Sunday, September 8

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိပြုတ်တရားတော်(၂) သာသနာတွင်းသာဖြစ်မှ မဂ်ဥာဏ်ရမည်

တရားအားထုတ်တဲ့အခါကျလို့ရှိရင်ဖြင့် သာသနာအတွင်း သားဖြစ်လို့ရှိရင် မဂ်ဥာဏ်ရမယ်၊ သာသနာတွင်းသားမဟုတ်လို့ရှိရင် မဂ်ဥာဏ်မရနိုင်ဘူး၊ သာသနာတွင်းသားဖြစ်ရင် … (မဂ်ဥာဏ်ရနိုင်ပါတယ် ဘုရား) သာသနာတွင်းသားမဟုတ်ရင် … (မဂ်ဥာဏ်မရနိုင်ပါဘူးဘုရား)။
မရနိုင်ဘူး၊ ကောင်းပြီ ဒါဖြင့် တို့သာသနာတွင်းလား၊ သာသနာပလားလို့ဆိုတာ ကိုယ့်ကိုယ်ဝေဖန်ပါ…(မှန်ပါ့) သာသနာတွင်းသား ဟုတ်တယ်မဟုတ်ဘူး၊ သာသနာပမှာ လူဖြစ်နေတယ်ဆိုတာလား၊ ကိုယ့်ဟာကိုယ် ဝေဖန်လိုက်ရင် ပေါ်လာတယ် … (မှန်ပါ့)။
ဒါ ကြပ်ကြပ်စဉ်းစားပါ၊ သာသနာတွင်း သာသနာပဆိုတာက ဒကာ ဒကာမတို့ မှတ်စရာက အခုသာသနာရှိနေတယ်၊ ရှိနေပေမယ့် သာသနာတွင်း အလုပ်မလုပ်လို့ရှိရင် သာသနာပ ရှင်းပလား…(ရှင်းပါပြီဘုရား) သာသနာအတွင်းဖြစ်နေငြားသော်လည်း သာသနာတွင်း အလုပ်မလုပ်လို့ရှိရင်… (သာသနာပပါဘုရား) ပေါ်ပြီ … (မှန်ပါ့)။
သာသနာတွင်းမှာ သာသနာတွင်းအလုပ်လုပ်လို့ရှိရင်ဖြင့် သူသာသနာတွင်းသားရှင်းပြီ… (ရှင်းပါပြီဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်လို့ရှိရင် ဝေဖန်လာတယ် ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်တဲ့အခါကျလို့ရှိရင် ရှင်းလင်းသွားပါတယ်။
သာသနာတွင်း သာသနာပဆိုတော့ နှစ်ရှိတာကလိုရင်းလား၊ ကိုယ့်ဝမ်းထဲမှာ တရားထူးတာက လိုရင်းလားဆိုတာလဲ မှတ်ပါဦး … (မှန်ပါ့) သာသနာကြီးရှိနေတာက လိုရင်းလား ကိုယ့်သန္တာန်မှာ သာသနာတွင်း တရားရှိတာက လိုရင်းလားဆိုတဲ့ ဥစ္စာကိုလဲ မှတ်ကြည့်ပါဦး … (မှန်ပါ့)။
မှတ်ကြည့်တဲ့အခါကျတော့မှ သြော်…သာသနာတွင်း သူ့ဟာသူ သာသနာ ၂၅၀၀-ပျော့ပျော့ကျန်တော့တယ်ဆိုတာ ဒါလိုရင်းမဟုတ်ဘူး၊ ကိုယ့်သန္တာန်ကိန်းတဲ့ သာသနာတွင်း တရားကိန်းမှ သာသနာတွင်းလို့ မှတ်ကြစမ်းပါ…(မှန်ပါ့) ကိုင်းဒါဖြင့် သေသေချာချာ ပြောပါမယ်။ ဒကာ ဒကာမတွေလည်း ဘယ်အခါမှ ဒီဥစ္စာကို မပျောက်အောင် ဒီနှစ်ခုခွဲခြားပြီး သိနေလောက်အောင် မှတ်ထားကြပါ…(မှန်ပါ့) ရှင်းလို့ လွယ်တာမဟုတ်ဘူးတဲ့၊ ဟာ-တရားပွဲထဲမှာ နာလိုက်တာပဲ သာသနာတွင်း သာသနာပဟော သွားတယ်၊ ကိုယ့်ကို ဟောသွားတာသာ သိလိုက်တယ်၊ ကိုယ့်ကိုယ်မှ မဝေဖန်လို့ရှိရင်လည်း မတော်ဘူး (မှန်ပါ့) ဒါဖြင့် ဘာလုပ်ကြရမယ်…(ကိုယ့်ကိုယ်ကို ဝေဖန်ကြရမှာပါဘုရား) သာသနာတွင်း သာသနာပဟုတ်တယ် မဟုတ်တယ် ကိုယ့်ကိုယ်ကိုဝေဖန်ပါ…(မှန်ပါ့) ဘယ်လိုပါလိမ့်…(ကိုယ့်ကိုယ်ကို ဝေဖန်ရမှာပါဘုရား)။
ကိုယ့်ကိုယ်ကို ဝေဖန်ရမယ်နော်၊ ကဲ…ဒါဖြင့် ပြောတော့မယ်နော်၊ ကိုယ့်ကိုယ်ကို ဝေဖန်ကြတာပေါ့၊ သာသနာပ တရားက ဘာတုန်း၊ သာသနာတွင်းတရားက ဘာတုန်းလို့မေးတဲ့အခါကျမှ သာသနာပတရားက လှူဒါန်းပေးကမ်းပြီးသကာလနေတော့၊ အော်-တို့ကောင်းတာလုပ်တာပဲ၊ ငါကောင်းတာလုပ် ငါကောင်းကျိုး ပေးမှာပဲလို့ ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတာ ငါလုပ်မှာပဲဆိုတော့။ ကံ-ကံ၏ အကျိုးပေးယုံကြည်ပြီး သကာလ ဒါနတွေလုပ် သီလတွေ ဆောက်တည်နေကြတဲ့ဥစ္စာ ကောင်းတာလုပ်တာပဲ၊ ကျုပ်တို့တော့ဖြင့် ကောင်းကျိုးပေးမှာပဲလို့ဆိုတော့ ကံ ကံ၏ အကျိုးယုံကြည်ရာ မကျဘူးလား … (ကျပါတယ်ဘုရား) အဲဒါ သာသနာပ, တရားရှင်းကြပလား … (ရှင်းပါပြီဘုရား) ဘာတရားတဲ့ … (သာသနာပတရားပါဘုရား)။
ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတာပဲ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးတာပဲ၊ ကိုယ်ကောင်းတာလုပ်လို့ရှိရင် ကိုယ်ပဲခံစားရမှာပဲ၊ ကိုယ်မကောင်းတာလုပ်လို့ရှိရင် ကိုယ်ပဲအပါယ်လေးပါး သွားရမှာပဲ မယုံကြည်ကြဘူးလား … (ယုံကြည်ပါတယ်ဘုရား)။
ဒီလို ယုံကြည်တဲ့တရား ဒီလိုသိတဲ့ဥာဏ် ဒါသာသနာပတရားလို့ မှတ်လိုက်ပါ … (မှန်ပါ့) ဘယ်လိုမှတ်ကြမယ်… (သာသနာပတရားလို့ မှတ်ရမှာပါဘုရား) သာသနာပတရား၊ ကောင်းတာလုပ်ရင် … (ကောင်းကျိုးပေးမှာပါဘုရား) မကောင်းတာလုပ်ရင်…(မကောင်းကျိုးပေးမှာပါဘုရား) အဲဒီ ယုံကြည်တာ ရော ဥာဏ်ရောကို ဒီဟာဥာဏ်တော့ ဥာဏ်ပဲ၊ ဒီဥာဏ်သည်ကားလို့ဆိုလို့ရှိရင် သာသနာပမှာ ပေါ်တဲ့ သဒ္ဓါနဲ့ သာသနာပမှာပေါ်တဲ့ ဥာဏ်ပဲလို့မှတ်လိုက်စမ်းပါ…(မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မတုန်း… (သာသနာပမှာရှိတဲ့ ဥာဏ်ပါဘုရား) သာသနာပမှာပေါ်တဲ့ … (ဥာဏ်ပါ ဘုရား) ဦးမူ သေသေချာချာမှတ်… (မှန်ပါ့) ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတာပဲ လှူလိုက် ဒါန်းလိုက် ပေးလိုက် ကမ်းလိုက် သူကောင်းကျိုးတော့ပေးမှာပါပဲ၊ ဘယ်နည်းနဲ့မှ ဒီဥစ္စာလှူတာ ဒါန်းတာ ပေးတာ ကမ်း တာ မကောင်းကျိုးတော့ ပေးမှာ မဟုတ်ပါဘူး ကောင်းကျိုးပေးမှာပဲ၊ ဒါကြောင့် ကျုပ်တို့တော့ ကြိုးစားရမှာ ပဲ၊ ဒါမလုပ်ကောင်းဘူးလို့ ဟောတာမဟုတ်ဘူးတဲ့ ဥာဏ်ကကောင်းတာလုပ် ကောင်းကျိုးပေးတယ်လို့တော့ သိတဲ့ဥာဏ်ရှိတယ် … (မှန်ပါ့)။
အဲဒီတော့ ဒီဥာဏ် ဘာဥာဏ်လို့ခေါ်ကြမတုန်းလို့ မေးလိုက်တဲ့အခါကျတော့မှ သာသနာပမှာရှိတဲ့ ဥာဏ်ဖြစ်လေသောကြောင့် သာသနာပဥာဏ်လို့မှတ်လိုက်တာပေါ့ … (မှန်ပါ့) သာသနာတွင်း မဟုတ်ဘူးတဲ့ ရှင်းပလား … (ရှင်းပါပြီဘုရား) ကောင်းတာလုပ် ကောင်းကျိုးပေးမှာပဲ မကောင်းတာလုပ် မကောင်းကျိုးပေး တယ်လို့ လှူဒါန်း ပေးကမ်းနေကြတာ ကုသိုလ် အလုပ်တွေပြုပြီးသကာလ အကုသိုလ်မပြုပဲနေကြတာ မ ကောင်းကျိုး ပေးမှာစိုးလို့ ငါပဲ မကောင်းကျိုးခံစားရမှာပဲ။
ငါကောင်းတာလုပ် ငါပဲ ကောင်းကျိုးခံစားရမှာပဲလို့ ဒီလောက်သိတဲ့ ဥာဏ် သာသနာတွင်းလား … သာသနာပ,လား… (သာသနာပ,ပါဘုရား) တော်တော်ရှင်းသွားပြီ ဒါသာသနာပ,နော် (မှန်ပါ့) သေသေချာချာ မှတ်ကြနော် … (မှန်ပါ) ကောင်းတာလုပ် ကောင်းကျိုးပေးတာသိတဲ့ဥာဏ် မကောင်းတာလုပ် မကောင်းကျိုးပေးတယ်လို့ သိတဲ့ဥာဏ်သည် ဒီလိုသိတဲ့ဥာဏ် ဘာဥာဏ်ခေါ်ကြမယ်… (ကမ္မဿသတာဥာဏ်ပါဘုရား)၊
သာသနာပ, အလုပ်ပေါ့ … (မှန်ပါ့) ဘယ်လိုဆိုကြပါမယ်…(သာသနာပါဘုရား) ဘာကြောင့်တုန်းလို့ဆိုတော့ သာသနာပ,မှာ ထမင်းရည်ချောင်းစီး လှူကြ ဒါန်းကြတာပဲ…(မှန်ပါ့) ဒါဆိုရင် သာသနာပမှာလည်း လှူကြတာပဲ၊ အခုသာသနာတွင်းမှာလည် လှူကြ ဒါန်းကြ ပေးကြ ကမ်းကြတာပဲ၊ သို့သော်တဲ့ ဒီဥစ္စာ ကံ ကံ၏ အကျိုးကို ယုံကြည်ပြီးသကာလ သိတဲ့ဥာဏ်ဖြစ်လေသောကြောင့် ကမ္မဿကတဥာဏ်။
ဒီအလုပ်ကိုသာ ရပ်တန့်ပြီးနေကြမယ်ဆိုလို့ရှိရင် ဒီ့ထက်အထက်ကျတဲ့အလုပ်ကို မလုပ်ကြဘူး ဆိုလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်း ကြုံသော်လည်း သာသနာပဥာဏ်လို့ မှတ်လိုက် စမ်းပါ … (မှန်ပါ့) သာသနာတွင်း ကြုံငြားသော်လည်း သာသနာပ, အလုပ်လုပ်နေတယ် ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
သာသနာတွင်းကြုံငြားသော်လည်း … (သာသနာပ, အလုပ်လုပ်နေပါတယ်ဘုရား) ဘာကြောင့်တုန်း ဆိုတော့ ပဏ္ဏာသက ဒါကကွာ - ငါလုပ်ငါရတာပဲ ငါမကောင်းတာလုပ် ငါမကောင်းကျိုး ပေးထာပဲ၊ ငါကောင်းတာလုပ် ငါကောင်းကျိုးပေးတာပဲဆိုတဲ့ သက္ကာယဒိဋ္ဌိမပြုတ်နိုင်ဘူးတဲ့ … (မှန်ပါ့) ဒါကြောင့် သာသနာပမှာလည်း လှူကြ ဒါန်းကြတာပဲတဲ့၊ သက္ကာယဒိဋ္ဌိက ပါတယ်ကွတဲ့၊ ဒီမျှလောက်နဲ့ ရပ်နေကြလို့ရှိရင် သက္ကာယဒိဋ္ဌိပါတာပဲ…(မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) အဲတော့ ဒါသာသနာတွင်း အလုပ်လား - သာသနာပအလုပ်လားဆိုတာ အကဲခတ်ကြ … (သာသနာပ,အလုပ်ပါဘုရား) ဒီဥာဏ်သာဆုံးနေရင် ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
နို့ ဒါဖြင့် ဘုရား-သာသနာတွင်း အလုပ်က ဘယ်ဟာပါလိမ့်၊ သာသနာပအလုပ်ကလည်း လှူမှု ဒါန်းမှု-ပေးမှု ကမ်းမှု သီတင်း သီလ ဆောက်တည်မှု ကောင်းတာလုပ် ကောင်းကျိုးပေးမှာပဲ၊ မကောင်းတာလုပ် မကောင်းကျိုးပေးမှာပဲဆိုတော့ သက္ကာယဒိဋ္ဌိ မပြုတ်လို့ သာသနာပအလုပ်မို့ရှိပါစေတော့ သာသနာတွင်းအလုပ်က ဘယ်အလုပ်တုံး မေးဖို့မလိုဘူးလား…(လိုပါတယ်ဘုရား) သာသနာတွင်း အလုပ်ကတော့ကွာ - တဲ့၊ နှစ်ခုစလုံး လုပ်ရမယ်(မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)
သာသနာတွင်းအလုပ်ကတော့
… (နှစ်ခုစလုံးလုပ်ရမှာပါဘုရား) ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်လို့ သိတဲ့ ဥာဏ်လည်းရှိရမယ်… (မှန်ပါ့) သစ္စာနုလောမိကဥာဏ်လည်းရှိရမယ် သူကနှစ်ချက်…(မှန်ပါ့)။
ဒကာ ဒကာမတွေ မှတ်လွယ်အောင်ဆိုရင် ကမ္မဿကတာ နှစ်ဥာဏ်ရှိရမယ် သဘောပါပလား …(ပါပါတယ်ဘုရား) နှစ်ဥာဏ်ရှိရမယ် ကမ္မဿကတာဥာဏ်၊ သစ္စာနုလောမိကဥာဏ်။ ဘယ်နှစ်ဥာဏ်ပါလိမ့် … (နှစ်ဥာဏ်ပါဘုရား) ဘယ်သူဘယ်သူတဲ့…(ကမ္မဿကတာဥာဏ်၊ သစ္စာနုလောမိကဥာဏ်ပါဘုရား) သာသနာတွင်းသားမှာ ဒီနှစ်ဥာဏ်ရှိရမယ်…(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
သာသနာပယသမားမှာ ဘယ်ဥာဏ်လျော့နေတယ်ဆိုတာလည်း ခင်ဗျားတို့ပေါ်ပါပြီ…(မှန်ပါ့) ဘယ်ဥာဏ်လျော့နေတုံး (သစ္စာနုလောမိကဥာဏ်ပါဘုရား) သစ္စာနုလောမိကဥာဏ်မရှိဘူး (မှန်ပါ့) ဦးမူနေရာ ကျပလား … (ကျပါပြီဘုရား) ဒါဖြင့် ခုလို အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သာသနာတွင်းမှာ မွေးဖွားပြီး လူလားမြောက်ငြားသော်လည်း သားရေး သမီးရေး စီးပွားရေးနဲ့ ပိုလျှံလာလို့ရှိရင် လှူတာဒါန်းတာ ပေးတာ ကမ်းတာနဲ့ပဲ အချိန်ကုန်သွားကြမယ်ဆိုလို့ရှိရင် သူ့အတွက် ဘယ်လိုစဉ်စားမတုံး…(သာသနာပ,ပါဘုရား) သာသနာပ,ပဲ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
သာသနာပ,သမားပဲ ဆုံးဖြတ်ချက်ချပါ။ ကိုင်း … ဒါဖြင့် တပည့်တော်တို့ ဘုရားသာသနာတွင်းသား ဖြစ်အောင် လုပ်ပါရစေ၊ ဒါမှ မဂ်ဥာဏ်, ဖိုလ်ဥာဏ်ရမှာကိုးဗျ … (မှန်ပါ့) သာသနာပဥာဏ်နဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် မရနိုင်ဘူး … (မှန်ပါ့) မရနိုင်ဘူး၊ တပည့်တော်တို့ သာသနာတွင်းသားဖြစ်ပါရစေဆိုတော့ ကမ္မဿကတာဥာဏ်လည်းလုပ်ပါ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီးဘုရား)။
ကောင်းတာလုပ် ကောင်းကျိုးပေးတဲ့ အလုပ်ကိုပဲ … (လုပ်ရမှာပါဘုရား) မကောင်းတာလုပ် မကောင်းကျိုးပေးတဲ့ အလုပ်ကိုလည်း ရှောင်ပါ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) ကောင်းတာလုပ်ရင် … (ကောင်းကျိုးပေးပါတယ်ဘုရား) ကောင်းကျိုးပေးတဲ့အလုပ်ကိုလည်း လုပ်ပါ၊ မကောင်းတဲ့အလုပ်လုပ်လို့ရှိရင် မကောင်းကျိုးပေးတဲ့အလုပ်ကိုလဲ … (ရှောင်ရမှာပါဘုရား)၊ ရှောင်ကျဉ်တဲ့ ဥာဏ်ရှိရမယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲဒီဥာဏ်လည်းရှိရမယ်၊ ဖြစ်ပျက်သိတဲ့ ဥာဏ်ရော … (ရှိရမှာပါဘုရား) အဲဒါဖြစ်ပျက်သိတဲ့ဥာဏ်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ အဲဒီ ဒုက္ခသစ္စာကို သိတဲ့ဥာဏ်က သစ္စာနဲ့ လျှော်တဲ့ဥာဏ်သွားဖြစ်တယ် (မှန်ပါ့) နေရာကျပလား … (မှန်ပါ့) သစ္စာနုလောမိကဥာဏ်နဲ့ ကမ္မဿကတာဥာဏ်နှစ်ခုရှိတဲ့ ပုဂ္ဂိုလ်ကို သာသနာတွင်းသား…(မှန်ပါ့) ရှင်းကြပလား …(ရှင်းပါပြီဘုရား)။
ကမ္မဿကတာဥာဏ်ရော သစ္စာနုလောမိကဥာဏ်ရော ရှိခဲ့သော် … (သာသနာတွင်းသားပါဘုရား) ကမ္မဿကတာဥာဏ်လေးနဲ့ သေပျော်ပြီဆိုတဲ့ ပုဂ္ဂိုလ်များ ဘယ်နှယ်ဆိုကြမတုန်း … (သာသနာပ,ပါဘုရား) သာသနာပ,ဆိုတော့ကို … ဒကာမတို့ သာသနာ့အရသာမတွေ့ရဘူး … (မှန်ပါ့) ဘယ်လိုဆိုကြပါ့မတုန်း … (သာသနာ့အရသာမတွေ့ရပါဘူးဘုရား)။
သာသနာ့အရသာ မတွေ့ရဘူးဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ မနစ်နာဘူးလား … (နစ်နာပါတယ်ဘုရာ) ဒါဖြင့် ဒီနှစ်ခုမှာ တစ်ခုတည်းလုပ်ရင် ကမ္မဿကတာဥာဏ်တစ်ခုတည်းနဲ့ နေခဲ့သော် ဒကာ ဒကာမတို့ ဘာသားလို့ဆိုကြမတုန်း … (သာသနာပ, သားပါဘုရား) နှစ်ခုနဲ့နေရမှာပဲဆိုတာ မထင်ရှား ဘူးလား … (ထင်ရှားပါတယ်ဘုရား)။
ကမ္မဿကတာဥာဏ်လည်း ထိုက်တန်သလောက်လုပ်ရမှာပေါ့ သစ္စာနုလောမိကဥာဏ်ကိုတော့ဖြင့် လက်မလွတ်တမ်း…(လုပ်ရမှာပါဘုရား) လုပ်ရလိမ့်မယ်ဆိုတာ မှတ်မိကြပလား … (မှတ်မိပါတယ်ဘုရား) ဘယ်ဥာဏ်အဓိကထားပြီး ဟောပါလိမ့်မတုံး … (သစ္စာနုလောမိကဥာဏ်ကို အဓိကထားပြီးဟောပါတယ်) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ဒါဖြင့် ဘယ်ဥာဏ်အရေးကြီးဆုံးတုံး … (သစ္စာနုလောမိက ဥာဏ်အရေးကြီးဆုံးပါဘုရား) သစ္စာနုလောမိကဥာဏ်ဆိုတာ ဒကာ ဒကာမတွေ မသိမှာစိုးသောကြောင့် ဖြစ်ပျက်က ဘာသစ္စာတုန်း … (ဒုက္ခသစ္စာပါဘုရား)။
ဝေဒနာဖြစ်ပျက် ဖြစ်ဖြစ်, ဘာဖြစ်ပျက် ဖြစ်ဖြစ်, ဖြစ်ပျက်ဟူသရွေ့ ဘာပါလိမ့် … (ဒုက္ခသစ္စာပါဘုရား) အဲဒီဒုက္ခသစ္စာသိတဲ့ဥာဏ်သည် သစ္စာနဲ့လျှော်တာ သိတဲ့ဥာဏ်မကျဘူးလား … (ကျပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ဒါက သစ္စာနုလောမိကဥာဏ်၊ သစ္စာက သစ္စာ၊ အနုလောမိက ကလျှော်တာ၊ ဥာဏ်က ဥာဏ် ရှင်းပလား … (ရှင်းပါတယ်ဘုရား) ပေါင်းလိုက်တော့ သစ္စာနုလောမိကဥာဏ်၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား) ဘာဥာဏ်ပါလိမ့် … (သစ္စာနုလောမိကဥာဏ်ပါဘုရား) ဒါဖြင့် သာသနာပ, မှာ ဘယ်ဥာဏ်တင်ရှိပါလိမ့်…(ကမ္မဿကတာဥာဏ်သာရှိပါတယ်ဘုရား) မှတ်ထားပါ ခဲခဲ ယဉ်းယဉ်း ပြောနယ်တယ်မှတ်ပါ၊ ခင်ဗျားတို့ကို ပြောနေတဲ့ ဥစ္စာသည် ခင်ဗျားတို့ မွေးဖွားတာက သာသနာတွင်း၊ လုပ်နေတာက သာသနာပ, အလုပ်နဲ့ ကျေနပ်သွားမှာ အလွန်စိုးရိမ်တယ် … (မှန်ပါ) မစိုးရိမ်သင့်ဘူးလား … (စိုးရိမ်သင့်ပါတယ်ဘုရား)။
ခုခေတ်ကြီး ကြုံတာက သာသနာတွင်း လုပ်တာက … (သာသနာပ,ပါဘုရား) သာသနာပ အလုပ်လုပ်ထားတော့ သာသနာ့အရသာတွေ့ရသေးရဲ့လား … (မတွေ့ရပါဘုရား) သာသနာတွင်းအရသာ ဆိုတာက တခြားမှတ်မနေနဲ့တဲ့၊ နိဗ္ဗာန်ရောက်တဲ့ဟာ သာသနာ့အရသာ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) နိဗ္ဗာန်ရောက်အောင် မျက်မှောက်ပြုရတာသည် (သာသနာ့အရသာပါဘုရား)။
သာသနာ့အရသာဖြစ်ချင်လို့ရှိရင် သစ္စာနုလောမိကဥာဏ်ကို အဓိကထားပြီးတော့ ဖြည့်စွက်လုပ်ပါ … (မှန်ပါ့) ကမ္မဿကတာဥာဏ်လေးနဲ့ ဒကာ ဒကာမတွေနဲ့က သေပျော်ပေါ့။ နေပျော်ပေါ့သွားလုပ်မနေနဲ့ ဒါလေးနဲ့ မလုပ်ရဘူး မဟောဘူး တင်းတိမ်မနေနဲ့ … (မှန်ပါ) ဘယ်လိုပါလိမ့်… (တင်းတိမ်မနေပါနဲ့တဲ့ဘုရား)။
တချို့ ဒကာ ဒကာမတွေကျတော့ ခင်ဗျားတို့ကိုပဲ ကြားဖူးပါလိမ့်မယ်၊ ခင်ဗျားတို့မှာ နားတွေအများကြီးပါပဲ၊ ဘုန်းကြီးက နားနှစ်ခုထဲပါပါတယ်၊ ကျုပ်တို့တော့ သေပျော်ပြီ၊ သားလည်းရှင်ပြုပြီးပြီ, ဘုရားလည်းတည်ပြီးပြီ၊ ကျောင်းဆောင်တွေလည်း ဆောက်ပြီးပြီ၊ ဘာမှ လုပ်စရာမလိုတော့ဘူး၊ ဦးမူ ကြားဖူးလိမ့်မယ် …(ကြားဖူးပါတယ်ဘုရား) မကြားဘူးကြလား နောက်က ဒကာ ဒကာမတွေ (ကြားဖူးပါတယ်ဘုရား) အဲဒါ သူ-ဘာဥာဏ်နဲ့ ပြောနေတာတုံး၊ သာသနာတွင်းလား၊ သာသနာပ,လား … (သာသနာပ,ပါဘုရား) သာသနာပ,ဥာဏ်နဲ့ ပြောနေတယ်ဆိုတာကော ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဲဒါခုလိုပေးမဲ့သူမရှိတာနဲ့ ဦးမူရေ-သူ့ခမျာမှာ မွေးဖွားတာက သာသနာတွင်း၊ ဥာဏ်က … (သာသနာပ,ပါဘုရား) သာသနာပဥာဏ်နဲ့ အချိန်ကုန်သွားရှာတယ်ဆိုတော့ ဒကာ ဒကာမတို့ ပတ္တမြားတွေ ပေါပြီးမြေပေါ်မှာ ဖြန့်ကြဲထားငြားသော်လည်း ခုနင်က မှတ်မီး-ကောက်ယူသလို မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား) တကယ်တမ်းအဖိုးချင်းယှဉ်ကြည့်လိုက်တဲ့အခါကျတော့ မှန်မီးက ဘာမှမတန်ဘူး … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ခုနင်က - လည်သီးရေတွေမှီတဲ့ ပတ္တမြားတွေ ကောက်မိမယ်ဆိုလို့ရှိရင်ဖြင့် ဟိုတစ်သောင်းနဲ့ သူတစ်လုံးနဲ့တူပါ့မလား … (မတူပါဘူးဘုရား) အင်မတန်ကွာသွားတယ်ဆိုတာ မကွာဘူးလား … (ကွာပါတယ်ဘုရား) ကိုင်းဒါဖြင့် သာသနာတွင်းပင် မွေးငြားသော်လည်း ကောင်းတာလုပ် ကောင်းကျိုးပေးတာ၊ မကောင်းတာလုပ် မကောင်းကျိုးပေးတာပဲလို့ သိတဲ့ဥာဏ် သမားသည် သာသနာတွင်း ကြုံငြားသော်လည်း သူ့အတွက်ဘာဆိုကြမယ် … (သာသနာပ, သားပါဘုရား)။
သာသနာပ, ဟာနဲ့ တင်းတိမ်နေတယ်၊ ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ဘုရား ဆုံးမပါ သွန်သင်ပါ၊ တပည့်တော်တို့ သားနဲ့ သမီးနဲ့ အိမ်ထောင်နဲ့ ရှုပ်ပွနေတာ ဒီလိုဟာတွေလည်း ဘုရားဒေသနာတော် တွေလည်း တပည့်တော်တို့ ကြားရခဲ,နာရခဲပါတယ်။ ကြည့်နိုင်ဖို့ဆိုတာလည်း မျက်လုံးကို မပါဘူး၊ အရှင်ဘုရား အမှန်အကန်ပြောပေးပါလို့ဆိုပြီး ခင်ဗျားတို့ တရားနာကြတယ် … (မှန်ပါ့)။
အမှန်အကန်ပြောတာ နားထောင်ချင်လို့ တရားနာကြတယ် ဆိုတာပေါ်ပလား … (ပေါ်ပါပြီဘုရား) နှစ်ဥာဏ်လုပ်ပါ…(မှန်ပါ)ရှင်းပလား … (ရှင်းပါပြီဘုရား) ဘယ်ဥာဏ် ဘယ်ဥာဏ်ပါလိမ့် … (ကမ္မဿကတာဥာဏ်နဲ့ သစ္စာနုလောမိကဥာဏ်ပါဘုရား) အေး … သစ္စာနုလောမိကဥာဏ်နော်၊ ဒါဖြင့် ဒီထဲမှာပဲ ဝေဖန်လိုက်တဲ့အခါကျတော့ သာသနာတွင်းဖြစ်လာတာက သစ္စာနုလောမိကဥာဏ်ကြောင့် ဖြစ်လာတာ … (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
သာသနာတွင်းဖြစ်လာတာက … (သစ္စာနုလောမိက ဥာဏ်ကြောင့်ပါဘုရား) သစ္စာနုလောမိကဥာဏ်ကြောင့် သာသနာတွင်းဖြစ်လာတာ ဒါဖြင့် ဒီနှစ်ဥာဏ်မှာ ဘယ်ဥာဏ်သည် တန်ဖိုးများစွာ ထိုက်သတုံးမေး … (သစ္စာနုလောမိကဥာဏ်ပါဘုရား) သေသေချာချာမှတ်နော်၊ သေသေချာချာမှတ်ပါ၊ ခင်ဗျားတို့ကို လူကြီးသူမ, တွေက ဆင်းသက်ပြီးသကာလလာတဲ့ စကားတွေက စူးထားတာက တစ်မျိုး၊ တစ်ဆင့်ကြားတွေကြောင့် ခင်ဗျားတို့မှာ တော်အောင် တင်းတိမ်နေတာက တစ်မျိုး ဖြစ်နေလို့။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မတင်းတိမ်ကောင်းတာ တင်းတိမ်နေလို့ နစ်နာပြီးသကာလ နက်ဖြန်အရိယာဖြစ်ရမှာကို ပုထုဇဉ်အဖြစ်နဲ့ သေသွားမှာစိုးလို့ … (မှန်ပါ) သဘောကျပလား (ကျပါပြီဘုရား) နက်ဖြန် အရိယာဖြစ်ရမှာ … (ပုထုဇဉ်အဖြစ်နဲ့ သေမှာစိုးလို့ပါဘုရား) ကမ္မဿကတာဥာဏ်လောက်နဲ့ သေသွားတော့ ပုထုဇဉ်ပဲ အဖြစ်နဲ့သေချာလိမ့်မယ် … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ကမ္မဿကတာဥာဏ်နဲ့သေရင် … (ပုထုဇဉ်အဖြစ်နဲ့ သေသွားတာပါဘုရား) သာသနာပ, အလုပ်ကြီးကိုဗျ … (မှန်ပါ) ပုထုဇဉ်ဆိုတာ ထင်ရာလုပ်တာကို ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်နှစ်ဥာဏ်ကို လက်ကိုင်လုပ်ကြမယ် … (နှစ်ဥာဏ်ကို လက်ကိုင်လုပ်ရမှာပါဘုရား)။
နှစ်ဥာဏ်မှာလဲ၊ ဘယ်သူ့ကိုသာပြီး အဓိကထားရမယ် … (သစ္စာနုလောမိကဥာဏ်ကို အဓိကထားရပါမယ်ဘုရား) သစ္စာနုလောမိကဥာဏ်ကို အဓိကထားလုပ်ပါလို့ တိုက်တွန်းလိုက်တယ် … (မှန်ပါ) ဘာကြောင့် ဆရာဘုန်းကြီးက ဒီဥစ္စာကို ယနေ့ ဒကာ ဒကာမတွေ ဒီအသုံးအနှုန်းနဲ့ ဒီအပြင်အဆင် မျိုးကို ပြင်ရ ဆင်ရ ပေးရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့က သန်မိ သန်ရာ သန်နေတယ် … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား)။
သန်မိသန်ရာ သန်နေတယ် … (မှန်ပါ) သန်မိ သန်ရာ နေတယ်ဆို ကမ္မဿကတာဥာဏ် ဘက်ကိုတော့ ငယ်ငယ်ကတည်းက ကထုံကပါနေခဲ့တယ် … (မှန်ပါ) ပိုရင်ပေးမယ် ကမ်းမယ် လှူမယ် ဒါန်းမယ် … (မှန်ပါ) မလာဘူးလား … (လာပါတယ်ဘုရား)။
ငါ့မှာ ပစ္စည်းလေးပိုလာပြီ သစ္စာနုလောမိကဥာဏ်ရအောင် အားထုတ်မယ်ဆိုတာတော့ နှုတ်မတက်ဘူး … (မှန်ပါ) တက်ခဲ့ကြရဲ့လား … (မတက်ခဲ့ကြပါဘူးဘုရား) ပိုရင်ပိုလာတယ်တို့မှာ တစ်သောင်းရင်းလိုက်တာ သုံးထောင် ဒီနှစ်ပိုလာတယ်၊ အမြတ်ကလေးထွက်လာတယ် ထောင့်ငါးရာလောက်တော့ လှူလိုက်ဦးမယ်ဟေ့၊ ဒါအရင်ထွက်တယ် … (မှန်ပါ) မထွက်ကြဘူးလား … (ထွက်ပါတယ်ဘုရား)  ဘာဥာဏ်ပါလိမ့် … (ကမ္မဿကတာဥာဏ်ပါဘုရား) ဒီရည်ရွယ်ချက်နဲ့ပဲ ဒီလိုလုပ်လို့ရှိရင် ဒီလိုတော့ လှူနိုင်ပါသေးတယ်ကွာ၊ ဒါတော့ ဘုန်းကြီးက တိုက်တွန်းစရာမလိုတော့ဘူး၊ ဒကာ ဒကာမတွေ ပြည့်စုံပြီးသား … (မှန်ပါ)။
ကဲ … ခင်ဗျားတို့ ပါးစပ်ဖျားက ကဲ … ဒီနှစ်တော့ တစ်သောင်းရင်းတာ သုံးထောင်မြတ်တယ်၊ ထောင့်ငါးရာကို စားသောက်ပြီးသကာလ လှူလည်းလှူ စားလည်းစားပြီး သကာလ အရောင်းအ၀ယ်လေး ရပ်စဲပြီး သစ္စာနုလောမိကဥာဏ် လုပ်လိုက်ဦးမယ်ဟ ဆိုတာလာရဲ့လား … (မလာပါဘူးဘုရား) ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ဒါ-မလာပဲ ဖြစ်နေတယ်၊ သစ္စာနုလောမိက ဥာဏ်မလာဘဲ ဖြစ်နေတယ်၊ ရှင်းပလား…(ရှင်းပါပြီဘုရား) ဒါဖြင့် သာသနာပအလုပ်ကို …(နှုတ်တက်နေပါတယ်ဘုရား) နှုတ်တက်နေတယ် လက်သွက်တယ် နှုတ်တက်တယ် (လက်သွက်ပါတယ်ဘုရား) သာသနာတွင်းအလုပ်တော့ ယောင်တိတိခံနေတယ်၊ ဘယ်နှယ်ဖြစ်နေကြတယ် … (သာသနာတွင်း အလုပ်တော့ ယောင်တိတိခံနေပါတယ်ဘုရား)။
ယောင်တိတိခံနေတယ်၊ သာသနာတွင်း အလုပ်ကျတော့ ဘယ်နှယ်နေတုန်း … (ယောင်တိတိခံနေတယ်ဘုရား) ယောင်တိတိ ယောင်ခြောက်ဆယ်မလာဘူးလား … (လာပါတယ်ဘုရား) အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆွမ်းတစ်ခါကျွေးလိုက်တယ် ဆိုလို့ရှိရင် ဝေယျာဝစ္စသီလတွေရော ဒါနတွေရော တစ်ရက်ခွဲကုန်တယ်၊ တစ်ရက်ခွဲကုန်တယ်၊ ၀ယ်တာချမ်းသာ တစ်ရက်၊ လှူတာပေးတာက တစ်ရက်၊ နောက်ပန်းကန်တွေ ဆေးကြောသိမ်းနေရတာက ဦးမူရေ တစ်ရက်ဆိုတော့ တစ်ရက်ခွဲတော့ မကုန်ဘူးလား (ကုန်ပါတယ်ဘုရား)။
တစ်ရက်ခွဲတော့ ဒကာ ဒကာမတွေ စုပြီးသကာလ လုပ်ဖြစ်ကြတာပဲ ကိုင်ဖြစ်ကြတာပဲ၊ ကြုံတဲ့အခါလုပ်ကြဦးစို့ ပြုကြဦးစို့၊ ဒီနေ့ တစ်ရက်ခွဲကြိုးစားမယ် ဒီစိတ်ကြတော့ သစ္စာနုလောမိကဥာဏ် တစ်ရက်ခွဲကြိုးစားမယ်လို့တော့ လာရဲ့လား … (မလာပါဘူးဘုရား) ဟောကွာသွားပြီ မကွာဘူးလား … (ကွာသွားပါတယ်ဘုရား)။
သစ္စာနုလောမိကဥာဏ် တစ်ရက်ခွဲကြိုးစားမယ်တော့ (မလာပါဘူးဘုရား) ကိုင်း လုပ်ကိုင်လို့တော့ပြီးပြီ၊ ကဲဝယ်တဲ့နေ့၊ ဒီနေ့ဝယ်လိုက်ကြစို့၊ ဒီနေ့ပဲ ညချက်လိုက်ကြစို့ နက်ဖြန်မနက်ကျတော့ လှူကြ ဒါန်းကြ ပေးကြ ကမ်းကြတာပေါ့၊ ညနေဆိုရင်တော့ အကုန်ပြီးမှာပါပဲ သိမ်းလိုက် ဆည်းလိုက်တာနဲ့ဆိုတော့ လူပေါင်း များစွာသည် တားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လွယ်ကူတဲ့အလုပ်…(မှန်ပါ့) ဘယ်လိုပါလိမ့်…(လွယ်ကူတဲ့အလုပ်ပါဘုရား)။
ဘယ့်နှယ်ကြောင့် ဒီဟာသည် ဒီဟာက တစ်ရက်ခွဲတောင်ပဲ အချိန်ယူအသုံးချနိုင်ပြီး၊ ဟိုဟာ သုံးနာရီဆုံးဖြတ်ချက်ချဖို့ကျတော့ (ခဲယဉ်းပါတယ်ဘုရား) ဘာဖြစ်တာတုန်း … သာသနာတွင်းကျတော့ ခင်ဗျားတို့ သုံးနာရီခဲယဉ်းတယ်၊ သာသနာပ, ကျတော့ တစ်ရက်ခွဲဖြုန်းရဲတယ်၊ ကိုယ့်ဖာသာကိုယ်ချိန်ဖို့ ပြောနေတာ ဒေါ်အုန်းငွေတို့ ဒေါ်ပုတို့ ဒေါ်မေတို့ ဟုတ်မဟုတ် စဉ်းစားမယ် (ဟုတ်ပါတယ်ဘုရား)။
ဟိုဟာတစ်ရက်ခွဲတော့ ဖြုန်းရဲတယ်၊ ဒီဟာ တစ်ရက်ခွဲကျတော့ ဘယ့်နှယ်တုန်း လေးကန်နေတယ်၊ လုပ်ဖြစ်တဲ့လားလို့ မေးတော့ … (မလုပ်ဖြစ်ပါဘူးဘုရား) မလုပ်ဖြစ်ဘူး နို့ သာသနာပ အလုပ်တော့ တစ်ရက်ခွဲဖြုန်းရဲတယ်၊ သာသနာတွင်းအလုပ်ကို အင်းသုံးနာရီလုပ်ပါဆိုတော့ကို …အဲဒါထည့်ကို မစဉ်းစားဘူး … (မှန်ပါ့) စဉ်းစားရဲ့လား … (မစဉ်းစားပါဘူးဘုရား)။
မစဉ်းစားတော့ ဒကာ ဒကာမတွေသည် မှတ်မီးကောက်ပြီး သကာလ ဒကာ ဒကာမတို့ ခုနက တကယ့်အသွေးလည်သီးရေပတ္တမြား  မကောက်မိသလိုဖြစ်နေတယ်…(မှန်ပါ) ကောက်မိရဲ့လား … (မကောက်မိပါဘုရား) ဆိုတော့ ကိုယ့်ကိုယ်ကို ချိန်ကြည့်လိုက်ရင် တို့က သာသနာတွင်း အလုပ်နည်းနေတယ်၊ သာသနာပ အလုပ်ကျတော့ ရဲချည်းနေတယ် သာသနာတွင်းအလုပ်ကျတော့ (နည်းနေပါတယ်ဘုရား) သာသနာပ,အလုပ်ကျတော့ … (ရဲနေပါတယ်ဘုရား)။
ဒါ-ဒီအထဲက သူဟာ - ဒကာ ဒကာမတို့ လိုသေးတယ် … (မှန်ပါ) ဆုံးဖြတ်ချက်ချထိုက်မချထိုက် … (ချထိုက်ပါတယ်ဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် အကျိုးကျေးဇူးကို ပြောပြဦးမယ်နော် … (မှန်ပါ)။
အကျိုးကျေးဇူး ပြောပြဦးမယ်၊ ဒကာ ဒကာမတို့ သာသနာပ,အလုပ်က သြော် … ဒီဘ၀ ဒီလိုလုပ်ထားလို့ရှိရင်လည်း နောက်ဘ၀ရောက်ရာဘ၀ ကောင်းစားမှာပဲ၊ ရောက်ရာမှာ ဘုံနန်းဗိမာန် ပဒေသာပင်နဲ့ မကြောင့်မကြ မတောင့်မတပဲနဲ့ ပြည့်စုံလွယ်တဲ့ အလုပ်ပဲဆိုတော့ လူ့ပြည်က ပဋိစ္စသမုပ္ပါဒ်က ရောက်ရာ သွားတန်းဘယ် … (မှန်ပါ) မတန်းဘူးလား တန်းသလား … (တန်းပါတယ်ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ပြတ်သလား … တန်းသလား …(တန်းပါတယ်ဘုရား) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဘာဖြစ်တယ် (ပဋိစ္စသမုပ္ပါဒ်တန်းပါတယ်ဘုရား) ဘုရားက တန်းတာအလိုရှိပါသလား … (ပြတ်တာအလိုရှိပါတယ်ဘုရား) ဘာကြောင့်တုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်က အစကလည်း ဒုက္ခသစ္စာပဲ၊ အလယ်မှာကော … (ဒုက္ခသစ္စာပါဘုရား) ဟိုဆက်တာကော … (ဒုက္ခသစ္စာပါဘုရား)။
ဘုရားက ဒါ-ကြောက်တယ်၊ ဒုက္ခသစ္စာဆက်မှာကို ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ … (ဒုက္ခသစ္စာဆက်မှာကို ကြောက်ပါတယ်ဘုရား) ဘုရားကြောက်တာ ဧကန်ပဲမှုတ်လား …(မှန်ပါ) ခင်ဗျားတို့ကော ဒုက္ခသစ္စာဆက်မယ်ဆိုရင် … (ကြောက်ပါတယ်ဘုရား) မကြောက်ဘူးလား … (ကြောက်ပါတယ်ဘုရား) ဒီ ဒုက္ခပြီး မင်း-အခုလှံနဲ့ ထိုးတာခံပြီးနောက် မီးရှို့တာခံရလိမ့်ဦးမယ်ဆိုတော့ … (ကြောက်ပါတယ်ဘုရား)။
ဘယ်သူဖြစ်ဖြစ် ကြောက်မှာပဲ၊ အခုမီးရှို့တာခံပြီးသကာလ မင်းမသေသေးလို့ရှိရင် လှံနဲ့ ထိုးသတ်လိမ့်ဦးမယ်ဆိုလို့ရှိရင်ကော ကြောက်မကြောက်၊ ဘာကြောင့်တုံး ဒုက္ခဆက်လို့ … (မှန်ပါ) ဘယ်လိုဆိုကြပါ … (ဒုက္ခဆက်လို့ပါဘုရား) ဒုက္ခဆက်လို့ ကြောက်တာ သဘောကျပလား … (ကျပါတယ်ဘုရား)။
အဲတော့ကို သာသနာပအလုပ်ကတော့ကို ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိမပြုတ်လို့ ဒုက္ခဆက်တယ် … (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား) သက္ကာယဒိဋ္ဌိမပြုတ်လို့ …(ဒုက္ခဆက်ပါတယ်ဘုရား) ဥာဏ်ကြီးကြီးနဲ့ နားထောင် … (မှန်ပါ) ငါလုပ် ငါရတာပဲဆိုတဲ့ထဲက သက္ကာယဒိဋ္ဌိမပါဘူးလား … (ပါ,ပါတယ်ဘုရား) သက္ကာယဒိဋ္ဌိမပြုတ်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် ဘယ်နှယ်နေတုန်း (ဆက်ပါတယ်ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဆက်ဆိုတာသည် သုခဆက်တာလား ဒုက္ခဆက်တာလား … (ဒုက္ခဆက်တာပါဘုရား) ပေါ်ပြီနော် …(မှန်ပါ) ကိုင်း … ဒါဖြင့် သာသနာပ,အလုပ်လည်း ခင်ဗျားတို့လုပ်ပါ၊ သာသနာတွင်းအလုပ်ကို အဓိကထားပါ … (မှန်ပါ) ဟောပြီ ဘုရားက ရှင်းပလား … (ရှင်းပါပြီဘုရား)။
သာသနာတွင်းအလုပ်က ဘာပါလိမ့် … (အဓိကထားရမှာပါဘုရား) ဘယ်ဟာပါလိမ့်မတုန်း … (သစ္စာနုလောမိက ဥာဏ်ပါဘုရား) သစ္စာနုလောမိကဥာဏ် မေ့မပစ်ပါနဲ့ဦး၊ ဒီဥစ္စာခဲခဲယဉ်းယဉ်း ဒီနှစ်လုံးတည်း ဟောနေတာတော့ မမေ့ပါနဲ့၊ သာသနာတွင်းအလုပ်က ဘာတုံး … (သစ္စာနုလောမိကဥာဏ်ပါဘုရား) မြန်မာလို ပြောစမ်းပါဆိုတော့ ဖြစ်ပျက်မြင်တဲ့ဥာဏ် …(မှန်ပါ) မြန်မာလိုပြောတော့…(ဖြစ်ပျက်သိတဲ့ဥာဏ်ပါဘုရား)။
ဒါ-ဘာအလုပ်ပါလိမ့် … (သာသနာတွင်းအလုပ်ပါဘုရား) ရှင်းပလား …(ရှင်းပါပြီဘုရား) သူကတော့ ဒီကဖြစ်ပျက်,မြင်တာက မဂ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ ကိုက်သွားတယ်ဆိုတည်းက သူ-ဖြစ်ပျက် မမြင်ရသော ဒီဘက်ကမြင်တယ် လိုချင်တယ်၊ မြင်တဲ့စိတ် ဖြစ်ပျက်မမြင်ရင် မြင်တယ်လိုချင်တယ် စွဲလမ်းတယ် အားထုတ်မယ်ဆိုတာ မလာပေဘူးလား …(လာပါတယ်ဘုရား)။
ဖြစ်ပျက်မြင်လိုက်တော့ မြင်တဲ့စိတ် ဖြစ်ပျက်၊ လိုစိတ်လာသေးလား … (မလာပါဘူးဘုရား) စွဲလန်းတဲ့စိတ် … (မလာပါဘူးဘုရား) အားထုတ်တဲ့စိတ် (မလာပါဘူးဘုရား) သာသနာတွင်း လုပ်လိုက်တော့ ဘာဖြစ်သွားတုန်း … (ပဋိစ္စသမုပ္ပါဒ်ပြတ်ပါတယ်ဘုရား) ဘာပြတ်သွားတုန်း … (ပဋိစ္စသမုပ္ပါဒ်ပြတ်သွားပါတယ်ဘုရား)။
ဒီဘက်က လာမှာ ဘာသစ္စာတုန်း …(နိရောဓသစ္စာပါဘုရား) ရှင်းပလား …(ရှင်းပါပြီဘုရား) ဒါဖြင့် သာသနာတွင်းက ဒကာ ဒကာမတို့ ဒုက္ခသစ္စာပြတ်တယ် … ရှင်းပလား …(ရှင်းပါပြီဘုရား) သာသနာပ, ကတော့ ဒုက္ခသစ္စာဆက်ပါတယ် ရှင်းပလား … (ရှင်းပါပြီဘုရား) သာသနာတွင်းမှာ နှစ်ခုလုပ်…(မှန်ပါ) ဟုတ်ရဲ့လား …(ဟုတ်ပါတယ်ဘုရား) ခုနင်က ဟောပြီးပြီနော် … (မှန်ပါ)။
သာသနာတွင်းမှာ ဒကာ ဒကာမတို့ နှစ်ခုလုပ်ပါ …(မှန်ပါ) ကမ္မဿကတာဥာဏ်လည်းလုပ်၊ သစ္စာနုလောမိကဥာဏ်လဲ…(လုပ်ရမှာပါဘုရား) လုပ်ရမှာပဲတဲ့ လုပ်ပေမယ့် သူလုပ်တာကိစ္စရှိဘူး သစ္စာနုလောမိကဥာဏ်က ဖြတ်ပေးတယ်၊ ဖြတ်ပြီးလုပ်ဖြစ်တယ်ရှင်းပလား … (ရှင်းပါတယ်) ဘယ်လိုလုပ်ဖြစ်ပါလိမ့် (ဖြတ်ပြီးလုပ်ဖြစ်ပါတယ်ဘုရား)။
ဖြတ်ပြီးလုပ်ဖြစ်တယ်ဆိုတော့ ကိုယ်ဒါန ကိုယ့်ခန္ဓာ ဒုက္ခသစ္စာမြင်ပြီး သစ္စာမြင်ပြီးသကာလ လှူလည်းလှူတယ်၊ ဖြတ်လည်းဖြတ်တယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ၀ဋ်ပြတ်တဲ့ အလှူ … (မှန်ပါ) ဘယ်လိုဆုံးဖြတ်ချက်ချကြမတုန်း ဒါဖြင့် ၀ိဝဋ္ဋဒါန…(မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဝဋ်ပြတ်တဲ့ အလှူဆိုတော့ နိဗ္ဗာန်ရောက်တဲ့အလှူ…(မှန်ပါ) နားကြီးကြီးနဲ့ထောင်မှ ရှင်းတယ်… (မှန်ပါ) ရှင်းရဲ့လား…(ရှင်းပါပြီဘုရား) သေသေချာချာလုပ်ကြားရရဲ့ဆိုတာ မကြားမှာစိုးရတယ်။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ သာသနာပ, မှာဆိုတော့ အဖြတ်ပါရဲ့လား …  (မပါ ပါဘူးဘုရား) ဒါ-သဿတပါသွားတယ် ဘာပါသွားပါလိမ့်… (သဿတပါသွားပါတယ်ဘုရား) ငါလုပ်ငါရမယ်ဆိုတော့ ငါပဲခံစားရမှာပဲ၊ ဘာပါသွားတုန်း … (သဿတပါသွားပါတယ်ဘုရား)။
ဒိဋ္ဌမပြုတ်ဘူး ဒါကြောင့် အတ္တဒိဋ္ဌိပရာမာသကတ္တာတဲ့ အတ္တဒိဋ္ဌိပါတယ်ကွ သာသနာပ ကမ္မဿ ကတ္တာဥာဏ်က ရှင်းပလား (ရှင်းပါတယ်ဘုရား) အတ္တဒိဋ္ဌိ … (ပါ, ပါတယ်ဘုရား) သဿတဒိဋ္ဌိ … (ပါ, ပါတယ်ဘုရား) ဦးမူ ရှင်းပလား… (ရှင်းပါတယ်ဘုရား)။
သာသနာတွင်းမှာ လုပ်တော့ကိုတဲ့ ကမ္မဿကတာဥာဏ်လည်း လုပ်ပါ၊ လှူပါ ဒါန်းပါ-ပေးပါ ကမ်းပါ- တိုက်တွန်းတယ်… (ရှင်းပါတယ်ဘုရား) သစ္စာနုလောမိကဥာဏ်လဲ… (လုပ်ရမှာပါဘုရား) သစ္စာနုလောမိကဥာဏ်လဲ… (လုပ်ရမှာပါဘုရား) ဖြစ်ပျက်ရှုတဲ့ ဥာဏ်လည်း လုပ်ပါဆိုတော့ ဖြစ်ပျက်ရှုတဲ့ ဥာဏ်လုပ်တယ်ဆိုလှူပေါ့၊ လှူတဲ့ခန္ဓိာကိုယ်ကြီး ဖြစ်ပျက်ရှုပြီး သကာလ ဪ… ဒီဒုက္ခ၀ဋ်မှ ကျွတ်ချင်လို့ လှူပါတယ်ဆိုတော့ ခုန ဒုက္ခဖြတ်တာလည်း မပါဘူးလား… (ပါ, ပါတယ်ဘုရား) လှူတာလည်း အထ မြောက်တာပဲ…(မှန်ပါ) သဘောကျရဲ့လား… (ကျပါတယ်ဘုရား)။
လှူပေမဲ့ ဒုက္ခဆက်သေးသလား… (မဆက်ပါဘူးဘုရား) ဒါဖြင့် သာသနာတွင်းမှာ နှစ်ခုလုပ်ထိုက် တယ်ဆိုတာကောပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဥာဏ်နဲ့စဉ်းစားနော် … (မှန်ပါ) ဒါဖြင့် သာသနာတွင်းနဲ့ လှူတော့ ဒကာ ဒကာမတွေ ဘယ်လိုလုပ်ကြမတုံးလို့ မေးတဲ့အခါကျတော့မှ လှူလည်းလှူပါ၊ လှူတဲ့အခါမှာ ဒီခန္ဓာကြီး ဒုက္ခကိုလည်း မြင်ပြီးသကာလ ဒုက္ခကျွတ်ချင်လို့ လှူမယ်… (မှန်ပါ) ပေါ်ကြပလား… (ပေါ်ပါပြီဘုရား) ဘယ်လိုလှူကြမတုန်း… (ဒုက္ခမှ ကျွတ်လိုလို့ လှူရမှာပါဘုရား)။
ဒါဖြင့် ဒုက္ခကျွတ်ချင်လို့ လှူမယ်ဆိုရင် လှူ၊ ဟုတ်လား ဒုက္ခလွတ်အောင်လို့ အားထုတ်မယ်ဆိုရင် အားထုတ်၊ နှစ်ဘက်ရမယ်၊ ဒီဟာမပါလို့ရှိရင်ဖြင့် သာသနာပလို့ မှတ်လိုက်စမ်းပါ …(မှန်ပါ) ဘယ်လိုတုံး သစ္စာနုလောမိကဥာဏ်မပါလို့ရှိရင် ဘယ်လိုဆိုကြမတုန်း … (သာသနာပပါဘုရား)။
အဲတော့ သာသနာကျန်တာက လိုရင်းလား၊ ခင်ဗျားတို့ ဥာဏ်ရှင်းတာက လိုရင်းလား … (ဥာဏ်ရှင်းတာက လိုရင်းပါဘုရား) ဒါဖြင့် ဒီဥာဏ်ကို ယနေ့ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်းပဲ အဓိပ္ပါယ်ပြောပေးနေတယ် … (မှန်ပါ) ရှင်းကြပလား (ရှင်းပါတယ်ဘုရား)။
ကောင်းပြီ … ဒါဖြင့် သာသနာပမှာ ဘယ်နှဥာဏ်ထားရမယ် … (တစ်ဥာဏ်ထားရပါမယ်) အတ္တဒိဋ္ဌိပြုတ်ပါရဲ့လား၊ (မပြုတ်ပါဘူးဘုရား) ဒါကြောင့် သာသနာပအတ္တဒိဋ္ဌိမပြုတ်ဘူးတဲ့၊ သဿတဒိဋ္ဌိကော … (မပြုတ်ပါဘူးဘုရား) သူ့ဘယ့်နှယ်ဆိုဆိုမယ်တဲ့ (သာသနာပဥာဏ်ပါဘုရား)။
သာသနာပဥာဏ်၊ အဲဒီကံ ကံ၏အကျိုးကို ယုံကြည်တဲ့ဥာဏ် ဘာဆိုကြမတုန်း … (သာသနာပဥာဏ်ပါဘုရား) သာသနာပ,ဥာဏ် …ကမ္မဿကတာဥာဏ် ဒိဋ္ဌိမပြုတ်လို့ …(မှန်ပါ့) ရှင်းပလား …(ရှင်းပါပြီဘုရား)။
သာသနာတွင်းမှာဆိုတော့ အခု ဒကာ ဒကာမတွေက လှူဆဲဒါန်းဆဲ-ပေးဆဲ ကမ်းဆဲမှာ ခန္ဓာကိုယ် ဖြစ်ပျက် ဒုက္ခသစ္စာမြင်ပြီး ဒုက္ခ၀ဋ်မှ ကျွတ်ချင်လွန်းလို့ ဒီဒုက္ခ၀ဋ်မှ ကျွတ်ချင်လို့ ဒီဝဋ်ကြီးပြတ်ချင်လွန်းလို့ လှူပါတယ် ဒါန်းပါတယ် … ပေးပါတယ်ဆိုတော့ သစ္စာနုလောမိကဥာဏ်လည်းပါတယ် … (မှန်ပါ) လှူလို့ ဒါန်းလို့ အကျိုးရှိတယ်ဆိုတာလည်း သိသွားတယ်၊ သူက နှစ်ဥာဏ်ရတယ် … (မှန်ပါ) ဒါဖြင့် ကမ္မဿကတာဥာဏ်ရော…(သစ္စာနုလောမိကဥာဏ်ရောပါ ပါတယ်ဘုရား) ဒါမှ သာသနာတွင်းကျမယ် … (မှန်ပါ) ပေါ်ကျပလား (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ဒီအရေးဟာ ဒကာ ဒကာမတို့ ဒီသာသနာရှိတာက လိုရင်းလား-ဥာဏ်ကို ဝေဖန်နိုင်တာက လိုရင်းလား … (ဥာဏ်ကို ဝေဖန်နိုင်တာက လိုရင်းပါဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ကိုင်း … သစ္စာနုလောမိကဥာဏ်က သာသနာပမှာ ပေါ်သလား - သာသနာတွင်းမှာ ပေါ်သလား … (သာသနာတွင်းမှာ ပေါ်ပါတယ်ဘုရား) ကဲ … အဲဒီတော့မှ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဘယ်လိုဆိုကြပါမတုံး … (သာသနာပ,ပါဘုရား)။
သူ-ကမ္မဿကတာဥာဏ်နဲ့ တင်းတိမ်နေတယ် …(မှန်ပါ) သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ဘာနဲ့တင်းတိမ်နေတုန်း … (ကမ္မဿကတဥာဏ်နဲ့ တင်းတိမ်နေပါတယ်ဘုရား) အခါက သာသနာတွင်းဥာဏ်က ဘာဖြစ်နေတုန်း … (သာသနာပ,ပါဘုရား) အခါက သာသနာတွင်းနော် …(မှန်ပါ) ဥာဏ်က … (သာသနာပဥာဏ်ပါဘုရား) နစ်နာလိုက်တာ မနစ်နာဘူးလား (နစ်နာပါတယ်ဘုရား)။
ကဲ-ဘုန်းကြီးတို့ ဒကာ ဒကာမတွေကျတော့ နှလုံးလည်း သွင်းဖြစ်ပါတယ်ဘုရား၊ လှူဒါန်းလည်း တပည့်တော်တို့ လှူပါတယ်-ဒါန်းပါတယ်၊ ပေးပါတယ်-ကမ်းပါတယ်၊ သို့သော် တပည့်တော်တို့ ဒီခန္ဓာဝဋ်ဖြစ်ပျက်မြင်ပြီးသကာလ - ဖြစ်ပျက်ကျွတ်ချင်တဲ့ ဥာဏ်နဲ့ လှူတာဘုရာ့-ဆိုတော့ နှစ်ဥာဏ်နဲ့လှူ လှူတာဘုရာ့ဆိုတော့ ကမ္မဿကတဥာဏ်၊ ဖြစ်ပျက်ဒုက္ခသစ္စာကျွတ်ချင်လို့ဆိုတာ ကတော့ သစ္စာနုလောမိကဥာဏ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် သူကျတော့ ဘယ်နှဥာဏ်နဲ့ လုပ်ပါလိမ့် … (နှစ်ဥာဏ်နဲ့လုပ်ပါတယ်ဘုရား) အဲ-နှစ်ဥာဏ်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဘယ်နှစ်ဥာဏ်ပါလိမ့် … (နှစ်ဥာဏ်ပါဘုရား) သာသနာတွင်းသားဖြစ်အောင် ကမ္မဿကတာဥာဏ်လည်းမပယ်နဲ့၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
သစ္စာနုလောမိကဥာဏ်ကော … (မပယ်ရပါဘူးဘုရား) မပယ်ပါနဲ့တဲ့၊ သို့သော် ဒီထဲမှာ အရောင်တင် ဒီကျွန်းသားတွေ ဘယ်လိုပင် - ရွေဘော်ထိုးထားငြားသော်လည်း ဆေးသုတ်ပြီး သလောက်တော့ ဈေးမတက်ဖူး … (မှန်ပါ) တက်ပါ့မလား…(မတက်ပါဘူးဘုရား) ဟိုဘီရိုကြီးကြည့်ပါ ကျွန်းသားရိုးရိုးရွေဘော်ထိုးပြီးသကာလ လုပ်ထားတာနဲ့ အခုလို ဆေးအရောင်းအမျိုးမျိုး ချယ်ထားတာနဲ့ ဘယ်သူက ဈေးတက်သွားတုန်းမေးရင် ဘယ့်နှယ်ဖြေမတုန်း…(ဆေးရောင်းချယ်ထားတာက ဈေးပိုတက်ပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဈေးတက်သွားတယ်ဆိုတော့ ဈေးများများရတာပေါ့ … (မှန်ပါ) ဘာပဲလုပ်လုပ် သစ္စာနုလောမိကဥာဏ်ထည့်ပါ…(မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) ဘာလုပ်ရမတုန်း … (သစ္စာနုလောမိကဥာဏ်လုပ်ရမှာပါဘုရား) ကိုယ့်ခန္ဓာ ဖြစ်ပျက်မြင်ပြီးသကာလ ဒကာ ဒကာမတွေ လှူကြ ဒါန်းကြ - ပေးကြ ကမ်းကြ သီလဆောက်တည်လည်း ဒီအတိုင်း ဒါနပြုလဲ … (ဒီအတိုင်းပါပဲဘုရား)။
ဒီအတိုင်းပဲ၊ ဒီသစ္စာနုလောမိကဥာဏ်တော့ လက်မလွှတ်ပါနဲ့ … (မှန်ပါ) ဒါအရောင်တင်တာ … (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား) အရောင်တင်လိုက်တော့ ခုနင်က ကျွန်းသားသက်သက် ဘီရိုနဲ့ အရောင်တင်ပြီးသား ဘီရိုနဲ့ ဈေးကွာတယ်၊ မကွာဘူးလား … (ကွာပါတယ်ဘုရား) ဒါဖြင့် သစ္စာနုလောမိက ဥာဏ်ဟာ အရေးတကြီး အချယ်အလှယ်ဥာဏ်ပဲဆိုတာ ပေါ်လာတယ် … (မှန်ပါ) မပေါ်လာဘူးလား … (ပေါ်လာပါတယ်ဘုရား)။
အဲတော့ သူမပါလို့ရှိရင်ဖြင့် ကျွန်းဈေးပဲရမယ် … (မှန်ပါ) မဟုတ်ဘူးလား၊ သူပါလာလို့ရှိရင် ကျွန်းဈေးထက် ပိုမိုပြီးသကာလ လက်ခရော အရောင်တင်ဆေးအတွက်ရော အရောင်တင်ခငွေရော၊ ဥပမာ နှစ်ရာနဲ့ရောင်းမှာ သုံးရာဖြစ်မယ် လေးရာဖြစ်ရမယ်၊ မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ဒီမှာလည်း ထိုနည်းအတူပဲ၊ ဒကာ ဒကာမတို့ ဒီဥာဏ်ကိုဖြင့် မဖြည့်စွက်ရင် ဈေးကျတယ်သာ အောက်မေ့လိုက် … (မှန်ပါ) ဒီသစ္စာနုလောမိကဥာဏ် မဖြည့်စွက်ရင် … (ဈေးကျပါတယ်ဘုရား) ရှင်းပလား …(ရှင်းပါတယ်ဘုရား)။
အင်း … သူ့ကိုဖြင့် အမြဲတန်းဘာလုပ်ရမတုန်း … (ထည့်ပေးရမှာပါဘုရား) ထည့်ပေးရမယ်၊ ဒါနလုပ်လဲ … (ထည့်ပေးရမယ်ဘုရား) သီလလုပ်လဲ … (ထည့်ပေးရမှာပါဘုရား) မလုပ်တဲ့အခါလည်း လုပ်ရမယ်၊ ဒါန သီလမလုပ်တဲ့အခါလည်း သူက သာသနာတွင်းမို့ သာသနာတွင်း အလုပ်လုပ်ရမယ် … (မှန်ပါ)။
ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ဟိုဟာက ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးဘုရား … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) သူရောမှ ပြတ်တယ်၊ သစ္စာနုလောမိကဥာဏ်ရောမှ (ပြတ်မှာပါဘုရား) ဟိုကမ္မဿတဥာဏ်ဆိုရင် … (မပြတ်ပါဘူးဘုရား) သူချည်းသက်သက်ဆိုရင် … (မပြတ်ပါဘူးဘုရား)။
သစ္စာနုလောမိကဥာဏ်လည်း ထည့်လိုက်ပါရော … (ပြတ်ပါတယ်ဘုရား) ကမ္မဿကတာ ဥာဏ်လည်း ၀ိဝဋ္ဋဒါနဖြစ်ရော သစ္စာနဲ့ လျှော်တဲ့ဥာဏ်ကိုလည်း လုပ်သောကြောင့် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကော … (ရပါတယ်ဘုရား) ရ,ရပါတယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ - ရော့အင့်တွေကတော့ များလေရဲ့၊ သားဆိုလည်း ကြွေးလိုက်တာပဲ၊ သမီးဆိုလည်း ကျွေးလိုက်တာပဲ၊ ပေးလိုက်တာပဲ -ကမ်းလိုက်တာပဲ၊ ဒီဥာဏ်က မပါဘဲ ဖြစ်နေတယ်၊ ရော့နင်-ယူသွားလေ ရော့နင်စားချင်ရင် အဖိုးတန်တာလည်း တော်အောင် ပေးလိုက်တာပဲ၊ အဖိုးမတန်တာကော … (တော်အောင် ပေးလိုက်တာပဲဘုရား)။
ဒါဖြင့် ဒီသစ္စာနုလောမိကဥာဏ်ပါသေးလား … (မပါ,ပါဘူးဘုရား) မပါတော့ ကမ္မဿကတဥာဏ် သက်သက်ဖြစ်နေတယ် … (မှန်ပါ) အဲဒီလို ကမ္မဿကတဥာဏ်သက်သက်ဖြစ်နေတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပြတ်-မပြတ် … (မပြတ်ပါဘူးဘုရား) မပြတ်တော့ ဘာသစ္စာဆက်နေတုန်း … (ဒုက္ခသစ္စာဆက်နေပါတယ်ဘုရား) မဆက်ပေဘူးလား … (ဆက်ပါတယ်ဘုရား)။
သူရောလိုက်တဲ့အခါကျတော့ သစ္စာနုလောမိကဥာဏ်ရောလိုက်တဲ့အခါကျတော့ ဘယ်နှယ်နေကြမယ် … (ဒုက္ခမဆက်ပါဘူးဘုရား) အဲ-ပဋိစ္စသမုပ္ပါဒ် ပြတ်ခြင်းကြောင့် ၀ဋ္ဋလား ၀ိဝဋ္ဋလား… (၀ိဝဋ္ဋပါဘုရား) ၀ဋ္ဋ-၀ိဝဋ္ဋခွဲတာ ဒါပဲ၊ ယနေ့ ရှင်းရှင်းလင်းလင်းပြောတယ် … (မှန်ပါ)။
ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် ၀ိဝဋ္ဋဒါန၊ ပြတ်တဲ့အလုပ်မျိုးလုပ်ရင် (၀ိဝဋ္ဋါပါဘုရား) ၀ဋ္ဋ-၀ိဝဋ္ဋဆိုတာ ဖြတ်တဲ့ဥာဏ်က ပဓါန … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) ဆုတောင်းကလိုရင်းလား … ပင်ကိုယ်ဖြတ်တဲ့သဘောကလိုရင်းလား … (ပင်ကိုဖြတ်တဲ့သဘောကလိုရင်းပါဘုရား) ဆုတောင်းက ခင်ဗျားတို့ ကျက်ထားတဲ့ ၀ဋ္ဋဆုတောင်းကျက်ထားလည်း ၀ဋ္ဋဆုတောင်းဖြစ်မှာပဲ၊ ၀ိဝဋ္ဋဆုတောင်း ကျက်ထားလဲ … (၀ိဝဋ္ဋဆုတောင်းဖြစ်မှာပါဘုရား)။
ဆုတောင်းကလိုရင်းလား … ကိုယ်ဥာဏ်ထဲမှာ ဖြတ်တတ်တဲ့ ဥာဏ်ကလိုရင်းလား … (ဖြတ်တတ်တဲ့ဥာဏ်က လိုရင်းပါဘုရား) အဲဒါတပည့်တော်တို့ဘုရား ဆုတောင်းလိုက်တာပဲ၊ ၀ဋ်တော့ ကြောက်လွန်းလို့ ၀ဋ်မှကျွတ်ချင်လို့ပဲ၊ လှူလိုက် ဒါန်းလိုက်-ပေးလိုက် ကမ်းလိုက်တာပဲ …(မှန်ပါ) စာဆိုနဲ့ လုပ်နေတာ … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
စာဖတ်ပြီးတော့ကို ပြောနေတာနဲ့ မတူဘူးလား … (တူပါတယ်ဘုရား) ကဲ-ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်၊ အမြင်နဲ့ လုပ်ပါ (မှန်ပါ) ဘယ်လို … (အမြင်နဲ့လုပ်ရမှာပါဘုရား) အမြင်နဲ့ လုပ်ပါလို့ ဆိုတော့ ဒကာ ဒကာမတို့ မရှင်းသေးဘူး၊ ကောင်းပြီ ဒါဖြင့် သစ္စာနုလောမိကဥာဏ်ဆိုတာ ဘာမြင်တဲ့ဥာဏ် … (ဖြစ်ပျက်မြင်တဲ့ဥာဏ်ပါဘုရား)။
ဒီဖြစ်ပျက်ဆုံးလို့ရှိရင် ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်မြင်-မမြင်(မြင်ပါတယ်ဘုရား) ဒါဖြင့် နိဗ္ဗာန်တောင် ဆက်မြင်တဲ့ဥာဏ်ကို သစ္စာနဲ့ လျှော်တဲ့ဥာဏ်ဆိုလိုက်ပါ … (မှန်ပါ) နိဗ္ဗာန်ပဲ ဆက်မြင်မှာ သူကတော့၊ မမြင်ဘဲနဲ့နေမှာလား … မြင်ရဦးမှာလား၊ ဆက်သာကြည့်သွားရင် နိဗ္ဗာန်မြင်မလား… မမြင်ဘူးလား… (မြင်မှာပါဘုရား)။
ဒါဖြင့် သစ္စာနုလောမိကဥာဏ်ဆိုထိုက်-မဆိုထိုက် … (ဆိုထိုက်ပါတယ်ဘုရား) သစ္စာဟာ နိဗ္ဗာန်ကျအောင် မြင်မဲ့ဥာဏ်ကို သစ္စာနဲ့ လျှော်တဲ့ဥာဏ်၊ နိဗ္ဗာန်က နိရောဓသစ္စာကိုး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) နိဗ္ဗာန်ကဘာသစ္စာ … (နိရောဓသစ္စာပါဘုရား)
အဲဒီကျအောင် ဒီဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ မမြင်ပေဘူးလား … (မြင်ပါတယ်ဘုရား) ဒါဖြင့် သစ္စာနုလောမိကဥာဏ်ဆိုတာ ကောင်းကောင်းသဘောကျပလား … (ကျပါပြီဘုရား) ဒါဖြင့် သူမပါဘဲနဲ့ ခင်ဗျားတို့ ဒါနပဲလုပ်လုပ်-သီလပဲလုပ်လုပ်၊ မတော်ဘူး … (မှန်ပါ)။
ဟုတ်လား - ကျွန်းသားဒီအတိုင်းရောင်းသလို ဖြစ်နေတယ်၊ ဆေးသုတ်ရောင်းတဲ့ အဓိပ္ပါယ်ရောက်သေးရဲ့လား … (မရောက်ပါဘူးဘုရား) အဲတော့ဒီ-ဈေးနည်းတာပေါ့ဗျာ၊ မရဘူး ဟောသလား ဈေးနည်းတယ် ဟောတာလား … (ဈေးနည်းတယ်ဟောပါတယ်ဘုရား) သဘောကျရဲ့လား … (ကျပါတယ်) အဲတော့ ပေးတာကမ်းတာ ဈေးရင်းအတူပဲ၊ ဈေးများများရတဲ့ နိဗ္ဗာန်ရလို့ရှိရင် ဒကာတွေ ဒကာမတွေ ပိုမကောင်းဘူးလား … (ကောင်းပါတယ်ဘုရား)။
ဒါဖြင့် ဘာလုပ်ကြရမယ် … (သစ္စာနုလောမိကဥာဏ်လုပ်ရပါမယ်ဘုရား) ဒါနလုပ်ရင်လည်း သစ္စာနုလောမိကဥာဏ် … (ပါရပါမယ်ဘုရား) သီလဆောက်တည်လဲ (သစ္စာနုလောမိကဥာဏ် ပါရပါမယ်ဘုရား) သီလဆောက်တည်တာ တခြားကြောင့်မဟုတ်ဘူး၊ ဒီ ဒုက္ခသစ္စာကြီးလွတ်ချင်လို့ဆိုပြီး ကိုယ့်ခန္ဓာကို မြင်ပြီးတော့လုပ်ပါ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ကဲ … ဒါနလဲ မလုပ်ဘူးဘုရား၊ သီလလဲမတောက်တည်ဘူးဘုရား၊ တပည့်တော် အိပ်ယာထဲကထပြီး သကာလ တစ်ခါတည်း ဖြစ်ပျက်သာ နှလုံးသွင်းနေမယ်၊ အို-ကြိုက်တယ်ဘုရားက ဒီဥစ္စာပဲသူတော့ပါပစေပဲ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) သူ-မပါရင်တော့ နိရောဓသစ္စာကို … (မရောက်နိုင်ဘူးဘုရား) မရောက်နိုင်ဘူး-မမြင်နိုင်ဘူး၊ ရှင်းကြပလား … ရှင်းပါတယ်ဘုရား။
ကဲ … ဘယ့်နှယ်လုပ်ကြမယ် … (သစ္စာနုလောမိကဥာဏ်ရအောင် လုပ်ကြရမှာပါဘုရား) ဒါဖြင့် သူက အရောင်တင်သမားပဲရှိတယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ခင်ဗျားကျောက်ထုပ် ထုပ်တဲ့အခါ သူအစည်းပဲ၊ ကျောက်ထုတ်တဲ့အချကျလို့ရှိရင် အစည်းတစ်လုံး နှစ်လုံးမထည့်ရပေဘူးလား … (ထည့်ရပါတယ်ဘုရား)။
သူမပါလို့ရှိရင် ဒီ-သုံးခုလေးခုနှုတ်ပြီးသကာလ ရောင်းမယ်ဆိုလို့ရှိရင် ဈေးအများကြီးကျမယ်၊ သူနဲ့တွဲပြီးမှ ရောင်းမယ်ဆိုလို့ရှိရင် ဈေးကတက်လာတာပဲ … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) သစ္စာနုလောမိဥာဏ်က အစီးနဲ့တူတယ်၊ ကမဿကတာဥာဏ်က ခုနင်က အစီးပါသေးတာနဲ့တူတယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သောင်းပြောင်းထဲမှာ အစည်းလေးထည့်ပေးပါ … (မှန်ပါ) သောင်းပြောင်းထဲမှာ (အစည်းလေးထည့်ပေးရပါမယ်ဘုရား) အစည်းထည့်ပေးလိုက်တော့ ဒီကျောက်ထုပ် ဘာဖြစ်လာတုံး … (အဖိုးတန်လာပါတယ်ဘုရား) သူက နည်းနည်းလေးမှုတ်လား နှစ်လုံးသုံးလုံးတည်း (မှန်ပါ) ဟိုဟာတွေက တပုံကြီး၊ ဒီလိုမနေဘူးလား … (နေပါတယ်ဘုရား)။
ဒီတော့မှ ဈေးကအများကြီးကွာမသွားဘူးလား … (ကွာသွားပါတယ်ဘုရား) ဒါဘယ့်နှယ့်ကြောင့် ကွာတာတုန်း အစီးပါလို့ ဒီမှာလည်း သစ္စာနုလောမိကဥာဏ်ပါရင် နိဗ္ဗာန်ကျအောင်ရမယ် … (မှန်ပါ) သစ္စာ နုလောမိကဥာဏ် မရလို့ရှိရင် နိဗ္ဗာန် အထောက်အပံ့သာဖြစ်တယ်၊ တိုက်ရိုက်မရောက်ဘူး … (မှန်ပါ) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့် နိဗ္ဗာန်၏အထောက်အပံ့နဲ့ တိုက်ရိုက်ကိုယ်တိုင်ဝင်သွားရတာနဲ့၊ သူများက လိုက်ပို့ဖို့ရှာနေရတာနဲ့ ကိုယ်တိုင်တောက်လျှောက်ဝင်ရတာနဲ့ ဘယ်သူက အရင်ရောက်မတုန်း … (ကိုယ်တိုင်ဝင်ရတာက အရင်ရောက်ပါတယ်) အဲ-အထောက်အပံ့ကို လုပ်နေလို့ရှိရင် ပို့မဲ့လူရှာနေရတယ် … (မှန်ပါ) ကိုယ်တိုင် တောက်လျှောက်ဝင်လိုက်လို့ရှိရင် မြန်မြန်ရောက်တယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါ-သစ္စာနုလောမိကဥာဏ်တိုက်ရိုက်လုပ်လို့ရှိရင် ကိုယ်တိုင် သွားလိုက်တာနဲ့တူတယ်၊ ဟိုဟာတွေ လုပ်နေလို့ရှိရင် အထောက်အပံ့ရှာနေတာနဲ့တူတယ်၊ မတူဘူးလား … (တူပါတယ်ဘုရား) အထောက်အပံ့က နိဗ္ဗာနပစ္စယော ဖြစ်မနေဘူးလား၊ နိဗ္ဗာန်၏ အထောက်အပံ့သည် ဖြစ်စေသတည်း ဆိုတော့ အထောက်အပံ့ရှာနေတယ်၊ လိုက်ပို့မည့်သူဘာတုန်း - ရှာနေတယ်၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ရှာပင်ရှာငြားသော်လည်းတဲ့၊ ကိုယ်တိုင်လိုက်ရတာက သွက်သွက်လက်လက် မြန်မြန်ရောက်တယ် … (မှန်ပါ့ဘုရား) ဦးမူကြီး … ဘယ့်နှယ်ဆိုပါမယ် … (ကိုယ်တိုင်ဝင်ရတာ သွက်သွက်လက်လက်ရောက် ပါတယ်ဘုရား) အဲတော့ မသိခင်တုန်းကတော့ ထောက်ပံ့မဲ့သူရှာရတယ် မရှာရပေဘူးလား … (ရှာရပါတယ် ဘုရား) အင်း … သိလာတဲ့တစ်နေ့ကျတော့ … (ကိုယ်တိုင်ဝင်လိုက်တာပဲဘုရား) ကိုယ်တိုင် ၀င်လိုက်တာပဲပေါ့ဆိုတော့ ဒါနလုပ်လည်း ကိုယ်တိုင်ဝင်နိုင်အောင် လုပ်ပါ၊ သီလဆောက်တည်ကော … (ကိုယ်တိုင်ဝင်နိုင်အောင် ဆောက်တည်ပါမယ်ဘုရား)။
ကိုယ့်သီလနဲ့ ကိုယ်သွားမယ်၊ ကိုယ့်သီလကို ဆောက်တည်ရင် သစ္စာမြင်တဲ့သီလ၊ သစ္စာမြင်တဲ့ဒါနနဲ့ ဒကာ ဒကာမတွေ သွားလိုက်မယ်ဆိုတော့ အထောက်အပံ့ရော … ကိုယ်တိုင်သွားရော ကိုယ်တိုင်သွားတစ်ခါတည်းကျသွားတယ် … (မှန်ပါ) အထောက်အပံ့လိုသေးရဲ့လား … (မလိုပါဘုရား) ကမ္မဿကတာဥာဏ် သက်သက်ဆိုရင် အထောက်အပံ့လုပ်နေရမယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) သဘောပါပလား … (ပါပါတယ်ဘုရား)။
ဒါဖြင့် သာသနာပမှာ ဘယ်နှစ်ဥာဏ်ရပါလဲ … (တစ်ဥာဏ်ပါဘုရား) ဘာဥာဏ်ပါလိမ့် … (ကမ္မဿကတဥာဏ်ပါဘုရား) သာသနာတွင်း ဘယ်နှစ်ဥာဏ်ရပါလိမ့် … (နှစ်ဥာဏ်ရပါတယ်ဘုရား) ဘာဥာဏ်တွေပါလိမ့် … (ကမ္မဿကတာဥာဏ်နဲ့ သစ္စာနုလောမိကဥာဏ်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် သာသနာတွင်းအလုပ်ကို ကမ္မဿကတဥာဏ်ရော - သစ္စာနုလောမိကဥာဏ်ရော လုပ်ပါဆိုတာ တိုက်တွန်းရင်း တရားပွဲသိမ်းပြီနော် … (မှန်ပါ)။

                                 ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။
                       

No comments:

Post a Comment