Sunday, March 10

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရထားထွက်ခါနီးပြီ

ကဲ..တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်၊ ဟောတဲ့ပုဂ္ဂိုလ်ဟာလဲ ခန္ဓာကြည့်ပြီးဟောမယ်၊ ဘာဝနာ
ပွားပြီးဟောတဲ့အတွက် ဘာဝနာပွားပြီးနာရမယ်၊ ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူပြည်ရောက်လာ
တာ၊ ဒါကြောင့် ခင်ဗျားတို့ "တရားသာအမိ၊ တရားသာအဖ"ပါပဲ၊ ဒီတော့တရားပဲ အားကိုးစရာရှိတော့ ဒီလို
သေသေချာချာမှတ်ပါ၊ သာဓကလုံလောက်အောင်ရှင်းပြမယ်၊ မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့ဪ
ငါအတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက် သီလ သမာဓိ ပညာအားဖြင့်သာတဲ့ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်
ဆည်းကပ်ပူဇော်မယ်ဆိုပြီး ၃၁-ဘုံမှာလျောက်ပြီးကြည့်လိုက်တော့၊ သူ့ထက်သာတဲ့ပုဂ္ဂိုလ်တစ်ယောက်မှ
မမြင်ဘူး၊ မမြင်တော့ ငါဘယ်နှယ့်ကြောင့် ဘုရားဖြစ်လာရပါလိမ့်မတုံးလို့တွေးဆင်ခြင်လိုက်တော့ တရား
ကြောင့် (တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲကိုးကွယ်မှဖြစ်မယ်လို့ ဆုံဖြတ်တော်မူတယ်။
ဒါဖြင့်ခင်ဗျားတို့လဲ တရားကပို့လို့ ဒီလူ့ပြည်ရောက်လာတာ၊ ဒီကနေ့သေလွန်တဲ့ အခါမှာလဲတရားပို့တဲ့ဆီ
သွားရမှာပဲ၊ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်၊ ဘုန်းကြီးကဝေဖန်ပြမယ်
တရားက ၅-မျိုးရှိတယ်၊"အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊ သီလကုသိုလ်တရား၊သမထကုသိုလ်တရား
ဝိပဿနာကုသိုလ်တရား"လို့ ၅-မျိုး ရှိတယ်၊ ဘယ်တရားပို့တာ ကြိုက်သလဲ။
(၁) အကုသိုလ်တရား ကတော့အပါယ် ၄-ပါးပို့တယ်၊ ဒါကိုခင်ဗျားတို့ မကြိုက်ဘူး။ (၂) ဒါနကုသိုလ်တရား
ကတော့ လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည် နတ်ပြည်မှာ အိုဘေး နာဘေး သေဘေးတွေရှိတယ်ဆိုတော့
ဒါလဲကြိုက်စရာမဟုတ်ဘူး။ (၃) သီလကုသိုလ်တရား ကလဲ နတ်ပြည်ကစပြီ"အကနိဋ္ဌ"ဗြဟ္မာဘုံထိအောင်
ပို့တယ်၊ အိုဘေး နာဘေး သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာမဟုတ်ဘူး၊ အိုနာသေဒုက္ခသစ္စာရှိတဲ့ဆီ
သွားလို့လဲမတော်ဘူး။ (၄) သမထကုသိုလ် အားထုတ်တော့ သူကဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်၊ ဗြဟ္မာ့ဘုံ
တွေမှာ သက်တမ်းရှည်လွန်းတော့ သက်ဆိုးရှည်နေတာပဲ၊ ခန္ဓာဝန်ထမ်းပြီး အိုဘေး နာဘေး သေဘေးတွေ
နဲ့ အတူတူနေရတာဖြစ်လို့၊ ဒီတရားပို့တဲ့ဆီကိုလဲကြိုက်လို့မတော်ဘူး၊ ဒီ ၄-ချက်ကိုခင်ဗျားတို့ မကြိုက်သင့်
ဘူး နောက်ဆုံးဖြစ်တဲ့။ (၅) ဝိပဿနာကုသိုလ် တရားကတော့ ဒုက္ခသိမ်းငြိမ်းရ နိဗ္ဗာန်ပဲပို့မယ်၊ ဒါကိုကြိုက်
ရမယ်။ ကိုင်းဒါဖြင့်ခင်ဗျားတို့ တရားပို့လို့ခုဒီလူ့ပြည်ရောက်လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီ သွား
မတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီမသွားချင်တော့ဘူး၊ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်၊ ဒါဖြင့်
ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ဝိပဿနာကိုကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှ
တစ်ပါး ဘယ်မှမပို့ဘူး၊ ဒုက္ခထဲမပို့တော့ဘူး၊ ဝိပဿနာ (မဂ်) ကတော့ ကိလေသာဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မ
ဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မဝဋ်ပြတ်တော့ ဝိပါကဝဋ်မလာတော့ဘူး၊ ဒီတော့ ဝိပဿနာ (မဂ်) ဟာ ဝဋ် ၃-ပါး
ကျွတ်တဲ့ဆီပို့တယ်၊ ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလိုဝေဖန်ရှင်ပြနေရတာ။
ဘယ်တရားကပို့တယ်ဆိုတာ သိထားရမယ်၊ တချို့တရားကပို့လိုက်တာ အပါယ် ၄-ပါးရောက်သွားတာပဲ၊
တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတယ်၊ တချို့တရား
ကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျား
တို့ အားထားလို့ တော်ပါ့မလား၊ မတော်ဘူး၊ မတော်ဘူးဆိုတာ သစ္စာသိလို့ ထွက်လာတဲ့အသံပဲ၊ အဲဒီလို
သစ္စာသိတော့ ဘယ်နတ်ပြည် ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး၊ ဘာဖြစ်လို့"အို နာသေ"ရှိနေလို့၊ ပထမ
ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့ဇာတ်သိမ်းရလိမ့်မယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာသေ ရှိတဲ့လူ့
ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကိုမသွားချင်တော့ဘူး၊"အို၊ နာ၊ သေ"မရှိတဲ့နိဗ္ဗာန်ပဲ သွားချင်မှာပဲ။ ကုသိုလ်ဆို
တာ ၂-လမ်းရှိတယ်၊ သစ္စာမသိပဲ ပြုလုပ်တဲ့"ဒါန၊ သီလ၊ သမထ"ကုသိုလ်တွေကတော့ လူ့ပြည်နတ်ပြည်
ဗြဟ္မာ့ပြည်ဆိုတဲ့"အို နာ သေ"ရှိရာ ပို့လိမ့်မယ်၊ ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့"ဒါန၊ သီလ၊ သမထ"ကု
သိုလ်တွေဟာလမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုပို့ပေးတယ်၊ အဲတာ.."ဝိပဿနာ"ကတော့ ကိလေသာဖြတ်၊ ကံဖြတ်
အကျိုးပေးဖြတ် (ဝဋ် ၃-ပါး) ဖြတ်လေတော့၊ ဝဋ်ကျွတ်တဲ့နေရာပဲ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး၊
ဒါတရားရွေးတတ်အောင်ပြောနေတာ၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့၊
ဖြစ်သမျှအကြောင်း အကောင်းချည်းလို့ပြောမှာပဲ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုတာ ကံစီမံသလို
ခံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ကံစီမံသလိုမခံဘူး ဉာဏ်စီမံသလို ခံလိမ့်မယ်၊ ဝိပဿနာ ဆိုတာဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ၊ ဒီတော့ ဉာဏ်စီမံရာသွားပါ၊ ကံစီမံတာက ၃၁-
ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံအပြင်ဘက်မှ နိဗ္ဗာန် ရှင်းပြီလား။
ဉာဏ်စီမံသလိုသွားမယ်ဆိုတော့ ဉာဏ်ကလဲ တစ်ခါခွဲရအုံးမယ်၊ ဉာဏ်ကလဲ"ကမ္မဿကတာဉာဏ်ကတစ်
မျိုး၊ နာမရူပပရိ စ္ဆေဒဉာဏ်ကတစ်မျိုး၊ ပစ္စယပရိဂ္ဂဟ ဉာဏ်ကတစ်မျိုး၊ ဝိပဿနာဉာဏ်ကတစ်မျိုး၊
မဂ်ဉာဏ်ကတစ်မျိုး"လို့ ၅-မျိုးရှိပြန်တယ်။ (၁) ကမ္မဿကတာဉာဏ် ဆိုတာ"ကောင်းတာလုပ်ကောင်းကျိုး
ပေးတယ်"ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လဲ အားကိုးလို့မဖြစ်သေးဘူး၊ ဒီဉာဏ်က သုဂတိတော့ ပို့လိုက်
တာပဲ၊ ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ်ဆိုတော့ ဒိဋ္ဌိကပါသွားတယ်၊ ဒီတော့ ဒိဋ္ဌိပါ
သွားတဲ့ ကမ္မဿကတာဉာဏ်ပို့ရာကိုလဲ မလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့တက်သွားတော့ ပြန်ကျအုံး
မှာ။ ဥပမာနဲ့ရှင်းပြမယ်၊ အင်မတန်ကြီးတဲ ငှက်ကြီးတစ်ကောင်ကို အဆိပ်လူးတဲ့ မြားကလေးနဲ့ ပစ်လိုက်
တော့ မြားတံအဖျားက သေးသေးလေးဆိုတော့ အဆိပ်ကဖြုန်းခနဲ့ ချက်ချင်းမပြန်ဘူး၊ မပြန့်သေးတော့ ငှက်ကြီးဟာ ပျံတက်သွားတယ်၊ ဒါပေမယ့် အဆိပ်မပြန်ခင်သာ ပျံနိုင်တာ အဆိပ်ပြန့်တော့ မပျံနိုင်တော့ဘူး
ဗုန်းခနဲ့ပြန်ကျတယ်၊ အဲဒီလိုပဲ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိအဆိပ်မပြန့်ခင်သာတက်တယ်၊ ဒိဋ္ဌိ..အဆိပ်
ပြန့်တဲ့အခါကျတော့ ဗုန်းဆိုထိုးကျတာပဲ၊ ကုသိုလ်မကုန်ခင်သာ အထက်တက်တာ၊ ဒိဋ္ဌိအဆိပ် ပြန့်တာနဲ့
တစ်ပြိုင်နက် တစ်ချက်ထဲကျတာပဲ၊ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင်
အပါယ် ၄-ပါးပြန်ကြတာပဲ၊ ဒီတော့ ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။
(၂) နာမရူပပရိစ္ဆေဒဉာဏ်။   ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲလို့မေးတော့၊ နာမရူပပစ္ဆေဒဉာဏ်ဆိုတာ ရှိ
တယ်၊ ဒုတိယဉာဏ်တက်လာတယ်၊ နာမ်နဲ့ရုပ်ခွဲခြားသိတဲ့ ဒီဉာဏ်ကိုအားကိုးပါ၊ ဒီဉာဏ်ကိုအားကိုးလိုက်
တော့ ဪ..သွားချင်တာက နာမ်၊ သွားနေတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ် ဆိုတော့ နာမ်
ရုပ်ကွဲတဲ့ဉာဏ်ကလေးကိုရတယ်၊ ဒီဉာဏ်ဟာခုနက"ကမ္မဿကတာ"ဉာဏ်ထက်တော့သာတယ်၊ သာပေ
မယ့်လဲ ဒါကိုတကယ်အားကိုးလောက်ပြီလို့မယူနဲ့အုံး၊ ဘာပြုလို့တုံးဆိုတော့ သူကတစ်ဘဝသာ"စူဠသော
တာပန်"ဖြစ်တယ်၊ တစ်ဘဝသာ အပါယ်လွတ်တယ်၊ နောက်ဘဝတွေ မလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့
လဲ အားမကိုးနဲ့အုံး၊ တစ်ဘဝသုဂတိသွားပြီး တစ်ဘဝ အပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့အုံး၊ နောက်
ဘဝတွေ စိတ်မချရသေးဘူး။ (၃) ပစ္စယပရိဂ္ဂဟဉာဏ်။  ။ ဒါဖြင့်ဘယ်ဉာဏ်ကိုအားကိုးရမလဲ၊"ပစ္စယပရိဂ္ဂ
ဟဉာဏ်"ဆိုတာရှိတယ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ ​ဉာဏ်ပဲ၊ အဲဒီဉာဏ်က"အဝိဇ္ဇာ
ကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဪ..သံသရာကြီးထဲမှာ ဒီလိုသူ့အကြောင်းနဲ့
သူ့အကျိုးနဲ့ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာမရှိဘူး၊ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့ ဓမ္မတွေသာ
ရှိတယ်"လို့သိတယ်။ ဒီဉာဏ်ကလဲ "စူဠသောတာပန်" အဆင့်ထဲမှာပဲရှိသေးတယ်၊ ဒါကြောင့် ခင်ဗျားတို့
ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လဲ သေပျော်ပြီလို့မယူလိုက်ပါနဲ့အုံး၊ တစ်ဘဝ အပါယ်လွတ်တာပဲရှိသေးတယ်။
(၄) ဝိပဿနာဉာဏ်။  ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲ၊"ဝိပဿနာဉာဏ်"ဆိုတာရှိတယ်၊ ဒီဉာဏ်က လက္ခ
ဏာရေးသုံးပါးသိတဲ့ ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်းနဲ့အုံး၊ ဘာပြုလို့ သူကသုဂတိဘဝတွေ
လှည့်ဖြစ်အုံးမှာဆိုတော့"ဇာတိ ဇရာ ဗျာတိ မရဏ"ဆိုတဲ့ ဒုက္ခတွေနဲ့တွေ့ရဦးမယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့
တကယ်အကောင်းအစစ်ကြီး မဟုတ်သေးဘူး။ (၅) မဂ်ဉာဏ်။   ။ ဒါဖြင့် ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်
၎-ပါးရအောင်လုပ်လိုက်၊ မဂ်ဉာဏ် ၄-ပါးဟာဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခငြိမ်းစေတယ်၊ ဒုက္ခ
၎-ဆင့် ၄-ခါချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့အုံး၊ ၂-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး
၃-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး၊ ၄-ခါချုပ်အောင်လုပ်လိုက်၊ ၄-ခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက်၊ မအို မသေ၊
အမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲမနေတော့ဘူး၊ ပဋိသန္ဓေမနေလို့ ခန္ဓာ ၅-ပါးမရှိလေတော့ အို နာ သေ ဒုက္ခတွေအကုန်လုံး ချုပ်ငြိမ်းသွားတယ်၊ ဒါဖြင့် ဒီဉာဏ်ဟာအကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ
အကောင်းဆုံးပဲလို့မှတ်။
ဒီတော့ ချုပ်လိုက်ရင် ဓမ္မ (တရား) ၅-မျိုးရှိတယ်၊ ဒီဓမ္မ ၅-မျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်
တာ ဒီဉာဏ် ၅-မျိုးရတယ်၊ ဒီဉာဏ် ၅-မျိုး ခွဲထုတ်ပြတယ်၊ ဝိပဿနာဓမ္မတွေအားကိုးရမယ် ဆိုငြားသော်လဲ
ဒါတွေကို တစ်ခါအဆင့်ဆင့်အယုတ်အညံ့ရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာအကောင်းဆုံးဆို
တာပေါ်လာတယ်၊ မဂ်ဉာဏ်မှတစ်ပါးအားကိုးစရာ အစစ်မရှိတော့ဘူး၊ ဒီတော့ မဂ်ဉာဏ်ရအောင်လုပ်ရလိမ့်
မယ်၊ မဂ်ဉာဏ်ကမှ ဒုက္ခတွေကိုချုပ်ငြိမ်းစေတာ။ ဒီတော့ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ ဖြစ်ပျက် ဒုက္ခသစ္စာ
ကြီး ချုပ်အောင်ကြီုးစားရမယ်၊ ဒုက္ခချုပ်သွားရင် တစ်ခါတည်းကိစ္စပြီးမယ်၊ ဒါကြောင့် ခန္ဓာ(ဒုက္ခ)ဇာတ်သိမ်း
ရာရောက်တဲ့မဂ်ဉာဏ် ၄-ခုကိုတာလျှင် အကြီးဆုံးအားကိုးထိုက်တဲ့တရားပဲလို့ ဆိုပြီး ကြီုးစားပါ၊ ဘုန်းကြီး
ကမသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ့်ခန္ဓာကြည်ပါ၊ ဘုန်းကြီးလဲ အသက်ကြီးပြီ၊
ခင်ဗျားတို့က ဘုန်းကြီးနဲ့ မီလိုက်ရုံပဲရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားကထွက်ခါနီးနေပြီ..မီရုံကလေးရှိတယ်
ရထား ထွက်လုနီးပြီဆိုတာ ရိပ်မိကြပြီလား။

                                                   ဤကောင်းမှုကုသိုလ်ကံ
                                    စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                    ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                           အထောက်အပံ့ပစ္စည်းအဖြစ်ဖြင့်
                                               တည်ရှိပါစေသတည်း ။

                                                                        အရှင်ဉာဏဓဇ
                                                             မိုးကုတ်ဝိပဿနာမင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                      ပင်မသံဝေဇနိယဌာန  ။

No comments:

Post a Comment