Monday, September 19

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော်(၁၆)


    မိမိခန္ဓာအကြောင်းကို ကောင်းကောင်းသိရန် အရေးကြီးသည်။ ခန္ဓာပဋိစ္စသမုပ္ပာဒ်ကို မသိလျှင် ငါစွဲ အတ္တဒိဋ္ဌိတွေ ဝင်လာတတ်သည်။ ပဋိစ္စသမုပ္ပာဒ် အင်္ဂါ၁၂ရပ်ထဲတွင် ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါ မပါပုံကို ပြသည်။ ပဋိသန္ဓေ နေရာမှာ ဟိုဘက်ဘဝကို ရုပ်နာမ် ဒီဘက်ဘဝကို ဘာမှ ပါမလာပုံကို ရှင်းသည်။ စုတိနှင့် ပဋိသန္ဓေ အကြောင်းအကျိုး ဆက်တာပဲ ရှိသည်။ အကြောင်း သမုဒယကြောင့် အကျိုး ဒုက္ခ ရနေတာ ဖြစ်သည်။ ခန္ဓာပေါ်သမျှ ဒုက္ခသစ္စာချည်းပင်။ ခန္ဓာသည် ဒုက္ခသစ္စာပဲဟု သိလျှင် မဂ်ပေါ်သည်။ မသိသော အဝိဇ္ဇာနှင့် သင်္ခါရလုပ်လျှင် ဒုက္ခခန္ဓာပေါ်သည်။ ခန္ဓာရဆဲမှာ သမုဒယတွေ ထပ်လုပ်လျှင် နောက်ဒုက္ခပဲ ထပ်ရသည်။ မီးပေါ်ထင်း ထင်းပေါ်မီး လှည့်ပြီး ဖြစ်နေပုံကို ရှင်းထားသည်။ မီးထဲ ထင်း ထပ်မထည့်လျှင် မီးငြိမ်းသည်။

    ထို့နောက် လူ့ဘဝ နတ်ဘဝ ရပါလို၏ ဆုတောင်းချက် မှားပုံကို ပြသည်။ ထင်းဖြစ်ရပါလို၏ ဆုတောင်းသလို ဖြစ်နေကြောင်း အမှား ထောက်ပြသည်။ ဘုရက လောင်စာသိမ်း မီးငြိမ်းအောင်လုပ်ဖို့ ဟောသည်။ လူတွေက ဘုရကို ကန့်လန့်တိုက်ပြီး လောင်စာထင်းဖြစ်ဖို့ချည်း ဆုတောင်းနေကြပုံကို ဖော်ပြသည်။ ပုထုဇဉ် အမှားကြီးကျယ်ပုံကို ပြသည်။

    ဤသို့ နားလည်ရန်မှာ သစ္စာကို နားလည်မှ ဖြစ်၏။ သစ္စာကို နားလည်အောင် သွန်သင် ဆုံးမတတ်သော ဆရာကောင်းကို ရှာရမည်။ နောက်ဘဝတစ်ခုကို ရသည်ပဲထား။ မလိုချင်ပဲနှင့် ရလျှင် နောက်တစ်ဘဝကျရင် နိဗ္ဗာန်ရမှာပဲဟု မိန့်ဆိုသည်။ ဒီဘဝမှာ ခန္ဓာကြီး ဒုက္ခသစ္စာမှန်း သိသွားလျှင် နောင်ဘဝမှာ နိဗ္ဗာန်ရမှာပဲဟု တိတိကျကျ ဆိုသည်။ ဆုတောင်းတာ နှုတ်တက်နေသဖြင့် ဆုမတောင်းပဲ မနေနိုင်လျှင်လည်း ခန္ဓာဝဋ်ကျွတ် ရပါလို၏ ဆုတောင်းပါဟု ဆုံးမထားသည်။ ဒါက ဉာဏ်နှင့်တောင်းသော ဆု တဏှာနှင့် တောင်းသောဆုမဟုတ်ပါ။

    ထို့နောက် ပစ္ဆဘူမက အရပ်သို့ ဝါကျွတ်ချိန် သွားလိုသော ရဟန်းငယ် ဆယ်ပါး အကြောင်းကို ဝတ္ထုထုတ်ပြီး ဘုရားမှာ ရာဂကိုပယ်သော ဝါဒရှိကြောင်း ဟောသည်။ ဘုရားက ရာဂကို ပယ်သည်။ လူတွေက ရာဂနှင့် ဆုတောင်းနေသည်။ ဘုရားအကြိုက်နှင့် မကိုက်ပုံကို ထောက်ပြသည်။ ခန္ဓာပေါ်မှာ ရာဂမှီနေခြင်းကို ရှင်းပြသည်။ ခန္ဓာငါးပါးပေါ် မှီသော ရာဂကို မစွန့်လျှင် သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသတွေ ဖြစ်သည်။ ဤအပြစ်တွေ သင့်သည်။ ရာဂမီးလောင်သည်။ ရာဂကို မပယ်နိုင်သရွေ့ ခင်မှုရာဂကြောင့် သောကပရိဒေဝ ဖြစ်ရသည်ဟု ဆိုသည်။

~ မိုးကုတ်ဆရာတော် ~


No comments:

Post a Comment