Thursday, May 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၂)

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ပဋိစ္စသမုပ္ပာဒ် အစကို သိ၍ သံဝေဂဉာဏ်ပွားသည်။ အဆုံးကို သိသည်နှင့် ဘုရားအဖြစ်သို့ ရောက်သည်။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာသည် ပဋိစ္စသမုပ္ပာဒ်ကို သိမှ ကင်းစင်သည်။ ထိုအခါမှ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖြစ်ပေါ်သည်။ ဒိဋ္ဌိ ဝိစိကိစ္ဆာ မပယ်နိုင်လျှင် မဂ်မရနိုင်ကြောင်း ထပ်ဟောသည်။ ကိုယ်ခန္ဓာအကြောင်းကို သိအောင် စဉ်းစားပါ ဆိုပြီး ပဋိစ္စသမုပ္ပာဒ်အကြောင်း ဟောသည်။
ယခု ခန္ဓာငါးပါး ရနေသည်မှာ နှစ်အကွက်တွင် ဖြစ်သည်။ ပဝတ္တိဝိညာဉ်နှင့်လည်း နေနေကြသည်။ ပဝတ္တိဝိညာဉ်ဆိုတာ အိပ်နေသောအခါ မသေအောင် စောင့်ရှောက်သော ဘဝင်စိတ်တွေကို ဆိုကြောင်း ရှင်းထားသည်။ ယခု ပစ္စုပ္ပန် နှစ်အကွက်ထဲမှာ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာနှင့် နေကြသည်။ တစ်နည်း ခန္ဓာငါးပါးနှင့် နေကြသည်။ သစ္စာဖွဲ့လိုက်တော့ စက်ဝိုင်းထဲမှာ ဒုက္ခသစ္စာကို ပြထားသည်။ ဒုက္ခသစ္စာ ရနေသည်ဟု နားလည်ရမည်။ ရုပ်နာမ် ဖြစ်ပျက်နေတာသည် ဒုက္ခသစ္စာတွေချည်း မှတ်ရမည်။ ဓမ္မစကြာမှာ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခသစ္စာ ဆိုသောကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာဟု နားလည်ရမည်။ ဒါကြောင့် လူ့ဘဝရတာ ဒုက္ခသစ္စာ ရတာပဲ ဖြစ်သည်။ သို့သော် လူတွေက လူချမ်းသာ နတ်ချမ်းသာ အကြိမ်ကြိမ် ခံစားရပါလို၏ဟု ဆုတောင်းနေတာ အကြိမ်ကြိမ် ဒုက္ခခံရလိုပါ၏ဟု ဆုတောင်းသည်နှင့် တူနေပုံကို ရှင်းထားသည်။ မသိ၍ ဆုတောင်းမှားနေကြတာဟုလည်း ဆိုသည်။
တောင်ဝှေးဆွဲမမှားဖို့ လိုသည်။ ရှေ့ဆောင်လမ်းပြ ကောင်းမှ နေရကြမည် ဟုလည်း သတိပေးသည်။ သစ္စာသိသော ပုဂ္ဂိုလ် ကုသိုလ်လုပ်လျှင် ဆုတောင်းတဏှာ ပါသောကြောင့် ခန္ဓာ ဒုက္ခသစ္စာပဲ ရကြောင်း ဟောသည်။ ဤတရားတွင် အဝိဇ္ဇာတဏှာကြောင့် ခန္ဓာ ဒုက္ခသစ္စာ ရပုံအကြောင်းကို သံဝေဂဉာဏ်ရအောင် သရုပ်အမျိုးမျိုးပြပြီး ဟောသည်။ အဝိဇ္ဇာသည် ဒုက္ခသစ္စာလည်း မသိ သမုဒယသစ္စာလည်း မသိ လူချမ်းသာ နတ်ချမ်းသာကို နိရောဓသစ္စာ ထင်နေကြသည်။
ဘာသစ္စာမှ မသိတာ အဝိဇ္ဇာဖြစ်ကြောင်း ရှင်းပြသည်။ ကုသိုလ် သင်္ခါရလုပ်လည်း ဒုက္ခသစ္စာ ခန္ဓာရသည်။ အကုသိုလ်သင်္ခါရလုပ်လည်း ခန္ဓာဒုက္ခသစ္စာရသည်။ ဒါကြောင့် ကျောင်းဒကာ ဘုရားဒကာနှင့် နွားသတ်လူ အတူတူပဲ ဆိုတာ ဤသဘောကို ပြောကြောင်း ရှင်းထားသည်။ သို့သော် ကျောင်းဒကာ ဘုရားဒကာရတာက သုဂတိ နွားသတ်သမား ရတာဟာ အပါယ်လေးပါး ဒုက္ခသစ္စာ ဤနေရာတွင် ကွာခြားပုံကိုလည်း ရှင်းပြထားသည်။ သို့သော် ဒုက္ခသစ္စာရလျှင် ဘယ်ဟာမှ မကောင်းဘူးဟု မှတ်ရမည် ဖြစ်ကြောင်း ဆုံးမထားသည်။
ဒါနပြုသော ပုဂ္ဂိုလ်များ လှူတတ်ဖို့ လိုသည်။ နိဗ္ဗာန်ကို ရည်သန်ပြီး လှူမှ သံသရာ ပြတ်သည်။ ဝိပဿနာ အားထုတ်မှ သစ္စာသိသည်။ ပဋိစ္စသမုပ္ပာဒ် အလိုအားဖြင့် နှစ်အကွက်မှ သုံးအကွက် မပေါက်ပွားအောင် လုပ်ရမည်။ ပစ္စုပ္ပန် နှစ်အကွက်ထဲမှာ တဏှာ ဥပါဒါန် ကံတွေလုပ်လျှင် အဆိပ်ပင်က အဆိပ်သီးတွေ သီးလာခြင်း ဖြစ်ပုံကို ပြသည်။ သုံးအကွက်ထဲမှာ တစ်အကွက်နှင့် သဘောတူတွေ ပြန်လုပ်သည်။ ထို့ကြောင့် လေးအကွက် ဒုက္ခသစ္စာ(အနာဂတ်) အကျိုးပေးမည်။ ထိုသို့ဖြစ်လျှင် တစ် နှစ် သုံး လေး ချည်း လုပ်နေမည်။ သမုဒယကြောင့် ဒုက္ခဖြစ် ဒုက္ခထဲမှာ သမုဒယပြန်လုပ် နောက်ဒုက္ခ ပြန်ဖြစ် လည်နေတော့မည်။ ဤသို့ မလည်ချင်လျှင် ဖြတ်လမ်းရှာရမည်။ နှစ်နှင့်သုံး အစပ်သည် ထွက်လမ်းဖြစ်သည်။

                                                                                                              ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment