Sunday, December 9

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ၏ ပီဠနဋ္ဌအနက်

ဒုက္ခသစ္စာတစ်ခုတည်းမှ အနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ် ၂-ပါးရှိတယ်။ ဒုက္ခသစ္စာကို ဒီဉာဏ် ၂-ပါးနှင့်
ကြည့်ရမယ်၊'အနုဗောဓဉာဏ်'ဆိုတာ ဆရာသမားဟောတာကိုအစဉ်လျှောက်ပြီးမှတ်လို့ကြည့်လို့ဖြစ်လာ
တာ၊ တရားနာလို့ စာအုပ်ကြည့်လို့ ရလာတဲ့ဉာဏ်ပေါ့၊ "ပဋိဝေဓဉာဏ်"ဆိုတာကကိုယ်တိုင်ကိုယ်ကျ ထိုး
တွင်းဝေဖန်ပြီး ခန္ဓာထဲမှ မဂ်ဉာဏ်နှင့်သေသေချာချာ ကြည့်လို့ ဒုက္ခသစ္စာအစစ်ကိုတကယ်မြင်တဲ့ဉာဏ်မျိုး
ဖြစ်တယ်၊ ဒါဖြင့် တရားနာလို့ စာကြည့်လို့ ကိစ္စမပြီးသေးဘူး၊ ဝိပဿနာပွား ဉာဏ်ပွားတတ်ရုံနှင့် ကိစ္စမပြီး
သေးဘူး၊ ဒုက္ခသစ္စာကို တကယ့်ကို ဒုက္ခသစ္စာလို့ ပိုင်းခြားပြီးသိတဲ့ ပဋိဝေဓဉာဏ်ရောက်မှ ကိစ္စပြီးမယ်လို့
မှတ်ပါ။ ခန္ဓာ ၅-ပါး၊ ရုပ်နာမ် ၂-ပါးရှိတယ်၊ ဒီခန္ဓာ ၅-ပါး ရုပ်နာမ် ၂-ပါးဟာ ဖြစ်ပျက်မို့ ဒုက္ခသစ္စာပဲလို့ ဆရာ
သမားကဟောပြတာကို မှတ်ထားတာက"အနုဗောဓဉာဏ်"နှင့် သိထားတာ၊ ရုပ်နာမ် ၂-ပါးလုံး ဖြစ်ပျက်မို့
ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမို့ ဒုက္ခသစ္စာလို့သိရင် ဝိပဿနာဉာဏ် ဖြစ်နေပြီ၊ ဖြစ်ပျက်သာသိပြီး ဒုက္ခ
သစ္စာလို့ တကယ်မသိသေးတော့ ဒါ အနုဗောဓဉာဏ်ပဲ ရှိသေးတယ်၊ ဝိပဿနာဉာဏ်နှင့် ရှုဖန်များလို့
ဒုက္ခသစ္စာကို ပီဠနဋ္ဌောနှင့် သိလာမှ ပဋိဝေဓဉာဏ်ဖြစ်တာ၊ ဒုက္ခသစ္စာကို ပီဠနဋ္ဌော-သတ္တဝါကိုညှာတာမ
ဖက် အမြဲနှိပ်စက်တတ်တဲ့သဘောရှိတယ်လို့ တကယ်သိလာမှ ပဋိဝေဓဉာဏ်ဖြစ်တာ။
        "အခု ရုပ်နာမ်က နှိပ်စက်ပုံကို ပဋိဝေဓဉာဏ်နှင့် သိပုံကိုရှင်းပြမယ်"
အမေတစ်ယောက်က ရုပ်နှင့်နာမ်ဆိုတဲ့ အမြွာပူးကလေးမွေးတယ်၊ရုပ်နှင့်နာမ်ကပဋိသန္ဓေနေတည်းက အမိ
ဝမ်းခေါင်းထဲမှာ အတူတူနေခဲ့တာကိုး၊ ခင်ဗျားတို့ခန္ဓာကိုယ်ဟာ ခန္ဓာ ၅-ပါးပဲရှိတယ်၊ ခန္ဓာ ၅-ပါးကိုချုံလိုက်
တော့ ရုပ်နှင့်နာမ်ပဲရှိတယ်၊ ရုပ်ဓမ္မနှင့် နာမ်ဓမ္မပဲရှိတယ်၊ နာမ်တရားကခြေကျိုးလက်ကျိုးနှင့် သည်းခြေပျက်
ဝမ်းတွင်းရူးဖြစ်တယ်၊ ရုပ်တရားဟာ ခြေလက်တွေ သန်မာပေမယ့် မျက်စိနှစ်ကွင်းအလင်းမရတဲ့အပြင် သူ
ငယ်နာဝမ်းပျက်ပါလာသေးတယ်၊ ဒီရုပ်နာမ်ဆိုတဲ့ သူတို့ ၂-ဦးက သူတို့ကိန်းရာ သတ္တဝါကိုချစ်ခင်ပြီးထိန်း
ကျောင်းနေတဲ့သတ္တဝါကို အမြဲနှိပ်စက်တော့မယ်၊ သူတို့ကို ငါ့ကို ငါ့ဟာ ငါ့ဥစ္စာလို့ နှစ်သက်ခင်မင်ကြင်နာ
တဲ့ အမေလုပ်သူကို အမြဲနှိပ်စက်တော့မယ်။(နာမ်..အကျိုး..အရူး၊) နာမ်တရားက ရုပ်မပါဘဲသွားလိုရာကို
မသွားနိုင်တော့ ခြေကျိုးလက်ကျိုးပေါ့၊ ကျိုးရတဲ့အထဲ သည်းခြေပျက်ရောဂါကပါလာသေးတယ်၊ သည်းခြေ
ပျက်ဆိုတာ ရူးတာ၊ ဝမ်းတွင်းရူးကိုခေါ်တယ်၊ သူက ရုပ်နာမ် အနိစ္စတွေကိုပဲယောက်ျားမိန်းမထင်လိုထင်၊
သားရယ်သမီးရယ်မြေးရယ်ထင်လိုထင်၊ ဒီလိုထင်နေတော့ သူထင်တဲ့အတိုင်းလိုက်လုပ်ရတာ၊ သူ့ထိန်း
ကျောင်းရတာ မလွယ်ဘူး၊ သူ့အလိုလိုက်ရတာ အားကိုမအားနိုင်ဘူး၊ သူက ခြေလက်ကလဲကျိုး၊ အရူးထ
တာကလဲ ခဏခဏ၊ သူအရူးထတာနဲ့ သားပူသမီးပူ ဆွေပူ မျိုးပူတွေနဲ့ မအားနိုင်ကြဘူး၊ ပြီးတော့ သူက
ခြေကျိုးလက်ကျိုးနဲ့ ဟိုဟိုဒီဒီ မသွားနိုင်တော့၊ အမေကပိုချစ်သကိုဗျ၊ ပိုချစ်တော့"သက္ကာယဒိဋ္ဌိက"သူ့အ
ပေါ်မှာပိုစွဲတယ်၊ သူကသည်းခြေရူး ဝမ်းတွင်းရူး (ဝိပ္ပလ္လာသ) ဆိုတော့ အချိုပေးလဲ ခါးတယ်ပြောချင်ပြော
အချဉ်ကျွေးလဲ ဖန်တယ်ပြောချင်ပြော၊ သူက ကိန်းရာအမေပေးတာနဲ့ တော်ပြီတန်ပြီလို့မလာဘူး၊ ခြေကျိုး
လက်ကျိုး ဘယ်မှမသွားနိုင်တော့ သူ့ပြုစုနေရတာနဲ့ အားကိုမအားနိုင်ဘူး။
သူကဝမ်းတွင်းရူးဆိုတော့ မျက်လုံးပေါက်တစ်ခုတည်းကတော်ပြီ တန်ပြီလို့ကိုမရှိဘူး နားပေါက်တစ်ခုတည်း
ကတော်ပြီ တန်ပြီလို့ကိုမရှိဘူး၊ ရေဒီယို အမြဲဖွင့်ပေးရတယ်၊ ဒါနားပေါက်ကို အခွန်ဆက်နေရတာတွေ၊ အချို
ကျွေးလဲ ဝမ်းတွင်းရူးက ချိုလွန်းတယ်ဆိုပြီး မစားပြန်တော့ အချိုလျှော့ချက်ရ ကျွေးရတာနဲ့ ဝမ်းတွင်းရူးကို
ချစ်တဲ့ပုဂ္ဂိုလ်အားသေးရဲ့လား၊ ဝမ်းတွင်းရူး နှိပ်စက်တာအကုန်ခံရတယ်မဟုတ်လား၊ သူကတောင်သွားချင်
မြောက်သွားချင်နဲ့ သူသွားချင်ရာကို ပို့နိုင်ရဲ့လား၊ သူသွားချင်ရာလိုက်ပို့ရတော့လဲနှေးတယ်ပြောလို့ ကား
ဝယ်ပေးရတယ်၊ တစ်ခါတလေကိစ္စကြီးတယ်ဆိုလို့ လေယာဉ်ပျံနဲ့ သွားရတယ်၊ သည်းခြေပျက် ဝမ်းတွင်းရူး
ကြိုက်တာလဲအကုန်ဝယ်ပေးရတယ်၊ အစားဘက်က အဝတ်ဘက်က ကြိုက်တာဝယ်ပေးရတယ်၊ ဝယ်ပေး
လို့ကြိုက်ရင်းမတ္တနဲ့ သည်းခြေကထလာလို့၊ ဒါကြီးက ခေတ်နောက်ကျသွားပြီး မဝတ်တော့ဘူးလို့ ဆိုချင်ဆို
တာ၊ ကားဝယ်ပေးပြန်လဲ ဒီကားမစီးချင်ဘူး၊ နောက်ဆုံးပေါ်ကားမှ စီးချင်တယ်တဲ့၊ နာမ်တရား သည်းခြေရူး
ကဘယ်လောက်နှိပ်စက်သတုံး၊ သူ့ကိုခင်တဲ့မိဘကတော့ နေ့လဲမအားရ ညလဲမအားရ၊ ရှာဟဲ့..ဖွေဟဲ့..လုပ်
ဟဲ့..ကိုင်ဟဲ့..ပြုစုဟဲ့နဲ့ အလုပ်နဲ့ လက်နဲ့ကို မပြတ်ရဘူး၊ အမောဆို့ပြီးမှအိပ်ချလိုက်ရတာပဲ။
သူ့ချစ်တဲ့ပုဂ္ဂိုလ်တော့ အောင့်အည်းသည်းခံပြီး လုပ်ပေတော့၊ သူကတော့ဘယ်တော့မှ အလိုပြည့်တယ်မရှိ
ဘူး၊ သူကတော့ အဖိုးကြီးအဖွားကြီးဖြစ်တော့လဲ ချမ်းသာမပေးဘူး၊ အဖိုးကြီးခိုင်းအဖွားကြီးခိုင်း ခိုင်းမှာပဲ၊
တောင်းဝှေးထောက်ပြီး..နင့်မြေးအိမ်သွားပါလား၊ နင်သွားနိုင်တုန်းသွားရတာဆိုပြီး ခိုင်းတယ်၊ သည်းခြေ
ပျက်သားကို မွေးမိတဲ့အတွက် ခင်ဗျားတို့ခုအထိ မအားတာ ပီဠနဋ္ဌတဲ့၊ သူကတော့ကိန်းရာသတ္တဝါကို ညှာ
တာမဖက်၊ အမြဲနှိပ်စက်တတ်တယ်၊ သေတဲ့အထိ သူကနှိပ်စက်တတ်တယ်၊ ဗိုင်းဗိုင်းလဲသေလဲ သူကတော့
အနှိပ်စက်မလျှော့ဘူး၊ သေလမ်းလဲ သူကပို့မှာပဲ၊ မိုးရွာထဲသွားကွ၊ မိုးရွာတာများ အရေးလုပ်မနေနဲ့၊ နေပူလဲ
ခိုင်းတာပဲ၊ သူခိုးဓားပြတွေ ထူတဲ့နေရာလဲ သွားခိုင်း၊ မြစ်ထဲပင်လယ်ထဲ လှိုင်းတွေ..ဝဲတွေရှိလဲ ခိုင်းတာပဲ။
ခင်ဗျားတို့ဟာဒီရုပ်နာမ်ကိုမွေးထုတ်တဲ့ အမေအဖေတွေပဲ၊ နာမ်ရုပ်ခင်တဲ့လူဆိုတော့ ဒီသည်းခြေရူးအကျိုး
နှိပ်စက်သမျှကိုခံကြပေတော့၊ နာမ်ဓမ္မအရူးကတော့ အချိန်ရှိသရွေ့ ခိုင်းနေတာပဲ၊ သူကရေတိုက်ပါအုံး၊ နို့
တိုက်ပါအုံး၊ ရေတိုက်တော့လဲရေနောက်ကြီးမတိုက်ပါနဲ့ ရကြည်မှတိုက်ပါတဲ့၊ တစ်ခါတလေရေထဲအဖတ်ပါ
ထည့်ယူခဲ့၊ ဖာလူဒါတို့ပေါ့၊ ရေချည်းမသောက်ချင်ဘူး၊ အဖတ်ပါမှတဲ့၊ သည်းခြေရူးက တောင်းတာ၊ အဲဒီ
တော့ အားသေးရဲ့လား၊ ဥတုသုံးလီအလိုက် သူ့ကိုအခွန်ဆက်ပေးရတယ်၊ နွေအခွန်ဆက်ရ၊ မိုးအခွန်ဆက် 
ရ၊ ဆောင်းအခွန်ဆက်ရနဲ့၊ လမ်းသွားရင်များ ဇီဇာကြောင်လိုက်တာလဲမပြောပါနဲ့၊ ရေတိုက်ပြန်တော့လဲ အို..
ဒီမြေခွှက်ကြီးနဲ့ မသောက်ချင်ဘူး၊ ဖန်ခွက်နဲ့မှသောက်ချင်တယ်ပြောသေး၊ အိမ်မှာလဲသုံးနေကျပန်းကန်တွေ
တောင်ဟိုပန်းကန်နဲ့မှ၊ သည်ပန်းကန်နဲ့မှတဲ့၊ ရှုပ်နေတာပဲ၊ သုံးနေကျ ပန်းကန်တွေ အဝတ်တွေတောင်
သည်းခြေရူးထလာတော့ ဒါကြီးက ခေတ်နောက်ကျနေပြီ၊ ခေတ်ဆန်ဆန်မှ ဝတ်ချင်တာဆိုတော့ အိမ်မှာ
အဝတ်တွေတစ်ပုံကြီးရှိနေတဲ့အထဲက အသစ်ချပ်ချွတ်ဝတ်ပေးတယ်၊ မိန်းမတွေပိုဆိုးသေး၊ သည်းခြေရူးအ
လိုကိုအလိုက်ဆုံးပဲ၊ အဝတ်အထည် အယ်လောက်များများသူ့လောဘကမလုံးလောက်၊ အရင်ဟာ မကြိုက်
ဘူး၊ နောက်ဟာဝယ်ပေးအုံးလို့ သည်းခြေရူးကတေင်းတိုင်းဝယ်ပေးရတာပဲ၊ ဘယ်လောက်ဝယ်ပေးပေး
သည်းခြေရူးကတောပြီ..တန်ပြီလို့ မလာဘူး။
ဒီလိုပီဠနဋ္ဌော..အမြဲနှိပ်စက်တာကိုသိရင်၊ ပီဠနဋ္ဌတစ်လုံးသဘောကျရင် ခင်ဗျားတို့ကိစ္စပြီးပါတယ်၊ ပီဠနဋ္ဌ
နှိပ်စက်တာကို အလိုအတိုင်းလိုက်ပြီးပြုစုနေရင်တော့ မပြီးဘူး၊ ခင်ဗျားတို့က သည်းခြေရူး အကြိုက်အတိုင်း
ခိုင်းသလောက် အကုန်ပေးနိုင်တယ်ဆိုတော့ ကျွန်ပီသလို့ပဲ၊ မွေးတဲ့သားကလေးက အကျိုးကလေး အရူး
ကလေးဆိုတော့ ခင်ဗျားတို့ကပိုချစ်ပေါ့ဗျာ၊ သူ့ကိုထိန်းကျောင်းရတာနေ့ရောညပါအားတယ်လို့မရှိဘူး၊ အ
လုပ်တွေဟူသမျှသည် သည်းခြေရူးကြောင့် လုပ်နေရတာချည်းမှတ်၊ စာရေးကြီးပဲ လုပ်လုပ်၊ တရားသူကြီးပဲ
လုပ်လုပ်၊ ဘာပဲလုပ်လုပ်၊ လုပ်ရတာဟူသရွေ့သည်းခြေရူးကြောင့်လုပ်ရတာချည်းပဲ၊ ခင်ဗျားတို့သည်းခြေ
ရူးသလို ဖြည့်နေရတာဟာ သူနှိပ်စက်တာကိုမသိလို့ဘဲ၊ မသိလို့သားဝတ် သမီးဝတ် လင်ဝတ်၊ မယားဝတ်
တွေ ပြုနိုင်ကြတာပေါ့၊ တချို့များမပြုစုရမှာ စိုးလို့တောင် သူများသားသမီးတွေကို လိုက်ရှာပြီးမွေးစားချင်
ကြသေးတယ်၊ ဒါကြောင့် ပုထုဇဉ်ဆိုတာ အရူးလို့ပြောတာ။ မွေးတဲ့အမေးကလဲ သားကျိုး သားရူးဆိုတော့
မစွန့်နိုင်ဘူး၊ မစွန့်ရက်ဘူးပေါ့ဗျာ၊ မစွန့်ရက်တဲ့အပြင် ပိုတောင်ချစ်လိုက်သေး၊ အချစ်ဆုံးလေးပေါ့ဗျာဒီတော့
ဒုက္ခသစ္စာကိုပင်လျှင် သမုဒယသစ္စာကအမြဲချစ်နေတော့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဟာဘယ်မှာပေါ်နိုင်ပါ့မ
လဲ၊ သူကအမြဲမပြတ် ဒုက္ခပေးနေပေမယ့် သမုဒယရဲ့ အပြစ်မမြင်တဲ့အပြင် ပို၍ပင်ချစ်ခင်နေတော့၊ ပီဠနဋ္ဌ
အမြဲနှိပ်စက်နေတဲ့ ဒုက္ခသစ္စာ ကွယ်နေပြီပေါ့၊ ဒုက္ခသစ္စာ၏ ပီဠနဋ္ဌ သဘောကိုသိမှ ဒုက္ခသစ္စာကို ပဋိဝေဓ
ဉာဏ်နဲ့ တကယ့်ကိုသိမှ"ဝိပ္ပလ္လသ"ဆိုတဲ့ အရူးကပျောက်မှာ၊ ဒီတော့သည်းခြေရူးက မဂ်ရေစင်တိုက်မှ
ပျောက်မယ်၊ မဂ်ရေစင်မတိုက်နိုင်ရင် မပျောက်ဘူး၊ မဂ်ရေစင်ဟာ သည်းခြေရူး ပျောက်တဲ့ဆေးပဲ၊ မဂ်မှတစ်
ပါး သည်းခြေရူး ဝမ်းတွင်းရူးပျောက်တဲ့ဆေးမရှိဘူး၊ မဂ်ကမှ ဝိပ္ပလ္လသပယ်နိုင်တာ၊ ဒီသည်းခြေရူးကို ဝိပဿ
နာဉာဏ်တွေကတောင်မပယ်နိုင်ဘူး၊ ဒါကြောင့် ဘုရားက မဂ်မရသေးသမျှ မဂ်မရသေးတဲ့ ပုထုဇဉ်ဟူသမျှ
"ဥမ္မတ္တက"အရူးချည်းပဲလို့ဟောတာ။
"အရူး..အကန်း..လူနာ"ရုပ်-နာမ်အမြွာပူးထဲက နောက်တစ်ယောက်က ရုပ်တရားပေါ့၊ သူကမျက်စိနှစ်ကွင်း
အလင်းမရတဲ့အကန်း၊ ပြီးတော့ သူငယ်နာဝမ်းပျက်ကပါသေး၊ ဒီတော့ ရုပ်တရားဟာ အကန်းလူမမာပေါ့၊
ဒီတော့ သူခိုင်းသမျှအလိုကျ ပြုစုရုံပဲပေါ့၊ ဓာတ်ကြီးလေးပါးဟာ ဘယ်တော့မှညီညွတ်တယ်မရှိဘူး၊ အမြဲ
ပျက်နေတာပဲ၊ ပထဝီဓာတ် ပျက်တော့ ဝမ်းလျှောတာပေါ့၊ ပထဝီဓာတ်ခိုင်နေရင် ဝမ်းချုပ်တာပေါ့၊ ရုပ်အ
ကန်းကလေး ဆိုတော့သူ့ခင်တဲ့ အမေကိုပဲခိုင်းမှာပဲ၊ အမေ့တာဝန်ချည်းပဲ၊ဗိုက်ထဲကဘာဖြစ်မှန်းမသိဘူး၊
ဝမ်းလျှောတော့ အမေကကြုံးရမှာပဲ၊ ရေတောင်းလဲပေး၊ ထမင်းတောင်းလဲပေး၊ အဝတ်တောင်းလဲပေး၊ ချမ်း
တယ်ဆို အဝတ်ထူထူထုပ်ပေး၊ အိုက်လှချည်ရဲ့ဆို အပါးထည်လဲပေးရ၊ ခင်တဲ့ပုဂ္ဂိုလ်က သူခိုင်းတာကိုခြွင်း
ချက်မရှိအကုန်လိုပ်ပေးရတယ်၊ သူ့ဝမ်းပျက်ဝေဒနာကလဲ ခဏခဏကျင်ကြီးစွန့်ရသေး၊ ခင်တဲ့ပုဂ္ဂိုလ်ကကြုံး
သာကြုံး၊ မညည်းနဲ့ မွေးမိတာကိုး။ ရုပ်တရားကြီးကို တော်တော်ကြာနဖူးစမ်းရ၊ ခြေဖျားစမ်းရ၊ လက်ဖျားစမ်း
ခြေလက်ကောင်းပေမယ့် အကန်းဖြစ်နေတော့ ဟိုဟာနဲ့တိုက်မိ၊ သည်ဟာနဲ့တိုက်မိ၊ ဒီတော့အမေက ပတ်
တီးစီးပေးရတယ်၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့ ဆုတောင်းပေမယ် သူကအကန်းဆိုတော့ တိုက်ချင်ရာတိုက်
လဲချင်ရာလဲလိုက်တာပဲ၊ ရုပ်ဓမ္မထုံးစံက ဖောက်ပြန်ချင်သလိုဖောက်ပြန်တော့၊ သူခင်တဲ့လူ သူခိုင်းသမျှလုပ်
ပေးပေရော့၊ နှိပ်စက်တဲ့သားသွားရော့ကွာလို့ နှင်ထုတ်ဖို့ကောင်းတယ်၊ ဒါပေမယ့် မနှင်ထုတ်နိုင်ဘူး၊ ပီဠနဋ္ဌ
သဘောမကျလို့၊ ပီဠနဋ္ဌော သဘောမကျရင်ပြုစုမြဲတိုင်း ရိုသေပေတော့၊ ဝတ်မပျက်ကြစေနဲ့၊ သစ္စာသိဆို
တာ သည်ကျအောင်သိမှ အဖိုးတန်တာ။
ရုပ်-နာမ်..သစ္စာအနက် ၁၆-ချက်ထဲက ပီဠနဋ္ဌော..ညှာတာမဖက် အမြဲနှိပ်စက်တတ်တဲ့ တစ်နံပတ်ကို သ
ဘောကျရင် ကျန်တာအကုန်သဘောကျတယ်၊ အခုခန္ဓာကိုယ်ကြီးဟာအကောင်းတစ်ခုမှ မပါဘူး၊ ရှိတာက
ရုပ်နဲ့နာမ်ပဲရှိတယ်၊ ရုပ်ဓမ္မက မျက်စိကန်းတာရယ်၊ သူငယ်နာဝမ်းပျက်တာရယ်၊ နာမ်ဓမ္မကတော့ ခြေကျိုး
လက်ကျိုး ဝမ်းတွင်ရူး၊ ခန္ဓာကြီးဟာ ဒီ ၂-ခုပေါင်းထားတာပဲ၊ ပေါင်းမိတော့ ခက်တာပဲ၊ အကုန်ပြုစုပေးနိုင်ဖို့
မလွယ်ဘူး၊ မပေါင်းခင်တုန်းကတစ်ခုစီဆို ပြုစုနိုင်ဦးမယ်၊ အခုတော့ ဒီဘက်သည်းခြေရူးအလိုလိုက်ရ၊ ဟို
ဘက်သူငယ်နာဝမ်းပျက် သွားကြုံးလိုက်ရ၊ ရုပ်နာမ်အစု ခန္ဓာကြီးဖြစ်ရပါလို၏ဆိုတော့ ၂-ယောက်မွေးပါရ
စေလို့ ဆုတောင်းတာပဲ၊ အခုတော့ အကျိုးနဲ့အကန်းဆုံမိပြီး တစ်ယောက်မှ အကောင်းမပါဘူး၊ ကိုယ်ရထား
တဲ့ခန္ဓာကြီးနော်၊ ကျိုးရကန်းရတဲ့အထဲ"သည်းခြေရူးနဲ့ ဝမ်းပျက်"ကပါလိုက်သေး၊ ဆုတောင်းပြည့်ထားတဲ့
သား ၂-ယောက်ကဖြင့် တစ်ယောက်မှကောင်းကျိုးမပေး အမြဲနှိပ်စက်နေတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့မှာ
တော့အသက်ကြီးတောင်နောင်တမရသေးဘူး၊ သည်းခြေပျက်..ဝမ်းပျက်..ဝမ်းတွင်းရူးကလည်းသေသည်
အထိရူးမှာ၊ သူငယ်နာဝမ်းပျက်ကလည်းသေအောင် ပျက်မှာပဲ၊ ခင်ဗျားတို့က နှိပ်စက်မှာချည်း ဆုတောင်းယူ
တယ်၊ နိဗ္ဗာန်မရမီစမ်ကြား ဒီအကျိုးနဲ့ဒီအကန်းနဲ့တွေ့ရ..ကြုံရ..ဆုံရပါလို၏..ဆိုတော့၊ ဒါ သစ္စာမသိလို့
တောင်းကြတာ၊ ပီဠနဋ္ဌ-၏ ကြောက်စရာကောင်းပုံကိုသိရင် တော်ပြီ တန်ပြီကွလို့လာမှာပဲ။
အခုတော့ အကျိုးနဲ့အကန်းကိုပဲ ခင်ဗျားတို့ဆုတောင်းယူကြတယ်၊ ရုပ်နာမ်ဆိုတဲ့ အကျိုးနဲ့အကန်း ပေါင်းမိ
တော့သွားချင်တဲ့နေရာသွားမှာပဲ၊ တစ်ယောက်ကအပေါ်ကလမ်းပြ တစ်ယေက်ကအောက်ကသွား၊ ၃၁-ဘုံ
မှာ အကုန်လျှောက်သွားမှာပဲ၊ အရမ်းသွားမှာပဲ၊ အရမ်းသွားတော့ အမေဖြစ်သူက ရုပ်အလိုလိုက်ရ၊ နာမ်အ
လိုလိုက်ရနဲ့ အပါယ်လေးပါး ဒယ်အိုးထဲဆင်းလိုက်ရတာပဲ၊ ဒိသားဆိုး ၂-ယောက် နှိပ်စက်တာမသိတော့၊
၃၁-ဘုံအတွင်း အကောင်းအဆိုး မရွးနဲ့တော့၊ တို့နေရာချည်းပဲသာမှတ်ပေတော့၊ ကျင်ကြီးပုံလည်းတို့နေရာ
ရေပုပ်ထဲလည်းတို့နေရာပဲ၊ ပိုးလောက်ဖြစ်ရဦးမှာကိုး၊ အိပ်ရာထဲရောက်ရင် ဟိုဟာစိတ်ကူး၊ ဒီဟာစိတ်ကူး၊
သားကူး..သမီးကူး..ဆွေကူး..မျိုးကူးနဲ့စုံလို့ပေါ့၊ ဒီ စိတ်ကူးတွေဟာ ဘာတုံး၊ သည်းခြေရူးထနေတာ၊ မနက်
မိုးလင်းတော့ ညအရူးထထားတဲ့အတိုင်း နှစ်ယာက်ပေါင်းပြီး ကားနဲ့ဟိုသွားလိုက် ဒီသွားလိုက်နဲ့၊ ခြေလျင်
ပြေးလိုက်နဲ့၊ ခင်တဲ့အမေကတော့ဘေးကင်းမှကင်းပါ့မလားနဲ့ စိုးရိမ်နေရတာပဲ၊ သည်းခြေရူးကလဲ မဟုတ်
တာမှကြိုက်တာ၊ စီးပွားရှာမယ်ဆိုဘယ်သွားရ သွားရ၊ သေချင်သေပစေ သူကကြိုက်တယ်၊ သစ္စာတရား
တွေဟောရင် သူကမကြိုက်ဘူး၊ ရုပ်ကလဲသားဆိုး၊ နာမ်ကလဲသားဆိုး၊ ဒီတော့သားဆိုးအမေ တပေပေပေါ့
သူတို့က သေသည်အထိ နှိပ်စက်မှာ၊ ဒီတော့ သေသည်မထိသူ့ဒဏ်ခံပေါ့၊ ဒုက္ခခံပေါ့၊ ဆုတောင်းခဲ့တာကိုး၊
ဒီလောက်မညှာမတာ အမြဲနှိပ်စက်နေသောကြောင့် ရုပ်နာမ်ဓမ္မကဖြင့် ဒုက္ခသစ္စာအစစ်ပါပဲ၊ ဝိပဿနာကု
သိုလ်က ကျေးဇူးပြုလိုက်တဲ့ မဂ်ကုသိုလ်ကျမှ ရုပ်ရော နာမ်ရော ဒုက္ခသစ္စာတွေဆိုတာ သဘောကျတာ၊
ဆရာသမားကောင်းက ဟောတဲ့တရားတွေ မနာရသရွေ့ ဒီရုပ်နာမ်က နှိပ်စက်နေ ဒုက္ခပေးနေတယ်လို့မ
ထင်ဘူး၊ မသိဘူး၊ နှိပ်စက်နေမှန်းမသိလို့ ခင်ဗျားတို့ခင်နေတာ လိုချင်နေတာ၊ သိရင်မခင်တော့ဘူး၊ မလို
ချင်တောဘူး၊ နှိပ်စက်မှန်းသိတာက မဂ်ဉာဏ်၊ နှိပ်စက်မှန်းသိလို့ မလိုချင်ရင် ယခင်ကသူခင်နေတဲ့အမေ
ဖြစ်တဲ့ တဏှာကသေသွားတယ်၊ ဒီ တဏှာအမေသေသွားတဲ့အခါ၊ သားဆို ၂-ယောက်လဲပြုစုပေးမယ့်သူ
မရှိတော့သူတို့လဲ နောက်ဆုံးသေကြရတော့မှာပဲ၊ ဒီတော့ ဒုက္ခချုပ်ငြိမ်းထာဝရအေးငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာ
ရောက်သွားမှာပဲ။

                                                  ဤကောင်းမှုကုသိုလ်ကံ
                                        စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                        ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                အထောက်အပံ့ပစ္စည်းအဖြစ်ဖြင့်
                                                    တည်ရှိပါစေသတည်း

                                                                   အရှင်ဉာဏဓဇ
                                                     မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                          ပင်မသံဝေဇနိယဌာန

No comments:

Post a Comment