Monday, March 18

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပုထုဇဉ်နှင့် ဒွန်းစဏ္ဍား

မဂ္ဂသစ္စာမှာ"အဓိမတေယျဋ္ဌ"သဘောရှိတယ်၊ "အဓိပတေယျဋ္ဌ"ဆိုတာမဂ်၏အဓိသီလ..အဓိစိတ္တ..အဓိပညာ
သိက္ခာ ၃-ခု ရဟန်းမှုတွင် သူ့ပြင်မရှိ..ကြီးဘိတုလတ်..အထွဋ်အထိပ်ဖြစ်သော သဘောကိုဆိုလိုတယ်၊
ဝေဒနာဖြစ်ဖြစ်..စိတ်ဖြစ်ဖြစ် ရှုတော့ ဖြစ်ပျက်ဒုက္ခတွေမြင်..ဖြစ်ပျက်ဒုက္ခတွေမုန်း..ဖြစ်ပျက်ဒုက္ခတွေဆုံးသွား
ရင်၊ မဂ်ဉာဏ်ပေါ်လာမယ်၊ မဂ်ဉာဏ်ပေါ်လာရင် အဓိသီလ..အဓိစိတ္တ..အဓိပညာဖြစ်တယ်၊ "အဓိ"ဆိုတာ
အကြီးအကဲ..လွှန်မြင့်မြတ်ခြင်း အဓိပ္ပာယ်ရှိတယ်၊ ဝိပဿနာ ရှုတုန်းမှာရှိတဲ့ သီလ..သမာဓိ (စိတ္တ) ပညာတို့
ဟာ သာမည သီလ သမာဓိ ပညာလောက်ပဲ ရှိသေးတော့၊ မခိုင်မြဲသေးဘူး၊ အလှုပ်မခံဘူး၊ စုတေပြီးနောက်
ပျက်စီးသွားနိုင်တယ်၊ မဂ်ဉာဏ်ပေါ်တဲ့အခါ ဖြစ်လာတဲ့ သီလ ကမာဓီ ပညာကတော့ ထူးကဲမြင့်မြတ် အကြီး
အကဲဖြစ်လာတဲ့"အဓိသီလ..အဓိစိတ္တ..အဓိပညာ"မျိုး ဖြစ်သောကြောင့် ခိုင်မြဲသွားတယ်၊ အလှုပ်ခံနိုင်တယ်
စုတေပြီးနောက်လဲ ဘယ်တော့မှ မပျက်စီးတော့ဘူး၊ ဒီတော့ ပုထုဇဉ်မှာ ရှိတာကတော့ သာမညသီလ သမာ
ဓိ ပညာလောက်ပဲ ရှိတာ၊ အရိယာ ဖြစ်လာတဲ့အခါမှာတော့ ဒါတွေဟာ အဓိသီလ အဓိစိတ္တ (သမာဓိ) အဓိ
ပညာ ဖြစ်သွားတယ်၊ အဲဒီတော့ အဓိသီလ အဓိစိတ္တ အဓိပညာ ဖြစ်ဖို့ရန်မှာ မဂ်ဉာဏ်ရမှ အရိယာဖြစ်မှ ဖြစ်
တယ်၊ မဂ်ဉာဏ်ရဖို့ရန်မှာ နိရောဓနိဗ္ဗာန်မြင်မှဖြစ်တာ၊ နိရောဓ..နိဗ္ဗာန်ချမ်းသာမြင်ဖို့ရန်လည်း ဒုက္ခသစ္စာ..
ဆင်းရဲမှုကို သေသေချာချာ သိမြင်မှ ဖြစ်တာ၊ ဒီတော့ ဆင်းရဲတာမြင်မှ ချမ်းသာတာ ထင်ရှားလာမယ်၊ ဆင်း
ရဲတာမှ မမြင်းဘူးတဲ့ပုဂ္ဂိုလ်မှာ ချမ်းသာတာမထင်ရှားဘူး၊ ချမ်းသာတမြင်မှလဲ ဆင်းရဲတာဟာ ပိုတင်ရှားမယ်
ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်၊ ဆိုတော့၊ ပုထုဇဉ်တွေဟာ မိမိတို့ရထားတဲ့ခန္ဓာ နေရာတဲ့ဘဝကို ဒုက္ခကြီးပဲလို့
မြင်ဖို့အရေးကြီးတယ်၊ ဒါမမြင်သေးသရွေ့တော့ တကယ့်ချမ်းသာ အစစ်ကိုလိုချင်မှာ မဟုတ်ဘူး၊ ဒါကြောင့်
ခင်ဗျားတို့ ဒုက္ခသစ္စာမြင်ဖို့အရေးအတွက်..သုဘရာဇာ..ဒွန်းစဏ္ဍားဘဝ အကြောင်းနဲ့အကျယ်တဝင့် ပြောပြ
မယ်။ "ဒွန်းစဏ္ဍား"မန္တလေးမှာ ရွာဟိုင်း သုဿန်ဆိုတာရှိတယ်၊ အဲဒီမှာ သုဘရာဇာ..ဒွန်းစဏ္ဍားတွေ ရှိတယ်၊
သူတို့မှာ ဒီအထဲမှာပဲမွေး၊ သူတို့ အဖေအမေတွေလဲ ဒီမှာအိမ်ထောင်ကျ..ဒီမှာမွေး ဒီမှာနေဆိုတော့၊ သူတို့
မှာ အထူးကြောက်လန့် တယ်လို့မရှိဘူး၊ ဘာကြောင့်တုံး၊ ဒီမွေး ဒီနေလိုပေါ့၊ သူတို့မှာ မသာ..အသုဘလာလို့
ရှိရင် ဝမ်းသာတယ်၊ အသုဘလာလေ ဝမ်းသာလေပဲ၊ သူတို့အဖို့ ဒါဟာလာဘ်ကြီးတစ်ခုဖြစ်နေတယ်၊ မြို့ထဲ
ကလူတွေကျတော့မသာ..အသုဘ ကိုယ့်လမ်းကသွားတာကို မကျေနပ်ဘူး၊ နှာခေါင်းရှုံကြတယ်၊ ကြောက်
ကြလန့်ကြတယ်၊ ဒီတော့ အမြင်တစ်မျိုးစီဖြစ်နေတာပေါ့၊ မြို့ထဲကလူတွေကအမြင်တစ်မျိုး၊ သုဘရာဇာ..ဒွန်း
စဏ္ဍားအမြင်က တစ်မျိုး၊ မြို့ထဲကလူတွေက အသုဘဆိုလို့ရှိရင် မင်္ဂလာမရှိ..ရွံစရာကြောက်စရာလို့ သ
ဘောထားကြတယ်။
ဒွန်းစဏ္ဍားတွေမှာတော့ ဒီဟာလာရင် ကူးတို့ခတို့..တွင်းတူးခတို့..လက်ဘက် ကွမ်း ဆေးလိပ်စသည်ရဖို့ ဖြစ်
တော့၊ လာဘ်ရွှင်တဲ့နေ့ပေါ့၊ သူတို့တော့ လာဘ်ရွှင်တဲ့နေ့၊ ခင်ဗျားတို့က အမင်္ဂလာနေ့၊ ဘာများ ထူးခြားနေ
တုန်းဆိုတော့"မွေးဇာတိ"ထူးခြားနေတယ်၊ သူတို့မှာတော့ ဒီ (သုဿန်) အထဲမှာမွေး၊ ဒီအထဲမှာနေတော့
မွေးဇာတိ ထူးခြားနေတယ်၊ သူတို့မှာ ဒီအထဲမှာနေ ဒီမြေပေါ်မှာ ကျက်စားကြတာပဲ၊ အသုဘမှာ မြင်းဘောင်
တို့ မျက်နှာကျက်တို့ ပါလာရင်၊ သူတို့က အိမ်ဆောက်ဖို့..ကာရံ့ဖို့ ယူငင်ကြတယ်၊ ဒီတော့ အသုဘလာလေ
သူတို့ဝမ်းသာလေပဲ၊ ခင်ဗျားတို့ကတော့ အိမ်ရှေ့လာမဖြတ်နဲ့ဟုတ်လား၊ အံမာ ခင်ဗျားတို့မလဲ သွေးကြီးမွေး
ကြီးရှိနေလိုက်တာ်၊ သူတို့ကတော့ လာဘ်ကြီးဖြစ်နေတယ်၊ အဲဒါ ဘယ်နှယ်ကြောင့် လာဘ်ကြီးဖြစ်နေရသ
တုံးဆိုတော့၊ သူတို့က နန်းတော်နဲ့တူတဲ့ ရွှေပြောင်ပြောင်နဲ့ အလွန်ခမ်းနားကြီးကျယ်တဲ့နေရာ မရောက်ဘူး
တော့၊ သူတို့နေရာလေးနဲ့ သူတို့တော့ တလားပျက်တို့၊ မြင်းဘောင်တို့စသည်နဲ့ ဆောက်ထားတဲ့ အိမ်လေးနဲ့
နေထိုင်ရတော့၊ သူတို့အချင်းချင်း အိမ်ချင်းပြိုင်ပေါ့ဗျာ၊ သူတို့ဟာနဲ့သူတို့တော့ အတင်းတိမ်ကြီး တင်းတိမ်နေ
တယ်၊ ဘာပြုလို့တုံး ဒီအထဲမွေး၊ ဒီအထဲကြီးလို့၊ နန်းတော်အိမ်တော်မရောက်ဘူးတော့ ကိုယ့်အိမ်နဲ့ကိုယ်
ကျေနပ်နေကြတယ်၊ ပျော်နေတာပဲ၊ ဒါပေမယ့်သူတို့ဟာ"သူဆင်းရဲ"အမွဲနော်၊ သူတို့အမျိုးနဲ့ သူတို့အရိုးနဲ့ သူ
တို့ဖြစ်လာတာမို့ သူတို့ မင်္ဂလာကတစ်မျိုးဗျာ၊ သူတို့မင်္ဂလာက မြို့ထဲကမသာများများ လာလေလေ..သူတို့
မှာလာဘ်ရွှင်လေလေ..မင်္ဂလာ ရှိလေလေ၊ အကျိုးပေးသန်လေလေပဲ၊ ဒီလိုဖြစ်နေတယ်၊ မြို့ထဲကလူတွေ
ကတော့ဒီမသာတွေ မြင်ရလေလေ..အမင်္ဂလာဖြစ်လေလေ အန္တရာယ်ကင်း အရိတ်တွေ ရွတ်လေပဲ၊ သူတို့
မှာတော့ ဒါတွေလာနေတဲ့နေ့မှာ အကျိုးပေးသန်တဲ့နေ့ပဲ၊ တွင်းတူးတဲ့လူက တွင်းများများထူးရလို့၊ နှစ်ကျပ်၊
သုံးကျပ် စသည်ရတယ်ဆိုပြီး၊ ငွေဝင်များတာပေါ့ဗျာ၊ သူတို့မှာ ဒီနေရာမှာကြောက်တယ်လန့်တယ်လို့ မရှိ
ဘူး၊ သူ့ ဟာနဲ့သူ ပျော်တာပဲ၊ ခင်ဗျားတို့ကတော့ ဒီမသာကို မြင်နေရတာနဲ့ ကြာတော့ အော်ဂလီဆန်အန်ပြီး
ပို့ပဲ မပို့ချင်တော့ဘူး၊ မတတ်သာလို့သာ ပို့နေရတယ်လို့လာမှာဗျာ့၊ ဘာကြောင့်၊ အမင်္ဂလာ..မသာအသုဘနဲ့
လိုက်နေလို့၊ ခင်ဗျားတို့ နှာခေါင်းရှုံ့လေလေ..သူတို့ကတော့ မင်္ဂလာရှိလေလေပဲ၊ ဒီမှာလဲ ဝိပဿနာရှုနေ
တာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကြီးကို မမြင်ရသေးတော့၊ ကိုယ့်ခန္ဓာကို အသုဘရယ်လို့ယူလေ့မရှိဘူး၊ ဒုက္ခ
သစ္စာရယ်လို့ ယူလေ့မရှိဘူး၊ ကိုယ့်အိမ် ကိုယ့်ယာကိုလဲအင်မတန်ကောင်းတဲ့ ခန့်တဲ့အိမ်..အင်မတန် ကျက်
သရေ မင်္ဂလာရှိတဲ့အိမ်လို့ထင်နေတာလဲ"ဒွန်းစဏ္ဍားစိတ်"ပေါက်လို့ပေါ့ ရိပ်မိရဲ့လား၊ သူဟာ စင်စစ်တော့
ဒုက္ခသစ္စာပဲ၊ ဒီအထဲမှာအိမ်ဟာလဲ ဘာတုံးလို့မေးရင် လောင်တိုက်တလားတွေပေါ့၊ ခဏခဏ ဖြစ်ပျက်နေ
တာ ဒုက္ခသစ္စာ မဟုတ်လား၊ စားရသောက်ရတာ ဒုက္ခသစ္စာ၊ အိမ်သာတို့ကလဲ အသုဘတွေစွန့်ရာမဟုတ်
လား၊ နေထိုင်ကြတဲ့ သားသမီးခန္ဓာတွေကလဲဒုက္ခသစ္စာ အသုဘတွေမဟုတ်လား၊ ဒါပေမယ့် နိဗ္ဗာန်မမြင်
ဘူး သေးတော့ကိုယ်ခန္ဓာအသုဘ သားသမီးခန္ဓာအသုဘတွေကြည့်ပြီး အတော်ဟုတ်နေတာပဲ၊ ဘာပြုလို့
ပျော်မွေ့နေကြတာတုံး ဆိုတော့ခုနက"ချမ်းသာတဲ့နိဗ္ဗာန်"ကို မမြင်ဘူးသေးတော့ ဒီဒုက္ခသစ္စာဆိုတဲ့ ဒွန်း
စဏ္ဍားရွာ..ဒွန်းစဏ္ဍာအိမ်..ဒွန်းစဏ္ဍား အပြုအမူကိုပင် ပျော်စရာလို့ထင်နေကြတယ်၊ ဘယ့်နှယ်ကြောင့်
ပျော်ပါလိမ့်၊ ဒီထက်ကောင်းတာမမြင်းဘူးသေးလို့၊ ဒီထက်ကောင်းတဲ့ နိရောဓသစ္စာနိဗ္ဗာန်ကို မမြင်းသေးလို့
ပေါ့၊ အဲဒါ မမြင်းဘူးသေးတော့"ကိုယ့်ငါးချဉ်ကိုယ်ချဉ်"နေကြတာပေါ့။
ဒါဖြင့် ခင်ဗျားတို့ နေထိုင်ကြတဲ့ တစ်အိမ်လုံးကိုကြည်ပါ၊ ဘယ်အိမ်မှာမသာ..အသုဘ ကင်းသတုံး၊ မေးကြည့်
ဘယ်အိမ်မှ မကင်းဘူး၊ ဒါအသုဘတွေပဲ၊ ဘေးကအကာအရံတွေကလဲ ဒီအသုဘတွေကို ကာရံထားတာပဲ
မဟုတ်လား၊ အဝတ်တွေ ဘာတွေ ဘယ်လိုအဖိုးတန် တန်ဆာပလာတွေဝတ်ထားတာကလဲ ဒါ အသုဘတွေ
ဖုံးကြတာပဲ၊ အင်း...နိဗ္ဗာန်မမြင်းသေးတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ အံမယ် ငါကဒီရွာထဲမှာ တော်တော်
ထည်ထည်ဝါဝါနဲ့ နေနိုင်တယ်လို့ပြိုင်လိုက် ဆိုင်လိုက်သေးတယ်၊ ဒါဟာ"ဒွန်းစဏ္ဍားချင်းပြိုင်"တာပေါ့၊ ဒါ
နိဗ္ဗာန်မမြင်သေးခင် ဖြစ်နေတဲ့အဖြစ်ကို ပြောနေတာ၊ နိဗ္ဗာန်ကို မမြင်သေးခင်သာ ခင်ဗျားတို့ ကိုယ့်ဟာနဲ့
ကိုယ် ဟုတ်လှပြီလို့ ထင်နေကြတာ၊ ချမ်းသာအစစ်ကိုမမြင်ဘူးသေးတော့ ခုနက ဒွန်းစဏ္ဍား ကလေးတွေ
လိုပဲ၊ သူတို့အိမ်ပဲ သူတို့ရွာပဲဆိုပြီး၊ အတော် မင်္ဂလာရှိနေသလို ဖြစ်နေတယ်၊ ခင်ဗျားတို့လဲ သေသေချာချာ
စဉ်းစားကြည့်တော့၊ ဘယ်အိမ်မှာပဲကြည့်ကြည့် ထွေးခ့တို့ နောက်ဖေးအိုးတို့ အဆင်သင့်ရှိထားကြရတယ်၊
ဘာလုပ်ဖို့၊ အသုဘဖြစ်တဲ့ ပစ္စည်းတွေ စွန့်ဖို့၊ ဒီပြင် ဘာပြောစရာရှိသေးသလဲ၊ လက်သုတ်ပဝါ..မျက်နှာသုတ်
ပဝါ..လက်ကိုင်ပဝါတွေ ထားရတာလဲ၊ အသုဘတွေ အတွက်အကုန်ပြင်ဆင်ထားရတဲ့ အဓိပ္ပာယ်ပေါ့၊ သို့
သော်လဲ ကိုယ့်အိမ်လေး ကိုယ့်ဟာလေးနဲ့ နေရတာကို ဪ...ဒီလောက် အကျိုးပေးရင် တော်သေးရဲ့ဆို
တော့၊ ဒါဒွန်းစဏ္ဍားမျိုး..ကျေနပ်ဝမ်းသာနေတာလို့ပဲ မဟုတ်လား၊ ဒီ အသုဘတွေ များလေလေ ဝမ်းသာလေ
လေ၊ မဟုတ်လား၊ သားသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေး နေရလေလေ ဝမ်းသာလေလေမဟုတ်လား၊ အံ
မာလေး သွေးကြီးလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဘာပြုလို့တုံး၊ အသုဘတွေ များလို့တဲ့၊ အဲ..နိဗ္ဗာန်မမြင်
ရသေးခင်တော့ ဒီလိုပဲဘဝင်မြင့်နေတာပေါ့၊ ဒီထက်ချမ်းသာတာ မမြင်ဘူးတော့ ကိုယ်ငါးချဉ် ကိုယ်ချဉ်နေ
တာပေါ့၊ အဲဒီတော့ ခင်ဗျားတို့ ဒီအမြင်မပြောင်းရင်အဖြစ်မှန် မရသေးရင်တော့၊ ဒွန်းစဏ္ဍားစိတ် ပေါက်ပြီး
ဒွန်းစဏ္ဍားအမြင်ပဲ ရှိသေးတယ်၊ အခု ကိုယ့်ဟာလေးနဲ့ကိုယ် အသုဘတွေနဲ့နေလဲကျေနပ်နေတာပဲမဟုတ်
လား၊ ဆေးရုံပေါ် တက်နေရလဲ ကျေနပ်နေတာပဲ၊ ငါက ဆယ့်နှစ်ကျပ်တန်း ဆယ်သုံးကျပ်တန်း တက်နိုင်
တယ်ဆိုပြီး၊ အံမယ် ဘဝင်များမြင့်နေလိုက်သေးတယ်၊ သည်အသုဘထားရာဌာနကြီးမှာနေရတာကိုပင်
ဘဝင်မြင့်ပြီးနေသေးတယ်၊ ခင်ဗျားတို့က ဆယ့်နှစ်ကျပ်တန်း၊ ဆယ့်နှစ်ကျပ်တန်း တက်ရလို့၊ အင်း မမာပေ
မယ့်တော်သေးရဲ့လို့ လာချင်သေးတယ်၊ အဲဒါ"ဒွန်းစဏ္ဍားစိတ်ပေါက်ပြီး ဘဝင်မြင့်"နေတာပဲ မဟုတ်လား၊
ဒီတော့ နိဗ္ဗာန် မမြင်ရသေးရင် ဒွန်းစဏ္ဍား ဘဝင်မြင့်နေတာချည်းပဲ။ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်မှာ ဖွင့်ထားတာ
က"ကပဏ ဇနသဒိသ ဒုက္ခဒဿနေန"အထီးကျန် လူဆင်းရဲ အမွဲ ဒွန်းစဏ္ဍားနဲ့တူတာကိုမြင်သဖြင့်"ကုလာ
ဘ ကုလသဒိသ အဓိမတေယျဋ္ဌော"ပြန့်ပြောသော အမျိုးနဲ့တူတဲ့ အစိုးရခြင်းလက္ခဏာရှိသော နိဗ္ဗာန်သည်
ထင်ရှားဖြစ်လာ၏၊ နိဗ္ဗာန်ကိုမြင်မှ ဒွန်းစဏ္ဍားအရပ် စွန့်တဲ့စိတ် ပြောင်းမှာ၊ ဒီနေ့ရာက ဟုတ်သေးတယ်လို့
ဖြစ်နေရင် မပြောင်းချင်ပါဘူး၊ ဒါကြောင့် ခင်ဗျားတို့ နိဗ္ဗာန်မရတာ၊ ဒါဘာဖြစ်လို့တုံးဆိုတော့ ကိုယ့်ဒွန်းစဏ္ဍား
ရွာကို လွမ်းနေတာကို၊ မဟုတ်ဘူးလား၊ ခင်ဗျားတို့ အသုဘတွေနေတဲ့ အရပ်ဟာ ဒွန်းစဏ္ဍားရွာကြီး၊ အသု
ဘရွာကြီးပဲ မဟုတ်လား။
ဒီတော့ ကိုယ့်ခန္ဓာ ကိုယ့်အသုံးအဆောင်တွေဟာ အကုန်ဒုက္ခသစ္စာကြီးပဲလို့ ဒုက္ခသစ္စာကို ပရိညေယျနဲ့ ပိုင်း
ခြားသိမှ ဒီဘက်သုခသစ္စာ (နိဗ္ဗာန်) ဘက် ကူးမှာ၊ ဒါလေး သုဘထင်နေသေးရင် ကိုယ့်ကိုယ်လဲသုခ (သုဘ)
ထင်နေသေးရင်းဘယ်တော့မှ နိဗ္ဗာန်အကူးဘူး၊ ဘယ်ကူးမလဲ၊ တဏှာကမကုန်ပဲကိုး၊ မကုန်တော့သူ့အတွေး
နဲ့သူဟာ သူ့ငါးချဉ်သူချဉ်ပြီး သူ့အရေးနဲ့ သူ့အရာနဲ့ ဟုတ်လှပြီ ထင်နေမှာပေါ့၊ အင်း..ဟုတ်လှပြီသာထင်ရ
တာ တော်တော်ကြာကျတော့ ဒုက္ခသစ္စာ..အသုဘသစ္စာ ငေါငေါကြီးပေါ်လာတာပဲ၊ ကဲ တစ်ယောက်သေ
ကြည့်စမ်း၊ ဘယ်သူကများ ဒီဥစ္စာကြီးကို ပူဇော်ထိုက်တယ်လို့ ထားချင်သေးတုံး၊ မထားချင်ဘူး၊ ဘာဖြစ်လို့
တုံး၊ အသုဘမို့၊ အသုဘမို့ မြန်မြန်လားနှေးနှေးလား၊ မြန်မြန်ပဲ၊ သူဘက်ကိုယ့်ဘက်ငဲ့ရလို့ ပြောမကောင်းလို့
သာ၊ အဲဒီတော့ ဒီဟာအသုဘမို့ အသုဘထွက် ထွက်တာပဲ၊ အိမ်နောက်ဘေးမှာ အိမ်သာတွေဘာတွေဟာ
လဲအိမ်ပေါ်က အသုံးအတွက် ထားရတာ မဟုတ်လား၊ အသုဘတွေမို့ အပြည့်အစုံးထားရတယ်၊ ခင်ဗျားတို့
ဟာ အသုဘတွေဖြစ်လို့၊ အဝတ်လဲရတာနဲ့ ရေချိုးရတာနဲ့ ဖီးလိမ်းပြုပြင်ရတာနဲ့ အချိန်တွေကုန်နေတာပဲ၊ အ
ဝတ်အထည်တွေဆိုတာလဲ အသုဘကိုဖုံးဖို့ ရုံဖို့ပဲ၊ အိမ်တွေဘာတွေ ဆောက်ထားတာလဲ မမာတဲ့ ဒုက္ခခန္ဓာ
ကိုယ်ကြီးမှာ ဒုက္ခပိုမရောက်အောင် ကာကွယ်ထားရတဲ့ ဆေးရုံကြီးသဘောပဲ..မဟုတ်လား၊ အဝတ်အထည်
တွေကလဲ အသုဘဖို့ ပတ်တီးတွေပဲ မဟုတ်လား၊ ထမင်း ခဲဖွယ်ဘောဇဉ်တွေကလဲဆေးတွေပဲ၊ ဒီခန္ဓာကြီး
ဟာတစ်နေ့တစ်ကြိမ်များစွာ အနာပေါက်လို့ ဆေးမျိုးစုံရထားတယ်၊ စားစရသောက်စရာ ဟူသရွေ့ဟာ ဆေး
ချည်းပဲ၊ ဆေးဆိုတာ လူမမာစားရတာ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ လူမမာမို့ဒီလောက်ဆေးတွေ ဆောင်း
ထားရတာပေါ့၊ အများကြီးဆောင်းထားရတယ်ဆိုတော့၊ သာမညလူမမာမဟုတ်ဘူးနော်..အတော်ကြီးတဲ့ လူ
မမာပဲ၊ အေးဒါကြောင့် မင်းတို့ဟာ တကယ့် အထီးကျန် လူဆင်းရဲ့..အမွဲရောဂါသည် နာတာရှည်ဗျ၊ နာတာ
ရှည်ကိုမကုရတဲ့နေ့များ ရှိရဲ့လား၊ မရှိဘူးတဲ့၊ အင်း..နာတာရှည်လှချည်လား၊ ရှည်ဆို မွေးကတည်းကစ ကု
လာခဲ့ရတာပဲ၊ ထမင်းနဲ့ကု..ရေနဲ့ကု..အဝတ်နဲ့ကုရတယ်၊ မကုရတဲ့ နေ့များရှိရင် ခင်ဗျားတို့ အတော်ထူးတဲ့
ပုဂ္ဂိုလ်ပဲ၊ ကိုယ့်ကိုယ်ကို မကုနိုင်ခင်တုန်းက အဖေအမေတွေဝိုင်းကုရတယ်၊ ဒါနဲ့ပဲ သူပေးလူပေးနဲ့တော်တော်
လေးလူလားမြောက်လာပြီဆိုတော့ ကိုယ့်ကိုယ်တိုင်ရှာဖွေပြီး ကုရတယ်၊ အမြဲကုနေရတော့ အားကိုအားကြ
သေးရဲ့လား၊ မအားဘူးတဲ့၊ ဘယ်တော့အားမှာလဲ၊ ဘယ်တော့မှမအားဘူးတဲ့၊ ဘာပြုလို့ ဒီလောက်မအားရ
တာတုံး၊ ရောဂါသည်..နာတာရှည်ဖြစ်လို့၊ "ရောဂါသည် နာတာရှည်"ဆိုတာအထီးကျန်ပေါ့ဗျာ၊ ဒါပေမယ့် ခင်
ဗျားတို့ ကတော့ ဒုက္ခသစ္စာ ထဲမှာပင်"ဒွန်းစဏ္ဍားပျော်"ပျော်နေကြတယ်၊ ဒီလိုပြောတာနာသလား၊ မနာနဲ့၊ ဒီ
ထက်ဆိုတာ ပြောလိမ့်ဦးမယ်၊ ဒါကိုမနာနဲ့တော့၊ တကဲ့ကိုဖြစ်နေတာ၊ နိဗ္ဗာန်မမြင်သေးခင်တော့ ကိုယ့်ဟာ
လေးနဲ့ကိုယ့်ဟာ ဟုတ်နေတာပဲ၊ ဒွန်းစဏ္ဍားတွေ နန်းတော်အိမ်တော်ရောက်သွားမယ်ဆိုရင်၊ ကိုယ့်ဟာတွေ
ကို အကုန်ကန်ချချင်မှာပဲ၊ သူစားနေတဲ့ ပစ္စည်းတွေလဲ ကန်ချမှာပဲ၊ ဒွန်းစဏ္ဍားရွာကိုလဲ ပြန်ချင်တော့မှာမ
ဟုတ်ဘူး၊ အခုတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာပဲ၊ ဒါကြောင့်မို့ ခင်ဗျားတို့ ဘုရားရှေ့သွားပြီး ဆွမ်းတော်ပွဲ
နဲ့..ဖယောင်းတိုင်နဲ့..ဒီဘဝကနေ စုတေမနေသေလွန်လို့ရှိရင် နတ်ပြည်ရောက်ရပါလို၏လို့..ဆုတောင်းကြ
သေးတာပေါ့၊ အနာရောဂါတွေ ဆက်ကုပါရစေလို့ ဆုတောင်းတာပဲမဟုတ်လား၊ ဒါ ဆေးရုံပြောင်းချင်တာ
ပေါ့၊ နတ်ပြည် ရောက်ချင်တာဟာ"ဆေးရုံပြောင်း"ချင်တာပဲ၊ ဒါ ဒုက္ခသစ္စာကို ဟောနေတာ၊ အဲဒီ ဒုက္ခသစ္စာ
ကို ဒီလောက်ဆိုးမှန်းမသိသေးရင်၊ နိရောဓသစ္စာကို မျက်မှောက်ပြုဖို့ မျှော်လင့်ချက်မရှိဘူး၊ ဒီအတိုင်းသွား
နေမှာပဲ။
ခင်ဗျားတို့နေရတာ..စားရတာတွေကို စဉ်းစားကြည့်စမ်း၊ စားရတဲ့အစာတွေ..ဝတ်ရတဲ့ အဝတ်တွေဟာ မလွှဲ
သာလို့စားရ ဝတ်ရကိုင်ရတဲ့ပစ္စည်းတွေချည်းပဲ၊ မစားဘဲ..မသောက်ဘဲ..မဝတ်ဘဲသာ ကျန်းမာနေမယ်၊ ဆာ
လောင်မွတ်သိပ်တဲ့ အနာတွေမပေါက်ဘူးဆိုရင်၊ ခင်ဗျားတို့ ဒီအဝတ်တွေ ဝတ်ဖြစ်မှာမဟုတ်ဘူး၊ ဒီအစား
တွေ စားဖြစ်မှာ မဟုတ်ဘူး၊ အခုတော့ ဒီဆာလောင်တဲ့အနာ၊ အပူနာ၊ အအေးနာတွေပေါက်နေလို့ မလွဲသာ
လို့..ဒီအစားတွေစားရ..ဒီအဝတ်တွေ ဝတ်ရ ခြုံရတာ၊ ဒါတွေဟာ စင်စစ်တော့ အသုဘပြင်ဆင်မှုချည်းပဲ၊ အ
သုဘအနာတွေ ကုဖို့ပဲမဟုတ်လား၊ ဒါတွေနဲ့ အမြဲကုနေပေမယ့်၊ နာတာရှည်က ပျောက်ရဲ့လား၊ မပျောက်
ဘူး၊ အင်း နိဗ္ဗာန်ကျမှ ခင်ဗျားတို့နာတာရှည် ပျောက်မှာ၊ ဒီကြားမှာဖြင့် သူလဲ ဝေဒနာသည် ငါလဲဝေဒနာ
သည်၊ အဖေအားကိုးတော့ အဖေလဲ ဝေဒနာသည်ပဲ၊ သားလဲ ဝေဒနာသည်ပဲ၊ ဘယ်သူက ဘယ်သူ့ကို ကယ်
တင်နိုင်သလဲ၊ မကယ်တင်နိုင်ဘူး၊ ကိုယ်လဲ ဒွန်းစဏ္ဍားအမွဲ၊ သူလဲဒွန်းစဏ္ဍားအမွဲဆိုတော့၊ ခွက်ချင်းခုတ်နေ
ဖို့မလိုဘူး၊ အမေက သားကိုချစ်ပါတယ်ဆိုလဲ မကယ်နိုင်ဘူး၊ သားကအမေကိုချစ်ပါတယ်ဆိုလဲ မကယ်နိုင်
ဘူး၊ လောကွတ်တွေတော့ပြောကြမှာပေါ့၊ အဟုတ်တမ်းကျတော့ သားနဲ့အမေ ကွဲကြမှာပဲ၊ "သေကွဲနဲ့ရှင်ကွဲ"
တစ်ကွဲကွဲပေါ့ဗျာ၊ အမေလဲ အနှိပ်စက်ခံနေရတဲ့ ဒုက္ခသည်၊ သားလဲ အနှိပ်စက်ခံနေရတဲ့ ဒုက္ခသည်၊ အဲဒီ
တော့ ဘယ်သူက ဘယ်သူ့ကိုမှ ကယ်လို့မရတာကိုထောက်ကြည့်တော့မှ..ဪ..ဒီအထဲသာနေလို့ရှိရင်
ဒုက္ခက"နှုတ်ခမ်းပဲ့ချင်း မီးမှုတ်"နေရမှာပဲဆိုတာ ပေါ်လာတာပဲ၊ သားလေးချစ်ပါတယ်ဆိုလို့လဲ တော်တော်
ကြာ သားကထော်လော်ကန့်လန့် ဖြစ်တာက တစ်မျိုး၊ သေပွဲဝင်တာကတစ်မျိုး၊ ရောဂါတွေ စွဲကပ်လာတာက
တစ်မျိုး၊ အမေမိဘဘာတတ်နိုင် သေးသတုံး၊ အမေအဖေဖြစ်တာကိုလဲ သားသမီးများက ဘာတတ်နိုင်သေး
သတုံး၊ မတတ်နိုင်ဘူးတဲ့၊ ဘာပြုလို့ အားလုံး ဒုက္ခသစ္စာ အသုဘတွေချည်းမို့၊ အဲ့ဒီလောကွတ်တွေကို ခင်ဗျား
တို့က အဟုတ်ယုံကြည်နေတော့ ဒုက္ခသစ္စာက ကွယ်နေတယ်၊ ဒါ ခင်ဗျားတို့ဖြစ်စဉ်၊ အဲဒါ အမေက သားသ
မီးပြောလဲ ယုံတာပဲ၊ သားသမီးကအမေကို ကနွဲ့ကယနဲ့ ပြာပြန်တော့လဲ ယုံနာပဲ၊ ဪ..ဒုက္ခသစ္စာ မမြင်လို့
ယုံတာ၊ ဒါဖြင့်ခင်ဗျားတို့ သစ္စာဆိုတာ စာထဲမှာသာ ဖတ်တတ်တာပေါ့၊ ခန္ဓာကိုယ်ထဲမှာ မမြင်ဘူးဆိုတဲ့ အဓိ
ပ္ပာယ်ရောက်နေတာပေါ့၊ ဒီအဓိပ္ပာယ် ရောက်နေလို့ပေါ့၊ ခင်ဗျားတို့ သစ္စာဉာဏ်လဲမရ၊ ကိစ္စဉာဏ်မရလို့၊ အခု
ဒါတွေပြောနေရတာ၊ ဒီတော့ ခင်ဗျားတို့ အခြေအနေအားဖြင့် ဒုက္ခသစ္စာတွေကို လွဲလို့ကိုမရဘဲ ကိုယ်တိုင်
ခံစားနေရတဲ့အတွက်၊ ကိုယ့်ဖြစ်စဉ်ဟူသရွေ့ အကုဖြုတ်၊ တစ်ခုမှအကောင်းမရှိဘူး၊ မပါဘူး၊ ဒွန်းစဏ္ဍားစိတ်
ပေါက်ပြီ၊ ဒွန်းစဏ္ဍား အနေမျိုး နေရ၊ ဒွန်းစဏ္ဍား အစားမျိုးတွေ စားနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဘာပြုလို့
တုံး၊ နိဗ္ဗာန်ကျတော့ ဒီအနာတွေ မရှိတော့ဘူး၊ သူပေး..လူပေးတွေ ယူဖို့ မလိုတော့ဘူး၊ အဝတ်တွေ အထည်
တွေ ခြုံဖို့ရုံဖို့ မလိုတော့ဘူး၊ ဘာပြုလို့တုံးဆိုတော့ သဘာဝကောင်းလို့ ပေါ့ဗျာ၊ မပြုမပြင်ဘဲနဲ့ ကောင်းနေတဲ့
အသင်္ခတကိုး၊ အသင်္ခတဆိုတာ မပြုပြင်ဘဲနဲ့ ကောင်းနေတာ၊ ဒါဖြင့် ခင်ဗျားတို့ ပြုပြင်နေတာကို ထောက်သ
ဖြင့်၊ ဪ..သင်္ခါရဒုက္ခပါလားဆိုတာ ပေါ်လာတယ်၊ ခင်ဗျားတို့ဟာ ဒီ သင်္ခါရဒုက္ခကို မသိသေးတော့၊ နဲနဲ
တော့ ချဲ့ပေးရဦးမယ်။"သင်္ခါရဒုက္ခ"ကဲ..ဝက်သားဟင်း ကြက်သားဟင်း တစ်ခုခုစားချင်တယ် ဆိုပါတော့၊
ဈေးသွားပြီး အဝယ်ခိုင်းရတာနဲ့၊ ဆား ဆီ နနွင်းတွေနဲ့ လုပ်ကိုင် ချက်ပြုတ်ရတာနဲ့ဆိုတော့ ဒါ သင်္ခါရချည်းပဲ
ပြီးတော့ ဒီပြုပြင်လိုက်တဲ့ဟင်းစားတော့ လျှာပေါ်မှာ သုခလေး ပေါ်တယ်၊ ဝမ်းထဲလဲ သောမနဿလေး ပေါ်
တယ်၊ ဒီသုခလေးဟာလဲ ကြာရဲ့လား၊ မကြာဘူး၊ ခဏလေးနဲ့ ပျက်သွားတာပဲ၊ ပျက်သွားတော့ ဒုက္ခပေါ့ဗျာ၊
"သုခဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ" (သုခဝေဒနာကို ဒုက္ခအားဖြင့် သိအပ်၏) လို့..ဘုရားကဟောတယ်၊ ဒါဖြင့်
သင်္ခါရရယ်..ဒုက္ခရယ်..ဒါပဲရှိတယ်၊ သင်္ခါရဆိုတာပြုပြင်နေရတာပဲ၊ သူလဲ ဒုက္ခတစ်မျိုးပဲ၊ ပြုပြင်လို့ပေါ်လာ
တဲ့ သုခဝေဒနာလေးကလဲ ပျက်တဲ့ဒုက္ခမှာ လမ်းဆုံးတာပဲ၊ ဒီတော့ သင်္ခါရနဲ့ ဒုက္ခပေါင်းရင် သင်္ခါရဒုက္ခပဲ၊
ခင်ဗျားတို့ အခုနေခဲ့ကြရတာ နှစ်ပေါင်းလဲများလှပြီ၊ ဘာနဲ့ အချိန်ကုန်ရတုံး၊ သင်္ခါရဒုက္ခနဲ့ပဲ အချိန်ကုန်ရ
တယ်တဲ့၊ သုခကို မလာဘူး၊ ဒါဖြင့် တစ်သက်လုံးရှာနေတာက သင်္ခါရ၊ နောက် နဲနဲချမ်းသာယောင်လေးပေါ်
လာပြီး ပျက်စီးသွားတော့ ဒုက္ခလမ်းဆုံးတယ်၊ ဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သုခကို အပ်ဖျားနဲ့ထောက်
(ရှာ) လို့ တစ်ထောက်စာမှ မရှိ (တွေ့) ဘူး၊ ဘာတွေ ရှိသလဲ၊ ဒုက္ခတွေသာ ရှိတယ်၊ ဘာဒုက္ခလဲ၊ သင်္ခါရဒုက္ခ၊
နေရတာလဲ ဘာနဲ့နေရသတုံး၊ သင်္ခါရဒုက္ခနဲ့သာနေရတယ်၊ သင်္ခါရတွေကမနဲ့ ထူမနေရတယ်၊ နောက် သုခ
လေးရမလား..အောက်မေ့ခါရှိသေး၊ တစ်ခါတည်း ဒုက္ခဝင်လာတာပဲ၊ သက်သာရာများပါသေးရဲ့လား၊ မပါး
ဘူး၊ ဒီလို သင်္ခါရဒုက္ခချည်း အချိန်တွေကုန်ရငြားသော်လဲ၊ ဒီသင်္ခါရဒုက္ခကို ခင်ဗျားတို့က သုခထင်နေပြီး
ကိုယ့်ဟာကိုယ် အတော်ဟုတ်နေပြီ ထင်နေတာ၊ အဲဒါ ဒွန်းစဏ္ဍားစိတ်ပေါက်လို့ပေါ့။
အဲဒီ ဒုက္ခသစ္စာကြီးကို ခင်ဗျားတို့က ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်လဲမမြင်သေး၊ သူ့အပေါ်လဲ အကျိုးအ
ပြစ်တွေ မသိသေးတော့၊ ခင်ဗျားတို့မှာ သင်္ခါရဒုက္ခကိုကြိုက်နေတယ်၊ သင်္ခါရဒုက္ခကို ကြိုက်နေရင်၊ အသင်္ခ
တသုခကို ဘယ်တော့မှ မရဘူးမှတ်၊ ဒါဖြင့် သင်္ခါရဒုက္ခကို ဒွန်းစဏ္ဍားကြိုက် ကြိုက်နေတယ်၊ ကိုယ့်ဟာလေး
နဲ့ကိုယ်ပဲ အဟုတ်လုပ်ပြီး ပျော်နေတော့..ဒါ ဒွန်းစဏ္ဍားပျော် ပျော်နေတာပေါ့၊ အဲဒါ ဒုက္ခသစ္စာကို သုခထင်နေ
လို့ ပျော်ပျော်နေနိုင်ကြတာ၊ စင်စစ်တော့ ပျော်စရကို တစ်ကွက်မှ မပါးဘူး၊ ဒီတော့ ခင်ဗျားတို့ ဘာကြောင့်
နိဗ္ဗာန် မရောက်တာဆိုတာ ပေါလောကြီးပေါ်လာတယ်၊ ခင်ဗျားတို့က ဒုက္ခသစ္စာကိုလဲမမြင်..ဒုက္ခသစ္စာကိုလဲ
သုခလို့ ထင်နေတာမို့..ဒွန်းစဏ္ဍားပျော် ပျော်နေတာ၊ အဲဒါကြောင့် နန်းတော်အိမ်နဲ့တူတဲ့ နိဗ္ဗာန်မရောက်တာ၊
ဒါဖြင့် ဒီ ဒွန်းစဏ္ဍားစိတ် မပျောက်သရွေ့ ဘယ်တော့မှ ရှင်ဘုရင်စိတ်ပေါက်မှာမဟုတ်ဘူး၊ အဓိပတိစိတ်
ပေါက်မှာ မဟုတ်ဘူး၊ ကျွတ်စိတ် ကူလီစိတ် ဒွန်းစဏ္ဍားစိတ်ပဲ ပေါက်နေမှာပဲ၊ အဲဒီတော့ အရင်တုန်းက ဒီ
သာမည ဝိပဿနာစိတ်တွေ သီလတွေ သမာဓိတွေ ပညာတွေဟာ ဒီဒွန်းစဏ္ဍားသဘောကိုကောင်းကောင်း
မကျော်နိုင်သေးဘူး၊ ဒွန်းစဏ္ဍားစိတ်ပျောက်ပြီး ဒွန်းစဏ္ဍားအထည်ကြီး စွန့်ပစ်အောင် မတတ်နိုင်သေးဘူး၊ ဒါ
သေချာတယ်၊ ရှေးကဆောက်တည်ခဲ့တဲ့ သီလ သမာဓိ ပညာတွေဟာ ခင်ဗျားတို့မှာ အထိုက်အလျောက်ရှိ
ပေမယ့်၊ ဒီ နိရောဓ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့သဘောမရောက်သေးဘူး၊ မရောက်သေးတော့ သူတို့က ပစ်
ချလိုက်ရင် ဒွန်းစဏ္ဍားရွာအထိကျမယ်၊ အဲ လူပြည် နတ်ပြည်ဆိုတာ ရွာကြီး ရွာလေးပဲကွာမယ်၊ ရွာကြီးနဲ့ရွာ
လေးပဲ ပြောင်းချင် ပြောင်းမယ်ပေါ့၊ နန်းတော်ကြီးဖြစ်တဲ့ နိဗ္ဗာန်ကိုတော့ မရောက်နိုင်ဘူး၊ ဟာကြောင့်၊ ဒွန်းစ
ဏ္ဍားစိတ် မပျောက်လို့၊ ရှင်ဘုရင်စိတ်မပေါက်လို့၊ ဒါဖြင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာအစစ်လို့ မသိသေးသရွေ့
တော့ နိရောဓသစ္စာလာဖို့ရာ ဝေးပါသေးတယ်၊ ဒီရှေ့ ဒွန်းစဏ္ဍားစိတ်ပျောက်ပြီး ဒွန်းစဏ္ဍားရွာကိုစွန့်ပါ၊ ဒါမှ
ဘုရင်စိတ်ပေါက်ပြီး နန်းတော်ရောက်မှာ၊ ရိုးရာစွန့်ဖို့တော့ တယ်လွယ်မယ်မထင်းဘူး၊ ဒါကြောင့် မိမိတို့အ
ဖြစ်ဟာ အဖြစ်ဆိုးကြီးပါ့လားလို့ ဘေချာမှ နိဗ္ဗာန်ကြိုက်မှာ၊ ဒီ အဖြစ်ဆိုးကြီးကိုပင် အင်း..ကိုယ့်အကျိုးပေးနဲ့
ကိုယ့်ကံနဲ့ကိုယ် တန်ရုံပဲ၊ လှသလောက်တော့ လှတာပဲနဲ့..ကျေနပ်နေရင်တော့၊ ကိုယ့်ရွာကို အပျော်ဆုံးပဲ
ဟုတ်လား၊ ပျော်နေတော့ ထွက်ပေါက်ရှာမတွေ့တော့ဘူး၊ ဒါမှားသလား၊ မယုံရင် ကိုယ့်အိမ်ကိုပြန်ကြည့်၊
ပျော်မပျော်၊ သူများအိမ်နေရတာနဲ့ ကိုယ့်အိမ်နေရတာ ဘယ်ကပျော်တုံး၊ ကိုယ်အိမ်မှာ ပျော်တယ်တဲ့၊ ကိုယ့်
အိမ်ကလဲ တလားပျက်နဲ့ဆောက်ထားတဲ့ လောင်တိုက်ပဲ၊ ရှိတာကလဲ မသာ အသုဘပစ္စည်းတွေပဲ၊ အိမ်မှာရှိ
တဲ့ ဆန် ဆီ ဆား ငါးပိ ငါးခြောက်စတဲ့ ဟာတွေလဲ ဒီအသုဘခန္ဓာကြီးကို ကုသဖို့ပဲ မဟုတ်လား၊ "အနာနဲ့
ခန္ဓာ"ဟာ မကင်းတာနဲ့ ဆေးကို အပြတ်ခံလို့မရဘူးနော်၊ မပြတ်ပေမယ့် ကိုယ့်ဆေးနဲ့ကိုယ်တော့ အတော်
ကျေနပ်တောပဲ၊ အနာပေါက်လိုက်ဆေးကုလိုက်၊ အနာပေါက်လိုက်ဆေးကုလိုက်၊ အနာပေါက်လို့ ဆေးကုရ၊
ကုလို့ ဒီအနာပျောက်ပြီး ဟိုအနာပေါက်လာပြန်၊ ပေါက်တော့ ကုရပြန်၊ အနာတွေကလဲ ၉၆-ပါး တစ်ခုပြီးတစ်
ခုလည့်ပေါက်နေတော့ အနာကင်းတယ်လို့ ရှိရဲ့လား၊ မရှိဘူး၊ ကုလို့ကော ပြီးရဲ့လား၊ မပြီးဘူး၊ အနာတွေ
ဆေးကုရတာနဲ့ကို အားတယ်လို့မရှိကြဘူး၊ တစ်သံသရာလုံးရောဂါနဲ့ကို မပြတ်တော့ဆေးနဲ့လဲမပြတ်ခဲ့ဘူး၊
ဒါဖြင့်"ဝဋ်ကောင်"အစစ်ပေါ့။
ဒီလောက် ဆိုးနေတဲ့ဥစ္စာ ကိုယ့်ဟာလေးနဲ့ကိုယ် တင်းတိမ်နေကြတယ်၊ ဒါနန်းတော်အိမ်တော် မရာက်ဖူးလို့
တင်းတိမ်နေတာ၊ ဒွန်းစဏ္ဍား စိတ်ပေါက်လို့ တင်းတိမ်နေတာ၊ နို့မို့ရင် တင်းတိမ်မနေပါဘူး၊ ကဲ..ကိုယ့်အဖြစ်
ကို ကိုယ်သိပြီလား၊ စားရတာ..ဝတ်ရတာ..နေရတာ..ဘာမှလွမ်းစရာမရှိပါဘူး၊ ချမ်းသာတယ်လို့မှ မရှိပဲ၊ ဆန်
ရှိပေမယ့် ဆီကလိုနေပြန်၊ ဆီရှိပေမယ့် ဆားကလိုနေပြန်၊ အဝတ်အထည်တွေ ရှိပေမယ့်..ရွှေကလိုနေပြန်၊
ရွှေရပြန်တော့ စိန်ကလိုနေပြန်၊ လိုတာချည်းဖြစ်နေတယ်၊ ဘယ်တော့ ပြည့်စုံမှာလဲ၊ မပြည့်စုံဘူးတဲ့၊ ဟာ..
အမွဲချည်းပါလား၊ ဘာကြောင့်လိုနေတာတွေ မပြည့်စုံပါလိမ့်၊ ဆင်းရဲလွန်းလို့၊ ဘယ်တော့များ ဆင်းရဲပျောက်
ပြီး ချမ်းသာခြင်းသို့ရောက်မှာပါလိမ့်၊ ချမ်းသာခြင်းမရောက်ဘဲနဲ့ သေသွားကြရတာချည်းပဲ၊ အဲဒီတော့ ဒီက
ထွက်မှပဲ ဆင်းရဲလက်စသတ်မှာ၊ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်ကလာတဲ့အတိုင်း ဒုက္ခသစ္စာများများကြီးပိုင်ဖို့ အ
ရေးကြီးတယ်၊ ဒုက္ခအကြောင်း ကောင်းကောင်းပိုင်နိုင်သိတဲ့အခါကျမှ (ဘုရင်စိတ်ပေါက်ပြီး) နန်းတော် အိမ်
တော်နဲ့တူတဲ့ နိဗ္ဗာန်ရောက်မှာ၊ အဲဒီရောက်မှပဲ ဒုက္ခလက်စသတ်မယ်။ ဒီလု ဒုက္ခကို ပိုင်းခြားပြီး မသိသေးသ
ရွေ့၊ ဒွန်းစဏ္ဍားလေးတွေ ညအခါ မြေပုံပေါ်မှာ ဇရပ်ပေါ်မှာ လျှောက်သွားပြီး ကျားထိုးရင်း..ဆေးလိပ်
သောက်ရင်း ဆိုသလို..ကစားပြီးပျော်ကြတယ်၊ ကိုယ့်ရွာကို ကျက်သရေအရှိဆုံး အပျော်ဆုံးလို့ ထင်ကြ
တယ်၊ ပြီးတော့ ဝင်ငွေအမှန်ဆုံးလို့ ထင်ထားတယ်၊ မသေတဲ့လူမှ မရှိဘဲကိုး၊ အဲဒီကနေပြီး ထိုင်စောင့်နေရုံ
ပဲ၊ အဲဒီတော့ ဘယ်မှမရောက်ဘူးရင် သူတို့ရွာ သူတို့အပျော်ဆုံး ဖြစ်မှာပဲ၊ အဲ..ခင်ဗျားတို့လဲ နိဗ္ဗာန် မရာက်
သေးခင်တော့ ကိုယ့်ရွာကိုပျော်ကြအုံးမှာပဲ၊ လူ့ပြည်ရောက်လဲပျော်မှာပဲ၊ နတ်ပြည်ရောက်လဲပျော်မှာပဲ၊ နတ်
ပြည်ရောက်တော့လဲ ဒီ အသုဘခန္ဓာတွေနဲ့ ဒုက္ခရောက်မှာပဲ၊ ဒါကြောင့် ဒုက္ခသစ္စာမပိုင်းခြားနိုင်သေးလို့
နိရောဓသစ္စာ မျက်မှောက်မပြုနိုင်သေးတဲ့အတွက်၊ ခင်ဗျားတို့"၃၁-ဘုံး ဒွန်းစဏ္ဍားရွာကြီးမှာ ဒွန်းစဏ္ဍားပျော်
ပျော်နေကြတာ၊" ဒါကြောင့်"ဒုက္ခသစ္စာ ပိုင်းခြားမသိဘဲ နိဗ္ဗာန်မရောက်ဘူး၊ ဒုက္ခပိုင်းခြားသိမှ နိဗ္ဗာန်ရောက်
မှာ" အဲ...မဂ္ဂင် ၈-ပါးနဲ့ နိဗ္ဗာန်ကိုမြင်တော့၊ ၃၁-ဘုံး ဒွန်းစဏ္ဍားရွာကြီးကို မပြန်တော့တဲ့ စိတ်..လာမှာ၊ အဲဒီကျ
မှ မြဲမြံခိုင်ခံတဲ့ ဘယ်တော့မှ မပျက်စီးတဲ့..အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဖြစ်မှ၊ ဒီအခြေရောက်မှ ဒွန်းစဏ္ဍား
ရွာကြီးကိုမပြန်တော့တဲ့အောင်..ရွာအကြောင်းစေ့စေ့စပ်စပ်ကြည့်ပေတော့၊ တကယ်သိရင် နိဗ္ဗာန်ရောက်ပြီ
မှတ်။                      ။

                                          ဤကောင်းမှုကုသိုလ်ကံ
                        စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                        ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                    အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                          တည်ရှိပါစေသတည်း။                     ။

                                                                                                              အရှင်ဉာဏဓဇ
                                                                                                မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                           ပင်မသံဝေဇနိယဌာန
                                                                                                                   အမရပူရမြို့ ။            ။

No comments:

Post a Comment