Monday, September 1

မိုးကုတ်ဆရာတော်ဘုရားကြီး၏ “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” အပိုင် (၁)

အားလုံးတပည့်တော်တို့ … သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်သို့ ရောက်ပြီးသကာလ လာကြတော့ … သက်ကြီးသော သူ၊ ၀ါကြီးသောသူ၊ ဂုဏ်ကြီးသောသူများကို ပူဇော်ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း သည် …
အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎတိ၊ အာယု ၀ဏ္ဏေ သုခံ ဗလံလို့ … ဓမ္မပဒပါဠိတော် ကြီးများလာနေတဲ့အတွက် ခုနက ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း တည်းဟူ သော အကြောင်းကြောင့် အာယု အရှင်ဘုရားများ အသက်ရှည်မှုကိုလည်း ပထမဇော စေတနာက အကျိုး ပေးလိမ့်မယ်ဆိုတာ စာသမားတွေဖြစ်နေတဲ့အတွက် တပည့်တော်ကိုလည်း စာချဘုန်းကြီးဖြစ်ပြီး အဲဒီကမှ တက်လာတဲ့ ဓမ္မကထိကဖြစ်လို့ …။
သြော် … ငါတို့ခုနက ကာယကံ ၀စီကံ မနောကံဖြင့် သက်ကြီးသောသူ ၀ါကြီးသောသူ ဂုဏ်ကြီးသောသူများကို ကန်တော့ရခြင်းသည် အာယုဆိုတဲ့ အသက်ရှည်မှုကိုလည်း ပထမဇောက အကျိုး ပေးလိမ့်မယ်လို့ မှတ်ကြစမ်းပါ။
နိစ္စံဝုဍ္ဎပစာယိနော၊ စတ္တာရော အာယု ၀ဏ္ဏ - အဆင်းအစရှိသည်တို့ ပြည့်ဝစေတဲ့ ကိုယ်၏ချမ်းသာ ခြင်း၊ စိတ်၏ချမ်းသာခြင်းကိုလည်း ရလိမ့်မယ်ဆိုတာ မှတ်တာပေါ့။
ဗလဆိုတဲ့ ပရိယတ္တိသာသနာကြီးကိုလည်း ကြိုးစားနိုင်တဲ့ အားအင်ဗလနဲ့လည်း ပြည့်စုံလိမ့်မယ် ဆိုတာ ခုနက ရှိခိုးခြင်းတည်းဟူသော အကြောင်းကံ စေတနာတို့ကြောင့် အခု ခုနက သီတင်းသုံးဖော်ဖြစ် တဲ့ ဦးကောဏ္ဍည အစရှိသည်တို့ကို ဆရာတော်ကြီးတို့ တောင်းပန်ပြီးသကာလ အခု အရှင်ဘု
ရားများကို တပည့်တော်များက သတိပေးတဲ့သဘော၊ ကိုယ့်သာသနာကြီးကို ကိုယ်စောင့်စေလိုတဲ့သဘော၊ အရှင်ဘုရားများ အားထုတ်နေတဲ့ ပရိယတ်မှ ကွယ်ဝှက်သွားခဲ့သည်ရှိသော် ပဋိပတ်တရာသည် အခြေမခိုင် တော့ပါဘူး၊ ယိုင်လဲရမယ်ဆိုတာကိုလည်း အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။
အဲဒီ ပဋိပတ် ယိုင်လဲသွားလို့ရှိရင် ပဋိဝေဓဆိုတဲ့ ကြာနဲ့တူတဲ့၊ ပဋိဝေဓဆိုတဲ့ ထိုးထွင်းသိပညာတွေ လည်း ကွယ်ပျောက်သွားလိမ့်မယ်ဆိုတာကို အရှင်ဘုရားများ သိပြီးသား ဖြစ်တဲ့အတွက် တပည့်တော်များ ကလာပြီး သြ၀ါဒပေးရခြင်းသည် အရှင်ဘုရားတို့၏ ကန်ဘောင်ဆည်မှုကြီးကို ခိုင်ခိုင်လုပ်တော်မူကြပါဆို တဲ့ အကြောင်းကို ကောင်းကောင်းသတိပေးတယ် ဆိုတာကို မှတ်ဖြစ်အောင် မှတ်ကြပါ။

သာသနာ့ဝန်ထမ်းရဟန်းတော်များ
သြော် … ငါတို့လုပ်နေတဲ့အလုပ်ဟာ သာသနာ့ဝန်ထမ်း ရဟန်းရယ်လို့ ဖြစ်ပြီးသကာလ နေကြတဲ့အတွက် သာသနာ့ အကျိုးသယ်ပိုးနေကြပါလားဆိုတာ သံသယမရှိဘဲနဲ့ ရွက်ဆောင်ပါဆိုတာကို လည်း တပည့်တော်များက တိုက်တွန်းပါတယ် အားလုံးသံဃာတော်တွေကို။
ကဲ - ဒါဖြင့် … သဂါထာမှာလာတဲ့အတိုင်းပေါ့လေ၊ သဂါထာမှာလာတဲ့အတိုင်း ကန်ဘောင်မရှိရင် ရေမတည်နိုင် ရေမတည်နိုင်လို့ရှိရင် ကြာမပွင့်နိုင်ဆိုတဲ့ သဂါထာစကားကို သိပြီးသားဖြစ်တဲ့အတွက် အရှင် ဘုရားများသည် ဒီဘုရားကြီးတိုက်မှာ ပရိယတ္တိသာသနာတော်မြတ်ကြီးကို စာချဆရာတော်တွေနဲ့ အရှင်ဘုရားများက သယ်ပိုးရွက်ဆောင်နေခြင်းသည်။
သြော် … တိုက်တည်တဲ့အခါမှာ ဖောင်ဒေးရှင်းဆိုတဲ့ အုတ်မြစ်သည် အရေးအကြီးဆုံးဖြစ်တော့ အရှင်ဘုရားများတိုက်က ပရိယတ္တိသာသနာတော်ကြီးကို အထူးတလည် အားပေးနေခြင်းကြောင့် ပရိယတ္တိ ခိုင်မြဲမှုမှာဖြင့် တို့တာဝန်ပဲဆိုတဲ့ ဥစ္စာ အားလုံးသံဃာတွေမှတ်ဖို့ပါပဲ။

နှစ်ပေါင်း (၃၀) စာဝါပို့ချခဲ့တယ်
အခု ပဋိပတ်တွေ အင်မတန်ထွန်းကားနေတယ်ဆိုတာလည်း အရှင်ဘုရားတို့ သိပါတယ် အဲဒါ ဘယ်လိုပုဂ္ဂိုလ်တုံးဆိုတော့ အထူးသူများ ရှာနေလို့ရှိရင်ဖြင့် သက်သေသာဓကဟာ ဝေးပါတယ်။ တပည့်တော် ကိုယ်တိုင် နှစ်ပေါင်းသုံးဆယ် ပရိယတ္တိသာသနာကြီး ပို့ချလာပါတယ်၊ သံဃာ စာတစ်ဝါမှာ နှစ်ရာလောက်ရှိပါတယ်။
ဒီလောက်ဖြစ်အောင် ပို့ချသယ်ပိုးပြီးသကာလ လာခဲ့ခြင်းကြောင့်လည်း ဦးကောဏ္ဍညတို့ အစရှိ သော ဒီနိုင်ငံမှာ သာသနာအကျိုးရွက်ဆောင်နေကြတာ တပည့်တော်၏ ကျေးဇူးကင်းတာ ရှာမှရှားပါတယ်။
အဲဒါကြောင့် ငါလည်း ဒီလမ်းမတက်လာတော့ ကြုံတဲ့ အခါမှာ ငါလိုပဲ အားထုတ်ချင်တဲ့ နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ တိုင်တိုင် ပရိယတ္တိသာသနာတော်ကြီးကိုဖြင့် ကန်ဘောင်ကြီးကိုဖြင့် ဘယ်တော့မှ မကျိုးမ ပေါက်ရအောင် ငါတို့ရွက်ဆောင်မယ်ဆိုတဲ့ ဥစ္စာ တပည့်တော်ကို မူထားပြီး စောင့်ရှောက်ကြပါ။

ကန်ဘောင်ကြီးကိုဆည်ကြပါ
အခုမှတ်သားနေတဲ့ ပုဂ္ဂိုလ်များကလည်း … တဲ့၊ ဒီကန်ဘောင်ကိုဖြင့် မကျိုးမပေါက်ရအောင် စောင့်ရှောက်ကြပါဆိုတာကို ပရိယတ္တိကန်ဘောင်ကြီးကို ဆည်ဖြစ်အောင် ဆည်ကြပါ ဆိုတာကိုဖြင့် သတိပေးလိုက်ပါတယ်။
အရှင်ဘုရားများက မဆည်တော့ပါဘူးဆိုလို့ ရှိရင်ဖြင့် ဘာသာပျောက် သာသနာပျောက်ပြီး မွေးတဲ့ ပုဂ္ဂိုလ် အလုံးစုံ အကုန်အပါယ်ရောက်မယ်။ ဒါကြောင့် ဘာသာပျောက် သာသနာပျောက်သွားလို့ရှိရင်ဖြင့် မွေးတဲ့ပုဂ္ဂိုလ် အပါယ်ရောက်မှုကို ကယ်တင်နေသောကြောင့် အရှင်ဘုရားများ၏ အားထုတ်နေတဲ့ ပရိယတ်ဟာ စာလေးတစ်လုံး အံလိုက်လို့ရှိရင်လည်း ဥပနိဿယ ပစ္စယောပါပဲ၊ ဒကာ ဒကာမတွေအပေါ်မှာ အားကြီးသောအကြောင်း ဖြစ်ပါတယ်။
မျက်လုံးကန်းတွေကို မျက်လုံးဖွင့်ရမဲ့ နေရာဌာနမှာ ပရိယတ်တည်းဟူသော ဓမ္မာသည်သာလျှင် မျက်လုံးကန်းတွေကို မျက်လုံးဖွင့်ပေးနိုင်တယ်ဆိုသောကြောင့် သူဟာ ဥပနိဿယ ပစ္စည်းဖြစ်ပါတယ်၊ အားကြီးသော အကြောင်းကို ဥပနိဿယ ပစ္စည်းလို့ ဆိုပါတယ်။
                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။

No comments:

Post a Comment