Tuesday, July 2
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပုဒ်စက်ဝိုင်းရှင်းတန်း
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  ပဋိစ္စသမုပ္ပဒ် စက်ဝိုင်းလည်ပုံလေးကို ပုံမှာဖေါ်ပြထားသလို တစ်သွယ်ခြင်း
ဆီ ရှင်းပါတယ်  တစ်သွယ်ခြင်းဆီ လို့  ဆိုထားတော့  သူက ရှစ်သွယ်ရှိတာပါ
                   ပထမဆုံးအနေနဲ့    လင်္ကာလေးကို တင်ပေးပါ့မယ်
မူလနှစ်ဖြာ။သစ္စာနှစ်ခု။ လေးခုအလွှာ။အင်္ဂါတစ်ဆယ်နှစ်ပါး။တရားကိုယ်များနှင့်။သုံးပါးအစပ်။
နှစ်ရပ်မူလ။ဝဋ်သုံးဝနှင့်။ကာလသုံးဖြာ။ခြင်းရာနှစ်ဆယ်။ဤရှစ်သွယ်ကို ။အလွယ်ကျက်မှတ်။
သိစေအပ်သည်။သံသရာမှလွတ်ကြောင်းတည်း။
   ဒါလေး က လင်္ကာ နံပါတ်(၂) ပါ  လင်္ကာနံပါတ်(၁)ကိုတော့မဖေါ်ပြတော့ပါဘူး  (၂) က ရွတ်ရတာ
ပိုပြီးအဆင်ချောလို့ ဖြစ်ပါတယ်။ဤရှစ်သွယ်လို့ ဆိုထားလို့   အဲ့ဒီရှစ်သွယ်ကို  နံပါတ်စဉ်နဲ့ရှင်းပေးချင်
ပါတယ်။ဘာတစ်ခုမှ အခြေခံတောင်မသိသေးတဲ့သူတွေအတွက် အသုံးဝင်စေချင်လို့ ပါ။
(၁)မူလနှစ်ဖြာ=အ၀ိဇ္ဇာ။တဏှာ
(၂)သစ္စာနှစ်ခု=သမုဒယသစ္စာ။ဒုက္ခသစ္စာ
(၃)လေးခုအလွှာ=အတိတ်အကြောင်းတစ်လွှာ။ပစ္စုပ္ပန်အကျိုးတစ်လွှာ။ပစ္စုပ္ပန် အကြောင်းတစ်လွှာ။
                        အနာဂတ် အကျိုးတစ်လွှာ။
(၄)အင်္ဂါတစ်ဆယ့်နှစ်ပါ.=အ၀ိဇ္ဇာ။သင်္ခါရ။ဝိညာဏ်။နာမ်ရုပ်။သဠာယတန။ဖဿ။ဝေဒနာ။
                                  တဏှာ။ဥပါဒါန်။ကမ္မဘ၀။ဇာတိ။ဇရာမရဏ။
(၅)သုံးပါးအစပ်=သင်္ခါရ နှင့်ဝိညာဏ် တစ်စပ်။ဝေဒနာ နှင့်တဏှာ တစ်စပ်။ ကမ္မဘ၀ နှင့်ဇာတိ တစ်စပ်။
(၆)၀ဋ်သုံးဝ=ကိလေသ ၀ဋ်။ကမ္မ၀ဋ်။ဝိပါက ၀ဋ်
(၇)ကာလ သုံးဖြာ=လွန်လေပြီးသောအတိတ်ကာလ။ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ။
                         နောင်ဖြစ်လတ္တံ အနာဂတ်ကာလ
(၈)ခြင်းရာ နှစ်ဆယ်=အတိတ်အကြောင်းခြင်းရာငါးပါး(၁-ကွက်)။ပစ္စုပ္ပန် အကျိုးခြင်းရာငါးပါ(၂-ကွက်)
                           ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်)။အနာဂတ် အကျိုးခြင်းရာငါးပါ(၄-ကွက်)
                       အဲ့ဒီရှစ်သွယ်ကို သိမှတ်ပွားများပြီးပယ်သတ်နိုင်ရင် နိဗ္ဗာန်ကိုရောက်မယ်လို့ ဒီလိုဆို
ထားတာဖြစ်ပါတယ်။
      ပထမဆုံးတစ်သွယ်ဖြစ်တဲ့  မူလနှစ်ဖြာ  မှာ အ၀ိဇ္ဇာနဲ့တဏှာကိုဖေါ်ပြထားတယ် 
 အဲ့ဒီ မူလနှစ်ဖြာ ကြောင့် ဘ၀ ဘ၀တွေ မရပ်မနားကျင်လည် ခဲ့ပါတယ်။ အ၀ိဇ္ဇာ ဆိုတာ မသိတာကို
ခေါ်ပါတယ် ဘာကိုမသိတာလည်းဆိုရင်သစ္စာကိုမသိတာပါ  ဘယ်လိုသစ္စာလည်းဆိုရင်
ဆင်းရဲတယ် ဆိုတဲ့ အမှန်တရားကိုမသိတာကိုပြောတာပါ။ဆင်းရဲတာကို ဆင်းရဲတယ်လို့ မသိပဲ
ချမ်းသာတယ်လို့ ထင်မြင်ပြီး ပင်ပင်ပန်းပန်းကြိုးစားနေကြတယ်။အဲ့လိုမသိလို့ အ၀ိဇ္ဇာလို့ ခေါ်တာဖြစ်တယ်
ဆင်းရဲမှန်းမသိတော့ လိုချင်ရချင်တယ်  လိုချင်ရချင်တာ တဏှာဖြစ်တယ် တဏှာကို တဏှာမှန်းလဲမသိ
တော့ အဲ့ဒီမသိတာက အ၀ိဇ္ဇာဖြစ်တယ်  အ၀ိဇ္ဇာ မသိခြင်းကြောင့် တဏှာဖြစ်တယ်  တဏှာကြောင့်
အ၀ိဇ္ဖာဖြစ်တယ်  ဒီနှစ်ခု ကြောင့် သံသရာမှာလည်တယ်။
    အ၀ိဇ္ဇာကြောင့်တဏှာဖြစ်တယ်  တဏှာကြောင့်အ၀ိဇ္ဇာဖြစ်တယ်   ဒါက မူလ နှစ်ဖြာပါ
သံသရာက ဘယ်ကစတယ် ဆိုတာကို မြတ်စွာဘုရားတောင်မဟောနိုင်ပါဘူး  ဒီမူလ နှစ်ဖြာ
ကြောင့် သံသရာလည်ရတယ်လို့ ပဲပြောနိုင်ခဲ့ပါတယ် ။
    ပဋိစ္စသမုပ္ပဒ်(၂) ကတော့   ဒုက္ခ သစ္စာ နဲ့သမုဒယ သစ္စာပဲဖြစ်ပါတယ်အစိမ်းရောင်လေးနဲ့
ဒုက္ခ သစ္စာ ဆိုတာ ဆင်းရဲခြင်းအမှန်တရားကိုဆိုတာပါ
သမုဒယ သစ္စာ ဆိုတာ  ဆင်းရဲဖြစ်စေကြောင်း အမှန်တရားကိုဆိုတာပါ
 သတ္တ၀ါတွေဟာ  ဆင်းရဲတာကိုဆင်းရဲမှန်းမသိလို့ချမ်းသာတယ်လို့ ပဲမြင်လို့
လိုချင်ရချင်ပါတယ် လိုချင်ရချင်တဲ့ တဏှာစိတ်ကြောင့်   ဆုတွေတောင်းကြပါတယ်
ဆုတွေတောင်းတာက သမုဒယ သစ္စာပါ သမုဒယ သစ္စာကို  ကိုယ်က လုပ်တော့
ဒုက္ခသစ္စာရပါတယ်။
 ဥပမာအနေ နဲ့ပြောရရင်  လူ့ပြည့်ထက် နတ်ပြည့်က  ပိုပြီးချမ်းသာတယ်လို့ တွေးပြီး
နတ်ပြည့်ရောက်ကြောင်းကိုကြိုးစားတယ် နတ်ပြည်ကိုခင်တွယ်တယ် ပိုကောင်းတယ်ဆိုပြီး
ခင်တွယ်တာ  ဒါက သမုဒယ သစ္စာကို တည်ဆောက်တာ
      အဲ့ဒီသမုဒယသစ္စာကို တည်ဆောက်ပြီးကြိုးစားလိုက်တာ   နတ်ပြည်တကယ်ရောက်သွားတယ်
နတ်ပြည်ရောက်တာကိုချမ်းသာတယ်လို့ ဒီလိုတွေးတာ တကယ်ချမ်းသာသလား ဆိုတော့
သေချာစဉ်းစားကြည့်                ကိုယ်ဖြစ်ချင်တာဖြစ်လို့ချမ်းသာတယ်လို့ ယူဆထားတဲ့
နတ်ပြည့်ချမ်းသာကို ပျော်ပါးနေရတော့ချမ်းသာတယ်လို့ ထင်တာပေါ့
အဲ့လိုပျော်ပါးနေတုံး   ဘယ်သူသေချင်မလဲ   သေတယ် ဆိုတဲ့အလုပ်ကို ဘယ်သူမှမလုပ်ချင်ဘူး
မလုပ်ချင်တာကို လုပ်ရတာ မဖြစ်ချင်တာကိုဖြစ်ရတာ ဆင်းရဲတယ်   နတ်ပြည်ကလဲ နတ်သက်ကြွေ
တာပဲ ဆိုတော့  ချမ်းချမ်းသာသာလေး  စည်းစိမ်ခံစားနေရတာကို ဘယ်သူမှမစွန့်လွတ်ချင်ဘူး
မစွန့်လွတ်ချင်ပေမယ့်  အချိန်တန်ရင်နတ်သက်ကြွေရတယ် မသေချင်ပဲသေရတယ်  ကဲ
ဒါဟာ ဆင်းရဲခြင်းပဲ   ဆင်းရဲတာကိုမသိပဲ နတ်ပြည်ချမ်းသာတယ်လို့ တွေးပြီးနတ်ဖြစ်တာ
နတ်ပြည်လည်းဆင်းရဲတာပဲ ဆင်းရဲကလွတ်တာမဟုတ်ဘူး လူပြည်လောက လို ပင်ပင်ပန်ပန်းတော့
မနေရမစားရဘူး ဒါပေမယ့် သူလည်းသေတာပဲ ဆိုတော့ ဆင်းရဲတာပဲဖြစ်တယ်
 ဆင်းရဲမှန်းမသိပဲချမ်းသာတယ်လို့ ထင်နေတာ  အဲ့ဒါ အ၀ိဇ္ဖာပါ  ဆင်းရဲမှန်းမသိတာ  အ၀ိဇ္ဇာ
ဆင်းရဲမှန်း မသိတော့ ချမ်းသာတယ်လို့ ပဲထင်ပြီးလိုချင်ရချင်တယ်  တဏှာ ၀င်တာပါ
လိုချင်ရချင်တဲ့စိတ်ပဲဖုံးလွှမ်းနေတော့  ဆင်းရဲတယ်ဆိုတာကိုမမြင်မသိတော့ဘူး အ၀ိဇ္ဇာ ပါ
အ၀ိဇ္ဇာကြောင့်တဏှာဖြစ်တယ်   တဏှာကြောင့် အ၀ိဇ္ဖာ ဖြစ်တယ်။
  ဒုက္ခ သစ္စာကိုဒုက္ခသစ္စာမှန်းမသိဘူး  မသိတော့  သမုဒယ သစ္စာနဲ့တောင့်တတယ်
တောင့်တ တဲ့အတိုင်းဖြစ်လာတော့ကော ချမ်းသာသလား  မချမ်းသာဘူး  ဆင်းရဲတယ်
ဒီလိုနဲ့ ဆင်းရဲမှန်းမသိဖြစ်ပြီးဆင်းရဲတာတွေတောင့်တ  ဆင်းရဲတယ်ဆိုပြီးချမ်းသာမယ်ထင်တာ
တွေတောင့်တ  ချမ်းသာတယ်ထင်တဲ့ဟာတွေကလည်းဆင်းရဲ လည်နေတာကိုလည်းမသိ
မသိပဲလိုချင် လိုချင်တာတွေရပြီးဆင်းရဲ  ဆင်းရဲတာကနေ  လွတ်ကိုမလွတ်တော့တာပါ။
    ဆင်းရဲတာကိုမသိတော့ ဆင်းရဲတာကိုချမ်းသာတယ်ထင်ပြီးခင်တွယ်  သမုဒယ သစ္စာ အလုပ်တွေ
လုပ်ကြတယ်    တောင့်တတာတွေရလာတယ်သမုဒယ သစ္စာပြည့်တယ် ချမ်းသားလားဆိုတော့လည်းမချမ်းသာဘူး  ဆင်းရဲတယ်  ဒုက္ခသစ္စာကြီးပဲရတယ်
သမုဒယသစ္စာ နဲ့  ဒုက္ခသစ္စာ ဆိုတာ ခန္ဓာ ရနေသမျှ ကာလပတ်လုံး  လည်နေမှာပဲဖြစ်တယ်
နိဗ္ဗာကိုမျက်မှောက်မပြုနိုင်သမျှ ကာလပတ်လုံး  ဖြစ်နေအုံးမှာပါ။
ပဋိစ္စသမုပ္ပဒ်(၃)     ကတော့     အလွှာတွေပါ
အတိတ် အကြောင်း တစ်လွှာ၊ပစ္စုပ္ပန် အကျိုးတစ်လွှာ၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ
အနာဂတ် အကျိုးတစ်လွှာ    ဆိုပြီး လေးလွှာရှိပါတယ်။
အတိတ် က အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးဖြစ်ရတယ်
ပစ္စုပ္ပန်မှာ ပြု ခဲ့တဲ့အကြောင်းကြောင့် အနာဂတ်မှာ အကျိုးဖြစ်ရအုံးမယ်  ဒါလေးတွေက  အလွှာ အဖြစ်နဲ့
ဖုံးအုပ်နေတာဖြစ်တယ်  အဲ့ဒီလိုအကျိုးသက်ရောက်မှူရှိတယ်ဆိုတာကိုသိခြင်းဖြင့် ဘ၀ကိုနားလည်လာမယ်
 ဘ၀တွေရနေတယ် ဖြစ်ပျက်ရတာခြင်း ကွဲပြားနေတယ် လက်ရှိပိုင်ဆိုင်ရတဲ့      ကုသိုလ်ခြင်းကွာခြားနေ
တယ် ဆိုတာတွေဟာ အတိတ် က အကြောင်းတွေကြောင့်ပါပဲ အတိတ် က ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်
တွေ ရဲ့အကျိုး ကို ခု ပစ္စုပ္ပန်မှာ အကျိုးခံစားနေရတာ ဖြစ်ပါတယ်  နောက်ထပ်ပြီးတော့
ပစ္စုပ္ပန်မှာပြုတဲ့ ကုသိုလ် အကုသိုလ်ရဲ့ အကြောင်းကြောင့် အနာဂတ်မှာ အကျိုး ပြန်ဖြစ်ရအုံးမှာ ဖြစ်ပါတယ်
အဲ့ လိုတွေဖြစ်တယ် ဆိုတာ မသိအောင် လို့  ဖုံးလွှမ်းထားတဲ့အတွက်  အလွှာလို့ ပြောတာပါ
ဒီအလွှာလေးတွေကိုများ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ နိဗ္ဗာန် ရွှေပြည်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်
အတိတ်အကြောင်းလွှာကြောင့် ပစ္စုပ္ပန်မှာ အကျိုးဖြစ်နေတာလေးကိုသိပြီး အနာဂတ် အကျိုးတစ်လွှာ
အတွက် ပစ္စုပ္ပန် အကြောင်းတစ်လွှာကို ခွါချ နိုင်ရင်  အကောင်းဆုံးဖြစ်ပါလိမ့်မယ်
အလွှာလေးများ ခွါချနိုင်ကြပါစေ။
ပဋိစ္စသမုပ္ပဒ်(၄)      ကတော့  အင်္ဂါ တစ်ဆယ့်နှစ်ပါး ပါ
အင်္ဂါ တစ်ဆယ့် နှစ်ပါး မှာ အ၀ိဇ္ဇာ နဲ့ သင်္ခါရ က (၁) ကွက်မှာ ရှိပါတယ် အနီရောင် နဲ့ဝိုင်းပြထားပါတယ်
တဏှာ၊ဥပါဒါန်၊ကမ္မဘ၀ ဆိုတဲ့ အင်္ဂါတွေကတော့(၃)ကွက်မှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်
ဇာတိ ဇရာ မရဏ ကတော့ (၄)ကွက်မှာရှိပါတယ်။
        တရားစခန်းမှာတော့  ဒီအင်္ဂါတစ်ဆယ့်နှစ်ပါးကို တရားကိုယ်များနှင့်ဆိုပြီး ရွတ်ဆိုကြရပါတယ်
{အ၀ိဇ္ဇာ ဆိုတာ မသိတာကိုခေါ်ပါတယ် ၊သင်္ခါရ ဆိုတာ ပြုလုပ်တာကိုခေါ်ပါတယ်၊
ဝိညာဏ် ဆိုတာ -အသိစိတ်ကိုခေါ်ပါတယ်၊နာမ်ရုပ် ဆိုတာ သွားချင်တာနာမ်  သွားတာက ရုပ်၊
စားချင်တာ နာမ်  စားတာက ရုပ်၊ အိပ်ချင်တာနာမ်  အိပ်တာက ရုပ်၊ လို့ ခေါ်ပါတယ်၊
သဠာယတန ဆိုတာ အာယာတန(၆)ပါးကိုခေါ်ပါတယ်၊(အာယတန(၆)ပါးဆိုတာ-မျက်စိ၊နား၊
နှာခေါင်း၊လျှာ၊ ကိုယ်၊စိတ်) ဖဿ ဆိုတာ ထိတွေ့ တာကိုခေါ်ပါတယ်။
ဥပါဒါန် ဆိုတာ စွဲလမ်းတာကိုခေါ်ပါတယ်၊ကမ္မဘ၀ ဆိုတာ ပြုလုပ်အားထုတ်တာကိုခေါ်ပါတယ်၊
ဇာတိ ဆိုတာ ပဋိသန္ဓေနေတာကိုခေါ်ပါတယ်၊ ဇရာဆိုတာ အိုတာကိုခေါ်ပါတယ်၊
မရဏ ဆိုတာ သေတာကိုခေါ်ပါတယ်၊ သောက ဆိုတာ စိုးရိမ်တာကိုခေါ်ပါတယ်၊
ပရိဒေ၀ ဆိုတာ ငိုကျွေးတာကိုခေါ်ပါတယ်၊ ဒုက္ခ ဆိုတာ ကိုယ်ဆင်းရဲတာကိုခေါ်ပါတယ်၊
ဒေါမနဿ ဆိုတာ  စိတ်ဆင်းရဲတာကိုခေါ်ပါတယ်၊ဥပါယာသ ဆိုတာ ပြင်းစွာပူလောင်တာကိုခေါ်ပါတယ်။)
 အဲံဒီလို ရွတ်ဆိုကြရပါတယ်  ဒါ က ဘာကို ဆိုလိုတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိထားဖို့ အတွက်ပါပဲ
   အ၀ိဇ္ဇာ နဲ့ပတ်သက်ပြီး ပဋိစ္စသမုပ္ပဒ်(၁)မှာ ရှင်းပေးခဲ့ပြီးဖြစ်ပါတယ်။
                          အ၀ိဇ္ဖာ ဆို တဲ့ အတိုင်း မသိလို့ သင်္ခါရ  ပြုလုပ်ကြတယ်  အဲ့လိုလုပ်တော့ ဘာတွေ
ဖြစ်လာတာလဲဆိုရင် ၀ိညာဏ်၊ နာမ်ရုပ် ၊သဠာယတန၊ဖဿ၊ဝေဒနာ   ဆိုတဲ့ (၂) ကွက် က လူတစ်ယောက်ဖြစ်လာတယ် အဲ့ဒီ လူမှာ တဏှာ ဆိုတဲ့ လိုချင်ရချင်တဲ့ စိတ်နဲ့
ဥပါဒါန်  စွဲလမ်း ပြီး  ကမ္မ ဘ၀  ပြုလုပ်အားထုတ်တယ်   ပြုလုပ်အားထုတ် တဲ့အတွက်ကြောင့်
 နောက်ထပ်ဘ၀  တစ်ခု မှာ ဇာတိ လို့ ခေါ်တဲ့ ပဋိသန္ဓေ နေရတယ်  ဘ၀ ကိုရလာပြီဆိုရင်
မအိုချင်လည်း အိုရတယ် မနာချင်လည်းနာရတယ် ဇရာ ကို ရတယ်  ဇရာ ကနေ  မရဏ ဖြစ်ပါတယ်
ဇရာ နဲ့ မရဏ ကိုတွဲပြီး ဖေါ်ပြထားတာဖြစ်လို့  တချို့ ဇရာကိုမရခင် ပဋိသန္ဓေ မှာတင် သေရတာတွေ
လည်းရှိသေးတယ် ပဋိသန္ဓေ ဘ၀ လေးမှာ သက်တမ်းလေးနည်းနည်းပဲ ရင့်ခွင့်ရလိုက်တယ်
လောက ကို အသက်ရှင်လျှက် ရောက်ခွင့်တောင်မရလိုက်ကြဘူး  အဲ့လိုမျိုးလေးတွေပါ
ဇရာလို့ မဆိုသာသေးခင်မှာကို မရဏ လက်တွင်းကိုသက်ဆင်းကြရပါတယ်
   အဓိက တရားခံ က အ၀ိဇ္ဇာ နဲ့ တဏှာ ပါပဲ သူက မူလက စ လာတာ အလယ်မှာလည်းသူပဲ
အဆုံးမှာလည်း သူပဲဖြစ်ပါတယ်။
  အဲ့ဒီမှာ  ဖေါ်ပြထားတဲ့  သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ  ဆိုတာတွေက
ဒီအဆင့်မှာအားလုံးဖြစ်တာပါပဲ သူ့ အဓိပ္ပါယ်တွေကိုတော့ မီး(၁၁) မီးမှာဖေါ်ပြထားခဲ့ပြီးဖြစ်ပါတယ်
    ဒီအင်္ဂါ တစ်ဆယ့်နှစ်ပါးကို သိပြီး သတိလေးနဲ့ ဆင်ခြင်မယ် ဆိုရင်တော့ သံသရာက လွတ်မြောက်
အောင် ကြိုးစားအားထုတ်သင့်တာကို သိနိုင်ကြပါလိမ့်မယ်
                        သံသရာကနေ လွတ်မြောက်နိုင်ကြပါစေ။
       ပဋိစ္စသမုပ္ပဒ်(၅) ကတော့  သုံးပါးအစပ်  ဖြစ်ပါတယ်
 စက်ဝိုင်းမှာဖေါ်ပြထားတဲ့  ၁  နဲ့ ၂  နဲ့ကို စပ်ထားတဲ့ မြှားအနီးလေး ပြထားတာရှိပါတယ်
အဲ့ဒီ မြှားအနီလေး က  ၁ နဲ့  ၂  နဲ့  စပ်တာ  ၂  နဲ့ ၃  နဲ့ စပ်တာ   ၃  နဲ့  ၄  နဲ့စပ်တာကိုပြထားတာ
ဖြစ်ပါတယ်
           သင်္ခါရ နှင့်ဝိညာဏ် တစ်စပ်။ဝေဒနာ နှင့်တဏှာ တစ်စပ်။ ကမ္မဘ၀ နှင့်ဇာတိ တစ်စပ်။
                  ဒီအစပ်တွေကို မဆက်အောင် မစပ်အောင်  လုပ်နိုင်ဖို့ လိုတာဖြစ်ပါတယ်
အတိတ် က အကြောင်းကြောင့် ပစ္စုပ္ပန်မှာ  အကျိုးဖြစ်ပါတယ်   ပစ္စုပ္ပန်  အကြောင်းကြောင့်
အနာဂတ်မှာ အကျိုး ဖြစ်ပါတယ် ။      
                                     ဒါကြောင့် ယခုပစ္စုပ္ပန်မှာ   အကြောင်းတွေကို ချုပ်နိုင်ခဲ့မယ် ဆိုရင်
အနာဂတ်မှာ အကျိုးတွေဖြစ်လာတော့မှာမဟုတ်ပါဘူး  ၁  ကနေ  ၂  ကို စပ်တယ်  အဲ့ဒီ အစပ်ကို
မဖြတ်တောက်နိုင်ခဲ့လို့   ၂  နေရာမှာ  ဒုက္ခတွေနဲ့နေနေရတာဖြစ်ပါတယ်  ၂  ကနေ  ၃  ကို မဆက် စပ်
ရအောင် ကြိုးစားလို့ ရနိုင်ပါတယ်  ၃  ကနေ  ၄  ကိုမဆက်စပ်အောင် လုပ်လို့ ရနိုင်ပါတယ်
ကြိုးစားဖို့  တော့လိုတာပေါ့လေ  ဖြစ်သမျှ ပျက်နေတာကိုသာ သိရင် နောက်ထပ် စပ်စရာ မလို တော့ဘူး
လို့  ဆိုတာပါ။
   ဝေဒနာ ဆိုတာ  ခံစားမှူသဘောလေးကိုဆိုလိုတာဖြစ်ပါတယ်   အဲ့ဒီ ဝေဒနာဖြစ်လာတဲ့အခါ
ကောင်းတဲ့ဝေဒနာ ဆိုရင်  လူတွေက ထပ်ပြီးခံစားချင်တဲ့လောဘ ဖြစ်တယ်
မကောင်းတဲ့ ဝေဒနာ ဆိုရင် မကျေမနပ်  နဲ့  ဒေါသ ဖြစ်တယ်   ဝေဒနာ ကနေ  တဏှာ ဖြစ်လာတာပါ
ကောင်းရင်ထပ်ရချင်တယ်  မကောင်းရင်လည်း ကောင်းလာမလားဆိုတဲ့အတွေးနဲ့ ကောင်းတာလေး
ဖြစ်လာဖို့  မျှော်လင့်ချက် နဲ့(အဲ့ဒီမျှော်လင့်ချက်ဆိုတာ လိုချင်ရချင်တာ =ဒါကြောင့် တဏှာဖြစ်တယ်)
ဝေဒနာ ကနေ တဏှာ ဖြစ်တာပါပဲ  ကောင်းတဲ့ ဝေဒနာဖြစ်ဖြစ်  မကောင်းတဲ့ ဝေဒနာ ဖြစ်ဖြစ်  ဝေဒနာပေါ်
မှာ  တဏှာ ဖြစ်ကြတယ်လို့ ပြောတာပါ  ဝေဒနာ ကိုဝေဒနာ မှန်းသိပြီး  ဝေဒနာလေးပါလားလို့ 
ရပ်တန့် ဖို့  အင်မတန်မှ ခက်ကြပါတယ်။
    အဲ့လိုခက်လို့ လဲနောက် တစ် စပ်ကို ရောက်သွားကြတာပါပဲ  ရပ်တန့်နိုင်ဖို့  အတော်ကို ကြိုးစားရအုံးမှာပါ
                 တခုတော့ရှိပါတယ်   ဆရာသမားတွေပြောတဲ့စကား ပါ   မလုပ်တတ်ရင်သာခက်တာ
လုပ်တတ်ရင်လွယ်တယ်တဲ့  လုပ်တတ်ဖို့ဆိုတာက လည်း နည်းလမ်းအမှန်ကိုသိမှ  အချိန်ပေးနိုင်မှ
ဖြစ်မယ် ဆိုတာပါပဲ
                                 အစပ်တွေကိုဖြတ်တောက်နိုင်ကြပါစေ။
    ပဋိစ္စသမုပ္ပဒ်(၆)ကတော့   ၀ဋ်သုံးဝ ဖြစ်ပါတယ်
(ကိလေသ ၀ဋ် ဆိုတာ အ၀ိဇ္ဇာ၊တဏှာ၊ဥပါဒါန်။ ကမ္မ ၀ဋ် ဆိုတာ သင်္ခါရနှင့် ကမ္မ ဘဝ
ဝိပါက ၀ဋ် ဆိုတာ  ၀ိညာဏ် ၊ နာမ်ရုပ်၊ သဠာယတန၊ဖဿ၊ဝေဒနာ၊ဇာတိ၊ဥပ ပတ္တိဘ၀၊ ဇရာ မရဏ)
             ကိလေသ ၀ဋ် ဆိုတာ  စိတ် မှာဖြစ်ပေါ်တဲ့အညစ်အကြေး ဆန္ဒကို ဆိုလိုတာပါ
ကမ္မ ၀ဋ် ကတော့ ပြုလုပ်အားထုတ်တာဖြစ်ပြီး
ဝိပါက ၀ဋ် ကတော့  ကိုယ်ဖြစ်ချင်တာဖြစ်နေရတာပါ ခံစားနေရတာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်
ဥပမာ အနေ နဲ့ ရှင်းအောင် ပြောရရင်
 တီဗွီ  ကြည့်ချင်လာတယ် ဆိုပါစို့ 
                တီဗွီ ကြည့်ချင် တဲ့စိတ် ဟာ ကိလေသာ စိတ်ပါပဲ။  ကိလေသ ၀ဋ် ခံစားရတာပါ။
စိတ်မှာ အညစ်အကြေးဖြစ်ပေါ်လာတာပါ  ။
                          ကြည့်ချင်လို့   မီးဖွင့်တယ် ။ တီဗွီ ခလုတ်တွေကို ဖွင့်မယ်။  ဒါက  ကမ္မ ၀ဋ်ပါ။
ပြုလုပ်အားထုတ်တာ ဖြစ်ပါတယ်။
                     တီဗွီ ထိုင်ကြည့်နေပြီဆိုရင်တော့  ၀ိပါက ၀ဋ်ကို ခံစားနေရတာဖြစ်ပါတယ်။
ဒီလိုဝဋ်ကြွေးတွေကိုခံစားနေရတာ ကို  ၀ဋ်ခံနေရမှန်းမသိပဲ  စည်းစိမ်ခံစားနေတယ်လို့  ထင်ယောင်
ထင်မှားနဲ့  ဘ၀ ကိုပျော်နေကြတာပါ  တကယ်တော့  အဲ့ဒါ ၀ိပါက ၀ဋ်ကို ခံစားတာပါ။
ခပ်ပျော်ပျော်ပြောရရင်တော့ ချစ်သူရှိချင်တယ် ချစ်သူ ရအောင် အားထုတ်တယ်  ချစ်သူ ရှိလာတယ်
ရှိချင်တဲ့စိတ်ကြောင့်လဲ ပင်ပန်းတယ်  ရှိအောင်အားထုတ်ရတာလဲ ပင်ပန်းတယ်  ရှိလာတော့လဲ
ပင်ပန်းတယ်  ဘာတွေပင်ပန်း လဲ ဆိုတာတော့ မပြောတော့ပါဘူး  ချစ်သူရှိကြတဲ့သူတိုင်း  ပင်ပန်းတာကို
ခံစားဖူးကြမှာပါ  ပင်ပန်း တာကို ပင်ပန်းမှန်းမသိရင်တော့ တော်တော် ကို ကိလေသာ  ထူတဲ့ သူပဲဖြစ်ပါတယ်။
   ဘယ်အရာမှမမြဲတာကိုသိသိကြီးနဲ့ လိုချင်ရချင်ပြီး ပင်ပန်းဆင်းရဲနေကြတာကို ဆင်းရဲမှန်းမသိကြလို့ 
သံသရာမှာ ပင်ပန်းပြီးရင်း ပင်ပန်းရင်း ဖြစ်နေကြတာပါ  ကိုယ့်ကို ကိုယ် သနားတတ်ရင်  သနား လွန်းလို့ 
ဆိုပြီး လဲတောင်သေလို့ ရတယ်နော်  တကယ်စေ့စေ့တွေးရင် ပေါ့။
   ဖြစ်ချင်တဲ့စိတ်နဲ့ ကိလေသာ တွေ မွေး  ဖြစ်အောင်အားထုတ်  ပြီးတော့
ဝဋ်ကြွေးကို ပယ်ပယ်နယ်နယ် ခံစားရတာ   အဲ့ဒါ ၀ဋ်သုံးပါး ပါပဲ ရှင်...
ဝိပါက် ဆိုတာ  နောက်မှ ဖြစ်တာမဟုတ်ပါဘူး  ခု ကိုလတ်လတ်ဆတ်ဆတ် ကြီးခံစားနေရတာပါ။
ဒီဝဋ်သုံးပါးက နေ လွတ်အောင်ဆိုရင်တော့  ကိလေသာတွေကိုသတ်ပြီး သံသရာက လွတ်အောင် ကြိုးစား
မှ နိဗ္ဗာန် စံဝင်မှပဲ ၀ဋ်ကြွေးတွေက အပြီးသတ်မှာဖြစ်ပါတယ်။
 အားလုံးဝဋ်ကြွေးလေးတွေ ကျေ ကြပါစေတော့။
  ပဋိစ္စသမုပ္ပဒ်(၇)ကတော့   ကာလ သုံးဖြာ   ဖြစ်ပါတယ်။
  လွန်လေပြီးသော အတိတ် ကာလ(၁-ကွက်)။ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ(၂-ကွက်နှင့်  ၃- ကွက်)
နောင် ဖြစ်လတ္တံ အနာဂတ် ကာလ(၄-ကွက်)
             ဒီကာလလေး သုံးဖြာ ကို ပိုင်းခြားထင်ထင် သိမြင်ခြင်းအားဖြင့်  သတိ သံဝေဂ ရပြီး
သစ္စာတရားကို လေ့လာအားထုတ်ဖို့  တွန်းအားပေး မှာဖြစ်ပါတယ်။
ကာလ သုံးဖြာမှာ  လွန်လေပြီးသော အတိတ်ကာလ(၁- ကွက်) က  ပြုခဲ့တဲ့ အကြောင်းတွေကြောင့်
လက်ရှိ ပစ္စုပ္ပန်ကာလ (၂-ကွက်) ကို ရရှိတာဖြစ်ပါတယ်။  ၂- ကွက်ထဲက  နေ  ၃-ကွက်ကို ရောက်စေ
တဲ့ အကြောင်းလေး က  ဝေဒနာ က စတာဖြစ်ပါတယ်။ ဝေဒနာကိုဝေဒနာ လို့ မသိလို့  နှစ်သက်တဲ့
ဝေဒနာ လာရင် ပိုပြီးလိုချင်ရချင်တဲ့ လောဘ စိတ် ကိုဖြစ်စေမယ်။ မနှစ်သက်တဲ့ ဝေဒနာ လာရင်
မကျေနပ် တဲ့ ဒေါသ စိတ်ကို ဖြစ်စေမယ်။
  ဝေဒနာ က နေ တဏှာကို ဆက်သွားစေတာပါ။နှစ်သက်တဲ့ဝေဒနာ ကနေ လိုချင်တဲ့ တဏှာကို
ဖြစ်စေသလို  မနှစ်သက် တဲ့  ဝေဒနာ ကနေ လဲ လိုချင်တဲ့ တဏှာကိုဖြစ်စေပါတယ်။မကျေနပ်တဲ့
စိတ်ကလေးက ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုပြီး သာယာဖွယ် ဝေဒနာကိုခံစားခွင့်ရဖို့  မျှော်လင့်တဲ့
တောင့်တ တဲ့ လောဘ စိတ်ကလေး ဖြစ်လာတာပါ။ကျေနပ်သည်ဖြစ်စေ  မကျေနပ်သည်ဖြစ်စေ
တဏှာကို ဖြစ်စေပါတယ်။
           ရှင်းအောင်ပြောရရင်   ဆင်းရဲတဲ့သူလည်း ဆင်းရဲရာကနေ  ချမ်းသာလာမလားဆိုတဲ့
မျှော်လင့်ချက်  လောဘ စိတ်ကလေး ရှိတယ် ။ချမ်းသာတဲ့သူကလည်း  ဒီထက်ဒီ ချမ်းသာဖို့ 
ပိုလိုချင်တယ်။တဏှာ စိတ်တွေပဲ ၀င်ဝင်လာမှာဖြစ်ပါတယ်။
    ဒါကြောင့် ဝေဒနာ ဖြစ်လာရင် ဝေဒနာပါလားလို့  မသိရင် တဏှာစိတ်ဝင်လာတယ်။
တဏှာစိတ်ဝင်လာတာဟာ   ၂- ကွက်ကနေ  ၃- ကွက်ကို ရောက်လာတာပါပဲ။
တဏှာကို တဏှာမှန်းမသိတော့ စွဲလမ်းလာမယ်။စွဲလမ်း လာတော့ မရ ရအောင်လုပ်တယ်။
  ကိုင်း ..မရ   ရအောင် လုပ်တော့  ဘ၀ အသစ် တစ်ခုထပ်ဖြစ်ပြန်တယ်။
ဒီတော့  ၄  ကွက်ကို ရောက်တော့တာပါပဲ။.....တခုခုကို ဖြတ်တောက်ပစ်မှသာ
သံသရာစက်ဝိုင်းက  ရပ်တန့် မှာဖြစ်ပါတယ်။
  ကာလ သုံးဖြာ ကနေ သတိ သံဝေဂ ရယူနိုင်ကြပါစေ။
 ပဋိစ္စသမုပ္ပဒ်(၈) ကတော့ နောက်ဆုံး အသွယ် ပါ။
ခြင်းရာနှစ်ဆယ် ဖြစ်ပါတယ်။
အတိတ် အကြောင်းခြင်းရာ ငါးပါး(၁-အကွက်) ပစ္စုပ္ပန် အကျိုး ခြင်းရာငါးပါး(၂-အကွက်)
ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်) အနာဂတ် အကျိုးခြင်းရာငါးပါး(၄-အကွက်)
အတိတ်ကြောင်းခြင်းရာ ငါးပါး ဆိုတာ  အ၀ိဇ္ဇာ၊သင်္ခါရ၊ တဏှာ၊ဥပါဒါန်၊ဘဝ
ပစ္စုပ္ပန် အကျိုးခြင်းရာ ငါးပါး ဆိုတာ   ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ
ပစ္စုပ္ပန် အကြောင်းခြင်းရာ ငါးပါး ဆိုတာ  တဏှာ၊ ဥပါဒါန်၊ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ
အနာဂတ် အကျိုးခြင်းရာ ငါးပါး ဆိုတာ  ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ
 အတိတ် ကြောင်းခြင်းရာကနေ စပြီးကြည့်လိုက်ရင်  သစ္စာ မသိ ကြလို့  ပြုလုပ်ကြတယ်
ဘာနဲ့ လုပ်သလဲ လိုချင်တပ်မက်မှူတဏှာ နဲ့လုပ်တယ် စွဲစွဲလမ်းလမ်း လုပ်တယ်
အဲ့လို လုပ်လို့  အကျိုးခံစားရတယ်  လက်ရှိ ပစ္စုပ္ပန် အကျိုးပါ။
လက်ရှိ ပစ္စုပ္ပန် မှာ အကျိုးခံစား ရတာ က  ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုရလာတယ်။
လက်ရှိဘ၀မှာ  လိုချင်တပ်မက်တဲ့ တဏှာ စိတ် နဲ့   စွဲစွဲလမ်းလမ်း လုပ်မယ် ဆိုရင်
သစ္စာ မသိ တဲ့ စိတ် နဲ့  ပြုလုပ်ကြမယ် ဆိုရင် အနာဂတ် မှာ အကျိုးဖြစ်လာ မယ်
ဘယ်လို အကျိုးတွေ ဖြစ်လာမလဲ---- ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုပြန်ရပါမယ်။
 ဒါတွေ ပဲပြန်ရမယ် ဆိုတာ ကိုမသိလို့  ပြုလုပ်ကြ အားထုတ် ကြတာကို ဘုရားရှင် ကိုယ်တော်မြတ်
နဲ့ ရဟန္တာ များက သိအောင်မြင်အောင် ဟောပြ  ညွှန်ပြထားတာ  ကိုလေ့ လာသိထားပြီး
နားလည်ဖို့ အရေးကြီးလှပါတယ်။
ဒုက္ခတွေ ပဲ အဖန်တလဲလဲ ရနေပါလားဆိုတာ သိမှ သံသရာက နေ ထွက်ဖို့ စိတ်ကူးမိမယ်
ထွက်တဲ့လမ်းကိုရှာကြမယ်  ဒါ ဆိုရင်တော့ ပဋိစ္စသမုပ္ပဒ်ကို ဘာလို့ သင်ယူ ရသလဲ ဆိုတာလေးကို
နားလည် ကြပါလိမ့်မယ်။
ပဋိစ္စသမုပ္ပဒ် ကို သိထား နားလည်ထားရင်  တရားအခြေခံ ရှိထားပြီးဖြစ်လို့  အဘိဓမ္မာ တရား
တွေ ကို နာကြားပြီး ၀ိပဿနာ အားထုတ် ဖို့  အဆင်သင့်ဖြစ်ကြပါပြီ။
သံဝေဂ မရှိရင် သုတ္တာန် တရားတွေ နာကြားပြီးမှ ၀ိပဿနာ အားထုတ် ဖို့  အဆင်ပြေမှာ
ဖြစ်ပါတယ်။ သံဝေဂ ဆိုတာ  ခန္ဓာ ရဲ့ လည်ပတ် မှူ ဒုက္ခ ကို သိဖို့ ဖြစ်ပါတယ်။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း။ 
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့။
No comments:
Post a Comment