Thursday, June 2

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၉)

ဘုရားရှင်ကိုယ်တော်မြတ်က ဒကာ ဒကာမများ ကိုယ့်ကိုယ်ကို တွေးလုံးထုတ်ကြပါဟု မှာကြောင်းဖြင့် ဤတရားကို စတင် ဟောကြားတော်မူသည်။ ငါ အိုပြီ။ ငါ မကြာခင် သေရတော့မည်ဟု တွေးတေား ဆင်ခြင်ရမည်။ အိုသေ ဘယ်ကလာသလဲ စဉ်းစား ဆင်ခြင်ရမည်။ အိုသေ ဇာတိ ပဋိသန္ဓေက လာသည်။ ပဋိစ္စသမုပ္ပာဒ်မှာ ပေါ်သည်။ အိုသေ ဇရာ မရဏသည် ဒုက္ခသစ္စာ ဖြစ်သည်။ ဤတွင် ဇာတိ ပဋိသန္ဓေက သမုဒယသစ္စာ အိုသေက ဒုက္ခသစ္စာ ဖြစ်သည်။ ဇာတိ ဘယ်ကလာသလဲ။ ကမ္မဘဝက လာကြောင်း ပဋိစ္စသမုပ္ပာဒ်ကို နောက်ဆုတ်တွေးလျှင် သိရသည်။ ကမ္မဘဝက သမုဒယသစ္စာ ဇာတိက ဒုက္ခသစ္စာ ထိုသစ္စာ နှစ်ခုချုပ်လျှင် နိရောဓသစ္စာ လာသည်။ ထိုသို့ ချုပ်ကြောင်းအကျင့်က မဂ္ဂသစ္စာ ဖြစ်သည်။ မဂ္ဂသစ္စာ မပါရင် မပြီးပါဟု ဆိုထားသည်။
တစ်ဖန် ဥပါဒါနပစ္စယာ ကမ္မဘဝကို သစ္စာဖွဲ့ ပြသည်။ ခန္ဓာငါးပါးကြောင့် တဏှာဖြစ်ပုံအထိ ဖော်ပြသည်။ နီးသောအကြောင်းကတော့ ဝေဒနာဖြစ်ပုံကိုလည်း ဆိုသည်။ ကိုယ့်ခန္ဓာ ကိုယ်ခင်တာ တဏှာဖြစ်ကြောင်းလည်း ဆိုသည်။ တဏှာဘယ်ကလာသလဲ။ ဥပဓိက လာသည်။ ဥပဓိဆိုတာ ခန္ဓာပဲဟုလည်း အဓိပ္ပာယ် ဖွင့်ပြထားသည်။ ခန္ဓာကို ခင်လို့ အိုနာသေရတာဟု ရှင်းပြပြီး ဆရာတော်က "ခန္ဓာခင် သေချင်လို့" ဟု သုံးနှုန်း ဖော်ပြထားသည်။
ထိုစကားမှ နှစ်အကွက် ခန္ဓာငါးပါးကို သုံးအကွက် တဏှာနှင့် ခင်မင်တွယ်တာ စွဲလမ်းသောကြောင့် လေးအကွက် ဇာတိ ဇရာ မရဏ ရသည်ဟု ဆိုလိုသည်။ ဘုရားအဆူဆူနှင့် လွဲခဲ့ရတာ ခန္ဓာခင်ပြီး သေပွဲချည်း ဝင်ခဲ့၍ ဖြစ်သည်ဟု ဆိုသည်။ လူတွေက ခင်ခင်မင်မင် နေဖို့ကို ဆုံးမတတ်ကြသည်။ ထိုစကားသည် ဘုရားဟောတရားနှင့်မူ ဖီလာ ဆန့်ကျင်ဖြစ်ကြောင်းလည်း ဆိုထားသည်။ ခန္ဓာကို ဝိပဿနာရှုဆိုတာ သမုဒယ သေအောင်လို့ ဖြစ်သည်။ သမုဒယသေ၍ ခန္ဓာကို မခင်လျှင် သေပွဲမဝင်ရတော့ပါ။ ဝေဒနာ ဖြစ်ပျက်ရှု ဝေဒနာနှင့် တဏှာကြားမှာ မဂ်ဝင်လျှင် ဇာတိ ဒုက္ခသစ္စာ မလာတော့ပါ။ သေပွဲ လွတ်ပြီ။
ဘုရားက ဤခန္ဓာကို မခင်ကြနှင့် ဒီခန္ဓာသည် အဆိပ် ရောထားသော အရက်ခွက်နှင့် တူသည်။ မူးချင်လို့ ပုထုဇဉ် အရူးက သောက်လျှင်သေမည်။ ဒါကြောင့် ဖဿမှာပေါ်သော စိတ်ကို ဖြစ်ပျက်ရှု မြင်လို့ခင်တဲ့ ဝေဒနာကို ဖြစ်ပျက်ရှု ရှုလျှင် ဝေဒနာနှင့် တဏှာကြားမှာ မဂ်ဝင်ပြီး ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်သည်။ သေဘေးဇာတိ မလာနိုင်ပြီ။ ဤကား အဆိပ်ရော အရက်ကို မသောက်မိအောင် ရှောင်နည်းဖြစ်သည်။ ရှောင်ဆိုတာ ဝိပဿနာရှုဟု ဆိုခြင်းဖြစ်သည်။ ဖြစ်ပျက် ဝိပဿနာရှုလျှင် အသေလွတ်သည်။ နိဗ္ဗာန်ရောက်သည်။

                                                                                                                         ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment