Wednesday, October 5
အနှစ်ထမ်းပြီးမှ ပြန်ကြပါ
စုတိ ဒုက္ခသစ္စာ ကို ခံစားပြီး ပဋိသန္ဓေ ဒုက္ခ သစ္စာ ကို ပြန်ရမည့် အရေး
စေ့စေ့ တွေး၍ စိုးရိမ်သင့်လှပါသည်။
သေခြင်းတရားဟုသော ဆင်းရဲကိုခံစားရသောသူသည် နောက်ထပ်တဖန် သေခြင်း
တရားကို ပေးမည့် ပဋိသန္ဓေ နေရခြင်းမှလွတ်အောင် ကြိုးစားရပေမည်။
ဆင်းရဲခြင်းကိုခံစားပြီး နောက်တဖန် ဆင်းရဲခြင်းကို ထပ်မံရအောင် ပြုလုပ်ခြင်းသည်
မိုက်မဲသောအလုပ်ပင်ဖြစ်၏။
လှည်းထမ်းပိုး ပြုလုပ်လိုသူသည် သစ်ပင်၏ အနှစ်ကိုရှာဖွေရယူရန်လိုအပ်လှသည်။
သစ်ပင်၏ အနှစ်ကိုလည်း အနှစ်မှန်းသိမှသာ မိမိလိုရာကိုရယူနိုင်ပေလိမ့်မည်။
ထို့ နည်းတူပင် နိဗ္ဗာန် ကိုအလိုရှိသူသည် မဂ်ဖိုလ် ရမှသာ နိဗ္ဗာန် ၀င်စံ နိုင်ပါလိမ့်မည်။
နိဗ္ဗာန်ကို ရအောင်အားထုတ်ရာ`၌ အနှစ်ရှာသူ အနှစ်ကိုရအောင်ယူသောသူ ကဲ့ သို့ 
ကြိုးစားအားထုတ်မှ သာ နိဗ္ဗာန် ကိုရပေလိမ့်မည်။
ထို့ ကြောင့်……………………
၁။  ။လှူ နိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်ရုံဖြင့် တင်းတိမ်ရောင့်ရဲမနေသင့်ပါ။
လှူ တန်းပေးကမ်းခြင်းတို့ သည် အကိုင်းအခက်အရွက်တို့နှင့် တူကုန်၏ ။
သစ်ပင်၏ အနှစ်မဟုတ်ပေ။လှမ်းထမ်းပို့း ပြုလုပ်ရာ`၌ ခိုင်ခန့်သေချာမည်မဟုတ်။
၂။  ။သီလ ဆောက်တည်ပြီး အကုသိုလ်ပြုလုပ်ခြင်းကိုရှောင်ကြဉ်ရုံဖြင့် တင်းတိမ်
၍ မနေသင့်ပါ။သီလ ဆောက်တည်ခြင်းသည် အပွေးနှင့်တူကုန်၏။ သစ်ပင်၏
အနှစ် မဟုတ်သောကြောင့် လှည်းထမ်းပို့း ပြုလုပ်ရာ`၌ ခိုင်ခန့် မည် မဟုတ်ပေ။
၃။  ။သမာဓိ တည်ကြည်ရုံမျှနှင် တင်းတိမ်၍ မနေသင့်ပါ။သမာဓိတည်ကြည်ရုံသမထ
သည် အကာနှင့်တူကုန်၏။အကာဖြင့်လှည်းထမ်းပိုးပြုလုပ်သူသည် လှည်းအတွက်
အကျိုးမပြီးသည့်အပြင် အကျိုးယုတ်စရာများသာဖြစ်လာပေလိမ့်မည်။
၎။  ။အထင်ပေါက် အမြင်ပေါက် ဒိဗ္ဗစက္ကု အဘိညာဉ် ရရုံဖြင့်  တင်းတိမ် မနေသင့်ပါ။
၎င်း အထင်ပေါက် အမြင်ပေါက် အဘိညာဉ် ရထားသူသည် ကာမဂုဏ် ငါးပါးတို့ ၏
အထင်ပေါက် အမြင်ပေါက် အဘိညာဉ် ရသူသည် အသားနှင့်တူကုန်၏။
အသားသည် လှည်းထမ်းပိုးပြုလုပ်ရာ`၌ အနှစ်ကဲ့သို့  ခိုင်ခန့် မည်မဟုတ် သောကြောင့်
အကျိုးပျက်စီးပေမည်။
ဆိုခဲ့ပြီးသော အကိုင်းအခက်နှင့် တူသော လှူ ဒါန်းပေးကမ်းခြင်း တို့ သည်၎င်း။
အပွေးနှင့်တူသော သီလ ဆောက်တည်ခြင်းတို့ သည်၎င်း။အကာနှင့်တူသောသမာဓိ
ထူထောင်ခြင်းသက်သက်သည်၎င်း။အသားနှင့်တူသော အထင်ပေါက်အမြင်ပေါက်
သမထ ပြီးမြောက်ခြင်းသည်၎င်း။…………ဇာတိ ဇရာ မရဏ  သောက ပရိဒေ၀ ဒုက္ခ
ဒေါမနဿ ဥပါယာသ တည်းဟူသော ဆင်းရဲခြင်းတို့ မှ လွတ်မြောက်ခြင်းမဟုတ်သော
ကြောင့်အကျိုးမပြီး ကိစ္စ မပြီး သေးသဖြင့် တင်းတိမ် ရောင့်ရဲ ၍ မနေသင့်ပါ ။
အခြေခံအားဖြင့် လိုအပ်သည်မှန်သော်လည်း ထိုမျှလောက်ဖြင့် ဆင်းရဲမလွတ်ပါသော
ကြောင့် မတင်းတိမ်ကောင်းပေ။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမှသာလျှင် အနှစ်ကိုရသောသူ အကျိုးရှိသောအလုပ်ဖြင့်
ကိစ္စ ပြီးသောသူ ဖြစ်ပေလိမ့်မည်။
ထို့ ကြောင့် လှူ နိုင်တန်းနိုင် ပေးနိုင်ကမ်းနိုင် တိုက်တာ အဆောက်အဦးတို့ ပိုင်ဆိုင်၍
ကားလေးစီးနေနိုင်ရုံမျှနှင့်လူဖြစ်ကျိုးနပ်ပြီဟူ၍ မနေလိုက်ပါနှင့်။ အကျိုးကိစ္စ မပြီးသေး
သဖြင့်  ဒုက္ခ မှ မငြိမ်းသေးသဖြင့် အေးအေး မနေကြပါနှင့် ဟု မှာလိုက်ချင်ပါသည်။
အကိုင်းအခက်လေး။အပွေးလေး။အကာလေး။အသားလေးမျှ ဖြင့် မတင်းတိမ်ပဲ
အနှစ်ထမ်း၍ ဘ၀ ကူးနိုင်ကြပါစေ။
ကိုးကား။  ။ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အကာကိုပယ်၍ အနှစ်ကိုရှာရန်  တရား
တော် မှ ထုတ်နုတ် ဖေါ်ပြပါသည်။
No comments:
Post a Comment