Monday, September 1

မိုးကုတ်ဆရာတော်ဘုရားကြီး၏ “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” အပိုင် (၂)

                                              “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” (၁) မှအဆက်
                                                    ပရိယတ္တိသာသနာတော်
အဲဒါကြောင့် အရှင်ဘုရားတို့သည် တပည့်တော်တို့လို သက်ကြီးဝါကြီးဖြစ်တဲ့ ပုဂ္ဂိုလ် ပြောဆိုတဲ့ စကားကို ယုံကြည်လေးစားသောအားဖြင့်လည်းကောင်း၊ ကန်ဘောင်ကြီး မကျိုးအောင်၊ မကျိုးမပေါက် ရအောင်ဖြင့် ငါတို့တာဝန်ယူမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့မွေးပြီးသကာလ ပရိယတ္တိသာသနာတော်ကြီးကိုဖြင့် ချီးမြှောက်ဖြစ်အောင် ချီးမြှောက်။ ပြီးမြောက်အောင် တတ်မြောက်အောင် သင်ယူကြပါဆိုတာကို လေးစားစွာနဲ့ ပရိယတ်၊ ပဋိပတ်ပြောဆိုနေတဲ့ တပည့်တော်က အရှင်ဘုရားများအား များစွာတိုက်တွန်းပြီး သကာလ အကျိုးစီးပွား အလိုရှိသောကြောင့် …။
တစ်ယောက်တည်းဆောင်လို့ တပည့်တော်တစ်ယောက်တည်း ပရိယတ်ဆောင်နေလို့ ပဋိပတ် ဆောင်နေလို့မပြီးပါဘူး။ အကုန်လုံးက ဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိနေသောကြောင့်လည်း ဒီအစီအစဉ်ဖြင့် အားမလျှော့ဘဲနဲ့ ပရိယတ် အကူအညီနဲ့ ပေးကြပါဆိုတဲ့ ဥစ္စာကိုဖြင့် တပည့်တော်က များစွာတိုက်တွန်းပါတယ်။
အဲဒီပရိယတ် ကွယ်လို့ရှိရင် အခုပေါ်နေတဲ့ ၀ိပဿနာ ပဋိပတ်ဆိုတာ ဒကာ ဒကာမတို့ အားလုံး သော သံဃာများတို့ ကန်ဘောင်ကျိုးလို့ရှိရင် ရေတည်စရာ မရှိဘူးဆိုတာ အကြီးအကျယ် မှတ်ယူထားကြပါ။
သြော် … ငါတို့ဖျက်လိုက်လို့ရှိရင်ဖြင့် ငါတို့ဟာ လုံ့လ၊ ၀ီရိယဆန္ဒတွေ လျော့လိုက်လို့ရှိရင်ဖြင့် အကုန်ဖြင့် ဒလဟော အပါယ်သွားပေါ့ဆိုတာကို ငဲ့ညှာသောအားဖြင့် ပရိယတ်ကို ကြိုးစားသည်ထက် ပိုမိုကြိုးစားကြပါဆိုတာကိုလည်း တိုက်တွန်းရင်း ဒီကနေပြီး သကာလ သတိပေးပါတယ်။

                                            ပရိယတ်တည်မှ သာသနာတည်တယ်
အဲဒီပရိယတ်မှ အရှင်ဘုရားများက လှစ်လျူရှုလိုက်ကြတော့မယ် ဆိုလို့ရှိရင်ဖြင့် အခုပြောတဲ့ ပဋိပတ်ဟာ ဒီလူတွေသေရင်သွားတာပဲ။ ပဋိပတ်မှ အထမမြောက်သေးတော့ ပဋိဝေဓဆိုတာ အထမြောက် ဖို့ရာလည်း အလွန်ခဲယဉ်းသည် ဖြစ်လေသောကြောင့် ငါတို့သာ အုတ်မြစ်အစစ်၊ ငါတို့သာ သာသနာ အခြေအမြစ်၊ ပါဠိလိုမရွတ်ပါဘူး ပရိယတ်တည်မှ သာသနာတည်တယ်ဆိုတာ ပါဠိတွေ ခဏခဏ တွေ့နေကြတာမလိုပါဘူး။
အဲဒါကြောင့် ပရိယတ္တိသာသနာတော်ကြီးကို ရွက်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဖြင့် ငါတို့ ဘယ်အကျိုးရှိ သတုံး၊ စာတတ်ကော ဘာထူးမှာတုံးဆိုတဲ့ ဒီစိတ်မျိုး မပေါ်ဘဲနဲ့ စာမသိလို့ရှိရင် ခန္ဓာအရှိကို မသိပါဘူး၊ စာမသိလို့ရှိရင်ဖြင့် ခန္ဓာအရှိကို မသိပါဘူး။ ခန္ဓာအရှိကို မသိဘူးဆိုတာ မဂ်ဥာဏ် ဖိုလ်ဥာဏ် မပေါ်ပါဘူး။
ဒါဖြင့် … မဂ်ဥာဏ် ဖိုလ်ဥာဏ်ပေါ်ခြင်း၏ အကြောင်းသည် အားလုံးသော သံဃာများတို့ စာအရှိကို ဥာဏ်နဲ့သိမှ ဒီဟာသည် ရင့်ကျက်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်နိုင်ပါတယ်။
စာမပါဘဲနဲ့ သိတယ် ကျွမ်းတယ်ဆိုတာကဖြင့် ဘုရား ပရိနိဗ္ဗာန်စံသွားလို့ ရှိရင်ဖြင့် စာသာမရှိရစ် တော့ဘူးဆိုရင် ပရိယတ်သာ မရှိရစ်တော့ဘူးဆိုရင် အခုလောက်ရှိ ကွယ်တာ ကြာလှပါပြီ။
ဘယ်လိုသာသနာငါးထောင် ထားခဲ့ထားခဲ့ မူပျောက်သွားတယ်ဆိုလို့ ရှိရင်ဖြင့် အားလုံးသော သံဃာများတို့ အလုံးစုံ ဘာသာရေးကို အရင်းကနေပြီး လှဲလိုက်သလို ပြိုကွဲသွားပါတယ်။
ဒါကြောင့်မို့ ဘုရားကြီးတိုက်မှာ ဆရာတော်ကြီးတွေ အမှူးထားလို့ ဆရာတော်ဦးကောဏ္ဍညတို့လို တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ် တပည့်တော်၏ တပည့်လည်းဖြစ်နေတဲ့အတွက် အားကိုးသောအားဖြင့် အရှင်ဘုရား များသည် ငါတို့ဘာလုပ်စရာရှိသေးသတုံးဆိုတဲ့ ဥစ္စာကိုလည်း …။
လုပ်စရာရှိတဲ့အလုပ်ဟာ တို့လုပ်နေတဲ့ အလုပ်အကြီးဆုံးပေါ့ကွာဆိုပြီး ဆုံးဖြတ်ချက်ချကြပါ။ အဲဒီကဲ့သို့ ဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် … တဲ့၊ အားလုံး ရန်ကုန်မြို့မှာရှိတဲ့ လူပေါင်းတစ်သန်းကျော် တစ်သိန်း ကျော် အစရှိသူတို့ဟာ ဗုဒ္ဓဘာသာမှန်က မနက်ကျရင် အရှင်ဘုရားများ ဆွမ်းခံကြွ လက်အုပ်ချီတဲ့ ကာမာဝစရ ကုသိုလ်ဖြစ်ပါသေးတယ်။
အရှင်ဘုရားများက ထိုင်ပြီး သီလပေးခဲ့လို့ သီလကုသိုလ် ဖြစ်ပါသေးတယ် ဟ … ဒီလို ကျင့်ဟဲ့၊ ဒီလိုကြံဟဲ့လို့ … ပြောလို့ရှိရင်လည်း ပရိယတ်က ယူပြောတဲ့အတွက် သူတို့မှာ အပါယ်လေးပါးတံခါးမှ ပိတ်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်၊ မပိတ်နိုင်တောင် သုဂတိ တင်ပေးခဲ့တဲ့ အဓိပ္ပါယ်ရှိပါတယ်။

                                            ပရိယတ်မှတစ်ပါး၊ ကိုးစားရာမရှိ
ဘယ်သူက ပေးတာပါလိမ့်မတုံးလို့မေးတော့ ပရိယတ် သင်ထားတဲ့ ပုဂ္ဂိုလ်မို့ ပဋိပတ် အကြောင်း ပြောပြီး သကာလ သုဂတိ တင်ပေးခဲ့တယ် နိဗ္ဗာန်ပို့ပေးခဲ့တယ်ဆိုတဲ့ဥစ္စာ အခြေအမြစ်လျှောက်ရှာတော့ အရှင်ဘုရားများအား ထုတ်နေတဲ့ ပရိယတ်မှတစ်ပါး ကိုးစားစရာမရှိပါဘူး။
ဒါကြောင့် … အဟံ အဝေရောဟောမိဆိုတာ အသာထားပြီး သဗ္ဗေသတ္တာ အဝေရာဟောန္တုဆိုတာ ခုနက မေတ္တာပို့ကြတဲ့အခါမှာလည်း … မေ
တ္တာပို့နေတဲ့ဥစ္စာ အားလုံးသော ပုဂ္ဂိုလ်ကျန်းမာပါစေ၊ ချမ်းသာပါ စေဆိုတာ မေတ္တာဟာ သမထ ဖြစ်ပါတယ်။
အရှင်ဘုရားများ တတ်တဲ့ပညာကို တစ်လုံးတစ်ပါဒ ဆုံးမပြီး ဒီလိုရှုဟဲ့၊ ဒီလိုမှတ်ဟဲ့၊ ဒီလိုကျင့်ဟဲ့ … ၊ ဒီလိုမင်္ဂလာတရားနဲ့ ညီအောင်နေဟဲ့ဆိုပြီး အရှင်ဘုရားများက ပရိယတ်ကို အခြေတည်ပြီး ဆုံးမလို့ရှိရင် ဖြင့် ၀ိပဿနာဥာဏ်တွေ ပေါက်ရောက်ပြီး သကာလ နိဗ္ဗာန်အပြီးတိုင် ရောက်နိုင်ပါတယ် ဆိုတာကိုလည်း သေသေချာချာ ယုံကြည်ပြီး သကာလ …။
ငါတို့ လုပ်နေတဲ့အလုပ်ဟာ အရေးအကြီးဆုံး အလုပ်တစ်ခုကို ငါတို့ကိုင်ထားပါလားဆိုတာကိုဖြင့် ဘယ်အခါမှ မဖျောက်ဖျက်ပါနဲ့ အရှင်ဘုရားများဟာ သာသနာ၏ အညွှန့်အညှောက် ကျိုးသွားလို့ရှိရင်ဖြင့် သာသနာပင်စည် စည်ကားဖို့လည်း မရှိပါဘူး။
သာသနာ အပွင့်အသီးကိုလည်း ခူးဆွတ် စားစရာလည်း မရှိတဲ့အတွက် လောကကြီး အမှောင် ဖြစ်သွားမှာကို စိုးရိမ်သောအားဖြင့် တို့ ပရိယတ္တိကန်ဘောင်ကြီးကို ဆည်ဖြစ်အောင်ဆည်မဟ … တို့သာ အခြေအမြစ်ဟ … ဆိုပြီးသကာလ ပရိယတ်တို့ဖြစ် ကြိုးစားဖြစ်အောင် ကြိုးစားပါဆိုတဲ့ဥစ္စာ လေးစားစွာနဲ့ တပည့်တော်ကြုံတဲ့အခါ တိုက်တွန်းပါတယ်။

                                              သံသရာမှ ထွက်မြောက်ဖို့ဖြစ်တယ်
ဒုတိယတိုက်တွန်းချင်တာက သြော် … ပရိယတ်သည်ကား ဆိုလို့ရှိရင် ငါတို့တော်တော် စွမ်းရည် သတ္တိရှိပြီး ကန်ဘောင်ကြီးလည်းဆည်ပြီ လုံပြီလို့ရှိရင်ဖြင့် ရေခိုင်ခံ့အောင် လုပ်ဖို့ရာ အရေးဆိုတဲ့ဥစ္စာက လည်း ကိုယ့်အရေးက ကိုယ့်ရည်ရွယ်ချက်က ပရိယတ်နဲ့ မပြီးသေးတော့ သိမ်ထဲမှာ သံသာရ ၀ဋ္ဋဒုက္ခတော မောဒနတ္ထာယ ပဗ္ဗဇ္ဇံယာစာမိက ကျန်ပါသေးတယ်။
သံသရာမှ ထွက်မြောက်ဖို့ ရဟန်းအဖြစ်ကို ယူခဲ့ပါတယ် ဆိုတော့ … ပရိယတ်ကို လုံလုံလောက် လောက် ဆည်ပြီးလို့ရှိရင် ပဋိပတ်များကိုလည်း ဆက်လက်ပြီး သကာလ ကြိုးစားပါဦး ဆိုတာကိုလည်း ဒုတိယအဆင့် တိုက်တွန်းပါတယ်။

                                               နွားကျောက်သားနှင့် နွားနို့ပိုင်ရှင်
ဘာကြောင့်တုံးလို့ မေးပြန်တော့ ဓမ္မပဒကလာ ပြန်တော့ ပရိယတ်က နွားကျောင်းသားကွ၊ ပဋိပတ် က နွားနို့ပိုင်ရှင်ကွလို့ ဘုရားကဟောထားပြန်တော့ နွားကျောင်းသားအဖြစ်နဲ့ကိုလည်း အချိန်မကုန်ဘဲနဲ့ နွားနို့ပိုင်ရှင် အဖြစ်ကိုလည်း တက်လှမ်းပါဦး ဆိုတာကိုလည်း တိုက်တွန်းရပြန်တယ်။
ထိုကဲ့သို့ မတိုက်တွန်းပြန်တော့လည်း ကန်ဘောင်ဆည်ရင်းနဲ့ အချိန်တွေကုန်သွားပြီး ကြာတွေ ယူပြီး ကြာကို မြင်မှုကြာကိုသုံးဆောင်မှု ကြာနံ့တွေ ရမှုကိုလည်း အရှင်ဘုရားများ ချို့ယွင်းချက် ရှိသွားလို့ ရှိရင်လည်း ရည်ရွယ်ချက်နဲ့ ပန်းတိုင်မကိုက်ဘဲ ဖြစ်သွားမှာကို စိုးရပါတယ်။

ပဋိပတ်အလုပ်တရားကိုလည်း ကြိုးစားကြပါ
ဒါကြောင့် ပရိယတ်လုံလောက်ပြီးသည့် အခြားမဲ့၌ ပဋိပတ်တည်းဟူသော အလုပ်တရားကိုလည်း အရှင်ဘုရားများ ကြိုးစားကြပါဦးဆိုတာကိုလည်း တိုက်တွန်းလိုက်ပါတယ်။
အဲဒီပဋိပတ် တိုက်တွန်းခြင်းသည်ကား ဆိုလို့ရှိရင် ပဋိဝေဓဆိုတဲ့ ကြာနဲ့တူတဲ့ ပဋိဝေဓ အစရှိသည်တို့ကိုလည်း အရှင်ဘုရားများသည် ကိုယ်ရေးကိုယ်တာ ပြည့်စုံစေခြင်း အကျိုးငှာ ပဋိဝေဓဥာဏ် ကို ပေါက်ရောက်အောင်လည်း သူ့အဆင့်အတန်းအတိုင်းတက်ပါ။ ခုန်လည်းတက်လို့မရဘူးဆိုတာကို လည်းမှတ်ပါ။

                                                                    ပရိညာသုံးပါး
ခုန်တတ်လို့ မရဘူးဆိုတာက ဘယ်လိုကြောင့် ဟောရပါလိမ့်မတုံးလို့ မေးတဲ့အခါ ဘယ်လိုကြောင့် ဆုံးမရ ပါလိမ့်မတုံးဆိုတော့ ဥာတပရိညာမရှိဘဲနဲ့ တီရဏ ပရိညာ မဖြစ်ပါဘူး တီရဏ ပရိညာ မရှိဘဲနဲ့ ပဟာန အရိညာ မဖြစ်နိုင်ပါဘူး ဆိုတာလည်း အရှင်ဘုရားများ အင်္ဂုတ္တိုရ်တို့ ဘာတို့တက်တဲ့အခါ သိပြီးသား ဖြစ်ပါတယ်။
ဒါကြောင့် ဥာတအလုပ်သည် ပရိယတ်မပါရင် ဥာဏမဖြစ်ဘူး၊ ပဋိပတ်မပါရင် တီရဏ မဖြစ်ဘူး၊ ပဋိပတ် မပါလို့ရှိရင်လည်း ပဟာနပရိညာဆိုတဲ့ဥစ္စာ ပဋိပတ်ကမှ တက်ပေးရမှာ ဖြစ်သောကြောင့် ကိလေသာပယ်မှုကိုလည်း မဖြစ်နိုင်သောကြောင့် သြော် … တို့သည် ပထမအဆင့် ခိုင်မြဲလို့ရှိရင် ဒုတိယ အဆင့်တက်ဦးမဟ … ဒုတိယအဆင့်တက်ပြီး တတိယအဆင့်မှာ ငါတို့တက်ပြီး သကာလ ချမ်းသာအောင် နေမဟဲ့ … ဆိုတဲ့ စိတ်ထားကိုလည်း ထားပါ။ အားထုတ်တော် မူကြပါ။

                                                     သူငယ်ပြန်တာအရုပ်ဆိုးတယ်
တစ်ချို့ဘုန်းကြီးများ … တပည့်တော်လည်း စာချလာတော့ သင်ပေးလိုက်တာက အဘိဓမ္မာတွေ ဘုန်းကြီးတို့ သင်ပေးလိုက်တယ်။
ဟို … တောရွာတွေရောက်သွားတဲ့အခါ ကကြီး ကခွေး ပြန်စနေတဲ့ ကိုယ်တော်က သိပ်များတယ်၊ ကလေးတွေနဲ့ အချိန်ကုန်နေတာက သိပ်များပါတယ်။
အဲဒါကြောင့် … ဒီလိုချည်းအလုပ်ကြီး လုပ်လာပြီးမှ သူငယ်ပြန်ရတဲ့ အဖြစ်ဟာလည်း အင်မတန် အရုပ်ဆိုးသောကြောင့် ခုနက ပရိယတ်ကနေပြီး ပဋိပတ်တက်ပါ။ ပဋိပတ်ကနေ ပဋိဝေဓအရသာကို သုံးဆောင်ခံစားကြပါဆိုတာကိုလည်း အများကြီး တိုက်တွန်းပါတယ်ဆိုတာကိုလည်း မှတ်ကြပါ။

                                                  တပည့်တော်တို့ ဘယ်လိုလုပ်ရမှာတုံး
အဲဒါ ဘယ်လိုတပည့်တော်တို့ လုပ်ရမှာတုံးမေးတော့ သလ္လေခသုတ်ကိုသွားကြည့်ပါ။ အရှင်ဘုရား များ၏ ပဋိပတ် တက်နည်းကို သလ္လေခသုတ်က မူတည်ကြည့်ပါ။
မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်ကြည့်လိုက်တဲ့ အခါကျတော့ ကိုယ်၏ယဉ်ကျေးမှုဖြစ်တဲ့ ပထမ အဆင့်ဟာ အောင်မြင်ပါလိမ့်မယ်၊ ပရိယတ်နဲ့ သင်ထားလိုက်တော့ သူတစ်ပါးက သတိချို့ယွင်းနေ တယ် ငါဟာ သတိကိုဖြင့် မချို့ယွင်းအောင် လုပ်မယ်ဆိုတာ အဲဒါ သလ္လေခ ခေါ်ပါတယ်။
သူက ၀ီရိယ လျှော့နေတယ်၊ တစ်ပါးသော ပုဂ္ဂိုလ်က စာပေါ်မှာသော်လည်းကောင်း၊ အကျင့်ပေါ်မှာ သော်လည်းကောင်း လျှော့နေလို့ရှိရင် ငါက မလျှော့အောင် လုပ်မဟ … လို့ဆိုတာလည်း ဒါသလ္လေခ ဖြစ်ပါတယ် ဆိုတာကိုမှတ်ပါ။
သူက ပါဏာတိပါတကံ လွန်ကျူးနေတယ်၊ ငါက ပါဏာတိပါတကံ မလွန်ကျူးတော့ဘူးဆိုရင် ဒါ သလ္လေခ ဖြစ်ပါတယ်။

                                          မကောင်းတဲ့အလုပ် ငါမလုပ်ဘူး
သူက မုသားပြောတယ် ငါက မလွန်ကျူးတော့ဘူး ဆိုလို့ရှိရင်လည်း သလ္လေခ ဖြစ်တာကို သိပြီးသားဖြစ်သောကြောင့် မကောင်းတဲ့အလုပ် မြင်တိုင်း မြင်တိုင်း ငါမလုပ်ဘူး ငါမလုပ်ဘူးဆိုတဲ့ ရှောင်ကြဉ်မှုသည် သလ္လေခပါ ဒါ ခေါင်းပါးအောင်လုပ်တာပဲ။
အဲဒီကစပြီးသကာလ … ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သလ္လေခကစပြီး ကျင့်ကြံလို့ ရှိရင်ဖြင့် ကွာ … တဲ့။ သီလဘက်ကလုံပြီး သမထဘက် ၀ိပဿနာဘက်သို့ တက်နိုင်ပါလိမ့်မယ် ဆိုတဲ့အတိုင်း အရှင်ဘုရားများ တစ်ပါးတစ်ပါး မြင်တဲ့ အခါကြလို့ရှိရင်ဖြင့် သူက မကောင်းသဖြင့် ၀တ်စားနေတယ် မကောင်းသဖြင့် ကျင်ကြီးကျင်ငယ် စွန့်နေတယ် မကောင်းသဖြင့် သွားမှုလာမှုတွေ လုပ်နေတယ် ငါကမလုပ် ဘူးဟ … ဆိုရင် သလ္လေခဖြစ်ပါတယ်။
သူက မုသားပြောနေတယ်၊ ရယ်စရာ ပြောနေတယ်၊ အထာထ မဿထနဲ့ မွေ့လျော်နေတယ်။ ငါက မမွေ့လျော်ဘူးဆိုရင် ဒါ သလ္လေခ ဖြစ်ပါတယ်။

                                            သလ္လေခကိုလက်သုံးထားပါ
အဲဒါကြောင့် သလ္လေခကို လက်သုံးထားပြီးသကာလ မကောင်းတာမြင်လေလေ ကိုယ်က ကောင်းတဲ့အလုပ် လုပ်လေလေ လုပ်ကြလို့ရှိရင်ဖြင့် ဒီသာသနာတော်ကြီးဟာ အများအတွက်လည်း ခိုင်လုံ ကိုယ့်အတွက်လည်း အပါယ်လေးပါး တံခါး ပိတ်ပြီးသကာလ …။
ကိုယ့်မှန်းခြေပေါက်ဖြစ်တဲ့ သလ္လေခကနေ တက်ပြီး ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ် တက်ကြမယ်ဆိုရင် ဖြင့် အားလုံးသော သံဃာများတို့ ကိုယ့်မှန်းခြေဟာဖြင့် သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယဆိုတဲ့ လွတ်မြောက်ခြင်းဟာ သေသေချာချာ ဖြစ်နိုင်တယ်ဆိုပြီး မှတ်ပြီးသကာလ …။
သြော် … သလ္လေခ မူတည်ပြောတာ ပါလာဆိုတာ သဘောကျပြီး သကာလ ဒီအချိန်ပဲ ဆုံးမမှုကို သတိပေးမှုကို ရပ်စဲလိုက်ပါတယ်။ 

                                ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။

No comments:

Post a Comment