Sunday, August 25

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ခန္ဓာကြီးက သေရာသွားနေပုံ

ဒီခန္ဓာကြီးကို ရ,ထားတယ်ဆိုတာ အားလုံးပဲ ခန္ဓာရ, ထားကြတယ်။ အခုဘယ်သူနဲ့ အတူနေကြ သတုံး ဆိုလို့ရှိရင် ခန္ဓာငါးပါးနဲ့ အတူတူနေကြတယ်လို့ ပြောကြရမှာပဲ၊ ဒီခန္ဓာငါးပါးကြီးဟာ ယခုအခါ၌ ဘယ်ကို အမှန်သွားနေသလဲလို့မေးရင် သေရာသွားနေတယ်လို့ ဖြေရမှာပဲ … (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီး၏ အမှန်သွားရာလမ်းကို ပြောစမ်းပါ ဆိုလို့ရှိရင် ဘယ့်နှယ်ပြောမလဲ … (သေရာသွားနေ ပါတယ်ဘုရား) ဒီလမ်းကိုတော့ဖြင့် ဒကာ ဒကာမတို့က သူက ထိုင်လျက်နဲ့လဲ သွားနေတာပဲ … (မှန်ပါဘုရား) အိပ်ရင်းလဲ … (သွားပါတယ်ဘုရား)၊ ထမင်းစားရင်လဲ … (သွားပါတယ်ဘုရား)၊ ဆေးလိပ် သောက်ရင်း … (သွားပါတယ်ဘုရား)။ ဆေးလိပ်တစ်ဖွာနဲ့ တစ်ဖွာ ဆိုလို့ရှိရင်ဖြင့် ပထမအဖွာထက် ဒုတိယ ဖွာလိုက်မှုသည် ဒကာ ဒကာမတို့ သေရာက ပိုနီးတယ်ဆိုတာတော့ ပြောဖို့မလိုတော့ဘူး … (မလိုပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာရ,ထားတဲ့ ပုဂ္ဂိုလ်၏ အလုပ်သည် သေရာသွားတဲ့အလုပ်ဟာ အမြဲတမ်းအလုပ် (မှန်ပါ့) ရောင်းဝယ်ဖောက်ကားတဲ့ အလုပ်သည်ကားလို့ဆိုရင် ယာယီတည်းခိုနေကြတဲ့အလုပ် … (မှန်ပါ့) အမြဲတမ်း အလုပ်ကတော့ (သေရာသွားတဲ့အလုပ်ပါ ဘုရား)။
အဲဒီလိုမှတ်ထားတော့မှ သြော် … ခန္ဓာရအောင် ကြိုးစားတဲ့ ပုဂ္ဂိုလ်များဟာ သေရာသွားတာကို မပျင်းသေးလို့ ဒုတိယဘ၀ အစသည် ရ,ချင်တာကိုးလို့ သူ့ကိုအပြစ်တင်ရမယ် … (မှန်ပါ့) မထင်ထိုက်ဘူး လား … (တင်ထိုက်ပါတယ် ဘုရား)။
ခန္ဓာနောက်ထပ်ရချင်တဲ့ပုဂ္ဂိုလ် လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ ရချင်တဲ့ ခန္ဓာရ၊ တောင်းချင်တဲ့ခန္ဓာ ကိုတောင်း၊ တောင်းတဲ့ပုဂ္ဂိုလ်ဟူသရွေ့ကတော့ သေရွာသွားတဲ့အလုပ်ကို မပျင်းကြသေးလို့ကိုး … (မှန်ပါ့) ဒီအတိုင်းပဲပြောရမယ် … (မှန်ပါ့) သေရာသွားတဲ့အလုပ် ခဏခဏသွားရတဲ့အလုပ်က မပျင်းနိုင်အောင်ဘဲ သူသည် လုပ်ချင်သေးလို့ ဒီခန္ဓာရချင်တာပဲလို့ ဒီလို ပြောကြရမယ် … (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီခန္ဓာကြီးဟာဖြင့် သူ့အလုပ်က အမြဲတမ်းလုပ်တာဟာ သူလုပ်ချင်လို့ လုပ်ရသမားလို့ မေးဖို့လိုလာတယ် … (မှန်ပါ့) သူ့ကိုခင်မင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် ခင်မင်လို့ရတာ ပဲ ဒီခန္ဓာကြီးဟာ … (မှန်ပါ့) ခင်မင်တဲ့ သဘောကြောင့် ဒီခန္ဓာကြီး ပေါ်လာတယ်၊ ခင်မင်တဲ့ သဘောမရှိလို့ ရှိရင် … (မပေါ်ပါ ဘုရား)။
ဒါဖြင့် ဒီခင်မင်တဲ့ အလုပ်မပြတ်သေးသရွေ့ ဒကာ ဒကာမတို့ သေရာသွားတဲ့အလုပ် နောက်ဆုတ်မယ် မဟုတ်ပါဘူး … (မှန်ပါ့)။ ခင်မင်တဲ့အလုပ် မပြတ်သရွေ့ သေရာသွားမည့်အလုပ် နောက်မဆုတ်ပါဘူးဆိုတာ သေသေချာချာ မှတ်ပါဗ၊ သဘောပါပလား … (ပါ, ပါပြီဘုရား)။
အဲဒီတော့ ဒီနေ့ရှေ့ပိုင်းမှာ ဘုန်းကြီး သတိပေးချင်တာက သြော် … ဒကာ ဒကာမတွေ လမ်းမှားတော့ဖြင့် လိုက်ခဲ့ကြလို့ ပြင်လို့မရခဲ့ကြဘူး … (မှန်ပါ့)။
ခန္ဓာကြီး ဆုတောင်းပြီးသကာလ လာခဲ့ကြလို့ ခန္ဓာရအောင် ဆုတောင်းလာကြလို့ သေရာသွားတဲ့ အလုပ်ကို နောက်ဆုတ်လို့ ရကြသေးရဲ့လား … (မရပါဘုရား)။
အခုမှ ကိုယ်ကျိုးနည်းမှန်း သိနေရုံနဲ့လဲ မတတ်နိုင်တော့ဘူး … (မှန်ပါ့) တက်နိုင်စရာ အကြောင်း မြင်သေးရဲ့လား (မမြင်ပါဘုရား) ကိုယ့်အလုပ်က ဘယ်ကိုမှန်မှန် သွားနေရသလဲ … (သေရာကို မှန်မှန်သွား နေရပါတယ်ဘုရား) သွားရမှာပဲ၊ ဇရာက မောင်းထုတ်နေတာကိုး … (မှန်ပါ့)။
ဇရာက နေ့တိုင်းမောင်းထုတ်နေ ဗျာဓိဆီရောက်၊ ဇရာဆိုတဲ့ ဒဏ်ချက်ကလဲ အမျိုးမျိုးနှင်နေတော့ ဗျာဓိဆိုတဲ့ အိပ်ရာဖျာကပ် အလုပ်သို့ ရောက်ရတော့မယ် … (မှန်ပါ့)။
အဲဒီဗျာဓိဆိုတဲ့ အိပ်ရာဖျာကပ်အလုပ်သို့ ရောက်တဲ့အခါ ခြေမသယ်နိုင် လက်မသယ်နိုင်နဲ့ မရဏဆိုတဲ့ ဓမ္မစီမံသလို ကိုယ့်မှာ အသာခံရုံပဲ ဆိုတာကလဲ သေချာနေတယ် … (သေချာပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာဖြင့် နဂိုက အနေလွဲခဲ့လို့ အခုတော့ အရတော့ဖြင့် လွဲနေကြပြီပေါ့။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။
လွဲလိုက်တာမှ ပြင်လို့တောင် ရသေးရဲ့လားလို့မေးရင် (မရပါဘုရား) သေရွာသွားတဲ့လူအတွက် မတတ်နိုင်ဘူး … (မှန်ပါ့) ဘုရားဟောတဲ့နည်းအတိုင်း ဘုန်းကြီးတို့ တတ်နိုင်တာက နောက်ထပ် မသွားဖို့သာ တတ်နိုင်တယ် … (မှန်ပါ့ဘုရား)။
အခုမသွားဖို့ရာ အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူး … (မှန်ပါ့) နောက်ထပ် ဒီစခန်းနဲ့ ဒီလမ်းမျိုးမတွေ့ရအောင်၊ မကြုံရအောင်တော့ဖြင့် တတ်နိုင်တဲ့နည်းလမ်းရှိပါတယ်လို့ပဲ မှတ်ကြပါ … (မှန်ပါ့)။
အဲဒီတော့ အခုတော့ဖြင့် မတတ်နိုင်တာ ဘာဖြစ်လို့ မတတ်နိုင်ပါလိမ့်မတုံးလို့ ဦးဘတင် မေးဖို့လိုလာတယ် … (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ဗျားတို့ကိုယ်တိုင်က အရယူထားလို့ မတတ်နိုင်တာပါလို့ ဖြေရုံပဲ … (မှန်ပါ့)။
ဘယ်လို ဖြေကြပါ့မလဲ (တပည့်တော်တို့က အရယူထားလို့ မတတ်နိုင်တာပါဘုရား)၊ ခင်ဗျားတို့ကိုက လက်မလွှတ်ချင်လို့ (မှန်ပါ့) လက်မလွှတ်ချင်လို့ အရအမြဲဆုပ်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ဒီဥစ္စာဖြင့် မရနိုင်တော့ဘူး။ ဥပါဒါန်က စွဲပြီးလုပ်ထားတဲ့ အလုပ်ကြီးတစ်ခုကိုး … (မှန်ပါ့)။
အဲဒီတော့ တတ်နိုင်တဲ့နည်းကလေး ရှေ့ပိုင်းမှာ နည်း, နည်းနည်းပေးမယ်၊ ဒါကို ကြပ်ကြပ်သတိ ထားပါနော် … (မှန်ပါ့ဘုရား)။
တတ်နိုင်တဲ့နည်းကိုပဲ ပေးပါမယ်။ ဒီဘ၀မှာတော့ဖြင့် ခင်ဗျားတို့ ဆုတောင်းပြည့်နေတဲ့အတွက် တားဆီုးလို့မရဘူး၊ နောက်မတွေ့တဲ့နည်းကလေး ဒါကိုပဲ ခင်ဗျားတို့ နည်းယူပြီး ကြိုးစားဖို့ အရေးကြီးပါ တယ် (ကြီးပါတယ် ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်က ဖဂ္ဂုဏဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။ အဲဒီရှင်ဖဂ္ဂုဏ ဆိုတဲ့ ရဟန်းတစ်ပါးဟာ ဒကာသစ်တို့ ကိုမြရွှေတို့ မမာဘူးပေါ့ဗျာ … (မှန်ပါ့) မမာတော့ ရှင်အာနန္ဒာက သွားကြည့်တယ်။ သြော် … သနားစရာပဲ၊ ခိုကိုးရာမဲ့ ဖြစ်နေတယ်၊ မမာတာကလဲ လွန်လို့ပါကလား … ရောဂါကလဲကြီးလိုက်တာ၊ ဒါနဲ့ ရှင်အာနန္ဒာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးထဲ သွားလျှောက်တယ် … (မှန်ပါ့)။
အရှင်ဘုရား … ရှင်ဖဂ္ဂုဏဆိုတဲ့ ရဟန်းတစ်ပါးဟာ ဘာမှလဲ မသိမလိမ္မာသေးပါဘူး။ ဝေဒနာကလဲ ကြီးကျယ်ပါတယ်၊ ဒီအတိုင်းပဲကြည့်ရတာဖြင့် အလွန်သနားစရာ ကောင်းပါတယ် ဘုရား၊ ဒါကြောင့် အရှင်ဘုရား သနားသဖြင့် ရှင်ဖဂ္ဂုဏရှိတဲ့နေရာကို ကြွပေးတော်မူပါလို့ ရှင်အာနန္ဒာကပဲ ရှေ့ဆောင်ရှေ့ရွက် လုပ်ပြီး သွားလျှောက်တယ် … (မှန်ပါ့)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ရှင်ဖဂ္ဂုဏရှိရာ သို့ကြွလာခဲ့တယ်၊ ဘုရားသခင် ကြွလာတယ်ဆိုတော့ လူမမာဖြစ်သူက နေရာထိုင်ခင်း ပေးမလို့ ခန္ဓာကိုယ် ထ,မလို ထိုင်မလို အရိုအသေ သဘောတွေပြနေတော့ ဘုရားက ငါ့မှာ နေထိုင်စရာတွေရှိတယ် မင်းကလူမမာမို့ ဒီအတိုင်းပဲနေ၊ ငါထိုင်စရာရှိတဲ့ နေရာမှာ ထိုင်မယ်ဆိုပြီး တားမြစ်တော်မူတယ်….(မှန်ပါ့)။
ဒါနဲ့ ဘုရားက မင်းဝေဒနာ ဘယ့်နှယ်နေသတုံး စသည်ဖြင့် သတင်းမေးတော့ ရှင်ဖဂ္ဂုဏက ဝေဒနာတွေဟာ ဘုရားမဆုတ်ပါဘူး၊ တိုးသာတိုးနေပါတယ်၊ ခေါင်းကိုက်လိုက်တာလဲ လွန်နေတာပါပဲ ဘုရား၊ ၀မ်းထဲက နာတာတွေလဲ အင်မတန်မှ ပြင်းထန်ပါတယ်…အစရှိသည်နဲ့ ဝေဒနာတွေက နှိပ်စက်ပုံတွေကို အမျိုးမျိုးအဖုံဖုံ လျှောက်ထားပြတယ်…. (မှန်ပါ့)။
လျှောက်ထားပြတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တာ ဝေဒနာက ဝေဒနာက္ခန္ဓာဆိုတော့ ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့ မရောစေနဲ့ ဟေ့လို့ဆိုလိုရင်း …(မှန်ပါ့)။
ဒကာဒကာမတွေ ဘာတဲ့တုံး…(ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့မရောစေနဲ့) ဝေဒနာက္ခန္ဓာက သူ့ဟာသူ ဝေဒနာက္ခန္ဓာ၊ ငါက သွားပြီး မရောပါနဲ့၊ ဝေဒနာက သူ့ဟာသူ ဟိုကနာလိုက်၊ ဟိုက ကျဉ်လိုက်၊ ဒီက ကိုက်လိုက်၊ ဟိုက ထိုးလိုက်၊ ဒီက ထိုးလိုက်နဲ့ ခန္ဓာကိုယ်ရှိနေရင် ဝေဒနာက္ခန္ဓာချည်းဆိုသောကြောင့် ဦးဘအုန်း ဝေဒနာကတော့ ရှိနေမှာပဲ၊ ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့)။
အဲဒီအထဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာက္ခန္ဓာကို ဝေဒနာက္ခန္ဓာလို့ပဲ သိထားရမယ် …(မှန်ပါ့) သြော် … ငါ့မှာ ဖြစ်မှဖြစ်ရလေခြင်းလို့ ဝေဒနာထဲမှာ ငါဝင်မထိုးလိုက်နဲ့ …(မှန်ပါ့) သဘောကျပလား … (ကျပါပြီ ဘုရား)။
ဝေဒနာထဲမှာ … (ငါဝင်မထိုးလိုက်ပါနဲ့) ဒါ သေခါနီးမှ ဒီတရား ပွားများရတယ်၊ နဂိုက ဘာမှမသိတဲ့ ဖဂ္ဂုဏရဟန်းကလေးဟာ အနာဂါမ်တည်ပါတယ်၊ ဒါကိုပြောချင်လို့နော် …(မှန်ပါ့)။
ကောင်းပြီ … ဒါက ဒီတရား ရှေ့ထားတာ ဟောလိုရင်း တရားက ဒါမဟုတ်ပါဘူး၊ သေလွယ် ပျောက်လွယ် အခါမို့ ဒီဥစ္စာက ရှေ့ထားဟောတယ်လို့ မှတ်ထားကြပါ …(မှန်ပါ့)။
သေပုံသေနည်းမှာ ဒီသေနည်းဟာ ကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေကို ရှေ့ပိုင်းက သိစေချင်လို့ပြောပါတယ် …(မှန်ပါ့)။
ဘုရားက ရှင်ဖဂ္ဂုဏကို ဝေဒနာဟာ ဝေဒနာက္ခန္ဓာပဲကွ … တဲ့၊ မင့်ခန္ဓာထဲမှာ ဟိုနေရာပေါ်လိုက်၊ ဒီနေရာပေါ်လိုက်၊ အဲဒီမှာ သြော် … ဟိုနေရာလဲ ငါနာတာပဲ၊ ဒီနေရာလဲ ငါနာတာပဲ၊ ငါကလေး သွားသွားမရောနဲ့တဲ့၊ သဘောကျပလား (ကျပါပြီဘုရား)။
ဝေဒနာကတော့ နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ မနာပေဘူးလား (နာပါတယ်ဘုရား)။ အဲဒါကို ဒကာဒကာမတွေက အင်း … ငါ့မှာဖြစ်မှဖြစ်ရလေခြင်းလို့ လက်မောင်းနာလဲ ငါပဲ၊ ကျုပ်လက်မောင်း နာနေပြန်ပြီ၊ ကျုပ်လည်ချောင်း နာနေပြန်ပြီ၊ ကျုပ်ရင်ခေါင်း နာနေပြန်ပြီ အစရှိသည်နဲ့ ကျုပ်တို့ ငါတို့က အဲဒီ ဝေဒနာနဲ့ သွားသွားပူးတယ် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဘာနဲ့သွားသွားပူးသလဲ … (ကျုပ်တို့ငါတို့နဲ့ သွားသွားပူးပါတယ်ဘုရား)။
ဝေဒနာနဲ့ ကျုပ်တို့၊ ငါတို့နဲ့ သွားသွားပြီးပူးကပ်တော့ “ဝေဒနံ အတ္တတော သမနုပဿတိ” ဝေဒနံ - ဝေဒနာကို၊ အတ္တတော - ငါ,ဟူ၍၊ သမနုပဿတိ - ရှု၍နေ၏ဆိုတော့ ငါ့မှာ ဖြစ်မှဖြစ်ရလေခြင်းဆိုပြီး ဝေဒနာထဲမှာ ငါသွားရောတယ် …(မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီ ဘုရား)။
ဝေဒနာထဲမှာ ငါသွားရောတယ်နော် …(မှန်ပါ့) အဲဒါမမာတဲ့ ပုဂ္ဂိုလ်မှန်လို့ရှိရင် ရောတတ်ကြပါတယ် …(မှန်ပါ့) ဝေဒနာနဲ့ ငါနဲ့ဟာ ဘယ့်နှယ်နေကြသတုံး ... (ရောတတ်ပါတယ်ဘုရား)။
အဲဒီတော့ စဉ်းစားကြည့်စမ်းပါလား၊ ငါ့ဝေဒနာလို့ ဆိုရမှာလဲ ငါကလဲတခြား၊ ဝေဒနာကလဲတခြား၊ ငါဆိုတာက ရှိတာလဲ မဟုတ်ပါဘူး … (မှန်ပါ့) ဘာဆိုင်သတုံးဗျ (မဆိုင်ပါဘုရား) မဆိုင်ပါဘူး။ အဲဒီတော့ ဝေဒနာဟာ ဝေဒနာက္ခန္ဓာပေါ့၊ ဝေဒနာက္ခန္ဓာဟာ အနိစ္စပဲ … (မှန်ပါ့)။
ဒါဖြင့် မမာတဲ့ပုဂ္ဂိုလ်ဟာ ဥာဏ်ကလေးနဲ့ သြော် … ဒီနေရာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ ဝေဒနာပျက် တယ်၊ ဒီလိုသာ ဥာဏ်နဲ့လိုက်နေပါ၊ သဘောကျပလား … (ကျပါပြီ ဘုရား) ဝေဒနာပေါ်ရာကို ဖြစ်ပျက်လိုက် နေပါလို့ သတိပေးလိုက်တယ် … (မှန်ပါ့)။
သေသေချာချာ မှတ်ကြပါ။ ဝေဒနာကဖြင့် အနှံ့အပြားပေါ်လိမ့်မယ်။ ဘယ်က နာသတုံး၊ တစ်ကိုယ်လုံးက နာပေမယ့် ပြင်းထန်တဲ့နေရာကို ဖြစ်ပျက်ရှုပေး … (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖဂ္ဂုဏထေရ်ကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ဟေ့လို့ ဘုရားက ဒီလူမမာကို ဒါပဲ ဟောနေတယ် … (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ကျုပ်တို့အားလုံးဟာ သေမည့်ပုဂ္ဂိုလ်ချည်းပဲ … (မှန်ပါ့) သေပေမယ့် ဝေဒနာနဲ့ တွေ့ကြရဦးမယ် (မှန်ပါ့) မတွေ့မည့်ပုဂ္ဂိုလ် ဒီအထဲမှာ တစ်ယောက်မှ မပါဘူး (မပါ,ပါဘုရား) အဲဒီ မရောစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ကလေးကို ရှင်းထားကြပါ၊ အဓိပ္ပါယ်ရှင်းထားကြပါ၊ ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ … (မှန်ပါ့)။
ကိုမြရွှေ ဘာတဲ့တုံး (ဝေဒနာနဲ့ ငါနဲ့ မရောပါစေနဲ့ဘုရား) ဝေဒနာဆိုတာက ဝေဒနာက္ခန္ဓာပဲ။ ဒီအထဲ ငါသွားပြီး ရှုပ်နေတာ် … (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဝေဒနာက ဘာခန္ဓာတုံး … (ဝေဒနာက္ခန္ဓာပါဘုရား) ဝေဒနာက္ခန္ဓာဆိုတာ ဝေဒနာစေတသိက်ပဲ၊ နာမ်ဓမ္မတစ်မျိုးပဲ၊ ငါဆိုတာက ဒိဋ္ဌိဓမ္မတစ်မျိုးပဲ။ ဒိဋ္ဌိနာမ်နဲ့ ဝေဒနာနာမ်ကို သွားပြီး ရောထွေးပစ်နေကြတာ … (မှန်ပါ့)။
ပရမတ်သဘာဝကိုက တခြားစီပဲ၊ ခင်ဗျားတို့ကရောဖြစ်အောင် ရောနေတယ် … (မှန်လှပါဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား) ပရမတ် သဘာဝချင်းကတော့ ရောရဲ့လား … (မရောပါဘုရား) ခင်ဗျားတို့က ဘယ့်နှယ်တုံး (ရောနေကြပါတယ်ဘုရား)
ဒါဖြင့် ခင်ဗျားတို့က လောကွတ်ချော်လွန်းတယ် … (မှန်ပါ့)။ လောကွတ်ချော်လွန်းတယ်လို့ ဆိုထိုက် - မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)။
ဝေဒနာက ဝေဒနာစေတသိက် ဝေဒနာနာမ် ဓမ္မတစ်မျိုး၊ ငါဆိုတဲ့ ဥစ္စာ ဒိဋ္ဌိနာမ်တစ်မျိုး … (မှန်ပါ့ဘုရား)။ ဘယ်နည်းနဲ့မှ သဘာဝချင်း ရောစပ်လို့မရဘူး … (မှန်ပါ့)။
ရောမရပေမယ့် ခင်ဗျားတို့ ထုံးစံက သူများပါးစပ်မှာ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ဒီဝေဒနာကိုပင်လျှင် ငါ့လည်ပင်းက နာလိုက်တာ၊ ငါ့ဝမ်းထဲက နာလိုက်တာ၊ ငါ့ခြေသလုံးက နာလိုက်တာ၊ အစရှိသည်နဲ့ ဝေဒနာက ခြေဖမိုးမှာပေါ်တာ ငါက ၀မ်းထဲကနေပြီး သွားရောတာပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဝေဒနာက ခြေဖမိုးမှာ ပေါ်တယ်၊ ငါက ဘယ်နေရာသွားရောသလဲ (၀မ်းထဲသွားရောပါတယ်ဘုရား)၊ အဝေးကြီးပဲ ခင်ဗျားတို့မို့ ဆွေမျိုးတော်တတ်ပါပေတယ်၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဝေးတာကတော့ မဝေးဘူးလား (ဝေးပါတယ်ဘုရား) ဝေဒနာက ကာယဒွါရ ကိုယ်ပေါ်မှာ ပေါ်နေတယ်၊ မနောဒွါရကနေပြီး သွားပြီးရောလိုက်တယ်၊ သွားပြီးရောလိုက်တဲ့အတွက် ငါ့မှာဖြစ်ရလေခြင်း စသည်ဖြစ်လာတယ် … (မှန်ပါ့ဘုရား)။
ဒါဖြင့် ဝေဒနာနဲ့ ငါနဲ့ ရောမိတဲ့အတွက် ဘုန်းကြီးတို့ ဒကာဒကာမတွေ၌ “ဝေဒနံ အတ္တတော သမနုဿတိ” ဆိုပြီး သေခါနီးတောင် ဒိဋ္ဌိကဖြစ်လာတတ်တယ် … (မှန်ပါ့) နာလိုက်တဲ့ဖြစ်ခြင်း … (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒိဋ္ဌိဖြစ်တာတုံးဆိုတော့ ကိုယ်ပေါ်မှာပေါ်တဲ့ ဝေဒနာကို ၀မ်းထဲက ဒိဋ္ဌိစေတသိက်ကသွားပြီး သကာလ အဲဒီ ဝေဒနာဟာ ငါပဲလို့ တစ်ခါတည်း ဒိဋ္ဌိစွဲ စွဲသွားတာနဲ့ ဦးဘတင် ကိုယ်ကျိုးနည်းတယ် … (မှန်ပါ့)။
ဝေဒနာက ခြေဖမိုးပေါ်တယ်၊ ငါက ၀မ်းထဲမှာ၊ အဲဒီ ၀မ်းထဲကနေပြီး သကာလ ခြေဖမိုးပေါ်မှာဖြစ်တဲ့ ဝေဒနာဟာ ငါပဲလို့ သူဟာ ၀မ်းထဲက ငါနဲ့ သွားပြီးရောလိုက်တယ် (မှန်ပါ့) မရောလိုက်ဘူးလား … (ရောလိုက်ပါတယ်ဘုရား)။
ရောလိုက်တဲ့အခါကျတော့ ဝေဒနာကို ငါထင်တဲ့ဝေဒနံ အတ္တတော သမနုပဿတိဆိုပြီး သကာလ ဦးဘအုန်း ဝေဒေနာဟာ ငါဖြစ်သွားတယ် … (မှန်ပါ့) ငါဖြစ်သွားတော့ ဘယ့်နှယ်ဖြစ်လာသတုံးဆိုတော့ ငါတော့ဖြင့် ဒီဝေဒနာနဲ့ သေရတော့မှာပဲ လာပြန်တာပဲ … (မှန်ပါ့)။
ဒီမှာလဲဘုရားက မရောစေနဲ့ကွ၊ မရောစေနဲ့ကွလို့ ဘုရားက ရှင်ဖဂ္ဂုဏကို ဟောတယ် … (မှန်ပါ့) ဖဂ္ဂုဏကို ဝေဒနာနဲ့ ငါနဲ့ ဘယ့်နှယ်တုံး (မရောစေနဲ့) မရောစေနဲ့ဆိုတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိနဲ့ မရောလို့ ရှိရင်ဖြင့် မရောစေနဲ့ဆိုတာ ပြောတော့အလွယ်ကလေး … (မှန်ပါ့) မရောစေနဲ့ ဥစ္စာသည် ငါနဲ့သွားမရောနဲ့ … (မှန်ပါ့)။
အဲဒါမရောအောင် ဘယ့်နှယ်လုပ်ရမတုံးဆိုလို့ ရှိရင်ဖြင့် ဝေဒနာဟာ ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ သည်ကားလို့ ဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိနဲ့ သွားမရောဘဲနဲ့ သမ္မာဒိဋ္ဌိနဲ့ လှည့်ပစ်လိုက်၊ ဝေဒနံ အနိစ္စတော သမနုပဿတိ၊ ဝေဒနာဟာ အနိစ္စပဲလို့ ရှုပေးလိုက်ပါ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ခုနင်တုန်းကတော့ မိစ္ဆာဒိဋ္ဌိနဲ့ သွားရောတယ်၊ အခုတော့ သမ္မာဒိဋ္ဌိနဲ့ ရှုလိုက်တယ် … (မှန်ပါ့) မိစ္ဆာဒိဋ္ဌိနဲ့ သွားရောတုန်းကတော့ အပါယ်သွားရတော့မယ်၊ အခု သမ္မာဒိဋ္ဌိနဲ့ ရောတဲ့အခါကျတော့ ဝေဒနာနောက်က မဂ်လိုက်မလာဘူးလား (လိုက်ပါတယ်ဘုရား) သမ္မာဒိဋ္ဌိ မဂ္ဂင်လိုက်တယ်၊ ခုနင်က မိစ္ဆာဒိဋ္ဌိလိုက်နေတယ် … (မှန်ပါ့)။
ဝေဒနာနဲ့ ငါနဲ့ရောတော့ (မိစ္ဆာဒိဋ္ဌိလိုက်ပါတယ်) ဝေဒနာဟာ ငါလဲမဟုတ်ပါဘူး၊ အနိစ္စပါလို့ သိလိုက်တဲ့အခါ ကျတော့ သမ္မာဒိဋ္ဌိနဲ့ သိတာမရောက်ဘူးလား … (ရောက်ပါတယ်ဘုရား)။
အဲဒီလို ဘုရားကဟောလိုက်တယ်။ ဖဂ္ဂုဏရဟန်းကလေး မမာနေတာ ဒကာ ဒကာမတို့နော် (မှန်ပါ့) မမာနေတာကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲပဆိုတော့ ဖြစ်ပျက်ရှုဆိုတဲ့ စကားဖြည့်စွက်မှရတယ်လို့ ဦးဘတင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) ဖြစ်ပျက်မရှု တော်ပါ့မလား … (မတော်ပါဘုရား)။
ဒါဖြင့် ဝေဒနာကို အတ္တတော န သမနုပဿတိ - ဝေဒနာဟာ ငါမဟုတ်ဘူး၊ ဒီဥစ္စာ အနိစ္စသာဟုတ် တယ်၊ ဒီလို ဒကာ ဒကာမတွေက ရှုပေးလိုက်တော့ ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဒကာ ဒကာမတွေမှာ ဘယ်လိုဖြစ်လာသတုံးဆိုလို့ရှိရင် ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ၀ိပဿနာမဂ်ဥာဏ် ရ,ရလာတယ် (မှန်ပါ့)၊ ဘယ်လို မဂ်ဥာဏ်ရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဝေဒနာက ဖြစ်ပျက်၊ ငါမဟုတ်မှန်း သိတာက မဂ် … (မှန်ပါ့)။
ဝေဒနာက … (ဖြစ်ပျက်ပါဘုရား) ငါမဟုတ်မှန်းသိတာက (မဂ်ပါဘုရား) ငါမှမဟုတ်ဘဲ အနိစ္စပဲလို့ သူသိလိုက်ပြီကိုး၊ သူသိလိုက်တော့ မဂ်မဖြစ်သွားဘူးလား … (ဖြစ်သွားပါတယ်ဘုရား)။
ဒါဖြင့် ဖဂ္ဂုဏရဟန်းကလေးကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောပြီးသကာလ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့နည်းရှုပါလို့ ပြောလိုက်တဲ့အခါကျတော့ ဝေဒနာဟာ ငါမဟုတ်ဘူး၊ အနိစ္စသာဟုတ်တယ်၊ ဝေဒနာပေါ်တိုင်း လိုက်နေတာ ပေါ့ဗျာ … (မှန်ပါ့)။
ဝေဒနာပေါ်တိုင်း လိုက်နေတဲ့အခါကျတော့ ဖဂ္ဂဏက ဘယ့်နှယ်ဖြစ်သွားသတုံးဆိုတော့ ဝေဒနာဖြစ် ပျက်တွေချည်းမြင်ရာက ဥာဏ်ရင့်သန်လွန်းမက သန်လာတော့ ဝေဒနာက ပျောက်ထွက်သွားတယ်၊ ဝေဒနာနံခယော ဘိက္ခု ဆိုတဲ့အတိုင်း ဖြစ်သွားတယ်ဆိုကြပါစို့၊ ဝေဒနာကုန်အောင် ရှုနိုင်တဲ့ ရဟန်းကလေး ဖြစ်သွားတယ် … (မှန်ပါ့)။
ဦးဘတင် ဘယ်လိုဖြစ်သွားပါလိမ့် … (ဝေဒနာကုန်အောင် ရှုနိုင်တဲ့ရဟန်း ဖြစ်သွားပါတယ်ဘုရား) ဝေဒနာကုန်တယ်ဆိုတာ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား၊ နဂိုက ဝေဒနာလို့သာဆိုတယ်၊ ကိုယ်ရှုတော့ အနိစ္စပဲတွေ့တယ် … (မှန်ပါ့) မကုန်ဘူးလား၊ ကုန်သလား … (ကုန်ပါတယ်ဘုရား)။
နဂိုက ဝေဒနာတွေနော် … (မှန်ပါ့) ရှုတဲ့ဥာဏ်နဲ့ ကြည့်လိုက်တော့ ဘာတွေ့သတုံး … (အနိစ္စပဲ တွေ့ပါတယ်ဘုရား) အဲဒီ အနိစ္စတွေချည်း တွေ့ပြီးသကာလနေတော့ ဖဂ္ဂုဏမှာ အရင်လို မျက်နှာညှိုးငယ် မနေတော့ ဝေဒနာနဲ့ ငါနဲ့တော့ ကွဲထွက်သွားပြီဆိုတာ သိနိုင်တယ် … (မှန်ပါ့)။
အရင်တုန်းကတော့ နာလိုက်တာ ပြုလိုက်တာ ဘယ်လိုနေရမန်းမသိဘူး၊ ဘယ်လိုထိုင်ရမှန်း မသိဘူး၊ ရှေ့သာတိုးနေတယ်၊ နောက်မဆုတ်ဘူးနဲ့ ဝေဒနာတစ်ခုတည်းကိုပဲ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်ဆိုတော့ ဝေဒနာကို အတ္တဒိဋ္ဌိ ဖြစ်နေတာပေါ့ … (မှန်ပါ့)။
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးလဲ ကြွသွားတယ်။ အဲဒီတော့ ရှင်ဖဂ္ဂုဏက ဘယ်လိုသိလိုက် သတုံးဆိုတော့ ဝေဒနာ ကလေးသည်ကား … လို့ ဆိုလို့ရှိရင် အနိစ္စပဲ၊ ဖြစ်ပျက်ပဲလို့ သိသိနေတယ်၊ ကြာတော့ ဒီဝေဒနာကလေးတွေဟာ အနိစ္စမြင်ပါများတော့ ကုန်ထွက်သွားမယ်၊ ဝေဒနာနံ ခယောကိုးဗျ … (မှန်ပါ့)။
အနိစ္စကုန်ထွက်သွားတော့ ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာကြီးလို့ ပြောထားတော့ ခန္ဓာပါ အာရုံအဖြစ်မှ ပျောက်သွားတာပေါ့ … (မှန်ပါ့)။
ခန္ဓာပျောက်သွားတော့ ဒကာ ဒကာမတို့ ဒီနေရာမှာ ခန္ဓာချုပ်ဆုံးရာကို မြင်လာတယ် … (မှန်ပါ့) မြင်လာတော့ ဝေဒနာနံ ယော ဘိက္ခု - ဝေဒနာကုန်တဲ့ရဟန်း ဖြစ်လာတယ် (မှန်ပါ့ဘုရား) ဘယ့်နှယ်ကြောင့် ကုန်ပါလိမ့်မတုံးဆိုတော့ သောဝေဒနံ ပရိညာယ။ သော၊ ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်တဲ့ပျက်တဲ့ သဘောသာဟု ပိုင်းခြားနိုင်၍ ဝေဒနာမဟုတ်ပါဘူး။ ဖြစ်ပျက်သဘော ပါပဲ … (မှန်ပါ့)။
ဝေဒနာကို ဖြစ်ပျက်သဘော သိသောကြောင့် ဝေဒနာ ပစ္စယာ တဏှာကော လာရဲ့လား … (မလာပါဘုရား)၊ မောဟကော … (မလာပါဘုရား) ဒိဋ္ဌိကော (မလာပါဘုရား) ဒါဖြင့် ကာမာသ၀ ဘ၀ါသ၀ ဒိဋ္ဌာသ၀ အ၀ိဇ္ဇာသ၀ဆိုတဲ့ အာသဝေါ ကုန်သွားတယ် … (မှန်ပါ့)။
သော၊ ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ သြော် … ဒီဥစ္စာသည် ဖြစ်ပြီးပျက်တဲ့ သဘောမှ တစ်ပါး ဘာမှမရှိပါကလားဟု ပိုင်းခြားဆင်ခြင် သိမြင်နိုင်သောကြောင့် ဒိဋ္ဌေ၀ ဓမ္မေအနာသဝေါ … တဲ့။ ဝေဒနာပစ္စယာမဂ်သာ ဖြစ်နေတော့ ဦးဘအုန်း တဏှာဒိဋ္ဌိ လာသေးရဲ့လား (မလာပါဘုရား) အ၀ိဇ္ဇာကော … (မလာပါဘုရား)။
ဖြစ်ပျက်ကို မသိရင် အ၀ိဇ္ဇာ၊ အခုတော့ ဖြစ်ပျက်ကို သိနေတော့ ၀ိဇ္ဇာဖြစ်နေတော့ အ၀ိဇ္ဇာသ၀လဲ လာသေားရဲ့လား … (မလာပါဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ ဒါက ဒကာဒကာမတွေ၏ ခန္ဓာဝေဒနာ ဒီကနေပြီး သကာလ ဖြစ်ပျက်တွေ ရှုနေကတည်းက မဂ္ဂင်တွေလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား) ဒါက ဒကာ ဒကာမတွေ၏ ခံစားတဲ့ ဝေဒနာပေါ့ဗျာ … (မှန်ပါ့) ဒီကနေ့ ရှုတာက ဘာပါလိမ့် … (မဂ္ဂင်ပါဘုရား) မဂ္ဂင်နဲ့ သိပါတယ်တဲ့ ဒကာ ဒကာမတို့ ပရိညာယ၊ ဒါဟာအဖြစ်အပျက်မှ တစ်ပါး ဘာမှမဟုတ်ပါလားလို့ ပိုင်းခြင်းပြီး သိလိုက်တဲ့အတွက် ဝေဒနာနဲ့ ဒီက ငါနဲ့ကော ရောသေးလား (မရောပါဘုရား)။
ဒါ မလာရင်တော့ နောက်က ငါလိုက်မှာပဲ … (မှန်ပါ့) ငါဆိုရင် ဒိဋ္ဌာသ၀လာပြီ … (မှန်ပါ့) မလာပေဘူးလား (လာပါတယ်ဘုရား) ဝေဒနာသည် အဖြစ်အပျက်ပါပဲ ဆိုသဖြင့် အ၀ိဇ္ဇာသ၀ကော လာသေးရဲ့လား … (မလာပါဘုရား)၊
ဒါဖြင့် နောက်ကနေပြီး အာသဝေါတရား မချုပ်ဘူးလား၊ (ချုပ်ပါတယ်ဘုရား) ဘာဖြစ်လို့ ချုပ်သတုံး၊ ဟောဒီ မဂ်ဝင်လို့ချုပ်တယ် … (မှန်ပါ) ဝေဒနာပေါ်၌ ချုပ်လို့ မဂ်ဝင်တယ်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါ)။
မဂ်ပဲဖြစ်ပျက်သာ အစစ်ပါပဲဆိုပြီး သကာလ ဦးဘအုန်း ပိုင်ပိုင်နိုင်နိုင် သိလိုက်တာနဲ့ (မှန်ပါ့) ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိတာဟာ ဒုက္ခသစ္စာသိတာပါပဲ … (မှန်ပါ)။
ဒိဋ္ဌေ၀ဓမ္မေအနာသဝေါတဲ့၊ ရှုတဲ့အချိန်မှာပဲ အာသဝေါကို မရှိဘူး။ ဒီဘက ရှိသေးရဲ့လား … (မရှိပါဘုရား) နောက်က သေသေချာချာ ကြည့်တော့ ဘာရှိသတုံး … (မရှိပါဘုရား)
ဝေဒနာပစ္စယာ တဏှာကော လာသေးရဲ့လား … (မလာပါဘုရား) တဏှာလာရင် ကာမာသ၀ဖြစ်ရမယ်၊ ဝေဒနာကို ငါစွဲရင် ဒိဋ္ဌာသ၀ဖြစ်ရမယ်၊ (မှန်ပါ့) လာသေးရဲ့လား … (မလာပါဘုရား) ဘယ်သူကလာနေသတုံး (မဂ်လာပါတယ်ဘုရား) မဂ်လာတာပဲရှိတာပဲ၊ မဂ်မလာရင်တော့ သူတို့လာရမယ် … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) ဒါဖြင့် အာသဝေါတရားတွေ မကုန်ဘူးလား … (ကုန်ပါတယ် ဘုရား)။
ဒါနဲ့ ဖဂ္ဂုဏမထေရ်ကလဲ ဒီလိုပဲရှုနေတယ်ဆိုကြပါစို့ … (မှန်ပါ) ဝေဒနာဟာ ဖြစ်ပျက်ပဲ … ဖြစ်ပျက်ပဲ … ဖြစ်ပျက်ပဲ … ဖြစ်ပျက်ပဲလို့ ဝေဒနာပေါ်တိုင်း ဒီကနေပြီး သကာလ ပိုင်းခြားသိနေတယ်၊ ပိုင်ပိုင် နိုင်နိုင် သိနေတာပဲ … (မှန်ပါ)။
ဒါဖြင့် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် သိသောကြောင့် နောက်က အာသ၀ မလာရဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
နောက်ကဘာတုံး (အာသဝေါ မလာရပါဘုရား) အာသ၀ မလာရဘူးဆိုတော့ ဦးဘအုန်းတို့က စဉ်းစားရမယ်နော်။
ကမာသ၀ဆိုရင် လောဘနေရမယ်၊ လောဘဆိုရင် တဏှာဥပါဒါန်, ကံလာမယ် … (မှန်ပါ) မလာပေဘူးလား … (လာပါတယ်ဘုရား)။
ဒိဋ္ဌာသ၀ဆိုရင် ဒိဋ္ဌိကလဲ လောဘပဲ၊ တဏှာ, ဥပါဒါန်, ကံပဲ မလာပေဘူးလား … (လာပါတယ် ဘုရား) အ၀ိဇ္ဇာသ၀လာရင် အ၀ိဇ္ဇာသင်္ခါရ၀ိဥာဏ်ကျအောင် နောက်ဘ၀တွေ မဆက်ပေဘူးလား … (ဆက်ပါတယ်ဘုရား) ကဲ - ဒါတွေလာသေးရဲကလား … (မလာပါဘုရား) ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံးဆိုတော့ ဝေဒနာပိုင်းခြားသိလို့ … (မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မလဲ (ဝေဒနာကို ပိုင်းခြားသိလို့ပါဘုရား) ဘာနဲ့ ပိုင်းခြားသိသလဲ … (မဂ်နဲ့ ပိုင်းခြား သိပါတယ်ဘုရား) မဂ်နဲ့ ပိုင်းခြားပြီး ဝေဒနာကလေးတွေဟာ ဖြစ်ပျက်နေတယ်လို့ သိတယ်၊ အဲဒါ ပိုင်းခြင်း သိတာပဲ … (မှန်ပါ့)။
ဝေဒနာကလေးဟာ ဘယ်လိုနေပါလိမ့် … (ဖြစ်ပျက်နေပါတယ် ဘုရား) ဖြစ်ပျက်နေတယ်လို့ ဟောဒီက မဂ်က ပိုင်ပိုင်နိုင်နိုင် သိတယ် - (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီဘုရား) မဂ်က ဘယ်လို သိနေပါလိမ့် (ပိုင်ပိုင်နိုင်နိုင် သိပါတယ်ဘုရား) ပိုင်ပိုင်နိုင်နိုင် သိနေပါတယ်လို့ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့) ဦးဘအုန်းတို့  ဦးဇံရင်တို့ ကျေနပ်ပလား - (ကျေနပ်ပါပြီဘုရား)။
ခန္ဓာကိုထဲမှာ ဟိုကဖြစ်ပျက်နဲ့ ဒီကပိုင်ပိုင် နိုင်နိုင်သိတဲ့မဂ်နဲ့ ဦးဘတင် ဒါကလေးနှစ်ခုတည်း ရှိတော့တယ်၊ အာသ၀ ဘယ့်နှယ်နေသတုံး - (ချုပ်ပါတယ်ဘုရား)။
“သော ဝေဒနံ ပရိညာယ” သော = ထိုရဟန်းသည်၊ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်ပျက်ဟု ပိုင်ပိုင်နိုင်နိုင် သိသောကြောင့်။ ဒိဋ္ဌေ၀ဓမ္မေ၊ ယခု မျက်မှောက်ဘ၀၌ပင်လျှင်။ အနာသဝေ၊ အာသဝေါကင်း တယ်တဲ့ … (မှန်ပါ့) ဒကာ ဒကာမတို့ ကောင်းကောင်းရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဒါက ရှေ့ပိုင်းမှာ သတိပေးတဲ့ တရားပဲရှိသေးတယ် ဒကာ ဒကာမတို့နော် … (မှန်ပါ့)။
အဲဒီတော့ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ပဲလို့ သိနေလို့ရှိရင် နောက်က အာသ၀တွေ သေသေချာချာ ကုန်နိုင်တယ် … (မှန်ပါ့)။
အာသဝေါကုန်ရပါလို၏လို့ ဘုန်းကြီးကရှေ့က ချပေးတယ်၊ ခင်ဗျားတို့ကလဲ လိုက်ကြတယ်။ အဲဒီကတော့ ကုန်ရာ ကုန်ကြောင်းကို အကျင့်ပေးတတ်တဲ့ ဆရာနဲ့ တွေ့ရပါလို၏ ဆိုတဲ့အတိုင်း အခုလဲကုန် တာကော မသေချာဘူးလား (သေချာပါတယ်ဘုရား) ရှုသာရှု သေသေချာချာ ကုန်ပါတယ် (မှန်ပါ့ဘုရား)။
သော ဝေဒနံ ပရိညာယဆိုတဲ့အတိုင်း ဝေဒနာပေါ်၌ မဂ်နှင့်ပိုင်းခြင်း၍ သိသောကြောင့်၊ အနာသဝေါ၊ အာသဝေါကင်းတယ်ဆိုတဲ့အတိုင်း ဘာဖြစ်လို့ ကင်းပါလိမ့် ဒကာ ဒကာမတို့ (မဂ်နဲ့ ပိုင်းခြားသိလို့ပါဘုရား) မဂ်နဲ့ ဝေဒနာကို ဖြစ်ပျက်လို့ ပိုင်ပိုင်နိုင်နိုင် သိနေလို့ … (မှန်ပါ့)။
ဒီဥစ္စာ ငါလဲမဟုတ်ဘူး၊ သူလဲမဟုတ်ဘူး၊ ဖြစ်ပျက်တဲ့ အနိစ္စပဲလို့ ပိုင်ပိုင်နိုင်နိုင် သိနေသောကြောင့်၊ ဒိဋ္ဌိဝ ဓမ္မေအနာသဝေါတဲ့။ ယခု မျက်မှောက်ဘ၀၌ပင်လျှင် အာသဝေါကင်းတယ်၊ သဘောကျပလား … (ကျပါပြီဘုရား) ဒီဘက်က အာသဝေါတရား လာသေးရဲ့လား … (မလာပါဘုရား)။
ခင်ဗျားတို့ ကျုပ်တို့ ဆုတောင်းပြည့်ထားတဲ့ ခန္ဓာကိုယ်ကြီးကတော့ သေရာသွားနေတယ်၊ သွားတဲ့ အခါမှာလဲ ဝေဒနာနဲ့ တွဲလျက်ကြီး (မှန်ပါ့) သတ်မည့်ဝေဒနာနဲ့ အသတ်ခံရမည် ခန္ဓာနဲ့ဟာ တွဲလျက်ကြီး (မှန်ပါ့) မသွားဘူးလား … (သွားပါတယ်ဘုရား)။
အဲဒီတော့ ဒီဝေဒနာကို ကျုပ်တို့က ပိုင်ပိုင်နိုင်နိုင် သိရမယ် (မှန်ပါ့ဘုရား) မင်းဟာ သတ်မလို့ လာတာလား။ သို့မဟုတ် မင်းသည်ကား … လို့ ဆိုရင်ဖြင့် အနိစ္စလားလို့ ကျုပ်တို့က မေးမေး, မေးမေးပြီး သကာလ ပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ပါတဲ့ … (မှန်ပါ့)။
ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်တဲ့အခါကျတော့ သူဟာ ဖြစ်ပြီး ပျက်တဲ့အနိစ္စပဲဆိုတာ ဥာဏ်ထဲမှာ မရှင်းဘူးလား (ရှင်းပါတယ်ဘုရား)။
ဒါဖြင့် ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိသောကြောင့် ဒိဋ္ဌိဝေဓမ္မေ၊ ယခုပစ္စက္ခဘ၀၌ပင်လျှင်။ အနာသဝေါ၊ အာသဝေါကင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒီဘက်က အာသဝေါကင်းတယ် ဟောဒီမဂ်ကြောင့် (မှန်ပါ့) ဒီမဂ်သာမလာရင် ဘယ့်နှယ်နေကြပါ့မလဲ … (မကင်းပါဘုရား) ကြောက်တယ်, လန့်တယ် ဆိုရင်ဖြင့် ဒိဋ္ဌာသ၀တွေ, အ၀ိဇ္ဇာသ၀တွေ မလာပေဘူးလား (လာပါတယ်ဘုရား) ကဲ - ဒါဟာ ဘယ်လောက် အရေးကြီးလို့ပြောတယ်ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)။
ဘာဖြစ်လို့ ဆရာဘုန်းကြီးကလဲ ဒီလောက်တောင် အသေစခန်းကို အကြီးအကျယ်ဖွဲ့ပြီး ဟောနေရ ပါလိမ့်မတုံးဆိုတော့ အို - ခင်ဗျားတို့ခန္ဓာကိုယ်က နားနေရင်တော့ အဟုတ်သားပေါ့ - (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကိုယ်က သေရာမသွားဘဲနဲ့ နားလို့ရပ်လို့ရရင်လဲ အဟုတ်သားပေါ့ - (မှန်ပါ့)။
အခုလို တရားတာနေကြတယ်ဆိုတာက တစ်ခါတလေ ဟိုစိတ်ရောက်သွား ဒီစိတ်ရောက်သွားနဲ့ တရားထဲနာချင်မှနာတာ၊ အဲဒါလဲ ကြားပေါက်ပါသေးတယ် - (မှန်ပါ့)။
သေရာသွားတာကတော့ ကြားပေါက်မရှိဘူး၊ ကြားပေါက်စိတ်လာလဲ သူက သွားနေတာပဲ - (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အဲဒီတော့ တို့ ၀ဋ်သင့်နေလို့ ဒီဥစ္စာကို တို့ဆုတောင်းပြည့်တဲ့အလုပ်ကြီး နောက်ထပ်မပြည့်အောင် လုပ်မှပဲ၊ နောက်ထပ်မပြည့်စေချင်လို့ ဟောထားတာ။ ခင်ဗျားတို့က ဘ၀တိုင်း ဘ၀တိုင်း ဒီသားဒီသမီးနဲ့ မခွဲရပါလို၏ဆိုတော့ ဘ၀တိုင်း ဘ၀တိုင်း သေရာသွားရပါလို၏က ပါနေတယ် လွယ်သလား (မလွယ်ပါဘုရား) အမှားက သေးသေးလား၊ ကြီးကြီးလား (ကြီးကြီးပါဘုရား)။
ကြီးတဲ့အထဲမှာ ခင်ဗျားတို့က ဟိုဘ၀ကျတော့ ဟိုဘက်ဘ၀ သားသမီးနဲ့ မခွဲရပါလို၏ - တဲ့။ ဒီဘ၀ကျတော့ကော - (ဒီဘ၀သားသမီးနဲ့ မခွဲရပါလို၏ဘုရား)။
ဒါဖြင့် သားသမီးပေါင်းက ဘယ်လောက်များခဲ့ကြသတုံး … (မရေတွက်နိုင်ပါဘုရား) ဒါဖြင့် မခွဲနိုင် ပေါင်းကလဲ ကမ္ဘာတစ်ဝှန်းလုံးရှိတာနဲ့ မခွဲနိုင်တာ … (မှန်ပါ့)။
အားလုံးနိဗ္ဗာန်သွားမှ သွားမယ်ဆိုရင် ဘယ်တော့မှ မသွားနိုင်တော့ဘူး (မှန်ပါ့) သွားနိုင်ဖို့ရာ မြင်သေးရဲ့လား (မမြင်ပါဘုရား) ခင်ဗျားတို့ ၀ါဒဖြန့်ထားတာက နည်းနည်းနောနော ကျယ်တာမဟုတ်ပဲ … (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ဒီတရား ဟောထိုက်၊ မဟောထိုက် … (ဟောထိုက်ပါတယ်ဘုရား) ချက်ချင်း အာသဝေါကင်းနိုင်တာကို ဦးဘတင် ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) ဖြစ်ပျက်မြင်လို့ ကင်းတယ်နော် (မှန်ပါဘုရား)။
ဖြစ်ပျက်မြင်လို့ရှိရင် ဒကာ ဒကာမတို့ သေသေချာချာဖြစ်ပျက်ဟာ ဒုက္ခသစ္စပဲလို့ ပိုင်ပိုင်နိုင်နိုင် သိသွားလို့ရှိရင် မဂ္ဂင်ရှစ်ပါးဟာ ဒီနေရာမှာ ပေါ်တယ်လို့ မှတ်လိုက်တာပေါ့၊ (မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ကာယဿ ဘေဒါ … တဲ့။ ကာယဿ၊ ယခု ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်သည်၏အခြားမဲ့၌။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဓမ္မဋ္ဌော၊ နိဗ္ဗာန်၌တည်သည်။ ဟောတိ၊ ဖြစ်၏။ ဒကာ ဒကာမတို့ တစ်ခါတည်း နိဗ္ဗာန်ရောက်သွားတာပဲတဲ့ … (မှန်ပါ့)။ ဒါတွေ ခုနင်က ဒုက္ခတွေ ချုပ်ပြီးသကာလ ရောက်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား) အာသဝေါကုန်တာနဲ့ ဒီဘက်ကဖြစ်ပျက်ဆုံးတာနဲ့ဟာ တစ်ချက်တည်းပဲ (မှန်ပါ့)။
ဒါဖြင့် ဖဂ္ဂုဏရဟန်းဟာ သောတာပန်, သကဒါဂါမ်, အနာဂါမ်ကျအောင် သေခါနီးမှာ အလုပ်လုပ် သွားနိုင်တယ်လို့ ဦးဝတို့ မှတ်ဖို့ပဲ (မှန်ပါ့) ဒါနဲ့ မြတ်စွာဘုရားကလဲသူ့မှာ အောက်သံသရာကို ပို့တတ်တဲ့ အာသဝေါတွေလဲကုန်ပါပြီဆိုပြီး ဘုရားက ကျောင်းတော်ပြန်သွားတယ် … (မှန်ပါ့)။
ရှင်အာနန္ဒာကတော့ ကျန်နေရစ်တယ်၊ ကျန်နေရစ်တော့ သူ့ရှေ့မှာ ဖဂ္ဂုဏဆိုတဲ့ ရဟန်းကလေးက ခေါင်းကလေးတောင်ဘက်စောင်းပြီး စုတိစိတ်ကျတယ် (မှန်ပါ့) စုတိစိတ်ကျသွားတော့ ရှင်အာနန္ဒာကကြည့် တယ်၊ စက္ခုမျက်လုံးကြည့်ပြန်လဲ သူသေမျက်လုံးနဲ့ မတူဘူး၊ နားကြည့်လိုက်လဲ သူများလို ကျိုးကွေးနေ တယ် မဟုတ်ဘူး၊ လူသေနားနဲ့ မတူဘူး၊ နှာခေါင်းကြည့်လိုက်ပြန်လဲ ကျွံသွားတယ်၊ ဖောင်းလာတယ် ဒီလို မဟုတ်ဘူး၊ လူရှင်ကိုယ်အတိုင်းပဲ (မှန်ပါ့)။
ကိုယ်ကြည့်လိုက်ပြန်တော့လဲ ပျော့ပျော့ပျောင်းပျောင်းပဲ (မှန်ပါ့) သြော် - ဖဂ္ဂုဏ တယ်ထူးပါလား၊ သူများလူသေနဲ့ ကိုမတူဘူး … (မှန်ပါ့)။
