နေ့တိုင်း တရားနာနေကြတာ ဘာအကျိုးအတွက်လဲ မေးလျှင် ကိုယ့်ခန္ဓာ
ပဋိစ္စသမုပ္ပာဒ်ကို ဖြတ်ဖို့အတွက် ဖြစ်သည်ဆိုသော စကားဖြင့် ဤတရားကို
စတင်ဟောကြားပါသည်။ သမုဒယက စ၍ ဒုက္ခပေါက်ပွားလာသည်။ သမုဒယနှင့် ဒုက္ခ
ဒုက္ခနှင့် သမုဒယ လှည့်နေသည်။ သမုဒယက မီး ဒုက္ခက ထင်း မီးနှင့်ထင်း
ထင်းနှင့်မီး လှည့်နေသည်။ ထို့ကြောင့် ထင်းသိမ်းမှသာ မီးငြိမ်းမည် ဖြစ်သည်။
သုံးဆယ့်တစ်ဘုံးထဲ မီးဟုန်းဟုန်း တောက်နေသည်။ ထိုအထဲက ထင်းရှာထွက်သလို
နေကြတာ အရုပ်ဆိုးလှသည်ဟု မိန့်သည်။
နိဗ္ဗာန်ဆိုတာက လောင်စာသိမ်း၍
မီးငြိမ်းခြင်းဖြစ်သည်။ ဝိပဿနာလုပ်မှ လောင်စာသိမ်း၍ မီးငြိမ်းသည်။
မလုပ်သူမှာ မငြိမ်းပါ။ တရားနာတာ ကုသိုလ်ရဖို့မဟုတ် ကုသိုလ် ရချင်ရင်
ရေအိုးစင်တည်လည်း ရသည်။ ပဋိစ္စသမုပ္ပာဒ်တော့ မပြတ်ဘူး။ သံသရာကို ကုသိုလ်က
ဖြတ်၍မပြတ်။ ဉာဏ်နှင့်ဖြတ်မှ ပြတ်သည်။ နှစ်အကွက်နှင့် သုံးအကွက် ကြားကို
ဉာဏ်ဝင်မှ ပြတ်သည်။ ဝိပဿနာ မရှုဘဲ ရိုးရာအတိုင်းနေလျှင် နှစ်ထဲက
သုံးပေါက်ပွားမည်သာ ဖြစ်သည်။ ကုသိုလ်ရချင်လို့ တရားနာတာ မဖြစ်စေနှင့်
ဒုက္ခသိမ်းသော နည်းကို ရချင်၍ တရားနာတာ ဖြစ်ပါစေဟုလည်း ဆုံးမသည်။ သို့မှသာ
သစ္စာဉာဏ်နှင့် ပြောခြင်း သစ္စာဉာဏ်နှင့် နာခြင်းဖြစ်ကြောင်း ဟောသည်။ ဒါမှ
ဝဋ်ကျွတ်သော အလုပ်ဖြစ်မည်။ သာသနာတွင်း အလုပ်ဖြစ်သည်။
ထို့နောက်
သဂ္ဂတိုင်း သံသုမာရဂီရိတောင်မှာ ဘုရားသီတင်းသုံးစဉ် အခါက ဘဝပေါင်းငါးရာ
မိဘတော်ဖူးသော ပုဏ္ဏားကြီးလင်မယား အဘိုးအိုမောင်နှံနှင့် တွေ့ဆုံးခြင်း
ဖြစ်သည်။ ထိုအချိန်က ခင်မှု သံယောဇဉ်တွေကြောင့် အဘိုးကြီး အဘွားကြီးက
ဗုဒ္ဓကိုမြင်တော့ သားလိုမြင် သားလိုခင်နေသည်။ နကုလပိတာ အဘိုးကြီးက
မြတ်စွာဘုရားအား မိမိတို့ အသက်ရွယ်ကြီးပြီ။ တိုတိုနှင့် လိုရင်းရောက်သော
တရားတစ်ပုဒ် ဟောပါဟု လျှောက်ထားသည်။ ဘုရားက "ကိုယ်သာနာ၍
စိတ်မနာပါစေနှင့်"ဆိုသော တရားကို ဟောသည်။
ခန္ဓာဝန်ထမ်းသမားသည်
ဘယ်အခါမှ ကျန်းမာသည် မရှိပါ။ ဘယ်အချိန်မှ အန္တရာယ် မကင်းပါဟု ဘုရားက
မိန့်သည်။ နကုလပိတာတို့က ထိုအကျင့်ကို ဘယ်လို ကျင့်ရမှန်းမသိ၍
အရှင်သာရိပုတ္တရာ အရှင်မြတ်ထံမှာ မေးရသည်။ ဤတွင် ခန္ဓာအသိနှင့် ဉာဏ်အသိ
ကိုက်အောင်လုပ်ဖို့ အရေးကြီးပုံကို ဟောသည်။ ထို့နောက် ကိုယ်သာနာ၍
စိတ်မနာစေနှင့် အကျင့်၏ သဘောကို အရှင်သာရိပုတ္တရာက ရှင်းပြသည်။ ကိုယ်ဆိုတာ
ဝိပဿနာ ရှုစရာ နှစ်နံပါတ် ခန္ဓာငါးပါးဖြစ်ပုံ။ စိတ်ဆိုတာက ဝိပဿနာ မဂ်စိတ်ကို
ဆိုလိုကြောင်း ပုထုဇဉ်တွေမှာ ကိုယ်လည်းနာ၍ စိတ်နာနေကြကြောင်း။ ဘုရားက
ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ရန် ဟောထားကြောင်း။ ခန္ဓာမှာ ဝေဒနာက္ခန္ဓာက
ဒုက္ခဝေဒနာ ဖော်ပြလျှင် စိတ်မှာ ဒေါမနဿ(မခံချင်စိတ်)ဖြစ်သည်။ ထိုအခါ
ကိုယ်နာ၍ စိတ်နာခြင်း ဖြစ်သည်။ ခန္ဓာ နှစ်အကွက်မှာ အနာပေါ်သောအခါ သုံးအကွက်
အလောဘ အနာတွေ မပေါ်အောင် တဏှာ ဥပါဒါန် ကံတွေ မဖြစ်အောင် ဖြတ်တတ်ရမည်။
ထိုသို့ ဖြတ်တတ်မှသာ ကိုယ်နာ၍ စိတ်မနာခြင်း ဖြစ်သည်။
ခန္ဓာထဲက
တစ်ခုခု ဖောက်ပြန်ပြပြီဆိုမှ ခန္ဓာကို ငါစွဲထားသော ဒိဋ္ဌိကြောင့် ငါ
ဘာများဖြစ်သွားသလဲ ဆိုပြီး စိုးရိမ်စိတ် ပူပန်စိတ် မခံချင်စိတ် ဒေါသစိတ်တွေ
ဖြစ်လာသည်။ ကိုယ်နာ၍ စိတ်နာခြင်း ဖြစ်သည်။ ကိုယ်ကို ငါဟု စွဲယူထားသော
ဒိဋ္ဌိကြောင့် ဖြစ်သည်။ ခန္ဓာကို ငါ ငါ့ဥစ္စာ(အတ္တနှင့် အတ္တနိယ) လုပ်ထားလျှင်
ကိုယ်နာသည်နှင့် စိတ်နာတတ်သည်။ ခန္ဓာကိုယ်ကို ဒိဋ္ဌိ တဏှာနှင့်
ခင်တွယ်နေသောကြောင့် ဖြစ်သည်။ ဝိပဿနာ မလုပ်သရွေ့ ကိုယ်နာစိတ်နာချည်း
မှတ်ပါဟု မိန့်သည်။ ကိုယ်က ဖြစ်ပျက်နေတာကို စိတ်က သိသိနေလျှင် (ဒုက္ခသစ္စာဟု
သိနေလျှင်) ကိုယ်နာသော်လည်း စိတ်မနာတော့ပါ။ မဂ်စိတ်သည် နာတတ်သော
စိတ်မဟုတ်ပါ။ ကိုယ်နာတာက ဒုက္ခသစ္စာ စိတ်မနာတာက မဂ္ဂသစ္စာ ဖြစ်သည်။ ကိုယ်နာ၍
စိတ်နာတာ သံသရာခရီးသည်အလုပ် ကိုယ်နာ၍ စိတ်မနာတာမှ သံသရာခရီးဆုံး
အလုပ်ဟုလည်း ရှင်းပြထားသည်။
~ မိုးကုတ်ဆရာတော် ~
No comments:
Post a Comment