Monday, March 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမဲရိုးကိုက်တဲ့ခွေလို

သား၊ လင်၊ ခင်ပွန်းနဲ့ပစ္စည်းတွေ ခင်တွယ်နေတဲ ပုဂ္ဂိုလ်များဟာ၊ ခွေးအမဲရိုကိုက်တာနဲ့တူတယ်၊ အမဲရိုးရ
ထားတော့ ခွေးကကံကောင်းတယ်လို့ထင်တယ်၊ အမဲရိုးက ရိုးတွင်ချဉ်ဆီအနံ့ကလေးနဲ့မို့ အရသာရှိသလို
လိုနဲ့ နောက်ဆုံးပိတ်ကျတော့ ဝါးရင်းမောလာတာနဲ့ပစ်ချလိုက်ရတယ်၊ ဝပြီးပြန်ရတာလား၊ အညှီနံ့ကလေး
ရရုံနဲ့ ပြန်ရတာလားဆိုတော့ အညှီနံ့ကလေး ရရုံနဲ့ ပြန်ရတာ၊ နက်ဖြန်ကျတော့လဲ ဒီအတိုင်းပဲ၊ လာပြီးဝါး
ရပြန်တယ်၊ ဝါးရတော့လဲ ဝပြီးပြန်ရတာမဟုတ်ဘူး၊ အညှီနံ့ကလေး ရရုံပြန်ရတာပဲ၊ ဝါးရတာနဲ့ အညှီနံ့က
လေး ရရုံနဲ့ပြောပလောက်အောင်ချမ်းသာမှုမရကြပါဘူး၊ ထိုအတူပဲ သား လင် ခင်ပွန်း ပစ္စည်းတွေခင်တွယ်
ကြရတာတစ်နေ့လဲ ဒီအလုပ်နဲ့ဒီသားသမီးနဲ့သွားပြီးဝါရပြန်တာပဲ၊ မနက်ဖြန် သန်ဘက်ခါကျတော့လဲ သွား
ပြီးဝါရပြန်တာပဲ၊ မိုးချုပ်နေဝင်ကျတော့လဲ ဝသလားဆိုတော့မဝဘဲနဲ့ ပြန်ခဲ့ရတာပဲ၊ နောက်လဲ ဒီသား လင်
ခင်ပွန်းများအတွက်သွားရပြန်တာပဲ၊ တစ်နေ့လုံး ဝါးနေတော့တာပဲ၊ ညနေရောက်လို့ စာရင်းတွက်တော့
၂၀-ကျပ်၊ ၂၅-ကျပ်၊ ၃၀-ကျပ် အမြတ်ကလေးကျန်မယ်၊ ဒီအညှီနံ့လေးခံပြီးပြန်ခဲ့ရတာပဲ၊ ဘယ်လောက်ကြာ
ကြာ ဝါးရမှာလဲလို့မေးရင် သွားတွေသာ ကျိုးစရာအကြောင်းရှိတယ်၊ ဝမှတော့မဟုတ်ဘူး။
အဲဒီတော့ ခင်ဗျားတို့ အရောင်းအဝယ်လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်စဉ်က ခွေးအမဲရိုးကိုက်သလိုပဲ၊ ကိုက်လို့
မောတာနဲ့ အညှီနံ့ကလေး ခံရတာနဲ့မမျှပါဘူး၊ အနံ့ကလေးကမဖြစ်လောက်ပါဘူး၊ ဒါကို တစ်နေ့လုံးဝါးနေရ
တယ်၊ ဒါကြောင့် ဘုရားရှင်က ငါးပါးအာရုံ ကာမဂုဏ်တွေဟာသာယာစရာက နည်းနည်းလေးသာရှိတယ်၊
ဒုက္ခတွေက သိပ်များတယ်လို့ ဟောထားခဲ့တယ်၊ နေ့တိုင်းဝါးနေရတဲ့အမဲရိုးကို စိတ်မပျက်သရွေ့ ခင်ဗျားတို့
သွားပြီး ဝါးနေမှာပဲ၊ သေသည်အထိ ဝါးနေမှာပဲ၊ သေတော့လဲ ဝရဲ့လားဆိုတော့၊ မဝဘဲနဲ့သေရတာ၊ သေပွဲ
ဝင်တော့လဲ မပြီးသေးဘူး၊ ရောက်ရာဘဝမှာလဲ ကိုက်ဦး ဝါးဦးမှာပဲ၊ ဝပြီးသေတဲ့သဘောကိုမပါဘူး၊ တန်း
လန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ၊ အမဲရိုးဟာသာယာစရာ အညှီနံ့လောက်ပဲရှိသလို၊ ခင်ဗျားတို့ မှာလဲ သားသမီး
ပစ္စည်းတွေကို ချစ်ခင်တာ သာယာတာကနည်းနည်းကလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေကအများကြီ်း
ပဲလို့ ဘုရားကဟောခဲ့တယ်။
ဒါဘာဟောနေတာလဲဆိုတော့"တဏှာ"သတ်ဖို့ဟောနေတာ၊ ဒီတဏှာက ဘယ်တော့မှ ဝ မှာမဟုတ်ဘူး၊
ဒုက္ခပေးလိုက်တာကတော့ နေ့စဉ်နဲ့အမျှပဲ၊ ဆိုင်ခင်တဲ့သူကို ဒီဆိုင်က ဒုက္ခပေးနေတယ်၊ သားခင်တဲ့သူကို
ဒီသားကဒုက္ခပေးနေတယ်၊ မယားခင်တဲ့သူကို ဒီမယားကဒုက္ခပေးနေတယ်၊ ဒါပေမယ့် ခင်ဗျားတို့ဟာအမဲ
ရိုးရတဲ့ခွေးလို"ခင်လို့မဝ၊ ဝါးလို့မဝ"ပဲနဲ့သေရတာပဲ၊ ဝ ပြီးသေတယ်လို့မရှိဘူး၊ စားချင်ရက်တန်းလန်းနဲ့ပဲ
သေသွားရတယ်၊ အိုလို့သာ သေသွားရတယ်၊ ဝ တော့မဝဘူး၊ တဏှာက ဘယ်တော့မှ ဝ ရိုးထုံးစံမရှိဘူး
ဒီ သားခင်ရတာတော်ပြီ၊ ဒီ သမီးခင်ရတာတော်ပြီ၊ ဒီ မယာခင်ရတာတော်ပြီ၊ ဒီ စီးပွားရေလုပ်ရတာတော်
ပြီလို့များ ခင်ဗျားတို့လာကြရဲ့လား၊ မလာဘူး၊ ဪ..နေ့တိုင်းလုပ်နေရတာလဲ မဝဘူး၊ သေခါနီးကျပြန်
တော့လဲ တဏှာနဲ့ခင်လျက် ဥပါဒါန်နဲ့ စွဲလမ်းလျက်နဲ့ပဲ သေသွားရတော့ ဘယ်ရောက်သွားမလဲ၊ အပါယ်
၎-ပါးပဲရောက်မယ်၊ ဒါဘယ်သူ့ သတ္တိလဲ၊ မဝနိုင်တဲ့တဏှာသတ္တိပဲ၊ ဒီတဏှာမသေသရွေ့တော့ဖြင့် အပါယ်
၎-ပါးကလွတ်ဖို့ရာ အကြောင်းမမြင်ဘူး၊ ဒါကြောင့် ဝိပဿနာလုပ်ကြပါလို့ တိုက်တွန်းတာ၊ ဝိပဿနာ လုပ်
ကြဆိုတာ၊ ဒါတွေကို စွန့်လွှတ်လိုက်လို့ပြောတာ။
နောက်ပြီး ဘုရားရှင်က"မြက်မီးရှူး"ဥပမာနဲ့ဟောပြန်သေးတယ်၊ သားသမီးနဲ့ ပစ္စည်းဥစ္စာတည်းဟူသော
ငါးပါးအာရုံကာမဂုဏ်တွေဟာ မြက်မီးရှူးနဲ့တူတယ်၊ မြက်ခြောက်ကလေးတွေကို ကြိုးနဲ့စုစည်းပြီးအဖျားကို
မီးရှို့ပြီး ညအခါလမ်းသွားတာနဲ့တူတယ်၊ လေတိုက်တဲ့ဘက်သွားတော့ လေကလဲတိုက်ပြန်၊ မီးကလဲ
လောင်ပြန်ဆိုတော့ ကိုယ်ဘက်ကိုလောင်မှာသေချာတယ်၊ ဒီမီးကိုလွှတ်ပစ်လိုက်ရင်မလောင်နိုင်ဘူး၊
လောင်မှာသိလျက်နဲ့ ဘာကြောင့်မလွှတ်ပစ်နိုင်သလဲ၊ ဒီမီးရှူးကိုခင်တွယ်နေလို့မပစ်နိုင်ရင် ခင်ဗျားတို့အ
လောင်ခံပြီး သေရုံပဲ ရှိတော့မှာပဲ၊ ဒီမီးအလင်းကလေးမရှိရင်မဖြစ်ဘူးဆိုပြီး တအားဆုပ်ကိုင်ထားတာလို့၊ ဒီ
သားသမီး ပစ္စည်းဥစ္စာကိုလဲ မရှိရင်မဖြစ်ဘူးဆိုပြီး ဆုပ်ထားတယ်၊ ဘုရားရှင်က ဒါတွေဟာမီးတွေကွ၊ ဆုပ်
ထားတဲ့လူကို လောင်လိမ့်မယ်လို့ဟောတယ်၊ ဒီမီးကိုလွှင့်ပစ်ရင်တော့ မလောင်ပါဘူး၊ မလွှတ်ပဲနေရင်တော့
လောင်မှာပဲ၊ ဒါဖြင့် ဒီမီးကိုလွှတ်လိုက်ပါလားဆိုတော့၊ မလွှတ်ချင်ဘူး၊ ဆုပ်ထားပါရစေတဲ့၊ ဘာပြုလို့ဆုပ်
ထားရသလဲ ဆိုတော့၊ အပူခံချင်လို့ အလောင်ခံချင်လို့ပေါ့၊ လောင်တာတောင်မှ မလွှတ်ချင်သေးဘူး၊ သားပူ
ကလဲလောင်း၊ သမီးပူကလဲလောင်း၊ ပစ္စည်းပူကလဲလောင်း၊ အံမယ်လေး..မီးတွေဝိုင်းပြီးလောင်နေပါလား၊
ဒီမီးတွေ လောင်မှန်းလဲမသိဘူး၊ လောင်မှန်းသိရင် လွှတ်ပစ်လိုက်ပေါ့ လွှတ်ပစ်လိုက်ရင်မလောင်တော့ဘူး၊
ခင်ဗျားတို့ကလဲ လွှတ်ကိုမလွှတ်ဘူး၊ အလောင်ခံမိုက်နေကြတယ်၊ သူတို့နဲ့ ဝေးရင်အေးတယ် ဆိုတဲ့သ
ဘောကိုမလာဘူး၊ သူတို့နဲ့ မခွဲနိုင်ဘူးဆိုတော့ ဒါဆုပ်ထားတာပဲ၊ ဒါတွေကို ခင်တွယ်လို့ ဆုပ်ထားတာပါ၊
ဒါတွေ ဆုပ်ထားတော့ လောင်တာပေါ့၊ သူတို့အတွက်နေ့မအိပ်ရ၊ ညမအိပ်ရ၊ စိုးရိမ်ရ၊ ကြောင့်ကြရ၊ အပူ
တွေဝမ်းထဲလောင်နေတာပဲ၊ မီးတွေမို့ လွှတ်ပစ်လိုက်ပါတော့လား ဆိုတော့ဘယ်ပစ်နိုင်ပါ့မလဲတဲ့၊ မင်းတို့
မိုက်ချက်ကလွန်နေပြီ၊ ဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဒီမီးတွေလောင်မယ်၊ လွှတ်ပစ်လိုက်လို့ပြော
ပေမယ့်၊ ခင်ဗျားတို့က နားမထောင်ဘူး၊ အသေဆုပ်ထားတယ်၊ ဘုရားပြောတာကို ကန့်လန့်လုပ်တယ်၊ ပြီး
တော့ ခင်ဗျားတို့ကပဲ ဘုရားကို ကန့်လန့်လုပ်တယ်လို့ ထင်ကြသေးတယ်၊ ဘုရားက အမှန်ပြောတာ ခင်ဗျာ
တို့ကသာ ကန့်လန့်လုပ်တာ။
ခင်ဗျားတို့ ဒီမီးတွေနဲ့လောင်ပြီးသေတဲ့အခါ၊ အပါယ်သွားရုံပဲ ရှိတော့တယ်၊ တချို့များသေခါနီးမှာ ဝိညာဉ်မ
ချုပ်နိုင်ပဲ အမောဆိုက်နေတာတောင်မှ၊ သားသမီးတွေ၊ ပစ္စည်းတွေ မခင်နဲ့၊ မစွဲလမ်းနဲ့၊ လွှတ်ပစ်လိုက်ပါ လို့
အနားကပြောတာတောင်မှ မကြားချင်ယောင်ဆောင်ပြီး လွှတ်မှာမဟုတ်ဘူး၊ ခင်ဗျားတို့ဟာ မီးကိုင်မိနေ
တာလဲမသိဘူး၊ လွှန်ပစ်ရင် အလောင်လွတ်မယ်ဆိုတာလဲ မသိဘူးဆိုတော့ မသိ ၃-မျိုး လွှမ်းမိုးနေတယ်၊
မသိ ၃-မျိုးလွှမ်းနေတဲ့ ပုထုဇဉ်အကန်းတွေဖြစ်နေတယ်၊ မီးလောင်ပြီးသေခြင်းဆိုးနဲ့ သေရင်အပါယ်ရောက်
တော့မှာပဲ၊ ဒီတော့အကန်းလက်စ၊ အမိုက်လက်စ သတ်ကြပါတောံ၊ ဝိပဿနာအလုပ်လုပ်ပြီး၊ မိုက်..ကန်းမှု
လက်စသတ်ကြပါတော့၊ ဒီသားသမီး ပစ္စည်းတွေဟာ ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေလို့ ဝိပဿနာ
ဉာဏ်နဲ့ ရှုပေးပါ၊ ဒီလိုရှုပေးလို့ အမှန်တကယ်သိလာရင် အဲဒါတွေကို မခင်တော့ဘူး၊ ဆုပ်မထားတော့ဘူး၊
ဆုပ်မထားရင် မပူလောင်တော့ဘူး၊ မခင်တွယ်တာက"တဏှာ"ချုပ်တာ၊ ဆုပ်မထားတာက"ဥပါဒါန်"ချုပ်တာ
တဏှာ ဥပါဒါန် ချုပ်ရင် အပါယ်လေးပါတံခါးပိတ်သွားတာပဲ၊ အဲဒီတော့ ဝိပဿနာအလုပ်မှတစ်ပါး ခင်ဗျား
တို့မှာ ကယ်မဲ့သူ မရှိဘူးလို့မှတ်၊ ဝိပဿနာလုပ်လို့ မဂ်ဉာဏ် ရသွားရင် တဏှာ သမုဒယချုပ်တယ်၊ သမုဒယ ချုပ်ရင် ဒုက္ခ ချုပ်သွားတာပဲ၊ ဒုက္ခချုပ်ရင် နိဗ္ဗာန်ရောက်ပြီးမှတ်ပါ။           ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                              ပင်မသံဝေဇနိယဌာန
                                                                       အမရပူရမြို့ ။                ။

No comments:

Post a Comment