ဝိညာဏ်တော့ ချုပ်သွားပြီတဲ့၊ သို့သော်လဲ မျက်လုံးကြည့်လိုက်လဲ (လူကောင်းအတိုင်း) နှာခေါင်း ကြည့်လိုက်လဲ (လူကောင်းအတိုင်းပါ) ကိုယ်ကြည့်လိုက်လဲ … (လူကောင်းအတိုင်းပါ) အကုန်လူကောင်း အတိုင်းဖြစ်နေတော့ ထူးတယ်ဆိုတော့ ရှင်အာနန္ဒာက ဘုန်းဆီသွားပြန်တယ် (မှန်ပါ့)။
ဘုရားဆီသွားပြီး လျှောက်ပြန်တယ်၊ အရှင်ဘုရား ဖဂ္ဂုဏကတော့ သေပြီဘုရာ့၊ သေပေမယ့် သူများသေပုံနဲ့ မတူဘူး၊ ခေါင်းကလဲ တောင်ဘက်စောင်းတယ်၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ---နြေ္ဒတွေကလဲ ဘာမှမညှိုးဘူးဘုရားလို့ လျှောက်တော့ ဘုရားက အာနန္ဒာ, သေခါနီးမှာ ဝေဒနာနုပဿနာရှု ပြီးဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိလို့ အောက်သံသရာ သွားတတ်တဲ့ အာသဝေါ ကုန်ပြီးသေတဲ့ အနာဂါမ်သေ တာလို့ ဖြေလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
အနာဂါမ်ဖြစ်သွားတာတဲ့ (မှန်ပါ့) ဒါဟာ သေခါနီးမှ ဖြစ်တာ (မှန်ပါ့) အနာဂါမ်ဆိုတော့ ဒကာ ဒကာမတွေ စိတ်ချရပြီမဟုတ်လား … (မှန်ပါ့)။
အနာဂါမ်ဆိုတာ ကာမတစ်ဆယ့်တစ်ဘုံဆိုတဲ့ ဒီလူပြည်တို့ နတ်ပြည်တို့ကို လုံးဝမလာတော့ဘူး။ ဗြဟ္မာ့ပြည်ကနေပြီး နိဗ္ဗာန်ကူးတော့မှာပဲ - (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
သူဘယ်လိုလုပ်သွားပါလိမ့်၊ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိသွားလို့ (မှန်ပါ့) အနိစ္စလို့ ပိုင်ပိုင်နိုင်နိုင် သိသွားတဲ့အတွက် ဒကာ ဒကာမတို့ မသေခင်ပဲ အောက်သံသရာလည်စေတဲ့ အာသဝေါကုန်တယ်၊ သေတော့ သူများပုံစံနဲ့ တူသေးရဲ့လား (မတူပါဘုရား)။
အဲဒါ ဖဂ္ဂုဏ၀တ္ထု အင်္ဂုတ္တိုရ်မှာလာတယ်၊ ဒကာ ဒကာမတို့ ဘုရားကိုယ်တော်တိုင် ဟောတာပါပဲနော် (မှန်ပါ့)။
ဒါကလေးအကြောင်းရင်းခံပြီးတော့ ဖဂ္ဂုဏတော့ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်သွားပြီဆိုတော့ ဦးဘအုန်း ဘာမှ သံသယမရှိနဲ့တော့ဗျာ … (မှန်ပါ့)။
ဒါဖြင့် နဂိုတုန်းက ဘုရားကြွမလာခင်တုန်းကတော့ ဟိုနေရာက နာပါတယ်ဘုရာ့၊ ဒီနေရာက နာပါ တယ်ဘုရာ့၊ ဝေဒနာက ရှေ့သာတိုးနေတယ်၊ နောက်ကို မဆုတ်ပါဘူးဘုရားဆိုတော့ ဝေဒနာအတုံးအခဲကြီး ပေါ့ဗျာ (မှန်ပါ့) တစ်ခါတည်း ဝေဒနာကို ငါနဲ့ ရောနေတာပဲ (မှန်ပါ့)။
အခုတော့ဖြင့် နောက်ဆုံးပိတ် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တော့ ဝေဒနာကို ငါနဲ့ မရောပါစေနဲ့၊ မိစ္ဆာဒိဋ္ဌိနဲ့ မရောစေနဲ့ … (မှန်ပါ့) သမ္မာဒိဋ္ဌိနဲ့ ကြည့်လိုက်စမ်းပါဆိုတော့ ဖြစ်ပြီးပျက်တာပဲ သူမြင်တာပဲ (မှန်ပါ့) ဒါတွေချည်းမြင်ပြီး ဒါတွေရှုပြီး သေလိုက်တော့ ဒကာ ဒကာမတို့ သုံးမဂ်ကိုရတယ်၊ သုံးမဂ် သုံးဖိုလ်ရတယ် … (မှန်ပါ့)။
ဒါနဲ့ ရှင်အာနန္ဒာက ဘုရားကိုသွားလျှောက်တော့ ဘုရားက ဖဂ္ဂုဏဟာ အနာဂါမ်တည်သွားတယ်လို့ ထောက်ခံချက်ပေးလိုက်တယ်နော် … (မှန်ပါ့)။
ဒါနဲ့ ဘုရားက ဖဂ္ဂုဏကို အကြောင်းပြုပြီး အကြောင်းကလဲပေါ်လာတယ်၊ သံဃာတော်တွေရော၊ ပရိသတ်တွေရော စုကြဟု အမိန့်ရှိတယ်၊ သေနည်းသင်ပေးမှာ … (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာသင်မှာတုံး … (သေနည်းသင်မှာပါဘုရား) သေနည်းပဲဘုရား ပါးစပ်ဖွင့်လိုက် လို့ရှိရင် သေတာပဲ၊ သင်ရဦးမှာလားလို့ဆိုတော့ အဲဒါက အရူးသိ သိထားတာ (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
အဲဒီသေနည်းမျိုး မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ သေခါနီးမှာ အနာဂါမ်ဖြစ်တဲ့နည်း၊ သေခါနီးမှာ ရဟန္တာဖြစ်နိုင်တဲ့နည်း၊ ဒါကို သင်ပေးမယ်ပြောတာ (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
သေတာ ရေထဲဆင်းလိုက် သေတာပဲဆိုတာမျိုး အောက်မေ့မနေနဲ့ဦး … (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သေနည်းသင်မယ်ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကိုခေါ်ပြီး သကာလ ဟောတော်မူတယ်၊ သေနည်း ခြောက်နည်းရှိတယ် … (မှန်ပါ့)။
ဒကာ ဒကာမတို့ သေနည်း ဘယ်နှမျိုးရှိသတုံး (ခြောက်မျိုးရှိပါတယ်ဘုရား) ပုထုဇဉ်အတွက်မှာ သုံးမျိုး၊ အထက်အရိယာပုဂ္ဂိုလ်များမှာ သုံးမျိုးစီရှိကြတယ်၊ သို့သော် ဦးဘတင် အထက်အရိယာပုဂ္ဂိုလ် သုံးမျိုးကို ဘုန်းကြီး မဟောတော့ပါဘူး၊ သူတို့မှာ ဘာမှ ပူစရာရှိတာ မဟုတ်ပဲကိုး။ သူတို့က ကိစ္စပြီးပြီးသား တွေပဲ။ ဘုရားကတော့ ခြွင်းချက်မရှိ ဟောရတာပေါ့ (မှန်ပါ့) ဘုန်းကြီးတို့ကတော့ ဒကာ ဒကာမတွေနဲ့ သက်ဆိုင်လှတဲ့ ပုထုဇဉ်သေနည်း သုံးမျိုးကို ဟောပြပါမယ် (မှန်ပါ့)။
ပုထုဇဉ်သေနည်းသုံးမျိုးက ဖဂ္ဂုဏသေတာကို သိကြရပြီ၊ အလောင်းသွားကြည့်တော့ ---နြေ္ဒတွေ ဘယ်တော့မှ မချို့တဲ့ဘူးဆိုတာလဲ သိကြရပြီ၊ အဲဒီတော့ သူဟာ နဂိုတုန်းကတော့ သက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ နေခဲ့တယ်၊ ဝေဒနာနဲ့ ငါနဲ့ ရောနေတယ်ဆိုတော့ ဝေဒနာ အတ္တတော သမနုပဿတိ ဆိုတဲ့အတိုင်း သက္ကာယဒိဋ္ဌိနဲ့ ပြုတ်ပါရဲ့လား … (မပြုတ်ပါဘုရား)။
ဘုရားကလာပြီး အတ္တဖြုတ်ပေးလိုက်တဲ့အခါကျတော့ အတ္တက အနတ္တဖြစ်မသွားဘူးလား … (ဖြစ်သွားပါတယ်ဘုရား) ဖြစ်သွားတဲ့အတွက် သူ့မှာ သေနည်းက မှန်သွားတယ်၊ ဝေဒနာကို ပိုင်းခြင်းသိပြီး သကာလ သွားသောကြောင့် မသေခင်ဘဲ သူနဲ့ဆိုင်ရာ အောက်အာသ၀တွေ အကုန်,ကုန်တယ်၊ မကုန်ဘူး လား (ကုန်ပါတယ်ဘုရား) ဒိဋ္ဌေ၀ ဓမ္မေ (ပ) ကာယဿ ဘေဒါ ဓမ္မဋ္ဌောတဲ့။ ခန္ဓာပျက်သောအခါ၌ နိဗ္ဗာန်ရောက်သွားတယ်ဆိုတာ ဦးဘအုန်း ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါ လူတိုင်းနဲ့ မဆက်ဆံဘူးလား၊ ဆက်ဆံသလား (ဆက်ဆံပါတယ်) အကုန်ဆက်ဆံတယ်၊ ဒီအထဲမှာ ခြွင်းချက်ပေးလို့ ဘယ်သူမှ မရဘူး … (မှန်ပါ့) ရပါ့မလား … (မရပါဘုရား)။
ခင်ဗျားတို့ အသက်တစ်ရာ ရှည်ရပါလို၏ဆိုတော့ တစ်ရာပြည့်တော့ သေဖို့ပါတာပဲ … (မှန်ပါ့)၊ တစ်ရာ့နှစ်ဆယ်ရှည်ရပါလို၏ဆိုလို့ကော - (တစ်ရာ့နှစ်ဆယ်ပြည့်တော့ သေဖို့ပါတာပါပဲဘုရား)။
အဲဒီတော့ ခင်ဗျားတို့တောင်းတဲ့ဆုထဲမှာ အသေမပါတဲ့ဆု ပါရဲ့လား - (မပါ,ပါဘုရား) ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏ ဆိုလို့ရှိရင် အသေပါမှာချည်းမှတ်ပါ (မှန်ပါ့) ဘာမှ မဖြစ်ရတဲ့နေရာ ရောက်ရပါလို၏ဆိုရင်တော့ အသေမပါဘူး။ အသေလွတ်ပြီ … (မှန်ပါ့)၊ ရှင်းပလား - (ရှင်းပါပြီဘုရား)။
ကဲ - ခင်ဗျားတို့ ဘာများဖြစ်ချင်သေးသတုံး - (ဘာမှ မဖြစ်ချင်ပါဘုရား) ဟာ … ခင်ဗျားတို့ အခုမှ ပါးကုန်တာ၊ နဂိုက အတော်ဖြစ်ချင်တဲ့လူတွေ … (မှန်ပါ့)။
နဂိုက အတော်ဖြစ်ချင်တယ်၊ ဒီသားနဲ့ ဒီသမီးနဲ့ ဟုတ်လား ငှက်ဖြစ်သော်လဲ တစ်ကိုင်းတည်း ဖြစ်ရပါလို၏ … တဲ့ ဟုတ်လား၊ အဲဒီအဖြစ်ထဲမှာ ဘာပါလာသတုံး … (အသေပါလာပါတယ်) အဖြစ်ရှိလို့ရှိရင် အပျက်ရှိမှာပေါ့ … (မှန်ပါ့)။
အဖြစ်ထဲ ဘာပါသတုံး (အသေပါ, ပါတယ်) အဲဒီအသေကလဲ ခင်ဗျားတို့က ဘ၀တိုင်းကလဲ မှားလာတာဆိုတော့ မှားချက်က ဦးဘအုန်း ဘယ်လောက်များခဲ့သတုံး - (မရေနိုင်ပါဘုရား) မရေနိုင်ဘူး၊ မရေနိုင်တာ တစ်ခါတည်း … ဖျက်ရမယ်ဆိုတော့ မဂ်ရမှ ဖျက်လို့ရတယ်။ မဂ်မရရင်တော့ (ဖျက်လို့မရပါ ဘုရား)။
ကိုင်း … ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုထုဇဉ်မှာကွာ တဲ့ သေခါနီးမှ အနာဂါမ်ဖြစ်ချင်လို့ရှိရင် သုံးမျိုးရှိတယ် … တဲ့၊ ငါဘုရားတရားကို နာရလို့ ခုနင်ကပြောတဲ့ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ တရားမျိုး နာရလို့ရှိရင်လဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင် ဖြစ်နိုင်တယ် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဒီလိုမှမဟုတ်ဘဲ ငါဘုရားကလဲ ပရိနိဗ္ဗာန်စံသွားပြီဆိုတော့ ငါဘုရား၏ တပည့်သားဖြစ်တဲ့ ပုဂ္ဂိုလ်က ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ တရားမျိုးကို ဟောတာနာရမယ်၊ ဒီလိုဆိုလို့ရှိရင်လဲ သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်တယ် (မှန်ပါ့) နှစ်မျိုးရှိသွားပြီတော် … (မှန်ပါ့)။
ဘုရားဟောလို့ဖြစ်စေ၊ ဘုရား၏တပည့်သားက ဝေဒနာနဲ့ ငါနဲ့မရောတဲ့တရားကို ဟောသည်ဖြစ်စေ၊ ဘယ်နှမျိုးတုံး (နှစ်မျိုးပါဘုရား) ဒီလိုမှ ဘုရားနဲ့လဲမကြုံ၊ ဟောတတ်တဲ့ ဆရာသမားနဲ့လဲ မကြုံရင် ဘယ့်နှယ်များ သေရပါ့မတုံးလို့ မေးလို့ရှိရင် အခုလို နာထားတဲ့ တရားကို ဒကာ ဒကာမတွေက ကိုယ့်ဟာကိုယ် နှလုံးသွင်းပြီး ဖြစ်ပျက်ရှုပေးလိုက်ပါ (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဖြစ်ပျက်ရှုနေလိုက်တော့ ဝေဒနာနဲ့ ငါနဲ့ ရောသေးသလား (မရောပါဘုရား) အဲဒီလိုဆိုရင်လဲ တစ်ခါတည်း မသေခင်ဘဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်ပါတယ် (မှန်ပါ့) ကိုယ့်ဟာကိုယ် ရှုပြီးတော့ရတာ … (မှန်ပါ့) ဘယ်နှချက်ပါလိမ့် … (သုံးချက်ပါဘုရား)။
ဝေဒနာနဲ့ ငါနဲ့ မရောနဲ့တဲ့ ဘုရားတရားကို နာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင် ဟောနိုင်တဲ့ ဘုရား၏ တပည့်သားများနဲ့တွေ့လို့ အဲဒီတရားမျိုးကို နာရ၍သော်လည်းကောင်း … (မှန်ပါ့) ဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုလို့ရှိရင်လဲ အရင်နာဖူးတဲ့ တရားကို ကိုယ့်ဟာကိုယ် ရှုပွားပြီး သကာလ … (မှန်ပါ့) ဒါကလဲ နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဖြုတ်တဲ့တရားကို နာဖူးမှ … (မှန်ပါ့)။
ခုနင်က ပန်းကလေး အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒါလောက်ပြောတာ မဟုတ်ပါဘူး … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ပန်းညောင်ရေဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည်သူဂတိကိုတော့ မုချကျေးဇူးများမယ် (မှန်ပါ့) ဒီမှာကတော့ ဒီလိုမဟုတ်ဘူး၊ ဝေဒနာနိရောဓာဖြစ်သောကြောင့် တဏှာ နိရောဓော၊ ဒိဋ္ဌိရောဓော အ၀ိဇ္ဇာနိရောဓော သွားပြီးဖြစ်တယ် - (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
သူကတော့ နိရောဓဘက် မလှည့်ဘူးလား (လှည့်ပါတယ်ဘုရား) ဟိုဟာတွေက နိရောဓဘက် မလှည့်ဘူး ဒကာ ဒကာမတို့ ကောင်းကောင်းသဘောကျပလား (ကျပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် သေနည်းဘယ်နှမျိုးတုံး (သုံးမျိုးပါဘုရား) ဘုရားဟောတဲ့ ဝေဒနာနဲ့ ငါနဲ့မရောတဲ့ တရားကို ကိုယ်ကရှုပွားပြီး သေရသော်လည်းကောင်း၊ ဘုရား၏တည့်သားများက ဝေဒနာနဲ့ ငါနဲ့ မရောတဲ့တရားကို ဖြစ်ပျက်ရှုတတ်တဲ့တရားကို ဟောလို့နာကြားပြီး ကိုယ်က ရှုပွားပြီး သေရသော် လည်းကောင်း၊ သို့မဟုတ် ဟောမည့်ပုဂ္ဂိုလ် အထက်ပါပုဂ္ဂိုလ် နှစ်မျိုးစလုံးမရှိဘူးဆိုရင် ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး သကာလ ဝေဒနာနဲ့ ငါနဲ့မရောတဲ့ အလုပ်ကို လုပ်ပြီးသေခဲ့ရသော်လည်းကောင်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်ပြီး သေနိုင်တယ်၊ ဖဂ္ဂုဏသေနည်းမျိုး (မှန်ပါ့) ဒါစိတ်သာချ ပေတော့ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့်သြော် - တို့ဆရာဘုန်းကြီးဟာ ဘာ သင်ပါလိမ့်မတုံးဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား) ဘာသင်တာတုံး (သေနည်းသင်တာပါဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။
ကောင်းသောသေနည်းသင်တယ်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့) ဒီ့ပြင် နဂိုက ခင်ဗျားတို့သေမည့် သေနည်းကတော့ဖြင့် သားစွဲမယားစွဲလို့ ရှိတဲ့ပစ္စည်းကလေးစွဲလို့ အဲဒီလိုသေနည်းတွေ သေမှာစိုးလို့၊ အဲဒါတွေကတော့ အများအားဖြင့် ပြိတ္တာဘက်ချည်း ဦးတည်သွားတယ် … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သေနည်းခြောက်မျိုးမှာ ပုထုဇဉ်သေနည်းသုံးမျိုး ကို ဟောတယ် (မှန်ပါ့) ကျန်တဲ့ သုံးမျိုးကတော့ အနာဂါမ်တည်ပြီးသား ပုဂ္ဂိုလ်မှာ ဒီအတိုင်းဘုရားတရား တော်ကို နာ၍သော်လည်းကောင်း၊ သူက အနာဂါမ်တည်ပြီးသားမို့ သူ့အတွက် မလိုလှတော့ပါဘူး (မှန်ပါ့) သို့မဟုတ် ဟောတဲ့ပုဂ္ဂိုလ် ဘုရား၏တပည့်သား အနားရှိသော်လည်းကောင်း (မှန်ပါ့) ကိုယ့်ဟာကိုယ် ဆင်ခြင်၍သော်လည်းကောင်း၊ အဲဒီပုဂ္ဂိုလ်ကတော့ ရဟန္တာဖြစ်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားထံမှ တရားနာဖို့ဆိုတာ ဘုရားကလဲမရှိတော့ပါဘူး။ ဒါကြောင့် ၁-နံပါတ်က လွတ်သွားပြီ (မှန်ပါ့) ၂-နံပါတ်ဆိုတာကလဲ ခင်ဗျားတို့ကလဲ ဖျတ်ခနဲသေချင်တာမျိုး။ ဒီလို ဆရာလျှောက်ရှာလို့လဲ တွေ့ချင်မှတွေ့တာကိုးဗျာ … (မှန်ပါ့)။ သေမှာက ဘယ်သူမှအချိန်သိကြတာ မဟုတ်ဘူး (မှန်ပါ့) သေမှာသာ သိတယ်၊ ဒီအထဲမှာ ဒကာ ဒကာမတွေ အချိန်သိတဲ့ ဒကာ ဒကာမတွေ တစ်ယောက်မှမပါဘူး (မှန်ပါ့) ပါကြရဲ့လား … (မပါ,ပါဘုရား)။
သေမှာတော့ မသိကြဘူးလား (သိပါတယ်) အချိန်တော့ သိရဲ့လား (မသိပါဘုရား) အချိန်မှမသိတဲ့ ပုဂ္ဂိုလ်ကဖြင့် ဟောမည့်ပုဂ္ဂိုလ်ကို ရှာမထားပေဘူးလား … (မှန်ပါ့) ရှာထားနိုင်ပါ့မလား … (မရှာထားနိုင်ပါ ဘုရား)။
အချိန်သိရင်တော့ ဟုတ်သားပေါ့ (မှန်ပါ့) အခုတော့ အချိန်မှမသိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေတော့ ဟောမည့်ပုဂ္ဂိုလ်ကို ရှာထားနိုင်ပါ့မလား … (မရှာထားနိုင်ပါဘုရား)။
အဲဒီတော့ ပထမအချက်လဲ ကျုပ်တို့မိဖို့မမြင်ဘူး၊ ဘုရားကလဲမရှိဘူး၊ ဒုတိယအချက်ကလဲ ခင်ဗျားတို့ အသေက အချိန်မသိနိုင်တဲ့အတွက် ဒုတိယပုဂ္ဂိုလ်နဲ့လဲ တွေ့ဖို့မမြင်ဘူး (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
အဲဒီတော့ ကိုယ့်ဥာဏ်နဲ့ ကိုယ့်ဝေဒနာဖြစ်ပျက်နဲ့တွေ့ဖို့ ဒီတစ်ခုပဲမြင်တယ် … (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းအကောင်းဆုံးလို့ ဆိုတာ ကိုယ့်အတွက်မှာဖြင့် ဝေဖန်ပါတော့ဆိုတော့ ၃-နံပါတ်နည်း အကောင်းဆုံးပဲ … (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ … (နံပါတ် ၃ -အကောင်းဆုံးဆိုတာ ဝေဒနာက္ခန္ဓာနဲ့ ဥာဏ်နဲ့ တွဲလိုက်ကြပါ … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဘာနဲ့ဘာတွဲကြမလဲ … (ခန္ဓာနဲ့ ဥာဏ်နဲ့ တွဲရပါမယ်) ဝေဒနာက္ခန္ဓာဖြစ်ပျက်နဲ့ ဥာဏ်မဂ်နဲ့သာတွဲလိုက်၊ တွဲပြီး ဒီအတိုင်းသာ ဒကာ ဒကာမတို့ ရှုနေလို့ ရှိရင် မသေခင်ကိုက ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်ရမယ် (မှန်ပါ့ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဝေဒနာနိရောဓော၊ တဏှာနိရောဓော ဖြစ်ရပါမယ်) ဝေဒနာနိရောဓာဆိုတော့ ဝေဒနာကဖြစ်ပျက်ဆိုတော့ ချုပ်မသွားပေဘူးလား … (ချုပ်သွားပါတယ်) အဲဒီတော့ ဝေဒနာက ချုပ်သွားတော့ ဝေဒနာမှမရှိဘဲ ဒီကနောက်က တဏှာပေါ်ချင်လို့ … (မပေါ်နိုင်ပါဘုရား)။
ဘယ်ပေါ်နိုင်ပါ့မတုံး၊ ဒီမဂ်က ဖြတ်ထားလိုက်ပြီ (မှန်ပါ့) ဝေဒနာကဖြစ်ပျက်ကို ရှုထားတော့ မဂ်ကလဲဖြတ်ပြီးသား ဖြစ်နေတယ် … (မှန်ပါ့) ဝေဒနာနိရောဓော တဏှာနိရောဓော မဖြစ်ဘူးလား … (ဖြစ်ပါ တယ်ဘုရား)။
တဏှာနိရောဓော ဖြစ်ကတည်းက ဒကာ ဒကာမတို့ တဏှာနိရောဓောလဲ နိဗ္ဗာန်ပဲ၊ သူ့နိဗ္ဗာန်နဲ့ သူပေါ့ဗျာ … (မှန်ပါ့) သောတာပန်တည်မှာဖြင့် သောတာပန်နိဗ္ဗာန်ရတာပဲ (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီ ဘုရား)။
ကဲ - ဝေဒနာ ဖြစ်ပျက်ရှုပြီးသေတော့ ဝေဒနာဖြစ်ပြီး ပျက်သွားတာပဲဆိုတော့ ဝေဒနာချုပ်သွားတာပဲ မဟုတ်လား (ချုပ်သွားတာပါ) ဒီက ဒိဋ္ဌိနိရောဓောကကော မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ဖြစ်မှာပဲ ဒီမဂ်က ဒိဋ္ဌိကိုသတ်ထားတယ် (မှန်ပါ့) သဘောကျပလား - (ကျပါပြီ) တော်တော် အရေးကြီးလို့ ဒီဥစ္စာ ရှင်းရှင်းလင်းလင်း ပြောနေတာ … (မှန်ပါ့ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဝေဒနာကို ဖြစ်တာနဲ့ ပျက်တာပဲလို့ သိနေကတည်းက ဒီအထဲ သမ္မာဒိဋ္ဌိ ၀င်လာတော့၊ သမ္မာဒိဋ္ဌိ ၀င်လာတော့၊ သမ္မာဒိဋ္ဌိဆိုတာ ၀ိဇ္ဇာမဟုတ်လား (မှန်ပါ့) ၀ိဇ္ဇာက လာချင်လို့ … (မလာနိုင်ပါဘုရား)။
မလာနိုင်တော့ သမ္မာဒိဋ္ဌိဝိဇ္ဇာကလဲ အ၀ိဇ္ဇာကို သတ်တယ် (မှန်ပါ့) သဘောကျပလား … (မှန်ပါ့) မိစ္ဆာဒိဋ္ဌိလဲ သတ်ထားတယ်၊ တဏှာလဲ သတ်ထားတယ်ဆိုတော့ သြော် …. ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုဒပ္ပါဒ်၌ အောက်သံသရာသွားမည့် ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ် … (မှန်ပါ့ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် … (အောက်သံသရာသွားမည့် ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ်ပါတယ်ဘုရား) အောက်သံသရာသွားမည့် ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ်သည် ဖြစ်လေသောကြောင့် ဒီပုဂ္ဂိုလ်ဟာ အနာဂါမ်တည်သွားတယ်တဲ့။ အထက်သာ သွားတော့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အထက်သာ သွားတယ်ဆိုတာ ကောင်းကောင်းသေချာပလား (သေချာပါပြီဘုရား)။
အဲဒီတော့ ၁-နံပါတ်ကလဲ ခင်ဗျားတို့ မမျှော်လင့်နဲ့တော့၊ ဘုရားပရိနိဗ္ဗာန်စံသွားပြီ (မှန်ပါ့)။ ၂-နံပါတ်ကလဲ မမျှော်လင့်နဲ့ ဘာကြောင့်တုံး … သေမည့်အချိန် ခင်ဗျားတို့ မသိလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
၁-နံပါတ် ဘာဖြစ်လို့ မမျှော်ရတာတုံး (ဘုရားပရိနိဗ္ဗာန်စံသွားပါပြီဘုရား)။ ဘုရားမရှိတော့လို့ ဘုရားကသေခါနီး လာဟောခဲ့လို့ ကိုယ်က နှလုံးသွင်းရင်လဲ ဒါဟာ အနာဂါမ်ထိအောင် တည်နိုင်တယ်လို့ ဟောတာကိုး (မှန်ပါ့) အဲဒီတော့ အဲဒီ ၁-နံပါတ်က မျှော်လင့်ချက် ကုန်သွားပြီ (မှန်ပါ့ဘုရား)။
၂-နံပါတ်ကလဲဘယ်လို စဉ်းစားကြမယ် (ကိုယ်သေမည့် အချိန်မသိလို့ပါ) သေမည့်အချိန်ကို ကိုယ်မှ မသိဘဲဥစ္စာ။
ဒကာ ဒကာမတွေဟာ တို့ဘုန်းကြီးပင့်ထားမယ်၊ တို့ဆရာပင့်ထားမယ်ဆိုလို့ရှိရင်လဲ မဖြစ်နိုင်သလို ပါပဲ၊ သိနေရင်တော့ ဟုတ်တာပေါ့၊ သေချိန်ကို ဘယ်သူမှ သိတာမဟုတ်ဘူး (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒီတော့ ၂- နံပါတ်ကိုလဲခင်ဗျားတို့ အားမကိုးနဲ့ (မှန်ပါ့) ဦးဘအုန်း အားကိုးလို့ကော တည့်ပါ့မလား (မတည့်ပါ) ဘာဖြစ်လို့ မတည့်သတုံး - (သေမည့်အချိန် မသိလို့ပါဘုရား)၊ သေချိန်သိတဲ့ ပုဂ္ဂိုလ် ဒီအထဲမှာ ဘယ်သူပါကြသလဲ (ဘယ်သူမှ မပါ,ပါ ဘုရား)၊ မသိတော့ ဒုတိယအချက်ကို အားကိုးလို့ တော်ပါ့မလား - (မတော်ပါဘုရား)။
ဒါဖြင့် ဘာအားကိုးကြမလဲ … (၃-နံပါတ်ပါ) ၃-နံပါတ်ကတော့ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဥာဏ်နဲ့သာ ဖြစ်ပျက်ရှု (မှန်ပါ့)၊ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဥာဏ်နဲ့သာ ဖြစ်ပျက်ရှုပြီး သေလိုက်ပါတဲ့။ ဘယ်ကျအောင် ဖြစ်နိုင်သတဲ့တုံး (အနာဂါမ်ကျအောင် ဖြစ်နိုင်ပါတယ်ဘုရား)။
အေး … သောတာပန်လဲ ဖြစ်နိုင်တယ်၊ သကဒါဂါမ်လဲ ဖြစ်နိုင်တယ်၊ အလွန်ဆုံး အနာဂါမ် ဖြစ်နိုင်တယ်၊ ဒါ ပုထုဇဉ် သေရင်ပြောတာ၊ အနာဂါမ်သေရင်တော့ ရဟန္တာဖြစ်နိုင်တယ်။ ဒီသုံးချက်နဲ့ ကြုံလို့ရှိရင် - (မှန်ပါ့ဘုရား)။
အဲဒီတော့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဖဂ္ဂုဏအကြောင်းပြပြီး ဘုရားကိုယ်တိုင် ရှင်အာနန္ဒာကိုဟောတာ (မှန်ပါ့) ဒီတော့ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တဲ့ အဓိပ္ပါယ်ဟာ ရှင်းသွားပြီလား … (ရှင်းသွားပါပြီ ဘုရား)။
ကောင်းပြီ ... ဒါဟာ မသေခင်က မဂ်ဝင်ထားတဲ့အတွက် ဦးဘတင် ဘာကုန်နေသလဲ (အာသဝေါ ကုန်ပါတယ်) အောက်သံသရာသွားမည့် အာသ၀တွေက ဘယ့်နှယ်နေသတုံး … (ကုန်ပါတယ်ဘုရား)။
သြော် - ဒါဖြင့် တို့သည်ကားလို့ဆိုရင် ငါသေရင်ဘယ်ရောက်မှာတုံးလို့ ဘာမှတွေးမနေနဲ့ အောက်သံသရာသွားတဲ့ အာသ၀ကုန်ရင် အောက်သံသရာ မရောက်တာပဲ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် အောက်သံသရာ၏ ပဋိစ္စသမုပ္ပါဒ် အနာဂတ်အကြောင်းတွေကို ဒကာသစ်တို့ ကိုမြရွှေတို့ မဂ်က ဖြတ်ချလိုက်တယ် (မှန်ပါ့) မဖြတ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။
ရှုနေတဲ့ ပုဂ္ဂိုလ်မှာ အနာဂတ်အကြောင်းတွေ ဘယ့်နှယ်တုံး … (ပြတ်ပါတယ်ဘုရား)။ အဲဒီပြတ်နေ တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘာပူစရာရှိသေးသတုံး (မရှိပါဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် နေရာကျတဲ့သေခြင်းကောင်းပဲ (မှန်ပါ့) တချို့ကျတော့လဲ သားကလေးခေါ်ပေးပါဦး၊ ပစ္စည်းကလေး အစရှိသည်နဲ့ သုံးပုံပုံပြီး သကာလ ဒါကလေးကတော့ ကျုပ်အတွက် သင်္ဂြိုဟ်ဖို့၊ ကျန်တာတွေကတော့ ဘယ်သူတွေ၊ ဘယ်သူတွေယူကြ စသည်နဲ့ လုပ်လေ့ရှိကြတယ်။ အဲဒါ မကောင်းသေးဘူး စင်စစ်တော့ (မှန်ပါ့)။
သို့သော်လဲ ခင်ဗျားတို့ကတော့ သတိရရှာတယ်တဲ့၊ သတိရရှာတယ်လို့ မြို့သုံး,သုံးလိုက်သေးတယ် ဗျ - (မှန်ပါ့)။
သတိရတာက သူ့ဟာက ဟိုနှစ်ပုံက ဘာတုံးဆိုတော့ ဟိုဟာကသားဖို့၊ ဒီဟာက ခင်ပွန်းဖို့၊ ဒီအပုံက သူသေတဲ့အခါမှာ လှလှပပချဖို့ ဒီအဓိပ္ပါယ်မျိုးသာရှိတယ်၊ သူ့ဟာက ဥာဏ်မပါဘူး၊ ၀ိပဿနာဥာဏ် ပါတာမဟုတ်ဘူး၊ ကမ္မဿကတာ ဥာဏ်လောက်နဲ့ သေသွားတာ (မှန်ပါ့)။
ကမ္မဿကတာ ဥာဏ်ရယ်၊ သားခင်တဲ့ တဏှာရယ် (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတို့ နန်းတော် အိမ်တော်မှာ ဆင်ဖြူတော်ဖြစ်ရုံ စသည်လောက်ပဲရှိတယ် - (မှန်ပါ့)။
နန်းတော်, အိမ်တော်မှာ ဆင်ဖြူတော်ဖြစ်ရတယ်ဆိုတော့ တော်တော့ တော်သေးတာပေါ့၊ တောထဲမှာ ဆင်ရိုင်းထက်စာရင် … (မှန်ပါ့)။
အဲဒီတော့ ဆင်ဖြူတော်က တိရစ္ဆာန်နန်းတော်၊ အိမ်တော်မှာ ဖြစ်ရတာ ခုနင်က ကျုပ်သေတဲ့အခါ ကျလို့ရှိရင် ဘာလုပ်ဖို့ ညာလုပ်ဖို့ဆိုတဲ့ ကုသိုလ်ကလေးမျိုးက သွားပြီးအကျိုးပေးတယ် … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် နန်းတော်အိမ်တော်မှာ ဆင်ဖြူတော်ဖြစ်တဲ့ အသေမျိုးတော့ မကောင်းပါဘူး … (မှန်ပါ့) ကောင်းပါ့မလား … (မကောင်းပါဘုရား) ရှင်းရှင်းက ကောင်းပါသေးတယ်၊ သက်သာပါသေးတယ် ဒကာ ဒကာမတို့၊ ဘယ်သူ့ဆင်ဖြူတော် ဖြစ်ရတယ်ဆိုတာဖြင့် ကျောပေါ်တော့ အစီးခံရမှာပဲ … (မှန်ပါ့) မဟုတ်ဘူးလား … (ဟုတ်ပါတယ်ဘုရား)။
အဲဒီတော့ ဆင်ဖြူတော်လောက်နဲ့ ဦးဝကျေနပ်ပလား … (မကျေနပ်ပါဘုရား) မကျေနပ်ရင် တော်သေးတာပေါ့ဗျာ … ဖြစ်ခြင်းဖြစ်ရင် အဲဒါဖြစ်ရတာ တော်သေးရဲ့ဆိုရင်တော့ ခင်ဗျားတို့ ခက်ပကော … (မှန်ပါ့)
ဒါဖြင့် ဒကာ ဒကာမတို့ သေနည်းက ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါဘုရား) ဘုရားတရားနာပြီး ကိုယ်တိုင်ပွားပြီး သေရခဲ့သော် ဒကာ ဒကာမတို့ သောတာပန်၊ သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်တယ် … (မှန်ပါ့)။
သက္ကာယဖြုတ်တတ်တဲ့ ဘုရား၏ တပည့်သား တရားနာရ၍ ကိုယ်တိုင်ပွားများသေခဲ့ရသော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်တယ် … (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဟာ … ဒီလိုမဟုတ်ဘူးဆိုရင်လဲ ကိုယ်နာထားတဲ့ ဝေဒနာကို သက္ကာယကွာအောင် ဖြစ်ပျက်ရှုပြီး သေကြလို့ ဆရာသမားက မှာထားတယ်၊ အဲဒါမှာထားတာကလေးကို ခင်ဗျားတို့ ရှုပွားပြီးသကာလ သေကြလို့ရှိရင်လဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်တယ်၊ သုံးနည်း ဟောတယ် … (မှန်ပါ့ဘုရား)။ ဆက္ကနိပါတ်အင်္ဂုတ္တိုရ်မှာ ဟောတာ၊ ပုထုဇဉ်အတွက်သုံးမျိုး၊ အနာဂါမ်အတွက်သုံးမျိုး၊ ပေါင်းခြောက်မျိုး (မှန်ပါ့) သို့သော် အနာဂါမ်အတွက် ဦးဘအုန်း ကျုပ်တို့နဲ့ ဘာမှမဆိုင်သေးလို့ အကျယ်မပြောတော့ပါဘူး (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီသေနည်းသုံးမျိုးသည် အင်မတန် အရေးကြီးတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးနှုတ်က ဖွင့်ဟောတာလို့မှတ်ပါ … (မှန်ပါ့) အရေးမကြီးတာကို ပြုံးတောင်မပြုံးဘူးလို့ ခဏခဏ မပြောခဲ့ဘူးလား … (ပြောခဲ့ပါတယ်ဘုရား)။
အရေးမကြီးတဲ့ အလုပ်ဆိုလို့ရှိရင် ဘုရားက သံတော်ထွက်ရမှာဝေးလို့ ပြုံးတောင်မပြုံးဘူး … (မှန်ပါ့) ပြုံးလာလို့ ရှိရင်တောင်မှ ကယ်တင်ချင်လို့မှတ် (မှန်ပါ့) ထုတ်ဖော်ဟောလို့ရှိရင်ဖြင့် အထမြောက် နိုင်တဲ့အလုပ်မို့ ထုတ်ဖော်ပြောတာလို့မှတ် … (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပလား … (ကျပါပြီ) ကောင်းကောင်း သေတတ်ပလား (သေတတ်ပါပြီ) အဲဒီတော့ ကိုယ်ဆုတောင်းပြည့်ထားတာကြီးကနေပြီး သကာလ နောက်ထပ်ကို အသေတွေတောင်းထားတာကလဲ ခင်ဗျားတို့ကပြည့်လို့ (မှန်ပါ့) ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြင်နဲ့ နိဗ္ဗာန်မ၀င်မီ စပ်ကြားဆိုတဲ့ ဥစ္စာတွေကရှိနေတော့ နိဗ္ဗာန်ကလဲ ဘယ်နေရာမှန်း မသိသေးဘူး (မှန်ပါ့) နိဗ္ဗာန်လဲ ဘယ်နေရာမှန်း မသိသေးဘဲနဲ့ ဒီစပ်ကြားကို ပြောထားတဲ့ဥစ္စာက နိဗ္ဗာန်မရသေးဘဲ ကျယ်သရွေ့ဟာ သူ့ဟာချည်းဖြစ်နေတယ် … (မှန်ပါ့)။
နိဗ္ဗာန်လဲ သူမြင်ရပလား (မမြင်ရသေးပါဘုရား) မမြင်ရသေးတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်မရမီစပ် ကြား ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်ဆိုတဲ့ ခင်ဗျားတို့ တဏှာစေခိုင်းတိုင်း လုပ်ထားတဲ့ ၀စီကံပဲ … (မှန်ပါ့)။
တဏှာက ဒီသား ဒီသမီးကလေးတွေဟာ နင့်ကို အင်မတန် ကျေးဇူးများတာတွေ၊ နင်နဲ့ ပါရမီပြည့် ဘက်တွေဟု တဏှာက၀င်လာပြီး ဟောထားတယ် (မှန်ပါ့) ရိပ်မိပလား - (ရိပ်မိပါပြီဘုရား)။
တဏှာက ဘယ်လိုဟောသတုံး၊ ဒီသား၊ ဒီသမီးကလေးတွေဟာ နင့်ရင်သွေးကလေးတွေ၊ နင့်ပါရမီ ဖြည့်ဘက်ကလေးတွေ နင့်အိုစာမင်းစာကလေးတွေ၊ နင့်ဆေးပေးမီးယူကလေးတွေ စသည်နဲ့ တဏှာက သိပ်ဟောထားတာ … (မှန်ပါ့) မဟောဘူးလား (ဟောပါတယ်ဘုရား)။
အဲဒီလိုဟောတဲ့အခါကျတော့ ဒီက ဒိဋ္ဌိသမားကလဲ သြော် - ဒါကြောင့် ငါမခင်ရင် တော်ပါ့မလား၊ ဒိဋ္ဌိသမားက မလာဘူးလား … (လာပါတယ်) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
အဲဒီတော့ တဏှာက ရှေ့ကတရားဟောကောင်းတော့ ဒိဋ္ဌိကနောက်သို့လိုက်ဖို့ရာ အဆင်သင့်ဖြစ် နေတယ် … (မှန်ပါ့) ငါ့မှာ ဒီတစ်ယောက်တည်းရှိတာ ဒီတစ်ယောက်ကလေးမှ မလိမ္မာလို့ ပျက်စီးယိုယွင်း သွားခဲ့သော် မခက်ဘူးလားဆိုပြီး ဒိဋ္ဌိကလဲ ဦးဘအုန်း တစ်ခါတည်း လာတော့တာပဲ (မှန်ပါ့) မလာဘူးလား … (လာပါတယ်ဘုရား)။
အဲဒီတော့ ဒိဋ္ဌိတဏှာတွေသည်ကား … လို့ဆိုလို့ရှိရင် ဘုန်းကြီးတို့ထက် အပြောအဟော သန်တယ်လို့ အောက်မေ့ပါ (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ဘုန်းကြီးတို့ထက် အပြောအဟော သန်တယ်ဆိုတော့ ဘုန်းကြီးက တစ်နေ့မှ တစ်နာရီပြောတာ၊ သူက အချိန်တိုင်းပဲ၊ ထမင်းစားပြန်လဲ ဒီကလေးနဲ့ ဒီခင်ပွန်းနဲ့ … (မှန်ပါ့)။
လက်ဖက်ရည်သောက်ပြန်တော့ကော - (ဒီကလေးနဲ့ ဒီခင်ပွန်းပါဘုရား) စီးပွားရေးရှာပြန်တော့လဲ ဘယ်သူ့ဖို့တုံး သူတို့ဖို့ပေါ့၊ ကျုပ်တို့ဖို့တော့ ပြီးပါပြီ၊ ဒီအတိုင်းပဲ မလာဘူးလား (လာပါတယ်ဘုရား) သူတို့နဲ့ ခွဲနေတဲ့အချိန်ကိုပါသေးရဲ့လား (မပါ,ပါဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီတဏှာဒိဋ္ဌိနဲ့ခွဲနေတဲ့ အချိန်မပါဘူးဆိုတာ သေချာပလား … (သေချာပါပြီဘုရား) ဒီတော့ သူတို့က အတွင်းသူ အတွင်းသားအဖြစ်နဲ့ ခင်ဗျားတို့ ဖြားယောင်းနေတာ၊ ဘုန်းကြီးတို့က အပြင်ဘက်ကနေပြီး သကာလ ၀ါးလုံးရှည်နဲ့ ရမ်းနေတာ … (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ အတွင်းနဲ့ အပြင်ဆိုလို့ရှိရင် လိုက်နာချင်း လိုက်နာရင် အတွင်းသူ လိုက်နာကြရမှာပဲ။ မတတ်နိုင်ဘူး … တဲ့၊ မတတ်နိုင် သွားပေတော့ထဲကပဲ … (မှန်ပါ့) ရိပ်မိပလား - (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ဒီအတွင်းလူကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ သူသတ်ယောက်ျား နှိပ်စက်သမားလို့ ဆိုတာ သေသေချာချာ မဟောဘူးလား … (ဟောပါတယ်ဘုရား)။
အဲဒီကဲ့သို့ ဟောထားတာကို ခင်ဗျားတို့ သူတို့ကြောင့် သံသရာရှည်တယ်ဆိုတာ မပြတ်လို့ရှိရင် ရှည်နေတာ ဘုန်းကြီးသေသေချာချာဖော်, ဖော်ပြောတယ် (မှန်ပါ့) မပြောဘူးလား … (ပြောပါတယ် ဘုရား)။
ဒီမဂ်သာမ၀င်ရင် သူတို့မပြောခင် ရှည်တာမဟုတ်ဘူးလား (ဟုတ်ပါတယ်) ဒါနကိုလုပ်၊ ဒါနကြောင့် ဘာမှ သံသရာမရှည်နိုင်ဘူး၊ ဟောဒီတဏှာနဲ့ ဆုတောင်းကြီးက ဆုတောင်းတဏှာကနေပြီး ရှည်ချလိုက် တယ် (မှန်ပါ့) ဒါနလှူတုန်းကတော့ နိဗ္ဗာနပစ္စယော ဟောတု မလာဘူးလား (လာပါတယ်ဘုရား)။
အဲ …နိဗ္ဗာန်မရမီစပ်ကြား ထည့်လိုက်ဦးမဟဆိုပြီး ဒီကနေပြီး ရှည်ပစ်လိုက်တာနဲ့ ရှည်ကုန်ရော … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
တဏှာက ရှည်ပစ်လိုက်ရော နိဗ္ဗာန်ဝင်လို့ရှိရင် ယသော်ဓရာတို့လိုပဲ သူ့ခင်ပွန်းသည် နိဗ္ဗာန်ဝင်မှ ၀င်မယ်ဆိုပြီး သကာလ ဆုရှည်ကြီးတောင်းထားလိုက်တယ် … (မှန်ပါ့)။
ကိုယ်တစ်ယောက်တည်း အားထုတ်လို့ရှိရင် ဒါလောက်မကြာဘဲနဲ့ ယသော်ဓရာ ဆုပြည့်တယ် (မှန်ပါ့) မောင်တော်နဲ့ မခွဲချင်တာနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စောင့်ရတယ် … (မှန်ပါ့ဘုရား) ဘယ်လောက်ကြာသွားသတုံး … (ကြာပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီလိုများ ကြာချင်သေးသလား (မကြာချင်ပါဘုရား) ခင်ဗျားတို့ကသာ မကြာချင် ဘူးပြောတာ၊ ဒီသား ဒီသမီးဆိုတာတွေကျတော့ ဒီအတိုင်းခံနေရတဲ့ အဓိပ္ပါယ်မျိုးရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား … (ရောက်ပါတယ်ဘုရား)။ အဲဒီကိုယ်အတွင်းသူတွေပြောတာကို အကုန်ဖျက်ပါ၊ အပြင်ဘက်ကပြောတာကို အမှန်ယူပါ၊ သဘောကျပလား (မှန်ပါ့)။
ကိုယ့်အတွင်းက ပြောတာတော့ အမှန်မယူပါနဲ့၊ ကိုယ့်သား ကိုယ့်သမီးကိုကြည့်ပါ၊ ကိုယ့်မျက်လုံး နှင့်ကြည့်ရင် ကိုယ့်သားကိုယ့်သမီးဟာ ဘယ်လောက်အရုပ်ဆိုးဆိုး ချောနေတာပဲ (မှန်ပါ့)၊ ဘေးကနေ ကြည့်တာကိုပြော၊ အဲဒါကို ခင်ဗျားတို့က ကြည့်ယုံ၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကိုယ့်ဟာကိုယ်ကြည့်ရင် တဏှာမျက်လုံး ဒိဋ္ဌိမျက်လုံးနဲ့  ကြည့်နေတာ … (မှန်ပါ့) အဲဒီတော့ ကိုယ့်သားကိုယ့်သမီးက ဘယ်လောက်ပဲ အရုပ်ဆိုးနေနေ ကိုယ့်စိတ်ထဲက ဘယ့်နှယ်နေသတုံး … (ချောနေပါတယ်) ချောနေတာပဲ၊ လှနေတာပဲ၊ လိမ္မာနေတာပဲ၊ ညိုပင်ညိုငြားသော်လဲညိုချော၊ ဆိုးပင်ဆိုးငြားသော်လဲ ကောင်းတဲ့နေရာကွက်ပြီး ပါရသေးတယ် (မှန်ပါ့) ဒီလိုမလာကြဘူးလား … (လာပါတယ်ဘုရား) အကုန်လုံး သူ့ဟာက တဏှာဒိဋ္ဌိနဲ့ ပြင်ပြီးသွားတော့တာပဲ (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)
ဆိုးတော့ဆိုးတယ်၊ သို့သော်ကောင်းတဲ့ နေရာကလေး ရှိတယ်ဗျာ လာသေးတာပဲ။ တဏှာသိဋ္ဌိက ဒီဥစ္စာကို ကွက်ကွက်ထုတ်လိုက်တာပဲ … (မှန်ပါ့) မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်အတွင်းကပြောတာ တစ်လုံးမှ မမှန်ဘူး၊ ဘေးက အရပ်က ပြောတာသာကြည့် … (မှန်ပါ့) အရပ်ကလူ ၃-၄ ယောက်နဲ့ ပေါင်းပြီး ကိုယ့်သားသမီး ကြည့်ပေစေ၊ အဲဒီပြောတာကို အမှန်ထားပါ … (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင်ဖြင့် ရန်ဖြစ်မည်ချည်းစိတ်ကူး၊ မဟုတ်ဘူးလား … (ဟုတ်ပါတယ်) သူ့သားကလေး အရုပ်ဆိုးပါတယ် ပြောရင် သူ့သားက ဆိုးရပါ့မလားဆိုပြီး ရန်ဖြစ်မှာပဲ … (မှန်ပါ့) ကိုယ်ကြည့်ထားတာ ကတော့ တဏှာမျက်လုံး, ဒိဋ္ဌိမျက်လုံးနဲ့ ကြည့်ထားတာ၊ ကိုယ့်မျက်လုံးက မျက်လုံးမှားကြီး (မှန်ပါ့)။
အရပ်ပြောတာ မမှန်ဘူးလား (မှန်ပါတယ်) ကိုယ့်မျက်လုံးက မှန်ရဲ့လား … (မမှန်ပါဘုရား) မမှန် ပေမယ့် ကျေနပ်ရဲ့လား … (မကျေနပ်ပါဘုရား) မကျေနပ်ရင် ရန်ဖြစ်ရုံပဲ ခင်ဗျားတို့ရှိတော့တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
လွဲတာတော့ ဘယ်သူက လွဲတာတုံး (ကိုယ်ကလွဲတာပါဘုရား) အဲဒါကြောင့် တဏှာဒိဋ္ဌိပြောတဲ့ စကားကို ဒကာ ဒကာမတွေ မယုံနဲ့ … (မှန်ပါ့) တဏှာဒိဋ္ဌိ သူတို့ဝင်လာလို့ရှိရင် အောက်သံသရာ မသွားဘူး လား၊ သွားသလား … (သွားပါတယ်ဘုရား)။
တဏှာ ဥပါဒါန် ကံ - ဒိဋ္ဌိ ဥပါဒါန်က ဘယ်သွားသတုံး (အောက်သံသရာ သွားပါတယ်ဘုရား) ဒါဖြင့် သူပြောတာယုံရင် အောက်သံသရာ သွားရမှာပေါ့ဗျာ (မှန်ပါ့) မမှန်လို့ သွားရတာပေါ့၊ မှန်ရင် … (မသွားရပါ ဘုရား)။
မသွားရဘူးဆိုတော့ ပဋိစ္စသမုပ္ပါဒ်က သေသေချာချာ ရှင်းလင်းပြနေတော့ ဒကာ ဒကာမတွေ ဘေးက တရားဟောသလို ဆရာဘုန်းကြီးများ ပြောတာကို အမှန်ထားကြပါ၊ ကိုယ့်ဝမ်းထဲက အတွေးလုံး အဆလုံးမှန်သမျှ အကုန်အလွဲချည်းမှတ် (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် သေတတ်ပလား … (သေတတ်ပါပြီဘုရား) ဘယ်နှနည်းသေရမှာတုံး … (သုံးနည်းပါဘုရား) သုံးနည်းမှာလဲ ဘယ်ဟာသာလျှင် ကိုယ်ပိုင်လုပ်ဖို့သင့်သတုံး … (၃-နံပါတ်ပါဘုရား)။
၁-နံပါတ်လဲကျုပ်တို့ ဘုရားနဲ့ မတွေ့နိုင်တော့ ပယ်လိုက်၊ ၂-နံပါတ်လဲ သေချိန်မသိလို့ပယ်လိုက်၊ ၃-နံပါတ်ကိုပဲ နှလုံးသွင်းကြ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

                ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။

No comments:

Post a Comment