Thursday, August 8

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တိတ္ထိအမေးပုစ္စာ လေးချက် (၁) ရှင်အနုရာဓမထေရ်

ဒိဋ္ဌိကိုယ်ပယ်ခြင်းသည် ဒကာ ဒကာမတို့ သိမှုနှင့်ပယ်ခြင်း တစ်မျိုးနော်၊ ကျင့်မူနဲ့ပယ်ခြင်းတစ်မျိုး၊ သဘောကျပြီ… (မှန်ပါ့) ပယ်မှုနဲ့တစ်မျိုး၊ ဘယ်နှစ်မျိုးပါလိမ့် ... ( သုံးမျိုးပါဘုရား) ဒါဖြင့် သိမှုနဲ့ဒိဋ္ဌိပယ်ရတာ တစ်မျိုး၊ ပွားများပြီး ပယ်ရတာကကော … (တစ်မျိုးပါဘုရား) အမြစ်ပြတ်အောင် မဂ်နဲ့ပယ်ရတာကလဲ … (တစ်မျိုးပါဘုရား) စာလိုသုံးတော့ ဥာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာ, ပရိညာသုံးပါးပေါ့ဗျာ … (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သိမှုနဲ့ ပယ်လာတာ အခု ငါးရက်ရှိပြီ … (မှန်ပါ့ဘုရား) သိမှုနဲ့ ပယ်လာပြီး တော့ ဒကာ ဒကာမတို့ ခန္ဓာမှာ ရှင်းလောက်ပြီလို့ ဘုန်းကြီးတို့ စိတ်ထဲမှာ ထားတယ် … (မှန်ပါ့ဘုရား) ကိုပေါ် မရှင်းသေးဘူးလား၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ပုဂ္ဂိုလ် - သတ္တ၀ါရှိသလား၊ ဘာတွင်ရှိပါလိမ့် … (ခန္ဓာငါးပါးသာရှိပါတယ်) ချုံးလိုက်တော့ ဘာရှိတော့တုံး … (ရုပ် - နာမ်သာရှိပါတယ်ဘုရား) ရုပ် - နာမ်ပဲရှိ တယ်ဆိုတော့ သိပြီးသကာလ နေတော့ရုပ် - နာမ်ကို တစ်ခါချုံးလိုက်ပြန်တော့ ဖြစ် - ပျက်ရှိတယ်ဆိုတယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ရုပ် - နာမ် ချုံးလိုက်တဲ့အခါကျတော့ … (ဖြစ်-ပျက်သာရှိပါတယ်ဘုရား) ဖြစ် - ပျက်သာရှိတယ်ဆို တာသိတော့ ခင်ဗျားတို့မှာ ဒိဋ္ဌိစင်တယ် မစင်တယ် ဒကာ ဒကာမတွေမေးကြည့်၊ ကဲ … ဒါဖြင့် အနုရာဓ၀တ္ထု ပဲ ထုတ်ကြစို့ဆိုတော့ သူဟာ ရှင်းရှင်းလေး ဒကာ ဒကာမတို့နော်၊ အရှင်အနုရာဓဟာ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ် … (မှန်ပါ့ဘုရား) အနုရာဓဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်မယ် … (ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်ပါဘုရား)။
ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်မှာဆိုတော့ အားထုတ်နေလိုက်တာလည်း ကိုပေါ်တို့၊ ကိုစံလှတို့၊ ဦးဘရှင်းတို့ ဖြစ် - ပျက်တွေက အကုန်မြင်တာပဲ … (မှန်ပါ့ဘုရား) အနိစ္စ - ဒုက္ခ - အနတ္တတွေဟာ အကုန်မြင်တာပဲ အားလည်း အင်မတန်ထုတ်တာပဲ၊ အားထုတ်ပင် အားထုတ်ငြားသော်လည်း သူ့စိတ်ထဲမှာ အားသာထုတ် နေရတယ် အရင်လုပ်ရမဲ့အလုပ် - မလုပ်လိုက်မိဘဲ ဖြစ်နေတယ် … (မှန်ပါ့ဘုရား) အရင်လုပ်ရမဲ့အလုပ်က ဘာပါလိမ့် … (ဒိဋ္ဌိဖြုတ်ရမှာပါဘုရား) မလုပ်လိုက်မိပဲ ဖြစ်နေတယ်ဆိုတာ ဘာပါလိမ့်မတုံး။
သြော် - ဒိဋ္ဌိမခွာမိဘူး၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဘယ်လို ကြောင့်ပါလိမ့်မလဲ … (ဒိဋ္ဌိမခွာ မိပါဘူးဘုရား) ဒါဖြင့် သူ ဦးဘရှင်တို့ တွေးတာပေါ့ ရှေ့နောက်လွဲနေတယ်၊ ရှေ့နောက်လွဲနေတယ် … (မှန်ပါ့ဘုရား) ဘယ်နှယ့်ဆိုကြပါ့ … (ရှေ့နောက်လွဲနေပါတယ်ဘုရား) ရှေ့ - နောက်လွဲနေပြီလို့ ဒကာ ဒကာမတွေက မှတ်ဖို့ပါ၊ ဒိဋ္ဌိခွာရမှာက … (ရှေ့ပါဘုရား)။
ဝိပဿနာရှုရမှာက … (နောက်ပါဘုရား) ဖြစ် - ပျက်ဝိပဿနာရှုရမှာက နောက်ထားရမယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) အဲလိုသိပြီး သကာလနေတော့ ဒီ-အနုရာဓမှာတော့ ဒကာ ဒကာမတို့ ဖြစ် - ပျက်ရှုတာက ရှေ့ကျတယ်၊ ဒိဋ္ဌိက ၀မ်းထဲက မကွာဘဲဖြစ်နေတယ်၊ အဲဒါနဲ့ သူအားထုတ်ပြီးသကာလ နေပါတယ်၊ အားထုတ်ပြီးနေငြားသော်လည်း ဦးဘရှင်းတို့ ထူးထူးလည်လည် မရရှာဘူး၊ နိဗ္ဗာန်မရဘူး … (မှန်ပါ့)။
ဒကာ ဒကာမတို့ နိဗ္ဗာန်ရရဲ့လား … (မရပါဘုရား) နိဗ္ဗာန်မရဘူးတဲ့၊ အားတော့ ထုတ်ပင်ထုတ်ငြား သော်လည်း နိဗ္ဗာန်ဘယ့်နှယ်တုံး … (မရပါဘုရား) ဒါ - ခင်ဗျားတို့ အပြစ်သိပြီ၊ အပြစ်မသိသေးဖူးလား … (သိပါပြီဘုရား) ဘာကြောင့်ပါလိမ့်၊ ဒိဋ္ဌိမကွာဘဲနဲ့ ဖြစ် - ပျက်အားထုတ်နေလို့ … (မှန်ပါ့)၊ ပေါ်ကြပြီလား … (ပေါ်ပါပြီဘုရား)
ဒိဋ္ဌိမကွာဘဲနဲ့ ဖြစ် - ပျက်အားထုတ်နေတဲ့ အတွက်ဆိုတော့၊ သြော် - ရှေ့နောက်လွဲနေရှာပြီဆိုတာ ဖြင့် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ … (မှန်ပါ့) အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း မဂ်ဖိုလ်ရထိုက်ရက်သားနဲ့ မရကြဘူးဆိုတဲ့ ဥစ္စာ အစီအစဉ် မတည့်လို့ဆိုတာလည်း ပြောထိုက်တယ် … (မှန်ပါ့) ကိုစောမောင် မပြောထိုက်ဖူးလား … (ပြောထိုက်ပါတယ်ဘုရား)။
အစီအစဉ်မတည့်လို့ မပြောထိုက်ဖူးလား … (ပြောထိုက်ပါတယ်ဘုရား) အစီအစဉ်ဆိုတာကလည်း ကိုယ့်ဘာသာ ကိုယ်စီစဉ်လို့ ဖြစ်တာမှမဟုတ်ဘဲ … (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပွင့်ဦးမှလည်း ကိုစောမောင် စီစဉ်လို့ဖြစ်တယ် … (မှန်ပါ့) ဘုရားပွင့်ပြီးသည့် အခြားမဲ့၌လည်း ဒကာ ဒကာမတို့ ဘုရားက မရှိပြန်တော့၊ ဘုရားဓမ္မက္ခန္ဓာတွေ ရှိပြီးတော့ ကြည့်နိုင်တဲ့ပုဂ္ဂိုလ်က စီစဉ်ဦးမှဖြစ်မယ် … (မှန်ပါ့)။
ကိုယ် ကိုယ်တိုင်ကတော့ဖြင့် အရွယ်ကသာကြီးလာတယ် ဘုရားဒေသနာတော်တွေ ကြည့်ဖု့ရှုဖို့ ဆိုတာလည်း ဦးဘရှင်း အတော်ခဲယဉ်းတယ်၊ သြော် - ခုတော့ ဒကာ ဒကာမတို့ အစီအစဉ်တွေ အခုဆရာဘုန်းကြီးက ဘုရားဟောတဲ့ ဒေသနာတော်အတိုင်း ဟောပါတယ်၊ ဒိဋ္ဌိအရင်ခွာကြ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) အဲတော့ ဒိဋ္ဌိအရင်ခွာတော့ကို သြော် - သိမှုနဲ့ခွာခြင်းတစ်မျိုး ပွားမှုနဲ့ခွာခြင်းတစ်မျိုး ပယ်မှုနဲ့ ခွာခြင်းတစ်မျိုး သုံးမျိုးမှတ်ထား လိုက်တာပေါ့၊ ဦးဘလေး ကျေနပ်ပြီလား … (ကျေနပ်ပါပြီဘုရား)။
ဒါဖြင့် ဒီအလုပ်သုံးလုပ်မပါရင် မပြီးဘူးမှတ်ဖို့ပါ၊ အဲဒါသိမှုနဲ့ ခွာလာတာကတော့ ကိုစံလှရေ လေးရက်ရှိပြီ … (မှန်ပါဘုရား) ဘယ်နှရက်ရှိသွားပြီ … (လေးရက် ရှိသွားပါပြီဘုရား) ကောင်းပြီ - သို့သော် ကိုယ့်အထဲမှာ ကွာတယ် - မကွာတယ်သိရအောင် ဘုန်းကြီးက စစ်ဆေးရမယ်နော်။
သို့သော် သက်သေသာဓက ကတော့ အနုရာဓကို ထုတ်ကြဦးစို့၊ ဝေသာလီပြည်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မဟာဝုန်ကျောင်းမှာ သီတင်းသုံးနေတုန်း အနုရာဓဆိုတဲ့ ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေ တဲ့ ကိုယ်တော်လေးကလဲ မဟာဝုန်တော်ထဲမှာပဲ သစ်ရွက်မိုးကျောင်းလေးနဲ့ တရားအားထုတ်နေတုန်း ဘုရားလက်ထက်က ဘုရားမပွင့်ခင်က ဘုရားလုပ်နေတဲ့ တိတ္တိကြီးတွေရှိတယ်။
အဲဒီ တိတ္တိကြီးတွေက ဘုရားဆီတော့ မသွားဘဲနဲ့ အနုရာဓရှိရာလာပြီးသကာလ မေးကြ မြန်းကြတယ်တဲ့၊ ရှင်အနုရာဓ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ပါရမီတွေနဲ့ အလုံးစုံပြည့်စုံတယ်၊ ဘုန်းကံပါရမီတွေ ပြည့်စုံတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်ပါတယ်၊ အဲဒီပုဂ္ဂိုလ်ကြီးက ဆိုလို့ရှိရင်ဖြင့် ယောက်ျားမြတ် ယောက်ျားချွန်လို့ ဆိုလည်းမလွဲပါဘူး၊ ယောက်ျားတန်ခိုးကြီးဆိုလည်း မလွဲနိုင်ဘူး၊ အဲဒီ ဒီလောက်တောင် ဂုဏ်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးက ဒီ ကျွန်ုပ်တို့ မေးချင်တဲ့ လေးချက်ကို ရှင်အနုရာဓရဲ့ ဘယ်လို များ ပြောလေ့၊ ဟောလေ့ရှိပါလိမ့်မလဲ၊ သူတို့လေးချက် မေးလိမ့်မယ်နော်။
ဘယ် - လေးချက်မေးပါသလဲဆိုရင် သတ္တ၀ါသေရင် နောက်ဖြစ်သေးလား၊ တစ်နံပါတ် မေးလိုက် တယ်၊ နှစ်နံပါတ်က သတ္တ၀ါသေရင် နောက်မဖြစ်တော့ဖူးလား၊ ဘယ်နှစ်ချက်ရှိသွားတုံး … (နှစ်ချက်ရှိသွားပါပြီဘုရား) သတ္တ၀ါသေလို့ရှိရင် ဖြစ်ချည်တလှည့် မဖြစ်ချည်တလှည့်လား၊ ဘယ်နှစ်ချက်ရှိ သွားတုံး … (သုံးချက်ရှိသွားပါပြီဘုရား) သတ္တ၀ါသေရင် မဖြစ်သည်မဟုတ် ဖြစ်သေးသလား၊ သဘောကျ ပလား … (သဘောကျပါပြီဘုရား) ဘယ်နှစ်ချက်ရှိသွားတုံး … (လေးချက်ရှိသွားပါပြီဘုရား) ရှင် အနုရာဓက ဖြေလိုက်တယ်။
ဘယ်လိုဖြေလိုက်သတုံးဆိုတော့၊ မပိုင်တဲ့ ပုဂ္ဂိုလ်ကိုဗျ မပိုင်တဲ့ပုဂ္ဂိုလ် ဖြေလိုက်သည်က ဘုရားတော့ဖြင့် ဒီလေးပါးကြဉ်ပြီး သကာလ ဟောတာပါပဲ၊ ကိုစောမောင် ဘာတဲ့ … (ဒီလေးပါး ကြဉ်ပြီး သကာလ ဟောတာပါပဲတဲ့ဘုရား) သေသေချာချာမှတ်ကြပါ၊ ဒီဥစ္စာအရေးကြီးလို့၊ သူဖြေတာကိုက ဘုရားကဖြင့် ဒီလေးပါး ကြဉ်ပြီးသကာလ ဟောလေ့ပြောလေ့ရှိပါတယ်၊ ဒီလေးပါး မဟောဘူးပေါ့လေ၊ ဒီလေးပါးကြဉ်ပြီးသကာလ ဟောလေ့ပြောလေ့ရှိတယ်လို့ သူက ဒီလိုဖြေတယ်။
အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြတာပေါ့နော်၊ သူ ပိုင်တဲ့အဖြေလား မပိုင်တဲ့အဖြေလား … (မပိုင်တဲ့အဖြေပါဘုရား) သတ္တ၀ါ, သူကိုယ်က သတ္တ၀ါရှိနေတယ်၊ ကျုပ်တို့ တရားပွဲက ဒကာ ဒကာမတွေက ဒါ - ရုပ်နဲ့နာမ်ပဲရှိတယ်၊ သတ္တ၀ါပါရဲ့လား … (မပါပါဘူးဘုရား) ကျုပ်တို့က ရှင်းနေတယ်၊ ကျုပ်တို့က ရှင်းပြီး သကာလနေတယ်၊ ဒကာ ဒကာမတွေ ဒါ အထူးသတိထားပါ၊ ကျုပ်တို့က ရှင်းပြီးသကာလနေတော့ အနုရာဓက ဘယ်နှယ့်ဖြစ်နေတုံး မရှင်းဘူးတဲ့၊ ဘုရားကတော့ ဒီလေးချက်မှတစ်ပါးသာ ပြောလေ့ဆိုလေ့ရှိ ပါတယ်၊ ဒီလေးချက်တော့ မပြောပါဖူးတဲ့၊ တခြားဟာသာ ပြောပါတယ်ဆိုတော့ သူသည် ဒကာ ဒကာမတို့ သူ့စိတ်ထဲမှာက သတ္တ၀ါသေလို့ရှိရင် သူစိတ်ထဲ သံသယရှိတယ်၊ ဖြစ်သေးသလား သတ္တ၀ါသေရင် မဖြစ်တော့ဘူးလား၊ သတ္တ၀ါပဲ နိဗ္ဗာန်သွားသလား သူက သံသယရှိတယ်၊ အနုရာဓမှာ သံသယရှိတယ်။
သို့သော် သူဖြစ် ပျက်တွေ အားထုတ်တာကြာလှပြီ၊ ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အားထုတ်နေတာတော့ … (ကြာပါပြီဘုရား) ကြာပင် ကြာငြားသော်လည်း ဟိုကမေးလိုက် သည်နဲ့တစ်ပြိုင်နက်တည်း သူ့ဝမ်းထဲ ဦးဘရှင်း ဒိဋ္ဌိခံနေတယ်ဆိုတာ သေချာတယ်၊ သတ္တ၀ါပဲရှိသလား သတ္တ၀ါသေရင် နိဗ္ဗာန်ပဲ သွားသလားဆိုတဲ့ အယူ သူ့စိတ်ထဲ ပေါ်ပေါက်လာတယ်၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
သတ္တ၀ါပဲရှိသလား - သတ္တ၀ါသေလို့ရှိရင် နိဗ္ဗာန်သွားသလားဆိုတော့ သူဟာ ဖြစ်ပျက် အနိစ္စတွေ၊ အနိစ္စ, ဒုက္ခ, အနတ္တတွေ လုပ်ပြီးနေငြားသော်လည်း သူ့ဝမ်းထဲမှာ ကိုစောမောင် ဒိဋ္ဌိရှိနေတယ်၊ သတ္တ၀ါ ထင်သေးတယ် … (မှန်ပါ့) သတ္တ၀ါသေရင် နိဗ္ဗာန် သွားသလားဆိုတဲ့ သူ့သံသယလဲ … (ရှိပါတယ်ဘုရား)။
အဲဒါတွေ ကြည့်လိုက်တော့မှ သြော် ဒီ - အနုရာဓ ဦးဘရှင်း မဂ်ဖိုလ်မဆိုက်တာ သူ့ဝမ်းထဲမှာ ဒါ -ခံနေတယ်၊ ဖြစ်ပျက်တွေ လုပ်နေတာ ကြာလှပြီ၊ ဖြစ်ပျက်တွေလုပ်နေတာ … (ကြာလှပါပြီဘုရား) သို့သော် အခုသေသေချာချာ တိတ္တိတွေကလာမေးလိုက်တဲ့ အခါကျတော့ ဘုရားကတော့ ဒီလိုမဟောပါဘူး၊ ဒီလေးပါးကြဉ်ပြီး သကာလ ဟောလေ့ပြောလေ့ရှိပါ တယ်ဆိုတော့ ဘယ်အဓိပ္ပါယ်ရယ်လို့ သူမှာ ပါရဲ့လား … (မပါ,ပါဘူးဘုရား)။
မပါကတည်းက သူ့အဖြေက အင်း သိတဲ့အဖြေမျိုးလား၊ ဒိဋ္ဌိကွာတဲ့ အဖြေမျိုးလား ဒိဋ္ဌိလက်ရှိနဲ့ ဖြေတဲ့အဖြေမျိုးလား … (ဒိဋ္ဌိလက်ရှိနဲ့ဖြေတဲ့အဖြေမျိုးပါဘုရား) ဒိဋ္ဌိလက်ရှိနဲ့ ဖြေတဲ့အဖြေမျိုးဆိုတာ ရှင်းကြ ပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ကိုစောမောင်တို့ ကိုစံလှတို့က ရိပ်မိ၊ သြော် - အနုရာဓကိုက ဘယ့်နှယ် … (ဒိဋ္ဌိမကွာပါဘူး ဘုရား) ဒကာ ဒကာမတို့ အနုရာဓ ရဟန်းလေးကိုက … (ဒိဋ္ဌိမကွာပါဘူးဘုရား) ဒိဋ္ဌိမကွာဘူး၊ ဘုရားက တော့ဖြင့် ဒီလိုမဖြေပါဘူး တခြားနည်းနဲ့ပဲ ပြောလေ့ဆိုလေ့ ရှိပါတယ်ဆိုတော့ သူ ပိုင်ပိုင်နိုင်နိုင် အသိက လာရဲ့လား … (မလာပါဘူး) နောက် ရှင်းပါလိမ့်မယ်။
သြော် - ဒါဖြင့် ကိုစောမောင်က တွေးတော့မယ်၊ အနုရာဓအပေါ်မှာ တွေးလိုက်ယ်၊ ဘယ့်နှယ်တွေး ကြမယ် ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒိဋ္ဌိမကွာဘဲနဲ့ … (အားထုတ်နေတာပါဘုရား) ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတယ်ဆိုတာ ကျုပ်တို့က တရားပွဲက တွေးနိုင်တယ်  … (မှန်ပါဘုရား) နားလည်ပြီးသားတွေကိုဗျ၊ နားလည်ပြီးသားတွေပဲ၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာမဖြစ်တာ အသာထား၊ ဒကာ ဒကာမတွေ ကိုယ်ကရှေ့ပိုင်းရှင်းထားတာ၊ သူက ရှေ့ပိုင်းကို မရှင်းဘူး၊ ရှင်းရဲ့လား … (မရှင်းပါဘုရား) ကဲ - ဦးဘရှင်း မကွာဖူးလား … (ကွာပါတယ်ဘုရား)။
ကဲ - ဒါနဲ့ပဲ သတ္တ၀ါသေရင် ဖြစ်သေးသလား - တိတ္တိတွေက မေးတယ်၊ သတ္တ၀ါသေရင် မဖြစ်တော့ ဖူးလားဆိုတော့ ဒါကို သတ္တ၀ါယူနေတယ် … (မှန်ပါ) သတ္တ၀ါပါရဲ့လား … (မပါပါဘုရား) သတ္တ၀ါသေရင် ဖြစ်သေးသလား - သတ္တ၀ါသေရင် မဖြစ်တော့ဖူးလား၊ သတ္တ၀ါသေရင် ဖြစ်ချည်တစ်လှည့် - မဖြစ်ချည်တစ် လှည့်လား၊ နောက်ဘ၀ပေါ့ဗျာ၊ သတ္တ၀ါသေရင် မဖြစ်သည်မဟုတ် ဖြစ်သေးလား၊ ဒါတွေ မေးနေတယ် … (မှန်ပါဘုရား)။
အဲတော့ - သူဘယ်နှယ့်ဖြေတုံးဆိုတော့ - ဘုရားဒီလိုမဟောတန်ပါဘူး ဟုတ်လား၊ ဒါကြည့်ပြီး သကာလ ဒါကြဉ်ဖယ်ပြီးသကာလ ပြောလေ့ဟောလေ့ရှိပါတယ် - ဆိုတော့ သူအဖြေပေးနေတဲ့ အဓိပ္ပါယ်။ အဖြေတော့ပေးတယ်၊ သူစိတ်ထဲမှာ ရှင်းပြီးပေးတဲ့ အဖြေလား … ဒကာ ဒကာမတွေက အကဲခတ်စမ်း … (မရှင်းဘဲပေးတဲ့ အဖြေပါဘုရား) မရှင်းတာ သည် သူဘာမရှင်းတာတုံးလို့ သေသေချာချာ စိစစ်လိုက်တဲ့ အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒိဋ္ဌိမကွာဘူး … (မှန်ပါဘုရား)။
သူဝမ်းထဲ သံသယ ဘယ်လိုလာတုံးမေးတဲ့ အခါကျတော့မှ သတ္တ၀ါပဲရှိလေရော့လား … သတ္တ၀ါသေရင် သတ္တ၀ါပဲ၊ နိဗ္ဗာန်သွားလေရောလား၊ ၀ိစိကိစ္ဆာဖြစ်တယ်၊ ဒိဋ္ဌိရှိရင် ၀ိစိကိစ္ဆာရှိတာပဲ ကိုစောမောင်၊ အဲဒါ သူ့တွေးလုံးအခု ပေါ်ပြီမဟုတ်လား … (ပေါ်ပါတယ်ဘုရား) သတ္တ၀ါပဲ ရှိလေသလား သတ္တ၀ါလို့ရှိရင် သတ္တ၀ါပဲ နိဗ္ဗာန်သွားလေရော့သလား၊ ဒါ သူ့တွေးလုံး၊ ရှင်းပလား … (ရှင်းပါပြီဘုရား) သူဖြေတဲ့အထဲမှာ အဋ္ဌကထာဆရာက အဖြေကို ဖော်လိုက်တဲ့အခါကျတော့ ဒီအဓိပ္ပါယ်ရတယ်။
သတ္တ၀ါရှိသလား သတ္တ၀ါပဲ နိဗ္ဗာန်သွားသလားလို့ ဆိုတဲ့၊ သံသယအနုရာဓ၀မ်းထဲမှာ ရှိမနေဘူးလား … (ရှိပါတယ်ဘုရား) ဒီကတည်းက ကိုစောမောင်တို့ အကဲခတ် အနုရာဓမှာ ဒိဋ္ဌိ, ၀ိစီကိစ္ဆာ မကွာဘူး၊ မရှင်းဘဲနဲ့ အားထုတ်နေတာ၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) မရှင်းဘဲနဲ့ ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတယ် ဆိုတဲ့ဥစ္စာ သေချာသွားပြီ … (မှန်ပါဘုရား)။
အဲတော့ ဘုရားက ဒီလိုမဟောတန်ပါဘူးလို့ဆိုပြီး သူဒီလိုဖြေလိုက်တော့ တိတ္ထိတွေက ကိုစောမောင်ပြစ်တင်သွားတယ်၊ ဒီကိုယ်တော်ဟာ ၀ါလည်းမမေးဘူး သူတို့က ဒီကိုယ်တော်မေးရတဲ့ ဥစ္စာတဲ့ ဒီအဓိပ္ပါယ်တွေ သူ မဖြေနိုင်လို့ရှိရင် အင်း လူငယ်ကလေးရင်လည်း ဖြစ်ရမယ်၊ တိတ္ထိတွေက မဖြေနိုင်လို့ပေါ့ဗျာ အပြစ်တင်ကြတယ်၊ လူငယ်လေးရင်လည်း ဖြစ်ရမယ် သို့မဟုတ်လို့ရှိရင်လဲ ကြီးလို့ရှိရင် လည်း လူမိုက်ကြီးရင်လည်း ဖြစ်ရမယ်၊ ဒါကြောင့် မဖြေနိုင်တာ၊ ကိုပေါ်စွဲချက်တင်လိုက်တယ်၊ လူငယ်လေး ရင်လည်း ဖြစ်ရမယ် လူကြီးဖြစ်ခဲ့လို့ရှိရင်လည်း မလိမ္မာသေးတဲ့သူပဲ … (ဖြစ်ရမယ်တဲ့ဘုရား)။
ဒါကြောင့် သူမဖြေနိုင်တာဆိုပြီး ဒကာ ဒကာမတို့ တိတ္ထိတွေကထွက်သွားတယ် … (မှန်ပါ့) တိတ္ထိတွေက ဘောက်ပြောသွားတယ်၊ အခုမေးတာ မဖြေနိုင်တဲ့အတွက် ရှင်းရှင်းလင်းလင်း မဖြေနိုင်တဲ့ အတွက် လူငယ်လေးရင်လည်း ဖြစ်ရမယ်၊ သာသနာဘောင်ဝင်တာ မကြာသေးတဲ့ ပုဂ္ဂိုလ်ရင်လဲ ဖြစ်ရမယ်၊ သာသနာဘောင်ကြာတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင် မလိမ္မာ မိုက်သေးတဲ့ပုဂ္ဂိုလ်ရင်လည်း ဖြစ်ရမယ် … (မှန်ပါ)။
ဒီလိုပြောဆိုပြီး ဦးဘရှင်း၊ အနုရာဓဆီက ထွက်သွားကြတယ် … (မှန်ပါ) ဒကာ ဒကာမတို့ အပြောအဆိုခံရပြီဆိုတာ သေချာပလား … (သေချာပါပြီဘုရား) ဘယ်သူခံရပါလိမ့် … (အနုရာဓပါဘုရား) အဲ - အနုရာဓကိုယ်တော်မှာ ခံရရှာတယ်၊ ခံလည်း ခံရမှာပဲနော် … (မှန်ပါ) အဲဒီတော့ သူသည်ကားဆိုလို့ ရှိရင်ဖြင့် တိတ္ထိတွေလည်း သွားရော၊ ငါအခုတော့ ဖြေတော့ ဖြေလိုက်တာပဲ၊ အနုရာဓက သူ့ဟာသူ တွေးလုံးထုတ်တယ်၊ ဖြေလိုက်တာပဲ၊ ဘုရားတော့ ဒီလိုဟောတာမဟုတ်ပါဘူး တခြားနည်းနဲ့ ဟောတာပဲ၊ ဒီထက်များ ပိုမေးလို့ရှိရင် ငါဖြေစရာမရှိဘူး … (မှန်ပါ)။
ကိုစောမောင် သံသယဘယ်နှယ့်တုံး သံသယလာပြီ၊ ဒီထက်များ ငါ့ကို တိတ္ထိတွေက မေးလိုက်လို့ ရှိရင်ဖြင့် ငါ့မှာဖြင့် ဖြေတော့ ဖြေရမှာပဲ၊ ဘုရားအလိုတော်ကျ ဖြစ်မှ ဖြစ်ပါ့မလား၊ အဖြေကောင်းမှ ဖြစ်ပါ့မလား အဖြေမှန်မှ ဖြစ်ပါ့မလားဆိုတည်းက သူ့မှာ ဘာရှိနေလို့တုံး သံသယဒိဋ္ဌိရှိပြီ၊ ဒိဋ္ဌိကော သံသယ ကော ရှိနေပြီ ကဲ ဒကာ ဒကာမတို့ အနုရာဓမှာကိုပဲ နောက်ထပ်တွေးလုံး ထုပ်လိုက်တဲ့အခါကျတော့ ဒီထက်များ ပိုမေးရင် မသိပေမဲ့ ဖြေတော့ဖြေရမှာပဲ၊ တကယ်ဘုရားအကြိုက် ဘုရားအလိုတော်ကျ ဖြစ်ပါ့မလားဆိုတဲ့ဥစ္စာ သူ့သံသယနှလုံးသွင်းဝင်လာတယ် … (မှန်ပါ) ဒီတည်းက ကိုစောမောင်တို့ပဲ စဉ်းစားကြ ကိုစံလှတို့က စဉ်းစားကြ၊ ဒိဋ္ဌိရှိနေတယ် - ၀ိစိကိစ္ဆာ … (ရှိနေပါတယ်ဘုရား)။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာရှိနေတယ်၊ ဖြစ် ပျက်တွေတော့ မြင်နေပြီ၊ ဒီပုဂ္ဂိုလ်ဖြစ် ပျက်တွေတော့ မြင်ပါတယ်၊ အနိစ္စ, ဒုက္ခ၊ အနတ္တတွေတော့ မြင်ပါတယ်၊ မြင်ပင်မြင်သော်လည်း ဒကာ ဒကာမတို့ ဒိဋ္ဌိမကွာပဲ အားထုတ် နေတာဖြစ်တော့ နိဗ္ဗာန်ဘက် မကူးဘူးပေါ့ဗျာ … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား)။
အနုရာဓဘုရားက ဖော်လိမ့်ဦးမယ် ဒကာ ဒကာမတို့၊ အဲတော့ကို ဘုန်းကြီး ဒကာ ဒကာမတွေ ဘာပြောတုံး၊ သမုတိသစ္စာအားဖြင့် ပြောငြားသော်လည်း ခင်ဗျားတို့ တစ်နေ့က မေးသလိုပဲ မေးကြည့်လိုက် လို့ရှိရင် ရှင်းပါလိမ့်မယ် … (မှန်ပါ) ဒါ, သတ္တ၀ါ ဟုတ်ကြရဲ့လား … (မဟုတ်ပါဘူး) အခု တရားနာနေတာ သတ္တ၀ါ တွေကိုပါရဲ့လား … (မပါ ပါဘူးဘုရား) ဘာသာပါနေတုံး … (ရုပ်နာမ်သာပါနေပါတယ်ဘုရား)။
ဒါဖြင့် ဒီအနုရာဓဟာတဲ့ အဋ္ဌကထာဆရာက ဘုရားအာဘော်ကြည့်ပြီး လိုက်လိုက်တယ်၊ မဖြေဘဲ နေရမှာ ဖြေနေတာ ဒီတည်းက သူ့မှာ သံသယရှိတယ်တဲ့ ကိုစောမောင်၊ မဖြေဘဲ နေရမှာကို ဖြေလုံးထုတ် နေတယ်ဆိုတော့ ကိုစောမောင် ကိုက်ပါ့မလား … (မကိုက်ပါဘူးဘုရား) စကားဆိုတာ နဂိုကမှ ဘာမှမရှိတဲ့ ဥစ္စာ၊ မရှိဖူးလို့ဆို မရှိမှန်းသိနေတဲ့ ဥစ္စာကို ဘာဖြေစရာလိုသေးသလဲ … (မလိုပါဘူးဘုရား)။
အခုလည်း နဂိုက မရှိတဲ့ဥစ္စာကိုပဲ အကယ်၍ ဒီထက်ပိုပြီး မေးလို့ရှိရင်ဖြင့် ခက်ချည်ရဲ့ဆိုတော့ သူ့ကိုက ခပ်ရှိရျိ … (မှန်ပါဘုရား) ဘယ့်နှယ်ဆိုကြမယ် သူတို့က သတ္တ၀ါခပ်ရှိရှိ မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား) သတ္တ၀ါသေ နိဗ္ဗာန်သွားသလား သတ္တ၀ါစကားက နည်းနည်းငုတ်နေလို့ ဖော်ပြောနေရ တယ် ကိုစောမောင် … (မှန်ပါ) ကဲ အခုတော့ဖြင့် သူ့မှာကို မရှင်းဖူးဆိုတာ ပေါ်သွားပြီ … (မှန်ပါ)။
ဒါကြောင့် အားထုတ်နေတာ ကြာပြီတဲ့၊ ဒကာ ဒကာမတို့ ဖြစ်ပျက်အနိစ္စတွေ အားထုတ်နေတာ ကြာပြီ နိဗ္ဗာန်မရဘူး၊ သဘောပါပလား … (ပါပါပြီဘုရား) နိဗ္ဗာန်မရဖူးနော် … (မှန်ပါ့ဘုရား) ဘာခံနေလို့တုံး … (ဒိဋ္ဌိခံနေပါတယ်) ဒိဋ္ဌိခံနေတာ၊ ၀ိစိကိစ္ဆာခံနေတာ … (မှန်ပါ) အဲဒါကြောင့် မရဘဲဖြစ်နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ သူသွားတာပဲ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟာဝုန်ကျောင်းမှာ သီတင်းသုံးနေတော့၊ အရှင်ဘုရား တပည့်တော်မှာ ကိစ္စတစ်ခု ကြုံနေပါတယ်၊ ဘာတုံးတိတ္ထိတွေက လာကြတယ်ဘုရား။
လာပြီး တပည့်တော်ကို မေးတယ်၊ ဘယ့်နှယ်မေးသတုံးကွ ပြောစမ်းပါအုံး သတ္တ၀ါသေရင် ဖြစ်သေးသလား သတ္တ၀ါသေရင် မဖြစ်တော့ဘူးလား၊ သတ္တ၀ါသေရင် ဖြစ်ချည်တလှည့်၊ မဖြစ်ချည် တလှည့် လား၊ သတ္တ၀ါသေရင် မဖြစ်သည်မဟုတ် ဖြစ်သေးသလားလို့ လေးချက်မေးတယ်ဘုရား။
ဒါဖြင့် မင်းက ဘယ့်နှယ်ဖြေသတုံး၊ တပည့်တော်ဘုရားတော့ ဒီလိုမဟောပါဘူး၊ တခြားနည်းပဲဟော လေ့ပြောလေ့ ရှိပါတယ်ဟာ သူကိုယ်တိုင် ဒိဋ္ဌိမကွာလို့ မဖြေကောင်းတာ ဖြေနေတယ် … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
သူကိုယ်တိုင်ဘာတုံး … (ဒိဋ္ဌိမကွာလို့) ဒိဋ္ဌိမကွာလို့ ဘာလုပ်နေတုံး … (မဖြေကောင်းတာ ဖြေနေပါ တယ်ဘုရား) ပုစ္ဆာဆိုတာ မဖြေရမဲ့ပုစ္ဆာ ဖြေကိုဖြေစရာမလိုဘူး … (မှန်ပါဘုရား)။ ကဲ ဘုရားက အကဲခတ်လိုက်တာ သဘောကျပလား … (ကျပါပြီဘုရား)။
ဘယ်လိုအကဲခတ်လိုက်တုံး … (မဖြေကောင်းတာတွေ ဖြေနေလို့ပါ) သူ သူ့သန္တာန်ကို မရှင်းမလင်း ဖြစ်နေတယ် … (ဖြစ်ပါတယ်ဘုရား) ကိုပေါ်ဘာတုံး … (သူ မရှင်းမလင်းဖြစ်နေပါတယ်ဘုရား) ကဲ ကိုစံလှတို့ပဲ သေသေချာချာ ရှင်းမနေဘူးလား (ရှင်းပါပြီဘုရား) ဒါ, ဖြေရမှာလား … မဖြေရမှာလား … (မဖြေရမှာပါဘုရား) နဂိုကမှ သတ္တ၀ါပါရဲ့လား၊ သတ္တ၀ါမှ မရှိဘဲနဲ့ သတ္တ၀ါသေဆိုတာကော … (မရှိပါဘူး ဘုရား)။
သူ ဒါဖြင့် မဖြေရမဲ့ အဖြေပေါ့၊ အဲဒီတွင် ဘုရားကရိပ်မိတယ်၊ သြော် ငါ၏ တပည့်သား အနုရာဓ တော့ ခက်လိုက်တာ၊ သူ့ကိုယ်တိုင် ဒိဋ္ဌိက မသေတော့ မဖြေကောင်းတာတွေ၊ သူက ဘုရား ဒီလိုမဟောပါဘူး တခြားနည်းသာ ဟောလေ့ရှိပါတယ်၊ သူမဖြေကောင်းတာ ဖြေလိုက်တာ … (မှန်ပါ) ရှင်းရဲ့လား … (ရှင်းပါပြီဘုရား) ဘယ်လိုပါလိမ့် … (မဖြေကောင်းတာ ဖြေပါတယ်ဘုရား)။
ဒါဖြင့် သူ့မှာကိုပဲ သူဟာ သူ့အယူလည်း သူမသိဘူး၊ သူများမေးတဲ့အယူလည်း သူမသိဘူးတဲ့၊ သူဟာ တော်တော်ခက်နေပြီ၊ တွေးတယ်ဘုရား တွေးလိုက်တော့ မပေါ်လာဘူးလား … (ပေါ်လာပါတယ် ဘုရား) သူ့အယူလဲ … (သူမသိပါဘူး) သူများအယူလဲ … (မသိပါဘုရား) သူ့မှာ ဒိဋ္ဌိကပ်နေတယ်လို့ တစ်ခါတည်းတွေးလိုက်တယ်၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
သူ့မှာ ဘာကပ်နေတုံး … (ဒိဋ္ဌိကပ်နေပါတယ်ဘုရား) သူဟာတဲ့ သူအယူလည်း သူမသိဘူးတဲ့၊ တိတ္ထိတွေမေးတဲ့အယူလည်း … (မသိပါဘုရား) ဒါဖြင့် ကိုစောမောင် သူ့ဘယ်လို စွဲချက်တင်မတုံး … (ဒိဋ္ဌိမကွာပါဘူးဘုရား) သူ့ကို မရှင်းမလင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား … (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အားထုတ်နေတာကြာပါပြီ၊ အနိစ္စ, ဒုက္ခ, အနတ္တတွေမြင်ပါတယ်၊ ဝေဒနာလေးတွေ ဖြစ်ပျက် စိတ်ကလေးတွေ ရှိတာလည်း စိတ်ဖြစ်-ပျက် မြင်ပါတယ်၊ ရုပ်ကလေးတွေ ရှုလည်းဖြစ်ပျက် မြင်ပါတယ်၊ မြင်ပင်မြင်ငြားသော်လည်း သူ နိဗ္ဗာန်ကို မမြင်ဘူး … (မှန်ပါ) ကိုစောမောင် နိဗ္ဗာန်မမြင်ဘူး … (မှန်ပါ) ဘာဖြစ်နေတာတဲ့၊ ရိပ်မိကြပလား … (ရိပ်မိပါပြီ) သူ ၀မ်းထဲ ဘာခံနေတုံး … (ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေပါတယ်ဘုရား) ဒိဋ္ဌိရော, ၀ိစိကိစ္ဆာရော၊ အဲ ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေတယ်တဲ့၊ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တွေးတယ်၊ ဒီအနုရာဓဟာ ကွာတဲ့၊ သူအယူလည်း သူမပါဘူး၊ သူတစ်ပါး အယူလည်း သူမသိဘဲ ဖြစ်နေတယ်၊ ဘုရားက တွေးလိုက်တယ် ဦးဘကလေး၊ မတွေးသင့်ဘူးလား … (တွေးသင့်ပါတယ်ဘုရား)။
သူ့မှာလည်း မရှင်းမလင်းဖူး၊ ဟိုကလူတွေကလည်း မရှင်းမလင်းမေးတာပဲ၊ သူကလည်း မရှင်းဘူး … (မှန်ပါ) သဘောပါရဲ့လား … (သဘောပါ ပါတယ်ဘုရား) မေးတဲ့လူလည်း မရှင်းဘူး၊ ဖြေတဲ့ပုဂ္ဂိုလ်ကလဲ … (မရှင်းပါဘုရား) ကဲ ခင်ဗျားတို့ ကျုပ်တို့က ဒီဥစ္စာကို သေသေချာချာ စစ်ကြည့်တော့ ခု တရားနာနေတာ ဘယ်သူတွေတုံး … (ရုပ်နာမ်ပါဘုရား) သတ္တ၀ါဆိုတာ ပညတ်နော် … (မှန်ပါ) တကယ်အစစ်ရှာကြည့်တော့ ရှိရဲ့လား … (မရှိပါဘုရား)။
ဒါဖြင့် သတ္တ၀ါမှ မရှိဘဲနဲ့ ဒီဟာကို သူတို့က ဒကာ ဒကာမတို့ သတ္တ၀ါသေလို့ရှိရင်ဖြင့် ဖြစ်သေးသလား မေးလို့ရှိရင် ခင်ဗျားတို့က ဘယ့်နှယ်ဖြေမတုံး … (ဖြေစရာမလိုပါဘုရား) မဖြေဘဲနေရမယ်၊ သတ္တ၀ါမရှိလို့ မဖြေပေါင်၊ သဘောကျပလား … (ကျပါတယ်ဘုရား) သတ္တ၀ါမှ မရှိတာ၊ သဘောပါပလား … (ပါပါတယ်ဘုရား) ဥာဏ်ထဲမှာကို ရှင်းရဲ့လား … (ရှင်းပါတယ်ဘုရား)။
အို နဂိုကမှ သတ္တ၀ါမရှိတာ သူက လာမေးနေတဲ့ ဥစ္စာပဲ၊ သတ္တ၀ါသေရင်ဆိုတဲ့ စကားထဲမှာ ကျုပ်တို့နားထဲ ၀င်စရာမလိုဘူး … (မှန်ပါဘုရား) ဖြစ်သေးသလားဆိုတာလဲ  ကိုစောမောင် (၀င်စရာမလိုပါ ဘုရား) ၀င်စရာရှိရဲ့လား … (မရှိပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့မှာ ရှေ့ပိုင်းက ရှင်းထားတော့၊ ခင်ဗျားတို့ပဲ မေးပါသေးတယ်၊ သတ္တ၀ါသေရင် ဖြစ်သေးသလား … (ဖြေစရာမရှိပါဘူးဘုရား) ဖြေစရာမလိုဘူး၊ ကိုစံလှ ဘယ့်နှယ်ကြောင့် မလိုတုံး - နဂိုက ခင်ဗျားခန္ဓာထဲ ရှိရဲ့လား … (မရှိပါဘုရား)။
သူမေးတဲ့ဥစ္စာ ကျုပ်တို့က ဖြေနေလေကုန်ရုံရှိမယ် … (မှန်ပါ) မေးတာဖြေနေရင် … (လေကုန်ရုံပါ ပဲ ဘုရား) နောက်က ဒကာ ဒကာမတွေ သတ္တ၀ါသေရင် ဖြစ်သေးသလား မေးလို့ရှိရင် ဘယ့်နှယ်ဖြေမတုံး … (ဖြေစရာ မလိုပါဘူးဘုရား) ဖြေစရာ မလိုဘူး ဘာကြောင့်မလိုတုံး … (သတ္တ၀ါမရှိလို့ပါဘုရား) နဂိုက ဘာရှိတုံး ရုပ်နာမ်ပဲရှိတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တပဲရှိတယ် … (မှန်ပါ) အကျယ်ပြောလို့ရှိရင် ကျယ်ကျယ် ၀န်းဝန်း ပြောလို့ရှိရင် ဒါပဲရှိတယ်၊ ဒီပြင်ဘာရှိသေးတုံး … (မရှိပါဘူးဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။
ပထမမေးခွန်းတော့ မဖြေဘဲ နေလိုက်တဲ့အတွက် ခင်ဗျားဘို့ ဥာဏ်ထဲမှာ ရှင်းသွားတယ် … (မှန်ပါဘုရား) ခင်ဗျားတို့ဥာဏ်ထဲ ရှင်းတာကို ဘုန်းကြီးကပဲ ဆုံးဖြတ်ချက်ချပေးပါတယ်၊ ဒီ ဒကာ ဒကာမတွေ ၀ိပဿနာအားထုတ်ရင် ရတော့မယ်၊ ဒိဋ္ဌိက ကွာပြီးနေပြီ … (မှန်ပါ) အသိနဲ့ကွာနေတယ် … (မှန်ပါ) ဒကာ ဒကာမတွေ ၀ိပဿနာအားထုတ်လို့ရှိရင် … (ရပါတယ်ဘုရား) နိဗ္ဗာန်, မဂ်, ဖိုလ်ရ, ရမယ်၊ ဘာကြောင့်တုံးလို့ဆိုလို့ရှိရင် အနုရာဓမရတာက ဒါ မရှင်းတာ ပေါ်ကြပြီလား၊ အနုရာဓမရတာက ဒိဋ္ဌိဝိစိကိစ္ဆာခံနေလို့ မဖြေကောင်းတာတွေ ဖြေနေလို့ … (မှန်ပါ့) ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
မဖြေကောင်းတာ ဖြေနေတယ်ဆိုတည်းကို သူ့မှာ သံသယ၀ိစိကိစ္ဆာသေလို့လား … (မသေပါဘူး ဘုရား) နားလည်ပါးလည် ထောင်ကြစမ်းပါ၊ ဒကာ ဒကာမတို့နော်၊ အင်မတန်မှ ခင်ဗျားတို့ ဒီဥစ္စာ သြော် အလုပ်သမားတွေအတွက်မှာဖြင့် အနိစ္စ, ဒုက္ခ, အနတ္တတွေ လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဟူသရွေ့ဖြင့် မရသေးတာ ဧကန်အမှန်ပါဘဲ၊ ဘာဖြစ်နေလို့တုံး ကိုစံလှ ဒိဋ္ဌိဝမ်းထဲမှာရှိနေလို့၊ ရှင်းမထားဘူးဗျ … (မှန်ပါ) သဘောပါပလား … (ပါပါပြီဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးပြောရတယ်၊ သူ့ကိုရှေ့ထားပါ၊ သူ့ကိုရှေ့ထားပါဆိုတာ၊ မသုံးထိုက်ဘူးလား … (သုံးထိုက်ပါတယ်ဘုရား) ကဲ အခု ခင်ဗျားတို့ကို ရှေ့ထားပြီး၊ ဘုန်းကြီးက လေးရက် - ငါးရက် ဟောပြီးထားတော့ သြော် တိတ္ထိတွေ မေးတာ ဘုန်းကြီးကပဲ တိတ္ထိလုပ်ပြီးမေးပါမယ်။
သတ္တ၀ါသေရင် ဖြစ်သေးသလားလို့ဆိုရင် ဘယ်လိုဖြေမတုံး … (ဖြေစရာမရှိပါဘူးဘုရား) ဘယ့်နှယ်ကြောင့်တုံး … (သတ္တ၀ါမရှိလို့ပါဘုရား) ခင်ဗျားတို့ဟာ ခင်ဗျားတို့ တည့်နေတာကိုဗျ၊ ဒိဋ္ဌိကွာတဲ့ အသံကိုဗျ၊ ရှင်းပြီလား … (ရှင်းပါပြီဘုရား) ဒိဋ္ဌိမကွာဘူးလား ကွာလား၊ ကွာပါတယ် မရှိလို့ မဖြေတာ … (မှန်ပါ) သတ္တ၀ါသေရင် ဖြစ်သေးသလား မေးရင် … (ဖြေစရာ မရှိပါဘူးဘုရား)။
ဖြေစရာမရှိဘူး၊ ဘယ့်နှယ်ပုစ္ဆာမေးတိုင်း ဦးဘရှင်းဖြေရမှာလား … (မဖြေရပါဘုရား) အရင်းလည်း မရှိ အဖျားလည်းမရှိတဲ့ ပုစ္ဆာကြီးကို ရမယ်ဖွဲ့ပြီးသကာလ ဖြေလို့ရှိရင် မှားမယ် … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) အဲဒါတရားတစ်ပွဲလုံး သေသေချာချာမှတ်၊ နောက်ကလေးငါးရက် ရှင်းလာတဲ့ဥစ္စာ ဒီမှာ သတ္ထုချပြီး ဟောတော့မှ ဘုရားက ဟောတော့မှ၊ ကဲ ကိုစောမောင် သတ္တ၀ါသေရင် ဖြစ်သေးသလား … (ဖြေစရာမရှိပါဘူးဘုရား)။
ဘာကြောင့်ပါလိမ့် … (သတ္တ၀ါနဂိုက မရှိလို့ပါဘုရား) ဒါ အားလုံးတရားတစ်ပွဲလုံးမှတ်ပါ၊ မရှိလို့ ဖြေစရာမလိုဘူး၊ အဲနောက် ပုစ္ဆာတွေလဲ မေးချင်တာမေး၊ သတ္တ၀ါနဲ့မေး ဒီအတိုင်းလာတော့မှာပဲ … (မှန်ပါ) သတ္တ၀ါသေရင် မဖြစ်တော့ဘူးလားမေးရင် … (ဖြေစရာမလိုပါဘူးဘုရား) ဘယ်နှယ့်ကြောင့်တုံး သတ္တ၀ါမရှိ လို့၊ ဘာရှိတုံး … (ရုပ်နာမ်ပဲရှိပါတယ်ဘုရား)။
ရုပ်နဲ့ နာမ်ပဲရှိတယ်၊ ခင်ဗျားတို့ နိဗ္ဗာန်မရောက်သေးသမျှ ရုပ်,နာမ်ပဲရှိမှာပဲ … (မှန်ပါ) ကိုင်း တတိယ ပုစ္ဆာမေးလိုက်ပါမယ်၊ သတ္တ၀ါသေရင် ဖြစ်ချည်တလှည့် မဖြစ်ချည်တလှည့်လား … (ဖြေစရာမရှိပါ ဘုရား) သတ္တ၀ါမရှိဘူး ဦးမူကြီး သေသေချာချာ မှတ်နော်၊ ဘာဖြစ်လို့တုံးဆိုတော့ ဒီတရားမျိုးက ဟောခဲ တယ်၊ မဟောခဲဘူးလား … (ဟောခဲပါတယ်ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တ အားထုတ်ကြဟေ့ဆိုတာကတော့ နှုတ်ကိုတက်နေကြတယ် … (မှန်ပါ) ဘယ်သူဖြစ်ဖြစ် ဟောနေတာပဲ … (မှန်ပါ)။
သူ့ကို အင်း, ဖြေစရာမရှိအောင် လုပ်ထားနှင့်မှ အနိစ္စ, ဒုက္ခ၊ အနတ္တရှုရင် နိဗ္ဗာန်ရမယ် … (မှန်ပါ) သူကို ဖြေချင်သေးတယ်ဆိုရင် ဒိဋ္ဌိရှိတယ်၊ သဘောကျပလား … (ကျပါပြီဘုရား) ဒိဋ္ဌိ ရှိ - မရှိ စမ်းတဲ့ ဘုရားက စမ်းလိုက်တဲ့ စကားမေးခွန်းတွေပဲ၊ သေချာကြပလား … (သေချာပါပြီဘုရား) ကဲ ဒါဖြင့် သုံးနံပါတ် မေးပါအုံးမယ် … သတ္တ၀ါသေရင် ဖြစ်ချည်တလှည့်၊ မဖြစ်ချည်တလှည့်လား … (ဖြေစရာမရှိပါဘုရား)။
ဘာဖြစ်လို့တုံး … (သတ္တ၀ါမရှိလို့ပါဘုရား) သြော် သတ္တ၀ါမရှိလို့၊ ဘာရှိတုံး … (ရုပ်, နာမ်ပဲ ရှိပါတယ်ဘုရား) ခင်ဗျားအတွက်ကတော့ဖြင့် အနုရာဓလောက်တော့ မဆိုးတော့ဘူး … (မှန်ပါ) အနုရာဓက သူ သံသယရှိတယ် မရှိတယ်ဆိုတာ ကိုစောမောင် ဘုရားက ဒီလို မဟောတန်ပါဘူး၊ ဒါလောက်နဲ့ပြီးနေ တယ်၊ ပြီးတော့မှ သူ့ဟာသူတွေးလုံးပေါ်နေတယ်၊ ဒီထက်ပိုမေးခက်ချည်သေးဆိုတော့ သူ့စိတ်ထဲမှာ သူရှင်းရဲ့လား၊ မရှင်းဘူးဆိုတည်းက ၀ိစိကိစ္ဆာရှိနေတယ်၊ ၀ိစိကိစ္ဆာရှိရင် ဒိဋ္ဌိရှိနေပြီ … (မှန်ပါ) သေချာပလား … (သေချာပါတယ်ဘုရား)။
ကဲ စတုတ္ထမေးခွန်းလေးမေးရဦးမယ်၊ ဒကာ ဒကာမတို့ သတ္တ၀ါသေလို့ရှိရင်ဖြင့် မဖြစ်သည်မဟုတ် ဖြစ်သေးသလား … (ဖြေစရာမရှိပါဘုရား) ဘာကြောင့်ပါလိမ့် သတ္တ၀ါမရှိလို့၊ ဒါ ဘုန်ကြီးက တရားသာ ဟောနေပါတယ်တဲ့၊ ဒကာ ဒကာမတို့ သန္တာန်၌ ဒိဋ္ဌိရှိမရှိကို ဒါနဲ့စစ်ဆေးနေတယ် … (မှန်ပါ) ငါဟောထားတာ လေးငါးရက်ရှိပြီ အသိနဲ့ ဒိဋ္ဌိကွာပါရဲ့လားဆိုတာ။ ဖြေစရာမရှိဘူးဆိုမှ ကိုက်တယ် … (မှန်ပါ) သဘောပါပလား … (ပါ ပါပြီဘုရား) ရှင်းပါပြီလား … (ရှင်းပါပြီဘုရား)။
ဖြေစရာမရှိတာ ဖြေလို့ရှိရင် ကိုစောမောင်မှားပြီ၊ ဖြေစရာမရှိတာ ဖြေရင် … (မှားပါပြီဘုရား) သေသေချာချာ နားထောင်ကြပါ ဒကာ ဒကာမတို့ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီး ရောက်ချင်ပါရက်သားနဲ့ အိုဘေး နာဘေး သေဘေးကြီးတွေနဲ့ အမြဲတွဲနေရပြီးသကာလ သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ စိုးရိမ်ပူဆွေးမှုကြီးနဲ့ နေရတာ သူခံနေတာ၊ ဘယ်သူခံနေတာတုံး … (ဒိဋ္ဌိဝိစိကိစ္ဆာခံနေတာပါ) သူခံနေတဲ့ အတွက် ကျုပ်တို့မှာတဲ့ အိုဘေး နာဘေး သေဘေးကြီးနဲ့ မနေချင်လဲ … (နေရပါတယ်ဘုရား)။
မတွေ့ချင်လဲ … (တွေ့နေရပါတယ်ဘုရား) သေဘေးကြီးနဲ့ မကြုံချင်လဲ … (ကြုံနေရပါတယ် ဘုရား) သောက, ပရိဒေ၀တွေနဲ့ မဆုံချင်လဲ … (ဆုံရပါတယ်ဘုရား) ဘယ်သူ့လက်ချက်ပါ လိမ့်မလဲ … (ဒိဋ္ဌိဝိစိကိစ္ဆာ လက်ချက်ပါဘုရား) ရှင်းပြီ ဒကာ ဒကာမတို့။
သြော် - ဒါဖြင့် ကဲ, ဒီလိုနဲ့ ဝေဖန်ကြည့်တော့မှ သြော် - တို့ဟာ ၀ိပဿနာအလုပ်ဟာ နောက်ပါလား၊ ဒိဋ္ဌိခွာမှုက … (ရှေ့ပါဘုရား) ရှေ့ပိုင်းပါလားဆိုတာ ပိုရှင်းသွားတယ်၊ အနုရာဓက ဖြစ်-ပျက် တွေ မြင်တယ်ဗျ၊ ဒါခံနေတာ ကိုစောမောင် ဘယ်လောက်ဆိုးတုံး၊ ဒါနဲ့ ဘုရားက စဉ်းစားတယ် ဒီလိုပဲ တိတ္ထိ တွေကလာမေးတော့ တပည့်တော်က ဘုရားကတော့ဖြင့် ဒီလို မဟောပါဘူးလို့ ဖြေရှင်းလိုက်တယ်ဘုရား၊ ဘုရားက ရိပ်မိပါတယ် ဒီကိုယ်တော် မဖြေကောင်းတာ ဖြေနေတယ် ကိုစောမောင် မဖြေကောင်းတာ … (ဖြေနေပါတယ်ဘုရား)။
ဖြေနေတည်းက သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာရှိပြီလို့ ဘုရားက သိနေတယ်၊ ပြီးတော့ ဒီ့ပြင်လဲ ဘုရားက သြော် အနုရာဓတရားလည်း အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပျက်တွေ အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒါတောင်မှ ဖြေရမဲ့ပုစ္ဆာ မဖြေရမဲ့ ပုစ္ဆာ သူမသိတော့ကိုတဲ့ သူဝမ်းထဲမှာ ဒိဋ္ဌိ, ၀ိစိကိစ္ဆာရှိနေတယ်၊ ဘုရားက စွပ်စွဲချက် တင်လိုက်တယ်၊ ရိပ်မိကြပလား၊ မဖြေရမဲ့ဟာကို ဖြေနေတည်းက သူဝမ်းထဲမှာ ဘာရှိနေတုံး … (ဒိဋ္ဌိယ၀ိစိကိစ္ဆာရှိနေပါတယ်ဘုရား) သူ့ ဒိဋ္ဌိဝိစိကိစ္ဆာကို အဋ္ဌကထာဆရာက ဖော်ပြောလိုက်တော့မှ သတ္တ၀ါပဲ ရှိသလား သတ္တ၀ါမရှိသလား၊ သတ္တ၀ါသေရင် နိဗ္ဗာန်ပဲ သွားသလားဆိုတဲ့ သူတွေးလုံး ၀မ်းထဲမှာ ရှိနေတယ်။
ဒီတည်းက ကိုယ်ပေါ်က တွေးလိုက်တော့ အနုရာဓ အတော်မရှင်းတဲ့ ကိုယ်တော်ပဲ၊ သူ့ဝမ်းထဲမှာ ဘာတွေရှိနေတုံး … (ဒိဋ္ဌိ,၀ိစိကိစ္ဆာ ရှိနေပါတယ်ဘုရား) ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိတယ် ဦးမူရ၊ ပေါ်ကြပလား … (ပေါ်ပါတယ်ဘုရား) သူ့ဝမ်းထဲမှာ ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိနေတာဆိုတာ သေချာပလား … (သေချာပါတယ် ဘုရား)။
အဲဒါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့တပည့်က မဖြေကောင်းတာ ဖြေတာက တစ်ပြစ်၊ မပြောကောင်းတာက တစ်ပြစ်၊ ကိုစောမောင် မဖြေကောင်းတာ ဖြေနေတည်းကိုက အပြစ်သင့်နေတယ်တဲ့၊ မဖြေရမဲ့ ပုစ္ဆာကို သူဖြေတဲ့အတွက် ဘာမှ မရှိတာကို ဘာမှဖြေဖို့ မလိုတဲ့အဓိပ္ပါယ်၊ ဘာမှ ဖြေစရာမရှိ၊ ရှိရဲ့လား … (မရှိပါဘူးဘုရား)။
သတ္တ၀ါမှ မရှိဘဲနဲ့ သေဆိုတာကော ထည့်ရဦးမှာလား … (မထည့်ရပါဘူးဘုရား) နောက်ထပ် ဖြစ်သေးသလားဆိုတာကော … (မရှိပါဘုရား) ဒီစကားတွေဟာ … (အလကားစကားတွေပါဘုရား) အလကားစကားတွေဆိုတာ ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါကြောင့် အားလုံး တရားနာနေတဲ့ ဒကာ ဒကာမတွေ တိုက်တွန်းတာများတယ်လို့ မအောက်မေ့နဲ့၊ အင်မတန် အရေးကြီးတဲ့စကား၊ ကိုစောမောင် အရေးကြီး မကြီး … (ကြီးပါတယ်ဘုရား)၊ ကြီးတယ်တဲ့ ရှေ့ပိုင်းက ဒါကိုမှ လည်လည်ပယ်ပယ် မရှင်းရင် အနုရာဓ အားထုတ်နေတာ ဘယ်လောက်ကြာပတုံး … (ကြာပါပြီဘုရား) ရရဲ့လားမေးရင် … (မရပါဘုရား) ဘုရားက ရိပ်မိတယ်။
သြော် - ဒါဖြင့် သူက ဒိဋ္ဌိဝိစိကိစ္ဆာခံနေတာကို၊ မဖြေကောင်းတာ ဖြေကတည်းကိုက ဒီ - သူကိုယ်တိုင်က ဒိဋ္ဌိမကွာတာ ၀ိစိကိစ္ဆာ မကွာတာ၊ ဒကာ ဒကာမတို့ အနုရာဓသဘောကို သိပလား … (သိပါပြီဘုရား) သူရဟန္တာဖြစ်မှာနော် မကြာခင် ရဟန္တာဖြစ်မှာ၊ ဒကာ ဒကာမတို့ မေးရင်းနဲ့ပဲ ဘုရားက ဟောလိမ့်မယ်၊ ဟောရင် သူ ရဟန္တာဖြစ်မယ်၊ ရှေ့က ဘာကြောင့် မဖြစ်ခဲ့သတုံးလို့မေးတော့ ကိုစောမောင် ရှင်းသွားပါတယ်၊ ဘာပါလိမ့်မတုံး … (ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ခံနေလို့ပါဘုရား)။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာခံနေလို့ ဆိုတာကဖြင့် ဘာမှ သံသယမရှိနဲ့တော့ ကိုစောမောင်၊ အဲတော့ ဒီဝတ္ထုမျိုးကို နာရ ကြားရ အရေးကြီးတဲ့စကားတွေကို နားထောင်ရတဲ့အတွက် သြော် ဆရာသမားကောင်း သိပ်လိုပါလား … (မှန်ပါဘုရား) ဦးဘရှင်း မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ကိုစံလှ မပေါ်သေးဘူးလား … (ပေါ်ပါပြီ ဘုရား) ရှေ့နောက်အစဉ်လွဲရင် မဖြစ်ပါလား … (မှန်ပါဘုရား) မပေါ်လာသေးဖူးလား … (ပေါ်ပါပြီဘုရား)။
အခုဟာတော့ ရှေးဦးစွာ လုပ်ရမဲ့အလုပ် ကိုစံလှ ဘယ်လိုဖြစ်နေတုံး … (မဖြစ်ပါဘုရား) မလုပ်ကို မလုပ်ရသေးဘူးဖြစ်နေတယ် … (မှန်ပါ) ဒါကြောင့် သူ့မှာကြည့်စမ်း နောက်တစ်ခါ တိတ္ထိတွေမေးရင် သူ့မှာ ခက်တယ်တဲ့၊ ဘုရားအလိုကျ သူဖြေတော့ ဖြေမှာပဲ၊ ဖြေပေမဲ့ အလိုကျဟုတ်မှ ဟုတ်ပါ့မလား၊ ဘုရားကို လည်း ကိုယ်က စွပ်စွဲတဲ့ အဓိပ္ပါယ်ရောက်မလား၊ ၀ိစိကိစ္ဆာချက်ချင်းလာတယ် … (မှန်ပါ) မလာဘူးလား … ဘာလာတုံး ဒကာ ဒကာမတို့ … (၀ိစိကိစ္ဆာလာပါတယ်ဘုရား)။
ဝိစိကိစ္ဆာလာတယ်ဆိုတည်းကိုက ဒိဋ္ဌိရှိနေပြီ၊ ၀ိစိကိစ္ဆာရှိရင် ဒိဋ္ဌိနေပြီ … (မှန်ပါ) သဘောကျပြီနော် … (ကျပါပြီဘုရား) ဒိဋ္ဌိပယ်ပြီးရင် ၀ိစိကိစ္ဆာပယ်ပြီး … (မှန်ပါ) အဲဒါလေးလဲ အထူးမှတ်လိုက်၊ ၀ိစိကိစ္ဆာရှိနေ ရင် … (ဒိဋ္ဌိရှိနေပါတယ်ဘုရား) ဒိဋ္ဌိပယ်ပြီးရင်တော့ … (၀ိစိကိစ္ဆာပယ်ပြီးသားပါဘုရား) အဲ သူမှာတော့ ဒိဋ္ဌိရော ၀ိစိကိစ္ဆာရော ရှိနေတယ် … (မှန်ပါ) ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
အဲတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊ သြော် ငါ့ အနုရာဓ တိတ္ထိတွေက မေးတာ သူ ငါ့ဆီလျှောက်နေတယ်၊ သူကိုယ်က သူ့အယူလည်း သူမသိဘူး၊ သူများအယူလည်း သူမသိဘူး၊ ဟော, ဘုရားက သူ့အယူကော မသိပါဘူး သူများ အယူကော မသိပါဘူး၊ ဒါကြောင့် မဖြေ ကောင်းတာတွေ မဖြေဘဲနေရမှာတွေ ဖြေနေတယ် ကိုစံလှ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
သူ့အယူကော … (မသိပါဘုရား) တိတ္ထိတွေ မေးတဲ့ အယူကော မသိပါဘူးတဲ့၊ အဲတော့ သူမဖြေ ကောင်းတာတွေကို ဖြေနေပါတယ်၊ ဒါကြောင့် အဗျာကတသံယုတ်ဆိုတာရှိတယ်၊ အဗျာကတ - အ.က မြစ်တာ၊ ဗျာကတက ဆိုမှုအလုပ်ပေါ့ဗျာ၊ မပြောမဆိုရမယ့် အလုပ်ကို သူကပြောဆိုနေတယ်၊ အဗျာကတ သံယုတ်ဆိုတာ ဒီဟာမျိုးချည်းမေးတာ ဒါကြောင့် အဖေကြို ဘယ်တော့မှ မပေးရဘူး၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဖြေမပေးရတာကို အဖြေပေးရင် ကိုယ်မရှင်းလို့မှတ် … (မှန်ပါ) အဖြေမပေးရတာကို အဖြေပေးရင် … (ကိုယ်မရှင်းတာပါဘုရား) ကိုယ်မရှင်းလို့ဘဲ ကိုယ်မရှင်းရင် ကိုစောမောင် ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိ-မရှိ … (ရှိပါတယ်ဘုရား) ဒါဖြင့် အနုရာဓအဖြေမပေးရမှာ ဘာလုပ်တာပါလိမ့် … (အဖြေပေးပါတယ်ဘုရား) အဖြေပေးနေတည်းက သူကိုယ်တိုင်လည်း မရှင်း - သူများစိတ်လဲ … (မသိပါဘုရား) သူများ စိတ်လည်းမသိ၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲဒါ ဘုရားက တွေးလိုက်တယ်၊ အင်း - ငါ့လူကတော့ ခက်ပါသေးတယ် သူကိုယ်တိုင်ကလည်း မရှင်း၊ သူများမေးတာကိုလည်း သူနားမလည်၊ ပုဂ္ဂိုလ် သတ္တ၀ါတွေနဲ့ မေးနေတာ သူ နားမလည်လို့ပေါ့ဗျာ … (မှန်ပါဘုရား) ပုဂ္ဂိုလ်, သတ္တ၀ါမရှိပါဘူးကွလို့ ဖြေရမဲ့ဥစ္စာ သူက အင်း ဘုရားကတော့ အင်း ဒီလိုမဟောတန် ရာပါဘူး၊ ဒါကြဉ်ပြီး ဟောပါလိမ့်မယ်ဆိုတော့ သူဟာ မတင်မကျဖြေတဲ့ အဓိပ္ပါယ်၊ ဖြေကောင်း မဖြေကောင်း … (မဖြေကောင်းပါဘုရား) မဖြေကောင်းဘူးဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား)။
အဲဒီလိုဖြစ်ပြီးသကာလနေတော့ ဒါ … ကိုင်း, အနုရာဓ ဒီလိုထားလို့တော့ မတော်တော့ဘူး၊ သူ့ကိုပဲ ငါသည် ဒိဋ္ဌိခွာပေးမှ တော်တော့မယ်၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) သူ့ဘာလုပ်ပေးရမလဲ … (ဒိဋ္ဌိခွာပေးမှာပါဘုရား) ကိုင်း - ကိုဘရှင်းသွားပြီ၊ အရင်လုပ်တာတွေ လျှော်လိုက်တော့ ကိုစောမောင် သုံးနှစ်လုပ်လာလာ လေးနှစ်လုပ်လာလာ၊ ဘာလုပ်ရမယ် … (လျော်ပစ်ရပါမယ်ဘုရား)။
ဘာဖြစ်လို့ လျှော်ပစ်ရပါလိမ့်မတုံး … (ဒိဋ္ဌိမခွာရသေးလို့ဘုရား) ဒါဖြင့် ရှေ့နောက်လွဲနေပြီ ဆိုထိုက် မဆိုထိုက် … (ဆိုထိုက်ပါတယ်ဘုရား) အင်း, ရှေ့နောက်က ဘယ်လိုလွဲတာပါလိမ့် … (အရင်ဒိဋ္ဌိခွာရမှာပါ ဘုရား) ဒိဋ္ဌိအရင်ခွာပြီးမှ အလုပ်လုပ်၊ သဘောကျပလား … (ကျပါပြီဘုရား) ဒိဋ္ဌိကို အရင်ခွာရမှာပါ ပြီးတော့မှ ၀ိပဿနာရှုရမှာ၊ ပြီးတော့မှ … (၀ိပဿနာရှုရမှာပါဘုရား) သဘောပါပလား … (ပါ ပါတယ်ဘုရား)။
ဒီလိုလုပ်ရမဲ့ဥစ္စာ ခင်ဗျားတို့ အဲဒါကြောင့် ခက်တယ်လို့၊ ဆိုတဲ့ဥစ္စာ ဒီလိုပါဠိတော်ကြီးတွေ မတွေ့ပြီ ဆိုမှဖြင့် ကိုစောမောင် သိပ်ခက်ပါလား … (ခက်ပါတယ်ဘုရား) ဆရာလုပ်နေပြန်လည်း ခက်တယ်၊ တပည့်တွေက ယောင်လိုက်နေပြန်လည်း … (ခက်ပါတယ်ဘုရား) နှစ်ဦးနှစ်ဝ ကျေးဇူးမရှိဘူး၊ ကိုစောမောင် ဘယ်လိုတုံး … (နှစ်ဦးနှစ်ဝ ကျေးဇူးမရှိဘူးဘုရား) အဲဒါကြောင့် ခင်ဗျားတို့ အခုသုံးလေးရက် တိုင်တိုင်ရှိပါ ပြီ။
ရုပ် နဲ့ နာမ်သာ ရှိပါတယ် သတ္တ၀ါမရှိဘူး၊ သတ္တ၀ါဆိုတာ ပညတ်၊ ယောက်ျားဆိုတာ ပညတ်၊ မိန်းမဆိုတာ ပညတ်ပါ တကယ်မရှိပါဘူး၊ တကယ်မရှိတာက သေရင် ဘယ့်နှယ်တုန်းဆိုတော့ ဘယ့်နှယ်လုပ်မတုံး၊ ကိုစောမောင် မေးဖို့ကို သင့်သေးရဲ့လား … (မသင့်ပါဘုရား)။
မရှိတဲ့ တရားသေသေးသလား မေးတော့ ဘယ့်နှယ်လုပ်မတုံး ဖြေဖို့လိုသေးလား၊ မရှိတဲ့တရားသေ သေးသလား၊ မေးရင် ဘယ်နှယ်ဖြေကြမယ်၊ မရှိတဲ့တရားကို သူက မရိပ်မိရှာဘူး၊ ရိပ်မိရဲ့လား … (မရိပ်မိပါ ဘုရား) မရိပ်မိတော့ ဘုရားကတော့ ဒီလိုမဟောတန်ပါဘူး၊ တခြားနည်း ဟောပါလိမ့်မယ်၊ ဒါလောက်တင် မနေသေးဘဲ ဒီ့ထက်ပိုမေးခက်သေးတယ်ဆိုတဲ့ သံသယကကော ဒီထည်းကသူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာ ရှိ မရှိ … (ရှိပါတယ်ဘုရား) သဘောကျပလား … (ကျပါပြီဘုရား) သြော် - အနုရာဓ ဒကာ ဒကာမတို့ အားထုတ်နေ တာ ကြာသား၊ ဘယ့်နှယ်ကြောင့် မဂ်ဥာဏ် ဖိုလ်ဥာဏ် မရပါလိမ့်မတုံးဆိုတာကော ယနေ့ ပေါ်သွားပြီ … (ပေါ်ပါပြီဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် … (ဒိဋ္ဌိ, ၀ိစိကိစ္ဆာ မကွာလို့ပါဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ မကွာလို့၊ ဒါဖြင့် သူဖြစ် ပျက်တွေ လုပ်လိုက်တာ အာပေါက်လို့၊ ဒိဋ္ဌိဝိစိကိစ္ဆာကဖြင့် အနုသယသဘောနဲ့ ကိန်းမနေဘူးလား … (ကိန်းနေပါတယ်ဘုရား) ကဲ ဒါဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ရထိုက် မရထိုက် … (မရထိုက်ပါဘုရား) မရလို့ ကိုစောမောင်ရတဲ့ နည်းဟောရတော့မယ်၊ ကဲ ဒါဖြင့် ဘုရားတွေးလိုက်တယ်၊ ငါ့လူ ကိုက ဒိဋ္ဌိ, ၀ိစိကိစ္ဆာ မကွာတော့ သူများအယူလည်း သူမသိ၊ သူ့ အယူလည်း သူမသိ၊ သူ့အယူမှားလည်း သူမသိ ဖြစ်နေတယ်၊ ဒီတော့ သူဘာနဲ့နေသတုံး … (ဒိဋ္ဌိ ၀ိစိကိစ္ဆာနဲ့ ပါဘုရား)။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာနဲ့ သူ့ဝမ်းထဲမှာ အပြည့်အစုံဖြစ်နေတာ ဘုရားက ရိပ်မိတယ်၊ သြော် မင်းက တိတ္ထိတွေကပြောတာ ငါ့ဆီလာ မေးပြီးသကာလနေတယ်၊ မေးလိုက်တည်းကိုက မင်း ဘယ်လို ဖြေတယ်ဆိုတော့ သူဖြေပုံတွေ ဘုရားလျှောက်နေတည်းက ဦးဘရှင်း။ ငါ့လူကိုက သူတစ်ပါး အယူမသိ ကိုယ့်အယူလည်းမသိဘူး … (မှန်ပါ) နှစ်ဘက်မှားကြီး … (မှန်ပါ) ကိုစံလှ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
တိတ္ထိက မှားတာတော့ ပင်ကိုက တိတ္ထိမှား။ ဘာအရေးကြီးတုံး၊ ကိုယ်မှားနေတာက အရေးကြီး တယ် … (မှန်ပါ) သတ္တ၀ါပဲ ရှိသေးသလား၊ သတ္တ၀ါပဲ နိဗ္ဗာန်သွားလေသလား သူဝမ်းထဲရှိနေတယ်၊ ကိုစောမောင် ဘယ်လောက်နစ်နာတုံး၊ မနစ်နာဘူးလား … (နစ်နာပါတယ်ဘုရား) အဲတော့ ဘုရားက အင်း ငါ့၏တပည့်ကဖြင့် ကိုယ့်အယူလည်း မသိဘူးတဲ့၊ သူများအယူလည်း သူမသိဖူးတဲ့၊ ပေါ်ကြပလား … (ပေါ်ကြပါပြီဘုရား) သူ အယူကော … (မသိပါဘုရား)။
သူများအယူလည်း မသိ၊ မသိတော့ကိုတဲ့ သူသည် မဖြေကောင်းတာတွေချည်း ဖြေနေတာ၊ သဘောပါကြပလား … (ပါ ပါပြီဘုရား) မဖြေကောင်းတာတွေ … (ဖြေနေပါတယ်ဘုရား) ခင်ဗျားတို့ အခုလေးချက် မေးလိုက်တော့ ခင်ဗျားတို့က ရှင်းနေတယ် … (မှန်ပါ) ဆရာကောင်း သမားကောင်းနဲ့ ကြုံတဲ့ အခါ ဖြစ်နေတော့၊ သြော် - နဂိုက မရှိတာ ဖြေစရာမရှိတာကြီး သိကြားမင်းက ဆင်းလဲ ဖြေစရာ မရှိဘူး၊ ဗြဟ္မာမင်းက ဆင်းမေးလဲ … (ဖြေစရာမရှိပါဘူးဘုရား) သတ္တ၀ါသေရင် ဖြစ်သေးသလားဆိုတော့ ပထမစကားလုံးက သတ္တ၀ါမရှိဘဲနဲ့ ဖြေစရာတော့ … (မရှိပါဘူးဘုရား) အင်း ကျုပ်တို့က ဖြေစရာကို ဖြေခွင့်ကို ကျုပ်တို့ပါးစပ်က ဖြေဖို့လိုသေးလား … (မလိုပါဘုရား) မလိုဘူးဆိုတာ ၀မ်းထဲကျအောင် ရှင်းရဲ့လား … (ရှင်းပါတယ်ဘုရား)။
ဝမ်းထဲရှင်းလို့ရှိရင် ခင်ဗျားတို့ သိမှုနဲ့ ဒိဋ္ဌိကွာပြီ … (မှန်ပါ) ၀မ်းထဲရှင်းရင် သိမှုနဲ့ဒိဋ္ဌိကွာပြီ ခင်ဗျားတို့ က မဂ် - ဖိုလ်ရအောင်သာ အားထုတ်ရင် … (မှန်ပါ) ဘာဖြစ်လို့တုံး … (သိမှုနဲ့ဒိဋ္ဌိ ကွာလို့ပါဘုရား) ပွားမှုနဲ့ လုပ်လိုက်ရင် ရတော့မယ်၊ မရဘူးလား … (ရပါတယ်ဘုရား)။
အဲဒါကြောင့်တဲ့ ကဲ ဒါဖြင့် ကျုပ်တို့ ဒီတရားကို အသာထားပြီး သကာလ စကားမေးကြစို့၊ စကားက ဘာတုံးဆိုတော့ မဂ်ဖိုလ်မရကြတာ ဒကာ ဒကာမတွေ လုပ်တိုင်းမရကြတာ အဓိပ္ပါယ်တွေဖြင့် ပေါ်ပြီ … (ပေါ်ပါပြီဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့် … (ဒိဋ္ဌိ, ၀ိစိကိစ္ဆာမကွာလို့ပါဘုရား) ရှေးနောက်က သိပ်လွဲတယ်၊ ဥပုသ်နေ့ ပုတီးစိပ်ရမယ်ကွာ၊ အနိစ္စ, ဒုက္ခ, အနတ္တရှိက ဒီအတိုင်းလာမှာပဲ … (မှန်ပါ) သဘောပေါက်ကြ ရဲ့လား … (ပေါက်ပါတယ်ဘုရား)။
အင်း ဥပုသ်နေ့ ဘာလုပ်မှာပါလိမ့် … (ပုတီးစိပ်မှာပါဘုရား) ဘာစိပ်မှာတုံး … (အနိစ္စ, ဒုက္ခ, အနတ္တ) အနိစ္စ, ဒုက္ခ, အနတ္တမြင် စိတ်လား ရစိပ်လား … (ရစိပ်ပါဘုရား) ဒိဋ္ဌိက ခွာပြီးပလား … (မခွာရသေးပါဘုရား) အနိစ္စ, ဒုက္ခ, အနတ္တမြင်တောင် မဂ်, ဖိုလ် မရထိုက်ဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) ပထမ နိဗ္ဗာန်ဆိုတာ ဘာဖြုတ်မှ ရသတဲ့တုံး … (ဒိဋ္ဌိဖြုတ်မှ ရမှာပါဘုရား) ဒိဋ္ဌိအယူ ၀မ်းထဲ တန်းလန်းနဲ့ ကိုစံလှ ဘယ်လိုပဲဆုတောင်း ပြည့်ဘုရား တစ်ထောင်ဆီသွားတောင်းမရဘူး … (မှန်ပါ) ကိုစောမောင် ရနိုင်ပါ့မလား … (မရနိုင်ပါဘုရား)။
မရနိုင်ဘူးတဲ့ ဒီဥစ္စာ ကိုယ်ဝမ်းထည်းက အပင်းမှမကျဘဲ အပါယ်ဝေဒနာကြီး ပျောက်ပါ့မလား … (မပျောက်ပါဘူးဘုရား) အပါယ်ကျစေတတ်တဲ့ ဝေဒနာက ဒိဋ္ဌိအပင်းမှ မဖြုတ်ဘဲနဲ့ အပါယ်ကျစေတတ်တဲ့ သတ္တိတွေ ချုပ်ပါ့မလား … (မချုပ်ပါဘုရား) မချုပ်ဆိုတည်းက သောတာပတ္တိမဂ်မဟုတ်လို့ဘဲ၊ ကိုစောမောင် သောတာ ပတ္တိမဂ်သာ ဟုတ်ခဲ့လို့ရှိရင် … (ဒိဋ္ဌိချုပ်ပါတယ်ဘုရား) ဒိဋ္ဌိပြုတ်ပြီး အပါယ်လေးပါး တံခါးကကော … (ပိတ်ပါမယ်ဘုရား) ပိတ်ရမယ်တဲ့ဆိုတော့ ဒကာ ဒကာမတွေ ရှင်းလောက်ပါတယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ ဒါဖြင့် ဒီကရှေ့ဖြင့် အားလုံး ဒကာ ဒကာမတွေ ဘာပဲလုပ်လုပ် ဘယ်မှာပဲ အားထုတ်ကြ - အားထုတ်ကြ၊ သြော် - ရှေ့ထားရမှာ ရှေ့ပဲထား … (မှန်ပါ) နောက်ထားရမှာက … (နောက်ထား ရမှာပါ ဘုရား) ရှေ့ - နောက်ဖြင့် မလွဲစေနဲ့၊ ဒါ ခင်ဗျားတို့မှာဖြင့် ရှေ့၊နောက် မလွဲစေဖို့ဟာဖြင့် တို့အရေးလို့မှတ်ပါ … (မှန်ပါ) ဒီအတိုင်းသာ ရှေ့နောက်လွဲနေရင် အနုရာဓဖြစ်ရမယ် … (မှန်ပါ) မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား) တစ်နဲ့နှစ်ကို လွှဲပြီဆိုမှဖြင့် ကိုစံလှရေ အင်မတန်နစ်နာတယ်နော် … (မှန်ပါ) အခုဟာက နှစ်ကရှေ့ဖြစ်နေတယ် တစ်က နောက်ကျနေတယ် … (မှန်ပါ)။
တစ်နည်းအားဖြင့်လဲ တစ်ကို ထည့်မစဉ်းစားဘူး ဖြစ်နေကြတယ် … (မှန်ပါ) ဆိုတော့ မနာဘူးလား … (နာပါတယ်ဘုရား) တစ်နဲ့နှစ်ကို ကိုစောမောင် ဘယ်ဟာက ရှေ့ထားရမယ် … (တစ်ကိုရှေ့ထားရပါမယ် ဘုရား) အခုဟာ သူတို့ ဘာကို ရှေ့ထားနေတုံး … (နှစ်ရှေ့ထားနေပါတယ်ဘုရား) တစ်စဉ်းစားမိရဲ့လား … (မစဉ်းစားမိပါဘုရား) ဆိုတော့ ရပါ့မလား … (မရနိုင်ပါဘုရား)။
မရနိုင်ဘူးဆိုတော့ ဘယ့်နှယ်ကြောင့် မရပါသတုံးဆိုတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာတယ်၊ သြော် ဒါကွာတဲ့ကိရိယ ပရိဟာနိ၊ ကိရိယ ပရိဟာနိဆိုတာ ပါဠိလိုဖြစ်နေလို့ ဒါက ဒီလိုတဲ့ လုပ်ရမဲ့ အလုပ်စဉ်လွဲနေလို့ … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) လုပ်ရမဲ့ အလုပ်စဉ် … (လွဲနေပါတယ်ဘုရား) သဘောပါရဲ့လား … (ပါ, ပါတယ်ဘုရား) လုပ်ရမဲ့ အလုပ်စဉ် … (လွဲနေပါတယ်ဘုရား) သဘောပါရဲ့လား … (ပါ, ပါတယ်ဘုရား) လုပ်ရမဲ့အလုပ် … (လွဲနေလို့ပါဘုရား) ဒီလိုဆိုလည်း မဂ်ဖိုလ်မရနိုင်ဘူးကွတဲ့၊ မဂ်ဖိုလ် မရခြင်း၏ အကြောင်းဟာ ကံကြီးထိုက်လို့လည်း မဟုတ်ဘူး ကိုစောမောင်၊ ဒီအလုပ်စဉ် လွဲနေလို့ … (မရတာပါဘုရား)။
အားလုံးလုပ်နေကြတာ များသောအားဖြင့် ဆိုလို့ရှိရင်ဖြင့် ဦးဘရှင်း - ဦးစံလှတို့ပဲ ဆုံးဖြတ်ချက်ချ တဲ့ လွဲနေတာအများ ရှေ့နောက်က … (လွဲပါတယ်ဘုရား) မများဘူးလား … (များပါတယ်ဘုရား) ပိုမိုပြီး စဉ်းစားလိုက်တော့ ဒါပဲ၊ အရင်လုပ်မှုက ပါရဲ့လား … (မပါ, ပါဘုရား) များသောအားဖြင့် ဦးဘကလေးတို့ ရှေ့မီနောက်မီဆိုတော့ အင်မတန်ဘဲ အလုပ်စဉ်လွဲမှု တယ်လည်း နစ်နာပါလား၊ မပေါ်ဘူးလား … (ပေါ်ပါတယ်ဘုရား)။
ဘယ်သူ့သက်သေသာဓက ထောက်မတုံးဆိုတော့ အနုရာဓထားလိုက်၊ အနုရာဓမှာ ၀ိပဿနာရှု ပြီး တိရဏပရိညာရှေ့ထားပြီး ဥာတပရိညာ နောက်ထားတယ်၊ သဘောကျပလား … (ကျပါပြီဘုရား) ပွားများမှုကို ရှေ့ထားပြီး သိမှုကို နောက်ထားနေတဲ့အတွက် ရရဲ့လား … (မရပါဘုရား) မရတော့၊ ကဲ ဘုရား အပြောနဲ့ဘဲ ပြောကြစို့ရဲ့ … (မှန်ပါ) သြော် ငါ့အနုရာဓဟာ သူများ အယူလည်း သူမသိဘူး သူ့အယူမှားနေ တာလည်း သူမသိဘူး … (မှန်ပါ) မဖြေရမှာတွေ ဖြစ်နေတယ် သို့သော်လည်း ရှိပါစေလေ၊ ငါသူ့ကို ဒီ့ပြင်ဟာနဲ့ဖြင့် သူမေးတာတွေ ဖြေမနေတော့ပါဘူး၊ အလုပ်ပဲ ပြပါတော့မယ်၊ အလုပ်ထဲကနေပြီး ကွာစေရမယ်၊ ကိုစောမောင် အလုပ်စဉ်ကို အရင်ပြတယ်၊ အလုပ်နဲ့ဒိဋ္ဌိ ခွာလိုက်မယ်တဲ့ … (မှန်ပါ)။
ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ၀ိပဿနာလုပ်နေတာလည်း ကြာပြီတဲ့၊ ဒိဋ္ဌိတော့ သူဝမ်းထဲမှာ မရှင်းဘဲဖြစ်ပြီး သကာလနေတော့ အလုပ်နဲ့ပဲ ရှင်းစေတဲ့နည်း ပြရမှာပဲ၊ ဘုရားက ဆုံးဖြတ်ချက်ချတယ် ဘာတဲ့တုံး … (အလုပ်နဲ့ ရှင်းစေတဲ့နည်း ပြရမှာပါတဲ့ဘုရား) ကွာပုံပြတော့မယ်နော်၊ ဒကာ ဒကာမတွေ ဘာနဲ့ ပြမယ်တဲ့တုံး၊ အလုပ်နဲ့ ဒိဋ္ဌိကွာပုံပြမယ်တဲ့ ဥစ္စာ ဘုရားသခင် ဆုံးဖြတ်ချက်ချတော်မူပါတယ်၊ ငါ့လူ ဒိဋ္ဌိမကွာဘူး အလုပ်နဲ့ပြပြီးသကာလ ခွာခိုင်းရတော့မှာဘဲ … (မှန်ပါ) ကိုင်း ဒါ ဘယ်သူပြောတဲ့စကားတုံး … (ဘုရားပြောတဲ့ စကားပါဘုရား)။
ဘုရားပြောတဲ့ ခန္ဓာဝဂ္ဂသံယုတ်ထေရ၀ဂ်မှာ ဒီအတိုင်းလာတယ်၊ ပါဠိတော်ပဲဆိုတော့ ကိုယ်တော် တိုင်ဟောတာ … (မှန်ပါ) ကိုယ်တော်တိုင်ဟောတာဆိုတော့ ခိုင်လုံတာပေါ့၊ ခိုင်လုံပြီတဲ့ ကိုင်း ဒါနဲ့ အေး အနုရာဓ ခန္ဓာငါးပါးမရှိလားကွ, သူမေးတယ်၊ ခန္ဓာငါးပါးမရှိဘူးလားကွာ မေးလိုက်တော့ သူဘယ်နှယ့်ဖြေမ တုန်း … (ရှိပါတယ်ဘုရား) ခန္ဓာငါးပါးရှိတယ်ဆိုတည်းက ကဲ ခန္ဓာငါးပါး ရေကြည့်စမ်းပါဦးဆိုတော့ ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ၀ိညာဏက္ခန္ဓာ ကိုစောမောင်ရေ ပြတာပေါ့ဗျာ၊ ကိုစံလှရေ ပြတဲ့အခါကျတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဲဒီတရားဟာကွာ မင်းသည်ကားဆို လို့ရှိရင်ဖြင့် ဘယ်သူ့ကို ပုဂ္ဂိုလ်ဆိုမတုံး ဘယ်ဟာကို သတ္တ၀ါဆိုမတုံး၊ ကိုစောမောင်ဆိုစရာပါရဲ့လား … (မပါ, ပါဘူးဘုရား)။
ရူပက္ခန္ဓာကို သတ္တ၀ါဆိုမလား … (မဆိုရပါဘူးဘုရား) ဝေဒနာက္ခန္ဓာ သတ္တ၀ါဆိုမလား … (မဆိုရပါ ဘူးဘုရား) အလုပ်နဲ့ပြလာပြီ ကိုစောမောင်၊ အင်း ၀ိညာဏက္ခန္ဓာကို သတ္တ၀ါဆိုမလား … (မဆိုရပါဘူး ဘုရား) ဒါဖြင့်ကွာ ရှိပါစေတော့ မင့် ဒါဖြင့်ကွာ သူတို့မှတစ်ပါး သတ္တ၀ါဆိုမလား … (မဆိုရပါဘူးဘုရား) သူတို့မှ တစ်ပါးလည်း သတ္တ၀ါရှိရဲ့လား … (မရှိပါဘူးဘုရား)။
သူတို့ကိုပေါင်းစုပြီး သမုတ်လိုက်လို့ သတ္တ၀ါဖြစ်လာတာ … (မှန်ပါ) မေးပုံလေး သတိထားပါ၊ ဘုရားမေးနေတာ တစ်နံပါတ် ပြန်မေးလိုက်တယ်၊ ဒကာ ဒကာမတွေ ကြပ်ကြပ်သတိထားပါ၊ အနုရာဓတဲ့ ဟော့ဒီခန္ဓာငါးပါးရှိတယ်တဲ့၊ ရုပ်ကို မင်းသတ္တ၀ါဆိုမလား … (မဆိုပါဘူးဘုရား) အနုရာဓ မဆိုပါဘူးတဲ့၊ ဝေဒနာကောတဲ့ … (မဆိုပါဘုရား) သညာကောတဲ့ … (မဆိုနိုင်ပါဘူးဘုရား) သင်္ခါရကော … (မဆိုနိုင်ပါဘူး ဘုရား) ၀ိညာဏ်ကော … (မဆိုနိုင်ပါဘူးဘုရား)။
ကဲ - မဆိုတာရှိပါစေတော့ကွာ၊ ဒါဖြင့် သူတို့မှာ တစ်ပါးကော သတ္တ၀ါဆိုမလားလို့ မေးတော့ … (မဆိုနိုင်ပါဘုရား) သူတို့မှတစ်ပါးကော သတ္တ၀ါရှိသေးရဲ့လား … (မရှိပါဘုရား) မရှိဘူးတဲ့၊ သူတို့ပေါင်းစုပြီး သမုတ်လိုက်ရင် သတ္တ၀ါဖြစ်မှာ … (မှန်ပါ) ဟုတ်လား အခုတော့ သတ္တ၀ါကောရှိရဲ့လား … (မရှိပါဘုရား) ဒါဖြင့် သူတို့မှတစ်ပါးကို မင်းသတ္တ၀ါဆိုမလားလို့ မေးပြန်တော့ကော ကိုစောမောင် ဘယ့်နှယ်ဖြေမတုံး … (မရှိပါဘုရား)။
ဒိဋ္ဌိခွာပေးနေတာ ကိုစောမောင် ဖြစ်ပျက်မပါသေးဘူးဗျ … (မှန်ပါ) ဒကာ ဒကာမတို့ ဖြစ်ပျက်ပါပြီ လား … (မပါသေးပါဘုရား) ၀ိပဿနာဥာဏ်ပါပြီလား၊ မပါပါဘူး၊ ဘာလုပ်နေတာတုံး ဘုရားက … (ဒိဋ္ဌိခွာပေးနေတာပါဘုရား) ဒိဋ္ဌိခွာပေးနေတာ၊ ကဲ ရှိပါစေတော့ဦးကွာ ဆိုတော့ အခုပုစ္ဆာနှစ်ခု ပြေသွားပြီ နော်၊ နောက်ကပြန်မေးတယ်၊ တစ်နံပါတ်ကစ မှတ်မိသည်ထက် မှတ်မိအောင်လို့၊ ရုပ်ကိုသတ္တ၀ါဆိုမလား ဝေဒနာကို သတ္တ၀ါဆိုမလား၊ ခန္ဓာငါးပါးလှည့်ပေးတယ် … (ဆိုလို့မရပါဘူးဘုရား)။
ဆိုလို့မရပါဘူး၊ တစ်ခါ ဒါမှ တစ်ပါးကော ဒီခန္ဓာငါးပါးမှ တစ်ပါး ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဏ်မှ တစ်ပါးကော မင်းသတ္တ၀ါဆိုမလား ဆိုတော့ … (မဆိုနိုင်ပါဘုရား) ဒါ ဘာခွာနေတာတုံး … (ဒိဋ္ဌိခွာနေတာပါဘုရား) ခင်ဗျားတို့ ကျုပ်တို့ ဒီအတိုင်း သိနေရမယ် … (မှန်ပါ) ဒါက ဒကာ ဒကာမတို့ကို နှစ်နံပါတ်ပုစ္ဆာ ဘုရားက ဒိဋ္ဌိခွာပေးနေပုံပြတာ၊ ဒါဖြင့် အနုရာဓ ရာအပေါင်းကိုကော မင်းသတ္တ၀ါဆိုမလား၊ မေးလိုက်တော့ … (မဆိုနိုင်ပါဘုရား)။
အပေါင်းဆိုတာ ခန္ဓာငါးပါး အစုရှိတာ အပေါင်းကို သတ္တ၀ါဆိုမလားမေးတော့ ဘယ့်နှယ်ဆို ဖြေမတုံး … (မဆိုနိုင်ပါဘူးဘုရား) ခင်ဗျားတို့ကကော … (မဆိုနိုင်ပါဘူးဘုရား) ခင်ဗျားတို့က ကွာလို့၊ ကြည့်စမ်း ဒကာ ဒကာမတို့ ဖြစ်ပျက်ဟောသလား ဒိဋ္ဌိအရင်ခွာပေးနေသလား … (ဒိဋ္ဌိအရင် ခွာပေးနေတယ် ဘုရား) ဒိဋ္ဌိအရင်ခွာပေးနေတယ်ဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား) ဒါနဲ့ မေးပြန်တယ်။
အနုရာဓတဲ့ အပေါင်းလည်း မဆိုဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ဒါဖြင့် ဒီလိုလုပ်ပါဦးလားကွာ၊ ရုပ်မှတစ်ပါးကို သတ္တ၀ါဆိုမလား … (မဆိုပါဘူဘုရား) ဝေဒနာမှတစ်ပါးကော … (မဆိုနိုင်ပါဘူးဘုရား) သညာမှတစ်ပါး ကော … (မဆိုနိုင်ပါဘူးဘုရား) သတ္တ၀ါရှိသေးရဲ့လား … (မရှိပါဘူးဘုရား) ရှိမှမရှိဘဲဗျ၊ သင်္ခါရဆိုတဲ့ စေတနာမှ တစ်ပါးကော (မရှိပါဘူးဘုရား) စိတ်မှတ်တစ်ပါးကော … (သတ္တ၀ါမရှိပါဘူး ဘုရား)။ ဒါဖြင့် ကွာတဲ့ မဂ်ဟာ ဘုရားက ဒိဋ္ဌိကွာမှန်းသိပြီ သိပြီ သိပြီ၊ သတ္တ၀ါမရှိတာသေချာတာ ကိုစောမောင် ဒါသူမေး လိုက်တည်းက သတ္တ၀ါပါသေးရဲ့လား … (မပါဘူးဘုရား) အဲ သတ္တ၀ါမပါဘူး ဆိုတည်းက ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဘာအဓိကထားဟောနေတယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ဘာအဓိကထား … (ဒိဋ္ဌိခွာမှုအဓိကထားပါတယ်ဘုရား) ဒိဋ္ဌိခွာမှုကို တစ်နံပါတ်ထားနေတယ် … (မှန်ပါ) ဆိုတဲ့ ဥစ္စာသေချာနေတယ်၊ အဲဒါခင်ဗျားတို့မှာတော့ဖြင့် ရှင်းလင်းပြီး ဖြစ်နေလို့ အနုရာဓမှာတော့ ကိုစောမောင်အတော်ကို အခက်တွေ့နေတယ် (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှေ့ထားဟောသလား  ဒိဋ္ဌိခွာမှုကို ရှေ့ထားဟောသလား ဆိုတဲ့ဥစ္စာ ဒီပါဠိတော်ပဲ အကဲခတ်ကြည့်၊ သူမေးပုံနဲ့ ဟင် အခုမေးပုံနဲ့ အကဲခတ်လိုက်တော့ ဘာရှေ့ထားရမှာတုံး … (ဒိဋ္ဌိခွာမှု ရှေ့ထားရမှာပါပဲ၊ ရှေ့ထားပြီးအလုပ်က ဒုတိယလုပ်ရမှာ သို့သော် ဒီတရားပွဲထဲမှာ အင်း ဒကာ ဒကာမတွေ ကျတော့ ဒီလိုမလုပ်တော့ဘူး၊ တရားပွဲထဲမှာ ခွာပြီးပြီ၊ ဟိုကျတော့ လုပ်သာလုပ်တော့ (မှန်ပါ) နှစ်ခါခွာနေဖို့ မလိုဘူး မလိုပါဘူး၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဟို အလုပ်ထိုင်တဲ့အချိန်မှာ ခွာဦးမှ ထင်ပါရဲ့ ဆိုတဲ့စိတ် ဘယ်တော့မှမလာနဲ့ ခွာဖို့ကို မလိုတော့ဘူး … (မှန်ပါ)။
ဒီမှာသိမှုနဲ့ အကုန်ခွာပြီးပြီ၊ ဟိုမှာ ဖြစ် ပျက်ဟာ သြော် သတ္တ၀ါမဟုတ်လို့ဖြစ်တာပဲ သတ္တ၀ါမဟုတ် လို့ပျက်တာပဲ၊ ခင်ဗျားတို့ ဥာဏ်ထဲပိုင်သွားပြီ၊ မပိုင်သေးဘူးလား … (ပိုင်ပါပြီဘုရား) ရှင်းပလား … (ရှင်းပါပြီ ဘုရား) ဒါနဲ့ တရားထိုင်တဲ့နေရာ အထူးခွာဖို့လိုသေးလား (မလိုပါဘူးဘုရား) ဒါဖြင့် တရားနာတဲ့ နေရာမှာ ကွာဖို့ အရေးကြီးတယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဘယ်အချိန်ကွာဖို့ … (တရားနာနေတဲ့အချိန်ပါဘုရား) ဒါဖြင့် တရားမနာဘဲ သောတာပန် မတည်နိုင်ဘူးဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား) မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) တရားမနာဘဲ နဲ့ မတည်နိုင်ပါ၊ ဘယ်တည်နိုင်ပါ့မလဲ ဦးဘရှင်း ရှင်းနေပြီ၊ တရားမနာဘဲနဲ့ … (သောတာပန် မတည်နိုင်ပါ ဘုရား) တရားမနာဘဲနဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်တာ လောကကြီးထဲမှာ နှစ်ယောက်ရှိတယ်ကွ၊ ငါဘုရားရယ် ပစ္စေကဗုဒ္ဓါရယ် ဒါပဲရှိတယ် ကျန်တာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် ကစ တရားနာမှရတယ်နော် … (မှန်ပါ) မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
ကျန်တာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလန်မှစပြီးတော့ အားလုံးပေါ့ဗျာ၊ အားလုံးပုဂ္ဂိုလ်တွေဟာ ဘာတဲ့ … (တရားနာမှ ဒိဋ္ဌိကွာပါတယ်ဘုရား) တရားနာမှ ဒိဋ္ဌိကွာတယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ တရားနာတယ်ဆိုတာလဲ အင်း ခုနင်က သတ္တန်တရားတွေကို ဆိုတာ မဟုတ်ဘူး၊ ဒိဋ္ဌိကွာတဲ့တရားကိုဆိုတာ … (မှန်ပါ) သစ္စာဆိုက်တဲ့တရားကိုဆိုတာပါ၊ ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့တရားကို … (ဆိုတာပါဘုရား) ဒါကိုဆိုတာ ဒီပြင် ဥပမာ ဘာလှူလို့ ဘာရောက်ဟောတာကတော့ ဘယ်ဒိဋ္ဌိကွာလိမ့် မတုံး။
ကမ္မဿကတာဥာဏ်ဟောထားတာ၊ ကမ္မဿကတာဥာဏ် ဒိဋ္ဌိနဲ့တွဲရက်ကြီး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) အဲဒီ တရားကိုဆိုလိုတာကလည်း မဟုတ်ဘူး၊ ဘယ်တရားတုံးလို့ မေးလိုက်တဲ့အခါကျ တော့မှ ပဋိစ္စသမုပ္ပါဒ်တရား, သစ္စာတရား, သဘောကျပလား … (ကျပါပြီဘုရား) ခန္ဓာတရား, အာယတန တရား, ဓာတ်တရား ဒါပဲရှိတယ် … (မှန်ပါ) ဒါသုခက တရားတွေပဲ။
သုညတရားဆိုတာ ပုဂ္ဂိုလ်သတ္တ၀ါဆိတ်တာ၊ သဘောပါကြပလား … (ပါ ပါပြီဘုရား) သုညတ တရားနာရမှ မဂ်ဖိုလ်ဆိုက်တာ … (မှန်ပါ) သုညတ တရားမနာရလျှင် … (မဂ်ဖိုလ်မဆိုက်ပါဘုရား) သုညတ ဆိုတာ ဒီထဲမှာ ပုဂ္ဂိုလ်, သတ္တ၀ါမရှိဘူးလို့သိနေတဲ့ မရှိအောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်က ဟောလို့ ခင်ဗျားတို့က မရှိမှန်းသိတဲ့တရားဟာ သုညတတရား … (မှန်ပါ) ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
သုညတတရားဆိုတာ ဘာတရားပါလိမ့် ပုဂ္ဂိုလ် သတ္တ၀ါမပါအောင် ဟောနိုင်တဲ့တရား၊ ကိုစောမောင် သုညတတရား၊ ရှင်းပလား … (ရှင်းပါပြီဘုရား) နန္ဒိယကျောင်းဆောက်လို့ ဘုံပေါက်တယ်ဆို တာ သုညတမဟုတ်ဘူး၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ကိုစောမောင် နန္ဒိယကျောင်းဆောက်လို့ တာဝတိံသာမှာ ဘုံပေါက်တယ်ဆိုတဲ့တရားက နန္ဒိယဆိုတဲ့ ပုဂ္ဂိုလ်ရှိနေတယ် … (ရှိပါတယ်ဘုရား)။
သူ့အတွက် ဘုံပေါက်နေတယ်ဆိုတည်းက သူသွားလိမ့်ဦးမယ်၊ နေလိမ့်ဦးမယ်ဆိုတဲ့ ဒိဋ္ဌိက ပြုတ်ပါ့ မလား၊ သူလုပ်လို့ သူရတယ်ဆိုတဲ့ ဒိဋ္ဌိကတော့ … (မပြုတ်ပါဘုရား) အကျိုးကော မပေးဘူးလား … (ပေးပါတယ်ဘုရား) ကံက အကျိုးပေးငြားသော်လည်း ဒိဋ္ဌိတန်းလန်းနဲ့၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် သုညတ တရားဆိုတာ ခန္ဓာတရား, အာယတနတရား, ဓါတ်တရား, သစ္စာတရား, ပဋိစ္စသမုပ္ပါဒ်တရား … (မှန်ပါ) ဒီဟာကို နာရမှ ဘာဖြစ်မှာတုံး … (ဒါမှ သုညတဖြစ်မယ်ဘုရား)။
သုညတဖြစ်တော့မှ ဒိဋ္ဌိကွာမယ်၊ ဒိဋ္ဌိကွာပြီး အားထုတ်မှ ဖြစ်ပျက်မြင်တဲ့ ဥစ္စာသည် နဂိုက ဘယ်လိုမြင်မြင် ဒိဋ္ဌိမကွာဘဲနဲ့ မြင်ရင် အလကား၊ ကုသိုလ်တော့ရပါရဲ့ နိဗ္ဗာန်တော့ မရပါဘူး၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ကုသိုလ်တော့ … (ရပါတယ်ဘုရား) နိဗ္ဗာန် … (မရပါဘူးဘုရား) မရနိုင်ဘူးဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်း အနုရာဓသည် ဘယ်လိုများ ဘုရားဟောနေပါလိမ့် မတုံးဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ဘာတရားသူဟောနေပါလိမ့် … (သုညတတရားပါဘုရား) ကဲ တိုတိုသုံးကြစို့ သုညတတရား၊ သုညတ တရားဆိုတာ ဒီထဲမှာ ပုဂ္ဂိုလ်သတ္တ၀ါမပါဘူး သိအောင်ဟောတဲ့တရား၊ ရှင်းပလား (ရှင်းပါပြီဘုရား) သုညတတရားဆိုတာ ဘာပါလိမ့် … (ပုဂ္ဂိုလ်, သတ္တ၀ါဆိတ်သုဉ်းအောင် ဟောတဲ့တရားပါဘုရား)။
ပုဂ္ဂိုလ်, သတ္တ၀ါမပါတဲ့တရားဆိုတော့မှ နဂိုကမှ ဒိဋ္ဌိ သူ့ဝမ်းထဲမှာ ဟောတဲ့ပုဂ္ဂိုလ်ကလည်း ကွာအောင်ဟော နာတဲ့ပုဂ္ဂိုလ်ကလည်း ကွာအောင်နာတယ်၊ တရားနာရင်းဖြစ် ပျက်လိုက်ပေး၊ ဒါမှ ဖြစ် - ပျက်ဆုံးတဲ့ နိဗ္ဗာန်ရောက်မယ်၊ နို့မို့ရင် ရပါ့မလား … (မရနိုင်ပါဘုရား) ဒါဖြင့် သုညတတရားလောက် အရေးကြီးတဲ့တရား ဦးဘရှင်း ရှိသေးရဲ့လား … (မရှိပါဘုရား) ပေါ်ပြီလား … (ပေါ်ပါပြီဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါ မပြီးသေးဘူး၊ ဒီအနုရာဓ နောက်တစ်ရက် နှစ်ရက်ပြောရလိမ့်ဦးမယ် … (မှန်ပါ)။

             ဤကောင်းမှုကုသိုလ်ကံ
             စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
             ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                          အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                    တည်ရှိပါစေသတည်း ။

                                                                                                        အရှင်ဉာဏဓဇ
                                                                                      မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                   ပင်မသံဝေဇနိယဌာန
                                                                                                           အမရပူရမြို့ ။          ။

No comments:

Post a Comment