Thursday, June 2

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၈)

ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ရှိနေလျှင်လည်း ဘယ်လိုပင် တရားအားထုတ်စေကာမူ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရနိုင်ကြောင်းကို ထပ်မံ၍ လေးနက်အောင် ဆိုထားသည်။ ထို့ပြင် ဒိဋ္ဌိကွာပြီးမှ ဝိပဿနာတရား အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပျက်ကို အားထုတ်ရမည် ဆိုသော ဟောနေကြ စကားကိုပင် ထပ်ဟောတော်မူသည်။
ပဋိစ္စသမုပ္ပာဒ် တရားကို နားလည်မှ ကိုယ်ခန္ဓာ၏ ဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကို နားလည်မည်။ ဖြစ်စဉ်ဆိုတာက ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးတို့ ဖြစ်ပြီးပျက် ပျက်ပြီး နောက်တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ထဲမှာ နာမ်နှင့်ရုပ်သာ ပါသည်။ ယောက်ျားမိန်းမ မပါ ပုဂ္ဂိုလ်သတ္တဝါ မပါ ဖြစ်ကြောင်းနှင့် ဖြစ်စဉ်မှာ တခြားစီဟု မှတ်ရမည်။ ပဋိစ္စသမုပ္ပာဒ် နားမလည်ဘဲနှင့် တရားအားထုတ်လျှင် ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေသောကြောင့် သောတာပတ္တိမဂ်ကိုပင် မရနိုင်ပါ။
ထိုသို့ ပြညွှန်ပြီးနောက် ကဿပသံယုတ်ပါဠိတော်ကို ကိုးကားပြီး ဟောသည်။ အရှင်မဟာကဿပနှင့် အရှင်သာရိပုတ္တရာတို့ သာဝတ္ထိပြည်မှာ ဆုံကြသောအခါ အရှင်သာရိပုတ္တရာက မေးသည်။ သတ္တဝါသေလျှင် ဖြစ်သေးသလားဟု မေးသည်။ ထိုအခါ အရှင်မဟာကဿပက ဒီအမေးကို ဘုရားက မဖြေကောင်းဘူးဟု မိန့်ကြောင်းပြောသည်။ ဖြေလျှင် သဿတဒိဋ္ဌိ ဖြစ်သည်။ ပဋိစ္စသမုပ္ပာဒ်တရားထဲမှာ အကြောင်းကြောင့် အကျိုးဖြစ်တာပဲ ရှိသည်။ သတ္တဝါ မပါ ပါ။ ခန္ဓာ၏ ဖြစ်စဉ်မှာ ဒီဘက်က ရုပ်နာမ်ချုပ်ပြီး ဟိုဘက်မှာ ရုပ်နာမ်ပေါ်တာပဲ ရှိသည်။ မဖြေကောင်းတဲ့ ပုစ္ဆာကို အသိဉာဏ်ရှိလို့ မဖြေဘဲနေတာ ဖြစ်၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် ရှိခြင်းကို ဆိုလိုသည်။ မဂ်ဉာဏ်၏ အခြေခံဉာဏ်များ ဖြစ်သည်။
ထို့နောက် အရှင်သာရိပုတ္တရာက ဆက်မေးပြန်သည်။ "ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလား" အရှင်မဟာကဿပ ဒီမေးခွန်းလည်း မဖြေကောင်းဘူးဟု မိန့်သည်။ သတ္တဝါ မရှိဘူးဟု သိထားသောကြောင့် မဖြေခြင်း ဖြစ်သည်။ သတ္တဝါ သေရင် ဘာမှ ဖြစ်စရာ မရှိဘူး ဆိုပါက ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ဦးမည်။ တစ်ဖန် အရှင်သာရိပုတ္တရာက ဒါဖြင့် သတ္တဝါ သေသောအခါ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လားဟု မေးပြန်သည်။ အရှင်မဟာကဿပက မဖြေကောင်း ဆိုပြီး မဖြေဘဲနေသည်။ စုတိစိတ်ပြီးရင် ပဋိသန္ဓစိတ် ပေါ်တာပဲ ရှိသည်။ သတ္တဝါ မရှိ၍ မဖြေကောင်းပါ။ ထို့နောက် အရှင်သာရိပုတ္တရာက သတ္တဝါသေရင် မဖြစ်သည် မဟုတ် ဖြစ်တဲ့သဘောလားဟု လှည့်မေးပြန်သည်။ အရှင်မဟာကဿပက ဒါလည်း မဖြေကောင်းပါ။ ဖြေစရာမလိုဟု ပယ်သည်။ ဘာကြောင့် အရှင်မဟာကဿပ မဖြေတာလဲ။ အကျိုးမရှိလို့ မဖြေပါ။ ရာဂကင်းဖို့ ဖြစ်သည်။ ဒုက္ခသစ္စာကို သိမှ အကျိုးဖြစ်ထွန်းသည်။ ဒုက္ခကင်းဝေးကြောင်း ရှာမည်။ ထိုအခါ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုရသည်။
ထို့နောက် ဒိဋ္ဌိကွာပြီး အလုပ်လုပ်မှ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရကြောင်း အလုပ် မလုပ်ဘံ မရကြောင်း ဟောသည်။ အလွယ် အချောင် မရနိုင်ကြောင်း ဟောသည်။ ပဋိစ္စသမုပ္ပာဒ်ကို မဂ်နှင့်ဖြတ်မှ ဝေဒနာနှင့် တဏှာ မဆက်ဘဲ ပြတ်သည်။
ထို့နောက် ပုဂ္ဂိုလ်သတ္တဝါ ငဲ့ပြီး ဂြိုလ်ပြေနာမ်ပြေ အန္တရာယ်ကင်း လုပ်နေကြပုံ ဝဋ္ဋဒါန ဝဋ္ဋသီလ လုပ်နေကြပုံများကို ဝေဖန်ပြသည်။ ဗုဒ္ဓဘာသာအစစ် ရှားသည်။ သဿတဒိဋ္ဌိသမားတွေ များသည်။ ပဋိစ္စသမုပ္ပာဒ်ကို ခန္ဓာမှာ ဖြတ်မှ ရသည်။ စက်ဝိုင်းထဲမှာ ဖြတ်၍မရပါ။

                                                                                                                        ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment