Monday, October 17

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကိုယ့်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်းသိတာ ယူ


ခန္ဓာ ငါးပါး တစ်ပါးပါးကို ဘာလုပ်ရမယ်။ ၀ိပဿနာ ရှုရမယ်။
ခန္ဓာငါးပါး ဘာသစ္စာ။ ဒုက္ခသစ္စာပါ။
အို..ဒါက ဆရာပြောလို့ သိတာပဲ ရှိသေးတယ်။ ကိုယ့်ဥာဏ်နဲ့
ထိုးထိုးထွင်းထွင်းမသိသေးပါဘူး။
အေး… လက်တွေ့ပြပါမယ်။ကိုယ့်လက်မောင်းကို ကိုယ် လက်သည်း
နဲ့ ဆိတ်ကြည့်။ ကဲ… အခုပဲ ဘယ်ဘက် လက်မောင်းကို တန်းလိုက်
ညာဘက် လက်သည်းနဲ့ ဆိတ်ကြည့်။ နာကျင်တဲ့ ဝေဒနာ မပေါ်ဘူးလား။
ဒုက္ခဝေဒနာပေါ့ဗျာ။ မဆိတ်ခင်တုန်းက သုခ ဝေဒနာ။ ဆိတ်လိုက်တော့
ဒုက္ခ ဝေဒနာ။ သုခ ဝေဒနာလည်း ဖြစ်ပြီးပျက်။ ဒုက္ခဝေဒနာလည်း ဖြစ်ပြီးပျက်။
ဒီတော့ သူတို့ဟာ အသုဘ။ ခင်ဗျားတို့က ပုပ်ညီု နေမှ အသုဘ လို့
ထင်ကြတာ။ ဒီလို မယူလိုက်ပါနဲ့တဲ့။ အမလေး နာလှချည်ရဲ့လို့
အော်နေမှ ဒုက္ခလို့ ဒုက္ခသစ္စာလို့ ဒီလို မယူလိုက်ပါနဲ့။

ဖြစ်ပျက်နေတာသည်ပင် ဒုက္ခ။ သူတို့သည်ပင် မတင့်တယ်လို့
အသုဘ။ သုခ ဖြစ်ဖြစ် ၊ ဒုက္ခဖြစ်ဖြစ် ၊ ဥပေက္ခာ ဖြစ်ဖြစ်၊ သူတို့
တွေဟာ ဖြစ်ပျက်နေကြတယ် ဆိုရင် ဒုက္ခပေါ့။ အဲ့ဒီ ဒုက္ခဟာ
အသုဘ ပေါ့။ အဲ့ဒီလိုယူပါ။ ဒါဆိုရင် ကိုယ့်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း
သိတာပဲ။”ဟူလို။

ယ ဒ နိစ္စံ။ တံ ဒုက္ခံ။   ။ ယံ- အကြင်တရားသည်၊ အနိစ္စံ- မမြဲ၊
တံ-ထိုမမြဲသော တရားသည်၊ ဒုက္ခံ- ဆင်းရဲပင်ဖြစ်၏။ အနိစ္စတရား
သည်ပင် ဒုက္ခတရားဖြစ်၏။ နောက်ထပ် အသစ် အထူးမရှိ ဟူလို။

ဘာကြောင့် ဒုက္ခတရားဟု ဆိုရပါသလဲ။ ဥပ္ပါဒ ၀ယ ပဋိပီဠနတာယ=
ဖြစ်ခြင်း ပျက်ခြင်းက ခဏ မစဲ အမြဲ နှိပ်စက်အပ်သောကြောင့်
ဒုက္ခတရားဟု ဆိုရသည်။ ဖြစ်-ပျက် နှစ်ရပ်က မပြတ် နှိပ်စက်အပ်
သောကြောင့် ဒုက္ခ ဆိုရသည်

ထိုတွင် အပျက်က နှိပ်စက်တယ်ဆိုတာထင်ရှားပါ၏။ ဖြစ် ဖြစ်
လာသမျှတွေကို ဖျက်  ဖျက် ချနေသောကြောင့် အပျက်က နှိပ်စက်
တယ်ဆိုတာ သိလွယ်ပါသည်။

အဖြစ်က နှိပ်စက်တယ်ဆိုတာကျတော့ ဘယ်လိုဟာလဲ။ အေး….
ဒါကို အဖြေပေးရပေမည်။ အဖြစ်က  နှိပ်စက်တယ်ဆိုတာ ပျက်ဖို့
အတွက် ဖြစ်  ဖြစ်ပေးနေလို့။

ဤကိစ္စအတွက် စာထဲမှာ ဥပမာ ပေးထားတာက  သားသမီး
အဖတ် မတင်တဲ့ မိခင်လိုတဲ့။ မိခင်တစ်ယောက်မှာ ရင်သွေး
သားကလေး မွေးဖွားလာ၏။ မကြာခင် သေသွားသည်။
မိခင်  စိတ်ဆင်းရဲရ၏။ သောက ပရိဒေ၀မီး တောက်ရသည်။
နောက်တစ်ခါ သားငယ်ကလေး ဖွားပြန်၏။ ဂရုစိုက်နေသည့်
ကြားက သေသွားပြန်သည်။ မိခင် စိတ်ဆင်းရဲရပြန်၏။
သောက ပရိဒေ၀မီး တောက်ရပြန်သည်။

ထို့နောက်တစ်ခါ သားငယ်ကလေး ရလာပြန်၏။ ဒီတစ်ခါ
မသေအောင်ပြုစုမည်ဟု  အားခဲ၍ ကြိုးစားပြုစုနေသည့်ကြားက
သေသွားပြန်သည်။ မိခင်ခမျာ  အကြီးအကျယ် သောကရောက်
ရပြန်၏။ ပရိဒေ၀မီး တောက်ရပြန်သည်။

ဤသို့ သားကလေး ဖြစ်ပေါ် ဖြစ်ပေါ်နေသည်မှာ ပျက်ဖို့ ပျက်ဖို့
အတွက် ဖြစ်ပေးနေသလို ဖြစ်နေ၏။ သည်သို့ ဆိုလျှင် ပျက်မှာ
အတူတူ အစကတည်းက မဖြစ်ပဲ နေရင် အကောင်းသား။
(သေမှာဆိုရင် အစကတည်းက မမွေးပဲ နေရင် အကောင်းသား)
ဟု ညည်းညူရတော့သည်။ ဤနည်းအားဖြင့် အဖြစ်က နှိပ်စက်သည်ကို
သိပါလေ။


(မိုးကုတ် ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ မှ)


No comments:

Post a Comment