Tuesday, June 28

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁၁)

မိမိတို့ သန္တာန်ပေါ်သမျှ စိတ်တို့သည် ဖြစ်ပြီးပျက်ကုန်ကြသည်ချည်း ဖြစ်၏။ အနိစ္စ ဟူသရွေ့ ဒုက္ခသစ္စာချည်း မှတ်ရမည်။ ခန္ဓာကိုယ်ကို ဉာဏ်လှည့်လိုက်လျှင် ဒုက္ခသစ္စာကို တွေ့မည်။ "ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ဟု ဟောတော်မူသည်။
အဆင်းတစ်ခု မြင်လျှင်မြင်စိတ် စက္ခုဝိညာဉ် ပေါ်သည်။ ပေါ်ပြီး ပျက်သည်။ (အဆင်းပျက်သည်ဟု မယူရ မြင်စိတ်ပျက်မှုကိုသာ ဉာဏ်မှာ မြင်အောင် ရှုရမည်။) သမုဒယသစ္စာကြောင့် ဖြစ်သော တရမှန်သမျှ ဒုက္ခသစ္စာချည်းပင် မိမိတို့ ခန္ဓာမှာ ဒုက္ခသစ္စာပဲ ရှိသည်။ အနိစ္စ(ဒုက္ခသစ္စာ)တွေ တွေ့ဖန်များလျှင် ဒါတွေသည် ငြီးငွေ့စရာတွေပါလား ဆိုသော နိဗ္ဗိန္ဒဉာဏ် ပေါ်လာမည်။ ငြီးငွေ့လျှင် မဂ်ပေါ်လာမည် ဖြစ်၏။ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ "ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ" မိမိတို့ သန္တာန်မှာ ဒုက္ခဖြစ်ပြီး ဒုက္ခချုပ်တာပဲ ရှိကြောင်း ရှင်းပြသည်။
ဒါကြောင့် စိတ်ကြိုက် စိတ်တစ်လုံးတည်း ပေးရှု ဝေဒနာကြိုက်လျှင် ဝေဒနာတစ်လုံးတည်း ပေးရှုဟု မိန့်ဆိုသည်။ ဘာရှုရှု ဖြစ်ပျက်ပဲ တွေ့မည်ဖြစ်၏။ ဖြစ်ပျက်တာက ဒုက္ခသစ္စာ ရှုလို့ သိတာက မဂ္ဂသစ္စာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆုတောင်း၍ မရကြောင်း ဆရာတော်ကြီးက ဆိုသည်။ မဂ်ဉာဏ် ရချင်လျှင် တရားအားထုတ်မှ ရသည်ဟု မှတ်ရမည်။ ဘုရားဆီ သွားတောင်း၍ မရနိုင်ပါ။
ထို့နောက် ဝိပဿနာရှုလျှင် ပဋိစ္စသမုပ္ပာဒ် နှစ်အကွက် ပစ္စုပ္ပန်ခန္ဓာကို ရှုရမည်ဖြစ်ကြောင်း ရှင်းပြသည်။ ဆရာကောင်း နည်းကောင်းရလျှင် နှစ်အကွက်ထဲက တရားတွေက သမ္မာဒိဋ္ဌိကို ပေးသည်။ သမ္မာဒိဋ္ဌိရလျှင် သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မဂ္ဂင်၅ပါး ရသည်။ အနိစ္စ တစ်ချက် မြင်ရုံဖြင့် ရသည်။ နှစ်အကွက်ထဲမှာ ရှု နှစ်အကွက်ထဲပဲ မဂ္ဂင်ငါးပါး ပေါ်သည်။ မဂ္ဂင်သည် ယခုဘဝ လက်ငင်းရသည်။ လက်ငင်းရနိုင်သော ဤတရားကို ဝဋ်ဘဝတိုတိုနှင့် မဂ်ဖိုလ်ရပါလို၏ ဆုတောင်းတာသည် လက်ငင်း ရနိုင်တာကို အကြွေးတောင်းသလို ဖြစ်နေသည်ဟု ရှင်းပြထားသည်။ ခုတရားအားထုတ် အခု ရပါလို၏ ဆိုရင် ကောင်းတယ်ဟုလည်း မိန့်ပါ၏။ နှစ်အကွက်ထဲ အားထုတ် နှစ်အကွက်ထဲ သောတာပန် တည်သည်ဟုလည်း မိန့်မှာတော်မူသည်။
                                                                                                                           ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment