Friday, May 6

မိုးကုတ်ဆရာတော်ဘုရားကြီး နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး အပိုင်း ( ၄ )

                                                     ( ည အလုပ်ပေး တရားတော် )
                                                   ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                                          အပိုင်း( ၃ ) အဆုံး * *
ဒါနဲ့  - ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက အမှိုက်ပုံထဲမှာ
သေနေတယ်လို့  လျှောက်တော့ ၊ သွားမီးရှို့ ချည်ကွ ဆိုတော့ တစ်ခါတည်း ဓာတ်တော်တွေ ကျလာတယ် ။

                                                        ============

                                                           အပိုင်း ( ၄ )
                                                           *******
အဲဒီ ဓာတ်တော်တွေကို စေတီလုပ်ခိုင်းတာပဲ ။ ကဲ - မမြန်ဘူးလား ။
အဲဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အမြန်သိတဲ့ အထဲမှာ ဒါရုစိရိယ
လောက် မဂ်ဥာဏ် အမြန်ရတာ ဘယ်သူမှ မရှိဘူးတဲ့ ။ ရှင်သာရိပုတ္တရာတို့ 
ရှင်မောဂ္ဂလာန်တို့  အကုန်နေရစ်တာပဲ ။ အမြန်ရတဲ့ အထဲမှာ သူတစ်ယောက်
ဟာ အထူးခြားဆုံးပဲ ။
ဒီပြင်လူတွေကျတော့ ရှင်သာရိပုတ္တရာ တို့ က ရှင်အဿဇိ ဆီမှာ
သောတာပန် တည်ရတယ် ။ နောက်မှ ဘုရားကိုယ်တော်မြတ်ကြီးဆီသွားပြီး
ရဟန္တာ ဖြစ်ရတာဆိုတော့ မရှည်ဘူးလား ။ ဟိုဟာတွေက ဖြစ်ပျက်သမားတွေ
ကိုးကွ ။ ဖြစ်ပျက်ရူပြီး မှ တက်သွားတဲ့ ပုဂ္ဂိုလ်တွေ ။
ဒါနဲ့  ရဟန်းတွေ ကသွားပြီး မီးရှို့ ကြည့်တော့ အဟုတ်ကို ဓာတ်တော်တွေ
အကုန်ကျတာပဲ ။ ဖြူဖြူအတုံးကလေးတွေ အရိုးတွေဖြစ်တာမဟုတ်တော့ဘူးကွ ။ ဓာတ်တော်တွေ အကုန်ဖြစ်ပြီး ရဟန္တာ ဖြစ်သွားတာကိုး ။ သူကတော့ ရပ်တာနဲ့ 
ဖြစ်သွားတာပဲ ။ ရပ်ပေမယ့် နင်တို့ ကသိပြီးသားပဲ ။ ကိလေသာ မလာရင်ပြီး တာကိုး ။
ဒါနဲ့  ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက သွားလျှောက်
တယ် ။ ဘယ်အချိန် တရားအားထုတ်လို့  ဘယ်အချိန်များ ရဟန္တာ ဖြစ်လိုက်
ပါလိမ့်မတုံး ဘုရားလို့  ၊ ရဟန်းတွေက မယုံနိုင်ဘူးလေ ။ အဘိညာဉ် မရတဲ့
ပုဂ္ဂိုလ်က သိကို မသိဘူး ။ ဘယ်အချိန်တရားအားထုတ်လို့  ဘယ်အချိန်များ
ရဟန္တာ ဖြစ်ပါလိမ့်မတုံး ဆိုတော့ မင်းမကြားဘူးလားကွ ၊ ဂါထာတစ်ထောင်
ကျော် ကျက်မှတ်ပြီး ကျင့်နေပေမယ့် လဲ အနှစ်သာရ ရှိတာ တစ်ခုကို ပဓာန ထားရမှာကွ ။ တစ်ထောင်တွေက လိုရင်းမဟုတ်ဘူး ။ တစ်လုံးသာလိုရင်း ။
သူက မြင်ရုံတင် ရပ်ကိုးကွ ။ ဘယ်နှယ်ဟောသတုံး ။ မြင်ရုံတင် ရပ် ပါဘုရား ။
ကြားရုံတင် ရပ် ။ အဲ ဒါလေးပဲ ဟောလိုက်တာ ။ မြင်ရုံတင်ရယ် ၊ ကြားရုံတင်
ရယ် ၊ ကြံရုံတင်ရယ် ဆိုတော့ " ရပ် " တစ်လုံးတည်းဟောတာ ။ ဒိပြင် ဘာပါ သေးတုံး ။
ဘာမှ မပါ ပါဘူးတဲ့ ။ မြင်ရုံတင်ရယ် ၊ ကြားရုံတင်ရယ် ဆိုပြီး သကာလ ပြောလိုက် တာပဲတဲ့ ။ အဲဒီတော့ ကို ရပ်နည်းလေးတစ်ခုကို အပို ပြောပြမယ် ။
( ဆရာတော်ဘုရားကြီး ပေးသော " ရပ် "နည်းလေး )
******************************
* ဒါက အဖြူလေး ၊ အဖြူကို မြင်တဲ့ စိတ်ကလေး မလာဘူးလား ။ ဒီကလဲ
အဖြူမြင်တဲ့စိတ်အတိုင်း အဖြူကိုပဲ သိရမယ် ။ ဒိပြင် မဖေါက်ပြန်ရဘူးနော် ။
သူက ဒါဘာတုံး ၊ အဖြူပါ ။ မြင်တာက ဘာမြင်တာတုံး ။ အဖြူမြင်တာပါ ။
သိတာကလဲ အဖြူသိတာပါ ။ အဖြူပဲသိရတယ် တဲ့ ။ ဒီလို ဆိုတော့ကို ဒီစိတ်ဟာ မဖောက်ပြန်တော့ဘူး ။ ဒီဟာကို မြင်တဲ့အတိုင်း တစ်ထပ်တည်း ဒီကသွားတယ် ။
* မင်းတို့ ကတော့ ဒီလိုမဟုတ်ဘူး ။ ဒါက အဆင်းလေး ။ ဒါက မြင်တယ်ဆို
မင်းတို့ က လူဖြစ်သွားပြီ ။ ရှေ့ ကဟာ လူဖြစ်သွားပြီ ။ လူကလေး ချောလိုက်တာ
ဖြစ်သွားပြီ ။ လူကလေး လှလိုက်တာ ဖြစ်သွားတယ် ။ ဒီလိုဖြစ်သွားတော့ မင်းတို့  ဟာက ဒီမှာကျတော့ ဖေါက်ပြန်တယ် ။ ဒီမြင်တဲ့ ဝိပါက်က မှန်ပေမယ့် ဒီဇောက
လိမ်သွားပြီ ။ မင်းတို့ က ဇောလိမ်ခံရတာကများနေတယ် ။ ဒါ နောက်ဇောတွေ ။
အဲဒီတော့ မင်းတို့ မှာ နဂိုတတ်ထားတာကလဲ ဒီလိမ်တာပဲ တတ်ထားတယ် ။
ဒါ မြင်လိုက်တယ်ဆိုရင် မြင်တာလေးဟာဖြင့် ယောက်ျားလေးနဲ့ တူပါပေတယ် ။
မိန်းကလေးနဲ့  တူပါပေတယ် လို့  သူက ဒီလိုပဲ မလာပေဘူးလား ။ ဒီလိုပဲ လာနေ
တော့ ဒီအဆင်းကိုပင်လျှင် မင်းတို့ မြင်တာက အဆင်းယောက်ျား ဖြစ်နေပြီ ။
မိန်းမဖြစ်နေပြီ မဟုတ်လား ။ ခွေးဖြစ်နေပြီ ။ ကြောင်ဖြစ်နေပြီ ။ ကြက်ဖြစ်နေပြီ
ဆိုတော့ ဒီဇောက မလိမ်ဘူးလား ။ အသိဇောက လိမ်သွားပြီ ။ အဲဒီတော့ မင်း
တို့ နဂိုက တတ်ထားတာကိုက အလိမ်တတ်ထားတာ ။ အဲဒီတော့ မင်းတို့ က
ရပ်လို့ မရတဲ့အပြင် အလိမ်တောင် ဖြစ်နေသေးတယ် ။
* ရပ်လို့ လည်းမရဘဲ အလိမ်တောင် ဖြစ်နေတော့ ယောက်ျားဖြင့် မုန်းတာပဲ ၊
ခင်တာပဲ လို့  မလာပေဘူးလား ။ ဒါကြောင့် အဲဒီကျအောင် မသွားပဲနဲ့  အဆင်း
ကိုမြင်တယ် ၊ မြင်တာက အဖြူမြင်လို့ ရှိရင် ဒါအဖြူလို့ သိပေး ။ ယောက်ျား
မိန်းမ မဖြစ်စေနဲ့  ။ မင်းတို့ ဟာက ယောက်ျား မိန်းမ ဖြစ်ကုန်ပြီ ။ အဲဒါ ရပ်နည်း
ပဲ ။ သဘောပါကြပလား ။ ကဲ - ဒီတင်ရပ်ကြ ။
                                                 သာဓု သာဓု သာဓု

                                                          မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော် ဤတွင်ပြီးပါသည် ။


                                                                                                  အရှင်ဉာဏဓဇ
                                                                                    မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                 မိခင်ပင်မသံဝေဇနိယဌာန
                                                                                                       အမရပူရမြို့။

No comments:

Post a Comment