Thursday, June 2

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၇)

အဝိဇ္ဇာ မချုပ်သေးသမျှ အဝိဇ္ဇာပစ္စယာသင်္ခါရာ သင်္ခါရပစ္စယာဝိညာဏံ ပဋိစ္စသမုပ္ပာဒ် သံသရာစက်လည်နေသည်သာ ဖြစ်သည်။ ယခုဘဝ ခန္ဓာ ဒုက္ခသစ္စာ ရရှိနေခြင်းသည် ရှေးဘဝက မသိမှုကြောင့် ပြုချင်ရာ ပြုခဲ့မိလို့ ဖြစ်သည်။ အလိုလို ဖြစ်သည် မဟုတ်။ အရေးကြီးသည်မှာ ဒုက္ခသစ္စာထဲ ရောက်နေစဉ်မှာ နောက်ထပ် သမုဒယသစ္စာ ဖြစ်မလာရေးပင် ဖြစ်၏။ အဝိဇ္ဇာသင်္ခါရ ပြန်မပေါ်မှ ဖြစ်မည်။ သမုဒယသစ္စာ ပြန်မပေါ်သော နည်းကိုသိမှ ဖြစ်မည်။
ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါ်ထွက်လာလျှင် နောက်ဒုက္ခသစ္စာ ရဦးတော့မည်။ သို့ဆိုလျှင် သံသရာ အဝိုင်းပြေး ပြေးနေရမည်။ ဆုံလည်နွားဖြစ်တော့မည် သေချာသည်။ သံသရာရှည်တယ်ဆိုတာ အဝိုင်းပြေး ဖြစ်နေခြင်း ဖြစ်သည်။ ဒီဘဝမှာ ထွက်လမ်း မတွေ့လျှင် နေခြင်းဆိုး နေခဲ့၍ သေခြင်းဆိုး ကြုံရဦးတော့မည်။ အဝိဇ္ဇာချုပ်သရွှေ့ အို နာ သေဘေး ကြုံရဦးမည်။
ထို့နောက် အဝိဇ္ဇာ မသိမှုကြောင့် နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းမှားပုံ ဆုတောင်း(တဏှာ)ကြောင့် နောက်ဘဝ ဒုက္ခသစ္စာခန္ဓာရပုံကိုပင် ပြန်ပြသည်။ ဒုက္ခခန္ဓာ ရတုန်းရဆဲမှာ နောက်ထပ် သမုဒယသစ္စာတွေ လုပ်နေခြင်းကို ဒုက္ခထဲ မိုက်ပွဲဆင်တာဟု ဆရာတော်က ဆိုသည်။ အဝိဇ္ဇာဂြိုလ်မွှေသည်။ ဒုက္ခသစ္စာ မသိလို့ သမုဒယသစ္စာလုပ် လုပ်တော့ ဒုက္ခသစ္စာ ပြန်ရ ချာချာလည်နေသည်။ မဆုံးနိုင်တော့ ဒါကြောင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်အောင် လုပ်ရန် အရေးကြီးကြောင်း ဟောပါသည်။
ယခု ပစ္စုပ္ပန်မှာ နှစ်အကွက်ထဲ ရောက်နေရတာသည် ခန္ဓာနှင့် ကြွေးဆပ်နေရတာ နှစ်အကွက်ထဲမှာ အဝိဇ္ဇာ နောက်ထပ် မဖြစ်အောင်လုပ်ဖို့ အရေးကြီးသည်။ ပြီးမှ ဒီလိုလုပ်ဆိုတာ 'စက္ခုံစ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိဝိဇ္ဇာဥပ္ပဇ္ဇတိ' ပါဠိအရ စက္ခုကို ဖြစ်ပျက်ရှုရမည်။ ထို့ပြင် ရူပါရုံ(အဆင်း)ကိုလည်း ဖြစ်ပျက်ရှုရမည်။ ထို့နောက် စက္ခုဝိညာဉ်ကို ဖြစ်ပျက်ရှု ထိုအခါ ဖြစ်ပျက်(ဒုက္ခသစ္စာ)ကို တွေ့မည်။ ပြီးမှ စိတ္တာနုပဿနာ ကြားစိတ် မြင်စိတ် နံစိတ် စားစိတ် ယားစိတ် တွေးစိတ် ကြံစိတ် အားလုံးကို ဖြစ်ပျက်ရှုရမည်။ ဝေဒနာ ကြိုက်လျှင်လည်း ဝေဒနာကို ဖြစ်ပျက် ရှုနိုင်သည်။
ခန္ဓာထဲက ဒုက္ခသစ္စာကို မြင်လျှင် အဝိဇ္ဇာ မလာနိုင်တော့ပါ။ အဝိဇ္ဇာ ပြုတ်သည်။ ဝိဇ္ဇာဖြစ်ပြီ။ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက ဝိဇ္ဇာ မဂ္ဂသစ္စာဖြစ်၍ အဝိဇ္ဇာ ချုပ်တော့သည်။ အဝိဇ္ဇာချုပ်လျှင် သင်္ခါရ တဏှာ ဥပါဒါန် ကံ အားလုံး ချုပ်တော့သည်။ ထိုသို့ ချုပ်ပြီဆိုလျှင် ဇာတိကင်းချုပ်ပြီ။ စိတ္တာနုပဿနာ ဝေဒနာနုပဿနာ ဘာချုပ်ချုပ် နိဗ္ဗာန်ဖြစ်ပြီ ဝိဇ္ဇာပေါ်ပြီ။ သံယုတ်ပါဠိတော်မှာ 'ကတံဘန္တေသနုဇာနုတော ပဿတော အဝိဇ္ဇာပဟီယတိဝိဇ္ဇာဥပ္ပဇ္ဇတိ'ဟု ရဟန်းက မေးသည်။ အဝိဇ္ဇာကို ဘယ်လိုပယ်မှ ဝိဇ္ဇာဖြစ်သလဲ အမေးကို ဘုရားက ဝိညာဉ်ခြောက်ပါး ပေါ်ရာကို ဖြစ်ပျက်ရှုရမည်ဟု ဘုရားက ဟောကြောင်း ပြထားသည်။
   
                                                                                                                        ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment