Tuesday, September 3
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိသာခနှင့် ဓမ္မဒိန္နာ အမေး-အဖြေ (၁) အလုပ်ပေးတရားတော်
န အာဂစ္ဆတီ တိ အနာဂါမီ၊ အနာဂါမီ - အနာဂါမ် တည်ပြီးသော ပုဂ္ဂိုလ်သည်၊ န အာဂစ္ဆတိ - ကာမဘုံသို့ မလာဘူး၊ သူ ရထားတာကတော့ ကာမဘုံနဲ့ ထိုက်တန်တဲ့တရားကို မဟုတ်ဘူး၊ ကာမဘုံ ပယ်စွန့်ပြီးသား တရားကို ရထားတယ် …။ (မှန်ပါ)၊ ရွှေ ငွေ ကျောက်သံပတ္တမြား၊ သား မယား အာရုံ အလုံးစုံ အကုန်ချုပ်ငြိမ်းတဲ့ မဂ်ကို ရထားတယ်လို့ ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)။
ဒါနဲ့ ဒကာမက နံနက် မိုးလင်းလဲ ပြောလိမ့်မယ် ထင်ပါရဲ့လို့ စောင့်နေတဲ့အခါ မိုးလင်းတော့လဲ မပြော၊ ဒီတော့ သူ ငိုကာ ရယ်ကာနဲ့သွားပြီး ကျုပ်မှာ ဘာအဖြစ်ရှိသတုံးဆိုတဲ့ အမေးမျိုး သွားပြီး မေးလိုက်တယ်။ ဘာမှ အပြစ်မရှိပါဘူးဆိုတဲ့ စကားပြောလိုက်တယ်။ ငါ့မှာက ကုဋေလေးဆယ်ရှိတယ်၊ သင်က ပါလာတာလဲ ကုဋေလေးဆယ်ရှိတယ်။ ဒီပစ္စည်းတွေကို အစ်မကြီးအဖြစ်နဲ့လည်းကောင်း၊ နှမအဖြစ်နဲ့လည်းကောင်း၊ အမေအဖြစ်နဲ့လည်းကောင်း ငါ့ကို ကျွေးချင်ရာနဲ့ ကျွေး စားနေပါမယ်၊ ဒီပစ္စည်း တွေကို သင် အလိုရှိသလို လုပ်ပါတော့၊ ကာမရာဂ ကုန်သွားတော့ ပုံထားလိုက်တဲ့ အဓိပါယ် ပြောတာ …။ (မှန်ပါ) နောက်တစ်ခါ ပြောပြန်တာက တကယ်လို့ ဒီလိုမှ မပြုစုဘူးဆိုလို့ရှိရင်၊ နောက်အိမ်ထောင် တည်ထောင်ချင်လို့ရှိရင် ခွင့်ပြုပါတယ်၊ ဒီပစ္စည်းတွေနဲ့တကွပဲ ယူသွားခွင့်ပြုတယ်ဆိုတော့ ကာမအာရုံ ကုန်တယ်ဆိုတာ ဦးသံဒိုင် မပေါ်သေးဘူးလား …။ (ပေါ်ပါတယ်ဘုရား)၊ မဂ်သတ္တိ ဘယ်လောက်ကြီးတယ် ဆိုတဲ့ဥစ္စာ ပေါ်သွားပြီ …။ (မှန်ပါ)။
မဂ်သတ္တိ ဘယ်လောက်ကြီးတယ်ဆိုတဲ့ဥစ္စာ ပေါ်ပြီ၊ ကိလေသာကုန်ပြီလားလို့မေးတော့ ကာမကိလေသာ ကုန်ပါတယ်၊ ရူပ အရူပ ကိလေသာ ကျန်သေးတယ် မှတ်ရမယ်နော် …။ (မှန်ပါ)။
ဒါကြောင့် ကြိုးစားကြပါ-ကြိုးစားကြပါလို့ တိုက်တွန်းတာ၊ ဖြစ်ပျက်လုပ်နေတယ်၊ ဖြစ်ပျက်လုပ်သ လောက် ကိလေသာ ပါးတာပဲ၊ ဖြစ်ပျက်မုန်းတယ်၊ မုန်းတာက ပိုပြီး ပါးသွားတာပဲ၊ ဖြစ်ပျက်ဆုံးလို့ရှိရင် ဆုံးသလောက် ပိုပြီးပါးတယ်၊ အချည်းနှီးတော့ ဘယ်တော့မှ မဖြစ်ဘူးဆိုတာသေသေချာချာမှတ်ပါ …။ (မှန်ပါ)၊ ဒီ ရန်သူတွေကိုတော့ဖြင့် ၀ိပဿနာမဂ်ကလဲ နိုင်တာပဲ၊ လောကုတ္တရာမဂ်ကလဲ ပိုပြီး နိုင်တာပဲ …။ (မှန်ပါ)။
ဒါကြောင့် ဒီအလုပ်သည် ခင်ဗျားတို့ အိုဘေး၊ နာဘေး၊ သေဘေး တားတဲ့ အလုပ်ထဲမှာဖြင့် ဒီအလုပ်မှတစ်ပါး ရှင်းရှင်းပျောက်တဲ့ဆေး မရှိဘူးဆိုတာကို တရားပွဲ တစ်ပွဲလုံးက ဆုံးဖြတ်ချက် ချရမယ် …။ (မှန်ပါ)၊ ဒီအလုပ်မှတစ်ပါး ကိုးစားရာ၊ အားထားရာ မရှိဘူးဆိုတာလဲ ဆုံးဖြတ်ချက်ချ …။ (မှန်ပါ)၊ သောတာပန်တည်တယ်ဆိုတာ အပါယ် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို ရုန့်ရင်းတဲ့၊ ကာမဘုံမှာ ဖြစ်တဲ့ လောက ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ် တည်တယ်ဆိုတာ အပါယ် ပဋိစ္စ သမုပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို ရုန့်ရင်းတဲ့၊ ကာမဘုံမှာ ဖြစ်တဲ့ လောဘ ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ် တည်တယ်ဆို ကာမဘုံမှာ စွဲလမ်းတဲ့ လောဘ ဒေါသ မောဟ ကုန်သွားတာပဲဆို တော့ မောင်သစ် မလုပ်ထိုက်ဘူးလား …။ (လုပ်ထိုက်ပါတယ် ဘုရား)။
ဒါတွေကြောင့် ဆင်းရဲနေကြတာကိုး၊ ဒါတွေဟာ ဆင်းရဲကြောင်း သမုဒယသစ္စာရှိနေရင် ဒုက္ခသစ္စာက လာဦးမှာပဲ၊ အဲဒါတွေ သိပြီးသွားဖြစ်နေတော့ သြော် … ဒီအလုပ်မှတစ်ပါး တို့ကို ကယ်မည့် ယူမည့်သူတော့ မရှိပါကလား ဆိုတာကို ဆုံးဖြတ်ချက်ချပြီး မှတ်ရမယ် …။ (မှန်ပါ)၊ ယုတ်စွအဆုံး ၀ိပဿနာမဂ်တောင် အတော် ခရီးပေါက်တယ်ဆိုတာ မှတ်လိုက်စမ်းပါ …။ (မှန်ပါ)။
ကိုင်း … ဒါနဲ့ပဲ အိမ်ထောင်ပြုချင်လဲ ပြုတော့၊ ခွင့်ကောင်းကောင်း ပြုပါတယ် ဆိုပြီး ပြောလိုက်တော့ လောကုတ္တရာ တရားကို ယောက်ျားသာ ရနိုင်သလား၊ မိန်းမများလဲ မရနိုင်ဘူးလားလို့ မေးလိုက်တယ်၊ ဟာ … ဒါကတော့ အားထုတ်တဲ့လူ မှန်ခဲ့လို့ရှိရင် ယောက်ျား၊ မိန်းမ မရွေးပါဘူး၊ မဂ်ဖိုလ်ဆိုတာ ရနိုင်တာချည်းပဲလို့ ပြောလိုက်တဲ့အခါကျတော့ သူလဲ ဒီအလုပ်ကိုလုပ်ချင်တယ် ဖြစ်တာပဲ …။ (မှန်ပါ)။
ဒီလို လုပ်ချင်တယ်ဆိုလို့ရှိရင်ဖြင့် ဒီအကြောင်းကိုပဲ မျှော်လင့်နေတာ၊ ဒီအသံထွက်လာတယ်ဆို တော့ သိပ်ဝမ်းသာတယ်ဆိုပြီး သကာလ ဗိမ္ဗိသာရမင်းဆီသွားပြီး မနေ့က ပြောသလို ရွှေထမ်းစင်သွားပြီး ငှားတယ်၊ ဘုရားကျောက်ကို သွားဖို့ လမ်းရှင်းရန်ကိုလဲ ဘုရင့်ဆီမှာပဲ ခွင့်တောင်းပြီး သကာလ ရွှေထမ်းစင် နဲ့ထမ်းပြီး ဘိက္ခုနီမကျောင်းကို သွားကြတယ်။
ဘိက္ခုနီမကျောင်းရောက်တော့ ဘိက္ခုနီမတွေက စစ်ဆေးသေးတာပေါ့လေ၊ အကြင်လင်မယး မမျှတကြလို့ ဒီလိုဖြစ်လာတာလား၊ သို့မဟုတ် မျှတပါရဲ့လားလို့ မေးတဲ့အခါကျတော့ ၀ိသာခ သူဌေးက “ဒီဥစ္စာ သဒါသက်သက်ပါ၊ ဒီ့ပြင် ဘာမှ မပါဘူး” လို့ ပြောလိုက်တဲ့အခါကျတော့ ဘိက္ခုနီမတွေက သုံးဆယ့် နှစ်ကောဋ္ဌာသ သွန်သင်ပြသ နှလုံးသွင်းခိုင်းပြီး ခေါင်းရိတ်၊ ဘိက္ခုနီမ ပြုလုပ်ပေးကြတယ် ...။ (မှန်ပါ)၊ ဘိက္ခုနီမပြုလုပ်ပေးလိုက်တော့ သူမ အင်မတန်ချော၊ အင်မတန်လှတဲ့ ပုဂ္ဂိုလဲဖြစ်ပြန်၊ ပစ္စည်းကလဲရှိ၊ မိတ်ဆွေသင်္ဂဟကလဲ ပေါပြန်ဆိုတော့ ဆွမ်းခံပြန်သွားလဲ မအားရ၊ ကျောင်းနေပြန်လဲ ဧည့်သည်က မပြတ်၊ အလှူအတန်း အပေးအကမ်းတွေကလဲ များလွန်းလို့ ...။ (မှန်ပါ)၊ ငါသည် ဒါကြောင့် ဒီအလုပ်ကို လုပ်လာတာ မဟုတ်ဘူး၊ ဒီဟာတွေဟာ အန္တရာယ်တွေပဲဆိုပြီး သကာလ ဘိက္ခုနီမဆရာကြီးကို လျှောက်ထားခွင့်တောင်းပြီး သကာလ တောထဲသွားနေတယ်၊ တောထဲသွားပြီး ကမ္မဋ္ဌာန်းအားထုတ်တော့ ရက်မကြာခင်မှာဘဲ ဒီဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေမုန်းဆိုတော့ လေးခါလောက် မဂ်အဆင့်ဆင့် တက်တော့ ရဟန္တာမ ဖြစ်လာတယ်။ ခုနှစ်ရက်လောက်နဲ့ပဲ တောထဲက ပြန်လာခဲ့တယ် ...။ (မှန်ပါ)။
ပြန်လာတော့ ၀ိသာခသူဌေးက တွေးတယ်၊ အမျိုးသမီး မိန်းမများဆိုတာ ဖြစ်လွယ် ပျက်လွယ်ကိုး၊ အိမ်ပဲလွမ်းလွန်းလို့ ပြန်လာတယ်ထင်ပါရဲ့၊ အဝေးလဲ သွားသေးတယ်၊ ခုနှစ်ရက်လောက်နဲ့ ပြန်လာတယ်ဆို တော့ တွေးတယ်၊ ဟိုမှာ တရားထူးရလာတာကို သူကမှ မသိဘဲ ...။ (မှန်ပါ)၊ မသိလို့  ပြန်လာတဲ့အခါကျ တော့ သူ့စိတ်ထဲမှာ သူ ပြန်လာလို့ရှိရင် ခက်ချေရဲ့၊ ဘိက္ခုနီမ လူထွက်ဖြစ်နေရင် ရှက်စရာကြီး၊ ရှင်ဘုရင်ကစပြီး သိပြီးသားကိစ္စလဲဖြစ်တယ် ... စသည်တို့ကို တွေးတောပြီး ကျောင်းတော့ သွားဦးမှ ဖြစ်မယ်ဆိုပြီး ဘိက္ခုနီမကျောင်းတော်ကို သွားလိုက်တယ် ...။ (မှန်ပါ)။
သွားပြီးတော့ မပျော်မွေ့လို့ ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး၊ ပစ္စည်းဥစ္စာတွေ ငဲ့လို့ ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး ...၊ ဒါနဲ့ ပညာရှိသဘောနဲ့ မေးမှပဲဆိုပြီး ပုစ္ဆာ ပြဿနာကို စီစဉ်လိုက်ပါတယ်၊ သူကလဲ အနာဂါမ်ပုဂ္ဂိုလ်ကြီးဆိုတော့ စီစဉ်တတ်ပြီးသား ဖြစ်နေတယ်။
ဒါနဲ့ မေးလိုက်တယ်၊ သက္ကာယ-သက္ကာယဆိုတာ အရှင်ဓမ္မဒိန္နာ ဘာကို ခေါ်ပါသတုံးလို့ မေးလိုက်တယ်။ သက္ကာယတင်မေးလိုက်တယ်။ ဒိဋ္ဌိမပါသေးဘူး ...။ (မှန်ပါ)၊ အဲဒီတွင် ဟိုက ဖြေလိုက်ပါ တယ်။ သက္ကာယဆိုတာ ဥပါဒါနက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ်။ လောကီခန္ဓာငါးပါးကို ဆိုပါတယ် ...။ (မှန်ပါ)၊ လောကီ ခန္ဓာငါးပါး ပြောစမ်းပါဦးဆိုတော့ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၀ိညာဏုပါဒါနက္ခန္ဓာ ဆိုတဲ့ ယခုလက်ရှိ ခန္ဓာ ငါးပါးကို ဆိုပါတယ် ... လို့ ဖြေလိုက်တယ် ...။ (မှန်ပါ)။
မယုံသေးဘူး၊ ဟိုက ဖြေတော့ ဖြေနေတာပဲ၊ ဖြေပင်ဖြေငြားသော်လဲ စာသိနဲ့ ဖြေနေရင်လဲ ဖြစ်တာမျိုးကိုး၊ စာသိလောက်ကိုလဲ သူက မကြိုက်ဘူး၊ ဥာဏ်သိကို ကြိုက်တာ ...။ (မှန်ပါ)၊ စာက ကျက်ထားရင် ရတာကိုး၊ ကိုရင်ကလေးကဖြစ်ဖြစ် ကျက်ထားရင် ရတယ် ...။ (မှန်ပါ)။
ဒါနဲ့ သူစိတ်ထဲ မကျေနပ်တာနဲ့ သာဓု ... သာဓု ...၊ သက္ကာယတော့ဖြင့် ဖြေတတ်ပြီး ...။ (မှန်ပါ)၊ သူ ဖြေတတ်တာ အရေးမကြီးပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရေးကြီးတယ်၊ ဒကာ ဒကာမတွေ သိဖို့ရာက သက္ကာယဆိုတာ အခု ခန္ဓာငါးပါးလို့သာ မှတ်လိုက်ပါတော့...။ (မှန်ပါ)။
အခု ရှိနေတဲ့ ခန္ဓာငါးပါးကို ဘာခေါ်ကြမလဲ ...။ (ဥပါဒါနက္ခန္ဓာပါဘုရား)၊ သက္ကာယလို့သာ ခေါ်လိုက်ပါတော့နော် ...။ (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ယခု ခန္ဓာငါးပါးဟာ သက္ကာယ ဆိုတာ ဒကာ ဒကာမတွေလဲ သိပါပြီ။ သန္တော ကာယော သက္ကာယော။ သန္တော-ပရမတ္ထအားဖြင့် ထင်ရှားရှိသော။ ကာယောရုပ်နာမ် အစုအပေါင်းတည်း။ သက္ကောယော-ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစုအပေါင်းကို သက္ကာယလို့ ခေါ်ပါတယ်။
သာဓု ... သာဓု ... တဲ့၊ သက္ကာယသိလို့ ၀မ်းမြောက်တယ်။ ခင်ပွန်းဟောင်းဖြစ်သည့် ၀ိသာခ သူဌေးကြီးက ... (မှန်ပါ)၊ သက္ကာယကတော့ သိပါပြီ၊ သက္ကာယဖြစ်ကြောင်းကလေး ပြောစမ်းပါပြီး၊ တစ်ဆင့် တက်ပြီး မေးပြန်ပြီ ...။ (မှန်ပါ)၊ သက္ကာယတော့ သိပါပြီတဲ့၊ သက္ကာယဖြစ်ကြောင်းကလေး ပြောစမ်းပါဦးတဲ့ ...။ (မှန်ပါ)၊ သက္ကာယဖြစ်ကြောင်းဆိုတော့ တခြားမဟုတ်ပါဘူးတဲ့၊ သက္ကာယဆိုတာ ဆုတောင်း၊ တဏှာက လာတာ ...။ (မှန်ပါ)၊ ယာယံတဏှာ ပေါနောဗ္ဘ၀ိကာ နန္ဒီရာဂ သဟဂတာ တတြတတြာဘိ နန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘ၀တဏှာ ... ဒါကို ဓမ္မဒိန္ဒာထေရီမက ဖြေလိုက်ပါတယ် ...။ (မှန်ပါ)၊ သက္ကာယ ဖြစ်ကြောင်းဆိုတဲ့ ရုပ်နာမ် ဖြစ်ကြောင်းဟာ တဏှာက လာတာပါပဲ ...။ (မှန်ပါ)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးဟာ သက္ကာယနော် ...။ (မှန်ပါ)၊ အဲဒါ ဘယ်က လာတာတုံး ...။ (တဏှာကလာတာပါ)၊ ဒီ တဏှာသည်ကားလို့ဆိုရင် သက္ကာယဖြစ်ကြောင်းဆိုတဲ့ ဥစ္စာ ဖြေလိုက်ပါတယ်။
ဟုတ်ပါတယ်တဲ့။ သူ ဖြေပေမယ့်လဲ ကိုယ့်ဥာဏ်ထဲမှာလဲ သဘောကျနေဖို့ ဒကာ ဒကာမတွေက လိုပါတယ် ...။ (မှန်ပါ)၊ ဒီ လိုတဲ့ အခါကျတော့ စဉ်းစားကြည့်တာပေါ့၊ သြော် ... တဏှာ ဥပါဒါန် ကံမရှိဘဲနဲ့ ခန္ဓာမပေါ်ဘူး ...။ (မပေါ်ပါဘုရား)။
ဒါဖြင့် ဒီအထဲမှာ ကံဆိုတာလဲ ဥပါဒါန် လက်အောက်မှာ၊ ဥပါဒါန်ဆိုတာလဲ တဏှာ လက်အောက် မှာပဲ၊ သြော် ... သူ လက်သည်ပဲ၊ တဏှာ ဥပါဒါန် ကံတို့ကြောင့် သန္ဓေပေါ်လာတယ်ဆိုတော့ အရင်းကျကျ ရှာတော့ ... (တဏှာပဲတွေ့ပါတယ်ဘုရား)။
ဒါဖြင့် ဒီတဏှာ မသေသရွေ့ ခင်ဗျားတို့ သက္ကာယ ခန္ဓာကြီးဟာ ရှိနေမှာပဲ ...။ (ရှိနေမှာပါဘုရား)၊ ဒီတဏှာ မသေသရွေ့ သက္ကာယ ခန္ဓာကြီးဟာ ရှိနေလိမ့်မယ်ဆိုတဲ့ ဥစ္စာ မှတ်ထားပါနော် ...။ (မှန်ပါ)၊ ဒီခန္ဓာ ကြီး ရှိနေလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေးဟာတော့ သူ့အထဲကပါပြီးသားဖြစ်နေတယ်၊ မပါဘူးလား ...။ (ပါ-ပါတယ်)၊ အိုတတ်တဲ့ တရားတွေကလဲ သူ့အထဲမှာ ဇရာကပါတယ်၊ နာတတ်တဲ့ တရားတွေကလဲ သူ့မှာပါတယ် ...။ (မှန်ပါ)၊ မပါဘူးလား ...။ (ပါ-ပါတယ်ဘုရား) ဒါ ဘယ်သူတည်ထောင်လိုက်တာတုံး၊ ဘယ်သူက ဖြစ်နေတာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ ...။ (တဏှာက ဖြစ်စေတာပါ)။
တဏှာကဖြစ်စေတယ်၊ ဟုတ်သားပဲ၊ ဒကာ ဒကာတို့၏ ခန္ဓာကြီးဟာ ဘယ်သူက ဖြစ်စေတယ် ဆိုတာ ဘုံဘ၀တပ်နှစ်သက်တတ်တဲ့ တဏှာက ဖြစ်စေတယ်။ ဘ၀ကို တပ် မက် နှစ်သက်တတ်တဲ့ တဏှာက ဖြစ်စေတယ် ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
တဏှာက ဖြစ်စေတော့ ခင်ဗျားတို့ အခု တရားနာကြတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို သွားနေကြသတုံးဆို တော့ မပြောပါနဲ့တော့ ဘုရား၊ အိုဘေး၊ နာဘေး၊ သေဘေး၊ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးတွေ အကုန် အ၀ိုင်းခံနေရတယ် ...။ (မှန်ပါ)၊ သက္ကာယ ၀ိုင်းကြတယ်၊ ဒီသက္ကာယ ထဲမှာ ဒါတွေ အပြည့်အစုံ ရှိတယ်လို့ ဆုံးဖြတ်ချက်ချပါ ...။ (မှန်ပါ)။
သက္ကာယထဲမှာ ... (ဒါတွေ အပြည့်အစုံရှိပါတယ်ဘုရား)၊ အိုဘေး၊ နာဘေး၊ သေဘေး၊ မင်းဘေး၊ စိုးဘေး၊ ခိုးသူဘေးတွေရှိတယ် ...။ (မှန်ပါ)၊ အဲဒီတော့ မှတ်ထားလိုက်ကြပါ၊ အညှီရှိလို့ ယင်အုံတယ် ...။ (မှန်ပါ)။
ဘယ်လို မှတ်ကြမယ် ...။ (အညှီရှိလို့ ယင်အုံပါတယ်ဘုရား)၊ သက္ကာယရှိလို့ ခုနင်က ဘေးတွေ့လာတာ ...။ (မှန်ပါ)၊ သက္ကာယသာ မရှိဘူးဆိုရင် ...။ (ဘေးတွေ မလာပါဘုရား)၊ ဘေးမလာဘူး ဆိုတာ သေချာကြပလား ...။ (သေချာပါပြီ)။
သက္ကာယရှိပြီးသကာလ နေတော့ ခင်ဗျားတို့ လေတိုက်ပြန်တော့ လေတိုက်ပြန်ပြီ၊ နေပူပြန်တော့ ...။ (နေပူပါတယ်)၊ အပူဘေးသင့်တာပဲ ...။ (မှန်ပါ)၊ အေးပြန်တော့ကော ... (အေးဘေးသင့်ပါတယ်)၊ အဲဒီ သက္ကာယရှိနေလို့ဖြစ်ရတာ၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒီသက္ကာယကို သူ့ကို ဖြစ်စေတဲ့တရားက အယုတ်တမာတရားဖြစ်နေတော့ အယုတ် တမာ အမည်ပဲ ပေါ်တာပဲ ...။ (မှန်ပါ)။
ဘယ်လို မှတ်ကြမယ် ...။ (အယုတ်တမာအမည်ပဲ ပေါ်ပါတယ်)၊ ဒါပဲ ပေါ်ရမယ်၊ သူ့ကို ဖြစ်စေတဲ့ အကြောင်းက တဏှာကိုးဗျ ...။ (မှန်ပါ)၊ တဏှာဖြစ်စေတယ်ဆိုတော့ သူက အယုတ်တမာတရား၊ အယုတ် တမာတရားဖြစ်စေတော့ကို အယုတ်တမာ အကျိုးပေးပဲ သူက ဖန်ဆင်းတတ်တယ်၊ လုပ်တတ်တယ်၊ ကျေးဇူးပြုတတ်တယ်၊ သဘောပါကြပြီလား ...။ (ပါ-ပါပြီဘုရား)။
သြော် ... ဒါဖြင့် သူ မချုပ်သရွေ့ သက္ကာယမချုပ်ဘူး ...။ (မှန်ပါ၊ တဏှာ မချုပ်သရွေ့ ... (သက္ကာယ အချုပ်ပါဘုရား)။
ဒါကြောင့် ခင်ဗျားတို့ကို အလုပ်-လုပ်ကြပါ၊ အလုပ်လုပ်ကြပါဆိုတာက သက္ကာယအပြစ် မြင်လို့ရှိရင်ဖြင့် သက္ကာယ ဖြစ်ကြောင်းဟာ ခင်ဗျားတို့ သန္တာန်မှာ၊ ၀မ်းထဲမှာ နောက်က ဖြစ်ခဲ့ပြီးတဲ့ ဖြစ်ကြောင်းသတ္တိကတော့ မချုပ်ဘူး ထားပါဦး၊ အခု ၀မ်းထဲပေါ်မည့် သမုဒယတော့ ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာဥာဏ်က ချုပ်စေတာပဲ ...။ (မှန်ပါ)၊ တဒင်္ဂအားဖြင့် ချုပ်စေတာပဲ။ ချုပ်စေတော့ သြော် ... ဒါဖြင့် ဒီဟာ အားကိုးရာပါလား၊ အားထားရာပါကလား။ သက္ကာယဖြစ်တဲ့ ခန္ဓာကိုယ်ကြီး၏ ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် သက္ကာယနယ်က လွန်မြောက်မှာပဲ ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
သက္ကာယနယ်က လွန်မြောက်ချင်လို့ရှိရင် သက္ကာယဆိုတာ နာမည် သက္ကာယ။ သစ္စာဖွဲ့ရင် ဒုက္ခသစ္စာ။ ရှင်းပလား ...။ (ရှင်းပါပြီ)၊ ဒီ ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာဟာ ပါးရမှာပဲ၊ မပါးပေဘူးလား ...။ (ပါးပါတယ်ဘုရား)၊ အဲ ... သမုဒယသစ္စာ ပါးတယ်ဆိုရင်ဖြင့် ခင်ဗျားတို့ ဘာမှ မပူနဲ့၊ ဒုက္ခနည်းသွားတော့မှာပဲ ...။ (မှန်ပါ)။
ခင်ဗျားတို့ ဒီ့ပြင်ဟာကို မကြည့်ပါနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် အလွန်ခင်လို့ရှိရင် ဟို တစ်ယောက်မှာ အကြောင်းတစ်ခု မလျော်တာတွေ့လို့ရှိရင် စိတ်ထိခိုက်တာပဲ၊ မထိခိုက်ဘူးလား ...။ (ထိခိုက်ပါတယ်)၊ ဒါဟာ အလွန်ခင်လို့ရှိရင် အလွန်ထိခိုက်တာပဲ။ နည်းနည်းခင်ရင် ... (နည်းနည်း ထိခိုက်တာပါပဲ)၊ အလတ်စားခင်ရင် ... (အလတ်စားထိခိုက်ပါတယ်)။
အဲဒီကတည်းက သြော် ... သက္ကာယဖြစ်ကြောင်း၊ သမုဒ္ဒယ သစ္စာကြောင့် ဟိုမှာ သက္ကာယ ဖော်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာ သက္ကာယ ဖောက်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာ ဥပါဒါန် ကံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ မလာဘူးလား ...။ (လာပါတယ်)၊ အဲဒါ ဘယ်က လာတာတုံးလို့ မေးလို့ ရှိရင်ဖြင့် သက္ကာယဖြစ်ကြောင်းကို ခင်ဗျားတို့ကလဲ မပယ်နိုင်တဲ့အတွက် သက္ကာယမှာ၊ ဖောက်ပြန်သွားတဲ့ အခါမှာ၊ ခင်ဗျားတို့မှာ တဏှာတင် မကတော့ဘူး၊ သောက ပရိဒေ၀တွေ ပါလာတော့တာပဲ ...။ (မှန်ပါ)၊ မလာဘူးလား ...။ (လာပါတယ်)၊ သဘောကျပလား ...။ (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် သက္ကာယဖြစ်ကြောင်းတော့ သိပြီ။ ဒီတော့ ၀ိသာခသူဌေးက ကျေနပ်ပါတယ်၊ သူကလဲ သိပြီးသားကိုး ...။ (မှန်ပါ)၊ နောက်ဆင့် မေးပြန်တယ်။ အရှင်ဓမ္မဒိန္နာ ... သက္ကာယချုပ်ရန် ပြောစမ်းပါတဲ့။ သက္ကာယချုပ်ဆိုတာ တခြားမဟုတ်ပါဘူး၊ တဏှာချုပ်ရင် ချုပ်တာပါပဲတဲ့ ...။ (မှန်ပါ)။
တဏှာချုပ်ရင် သက္ကာယ ဘယ့်နှယ်တုံး ...။ (ချုပ်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတွေ သူ မချုပ်သရွေ့ ခန္ဓာမချုပ်ဘူး ...။ (မှန်ပါ)၊ သူ ချုပ်ရင် ... (ခန္ဓာချုပ်ပါတယ်)၊ ခန္ဓာချုပ်တယ်ဆိုတော့ သူဟာ လက်သည်ပါကလား၊ အိုဘေး၊ နာဘေး၊ သေဘေး တည်ထောင်တဲ့ သမုဒယချုပ်လိုက်လို့ရှိရင် သက္ကာယပါ ပြုတ်သွားတဲ့အတွက် အိုဘေး၊ နာဘေး၊ သေဘေးပါ ပျောက်တယ် ...။ (မှန်ပါ)။
ဒါဖြင့် တိုတိုမှတ်လိုက်တော့၊ သမုဒယချုပ်လို့ ဒုက္ခချုပ်တာပါ ...။ (မှန်ပါဘုရား)။
ဘယ့်နှယ် ဆိုကြမလဲ ...။ (သမုဒယ ချုပ်လို့ ဒုက္ခချုပ်တာပါဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အဲဒီဟာကလေး မှတ်လိုက်တော့၊ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတာ ပေါ်လာတယ် ...။ (မှန်ပါ)၊ တဏှာချုပ်ရင် ... (သက္ကာယချုပ်ပါတယ်)၊ ခန္ဓာက ချုပ်သွားတယ်၊ တစ်နည်း ... ခန္ဓာက ချုပ်သွားတယ်၊ တစ်နည်း ... ခန္ဓာရှိပေစေဦး ... ဘုရားမှာ ခန္ဓာကြီးနဲ့ တရားဟောနေတာပါပဲ။ မဟောဘူးလား ...။ (ဟောပါတယ်)၊ သို့သော် တဏှာချုပ်တဲ့အတွက် သူသည် ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ရောက်နေပြီ၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်မရောက်သေးဘူး၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ... (ရောက်ပါပြီဘုရား)၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ... (မရောက်သေးပါဘုရား)။
ဒါကို မှတ်ကြပါတဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ကိလေသာမာရ်ကိုသာ အောင်၍ ခန္ဓမာရ် မအောင်သေးဘူး၊ ပရိနိဗ္ဗာန်မစံရသေးတော့ ... (မှန်ပါ)။
ကိလေသမာရ်တော့ ... (အောင်ပါပြီဘုရား)၊ အောင်ပြီဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက အောင်တယ်၊ အဲဒီမှာ မဂ်လေးတန်နဲ့ ဖြတ်ချလိုက်တယ် ...။ (မှန်ပါ)၊ ခန္ဓမာရ်တော့ သူ့မှာ ဆွမ်းကျွေးရတုန်း၊ ကျောက်မောင်းဆင်ချမည့် လူနဲ့၊ အဆဲအရေးခံရတာနဲ့ မရှိဘူးလား ...။ (ရှိပါတယ်ဘုရား)၊ တော်တော်ကြာ  ကျလို့ရှိရင် ဘုရားမှာ လေနာထလို့ ထန်းလျက် ရေအိုးတွေနဲ့ ပုဏ္ဏားတွေက လှူရတဲ့ ကိစ္စတွေ မရှိဘူးလား ...။ (ရှိပါတယ်) အဲဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးရင် မောင်သစ် ဘယ့်နှယ်ဖြေပါ့မလဲ ...။ (ခန္ဓမာရ် မအောင်သေးလို့ပါဘုရား)။
အဲဒါကို ဘုရားမှာ မာရ်ငါးပါး အောင်တာကိုးဆိုတော့ သိမ်းကြုံးပြီး ခေါ်ထားတာ၊ ပရ်နိဗ္ဗာန်မစံခင် အောင်တဲ့မာရ်နဲ့ ပရိနိဗ္ဗာန်စံမှ အောင်တဲ့ မာရ်ကို မကွဲဘဲ ဖြစ်နေတယ် ...။ (မှန်ပါ)၊ ခန္ဓာမာရ်နဲ့ မစ္စုမာရ်ကို ပရိနိဗ္ဗာန်စံပြီးမှ အောင်တယ်၊ ကျန်တဲ့ ကိလေသာမာရ်၊ ဒေ၀ပုတ္တ မာရ်တို့ကိုတော့ အောင်ပါတယ်၊ အဘိသင်္ခါရမာရ်ဆိုတော့ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် နေတာကို တားမရပါဘူး၊ အဲဒီ မာရ်ကိုတော့ မနိုင်သေးဘူး ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ဒါဖြင့် ခန္ဓမာရ်ရယ်၊ မစ္စုမာရ်၊ ပြုပြင်နေရတဲ့ အဘိသင်္ခါရမာရ် အခု အောင်ပလား ...။ (မအောင်သေး ပါဘုရား)၊ ဒါဖြင့် နှစ်ပွဲအောင်မြင်ပြီး သုံးပွဲကျန်တယ် ...။ (မှန်ပါ)၊ ဒါဖြင့် မာရ်ငါးပါး အောင်မြင်တော်မူသော ... လို့ဆိုတာ သက်တော်ထင်ရှားရှိတုန်း စုံပလား၊ မရှိမှ စုံတာလား မေးရင် ဘယ့်နှယ်ဖြေမလဲ ...။ (သက်တော်ထင်ရှားမရှိမှ ငါးပါးစလုံးပါဘုရား)။
အဲဒါ ဘုန်းကြီးက မန္တလေးမှာ ဟောတယ်၊ မန္တလေးမှာ ဟောတော့ တချို့ ပုဂ္ဂိုလ်များက ဟာ ... မာရ်ငါးပါးအောင်တယ်လို့ စာအုပ်တွေက အကုန်ရေးနေတာ၊ ဘုန်းကြီးက အကုန်မအောင်မြင်ဘူး ... ဟု ဟောနေပြန်ပြီဟု ပြောကြတယ်၊ ကန့်လန့်ဖြစ်နေပြီကော ... (မှန်ပါ)၊ အဲဒီတော့ သူ့ဟာက စာအုပ်သာ စူးနေတာ၊ ဘုန်းကြီးပြောတာကို သူသဘောမစူးဘူး ဖြစ်နေတယ်၊ အဲဒါနဲ့ကို သူ့မှာ ခက်နေတယ် ...။ (မှန်ပါ)၊ မယူတတ်ဘဲဖြစ်နေတယ် ...။ (မှန်ပါ)၊ ခန္ဓမာရ်က ပရိနိဗ္ဗာန်စံမှ အောင်မြင်မှာ၊ ခန္ဓမာရ်အောင် မြင်လို့ ရှိရင်ဖြင့် သူ့ခန္ဓာတော်ကြီးသူ ဖြစ်ချင်သလို ဖြစ်ရမှာပေါ့၊ လေနာ၊ ရင်နာ ထရပါ့မလား ...။ (မထရပါဘုရား)၊ ပရိနိဗ္ဗာန်ကော စံရပါ့မလား ...။ (မစံရပါဘုရား)၊ မစ္စုမာရ်ဆိုတာ နောက်ဆုံးဘ၀တောင်မှ သေတတ်တဲ့ တရားတွေ၊ သူမနိုင် ပရိနိဗ္ဗာန်စံတော်မူတာပဲ၊ အဘိသင်္ခါရဆိုတာလဲ ပြုပြင်နေရသေးတာပဲ၊ ခန္ဓာကိုယ်တော်ကြီး စင်္ကြံသွားပေးရတယ်။ ဆွမ်းအချိန်မှန်မှန် ဘုန်းပေးတော်မူရတယ်၊ ရေတောင်ချိုးပေး တော်မူရပေးတယ်၊ ရေနွေးလိုတဲ့အခါ ရေနွေး၊ ရေအေး လိုတဲ့အခါကော ... (ရေအေးပါဘုရား)၊ ဒါ ပြုပြင်နေရသေးတာပဲ ...။ (မှန်ပါ)၊ အဲဒီ မာရ်တွေကို အနုပါဒိသေသ နိဗ္ဗာန်မစံခင် မအောင်သေးဘူးဆိုတာ ကို မကျေနပ်ဘူး၊ ခက်လိုက်တာမှ ...။ (မှန်ပါဘုရား)။
ပရိနိဗ္ဗာန်စံတော်မူရင်တော့ ငါးခုစလုံးပေါ့။ မစံသေးခင် ဒီနှစ်ခုပဲ မုချအောင်သေးတယ်၊ ကျန်တဲ့ သုံးခုက ကိုယ်တော်မြတ်ကြီးမှာ ဒီဝဋ်က မကျွတ်သေးဘူး ... ဆိုတာကို သူ ကျက်ထားတဲ့ ဘုရားရှိခိုးစာနဲ့ဆို တော့ မကျေနပ်ဘဲ ဖြစ်နေလို့ ဘုန်းကြီးကို လျှောက်သေးတယ်။ +++
ကိုင်း ... ဒါဖြင့် သက္ကာယရှိနေသေးလို့ရှိရင်ဖြင့် ဒီမာရ်သုံးခု ကျန်မှာပဲ၊ ဒီမာရ်သုံးခုက သက္ကာယဆုံးမှ ချုပ်မှာကိုး ...။ (မှန်ပါ)၊ မဂ်လေးတန်ကိုတော့ မြတ်စွာဘုရား ရတော်မူပြီးသား။ ကိလေသာ မာရ်ကို အောင်မြင်တော်မူတယ်။ ဒေ၀ပုတ္တမာရ်ကို အောင်မြင်တော်မူခဲ့ပြီ။ ဒါ ဘာမှ ငြင်းစရာမလိုပါဘူး။ ကဲ ... ဒါဖြင့် သဘောကျပလား ...။ (ကျပါပြီ)။
သက္ကာယချုပ်ကြောင်း အကျင့်ပြောစမ်းပါ မေးပြန်တယ်။ ခုနင်က မေးတာက သက္ကာယချုပ်ကြောင်း ဆိုတော့
 ဒေ၀ပုတ္တမာရ်အား ဗဟိဒ္ဓမာရ် ဖြစ်၍ အောင်တော်မူပြီး လျဉ်းပါးရန် မရှိ၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ အဘိသင်္ခါရမာရ်၊ မစ္စုမာရ်တို့ကား အဇ္ဈတ္တနှင့် စပ်ယှဉ်လျက်ရှိ၏။ ထိုလေးပါးတွင် ကိလေသမာရ်ကား ကိလေသ၀ဋ် - သမုဒယသစ္စာ ဖြစ်၍ ဗောဓိပင်ကပင် အောင်မြင်ခဲ့ပြီ၊ ခန္ဓမာရ် အဘိသင်္ခါရမာရ်၊ မစ္စုမာရ် သုံးပါးကား ၀ိပါက၀ဋ် - ဒုက္ခသစ္စာ ဖြစ်သည်။ ထို မာန်သုံးပါးကို အနုပါဒိသေသ နိဗ္ဗာန်ကျမှ မုချအောင်မြင်သည်။ သဥပါဒိသေသအခိုက်၌ ၀ိပါက ၀ဋ်ကြီး ခံစားရဆဲ ရှိသေး၍ အနုပါဒိသေသကျမှ မုချ အောင်မြင်တော့မည်ကို ရည်ရွယ်၍ မာရ်ငါးပါးအောင်သည်ဟု ဆိုခြင်းဖြစ်၏။
တဏှာချုပ်ရင် ပြီးတာပဲ၊ တဏှာချုပ်လို့ရှိရင် ဒီသက္ကာယဟာ နောက် သက္ကာယလာစရာ လိုသေး သလား ...။ (မလိုပါဘုရား)၊ တဏှာချုပ်ရင် နောက်သက္ကာယ လာစရာမရှိတော့ဘူး။ ခန္ဓာရှိလျက်နဲ့ ကိုယ်တော်ကြီး နိဗ္ဗာန်ရောက်ပြီလို့ ပြောရတယ် ...။ (မှန်ပါ)၊ ခန္ဓာရှိငြားသော်လဲ နိဗ္ဗာန်ရောက်ပြီး အာရုံပြုသောအားဖြင့် ရောက်ပြီ ...။ (မှန်ပါ)၊ သဘောကျပလား ... (ကျပါပြီ)။
အာရုံပြုသောအားဖြင့် ရောက်ပုံကို ဒကာ ဒကာမတွေ ရှင်းပြပါဦးမယ်၊ အာရုံပြုသောအားဖြင့် ရောက်တယ်ဆိုတာ အခုလို တရားနာတွေက ဘုရားဆီမှာ အများကြီး ...။ မြတ်စွာဘုရားက သစ္စာလေးပါး ဟောနေလို့ရှိရင် ဒကာ ဒကာမတွေမှာ ရှူရှိုက် - ရှူရှိုက်ဆိုတာ လူတိုင်းရှိတယ်။ အဲဒီ ရှူနေတုန်းလဲ အားစိုက်နေတယ်တဲ့၊ ရှိုက်နေတုန်းလဲ အားစိုက်နေတယ်။ ဒီအချိန်မှာ တရားမနာနိုင်၊ နှလုံးမသွင်းနိုင်ကြ ဘူး။ ဒီစိတ်တွေကြားထဲမှာ သူနိဗ္ဗာန်ကို အာရုံပြုနေတယ်။ ဒါလောက် မြန်တယ်။
ဒီစိတ်တွေ ကြားထဲမှာ ... (နိဗ္ဗာန်အာရုံပြုနေပါတယ်)၊ နိဗ္ဗာန်အာရုံပြုနိုင်တယ်ဆိုတော့ သြော် ... ဒါဖြင့် ခန္ဓာပင် ရှိသေးငြားသော်လဲ နိဗ္ဗာန်ကိုတော့ အာရုံပြုသောအားဖြင့် ရောက်နေပြီ ...။ (မှန်ပါ)။
ခန္ဓာမာရ်သာ မအောင်သေးတာ၊ နိဗ္ဗာန်တွေက ... (ရောက်နေပြီ)။ ရောက်နေပြီ။ အာရုံပြုသောအားဖြင့် ရောက်နေပြီ
မြတ်စွာဘုရားက အချိန်ကို အလကားအဖြစ်မခံပါဘူး။ ဥပမာ - ဘုန်းကြီးတို့ တရားဟောနေတုန်း ခင်ဗျားတို့ ရှူရှိုက်နေလဲ တောက်လျှောက်ပြောပဲ။ ဘုရားကတော့ အချိန်ကို အလကား အဖြစ်မခံပါဘူး၊ ရှူတဲ့ ရှိုက်တဲ့ကြားမှာ တရားအားမထုတ်နိုင်ဘူး၊ နှလုံးမသွင်းနိုင်ဘူး၊ ရှူတဲ့ရှိုက်တဲ့ ကြားထဲမှာ ငါဟောမယ် ဆိုပြီး ကြားထဲမှာ ကိုယ်တော်မြတ်ကြီးက ဟောလို့ရတယ်။ ဒီကြားထဲ ဘာလုပ်နေသတုံးလို့ မေးတော့ ဖြစ်ပျက်အာရုံပြုပြီး ဖျတ်ဆိုချုပ်သွားတော့ နိဗ္ဗာန်အာရုံပြုနေတ်ာမူတယ်။ ဖလသမာပတ်နဲ့ နေတော်မူတယ် ...။ (မှန်ပါ)၊ ကိုယ်တော်မြတ်ကြီးလဲ ဖြစ်ပျက်က စ,ရတာပဲ။ မှတ်မိကြပလား ...။ (မှတ်မိပါတယ်)။
နိဗာန်တွေ့ချင်လို့ရှိရင် ဘယ်က စရမလဲ ... (ဖြစ်ပျက်က စရပါတယ်)၊ ဖြစ်ပျက်က စ,ရမှာပဲ၊ ဖြစ်ပျက်မြင်ပြီးတော့မှ ပရိကံ ဥပစာ-အနုလုံ ဂေါတြဘူ ဝေါဒါန်က ဖြစ်ပျက်။ ပြီးတော့မှ မဂ်ဖိုလ်က နိဗ္ဗာန် အာရုံပြုတာကိုး ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ကောင်းပြီ၊ ဒါဖြင့် သဘောအားဖြင့်လဲ ... (တော်တော်နားလည်ပါပြီ)၊ သက္ကာယချုပ်ကြောင်း အကျင့်ကို ပြောစမ်းပါဦး အရှင်ဓမ္မဒိန္နာလို့ ၀ိသာခသူဌေးက မေးတယ် ...။ (မှန်ပါ)၊ မဂ္ဂင်ရှစ်ပါးဟာ တစ်မဂ်ရပြီးသား ပုဂ္ဂိုလ်ရှုရင် ... (ရှစ်ပါးနဲ့ရှု)၊ ရှစ်ပါးနဲ့ဖြစ်ပျက်ကိုရှု၊ တစ်မဂ်မှ မရသေးတဲ့ ပုဂ္ဂိုလ်က ရှုရင် ... (ငါးပါးနဲ့ ရှုရပါမယ်)၊ ငါးပါးနဲ့ရှုတယ်ဆိုတာ မှတ်ထားလိုက်တော့၊ သြော် ... ငါးပါးလဲ မဂ်ဥာဏ်ပဲ၊ ရှစ်ပါးလဲ မဂ်ဥာဏ်ပဲ ...။ (မှန်ပါ)၊ သဘောကျပလား ...။ (ကျပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ လုပ်နေတဲ့ဥစ္စာလဲ မဂ္ဂင်ပါပဲ၊ မရသေးတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာ၊ ရပြီးတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာလဲ မဂ္ဂင်ပဲ ...၊ ငါးပါးနဲ့ ရှစ်ပါးပဲ ကွာတယ် ...။ (မှန်ပါ)၊ ရှစ်ပါးသမားက ဘာတိုးလာသတုံးဆိုတော့ ခင်ဗျားတို့ သိပြီးသားအတိုင်း သီလမဂ္ဂင်သုံးပါး တိုးလာတယ် ...။ (မှန်ပါ)၊ သီလမဂ္ဂင်သုံးပါးက လောကီ အခိုက်အတန့်မှာ သီလ၏အစွမ်းဖြင့်သ ဖြစ်တယ်။ ဘာဝနာအခိုက်မှာ မပါလာသေးဘူး ဖြစ်နေတယ်။ လောကုတ္တရာကျမှ ပါလာတယ်။ ဒါကြောင့် ခင်ဗျားတို့မှာတော့ ငါးပါးနဲ့ ရှုနေရတယ်။ ++ သဘောကျပလား ...။ (ကျပါပြီ)။
ငါးပါးနဲ့ရှုပေမယ့်လဲ မဂ်တော့ မဂ်ပဲ၊ ဘာကြောင့် မဂ္ဂင် ခေါ်ရသတုံးဆိုတော့ ကိလေသာကို တဒင်္ဂသတ်နိုင်တယ် ... (မှန်ပါ)၊ ကိလေသာကို တဒင်္ဂသတ်နိုင်တဲ့အတွက် မဂ္ဂင်ပဲ ...။ (မှန်ပါ)၊ မဂ္ဂင်ဆိုတာ ကိလေသာသတ်တာကို မဂ္ဂင်ခေါ်တယ် ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ဒါဖြင့် ... ကိလေသာသတ်တယ်ဆိုရင်ဖြင့် နိဗ္ဗာန် ရောက်ကြောင်း ဟုတ်သွားပြီ ...။ (မှန်ပါ)၊ နိဗ္ဗာန်ရောက်
သက္ကာယချုပ်ကြောင်း အကျင့်လို့ ဖြေလိုက်တယ် ...။ (မှန်ပါ)။
အဲဒီတော့ မဂ္ဂင်ရှစ်ပါးဟာ သက္ကာယချုပ်ကြောင်း အကျင့်ဆိုတာကို ဒကာ ဒကာမတွေ မှတ်ထား စရာက ခန္ဓာချုပ်ကြောင်း အကျင့်ကိုပြောတာ ...။ (မှန်ပါ)၊ သဘောကျပလား ...။ (ကျပါပြီ)။
မဂ္ဂင်နဲ့ ဖြစ်ပျက်ရှုနေတဲ့ဥစ္စာ၊ ဖြစ်ပျက်ရှုရှင် မဂ္ဂင်ငါးပါးက ပထမလာရမယ်။ လောကုတ္တရာကျရင် ရှစ်ပါးလာရမယ် ...။ (မှန်ပါ)၊ တစ်မဂ်ရပြီးသား ပုဂ္ဂိုလ်ဆိုရင် ရှစ်ပါးနဲ့ ရှု၊ တစ်မဂ်မှ မရသေးတဲ့ ပုဂ္ဂိုလ်ဆိုရင် ငါးပါးနဲ့ ရှုတယ်၊ သဘောကျပလား ...။ (ကျပါပြီ)။
ကြောင်း ဟုတ်သွားပြီဆိုတာ သေချာပလား ...။ (သေချာပါပြီဘုရား)။
ကောင်းကြီ၊ ဒါဖြင့် ငါတို့ လုပ်နေတဲ့ အလုပ်ဟာ ဘာဆုမှ မတောင်းဘဲနဲ့ ဖြစ်-ပျက်ရှုနေတဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်းလို့ မှတ်လိုက်ကြစမ်းပါ ...။ (မှန်ပါ)၊ သဘောကျပလား ...။ (ကျပါပြီ)။
ဖြစ်ပျက်မြင်တာနဲ့ ဒါဟာ ဘာအကြောင်း ဖြစ်သွားသလဲ ...။ (နိဗ္ဗာန်ရောက်ကြောင်းဖြစ်ပါတယ် ဘုရား)။
ဝိသာခသူဌေးကြီးက မေးလို့ ဓမ္မဒိန္နာထေရီမက ဖြေကြားတာ သဘောကျပလား ...။ (ကျပါပြီ)၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပြောစမ်းပါဆိုတော့ မဂ္ဂင်ရှစ်ပါးလို့ ဖြေကြားလိုက်တယ် ...။ (မှန်ပါ)၊ ဒါကို နောက်တော့ ဘုရားက ထောက်ခံချက် ပေးလိမ့်မယ် ...။ (မှန်ပါ)။
အဲဒါကြောင့် ဒီအလုပ်ကဖြင့် လုပ်မိအောင်လုပ်ကြပါ။ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီအလုပ်မပါဘဲနဲ့ ရောက်လိမ့်မယ်လို့ ဒီလိုမယူကြပါနဲ့လို့ ဆရာသမားက အတိအလင်း ဆုံးမတယ် ...။ (မှန်ပါဘုရား)၊ ဒါကတော့ပါရမှာပဲ။ ဒါကတော့ မပါရင် မဖြစ်ဘူး ...။ (မှန်ပါ)၊ ဘယ်လိုပဲ ဒါန သီလတွေက အကျိုးပေးပြီးတော့ နေစေကာမူ နိဗ္ဗာန်ဝင်ခါနီး၊ မဂ်ရခါနီးကျတော့ သူ ပါရဦးမှာပဲ။ (မှန်ပါ)၊ မပါရင်တော့ ... (မဖြစ်ပါဘုရား)၊ မဖြစ်ပါဘူးဆိုတာ သေသေချာချာမှတ်ပါ ...။ (မှန်ပါ)။
အခု ကြည့်ပါ။ ၀ိသာခသူဌေးကြီးကလဲ အနာဂါမ် ပုစ္ဆာအမေးခံရတဲ့ သူ့ရဲ့ ခင်ပွန်းမဟောင်းဖြစ်တဲ့ ဓမဒိန္နာထေရီမကလဲ ရဟန္တာ။ ဘယ်သူက ဖြေတာတုံးမေးတော့ ... (ရဟန္တာက ဖြေတာပါဘုရား)၊ အနာဂါမ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကလဲ သာဓု ... သာဓု ခေါ်တာပဲ၊ သူကလဲ အနာဂါမ်ဆိုတော့ ဒီလမ်းစဉ် သိပြီးသားကိုး၊ သြော် ... မဂ္ဂင်ရှစ်ပါးမှတစ်ပါး နိဗ္ဗာန်ရောက်ကြောင်းတရား မရှိဘူးဆိုပြီး သာဓုခေါ်လိုက်တာ ....။ (မှန်ပါ)၊ ရိပ်မိပလား ...။ (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ ဆရာတွေ မတွေ့ခင်တုန်းကတော့ ခင်ဗျားတို့အထင်မှာ အမျိုးမျိုးနဲ့ နိဗ္ဗာန်ဝင် သွားကြလိမ့်မယ်လို့ အောက်မေ့ကြလိမ့်မယ် ...။ (မှန်ပါ)၊ မဂ္ဂင်ရှစ်ပါးသာ အစစ်ပဲဆိုတာ ဆုံးဖြတ်ချက်ချပါ ...။ (မှန်ပါ)။
ဒီ့ပြင်ဟာတွေကောဘုရား ...၊ ဒါန သီလတွေ တပည့်တော်တို့ လုပ်နေတဲ့ ကုသိုလ်တွေကောလို့ မေးရင် အဲဒါတွေက မဂ္ဂင်၏ အထောက်အပံ့တွေဖြစ်ပါတယ်၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ဘယ်လိုဆိုကြမယ် ...။ (မဂ္ဂင်၏အထောက်အပံ့တွေပါဘုရား)၊ အဲ ... မဂ္ဂင်၏ အထောက်အပံ့ သူတို့ကပေးတော့ ကျုပ်တို့ ခင်ဗျားတို့မှာ မဂ္ဂင်ဟောကြားတဲ့ ဆရာသမားများနဲ့ တွေ့ပြီး မဂ္ဂင်အလုပ်-လုပ်တဲ့ ဥာဏ်တွေ ရတာပေါ့ ...။ (မှန်ပါဘုရား)၊ ပေါ်ကြပလား ...။ (ပေါ်ပါပြီဘုရား)။
ဒါကြောင့် မနေ့ကတုန်းက နှစ်ပစ္စည်း ပြောခဲ့တယ်၊ သူတို့က ဥပနိဿယပစ္စည်း၊ မဂ္ဂင်က မဂ္ဂပစ္စည်းလို့ ပြောခဲ့တယ်၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ဒါန သီလ သမထတွေက ဘာတုံး ...။ (ဥပနိဿယပစ္စည်းပါ)၊ မဂ္ဂင်ရှစ်ပါးက ... (မဂ္ဂင်ပစ္စည်းပါ ဘုရား)၊ အဲ ... ဘုရားကိုယ်က နှစ်ပစ္စည်း ဟောထားတယ်၊ ဥပနိဿယ ပစ္စည်းလဲ ပါရမယ်၊ မဂ္ဂပစ္စည်းမပါ ရင်လဲ ... (မပြီးပါဘုရား)၊ အဲ ... ဘုရားးက ဒီလိုဟောထားတော့ ခင်ဗျားတို့က ဒီလိုရှိပါ ကလားဆိုတာ ကိုယ့်ဥာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချကြပါ။ သူပြောလူပြော လမ်းဆုံးမနေကြနဲ့ ...။ (မှန်ပါ)။
အခု ဒီမှာပဲ နိဗ္ဗာန်ရောက်ကြောင်း အကျင့် ပြောစမ်းပါဆိုတော့ ၀ိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာထေရီမက သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးတဲ့ ...။ ရှင်းကြပလား ...။ (ရှင်းပါပြီဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရား ဆယ်နှစ်ပါး ရှိသတုံး ...။ (ရှစ်ပါးရှိပါတယ်ဘုရား)၊ ရှစ်ပါးရှိတယ် လို့ဆိုတာ သေသေချာချာမှတ်ပါ ...။ (မှန်ပါ)။
ရှစ်ပါးဟာ ဘာတုံးဆိုတော့ သီလ၊ သမာဓိ၊ ပညာကို ဆိုပါတယ်။ ရှစ်ပါးကို သုံးပုံ-ပုံလိုက်ရင် သုံးပါး ရတယ်၊ နောက်တော့ ပြပါ့မယ်၊ အခုတော့ သူ့အမေးနဲ့ သူ့အဖြေက နောက်ဆုံးပိတ်လောက်မှ အဲဒါက မေးတာကိုး၊ အခုအချိန်မှာ သူ့ကို ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ သို့သော် ရှစ်ပါး သုံးပုံ-ပုံလိုက်လို့ရှိ ရင်  သီလ၊ သမာဓိ၊ ပညာပဲဖြစ်တယ် ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)၊ ဒါကြောင့် သီလလဲ နိဗ္ဗာန်ရောက်ကြောင်းဆိုတာ ပေါ်လာတယ် ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)၊ ဒါကြောင့် သီလလဲ နိဗ္ဗာန်ရောက်ကြောင်းပါဘုရား)၊ ပညာလဲ ... (နိဗ္ဗာန်ရောက်ကြောင်းပါဘုရား)၊ သို့သော် ခေါင်းဆောင် အကြီးဆုံးကတော့ ပညာပဲ ...။ (မှန်ပါ)၊ ရှင်းပြီနော် ...။ (ရှင်းပါပြီဘုရား)။
ဒါနဲ့ ... ယနေ့ည ဒကဒကာမတွေ မှတ်စုမှတ်ရမှာက သက္ကာယလဲ သိပြီ၊ သက္ကာယဖြစ်ကြောင်းလဲ ... (သိပါပြီ)၊ သက္ကာယလဲ သိပြီ၊ သက္ကာယဖြစ်ကြောင်းလဲ ... (သိပါပြီ)၊ သက္ကာယချုပ်ရာလဲ ... (သိပါပြီဘုရား)၊ ချုပ်ရာအကျင့်ကော … (သိပါပြီ)၊ သိပြီတဲ့။ လေးခု သိသွားပြီ …။ (မှန်ပါ) ၀ိသာခ သူဌေးက မေးလို့ ဓမ္မဒိန္နာ ထေရီမက ဖြေတာ၊ ဒီဥစ္စာဖြင့် တရားမှန်လို့ ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)၊ အမေးသမား အနာဂါမ်၊ အဖြေသမား ရဟန္တာဆိုတော့ တိမ်းစရာ၊ စောင်းစရာ ရှိသေးသလား …။ (မရှိပါဘုရား) သူတို့ကိုယ်တွေ့ကို မေးကြ၊ ဖြေကြတာ၊ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်ကလဲ သူ့ကိုယ်တွေ့ကို ခေါ်တာ …။ (မှန်ပါ)၊ ဖြေတဲ့ ပုဂ္ဂိုလ်ကလဲ ကိုယ်တွေ့ကိုဖြေတာ …။ (မှန်ပါ)၊ ဒါကြောင့် ဒါဟာ တိမ်းစရာ၊ စောင်းစရာ မရှိတဲ့ တရားလို့ သေသေချာချာမှတ်ပါ …။ (မှန်ပါ)၊ သဘောပါကြပြီနော် …။ (ပါ-ပါပြီ)။
ဒါနဲ့ ၀ိသာခသူဌေးက မကျေနပ်သေးဘူး၊ သူ့စိတ်ထဲမှာ …။ (မှန်ပါ)၊ ဒီ့ပြင် ပုစ္ဆာကို မေးဦးမှပဲဆိုပြီး ဥပါဒါနက္ခန္ဓာ ဆိုတာ ပြောစမ်းပါးဦးလို့ ထပ်မေးတယ် …။ (မှန်ပါ)၊ ဥပါဒါနက္ခန္ဓာဆိုတာ ယခု လက်ရှိဖြစ်တဲ့ ခန္ဓာ၊ ဥပါဒါန် တရားတို့၏ အာရုံဖြစ်တဲ့ ခန္ဓာပေါ့လို့ ဖြေလိုက်တယ် …။ (မှန်ပါ)။
ဒါဖြင့် အရှင်ဓမ္မဒိန္နာ … မေးပါရစေဦး …၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ တခြားစီလား … တဲ့၊ ဒီလိုလာပြန်တယ် …။ (မှန်ပါ)၊ ဆိုထားတာက ဥပါဒါနက္ခန္ဓာကိုး၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ တွဲခေါ်နေတာ၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ တခြားစီလား …၊ သို့မဟုတ် အတူတူပဲလား၊ ဒါကလေး ဆက်မေးပြန်တယ်။
ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တူတူပဲလား …၊ တခြားစီလားတဲ့။ တူတူလဲ မဟုတ်ဘူး၊ တခြားစီလဲ မဟုတ်ဘူး၊ ရိပ်မိကြပလား …။ (ရိပ်မိပါပြီ)၊ အတူတူဆိုရင်လဲ ရောနေမှာပဲ၊ တခြားစီလားဆိုရင်လဲ မဟုတ်ဘူးဆိုတော့ ဒီအဖြေဟာ တော်တော် မခက်ဘူးလား …။ (ခက်ပါတယ်ဘုရား)။
တူတူပဲလား မေးပြန်တော့ တူတူလဲ မဟုတ်ဘူးတဲ့၊ တခြားစီလားမေးပြန်တော့ …။ (မဟုတ်ပါဘုရား)၊ တခြားစီလဲ မဟုတ်ဘူး ဆိုတော့ ဒီ ဒကာ ဒကာမတွေ ရှင်းဖို့ရာ ဘုန်းကြီးများက ကြားဝင်ရတယ်။ မ၀င်ရင် မဖြစ်ပါဘူးတဲ့ …။ (မှန်ပါ)။
ဥပါဒါနက္ခန္ဓာ လို့ ဆိုထားတယ်၊ သက္ကာယဟာ ဥပါဒါနက္ခန္ဓာပဲ …။ (မှန်ပါ)၊ အဲဒီ ဥပါဒါနက္ခန္ဓာမှာ ခင်ဗျားတို့ သိဖို့ရာက သူ့ဟာသူနေတာ၊ သဘောကျပလား …။ (ကျပါပြီ)၊ ခန္ဓာဟာ ဥပမာ - သားမယားခန္ဓာက သူ့ဟာသူနေတာ။ ဒီက ဥပါဒါန်မရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် သူက သက္ကာယသာဖြစ်တယ်။ ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး။ ဒီကနေပြီး ဥပါဒါန်သွားပြီး ငြိမှ ဥပါဒါနက္ခန္ဓာ …။ (မှန်ပါ)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာဆိုတာ အတူတူလားလို့ မေးလို့ရှိရင် နဂိုက ဒီတရားက ကျန်တဲ့ နာမက္ခန္ဓာလေးပါး၊ ရူပက္ခန္ဓာနဲ့ မတူတော့ ခန္ဓာငါးပါးကိုး။ ဟိုဘက်က ခန္ဓာငါးပါး၊ ဒီဘက်က တဏှာနှစ်ခု ကြားထဲမှာ ဆက်မိမှ ဥပါဒါနက္ခန္ဓ …။ (မှန်ပါ)၊ မဆက်မိလို့ရှိရင် ဒါကို ဥပါဒါနက္ခန္ဓာလို့ သွားပြီး မဆိုနဲ့၊ သဘောကျပလား … (ကျပါပြီ)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလားလို့ မေးတဲ့အခါကျလို့ရှိရင် တခြားစီလဲ မဟုတ်ဘူးတဲ့၊ စပ်နေတယ်၊ အာရုံနဲ့ အာရမ္မဏိကအားဖြင့် စပ်နေတယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ)၊ီက အာရုံ-ခန္ဓာငါးပါးက၊ ၀မ်းထဲက ဥပါဒါန်က အာရမ္မဏိက …။ (မှန်ပါ)။
အာရုံ အာရမ္မဏိကအားဖြင့် ဆက်နေသလား၊ တခြားစီလားလို့ မေးတဲ့အခါကျတော့ ဆက်နေတယ်။
တူသလားလို့ မေးပြန်တော့ … (မတူပါဘုရား)၊ ဒီက တဏှာကိုး။ ဒီက တဏှာမှ ကြွင်းတဲ့ ရုပ်နာမ်ဆိုတော့ တခြားစီ မနေဘူးလား …။ (နေပါတယ်)။
ကိုင်း … ဒါဖြင့် ဘယ်အချိန်မှ ဥပါဒါနက္ခန္ဓာဖြစ်သတုံးလို့ မေးဖို့ မလိုဘူးလား …။ (လိုပါတယ်ဘုရား)၊ ဥပါဒါန်မပြုတ်တဲ့ ပုဂ္ဂိုလ်မှာ (၀ါ) တဏှာမပြုတ်တဲ့ ပုဂ္ဂိုလ်မှာ မိမိခန္ဓာ ခြင်ကောင်၊ ယင်ကောင်  ကိုက်စားတာတောင် မကြိုက်ဘူး၊ ဆက်နေတယ် …။ (မှန်ပါ)၊ မဆက်ဘူးလား … (ဆက်ပါတယ်)။
ဘာဖြစ်လို့ ဒီခြင်ကောင်၊ ယင်ကောင်တွေက သွေးတွေ စုပ်တာကို ခင်ဗျားတို့က မောင်းရသတုံး၊ ရှင်းရသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒီတဏှာက ခန္ဓာနဲ့ ဆက်သွယ်နေတယ် …။ (မှန်ပါ)၊ ခင်တဲ့ ခန္ဓာနဲ့ ဆက်သွယ်ပြီး သကာလနေတော့ ခင်တဲ့ ခန္ဓာထိလို့ရှိရင် မခံနိုင်ဘူးဆိုကတည်းက ခင်တာက ဒီအထဲသွား နေတယ် …။ (မှန်ပါ၊ သွားပါတယ်ဘုရား)၊ ခန္ဓာထဲကမသွားဘူးလား …။ (သွားပါတယ်ဘုရား)၊ ဒါကြောင့် ဒီခန္ဓာကို ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်တို့၏ မှီရာ ခန္ဓာနော် …။ (မှန်ပါ)၊ သဘောပါပလား …။ (ပါ - ပါပြီဘုရား)။
ဘာတုံး …။ (ဥပါဒါန်တို့၏မှီရာ ခန္ဓာပါဘုရား)၊ ဥပါဒါန်တို့၏ မှီရာ ခန္ဓာဆိုတာ သေချာပလား …။ (သေချာပါပြီဘုရား)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာသည် ရောတဲ့ပုဂ္ဂိုလ်လဲ ရှိတယ်၊ မရောတဲ့ပုဂ္ဂိုလ်လဲ … (ရှိပါတယ်ဘုရား)၊ ဘုရား - ရဟန္တာတို့ကျတော့ … (မရောပါဘုရား)၊ ဥပါဒါနက္ခန္ဓာလို့ သွားမဆိုနဲ့၊ ခန္ဓာပဲ …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီဘုရား)။
ခင်ဗျားတို့၊ ကျုပ်တို့ကျတော့ အထိမခံ ရွှေပန်းကန် ဖြစ်နေတာ့ ဥပါဒါန်နဲ့သွားပြီး ငြိနေတယ် …။ (မှန်ပါ)၊ ဒီအထဲမှာရှိတဲ့ တဏှာဥပါဒါန်နဲ့ သွားပြီး မငြိဘူးလား …။ (ငြိပါတယ်ဘုရား)၊ ငြိတယ်၊ မငြိတယ် ဘာမှ သွားကြည့်မနေနဲ့၊ သူ မမာလို့ရှိရင် စိတ်ပျက်ပြီး၊ မာမာကျန်းကျန်းရှိလို့ရှိရင် နှစ်သက်တယ် …။ (မှန်ပါ)၊ ဒါ ဘာဖြစ်လို့တုံးဆိုတော့ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ ငြိနေတယ် …။ (မှန်ပါ)၊ သဘောပါပလား …။ (ပါ-ပါတယ်)။
ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလားလို့ မေးတော့ အာရုံပြုတဲ့ ပုဂ္ဂိုလ်ကတော့ ဆက်နေတယ်၊ မပယ်သေးတဲ့ ပုဂ္ဂိုလ်က ဆက်နေတယ် …။ (မှန်ပါ)၊ ဥပါဒါန်နဲ့ ခန္ဓာဟာ စပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကော မရဘူးလား …။ (ရပါတယ်)၊ အာရုံအာရမ္မဏိကအားဖြင့် စပ်ပါတယ်၊ အတူကောနေသလားလို့ မေးပြန်တော့ အတူ မနေဘူး …။ (မှန်ပါ)၊ အတူမနေတာက တခြား မဟုတ်ပါဘူး။ စွဲလမ်းတဲ့ခန္ဓာကတစ်မျို၊ ခန္ဓာက တစ်မျိုး …။ (မှန်ပါ)၊ သဘောက တူကြရဲ့လား …။ (မတူပါဘုရား)၊ သဘောကတော့ မတူဘူး၊ အကြောင်း အကျိုးကတော့ ဆက်နေတယ် …။ (မှန်ပါ)
ဒါကြောင့် သဘောမတူတာ ထောက်လိုက်လို့ရှိရင် အတူတူလားလို့ မေးတော့လဲ သဘောမတူလို့ မတူဘူး …။ (မှန်ပါ)၊ တခြားစီလား မေးပြန်တော့ တခြားစီလဲ မဟုတ်ဘူး … တဲ့၊ ငြိနေတဲ့ပုဂ္ဂိုလ်မှာ တခြားစီလဲ မဟုတ်ဘူး …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီဘုရား)။
ငြိနေတဲ့ပုဂ္ဂိုလ်မှာ … (တခြားစီ မဟုတ်ပါဘူး)၊ အတူတူလားလို့ မေးပြန်တော့လဲ မတူဘဲ၊ ဒီက တဏှာ၊ ဒီက ကျန်တဲ့ ရုပ်နာမ်ဆိုတော့ ဒီလို ဖြေလိုက်တဲ့အခါကျတော့ သြော် … ဥပါဒါန်နဲ့ခန္ဓာဟာ တခြားစီလားလို့ မေးပြန်တော့ တခြားစီလို့လဲ မဆိုနဲ့၊ အတူတူလို့လဲ … (မဆိုရပါဘုရား)၊ ငြိနေတဲ့ ပုဂ္ဂိုလ်ကျတော့ တခြားစီ မဟုတ်ပြန်ဘူး၊ အာရုံအာရမ္မဏိက စပ်နေတယ် …။ (မှန်ပါ)၊ သဘောကျပလာ …။ (ကျပါပြီ) အတူတူလားလို့ မေးပြန်တော့လဲ ဒီက တဏှာ၊ ဟိုက တဏှာမပါတဲ့ရုပ်နာမ်ဖြစ်နေတယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ)။
ကောင်းပြီ … ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာဟာ တခြားစီလဲ မဟုတ်ဘူးနော်၊ အတူတူလဲ မဟုတ်ဘူး၊ ဒီပုစ္ဆာ ပြေပလား …။ (ပြေပါပြီဘုရား)၊ သဘောကျသွားပြီနော် …။ (မှန်ပါ)။
ကဲ … သဘောကျသွားတော့ကို ရှေ့ကို ဆက်မေးမယ်၊ အရှင်ဓမ္မဒိန္န …၊ သက္ကာယဒိဋ္ဌိဆိုတာ ပြောစမ်းပါဦး … တဲ့၊ မေးပြန်တယ်၊ သက္ကာယဒိဋ္ဌိကို ပြောစမ်းပါဦး … တဲ့။
သက္ကာယဒိဋ္ဌိဆိုတာက ဒီလိုပါတဲ့။ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်ဟာ အရိယာတို့၏ စကားကို မနာဘူးတဲ့ ပုဂ္ဂိုလ်များမှာ မနေ့က ပြောသလို ရုပ်ကို ငါထင်ပါတယ်၊ ဝေဒနာကို ငါ ထင်ပါတယ်၊ သညာကို … (ငါထင်ပါတယ်)၊ သင်္ခါရကို … (ငါထင်ပါတယ်)၊ သိညာဏ်ကို … (ငါထင်ပါတယ်)၊ အဲဒီ သက္ကာယဒိဋ္ဌိပါပဲတဲ့။ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ပါတယ် …။ (မှန်ပါ)၊ အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကတော့ သက္ကာယသာဖြစ်ပါတယ်။ ဒိဋ္ဌိမဖြစ်ပါဘူး၊ ရှင်းပလား …။ (ရှင်းပါပြီ)။
အကြားအမြင်မရှိတဲ့ ပုဂ္ဂိုဖြစ်ရင် … (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်)၊ အဲ … သက္ကာယနဲ့ ဒိဋ္ဌိရောနေတယ်။ ဒါက သက္ကာယ၊ ဒီက ဒိဋ္ဌိက ဒီထဲသွားရှုပ်နေတယ် …။ (မှန်ပါ)၊ မရှုပ်ဘူးလား …။ (ရှုပ်ပါတယ်)။
ကောင်းပြီ၊ ဒါဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ရုပ်ကို ငါ၊ ဝေဒနာကို ငါ၊ သညာကို ငါ၊ သင်္ခါရကို ငါ၊ ၀ိညာဏ်ကို ငါ လို့ ယူလိုက်တဲ့အတွက် သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ် …။ (မှန်ပါ)၊ သဘောပါသလား ..။ (ပါ-ပါပြီ)။
ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတဲ့ ဥစ္စာသည် သက္ကာယထဲမှာ ဒိဋ္ဌိဝင်ရှုပ်တဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ … (မှန်ပါ)၊ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ …။ (မှန်ပါ)၊ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်များမှာ၊ သက္ကာယဆိုတဲ့ ခန္ဓာထဲမှာ ဒိဋ္ဌိဝင်ပြီးသကာလ အုပ်ချုပ်တယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီဘုရား)။
သက္ကာယဆိုတဲ့ လောကီခန္ဓာထဲမှာ … (ဒိဋ္ဌိက ၀င်ပြီး အုပ်ချုပ်နေပါတယ်) ဒိဋ္ဌိက ၀င်ရှုပ်နေတယ်၊ ဒါက ဘယ်လို ပုဂ္ဂိုလ်တုံးမေးတော့ ဘယ့်နှယ်ဖြေကြမတုံး …။ (အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ပါဘုရား)။
အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်မို့ ဒါဟာ ၀င်ပြီး ရှုပ်နိုင်တာပဲ …။ (မှန်ပါ)၊ ဒါဖြင့် တရားမနာရတဲ့ ပုဂ္ဂိုလ် အတွက်မှာ သက္ကာယဒိဋ္ဌိဖြုတ်ဖို့ အတော်ခဲယဉ်းပါတယ် …။ (ခဲယဉ်းပါတယ်ဘုရား)၊ အကြားအမြင်မှ မရှိတော့ဘဲ …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီဘုရား)။
ဒါကြောင့် သောတာပန်တည်ခြင်း၏ အကြောင်းမှာ သူတော်ကောင်းနဲ့ ပေါင်းရမယ်၊ တရားနာရမယ် ဆိုတာ တစ်ခါတည်း ပါလာတယ် …။ (မှန်ပါ)၊ သပ္ပုရိ သုပသံသေဝေါ သောတာပတ္တိ အင်္ဂံ၊ သဒ္ဓမ္မဿဝနံ သောတာပတ္တိ အင်္ဂံ၊ ယောနိသော မနသိကာရော သောတာပတ္တိ အင်္ဂံ၊ ဓမ္မာနုဓမ္မပ္ပဋိ သောတာပတ္တိ အင်္ဂံ၊ သောတာပန်ဖြစ်ချင်ရင် ဒီလေးချက် တော့ ပြည့်စုံရမယ် …။ (မှန်ပါ)၊ ရှေးဦးစွာ သူတော်ကောင်း ကလျာဏ မိတ္တပုဂ္ဂိုလ်များနဲ့ ပေါင်းရမယ် …။ (မှန်ပါ)၊ ပြီးတော့ ဘာလုပ်ရမလဲ …။ (တရားနာရပါမယ်)၊ ပြီးတော့မှ နှလုံး သွင်းမှန်အောင် လုပ်ရမယ် …။ (မှန်ပါ)၊ တရားနာတော့ နှလုံးသွင်းက မှန်လာတယ် …။ (မှန်ပါ)၊ နှလုံးသွင်းမှန်ပြီးတော့မှ မှန်တဲ့အတိုင်း ကျင့်ရမယ် …။ (မှန်ပါ)၊ ဒီလေးချက် မညီလို့ရှိရင် သောတာပန် တည်လိမ့်မယ်လို့ မဟောပါဘူး …။ (မှန်ပါ)၊ ဟောနိုင်ပါ့မလား …။ (မဟောနိုင်ပါဘုရား)။
ဒါဖြင့် သက္ကာယဒိဋ္ဌိ သက္ကာယဒိဋ္ဌိဆိုတာ ဘာတုံးလို့ ခုနင်က ၀ိသာခသူဋ္ဌေးကမေးတော့ ဓမ္မဒိန္နာက အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ ရူပံအတ္တဘော သမနုပဿတိ၊ ဝေဒနာအတ္တဘောသမနုပဿတိ - ရုပ်ကို ငါ ထင်တယ်၊ ဝေဒနာ - ငါထင်ပါတယ်၊ သညာ - ငါ ထင်ပါတယ်၊ သင်္ခါရ ငါ ထင်ပါတယ်၊ ၀ိညာဏ်ကို ငါ ထင်ပါတယ်၊ ဒါဟာ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိဖြစ်တယ် …။ (မှန်ပါ)၊ ဘယ် ပုဂ္ဂိုလ်တုံး …။ (အကြား အမြင် မရှိတဲ့ပုဂ္ဂိုလ်ပါ)။
အကြားအမြင် မရှိတဲ့ အန္ဓ ပုထုဇဉ်ပုဂ္ဂိုလ်မှာဖြင့် သက္ကာယဒိဋ္ဌိဖြစ်ပါတယ်၊ ဒါဖြင့် အကြားအမြင်က ဘယ်ကလာသတုံးမေးတော့ တရားနာလို့ လာတယ် …။ (မှန်ပါ)၊၊ ရှင်းပလား (ရှင်းပါပြီ)။
ဒီ တရားနာမူကလဲ ဘယ်သူ့ကို ဆည်းကပ်မှတုံးဆိုတော့ သူတော်ကောင်း ဆည်းကပ်မှ …။ (မှန်ပါ)၊ ပေါ်ပလား …။ (ပေါ်ပါပြီဘုရား)။
           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။
                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။
No comments:
Post a Comment