Wednesday, July 24

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ခန္ဓာကြီးက သေရွာသွားနေပုံ တရားတော်

  
 ခန္ဓာရအောင် ဆုတောင်းလာကြလို့ သေရာသွားတဲ့အလုပ်ကို နောက်ဆုတ်ကြလို့ ရသေးရဲ့လား (မရပါဘုရား) အခုမသွားဖို့ရာ အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူး၊ နောက်ထပ်ဒီစခန်းနဲ့
ဒီလမ်းမျိုးမတွေ့ရအောင်၊ မကြုံရအောင်တော့ဖြင့် တတ်နိုင်တဲ့ နည်းလမ်းရှိပါတယ်လို့ပဲ မှတ်ကြပါ၊ ဒကာ
ဒကာမတို့ ခင်ဗျားတို့ ကိုယ်တိုင်က အရယူထားလို့ မတတ်နိုင်တာပါလို့ ဖြေရုံပဲ (မှန်ပါ့)၊ ဥပါဒါန်က စွဲပြီးလုပ်
ထားတဲ့အလုပ်တခုကိုး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်က ဖဂ္ဂုနဆိုတဲ့ ရဟန်းတပါးရှိတယ်၊
အဲဒီ ရှင်ဖဂ္ဂုနဆိုတဲ့ ရဟန်းတပါးဟာ မမာဘူးပေါ့၊ သနားစရာ ခိုကိုးရာမဲ့ ဖြစ်နေတယ်၊ မမာတာကလဲ လွန်လို့
ပါကလား၊ ရောဂါကလဲ ကြီးလိုက်တာ၊ ဒါနဲ့ ရှင်အာန္ဒကပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးထံ သွားလျှောက်
တယ်၊ ဒီအတိုင်းပဲကြည့်ရတာဖြင့် အလွန်သနားစရာ ကောင်းပါတယ် ဘုရား၊ ဒါကြောင့် အရှင်ဘုရားသနား
သဖြင့် ရှင်ဖဂ္ဂုနရှိတဲ့နေရာကို ကြွပေးတော်မူပါလို့ သွားလျှောက်တယ်။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ရှင်ဖဂ္ဂုနရှိရာသို့ ကြွလာတယ်၊ ဘုရားသခင်က မင်းဝေဒနာ ဘယ်
နှယ့်နေသတုံးမေးတော့ ဖဂ္ဂုနက ဝေဒနာတွေဟာ ဘုရားမဆုတ်ပါဘူး တိုးသာတိုးနေပါတယ်၊ ခေါင်းကိုက်
လိုက်တာလဲ လွန်နေတာပါပဲဘုရားလို့ ဝမ်းထဲကနာတာတွေလဲ အင်မတန်မှ ပြင်းထန်ပါတယ် အစရှိသည်နဲ့
ဝေဒနာနှိပ်စက်ပုံတွေကို အမျိုးမျိုးအဖုံဖုံ လျှောက်ထားပြတယ်၊ မြတ်စွာဘုရားသခင်က ဟောလိုက်တာ ဝေဒ
နာက ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့မရောစေနဲ့ဟေ့လို့ (ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့မရောစေနဲ့)၊ ဝေဒနာက သူ့ဟာသူ ဟိုက
နာလိုက်၊ ဟိုကကျဉ်လိုက်၊ ဒီကကိုက်လိုက်၊ ဟိုကထိုးလိုက်၊ ဟိုကနာလိုက်နဲ့ ခန္ဓာကိုယ်ရှိနေရင်၊ ဝေဒနာက္ခ
န္ဓာချည်းဆိုသောကြောင့် ဝေဒနာကတော့ ရှိနေမှာပဲ ဝေဒနာက္ခန္ဓာကိုးဗျ၊ ဒါ..သေခါနီးမှ ဒီတရားပွားများရ
တယ်၊ နဂိုက ဘာမှမသိတဲ့ ဖဂ္ဂုနရဟန်းကလေးဟာ အနာဂါမ်တည်ပါတယ်၊ ဒါကို ပြောချင်လို့နော်၊ ဝေဒနာ
ကတော့ နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ မနာပေဘူးလား (နာပါတယ်ဘုရား)၊ အဲဒါကို ဒကာ ဒကာမတွေက
ငါ့မှာမှ ဖြစ်မှဖြစ် ရလေခြင်းလို့၊ လက်မောင်းနာလဲငါ၊ ကျုပ်လက်မောင်းနာနေပြန်ပြီ၊ ကျုပ်လည်ချောင်းနာနေ
ပြန်ပြီ၊ ကျုပ်ရင်ခေါင်းနာနေပြန်ပြီ၊ အစရှိသည်နဲ့ ကျုပ်တို့ ငါတို့က ဝေဒနာနဲ့သွားပူးတယ်..သဘောကျပလား၊
ငါ့မှာ ဖြစ်မှဖြစ်ရလေခြင်းဆိုပြီး ဝေဒနာထဲမှာ ငါသွားရောတယ် (မှန်ပါ့)၊ ငါ့ဝေဒနာလို့ ဆိုရမှာလဲ ငါကလည်း
တခြား၊ ဝေဒနာကလည်း တခြား၊ ငါဆိုတာက ရှိတာလဲမဟုတ်ပါဘူး (မှန်ပါ့)၊ ဒီနေရာဟာ ဝေဒနာပေါ်ပြီ 
ဒီနေရာ ဝေဒနာပျက်တယ်၊ ဟိုနေရာမှာ ဝေဒနာပေါ်ပြီး ဟိုနေရာ ဝေဒနာပျက်တယ်၊ ဒီလိုသာ ဉာဏ်နဲ့လိုက်
နေပါ၊ ဝေဒနာပေါ်ရာကို ဖြစ်ပျက်လိုက်နေပါလို့ သတိပေးလိုက်တယ်၊ ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့လို့ ဘုရားက
ဒီလူမမာကို ဒါပဲဟောနေတယ်၊ ဝေဒနာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါဘုရား)၊ ဝေဒနာက္ခန္ဓာဆိုတာ ဝေဒ
နာစေတသိက်ပဲ၊ နာမ်ဓမ္မတစ်မျိုးပဲ၊ ဒိဋ္ဌိနာမ်နဲ့ ဝေဒနာကို သွားပြီးရောပစ်နေကြတာ၊ ဒကာ ဒကာမတွေ၌၊
"ဝေဒနံ အတ္တတော သမနုဿတိ"ဆိုပြီး၊ သေခါနီးတောင် ဒိဋ္ဌိကဖြစ်လာတတ်တယ်၊ ကိုယ်မှာပေါ်တဲ့
ဝေဒနာကို ဝမ်းထဲက ဒိဋ္ဌိစေတသိက်က သွားပြီးသကာလ အဲ..ဒီဝေဒနာဟာ ငါပဲလို့ တခါးတည်း ဒိဋ္ဌိစွဲစွဲသွား
တာနဲ့ ကိုယ်ကျိုးနည်းတယ်။
ဝေဒနာဟာ ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာသည်ကား ဆိုရင်ဖြင့်မိစ္ဆာဒိဋ္ဌိနဲ့သွားမရောဘဲနဲ့ သမ္မာဒိဋ္ဌိနဲ့ 
လှည့်ပစ်လိုက်၊ ဝေဒနံအနိစ္စတော သမနုပဿတိ၊ ဝေဒနာဟာအနိစ္စပဲလို့ ရှုပေးလိုက် (မှန်ပါ့)၊ ဒါဖြင့် ဝေဒနာ
ကို အတ္တတောန သမနုပဿတိ၊ ဝေဒနာဟာ ငါမဟုတ်ဘူး၊ ဒီဥစ္စာအနိစ္စသာဟုတ်တယ်၊ ဒကာ ဒကာမတွမှာ
ဘယ်လိုဖြစ်လာသတုံးလို့ဆိုရင် ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဝိပဿနာမဂ်ဉာဏ် ရ ရလာတယ်၊ ဘယ်လို့ မဂ်
ဉာဏ်ရလာပါလိမ့်ဆိုတော့ ဝေဒနာကဖြစ်ပျက်၊ ငါမဟုတ်မှန်းသိတာကမဂ်၊ ငါမှမဟုတ်ပဲ၊ အနိစ္စပဲလို့ သူသိ
လိုက်ပြီ၊ သူသိလိုက်တော့ မဂ်မဖြစ်သွားဘူးလား (ဖြစ်သွားပါတယ်ဘုရား)၊ ဒါဖြင့် ဖဂ္ဂုနရဟန်းကလေးကို 
ဝေဒနာနဲ့ ငါနဲ့မရောစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ရှင်းကြပြီလား (ရှင်းပါပြီဘုရား)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး
က ဟောပြီးသကာလ ဝေဒနာနဲ့ ငါနဲ့မရောတဲ့ နည်းရှုပါလို့ ပြောလိုက်တဲ့ အခါကျတော့ ဝေဒနာဟာ ငါမ
ဟုတ်ဘူး၊ အနိစ္စသာဟုတ်တယ် ဝေဒနာပေါ်တိုင်း ငါရှုနေရတာပေါ့ဗျာ၊ ဝေဒနာနံခယော ဘိက္ခုဆိုတဲ့အတိုင်း
ဖြစ်သွားတယ် ဆိုကြပါစို့၊ ဝေဒနာကုန်အောင် ရှုနိုင်တဲ့ ရဟန်းလေးဖြစ်သွားတယ်၊ ဝေဒနာကုန်တယ်ဆိုတာ
နဂိုလ်က ဝေဒနာလို့သာ ဆိုတယ်၊ ကိုယ်ရှုတော့ အနိစ္စပဲတွေ့တယ်၊ မကုန်ဘူးလား၊ ကုန်သလား (ကုန်ပါ
တယ်ဘုရား)၊ ရှုတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့ ဘာတွေ့သတုံး (အနိစ္စပဲတွေ့ပါတယ်ဘုရား)၊ အဲဒီ..အနိစ္စတွေ့
ပြီးနေတော့ ဖဂ္ဂုနမှာ အရင်လို မျက်နှာငယ်မနေတော့ ဝေဒနာနဲ့ ငါနဲ့ကွဲသွားပြီဆိုတာသိနိုင်တယ်၊ ဝေဒနာကို
ဖြစ်ပျက်သဘောသိသောကြောင့် ဝေဒနာပစ္စယာ တဏှာကောလာရဲ့လား (မလာပါဘုရား)၊ မာဟရော...
ဒိဋ္ဌိကော..(မလာပါဘုရား)။
ဒါဖြင့် ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဆိုတဲ့ အာသဝေါကုန်သွားတယ်၊ သော-ထိုရဟန်းသည်၊
ဝေဒနံ-ဝေဒနာကို ပရိညာယ၊ ဪ ဒီဥစ္စာသည် ဖြစ်ပြီးပျက်တဲ့သဘော မှတစ်ပါး ဘာမှမရှိပါတကားဟု ပိုင်း
ခြားဆင်ခြင်သိမြင်နိုင်သောကြောင့် ဒိဋ္ဌေဝ ဓမ္မေအနာသဝေါတဲ့၊ ဝေဒနာ ပစ္စယာ မဂ်သာဖြစ်နေတော့ တဏှာ
ဒိဋ္ဌိလာသေးရဲ့လား (မလာပါဘုရား)၊ အဝိဇ္ဇာရော (မလာပါဘုရား)၊ ဒီကနေ့ ရှုတာကဘာပါလိမ့် (မဂ္ဂင်ပါဘ
ဘုရား)၊ မဂ္ဂင်နဲ့ သိပါတယ်၊ ဒကာ ဒကာမတို့၊ ပရိညာယ၊ ဒါဟာ အဖြစ်အပျက်မှတစ်ပါး ဘာမှ မဟုတ်ပါလား
လို့၊ ပိုင်းခြားပြီးသိလိုက်တဲ့အတွက်၊ ဝေဒနာနဲ့ ဒီကငါနဲ့ကော ရောသေးလား (မရောပါဘုရား)၊ ဝေဒနာသည်
အဖြစ်ပျက်ပါဘဲဆိုသဖြင့် အဝိဇ္ဇာသဝကော လာသေးရဲ့လား (မလာပါဘုရား)၊ မဂ်ပဲ ဖြစ်ပျက်သာ အစစ်ပါပဲ
ဆိုပြီး ပိုင်ပိုင်နိုင်နိုင် သိလိုက်တာနဲ့ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိတာဟာ ဒုက္ခသစ္စသိတာပါပဲ၊ ဝေဒနာကို ငါစွဲ
ရင်ဒိဋ္ဌာသဝဖြစ်မယ်၊ လာသေးရဲ့လား (မလာပါဘုရား)၊ ဘယ်သူက လာသေးသတုံး (မဂ်လာပါတယ်ဘုရား)
မဂ်လာတာပဲရှိတာပဲ၊ မဂ်မလာရင်တော့ သူတို့လာရမယ်၊ ဒါဖြင့် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင်
သိသောကြောင့် နောက်က အာသဝမလာရဘူး၊ ဘယ်လိုဆိုကြပါမလဲ (ဝေဒနာကို ပိုင်းခြားသိလို့ပါဘုရား)၊
ဘာနဲ့ပိုင်းခြားသိသလဲ (မဂ်နဲ့ပိုင်းခြားသိပါတယ်ဘုရား)၊ မဂ်နဲ့ပိုင်းခြားပြီး ဝေဒနာကလေးတွေဟာ ဖြစ်ပျက်
နေတယ်လို့သိတယ်၊ အဲဒါ ပိုင်းခြားသိတာပဲ (မှန်ပါ့)။
ဝေဒနာကလေးဟာ ဘယ်လိုနေပါလိမ့် (ဖြစ်ပျက်နေပါတယ်ဘုရား)၊ ဖြစ်ပျက်နေတယ်လို့ ဟောဒီက 
မဂ်ကပိုင်ပိုင်နိုင်နိုင်သိတယ်၊ မဂ်က ဘယ်လိုသိနေပါလိမ့် (ပိုင်ပိုင်နိုင်နိုင်သိနေပါတယ်ဘုရား)၊ သော ဝေဒနံ
ပရိညာယ၊ သော-ထိုရဟန်းသည်၊ ဝေဒနံ-ဝေဒနာကို၊ ပရိညာယ-ဖြစ်ပျက်ဟု ပိုင်ပိုင်နိုင်နိုင်သိသောကြောင့်၊
ဒိဋ္ဌေဝဓမ္မ-ယခုမျက်မှောက်ဘဝ၌ပင်လျှင် အနာသဝေါ၊ အာသဝေါကင်းတယ်တဲ့ (မှန်ပါ့)၊ ဝေဒနာ ပေါ်တိုင်း
ဖြစ်ပျက်ပဲလို့ သိနေလို့ရှိရင် နောက်က အာသဝတွေ သေသေချာချာ ကုန်နိုင်တယ်၊ ရှင်အာနန္ဒာ ကျန်နေရစ်
တော့ သူ့ရှေ့မှာ ဖဂ္ဂုနဆိုတဲ့ ရဟန်းကလေးက ခေါင်းကလေးတောင်ဖက်စောင်းပြီး စုတိစိတ်ကျတယ် (မှန်ပါ့)၊ စုတိစိတ်ကျသွားတော့ ရှင်အာနန္ဒာက ကြည့်တယ်၊ စက္ခုမျက်လုံး ကြည့်ပြန်တော့လည်း သူသေ
မျက်လုံးနဲ့မတူဘူး၊ နားကြည့်လိုက်လဲသူများကို ကျိုးကွေးနေတယ်မဟုတ်ဘူး၊ လူသေနားနဲ့မတူဘူး၊ နှာ
ခေါင်းကြည့်လိုက်ပြန်လဲ၊ ကျွံသွားတယ်၊ ဖောင်းလာတယ် မရှိဘူး၊ လူရှင်ကိုယ်အတိုင်းပဲ (မှန်ပါ့)၊ ဝိဉာဏ်
တော့ ချုပ်သွားပြီတဲ့၊ သို့သော်လဲ အကုန်လူကောင်း အတိုင်းဖြစ်နေတော့ ထူးတယ်ဆိုတော့ ရှင်အာနန္ဒာက
ဘုရားရှိသွားပြန်တယ်၊ သေပေမဲ့ သူများသေပုံနဲ့မတူဘူး၊ ခေါင်းကလည်း တောင်ဘက်စောင်းတယ်၊ စက္ခု၊
သောတ၊ ဃာန၊ဇိဝှာ၊ အိနြေ္ဒတွေလည်း ဘာမှ မညိုးဘူး ဘုရားလို့လျှောက်တော့ ဘုရားက အာနန္ဓာ သေခါ
နီးမှာ ဝေဒနာနုပဿနာရှုပြီး ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိလို့ အာက်သံသရာသွားတတ်တဲ့ အာသဝေါကုန်ပြီး
သေတဲ့ အနာဂါမ်သေတာလို့ ဖြေလိုက်တယ်၊ ရိပ်မိပြီးလား (ရိပ်မိပါပြီဘုရား)။
  အနာဂါမ်ဖြစ်သွားတာတဲ့ (မှန်ပါ)၊ ဒါဟာ သေခါနီးမှဖြစ်တာ၊ အနာဂါမ်ဆိုတော့ ဒကာ ဒကာမတွေစိတ်ချရပြီ
မဟုတ်လား၊ အနာဂါမ်ဆိုတာ ကာမဆယ့်တစ်ဘုံးဆိုတဲ့ ဒီလူ့ပြည်တို့၊ နတ်ပြည်တို့ကို လုံးဝမလာတော့ဘူး၊
ဗြဟ္မာ့ပြည်ကနေပြီး နိဗ္ဗာန်ကူးတော့မှာပဲ၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)၊ ဒကာ ဒကာမတို့ မသေခင်ဘဲ 
အောက်သံသရာလည်စေတဲ့ အာသဝေါကုန်တယ်၊ သေတော့ သူများပံစံနဲ့ တူသေးရဲ့လား (မတူပါဘုရား)၊
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တော့ ဝေဒနာကို ငါနဲ့မရောပါစေနဲ့၊ မိစ္ဆာဒိဋ္ဌိနဲ့မရောစေနဲ့၊
သမ္မာဒိဋ္ဌိနဲ့ ကြည့်လိုက်စမ်းပါ ဆိုတော့ ဖြစ်ပြီးပျက်တာပဲ သူမြင်တာပဲ၊ ဒါတွေချည်းမြင်ပြီး ဒါတွေရှုပြီး သေ
လိုက်တော့ ဒကာ ဒကာမတို့ သုံးမဂ်ကိုရတယ်၊ သုံးမဂ် သုံးဖိုလ်ရတယ်၊ ဒါနဲ့ ရှင်အာနန္ဒာက ဘုရားကိုသွား
လျှောက်တော့ ဘုရားက ဖဂ္ဂုနဟာ အနာဂါမ်တည်သွားတယ်လို့ ထောက်ခံချက်ပေးလိုက်တယ်၊ ဒါနဲ့ ဘုရား
က ဖဂ္ဂုနကို အကြောင်းပြုပြီး အကြောင်းပေါ်လာတယ်၊ သံဃာတော်တွေကော၊ ပရိသတ်တွေရောစုကြဟု
အမိန့်ရှိတယ်၊ သေနည်းသင်ပေးမှာ၊ ဒကာ ဒကာမတို့ သေနည်းဘယ်နှစ်မျိုးရှိသတုံး (ခြောက်မျိုးရှိပါတယ်
ဘုရား)၊ ပုထုဇဉ်အတွက်မှာ သုံးမျိုး၊ အထက်အရိယာ ပုဂ္ဂိုလ်များမှာ သုံးမျိုးစီရှိကြတယ်၊ ပုထုဇဉ်သေနည်း
သုံးမျိုးက ဖဂ္ဂုနသေတာကို သိကြရပြီ၊ အလောင်းသွားကြည့်တော့ ဣနြေ္ဒတွေ ဘယ်တော့မှ မချို့တဲ့ဘူးဆို
တာလဲသိကြရပြီ၊ အဲဒီတော့ သူဟာနဂိုရ်တုံးကတော့ သက္ကာယဒိဋ္ဌိမပြုတ်ဘဲနဲ့ နေခဲ့တယ်၊ ဝေဒနာနဲ့ ငါနဲ့ရော
နေတယ်ဆိုတော့ ဝေဒနာအတ္တတော သမနုပဿတိဆိုတဲ့အတိုင်း သက္ကာယဒိဋ္ဌိပြုတ်ပါရဲ့လား (မပြုတ်ဘု
ရား)၊ ဘုရားကလားပြီး အတ္တဖြုတ်ပေးလိုက်တဲ့ အခါကျတော့ အတ္တကအနတ္တဖြစ်မသွားဘူးလား (ဖြစ်သွားပါ
တယ်ဘုရား)၊ ဖြစ်သွားတဲပအတွက်သူ့မှာ သေနည်းကမှန်သွားတယ်၊ ဝေဒနာကို ပိုင်းခြားသိပြီးသကာလ
သွားသေကြောင့် မသေခင်ဘဲ သူနဲ့ဆိုင်ရာ အောက်အာသဝတွေအကုန် ကုန်တယ်၊ မကုန်ဘူးလား (ကုန်ပါ
တယ်ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် သေနည်းဘယ်နှစ်မျိုးတုံး (သုံးမျိုးပါဘုရား)။

 -  ဘုရားဟောတဲ့ ဝေဒနာနဲ့ငါမရာတဲ့တရားကို ကိုယ်က ရှုပွားပြီး သေရသော်လည်းကောင်း၊

-  ဘုရား၏ တပည့်သားများ၏ ဝေဒနာနဲ့ ငါနဲ့မရောတဲ့တရားကို၊ ဖြစ်ပျက်ရှုတတ်တဲ့ တရား
ကိုဟောလို့ နာကြားပြီး ကိုယ်က ရှုပွားပြီး သေရသော်လည်းကောင်း သို့မဟုတ်...

-  ဟောမည့်ပုဂ္ဂိုလ် အထက်ပါပုဂ္ဂိုလ်နှစ်မျိုးစလုံးမရှိဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဖြစ်ပျက်ရှုပြီး
သကာလ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကို လုပ်ပြီးသေခဲ့ရသော်လည်းကောင်း၊

သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်ပြီးသေနိုင်တယ်၊ ဖဂ္ဂုနသေနည်းမျိုး၊ ဒါ..စိတ်သာချပေတော့၊ 
သဘောကျပြီးလား (ကျပါပြီးဘုရား)၊ ဒကာ ဒကာမတို့ ဘုရားထံမှ တရားနာဖို့ဆိုတာ ဘုရားကလည်း မရှိ
တော့ပါဘူး၊ ဒါကြောင့် (၁) နံပါတ်ကလွတ်သွားပြီ၊ (၂) နံပါတ်ဆိုတာကလည်း ခင်ဗျားတို့ကလည်း ဖျတ်ခနဲ
သေချင်သေတာမျိုး၊ ဒီလို ဆရာလျှောက်ရှာလို့လည်း တွေ့ချင်မှတွေ့တားကိုး၊ သေမှာက ဘယ်သူမှ အချိန်
သိကြတာမဟုတ်ဘူး၊ သေမှာသာသိတယ်၊ ဒီအထဲမှာ ဒကာ ဒကာမတွေ အချိန်သိတဲ့ ဒကာ ဒကာမတွေ
တစ်ယောက်မှမပါဘူး (မှန်ပါ့)၊ ပါကြရဲ့လား (မပါပါဘူးဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းအကောင်း
ဆုံးလို့ဆိုတာ...ကိုယ့်အတွက်မှာဖြင့် ဝေဖန်ပါတော့ဆိုတော့ (၃) နံပါတ်နည်းအကောင်းဆုံးပဲ၊ နံပါတ် (၃)၊
အကောင်းဆုံးဆိုတာ ဝေဒနာက္ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲလိုက်ကြပါ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)၊
(၁) နံပါတ် ဘာဖြစ်လို့မမျှော်ရတာတုံး (ဘုရားပရိနိဗ္ဗာန်စံသွားပါပြီဘုရား)၊ ဘုရားမရှိတော့လို့ ဘုရားကသေ
ခါနီးလာဟောခဲ့လို့ ကိုယ်က နှလုံးသွင်းရင်လည်း ဒါဟာ အနာဂါမ်ထိရောက်အောင် ထည့်နိုင်တယ်လို့
ဟောတာကိုး (မှန်ပါ့)၊ အဲဒီတော့ (၁) နံပါတ်က မျှော်လင့်ချက်ကုန်သွားပြီး၊ (၂) နံပါတ်ကလည်း ဘယ်လို့
စဉ်းစားကြမယ်၊ (ကိုယ်သေမည့်အချိန်မသိလို့ပါ)၊ သေမည့်အချိန်ကို မသိလို့ဥစ္စာ။
ဒကာ ဒကာမတွေဟာ တို့ဘုန်းကြီးပင့်ထားတယ်၊ တို့ဆရာ ပင့်ထားမယ်ဆိုလို့ရှိရင်လည်း မဖြစ်နိုင်သလိုပါ
ပဲ၊ သိနေရင်တော့ ဟုတ်တာပေါ့၊ သေချိန်ကို ဘယ်သူမှ သိတာမဟုတ်ဘူး၊ အဲဒီတော့ (၂) နံပါတ်ကိလည်း
ခင်ဗျားတို့ အားမကိုးနဲ့၊ အားကိုးလို့ကောတည့်ပါမလား (မတည့်ပါဘုရား)၊ ဘာဖြစ်လို့မတည့်သတုံး (သေမည့်အချိန် မသိလို့ပါဘုရား)၊ သေချိန်သိတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ ဘယ်သူပါကြသလဲ (ဘယ်သူမှမပါပါ
ဘုရား)၊ မသိတော့ ဒုတိယအချက်ကို အားကိုးလို့တော်ပါမလား (မတော်ပါဘုရား)၊ ဒါဖြင့် ဘာအားကိုးကြ
မလဲ (၃-နံပါတ်ပါ)၊ (၃) နံပါတ်ကတော့ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဉာဏ်နဲ့သာဖြစ်ပျက်ရှု (မှန်ပါ့)၊ 
မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဉာဏ်နဲ့သာဖြစ်ပျက်ရှုပြီး သေလိုက်ပါတဲ့၊ ဘယ်ကျအောင်ဖြစ်နိုင်သတဲ့တုံး
(အနာဂါမ်ကျအောင် ဖြစ်နိုင်ပါတယ်ဘုရား)၊ သောတာပန်လဲဖြစ်နိုင်တယ်၊ သကဒါဂါမ်လဲဖြစ်နိုင်တယ်၊ အလွန်ဆုံး အနာဂါမ်လဲဖြစ်နိုင်တယ်၊ ဒါပုထုဇဉ် သေရင်ပြောတာ။
အနာဂါမ်သေရင်တော့ ရဟန္တာဖြစ်နိုင်တယ်၊ ဒီသုံးချက်နဲ့ ကြုံလို့ရှိရင် (မှန်ပါ့ဘုရား)၊ အဲဒီတော့ အင်္ဂုတ္ထိုရ်
ပါဠိတော်မှာ ဖဂ္ဂုနအကြောင်းပြပြီး ဘုရားကိုယ်တိုင် ရှင်အာနန္ဒာကိုဟောတာ၊ ဒီတော့ ဒကာ ဒကာမတို့၊
အင်မတန်းအဖိုးတန်တဲ့ အဓိပ္ပါယ်ဟာ ရှင်းသွားပြီလား (ရှင်းသွားပါပြီဘုရား) ဪ...ဒါဖြင့် တို့သည်ကား
ဆိုလို့ရှိရင် ငါသေရင် ဘယ်ရောက်မှာတုံးလို့ ဘာမှတွေးမနေနဲ့၊ အောက်သံသရာသွားတဲ့ အာသဝကုန်ရင်
အောက်သံသရာမရောက်တာပဲ၊ တချို့ကျတော့လည်း သားကလေး ခေါ်ပေးပါဦး၊ ပစ္စည်းကလေး အစရှိ
သည်နဲ့ သုံးပုံပုံပြီးသကာလ ဒါကလေးကတော့ ကျုပ်အတွက် သင်္ဂြိုလ်ဖို့၊ ကျန်တာတွေကတော့ ဘယ်သူ
တွေ ဘယ်သူတွေယူကြ၊ စသည်နဲ့လုပ်လေ့ရှိကြတယ်၊ အဲဒါ မကောင်းသေးဘူး၊ သားခင်တဲ့ တဏှာရယ်၊ 
အဲဒီတော့ ဒကာ ဒကာမတို့ နန်းတော်အိမ်တောမှ ဆင်ဖြူတော်ဖြစ်ရုံ စသည်လောက်ပဲရှိမယ်၊ အိမ်တော်မှာ
ဖြစ်ရတာ ခုနှင်က ကျုပ်သေတဲ့အခါ ကျလို့ရှိရင် ဘာလုပ်ဖို့ညာလုပ်ဖိုဆိုတဲ့ ကုသိုလ်ကလေးမျိုးကသွားပြီး
အကျိုးပေးတယ်၊ အဲဒီတော့ ဒကာ ဒကာမတို့ ဒီသေနည်းသုံးမျိုးသည် အင်မတန်အရေးကြီးတယ်ဆိုပြီး
ဘုရားသခင်ကိုယ်တော်မြတ်ကြီး နှုတ်ကဖွင့်ဟောတာလို့မှတ်ပါ၊ အရေးမကြီးတာကို ပြုံးတောင်မပြုံးဘူးလို့
ခဏ ခဏ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်ဘုရား)၊ အရေးမကြီးတဲ့အလုပ်ဆိုလို့ရှိရင် ဘုရားက အသံတော်
ထွက်ရမှာဝေးလို့ ပြုံးတောင်မပြုံးဘူး၊ ပြုံးလာလို့ရှိရင်တောင်မှ ကယ်တင်ချင်လို့ပဲမှတ်၊ ထုတ်ဖော်ဟောလို့
ရှိရင်ဖြင့် အထမြောက်နိုင်တဲ့အလုပ်မို့ ထုတ်ဖော်ပြောတာလို့မှတ် (မှန်ပါ့)၊ (၁) နံပါတ်လဲ ကျုပ်တိုဘုရားနဲ့
မတွေ့နိုင်တော့ ပယ်လိုက်၊ (၂) နံပါတ်လဲ သေချိန်မသိလို့ ပယ်လိုက်၊ (၃) နံပါတ်ကိုပဲ နှလုံးသွင်းကြ
ပါလို့ တိုက်တွန်းပါတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။

အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။

No comments:

Post a Comment