Friday, June 28

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဓိပတိသုံးပါးထား၍ အားထုတ်ပါ

         တရားဆိုတာ ဆုတောင်းနဲ့မရဘူး၊ ဝီရိယအားစိုက်မှရတယ်လို့ မှတ်ထားကြပါ၊ မာန်ကလေးလည်း
တက်ပေးရတယ်၊ ဒီမာန်သည်ကားဆိုလို့ရှိရင်ဖြင့် မာနတော့မာနပဲ၊ မာနပင်ဖြစ်သော်ငြားလည်း နိဗ္ဗာန်
ကျေးဇူးပြုတဲ့ မာနလို့ မှတ်ရမယ်။
        (၁)   တရားအားထုတ်သော ပုဂ္ဂိုလ်များမှာ ဖြစ်ပျက်ကိုရှုတဲ့ ပုဂ္ဂိုလ်မှားမှာ မိမိကိုယ်ကို
                အကြီးအကဲထား၍ အားထုတ်ရမယ်။
        (၂)   နံပါတ်က သူတပါးကို အကြီးအကဲထား၍ တရားအားထုတ်ရမယ်။
        (၃)   နံပါတ်က မြတ်စွာဘုရားတရားတော်ကို အကြီးအကဲထား၍ တရားအားထုတ်ရမယ်
                အကြီးအကဲဆိုတာ အဓိပတိထားရမယ်။      (အင်္ဂုတ္ထိုရ်ဠိတော်)။
(၁) နံပါတ်ကိုပြောပါမယ်၊ ဪ ဝတ်စရာ၊ စားစရာ၊ နေစရာ၊ ထိုင်စရာ၊ ဟို..ဘဝ ဒီဘဝလိုချင်လို့ တရားအား
ထုတ်တာ မဟုတ်ဘူး၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ဘေးသုံးဘေးကို မတွေ့ချင်၊ မကြုံချင်လို့တရား အားထုတ်
တာ၊ မိမိကိုယ်ကို မြှောက်ပင့်ပြီးသကာလထားရမယ်၊ မိမိကိုယ်ကို အဓိပတိထားပြီး အားထုတ်တဲ့အတွက်
ဝီရိယပြင်းထန်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာုဏ်ပေါ်နိုင်တယ်။
        (၂) နံပါတ်က တရားအားထုတ်နေတုံး၊ လို့ချင်တဲ့စိတ် ဗျာပါဒဆိုတဲ့ကြောင့်ကြမှုတွေ ဝင်လာတယ်ဆို
ပါတော့၊ မင်းသည် အရှက်အကြောက်မရှိဘူး၊ မင်းမှာကြည့်စမ်း ကာမဝိတက်ဆိုတဲ့ လောဘဝင်လာတယ်၊
ဗျာပါဒဆိုတဲ့ ဒေါသအနုစားဝင်လာတယ်၊ ဝိဟံသဝိတက်ဆိုတဲ့ ဒေါသအကြမ်းစားဝင်လာတယ်၊ မင်းတရား
အားထုတ်နေတာ၊ ကြည့်စမ်း၊ မင်းဝင်လာတဲ့ ဝိတက်တွေက၊ သူတော်ကောင်းအလုပ်ဟုတ်ပါရဲ့လားလို့
ကိုယ့်ကိုယ်ကိုမေးပါ။
        အဲဒီတော့ မင်းက ထိုင်ပုံကတော့၊ သူတော်ကောင်းအလုပ်၊ သူများကကြည့်လိုက်ပြန်လဲ သူတော်
ကောင်းလုပ်၊ မင်းဝမ်းထဲရှိတာတွေကတော့ လောဘရယ်၊ ဒေါသအနုစားရယ်၊ အကြမ်းစားရယ်၊ ဝင်လာ
တယ်၊ မင်းနှယ်ကွာ အရှက်အကြောက်မရှိလိုက်တာ၊ မင်းက မသိဘူးထင်နေတယ်၊ မင်းကိုယ်စောင့်နတ်
ကသိတယ်၊ မင်းတရား အားထုတ်တာမဟုတ်ဘူးဆိုတာ၊ မင်းကိုယ်စောင့်နတ်က သိတယ်၊ သူတပါးစိတ်ကို
သိတဲ့ နတ်တွေကသိတယ်လို့၊ သူ့ကိုမြည်တွန်ပေးရမယ်၊ ဒါတင်မကသေးပါဘူး၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ
က မင်းတရားအားထုတ်တယ်ဆိုပေမဲ့၊ မင်းသဏ္ဍာန်မှာ ဝိတက်တွေဗရပွေနဲ့ အကုသိုလ်ကြေးတွေကပ်နေ
တယ်ဆိုတာ မင်းကိုမြင်ကြပါတယ်၊ မင်းဟာတယ်ဖျင်းပါလားဆိုပြီး ဖြစ် ပျက်ရှုပစ်ပါ၊ သူတပါးကိုရှက်တာ၊
သံသရာကိုကြောက်တာနဲ့ပဲ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်သွားသတဲ့ဗျာ။
        (၃) နံပါတ်က မြတ်စွာဘုရားတရားတော်ကို အဓိပတိထားပြီး ကြိုးစားရမယ်၊ သွာက္ခာတော ဘဂဝ
တာဓမ္မောဆိုတော့၊ မြတ်စွာဘုရားဟောတော်မူတာက ကောင်းစွာဟောတော်မူတဲ့တရား၊ သန္ဒိဋ္ဌိကောဆို
တာ ကိုယ်တိုင်မြင်တဲ့တရား၊ အကာလိကောဆိုတာက အခုမဂ်ရရင်၊ အခုဖိုလ်ရတယ်လို့ပြောတာ၊ အခု
ဝိပဿနာ မဂ်ဝင်လာရင်၊ အခုပဋိစ္စသမုပ္ပါဒ်ပြတ်တယ်လို့ပြောတာ။ ကောင်းစွားဟောတဲ့ တရားဟာလည်း
မင်းသည် တရားအားထုတ်ရင်းတောင်စိတ်မြောက်စိတ်တွေ ဝင်လာလို့ရှိရင် မင်းအတွက်မှာတော့ အချည်း
နှီးဖြစ်နေတာပဲ၊ ကိုယ်တိုင်မြင်ရမယ်လို့ ဟောတာလဲ မင်းမမြင်ဘူးဆိုတော့ မင်းကျမှပဲ ဘုရားဟောတော်
မူတဲ့ တရားသည်ကား အချည်းနှီးဖြစ်နေတော့ ဘုရားသည် နှစ်ခွန်းသော စကားကိုမသုံး၊ တစ်ခွန်းတည်းနဲ့
အမှန်သုံးတဲ့ ကိုယ်တော်၊ တရားတောင် မင်းကျတော့ အချည်းနှီးဖြစ်ရတယ်ဆိုတော့၊ မင်းအပြစ်ဟာ တယ်
ကြီးပါလား၊ တရားကို အဓိပတိထားရမယ်။
        တရားက ဒီလိုရှိပါလျှက်သားနဲ့ မင်းမှာ မရဘူးဆိုတဲ့ ဥစ္စာ၊ မင်း..ဖျင်းလို့၊ မင်း..ပျင်းလို့၊ မင်း..နေရာမကျ
လို့ ဖြစ်တာ၊ စွဲချက်တင်ရမယ်နော်၊ ဧဟိပဿိကော တရားက ခဏခဏခေါ်နေတယ်၊ သူ့ရှုပါ၊ သူ့ရှုပါလို့
အဲဒီတော့ တရားက အမှန်ခေါ်တတ်တဲ့တရား၊ မင်းမမြင်ဘူး၊ မင်းဖြင့်ခေါ်ဖော်မရဘူးဆိုတော့ မင်းအပြစ်ပဲ၊
ဆုံးဖြတ်ချက်ချလိုက် တရားတော်ကို အဓိပတိထားပြီး၊ မင်းဝီရိယ ညံ့လို့ပဲဆိုပြီး ဝီရိယတိုးချဲ့ကြိုးစားလိုက်
ပါ၊ ဒီလိုဆိုရင် တစ်မဂ် တစ်ဖိုလ်ဆိုက်ရမယ်လို့ အင်္ဂုတ္ထိုရ်ပါဋ္ဌိတော်မှာ ဟောတယ်။
        ပဋိစ္စသမုပ္ပါဒ်စကြစို့ တရားနာနေတဲ့ ခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာ၊ ကိုယ့်ဟာကိုယ် ပြန်ကြည့်တဲ့ ဉာဏ်
ကမဂ္ဂသစ္စာ၊ အို၊ နာ၊ သေဟာ ဘယ်ကလာသတုံး၊ ဇာတိကလာတယ်၊ ဒါဖြင့် ဇာတိက သမုဒယသစ္စာ၊
ဇရာမရဏက ဒုက္ခသစ္စာ၊ ခုနက နှစ်ပါးနဲ့ပေါင်းတော့ တစ်ပါးတိုးလာတယ်၊ သစ္စာပေါင်းသုံးပါးသိရတယ်၊
ဇာတိကြောင့် (ဇရာမရဏဖြစ်ရပါတယ်)၊ ဒါဖြင့် "ကြောင့်" ပါတာက သမုဒယသစ္စာ၊ "ဖြစ်" ရတာက (ဒုက္ခ
သစ္စာပါ)၊ ဇာတိနဲ့ ဇရာမရဏချုပ်လို့ ရှိရင်တို့ ဒုက္ခခပ်သိမ်းမှာပဲလို့ ဉာဏ်ထဲ မဝင်းစားဘူးလား၊ ချုပ်ရာသည်
ချမ်းသာတဲ့နေရာပဲလို့ မှတ်နိုင်တယ်၊ ချမ်းသာတဲ့နေရာက နိရောဓသစ္စာ၊ ချမ်းသာတဲ့နေရာရောက်မှ အေးမှာ
ပဲလို့သိတာက မဂ္ဂသစ္စာ၊ သစ္စာလေးပါးရပြီ။
        ဘယ်သူ့ကြောင့် ဘုရားဖြစ်သတုံး၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ်၊ ဘုရားဖြစ်ကြောင်းက
ဘယ်သူ့ကြောင့်ဖြစ်တာတုံး၊ ဇရာမရဏကြောင့်ဖြစ်တယ်၊ ဘုရားအဖြစ်ကို ကြိုးစားခြင်း၏အကြောင်း ဘယ်
သူပါလိမ့်၊ ဇရာမရဏဖြစ်တယ်၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဘုရားဖြစ်တာသည် နောက်မှပါ၊
ဇာတိက သမုဒယသစ္စာ၊ ဇရာမရဏက ဒုက္ခသစ္စာ ဒီသစ္စာနှစ်ပါးမချုပ်သရွေ့ ဆင်းရဲနဲ့ခွဲရလိမ့်မယ် မထင်
နဲ့။ ဇာတိသည်၊ ကမ္မဘဝကြောင့်ဖြစ်တယ်၊ ကမ္မဘဝဆိုတာ ကာယကံ၊ ဝစီကံ၊ မနောကံ ကံတွေကြောင့်
ဒုက္ခရောက်နေတာကိုး၊ ကမ္မဘဝက ဥပါဒါန်ကလာတယ်၊ ဥပါဒါန်ကြောင့် ကံဖြစ်တာကိုး၊ ဇရာမဏကလည်း
ဒုက္ခသစ္စာ၊ ဇာတိကလည်း ကမ္မဘဝနဲ့ ထောက်လိုက်တော့ ဒုက္ခသစ္စာ၊ ကံကလည်း ဥပါဒါန်နဲ့ ထောက်လိုက်
တော့ ဒုက္ခသစ္စာ၊ တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်၊ တဏှာက ဝေဒနာကလာတယ်၊ တဏှာသည်ပင်လျှင်
ဖြစ်ပျက်ဖြစ်လေသောကြောင့် ဒုက္ခသစ္စာပဲ၊ ဝေဒနာက ဘယ်ကလာ၊ ဖဿကလာတယ်၊ ဖဿကဘယ်က
လာ...သဠာယတနကလာတယ်၊ သဠာယတနက ဘယ်ကလာလိမ့်မတုံး၊ နာမ်ရုပ်ကလာတယ်၊ နာမ်ရုပ်က
ဘယ်ကလာ၊ ဝိဉာဏ်ကလာတယ်၊ ဝိဉာဏ်ကဘယ်ကလာ သင်္ခါရကလာတယ်၊ သင်္ခါရက ဘယ်ကလာ
အဝိဇ္ဇာကလာတယ်၊ အဝိဇ္ဇာက သမုဒယသစ္စာ။
        တရားနာနေတုံး ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိသတုံး၊ ငါးမျိုးရှိတယ်၊ ဝိပဿနာအလုပ်လုပ်၊ မလုပ်ရင်
ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူးလို့ ဟောရမယ်။ အနာဂတ်အကြောင်း သုံးခုရှေ့နားမှာ မဂ်ဝင်မှ၊ မဂ္ဂသစ္စာ ဒီနေရာ
ထားလိုက်လို့ရှိရင် ဒီဘက်ကဟာတွေ အကုန်ချုပ်တယ်လို့ မသိဘူးလား၊ သိတယ်၊ အဲဒါက နိရောဓသစ္စာသိ
တာ၊ ဆရာဘုန်းကြီးကလဲပြောတယ်၊ ဝေဒနာနဲ့ တဏှာကြားမှာ သောတပန်တည်အောင်လုပ်လို့ဆိုတော့
မဂ်သွင်းလိုက်လို့ ပြောတာပေါ့၊ နိရောဓသစ္စာ နိဗ္ဗာန်ဆိုတာ ယခုအားထုတ် ယခုနိဗ္ဗာန်ရနိုင်တယ်၊ မဂ္ဂင်
ငါးပါးနဲ့ ပြည့်စုံတဲ့ယခုခဏ နိရောဓနိဗ္ဗာန်ရပါတယ်၊ ရှစ်ပါးပြည့်အောင် အားထုတ်ရင် သေသေချာချာ
သောတာပတ္တိမဂ်မြင်တဲ့ နိဗ္ဗာန်ရတာပေါ့။
        နိဗ္ဗာန်ရှာချင်ရင် ခန္ဓာကိုယ်မှာရှာရမယ်၊ အနာဂတ်ခန္ဓာကိုယ်မှာ သွားရှာနေရင်အပိုပဲ၊ အတိတ်ခန္ဓာ
ကိုယ်ရှိရဲ့လား...မရှိပါဘူး၊ ပစ္စုပ္ပန်ခန္ဓာထဲမှာ နိဗ္ဗာန်ရှာပါ၊ နိဗ္ဗာန်ကို မင်းတို့တခြားရပ်၊ တစ်ခြားတိုင်းပြည်
တွေမှာ ရှိလိမ့်မယ်လို့မရှာပါနဲ့၊ ဘယ်မှာရှာမတုံး..(တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာရှာရပါမယ်)၊
ပုတီးလည်ပင်းစွပ်ပြီး မေ့နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့တွေ့မှာတုံး၊ တစ်လံမျှလောက်သော ခန္ဓာထဲမှာ
ပဋိစ္စသမုပ္ပါဒ်ဘယ်နှစ်မျိုးရှိသတုံး (ရှစ်မျိုးရှိပါတယ်ဘုရား)၊ ရောဟိတသ နတ်သားလျှောက်လို့ ဘုရားက
ဖြေတာ၊ ဝေဒနာနဲ့ တဏှာကြားက ရှတော့ကို နိဗ္ဗာန်ကို အထူးရှာမနေနဲ့၊ သူရှေ့နားက ငါးခုကိုတစ်ခုခု
ဖြစ်ပျက်သာ ရှုလိုက်၊ နိဗ္ဗာန် အလိုလိုပေါ်တယ်၊ ရှင်ပြီးလား (ရှင်ပါပြီးဘုရား) ။            ။

                               ဤကောင်းမှုကုသိုလ်ကံ
             စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
             ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                          အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                    တည်ရှိပါစေသတည်း ။

                                                                                                        အရှင်ဉာဏဓဇ
                                                                                      မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                   ပင်မသံဝေဇနိယဌာန
                                                                                                           အမရပူရမြို့ ။          ။

No comments:

Post a Comment