Thursday, May 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၅)

ဤတရားတွင် မြတ်စွာဘုရားက အစေလကဿပအား ဟောသော တရားဖြစ်သည်။ အစေလကဿပသည် အဝတ်မဝတ်သော ဂျိန်းဘုန်းကြီး တက္ကဒွန်းဖြစ်သည်။ ရာဇဂြိုလ်ပြည်တွင်း ဆွမ်းခံကြွရင်း ဆုံတွေ့ကြသည်။
အစေလကဿပက အကြံရပြီး မေးသည်။ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြုတာလားဟု မေးသည်။ မဟုတ်ဘူးဟု ဘုရားက ဖြေသည်။ ဒါဆို ဒုက္ခကို သူတစ်ပါးပြုလို့ မိမိ ခံရတာလားဟု မေးပြန်သည်။ ဒါလည်း မဟုတ်ဘူးဟု ဘုရားက ဖြေသည်။ မဟုတ်ရင် ဒုက္ခကိုမိမိ သူတစ်ပါး နှစ်ဦးသား ပြုကြတာလား မဟုတ်ဘူးဟု ဘုရားက ဖြေသည်။ မဟုတ်လျှင် ဒုက္ခသည် သူ့အလိုလို ပေါ်တာလား ဒါလည်း မဟုတ်ဘူး။ ဒါဆို ရှင်ကြီးဂေါတမ ဒုက္ခဆိုတာ မရှိဘူးလား။ ဒုက္ခရှိပါတယ်။ ဘုရားက ဖြေသည်။ ဒုက္ခရှိတယ်ဆိုရင် ရှင်ကြီးဂေါတမက မသိဘူးလားလို့ မေးပြန်သည်။ သိတယ်ဟု ဘုရားက ဖြေသည်။
ဒုက္ခကို မိမိ ပြုခဲ့လို့ မိမိ ခံရသည်ဟု ယူလျှင် သဿတဒိဋ္ဌိ ဖြစ်သည်။ ပဋိစ္စသမုပ္ပ္ပာဒ် နားမလည်၍ ဖြစ်သည်။ ပဋိစ္စသမုပ္ပာဒ်ကို နားလည်လျှင် အဝိဇ္ဇာပစ္စယာသင်္ခါရာကြောင့် ခန္ဓာဒုက္ခသစ္စာကြီး ရခြင်းဖြစ်သည်။ ငါ သူတစ်ပါး မပါ။ အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခသစ္စာ ရခြင်းဖြစ်သည်ဟု နားလည်ရမည်။ ပဋိစ္စသမုပ္ပာဒ် နားလည်မှ ဒိဋ္ဌိ ပြုတ်သည်။ သစ္စာဉာဏ် ပေါ်သည်။ အဝိဇ္ဇာသင်္ခါရ(သမုဒယသစ္စာ)ကြောင့် ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ (ခန္ဓာငါးပါး) ဒုက္ခသစ္စာရခြင်းသာ ဖြစ်သည်။ ငါ လုပ်လို့ ငါ ခံရသည် မဟုတ်ပါ။ သို့သော် ဗုဒ္ဓဘာသာဝင်တွေ စိတ်ထဲမှာ ကိုယ်လုပ်လို့ ကိုယ်ခံရသည်ဟု ယုံကြည်နေကြပုံ ပြုသူလည်း ကိုယ် ခံသူ လည်း ကိုယ်ဟု သဿတဒိဋ္ဌိ အစွဲသန်နေပုံ ရှင်းပြပြီး အခေါ်မှာ ဗုဒ္ဓဘာသာ အယူမှာတော့ ဒိဋ္ဌိဟု ဆုံးဖြတ်ချက် ချကြသည်။ ဤတရားတွင် ပဋိစ္စသမုပ္ပာဒ်ကို နားမလည်လျှင် ဒိဋ္ဌိမပြုတ်ဘူးဟု အလေးအနက် ဆိုထားသည်။
ငါလုပ်ငါရ ငါပြုငါခံ သဿတဒိဋ္ဌိ ဝင်နေပုံကို ရှင်းအောင်ပြပြီး ဒိဋ္ဌိဖြုတ်ခိုင်းသည်။ မဖြုတ်ဘဲ ဝိပဿနာလုပ်လျှင် လောကုတ္တရာမဂ် မရနိုင်ဘူး။ ဝိပဿနာနမဂ်ပဲ ရနိုင်ကြောင်း ဆုံးဖြတ်ထားသည်။
အစေလကဿပ၏ ဒုတိယအမေးကို ပဋိစ္စသမုပ္ပာဒ်ဖြင့် ဝေဖန်ပြသည်။ အကြောင်း သမုဒယ(အဝိဇ္ဇာသင်္ခါရ)ကြောင့် အကျိုးခန္ဓာငါးပါး (ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ) ဒုက္ခသစ္စာ ရခြင်းသာ ဖြစ်ကြောင်း ရှင်းထားသည်။ ငါ သူတစ်ပါး မပါပါ။ ဤအမေးမှာ ပြုသူ တခြား ခံသူက တခြားလားဟု မေးခြင်းဖြစ်သည်။ ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။ အကြောင်းအကျိုး ပြတ်သွားသည့်သဘော။ ဤအမေးကို ဘုရားက မဟုတ်ဘူးဟု ဖြေပုံကို နားလည်နိုင်ပြီ။ အကြောင်းအကျိုးပဲဟု သိလျှင် ဥစ္ဆေဒဒိဋ္ဌိ ပြုတ်သည်။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ ဖြစ်သည်ဟု သိခြင်းအားဖြင့် ဒုက္ခကို ငါသူတစ်ပါး နှစ်ဦးသား ပြုတာလားဆိုသော တတိယအမေးကို မဟုတ်ဘူးဟု ဖြေသင့်ပုံ သိသာသည်။
စတုတ္ထမေးခွန်း 'ဒုက္ခသည် အလိုလို ဖြစ်တာလား'သည် အဟေတုကဒိဋ္ဌိ အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခ ဖြစ်ခြင်းသာ ဖြစ်၏။ ဒိဋ္ဌိပြုတ်ပြီးလျှင် ဝိပဿနာ အလုပ်လုပ်ဖို့သာ အရေးကြီးတော့သည်။ ထို့နောက် ဒုက္ခမရှိဘူးလား ဒုက္ခမသိဘူးလားဆိုသော အမေးများ၏ အရေးမပါပုံ ရှင်းပြသည်။ ခန္ဓာရှိလျှင် ဒုက္ခရှိမည်။ ဒုက္ခကို သိလျှင် သစ္စာဉာဏ်ရသည်။ သစ္စာဉာဏ်ဖြင့် ခန္ဓာဆုံးအောင် သာလိုက် ခန္ဓာအဆုံး(ဒုက္ခအဆုံး) နိဗ္ဗာန်ပေါ်သည်။

                                                                                                          ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment