှန်ပါ ) မပြန့်တော့ ပျံတက်သွားတာပဲ ။ အဆိပ်မပြန့်ခင် သာပျံနိုင်တာ ( မှန်ပါ ) အဆိပ်ပြန့်တော့ ဘယ့်နှယ်တုံး ( မပျံနိုင်ပါဘူး ) ဖြုန်းခနဲပြန်ကျတယ် ။
            အဲ... ကမ္မဿကတဥာဏ်က ဒိဋ္ဌိအဆိပ်မပြန့်ခင် ပျံတတ်တာ ( မှန်ပါ ) ဒိဋ္ဌိ အဆိပ်ပြန့်သွားတဲ့ အခါ ကျတော့ ၀ုန်းဆို ထိုးကျတာပဲ ( မှန်ပါ ) ပေါ်ပလား. ( ပေါ်ပါပြီ ) ။
            ဒါဖြင့် ကမ္မဿတဥာဏ်လောက်ဆို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငါလှူတယ် ငါရတယ်ဆိုတဲ့ တစ်လုံးလောက်ကို အားထားလောက်ပြီဆိုတဲ့ စိတ်ကို ယနေ့ ဖြုတ်ပစ်ပါ ( မှန်ပါ ဘုရား ) အဆိပ်မပြန့်ခင် တက်တာဟေ့ ၊ အဆိပ်ပြန့်ရင် ဒီငှက်ကြီး ဘာဖြစ်လာမလဲ ...( ပြန်ကျလာပါမယ် ) ။
            ဒီမှာလည်းကုသိုလ်ကံအရှိန် မကုန်ခင် အထက်တက်တာ၊ ဒိဋ္ဌိအဆိပ်ပြန့်သည်နဲ့ တစ်ပြိုင်နက်တည်း ပြန်ကျမယ် ... ( မှန်ပါ )၊ ရှင်းပလား ..( ရှင်းပါပြီ ) ။
ဒီဥာဏ်က ဒိဋ္ဌိမပယ်နိုင်ဘူး
            ဒါဖြင့် ကမ္မဿကတဥာဏ်က ဒိဋ္ဌိအဆိပ်ကို မပယ်နိုင် ရှင်းပလား ( ရှင်းပါပြီ ) ဒီတစ်လုံးဟာ သေ ပျော်တဲ့တရားလို့ မှတ်လိုက်စမ်းပါ၊ နည်းနည်းနောနော မဟုတ်ပါဘူး၊ အားလုံးလည်း အများအားဖြင့်က သူကို အရေးတကြီးပြောနေပါတယ် ၊ ဦးသန်းမောင် သူ့ကိုသာ အရေးတကြီးပြောနေပါတယ် ၊ မင်းတို့ကွာ ဒီဘ၀လည်း ကျန်းမာ၊ ချမ်းသာ၊ နောက်ဘ၀လည်း ကျန်းမာ၊ ချမ်းသာမှာပဲ၊ မင်းလုပ်ထားတာတွေက နည်း တာမှမဟုတ်ဘဲ၊ မင်းရမှာပေါ့၊ မပြောပေဘူးလား ( ပြောပါတယ် ) ဒါဘာပြောတာတုံးဆိုတော့ ဒိဋ္ဌိဦးစီးတယ် ( မှန်ပါ ) ကိုယ်ကလည်း မယုံဘူးလားဆိုတော့ ကိုယ်လုပ်ကိုင်ရတယ်ဆိုတော့ ဒိဋ္ဌိက မပါဘူးလား ပါသလား ( ပါ ပါတယ် ) ပါတော့ ဒါဟာကမ္မဿကတဥာဏ်ဟာ ဒိဋ္ဌိပါတယ် ( မှန်ပါ ) ရှင်းကြပလား ( ရှင်းပါပြီ ) ။
            ကမ္မဿကတဥာဏ်ဟာ ဒိဋ္ဌိပါတယ်ဆိုတော့ ဒီကံစီမံတာကိုလည်း မလိုက်ဘူးကွ ရှင်းပလား ( ရှင်း ပါပြီ ) ဒါဆရာကောင်းတွေ့ မှ ဒီအဓိပ္ပါယ်ကလဲ ပေါ်တာနော် ( မှန်ပါ ) ဦးသန်းမောင် နို့မဟုတ်ပေါ်ပါ့ပလား .... ( မပေါ်ပါဘူး ) ။
            နို့မဟုတ်လို့ရှိရင် ဦးအောင်ဇံဝေတို့လည်း ထို့အတူပဲ၊ မင်းတို့လုပ်ထားလို့ရှိရင်ကွာ .. မင်းတို့ရမှာပေါ့ လို့ပြောလိုက်လို့ရှိရင် ကိုယ်ကလည်း ငါလုပ်လို့ ငါရတယ် ယူမှာပဲ၊ မယူဘူးလား...( ယူပါတယ်ဘုရား ) ယူရင် ဒိဋ္ဌိပါ မပါ ( ပါ ပါတယ် ) ပါလို့ရှိရင်ဖြင့် ကုသိုလ်ကလည်း ပို့လိုက်မှာပဲ၊ ဒိဋ္ဌိကလည်း လိုက်သွားမယ်၊ ငှက်ကြီး လိုပဲနော်...( မှန်ပါ ) ၊ အဆိပ်မပြန့်ခင် လန့်ပျံအဖြစ်နဲ့တော့ တက်သွားပါသေးတယ် ၊ အဆိပ်ပြန်တော့ လန့်ပျံ ပျံနိုင်သေးရဲ့ လား...( မပျံနိုင်ပါဘူး ) ။
            ဒါဖြင့် ကမ္မဿကတဥာဏ်လောက်ဟာ လန့်ပြီးပျံတက်တယ် ( မှန်ပါ ) ... နောက်ဆုံးပိတ် အဆိပ် ပြန့်တော့ ပြန်ကျတယ် ၊ အပါယ်လေးပါးပဲ ပြန်ကျတယ် ... ( မှန်ပါ ) ၊ ဘယ်လောက် အားကိုးလောက်ကဲ့ လားလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ ( အားမကိုးလောက်ပါဘူး ) ၊ ရှင်းပလား ( ရှင်းပါပြီ ) ။
ဥာဏ်ကို အဆီထုတ်ပြီး ရွေးပြန်တယ်
            ဒီနေ့ညတရားမှာ ခုနင်က ဓမ္မတွေ ရွေးတယ်နော် ( မှန်ပါ ) ၊ ဓမ္မထဲကမှ တစ်ခါ ဥာဏ်အဆီထုတ်ပြီး တော့ ရွေးပြန်ပါတယ်ဆိုတော့ ဒါနည်းတဲ့အသုံးအနှုန်းမဟုတ်ဘူး...( မှန်ပါ )၊ ဥာဏ်ငွေကိုစစ်တာ ( မှန်ပါ ) ။
            ဒါဖြင့် ဒီဥာဏ်အားမကိုးလို့ရှိရင်ဖြင့် ဟာ - တပည့်တော်တို့ ကမ္မဿကတဥာဏ်လောက်ဖြင့် တပည့် တော်တို့ အားမကိုးလောက်ဘူးဆိုတာ အခု ဆရားသမားပြောလို့ရှင်းပါပြီ ၊ ဒိဋ္ဌိတန်းလန်းနဲ့မို့ဆိုတော့ ယုံ ကြည်ပါပြီနော် ...( မှန်ပါ ) ။
ဘယ်ဥာဏ်အားကိုးရမှာလဲ
            ဒါဖြင့် ဘယ်ဥာဏ်အားကိုးရမှာပါလိမ့်... ဦးသန်းမောင်က စောဒကတက်ပေါ့၊ ဦးအောင်ဇံဝေက စော ဒကတက်ပေါ့ ( မှန်ပါ )၊ ဘယ်ဥာဏ်အားကိုးရမှာတုံးဆိုတော့မှ ဟော - နာမရငပ ပရိစ္ဆေဒဥာဏ်ဆိုတာရှိ တယ် ၊ ဒုတိယဥာဏ်တက်လာပြီ ( မှန်ပါ ) ခုနက ကမ္မဿကတတင် အခုဟာက နာမရူပ ( မှန်ပါ ) နာမ်နဲ့ရုပ် ကို ခွဲသိတဲ့ဥာဏ်ကို အားကိုး ( မှန်ပါ ) ... ရှင်းပလား ...( ရှင်းပါပြီ ) ။
            ဘာအားကိုးရမလဲ ( နာမ်နဲ့ရုပ်ကို သိတဲ့ဥာဏ် အားကိုးရပါတယ် ) ။
( ၂ ) နာမ်နဲ့ ရုပ်ကို သိတဲဥာဏ် 
            နာမ်နဲ့ရုပ်ကိုသိတဲ့ဥာဏ် အားကိုးလိုက်ပြန်တော့လည်း သွားချင်တာကနာမ်၊ သွားတာကရုပ်၊ စားချင် တာက နာမ်၊ စားတာကရုပ်၊ အိပ်ချင်တဲ့ သဘောကလေးက နာမ်ဆိုတော့ နာမ်ရုပ်ကောကွဲနေတယ်( မှန်ပါ )၊ နာမ်ရုပ်ကွဲတဲ့ဥာဏ်ရပေမယ့်လည်း ဒီဥာဏ်ကလေးကိုဘုန်းကြီးက ခုနင်ကဥာဏ်ထက်တော့သာပေပြီ၊ သို့သော် အစစ်အားမကိုးနဲ့ဦး...ကန့်ကွက်ပြန်တယ် ( မှန်ပါ ) ။
            ဘာဖြစ်လို့ အစစ်အားမကိုးရသေးသလဲ၊ တစ်ဘ၀တွင် စူဠသေတာပန်သွားဖြစ်တယ်၊ တစ်ဘ၀ နှစ်ဘ၀သာ အပါယ်လွတ်တာ ၊ နောက်ဘ၀တွေကျတော့ ( မလွတ်နိုင်သေးပါဘူး ) ။
ခဏသာအပါယ်လွတ်တယ်
          မလွတ်နိုင်သေးတော့ ဟာ ... ဒါဖြင့် နာမရူပ ပရိစ္ဆေဒဥာဏ်လောက်နဲ့လည်း ဦးတင် အားမကိုးနဲ့ဦး ( မှန်ပါ ) ခဏတစ်ဖြုတ် အပါယ်လွတ်တာပဲရှိသေးတယ်၊ မဟုတ်ဘူးလား ( ဟုတ်ပါတယ် ) စူဠသောတာပန် ဖြစ်သွားတာကိုးဗျ ( မှန်ပါ ) ။
            အဲဒီတော့ မသိခင်တုန်းကဆိုတော့ ဒီဒကာ ဒကာမတွေမှာ စူဠသောတာပန်လောက်ဆိုရင် ကျုပ်ကျေနပ်ပြီ ၊ ပြောချင်ပြောတာ ( မှန်ပါ ) မပြောကြဘူးလား ( ပြောကြပါတယ် ) စူဠသောတာပန်လောက် ဆိုရင် ကျုပ်ကျေနပ်ပြီ၊ ဒီခေတ်မှာ ဦးအောင်ဇံဝေတို့ ကြားဖူးမှာပဲ၊ ခဏအပါယ်လွတ်တာကလေးနဲ့ သူကျေ နပ်တယ်၊ နောက်ဘ၀တွေ သူမမြင်လို့ ပြောတဲ့စကားပဲလို့ ဦးတင် ဆုံးဖြတ်ချက် ( မှန်ပါ ) ။
            ဒါဖြင့် ဒီဥာဏ်ပဲခုနက ဥာဏ်ထက်တော့သာရဲ့ ၊ သို့သော် ဒုတိယဥာဏ်ဟာတကယ်အားကိုးလောက် ပလားလို့မေးတော့ ကမ္မဿကဥာဏ်ထက်တော့ နာမရူပဥာဏ်ကသာပါရဲ့ ၊ သာပင်သာငြားသောလည်း အသာကြီး ကျုပ်တို့အလိုကျ မဖြစ်သေးဘူး ( မှန်ပါ ) ဖြစ်ပလား ...( မဖြစ်သေးပါဘူး ) ။
( ၃ ) ပဋိစ္စသမုပ္ပါဒ်သိတဲ့ဥာဏ်
            မဖြစ်သေးတော့ ဘယ်ဥာဏ်အားကိုးလောက်သလဲ ပစ္စယပရိဂ္ဂဟဥာဏ် အားကိုးလောကတယ်၊ ပစ္စယပရိဂ္ဂဟ ဥာဏ်ဆိုတာက ပဋိစ္စသမုပ္ပါဒါသိတဲ့ဥာဏ်ပဲ....( မှန်ပါ ) ပဋိစ္စသမုပ္ပါဒ် သိတဲ့ဥာဏ်က အ၀ိဇ္ဇာ ကြောင့် ၀ိညာဏ်ဖြစ်တယ်၊ သြော်... သံသရာကြီးထဲမှာ ဒီလိုဖြစ်လိုက် ဒီလိုနေကြတာပဲ.. သူ့အကြောင်း သူ့ အကျိုးနဲ့ ဖြစ်နေတာပဲ ပုဂ္ဂိုလ်သတ္တ၀ါတော့ မရှိဘူး အကြောင်းအကျိုးတွေပဲ ရှိတယ် ဆိုတာကော မသိဘူး လား ...( သိပါတယ် ) ။
သူလဲခဏသာအပါယ်လွတ်တယ်
            ဒါကလည်း ခုနက စူဠသောတာပန် စခန်းထဲကပဲ သူရှိနေသေးသောကြောင့် ဦးတင်တို့ ဦးသန်းမောင်တို့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လည်း သေပျော်ပေါ့လို့ မဆိုလိုက်ပါနဲ့ ခဏတစ်ဖြုတ် အပါယ် လွတ်တာ ( မှန်ပါ ) ရှင်းပလား ...( ရှင်းပါပြီ ) ။
            ဒါဖြင့် ဘယ်နှစ်ဥာဏ်တုံး...ဆရာဘုန်းကြီးသင်လာတာ ( သုံးဥာဏ်ပါ ) သုံးဥာဏ်ရှိသွားတော့ ကြပ် ကြပ်အရေးကြီးတကြီးမှတ်ပါ ဒကာ ဒကာမတွေ ၊ ရှင်းပြီနော်.. ( ရှင်းပါပြီဘုရား ) ။
( ၄ ) ဖြစ်ပျက်သိတဲ့ဥာဏ် ၀ိပဿနာဥာဏ်
            ဒါဖြင့် ဖြစ်ပျက်သိတဲ့ ဥာဏ်ကို တပည့်တော်တို့ အားကိုးလောက်တယ်၊ လက္ခဏာသိတဲ့ဥာဏ်ပေါ့ ....( မှန်ပါ့ ) လက္ခဏာရေးသုံးပါးသိတဲ့ဥာဏ် ရှင်းပလား... ( ရှင်းပါပြီ ) ။ 
            လက္ခဏာရေးသုံးပါး သိတဲ့ဥာဏ် အားကိုးတော့မယ်ဆိုတော့ ၄ - နံပါတ် ရောက်မလာဘူးလား ( ရောက်လာပါတယ် ) ၄ - နံပါတ် ရောက်လာတယ်...လက္ခဏာရေးသုံးပါး သိတဲ့ဥာဏ်ပဲ၊ တပည့်တော်တို့ အားကိုးတော့မယ် ၀ိပဿနာဥာဏ်ပဲ ။
            ဟာ ... ဒကာ ဦးသန်းမောင်၊ ဦးတင် ဒါလောက်နဲ့လည်း မတင်းတိမ်နဲ့ဦးနော်...( မှန်ပါ )၊ ပြောလိုက်ပြန်တယ် ဘာ့ကြောင့် ပြောလိုက်ပြန်သတုံးဆိုတော့ ဒုတိယဘ၀သူက ပဋိသန္ဓေနေမယ်၊ ပဋိသန္ဓေနေရင် ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏ ဒုက္ခ မလာပေဘူးလား ( လာပါတယ် ) ပြီးတော့မှ သူက အထက် ကူးမယ်ဆိုတော့ တစ်ဘ၀နာသွားမယ်..( မှန်ပါ ) မနာဘူးလား ...( နာပါတယ် ) ။
သူများနဲ့စာရင်တော့ ကောင်းပါတယ်
            တစ်ဘ၀ နာသွားပြန်တော့လည်း သြော်...အနာလွတ် ကြိုက်တဲ့ဥစ္စာ တစ်ဘ၀နာတယ်ဆိုလို့ရှိရင် ... သူများနဲ့ စာရင်တော့ ကောင်း၏ ၊ မဟုတ်ဘူးလား... ( မှန်ပါ ) ခုနင်က အောက်ကဟာတွေနဲ့ စာရင်တော့ ...( ကောင်းပါတယ် )၊ ပေါ်ကြပလား...( ပေါ်ပါပြီ ) ။
            တကယ် အကောင်းစစ်လားလို့၊ သစ္စာသိတဲ့ပုဂ္ဂိုလ်၏ အကောင်းစစ်လားလို့ မေးတော့...( မဟုတ် သေးပါဘူး ) ၊ တစ်ဘ၀ ဇရာ မရဏ ရှိတယ်၊ တစ်နေ့က ဥပုဒ်နေ့က ဟောခဲ့တယ် ( မှန်ပါ ) ။
အကောင်းစစ်ကိုကြိုက်ပါ
            ကဲ... ဒါဖြင့် ဒီဥာဏ်ကို ဦးအောင်ဇံဝေတို့ ဦးသန်းမောင်တို့က ကြိုက်ပလား...( မကျေနပ်သင့်သေးပါ ဘူး ) ဘာကြောင့် မကျေနပ်သင့်သတုံးလို့ မေးတဲ့အခါကျတော့ တစ်ဘ၀ ဇာတိ ၊ ဇရာ ၊ မရဏနဲ့ နေရတယ် ဆိုရင် တစ်ဘ၀ ဒုက္ခရောက်တာပဲ ..( မှန်ပါ ) ။
            ဦးတင် ဘာတုံး.. ( တစ်ဘ၀ ဒုက္ခရောက်ပါတယ် ) တစ်ဘ၀ ဒုက္ခရောက်တာပဲဆိုတာ မောင်ချစ်စိန် ပေါ်ပလား ( ပေါ်ပါပြီ ) ပေါ်တော့ စင်းလုံးချော အကောင်းကိုကြိုက်ပါတယ် ( မှန်ပါ ) ။
            ဘယ့်နှယ်တုံး ( စင်းလုံးချောအကောင်းကို ကြိုက်ပါတယ် ) အကောင်းစစ်ကိုကြိုက်ပါ ( မှန်ပါ ) ။
            အကောင်းစစ်ကို ကြိုက်လို့ရှိရင်ဖြင့် ဦးသန်းမောင်၊ ဦးတင် ဒုက္ခချုပ်အောင် လုပ်လိုက် ( မှန်ပါ ဘုရား ) သဘောကျပလား (ကျပါပြီဘုရား ) ဒုက္ခတွေဟူသ၍ ချုပ်အောင်လုပ်လိုက် ....( မှန်ပါ့ ) ။
ဒုက္ခတွေ အကုန်ချုပ်အောင် လုပ်လိုက်
            ဒုက္ခတွေဟူသ၍ ဘာတုံး... ( ချုပ်အောင်လုပ်ရပါမယ် ) ၊ ချုပ်အောင်လုပ်၊ တစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့၊ နှစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့၊ လေးခါလောက်ချုပ်အောင် လုပ်ပစ်လိုက် ( မှန်ပါ ) ၊ ဒီဘ၀က သေ၊ ဟိုဘ၀ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ရောက်ပြီ ( မှန်ပါ )၊ ပဋိသန္ဓေလည်း မနေတော့ဘူး၊ နေသေးလား ... ( မနေပါဘူး ) ။
            မနေတော့ ဒုက္ခလေးခါလောက် ချုပ်ပြီးတဲ့ပုဂ္ဂိုလ်၊ မြင်ပြီးတဲ့ပုဂ္ဂိုလ်ကျတော့ မောင်ချစ်စိန် အကောင်းဆုံး ဥာဏ်ပဲ ( မှန်ပါ )၊ မဂ်လေးပါးကို ဆိုလိုက်ပါတယ် ၊ ရှင်းပလား ( ရှင်းပါပြီ ) ပေါ်ကြပလား ( ပေါ် ပါပြီ ) ။
( ၅ ) မဂ်ဥာဏ်ဟာ အကောင်းဆုံး
            ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ ဥာဏ်စဉ်ရွေးလိုက်တာ အရင်တုန်းက ဓမ္မတွေရွေးခဲ့ တယ် ...... ဓမ္မငါးမျိုး ( မှန်ပါ ) အခု ဓမ္မငါးမျိုးထဲကမှ ခွဲထုတ်ပြီးသကာလ ၀ိပဿနာ ဓမ္မ မဂ်ဓမ္မကို ကြိုက်ပါ တယ် ဆိုငြားသော်လည်း ဒီဓမ္မတွေကို တစ်ခါ အဆင့်ဆင့် အယုတ်အမြတ် ရွေးလိုက်တဲ့အခါကျတော့ မောင်ချစ်စိန် မဂ်ဥာဏ်ဟာ အကောင်းဆုံးပဲ...( မှန်ပါ ) ၊ ပေါ်ကြပလား...( ပေါ်ပါပြီ ) ။
            ဒါဖြင့် မဂ်ဥာဏ်မှ တစ်ပါး ကျုပ်တို့သည် အားကိုးရာ မရှိဆိုတာကိုတော့ ဒုက္ခဟူသ၍ လွတ်အောင်လုပ်လို့ ( မှန်ပါ )၊ သူမှတစ်ပါး အားကိုးရာရှိသေးသလား...( မရှိပါဘူး ) ။
ဝိပဿနာဥာဏ်က တစ်ဘ၀နာမယ်
            အဲဒါကြောင့် ဒီကိုလာပြီး အားထုတ်နေတဲ့ ဒကာ ဒကာမတွေ ဒါကို ကြိုးစားကြပါ၊ ကိုယ်ခန္ဓာကြီးက ဖြစ်ပျက် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာချုပ်အောင် မောင်ချစ်စိန်တို့ ကြိုးစားနိုင်သလောက် ကြိုးစားရမယ် မဟုတ်ဘူး လား....( မှန်ပါ ) မဆုံးရင် ၀ိပဿနာဥာဏ်ဆိုရင် တစ်ဘ၀နာမယ် ( မှန်ပါ ) အပါယ်တော့ မကျတော့ပါဘူး၊ ဆုံးရင် တစ်ဘ၀ကို မနာတော့ဘူး ( မှန်ပါ ) တစ်ခါတည်းနဲ့ ကိစ္စပြီးသွားမယ်ဆိုတော့ကို အကျေနပ်ကြီး ကျေ နပ်ဖို့ မကောင်းဘူးလား..( ကောင်းပါတယ် ) ။
တစ်သက်နဲ့ တစ်ကိုယ်မကြားဖူးသောတရား
            ကိုင်း ... ဒါဖြင့် အတော်အရေးကြီးတဲ့အချက်ကို အတော်အရေးကြီးသလို ပြောနေပါလား ဆိုတာ ကော ဦးတင်တို့ ဦးသန်းမောင်တို့ ပေါ်ပလား ( ပေါ်ပါပြီ ) တစ်သက်နဲ့ တစ်ကိုယ် မကြားဖူးဘူးပေါ့ ( မှန်ပါ မကြားဖူးပါဘူး ) ဒီလောက် ဝေဖန်တာ မကြားဖူးဘူး ။ 
            ဦးအောင်ဇံဝေ ကိုင်း... ဒီလောက် ဝေဖန်တာဆိုတော့ အတော်မခဲယဉ်းဘူးလား ( ခဲယဉ်းပါတယ် )  ကုသိုလ်တစ်မျိုးတည်းထားပြီး ပြောနေတာလို့၊ ဥာဏ်တစ်မျိုးတည်းထားပြီး ပြောနေကြတော့ ကုသိုလ်နဲ့ ဥာဏ်ကို အတူတူပြောနေတယ် ဆိုတာလည်း သဘောပါကြပါတော့၊ ကမ္မဿကတဥာဏ်လောက်လည်း အားမကိုးပါနဲ့ဦး ( မှန်ပါ ) နာမရူပ ပရိစ္ဆေဒဥာဏ်လောက်လည်း အားမကိုးပါနဲ့ဦး၊ ပစ္စယပရိဂ္ဂဟဥာဏ် ပဋိစ္စသမုပ္ပါဒ်နားလည်ရရုံနဲ့လည်း အားကိုးလောက်ပြီ မဆိုပါနဲ့ဦး ၊ လက္ခဏာရေးသုံးပါး သိရုံနဲ့လည်းဟာ .... တော်လောက်ပါပြီ၊ သိရုံနဲ့လည်း ငါသေပါတော့မယ်ဆိုပြီး ဒါလောက်နဲ့လည်း မနေပါနဲ့၊ တစ်ဘ၀ နစ်နာမှာ စိုးသေးတယ် ဦးအောင်ဇံဝေ ပေါ်လာကြပလား...( ပေါ်လာပါပြီ ) ။
ဆရာဘုန်းကြီး အကူအညီနဲ့ ကြိုးစားပါ
            ဒါဖြင့် - ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာဇာတ်သိမ်း ငြိမ်းရာရောက်တဲ့ မဂ်ဥာဏ်ကလေးကိုသာ လျှင် ကျုပ်တို့ အကြီးဆုံးအားကိုးထိုက်တဲ့ တရားလို့ဆိုပြီး သကာလ ဒါကိုပဲ ကိုယ့်စွမ်းရည်နဲ့ ဆရာဘုန်းကြီး အကူနဲ့ နှစ်ဖက်ညှပ်ပြီး ကြိုးစားပါ ( မှန်ပါ ) ဆရာဘုန်းကြီးက မသိတာပြောပေးမယ်ပေါ့လေ.. ခင်ဗျားတို့က ကိုင်ပိုင်ဥာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပေါ့ဗျာ ..( မှန်ပါ ) အဲ...ကိုင်ပိုင်ဥာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပြီး ဆရာဘုန်းကြီးက အကူအညီပေးလိုက်မယ်ဆိုလို့ရှိရင် ဦးတင် ဘာပူစရာရှိသတုံး ( မရှိပါဘုရား ) ။
            ဦးသန်းမောင်လည်းကြီးပြီ၊ ဦးအောင်ဇံဝေလည်းကြီးပြီ ဦးတင်လည်းကြီးပြီ၊ ဘုန်းကြီးတို့လည်း ကြီးပြီ၊ နောင်ကိုသာသနာနဲ့ တွေ့ ကြုံဖို့ ခဲယဉ်းတယ်လို့ ဆုံးဖြတ်ချက်ချပြီးလုပ်တော့ ( မှန်ပါ ) နောက်ကို ဒီသာသနာမရှိတော့ဘူး၊ ကွယ်တော့မယ် .... ။
သာသနာမကွယ်ခင်မြန်မြန်လုပ်ကြ
            နို့..ဘယ့်နှယ်ကြောင့် သာသနာကွယ်တာတုံးဘုရားဆိုတော့ အို.. ကွယ်ချိန်ရောက်တော့ ဒီကျမ်းစာတွေ ဒီအလုပ်တွေဟာ ကွယ်တာပေါ့ ( မှန်ပါ ) သာသနာတွင်းမှာပင် မလုပ်တာတွေက များနေပြီ ( မှန်ပါ ) အဲဒီတော့ သြော် ... ဒို့ဆရာတွေနဲ့ ဒို့ဒကာ ဒကာမတွေနဲ့ ယခုတွေ့ ရခြင်းဟာ အဆီ အနှစ်တွေလည်း ရပြန်ပြီ၊ မကွယ်ခင်မီရုံရှိတဲ့ပုဂ္ဂိုလ်တွေမို့ မြန်မြန်လုပ်လိုက် ( မှန်ပါ ) မီရုံရှိတယ် ရထားက ထွက်ခါနီးနေပြီ ( မှန်ပါ ) သဘောပါပလား...( ပါ ပါပြီ ) ။
            မယုံရင် စဉ်းစားကြည့်ပါ၊ ကဲ - ဦးသန်းမောင်တို့ ဦးတင်တို့ ခင်ဗျားတို့ လောကီမျက်လုံးကျယ်တဲ့ ပုဂ္ဂိုလ်တွေပဲ၊ မိစ္ဆာ အယူဝါဒတွေ လွှမ်းမိုးလာရင် ကြောက်ရတယ်၊ ( မှန်ပါ ) မိစ္ဆာ အယူဝါဒတွေမှာ သဿတ ဒိဋ္ဌိတွေနဲ့၊ အချို့ ဥစ္ဆေဒဒိဋ္ဌိတွေနဲ့ ( မှန်ပါ ) ဘယ့်နှယ်လုပ်မလဲ နာမရူပဆိုတဲ့ ဒုတိယ ဥာဏ်တောင်ရှိသေးရဲ့  လား ( မရှိပါ ဘုရား ) ။
            ဒါတွေကမလာဘူးလို့ ခင်ဗျားတို့က ဆိုမလား လာမယ် ရွယ်နေတယ်လို့ ထင်ကြသလား...လာမယ် လို့ရွယ်နေကြတယ် ( မှန်ပါ ) ဒါဖြင့် မီရုံရှိတယ်ဆိုတာ မှားသေးသလား ( မမှားပါဘူး ) ပေါ်ကြပလား... ( ပေါ် ပါပြီ ) ။
            ဒါက ဒကာရင်း ဆရာရင်းတွေမို့ တကယ်တမ်း အဖိုးတန်တာကိုပြောလို့ သိရှိနိုင်တာ ( မှန်ပါ ) ရှင်း ကြပလား..( ရှင်းပါပြီ ) ။
            ဥစ္ဆေဒဒိဋ္ဌိဆိုတာက သေရင်ပြီးရောပေါ့၊ နောက်ဘာမှ မဖြစ်တော့ဘူး ( မှန်ပါ ) သဿတဒိဋ္ဌိကတော့ တန်ခိုးရှင် ဣဒ္ဓိရှင်က ဖန်ဆင်းထားတယ်ဆိုတော့ တန်ခိုးရှင်က သဿတဖြစ်မနေဘူးလား ( မှန်ပါ )... သဿတကများပါတယ် .. ပေါ်ပလား ( ပေါ်ပါပြီ ) ။
            အဲဒီ သဿတ, ဥစ္ဆေဒတွေ လွှမ်းမိုးလာလို့ရှိရင်ဖြင့် ခင်ဗျားတို့ မပါရင်ရှိရမယ် သားတွေ မြေးတွေကျ တော့ ပါသွားမှာပဲ၊ မပါပေဘူးလား..( ပါ ပါတယ်ဘုရား ) ။
အချိန်ရှိသေးလို့ ရထားမီသေးတယ်
            အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ဟာ အခုအချိန်ရှိသေးလို့ ရထားထွက်ခါနီး တက်မိသေးတယ်ဆိုတာ ဟာ ဘုန်းကြီးအသား ယူပြောနေတာလို့ ဦးသန်းမောင်က မယူလိုက်နဲ့... ( မယူပါဘူး ) ပေါ်ကြပလား..( ပေါ် ပါပြီ ) ။
            အဲ - ဘာဒိဋ္ဌိ ဘာဒိဋ္ဌိတဲ့တုံး ( သဿတိဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ ) ။
            အဲ - ဘုန်းကြီးတို့ကလည်း သဿဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိအလယ်က သွားရမယ် ကျုပ်တို့တရားကလည်း ( မှန်ပါ ) ။
            ကျုပ်တို့တရားက ဘယ်ကသွားရမလဲ ( ကြားကသွားရမှာပါ ) ။
            လွှမ်းမိုးလာရင် ဒီအလယ်လမ်းကလေးဟာ မပျောက်ပေဘူးလား ၊ ပျောက်မလား ( ပျောက်မှပါ ဘုရား ) ၊ ဒီဘက်က သဿတလမ်း၊ ဒီဘက်က ဥစ္ဆေဒလမ်း လိုက်ရင်လိုက်ပေါ့ဗျာ...( မှန်ပါ )၊ ကျုပ်တို့က လည်း ဘုရားက ဟောထားတာက အလယ်လမ်းဆိုတော့ ဦးသန်းမောင်က သဘောကျပလား ( ကျပါပြီ ) ၊ ... အဲဒိလမ်းလျှောက်စရာမများဘူးလား၊ များသလား ( များပါတယ် ဘုရား ) ။
ဥာဏ်အမြင်နဲ့ကြည့်ပြီး မြန်မြန်သာလုပ်
            များနေတော့ ခင်ဗျားတို့ကို အသားယူ ချီးမြှောက်ပြီးသကာလ မြန်မြန်လုပ်စေချင်လို့ တိုက်တွန်း တယ်လို့ မယူဘဲနဲ့ ဥာဏ်အမြင်နဲ့ ကြည့်ပြီးတော့ မြန်မြန်သာလုပ်ပေတော့ ( မှန်ပါ ) ရှင်းကြပလား ( ရှင်းပါ ပြီ ) ။
            ဘယ်လိုလုပ်ကြမလဲ ( ဥာဏ်နဲ့ ကြည့်ပြီး မြန်မြန်လုပ်ရပါမယ် )ဥာဏ်နဲ့ကြည့်ပြီးတော့ မြန်မြန်လုပ်ပါ၊ လုပ်လို့ရှိရင်ဖြင့် မဇ္ဈိမပဋိပဒါ အလယ်လမ်း ရောက်ပါလိမ့်မယ် .... ( မှန်ပါ ) ။
            မဇ္ဈိမပဋိပဒါအလယ်လမ်းကို ရှင်းပြလိုက်ဦးမယ်၊ အလယ်ဆိုတာက ဦးအောင်ဇံဝေက ဖြစ်စေ၊ ဦးသန်းမောင်က ဖြစ်စေ နာကျင်တဲ့ ဝေဒနာလေးဖြစ်တယ်၊ ဖြစ်ပြီး ပျက်သွားတယ်ဆိုတော့ ဖြစ်ပြီးပျက်တာ သူနှစ်ချက်သိတယ်..( မှန်ပါ )၊ ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း...( ပျက်ပါတယ် ) ။
            ဖြစ်တာသိကတည်းကိုက ဥစ္ဆေဒဒိဋ္ဌိစင်ပြီ ( မှန်ပါ )၊ ဥစ္ဆေဒ ဆိုတာ ပျက်သွားတယ်လို့ယူတာ သူက ဖြစ်တာသိကတည်းကိုက အားလုံး ( ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ) ပျက်တာသိကတည်းက ခိုင်မြဲသေးရဲ့ လား ( မခိုင် မြဲပါဘူး ) ၊ ဒါကြောင့် ဖြစ်ပျက်နှစ်လုံး သိလိုက်ရင် ဒါအလယ်လမ်း ရောက်ပြီ အောက်မေ့တော့... ( မှန် ပါ ) ၊ ရှင်းကြပလား ...( ရှင်းပါပြီ ဘုရား ) ။
            ဖြစ်ပျက်သိရင် ( အလယ်လမ်း ရောက်ပါတယ် )၊ ဖြစ်တာသိရင် ဘယ်ဒိဋ္ဌိစင်သတုံး ... ( ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ) ဖြစ်တာ သူ့အကြောင်းကြောင့် သူဖြစ်တယ်ဆိုကတည်းကိုက အကြောင်းရှိလို့ရှိရင် ဖြစ်နေမှာ ပဲဆိုတော့ ပြတ်သွားမှာပဲဆိုတဲ့ အယူဟာ ရှိသေးရဲ့ လား ( မရှိပါဘူး )၊ ဖြစ်တဲ့တရားကလေးဟာ ပျက်သွား တယ်လို့ ကိုယ့်ဥာဏ်ထဲမှာ မြင်လိုက်လို့ရှိရင် ခိုင်တယ် မြဲတယ်လို့ ယူဆသေးရဲ့ လား ( မယူပါဘူး ) မယူရင် သဿတဒိဋ္ဌိ လွတ်နေပြီ ... ( မှန်ပါ ) ။
အလယ်လမ်းကြောင်းရောက်ပြီ 
            ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်ခြင်းသည် ဒိဋ္ဌိနှစ်ပါး မလွတ်ဘူးလား... ( လွတ်ပါတယ် ) ဒါဖြင့် သဿဒိဋ္ဌိကော ယူသေးလား ( မယူပါဘူး ) ဥစ္ဆေဒဒိဋ္ဌိကော ( မယူပါဘူး ) မယူတော့ ဖြစ်မှုပျက်မှု နှစ်ခုရှိတယ်လို့ ယူလိုကတည်းကိုက အလယ်လမ်းကြောင်း ရောက်ပြီတဲ့.... ( မှန်ပါ ) ။
ဥစ္ဆေဒက အခုဖြစ်ပြီးနောက် ဘယ်တော့မှ မဖြစ်တာကိုယူတယ် ...( မှန်ပါ ) ။
            အခုဟာကတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်နေဦးမှာပဲ ... လို့မယူပေဘူးလား ....( ယူပါတယ် ) ဒီတော့ ဒါပြတ်ရဲ့ လား ( မပြတ်ပါဘူး ) အဲဒါ .. ဥစ္ဆေဒဒိဋ္ဌိ မစင်ပေဘူးလား...( စင်ပါတယ် ) ။
            ဖြစ်ပင်ဖြစ်ငြားသော်လည်း ဖြစ်ပြီး ပျက်တာကို သိနေပြန်တော့ သြော်.... ဖြစ်တဲ့တရားဟာ ခိုင်တယ် မြဲတယ်လို့ ယူသေးရဲ့ လား. ( မယူပါဘူး ) မယူကတည်းက သဿတ ဘယ့်နှယ်နေသတုံး...( စင်ပါတယ် ) ။
            ဒီတော့ ဖြစ်ပျက်နှစ်ခုကို မိလို့ရှိရင် အလယ်လမ်း ရောက်ပြီလို့ ဆုံးဖြတ်ချက်ချ ( မှန်ပါ ) ပေါ်ကြပ လား ( ပေါ်ပါပြီ ) ။ 
ကဲ...ယနေ့ ဒီတွင် တော်ကြဦးစို့ ။
သာဓု... သာဓု.... သာဓု ။
No comments:
Post a Comment