Thursday, May 2

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပြုံးသေ မဲ့သေတရားတော်

                                                              "အစေလ ကသပ"
ဒကာ၊ ဒကာမတွေ သေရာမှာကို ကြောက်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်၊ မကြောက်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်ဆို
တာ..နှစ်မျိုးမှတ်ရမယ်၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တပည့်တော်များဖြင့် ဘုရား၊ အကြိုက်
ဆုံးပြောရမှာဖြင့် ခန္ဓာကိုယ်ရထားလို့၊ သေမယ်ဆိုတာတော့ဖြင့် မချွတ်မလွဲသိပါတယ်၊ သို့သော်လည်း
မကြောက်ဘဲနဲ့ သေချင်တယ်လို့ဆိုတဲ့အရေးဟာ လူတိုင်းတောင့်တတဲ့ အရေးလို့ မှတ်ရမှာပဲ။
"ဇာဏုသောဏိပုဏ္ဏား"ကမေးတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သေရာမှာမကြောက်တဲ့ ပုဂ္ဂိုလ်
ရှိတယ်၊ ဝိပဿနာအလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်များ  အတွက်ဖြင့် များသောအားဖြင့် မဲ့သေများကြတယ်
နော်၊ ဝိပဿနာအလုပ် လုပ်ပြီးသား ပုဂ္ဂိုလ်များကျတော့ ပြုံသေပဲများတယ်၊ အဲဒါကြောင့် ဆရာဘုန်ကြီး
သည်၊ ထိုပြုံးသေအဖြစ်ကို ကယ်တင်နေတဲ့ ဥစ္စာသည် ဝိပဿနာအလုပ်ကို တိုက်တွန်းတယ်ဆိုတာ
သာမညစေတနာနဲ့ တိုက်တွန်းတယ်လို့ ဒီလိုမယူဘဲနဲ့ ပြုံသေအဖြစ် ကြိုက်ရှာလွန်းလို့ပါကလား။ ပြုံသေ
ဆိုတာမျိုးဟာ ကိုယ်ခန္ဓာကြီး ယခုသေတာ မြင်နေလို့ရှိရင် နောက်သေတာကြောက်ရဲ့လား။ ဒါဟာ ထုံးစံ
ပဲဆိုပြီးသကာလ ဒီခန္ဓာကြီးကို စွန့်ရလို့ရှိရင်ဖြင့် အသေကောင်စွန့်ရတာ ဖြစ်လေသောကြောင့် မသေရာကို
တို့သည်ကားလို့ဆိုရင်ဖြင့် ရောက်အောင်သွားမှပဲဆိုတော့ ဝိပဿနာရှုထားတဲ့ ပုဂ္ဂိုလ်များကျတော့ အသေနဲ့
ခွဲရာမှ အသေနဲ့ ကွဲရမှာဆိုတာ ရှင်းပြီးသားဖြစ်တယ်။ မသေခင်ကတည်းက ဝိပဿနာဉာဏ်နဲ့ ခဏ ခဏ
ခန္ဓာသေနေတော့ သေတတ်တာကြီးနဲ့အတူ နေရတာကို ရှင်းနေတော့ ဝိပဿနာလမ်းဆုံး မဂ်ဉာဏ်ထိ
အောင် လမ်းဆုံးပုဂ္ဂိုလ်များကျတော့ အသေနဲ့ခွဲရမှာကို မပြုံးပေဘူးလား ပြုံးမလား။
ဝိပဿနာ အလုပ်ကို လုပ်မထားတဲ့ပုဂ္ဂိုလ်များကြတော့ အသေက နဂိုကကိုယ့်ခန္ဓာကြီး ခဏခဏသေတဲ့
ဖြစ်ပျက်မှုကြီးကို မမြင်ဘူးတော့၊ အခုမှပဲ ဒီခန္ဓာကြီး စွန့်ရတော့မယ်၊ မခွဲချင်တဲ့ ခန္ဓာကြီးနဲ့ခွဲရတော့မယ်၊ မခွဲ
ချင်တဲ့ပစ္စည်းတွေနဲ့ ခွဲရတော့မယ် ဆိုတာ ခန္ဓာခင်တာတစ်မျိုး၊ သားသမီးတွေအတွက် ခင်တာကတစ်မျိုးဖြစ်
နေတော့၊ ဝိပဿနာမလုပ်ဖူးတဲ့ ပုဂ္ဂိုလ်များကျတော့ အခွဲကြီး ခွဲရတော့မှာပဲ၊ မည်သူမျှ မတတ်နိုင်ကြတော့
ဘူးလား၊ ကျုပ်ဖြင့် ကိုယ်ကျိုးနည်းပါပေါ့ဆိုပြီး မဲ့သေတယ်၊ ဪ..ဝိပဿနာမလုပ်ရင် မဲ့သေပါကလား
ဝိပဿနာလုပ်ရင်..(ပြုံးသေပါဘုရား)။ ဒါကြောင့် ဝိပဿနာကို ဘယ်အချိန်မှ နှေင့်နေးပြီး သကာလမနေနဲ့
ဒီအလုပ်ဟာ အမြဲလုပ်ရမယ့်အလုပ်...ဘာကြောင့်တုံလို့ မေးတဲ့အခါကျတော့ ပြုံသေကို ကိုယ်ပိုင်ရှိဖို့ လုပ်
နေရတဲ့ ကိုယ့်အကျိုးပါကလားဆိုတာ ပေါ်မလာဘူးလား။
ပြောင်းလွဲသေပွဲဝင်နေတာကို မြင်အောင်ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ..ဒကာမတွေ ဘုန်းကြီးက
လည်း ဂုရုဏာပိုပိုနဲ့ ဘယ်လိုမြင်ကြပါလိမ့်မလဲလို့မေးခွန်ထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဒီအထဲမှာ တစ်ပုံ
ကြီးပါကြမှာပဲ၊ ဪ..ဝိပဿနာဆိုတာက နာတယ်ဆိုရင် နာတဲ့နေရာမှာ ကြည့်လိုက်ရင် ကြည့်လိုက်သည်
နှင့် တစ်ပြိုင်နက်တည်း နာတဲ့ခန္ဓာကမရှိဘူး၊  နာတဲ့ခန္ဓာမရှိတော့ နာတဲ့ခန္ဓာမရှိတာက အနိစ္စ၊ အနိစ္စမှန်းသိ
တာက မဂ္ဂဖြစ်သွားတယ်။ ခန္ဓာထဲက အမျိုးမျိုးပေါ်လာတာကို (ဉာဏ်လိုက်ရုံပါ) ဉာဏ်လိုက် ရှုလို့ရှိရင်ဖြင့်
ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ထိုင်ရင်းလဲ ဝိပဿနာ၊ သွားရင်းလဲ ဝိပဿနာ၊ စားရင်းလဲ ဝိပဿနာ
ဉာဏ်တွေ အမျိုးမျိုးများလာတဲ့အခါကျတော့၊ ခန္ဓာကြီးက တစ်ခါတည်း ဟိုနေရာကလဲ အသေပြ၊ ဒီနေရာက
လဲ အသေပြ၊ ခန္ဓာကြီးက ဘာတွေချည့်ပြမယ်ထင်ကြသတုံး ဆိုတော့၊ အသေတွေချည့်ပြနေတော့ နဂိုအ
သေတွေထင်ရှားတယ်။ အဲဒီကဲ့သို့ အသေတွေထင်ရှားလာတဲ့အခါကျလို့ရှိရင်"ဒုက္ခဿပိဠနဋ္ဌော"ဆိုတဲ့အ
တိုင်း ခန္ဓာကိုယ်ထဲမှာ..နေရာတိုင်းမှာ အနိစ္စတွေဖြစ်နေတော့ အသေကောင်ကြီးရထားတာပါကလားလို့
သိလာမယ်။
ရှေ့ပိုင်းကတော့..(သေလျက်ဘုရား)၊ ဘာနဲ့ အသက်ရှင်နေလဲ (အစားထိုးကလေးနဲ့ အသက်ရှင်နေပါတယ်
ဘုရား)၊ ဒီအစားထိုးတာလေးသေသွားပြန်တော့ ဘာနဲ့အသက်ရှင်နေသလဲ (အစားထိုးကလေးနဲ့ အသက်
ရှင်နေပါတယ်ဘုရား)၊ ဒီအစားထိုးတာလေး သေသွားပြန်တော့ ဘာနဲ့အသက်ပြန်ရှင်သတုံး (အစားထိုးတာ
နဲ့ အသက်ရှင်ပါဘုရား)။ ဉာဏ်တွေ ရင့်ကျက်လာတဲ့အခါကျတော့ ဒီဒုက္ခသစ္စာကြီးနဲ့ ဘယ်တော့များခွဲရပါ
မလဲ၊ ဒီဒုက္ခသစ္စာကြီးနဲ့ ဘယ်တော့အိုးစားကွဲပါ့မလဲဆိုတဲ့ ဉာဏ်တွေကတက်မလာပေဘူးလား (လာပါတယ်
ဘုရား)၊ အဲ..တက်လာတဲ့အခါကျတော့ ဒုက္ခသစ္စာသိလို့ ဉာဏ်ကလဲ အိုးစားကွဲချင်တဲ့ ဉာဏ်ကပေါ်လာ
တယ်၊ ပေါ်လာသည်နဲ့ တပြိုင်နက်တည်း ခန္ဓာတစ်ကိုယ်လုံးမှာ ဒုက္ခစက်ကြီးဟာ ပျောက်ထွက်သွားပါတယ်။
နိဗ္ဗာန်အာရုံပြုတဲ့ဉာဏ် ချက်ခြင်းဝင်လာပြီး သေတာတွေက ပျောက်သွားတော့ ဪ မသေတဲ့နေရာလည်း
အရှိသားကိုး၊ ခန္ဓာမရှိတဲ့နေရာဟာ မသေတာဘဲ၊ အဲဒီလို သိပြီးသကာလ ဖြစ်ပျက်တွေဆုံးအောင်လိုက်ပြီး
ဒုက္ခသစ္စာတွေပါကလား၊ ဖြစ်ပျက်တွေပါကလားဆိုတာတွေ ဆုံးအောင်လိုက်တဲ့အခါကျတော့မှ မသေရာကို
ကိုယ်ကိုယ်တိုင်တွေ့ပါလိမ့်မယ်၊ ဘာတွေမှာပါလိမ့် (မသေရာကို ကိုယ်ကိုယ်တိုင် တွေ့ပါတယ်ဘုရား)။
အခုစောစောစီးစီး ဘာလုပ်ထားရမယ် (အသေမြင်အောင်လုပ်ထားရပါ့မယ် ဘုရား) အသေဆိုတာက ယား
တယ်၊ ယားတာကလေး ပျောက်သွားတဲ့ ဝေဒနာက္ခန္ဓာသေတာပဲ၊ ဝေဒနာက္ခန္ဓာသေတယ်ဆိုတော့ ခန္ဓာ
ကိုယ်က ဝေဒနာက္ခန္ဓာကိုး။ ဒါဖြင့် ဒကာ၊ ဒကာမတို့ "သန္ဒိဋ္ဌိကော"ဆိုတာ ကိုယ်တိုင်မြင်အောင်ကြည့် ကိုယ်
တိုင်မြင်အောင်ကြည့်ပါဆိုတော့ ဟောဒီ မဂ္ဂင်ငါးပါးဟာ ခင်ဗျားတို့ကြည့်ရင် ခင်ဗျားတို့ဝမ်းထဲ မဂ္ဂင်ငါးပါး
ရောက်ပြီ၊ မဂ္ဂင်ငါးပါးနဲ့ ကြည့်ရမှာပဲ၊ ဒီပြင်ဟာနဲ့ကြည့လို့ ဒကာသစ် ရမှမရဘဲ၊ ဒီအထဲမှာ"သမ္မာဒိဋ္ဌိ သမ္မာ
သင်္ကပ္ပ သမ္မာဝါယာမ သမ္မာသမာဓိ"ဆိုတဲ့ မဂ္ဂင်ငါးပါးရောက်လာတယ်၊ ဒါဟာ "သန္ဒိဋ္ဌိကော" ကိုယ်တိုင်မြင်
ပြီး ဒကာသစ်ရေ၊ ဟောဒီ မဂ္ဂင်ငါးပါးက ဟောဒီကိုယ်ကြီး၏ပြောင်းနေတာ ဘယ်နှယ့်နေသတုံး (ကိုယ်တိုင်
မြင်ပါတယ်ဘုရား)။
မမျှော်လင့်ဘဲနဲ့ တွေးစိတ်ကလေးပေါ်လာသလိုလို၊ ပေါ်လာတာတွေကို"သန္ဒိဋ္ဌိကော"နဲ့ ကိုယ်တိုင်လိုက်ပါ
လိုက်တဲ့ အခါကျတော့ ဒီဥစ္စာခန္ဓာကြီးကပဲ ဖြစ်မှုပျက်မှုမှတစ်ပါး ဘာမှမပြဘူး၊ ကျုပ်ဟာပေါ်ပါတယ်၊ ပျက်ပါ
တယ်၊ ပေါ်ပါတယ်၊ ပျက်ပါတယ်လို့ ခန္ဓာကမပြောဘူးလား၊ ကျုပ်ဟာ မွေးလည်းမွေးပါတယ်၊ သေလည်း
သေပါတယ်လို့။ ခန္ဓာကပြောတာကိုး (ဉာဏ်ကကြည့်ပေးပါ)၊ ခန္ဓာကိုယ်ကြီးက အနိစ္စခန္ဓာကိုယ်ကြီးရထား
တာကိုး၊ အနိစ္စက ခန္ဓာကိုယ်၊ သိတာက မဂ်၊ သိတာက ဝိပဿနာမဂ်ဖြစ်နေတော့ ခန္ဓာကိုယ်နဲ့ သိတဲ့မဂ်နဲ့
တွဲပေးလိုက်ပါ။ ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့"သန္ဒိဋ္ဌိကော"ဆိုတဲ့ ကိုယ်တိုင်မြင်လိုက်တာနဲ့"အကာလိ
ကော"ဆိုတဲ့ တဏှာ ဥပါဒါန်တွေ ချုပ်တယ်။ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ကိုယ့်အသေကိုယ်မြင်တာ
ဝိပဿနာ၊ ကိုယ့်အသေကိုယ် မုန်းတာကကော (ဝိပဿနာပါ)၊ ကိုယ့်အသေကိုယ်မမြင်တာဟာ အဝိဇ္ဇာ
ဝေဒနာကလေး၏၊ ဖြစ်ပျက်စိတ်ကလေးတွေ ဖြစ်ပျက်ကို သူတို့ကြည့်မိပါရဲ့လား၊ မကြည့်မိဘူးဆိုရင်
အဝိဇ္ဇာ၊ မကြည့်မိလို့ သားရေး၊ သမီးရေးနဲ့ မဲလုပ်နေတာက (သင်္ခါရ)၊ ဒကာ ဒကာမတို့ အခု ဆရာသမားနဲ့
လည်းကြုံတုန်း၊ ခင်ဗျားတို့ကိုလည်း ကယ်တင်နေတာလို့ တစ်ကယ်ယုံကြည်ကြ၊ ဘုရားဟောတာတွေကို
စဉ်းလားကြည့်ပါ၊ "သဗ္ဗေသင်္ခါရာ အနိစ္စ၊ ယဒါပညာယပဿတိ" ကိုယ့်အသေအနိစ္စတွေကို ပညာနဲ့ရှုပေး
ပါလို့ မမှာဘူးလား (မှာပါတယ်)။
ကိုယ်တော်ကြီးမှာတာကတခြား၊ တပည့်တော်တို့ နေချင်တာကတစ်ပုံဖြစ်နေတယ်ဆိုတာ ရူးလွန်းလို့တော်
လှန်တာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါဖြင့်"ပုထုဇ္ဇနော ဥမ္မတ္တကော"ဆိုတာပေါ်ပလား (ပေါ်ပါပြီးဘု
ရား)။ ဪ..သံသရာခရီးသည် ဒုက္ခထဲကလာပြီး ဒုက္ခထဲ ပြန်သွားပဟ၊ ဒါဖြင့် ဝိပဿနာလုပ်မည်ကြံကြ
ပြန်တော့လည်း ဒကာ ဒကာမတို့ ဝိပဿနာမလုပ်ခင် ဒိဋ္ဌိ အရင်ခွာရမယ်၊ ဝိပဿနာမလုပ်ခင် ဒိဋ္ဌိအရင်ခွာ
ရမယ်လို့ ဟောထားတော့ ခန္ဓာထဲက ဒကာ ဒကာမတို့ ရုပ်တွေနာမ်တွေလည်း သိပြီးသားထားတော့ ခန္ဓာ
ထဲက ခဏခဏ ဖောက်ပြန်ပျက်စီးတာကလေးတွေ သိလို့ရှိရင်ဖြင့် ဒိဋ္ဌိကနေနိုင်သေးရဲ့လား (မနေနိုင်ဘူး)
ငါရှိသေးရဲ့လား (မရှိတော့ပါဘုရား)၊ ခဏခဏ ဖြစ်ပျက်နေတာ ငါလဲမဟုတ် သူလဲမဟုတ်ဘူး၊ ပျက်တာက
လေးတွေ မြင်လိုက်တော့၊ ဖြစ်တာမြင်လို့ရှိရင်"ဥစ္ဆေဒဒိဋ္ဌိ"မရှိဘူး၊ ပျက်တာမြင်ရင်"သဿတဒိဋ္ဌိ"မရှိဘူး
"ဖြစ်တာ ပျက်တာမြင်ရင် ဒိဋ္ဌိစင်" ဖြစ်ပျက်မြင်တဲ့ ဉာဏ်သည် ဒိဋ္ဌိသတ်တဲ့ဉာဏ်" ကိုင်း..ဒါဖြေတော့၊ တစ်
နေ့ကပြောခဲ့တဲ့"အစေလကဿပ"ကိုပြန်ဆက်ကြည့်တာပေါ့..ဒကာ ဒကာမတို့၊ ဘုရားသခင်ကိုယ်တော်
မြတ်ကြီးက ဆွမ်းခံကြွလာတဲ့အခါကျတော့ အစေလကဿပကမေးတယ်၊ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြု
တာလားလို့ မမေးဘူးလား၊ ဘုရားက ဘယ်နှယ်ဖြေသလဲ..မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ သူ့အကြောင်း
ကြောင့် အကျိုးဖြစ်တာပဲ၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်အကြောင်းက အကျိုးဖြစ်စေတယ်ဆိုတာ မသေချာဘူး
လား (သေချာပါတယ်)၊ အကြောင်းချုပ်လို့ ရှိရင်လဲ..အကျိုးချုပ်တာပဲ၊ ဒုက္ခအကြောင်းဖြစ်ရင် (ဒုက္ခအကျိုး
ဖြစ်ပါတယ်)၊ ဒုက္ခ သူတစ်ပါးလုပ်တာလားလို့မေးတော့ သူတစ်ပါး လုပ်တာမဟုတ်ဘူး ပဋိစ္စသမုပ္ပါဒ်အတိုင်း
ဖြစ်တာပေါ့၊ သူကမကျေနပ်လို့ ထပ်မေးပြန်တယ်၊ ဒုက္ခကို မိမိ သူတစ်ပါးနှစ်ဦးလုပ်တာလားလို့ မေးပြန်တယ်
ပထမ သဿတဒိဋ္ဌိနဲ့မေးတယ်၊ ဒုတိယ ဥစ္ဆေဒဒိဋ္ဌိနဲ့မေးတယ်၊ မိမိသူတစ်ပါးနှစ်ဦးသား လုပ်တာလားမေး
တော့၊ သဿတဥစ္ဆေဒရောပြီးမေးတယ်၊ ဒါနဲ့ အစေလကဿပက မကျေနပ်သေးတာနဲ့ ဒုက္ခအလိုလို ဖြစ်
တာလားလို့ မေးလိုက်တော့ ဘုရားက ဘယ်နှယ်ဖြေတုံး (မဟုတ်ပါဘူး) "အဟေတုက ဒိဋ္ဌိ"နဲ့ မေးလိုက်
တယ်။ အရှင်ဘုရား ဒုက္ခကိုမသိဘူးလားလို့မေးလိုက်တော့၊ ဘုရားက ဘယ်နှယ်ဖြေတုံး (သိပါတယ်တဲ့)
ခန္ဓာကိုယ်ထဲပေါ်လာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာကို သိနေတာ ကိုယ်ကလည်း အဟေတု
က ဒိဋ္ဌိကလည်းလွတ်သွားပြီ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲပေါ်တာလည်း ဒုက္ခသစ္စာ..ပျက်တာလည်း ဒုက္ခသစ္စာ
မှတစ်ပါး ရှိသေးရဲ့လား။ အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာဆို
တော့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) အကြောင်းဖြစ်လို့ အကျိုးဖြစ်ရတယ်၊ အကြောင်းချုပ်လို့ (အကျိုး
ချုပ်ပါတယ်ဘုရား) ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးထဲမှာ ယောက်ျားတွေလား၊ မိန်းမတွေလား
မေးလိုက်လို့ရှိရင် အကြောင်းနဲ့အကျိုးပါဘုရား။ နောက်တုံးက ဘာများဖြစ်ခဲ့သတုံး ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်
မှာ လှည့်နေတာသေချာတယ်၊ ပျက်ဒုက္ခ၊ ဖြစ်ဒုက္ခနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကို ဖြိုင်ဖြိုင်
ရှုလိုက်ရင် ဒီဒုက္ခကြီးကို မုန်းလာလိမ့်မယ်၊ ဆုံးခန်းတိုင်ကြိုက်တဲ့အခါ ခင်ဗျားတို့သန္တာန် တဏှာမရှိလို့ဆုံး
ခန်းတိုင်ကြိုက်တာပေါ့၊ ဆုံးတာမြင်တာ (မဂ္ဂသစ္စာပါ) ဒုက္ခသစ္စာချုပ်သွားတာ (နိရောဓသစ္စာပါ)။
ဒိဋ္ဌိ တဏှာသေတာ၊ ဒမုဒယသေတာ၊ အစေလကဿပ ရဟန္တာဖြစ်သွားတယ်။ ခန္ဓာဖြစ်ပျက် မသိလို့ရှိရင်
ခန္ဓာဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို (မရောက်နိုင်ပါဘုရား)။
                                       ကဲ...ယနေ့ ဒီတွင် တော်ကြဦးစို့ ။

                                           ဤကောင်းမှုကုသိုလ်ကံ
                        စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                        ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                  အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                          တည်ရှိပါစေသတည်း ။
                                                          
                                                                                                              အရှင်ဉာဏဓဇ
                                                                                             မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                        ပင်မသံဝေဇနိယဌာန
                                                                                                                  အမရပူရမြို့ ။           ။

No comments:

Post a Comment