ထို့နောက် သစ္စာမသိဘဲ အဝိဇ္ဇာ ဦးစီးသော အလှူမှာ ဆုတောင်းတဏှာပါ၍ သမုဒယသစ္စာဖြစ်ပုံ ဒုက္ခသစ္စာ အကျိုးပေးပုံကို ထပ်ဟောပြန်သည်။ အကြောင်းအနတ္တဆိုလျှင် အကျိုးအနတ္တဖြစ်ပုံကို ဆက်ရှင်းသည်။ ဓမ္မာ အနတ္တာ ဖြစ်ပုံကိုလည်း ထောက်ပြသည်။ ဤတွင် အရှင်ဆန္ဒ စိတ်ထဲမှာ သဿတဒိဋ္ဌိခံနေ၍ နိဗ္ဗာန် မရဖြစ်နေပုံကို ပြသည်။ ပြီးမှ အရှင်အာနန္ဒာက ပဋိစ္စသမုပ္ပာဒ်ကို ပြပြီး ဒိဋ္ဌိဖြုတ်မှ မဂ်ရပုံကို ဟောသည်။ ပထမမဂ်မှာ နိဗ္ဗာန်၏ အန္တရာယ်သည် ဒိဋ္ဌိဖြစ်၏။
ဤတရားတွင် အကြောင်းကြောင့် အကျိုးဖြစ်ပုံကို အဓိက ထား၍ ဟောသည်။ ဤတွင် သမုဒယကို နားလည်လျှင် ဥစ္ဆေဒဒိဋ္ဌိမရှိ နိရောဓကို နားလည်လျှင် သဿတဒိဋ္ဌိ မရှိကြောင်း ထူးထူးခြားခြား ဆိုသည်။ ဖြစ်တာမြင် ဥစ္ဆေဒဒိဋ္ဌိ စင်သည်။ ပျက်တာမြင်ရင် သဿတဒိဋ္ဌိ စင်သည်ကိုလည်း ပေါ်လွင်အောင် ရှင်းထားသည်။
ဤသို့မြင်လျှင် ဉာဏ်စင်တက်သည်။ ယထာဘူတဉာဏ်မှ နိဗ္ဗိန္ဒဉာဏ်သို့ တက်သည်။ ထိုဉာဏ်မှတစ်ဆင့် မဂ်ဉာဏ်သို့ ကူးသွားသည်။ ထို့နောက် ပဋိစ္စသမုပ္ပာဒ် နားလည်အောင် အလျင်အားထုတ်ပြီးမှ ဖြစ်ပျက်မြင်အောင် အားထုတ်ဖို့ တိုက်တွန်းသည်။ ကင်္ခါဝိတရဏဝိသုဒ္ဓိဆိုတာ ပဋိစ္စသမုပ္ပာဒ်ကို နားလည်ခြင်းပဲဟု မိန့်ပြီး ဒီဝိသုဒ္ဓိ ဖြစ်ပြီးမှ မဂ္ဂါ မဂ္ဂညာဏ ဒဿနဝိသုဒ္ဓိ လုပ်ရန်လည်း နှိုးဆော်သည်။ တရားလုပ်ရာမှာ ရှေ့နောက် အစဉ်လွဲလို့ မရကြောင်း ဆုံးမထားသည်။
~ မိုးကုတ်ဆရာတော် ~
No comments:
Post a Comment